← Chapters

အခန်း (၂၆၂၅-၂၆၂၆)

Vol. 203 Ch. 2625-2626

အခန်း (၂၆၂၅-၂၆၂၆)

Vol. 203 Ch. 2625-2626

အခန်း(၂၆၂၅)

စန်းယွင်ဟိုင်၏ မျက်ဝန်းများက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

ထို့နောက်တွင် သူက ကြယ်တာရာစစ်သင်္ဘောပေါ်ကနေ တိုက်ရိုက်ပင် လှမ်းထွက်လာခဲ့သည်။

သူက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်၏။

သူ၏ ခန့်ညားသော စကားသံသည် ကြယ်တာရာကောင်းကင်ယံတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။

“ပျက်စီးနေတဲ့ အခြေအနေကနေ အခုမှ နာလန်ထူကာစ နတ်ဘုရားနယ်မြေမှာ မင်းလို ပါရမီရှင်တစ်ယောက် ရှိနေလိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး.. ငါတို့ စန်းလန်စကြဝဠာရဲ့ အုပ်စိုးသူအဆင့် ကျင့်ကြံသူ ရှစ်ဦး ကျဆုံးသွားတာက မင်းရဲ့ပယောဂ မကင်းဘူး ဆိုတာ သေချာသလောက်ပဲ”

ကျန်းချန်က ကောင်းကင်ယံကနေ ချက်ချင်းဆိုသလို လှမ်းထွက်လာခဲ့ပြီး စန်းယွင်ဟိုင်နှင့် ပေပေါင်း တစ်ထောင်ခန့် အကွာအဝေးတွင် ရပ်တန့်လိုက်သည်။

“ဟုတ်တယ် သူတို့အားလုံးကို သတ်ခဲ့တာ ငါပဲ.. ငါ့ရဲ့ နတ်ဘုရားနယ်မြေကို ရန်စဝံ့ရင် ဘယ်သူမဆို သေလမ်းတစ်လမ်းပဲ ရှိတယ်”

ထိုစကားကို ကြားလျှင် စန်းယွင်ဟိုင်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

“မင်းက ငါ့ကို သူတို့လိုမျိုး အလွယ်တကူ သတ်နိုင်မယ်လို့ ထင်နေတာလား”

ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

“မင်း အခုချက်ချင်း စန်းလန်စကြဝဠာက လူတွေနဲ့ အတူ ပြန်ထွက်သွားမယ်ဆိုရင် အချိန်မီသေးတယ်.. ဒီလိုမှမဟုတ်ရင် ဒီနေရာက မင်းရဲ့သင်္ချိုင်း ဖြစ်သွားလိမ့်မယ်”

“ကောင်လေး.. မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ လေလုံးတော့ထွားသားပဲ”

စန်းယွင်ဟိုင်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

“ငါက စန်းလန်သူတော်စင်ဂိုဏ်းရဲ့ ဘိုးဘေးအမိန့်ကို ခံယူပြီး နတ်ဘုရားနယ်မြေထဲမှာ ပျောက်ဆုံးနေတဲ့ ထာဝရရှင်သန်ခြင်းနန်းတော်ကို ရှာဖွေဖို့အတွက် ‌ရောက်လာတာပဲ.. တကယ်လို့ ငါတို့ကို နတ်ဘုရားနယ်မြေထဲကို ဝင်ခွင့်ပေးပြီး ထာဝရရှင်သန်ခြင်း နန်းတော် ရှာဖွေခွင့်ပြုမယ်ဆိုရင် နတ်ဘုရားနယ်မြေကို နည်းနည်းလေးမှ မထိခိုက်စေရဘူးလို့ ငါကတိပေးတယ်”

သူ့ရှေ့တွင် ရှိနေသော အနက်ရောင်ဝတ်စုံဝတ် လူငယ် ထံကနေ စန်းယွင်ဟိုင်သည် သူ၏ ပင်ကိုသိစိတ်အရ အန္တရာယ်ရှိသော ခံစားချက်ကို ခံစားမိခဲ့သည်။

နတ်ဘုရားနယ်မြေတွင် ထိုကဲ့သို့ ပုဂ္ဂိုလ်တစ်ဦး ရှိနေခြင်းကြောင့် အကယ်၍ သူတို့က နတ်ဘုရားနယ်မြေကို ကျူးကျော်ရန် ရွေးချယ်ခဲ့၍ နတ်ဘုရားနယ်မြေကို အနိုင်ရခဲ့လျှင်ပင် သူတို့ စန်းလန် သူတော်စင်ဂိုဏ်းသည်လည်း ကြီးမားသော ပေးဆပ်မှုများကို မဖြစ်မနေ ပြုလုပ်ရလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် မလွဲသာသော အခြေအနေကို မရောက်သရွေ့ စန်းယွင်ဟိုင်သည် နတ်ဘုရားနယ်မြေနှင့် တိုက်ခိုက်ရန် အလိုမရှိခဲ့ပေ။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။

