အခန်း (၈၁၅-၈၁၆)
Vol. 81 Ch. 815-816
အခန်း (၈၁၅) ပိုမိုကြီးမားသော အစီအစဉ်
“ဘာပဲဖြစ်ဖြစ် ကင်းစောင့်တာဝန်တွေက တစ်ခါ ပြောင်းပြန်ပြီ။ အခုကစပြီး မင်း ဘယ်နေရာမှာ အလုပ်လုပ်ရမယ်ဆိုတာ သိရအောင် အကြီးအကဲ လုဆီကို သွားပြီး အကြောင်းကြားစာ ယူလိုက်ဦး”
လမ်းတွင် တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့သည့် ထိုသူများက ရှဲ့လုချင်းအား ပြောဆိုပြီးနောက် ထွက်ခွာသွားကြလေသည်။
‘တာဝန်သစ် ဟုတ်လား။ ငါ့ကို မျိုးနွယ်စုရဲ့ အကျဉ်းထောင်မျှော်စင်မှာ ကင်းပြန်စောင့်ခိုင်းမလား မသိဘူး။ အဲဒီလိုသာဆိုရင်တော့ ငါ ဒုက္ခရောက်ပြီ။ ဟိုလူက သူ့သူငယ်ချင်းကို ကယ်ထုတ်ဖို့ ငါ့ကို ခိုင်းမှာ သေချာတယ်’ ရှဲ့လုချင်းက နောက်သို့ လှည့်မကြည့်ဘဲ တွေးတောနေမိ၏။
မကြာမီမှာပင် သူတို့ သုံးဦးသည် ရည်မှန်းထားရာနေရာသို့ ရောက်ရှိခဲ့ကြသည်။
မျိုးနွယ်စုဝင်ပေါက်နှင့် အတန်ငယ်ဝေးသော နေရာတွင် ရပ်တန့်လိုက်ပြီးနောက် ရှဲ့လုချင်းက ရှေ့သို့ ညွှန်ပြကာ ဆိုသည်။ “ဒါ ကျွန်တော်တို့ရဲ့ မျိုးနွယ်စုပဲ။ ညငှက်မြို့ရဲ့ အဓိက မျိုးနွယ်ကြီးတွေထဲက တစ်ခုဖြစ်တဲ့ ရှဲ့ မျိုးနွယ်စုပေါ့။ ခင်ဗျားတို့ကို အထဲကို ခေါ်သွားလို့ မရသလို ကျွန်တော်က ခင်ဗျားတို့ကို လိုက်ပို့တယ်ဆိုတာကိုလည်း ကင်းသမားတွေ သိလို့ မဖြစ်ဘူး။ ဒါကြောင့် ခင်ဗျားတို့ ဒီမှာပဲ ရပ်ခဲ့ပါ”
“ကောင်းပြီလေ။ မင်း အထဲကို ဝင်သွားလို့ ရပြီ။ မင်းရဲ့ ပထမဆုံး အလုပ်ကတော့ အထဲမှာရှိတဲ့ အကျဉ်းသားဟာ ကျီရှန် ဟုတ် မဟုတ် နာမည်ကို အရင်အတည်ပြုပါ။ ဟုတ်ပြီဆိုရင် ဒီအဆောင်ကို သူ့ကိုပေးပြီး သူ့သူငယ်ချင်းတွေ ရောက်နေပြီလို့ ပြောလိုက်ပါ။ နောက်ထပ် ၂၄ နာရီတိတိ ကြာတဲ့အခါ ငါတို့ရဲ့ အစီအစဉ်အကျိုးအကြောင်းကို ပြောဖို့ ဒီနေရာမှာပဲ ငါ မင်းကို ပြန်တွေ့ချင်တယ်။ သွားတော့။ ပြီးတော့ မိုက်မဲတဲ့ အကြံတွေ မထုတ်နဲ့ဦး။ မင်း သေသွားလို့ ငါက နောက်ထပ်လူတစ်ယောက် ထပ်ရှာနေရမှာမျိုးကို ငါ မလိုလားဘူး” လုံချန်းက ရှဲ့ မျိုးနွယ်စု၏ ခြံဝင်းကြီးကို ကြည့်ရင်း ရှဲ့လုချင်းအား အမိန့်ပေးလိုက်လေသည်။
ထို့နောက် သူသည် နောက်သို့ လှည့်ကာ ကျိချင်းနှင့် ရှုလျန်တို့ကို ခေါ်ဆောင်၍ ထွက်ခွာခဲ့၏။
လုံချန်းနှင့် အခြားနှစ်ဦးမှာမူ ရက်အနည်းငယ်အတွက် ငှားရမ်းထားသော တည်းခိုခန်း အခန်းအတွင်း၌ ထိုင်နေကြလေသည်။
