← Chapters

အခန်း (၂၆၂၃-၂၆၂၄)

Vol. 203 Ch. 2623-2624

အခန်း (၂၆၂၃-၂၆၂၄)

Vol. 203 Ch. 2623-2624

အခန်း(၂၆၂၃)

စန်းလန်စကြဝဠာသည် နတ်ဘုရားနယ်မြေ၏ အရှေ့တောင်ဘက်ရှိ မိုင်ပေါင်း မရေမတွက်နိုင်သော အကွာအဝေးတွင် တည်ရှိသည့် သိုင်းပညာ ယဥ်ကျေးမှု ထွန်းကားသော စကြဝဠာတစ်ခု ဖြစ်သည်။

ထိုစကြဝဠာတွင် သိုင်းပညာ ယဥ်ကျေးမှု အလွန်တရာ ထွန်းကားပြီး မရေမတွက်နိုင်သော အုပ်စိုးသူအဆင့် ကျင့်ကြံသူများ ရှိကာ အင်မော်တယ်အဆင့် ကျင့်ကြံသူပင်လျှင် တစ်ဦးထက်မက ပေါ်ထွက်ခဲ့ဖူးသည်။

အထူးသဖြင့် စန်းလန်စကြဝဠာ၏ နံပါတ်တစ်ဂိုဏ်းကြီး ဖြစ်သော စန်းလန် သူတော်စင်ဂိုဏ်း၏ အခြေခံအုတ်မြစ်သည် အတိုင်းအဆမရှိ နက်ရှိုင်း၏။

စန်းလန်သူတော်စင်ဂိုဏ်း၏ သမိုင်းတစ်လျှောက်တွင် အင်မော်တယ် သုံးဦး ပေါ်ထွက်ခဲ့ဖူးပြီး ၎င်းတို့သည် အင်မော်တယ်လောကသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြသည်။

ဆိုရလျှင် စန်းလန်စကြဝဠာရှိ စန်းလန်သူတော်စင်ဂိုဏ်း၏ အနေအထားသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရှိ ဟွမ်ယွမ်ဓားဂိုဏ်းထက်ပင် သာလွန်၏။

စန်းလန်သူတော်စင်ဂိုဏ်း၏ ပင်မခန်းမဆောင်တွင် အပြာရောင်နဂါးရုပ်များကို ချည်ထိုးထားသည့် ဝတ်ရုံကို ဝတ်ဆင်ထားသော အဆုံးမဲ့ အရှိန်အဝါများအား ထုတ်လွှတ်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးသည် ခန်းမ၏ အလယ်ဗဟိုရှိ ပလ္လင်ထက်တွင် ထိုင်နေခဲ့သည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားမှာ စန်းလန်သူတော်စင်ဂိုဏ်းချုပ် စန်းယွင်ဟိုင်ပင် ဖြစ်၏။

သူ၏ မျက်နှာအမူအရာက သုန်မှုန်နေခဲ့ပြီး အလွန်အမင်းအေးစက်သော အရှိန်အဝါ တစ်ခုသည် သူ၏ ခန္ဓာကိုယ်ကနေ ပျံ့လွင့်နေခဲ့ရာ ခန်းမအတွင်းရှိ အုပ်စိုးသူအဆင့် ကျင့်ကြံသူဆယ်ယောက်ကျော်သည် အသက်ရှူရကျပ်သလိုပင် ခံစားခဲ့ရ၏။

အချိန်မည်မျှ ကြာသွားမှန်းပင် မသိရပေ။

စန်းယွင်ဟိုင်၏ အေးစက်စက် အသံသည် ခန်းမအတွင်းရှိ တိတ်ဆိတ်မှုကို အဆုံးသတ်တွင် ဖြိုခွင်းလိုက်၏။

“မကြာသေးခင်က နတ်ဘုရားနယ်မြေကို တိုက်ခိုက်ဖို့ ငါတို့ စန်းလန် သူတော်စင်ဂိုဏ်းကနေ စန်းလွမ်ဦးဆောင်တဲ့ အုပ်စိုးသူအဆင့် ကျင့်ကြံသူငါးဦးကို စေလွှတ်လိုက်ပေမဲ့ အားလုံး ကျဆုံးသွားခဲ့ပြီ.. ဒါ့အပြင် စစ်ကူ စေလွှတ်လိုက်တဲ့ ရေတိမ်တိုက် သူတော်စင်ဂိုဏ်းက အုပ်စိုးသူအဆင့် ကျင့်ကြံသူသုံးဦးလည်း ကျဆုံးသွားခဲ့ပြီ”

စန်းယွင်ဟိုင်၏ စကားကို ကြားရှိ ခန်းမအတွင်းရှိ လူတိုင်း၏ မျက်နှာအမူအရာသည် ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

နတ်ဘုရားနယ်မြေသည် သူတို့ စန်းလန်စကြဝဠာကဲ့သို့ပင် သိုင်းပညာယဥ်ကျေးမှုထွန်းကားသော စကြဝဠာတစ်ခုဖြစ်သည်။

သူတို့ရရှိထားသော သတင်းများအရ နတ်ဘုရားနယ်မြေ၏ အထွတ်အထိပ်ကာလက ခွန်အားသည် စန်းလန်စကြဝဠာထက် များစွာ နိမ့်ကျခြင်း မရှိခဲ့ပေ။