“ငါတို့ နတ်ဘုရားနယ်မြေမှာ မင်းတို့ ရှာနေတဲ့ ထာဝရရှင်သန်ခြင်းနန်းတော် မရှိဘူး.. အခုချက်ချင်းပဲ လာရာလမ်းအတိုင်း ပြန်လိုက်ကြပါ”

“နတ်ဘုရားနယ်မြေကို ငါတို့ ဝင်ကြည့်လိုက်ရင် တကယ်ရှိ မရှိ သိရမှာပဲ.. ကောင်လေး ငါ မင်းကို စကားကောင်းကောင်းမွန်မွန် ပြောနေတာက မင်းကို မျက်နှာသာပေးနေတာပဲ.. မင်း ငါ့စကားကို နားထောင်လိုက်တာ အကောင်းဆုံးပဲ”

စန်းယွင်ဟိုင်က အေးစက်စက် မျက်ဝန်းများဖြင့် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

ကျန်းချန်က နှာခေါင်းရှုံ့ကာ တုံ့ပြန် ပြောဆိုလိုက်သည်။

“ငါက မင်းရဲ့စကားကို နားမထောင်ဘူး ဆိုရင်ရော မင်းက ဘာလုပ်နိုင်မှာမို့လဲ”

“မင်းက တကယ်ကို ခေါင်းမာတဲ့ကောင်ပဲ.. ငါက မင်းကို နည်းနည်းလေး မျက်နှာသာ ပေးလိုက်တာနဲ့ မင်းကို ကြောက်နေတယ်လို့များ ထင်နေတာလား”

စန်းယွင်ဟိုင်က ဒေါသအိုး ပေါက်ကွဲလာခဲ့ပြီး ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေးလိုက်သည်။

“အားလုံးပဲ ငါ့အမိန့်ကို နာခံကြ.. နတ်ဘုရားနယ်မြေကို အမြစ်ပြတ်ချေမှုန်းပစ်”

စန်းယွင်ဟိုင်၏ အမိန့်ပေးသံ အဆုံးမှာပင် ကြယ်တာရာစစ်သင်္ဘောသည် ကြယ်တာရာ ကောင်းကင်ယံကို တိုက်ရိုက်ပင် ထိုးဖောက်လာခဲ့ပြီး ကြယ်မြို့တော် ဆီသို့ ဦးတည်သွားခဲ့သည်။

ကြယ်တာရာ စစ်သင်္ဘောပေါ်ရှိ အုပ်စိုးသူအဆင့် ကျင့်ကြံသူ ဆယ်ဦးကျော်၏ အရှိန်အဝါသည် ဤအချိန်တွင် ပေါက်ကွဲထွက်လာခဲ့သည်။

“ကောင်လေး မင်းက အရမ်းအစွမ်းထက်တယ် ဆိုတာ ငါ သိပါတယ်.. ဒါပေမဲ့ နတ်ဘုရားနယ်မြေမှာ မင်းက လွဲရင် ငါတို့ကို ရင်ဆိုင်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး.. ငါ မင်းကို တစ်ခဏလောက် ထိန်းထားနိုင်ရုံနဲ့ မင်းတို့ နတ်ဘုရားနယ်မြေက ကျရှုံးသွားမှာ သေချာသလောက်ပဲ”

စန်းယွင်ဟိုင်က ကျန်းချန်ကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။

သူ၏ မျက်နှာထက်တွင် အနိုင်ရရှိမည်ဟု ယုံကြည်ချက်ရှိသော အပြုံးမျိုး ဖြစ်ပေါ်လာခဲ့၏။

“အဲဒါက မင်းငါ့ကို တကယ်ပဲ ထိန်းထားနိုင်မလား ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်”

ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် ဓားကွက် တစ်ကွက်ကို ထုတ်ဖော်၍ စန်းယွင်ဟိုင်ကို တိုက်ခိုက်လိုက်သည်။

ထိုဓားချက်သည် ကြယ်တာရာ ကောင်းကင်ယံရှိ လေထုကို တုန်ခါသွားစေခဲ့ပြီး ကောင်းကင်နှင့်မြေကြီး ကြားတွင် အက်ကွဲကြောင်း များစွာကို ရုတ်တရက် ဖြစ်ပေါ်လာစေခဲ့ကာ အဆုံးသတ်တွင် ပေတစ်ထောင်ခန့် ရှည်လျားသော လေဟာနယ် အက်ကွဲကြောင်းကြီး တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ပြီး စန်းယွင်ဟိုင် ဆီသို့ ဦးတည်သွားခဲ့သည်။

စန်းယွင်ဟိုင်က ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်ကနေ ရေခဲဝိညာဥ် နတ်စွမ်းအားများကို ထုတ်ဖော်လိုက်သည်။

‌ရေခဲဝိညာဥ်နတ်စွမ်းအားများသည် တစ်ခဏအတွင်းမှာပင် ရေခဲနဂါးတစ်ကောင် အဖြစ်ကို ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ ဓားချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