“သူ့ကို ကယ်ထုတ်ဖို့အတွက် နင်က မျိုးနွယ်စုထဲကို တိတ်တဆိတ် ခိုးဝင်မှာလား” ကျိချင်းက လုံချန်းအား မေးမြန်းလိုက်၏။ ယနေ့သည် သူမ လုံချန်းနှင့်အတူ ရှိနေရမည့် ခုနစ်ရက်မြောက် နောက်ဆုံးနေ့ ဖြစ်သဖြင့် ရှေ့ဆက်ဖြစ်ပျက်မည့် အခြေအနေများကို သိရှိလိုခြင်း ဖြစ်လေသည်။
“အရင်ဆုံးတော့ ထောင်ထဲကလူဟာ ကျီရှန် ဟုတ်မဟုတ် ငါ အတည်ပြုရဦးမယ်။ ရှဲ့လုချင်းက အဲဒီလူဆီကနေ အဆောင်ကို ရခဲ့သလိုမျိုး၊ အဲဒီလူကလည်း တခြားတစ်နေရာရာကနေ အဆောင်ကို ရထားတာမျိုး ဖြစ်နိုင်တယ် မဟုတ်လား။ ငါ ရှာနေတဲ့သူ မဟုတ်ဘဲနဲ့ တခြားလူတစ်ယောက်အတွက်နဲ့တော့ ငါက အထဲကို စွန့်စားပြီး ဝင်မှာ မဟုတ်ဘူး” လုံချန်းက ပြတင်းပေါက်ကို ကြည့်ရင်း ပြန်လည် ဖြေကြားလိုက်၏။
သူသည် ကျိချင်းဘက်သို့ ပြန်လှည့်ကာ ဆက်လက်၍ ဆိုသည်။ “တကယ်လို့ အဲဒီလူက ကျီရှန်သာ ဆိုရင်တော့ ငါ အထဲကို ဝင်မှာပဲ။ အဆောင်က ငါ့ကို သူ့ဆီ လမ်းညွှန်ပေးလိမ့်မယ်။ ငါ့ရဲ့ စွမ်းရည်တွေနဲ့ဆိုရင် သူ့ကို ခေါ်ပြီး လွတ်အောင် ပြေးဖို့က ပိုလွယ်ပါတယ်။ အထဲကို ရောက်ဖို့ပဲ လိုတာပါ၊ ပြန်ထွက်လာဖို့က ငါ့အတွက် ဘာမှ မခက်ခဲဘူး”
ကျိချင်းက ခေါင်းညိတ်လိုက်ပြီး မှာကြားလေသည်။ “နင်နဲ့အတူ ငါ ဆက်မလိုက်နိုင်တော့ပေမဲ့ နင့်ရဲ့ ဘေးကင်းရေးကိုပဲ ပထမဆုံး အလေးထားစေချင်ပါတယ်။ ဘာပဲလုပ်လုပ် စိတ်မလောပါနဲ့။ တည်ငြိမ်တဲ့ စိတ်နဲ့ လုပ်ဆောင်သရွေ့ နင် အမြဲတမ်း အောင်မြင်မှာပါ”
“မျှော်လင့်ရတာပဲလေ” လုံချန်းက တိုးညှင်းစွာ ရေရွတ်လိုက်၏။
“ငါ လျန်အာ ဘာလုပ်နေလဲ သွားကြည့်လိုက်ဦးမယ်။ ခဏနေ ပြန်လာခဲ့မယ်နော်”
သူသည် မတ်တပ်ရပ်၍ အခန်းထဲမှ ထွက်ခဲ့၏။ ဘေးခန်းသို့ ဝင်လိုက်သောအခါ ကျင့်ကြံခြင်း၌ နစ်မျောနေသော ရှုလျန်ကို တွေ့ရှိရလေသည်။
တံခါးကို ပြန်ပိတ်ပြီးနောက် သူသည် ကျိချင်းရှိရာသို့ ပြန်လျှောက်လာခဲ့၏။
“ဒီကလေးက တကယ်ကို ကြိုးစားတာပဲ။ ဒီလောက် စွမ်းအားကြီးတာကို သူကိုယ်တိုင်တောင် မသိရှာဘူး။ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း မပျောက်ဆုံးစေဖို့နဲ့ ငါ သူ့ကို စတွေ့တုန်းကလို အခြေအနေမျိုး ပြန်မရောက်စေဖို့ ငါ သေချာ ဂရုစိုက်ရမယ်” လုံချန်းက ကျိချင်း၏ ဘေးတွင် ထိုင်ရင်း ပြောဆိုလိုက်၏။
“သူက နင့်အပေါ် တကယ်ပဲ သံယောဇဉ် တွယ်နေတာလို့ ငါ ထင်တယ်။ နင်သာ ဘေးကင်းနေသရွေ့ သူကတော့ နောက်ထပ်တစ်ခါ သောင်းကျန်းမှာ မဟုတ်တော့ပါဘူး” ကျိချင်းက သက်ပြင်းချလျက် ဆို၏။
“ဒါနဲ့... ဒီညက ငါတို့ အတူရှိရမယ့် နောက်ဆုံးညပဲ။ ပျော်ပျော်ပါးပါး နေကြရအောင်လေ” ထိုသို့ ဆိုကာ ကျိချင်းက ပြုံးလျက် လုံချန်း၏ ပေါင်ပေါ်သို့ တက်ထိုင်ကာ သူ၏ နှုတ်ခမ်းကို နမ်းရှိုက်လိုက်လေတော့သတည်း။
