← Chapters

အခန်း (၈၁၁-၈၁၂)

Vol. 81 Ch. 811-812

အခန်း (၈၁၁-၈၁၂)

Vol. 81 Ch. 811-812

​အခန်း (၈၁၁) ကြီးထွားလာခြင်း

“ဒါဟာ ဟိုလူတွေ လာခဲ့တဲ့ နိုင်ငံပဲ ဖြစ်ရမယ်။ အဲဒီမှာ မြေပုံတစ်ခုတော့ ရနိုင်လောက်တယ်”

​လုံချန်းသည် မြို့ပြကြီးကို ကြည့်ရှုရင်း တိုးညှင်းစွာ ရေရွတ်လိုက်သော်လည်း သူ၏ ဦးခေါင်းကိုမူ ခါယမ်းလိုက်လေသည်။ သူသည် ထိုမြို့တွင် မရပ်နားတော့ဘဲ ကျော်ဖြတ်၍ ပျံသန်းခဲ့၏။

​“ငါတို့ မရပ်တော့ဘူးလား” မေက လုံချန်းအား မေးမြန်းလိုက်သည်။ “မြေပုံ လိုချင်တယ်လို့ ပြောပြီးတော့ အခုကျတော့ ဘာလို့ မရပ်တာလဲဟင်”

​“အပိုပါပဲ။ ငါတို့ဟာ ဒီတိုက်ကြီးပေါ်မှာပဲ ရှိနေတယ်ဆိုတာ သိရရင်တင် လုံလောက်ပါပြီ။ ပြီးတော့ ငါ့လက်ထဲမှာ လမ်းညွှန်ပေးမယ့် အဆောင်ရှိနေတာပဲ။ နိုင်ငံတွေရဲ့ နာမည်ကို သိနေဖို့က ဘာအရေးကြီးလို့လဲ” လုံချန်းက သူ၏လက်ထဲရှိ အဆောင်ကို ကြည့်ရှုရင်း ပြန်လည် ဖြေကြားလိုက်၏။

​“အဲဒီအဆောင်က ကျွန်တော်တို့ကို ဘယ်ကို ခေါ်သွားမှာလဲ အစ်ကိုကြီး” ရှုလျန်က လုံချန်း၏ စကားကို ကြားသောအခါ စူးစမ်းစွာ မေးမြန်းလေသည်။

​“ဒီအဆောင်က ငါ့ရဲ့ သူငယ်ချင်း တစ်ယောက်ဆီကို လမ်းညွှန်ပေးမှာပါ။ မင်းလည်း သူ့ကို တွေ့ရင် သဘောကျမှာပါ။ သူက ငါနဲ့ အတော်လေး ဆင်တူတယ်။ အခုဆိုရင် သူလည်း အိမ်ထောင်ကျလောက်ပါပြီ။ တကယ်လို့ သူသာ သင့်တော်တဲ့ မိန်းကလေးတစ်ယောက်ကို မတွေ့ခဲ့ရင်တော့ ဒီလောက်အထိ စောင့်နေမှာ မဟုတ်ဘူး” လုံချန်းက အဝေးတစ်နေရာကို ငေးမောရင်း ဆို၏။ သူသည် ရှုလျန်၏ လက်ထဲမှ စာအုပ်ငယ်လေးကို ကြည့်လိုက်သည်။

​“ဒီစာအုပ်ကို ဖတ်လို့ ပြီးပြီလား” သူ မေးမြန်းလိုက်လေသည်။

​“ဖတ်လို့တော့ ပြီးပါပြီ” ကောင်လေးက တုံ့ဆိုင်းစွာဖြင့် ဖြေကြား၏။

​“မင်း ဘာမှ နားမလည်ဘူး မဟုတ်လား” လုံချန်းက ကောင်လေး၏ တုံ့ဆိုင်းမှုကို ကြည့်၍ မေးမြန်းလိုက်သည်။ ရှုလျန်သည် သူ၏ လက်ထဲရှိ စာအုပ်ကို ငုံ့ကြည့်လိုက်ပြီးမှ ခေါင်းခါပြလေသည်။

​“နားမလည်ပါဘူး အစ်ကိုကြီး။ ကျွန်တော် နားမလည်နိုင်တဲ့ အရာတွေအကြောင်း ရေးထားတာကိုး။ ကျွန်တော် စာဖတ်တတ်ပေမဲ့ ဒီထဲမှာ ရေးထားတဲ့ စကားလုံးတွေကိုတော့ သဘောမပေါက်ဘူး။ ချီစွမ်းအင်ဆိုတာရယ်၊ ဒန်ထျန်၊ စွမ်းအားလမ်းကြောင်းတွေနဲ့ ဝိညာဉ် နယ်ပယ်... ဒါတွေ အားလုံးကို ကျွန်တော် ဘာမှ မသိပါဘူး”

​“ကိစ္စမရှိပါဘူး။ မင်း ဒီလိုဖြစ်မယ်ဆိုတာ ငါ ကြိုတင် တွေးထားပြီးသားပါ” လုံချန်းက နူးညံ့စွာ ပြောဆိုလိုက်၏။