ကြောက်မက်ဖွယ်စွမ်းအား နှစ်ခုသည် ကြယ်တာရာ ကောင်းကင်ယံတွင် ကျယ်လောင်သော အသံနှင့်အတူ ပေါက်ကွဲသွားခဲ့ပြီး အဖျက်စွမ်းအင် ကြယ်မုန်တိုင်းသည် အရပ်မျက်နှာ အနှံ့သို့ ပျံ့လွင့်သွားခဲ့သည်။

စန်းယွင်ဟိုင်က သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို မထိန်းချုပ်နိုင်တော့ဘဲ မိုင်အနည်းငယ်မျှ နောက်သို့ လွင့်စင်သွားခဲ့ပြီးမှ သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

“ဒီကောင်လေးကလည်း အုပ်စိုးသူ အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်နေပါလား”

သူ၏ ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ်ဖြစ်နေသော စွမ်းအားများကို ထိန်းချုပ်လိုက်ပြီးနောက်တွင် စန်းယွင်ဟိုင်၏ မျက်ဝန်းထဲတွင် အံ့ဩထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

သူတို့နှစ်ဦးလုံးက အုပ်စိုးသူ အထွတ်အထိပ်အဆင့် ကျင့်ကြံသူများ ဖြစ်သော်လည်း သူ့ရှေ့တွင် ရှိနေသော အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ရှားပါး ပါရမီရှင် ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်တွင် သူ့ထက်ပင် ပို၍ သာနေခဲ့သည်။

ယခုလေးတင် တိုက်ခိုက်မှုအတွင်း သူ့အနေဖြင့် ထိုလူငယ်ကို လုံးဝ အသာစီးမရခဲ့ပေ။

“အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း”

ကျန်းချန်က စန်းယွင်ဟိုင်ကို အသက်ရှူရန် အခွင့်အရေး အနည်းငယ်မျှပင် မပေးဘဲ အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို အသုံးပြု၍ တိုက်ခိုက်လိုက်သည်။

စန်းယွင်ဟိုင်သည် အုပ်စိုးသူ အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းရည်တွင်မူ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရှိ ဟွမ်ယွမ်ဓားဂိုဏ်း၏ အကြီးအကဲချုပ် ယွမ်ထျန်းဟွာထက်ပင် အနည်းငယ် နိမ့်ကျနေခဲ့သည်။

ကျန်းချန်၏ လက်ရှိစွမ်းအားဖြင့် ဆိုလျှင် စန်းယွင်ဟိုင်ကို အနိုင်တိုက်ရန်မှာ အလွန်တရာ လွယ်ကူသော ကိစ္စ ဖြစ်၏။

သူက အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို တစ်ကွက်ပြီးတစ်ကွက် ဆက်တိုက် အသုံးပြုလိုက်ရာ စန်းယွင်ဟိုင်အနေဖြင့် ပြန်လည် တိုက်ခိုက်ရန်ပင် မတတ်နိုင်တော့ပေ။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ကြောက်မက်ဖွယ်ရာကောင်းသော အင်မော်တယ်ဓားသိုင်း၏ စွမ်းအားသည် ကြယ်တာရာ ကောင်းကင်ယံတွင် ပေါက်ကွဲမှုများပင် ဖြစ်ပေါ်စေခဲ့သည်။

အဆုံးသတ်တွင် စန်းယွင်ဟိုင်သည် ဓားချက်တစ်ချက် ထိမှန်သွားခဲ့ပြီး ကြယ်တာရာကောင်းကင်ယံ၏ အနက်ရှိုင်းဆုံးနေရာ ဆီသို့ လွင့်စင်သွားခဲ့သည်။

ကျန်းချန်က သူ၏ ဓားချက်ကြောင့် လွင့်စင်သွားသော စန်းယွင်ဟိုင်ကို ဂရုစိုက်မနေဘဲ ပေပေါင်းသောင်းချီ ဝေးကွာသော နေရာလွတ်ကို တိုက်ရိုက် ဖြတ်ကျော်၍ စန်းလန် စကြဝဠာမှ အုပ်စိုးသူအဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော် ရှေ့ကို ရောက်ရှိလာခဲ့သည်။

“လူသားအဖြစ်ပြောင်းလဲစေသောဓားချက်”

ကျန်းချန်က လူသားအဖြစ် ပြောင်းလဲစေသော ဓားကွက်ကို ထုတ်ဖော်လိုက်သည်နှင့် ဆန်းကြယ်သော ဓားအလင်းသည် ရှေ့ဆုံးတွင် ရှိနေသည့် အုပ်စိုးသူအဆင့် ကျင့်ကြံသူ နှစ်ဦး၏ ခန္ဓာကိုယ် အတွင်းသို့ ထိုးဖောက်သွားခဲ့သည်။

ထိုနှစ်ဦး မည်သို့မျှ မတုံ့ပြန်နိုင်သေးမီမှာပင် ထိုနှစ်ဦး၏ ကျင့်ကြံခြင်း အဆင့်သည် ပြိုလဲသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း ကျင့်ကြံခြင်းအဆင့် လုံးဝ မရှိသော သာမန်လူ နှစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ကာ ကြယ်တာရာ ကောင်းကင်ယံအောက်ရှိ အဆုံးမဲ့ အောက်ခြေ ဆီသို့ ပြုတ်ကျသွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် စန်းလန်စကြဝဠာမှ ကျန်ရှိသော အုပ်စိုးသူအဆင့် ကျင့်ကြံသူများ၏ မျက်နှာ အမူအရာများသည် ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

