အခန်း (၈၁၃-၈၁၄)
Vol. 81 Ch. 813-814
အခန်း (၈၁၃) ပြန်ပေးဆွဲခံရသော သမီးပျို
လုံချန်းသည် တံခါးကိုဖွင့်ရန် လက်လှမ်းလိုက်သော်လည်း အတွင်းမှ ဂျက်ထိုးပိတ်ထားသည်ကို တွေ့လိုက်ရ၏။ သူသည် တံခါးကို ကန်ကျောက်ဖွင့်လှစ်လိုသော စိတ်အား အနိုင်နိုင်ထိန်းချုပ်ကာ တံခါးကိုသာ ခေါက်လိုက်လေသည်။
“ဘယ်သူလဲကွ။ သွားစမ်း။ ငါ့အချိန် မကုန်သေးဘူး”
‘ယောကျ်ားတစ်ယောက်ရဲ့ အသံပဲ။ ဒါပေမဲ့ ကျီရှန်ရဲ့ အသံတော့ မဟုတ်ဘူး။ အထဲမှာ တခြားတစ်ယောက် ရှိနေတာလား။ အောက်ထပ်က အမျိုးသမီးပြောတာတော့ အခန်းထဲမှာ ယောကျ်ားတစ်ယောက်ပဲ ရှိရမယ်ဆို။ ဘာလို့ တခြားလူ ရောက်နေတာလဲ။ အဆောင်ကတော့ ဒီအခန်းကိုပဲ အသေအချာ ညွှန်ပြနေတာပဲ’
လုံချန်းသည် အတွင်းမှ အသံကို ကြားရသောအခါ ဇဝေဇဝါ ဖြစ်သွား၏။
“တစ်ခုခုတော့ မှားနေပြီ” သူက ရေရွတ်လိုက်ပြီးနောက် ဆက်လက်၍ စောင့်ဆိုင်းမနေတော့ချေ။
သူသည် နောက်သို့ အနည်းငယ်ဆုတ်ကာ ညာဘက်ခြေထောက်ကို မြှောက်၍ တံခါးအား ကန်ချလိုက်လေသည်။
တံခါးမှာ ပွင့်ထွက်သွားပြီး အတွင်း၌ အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦး၏ အပေါ်တွင် ရောက်ရှိနေကာ သူ၏ လုပ်ငန်းဆောင်တာများကို ဆက်လက်လုပ်ဆောင်နေသည့် မြင်ကွင်းအား တွေ့လိုက်ရ၏။ တံခါးပွင့်သွားသည့် အသံကြောင့် ထိုအမျိုးသားသည် နောက်သို့ လှည့်ကြည့်လိုက်လေသည်။
“မင်းက ဘယ်သူလဲ။ နောက်တစ်လှည့်က မင်းလား။ မင်း မစောင့်နိုင်ဘူးလား။ ပန်းပွင့်ဆောင်မှာ မင်းက ဒီလို လာပြီး ဆူပူချင်တာလား။ အဘွားကြီးက သူ့ပစ္စည်းတွေကို ဖျက်ဆီးတဲ့သူကို ဒီအတိုင်း လွှတ်ထားမယ်လို့ မင်းထင်နေတာလား။ အခုတော့ လိမ္မာတဲ့ ကောင်လေးလိုပဲ ငါပြီးတဲ့အထိ စောင့်နေလိုက်စမ်း။ အဲဒီကျမှ သေခြင်းတရားရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို ငါ မင်းကို သင်ပေးမယ်” ထိုအမျိုးသားက လုံချန်းအား သတိပေးလိုက်သော်လည်း သူ၏ လှုပ်ရှားမှုများကိုမူ ရပ်တန့်ခြင်း မရှိချေ။
လုံချန်းသည် ထိုအမျိုးသားကို လျစ်လျူရှုကာ အခန်းအတွင်းသို့ ဝင်ရောက်ခဲ့၏။ သူသည် ကျီရှန်အား ပေးထားသော အဆောင်ကို ရှာဖွေရန် အဆောင်ညွှန်ပြရာ ဦးတည်ချက်အတိုင်း လိုက်ပါသွားလေသည်။
“ကျီရှန်... မင်း ဘယ်မှာလဲ” သူက ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း လှမ်း၍ ခေါ်လိုက်၏။
သူသည် ရှေ့တွင် ပြန့်ကျဲနေသော ဘောင်းဘီကို ကောက်ယူလိုက်သည်။ “ဒီအဝတ်အစားတွေဆီကို အဆောင်က ညွှန်ပြနေတာပဲ။ ဒါဆို ဒီထဲမှာ ရှိရမယ်။ ကျီရှန်က သူ့ဘောင်းဘီကို ဒီမှာ ထားခဲ့တာလား။ သူက ဘောင်းဘီမပါဘဲ အပြင်ထွက်သွားတာတော့ မဖြစ်နိုင်ပါဘူး။ ဒါ သူ့အဝတ်အစားတွေ မဟုတ်လောက်ဘူး” လုံချန်းက ဆိုကာ ထိုအဝတ်အစားများမှာ ကျီရှန်၏ ဥစ္စာဖြစ်မည်ကို မယုံကြည်နိုင်ဘဲ ခေါင်းခါလိုက်၏။
