အခန်း (၂၆၂၁-၂၆၂၂)
Vol. 203 Ch. 2621-2622
အဆတစ်ရာစနစ် စာစဥ်(၂၀၃)
အခန်း(၂၆၂၁)
ထိုခဏဝယ် ပိန်ပါးပါး အဘိုးအိုသည် ရှင်းပြ၍ မရနိုင်လောက်အောင် အေးစက်မှုကို ခံစားလိုက်ရသည်။
သူက ခန္ဓာကိုယ်အတွင်းမှ အုပ်စိုးသူ နတ်စွမ်းအားများကို ရူးသွပ်စွာ ထုတ်ဖော်လိုက်ပြီး သူ၏ လက်သီးပေါ်တွင် မိုးကြိုးလျှပ်စီးများ အဖြစ် စုစည်းကာ အနောက်သို့ လှည့်၍ လက်သီးချက်ဖြင့် ပြန်လည် ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
စွမ်းအားနှစ်ခုက ထိပ်တိုက် ဆုံတွေ့သွားခဲ့ပြီး ပိန်ပါးပါးအဘိုးအို၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့ကာ သူ၏ လက်ကောက်ဝတ်ရှိ အရိုးများတွင် အက်ကွဲသံများ ထွက်ပေါ်လာခဲ့ပြီး ပါးစပ်ကနေလည်း သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
သူ၏ ခန္ဓာကိုယ်က ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ကြယ်တာရာ ကောင်းကင်ယံတွင် ပေပေါင်းထောင်ချီအထိ လွင့်စင်သွားခဲ့ပြီး ကြယ်တာရာကောင်းကင်ယံ၌ အနက်ရောင်တွင်းပေါက်ကြီးပင် ဖြစ်ပေါ်စေခဲ့သည်။
“မင်း.. မင်းဘယ်သူလဲ”
ပိန်ပါးပါး အဘိုးအိုက သူ၏ ဟန်ချက်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်ထဲတွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
“ကျုပ်က လူသားဧကရာဇ်နန်းတော်က လူသားဧကရာဇ်ကျန်းချန်ပဲ”
ကျန်းချန်၏ ခန့်ညားသော အသံက ကြယ်တာရာ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့ပြီးနောက် သူ၏ ပုံရိပ်သည် ထပ်မံ၍ ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။
ထိုမြင်ကွင်းကြောင့် ပိန်ပါးပါးအဘိုးအို၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သို့သော်လည်း သူတုံ့ပြန်ရန် အချိန်မရမီမှာပင် ပြင်းထန်သော လက်သီးချက် တစ်ချက်သည် သူ၏ ခန္ဓာကိုယ်ကို ရုတ်တရက် ထိမှန်သွားခဲ့ပြီး သူ့ကို ထပ်မံ၍ လွင့်စင်သွားခဲ့သည်။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
ကျန်းချန်၏ ခန္ဓာကိုယ်က အရိပ်တစ်ခုနှယ် ဖြစ်နေခဲ့ပြီး ပိန်ပါးပါး အဘိုးအိုကို အသက်ရှူရန်ပင် အခွင့်အရေး လုံးဝမပေးခဲ့ပေ။
သူက သဲအိတ်တစ်ခုကို ထိုးနှက်နေသကဲ့သို့ ပိန်ပါးပါး အဘိုးအို၏ ခန္ဓာကိုယ်ကို တစ်ချက်ပြီးတစ်ချက် ထိုးနှက်နေခဲ့သည်။
“အား.. အား..”
ကျန်းချန်က အရိုးထဲအထိ နာကျင်စေသော လက်သီးချက်များဖြင့် ပိန်ပါးပါး အဘိုးအိုကို ဆက်တိုက်ဆိုသလို ထိုးနှက်နေခဲ့ရာ အဘိုးအို၏ နာကျင်စွာ အော်ဟစ်သံသည် ကြယ်တာရာ ကောင်းကင်ယံတွင် ဆက်တိုက် ထွက်ပေါ်နေခဲ့သည်။
အဆုံးသတ်တွင် ကျန်းချန်သည် သေလုမျောပါးဖြစ်နေသော ပိန်ပါးပါး အဘိုးအိုကို လင်းယုန်ငှက်က ကြက်တစ်ကောင်ကို သယ်လာသကဲ့သို့ သယ်ဆောင်လာခဲ့ကာ ကျန့်ဝူရှန့် နှင့် ကူဖုန်းအာတို့ ရှိနေသော စစ်မြေပြင်သို့ တိုက်ရိုက်ပင် ရောက်ရှိလာခဲ့သည်။
“ဖုန်းအာ.. ဒီအဘိုးကြီးကို ကြယ်မြို့တော်ဆီ ပြန်ခေါ်သွားလိုက်.. ဒီနေရာကို ငါနဲ့ပဲ လွှဲထားလိုက်တော့”
ကျန်းချန်က ပိန်ပါးပါး အဘိုးအိုကို ကူဖုန်းအာ၏ရှေ့တွင် ပစ်ချပေးကာ ပြုံး၍ ပြောလိုက်သည်။
“..........”