​‘တကယ်လို့ ငါသာ ကျင့်ကြံခြင်း အခြေခံ ဗဟုသုတတွေ ရှိပြီးသား ဖြစ်တဲ့ ဒီလူ့ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်မလာခဲ့ရင် ငါလည်း ခက်ခဲနေမှာပဲ။ ဒါဟာ မထူးဆန်းပါဘူး’ သူက စိတ်ထဲမှ တွေးတောနေမိသည်။ သူသည် လက်ကို ဆန့်ထုတ်၍ ထိုစာအုပ်ငယ်လေးကို ပြန်လည် ယူလိုက်၏။

​“အခြေခံသဘောတရားကို နားလည်သွားရင်တော့ ဒါတွေက မခက်ခဲပါဘူး။ မင်း နားလည်အောင် ငါ လွယ်လွယ်ကူကူ ရှင်းပြမယ်”

​“ငါတို့ နေထိုင်တဲ့ ဒီလောကကြီးဟာ စကြဝဠာရဲ့ စွမ်းအင်တွေနဲ့ ပြည့်နှက်နေတာ ဖြစ်တယ်။ ငါတို့ ပတ်ဝန်းကျင်မှာလည်း အဲဒီစွမ်းအင်တွေ ရှိနေတယ်။ ငါတို့ ရှူရှိုက်နေတဲ့ လေထဲမှာတောင် အဲဒီစွမ်းအင်တွေ ပါဝင်နေပေမဲ့ ငါတို့မှာ အဲဒါကို အကျိုးရှိရှိ စုပ်ယူနိုင်စွမ်း မရှိတော့ အဲဒီစွမ်းအင်တွေက အလဟဿ ဖြစ်သွားရတာပေါ့။ အဲဒီစွမ်းအင်ကို သဘာဝချီလို့ ခေါ်တယ်။ အဲဒီ စွမ်းအင်ကို အသုံးပြုပြီး မင်းရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို မြှင့်တင်တာဟာ ကျင့်ကြံခြင်းရဲ့ အခြေခံပဲ ဖြစ်တယ်။ အဓိကကတော့ အဲဒီစွမ်းအင်ကို သုံးပြီး ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ပြုစုပျိုးထောင်ပေးရမှာပဲ”

​လုံချန်းသည် ကျင့်ကြံခြင်း၏ အခြေခံ သဘောတရားများကို စတင် ရှင်းလင်းပြသလေသည်။

​“တကယ်လား။ လေက ကျွန်တော်တို့ကို ဒီလောက်အထိ အစွမ်းထက်စေတာလား။ အစ်ကိုကြီးက လူတွေကို အလွယ်တကူ သတ်ပစ်နိုင်တာဟာ ဒီ ချီစွမ်းအင်ကြောင့်လား” ရှုလျန်က အံ့အားသင့်စွာ မေးမြန်း၏။

​“ဒါတင်မကသေးဘူး။ ဒါဟာ အခြေခံလေးပဲ ရှိသေးတာ။ မင်းမှာ ကျင့်ကြံခြင်း အဆင့် မြင့်မားလာတဲ့အခါ ပျံသန်းတာတောင် လုပ်နိုင်လာလိမ့်မယ်” လုံချန်းက ရယ်မောလျက် ပြန်လည် ဖြေကြားလိုက်၏။

​“အစ်ကိုကြီးကော ပျံနိုင်လား”

​“ပျံနိုင်တာပေါ့”

​လုံချန်းသည် နေဝါးမျိုလင်းယုန်ကို ရပ်တန့်ခိုင်းလိုက်ပြီး သူ၏ ပျံသန်းနိုင်စွမ်းကို ရှုလျန်အား ပြသလေသည်။ သူသည် အတောင်ပံကိုလည်း မသုံး၊ ဓားကိုလည်း မသုံးချေ။ သူသည် ကောင်းကင် အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် လေပေါ်တွင် လမ်းလျှောက်ပြခြင်းသာ ဖြစ်လေသည်။

​ခေတ္တမျှ သူ၏ စွမ်းအားကို ပြသပြီးနောက် သူသည် ပြန်လည် ဆင်းသက်လာခဲ့၏။ လင်းယုန်သည်လည်း ခရီးဆက်လက် ပျံသန်းလေတော့သည်။

​“တကယ့်ကို အံ့သြစရာပါပဲ”

​ရှုလျန်သည် လုံချန်း၏ ပျံသန်းမှုကို ကြည့်ရှုပြီး အလွန်ပင် အံ့အားသင့်နေမိသည်။ သူ၏ အဘွားဖြစ်သူက အဘယ်ကြောင့် သူ့ကို ဤလူများနောက်သို့ ထည့်ပေးလိုက်သည်အား ယခုမှပင် သူ နားလည်သွားတော့၏။

​“ဒါဟာ အစပဲ ရှိသေးတာပါ။ မင်းမှာ လုံလောက်တဲ့ ကြိုးစားအားထုတ်မှု ရှိမယ်ဆိုရင် သေမျိုးတွေဟာ ထာဝရရှင်သန်ခြင်းကိုတောင် ရရှိနိုင်တဲ့ စွမ်းအားဟာ ကျင့်ကြံခြင်းပဲ ဖြစ်တယ်” လုံချန်းက ပြောကြားလိုက်၏။

​“အဲဒီစွမ်းအင်ကို ကျွန်တော် ဘယ်လို စုပ်ယူရမလဲဟင်” ရှုလျန်က စူးစမ်းစွာ မေးမြန်းလေသည်။

​“ဒီအတိုင်း လုပ်ကြည့်...”

