အခန်း (၂၆၂၉-၂၆၃၀)
Vol. 203 Ch. 2629-2630
အခန်း(၂၆၂၉)
“ဒါက တကယ်ကို ကိုင်တွယ်ရခက်တဲ့ကိစ္စပဲ”
ကျန်းချန်က စိတ်ထဲတွင် သက်ပြင်းချ၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
နတ်ဘုရားနယ်မြေသည် မည်သည့် စကြဝဠာမှ ကျူးကျော်၍ မရလောက်အောင် အစွမ်းအထက်သော အခြေအနေမျိုးမရှိခဲ့လျှင် ဤပြဿနာသည် လုံးဝဖြေရှင်း၍ မရနိုင်သည့် ထွက်ပေါက်ပိတ်နေသော ပြဿနာမျိုး ဖြစ်သည်။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထာဝရရှင်သန်ခြင်းနန်းတော်၏ ပင်မခန်းမဆောင် ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
“ဒီအခြေအနေကို ဖြေရှင်းဖို့က ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ အမွေဆက်ခံသူဖြစ်တဲ့ ရှောင်ချင်းကိုပဲ အားကိုးရတော့မယ်ထင်တယ်.. အခု ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က အုပ်စိုးသူ အထွတ်အထိပ်အဆင့်ရဲ့ ကန့်သတ်မှုကို ရောက်နေပြီဆိုတော့ ဆက်လက် ကျင့်ကြံနေလည်း အပိုပဲ.. အပြင်ထွက်ပြီး အခြေအနေကို အရင်သွားကြည့်တာ ပိုကောင်းမယ်ထင်တယ်”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ် လှုပ်ခတ်သွားခဲ့သည်။
သူက စန်းလန်စကြဝဠာသို့ တစ်ခေါက် ပြန်သွားပြီး ဤပြဿနာကို ဖြေရှင်းရန်နှင့် စန်းလန်စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို တစ်ခါတည်း တွေ့ဆုံကာ အင်မော်တယ်အဆင့်ကို ထိုးဖောက်ဖို့ အတွက် ပြင်ဆင်ရန် ရည်ရွယ်ထားခဲ့သည်။
ကျန်းချန်က ခန်းမထဲတွင် မတ်တတ် ထရပ်လိုက်ပြီး ထာဝရရှင်သန်ခြင်းနန်းတော်ကနေ ထွက်ခွာရန် ပြင်လိုက်စဥ်မှာပင် ထာဝရရှင်သန်ခြင်းနန်းတော် တစ်ခုလုံးသည် အတောမသတ် တုန်ခါသွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် ဧရာမနဂါးကြီးတစ်ကောင် ပြန်လည်နိုးထလာသကဲ့သို့ အစွမ်းထက် အရှိန်အဝါတစ်ခုသည် ထာဝရရှင်သန်ခြင်းနန်းတော်၏ ပင်မခန်းမဆောင် ရှိရာဘက်ကနေ ပျံ့နှံ့လာခဲ့သည်။
“ရှောင်ချင်းက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့အမွေအနှစ်ကို အောင်အောင်မြင်မြင် ဆက်ခံနိုင်ခဲ့ပြီ ထင်တယ်”
ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို ထာဝရရှင်သန်ခြင်းနန်းတော်၏ ပင်မခန်းမဆောင် အပြင်ဘက်တွင် ဖျတ်ခနဲပေါ်လာခဲ့ကာ ခန်းမဆောင် အတွင်းကနေ ထွက်ပေါ်လာသောအရှိန်အဝါကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
ဤအရှိန်အဝါတွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အရှိန်အဝါ ပါဝင်နေသလို ရှောင်ချင်း၏ အရှိန်အဝါလည်း ပါဝင်နေခဲ့၏။
အဆုံးသတ်တွင် အရှိန်အဝါနှစ်ခုသည် လုံးဝ တစ်သားတည်း ပေါင်းစပ်သွားခဲ့ပြီး ပို၍ပင် အားကောင်းသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် ထိုအရှိန်အဝါသည် ကပ်ဘေးအထွတ်အထိပ် အဆင့်ကနေ တရွေ့ရွေ့ တက်လာခဲ့ပြီး အဆုံးသတ်တွင် အုပ်စိုးသူနယ်ပယ် အဆင့်သို့ တိုက်ရိုက်ထိုးဖောက်သွားပြီးမှ ပြန်လည် ငြိမ်သက်သွားခဲ့သည်။
ထို့နောက်တွင် ကျန်းချန်နှင့် အလွန်ရင်းနှီးသော သေးငယ်သည့် ပုံရိပ်လေး တစ်ခုသည် ထာဝရရှင်သန်ခြင်းနန်းတော်၏ ပင်မခန်းမထဲကနေ တိုက်ရိုက်ပင် လျှောက်ထွက်လာခဲ့သည်။
ထိုသေးငယ်သော ပုံရိပ်လေးမှာ ကျန်းချန်က သက်ရှည်ချိုင့်ဝှမ်းကနေ ထာဝရရှင်သန်ခြင်းနန်းတော် ဆီသို့ ခေါ်ဆောင်လာခဲ့သော လုရှောင်ချင်းပင် ဖြစ်၏။