ကူဖုန်းအာနှင့် ကျန့်ဝူရှင်း တို့က သူတို့ ရှေ့မှ သေလုမျောပါးဖြစ်နေသော ပိန်ပါးပါး အဘိုးအိုကို ကြည့်လိုက်ကြသည်။
ကျန်းချန်၏ လက်ရှိအင်အားသည် အလွန်တရာ အစွမ်းထက်ပြီး အုပ်စိုးသူအဆင့်ကိုပင် ထိုးဖောက်သွားနိုင်ဖွယ် ရှိကြောင်း သူတို့ ကြိုတင်၍ ခန့်မှန်းထားခဲ့သော်လည်း ဤမျှအထိ အစွမ်းထက်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အုပ်စိုးသူအဆင့် ကျင့်ကြံသူပင်လျှင် ကျန်းချန်၏ လက်ထဲတွင် မည်သည့် ခုခံမှုကိုမှ မပြုလုပ်နိုင်ခဲ့ဘဲ အရိုက်ခံခဲ့ရပြီး သေလုမျောပါး ဖြစ်သွားခဲ့ရသည် မဟုတ်ပါလာသ။
ဤသည်မှာ အမှန်တကယ်ပင် မယုံနိုင်စရာ ကောင်းနေခဲ့သည်။
“အစ်ကိုကျန်းချန်.. စန်းလန်စကြဝဠာက လူဆိုးတွေကို အပြတ်အသတ် အနိုင်ယူလိုက်”
ကူဖုန်းအာက လက်သီးဆုပ်၍ ဂါဝရပြုကာ ကျန်းချန်ကို ပြုံး၍ ပြောလိုက်ပြီးနောက်တွင် ပိန်ပါးပါး အဘိုးအိုကို ဆွဲကာ ကြယ်မြို့တော် ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ကျန့်ဝူရှင်းကလည်း စကားများစွာ ပြောမနေတော့ဘဲ ကူဖုန်းအာ နောက်သို့ လိုက်ပါသွားခဲ့သည်။
အစောပိုင်းက သူနှင့် ကူဖုန်းအာတို့ ရင်ဆိုင်နိုင်သော အုပ်စိုးသူအဆင့် ကျင့်ကြံသူကို အလျင်အမြန် အနိုင်ယူနိုင်ရန် အတွက် သူ၏ ကြယ်တာရာ နတ်ခန္ဓာကိုယ်ကို လှုံ့ဆော်ကာ အစွမ်းကုန် တိုက်ခိုက်ခဲ့ရသည်။
ထိုကဲ့သို့ တိုက်ခိုက်မှုများသည် သူ့ကို အလွန်အမင်း ပင်ပန်းနွမ်းနယ်စေခဲ့၏။
ယခုအခါတွင် အုပ်စိုးသူအဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်သော ကျန်းချန် ရှိနေခဲ့ပြီ ဖြစ်ရာ သူ့အနေဖြင့် ဆက်လက် တိုက်ခိုက်နေစရာမလိုတော့ဘဲ ကျန်းချန်နှင့် လွှဲထားလိုက်ရုံသာ မဟုတ်ပါလော။
ကျန့်ဝူရှင်း ထွက်ခွာသွားပြီးနောက်တွင် ကျန်းချန်၏ အကြည့်သည် ဆန့်ကျင်ဘက်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသား ဆီသို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။
ကျန်းချန်၏ အကြည့်ကို ရင်ဆိုင်မိလျှင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ရေခဲတွင်းထဲ ရောက်သွားသကဲ့သို့ အလွန်အမင်း အေးစက်မှုကို ခံစားလိုက်ရသည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်နှင့် ရင်ဆိုင်ခဲ့သော ပိန်ပါးပါးအဘိုးအိုသည် သူနှင့် အဆင့်တူပင် ဖြစ်သည်။
ထိုကဲ့သို့ အုပ်စိုးသူအဆင့် ကျင့်ကြံသူပင်လျှင် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ရှေ့တွင် မည်သည့်ခုခံမှုမှ မပြုလုပ်နိုင်ခဲ့ဘဲ လက်သီးချက်များဖြင့် သေလုနီးပါး ထိုးနှက်ခံခဲ့ရသည်။
ဆိုရလျှင် ဤမျှ အစွမ်းထက်သော ကျင့်ကြံသူသည် သူရင်ဆိုင်နိုင်စွမ်း မရှိသည်မှာ သေချာသလောက်ပင်။
“ထွက်ပြေးမှဖြစ်မယ်”
လူလတ်ပိုင်းအရွယ် အမျိုးသားက တစ်စက္ကန့်မျှပင် မတုံ့ဆိုင်းရဲတော့ဘဲ သူ၏ အနောက်တွင် ရှိသော ကြယ်တာရာစစ်သင်္ဘော ဆီသို့ ချာခနဲလှည့်ကာ ထွက်ပြေးသွားခဲ့သည်။
“အုပ်စိုးသူ အစောပိုင်းအဆင့်လောက်နဲ့ ငါ့လက်ထဲကနေ ထွက်ပြေးဖို့ မင်းမှာ အရည်အချင်းမရှိသေးဘူး.. ဒီကိုရောက်လာမှတော့ ထာဝရအိပ်စက်ဖို့သာ ပြင်ထားလိုက်တော့”
ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသား ဆီသို့ လက်ညှိုးတစ်ချောင်းဖြင့် ချိန်ရွယ်လိုက်သည်။
ထိုခဏဝယ် မမြင်နိုင်သော ဓားစွမ်းအားတစ်ခုသည် ထိတ်လန့်တကြား ထွက်ပြေးနေသော လူလတ်ပိုင်းအရွယ် အမျိုးသားကို ချက်ချင်းပင် ချုပ်နှောင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ကြယ်တာရာ ကောင်းကင်ယံတွင် တောင့်တင်းသွားစေခဲ့သည်။
နောက်ထပ် တစ်စက္ကန့်တွင် ဓားစွမ်းအားသည် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားခဲ့ပြီး လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ်ကို ကြယ်တာရာကောင်းကင်ယံတွင် ပေါက်ကွဲထွက်သွားစေခဲ့၏။
ဤသည်က ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုတစ်ခုသာ ဖြစ်သော်လည်း အုပ်စိုးသူအဆင့် ကျင့်ကြံသူတစ်ဦးသည် လုံးဝ ချေမှုန်းခံလိုက်ရချေပြီ။
အုပ်စိုးသူအစောပိုင်း အဆင့်သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ မဟာယာန အစောပိုင်းအဆင့် ကျင့်ကြံသူများထက် အနည်းငယ် နိမ့်ကျ၏။
ကျန်းချန်သည် အုပ်စိုးသူအဆင့်သို့ စတင် ထိုးဖောက်စဥ်အချိန်ကပင် မဟာယာန အစောပိုင်းအဆင့် ကျင့်ကြံသူများကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။
ယခုအခါတွင် သူက အုပ်စိုးသူ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အုပ်စိုးသူ အစောပိုင်း အဆင့်ကို သတ်ဖြတ်ခြင်းသည် သူ့အတွက် ကြက်တစ်ကောင်ကို သတ်ဖြတ်ခြင်းနှင့် မခြားတော့ပေ။
ကျန်းချန်က အုပ်စိုးသူအဆင့် ကျင့်ကြံသူ နှစ်ဦးကို ဆက်တိုက်ဆိုသလို သတ်ဖြတ်လိုက်သည်အား မြင်လျှင် ကျန်ရှိသော အုပ်စိုးသူအဆင့် ကျင့်ကြံသူ သုံးဦးသည် မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
စန်းလွမ် ဦးဆောင်သော အုပ်စိုးသူအဆင့် ကျင့်ကြံသူသုံးဦးသည် သူတို့ ရှေ့တွင် ရှိနေသော ပြိုင်ဘက်များကို အလျင်အမြန်ပင် တွန်းထုတ်လိုက်ကြသည်။
ယင်းနောက်တွင် သူတို့ သုံးဦးသည် တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိရှိ စုစည်းလိုက်ပြီး ကျန်းချန်ကို စိုက်ကြည့်လိုက်ကြသည်။
ရုတ်တရက် ပေါ်ထွက်လာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် စက္ကန့်အနည်းငယ် အတွင်းမှာပင် သူတို့ဘက်မှ အုပ်စိုးသူအဆင့် ကျင့်ကြံသူနှစ်ဦးကို သတ်ဖြတ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ပေ။
အခြေအနေက သူတို့ဘက်တွင် အလေးသာနေခဲ့သော်လည်း အနက်ရောင်ဝတ်စုံဝတ် လူငယ်ကြောင့် တစ်ခဏအတွင်း ပြောင်းပြန် ဖြစ်သွားခဲ့ရသည်။
“ဆုတ်ခွာကြစို့”
စန်းလွမ်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် ထိတ်လန့်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူကိုယ်တိုင်ပင်လျှင် လက်ညှိုးတစ်ချောင်းတည်းဖြင့် အုပ်စိုးသူ အစောပိုင်းအဆင့် ကျင့်ကြံသူကို မသတ်ဖြတ်နိုင်ပေ။
တစ်နည်းအားဖြင့် ပြောရလျှင် သူ၏ရှေ့တွင် ရှိနေသော အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ အင်အားသည် သူ့ထက်ပင် သာလွန်နေခဲ့၏။