​လုံချန်းသည် သူပေးထားသော စာအုပ်ငယ်လေးကို အခြေခံ၍ ကျင့်ကြံခြင်း နည်းစနစ်ကို သေသေချာချာ ရှင်းပြလိုက်၏။ သို့ရာတွင် သူကိုယ်တိုင်၏ ကျင့်ကြံခြင်း နည်းလမ်းကိုမူ ဝေမျှခြင်း မရှိချေ။ ထိုရှင်းပြချက်ကို ကြားရသောအခါ ရှုလျန်က ခေါင်းညိတ်လိုက်သည်။

​“ကျွန်တော် ကြိုးစားကြည့်ပါ့မယ်” ထိုသို့ ဆိုကာ သူသည် လုံချန်း ပြောပြသည့်အတိုင်း စတင် လုပ်ဆောင်လေတော့သည်။

​ထိုကောင်လေး ကျင့်ကြံနေသည်ကို ကြည့်ရင်း လုံချန်းက ရေရွတ်လိုက်သည်။ “တကယ်လို့ သူသာ ပါရမီရှိမယ်ဆိုရင် ရက်နည်းနည်းလေး အတွင်းမှာတင် ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်ပါတယ်”

​နေ့ရက်တစ်ရက်သည် တိတ်ဆိတ်စွာပင် ကုန်လွန်သွားခဲ့လေသည်။ ညဉ့်ဦးယံသို့ ရောက်သောအခါ လုံချန်းသည် အနားယူရန် ဆုံးဖြတ်လိုက်၏။ သူသည် မေနှင့် ကလေးငယ်တစ်ဦးနှင့်အတူ ရှိနေသဖြင့် တစ်ချိန်လုံး မပျံသန်းလိုချေ။ ထို့ပြင် နေဝါးမျိုလင်းယုန်ကိုလည်း အနားပေးလိုပြီး သူနှင့် မေတို့၏ အချိန်လေးကို ပျော်ရွှင်စွာ ကုန်လွန်စေလိုသောကြောင့် ဖြစ်လေသည်။

​သူတို့ မြေပြင်သို့ ဆင်းသက်ပြီးနောက် ရှား၏ အကူအညီဖြင့် တဲနှစ်လုံးကို ထိုးလိုက်၏။ သားရဲတစ်ကောင်ကို ဖမ်းဆီး၍ အသားကင်ပြုလုပ်ကာ သုံးဦးစလုံး အတူတကွ စားသောက်ကြကုန်၏။ စားသောက်ပြီးနောက် သူတို့သည် မိမိတို့၏ တဲများအတွင်းသို့ ဝင်ခဲ့ကြသည်။ ရှားမှာမူ ညဘက်တွင် ကင်းစောင့်ရန် တာဝန်ယူရပြန်လေသည်။

​မနက်ခင်းသို့ ရောက်သောအခါ လုံချန်းနှင့် မေတို့သည် အဝတ်အစားများ ဝတ်ဆင်၍ တဲအပြင်သို့ ထွက်လာကြပြီး သူတို့၏ ခရီးကို ပြန်လည် စတင်ခဲ့ကြပြန်၏။

​“ဟင်... ကျင့်ကြံတာ ဒုတိယမြောက်နေ့မှာတင် သူဟာ ခန္ဓာကိုယ် ကျစ်လျစ်ခြင်း အဆင့်တစ်ကို ရောက်သွားတာလား။ သူဟာ လုံးဝ အခြေခံမရှိတဲ့သူဆိုတော့ ဒီအဆင့်ကို ရောက်ဖို့ အချိန်ပိုကြာသင့်တာ။ ဒါကို သူက အလျင်အမြန် ရောက်သွားတာပဲ။ ဒီကောင်လေးဟာ တကယ့်ကို ပါရမီထူးတာပဲ”

​လုံချန်းသည် အဆင့်တက်သွားသော သူ၏ဘေးမှ ကောင်လေးကို ကြည့်ကာ ချီးကျူးလိုက်မိ၏။

​“ဒီအထူး ခန္ဓာကိုယ် ရှိတာဟာ တကယ့်ကို မနာလိုစရာပဲ” သူက ပြုံးလျက် ရေရွတ်လိုက်သည်။ ထိုစဉ် သူ၏ ပခုံးပေါ်သို့ လက်တစ်ဖက် လာရောက် ထိတွေ့သည်ကို ခံစားလိုက်ရ၏။ သူ၏ ဘယ်ဘက်သို့ ကြည့်လိုက်သောအခါ ရွှင်း ထိုင်နေသည်ကို တွေ့လိုက်ရလေသည်။

​“စိတ်မပူပါနဲ့။ ဘယ်လို အထူး ခန္ဓာကိုယ် မျိုးပဲ ဖြစ်ဖြစ် စစ်မှန်တဲ့ စွမ်းအားရှေ့မှာတော့ ရှုံးနိမ့်ရမှာပါပဲ။ နင့်မှာ ရှိတဲ့ အစွမ်းအစနဲ့ဆိုရင် ဘယ်အထူး ခန္ဓာကိုယ်နဲ့မှ မနှိုင်းယှဉ်နိုင်တဲ့ အဆင့်ကို ရောက်နိုင်ပါတယ်။ ပြီးတော့ သူက ကလေးပဲ ရှိသေးတာပါ။ တကယ်လို့ ဒီကလေးကို နင့်အပေါ် သံယောဇဉ် တွယ်အောင် လုပ်နိုင်ရင် သူဟာ နင့်အတွက် တကယ့်ကို အားကိုးရတဲ့ လက်နက်တစ်လက် ဖြစ်လာမှာပါ” ရွှင်းက ပြုံးလျက် ပြောဆိုလိုက်၏။