ယခုအခါတွင် ရှောင်ချင်းသည် မူလက ကလေးဆန်သောအသွင်အပြင်များ လုံးဝ ပျောက်ကွယ်နေခဲ့ချေပြီ။
သူမက အပြာရောင်ဂါဝန်ကို ဝတ်ဆင်ထားခဲ့ပြီး လောကီဖုန်မှုန့်များ ကင်းစင်သော နတ်သမီးလေး တစ်ပါးကဲ့သို့ ဖြစ်နေခဲ့သည်။
“ရှောင်ချင်း မင်း အုပ်စိုးသူအဆင့်ကို ထိုးဖောက်သွားပြီလား”
လုရှောင်ချင်း၏ ကျင့်ကြံခြင်းအဆင့်ကို ခံစားမိလျှင် ကျန်းချန်၏ မျက်ဝန်းများ၌ အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
လုရှောင်ချင်းသည် အုပ်စိုးသူအဆင့်ကို ထိုးဖောက်နိုင်ခဲ့ရုံသာမက သူမ၏ ခွန်အားသည် သာမန် အုပ်စိုးသူအဆင့် ကျင့်ကြံသူများထက်ပင် များစွာ သာလွန်နေခဲ့၏။
ဆိုရလျှင် နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင် သူမှလွဲ၍ လုရှောင်ချင်းကို ယှဥ်နိုင်မည့် ဒုတိယမြောက် လူတစ်ဦး ရှိလိမ့်မည် မဟုတ်ချေ။
လုရှောင်ချင်းတွင် ထာဝရစိမ်းလန်းသော ခန္ဓာကိုယ် ရှိပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ဆက်ခံရန် အသင့်တော်ဆုံး ဖြစ်မှန်း ကျန်းချန် သိရှိထားခဲ့သည်။
သို့သော်လည်း ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ဆက်ခံပြီးသည်နှင့် လုရှောင်ချင်း၏ ကြီးထွားနှုန်းသည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းပြီး အုပ်စိုးသူအဆင့်သို့ပင် တိုက်ရိုက် ထိုးဖောက်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ယင်းမှာ ကျန်းချန် အနေဖြင့် အင်မော်တယ်ဘုရင်နှင့်ပတ်သက်၍ သိရှိထားသည်မှာ အမှန်တကယ် နည်းပါးလွန်း၍ ဖြစ်သည်။
အင်မော်တယ်ဘုရင်အဆင့်သည် အင်မော်တယ်လောကတွင်ပင် နယ်မြေတစ်ခုကို စိုးမိုးနိုင်သည့်အဆင့် ဖြစ်ပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် ထိုအင်မော်တယ်ဘုရင်များထဲတွင်ပင် နာမည်ကျော်ကြားသူတစ်ဦး ဖြစ်သည်။
လုရှောင်ချင်းသည် ထိုကဲ့သို့ ပုဂ္ဂိုလ်၏ အမွေအနှစ်ကို လုံးဝ ဆက်ခံရရှိထားသည် ဖြစ်ရာ အုပ်စိုးသူအဆင့်ကို ရောက်ရှိရန်မှာ အလွန်ပင် လွယ်ကူသောကိစ္စပင် မဟုတ်ပါလော။
အကယ်၍ နတ်ဘုရားနယ်မြေ၏ ကန့်သတ်ချက်များသာ မရှိလျှင် လုရှောင်ချင်း အနေဖြင့် အင်မော်တယ်အဆင့်ကို တိုက်ရိုက် ထိုးဖောက်ရန်ပင် ခဲယဥ်းမည် မဟုတ်ပေ။
“ဟုတ်တယ် အစ်ကိုကျန်းချန်.. ဆရာချန်ထားခဲ့တဲ့ ခွန်အား တစ်စိတ်တစ်ပိုင်းနဲ့ ပေါင်းစည်းပြီးနောက်မှာ ညီမ အုပ်စိုးသူအဆင့်ကို ရောက်ရှိသွားခဲ့တယ်”
လုရှောင်ချင်းက ခေါင်းညိတ်လိုက်ပြီး ကျန်းချန်ကို လေးနက်စွာ ပြောလိုက်သည်။
“အစ်ကိုကျန်းချန် ညီမကို ဒီနေရာဆီ ခေါ်လာပေးပြီး ဆရာ့ဆီက အင်မော်တယ်ဘုရင် အမွေအနှစ်ကို ရအောင် အကူအညီပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်.. ညီမ နတ်ဘုရားနယ်မြေကနေ ထွက်သွားတော့မယ်.. အခုက အစ်ကိုကျန်းချန်ကို အထူးတလှယ် လာနှုတ်ဆက်တာပါ”
“နတ်ဘုရားနယ်မြေကနေ ထွက်သွားတော့မလို့လား”
ကျန်းချန်က တစ်ခဏမျှ မှင်တက်သွားပြီးနောက်တွင် တစ်စုံတစ်ရာကို စဥ်းစားမိလိုက်သည်။
သူက လုရှောင်ချင်းကို တအံ့တဩ ကြည့်ကာ မေးလိုက်၏။
“မင်း.. မင်းက အင်မော်တယ်လောကကို သွားမလို့လား”
လုရှောင်ချင်းသည် နတ်ဘုရားနယ်မြေကနေ မည်သည့်နေရာကိုမျှ မထွက်ခွာဖူးပေ။
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို လက်ခံပြီးနောက်တွင် တစ်နေရာသို့ ထွက်ခွာရန် ပြင်ဆင်နေသည် ဆိုလျှင် အင်မော်တယ်လောကသို့ သွားရန် အလားအလာ အလွန်များသည် မဟုတ်ပါလော။