သူတို့က စိတ်ထဲတွင် ရှင်းပြ၍ မရနိုင်လောက်အောင် အေးစက်မှုကို ခံစားလိုက်ရပြီး ပေပေါင်းထောင်ချီ အကွာအဝေးသို့ အလျင်အမြန်ပင် ဆုတ်ခွာသွားခဲ့ကာ ကျန်းချန်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်လိုက်ကြသည်။

အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသည့် သူတို့ စန်းလန်သူတော်စင်ဂိုဏ်း၏ ဂိုဏ်းချုပ် စန်းယွင်ဟိုင် ပင်လျှင် ထိုကောင်လေးကို မထိန်းထားနိုင်ခဲ့ပေ။

“ဝုန်း..”

ကျန်းချန်က အုပ်စိုးသူအဆင့် ကျင့်ကြံသူနှစ်ဦးကို ဓားချက်တစ်ချက်တည်းဖြင့် ရှင်းပစ်လိုက်ပြီးနောက်တွင် ကြယ်တာရာကောင်းကင်ယံ၏ အနက်ရှိုင်းဆုံးနေရာကနေ ကျယ်‌လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင်မူ စန်းယွင်ဟိုင်သည် ကြယ်တာရာကောင်းကင်ယံ၏ အနက်ရှိုင်းဆုံး နေရာကနေ ပျံသန်း၍ ရောက်လာခဲ့၏။

သူ၏ ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့သည်။

သူ၏ အဝတ်အစားများက စုတ်ပြတ်သတ်နေသည့် အပြင် ဒဏ်ရာမှ သွေးများဖြင့် ပေပွနေခဲ့သည်။

“ကောင်လေး မင်းက ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်.. ငါ မင်းရဲ့ ခန္ဓာကိုယ်ကို အစိတ်စိတ်အမြွှာမြွှာ လုပ်ပစ်မယ်”

စန်းယွင်ဟိုင်၏ စကားသံတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပြည့်နှက်နေခဲ့သည်။

ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ရေခဲနတ်စွမ်းအားများသည် အရူးအမူး ထွက်ပေါ်လာခဲ့သည်။

“စန်းလန်နတ်သိုင်း.. မိုင်ပေါင်းထောင်ချီ အေးခဲစမ်း”

စန်းယွင်ဟိုင်က အေးစက်စက် ကြုံးဝါးလိုက်သည်။

သူ ထုတ်ဖော်ထားသော ရေခဲနတ်စွမ်းအားများသည် ထူထဲသော အနက်ရောင်ရေခဲလွှာကြီး အဖြစ်သို့ ချက်ချင်းပင် ပြောင်းလဲသွားခဲ့ကာ ကြယ်တာရာကောင်းကင်ယံ၏ အပူချိန်ကိုလည်း အဆပေါင်းများစွာ ကျဆင်းသွားစေခဲ့သည်။

ဧရာမ အနက်ရောင် ရေခဲလွှာကြီးသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အေးခဲသွားစေရန် ကြိုးစားနေသကဲ့သို့ ကြယ်တာရာကောင်းကင်ယံတွင် ဆက်တိုက်ဆိုသလို ပျံ့နှံ့လာခဲ့၏။

“ပျက်စီးခြင်းဓား.. ချေမှုန်းစမ်း”

ကျန်းချန်က နတ်ခန္ဓာပုံရိပ်အသစ် ဖြစ်သည့် ပျက်စီးခြင်းဓားကို ထုတ်ဖော်ကာ အနက်ရောင်ရေခဲလွှာကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်စေသည့် ကျယ်လောင်သော အသံကြီးသည် ကြယ်တာရာကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့သည်။

ထိပ်တိုက် တွေ့ဆုံသော နေရာကို ဗဟိုပြု၍ ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင် ကြယ်မုန်တိုင်းသည် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့ရာ အနက်ရောင် ရေခဲလွှာကြီးတွင် ပေထောင်ချီ ရှည်လျားသော အနက်ရောင်အက်ကွဲကြောင်းများသည် ပင့်ကူအိမ်သဖွယ် ဆက်တိုက်ဆိုသလို ပျံ့နှံ့သွားခဲ့သည်။

ထို့နောက်တွင်မူ စန်းယွင်ဟိုင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် ထပ်မံ၍ လွင့်စင်သွားခဲ့ပြန်သည်။

အခန်း(၂၆၂၅)ပြီး၏။

အခန်း(၂၆၂၆)

“ဂိုဏ်းချုပ်”

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် စန်းလန် သူတော်စင်ဂိုဏ်းမှ အုပ်စိုးသူအဆင့် ကျင့်ကြံသူများသည် တစ်ခဏအတွင်း မျက်နှာများ ဖြူဖျော့သွားကြသည်။

သူတို့ရှေ့ရှိ နတ်ဘုရားနယ်မြေမှ အနက်ရောင်ဝတ်စုံဝတ်လူငယ်သည် အမှန်တကယ်ပင် သန်မာလွန်းနေခဲ့၏။

အုပ်စိုးသူအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသည့် သူတို့ စန်းလန်သူတော်စင်ဂိုဏ်း၏ ဂိုဏ်းချုပ်စန်းယွင်ဟိုင် ပင်လျှင် ထိုကောင်လေး၏ ရှေ့တွင် မည်သည့် ခုခံမှုကိုမျှ မပြုလုပ်နိုင်ခဲ့ပေ။

“ဝုန်း..”