နောက်ပိုင်းတွင်မူ နတ်ဘုရားနယ်မြေနှင့် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာတို့ ကြားတွင် စကြာဝဠာအဆင့် တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲတွင် နတ်ဘုရားနယ်မြေသည် ပျက်စီးလုနီးပါး အခြေအနေသို့ပင် ရောက်ရှိသွားခဲ့သည်။

လွန်ခဲ့သော ဆယ်စုနှစ်ကျော် ကာလအထိ နတ်ဘုရားနယ်မြေသည် ပြိုကွဲပျက်စီးနေသော အခြေအနေကနေ နာလန်ထူနိုင်ခြင်း မရှိခဲ့ပေ။

ယနေ့ခေတ် အချိန်တွင်လည်း နတ်ဘုရားနယ်မြေ၏ ခွန်အားသည် အထွတ်အထိပ်ကာလက ကဲ့သို့ မရောက်ရှိသေးဘဲ အုပ်စိုးသူအဆင့် ကျင့်ကြံသူ အရေအတွက်ပင် လက်တစ်ဖက်စာမျှသာ ရှိနေသေးသည်။

သူတို့ စေလွှတ်လိုက်သည့် စန်းလန် ဦးဆောင်သော အုပ်စိုးသူအဆင့် ကျင့်ကြံသူ ငါးဦးသည် လွန်ခဲ့သော လအနည်းငယ်က နတ်ဘုရားနယ်မြေ၏ ကာကွယ်ရေး အစီအရင်ကို မထိုးဖောက်နိုင်သေးကြောင်းနှင့် နတ်ဘုရားနယ်မြေကို အလျင်အမြန် သိမ်းပိုက်လိုလျှင် စစ်ကူလွှတ်ပေးရန် မျှော်လင့်ကြောင်း သတင်းပို့ခဲ့သည်။

ထို့ကြောင့်ပင် စန်းလန် သူတော်စင်ဂိုဏ်းသည် ရေတိမ်တိုက် သူတော်စင်ဂိုဏ်းနှင့် ဆွေးနွေးတိုင်ပင်ခဲ့ပြီး ယင်းနောက်တွင် ရေတိမ်တိုက် သူတော်စင်ဂိုဏ်း၏ အစွမ်းထက်အုပ်စိုးသူအဆင့် ကျင့်ကြံသူ သုံးဦးကို စစ်တပ်အား ဦးဆောင်စေ၍ အကူအညီ စေလွှတ်ပေးခဲ့သည်။

ရေတိမ်တိုက် သူတော်စင်ဂိုဏ်းမှ အုပ်စိုးသူအဆင့် ကျင့်ကြံသူ သုံးဦး၏ အကူအညီဖြင့် ဆိုလျှင် စန်းလွမ်သည် နတ်ဘုရားနယ်မြေကို အလွယ်တကူပင် သိမ်းပိုက်နိုင်လိမ့်မည်ဟု သူတို့ ထင်ထားခဲ့၏။

သို့သော်လည်း လက်တွေ့ အခြေအနေကမူ သူတို့ မျှော်လင့်သည်ထက်ကို လုံးဝ ကျော်လွန်သွားခဲ့သည်။

ဆိုရလျှင် စန်းလွမ် အပါအဝင် စန်းလန် သူတော်စင်ဂိုဏ်းမှ အုပ်စိုးသူအဆင့် ကျင့်ကြံသူငါးဦးနှင့် ရေတိမ်တိုက်သူတော်စင်ဂိုဏ်းမှ အုပ်စိုးသူအဆင့် ကျင့်ကြံသူသုံးဦး တို့သည် အားလုံး ကျဆုံးသွားခဲ့၏။

အုပ်စိုးသူအဆင့် ကျင့်ကြံသူရှစ်ဦးစလုံး အကုန်အစင်သုတ်သင်ခံလိုက်ရသည် အထိ နတ်ဘုရားနယ်မြေတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့ပါသနည်း။

သူတို့ စန်းလန်စကြဝဠာမှ အုပ်စိုးသူအဆင့် ကျင့်ကြံသူ ရှစ်ဦးသည် အဘယ်ကြောင့် ရုတ်တရက် အကုန်အစင် သုတ်သင်ခံခဲ့ရပါသနည်း။

“ဂိုဏ်းချုပ်.. နတ်ဘုရားနယ်မြေက အပေါ်ယံမြင်သလောက် မရိုးရှင်းဘူးထင်တယ်.. ဒီအတိုင်းဆိုရင် နတ်ဘုရားနယ်မြေဆီ ကျူးကျော်မဲ့ကိစ္စကို ရေရှည် စီမံကိန်းအနေနဲ့ စဥ်းစားရလိမ့်မယ်”

အုပ်စိုးသူ နှောင်းပိုင်းအဆင့်ရှိ ဆံဖြူအဘိုးအိုတစ်ဦးက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

ကျဆုံးသွားသော အုပ်စိုးသူအဆင့် ကျင့်ကြံသူ ရှစ်ဦးထဲတွင် အုပ်စိုးသူ အလယ်အလတ်အဆင့် လူငယ်ပါရမီရှင် စန်းလွမ်လည်း ပါဝင်နေခဲ့သည်။

