အခန်း (၂၆၂၇-၂၆၂၈)
Vol. 203 Ch. 2627-2628
အခန်း(၂၆၂၇)
အဖြူရောင်ဝတ်စုံဝတ် အမျိုးသား၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။
သူက လက်ညှိုးတစ်ချောင်းကို အသာအယာ ဆန့်ထုတ်လိုက်သည်။
“ဝုန်း..”
ကောင်းကင်ထောက်တိုင် အလား ထင်မှတ်ရသော ဧရာမလက်ညှိုးကြီးသည် ပျက်စီးခြင်းဓားနှင့် ချက်ချင်းဆိုသလို ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။
ဟင်းလင်းပြင်က အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားခဲ့ပြီး ကြယ်တာရာ ကောင်းကင်ယံတွင် ပြိုလဲသွားခဲ့သည်။
ကြောက်မက်ဖွယ် အဖျက်စွမ်းအင်လှိုင်းလုံးသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။
စန်းယွင်ဟိုင်နှင့် စန်းလန်သူတော်စင်ဂိုဏ်းမှ အစွမ်းထက်ပုဂ္ဂိုလ်များသည် ကြယ်တာရာ စစ်သင်္ဘောနှင့် အတူ မိုင်ပေါင်းထောင်ချီ အထိ ဆက်တိုက်ဆိုသလို ဆုတ်ခွာခဲ့ကြရသည်။
ဝူရှင်းတို့ လူစုသည်လည်း အဖျက်စွမ်းအင်လှိုင်းလုံး၏ ရိုက်ခတ်မှု တစ်စိတ်တစ်ပိုင်းကို ဖြေရှင်းရန် အစွမ်းကုန်ကြိုးစားခဲ့သည်။
သို့မဟုတ်လျှင် ကြယ်မြို့တော်သည် အဖျက်စွမ်းအင်လှိုင်း၏ ဒဏ်ကို ခံစားရလိမ့်မည် မဟုတ်ပါလား။
“အုပ်စိုးသူ အထွတ်အထိပ်အဆင့်လောက်နဲ့ ငါ့ရဲ့တိုက်ကွက်နှစ်ကွက်ကို ယှဥ်နိုင်တယ် ဆိုတော့ ဘယ်ဆိုးလို့လဲ.. မင်းသာ အင်မော်တယ်လောကကို ရောက်ရင် အဆင့်တူအတွင်း ပြိုင်ဘက်ကင်း ဖြစ်လာမှာ အသေအချာပဲ”
ကျန်းချန်ကို ကြည့်ရင်း အဖြူရောင်ဝတ်စုံဝတ် အမျိုးသား၏ မျက်ဝန်းများတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ထိုကောင်လေးတွင် ထူးခြားသော ပါရမီရှီပြီး အကယ်၍ အင်မော်တယ် လောကကိုသာ တက်လှမ်းနိုင်ခဲ့မည်ဆိုလျှင် အနည်းဆုံး အင်မော်တယ်ဘုရင်တစ်ပိုင်း အဆင့်အထိ ဖြစ်လာနိုင်မည့် အလားအလာ ရှိသည်။
ကျန်းချန်က စကားတစ်ခွန်းမျှ မပြောဘဲ အင်မော်တယ် ဖျက်ဆီးခြင်း ဓားသိုင်းကို ထုတ်ဖော်ကာ အဖြူရောင်ဝတ်စုံဝတ် အမျိုးသားကို အစွမ်းကုန် တိုက်ခိုက်လိုက်သည်။
ဤတစ်ခေါက်တွင်မူ ကျန်းချန်သည် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း သုံးကွက်စလုံးကို မျက်စိတစ်မှိတ်အတွင်း ဆက်တိုက်ပင် ထုတ်ဖော်လိုက်သည်။
ကျန်းချန်က စူးရှတောက်ပလွန်းသော ဓားအလင်းတန်း သုံးခုကို ထုတ်ဖော်လိုက်ရာ တစ်လောကလုံးသည် ပရမ်းပတာ ဖြစ်သွားခဲ့ပြီး ဓားအလင်းတန်းသုံးခုသာလျှင် ကျန်ရှိတော့သယောင် ထင်ရ၏။
ဤသည်မှာ အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းမှ ဓားသိုင်းသုံးကွက် စလုံးကို ကျန်းချန်အနေဖြင့် တစ်ပြိုင်နက်တည်း ထုတ်သုံးသည့် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
ထိုစွမ်းအားသည် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း၏ စွမ်းအားကို နှစ်ဆမက သာလွန်သွားစေခဲ့၏။
ကြယ်တာရာ ကောင်းကင်ယံပင်လျှင် ထိုဓားအလင်းတန်း သုံးခုကြောင့် စုတ်ပြဲသွားခဲ့ပြီး ကြီးမားသော အက်ကြောင်းကြီးများ ဖြစ်ပေါ်လာခဲ့သည်။
ထိုအက်ကြောင်းကြီးကနေ ရောင်စုံစွမ်းအင်များ စီးဆင်းလာခဲ့ရာ ကြယ်တာရာ ကောင်းကင်ယံတွင် သွေးမျက်ရည်ကျနေသည့်နှယ် ဖြစ်နေခဲ့သည်။
“မင်းက နောက်ထပ် အင်မော်တယ်ဓားသိုင်းကိုပါ တတ်မြောက်ထားတာကိုး.. စိတ်မကောင်းစရာက မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က အားနည်းလွန်းနေတာပဲ.. အင်မော်တယ်အဆင့်နဲ့ မင်းနဲ့ကြားမှာ ဘယ်လောက်ထိ ကွာခြားသလဲဆိုတာ မင်းဘယ်တော့မှ သိမှာ မဟုတ်ဘူး”
အဖြူရောင်ဝတ်စုံဝတ် အမျိုးသားက တည်ငြိမ်စွာ ပြောလိုက်ပြီး သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
“ဝုန်း..”