“ဒါ မင်းရဲ့ အဝတ်အစားတွေလား” သူက အမျိုးသမီးအပေါ် အာရုံရောက်နေသော ထိုအမျိုးသားကို လှမ်း၍ မေးလိုက်သည်။
ထိုအမျိုးသားသည် ဘေးသို့ လှည့်ကြည့်လိုက်သောအခါ လုံချန်းက သူ၏ ဘောင်းဘီကို ကိုင်ထားသည်အား တွေ့လိုက်ရလေသည်။
“မင်း... ဒါ ဘာလုပ်တာလဲ။ ငါ့အဝတ်အစားတွေကို ဘာလို့ လာနှိုက်နေတာလဲ” ထိုအမျိုးသားက ဟိန်းဟောက်ကာ ကုတင်ပေါ်မှ ဆင်း၍ မတ်တပ်ရပ်လိုက်၏။
“ဒါ မင်းအဝတ်အစားတွေ ဟုတ်လား” လုံချန်းသည် ထိုစကားကို ကြားသည်နှင့် သူ၏ နေရာမှ ပျောက်ကွယ်သွားပြီး ထိုအမျိုးသား၏ ရှေ့တွင် ရုတ်တရက် ပေါ်လာကာ သူ၏ လည်ပင်းကို ဖမ်းဆုပ်လိုက်လေသည်။
သူသည် ထိုအမျိုးသား၏ လည်ပင်းကို ကိုင်မြှောက်ထားလျက် လေပေါ်သို့ ဆွဲတင်လိုက်၏။
“ဒီအဆောင်က မင်းအဝတ်အစားထဲမှာ ဘာလာလုပ်နေတာလဲ။ ကျီရှန် ဘယ်မှာလဲ” သူက ဟိန်းဟောက်ကာ လက်ကို ပိုမို တင်းကျပ်လိုက်လေသည်။
“ငါ့ရဲ့ ခန်းဆောင်မှာ ဘယ်သူက ဒီလို လာပြီး ဆူပူနေတာလဲ။ နင်က ငါ့ရဲ့ စည်းကမ်းကို ဖောက်ဖျက်ပြီး တခြားအခန်းထဲကို ဝင်ရုံတင်မကဘူး၊ ငါ့ရဲ့ ဖောက်သည်ကိုပါ ရန်ပြုနေတာလား”
အမျိုးသမီးတစ်ဦး၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာ၏။
လုံချန်း၏ လက်ထဲ၌ ရောက်နေသော ထိုအမျိုးသားသည် ဘေးသို့ ကြည့်လိုက်သောအခါ အောက်ထပ်တွင် ထိုင်၍ ပိုက်ဆံသိမ်းလေ့ရှိသော ဝဝဖိုင့်ဖိုင့် အဘွားကြီးကို တွေ့လိုက်ရလေသည်။
“အ... အရှင်မ... ဒီ... ဒီလူကို တားပေးပါဦး။ သူ ရူးနေပြီ” ထိုအမျိုးသားက အသနားခံလိုက်၏။
“မင်း စကားပြောနိုင်သေးရင် ငါ့ကို ဖြေစမ်း။ ဒီအဆောင်ကို ကိုင်ထားတဲ့လူ ဘယ်မှာလဲ။ ငါ့သူငယ်ချင်း ဘယ်မှာလဲ” လုံချန်းသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ ထိန်းချုပ်၍မရသော သတ်ဖြတ်ခြင်း အရှိန်အဝါများကို ထုတ်လွှတ်လိုက်လေသည်။
ထိုအဘွားကြီးသည် အခန်းအပြင်ဘက်တွင် ရပ်နေသော်လည်း အေးစိမ့်လှသော အရှိန်အဝါကို ခံစားနေရဆဲ ဖြစ်၏။
“ဒီအရှိန်အဝါ၊ ဒီသတ်ဖြတ်လိုတဲ့ အရှိန်အဝါအရဆိုရင် နင်ဟာ လူပေါင်းများစွာကို သတ်ခဲ့ဖူးတာပဲ။ နင့်လို မိစ္ဆာတစ်ယောက်က ငါ့ရဲ့ ပန်းပွင့်ဆောင်ကို လာပြီး ငါ့ကို လျစ်လျူရှုရဲတယ်ပေါ့။ သေပေတော့” ထိုအဘွားကြီးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ လုံချန်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာ၏။ သို့ရာတွင် သူမသည် လုံချန်း၏ အနားသို့ပင် မရောက်နိုင်မီမှာပင် သူမ၏ ခေါင်းပြတ်နေသော ခန္ဓာကိုယ်ကြီးမှာ ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။
လုံချန်း၏ ဓားပျံသည် ထိုအမျိုးသမီး၏ လည်ပင်းကို ဖြတ်တောက်ပြီးနောက် သူ၏ထံသို့ ပြန်လည် ရောက်ရှိလာ၏။