သူ၏ ခွန်အားဖြင့်ပင် စန်းလွမ် အပါအဝင် အုပ်စိုးသူအဆင့် ကျင့်ကြံသူ ရှစ်ဦးစလုံးကို သတ်ပစ်ရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။

“ဘယ်လောက်ပဲ ပေးဆပ်ရပါစေ နတ်ဘုရားနယ်မြေကို ကျူးကျော်ပြီး ထာဝရရှင်သန်ခြင်းနန်းတော်ကို အမြန်ဆုံးရှာဖွေဖို့ ငါတို့ စန်းလန် သူတော်စင်ဂိုဏ်းရဲ့ ဘိုးဘေး ကိုယ်တိုင် အမိန့်ပေးထားမှတော့ ငါက ဘယ်လိုလုပ်ပြီး ရေရှည်စီမံကိန်း လုပ်လို့ရမှာလဲ”

စန်းယွင်ဟိုင်က ပလ္လင်ပေါ်ကနေ ရုတ်တရက် ထရပ်လိုက်သည်။

သူ၏ အေးစက်စက် စကားသံက ခန်းမအတွင်း ပဲ့တင်ထပ်သွားခဲ့၏။

“အခုချက်ချင်း အားလုံးပဲ သွားပြင်ဆင်ကြ.. ဒီတစ်ခေါက် ငါကိုယ်တိုင် နတ်ဘုရားနယ်မြေဆီ ချီတက်မယ်”

ကျန်းချန် ပြန်ရောက်လာပြီး စန်းလန်စကြဝဠာမှ ကျူးကျော်သူများကို သတ်ဖြတ်လိုက်ကတည်းကစ၍ ကြယ်မြို့တော်သည် တစ်ကျော့ပြန် ငြိမ်သက်သွားခဲ့သည်။

သို့သော်လည်း ထိုငြိမ်သက်ခြင်းသည် ယာယီသာဖြစ်မှန်း အားလုံး၏ စိတ်ထဲတွင် ရှင်းလင်းစွာ သိရှိထားကြ၏။

စန်းလန်စကြဝဠာသည် အစွမ်းထက် အုပ်စိုးသူအဆင့် ကျင့်ကြံသူ ရှစ်ဦးကို ဆုံးရှုံးလိုက်ရပြီး ကြီးမားသော ထိခိုက်မှုကြုံတွေ့ခဲ့ရ၍ ဤအတိုင်း လွယ်လွယ်ဖြင့် လက်လျှော့လိမ့်မည် မဟုတ်ချေ။

ထို့အပြင် စန်းလန်စကြဝဠာမှ ထပ်မံ ရောက်ရှိလာနိုင်သော ခွန်အားသည် ယခင်ထက်ပင် ပို၍ အစွမ်းထက်လာလောက်သည်။

စန်းလန်စကြဝဠာ၏ တစ်ကျော့ပြန် တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်ရန် အတွက် နတ်ဘုရားနယ်မြေရှိ လူတိုင်းသည် သူတို့၏ ခွန်အားကို မြှင့်တင်ရန် အရူးအမူး ကျင့်ကြံနေခဲ့ကြ၏။

ကျန့်ဝူရှင်း အပါအဝင် ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့် ပါရမီရှင် အားလုံးသည် အုပ်စိုးသူအဆင့်ကို ထိုး‌ဖောက်နိုင်ရန်အတွက် ပြင်းပြင်းထန်ထန် ကျင့်ကြံနေခဲ့ကြသည်။

ကျန်းချန်သည်လည်း အလကား အချိန်မဖြုန်းဘဲ သူ၏ အုပ်စိုးသူ နတ်စွမ်းအားကို ဆက်တိုက်ဆိုသလို မြှင့်တင်နေခဲ့သည်။

သုံးလခန့် ကြာပြီးနောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်အတွင်းရှိ အုပ်စိုးသူ နတ်စွမ်းအားသည် အဆုံးသတ်တွင် အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီး ထပ်မံ တိုးတက်မလာတော့ပေ။

သို့သော်လည်း အဆင့်တက်မည့် လက္ခဏာ တစ်စုံတစ်ရာကို မပြသသေးချေ။

“အခု ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က အုပ်စိုးသူအထွတ်အထိပ်အဆင့်ရဲ့ အကန့်အသတ်ကို ရောက်ရှိသွားခဲ့ပြီ.. နောက်တစ်ဆင့်က အင်မော်တယ်အဆင့်ကို ထိုးဖောက်ဖို့ပဲ.. ခက်တာက အင်မော်တယ်အဆင့်ကို ဘယ်လို ထိုးဖောက်ရမလဲ မသိတာပဲ”