“နင် ကံကြမ္မာ၏ နိယာမကို ရခဲ့တာ နှစ်လကျော်ပြီနော်။ ဘယ်တော့မှ အဲဒါကို လေ့လာမှာလဲ”
လုံချန်းသည် ပင်ပန်းနွမ်းနယ်သဖြင့် အိပ်ပျော်နေသော ကျိချင်း၏ ဘေးတွင် လဲလျောင်းနေစဉ် ရွှင်းက သူ၏အနားတွင် ပေါ်လာပြီး မေးမြန်းလိုက်၏။
“အခုက အချိန်ကောင်း မဟုတ်သေးဘူး ရွှင်း။ တကယ်လို့ ငါ အဲဒါကို အခု လေ့လာမယ်ဆိုရင် ဘယ်လောက်ကြာကြာ အချိန်ကုန်သွားမလဲဆိုတာ မသိဘူးလေ။ ကျီရှန်ကို အရင်ရှာတွေ့ပြီး ဘေးကင်းတဲ့ နေရာ တစ်နေရာ ရောက်မှပဲ အဲဒီ နိယာမကို ငါ လေ့လာတော့မယ်။ အဲဒါကို နားလည်ဖို့က တစ်လလည်း ကြာနိုင်သလို တစ်နှစ်လည်း ကြာနိုင်တာကိုး” လုံချန်းက သက်ပြင်းချလျက် ဆို၏။
သူသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဆက်ပြောသည်။
‘ရွှင်း... လူသားတွေဟာ နိယာမ ရတနာလုံး မရှိဘဲနဲ့လည်း နှစ်ပေါင်းများစွာ ကြိုးစားရင် နိယာမတွေကို ကိုယ်တိုင် နားလည်နိုင်တယ်လို့ နင် ပြောခဲ့တယ် မဟုတ်လား’
“ဟုတ်ပါတယ်။ လောကမှာ လူအများစုက နိယာမတွေကို အဲဒီလိုပဲ သင်ယူကြတာပါ။ ဒီအောက်လောကမှာတော့ ဒါဟာ ရှားပါးတဲ့ ဖြစ်စဉ် ဖြစ်ပေမဲ့ အထက်လောကမှာတော့ လူအများအပြားဟာ ဒီလိုမျိုး လုပ်နိုင်ကြပါတယ်” ရွှင်းက လူတိုင်းသိထားသော အချက်တစ်ခုကဲ့သို့ လုံချန်းအား ပြန်လည် ဖြေကြားလိုက်၏။
လုံချန်းက ခေါင်းညိတ်လိုက်ပြီးနောက် အိပ်ပျော်နေသော ကျိချင်း၏ လှပသော မျက်နှာလေးကို ငေးကြည့်ရင်း ဆိုသည်။
“ငါ့ရဲ့ မိန်းကလေးတွေဟာ နိယာမတွေကို သဘာဝအတိုင်း နားလည်နိုင်တဲ့ လူတွေထက် ပါရမီ မနိမ့်ဘူးလို့ ငါ ထင်တယ်။ တကယ်လို့ ငါ သိထားတဲ့ နိယာမတွေအကြောင်း ငါက သူတို့ကို ဝေမျှပေးမယ်ဆိုရင် သူတို့ကော နားလည်နိုင်မလား”
“ဒါက မလွယ်ကူသလို နင့်ရဲ့ စကားလုံးတွေကနေ သူတို့ကိုယ်ပိုင် နားလည်မှုကို တည်ဆောက်ဖို့က အချိန်အများကြီး ယူရလိမ့်မယ်။ ဒါပေမဲ့ သူတို့ လုပ်နိုင်ဖို့ကတော့ လုံးဝ ဖြစ်နိုင်ခြေ ရှိပါတယ်” ရွှင်းက ဖြေကြား၏။
“ကောင်းပြီလေ။ ဘယ်လောက်ကြာကြာ ငါ ဂရုမစိုက်ဘူး။ ငါတို့မှာ အတူတူ ဖြတ်သန်းရမယ့် ဘဝသက်တမ်းက အရှည်ကြီး ရှိနေတာပဲ။ သူတို့ကို ငါ ပိုပြီး အစွမ်းထက်အောင် လုပ်ပေးနိုင်ရင်ပဲ ကိစ္စမရှိပါဘူး။ တစ်နေ့ကို နာရီ နည်းနည်းလောက်ပဲ အချိန်ပေးရမှာကိုး” လုံချန်းက ပြုံးလျက် ဆို၏။
“နင့်ကို ဘယ်သူက တားမှာလဲ။ ဒါဟာ သဘာဝတရားရဲ့ အစီအစဉ်ကို မထိခိုက်သရွေ့တော့ နင် လုပ်ချင်တာကို ငါ မတားပါဘူး” ရွှင်းက ဆိုကာ ပျောက်ကွယ်သွားတော့၏။