အကယ်၍ သူတို့သာ ဆက်လက် တိုက်ခိုက်နေမည် ဆိုလျှင် ယနေ့တွင် သူတို့အားလုံး အသတ်ခံရနိုင်ခြေ ရှိနေခဲ့သည်။
ထို့ကြောင့် တစ်ခုတည်းသော ရွေးချယ်မှုမှာ ကြယ်တာရာကောင်းကင်ယံကနေ အရင်ဆုတ်ခွာပြီး စန်းလန်စကြဝဠာမှ စေလွှတ်လိုက်သော စစ်ကူများနှင့် ပူးပေါင်းကာ နောက်ထပ် အစီအစဥ်များကို ထပ်မံ ချမှတ်ရန် ဖြစ်သည်။
စန်းလွမ်က ကျန်းချန်ကို အကဲခတ်သော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သူနှင့်အတူ ပါလာသော အုပ်စိုးသူအဆင့် ကျင့်ကြံသူနှစ်ဦးနှင့် အတူ သူတို့၏ စစ်သင်္ဘော ဆီသို့ ဆုတ်ခွာသွားခဲ့သည်။
“အခုမှ ထွက်သွားချင်တာလား.. စိတ်မကောင်းပါဘူး.. အချိန်နှောင်းသွားခဲ့ပြီ.. ငါတို့ နတ်ဘုရားနယ်မြေက မင်းတို့ လာချင်တိုင်းလာလို့ရပြီး ပြန်ချင်တိုင်း ပြန်လို့ရတဲ့နေရာ မဟုတ်ဘူး”
ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် သူ၏ ပုံရိပ်သည် စန်းလွမ်တို့ သုံးဦး၏ ဦးခေါင်းအထက်တွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့၏။
သူက ဆန်းကြယ်သော လက်ဟန်များကို အလျင်အမြန်ပြုလုပ်လိုက်ရာ ကမ္ဘာကြီးကိုပင် ဖြိုခွင်းနိုင်လောက်သည့် ရွှေရောင်စည်းတံဆိပ် တစ်ခုသည် စန်းလွမ်တို့ သုံးဦးဆီသို့ သက်ရောက်လာခဲ့သည်။
“ကောင်းကင်ဖွင့်လှစ်စည်းတံဆိပ်”
သူတို့၏ ဦးခေါင်းအထက်သို့ ကျဆင်းလာသော ရွှေရောင်စည်းတံဆိပ်ကို မြင်လျှင် စန်းလွမ်တို့ သုံးဦး၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူတို့က အုပ်စိုးသူ နတ်စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြပြီး သူတို့ထံသို့ သက်ရောက်လာသော ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
သို့သော်လည်း ကျန်းချန်၏ ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်အောက်တွင် အရာအားလုံးသည် အချည်းနှီးသာ ဖြစ်သွားခဲ့ရ၏။
စန်းလွမ်တို့ သုံးဦးက မည်မျှပင် အစွမ်းကုန် ခုခံခဲ့သော်လည်း ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်ကို လုံးဝ မတားဆီးနိုင်ခဲ့ပေ။
သူတို့အနေဖြင့် ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်က သူတို့ကို ဖိနှိပ်ရန် ဆင်းသက်လာသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
အဆုံးသတ်တွင် စန်းလွမ်တို့သုံးဦး၏ မျှော်လင့်ချက်ကင်းမဲ့နေသော အကြည့်များအောက်မှာပင် ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်သည် သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။
ယင်းနောက်တွင်မူ စန်းလွမ်တို့ သုံးဦးသည် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်အောက်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့၏။
အခန်း(၂၆၂၁)ပြီး၏။
အခန်း(၂၆၂၂)
“အုပ်စိုးသူအဆင့် အစွမ်းထက် ကျင့်ကြံသူသုံးဦးက ဒီလိုပဲ သေဆုံးသွားခဲ့ပြီလား”
ဤမြင်ကွင်းကို ကြယ်တာရာ ကောင်းကင်ယံရှိ လူတိုင်းသည် မှင်တက်စွာ ကြည့်နေခဲ့ကြပြီး အံ့ဩထိတ်လန့်မှုကနေ အချိန်အတော်ကြာသည် အထိ ရုန်းမထွက်နိုင်ခဲ့ကြပေ။