ကြယ်တာရာကောင်းကင်ယံရှိ တောက်ပသော ဂလက်ဆီတစ်ခုသည် ကောင်းကင်မြစ် ပြိုလဲကျလာသကဲ့သို့ ကျန်းချန်ထက် အလျင်အမြန်ပင် ကျဆင်းလာခဲ့သည်။
ကျန်းချန်၏ အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းမှ ထွက်ပေါ်လာသော ဓားအလင်း သုံးခုသည် ကျဆင်းလာသည့် ကြောက်မက်ဖွယ်စွမ်းအားကို မတားဆီးနိုင်ခဲ့ဘဲ တိုက်ရိုက်ပင် ဖိနှိပ်ခြင်း ခံလိုက်ရသည်။
ကျန်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားခဲ့ပြီး ပေပေါင်း တစ်ထောင်ခန့် နောက်ပြန် လွင့်စင်သွားခဲ့ကာ သွေးအမြောက်အများ အန်ထုတ်လိုက်ရသဖြင့် သူ၏ ရင်ဘတ်တစ်ခုလုံးကို သွေးချင်းချင်း နီရဲသွားခဲ့သည်။
သူ၏ မျက်နှာက ဖြူဖျော့နေခဲ့ပြီး ဆံပင်များကလည်း ဖရိုဖရဲဖြစ်နေခဲ့ကာ အဝတ်အစားများကလည်း စုတ်ပြတ်နေခဲ့ပြီး အရှိန်အဝါသည်ပင် ချက်ချင်းဆိုသလို အားနည်းသွားခဲ့သည်။
“ကျန်းချန် ရှုံးနိမ့်သွားတာလား”
ဝူရှင်းနှင့် မင်ယွဲ့ရှင်း ဦးဆောင်သော နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများ၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားကြသည်။
ဤအခိုက်အတန့်တွင် သူတို့၏ နှလုံးသားသည် ရေခဲတိုက်ထဲသို့ ရောက်ရှိသွားသလို ခံစားလိုက်ရ၏။
အုပ်စိုးသူအထွတ်အထိပ် အဆင့်ရှိ ကျင့်ကြံသူများကိုပင် အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိသော ကျန်းချန် သည်ပင် အဖြူရောင်ဝတ်စုံဝတ် အမျိုးသားရှေ့တွင် မည်သို့မျှ ခုခံနိုင်စွမ်း မရှိခဲ့ပေ။
သို့ဖြစ်ရာ နတ်ဘုရားနယ်မြေသည် စန်းလန်စကြဝဠာ၏ ကျူးကျော်မှုကို မည်ကဲ့သို့ တားဆီးနိုင်ပါတော့မည်နည်း။
ဆိုရလျှင် ယခုတစ်ကြိမ်တွင် နတ်ဘုရားနယ်မြေသည် အမှန်တကယ်ပင် အန္တရာယ်ရှိနေပြီ ဖြစ်သည်။
ဤမြင်ကွင်းကို ကြည့်ကာ နတ်ဘုရားနယ်မြေမှ အစွမ်းထက်ပုဂ္ဂိုလ် အများအပြား၏ စိတ်နှလုံးထဲတွင် ကူကယ်ရာမဲ့မှုနှင့် ဝမ်းနည်းမှုများသာ ကျန်ရှိတော့သည်။
“အစ်ကိုကျန်းချန်”
အဖြူရောင်ဝတ်စုံဝတ် အမျိုးသားကြောင့် ကျန်းချန် ဒဏ်ရာအပြင်းအထန် ရရှိသွားသည်ကိုမြင်လျှင် ကူဖုန်းအာ၏ မျက်လုံးများက ချက်ချင်းပင် နီရဲလာခဲ့သည်။
မုန့်ချင်းရွှယ်၏ မျက်ဝန်းများကလည်း အေးစက်သွားခဲ့ပြီး ကျန်းချန်ကို ကူညီရန် အတွက် ကြယ်တာရာ ကောင်းကင်ယံထဲသို့ ပြေးဝင်ရန် ပြင်လိုက်သည်။
အကယ်၍ မင်ယွဲ့ရှင်းသာ သူမကို မတားဆီးခဲ့လျှင် သူမသည် အဖြူရောင်ဝတ်စုံဝတ် အမျိုးသားကို တုံ့ဆိုင်းခြင်းမရှိ သွားရောက် တိုက်ခိုက်မိမည်မှာ သေချာသလောက်ပင်။
“ချင်းရွှယ် စိတ်အေးအေးထားပါ.. နတ်ဘုရားနယ်မြေရဲ့ သမိုင်း တစ်လျှောက်မှာ ကျန်းချန်ရဲ့ ပါရမီနဲ့ ခွန်အားက ပြိုင်ဘက်ကင်းပဲ.. သူက ငါတို့ ထင်ထားတာထက် အများကြီးပိုအစွမ်းထက်တယ်.. သူ အလွယ်တကူ ရှုံးနိမ့်မှာ မဟုတ်ဘူး”
မင်ယွဲ့ရှင်းက ကြယ်တာရာကောင်းကင်ယံရှိ ကျန်းချန်ကို လှမ်းကြည့်လိုက်သည်။
သူမ၏ စကားသံတွင် ကျန်းချန်အပေါ် ယုံကြည်သော အရိပ်အယောင်များ ရှိနေခဲ့၏။