“အင်မော်တယ်လောကမှာ ရှိတဲ့ ဆရာ့ရဲ့ ရန်သူတွေက ထာဝရရှင်သန်ခြင်းနန်းတော် ဘယ်နေရာမှာရှိနေတယ် ဆိုတာ သိနေပြီလို့ ဆရာကပြောတယ်.. နတ်ဘုရားနယ်မြေမှာ ထာဝရရှင်သန်ခြင်းနန်းတော် ရှိနေသရွေ့ နတ်ဘုရားနယ်မြေက အေးချမ်းနိုင်မှာ မဟုတ်ဘူး.. ဒါကြောင့် ထာဝရရှင်သန်ခြင်းနန်းတော်ကို အင်မော်တယ်လောကဆီ ညီမ ပြန်ယူသွားတော့မယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်က အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။
“ရှောင်ချင်း အင်မော်တယ်လောကကို သွားတာက မင်းအတွက် အရမ်း အန္တရာယ်များတယ်”
ထိုစဥ်က ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည်ပင် အင်မော်တယ်လောကတွင် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရပြီး ထာဝရရှင်သန်ခြင်းနန်းတော်ကို အဆင့်နိမ့်စကြဝဠာ ဆီသို့ အတင်းအကျပ် ယူဆောင်လာခဲ့ရ၏။
ဤသည်ကပင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် အင်မော်တယ်လောကတွင် အလွန်တရာ ကြောက်မက်ဖွဘ်ရာကောင်းသော ရန်သူ ရှိနေကြောင်း သက်သေပြနေသည် မဟုတ်ပါလော။
ရှောင်ချင်းအနေဖြင့် ထာဝရရှင်သန်ခြင်း နန်းတော်ကို အင်မော်တယ်လောကဆီ ပြန်ယူသွားခြင်းသည် နတ်ဘုရားနယ်မြေ၏ အန္တရာယ်ကို အမှန်တကယ်ပင် ဖြေရှင်းပေးနိုင်သော်လည်း ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေဆက်ခံသူဖြစ်သော ရှောင်ချင်း ကိုယ်တိုင်ကမူ အန္တရာယ်ရှိသော အခြေအနေနှင့် ရင်ဆိုင်ရပေလိမ့်မည်။
“ဆရာ့ရဲ့ တပည့်တစ်ယောက်အနေနဲ့ ဆရာပေးထားတဲ့ တာဝန်ကို ညီမလေး ထမ်းဆောင်ရလိမ့်မယ်.. ဒါက ညီမရဲ့ ကံကြမ္မာပါပဲ”
လုရှောင်ချင်းက ပြုံး၍ ပြောလိုက်သည်။
“အစ်ကိုကျန်းချန် ညီမအတွက် စိတ်မပူပါနဲ့.. ဆရာက အင်မော်တယ်လောကမှာ သူ့ရဲ့ နောက်ဆုံးလက်ကျန်အင်အားတွေကို ချန်ထားခဲ့ပါတယ်.. ညီမရဲ့ ဘေးကင်းမှုက ပြဿနာမရှိလောက်ပါဘူး”
ထိုစကားကိုကြားလျှင် ကျန်းချန်က ခဏမျှ တိတ်ဆိတ်သွားပြီးမှ ရှောင်ချင်းကို ပြောလိုက်သည်။
“ဒါဆိုရင်လည်း ဂရုစိုက်ပါ ရှောင်ချင်း”
“အစ်ကိုကျန်းချန်လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ.. ညီမ အင်မော်တယ်လောကကနေ အစ်ကိုကျန်းချန်ကို စောင့်နေပါ့မယ်”
လုရှောင်ချင်း၏ စကားဆုံးသည်နှင့် ဆန်းကြယ်သောစွမ်းအားတစ်ခုသည် ထာဝရရှင်သန်ခြင်းနန်းတော်ထဲကနေ ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်ကို နန်းတော်ပြင်ပသို့ တွန်းထုတ်လိုက်သည်။
ထာဝရရှင်သန်ခြင်းနန်းတော်၏ အပြင်ဘက်တွင် ကျီလင်နတ်သားရဲ မျိုးနွယ်စု၏ အကြီးအကဲ ကျီထျန်းမိုင်သည် သူ၏ လူများနှင့် အတူ ရှိနေခဲ့သည်။
သူက ထာဝရရှင်သန်ခြင်းနန်းတော် အပြင်ဘက်တွင် ပေါ်လာသော ကျန်းချန်ကို ကြည့်ကာ လက်သီးဆုပ်၍ ဂါဝရပြု နှုတ်ဆက်လိုက်သည်။
“မိတ်ဆွေလေးကျန်းချန်.. ငါတို့ ကျီလင်နတ်သားရဲ မျိုးနွယ်စုက သခင်မလေးနောက်ကို လိုက်ပြီး အင်မော်တယ်လောကကို ပြန်သွားတော့မယ်.. ငါတို့တွေ အင်မော်တယ်လောကမှာ ပြန်ဆုံကြတာပေါ့”
ထို့နောက်တွင် ကျီထျန်းမိုင် ဦးဆောင်သော ကျီလင်နတ်သားရဲမျိုးနွယ်စုဝင်များသည် ထာဝရရှင်သန်ခြင်းနန်းတော် အတွင်းသို့ ဝင်ရောက်သွားခဲ့၏။
သိပ်မကြာခင်မှာပင် ထာဝရရှင်သန်ခြင်း နန်းတော်သည် အနည်းငယ် တုန်ခါသွားခဲ့ပြီး မြေပြင်ကနေ ချက်ချင်းပင် ကောင်းကင်ယံသို့ မြင့်တက်လာခဲ့ကာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲ၍ အဆုံးမဲ့ လေဟာနယ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။