ကျန်းချန်က သူ့ဘာသာ တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။

ယခင်က အဆင့်ထိုးဖောက်မှု စည်းမျဥ်းများအရ သူ့အနေဖြင့် အဆင့်တစ်ဆင့်၏ အကန့်အသတ်အထိ ကျင့်ကြံပြီးလျှင် အဆတစ်ရာစနစ်သည် သူ့ကို နောက်ထပ် အဆင့်တစ်ဆင့်သို့ ထိုးဖောက်နိုင်ရန် ကူညီပေးခဲ့သည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ အုပ်စိုးသူအဆင့်၏ အကန့်အသတ်သို့ ရောက်ရှိနေသည့်တိုင် အဆ ၁၀၀ စနစ်ထံမှ မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ပေ။

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

အကယ်၍ သူသာ အင်မော်တယ်အဆင့်ကို ထိုးဖောက်သွားလျှင် အင်မော်တယ်လောကသို့ တစ်ခါတည်း ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။

နတ်ဘုရားနယ်မြေတွင် အုပ်စိုးသူ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိပြီးသည့်တိုင် မည်သည့် တုံ့ပြန်မှုမှ မရှိခြင်းမှာ နတ်ဘုရားနယ်မြေသည် အင်မော်တယ်လောကနှင့် အဆက်အသွယ် မရှိခြင်းကြောင့် အင်မော်တယ်ကပ်ဘေး ကျရောက်မလာခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

ဆိုရလျှင် နတ်ဘုရားနယ်မြေ၏ ရှေးခေတ်ကာလတွင်ပင် အင်မော်တယ်အဆင့်သည် ဒဏ္ဍာရီလာ အဆင့်တစ်ဆင့် ဖြစ်ပြီး အင်မော်တယ်လောကသို့ တက်လှမ်းသွားသူ ရှိမှန်း သူတစ်ခါမျှ မကြားဖူးပေ။

“ဒီကိစ္စကို နတ်ဘုရားနယ်မြေရဲ့ ကောင်းကင်လမ်းစဥ်နဲ့ စကားပြောကြည့်ရမယ် ထင်တယ်”

ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်ပြီးနောက်တွင် သူ၏ ပုံရိပ်သည် ကြယ်မြို့တော်ကနေ နတ်ဘုရားနယ်‌မြေသို့ လျှပ်တစ်ပြက် အတွင်း ပြန်လည် ရောက်ရှိသွားခဲ့သည်။

အုပ်စိုးသူ အထွတ်အထိပ်အဆင့်ကိုပင် ရောက်ရှိနေသော ကျန်းချန် အတွက် အတွေးတစ်ချက်ဖြင့်ပင် နတ်ဘုရားနယ်မြေ၏ မည်သည့် နေရာကိုမဆို ချက်ချင်းဆိုသလို ရောက်ရှိနိုင်၏။

ထို့ကြောင့်ပင် ကျန်းချန်သည် ထာဝရရှင်သန်ခြင်းနန်းတော်ဆီသို့ တိုက်ရိုက်ပင်‌ ရောက်ရှိသွားခဲ့သည်။

“ကောင်းကင်လမ်းစဥ်.. မင်းနိုးထလာပြီဆိုတာ ငါသိတယ်.. ငါတို့ စကားပြောကြရအောင်”

ကျန်းချန်က ထာဝရရှင်သန်ခြင်းနန်း‌တော်၏ ခန်းမအပြင်ဘက်တွင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

သူ၏ တိုးညှင်းသော စကားသံသည် ခန်းမထဲကို ပဲ့တင်ထပ်သွားခဲ့၏။

ကျန်းချန်၏ စကားအဆုံးမှာပင် ကောင်းကင်နှင့်မြေကြီး ကြားတွင် ဆန်းကြယ်သော လှိုင်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့ပြီး မည်သည့် အရှိန်အဝါမျှ မရှိသော အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ကျန်းချန်၏ ရှေ့တည့်တည့်ရှိ လေထုထဲတွင် ပေါ်လာခဲ့သည်။

အဖြူရောင်ဝတ်စုံဝတ် လူငယ်က ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေသော်လည်း ခန္ဓာကိုယ်ကနေ သာမန် မျက်စိဖြင့် မမြင်နိုင်သော ဆန်းကြယ်သည့် အရှိန်အဝါများ ထွက်ပေါ်နေခဲ့ကာ ကောင်းကင်နှင့်မြေကြီးနှင့် တစ်သားတည်းလို ဖြစ်နေခဲ့၏။

“ကျန်းချန်.. ငါတို့ နောက်ဆုံးတော့ တွေ့ကြပြီပေါ့.. အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနဲ့ တိုက်ပွဲပြီးကတည်းက ငါအိပ်စက်နေခဲ့ပေမဲ့ မင်းရဲ့ တည်ရှိမှုကိုတော့ ငါ့ရဲ့ မသိစိတ်ထဲကနေ ခံစားမိခဲ့ပါတယ်”

အဖြူရောင်ဝတ်စုံဝတ် လူငယ်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် မင်းကို ကျေးဇူးတင်ရမယ်...မင်းသာ မရှိခဲ့ရင် နတ်ဘုရားနယ်မြေက ဒီနေ့လို အခြေအနေမျိုး ရောက်လာမှာ မဟုတ်ဘူး”

“ကျေးဇူးတင်ဖို့ မလိုပါဘူး.. ငါလည်း နတ်ဘုရားနယ်မြေရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ.. နတ်ဘုရားနယ်မြေရဲ့ ကောင်းကျိုးအတွက် ငါလည်း တာဝန်ယူသင့်ပါတယ်”