ထိုအမျိုးသားသည် အဘွားကြီးက လုံချန်းကို သတ်နိုင်လိမ့်မည်ဟု မျှော်လင့်ချက် အနည်းငယ် ရှိနေသေးသော်လည်း ပျံသန်းနေသော ဓားက ထိုအဘွားကြီးကို အရာမသွင်းဘဲ လည်ပင်းဖြတ်လိုက်သည်ကို မြင်လိုက်ရသောအခါ သူ၏ မျှော်လင့်ချက်များ အားလုံး ပျောက်ဆုံးသွားတော့သည်။
လုံချန်းသည် ထိုအမျိုးသားကို ကြမ်းပြင်ပေါ်သို့ ဆောင့်ချလိုက်ပြီး ဆိုသည်။ “ငါ့ကို ချက်ချင်းဖြေစမ်း”
ထိုအမျိုးသားသည် အရှိန်ပြင်းစွာ ဆောင့်ချခံရသဖြင့် အရိုးအချို့ ကျိုးသွားကာ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရလေသည်။
“ကျွန်... ကျွန်တော် အကုန်ပြောပါ့မယ်။ ဒါကို အကျဉ်းသားတစ်ယောက်ဆီက ရခဲ့တာပါ။ လှလို့ သိမ်းထားမိတာပါ။ ကျိန်ဆိုရဲပါတယ်၊ ဒါ အကုန်ပါပဲ။ အဲဒီလူက ခင်ဗျားသူငယ်ချင်းလား။ ကျွန်တော် သူ့အပေါ်မှာ ဘာရန်ငြိုးမှ မရှိပါဘူး။ ကျွန်တော် သူ့ကို လက်ဖျားနဲ့တောင် မထိခဲ့ပါဘူး။ တကယ်ပါ” ထိုအမျိုးသားက အဆောင်နှင့် ပတ်သက်သမျှ အားလုံးကို အော်ဟစ်ပြောဆိုလိုက်၏။
“အကျဉ်းသား ဟုတ်လား။ ကျီရှန်လား။ ငါ့ကို အကုန်ပြောစမ်း။ သူ ဘာဖြစ်သွားတာလဲ။ သူက ဘာလို့ အကျဉ်းသား ဖြစ်နေရတာလဲ” လုံချန်းက မေးမြန်းလိုက်၏။ သူသည် အလွန်ပင် အံ့အားသင့်နေမိသည်။
‘ကျီရှန်က ဘာလို့ ထောင်ထဲ ရောက်နေရတာလဲ။ သူက ဒီတိုက်ကြီးကို တရားဝင် လာခဲ့တာပဲ။ ခွင့်ပြုချက်တွေလည်း အားလုံး ရှိမှာပါ။ ပိုက်ဆံဆိုရင်လည်း ငါတို့ လမ်းခွဲတုန်းက ငါ သူ့ကို အများကြီး ပေးခဲ့တာပဲ။ ဒီလောက် ပိုက်ဆံတွေနဲ့ ကျီရှန်က ရာဇဝတ်မှု လမ်းပေါ်ကို လျှောက်မှာ မဟုတ်ဘူး။ သူ့မှာ ဘာတွေ ဖြစ်ခဲ့တာလဲ။ ဒီလူပဲ ငါ့ကို ပြောနိုင်တော့မယ်’ သူက တွေးတောရင်း ထိုအမျိုးသား စကားပြောရ လွယ်ကူစေရန် သူ၏ လည်ပင်းအား ညှစ်ထားသော ဖိအားကို အနည်းငယ် လျှော့ပေးလိုက်လေသည်။
ဝတ်လစ်စလစ်ဖြစ်နေသော အမျိုးသမီးမှာမူ ကုတင်ပေါ်တွင် ရှိနေဆဲ ဖြစ်ကာ အရာအားလုံးကို ကြည့်ရှုနေ၏။ သူမသည် စောင်ဖြင့် မိမိကိုယ်ကို ဖုံးကွယ်ထားသော်လည်း သူမ၏ အလုပ်ရှင် သေဆုံးသွားသည်အား တွေ့မြင်လိုက်ရသဖြင့် ကြောက်လန့်တုန်ရီနေမိသည်။
“မင်း သိသမျှ အကုန်ပြောစမ်း။ ငါ့မှာ စိတ်ရှည်သည်းခံမှု မရှိဘူးဆိုတာ မင်း သိထားသင့်တယ်”
“ကျွန်... ကျွန်တော် သိတာ အကုန်ပြောပါ့မယ်။ ကျွန်တော်က ရှဲ့မျိုးနွယ်စုရဲ့ အဆင့်နိမ့် အဖွဲ့ဝင်တစ်ယောက်ပါ။ ကျွန်တော် သိသလောက်ဆိုရင် လွန်ခဲ့တဲ့ ငါးလလောက်က မျိုးနွယ်စု အကြီးအကဲတွေဟာ ကျွန်တော်တို့ရဲ့ သမီးကြီးကို သူ သဘောမတူဘဲ ပြန်ပေးဆွဲတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူတစ်ယောက်ကို ဖမ်းမိခဲ့ကြတယ်။ သူ့ကို အကြီးအကျယ် ရိုက်နှက်ပြီး မျိုးနွယ်စုရဲ့ ထောင်ထဲမှာ ထည့်ထားလိုက်ကြတာ။ ကျွန်တော် မျိုးနွယ်စု အကျဉ်းထောင်မှာ ကင်းစောင့်နေတုန်း သူ့အဝတ်အစားတွေကို စစ်ဆေးကြည့်တော့ ဒီအဆောင်ကို တွေ့ခဲ့တာပါ။ လှလို့ ကျွန်တော် ယူထားမိတာပါ။ အဲဒါ ကျွန်တော် သိတာ အကုန်ပါပဲ” ထိုအမျိုးသားက လုံချန်းအား ရှင်းပြလေသည်။