မင်ယွဲ့ရှင်း၏ အမြင်တွင် ကျန်းချန်၏ ပါရမီနှင့်ခွန်အားသည် လူသားဧကရာဇ် နန်းတော်ကို ဦးဆောင်၍ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာကို အနိုင်ယူခဲ့သည့် လူသားဧကရာဇ်ထက်ပင် သာလွန်နေခဲ့သည်။
ဤကဲ့သို့ အနှိုင်းမဲ့ ပုဂ္ဂိုလ်တစ်ဦးသည် စစ်မှန်သော အင်မော်တယ်ကိုယ်ပွား တစ်ခုနှင့် ရင်ဆိုင်ရလျှင်ပင် အလွယ်တကူ ကျဆုံးသွားလိမ့်မည် မဟုတ်ပေ။
“ဒါက အင်မော်တယ်တစ်ပါးရဲ့ ခွန်အားလား.. တကယ်ကို ငါထင်ထားတာထက် အများကြီး ပိုအစွမ်းထက်တာပဲ”
ကျန်းချန်က ဆေးလုံးတစ်လုံးကို မျိုချလိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ်ပင် ပြန်လည် ထိန်းချုပ်လိုက်သည်။
သူ၏ အကြည့်က ယခင်ထက် ပို၍ လေးနက်လာခဲ့၏။
သူ၏ ကျင့်ကြံခြင်းအဆင့်က အုပ်စိုးသူ အထွတ်အထိပ်အဆင့်၏ အကန့်အသတ်သို့ ရောက်ရှိနေပြီး အခြေခံအုတ်မြစ်သည်လည်း သာမန်လူများထက် များစွာ သာလွန်နေသဖြင့် သာမန် အုပ်စိုးသူအထွတ်အထိပ်အဆင့် ကျင့်ကြံသူများကိုပင် အလွယ်တကူ ဖိနှိပ်နိုင်ခဲ့သည်။
သူ၏ ခွန်အားဖြင့်ဆိုလျှင် စစ်မှန်သော အင်မော်တယ်တစ်ပါးကို မယှဥ်နိုင်လျှင်ပင် အင်မော်တယ်ကိုယ်ပွား တစ်ခုကို ရင်ဆိုင်ရန်မှာ ပြဿနာ ကြီးကြီးမားမား မရှိလောက်ဟု မူလက သူထင်မှတ်ခဲ့သည်။
သို့သော်လည်း ယခုအခါတွင်မူ အင်မော်တယ်အဆင့်ကို လျော့တွက်မိခဲ့မှန်း သူသဘောပေါက်သွားခဲ့၏။
ဤသည်က အင်မော်တယ်ကိုယ်ပွား တစ်ခုမျှသာ ဖြစ်သော်လည်း အုပ်စိုးသူအဆင့်ဖြင့် ယှဥ်ပြိုင်နိုင်ရန်မှာ မလွယ်ကူပေ။
ယခုအခါတွင် သူက နတ်ခန္ဓာပုံရိပ်၊ အပြာရောင်ဧကရာဇ်ဓားသိုင်းနှင့် အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း တို့ကို အသုံးပြုခဲ့ပြီးပြီ ဖြစ်သည့်တိုင် အဖြူရောင်ဝတ်စုံဝတ် အမျိုးသားကို ဒဏ်ရာရရှိအောင် မလုပ်ဆောင်နိုင်သေးပေ။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။
ယခု သူ့တွင် ကျန်ရှိနေသည့် တစ်ခုတည်းသော ဝှက်ဖဲမှာ အင်မော်တယ် ကျောက်တိုင်သာ ဖြစ်သည်။
“ကောင်လေး.. အင်မော်တယ်ကျောက်တိုင်ရဲ့ အကျဥ်းသားစွမ်းအားက မူလခန္ဓာကိုယ်ကိုပဲ ဖိနှိပ်နိုင်လိမ့်မယ်.. ဒါက ကိုယ်ပွားတစ်ခုပဲ ဆိုတော့ အကျဥ်းသားစွမ်းအားက ဘာမှတတ်နိုင်မှာမဟုတ်ဘူး.. ဒီအင်မော်တယ်ကိုယ်ပွားကို ဖြေရှင်းချင်ရင် အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားကိုပဲ အသုံးပြုလို့ရမယ်.. ဒါပေမဲ့ မင်းက အင်မော်တယ်အဆင့်ကို မရောက်သေးတော့ အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားကို အသုံးပြုမယ်ဆိုရင် ကြီးမားတဲ့ ပေးဆပ်မှုတွေ ရှိလာနိုင်တယ်”
အင်မော်တယ်ကျောက်တိုင်၏ စကားသံက ကျန်းချန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
“ကျွန်တော်သဘောပေါက်ပါပြီ”
ထို့နောက်တွင် ကျန်းချန်က တုံ့ဆိုင်းမနေဘဲ အင်မော်တယ်ကျောက်တိုင်ကို ထုတ်ယူလိုက်သည်။
အကယ်၍ သူက ယနေ့တွင် အင်မော်တယ်ကိုယ်ပွားကို မသတ်နိုင်ခဲ့လျှင် နတ်ဘုရားနယ်မြေ တစ်ခုလုံး ပျက်စီးသွားလိမ့်မည်ဖြစ်ရာ ကြီးကြီးမားမား ပေးဆပ်ရမည်ကို အဘယ်ကြောင့် ဂရုစိုက်နေရပါမည်နည်း။