​လုံချန်းကမူ ပြန်လည် မပြောဆိုဘဲ သူမအား စိုက်ကြည့်နေမိသည်။

​‘ငါ နင့်ကို အစောကြီးကတည်းက ပြောပြထားတဲ့ ငါ့ရဲ့ အစီအစဉ်ကိုပဲ ငါ့ကို ပြန်ပြောပြနေတာလား’ သူက ပြုံးလျက် မေးမြန်းလိုက်၏။

​“ဟင်း... လူတော်တွေက အတွေးတူတတ်ကြတာပဲ မဟုတ်ဘူးလား”ရွှင်းက နှာခေါင်းရှုံ့လျက် ပြောဆိုပြီးနောက် ပျောက်ကွယ်သွားတော့၏။

​နေ့ရက်များသည် တရွေ့ရွေ့ ကုန်လွန်ခဲ့ရာမှ လပေါင်းများစွာသို့ ရောက်ရှိလာခဲ့လေသည်။ လုံချန်းသည် မေကို ခေါ်ထုတ်ခဲ့သည်မှာ နှစ်လပင် ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။

​ယခုအခါ သူနှင့်အတူ လိုက်ပါလာသူမှာ ကျိချင်း ဖြစ်ပြီး သူမ၏ အလှည့်မှာလည်း နောက်ဆုံးနေ့သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

​“ကျီရှန်ဆီကို ရောက်ဖို့ ဘယ်လောက်ကြာဦးမှာလဲဟင်။ သူ့ကို မတွေ့ရတာ တစ်နှစ်ကျော်နေပြီ၊ ဒီတိုက်ကြီးကို ရောက်လာတာလည်း ဆယ်လနီးပါး ရှိနေပြီလေ” ကျိချင်းက မေးမြန်းလိုက်၏။ သူတို့ ခရီးသွားလာခဲ့သည်မှာ အလွန်ကြာမြင့်ခဲ့ပြီး နိုင်ငံပေါင်းများစွာကို ကျော်ဖြတ်ခဲ့သော်လည်း ကျီရှန်ဆီသို့ မရောက်နိုင်သေးသောကြောင့် သူမက စူးစမ်းခြင်း ဖြစ်လေသည်။

​“ဘယ်လောက်ကြာဦးမလဲဆိုတာ ငါလည်း မသိဘူး။ ဒီအဆောင်က တခြားအဆောင် ရှိတဲ့ဘက်ကိုပဲ ညွှန်ပြတာလေ၊ အကွာအဝေးကိုတော့ မပြဘူး” လုံချန်းက ပြုံးလျက် ပြန်လည် ဖြေကြားလိုက်၏။

​“ဟင်း... ဒီလိုဆိုရင်တော့ သူ့ရဲ့ မင်္ဂလာဆောင်တင် မကဘူး၊ သူ့ရဲ့ မြေးတွေ မင်္ဂလာဆောင်တဲ့ အချိန်ကျမှပဲ ငါတို့ ရောက်တော့မလား မသိဘူးနော်” ကျိချင်းက နောက်ပြောင်လိုက်လေသည်။

​သူမသည် လုံချန်း၏ ရင်ခွင်ထဲ၌ ထိုင်နေပြီး လုံချန်းက သူမကို နောက်ကနေ ပွေ့ဖက်ထားလေသည်။

​“သူ့မြေးတွေရဲ့ မင်္ဂလာဆောင်ကို တက်ရတာလည်း မဆိုးပါဘူး” လုံချန်းက ရယ်မောလျက် ဆို၏။

​သူသည် မျက်လုံးများကို မှိတ်၍ ကျင့်ကြံခြင်း၌ နစ်မျောနေသော ရှုလျန်အား လှမ်းကြည့်လိုက်သည်။ ရှုလျန်သည် သူ၏ အဘွားဖြစ်သူ မျှော်လင့်သည့်အတိုင်း အလျင်အမြန် အစွမ်းထက်လာစေရန်နှင့် သူမထံသို့ အမြန်ဆုံး ပြန်နိုင်ရန်အတွက် ကျင့်ကြံခြင်း၌ ပိုမို ကြိုးစား အားထုတ် နေတော့သည်။

အခန်း (၈၁၂) သူ ဤနေရာတွင် ရှိသည်

‘ဒီကလေးကို ကြည့်ပြီး ငါ တကယ်ပဲ အံ့သြမိတယ်။ နှစ်လအတွင်းမှာတင် သူဟာ နှစ်နှစ်စာလောက် ကြီးထွားလာခဲ့ပြီ။ အခုဆိုရင် သူဟာ အသက် ၁၂ နှစ်၊ ၁၃ နှစ်အရွယ် ကောင်လေးတစ်ယောက်လို ဖြစ်နေပြီပဲ။ ဒီလောက် မြန်ဆန်တဲ့ ကြီးထွားမှုဟာ သူ့ရဲ့ အထူး ခန္ဓာကိုယ် ကြောင့်ပဲလား။ တကယ့်ကို ထူးဆန်းတဲ့ ခန္ဓာကိုယ်ပါပဲ။ သူ့ရဲ့ ကျင့်ကြံခြင်း အရှိန်အဟုန်ကို မြှင့်တင်ပေးသလို မြို့တစ်မြို့လုံးကို ဖျက်ဆီးပစ်နိုင်တဲ့ လျှို့ဝှက်ဆန်းပြားတဲ့ စွမ်းအားကိုလည်း ပေးစွမ်းတယ်၊ ပြီးတော့ ကြီးထွားမှုကိုလည်း မြန်ဆန်စေတာပဲ’ လုံချန်းက ရှုလျန်ကို ကြည့်ရင်း တွေးတောနေမိ၏။