ထိုရှင်းပြချက်ကို ကြားသောအခါ လုံချန်းသည် မျက်မှောင်ကြုတ်လိုက်မိ၏။ ဤဇာတ်လမ်းမှာ အဓိပ္ပာယ် မရှိလှချေ။ သူက အဘယ်ကြောင့် မိန်းကလေးတစ်ယောက်ကို သူမ၏ သဘောမတူဘဲ ပြန်ပေးဆွဲရမည်နည်း။
“မင်းတို့ မျိုးနွယ်စုရဲ့ သမီးကြီးကို ပြန်ပေးဆွဲတယ် ဟုတ်လား။ သူ့ရဲ့ အခြေအနေက ဘယ်လိုလဲ။ သူ ထိခိုက်ဒဏ်ရာ ရနေလား” လုံချန်းက စိုးရိမ်တကြီး မေးမြန်းလိုက်၏။
“သူ... သူက...” ထိုအမျိုးသားက တိုးညှင်းစွာ ရေရွတ်လိုက်သော်လည်း သူ၏ စကားကို ဆုံးအောင် မပြောဘဲ တုံ့ဆိုင်းနေလေသည်။
“ဖြေစမ်း” လုံချန်းက ဟိန်းဟောက်လိုက်ကာ သူ၏ ဘယ်ဘက်လက်တွင် ချီဓား တစ်လက်ကို ဖန်တီး၍ ထိုအမျိုးသား၏ လက်အား ထိုးစိုက်လိုက်လေသည်။
“အား...” ထိုအမျိုးသားသည် နာကျင်စွာ အော်ဟစ်လိုက်၏။ “နာလိုက်တာဗျာ”
“မင်း မဖြေရင် ဒါထက် ပိုပြီး နာရလိမ့်မယ်။ ငါပြောတာ ယုံလိုက်စမ်း။ ဒီနာကျင်မှုဟာ ဘာမှ မဟုတ်သေးဘူး” လုံချန်းက ထိုအမျိုးသားကို သတိပေးလိုက်၏။
“သူ... သူက အပြင်းအထန် ဒဏ်ရာရထားတာပါ။ သူ့ရဲ့ လက်တွေလည်း ဖြတ်တောက်ခံထားရတယ်။ ပြီးတော့ သူ ကျူးလွန်တဲ့ အပြစ်အတွက် သံကြိုးတွေနဲ့လည်း ချည်နှောင်ခံထားရတယ်။ သူ့ကို နေ့တိုင်းနီးပါး နှိပ်စက်နေကြတာ။ အနည်းဆုံးတော့ လွန်ခဲ့တဲ့ လပိုင်းတုန်းက ကျွန်တော် သူ့ကို နောက်ဆုံးတွေ့ခဲ့တုန်းက အခြေအနေပေါ့။ အဲဒီနောက်ပိုင်း ကျွန်တော် အဲဒီမှာ တာဝန်မကျတော့လို့ သူ့ရဲ့ လက်ရှိ အခြေအနေကိုတော့ မသိတော့ပါဘူး။ ကျွန်တော် သိတာကတော့ သူ အသက်ရှင်နေသေးတယ် ဆိုတာပါပဲ” ထိုအမျိုးသားက လုံချန်းအား ပြန်လည် ဖြေကြားလေသည်။
“သူ့လက်တွေ ဖြတ်တောက်ခံရပြီး နှိပ်စက်ခံနေရတယ် ဟုတ်လား။ မင်းတို့ မျိုးနွယ်စုရဲ့ အင်အားက ဘယ်လောက်ရှိလဲ” လုံချန်းက သူ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ရင်း မေးမြန်းလိုက်၏။ သူသည် သူ၏ အတွင်းစိတ်မှ ဒေါသများကို ယခင်ကထက် ပိုမို ထိန်းချုပ်နိုင်လာခဲ့ပြီ ဖြစ်လေသည်။
“ရှဲ့မျိုးနွယ်စုဟာ ဒီနိုင်ငံရဲ့ မျိုးနွယ်ကြီး ငါးခုထဲက တစ်ခုပါ။ သူတို့ရဲ့ အင်အားဟာ အရမ်းကြီးမားတယ်လို့ လူသိများပါတယ်။ မျိုးနွယ်စု ခေါင်းဆောင်ဟာ တန်ခိုးကြီးမားလှတဲ့ ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပါတယ်” ထိုအမျိုးသားက ရှင်းပြလေသည်။
“တကယ်လို့ ခင်ဗျား ကျွန်တော့်ကို ဘေးကင်းကင်းနဲ့ လွှတ်ပေးမယ်ဆိုရင် ခင်ဗျားအကြောင်းကို မျိုးနွယ်စုကို ဘာမှ မပြောဘူးလို့ ကျွန်တော် ကတိပေးပါတယ်။ နောက်တစ်ခါ အဲဒီမှာ တာဝန်ကျရင်လည်း အကျဉ်းသားအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးဖို့ ကျွန်တော် ကြိုးစားပါ့မယ်” သူက ဘေးကင်းစွာ လွတ်မြောက်နိုင်ရန်အတွက် နည်းလမ်းရှာ၍ အကြံပြုလိုက်လေတော့သည်။