ထိုအုပ်စိုးသူအဆင့် ကျင့်ကြံသူ သုံးဦးထဲတွင် အုပ်စိုးသူအဆင့် ပါရမီရှင် လူငယ်တစ်ဦး ပါဝင်သော်လည်း ကျန်းချန်က အလွယ်တကူပင် သတ်ဖြတ်ပစ်လိုက်သည် မဟုတ်ပါလား။
ဤသည်မှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းနေခဲ့၏။
“ဒီကောင်လေးက ဒီလောက်အထိ အလျင်အမြန် တိုးတက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ဆရာသခင်စန်းမင်၏ အိုမင်းသော မျက်ဝန်းထဲတွင် အံ့ဩချီးကျူးသော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
လွန်ခဲ့သော ဆယ်စုနှစ်များစွာက အရှေ့ဘက်ဒေသရှိ ကျီမျိုးနွယ်စုတွင် သူ၏ ကိုယ်ပွားနှင့် ကျန်းချန်တို့ ပထမဆုံးအကြိမ် တွေ့ဆုံစဥ်က ကျန်းချန်သည် နတ်ဘုရင်အဆင့်သို့ပင် မထိုးဖောက်ရသေးကြောင်း သူ ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။
ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပင် ကျန်းချန်သည် ကောင်းကင်းကိုပင် ဆန့်ကျင်ပြီး တစ်ရှိန်ထိုး တိုးတက်လာခဲ့ကာ အုပ်စိုးသူအဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့၏။
ထို့အပြင် အုပ်စိုးသူအဆင့် အစွမ်းထက် ပုဂ္ဂိုလ်များထဲတွင်ပင် ကျန်းချန်၏ ခွန်အားသည် ပြိုင်ဘက်ကင်းသလောက် ဖြစ်နေခဲ့ပြီး သာမန် အုပ်စိုးသူအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်ရန်မှာ ကျန်းချန်အတွက် ခွေးတစ်ကောင်ကို သတ်ဖြတ်သည်နှင့် မခြားတော့ပေ။
ယခု ကျန်းချန် ပြန်ရောက်လာပြီ ဖြစ်ရာ နတ်ဘုရားနယ်မြေ၏ အန္တရာယ်ကို ဖြေရှင်းနိုင်ပြီ ဖြစ်သည်။
“အားလုံးပဲ အမိန့်နာခံကြ.. စန်းလန်စကြဝဠာက ကျူးကျော်သူတွေကို ငါနဲ့အတူ ချေမှုန်းကြစို့”
မင်ယွဲ့ရှင်းက အေးစက်စက် အမိန့်ပေးလိုက်ပြီး သူမ ကိုယ်တိုင် ရှေ့ကနေ ဦးဆောင်၍ စန်းလန်စကြဝဠာမှ ကျန်ရှိသော ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့သည်။
“သတ်ကြ”
စန်းမင်နှင့် ဝူကျန့်ထျန်း တို့သည်လည်း တုံ့ဆိုင်းမနေဘဲ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့ကြသည်။
အကယ်၍ ယနေ့တွင်သာ ကျန်းချန် ပြန်ရောက်မလာခဲ့လျှင် သူတို့ နတ်ဘုရားနယ်မြေသည် ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ရလိမ့်မည် ဖြစ်ပြီး နတ်ဘုရားနယ်မြေ တစ်ခုလုံးသည်ပင် စန်းလန်စကြဝဠာ၏ သိမ်းပိုက်ခြင်းကို ခံရနိုင်ခြေရှိသည်။
ယခုအခါတွင် ကျန်းချန်က ပြန်ရောက်လာပြီး စန်းလန်စကြဝဠာမှ အုပ်စိုးသူအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်ပစ်လိုက်ရာ အခြေအနေသည် ပြောင်းပြန်ဖြစ်သွားခဲ့ပြီ ဖြစ်၍ သူတို့ အနေဖြင့် စန်းလန်စကြဝဠာမှ ကျူးကျော်သူများကို အဘယ်ကြောင့် အလွယ်တကူ လွှတ်ပေးနိုင်ပါမည်နည်း။
အုပ်စိုးသူအဆင့် ကျင့်ကြံသူသုံးဦး ဖြစ်သည့် မင်ယွဲ့ရှင်း၊ စန်းမင်နှင့် ဝူကျန့်ထျန်း တို့၏ တိုက်ခိုက်မှုကို စန်းလန်စကြဝဠာဘက်မှ မည်သူကမျှ မတားဆီးနိုင်ခဲ့ပေ။