ထာဝရရှင်သန်ခြင်းနန်းတော် ပျောက်ကွယ်သွားသည့် အချိန်မှာပင် ကောင်းကင်လမ်းစဥ်သည် ကျန်းချန်၏ အနားတွင် ပေါ်လာခဲ့သည်။
“ဒီကလေးမက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ကို ဆက်ခံလိုက်တာ ဆိုတော့ ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင်ရဲ့ ကိစ္စတွေကို ဆောင်ရွက်ပေးရမဲ့ တာဝန် ရှိသွားခဲ့ပြီ.. ဒါက နတ်ဘုရားနယ်မြေ အတွက်လည်း ကောင်းမွန်တဲ့ ကိစ္စတစ်ရပ်ပါပဲ.. တကယ်လို့ စန်းလန်စကြဝဠာသာ နတ်ဘုရားနယ်မြေကို ထပ်မံ ကျူးကျော်လာပြီး အင်မော်တယ်ဆက်သွယ်ခြင်း ပညာရပ်ကို နောက်တစ်ခေါက် အသုံးပြုခဲ့မယ် ဆိုရင် မင်းအနေနဲ့ အရင်လို အင်မော်တယ်ကိုယ်ပွားကို ထပ်သတ်နိုင်တော့မှာ မဟုတ်ဘူး”
ကျန်းချန်က ဘာစကားမျှ မပြောခဲ့ပေ။
လုရှောင်ချင်းသည် ထာဝရရှင်သန်ခြင်း နန်းတော်နှင့်အတူ အင်မော်တယ်လောက ဆီသို့ ပြန်သွားခဲ့ပြီ ဖြစ်ရာ အင်မော်တယ်လောကမှလူများသည် ထာဝရရှင်သန်ခြင်း နန်းတော်ကို ရှာဖွေရန်အတွက် နတ်ဘုရားနယ်မြေ ဆီသို့ လူထပ်လွှတ်တော့မည် မဟုတ်ချေ။
ဆိုရလျှင် လက်ရှိ နတ်ဘုရားနယ်မြေ ရင်ဆိုင်နိုင်ရသောအန္တရာယ်သည် ရှောင်ချင်း ထွက်ခွာသွားခြင်းနှင့်အတူ အလိုအလျောက် ပြေလည်သွားပေပြီ။
သို့သော်လည်း ကျန်းချန်သည် ရှောင်ချင်း အတွက် စိုးရိမ်ပူပန်နေခဲ့၏။
“ရှောင်ချင်းလေး.. မင်းအဆင်ပြေပါစေလို့ ငါမျှော်လင့်ပါတယ်”
ကျန်းချန်က စိတ်ထဲတွင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
လက်ရှိအချိန်တွင် သူက အင်မော်တယ်လောကကို မတက်လှမ်းနိုင်သေး၍ လုရှောင်ချင်းသည် ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရလိမ့်မည် ဖြစ်သည်။
ထို့အပြင် သူ၏ လက်ရှိခွန်အားသည် အဆင့်နိမ့်စကြဝဠာတွင် ပြိုင်ဘက်ကင်း ဖြစ်သော်လည်း အင်မော်တယ်လောကသို့ ရောက်သွားလျှင်မူ ရှောင်ချင်းကို ကူညီနိုင်စွမ်း ရှိလိမ့်ဦးမည်မဟုတ်ပေ။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်လက် မတွေးတောတော့ပေ။
သူက နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်ကို ကြည့်ကာ ပြောလိုက်သည်။
“နတ်ဘုရားနယ်မြေရဲ့ အန္တရာယ် ပြေလည်သွားပြီဆိုတော့ ငါထွက်ခွာရမဲ့ အချိန်ရောက်ပြီ”
ထိုစကားကိုကြားလျှင် နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
“မင်းက အင်မော်တယ်လောကကို တက်လှမ်းဖို့ ကြိုးစားတော့မလို့လား.. ဒါပေမဲ့ နတ်ဘုရားနယ်မြေမှာ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာရဲ့ အန္တရာယ် ရှိနေသေးတယ် ကျန်းချန်”
ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ဒီအတွက် စိတ်မပူပါနဲ့.. ငါ အင်မော်တယ်လောကကို မတက်လှမ်းခင် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာကို သွားပြီး ဒီကိစ္စကို ဖြေရှင်းပေးခဲ့ပါ့မယ်”
မည်သို့ပင် ဖြစ်စေကာမူ နတ်ဘုရားနယ်မြေသည် သူ၏ အခြေစိုက်စခန်း ဖြစ်ပြီး သူ့အနေဖြင့် အင်မော်တယ်လောကသို့ သွားပြီးနောက်တွင်ပင် သူ၏ မိတ်ဆွေများနှင့် ဆွေမျိုးများသည် နတ်ဘုရားနယ်မြေတွင် ဆက်လက် နေထိုင်ကြရဦးမည် ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်သည် သူ မထွက်ခွာမီ နတ်ဘုရားနယ်မြေအတွက် ခြိမ်းခြောက်မှု မှန်သမျှကို ဖယ်ရှားပေးခဲ့ရန် ရည်ရွယ်ထားခဲ့၏။
အခန်း(၂၆၂၉)ပြီး၏။
အခန်း(၂၆၃၀)