ကျန်းချန်၏ ဓားချက်ကြောင့် လွင့်စင်သွားသော စန်းယွင်ဟိုင်သည် ကြယ်တာရာ ကောင်းကင်ယံ၏ နက်ရှိုင်းသောနေရာကနေ နောက်တစ်ကြိမ် ပျံသန်း၍ ထွက်လာခဲ့သည်။

သူက ခန္ဓာကိုယ်မှ ဒဏ်ရာများကို လျစ်လျူရှုကာ ကျန်းချန်ကို စူးစိုက်၍ ကြည့်လိုက်သည်။

သူ၏ လူသတ်ငွေ့လွှမ်းသော စကားသံသည် ကြယ်တာရာကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့၏။

“သိပ်ကောင်းတယ် ကောင်လေး.. မင်းက ငါ့ကို ဒေါသထွက်အောင်လုပ်နိုင်ခဲ့ပြီ.. မင်းက ဘယ်လောက်ပဲ ထူးချွန်တဲ့ပါရမီရှင် ဖြစ်နေပါစေ.. ငါ ဒီနေ့ မင်းကို သေချာပေါက် သတ်ပစ်မယ်”

စကားဆုံးသည်နှင့် စန်းယွင်ဟိုင်သည် သူ့ရင်ဘတ်နားတွင် လက်နှစ်ဖက်ကို ကပ်ကာ ဆန်းကြယ်သော လက်ဟန်များကို အလျင်အမြန် ပြုလုပ်လိုက်သည်။

ထိုသို့ ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် စန်းယွင်ဟိုင် ခန္ဓာကိုယ်အတွင်းရှိ အုပ်စိုးသူနတ်စွမ်းအားများသည် လုံးဝခမ်းခြောက်သလို ဖြစ်သွားခဲ့ပြီး အနည်းငယ် ဖြူဖျော့နေသော သူ၏ မျက်နှာသည်လည်း လူသေတစ်ယောက်နှယ် ဖြူဆွတ်သွားခဲ့သည်။

စန်းယွင်ဟိုင်၏ အနောက်တွင် ရပ်နေကြသော စန်းလန်သူတော်စင်ဂိုဏ်းမှ အုပ်စိုးသူအဆင့် ကျင့်ကြံသူများ၏ မျက်နှာအမူအရာများသည် ဤအခိုက်အတန့်တွင် လေးနက်သွားခဲ့ကြသည်။

စန်းယွင်ဟိုင် မည်သည့် မှော်စွမ်းအားကို ထုတ်ဖော်နေမှန်း သူတို့ သဘာဝကျစွာပင် သိရှိထားကြ၏။

ယင်းမှာ စန်းလန်သူတော်စင်ဂိုဏ်း၏ အင်မော်တယ်အဆင့်ဘိုးဘေးများနှင့် ဆက်သွယ်နိုင်သော အင်မော်တယ်ဆက်သွယ်ခြင်း ပညာရပ်ပင် ဖြစ်သည်။

ဆိုရလျှင် သူတို့ရှေ့မှ ဆန်းကြယ်သော ပါရမီရှင်ဖြစ်သည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ရင်ဆိုင်ရန်အတွက် သူတို့ဂိုဏ်းချုပ်သည် စန်းလန်သူတော်စင်ဂိုဏ်း၏ အင်မော်တယ်ဆက်သွယ်ခြင်း ပညာရပ်ကို အသုံးပြုကာ ဘိုးဘေးကို ပင့်ဖိတ်လိုက်ခြင်းပင်။

“ဝုန်း..”

“ဝုန်း..”

စန်းယွင်ဟိုင်က ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို အကုန်အစင် ထုတ်သုံးကာ အင်မော်တယ်ဆက်သွယ်ခြင်းပညာရပ်ကို ထုတ်ဖော်လိုက်သည်နှင့် ကြယ်တာရာကောင်းကင်ယံ၏ မိုင်ပေါင်းတစ်သိန်း ဧရိယာသည် အတောမသတ် တုန်ခါသွားခဲ့သည်။

ထိုခဏဝယ် စန်းယွင်ဟိုင်၏ အထက်ရှိ လေဟာနယ်တွင် ဆန်းကြယ်သော သင်္ကေတများ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခဲ့သည်။

ထိုသင်္ကေတများသည် တဖြည်းဖြည်းနှင့် စုစည်းသွားကြပြီး အင်မော်တယ်လောကကို ဦးတည်နေသည့် အင်မော်တယ်ဂိတ်တံခါးကို ဖွင့်လှစ်လိုက်၏။