‘သဘာဝတရားရဲ့ အစီအစဉ်နဲ့ ပိုမိုကြီးမားတဲ့ ပယောဂတွေကို မထိခိုက်သရွေ့ ပေါ့လေ’ လုံချန်းက တွေးတောရင်း မျက်လုံးများကို မှိတ်လိုက်လေသည်။
ဝေးကွာလှသော မိုးကုတ်စက်ဝိုင်းထက်မှ နေမင်းသည် စတင် ထွက်ပြူလာပြီး နေ့သစ် တစ်နေ့၏ အစကို အချက်ပေးလိုက်၏။
လုံချန်းနှင့် ကျိချင်းတို့သည် နိုးလာခဲ့ကြပြီး ကျိချန်းသည် လုံချန်းကို နှုတ်ဆက်ကာ ကမ္ဘာတုအတွင်းသို့ ပြန်လည် ဝင်ရောက်သွားလေသည်။
ထို့နောက် လုံချန်းက မင်လန်ကို ခေါ်လိုက်ရာ သူမသည် လုံချန်း၏ အနားတွင် ပေါ်လာခဲ့၏။ မင်လန်သည် လုံချန်းကို မြင်သည်နှင့် တင်းကျပ်စွာ ပွေ့ဖက်လိုက်လေသည်။
သူမသည် လုံချန်း အာကာသ ဟင်းလင်းပြင်အတွင်း ရောက်ရှိနေစဉ်က လက်ထပ်ခဲ့သော အမှောင် နတ်မိမယ်လေးပင် ဖြစ်၏။ သူမ၏ ကျောဘက်တွင် လှပသော လိပ်ပြာအတောင်ပံ နှစ်ဖက် ရှိပြီး ယင်းတို့မှာ တပိုင်းတစ ကြည်လင်နေကာ အတောင်ပံ တစ်ဖက်စီတွင် ကြယ်ပုံသဏ္ဌာန် အမှတ်အသားများ ပါရှိလေသည်။
“ပြန်လာတာ ကြိုဆိုပါတယ် လန်အာ” ထိုသို့ ဆိုကာ လုံချန်းက ရှေ့သို့ လှမ်း၍ မင်လန်ကို ပြန်လည် ပွေ့ဖက်လိုက်၏။
“နင့်ကို ငါ တကယ်ပဲ အရမ်းလွမ်းနေတာ” ထိုသို့ ဆိုကာ မင်လန်က လုံချန်းကို နမ်းရှိုက်လိုက်လေသည်။
“ငါလည်း လွမ်းတာပေါ့ဟာ” လုံချန်းက နူးညံ့စွာ ပြုံးလျက် ပြန်လည် ပြောဆိုလိုက်၏။
“ရော့... ဒါလေး ဝတ်ထားလိုက်ဦး” လုံချန်းက သူမအား ဝတ်ရုံတစ်စုံ ပေးလိုက်သည်။
“ရပါတယ်။ ဒါ မလိုတော့ပါဘူး။ ငါ့ရဲ့ အတောင်ပံတွေကို ဖျောက်ထားတတ်ပြီလေ” မင်လန်က ခေါင်းခါလျက် ဆို၏။ သူမသည် မျက်လုံးများကို မှိတ်လိုက်ရာ သူမ၏ အတောင်ပံများမှာ ပျောက်ကွယ်သွားလေသည်။
“အံ့သြစရာပဲ။ ဒါကို နင့်ရဲ့ အမေ တစ်ယောက်တည်းပဲ လုပ်နိုင်တာလို့ ငါ ထင်နေတာ။ နင် တော်တော် ကြိုးစားခဲ့ပုံရတယ်။ တော်တယ် လန်အာ” လုံချန်းက သူမ၏ ခေါင်းလေးကို ပွတ်သပ်ကာ ချီးကျူးလိုက်၏။
“ဒါက အမေ သင်ပေးတာပါ။ အမေ့ကျေးဇူးတွေကြောင့်ပါ” မင်လန်က ပြန်လည် ဖြေကြားလေသည်။
“ဟုတ်ပါပြီ။ အမေက သင်ပေးမှာပေါ့။ သူလည်း အဲဒီတုန်းက ဒါကို လုပ်နိုင်တာ ငါ မှတ်မိပါသေးတယ်။ ဒါနဲ့... နင်တို့ကို ငါ ပြောပြစရာ တစ်ခု ရှိတယ်။ နင့်အမေက ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောဖို့ ငါ့ကို ကတိတောင်းခဲ့တာ မှန်ပေမဲ့၊ အဲဒါက ဟိုးအရင်တုန်းကလေ။ အခုတော့ အချိန်တွေ အများကြီး ကုန်လွန်သွားပြီဆိုတော့... နည်းပညာအရ ပြောရရင် အဲဒီကတိက အခုအချိန်အထိ အကျုံးဝင်မယ် မထင်တော့ဘူး” လုံချန်းက မိမိကိုယ်ကို ဆင်ခြေပေးသည့်အဟန်ဖြင့် ရေရွတ်လိုက်၏။