ကြယ်မြို့တော်သို့ ပြန်ရောက်ပြီးနောက်တွင် ကျန်းချန်သည် ရွှယ်ချန်ကျဲကို တိုက်ရိုက် သွားရောက်ရှာဖွေပြီး အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာဆီသို့ ပြန်ရန်ကိစ္စကို ဆွေးနွေးခဲ့သည်။
ရွှယ်ချန်ကျဲက တရိုတသေ ပြောလိုက်၏။
“သခင်ကြီး.. ကျွန်တော်လည်းသခင်ကြီးကို အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာရဲ့ အကြောင်း အစီအရင်ခံမလို့ပဲ.. သိပ်မကြာခင်က အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှာ အပြောင်းအလဲ တချို့ ရှိခဲ့တယ်”
သွေးနတ်ဆိုးဂိုဏ်းသည် ရွေးချယ်စရာ မရှိသဖြင့် ကျန်းချန်နှင့်အတူ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ နတ်ဘုရားနယ်မြေဆီသို့ ဆုတ်ခွာလာခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း သွေးနတ်ဆိုးဂိုဏ်း၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ရွှယ်ချန်ကျဲသည် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာ၏ အခြေအနေကို သိရှိနိုင်ရန် အတွက် အစီအစဥ်တချို့ကို ပြုလုပ်ထားခဲ့သည်။
ရွှယ်ချန်ကျဲ၏ စကားကိုကြားလျှင် ကျန်းချန်က အံ့အားသင့်သောအမူအရာဖြင့်မေးလိုက်သည်။
“အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနဲ့ ကြယ်စကြဝဠာတို့ကြားက တိုက်ပွဲက အဆုံးသတ်သွားလို့လား”
“စကြဝဠာအဆင့် စစ်ပွဲတွေက အပြတ်အသတ် အသာစီးယူနိုင်စွမ်း မရှိသရွေ့ ဒီလောက်ထိ လွယ်လွယ်နဲ့တော့ ရလဒ်မထွက်ပါဘူး သခင်ကြီး”
ရွှယ်ချန်ကျဲက ခေါင်းခါရမ်းလိုက်ပြီး အလေးအနက်ပြောလိုက်သည်။
“ကြယ်စကြဝဠာနဲ့ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ တို့ရဲ့ အခြေအနေက အရင်အတိုင်း တင်းမာပြီး စစ်ပွဲ ဖြစ်နေဆဲပါပဲ.. ဒါပေမဲ့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာတော့ ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့တယ်...အဲဒါက ဒဏ္ဍာရီလာ ပိုထျန်းကောင်းကင်နယ်မြေ ပေါ်ထွက်လာခဲ့တာပဲ”
“ပိုထျန်းကောင်းကင်နယ်မြေ.. ဟုတ်လား”
ထိုအခိုက်အတန့်တွင် ကျန်းချန်သည် တစ်စုံတစ်ရာကို စဥ်းစားမိသွားခဲ့ပြီး မျက်ဝန်းများ တောက်ပသွားခဲ့သည်။
“ဒီပိုထျန်းကောင်းကင်နယ်မြေက ဒဏ္ဍာရီလာ ပိုထျန်းအင်မော်တယ်ဂိုဏ်းနဲ့ ပတ်သက်နေတယ် မဟုတ်လား”
ကျန်းချန်၏ စကားကိုကြားလျှင် ရွှယ်ချန်ကျဲသည် အနည်းငယ် အံ့အားသင့်သွားခဲ့၏။
ကျန်းချန်က ပိုထျန်းအင်မော်တယ်ဂိုဏ်း အကြောင်းကို သိရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
ပိုထျန်းအင်မော်တယ်ဂိုဏ်း ဆိုသည်မှာ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ ရှေးခေတ်ကာလတွင် ဒဏ္ဍာရီလာ အင်အားစုတစ်စု ဖြစ်သည်။
သို့သော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာတွင် ပိုထျန်းအင်မော်တယ်ဂိုဏ်းနှင့် ပတ်သက်သော မှတ်တမ်းများ အလွန်တရာ ရှားပါးနေခဲ့၏။
ဆိုရလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးတွင် ပိုထျန်းအင်မော်တယ်ဂိုဏ်း အကြောင်း သိရှိသူ သိပ်မများပေ။
သူကိုယ်တိုင်သည်လည်း သိပ်မကြာခင်ကမျှ ရွှယ်ယွင်ထျန်းထံကနေ ပိုထျန်း အင်မော်တယ်ဂိုဏ်း အကြောင်းနှင့် ပတ်သက်၍ သိရှိခဲ့ရခြင်း ဖြစ်သည်။