အခန်း (၈၁၄) ဝှက်ဖဲ
“မင်းကို လွှတ်ပေးရမယ် ဟုတ်လား။ ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေတာနဲ့ မင်းက ငါ့ကို ခြိမ်းခြောက်လို့ ရမယ် ထင်နေတာလား။ ငါ့သူငယ်ချင်းကို သွားကယ်ဖို့ ငါ ဆုံးဖြတ်ပြီးပြီဆိုမှတော့ မျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် ရောက်မလာနိုင်ပါဘူး။ တကယ်လို့ သူကိုယ်တိုင် ရောက်လာခဲ့ရင်တောင် အဲဒါဟာ အချိန်နှောင်းသွားပြီ ဖြစ်လိမ့်မယ်။ အခုအချိန်မှာ သူဟာ ငါ့ကို ခြောက်လှန့်ဖို့ မလုံလောက်သေးဘူး။ ဒါကြောင့် ငါ့အတွက် စိုးရိမ်နေမယ့်အစား မင်းကိုယ်မင်းပဲ ပိုပြီး စိုးရိမ်သင့်တယ်” လုံချန်းက ဆိုလိုက်ရာ သူ၏ မျက်နှာထက်တွင် သိမ်မွေ့သော အပြုံးတစ်ခု ပေါ်ပေါက်လာ၏။
“နောက်ကို ငါခိုင်းတာမှန်သမျှ မင်း လုပ်မယ်ဆိုရင်တော့ ငါ မင်းကို အသက်ရှင်ခွင့် ပေးမယ်။ ဘယ်လိုလဲ သဘောတူလား” သူက ထိုအမျိုးသားကို မေးမြန်းလိုက်လေသည်။
‘သဘောတူလား ဟုတ်လား။ သူက ငါ့ကို မျိုးနွယ်စုထဲမှာ သူလျှိုလုပ်ခိုင်းပြီး သူ့သူငယ်ချင်းကို ကယ်ထုတ်ခိုင်းချင်တာလား။ ဒီအရူးက ငါ့ရဲ့ နိုင်ငံကို သစ္စာဖောက်မယ်လို့ တကယ်ပဲ ထင်နေတာလား။ ပြီးတော့ မျိုးနွယ်စုခေါင်းဆောင်ရှေ့မှာ သူ လွတ်မြောက်နိုင်မယ် ဟုတ်လား။ ဒါတွေက ငါ့ကို လိမ်ညာနေတာပဲ။ အခုတော့ သူ့ကို သဘောတူလိုက်ဦးမယ်၊ ငါ မျိုးနွယ်စုထဲ ရောက်သွားတာနဲ့ ငါ လွတ်ပြီ။ ဒီအရူးကတော့ ဒါကို ဘယ်တော့မှ သိမှာ မဟုတ်ဘူး’
လုံချန်းက အဖြေကို စောင့်ဆိုင်းနေစဉ်မှာပင် ထိုအမျိုးသားသည် သူ၏ ခေါင်းထဲ၌ ကိုယ်ပိုင် အစီအစဉ်တစ်ခုကို ရေးဆွဲနေလေသည်။
‘ငါ မျိုးနွယ်စုထဲမှာ ရှိနေသရွေ့ သူ ငါ့ကို ဘာမှ လုပ်လို့မရဘူး။ အဲဒီအစား သူ့အကြောင်းကို အကြီးအကဲတွေကို တိုင်လိုက်ရင် သူတို့က သူ့ကိုပါ ဖမ်းမိလိမ့်မယ်။ အဲဒီကျမှ ထောင်ထဲမှာ သူ့ကို နှိပ်စက်ရင်း ငါ့ရှေ့မှာ ဘယ်လောက်အထိ မောက်မာရဲဦးမလဲဆိုတာ ကြည့်ရသေးတာပေါ့။ အခုတော့ သူ့ကို အလျှော့ပေးလိုက်မယ်၊ ငါ မျိုးနွယ်စုထဲ ရောက်တာနဲ့ ငါ လွတ်လပ်ပြီ’
“သဘောတူပါတယ်ဗျာ။ ခင်ဗျား ပြောတာမှန်သမျှ ကျွန်တော် လုပ်ပါ့မယ်။ ခင်ဗျား ခိုင်းတာမှန်သမျှကို လုပ်မယ့် ခင်ဗျားရဲ့ ခွေးတစ်ကောင်လို နေပါ့မယ်။ ကျွန်တော့်ကို အသက်ရှင်ခွင့်ပဲ ပေးပါ” ထိုအမျိုးသားက လုံချန်းအား အသနားခံလိုက်လေသည်။
“ဟက်... ကောင်းပြီလေ။ မင်းရဲ့ ခေါင်းထဲမှာ ဘာတွေ တွေးနေသလဲဆိုတာ ငါ မသိဘူးလို့ မထင်နဲ့။ မင်းရဲ့ အတွေးတွေကို ငါ့လက်ဖဝါးပေါ်က အရေးအကြောင်းတွေလိုပဲ အကုန်မြင်နေရတယ်။ မင်းက မင်းရဲ့ အတွေးတွေကို ငါ့ဆီက ဖုံးကွယ်ဖို့ အင်အား အလွန်နည်းလွန်းပါတယ်” လုံချန်းက ပြုံးစစဖြင့် ရေရွတ်လိုက်၏။