“အမေက မပြောခိုင်းတဲ့ အကြောင်းအရာ ဟုတ်လား။ အဲဒါက ဘာလဲဟင်။ ငါ သိချင်လိုက်တာ” မင်လန်က စူးစမ်းစွာ မေးမြန်းလိုက်သည်။
“အမှန်တရားကတော့ နင့်ရဲ့ အမေကလေ... အဟမ်း...” လုံချန်းသည် စကားကို စတင်ရန် ကြိုးစားသော်လည်း ထိုကိစ္စမှာ မည်သူ့အမှားကြောင့်မှ ဖြစ်ခဲ့ရခြင်း မဟုတ်သော်လည်း ထုတ်ဖော်ပြောဆိုရန် ခက်ခဲနေလေတော့သည်။
အခန်း (၈၁၆) ဖွင့်ဟဝန်ခံခြင်း
မင်လန်သည် အရေးကြီးသော ကိစ္စတစ်ခုခု ဖြစ်လိမ့်မည်ဟု ရိပ်မိသဖြင့် လုံချန်း၏ စကားကို ကြားဖြတ်ခြင်းမပြုဘဲ ငြိမ်သက်စွာ စောင့်ဆိုင်းနေ၏။
“ခဏလေး... တခြားသူတွေကိုလည်း ငါ ခေါ်လိုက်ဦးမယ်။ အားလုံးကို သိစေချင်လို့ပါ”
လုံချန်းသည် မင်ရင်၊ သူ၏ဖခင်၊ အဖိုး၊ မိခင်၊ ကျိချင်း၊ မင်ယု၊ ရွယ်နှင့် မေ အပါအဝင် လူအားလုံးကို အပြင်သို့ ခေါ်ထုတ်လိုက်လေသည်။
“ဟင်... ဘာဖြစ်လို့လဲ။ အားလုံးကို စုံနေတာပဲ။ မင်း ဒုက္ခတစ်ခုခု ရောက်နေလို့လား” လုံချန်း ပေါ်လာသည်နှင့် လုံကျွင်းက မေးမြန်းလိုက်၏။
“ကျွန်တော် နေကောင်းပါတယ်။ ဘာပြဿနာမှ မရှိပါဘူး။ အားလုံး သိသင့်သိထိုက်တဲ့ ကိစ္စတစ်ခုကို ဖွင့်ဟဝန်ခံချင်လို့ အခုလို ခေါ်လိုက်တာပါ” လုံချန်းက ခေါင်းခါလျက် ပြန်လည်ဖြေကြားလိုက်သည်။
“ကျွန်တော် အရင်က အားလုံးကို မပြောပြခဲ့မိတာ တစ်ခုရှိတယ်။ အမှန်တော့ မင်ရင်ဟာ...” လုံချန်းက စကားကို ခေတ္တရပ်ကာ ဆက်ပြော၏။ “သူကလည်းကျွန်တော့်ရဲ့ ဇနီးပါ”
ဝန်ခံပြီးနောက် သူသည် မင်လန်၏ တုံ့ပြန်မှုကို ကြည့်လိုက်ရာ သူမက တခစ်ခစ် ရယ်မောနေသည်ကိုသာ တွေ့ရ၏။ သို့သော် အခြားသူများမှာမူ လုံချန်းသည် ဤကဲ့သို့သော ကိစ္စမျိုးကို နောက်ပြောင်မည်မဟုတ်ဟု ယုံကြည်ထားကြသဖြင့် အံ့အားသင့်သွားကြလေသည်။
မင်ရင် ကိုယ်တိုင်မှာမူ မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ချေ။ လုံချန်းက အားလုံးကို အမှန်အတိုင်း ပြောပြလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
“နင့်ရဲ့ ပြက်လုံးတွေက ပိုပြီး တိုးတက်လာတာပဲ။ ဟုတ်တယ်မလား အမေ” မင်လန်က ရယ်သံကို ထိန်းရင်း မင်ရင်ကို လှမ်းကြည့်ကာ ပြောလိုက်၏။ သို့သော် မင်ရင်၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်လိုက်ရသောအခါ တစ်ခုခု မှားနေပြီဟု သူမ ခံစားလိုက်ရသည်။
“ငါ နောက်နေတာ မဟုတ်ဘူး။ ဖြစ်ပျက်ခဲ့တာကတော့...”