ထို့နောက်တွင်မူ အင်မော်တယ် ဂိတ်တံခါးထဲကနေ အမျိုးသားတစ်ဦးက တိုက်ရိုက်ပင် လှမ်းထွက်လာခဲ့သည်။

ထိုအမျိုးသားသည် အလွန်တရာ ချောမောသော မျက်နှာအသွင်အပြင် ရှိပြီး လောကကြီးကို အထက်စီးကနေ ငုံ့ကြည့်လိုက်သည်။

သူ ဝတ်ဆင်ထားသော အဖြူရောင် ငှက်မွေးဝတ်ရုံသည် ဖုန်မှုန့်တစ်စမျှ မကပ်ငြိနေသကဲ့သို့ သန့်ရှင်း တောက်ပြောင်နေခဲ့၏။

ထိုအမျိုးသား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အင်မော်တယ် အရှိန်အဝါဖိအားသည် ကြယ်တာရာကောင်းကင်ယံကို တစ်ခဏအတွင်း ပျံ့နှံ့သွားခဲ့ရာ လူတိုင်းသည် ဒူးထောက်ကိုးကွယ်လိုစိတ်များပင် ဖြစ်ပေါ်လာခဲ့ကြသည်။

“ဘိုးဘေး ကြွရောက်လာတဲ့အတွက် ကြိုဆိုပါတယ်”

စန်းယွင်ဟိုင် အပါအဝင် စန်းလန်သူတော်စင် ဂိုဏ်းသားအားလုံးသည် အဖြူရောင်ဝတ်စုံဝတ် အမျိုးသားကို ကြည်ညိုလေးစားသော အမူအရာဖြင့် ဦးညွှတ်ကာ ဂါဝရပြုလိုက်ကြသည်။

“ဒါက ဒဏ္ဍာရီလာ အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်လား”

ကျန်းချန်က လောကကြီးကို အထက်စီးကနေ လှမ်းကြည့်နေသည့် အဖြူရောင်ဝတ်စုံဝတ် အမျိုးသားကို မော့ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်သည် အင်မော်တယ်များနှင့် ဆက်သွယ်နိုင်သော လျှို့ဝှက်နည်းစနစ် ဖြစ်ပြီး အင်မော်တယ်များကို ကြွရောက်လာရန် ပင့်ဖိတ်နိုင်၏။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အပြာရောင်ဧကရာဇ်ဓားကွက်ကို သူအသုံးပြုစဉ်က အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာမှ လူများသည် သူ့ကို အင်မော်တယ်ဆက်သွယ်ခြင်း ပညာရပ် တတ်မြောက်ထားသည်ဟု ထင်မှတ်ခဲ့ကြသည်။

ယခုတစ်ကြိမ် စန်းလန် သူတော်စင်ဂိုဏ်းမှ ဂိုဏ်းချုပ်နှင့် ရင်ဆိုင်ရာတွင် တကယ့် အင်မော်တယ် ဆက်သွယ်ခြင်းပညာရပ်ကို တွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

စန်းလန် သူတော်စင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အင်မော်တယ်ဆက်သွယ်ခြင်း ပညာရပ်ကို အသုံးပြု၍ စန်းလန်သူတော်စင်ဂိုဏ်း၏ ဘိုးဘေးကို ပင့်ဖိတ်လိုက်ခြင်း ဖြစ်သည်။

ဤသည်မှာ စန်းလန်သူတော်စင်ဂိုဏ်းမှ ဘိုးဘေး၏ ကိုယ်ပွားတစ်ခုသာ ဖြစ်သော်လည်း ယင်းသည် စစ်မှန်သောအင်မော်တယ် ကိုယ်ပွားတစ်ခု ဖြစ်သည်။

“စန်းလန်ဂိုဏ်းချုပ်က ဒီလောက် အစွမ်းထက်တဲ့ ကျင့်ကြံသူကို ဘယ်လိုလုပ်ပြီး ဆင့်ခေါ်လိုက်တာလဲ”

နတ်ဘုရားနယ်မြေမှ အစွမ်းထက် ပုဂ္ဂိုလ်များသည် လောကကို အထက်စီးကနေ ငုံ့ကြည့်နေသည့် အဖြူရောင်ဝတ်စုံဝတ် အမျိုးသားကို ကြည့်ကာ ထိတ်လန့် တုန်လှုပ်နေခဲ့ကြသည်။

“ဒါက အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ပဲ.. အရင်က ငါ ဒီပညာရပ်ရဲ့ အကြောင်း နည်းနည်းပါးပါး ကြားဖူးခဲ့တယ်”

ဝူရှင်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“စန်းလန်သူတော်စင်ဂိုဏ်းမှာ အင်မော်တယ်အဆင့်ကို ထိုးဖောက်ပြီး အင်မော်တယ်လောကဆီ တက်လှမ်းသွားတဲ့လူ ရှိရမယ်.. အခု စန်းလန်သူတော်စင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က အင်မော်တယ်ဆက်သွယ်ခြင်း ပညာရပ်ကို အသုံးပြုပြီး သူတို့ စန်းလန်သူတော်စင်ဂိုဏ်းရဲ့ ဘိုးဘေးကို အင်မော်တယ်လောကကနေ ပင့်ဖိတ်လိုက်တာပဲ”