သူသည် နတ်ကောင်းကင်ဘုံဂိုဏ်းမှ မိမိထက် အင်အားနည်းသူများ၏ အတွေးကို ဖတ်နိုင်သော ပညာရပ်အား ရရှိခဲ့ပြီး ယင်းကို ကျွမ်းကျင်စွာ တတ်မြောက်ထားပြီး ဖြစ်လေသည်။ ဤပညာရပ်သည် သူ၏ အစီအစဉ်များကို ရေးဆွဲရာတွင် များစွာ အထောက်အကူ ဖြစ်စေခဲ့၏။
“စိတ်မပူပါနဲ့။ မင်း ငါနဲ့ လိုလိုလားလား ပူးပေါင်းဆောင်ရွက်လာအောင် လုပ်ဖို့ ငါ့မှာ နည်းလမ်း ရှိပါတယ်” သူက ပြုံးလျက် ဆို၏။
သူသည် လက်ကို မြှောက်လိုက်ရာ ခေါင်းလောင်းလေးနှင့် တူသော သတ္တဝါငယ်လေး တစ်ကောင် ပေါ်လာခဲ့သည်။ ယင်းမှာ ပျံသန်းနိုင်ရန်အတွက် အတောင်ပံလေး နှစ်ဖက် ပါရှိသော ပိုးမွှားလေး တစ်ကောင်ပင် ဖြစ်၏။
“ပိုးဖလံ... မင်းရဲ့ စွမ်းရည်ကို ပြရမယ့် အချိန် ရောက်ပြီ။ ပျော်ပျော်ပါးပါး သွားလိုက်စမ်း” လုံချန်းက နှလုံးစား ပိုးကောင်ကို ပြောလိုက်၏။ “ဟိုမှာ မင်းရဲ့ ပစ်မှတ်ပဲ”
နှလုံးစား ပိုးမွှားလေးသည် ထိုအမျိုးသားထံသို့ ပျံသန်းသွားပြီး သူ၏ ရင်ဘတ်အတွင်းသို့ ဝင်ရောက်ကာ နှလုံးသားဆီသို့ တဖြည်းဖြည်းချင်း ရွေ့လျားသွားလေတော့သည်။
“မင်းရဲ့ ခန္ဓာကိုယ်ထဲကို အခုလေးတင် ဝင်သွားတာကတော့ အဆင့်မြှင့်တင်ထားတဲ့ နှလုံးစား ပိုးကောင်ပဲ။ တကယ်လို့ သူ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ သေသွားရင် မင်းလည်း သေရလိမ့်မယ်။ မင်းက သူ့ကို အတင်းအဓမ္မ ထုတ်ဖို့ ကြိုးစားရင်လည်း မင်း သေရလိမ့်မယ်။ ပြီးတော့ သူက ငါနဲ့ စိတ်ချင်း ဆက်သွယ်ထားတာ။ မင်း လုပ်သမျှ အကုန်လုံးကို ငါ ကြားနေရတယ်။ ငါ့ရဲ့ အမိန့်တစ်ချက်တည်းနဲ့ သူက မင်းကို သတ်ပစ်နိုင်တယ်။ ငါ့ကို တစ်စုံတစ်ရာ ထိခိုက်အောင် လုပ်ရင်လည်း မင်း သေရလိမ့်မယ်” လုံချန်းက ထိုအမျိုးသားကို လွှတ်ပေးလိုက်ရင်း ရှင်းပြလိုက်၏။
“သူ့ရဲ့ စွမ်းအားကို စမ်းသပ်ပြမယ်။ မင်း သေတော့ မသေစေရပါဘူး” ထိုသို့ ဆိုကာ လုံချန်းသည် နောက်သို့လှည့်၍ လက်ဖျစ် တစ်ချက် တီးလိုက်လေသည်။
“အား...”
ထိုအမျိုးသား၏ နာကျင်စွာ အော်ဟစ်သံကို လျစ်လျူရှုကာ လုံချန်းသည် ကုတင်ပေါ်မှ အမျိုးသမီးထံသို့ လျှောက်သွားလိုက်၏။
“မင်း အကုန်ကြားတယ် မဟုတ်လား။ ငါ့သူငယ်ချင်းအတွက် စိုးရိမ်နေမိလို့ မင်းအကြောင်းကို လုံးဝ မေ့သွားခဲ့တယ်။ ဒါပေမဲ့ ငါ့ရဲ့ အစီအစဉ်တွေကို မင်းက လာပြီး ဖျက်ဆီးမှာကိုတော့ ငါ ခွင့်မပြုနိုင်ဘူး။ မင်းကိုလည်း ငါနဲ့အတူ ခေါ်သွားလို့ မရဘူးလေ။ ခွင့်လွှတ်ပါ” လုံချန်းက ထိုအမျိုးသမီးကို ပြောဆိုလိုက်ပြီးမှ အမျိုးသားဘက်သို့ လှည့်ကြည့်လိုက်၏။
လုံချန်းသည် ထိုအမျိုးသမီးကို ကျောခိုင်းထားစဉ်မှာပင် သူ၏ ဝိညာဉ်ဓားသည် ပျံသန်းလာပြီး အမျိုးသမီး၏ ရင်ဘတ်အား ထိုးစိုက်ကာ သတ်ဖြတ်လိုက်လေသည်။