လုံချန်းသည် ထိုစဉ်က ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ရှင်းပြလေတော့သည်။
“အဲဒီလိုနဲ့ နားလည်မှုလွဲပြီး သူက ကျွန်တော့်ကို လက်ထပ်ခြင်း ပုံဆောင်ခဲ ပေးခဲ့မိတယ်။ အဲဒါက ကျွန်တော့်ခန္ဓာကိုယ်ထဲကို ကျွန်တော့်သဘောမပါဘဲ ဝင်သွားပြီး သူ့ကို ကျွန်တော့်ဇနီး ဖြစ်စေခဲ့တာပဲ။ နားလည်မှုလွဲတာကို ရှင်းပြီးတဲ့နောက်မှာလည်း သူက ကျွန်တော့်အတွက် စိုးရိမ်လို့ ဘယ်သူ့ကိုမှ မပြောဖို့ တားခဲ့တယ်။ ဒါပေမဲ့ သူ့ကို ဒီလိုမျိုး တစ်ယောက်တည်း ထားရမှာနဲ့ အမှန်တရားကို ဖုံးကွယ်ထားရမှာကို ကျွန်တော် ဆက်ပြီး မလုပ်နိုင်တော့ဘူး” လုံချန်းက သက်ပြင်းချလျက် ဆို၏။
“အဲဒါ... သား တကယ်ပြောနေတာလား” စီမာကျိယီက မေးလိုက်၏။
“ဟုတ်ကဲ့၊ သူဟာ ကျွန်တော့် ဇနီးပါ။ ဒါကို ကျွန်တော် ငြင်းလို့မရပါဘူး” လုံချန်းက ခေါင်းညိတ်၍ အတည်ပြုလိုက်သည်။
“တကယ့်ကို ထူးဆန်းတာပဲ။ ငါ့ရဲ့ ခမည်းခမက်က ငါ့ရဲ့ ချွေးမလည်း ဖြစ်နေတာပေါ့။ ဒါကို စောစောကတည်းက ပြောပြသင့်တာ” စီမာကျိယီက မင်ရင်ကို ကြည့်ရင်း မည်သို့ တုံ့ပြန်ရမှန်းမသိဘဲ အားနာဟန်ဖြင့် ဆို၏။
“အခြေအနေကို စိတ်အနှောင့်အယှက် ဖြစ်စေမှန်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အမှန်တရားကို ဖုံးကွယ်ထားတာထက်တော့ ပိုကောင်းပါတယ်။ အမှန်တရားကို ဖုံးကွယ်ထားခဲ့တဲ့အတွက် ခင်ဗျားတို့ ပေးမယ့် ဘယ်လို ပြစ်ဒဏ်မျိုးကိုမဆို ကျွန်တော် ခံယူဖို့ အဆင်သင့်ပါပဲ” လုံချန်းက ကုတင်ပေါ်တွင် ထိုင်ရင်း ဆို၏။
“ပြစ်ဒဏ်ပေးဖို့ မလိုပါဘူး။ မင်း ပြောပြတဲ့ ဖြစ်စဉ်အရဆိုရင် ဒါဟာ ဘယ်သူ့အမှားမှ မဟုတ်ဘူး။ နားလည်မှု လွဲချော်တာကနေ အစပြုခဲ့တာပဲ။ ငါ့မှာ ဘာကန့်ကွက်စရာမှ မရှိပါဘူး။ နောက်နောင်ကျရင်တော့ ဒီလိုမျိုး ကိစ္စတွေကို ဖုံးမထားပါနဲ့တော့” လုံရန်က ဆိုကာ ထိုအခြေအနေမှ ရှောင်ထွက်သွားလေသည်။
“ငါ... အဟမ်း... ဒါက ငါ ကျွမ်းကျင်တဲ့ နယ်ပယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းက စေတနာနဲ့ လုပ်ခဲ့တာလို့ ငါ ယုံကြည်ပါတယ်။ မင်းရဲ့ ဇနီးတွေက မင်းကို ခွင့်လွှတ်ဖို့ပဲ လိုတာပါ။ ငါကတော့ ဒီထဲမှာ ဝင်မပါတော့ပါဘူး” လုံကျွင်းက အားနာစွာ ပြုံးလျက် နောက်သို့ ဆုတ်သွား၏။
“မှန်တယ်။ ဒါက ငါ့ချွေးမတွေရဲ့ ကိစ္စပဲ။ သူတို့ဘာသာသူတို့ ဆုံးဖြတ်ပါစေ။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ငါ အပြည့်အဝ ထောက်ခံတယ်” စီမာကျိယီကလည်း ဆိုကာ ရှောင်ထွက်သွားလေသည်။
မင်ရင်မှာမူ ရှက်လွန်းသဖြင့် ခေါင်းကိုပင် မဖော်နိုင်ချေ။
“ကောင်းပြီလေ။ ဒါဆိုရင် စနစ်တကျ သွားကြတာပေါ့။ ဇနီးများကောင်စီက နင့်ကို ပေးမယ့် ပြစ်ဒဏ်ကို သီးခြားစီ ကြေညာလိမ့်မယ်။ ရွယ်... နင် အရင် စလိုက်ဦး” ကျိချင်းက ဤအခြေအနေကို သဘောကျနေဟန်ဖြင့် ရယ်မောလျက် ဆို၏။ သူမသည် ရွယ်၏ ပုခုံးကို လက်ဖြင့် ပုတ်လိုက်လေသည်။