“သခင်ကြီးက ပိုထျန်းအင်မော်တယ်ဂိုဏ်းကို သိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ရွှယ်ချန်ကျဲက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“ပိုထျန်းကောင်းကင်နယ်မြေ ဆိုတာ ဒဏ္ဍာရီလာပိုထျန်းအင်မော်တယ်ဂိုဏ်း တည်ရှိခဲ့တဲ့နယ်မြေပဲ.. ပိုထျန်းအင်မော်တယ်ဂိုဏ်း ပျက်စီးသွားကတည်းက ပိုထျန်းကောင်းကင်နယ်မြေကလည်း ပျောက်ကွယ်သွားခဲ့တယ်.. ဒါပေမဲ့ အခုတော့ ရုတ်တရက် ပြန်ပေါ်လာခဲ့ပြီ”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ် လှုပ်ခတ်သွားခဲ့သည်။
ထျန်းယွိ အမွေအနှစ်နယ်မြေကို ဝင်ရောက်စဥ်က စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ ခေါင်းဆောင် လျှိုချင်းယွီ ထံမှ တစ်ဆင့် ကျန်းချန်သည် ပိုထျန်းအင်မော်တယ်ဂိုဏ်း အကြောင်းကို များစွာ ကြားဖူးခဲ့သည်။
ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာကို ခေတ်အဆက်ဆက် လွှမ်းမိုးထားခဲ့သော ပြိုင်ဘက်ကင်းဂိုဏ်းကြီး ဖြစ်ပြီး ဂိုဏ်းကနေ ထွက်ပေါ်လာသည့် အင်မော်တယ်အရေအတွက်မှာ ရေတွက်၍ပင် မရပေ။
ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ အထွတ်အထိပ်ကာလကို ဟွမ်ယွမ်ဓားဂိုဏ်းသည်ပင် မယှဥ်နိုင်ချေ။
နောက်ပိုင်းတွင်မူ ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ တစ်ညတည်းဖြင့် ပျောက်ကွယ်သွားခဲ့သည်။
ထိုပျောက်ကွယ်သွားခြင်းမျိုးသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာတွင် မည်သည့်သဲလွန်စမှ မကျန်ရစ်ခဲ့ဘဲ လုံးလုံးကြီး ပျောက်ကွယ်သွားရခြင်းမျိုး ဖြစ်၏။
ယနေ့ခေတ်အခါတွင်မူ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာရှိ လူအနည်းငယ်မှလွဲ၍ လူအများစုသည် ပိုထျန်းအင်မော်တယ်ဂိုဏ်း တည်ရှိခဲ့သည်ကိုပင် မသိရှိကြတော့ပေ။
ပိုထျန်းအင်မော်တယ်ဂိုဏ်း ပျောက်ကွယ်သွားခြင်းသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာတွင် အင်မော်တယ်လမ်းစဥ် ပြတ်တောက်သွားရခြင်း၏ အစလည်း ဖြစ်သည်။
ထိုအချိန်မှစ၍ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာတွင် အင်မော်တယ် တစ်ဦးတစ်လေကိုမျှ ထပ်မံ မွေးဖွားပေးနိုင်ခြင်း မရှိတော့ပေ။
ဆိုရလျှင် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာတွင် အင်မော်တယ်လမ်းစဥ် ပြတ်တောက်သွားခြင်းသည် ပိုထျန်းအင်မော်တယ်ဂိုဏ်းနှင့် အလွန်တရာ ပတ်သက်ဆက်နွှယ်နေနိုင်ခြေ ရှိသည်။
ယခု ပိုထျန်းအင်မော်တယ်ဂိုဏ်းက အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာတွင် ပြန်လည် ပေါ်ထွက်လာပြီဖြစ်ရာ ထိုနေရာ၌ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ အင်မော်တယ်လမ်းစဥ် ပြတ်တောက်သွားရသည့် လျှို့ဝှက်ချက်ကို ရှာဖွေ တွေ့ရှိနိုင်ပေသည်။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အင်မော်တယ်လမ်းစဥ် ပြတ်တောက်သွားခြင်းသည် သူနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း နတ်ဘုရားနယ်မြေ၏ အခြေအနေသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနှင့် အလွန်တရာ တူညီနေခဲ့သည်။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အင်မော်တယ်လမ်းစဥ် ပြတ်တောက်သွားရသည့် လျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်လျှင် နတ်ဘုရားနယ်မြေကနေ အင်မော်တယ်အဆင့်ကို ထိုးဖောက်နိုင်စွမ်း မရှိသည့် ပြဿနာကိုလည်း ဖြေရှင်းနိုင်ပေလိမ့်မည် မဟုတ်ပါလော။
ကျန်းချန်သည် နတ်ဘုရားနယ်မြေ အတွက် ဤပြဿနာကို ဖြေရှင်းပေးရန် သဘာဝကျစွာပင် ရည်ရွယ်ထားခဲ့သည်။