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် အဖြူရောင်ဝတ်စုံဝတ် လူငယ်ကို လေးနက်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ငါ ဒီနေ့ ဒီကို ရောက်လာတာက မင်းဆီက အကြံဥာဏ်တောင်းချင်လို့ပါ.. မင်း ငါ့ကို ညွှန်ပြပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

အခန်း(၂၆၂၃)ပြီး၏။

အခန်း(၂၆၂၄)

“မင်းက အင်မော်တယ်အဆင့်ကို ဘယ်လိုထိုးဖောက်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး မေးချင်တာ မဟုတ်လား”

နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်က ကျန်းချန်၏ ရည်ရွယ်ချက်ကို ကြိုတင်ခန့်မှန်းမိနေပုံ ရ၏။

ထိုစကားကိုကြားလျှင် ကျန်းချန်က အံ့အားသင့်စွာဖြင့် ကောင်းကင်လမ်းစဥ်ကို ကြည့်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။

“နတ်ဘုရားနယ်မြေရဲ့ ကောင်းကင်လမ်းစဥ်လို့ မပြောရဘူး.. မင်းက ငါ့ရဲ့ ရည်ရွယ်ချက်ကိုတောင် မှန်းဆမိနေတာပဲ”

ကောင်းကင်လမ်းစဥ်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

“မင်းတို့လို အဆင့်ကို ရောက်တဲ့ အစွမ်းထက် ကျင့်ကြံသူတိုင်းက ဒီမေးခွန်းကိုမေးဖို့ ငါ့ဆီလာခဲ့ကြတာပဲ.. မင်းလည်း ခြွင်းချက်မှ မဟုတ်တာ”

ကောင်းကင်လမ်းစဥ်၏ စကားကိုကြားလျှင် ကျန်းချန်သည် တစ်စုံတစ်ရာကို သဘောပေါက်သွားခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် စူးစမ်းသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“နတ်ဘုရားနယ်မြေထဲမှာ ဘယ်သူကမှ အင်မော်တယ်အဆင့်ကို မထိုးဖောက်နိုင်ခဲ့ဘူးလား”

ကောင်းကင်လမ်းစဥ်က တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြန်ဖြေလိုက်သည်။

“သူတို့အားလုံးက နတ်ဘုရားနယ်မြေက ထွက်ခွာသွားပြီးမှပဲ အင်မော်တယ်အဆင့်ကို ထိုးဖောက်ပြီး အင်မော်တယ်လောကကို တက်လှမ်းသွားနိုင်ကြတယ်.. ဒါကြောင့်လည်း နတ်ဘုရားနယ်မြေထဲမှာ အင်မော်တယ်အဆင့် ကျင့်ကြံသူတွေရဲ့ မှတ်တမ်းက ရှိမနေတာပဲ”

ကောင်းကင်လမ်းစဥ်၏ စကားသည် နတ်ဘုရားနယ်မြေထဲတွင် အင်မော်တယ်အဆင့်ကို ထိုးဖောက်၍ မရကြောင်း သွယ်ဝိုက်၍ ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။

ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ဘာကြောင့် နတ်ဘုရားနယ်မြေမှာ အင်မော်တယ်အဆင့်ကို ထိုးဖောက်လို့ မရတာလဲ”

“အဲဒါတော့ ငါလည်းမသိဘူး.. ငါအသိစိတ် ရလာကတည်းက နတ်ဘုရားနယ်မြေက ဒီလိုဖြစ်နေတာကို တွေ့လိုက်ရတယ်.. တကယ်တမ်း ပြောရရင် အင်မော်တယ်လောက ဆိုတာ စကြဝဠာအားလုံးရဲ့ မြစ်ဖျားခံရာပဲ.. ဘယ်စကြဝဠာကမှ အင်မော်တယ်လောကမှာရှိတဲ့ စည်းမျဥ်းတွေရဲ့ ချုပ်နှောင်မှုကနေ မလွတ်မြောက်ဘူး.. မင်းရဲ့အဆင့်ကို ရောက်သွားပြီဆိုရင် အင်မော်တယ်စည်းမျဥ်းတွေကို လှုံ့ဆော်ပြီး အင်မော်တယ်ကပ်ဘေး ကျရောက်လာအောင် လုပ်ဆောင်ရမယ်.. အဲဒီ အင်မော်တယ် ကပ်ဘေးကို ကျော်ဖြတ်နိုင်မှပဲ အင်မော်တယ်လောကကို တက်လှမ်းနိုင်လိမ့်မယ်”

ထိုစကားကို ပြောပြီးနောက်တွင် ကောင်းကင်လမ်းစဥ်သည် ခဏမျှ ရပ်တန့်လိုက်ပြီးမှ လေးနက်စွာ ပြောလိုက်သည်။

“ငါ့အထင်တော့ နတ်ဘုရားနယ်မြေကို ထိန်းချုပ်ထားပြီး အင်မော်တယ် စည်းမျဥ်းတွေရဲ့ အပြင်ဘက်ကို ရောက်အောင် လုပ်ထားတဲ့ မမြင်နိုင်တဲ့ လက်တစ်စုံ ရှိနေပုံပဲ”