​သူနှင့် ဤကလေး၏ သွေးချင်းဆက်နွှယ်မှုမှာ မည်သို့ရှိသည်ကိုလည်း သူ စဉ်းစားနေမိဆဲ ဖြစ်သည်။ အတူတူ နေထိုင်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သူ၏ သွေးသားတို့မှာ လုံးဝ ငြိမ်သက်သွားခြင်း မရှိသေးချေ။ သို့ရာတွင် ယင်းမှာ သူ့အတွက် အနှောင့်အယှက် ဖြစ်စေသည်မဟုတ်ဘဲ ထိုသို့ လှုံ့ဆော်ခံထားရသည့်အတွက် သူ၏ ခန္ဓာကိုယ်ထဲသို့ ပိုမိုပြင်းပြသော စွမ်းအားများ စီးဝင်လာသကဲ့သို့ ခံစားနေရခြင်း ဖြစ်လေသည်။

​သူသည် မိမိ၏ အဆောင်ကို တစ်ချက်ကြည့်လိုက်ရာ ယခင်အတိုင်းပင် ဦးတည်ချက်တစ်ခုကို ပြသနေ၏။ သို့ရာတွင် သူ ကြည့်လိုက်သည့် ခဏမှာပင် အဆောင်၏ မြားမှာ ရုတ်တရက် ဦးတည်ချက် ပြောင်းလဲသွားလေသည်။

​“ဘာ... ဘာဖြစ်တာလဲ။ အဆောင်က ဦးတည်ချက် ပြောင်းသွားပြီ။ စောစောက တောင်ဘက်ကို ပြနေတာ၊ အခု မြောက်ဘက်ကို ပြနေတယ်။ ဒါဆို ငါတို့ ကျီရှန်ကို ကျော်လာခဲ့တာပေါ့။ သူ ဒီနေရာမှာ ရှိနေပြီပဲ” လုံချန်းက အာမေဍိတ်သံဖြင့် ဆိုကာ နေဝါးမျိုလင်းယုန်ကို ရပ်တန့်ခိုင်းလိုက်လေသည်။

​“အို... ဒါဆို သူက ဒီမြို့ထဲမှာ ရှိနေတာလား။ ဒီလောက် ကြာကြာ ရှာခဲ့ရပြီးမှ နောက်ဆုံးတော့ သူ့ကို တွေ့ပြီပေါ့။ သွားကြစမ်း၊ အဲဒီလူကို အံ့သြသွားအောင် လုပ်ရမယ်” ကျိချင်းက မြို့ထဲသို့ ငုံ့ကြည့်ရင်း စိတ်လှုပ်ရှားစွာ ဆို၏။

​ရှုလျန်သည်လည်း ကျင့်ကြံခြင်းကို ရပ်တန့်ကာ မျက်လုံးများကို ဖွင့်လိုက်လေသည်။

​“ကျွန်တော် အဆင့်တစ်ခု ထပ်တက်သွားပြီ။ အခုဆိုရင် ကျွန်တော်ဟာ ခန္ဓာကိုယ် ကျစ်လျစ်ခြင်း အဆင့် ၈ ကို ရောက်သွားပြီ အစ်ကိုကြီး” သူက လုံချန်းအား အကြောင်းကြား၏။

​“ဂုဏ်ယူပါတယ် လျန်အာ။ မင်းဟာ အရင်အတိုင်းပဲ အရှိန်အဟုန် မြန်မြန်နဲ့ တိုးတက်နေတာပဲ” လုံချန်းက ချီးကျူးလိုက်သော်လည်း သူ၏ အာရုံမှာ မြို့ထဲသို့သာ ရောက်ရှိနေ၏။

​“ဟိုအောက်မှာ အရေးကြီးတာ တစ်ခုခု ရှိလို့လား။ နှစ်ယောက်လုံး အောက်ကိုပဲ ငုံ့ကြည့်နေကြလို့” ရှုလျန်က နားမလည်နိုင်စွာ မေးမြန်းလေသည်။

​“ငါ့ရဲ့ သူငယ်ချင်းအကြောင်း ငါ မင်းကို ပြောဖူးတယ် မဟုတ်လား။ သူဟာ ဒီမြို့ထဲမှာ ရှိနေတယ်” လုံချန်းက ဖြေကြားကာ လင်းယုန်ကို မြေပြင်သို့ ဆင်းသက်ခိုင်းလိုက်လေသည်။