သို့မဟုတ်လျှင် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများသည် အင်မော်တယ်အဆင့်သို့ တက်လှမ်းလိုလျှင် အခြားသော စကြဝဠာများသို့ သွားရောက်ကာ ထိုစကြဝဠာ၏ ကောင်းကင်လမ်းစဥ်နှင့် ညှိနှိုင်းရမည်ဖြစ်၍ အလွန်ပင် အလုပ်ရှုပ်စရာကောင်းနေပေလိမ့်မည်။
ထိုသို့ တွေးမိပြီးနောက်တွင် ကျန်းချန်က ရွှယ်ချန်ကျဲကို ကြည့်ကာ ပြောလိုက်သည်။
“ချန်ကျဲ.. ငါတို့သုံးရက်အတွင်း အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာကို ပြန်ကြမယ်...လိုအပ်တာတွေ ပြင်ဆင်ထားလိုက်တော့”
ရှောင်ချင်းသည် ထာဝရရှင်သန်ခြင်းနန်းတော်နှင့်အတူ အင်မော်တယ်လောကသို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။
နတ်ဘုရားနယ်မြေ အတွက် အင်မော်တယ်လောက ဆီမှ ခြိမ်းခြောက်မှု မရှိတော့သလို စန်းလန် စကြဝဠာသည်လည်း နတ်ဘုရားနယ်မြေကို အလွယ်တကူ ကျူးကျော်လာလိမ့်မည်မဟုတ်ပေ။
ထို့အပြင် မင်ယွဲ့ရှင်းတို့ အုပ်စိုးသူအဆင့် ကျင့်ကြံသူ လေးဦး၏ ခွန်အားသည်လည်း ပိုမိုသန်မာလာခဲ့ပြီ ဖြစ်သည်။
ကျန့်ဝူရှင်းနှင့် မုန့်ချင်းရွှယ် တို့သည်လည်း အုပ်စိုးသူအဆင့်ကို ထိုးဖောက်နိုင်ရန် အရေးပါသောအချိန်သို့ ရောက်ရှိနေပြီဖြစ်ရာ သိပ်မကြာခင်မှာပင် အုပ်စိုးသူအဆင့်သို့ ရောက်ရှိလာပေလိမ့်မည်။
ဆိုရလျှင် နတ်ဘုရားနယ်မြေ၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ကျန်းချန် အတော်လေး စိတ်အေးသွားရချေပြီ။
ယခုအခါတွင် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာနှင့် ကြယ်စကြဝဠာတို့ ကြားရှိ အခြေအနေက တင်းမာနေဆဲ ဖြစ်၍ သူက အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကို သွားရောက်ပြီး ကြယ်စကြဝဠာနှင့် ပူးပေါင်းကာ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကို ပြင်းထန်သော ထိုးနှက်ချက် ပေးရလိမ့်မည်ဖြစ်သည်။
ထို့အပြင် ရုတ်တရက် ပေါ်ထွက်လာသည့် ပိုထျန်းကောင်းကင်နယ်မြေကိုလည်း သွားရောက် ကြည့်ရှုရန် ပြင်ဆင်ထားခဲ့သည်။
“ဟုတ်ကဲ့ သခင်ကြီး”
ရွှယ်ချန်ကျဲက စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက်ပြီး လိုအပ်သည်များကို ပြင်ဆင်ရန် ထွက်ခွာသွားခဲ့သည်။
သွေးနတ်ဆိုးဂိုဏ်းသည် မလွဲမရှောင်၍သာ ကျန်းချန်နှင့် အတူ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ ထွက်ခွာလာခဲ့ရခြင်း ဖြစ်သည်။
အကယ်၍ ဖြစ်နိုင်လျှင် ရွှယ်ချန်ကျဲသည် သွေးနတ်ဆိုးဂိုဏ်းကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ ဆီသို့ ပြန်လည်ခေါ်ဆောင်သွားရန် မျှော်လင့်ထားခဲ့၏။
မည်သို့ပင် ဖြစ်စေကာမူ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် သူတို့၏ ဌာနေအမှန် ဖြစ်သည်။
လက်ရှိအချိန်တွင် ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ ထွက်ခွာလာစဥ်ကထက် ပို၍ အစွမ်းထက်နေခဲ့ပြီ ဖြစ်သည်။
စန်းလန်စကြဝဠာမှ အင်မော်တယ်ဆက်သွယ်ခြင်း ပညာရပ်ကို အသုံးပြုကာ ပင့်ဖိတ်လိုက်သော အင်မော်တယ်ကိုယ်ပွားသည်ပင် ကျန်းချန်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။
ထို့အပြင် လက်ရှိတွင် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာသည် ကြယ်စကြဝဠာနှင့် စစ်ပွဲ ဖြစ်နေ၍ ကျန်းချန်သည် သွေးနတ်ဆိုးဂိုဏ်းကို အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာဆီ ပြန်လည် ခေါ်ဆောင်သွားနိုင်သည့် အရည်အချင်း အပြည့်အဝ ရှိနေခဲ့သည်။