ထိုစကားကို ကြားလျှင် လူတိုင်း၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူတို့က အင်မော်တယ်ဆက်သွယ်ခြင်း ပညာရပ်ကို နားမလည်ကြသော်လည်း အုပ်စိုးသူအဆင့်အထက်ရှိ အင်မော်တယ်အဆင့် အကြောင်းကိုမူ အနည်းငယ် သိရှိထားကြသည်။

စန်းလန်သူတော်စင်ဂိုဏ်းချုပ် ပင့်ဖိတ်လိုက်သော အဖြူရောင်ဝတ်စုံဝတ် လူငယ်သည် အမှန်တကယ်ပင် ဒဏ္ဍာရီလာ အင်မော်တယ်အဆင့် ကျင့်ကြံသူ ဖြစ်နေခဲ့သည်။

ဤအခိုက်အတန့်တွင် လူတိုင်း၏ မျက်နှာထက်၌ အလွန်အမင်း စိုးရိမ်ပူပန်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က ပြိုင်ဘက်ကင်းပြီး အုပ်စိုးသူအဆင့်ကို ရောက်ရှိနေသည့် စန်းလန်သူတော်စင်ဂိုဏ်းချုပ်ကိုပင် ဖိနှိပ်နိုင်သော်လည်း အဖြူရောင်ဝတ်စုံဝတ် အမျိုးသား၏ ပြိုင်ဘက် ဖြစ်နိုင်ပါ့မလားဟု စိုးရိမ်နေခဲ့ကြသည်။

“ငါတို့ စန်းလန် သူတော်စင်ဂိုဏ်းကို မလေးမခန့် လုပ်ဝံ့တာ ဘယ်က ပုရွက်ဆိတ်လဲ”

လေဟာနယ်အထက်ရှိ အဖြူ‌ရောင်ဝတ်စုံဝတ် လူငယ်၏ စကားသံသည် ကြယ်တာရာကောင်းကင်ယံ တစ်ခုလုံးကိုပင် တုန်ခါသွားစေခဲ့သည်။

အဖြူရောင်ဝတ်စုံဝတ် အမျိုးသားက အထက်စီးကနေ၍ ငုံ့ကြည့်လိုက်ရာ သူ၏ အေးစက်စက် အကြည့်သည် ကျန်းချန်၏ ခန္ဓာကိုယ် ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။

“ဒီလောက် ငယ်ရွယ်တဲ့ အသက်အရွယ်နဲ့ အုပ်စိုးသူအထွတ်အထိပ် အဆင့်ကို ရောက်နေတာဆိုတော့ မင်းက တကယ်ကို ရှားပါးတဲ့ပါရမီရှင်ပဲ..စန်းလန် သူတော်စင်ဂိုဏ်းက ငါ့ကို ဘာကြောင့် ပင့်ဖိတ်ရသလဲဆိုတာ အံ့ဩစရာ မဟုတ်တော့ဘူး”

ထိုစကားကိုကြားလျှင် ကျန်းချန်သည် တိုက်ပွဲဝင်လိုစိတ်များ ပေါက်ကွဲထွက်လာခဲ့သည်။

“အပိုစကားတွေ ပြောမနေနဲ့.. တိုက်ကြစို့”

“ကောင်လေး.. မင်းက ပြိုင်ဘက်ကင်းပါရမီရှင် တစ်ယောက် ဖြစ်ပေမဲ့ ငါ့ကို စိန်ခေါ်ဖို့တော့ အရည်အချင်း မပြည့်မီသေးဘူး”

အဖြူရောင်ဝတ်စုံဝတ် လူငယ်က ခေါင်းခါရမ်းလိုက်ပြီး ကျန်းချန်ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

“မင်းရဲ့ ပါရမီနဲ့ဆိုရင် သတ်ပစ်လိုက်ဖို့က နှမြောစရာပဲ.. အခုချက်ချင်း အညံ့ခံပြီး စန်းလန်သူတော်စင်ဂိုဏ်းထဲကို ဝင်လိုက်ပါ.. ဒါဆိုရင် ငါ မင်းအသက်ကို ချမ်းသာပေးမယ်”

“ဟမ့်.. ငါ့ကို သတ်ချင်တယ်ဆိုရင် မင်းရဲ့အရည်အချင်းကို အရင်ပြကြည့်ပါဦး”

ကျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“မင်းကိုယ်တိုင် ရောက်လာမယ်ဆိုရင်တော့ ငါရင်ဆိုင်နိုင်မှာမဟုတ်ဘူး.. ဒါပေမဲ့ အခုရောက်လာတာက မင်းရဲ့ကိုယ်ပွားပဲ.. ကိုယ်ပွားလောက်ကို ငါက ဘာလို့ ကြောက်နေရမှာလဲ”