အားလုံးက ရွယ်ကို ကြည့်လိုက်ကြ၏။
“ဒါ နင့်အမှား မဟုတ်ပါဘူး။ ပြစ်ဒဏ်ပေးဖို့ မလိုပါဘူး။ ဖြစ်ပျက်ခဲ့တာကို ငါ လက်ခံပါတယ်” ရွယ်က စိတ်ရင်းဖြင့် ဆို၏။
“ဟားဟားဟား... ရွယ်ဆီက ဒီလို အဖြေမျိုး ထွက်လာမယ်လို့ ငါ ထင်သားပဲ။ နင်ကတော့ လုံချန်း လုပ်သမျှကို အမြဲတမ်း လက်ခံတာပဲ။ မေ... နင်ကော ဘာပြောချင်လဲ” ကျိချင်းက မေးလိုက်၏။
“ငါကတော့ အစ်မလိုပါပဲ” မေက ရိုးသားသော အပြုံးဖြင့် ဆို၏။
“ကောင်းပြီ။ အခုတော့ ခေါင်းဆောင်ကြီးရဲ့ အလှည့်ပဲ။ မင်ယု... နင့်ရဲ့ ဆုံးဖြတ်ချက်က ဘာလဲ” ကျိချင်းက မင်ယုကို မေးလိုက်၏။
မင်ယုက သက်ပြင်းချလျက် လုံချန်းကို ကြည့်လိုက်သည်။ “နင်နဲ့ ပတ်သက်ရင် ဒီလို နားလည်မှုလွဲတာတွေက ခဏခဏ ဖြစ်နေပါလား။ ဒါနဲ့ဆို နှစ်ခါရှိပြီနော်။ ဟူး... ဒါပေမဲ့ နင် ဘာလို့ စိုးရိမ်နေသလဲဆိုတာကိုတော့ ငါ နားလည်ပါတယ်။ ဖြစ်ပြီးသွားတာမို့ ငါ ဘာမှ မပြောလိုတော့ပါဘူး။ ဒါပေမဲ့ နားလည်မှုလွဲတာတွေကိုတော့ ထိန်းချုပ်ပါဦး။ အခုတောင် အချိန်ဇယားက တော်တော်လေး ကျပ်နေပြီ”
“မှန်တယ်။ ဒီလူက တကယ့်ကို ထိန်းမရတဲ့လူပဲ။ ဇနီးတွေကို ဘယ်ညာ စုဆောင်းနေတာ။ ဟားဟားဟား... ဒါက တမင်တကာ လုပ်တာမဟုတ်ဘူးလို့ ငါ ထင်ပါတယ်။ ငါ့မှာလည်း ပြစ်ဒဏ် မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် နည်းနည်းလောက်တော့ ထိန်းပါဦး။ ထပ်ပြီးတော့တော့ မတိုးပါနဲ့တော့။ အနည်းဆုံးတော့ နားလည်မှုလွဲတာကနေ မဖြစ်ပါစေနဲ့” ကျိချင်းက သူမ၏ သဘောထားကို ပြောလိုက်၏။
“ငါ ဒါကို မှတ်ထားပါ့မယ်။ နောက်နောင် ပိုပြီး ဂရုစိုက်ပါ့မယ်” လုံချန်းက သူ၏ ခေါင်းနောက်ဘက်ကို ပွတ်သပ်ရင်း ပြန်လည်ဖြေကြားလိုက်သည်။
“မင်လန်... နောက်ဆုံးကတော့ နင်ပဲ။ နင် ဘာပြောချင်လဲ” ကျိချင်က မင်လန်ကို မေးလိုက်၏။
မင်လန်သည် သူမ၏သမီးကို အားနာစွာ မော့ကြည့်လိုက်သော မင်ရင်ကို ကြည့်လိုက်သည်။ မင်လန်သည် သူမ၏ မိခင်ထံသို့ လျှောက်သွားကာ သူမ၏ လက်ကို မြှောက်လိုက်၏။
“ငါ့မှာ ဘာကန့်ကွက်စရာမှ မရှိပါဘူး။ အဲဒီအစား ငါက အမေ အချစ်ကို ခံစားခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ သူ့ရဲ့ ဘဝတစ်လျှောက်လုံးမှာ ဘယ်ယောကျ်ားနဲ့မှ မရှိခဲ့ဖူးဘူး။ အခုတော့ သူ့မှာ တစ်စုံတစ်ယောက် ရှိလာပြီ၊ အဲဒါကလည်း လုံချန်းလို လူမျိုးဆိုတော့ ငါ ဒီထက်ပိုပြီး ဘာများ မျှော်လင့်နိုင်ဦးမှာလဲ” သူမက ဆိုကာ မင်ရင်၏ ပါးလေးကို သူမ၏ လက်ဖြင့် အသာအယာ ထိတွေ့လိုက်လေသည်။
“ကဲ... ဇနီးများကောင်စီက ဆုံးဖြတ်ချက် ချလိုက်ပြီ။ လုံချန်းဟာ အပြစ်အားလုံးကနေ ကင်းလွတ်သွားပြီ။ ဘာပြစ်ဒဏ်မှ မရှိစေရ” အားလုံး၏ သဘောထားကို ရယူပြီးနောက် ကျိချင်းက ကြေညာလိုက်၏။