နောက်သုံးရက်အကြာတွင် မြို့တော်၏ အပြင်ဘက်၌ ကျန်းချန်သည် မင်ယွဲ့ရှင်းတို့ အားလုံးကို နှုတ်ဆက်ကာ ရွှယ်ချန်ကျဲ ဦးဆောင်သော သွေးနတ်ဆိုးဂိုဏ်းနှင့်အတူ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ ဆီသို့ နောက်တစ်ကြိမ် ခရီးထွက်ခဲ့သည်။
---------------------
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အပြင်ဘက်တွင် ခန့်ညားထည်ဝါသော ကြယ်တာရာမြို့တော်ကြီး တစ်ခု ရှိနေခဲ့သည်။
လူငယ်နှစ်ဦးသည်ကြယ်တာရာမြို့တော်၏ မြို့တံတိုင်းပေါ်တွင် ရပ်နေရင်း အဆုံးမဲ့ ကြယ်တာရာကောင်းကင်ယံကို ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့ကြသည်။
အကယ်၍ ကျန်းချန်သာ ဤနေရာတွင် ရှိနေလျှင် ထိုနှစ်ဦးကို မှတ်မိပေလိမ့်မည်။
ဆိုရလျှင် ထိုနှစ်ဦးမှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသို့ ကျန်းချန် ပထမဆုံးအကြိမ် ရောက်ရှိစဥ်က တွေ့ဆုံခဲ့သော အစောင့်နှစ်ဦးပင် ဖြစ်သည်။
“စီနီယာအစ်ကို.. ဒီတစ်ခေါက်တိုက်ပွဲမှာ ငါတို့ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာက အင်အားအများအပြား ထုတ်သုံးနေရတယ်.. ကြည့်ရတာ ရှေ့တန်းမှာ တိုက်ပွဲက အတော်လေး ပြင်းထန်နေတဲ့ပုံပဲ”
အသက်ငယ်သော ကင်းစောင့်က သူ၏ နံဘေးရှိ အပြာရောင်ဝတ်စုံဝတ် ကင်းစောင့်ကို ခပ်တိုးတိုး ပြောလိုက်သည်။
“ဟုတ်တယ်.. သိပ်မကြာခင်ကပဲ မဟာယာနအဆင့် ကျင့်ကြံသူတချို့ စစ်ကူသွားခဲ့တယ်လို့ ကြားတယ်”
အပြာရောင်ဝတ်စုံဝတ် ကင်းစောင့်က သက်ပြင်းကို အသာအယာချကာ ရေရွတ်လိုက်သည်။
“အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှာ ဒဏ္ဍာရီလာ ပိုထျန်းကောင်းကင်နယ်မြေ ပေါ်ထွက်လာတယ်လို့လည်း ပြောနေကြတယ်.. လက်ရှိ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ အခြေအနေက တကယ်ကို ရှုပ်ထွေးနေတာပဲ”
အပြာရောင်ဝတ်စုံဝတ် ကင်းစောင့်ထံမှ ထိုစကားကိုကြားလျှင် အသက်ငယ်သော ကင်းစောင့်သည် စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။
“စီနီယာအစ်ကို.. အဲဒီ ပိုထျန်းကောင်းကင်နယ်မြေက ဘယ်နေရာမှာလဲ”
အပြာရောင်ဝတ်စုံဝတ် ကင်းစောင့်က ခေါင်းခါရမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“ငါလည်း သိပ်တော့မသိဘူး.. အဲဒီနေရာက အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာရဲ့ ရှေးခေတ်ကာလက သန်မာတဲ့ဂိုဏ်းတစ်ဂိုဏ်းနဲ့ ပတ်သက်နေတယ်လို့တော့ ကြားတယ်.. ဒါ့အပြင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ အင်မော်တယ်လမ်းစဥ် ပြတ်တောက်နေတဲ့ လျှို့ဝှက်ချက်နဲ့လည်း ပတ်သက်နေဖို့ အလားအလာ အများကြီး ရှိတယ်”
ထိုစကားကိုကြားလျှင် အသက်ငယ်သော ကင်းစောင့်က ရုတ်တရက် မေးလိုက်သည်။
“အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းက နေရာအနှံ့က အင်အားကို ဘာလို့ စုစည်းနေလဲ ဆိုတာ အံ့ဩစရာမရှိတော့ဘူး...ကြည့်ရတာ ဒီပိုထျန်းကောင်းကင်နယ်မြေ ပေါ်ထွက်လာတာနဲ့ ပတ်သက်နေလောက်မယ် ထင်တယ်”
“ဒီကိစ္စက ငါတို့နဲ့မဆိုင်ပါဘူး.. ငါတို့အတွက်က ဒီကြယ်တာရာမြို့တော်ကို စောင့်ရှောက်ဖို့ပဲ လိုအပ်တယ်”
အပြာရောင်ဝတ်စုံဝတ် လူငယ်က လေးနက်စွာ ပြောလိုက်သည်။
“အခု ကြယ်တာရာမြို့တော်ရဲ့ကာကွယ်ရေးက အတော်လေးအားနည်းနေတာ ဆိုတော့ ငါတို့ အရင်ထက်ကြိုးစားရမယ်.. ပြီးခဲ့တဲ့ တစ်ခေါက်ကလို အမှားမျိုး ထပ်လုပ်လို့ မဖြစ်ဘူး”
အခန်း(၂၆၃၀)ပြီး၏။