ဆိုရလျှင် သူ့အနေဖြင့် မည်မျှပင် ပေးဆပ်ရပါစေ၊အင်မော်တယ်ကိုယ်ပွားကို မဖြစ်မနေ သတ်ရလိမ့်မည်သာ။
“ကောင်လေး မင်းက အင်မော်တယ် မဖြစ်သေးသရွေ့ မင်းရဲ့ပါရမီက ဘယ်လောက်ပဲ အံ့ဩစရာကောင်းနေပါစေ.. ငါ့ရှေ့မှာတော့ မင်းက ပုရွက်ဆိတ်တစ်ကောင်ထက် မပိုဘူး”
ကျန်းချန်က သူ့ကို ထပ်မံ တိုက်ခိုက်တော့မည်အား မြင်လျှင် အဖြူရောင်ဝတ်စုံဝတ် အမျိုးသားသည် ခေါင်းခါရမ်းကာ ပြောလိုက်သည်။
“မင်းက အလကားနေရင်း အားကုန်ခံချင်နေတာပဲ.. ငါ မင်းနဲ့အချိန်မဖြုန်းချင်တော့ဘူး.. မင်းသာ ဆက်ပြီး ခုခံနေမယ်ဆိုရင် မင်းကို သတ်ပစ်ဖို့ပဲ ရှိတော့တယ်”
ကျန်းချန်က အဖြူရောင်ဝတ်စုံဝတ် အမျိုးသား၏ စကားကို ဂရုစိုက်မနေခဲ့ပေ။
သူက အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို လှုံ့ဆော်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ အုပ်စိုးသူ အထွတ်အထိပ်အဆင့် နတ်စွမ်းအားများကို လက်ဖဝါးထဲရှိ အင်မော်တယ်ကျောက်တိုင် အတွင်းသို့ အကုန်အစင် ထည့်သွင်းလိုက်သည်။
အင်မော်တယ်ကျောက်တိုင်ထံကနေ တောက်ပသော အင်မော်တယ် အလင်းများ ထွက်ပေါ်လာခဲ့ပြီး ကြယ်တာရာကောင်းကင်ယံကိုပင် ဖိနှိပ်ထားနိုင်သည့် ပေပေါင်းများစွာမြင့်မားသော နတ်ဘုရားကျောက်တိုင်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“အင်မော်တယ်လက်နက်ပါလား”
ကျန်းချန် ထုတ်ဖော်လိုက်သော အင်မော်တယ်လက်နက်ကို မြင်လျှင် အဖြူရောင်ဝတ်စုံဝတ် အမျိုးသား၏ အမူအရာသည် အဆုံးသတ်တွင် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
အဆင့်နိမ့် စကြဝဠာမှ လူငယ်လေးသည် အင်မော်တယ်ဓားသိုင်းများကို တတ်မြောက်ထားရုံသာမက အင်မော်တယ်လက်နက်ကိုပါ ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
ကျန်းချန်က ချက်ချင်းဆိုသလိုပင် အင်မော်တယ်ချေမှုန်းခြင်းစွမ်းအားကို ထုတ်ဖော်ရန် အတွက် လက်ဟန်များကို အလျင်အမြန် ပြုလုပ်လိုက်သည်။
ထိုခဏဝယ် သူ၏ အေးစက်စက် ကြုံးဝါးသံသည် ကြယ်တာရာကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့သည်။
“ခင်ဗျားက စစ်မှန်တဲ့ အင်မော်တယ်တစ်ပါးရဲ့ ကိုယ်ပွား ဖြစ်နေပါစေ.. ငါကျန်းချန် ဒီနေ့ ခင်ဗျားကို သတ်ပြမယ်”
စကားဆုံးသည်နှင့် သူ၏ ခန္ဓာကိုယ်အတွင်းမှ အုပ်စိုးသူအထွတ်အထိပ်အဆင့် နတ်စွမ်းအားများသည် ကုန်ခမ်းလုနီးပါး ဖြစ်သွားခဲ့ပြီး သူ၏ ဆံပင်များသည်လည်း သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ဖြူဆွတ်သွားခဲ့သည်။
ကျန်းချန်သည် တစ်ခဏအတွင်းမှာပင် တစ်ခေါင်းလုံးဖြူ၍ သွားခဲ့ပြီး သူ မည်မျှ အိုမင်းသွားသည်ကိုပင် မသိတော့ပေ။
သို့သော်လည်း ထိုသို့ဖြစ်နေသည့်တိုင် ကျန်းချန်က ဂရုစိုက်မနေဘဲ အင်မော်တယ် ကျောက်တိုင်ကို အသုံးပြုကာ အဖြူရောင်ဝတ်စုံဝတ် အမျိုးသားကို တိုက်ရိုက်ပင် ဖိနှိပ်လိုက်သည်။
သူ၏ အေးစက်စက် ကြုံးဝါးသံသည် ကြယ်တာရာကောင်းကင်ယံတွင် ပဲ့တင်ထပ်နေခဲ့၏။
“အင်မော်တယ်ချေမှုန်းခြင်းစွမ်းအား.. သေစမ်း”
အခန်း(၂၆၂၇)ပြီး၏။
အခန်း(၂၆၂၈)
“ဝုန်း..”