​သူတို့ မြေပြင်သို့ ရောက်သောအခါ လုံချန်းသည် လင်းယုန်ကို သားရဲလောကအတွင်းသို့ ပြန်လည် ပို့ဆောင်လိုက်၏။ သူသည် အဆောင်က ဦးတည်ချက် ပြောင်းသွားသည့်နေရာအထိ လမ်းလျှောက်လာရာ အဆောင်မှာ အနီးအနားရှိ အဆောက်အအုံတစ်ခုကို ညွှန်ပြနေသည်ကို တွေ့ရလေသည်။

​လုံချန်းသည် အခြားနှစ်ဦးကို ခေါ်ဆောင်၍ ထိုအဆောက်အအုံအတွင်းသို့ ဝင်ရောက်ခဲ့၏။ သို့ရာတွင် အတွင်းသို့ ရောက်သောအခါ သူ လုံးဝ မျှော်လင့်မထားသော မြင်ကွင်းကြောင့် သူ၏ မျက်နှာမှာ မှိုင်ကျသွားတော့သည်။ ဤနေရာသည် မည်ကဲ့သို့သော နေရာဖြစ်သည်ကို သူ ရိပ်မိသွားသောကြောင့် ဖြစ်လေသည်။

​“သူက ဒီနေရာမှာ ရှိနေတာလား။ သူဟာ မိန်းမကောင်းတစ်ယောက်ကို ရှာပြီး ကောင်းမွန်တဲ့ ဘဝကို ထူထောင်နေလိမ့်မယ်လို့ ငါ ထင်ထားတာ။ ဒါပေမဲ့ သူက ဒီလို ညံ့ဖျင်းတဲ့ အလုပ်တွေကို လုပ်နေတာလား။ ငါ တကယ်ပဲ စိတ်ပျက်မိတယ်။ သူ ဒီကို ရောက်ပြီးတဲ့နောက် အတော်လေး ပြောင်းလဲသွားတာပဲ။ တကယ်လို့ သူက ဒီလိုဟာမျိုးကို လိုချင်တယ်ဆိုရင် သူ့ရဲ့ ကိုယ်ပိုင် အာဏာရှိတဲ့ နိုင်ငံမှာတင် လုပ်လို့ရတာပဲ မဟုတ်လား” ကျိချင်းက သက်ပြင်းချလျက် ဆို၏။ သူမ၏ မျက်နှာတွင် စိတ်ပျက်မှုများ ထင်ဟပ်နေပြီး ရှုလျန်၏ မျက်လုံးများကို လက်ဖြင့် ကွယ်ထားလိုက်လေသည်။

​“ကျိချင်း... နင် ဒီကလေးနဲ့ အပြင်မှာ ခဏစောင့်နေပါ။ ငါ ကျီရှန်ကို ခေါ်ပြီး ချက်ချင်း ပြန်ထွက်လာခဲ့မယ်” လုံချန်းက လက်ဝှေ့ယမ်းလျက် ဆို၏။

​“ကောင်းပါပြီ။ သူ့ကို မြန်မြန် ခေါ်ထုတ်လာခဲ့ပါ။ ငါ သူ့ကို ကောင်းကောင်း ဆုံးမရဦးမယ်” ထိုသို့ ဆိုကာ ကျိချင်းသည် ရှုလျန်ကို ခေါ်ဆောင်၍ အပြင်သို့ ထွက်သွားလေတော့သည်။

​သူတို့ ထွက်သွားပြီးနောက် လုံချန်းသည် ထိုနေရာ၏ အထဲသို့ ပို၍ နက်ရှိုင်းစွာ ဝင်ရောက်လာခဲ့၏။ အတွင်းဘက်ရှိ နံရံများမှာ ဟောင်းနွမ်းနေပြီး ဆေးများမှာလည်း နေရာအနှံ့ ကွာကျလျက် ရှိသည်။ နံရံများတွင် အက်ကြောင်းများ ရှိနေသကဲ့သို့ အနံ့အသက်မှာလည်း မကောင်းမွန်လှပါချေ။

​နံရံများတစ်လျှောက်တွင် အဝတ်အစား တစ်စုံတစ်ရာ ဝတ်ဆင်ထားခြင်း မရှိသော အမျိုးသမီးများ၏ ပုံတူပန်းချီကားများကို ချိတ်ဆွဲထား၏။ ပုံတူရှိ အမျိုးသမီးများမှာ မိမိတို့၏ အရေးကြီးသော နေရာများကို လက်ဖြင့် ဖုံးကွယ်ထားကြကုန်၏။ ခန်းမထဲတွင် ကုလားထိုင်ပေါ်၌ ထိုင်နေသော ဝဝဖိုင့်ဖိုင့် အဘွားကြီးတစ်ဦးမှအပ မည်သူမျှ မရှိပါချေ။

​ထိုအဘွားကြီး၏ နောက်ကွယ်တွင်မူ အထက်ထပ်သို့ တက်ရန် လှေကားတစ်ခု ရှိလေသည်။

​လုံချန်းသည် ထိုအမျိုးသမီးကြီးဆီသို့ လျှောက်သွား၏။ သူ၏ အဆောင်မှာ ရှေ့နောက် ယိမ်းခါနေသည်မှာ ကျီရှန်သည် သူ၏ အပေါ်တည့်တည့်ရှိ အထက်ထပ်တွင် ရှိနေကြောင်း သေချာစေလေသည်။

​‘ဒီအဘွားကြီးဟာ မြေကမ္ဘာနယ်ပယ်ရဲ့ အထွတ်အထိပ် အဆင့်မှာ ရှိနေတာပဲ။ မဆိုးပါဘူး။ ငါ တိုက်ကြီးရဲ့ အဓိက နယ်မြေကို ပြန်ရောက်လာပြီ ထင်တယ်’ လုံချန်းက ရေရွတ်ရင်း ထိုအမျိုးသမီးကြီးထံသို့ လျှောက်သွားလိုက်၏။

​“ဘယ်မိန်းကလေးကို လိုချင်လို့လဲ” လုံချန်း အနားသို့ ရောက်သည်နှင့် ထိုအမျိုးသမီးကြီးက မေးမြန်းလိုက်လေသည်။

​“ဗျာ...”