ထိုစကားကို ကြားလျှင် ကျန်းချန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

အကယ်၍သာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသို့ မသွားမီကဆိုလျှင် ကျန်းချန်သည် ကောင်းကင်လမ်းစဥ်၏ စကားကို သံသယ ရှိကောင်းရှိနိုင်၏။

သို့သော်လည်း ယခုအခါတွင်မူ ကောင်းကင်လမ်းစဥ်၏ ခန့်မှန်းချက်က အမှန်တကယ် ဖြစ်နိုင်ကြောင်း ကျန်းချန်စိတ်ထဲတွင် ကောင်းစွာ သိရှိနေခဲ့သည်။

အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှ အထွတ်အထိပ် ပုဂ္ဂိုလ်များသည် မဟာယာန အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသော်လည်း အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အင်မော်တယ်လမ်းစဥ် ပြတ်တောက်နေသဖြင့် မည်သူကမျှ အင်မော်တယ်အဆင့်ကို မထိုးဖောက်နိုင်ကြပေ။

ဆိုရလျှင် နတ်ဘုရားနယ်မြေ၏ အခြေအနေသည်လည်း အင်မော်တယ်လမ်းစဥ် ဖြတ်တောက်ခံလိုက်ရသည့် အင်‌မော်တယ်ကျင့်ကြံခြင်း စကြဝဠာနှင့် သိပ်မခြားနားပေ။

အင်‌မော်တယ် ကျင့်ကြံခြင်းစကြဝဠာတွင် အင်‌မော်တယ်လမ်းစဥ် ပြတ်တောက်သွားရခြင်းသည် အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦးက အင်‌မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အင်‌မော်တယ်လမ်းစဥ်ကို ဖြတ်တောက်ခဲ့ခြင်း ဖြစ်ပုံရ၏။

နတ်ဘုရားနယ်မြေသည်လည်း ထိုကဲ့သို့ပင် ဖြစ်နိုင်ခြေ အလွန်များသည်။

သို့သော်လည်း စကြဝဠာတစ်ခု၏ အင်‌မော်တယ်လမ်းစဥ်ကို ဖြတ်တောက်နိုင်စွမ်းသည် အင်မော်တယ်လောကတွင်ပင် လုပ်ဆောင်နိုင်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။

ထိုကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ်များသည် အဘယ်ကြောင့် အဆင့်နိမ့် စကြဝဠာ၏ အင်‌မော်တယ်လမ်းစဥ်ကို ဖြတ်တောက်ရပါသနည်း။

ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး ဆက်လက်၍ မစဥ်းစားတော့ပေ။

“ငါသိသလောက်တော့ ကောင်းကင်လမ်းစဥ်တွေက စကြဝဠာတစ်ခုနဲ့ တစ်ခု မတူကြဘူး.. တခြား စကြဝဠာကို သွားပြီး အင်‌မော်တယ်ကပ်ဘေးကို လှုံ့ဆော်နိုင်မယ်ဆိုရင် အင်မော်တယ်လောကကို တက်လှမ်းနိုင်မှာလား”

ကျန်းချန်က အလွန်တရာ အရေးကြီးသောမေးခွန်းကို မေးမြန်းလိုက်၏။

နတ်ဘုရားနယ်မြေတွင် အင်မော်တယ် အဆင့်ကို ထိုးဖောက်၍ မရသည့် အကြောင်းရင်းသည် လက်ရှိအချိန်တွင် ကျန်းချန် စုံစမ်းနိုင်သော ကိစ္စ မဟုတ်ပေ။

သူ့အတွက် ယခုအခါတွင် အရေးကြီးသည်မှာ အင်‌မော်တယ်အဆင့်ကို ထိုးဖောက်ပြီး အင်မော်တယ်လောကကို တက်လှမ်းရန်သာ ဖြစ်သည်။

“ကောင်းကင်လမ်းစဥ်တွေက စကြဝဠာ တစ်ခုနဲ့ တစ်ခု မတူညီကြဘူး ဆိုတာ မှန်ပါတယ်.. ဒါပေမဲ့ ဘယ်အရာမဆို ခြွင်းချက်တော့ ရှိတာပေါ့”

ကောင်းကင်လမ်းစဥ်က ပြုံး၍ ပြောလိုက်သည်။

“ဥပမာပြရရင် လနတ်နန်းတော်ရဲ့ လူတွေက ကောင်းကင်စည်းမျဥ်းတွေရဲ့ ငြင်းပယ်ခြင်းကို ခံရသင့်ပြီး ဒီကမ္ဘာမှာ မတည်ရှိသင့်တော့ဘူး.. ဒါပေမဲ့ ငါက ခွင့်ပြုချင်တယ်ဆိုရင် မျက်စိတစ်ဖက် ပိတ်ထားပေးလို့ရတယ်”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တောက်ပသွားခဲ့သည်။

“မင်းဆိုလိုတာက တခြားစကြဝဠာကို သွားပြီး အဲဒီစကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်ဆီက ခွင့်ပြုချက်ကို ရမယ်ဆိုရင် အင်မော်တယ်အဆင့်ကို ထိုးဖောက်နိုင်မယ် ဆိုတဲ့ သဘောလား”