“ငါ ဒီလိုလုပ်ရတာကို တကယ် မကြိုက်ပါဘူး။ ဒါပေမဲ့ ဒါဟာ လိုအပ်ချက်ပဲ။ မင်းကြောင့် ငါ့ရဲ့ ပန်းတိုင်ကို အန္တရာယ် မဖြစ်စေချင်ဘူး” သူက ရေရွတ်လိုက်ရင်း နောက်သို့ တစ်ချက် ကြည့်လိုက်၏။
နာကျင်စွာ အော်ဟစ်သံများ ရပ်တန့်သွားသော ထိုအမျိုးသားကို သူ ကြည့်လိုက်သည်။ ထိုသူ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နေပြီး မျက်နှာမှာလည်း ဖြူဖျော့နေလေသည်။
“မင်း နားလည်သွားပြီ မဟုတ်လား။ ဒါဟာ ငါ့ရဲ့ နှလုံးစား ပိုးကောင် လုပ်နိုင်တဲ့ အရာတွေထဲက နည်းနည်းပဲ ရှိသေးတယ်။ မင်း ငါ့ကို သစ္စာဖောက်ဖို့ အတွေးလေး တစ်ချက် ဝင်လိုက်တာနဲ့ မင်း အော်ဖို့တောင် အချိန်မရဘဲ သေသွားလိမ့်မယ်”
“ကျွန်... ကျွန်တော် ခင်ဗျား ခိုင်းတာ အကုန်လုပ်ပါ့မယ်။ တောင်းပန်ပါတယ်။ နောက်တစ်ခါ အဲဒီလို မလုပ်ပါနဲ့တော့။ နာတယ်... အရမ်းနာတယ်ဗျာ” ထိုအမျိုးသားသည် ဖြူဖျော့နေသော မျက်နှာဖြင့် မျက်ရည်များ ဝဲလျက် အသနားခံနေ၏။
“ဒါဆိုရင် လိမ္မာတဲ့ ကောင်လေးလို နေစမ်းပါ။ ဒီလောက် နာကျင်တာက ဘာမှ မဟုတ်ဘူး။ အခု ထပြီး အဝတ်အစားတွေ ဝတ်လိုက်တော့” လုံချန်းက အမိန့်ပေးလိုက်၏။ “ငါ အပြင်မှာ စောင့်နေမယ်”
သူသည် အခန်းအပြင်သို့ ထွက်လာခဲ့လေသည်။
‘တခြားဘယ်သူမှ လာမစစ်ဆေးတာ ကောင်းသွားတာပဲ။ တခြားလူတွေသာ လာရင် ငါ နောက်ထပ် လူသတ်ရဦးမှာ။ ဒီက ဧည့်သည်တွေနဲ့ အမျိုးသမီးတွေကတော့ ဘာပဲ ဖြစ်ဖြစ် အဘွားကြီးက ဖြေရှင်းလိမ့်မယ်လို့ပဲ ထင်နေကြပုံရတယ်’ လုံချန်းက တွေးတောရင်း ခေါင်းခါလိုက်၏။
ခေတ္တမျှ ကြာပြီးနောက်တွင် ဆံပင်နက်နှင့် ထိုအမျိုးသားသည် အဝတ်အစားများ အပြည့်အစုံ ဝတ်ဆင်၍ အခန်းအပြင်သို့ ထွက်လာခဲ့လေသည်။
“ငါ့ကို မင်းတို့ မျိုးနွယ်စုဆီ ခေါ်သွားပါ။ လမ်းမှာ မင်းတို့ မျိုးနွယ်စုအကြောင်းကို ငါ့ကို ထပ်ပြောပြဦး”
“ဟုတ်... ဟုတ်ကဲ့ပါ”
သူတို့ နှစ်ဦးသည် လှေကားပေါ်မှ ဆင်းလာခဲ့ကြပြီး ပန်းပွင့်ဆောင်မှ ထွက်ခွာခဲ့ကြလေသည်။
“နင် တစ်ယောက်တည်း ထွက်လာတာလား။ ကျီရှန် ဘယ်မှာလဲ” ကျိချင်းက လုံချန်း အပြင်သို့ ရောက်လာသည်နှင့် မေးမြန်းလိုက်၏။
“သူ အထဲမှာ မရှိဘူး။ အဆောင်ရဲ့ နောက်တစ်ခြမ်းက ဒီလူ့ဆီမှာ ရှိနေတာ။ ကျီရှန် ထောင်ထဲမှာ ရှိနေတုန်း သူက ကျီရှန်းဒဆီကနေ ဒါကို ယူခဲ့တာတဲ့” လုံချန်းက ပြန်လည် ဖြေကြားလိုက်၏။
ကျိချင်းသည် ကျီရှန်အကြောင်းကို ကြားရသောအခါ အံ့သြသွားပြီး မေးလိုက်လေသည်။ “ထောင်ထဲမှာ ဟုတ်လား။ သူ ဘာလုပ်လို့လဲ။ ဘယ်လိုဖြစ်ပြီး အဲဒီကို ရောက်သွားတာလဲ”
“ကြားရသလောက်တော့ သူက မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲတယ် ဆိုပဲ။ ဘာပဲ ဖြစ်ဖြစ် အမှန်တရားကိုတော့ သူ့ကို ထောင်ထဲက ကယ်ထုတ်ပြီးမှပဲ သိရတော့မယ်” လုံချန်းက သက်ပြင်းချလျက် ဆို၏။