ကျန်းချန်၏ လှုံ့ဆော်မှုအောက်တွင် အင်မော်တယ်ကျောက်တိုင်ထံကနေ ကြောက်မက်ဖွယ်ရာကောင်းသော အင်အားတစ်ခု ထွက်ပေါ်လာခဲ့ပြီး အဖြူရောင်ဝတ်စုံဝတ် အမျိုးသားကို လွှမ်းခြုံသွားခဲ့သည်။
အဖြူရောင်ဝတ်စုံဝတ် အမျိုးသားက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ပေါက်ကွဲထွက်မတတ် ဖြစ်သွားခဲ့သည်။
အရာအားလုံးကို ချေမှုန်းနိုင်စွမ်းရှိသည့် သူ၏ အင်အားသည် အင်မော်တယ်ကျောက်တိုင်၏ ဖိနှိပ်မှုအောက်တွင် မည်သည့် ခုခံမှုကိုမှ မပြုလုပ်နိုင်ခဲ့ပေ။
မျက်စိတစ်မှိတ် အတွင်းမှာပင် အင်မော်တယ်ကျောက်တိုင်ပေါ်ရှိ အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားသည် အဖြူရောင်ဝတ်စုံဝတ် အမျိုးသား၏ ပုံရိပ်ကို ဝါးမျိုသွားခဲ့၏။
ကြယ်တာရာကောင်းကင်ယံတွင် ဒေါသတကြီးရေရွတ်လိုက်သော အသံသာလျှင် ပဲ့တင်ထပ်ကာ ကျန်ရစ်ခဲ့သည်။
“ကောင်လေး ငါမင်းကို မှတ်ထားမယ်.. ငါတို့ပြန်တွေ့ကြတာပေါ့”
ကျန်းချန်က ဖြူဖျော့သောမျက်နှာဖြင့် ကြယ်တာရာကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
ကောင်းကင်ယံတွင် လွင့်ပျံနေသော သူ၏ဆံနွယ်များသည် ဖြူဆွတ်နေခဲ့ပြီး အသက်နှစ်ဆယ်အရွယ် ကောင်လေးတစ်ဦးကနေ အသက်ခြောက်ဆယ်အရွယ် ဆံဖြူအဘိုးအိုတစ်ဦးအဖြစ် ပြောင်းလဲသွားသည့်နှယ် ဖြစ်နေခဲ့သည်။
သူက သွေးများကို ဆက်တိုက်ဆိုသလို အန်ထုတ်နေရသော်လည်း ထိုအတွက် စိတ်ပျက်နေခြင်းမရှိဘဲ ကျယ်လောင်စွာ ရယ်မောနေခဲ့သည်။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
စန်းယွင်ဟိုင်နှင့် စန်းလန်သူတော်စင်ဂိုဏ်းမှ အစွမ်းထက် ကျင့်ကြံသူများသည် ဤအခိုက်အတန့်တွင် သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင်ဘဲ မှင်တက်နေခဲ့ကြသည်။
ဤသည်မှာ သူတို့ စန်းလန်သူတော်စင်ဂိုဏ်းကနေ အင်မော်တယ်လောကကို တက်လှမ်းသွားသည့် သူတို့၏ ဘိုးဘေးဖြစ်သည်။
သူတို့၏ ဆန့်ကျင်ဘက်မှ ကောင်လေး၏ လက်ချက်ဖြင့် ဘိုးဘေးကိုယ်ပွားသည်ပင် ပျက်စီးသွားခဲ့ပါသလော။
“ဂိုဏ်း.. ဂိုဏ်းချုပ်.. ငါတို့ စန်းလန်သူတော်စင်ဂိုဏ်းက ဒီလူငယ်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး.. အမြန်ဆုတ်ခွာမှ ဖြစ်မယ်”
စန်းလန်သူတော်စင်ဂိုဏ်းမှ အကြီးအကဲ တစ်ဦးက ထိတ်လန့်တကြား ပြောလိုက်သည်။
သူတို့ ပင့်ဖိတ်လိုက်သည့် ဘိုးဘေး၏ ကိုယ်ပွားသည်ပင် ထိုကောင်လေး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ဖြစ်ရာ သူတို့အနေဖြင့် ထိုကောင်လေး၏ ပြိုင်ဘက် မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
သူတို့သာ နတ်ဘုရားနယ်မြေကို ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် ယနေ့တွင် သူတို့အကုန်လုံး သုတ်သင်ခံရရန် အလွန်တရာ နီးစပ်နေသည် မဟုတ်ပါလော။
“ဆုတ်ကြမယ်”
စန်းယွင်ဟိုင်၏ မျက်နှာအမူအရာက အလွန်တရာပင် သုန်မှုန်နေခဲ့သည်။
နတ်ဘုရားနယ်မြေတွင် ဤမျှအထိ ကောင်းကင်ကိုပင် ဆန့်ကျင်နေသော အစွမ်းထက် ပုဂ္ဂိုလ်တစ်ပါး ရှိနေလိမ့်မည်ဟု သူလုံးဝ ထင်မထားခဲ့ပေ။
ဤတစ်ခေါက်တွင် သူကိုယ်တိုင် ဦးဆောင်လာခဲ့ပြီး ဘိုဘေးကို ပင့်ဖိတ်ရန်အတွက် အင်မော်တယ်ဆက်သွယ်ခြင်း ပညာရပ်ကို အသုံးပြုခဲ့သည့်တိုင် ထိုကောင်လေးကို ရင်မဆိုင်နိုင်ခဲ့ပေ။