စန်းလန်စကြဝဠာဘက်မှ ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့် ကျင့်ကြံသူများနှင့် နတ်ဘုရင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များသည် မည်သည့် ခုခံမှုကိုမှ မပြုလုပ်နိုင်ခဲ့ဘဲ မင်ယွဲ့ရှင်းတို့ သုံးဦး၏ ချေမှုန်းခြင်းကို ခံလိုက်ရသည်။
ကျန့်ဝူရှင်းနှင့် အခြားသူများသည်လည်း အလွန်တရာပင် စိတ်လှုပ်ရှားနေခဲ့ကြပြီး နတ်ဘုရားနယ်မြေမှ အစွမ်းထက် ပုဂ္ဂိုလ်များကို ဦးဆောင်ကာ စန်းလန်စကြဝဠာ၏ ကြယ်တာရာစစ်သင်္ဘော ဆီသို့ သွားရောက် တိုက်ခိုက်ခဲ့ကြသည်။
ကြယ်တာရာစစ်သင်္ဘော၏ ကာကွယ်ရေးအင်အားသည် အားမနည်းသော်လည်း နတ်ဘုရားနယ်မြေမှ အစွမ်းထက်ပုဂ္ဂိုလ်များစွာ၏ ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုကိုမူ ခံနိုင်ရည်မရှိခဲ့ပေ။
တစ်ခဏအတွင်းမှာပင် ကျန့်ဝူရှင်းတို့ လူစုသည် ကြယ်တာရာ စစ်သင်္ဘာကို ထိုးဖောက် တိုက်ခိုက်နိုင်ခဲ့သည်။
စန်းလန်စကြဝဠာဘက်မှ ကြယ်တာရာစစ်သင်္ဘောပေါ်တွင် ကျန်ရှိနေသော နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူများသည် ကျန့်ဝူရှင်းတို့၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။
ကြယ်တာရာ စစ်သင်္ဘောပေါ်ရှိ စန်းလန်စကြဝဠာမှ ကျင့်ကြံသူများသည် အလွန်လျင်မြန်စွာပင် ကျန့်ဝူရှင်းတို့ လူစု၏ လက်ချက်ဖြင့် အကုန်အစင် သေဆုံးသွားခဲ့သည်။
“နိုင်ပြီ”
“ငါတို့ နတ်ဘုရားနယ်မြေ အနိုင်ရပြီ”
နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများစွာ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ကြယ်မြို့တော်တွင် နတ်ဘုရားနယ်မြေနှင့် နှစ်နှစ်တိတိ ရင်ဆိုင်နိုင်ခဲ့သော စန်းလန်စကြဝဠာမှ ကျူးကျော်သူများသည် ယခုအခါတွင် သူတို့၏လက်ချက်ဖြင့် လုံးဝ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။
“ဒီကြယ်တာရာစစ်သင်္ဘောက သိပ်မပျက်စီးသေးဘူး.. ကြယ်မြို့တော်ဆီကို ပြန်ယူပြီး ပြုပြင်ကြရအောင်”
မင်ယွဲ့ရှင်းက သူမ ရှေ့ရှိ ကြယ်တာရာစစ်သင်္ဘောကို ကြည့်ကာ စန်းမင်ကို ပြောလိုက်သည်။
ဆရာသခင်စန်းမင်သည် ထူးချွန်သော သိုင်းပါရမီ ရှိရုံသာမက ကဏ္ဍပေါင်းစုံတွင်လည်း အစွမ်းထက် အရည်အချင်းများရှိသူဖြစ်၍ ကြယ်တာရာ စစ်သင်္ဘောကို ပြုပြင်နိုင်စွမ်း ရှိနေခဲ့သည်။
ကြယ်တာရာစစ်သင်္ဘော တစ်စင်း ပိုင်ဆိုင်ထားခြင်းသည် သူတို့ နတ်ဘုရားနယ်မြေ အတွက် အကျိုးမယုတ်ပေ။
စန်းလန်စကြဝဠာ၏ ရည်ရွယ်ချက်သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ ကဲ့သို့ပင် နတ်ဘုရားနယ်မြေမှ တစ်စုံတစ်ခုကို ရှာဖွေရန် ဖြစ်သည်။
ထိုအရာသည် ၎င်းတို့အတွက် အလွန်တရာ အရေးကြီးပုံ ရ၏။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာဖြစ်စေ၊ စန်းလန်စကြဝဠာဖြစ်စေ၊ ၎င်းတို့သည် အလွယ်တကူ လက်လျှော့မည်မဟုတ်ဘဲ အချိန်မရွေး ပြန်လည် ရောက်ရှိလာနိုင်ခြေ ရှိသည်။
နတ်ဘုရားနယ်မြေတွင် ကျန်းချန် ရှိနေသော်လည်း နတ်ဘုရားနယ်မြေကို လုံးဝ စိတ်မပူပန်ရသော အခြေအနေအထိ ရောက်ရန်မှာ ဤမျှနှင့် မလုံလောက်သေးပေ။
အကယ်၍သာ နတ်ဘုရားနယ်မြေတွင် ကြယ်တာရာ စစ်သင်္ဘောတစ်စင်း ပိုင်ဆိုင်ထားလျှင် နတ်ဘုရားနယ်မြေအတွက် အရေးပေါ် ထွက်ပေါက်တစ်ခု ရှိနိုင်မည် မဟုတ်ပါလော။