“အမှန်ပဲ.. အုပ်စိုးသူ အထွတ်အထိပ်အဆင့်က တချို့စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်ထက်တောင် အားမနည်းဘူး.. ဥပမာ ငါဆိုရင် မင်းရဲ့ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ဘူး”

နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“မင်းသာ ကောင်းကင်လမ်းစဥ် သိပ်အားမကောင်းတဲ့စကြဝဠာကို သွားမယ်ဆိုရင် အဲဒီစကြဝဠာရဲ့ကောင်းကင်လမ်းစဥ်က မင်းကို မျက်နှာသာပေးပါလိမ့်မယ်”

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ကျန်းချန်က နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်ကို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။

နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်သည် အင်မော်တယ်အဆင့်ကို မည်ကဲ့သို့ ထိုးဖောက်ရမည်အား ပြောပြခဲ့သော်လည်း ထိုကိစ္စသည် ကောင်းကင်လမ်းစဥ် ပြောသလောက် မလွယ်ကူနိုင်ဟု ကျန်းချန် စိတ်ထဲတွင် ခံစားမိခဲ့သည်။

အကယ်၍သာ ဤမျှအထိ လွယ်ကူနေမည် ဆိုလျှင် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူများရှိသည့် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာမှ ကျင့်ကြံသူများသည် တခြားသော စကြဝဠာကို သွား၍ အင်‌မော်တယ်အဆင့်ကို ထိုးဖောက်နိုင်ကြမည် ဖြစ်ရာ အဘယ်ကြောင့် အင်‌မော်တယ်ဖြစ်ရန် အခွင့်အရေး ပါဝင်သည့် အင်မော်တယ်ကျောက်တိုင်အတွက်ဖြင့် နတ်ဘုရားနယ်မြေနှင့် စကြဝဠာအဆင့် တိုက်ပွဲ ဆင်နွှဲရပါမည်နည်း။

သို့သော်လည်း ယခုအခါ သူ့တွင် ဖြေရှင်းစရာ ကိစ္စများ ရှိနေသေးသောကြောင့် အင်‌မော်တယ်အဆင့်ကို ထိုးဖောက်ပြီး အင်‌မော်တယ်လောကကို တက်လှမ်းရန် မလောသေးပေ။

သူ့အနေဖြင့် ကိစ္စအားလုံးကို ဖြေရှင်းပြီးသည့်အခါမှသာ ကောင်းကင်စည်းမျဥ်း သိပ်အားမကောင်းသည့် စကြဝဠာကို သွားရောက်ပြီး နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ် အကြံပေးသော နည်းလမ်းက အလုပ်ဖြစ် မဖြစ် စမ်းသပ်ကြည့်ရလိမ့်မည် ဖြစ်သည်။

“ကျေးဇူးတင်ဖို့ မလိုပါဘူး”

နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်က ခေါင်းခါရမ်းလိုက်ပြီး ကျန်းချန်ကို လေးနက်စွာ ကြည့်၍ ပြောလိုက်သည်။

“ကျန်းချန်.. နတ်ဘုရားနယ်မြေက အခုမှ ပြန်လည် နာလန်ထူလာစ ဆိုတော့ အရာရာပျက်စီးနေတဲ့ အခြေအနေလို့ ပြောလို့ရတယ်.. မင်းအနေနဲ့ အင်မော်တယ်အဆင့်ကို ထိုးဖောက်ပြီး မထွက်သွားခင်မှာ နတ်ဘုရားနယ်မြေအတွက် ပြဿနာ‌တွေကို ဖြေရှင်းပေးခဲ့မယ်လို့ ငါမျှော်လင့်ပါတယ်”

“ဒီအတွက် စိတ်မပူပါနဲ့.. ငါထွက်မသွားခင် အားလုံးကို ဖြေရှင်းပေးသွားမှာပါ”

ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်သည်။

ထိုအချိန်မှာပင် တစ်စုံတစ်ရာကို ရုတ်တရက် အာရုံခံမိခဲ့ပြီး သူ၏ မျက်နှာအမူအရာက အနည်းငယ်‌ ပြောင်းလဲသွားခဲ့သည်။

“စန်းလန်စကြဝဠာက လူတွေ ထပ်ရောက်လာပြီလို့ အခုပဲ ကြယ်မြို့တော်ဆီကနေ သတင်းရတယ်.. ငါသွားလိုက်ဦးမယ်”

စကားဆုံးသည်နှင့် ကျန်းချန်သည် နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်ကို စကားပြောရန်ပင် အခွင့်အရေးမပေးတော့ဘဲ နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ် ရှေ့ကနေ ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။

“ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က နတ်ဘုရားနယ်မြေ အတွက် တကယ်ကို ကြီးမားတဲ့ ပြဿနာတစ်ခု ပေးခဲ့တာပဲ.. အဲဒီကောင်မလေးက အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ကို အမြန်ဆုံး ဆက်ခံပြီး အင်မော်တယ်လောကကို တက်လှမ်းသွားဖို့ပဲ မျှော်လင့်ရတော့တယ်”

နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်က ကျန်းချန် ထွက်ခွာသွားသော နေရာကို ငေးကြည့်ကာ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။