ကျန်းချန်က သူတို့ စန်းလန်သူတော်စင်ဂိုဏ်း၏ ဘိုးဘေးကိုယ်ပွားကို ဖိနှိပ်ရန် ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရသလို သူသည်လည်း ဘိုးဘေး၏ ကိုယ်ပွားကို ပင့်ဖိတ်ထားရသဖြင့် မူလအင်အား၏ ဆယ်ပုံတစ်ပုံပင် မရှိတော့ပေ။
ယင်းအပြင် ထိုကောင်လေးထံတွင် ဘိုးဘေးကိုယ်ပွားကိုပင် သတ်ဖြတ်နိုင်သည့် အင်မော်တယ်လက်နက် ရှိနေခဲ့၏။
ထို့ကြောင့်လည်း စန်းယွင်ဟိုင်က ဆက်လက် တုံ့ဆိုင်းမနေတော့ဘဲ ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။
သူတို့ စီးနှင်းလာသော ကြယ်တာရာစစ်သင်္ဘောသည် ချက်ချင်းဆိုသလိုပင် ကြယ်တာရာကောင်းကင်ယံ၏ အနက်ရှိုင်းဆုံးနေရာ ဆီသို့ ဦးတည်ကာ အရှိန်အဟုန်ဖြင့် ပျံသန်းသွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်နေရသော်လည်း ကျန်းချန်သည် နောက်ကနေ လိုက်လံ မတိုက်ခိုက်ခဲ့ပေ။
သူက အစောပိုင်းတွင် စန်းလန်စကြဝဠာမှ အုပ်စိုးသူအဆင့် ကျင့်ကြံသူနှစ်ဦးကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။
လက်ရှိအချိန်တွင် စန်းယွင်ဟိုင်သည် တိုက်ခိုက်ရေးစွမ်းအား မရှိတော့သော်လည်း စန်းလန်စကြဝဠာဘက်တွင် အုပ်စိုးသူအဆင့် ကျင့်ကြံသူ များစွာ ကျန်ရှိနေခဲ့ပြီး ထိုအထဲတွင် အုပ်စိုးသူနှောင်းပိုင်းအဆင့် ကျင့်ကြံသူပင် ရှိနေခဲ့သည်။
ဆိုရလျှင် နတ်ဘုရားနယ်မြေဘက်တွင် သွေးနတ်ဆိုးဂိုဏ်းရှိနေသည့်တိုင် စန်းလန်စကြဝဠာကို အသာစီးရရန် မလွယ်ကူချေ။
ထို့ပြင် သူ၏ လက်ရှိအခြေအနေအရ စန်းလန်စကြဝဠာမှ အုပ်စိုးသူအဆင့် ကျင့်ကြံသူအားလုံးကို ရင်ဆိုင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။
“စန်းလန်စကြဝဠာဘက်က တစ်ခဏလောက်တော့ ငြိမ်သွားလိမ့်မယ်လို့ မျှော်လင့်ရတာပဲ”
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ကြယ်မြို့တော် ဆီသို့ ပြန်လာခဲ့သည်။
“အစ်ကိုကျန်းချန် အဆင်ပြေရဲ့လား”
ဆံပင်များ ဖြူဖွေးနေသော ကျန်းချန်ကို ကြည့်ကာ ကူဖုန်းအာ၏ ချစ်စဖွယ် မျက်နှာလေးထက်တွင် စိုးရိမ်ပူပန်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“ဘာမှမဖြစ်ပါဘူး ဖုန်းအာ.. စွမ်းအင်အလွန်အကျွံ သုံးလိုက်ရလို့ပါ.. တစ်ခဏလောက် အနားယူလိုက်ရင် ကောင်းသွားပါလိမ့်မယ်”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး မင်ယွဲ့ရှင်းနှင့် အခြားသူများကို ကြည့်လိုက်သည်။
“စန်းလန်စကြဝဠာက လူတွေ လတ်တလောတော့ နတ်ဘုရားနယ်မြေကို လာရဲဦးမှာမဟုတ်ဘူး.. ငါခဏလောက်တော့ ကျင့်ကြံလိုက်ဦးမယ်.. နတ်ဘုရားနယ်မြေကိုတော့ မင်းတို့ပဲ ကြည့်ထားပေးကြပါ”
ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် နေရာကနေ ပျောက်ကွယ်သွားခဲ့သည်။
မုန့်ချင်းရွှယ်က မျက်မှောင်ကြုတ်သွားခဲ့ပြီး ကျန်းချန်၏ နောက်ကနေ လိုက်သွားရန် ပြင်လိုက်၏။
မင်ယွဲ့ရှင်း၏ မုန့်ချင်းရွှယ်၏ အတွေးကို ခန့်မှန်းမိသဖြင့် ခေါင်းခါရမ်းကာ ပြောလိုက်သည်။
“ချင်းရွှယ်.. လနတ်ကျောက်တုံးရဲ့ ဆန်းကြယ်တဲ့စွမ်းအားက သူ့ကို ကူညီနိုင်မှာမဟုတ်ဘူး.. ဒီအချိန်မှာ သူ့ကို သွားမနှောင့်ယှက်တာ အကောင်းဆုံးပဲ”