မတော်တဆ နတ်ဘုရားနယ်မြေ ကျဆုံးသွားခဲ့လျှင်ပင် ထူးချွန်သော ပါရမီရှင်တပည့်တချို့သည် ကြယ်တာရာစစ်သင်္ဘောဖြင့် နတ်ဘုရားနယ်မြေမှ ခေတ္တ ထွက်ခွာသွားနိုင်ပြီး နတ်ဘုရားနယ်မြေသို့ ပြန်လာနိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းနိုင်လိမ့်မည် ဖြစ်သည်။
စန်းမင်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့.. ဒီကိစ္စကို ငါနဲ့ပဲ လွှဲပေးထားလိုက်ပါ”
နတ်ဘုရားနယ်မြေသည် ကြယ်မြို့တော်ကို စတင် တည်ဆောက်စဥ်ကတည်းကပင် စန်းမင်သည် ကြယ်တာရာစစ်သင်္ဘောကို လေ့လာခဲ့သည်။
လုံလောက်သော ပစ္စည်းများကို ရလျှင် ကြယ်တာရာစစ်သင်္ဘောတစ်စင်း တည်ဆောက်ရန်မှာ သူ့အတွက် မဖြစ်နိုင်သော အရာ မဟုတ်ချေ။
သူ့အတွက်မူ သူ့ရှေ့ရှိ ကြယ်တာရာစစ်သင်္ဘောကို ပြုပြင်ရန်မှာ မခက်ခဲပေ။
“စန်းလန်စကြဝဠာရဲ့ စစ်ကူတွေကို ကြားဖြတ်တိုက်ခိုက်ဖို့ ဝူရှင်း ထွက်သွားတာ အတော်ကြာပြီ.. အခု သူ ဘယ်လိုအခြေအနေ ရှိနေလဲမသိဘူး.. ငါတို့ သူ့ဆီ သွားကြည့်သင့်တယ် ထင်တယ်”
ဝူကျန့်ထျန်းက ဝူရှင်းအတွက် စိုးရိမ်သော အမူအရာဖြင့် ပြောလိုက်သည်။
မင်ယွဲ့ရှင်းက ခေါင်းညိတ်လိုက်ပြီး စကားပြောရန် ပြင်လိုက်စဥ်မှာပင် ကြယ်တာရာကောင်းကင်ယံ အတွင်း ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။
ယင်းနောက်တွင်မူ မှိန်ဖျော့ဖျော့ သွေးရောင်အလင်းတန်းများ ထွက်ပေါ်နေသော ဧရာမ စစ်သင်္ဘောတစ်စင်းသည် ကြယ်တာရာကောင်းကင်ယံကို ဖြတ်သန်းလာခဲ့ပြီး နတ်ဘုရားနယ်မြေ ရှိရာဘက်သို့ အလျင်အမြန်ပင် ဦးတည်လာခဲ့သည်။
“ဒါက ကြယ်တာရာစစ်သင်္ဘောပဲ “
သူတို့ ဆီသို့ အလျင်အမြန် ဦးတည်လာနေသော ဧရာမသင်္ဘောကြီးကိုမြင်လျှင် မင်ယွဲ့ရှင်း၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
“စန်းလန်စကြဝဠာက စစ်ကူတွေ ရောက်လာတာများ ဖြစ်နိုင်မလား”
ထိုစကားကိုကြားလျှင် စန်းမင်နှင့် ဝူကျန့်ထျန်း တို့သည် အနည်းငယ် စိတ်လေးသွားခဲ့ကြ၏။
စန်းလန်စကြဝဠာမှ စစ်ကူများ ရောက်ရှိလာခြင်းသည် ဝူရှင်း တစ်စုံတစ်ရာ ဖြစ်သွားပြီဟု အဓိပ္ပါယ်ရနေသည် မဟုတ်ပါလော။
“မစိုးရိမ်ပါနဲ့.. စန်းလန်စကြဝဠာက စစ်ကူတွေ ရောက်မလာတော့ပါဘူး.. သူတို့က ငါ့ရဲ့လူတွေပါ”
ယင်းအချိန်တွင် ကျန်းချန်၏ ခပ်သဲ့သဲ့ရယ်သံသည် သူတို့၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
ထိုစကားကို ကြားလျှင် မင်ယွဲ့ရှင်းတို့ သုံးဦးသည် အနည်းငယ်အံ့အားသင့်သွားကြ၏။
သူတို့ အံ့အားသင့်နေစဥ်မှာပင် ကြယ်တာရာ စစ်သင်္ဘောသည် မိုင်ပေါင်းထောင်ချီ ဧရိယာကို ဖြတ်ကျော်ကာ သူတို့၏ ရှေ့တွင် ပေါ်လာခဲ့သည်။
ကြယ်တာရာစစ်သင်္ဘော၏ ဦးပိုင်းတွင် သူတို့နှင့် အလွန်တရာ ရင်းနှီးသော ပုံရိပ်တစ်ခု ရှိနေခဲ့သည်။
ထိုသူမှာ စန်းလန်စကြဝဠာ၏ စစ်ကူများကို ကြားဖြတ်တိုက်ခိုက်ရန် ကြယ်တာရာကောင်းကင်ယံထဲသို့ သွားရောက်ခဲ့သည့် ဝူရှင်းပင် ဖြစ်သည်။