​“နင်က ဒီနေရာရဲ့ လုပ်ထုံးလုပ်နည်းကို မသိဘဲ လာတာလား။ ဒီကို လာတာနဲ့ မိန်းကလေးတစ်ယောက်က နင်ကို ချက်ချင်း လာပြုစုမယ်လို့ ထင်နေတာလား။ ငါတို့က ငါတို့ရဲ့ ဖောက်သည်တွေကို စိတ်ကျေနပ်အောင် မိန်းကလေးတွေကို စနစ်တကျ စီစဉ်ပေးရတာလေ။ နံရံက ပုံတွေကို ကြည့်လိုက်စမ်း။ အဲဒါတွေက ဒီမှာ အလုပ်လုပ်တဲ့ မိန်းကလေးတွေပဲ။ တစ်ယောက်ယောက်ကို ရွေးပြီး ရွှေဒင်္ဂါးပေးချေလိုက်။ ငါ နင့်ကို အဲဒီမိန်းကလေးရဲ့ အခန်းဆီ ခေါ်သွားပေးမယ်”ထိုအမျိုးသမီးက မျက်မှောင်ကြုတ်လျက် ဆို၏။

​လုံချန်းသည် ပတ်ဝန်းကျင်ရှိ ပုံတူများကို ကြည့်လိုက်သည်။

​“ခင်ဗျားရဲ့ မိန်းကလေးတွေက မဆိုးပါဘူး။ ဒါပေမဲ့ ကျွန်တော်က မိန်းကလေးတွေအတွက် လာတာ မဟုတ်ဘူး။ ကျွန်တော့် သူငယ်ချင်းတစ်ယောက် ဒီမှာ ရှိနေတယ်။ သူ့ကို လာရှာတာပါ။ တွေ့ပြီးရင် ကျွန်တော် ချက်ချင်း ပြန်ထွက်သွားမှာပါ” လုံချန်းက ခေါင်းခါလျက် ဆို၏။

​“ဟင်း... နင်က ငါ့ကို အရူးမှတ်နေတာလား။ နင့်သူငယ်ချင်းက ဒီမှာ ရှိနေတယ်ဆိုရင် သူဟာ သူ့အတွက် အချိန်ပေးချေပြီးသား ဖြစ်ရမယ်။ လူတစ်ယောက်စာ ဈေးနှုန်းနဲ့ နှစ်ယောက် လာသုံးစွဲလို့ မရဘူး။ ပြီးတော့ မိန်းကလေး တစ်ယောက်ဆီမှာ ယောကျ်ား နှစ်ယောက် မရှိရဘူးဆိုတဲ့ စည်းကမ်းလည်း ငါတို့မှာ ရှိတယ်။ အပေါ်တက်ချင်ရင်တော့ တခြားမိန်းကလေးတစ်ယောက်ကို ရွေးပြီး ပိုက်ဆံပေးချေလိုက်ပါ” ထိုအမျိုးသမီးကြီးက လုံချန်းကို အပေါ်တက်ခွင့် မပြုဘဲ ခါးခါးသီးသီး ငြင်းဆိုလေသည်။

​“ဟူး...” လုံချန်းသည် ထိုအမျိုးသမီး၏ ခေါင်းမာမှုကြောင့် သက်ပြင်းချလိုက်မိ၏။ “ကောင်းပါပြီဗျာ။ ဘယ်လောက် ပေးရမှာလဲ။ ပထမဆုံး ပုံတူက မိန်းကလေးကိုပဲ ကျွန်တော် ရွေးလိုက်ပါ့မယ်”

​“နင် မျက်စိတော်တော် စူးရှတာပဲ။ အဲဒီမိန်းကလေးက တကယ့်ကို နာမည်ကြီးတာ။ နင် ကံကောင်းသွားတယ်။ သူ အခု အားနေတယ်လေ။ ရွှေဒင်္ဂါး နှစ်ပြား ပေးရမယ်”

​လုံချန်းသည် ရွှေဒင်္ဂါး နှစ်ပြားကို ထုတ်ပေးလိုက်သည်။ “အခု ကျွန်တော် အပေါ်တက်လို့ ရပြီလား” သူ မေးလိုက်၏။

​“ခဏစောင့်ဦး။ နင်ရွေးလိုက်တဲ့ မိန်းကလေးက နင့်ကို လာခေါ်လိမ့်မယ်။ နင့်ဘာသာနင် တက်သွားလို့ တခြားလူတွေ ရှိနေတဲ့ အခန်းထဲကို မှားဝင်သွားရင် မကောင်းဘူးလေ” ထိုအမျိုးသမီးကြီးက ရယ်မောလျက် ဆို၏။