မင်ယွဲ့ရှင်း၏ မြင်နိုင်စွမ်းဖြင့် ကျန်းချန်၏ အခြေအနေ မှန်းဆနိုင်ရန် မခဲယဥ်းပေ။
အင်မော်တယ်ကိုယ်ပွားကို ဖိနှိပ်ရန်အတွက် အင်မော်တယ်ကျောက်တိုင်ကို အသုံးပြုရာတွင် ကျန်းချန် ပေးဆပ်ခဲ့ရသော အရင်းအနှီးသည် ထိုစဥ်က အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာမှ မဟာယာနအဆင့် ကျင့်ကြံသူကို သူမ သတ်ဖြတ်စဥ်ကထက်ပင် ပို၍ ကြီးမားနိုင်ကြောင်း မင်ယွဲ့ရှင်း သိထားခဲ့သည်။
------------------------
ကြယ်မြို့တော်ကနေ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် ထာဝရရှင်သန်ခြင်းနန်းတော် ဆီသို့ တိုက်ရိုက်ပင် ပြန်လာခဲ့သည်။
အင်မော်တယ်ကျောက်တိုင်၏ အင်မော်တယ်ချေမှုန်းခြင်းစွမ်းအားသည် အင်မော်တယ်မဟုတ်လျှင် ထုတ်ဖော်ရန် မဖြစ်နိုင်သလောက်ပေ။
ကျန်းချန်က အင်မော်တယ်ကိုယ်ပွားကို သတ်ဖြတ်ရန်အတွက် အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားကို အတင်းအကျပ်စုစည်းခဲ့၍ ကြီးမားသော တန်ပြန်မှုကို ခံစားခဲ့ရသည်။
ထိုတန်ပြန်စွမ်းအားသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်း၏။
အကယ်၍သာ သူ၏ အင်အားက သာမန် အုပ်စိုးသူအထွတ်အထိပ်အဆင့်ကို မကျော်လွန်ခဲ့လျှင် သူ၏ သက်တမ်းသည် ထိုတန်ပြန်စွမ်းအားကြောင့် ချက်ချင်းဆိုသလို ဝါးမျိုခံရလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ထိုသို့ဖြစ်လင့်ကစား ကျန်းချန်၏ သက်တမ်းသည် ကုန်ဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။
ထို့အပြင် ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသည့် တန်ပြန်စွမ်းအားသည် ကျန်းချန်၏ ကျန်ရှိနေသော သက်တမ်း အနည်းငယ်ကိုပါ ဆက်လက် ဝါးမျိုနေဆဲပင်။
ထိုအကြောင်းကြောင့်ပင် ကျန်းချန်သည် ခန္ဓာကိုယ် အတွင်းမှ တန်ပြန်စွမ်းအားကို ဖိနှိပ်ရန်အတွက် အသက်စွမ်းအားအလွန်တရာ ကြွယ်ဝသော ထာဝရရှင်သန်ခြင်းနန်းတော်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
“ကောင်လေး.. မင်းရဲ့ အခြေခံအုတ်မြစ်က ကောင်းမွန်တဲ့အတွက် အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားရဲ့ တန်ပြန်စွမ်းအားက မင်းကို အသေသတ်မသွားတာပဲ.. ဒါပေမဲ့ မင်းရဲ့လက်ရှိသက်တမ်းက နှစ်တစ်ရာထက် မပိုတော့ဘူး.. မင်းရဲ့ ခန္ဓာကိုယ်ထဲက တန်ပြန်စွမ်းအားကို လုံးဝ ပျောက်ကင်းအောင်လုပ်ဖို့ဆိုရင် အင်မော်တယ်အဆင့်ကို အမြန်ဆုံးထိုးဖောက်မှ ဖြစ်မယ်.. ဒါ့အပြင် အင်မော်တယ်အဆင့်ကို မရောက်သေးခင်မှာ အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားကို နောက်ထပ် အသုံးမပြုမိဖို့လည်း သတိထားရလိမ့်မယ်.. ဒီလိုမှမဟုတ်ရင်တော့ မင်းကို ဘယ်သူမှ ကယ်နိုင်မှာမဟုတ်ဘူး”
အင်မော်တယ်ကျောက်တိုင်၏ စကားသံက ကျန်းချန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
“ငါ့ရဲ့သက်တမ်းက နှစ်တစ်ရာထက်တောင် မပိုတော့ဘူးဆိုပါလား”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် ခါးသီးစွာ ပြုံးလိုက်သည်။
ဤတစ်ကြိမ်တွင် အင်မော်တယ် ချေမှုန်းခြင်း စွမ်းအားကို အတင်းအကျပ် အသုံးပြုခဲ့ရသည့် အတွက် ပေးဆပ်ခဲ့ရသည့်အရင်းအနှီးသည် အမှန်တကယ်ပင် မသေးလှပေ။