“ပုရွက်ဆိတ်လေး တစ်ကောင်ကများ ဒီအင်မော်တယ်ရှေ့မှာ ရမ်းကားရဲတယ်.. ဒါက ကိုယ်ပွား ဖြစ်နေရင်တောင် မင်းကို အသာလေး သတ်ဖြတ်နိုင်တယ်ကွ”

အဖြူရောင်ဝတ်စုံဝတ် အမျိုးသား၏ မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

နောက်ထပ် တစ်စက္ကန့်တွင် အဖြူရောင်ဝတ်စုံဝတ် အမျိုးသားက ခြေလှမ်းလိုက်ရာ သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် ပတ်ဝန်းကျင်ရှိ ကြယ်တာရာ ကောင်းကင်ယံသည် ရုတ်တရက် ကြေမွသွားခဲ့ပြီး ပျက်စီးခြင်းကမ္ဘာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုပျက်စီးခြင်းကမ္ဘာသည် အဖြူရောင်ဝတ်စုံဝတ် အမျိုးသား၏ ခြေရင်းကနေ စတင်ကာ ကျန်းချန်၏ ဦးခေါင်းအထက် အထိ ပျံ့နှံ့သွားခဲ့ပြီး အောက်ဘက်ရှိ ကျန်းချန်ကို တစ်ထိုင်တည်း ဝါးမျိုတော့မည့်အလား ဖြစ်နေခဲ့သည်။

“အပြာရောင်ဧကရာဇ်ဓားကွက်”

ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ အပြာရောင်ဧကရာဇ်ဓားကွက်ကို ထုတ်ဖော်လိုက်ရာ လူသားဧကရာဇ်ဓားမှ ဆန်းကြယ်သော ဓားအလင်းသည် လေဟာနယ်ကို ထိုးတက်သွားခဲ့ပြီး အလင်းတံခါး တစ်ခုကို ဖွင့်လှစ်လိုက်သည်။

ယင်းနောက်တွင် လေဟာနယ်ရှိ အလင်းတံခါးထဲကနေ အပြာရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ဓားကွက်တစ်ကွက်ကို ထုတ်ဖော်၍ ပျက်စီးခြင်းကမ္ဘာကို ခုတ်ပိုင်းလိုက်သည်။

ထိုဓားချက်သည် ကျန်းချန်ကို ဖိနှိပ်ရန် သက်ရောက်လာသည့် ပျက်စီးခြင်းကမ္ဘာကို အလယ်တည့်တည့်ကနေ နှစ်ပိုင်းဖြတ်ပစ်လိုက်သည်။

ယင်းနောက်တွင် ချက်ချင်းဆိုသလို ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့ပြီး ပျက်စီးခြင်းကမ္ဘာသည် ကြယ်တာရာကောင်းကင်ယံတွင် ပြိုလဲသွားခဲ့ကာ အပိုင်းအစပေါင်း များစွာဖြင့် လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန်က ဓားချက် တစ်ချက်တည်းဖြင့် ပျက်စီးခြင်းကမ္ဘာကို ချေမှုန်းလိုက်သည်အား မြင်လျှင် အဖြူရောင်ဝတ်စုံဝတ် အမျိုးသား၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“မင်းက သဘာဝလွန် အင်မော်တယ် ဓားစွမ်းအားကို တတ်မြောက်ထားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ငါ့ရှေ့မှာ ဘာလို့ အကြောက်အလန့်မရှိလဲ ဆိုတာ အံ့ဩစရာမဟုတ်တော့ဘူး.. ဒါပေမဲ့ ဒီလောက် စွမ်းအားနဲ့တော့ ငါ့ကို ယှဥ်ဖို့ မဖြစ်နိုင်သေးဘူး”

အဖြူရောင်ဝတ်စုံဝတ် အမျိုးသား၏ အထက်စီးဆန်သောစကားသံက ကြယ်တာရာကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့သည်။

ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ကျန်းချန်ရှိနေသည့် ကြယ်တာရာကောင်းကင်ယံကို ချက်ချင်းပင် အေးခဲသွားစေခဲ့သည်။

ကျန်းချန် ချက်ချင်းပင် နတ်ခန္ဓာပုံရိပ်အသစ် ဖြစ်သည့် ပျက်စီးခြင်းဓားကို ထုတ်ဖော်ကာ အေးခဲနေသော ကြယ်တာရာကောင်းကင်ယံကို တိုက်ရိုက်ပင် ချေဖျက်ပစ်လိုက်သည်။

ထို့နောက်တွင် သူက လေဟာနယ်ထက်ရှိ အဖြူရောင်ဝတ်စုံဝတ် အမျိုးသားကို တစ်ချက် ကြည့်လိုက်ကာ လေထဲသို့ တိုက်ရိုက်ပင် ပျံတက်သွားခဲ့ပြီး သူ၏ ကျောဘက်ရှိ ပျက်စီးခြင်းဓားကို ထိန်းချုပ်ကာ အဖြူရောင်ဝတ်စုံဝတ် အမျိုးသားဆီသို့ ဓားချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

အခန်း(၂၆၂၆)ပြီး၏။

All Chapters