ဝူရှင်း၏ နံဘေးရှိ သွေးရောင်ဝတ်စုံဝတ် အမျိုးသား တစ်ဦးသည် ကျန်းချန်ကို ရိုသေလေးစားသော အမူအရာဖြင့် အရိုအသေပေးလိုက်ပြီး သခင်ကြီးဟု ခေါ်လိုက်သည်။
“ကျန်းချန်.. ဘာတွေဖြစ်နေတာလဲဆိုတာ ငါတို့ကို ရှင်းပြလို့ရမလား”
မင်ယွဲ့ရှင်းက ကျန်းချန်ကို လှမ်းကြည့်၍ ပြောလိုက်သည်။
သူမ၏ လှပသော မျက်ဝန်းလေးထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
ထိုသွေးရောင်ဝတ်စုံဝတ် အမျိုးသား၏ အရှိန်အဝါသည် မင်ယွဲ့ရှင်း အတွက် မစိမ်းပေ။
ထိုအရှိန်အဝါသည် သူမနှင့် ရင်ဆိုင်ခဲ့ဖူးသည့် သွေးနတ်ဆိုးဂိုဏ်းမှ ကျင့်ကြံသူများနှင့် လုံးဝ တူညီနေသည် မဟုတ်ပါလော။
သို့ရာတွင် သွေးနတ်ဆိုးဂိုဏ်းမှ မဟာယာနအဆင့် နီးပါးရှိသော ကျင့်ကြံသူသည် ကျန်းချန်ကို အဘယ်ကြောင့် သခင်ကြီးဟု ခေါ်နေရပါသနည်း။
“သူတို့က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ ငါသိမ်းသွင်းခဲ့တဲ့ ငါ့ရဲ့လူတွေပါ”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး မင်ယွဲ့ရှင်းတို့ သုံးဦးကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို အကျဥ်းချုံး၍ ရှင်းပြလိုက်သည်။
အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာသို့ ကျန်းချန် ရောက်ရှိသွားသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သည့် သွေးနတ်ဆိုးဂိုဏ်းကို သိမ်းသွင်းနိုင်ခဲ့ကြောင်း ကြားသိလိုက်ရလျှင် သူတို့သုံးဦးသည် အချိန်အတော်ကြာသည် အထိ မှင်တက်သွားခဲ့သည်။
အထူးသဖြင့် မင်ယွဲ့ရှင်းသည် ထိုစဥ်က တိုက်ပွဲတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဖြစ်ရာ သွေးနတ်ဆိုးဂိုဏ်းက မည်မျှ အစွမ်းထက်ကြောင်း ကောင်းစွာ သိရှိထားခဲ့သည်။
ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသို့ တစ်ခေါက်သွားရုံဖြင့်ပင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး တစ်ဂိုဏ်းဖြစ်သော သွေးနတ်ဆိုးဂိုဏ်းကို သူ၏ ခြေရင်းတွင် လုံးဝ အညံ့ခံအောင် ပြုလုပ်နိုင်ခဲ့၏။
“ဒီကောင်လေးက တကယ်ကို ကြောက်စရာပဲ”
မင်ယွဲ့ရှင်းက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ခေါင်းခါရမ်းလိုက်သည်။
သူမက လနတ်နန်းတော်နှင့် သွေးနတ်ဆိုးဂိုဏ်းကြားရှိ ရန်ငြိုးများကို မေ့ပစ်လိုက်ရန် ဆုံးဖြတ်လိုက်သည်။
ယခုအခါတွင် သွေးနတ်ဆိုးဂိုဏ်းသည် ကျန်းချန် ထံတွင် အညံ့ခံခဲ့ပြီ ဖြစ်ရာ သွေးနတ်ဆိုးဂိုဏ်းကို အညှိုးအတေးထားနေခြင်းသည် နတ်ဘုရားနယ်မြေ အတွက်လည်း ကောင်းမွန်သောအရာ မဟုတ်ပေ။
သိထားရမည့်အချက်မှာ ကျန်းချန် သိမ်းသွင်းခဲ့သော သွေးနတ်ဆိုးဂိုဏ်းထဲမှ ကျင့်ကြံသူများ ထဲတွင် မဟာယာနနှောင်းပိုင်းအဆင့် အစွမ်းထက် ကျင့်ကြံသူ တစ်ဦးလည်း ပါဝင်နေပြီး ထိုအဆင့်သည် အုပ်စိုးသူနှောင်းပိုင်းအဆင့်ထက် ပို၍ အစွမ်းထက်နေခြင်း ဖြစ်သည်။
ယင်းကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ်များ၏ အကူအညီဖြင့်သာ ဆိုလျှင် နတ်ဘုရားနယ်မြေသည် နောက်ထပ် ဖြစ်ပေါ်လာမည့် အခြေအနေများကို ပိုမို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ပေတော့မည်။
အခန်း(၂၆၂၂)ပြီး၏။