​သူမသည် ပထမဆုံး ပုံတူဆီသို့ လက်ညှိုးညွှန်လိုက်ရာ အလင်းတန်းလေးတစ်တန်း ထွက်ပေါ်လာပြီး ပုံတူကို သွားရောက် ထိမှန်လေသည်။ “သူ ခဏနေရင် ဆင်းလာလိမ့်မယ်” သူမက ဆို၏။

​လုံချန်းမှာ စိတ်မရှည်သော်လည်း မိမိ သူငယ်ချင်းကို လာရှာရင်း ပြဿနာ မဖြစ်လိုသောကြောင့်သာ ခေါင်းညိတ်၍ စောင့်ဆိုင်းနေလိုက်လေသည်။

​တစ်မိနစ်ခန့် ကြာပြီးနောက်တွင် ဆံပင်ရွှေရောင်နှင့် အမျိုးသမီးတစ်ဦး လှေကားပေါ်မှ ဆင်းလာခဲ့၏။ သူမသည် ပေါင်လယ်ခန့်သာရှိသော အဝတ်အစား တိုတိုလေးကို ဝတ်ဆင်ထားပြီး ယင်းမှာ သူမ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် ရင်သားတို့ကို ပိုမို ပေါ်လွင်စေလေသည်။

​ထိုအမျိုးသမီးသည် ခန်းမထဲတွင် လုံချန်း တစ်ဦးတည်းသာ ရှိနေသဖြင့် သူသည် မိမိ၏ ဖောက်သည်ဖြစ်ကြောင်း သိရှိသွား၏။ သူမသည် လုံချန်း၏ အနားသို့ တိုးကပ်လာပြီး သူ၏ လက်မောင်းကို ရင်းနှီးစွာ ပွေ့ဖက်လိုက်လေသည်။

​“သွားကြရအောင်လေ မောင်” ထိုသို့ ဆိုကာ ထိုအမျိုးသမီးသည် လုံချန်းအား အထက်ထပ်သို့ ခေါ်ဆောင်သွားတော့၏။

​‘ဒီနေရာက မိန်းကလေးတွေကလည်း မဆိုးလှပါဘူး။ ကျီရှန်လို လူမျိုး ဘာကြောင့် ဒီမှာ နစ်မျောနေရသလဲဆိုတာ ငါ နားလည်သွားပြီ’ လုံချန်းက တွေးတောရင်း လှေကားပေါ်သို့ တက်လာခဲ့၏။ သူ၏ နောက်လက်တစ်ဖက်တွင်မူ အဆောင်ကို ကိုင်ဆောင်ထားလေသည်။

​ထိုအမျိုးသမီးသည် သူ့ကို ပထမထပ်ရှိ အခန်းတစ်ခန်း၏ ရှေ့သို့ ခေါ်ဆောင်လာ၏။

​“ဒါ မောင့်အတွက် အခန်းပဲ။ အထဲကို မဝင်ဘူးလား မောင်ရယ်” ထိုအမျိုးသမီးက မေးမြန်းလိုက်သော်လည်း လုံချန်းမှာမူ လှုပ်ရှားခြင်း မရှိပါချေ။

​လုံချန်းသည် လက်ဖွဲ့ပေါ်ရှိ မြားလေးမှာ အပေါ်ထပ်သို့ ညွှန်ပြနေသည်ကို ကြည့်လိုက်သည်။

​“ဒီအထပ် မဟုတ်ဘူး။ သူက အပေါ်ထပ်မှာ ရှိနေတာ” သူ ရေရွတ်ကာ လှေကားဆီသို့ ပြန်လည် လျှောက်လှမ်းခဲ့လေသည်။

​“ဟေ့... မောင် ဘယ်ကို သွားမလို့လဲ” ထိုအမျိုးသမီးက လုံချန်းအား လှမ်း၍ ခေါ်လိုက်၏။

​“အထဲမှာ ငါ့ကို ခဏစောင့်နေပါ။ ငါ အပေါ်ထပ်က သူငယ်ချင်းဟောင်း တစ်ယောက်ကို နှုတ်ဆက်ပြီးတာနဲ့ ချက်ချင်း ပြန်ဆင်းလာခဲ့မယ်” လုံချန်းက လက်ဝှေ့ယမ်းပြလျက် ပြောဆိုလိုက်၏။

​“ဒီမှာ လျှောက်သွားလို့ မရဘူးလေ” သူမက တားဆီးရန် ကြိုးစားသော်လည်း လုံချန်းကမူ ဂရုမစိုက်ဘဲ ဆက်လက် သွားနေသဖြင့် “ထားလိုက်ပါတော့လေ... သူငယ်ချင်းကို ခဏ နှုတ်ဆက်ရုံဆိုရင်တော့ ကိစ္စမရှိလောက်ပါဘူး” သူမက တွေးတောကျန်ရစ်ခဲ့၏။

​လုံချန်းသည် အပေါ်ထပ်သို့ တက်လာခဲ့လေသည်။

​“အဆောင်က ဒီအခန်းကို ပြနေတာပဲ။ ဒါဆို ဒီလူက ဒီမှာ ပျော်ပါးနေတာပေါ့။ ဒီနေ့တော့ ငါ့ဆီက ဆူပူတာကို ကောင်းကောင်းကြီး ခံရတော့မယ်” လုံချန်းက ရေရွတ်လိုက်ရင်း အခန်းတံခါးကို ခေါက်လိုက်တော့သည်။

All Chapters