“ငါ့သူငယ်ချင်းကို ဖမ်းထားရဲတဲ့ မျိုးနွယ်စုကို ငါ သွားကြည့်ရဦးမယ်။ ငါနဲ့အတူ လိုက်ခဲ့ကြ” ထိုသို့ ဆိုကာ သူသည် ဆံပင်နက်နှင့် ထိုအမျိုးသား၏ နောက်မှ လိုက်ပါသွားလေသည်။
“သူက ဘယ်သူလဲ” ကျိချင်းက လုံချန်း၏ ဘေးတွင် လမ်းလျှောက်ရင်း မေးလိုက်၏။
“သူက...” လုံချန်းသည် အဖြေပေးရန် နှုတ်ခမ်းကို ဟလိုက်သော်လည်း လမ်းခုလတ်တွင် ရပ်တန့်သွား၏။ “ဪ... ဟုတ်သားပဲ။ သူ့နာမည် မေးဖို့ ငါ မေ့သွားတယ်”
“မင်းနာမည် ဘယ်သူလဲ” သူက ထိုအမျိုးသားကို မေးလိုက်၏။
“ကျွန်တော့်နာမည် ရှဲ့လုချင်းပါ” ထိုအမျိုးသားက ရိုသေစွာ ဖြေကြားလေသည်။
“ဟုတ်ပြီ။ သူက ရှဲ့လုချင်းတဲ့။ ကျီရှန်ကို ထောင်ထဲ ထည့်ထားတဲ့ ရှဲ့ မျိုးနွယ်စုဝင် တစ်ယောက်ပေါ့။ အခုတော့ သူက ငါ့အတွက် အလုပ်လုပ်နေပြီ”
လုံချန်းသည် စူးကျိချန်းကို ကြည့်ကာ ပြန်လည် ဖြေကြားလိုက်၏။
“သူ့ကို ငါတို့ ယုံလို့ ရပါ့မလား” ကျန်းချင်းက စူးစမ်းလိုက်သည်။
‘သူက အဲဒီမျိုးနွယ်စုက လူလေ။ ငါတို့အကြောင်းကို သူ သိသွားရင် မျိုးနွယ်စုထဲ ရောက်တဲ့အခါ ငါတို့ကို သစ္စာဖောက်ပြီး ဒုက္ခပေးနိုင်တာပဲ’ သူမက တွေးတောနေမိ၏။
“စိတ်မပူပါနဲ့။ ငါ ကြိုတင် ကာကွယ်ထားပြီးသားပါ။ သူ ငါတို့ကို သစ္စာမဖောက်နိုင်ပါဘူး။ သူ ငါတို့ကို ဒုက္ခပေးဖို့ ပါးစပ်ဟလိုက်တာနဲ့ သူ အရင် သေသွားလိမ့်မယ်” လုံချန်းက ဖြေကြားလိုက်၏။
ရှဲ့လုချင်းသည် လုံချန်း၏ စကားကို ကြားသောအခါ မျက်နှာမှာ တွန့်ရှုံ့သွားသော်လည်း လုံချန်းက ဟန်ပြပြောနေခြင်း မဟုတ်ကြောင်း သူ ယုံကြည်နေသဖြင့် မည်သို့မျှ မတတ်နိုင်ချေ။ သူ၏ နှလုံးသားထဲရှိ ပိုးမွှားက သူ့ကို ထိုမျှလောက် နာကျင်အောင် လုပ်နိုင်ခဲ့လျှင် သူ့ကို သတ်ပစ်ရန်မှာလည်း မခက်ခဲနိုင်ကြောင်း သူ လုံးဝ သံသယ မရှိချေ။
တစ်နာရီခန့် လမ်းလျှောက်ပြီးနောက် လုံချန်းသည် စိတ်မရှည်တော့သဖြင့် မေးလိုက်သည်။ “ဘယ်လောက်ကြာဦးမှာလဲ”
“နောက်ဆုံး ငါးမိနစ်လောက်ပါပဲ။ ရောက်တော့မှာပါ” ထိုအမျိုးသားက လုံချန်းကို လှည့်ကြည့်ရင်း ဖြေကြားလေသည်။
“ဟင်... ဟိုလူတွေလား။ သူတို့က ဘာလို့ ဒီကို ရောက်နေတာလဲ” ရှဲ့လုချင်းက အဝေးမှ လူလတ်ပိုင်း အမျိုးသား နှစ်ဦးကို မြင်လိုက်ရသောအခါ တိုးညှင်းစွာ ရေရွတ်လိုက်၏။
ထိုလူများကလည်း သူ့ကို သတိပြုမိသွားပုံရပြီး အနားသို့ တိုးကပ်လာကြလေသည်။
“ဟေ့... လုချင်း၊ မင်း ပန်းပွင့်ဆောင်က ပြန်လာတာလား။ ဟားဟားဟား... သနားစရာ ကောင်းလိုက်တဲ့ကောင်။ မင်း အသက်က ဒီလောက်ရှိနေပြီ၊ အခုထိ မိန်းမတစ်ယောက်တောင် မရှာနိုင်သေးဘူးလား။ နေ့တိုင်း ဆောင်ကြာမြိုင် သွားနေတာဟာ ငါတို့ မျိုးနွယ်စုအတွက် အရှက်ရစရာပဲကွာ” ထိုသူများက လှောင်ပြောင်လိုက်ကြလေသည်။