သူ၏ ကျင့်ကြံခြင်းအဆင့်က အုပ်စိုးသူအထွတ်အထိပ်အဆင့်၏ အကန့်အသတ်သို့ ရောက်ရှိနေ၍သာ ကံကောင်း၍ မသေခဲ့ခြင်းဖြစ်သည်။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ဆက်လက် မတွေးတော့ဘဲ သူ၏ စိတ်ကို တည်ငြိမ်အောင်ထားကာ စတင်ကျင့်ကြံလိုက်သည်။
ဤတစ်ကြိမ်တွင် အင်မော်တယ်ကျောက်တိုင်ကို အသုံးပြုပြီး အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားကို ထုတ်ဖော်ခဲ့ရ၍ ကျန်းချန် ပေးဆပ်ခဲ့ရသော အရင်းအနှီးသည် အလွန်တရာပင် ကြီးမားခဲ့သည်။
ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်အတွင်းမှ တန်ပြန်စွမ်းအားများကို လုံးဝ ဖယ်ရှားနိုင်ရန်အတွက် ထာဝရရှင်သန်ခြင်းနန်းတော်တွင် တစ်နှစ်ပတ်လုံး ကျင့်ကြံခဲ့ရ၏။
“နောက်ဆုံးတော့ အင်မော်တယ်ချေမှုန်းခြင်းစွမ်းအားရဲ့တန်ပြန်စွမ်းအားကို ဖြေရှင်းနိုင်ခဲ့ပြီ.. ဒါပေမဲ့ ဒီတစ်နှစ်အတွင်းမှာ တန်ပြန်စွမ်းအားကြောင့် ငါ့ရဲ့သက်တမ်းက နှစ်နှစ်ဆယ်၊သုံးဆယ်လောက် ကုန်သွားခဲ့ပြီ.. အခုဆိုရင် ငါ့မှာ သက်တမ်းနှစ်ခြောက်ဆယ်၊ ခုနစ်ဆယ်လောက်ပဲ ကျန်ရှိတော့မယ်ထင်တယ်”
ကျန်းချန်က မျက်လုံးကိုဖွင့်လိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ယခုအခါတွင် သူလုပ်ဆောင်ရမည့်အရာမှာ နတ်ဘုရားနယ်မြေ၏ ကိစ္စရပ်များကို အမြန်ဆုံး ဖြေရှင်းပြီး အင်မော်တယ်အဆင့်ကို တက်လှမ်းရန်ဖြစ်သည်။
သို့သော်လည်း နတ်ဘုရားနယ်မြေ အကြောင်း စဥ်းစားမိလျှင် ကျန်းချန် မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။
လက်ရှိ နတ်ဘုရားနယ်မြေ ရင်ဆိုင်နေရသော အန္တရာယ်သည် အဓိကအားဖြင့် စန်းလန်စကြဝဠာနှင့် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာတို့ ဖြစ်၏။
အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာသည် ကြယ်စကြဝဠာနှင့် တိုက်ပွဲဖြစ်နေ၍ လက်ရှိအချိန်တွင် သူတို့ နတ်ဘုရားနယ်မြေကို ခြိမ်းခြောက်နိုင်သည့် အင်အားမရှိပေ။
သူ့အနေဖြင့် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာကို ပြန်သွားနိုင်သရွေ့ ကြယ်စကြဝဠာနှင့် ပူးပေါင်းကာ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာကို ပြင်းထန်သော ထိုးနှက်ချက် ပေးစွမ်းနိုင်လိမ့်မည် ဖြစ်သည်။
စန်းလန်စကြဝဠာ အတွက်မူ အနည်းငယ် အခက်အခဲ ရှိနေခဲ့သည်။
ဆိုရလျှင် စန်းလန်စကြဝဠာသည် အင်မော်တယ်လောကမှ ပုဂ္ဂိုလ်၏ အမိန့်အရ နတ်ဘုရားနယ်မြေကို လာရောက်ပြီး ထာဝရရှင်သန်ခြင်းနန်းတော်ကို ရှာဖွေနေသည် ဖြစ်ရာ အလွယ်တကူဖြင့် လက်လျှော့လိမ့်မည် မဟုတ်ပေ။
အကယ်၍ စန်းလန်စကြဝဠာသာ အင်မော်တယ်ဆက်သွယ်ခြင်းပညာရပ်ကို ထပ်မံ အသုံးပြုမည်ဆိုလျှင် ကျန်းချန် လုံးဝကိုင်တွယ်နိုင်မည် မဟုတ်ချေ။
ပို၍ အရေးကြီးသောအချက်မှာ စန်းလန်စကြဝဠာ၏ ပြဿနာကို ဖြေရှင်းနိုင်ခဲ့လျှင်ပင် ထာဝရရှင်သန်ခြင်းနန်းတော်ရှိနေသည်ကို သိသည့် အင်မော်တယ်လောကမှ ပုဂ္ဂိုလ်သည် တခြားသော စကြဝဠာများကို အသုံးပြုကာ နတ်ဘုရားနယ်မြေကို ဆက်လက် စစ်ချီနိုင်ခြေ ရှိနေခြင်းပင်။
တစ်နည်းအားဖြင့် ပြောရလျှင် နတ်ဘုရားနယ်မြေထဲတွင် ထာဝရရှင်သန်ခြင်းနန်းတော် ရှိနေသရွေ့ နတ်ဘုရားနယ်မြေသည် မည်သို့မှ အေးချမ်းမည် မဟုတ်ချေ။
အခန်း(၂၆၂၈)ပြီး၏။