ယင်းနောက်တွင် သူ၏ ပုံရိပ်သည်လည်း တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့၏။

ထာဝရရှင်သန်ခြင်းနန်းတော်မှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် နတ်ဘုရားနယ်မြေ၏ ပြင်ပသို့ တိုက်ရိုက်ပင် လှမ်းထွက်လာခဲ့သည်။

နောက်ထပ် တစ်စက္ကန့်တွင် သူ၏ပုံရိပ်သည် ကြယ်မြို့တော်၏ အထက် ကောင်းကင်ယံတွင် ပေါ်လာခဲ့၏။

ယခုအခါတွင် မင်ယွဲ့ရှင်းနှင့် ဝူရှင်းတို့ ဦးဆောင်သော နတ်ဘုရားနယ်မြေမှ အစွမ်းထက် ပုဂ္ဂိုလ်များသည် ထိုနေရာတွင် စုရုံး ရောက်ရှိနေကြပြီ ဖြစ်သည်။

ကျန်းချန်က အဝေးကို လှမ်းကြည့်လိုက်ရာ ဧရာမ ကြယ်တာရာ စစ်သင်္ဘောတစ်စင်းသည် ကြယ်တာရာကောင်းကင်ယံ၏ အနက်ရှိုင်းဆုံး နေရာကနေ ဖြည်းဖြည်းချင်းလာနေသည်ကို မြင်လိုက်ရပြီး အဆုံးသတ်တွင် ထိုဧရာမကြယ်တာရာ စစ်သင်္ဘောသည် ကြယ်မြို့တော်နှင့် မိုင်ပေါင်းထောင်ချီ အကွာတွင် ရပ်တန့်သွားခဲ့သည်။

ထိုကြယ်တာရာ စစ်သင်္ဘောသည် ကျန်းချန် ယခင်က မြင်တွေ့ဖူးသမျှ ကြယ်တာရာ စစ်သင်္ဘောများထက် များစွာ ပို၍ ကြီးမားသည်။

အဝေးမှကြီးလျှင် ကြယ်တာရာ ကောင်းကင်ယံတွင် လဲလျောင်းနေသော ကမ္ဘာဦးသားရဲကြီး တစ်ကောင်နှင့်ပင် ဆင်တူနေခဲ့သည်။

ကြယ်တာရာ စစ်သင်္ဘော၏ ဦးပိုင်းတွင် ကျင့်ကြံသူဆယ်ယောက်ကျော်သည် ဝင့်ကြွား‌သော အမူအရာများဖြင့် ရပ်နေခဲ့ကြပြီး ၎င်းတို့အားလုံး၏ အရှိန်အဝါသည် အုပ်စိုးသူအဆင့်ထက် မနိမ့်ကျပေ။

အထူးသဖြင့် နဂါးပြာ ချည်ထိုးဝတ်ရုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ အရှိန်အဝါသည် အလွန်ပင် နက်ရှိုင်းပြီး အုပ်စိုးသူ အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။

အုပ်စိုးသူအဆင့် ကျင့်ကြံသူ ဆယ်ဦးကျော်ထဲတွင် အုပ်စိုးသူ နှောင်းပိုင်းအဆင့် ကျင့်ကြံသူများလည်း ပါဝင်၏။

ဤတစ်ကြိမ် စစ်ပွဲအတွက် စန်းလန်စကြဝဠာသည် အင်အားအများအပြား အသုံးပြုလာသည်မှာ ထင်ရှားနေခဲ့သည်။

ကျန်းချန်က စန်းလန်စကြဝဠာမှ လူစုကို အကဲခတ်နေစဥ်မှာပင် စန်းလန်စကြဝဠာ ဘက်မှ စန်းလန်သူတော်စင်ဂိုဏ်း၏ ဂိုဏ်းချုပ် စန်းယွင်ဟိုင်၏ အကြည့်သည် ကျန်းချန်တို့ ဆီသို့ ရောက်ရှိလာခဲ့ပြီး အဆုံးသတ်တွင် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

နတ်ဘုရားနယ်မြေဘက်မှ အစွမ်းထက် ပုဂ္ဂိုလ်များစွာထဲတွင် ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ် တစ်ဦးတည်းသာလျှင် သူ့ကို အနည်းငယ် ဝေခွဲမရအောင် ဖြစ်စေခဲ့သည်။

ထို့အပြင် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် နတ်ဘုရားနယ်မြေမှ အစွမ်းထက် ပုဂ္ဂိုလ်များ၏ ရှေ့ဆုံးတွင် ရှိနေသဖြင့် နတ်ဘုရားနယ်မြေ၏ ခေါင်းဆောင် ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။

သူ၏ ခန့်မှန်းချက်သာ မမှားလျှင် စန်းလန် စကြဝဠာမှ အစွမ်းထက် အုပ်စိုးသူအဆင့် ကျင့်ကြံသူ ရှစ်ဦး ကျဆုံးသွားခြင်းသည် ထိုအနက်ရောင် ဝတ်စုံဝတ် လူငယ်နှင့် ပတ်သက်နေနိုင်ခြေ အလွန်များသည်။

အခန်း(၂၆၂၄)ပြီး၏။

All Chapters