“ဒါဆိုရင် နောက်အပတ်ကစပြီး အမေ့အလှည့်ပေါ့နော်။ သူလည်း ဒီလောကကြီးကို မြင်တွေ့ခွင့်ရတော့မယ်။ သိပ်ကောင်းတာပဲ” မင်လန်က ပြုံးလျက် ဆို၏။
“ဪ... ဟုတ်သားပဲ။ အားလုံး ဒီမှာ စုံနေတုန်း ငါတို့နဲ့အတူ ရှိနေတဲ့ ကောင်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ်။ သူက ငါ့ညီလေးတစ်ယောက်လိုပါပဲ၊ ငါ သူ့ကို ကျင့်ကြံခြင်းပညာ သင်ပေးနေတာ။ ငါ သူ့ကို ဒီကို ခေါ်လာခဲ့မယ်” ထိုသို့ ဆိုကာ လုံချန်းသည် အခန်းထဲမှ ထွက်သွားလေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် သူသည် ရှုလျန်ကို ခေါ်ဆောင်၍ ပြန်လာခဲ့၏။ သူသည် လူအားလုံးနှင့် မိတ်ဆက်ပေးလိုက်လေသည်။
ပျော်ရွှင်စရာကောင်းသော စကားဝိုင်းနှင့် ဆုံဆည်းမှုများအပြီးတွင် အားလုံးမှာ ကမ္ဘာတု အတွင်းသို့ ပြန်လည် ဝင်ရောက်သွားကြလေသည်။
“လန်အာ... မင်း ရှုလျန်နဲ့ ဒီမှာ ခဏနေခဲ့နော်။ ငါ လူတစ်ယောက်နဲ့ သွားတွေ့ပြီး ချက်ချင်း ပြန်လာခဲ့မယ်” လူအားလုံး ထွက်သွားပြီးနောက် လုံချန်းက မင်လန်အား ပြောလိုက်၏။ ထို့နောက် သူသည် တည်းခိုခန်းမှ ထွက်ခွာကာ ရှဲ့လုချင်းနှင့် တွေ့ဆုံရန် ချိန်းဆိုထားသော ရှဲ့ မျိုးနွယ်စုရှိရာသို့ ပြန်လာခဲ့လေသည်။
လုံချန်းသည် ထိုနေရာသို့ ရောက်ရှိသွားပြီးနောက် ရှဲ့ မျိုးနွယ်စု ခြံဝင်းအနီးတွင် သံသယမဝင်စေရန် ပုံမှန်အတိုင်း လမ်းလျှောက်ရင်း စောင့်ဆိုင်းနေလိုက်၏။
နာရီဝက်ခန့် ကြာပြီးနောက်တွင် ရှဲ့လုချင်းသည် အိမ်ကြီးအတွင်းမှ ထွက်လာခဲ့လေသည်။ လုံချန်းကို မြင်သော်လည်း သူသည် လုံချန်းအနားတွင် ရပ်မနေဘဲ ဆက်လက်၍ လမ်းလျှောက်သွား၏။
လုံချန်းသည် ယင်းမှာ သံသယ မဖြစ်စေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း နားလည်သဖြင့် သူ၏နောက်မှ လိုက်ပါသွားလေသည်။
“ဘာထူးခြားလဲ။ အဲဒီလူက ငါ့သူငယ်ချင်း ဟုတ်ရဲ့လား” လုံချန်းက သူ၏ ဘေးတွင် လမ်းလျှောက်ရင်း မေးလိုက်၏။
“ဟုတ်ပါတယ်။ ကျွန်တော် သူ့နာမည်ကို မေးကြည့်တော့ ကျီရှန်လို့ ဖြေပါတယ်။ ပြီးတော့ အဆောင်ကို ပေးပြီး သူ့သူငယ်ချင်းတွေ ရောက်နေပြီလို့ ပြောလိုက်တဲ့အခါ သူ တကယ့်ကို တုန်လှုပ်သွားတယ်။ လာတဲ့သူက လုံချန်းဆိုတဲ့ လူလားလို့ သူ ကျွန်တော့်ကို မေးတယ်။ ခင်ဗျားကို ပြောခိုင်းတဲ့ စကားလည်း ရှိသေးတယ်” ရှဲ့လုချင်းက လုံချန်း၏ သံသယကို အတည်ပြုပေးလိုက်၏။
“သူ အမှန်ပဲပေါ့။ သိရတာ ဝမ်းသာပါတယ်။ သူက ဘာပြောခိုင်းလိုက်တာလဲ” လုံချန်းက စူးစမ်းလိုက်၏။
“ဒီနေရာက အန္တရာယ်များတဲ့အတွက် သူ့ကြောင့်နဲ့ ခင်ဗျား အန္တရာယ်ထဲကို မဝင်လာပါနဲ့လို့ ပြောခိုင်းလိုက်ပါတယ်။ ဪ... ပြီးတော့ သူ ခင်ဗျားကို တောင်းပန်တယ်တဲ့။ ဘာဖြစ်လို့လဲတော့ ကျွန်တော် မသိဘူး။ သူက တောင်းပန်ပါတယ်လို့ပဲ ပြောခိုင်းလိုက်တာပါ” ရှဲ့လုချင်းက ပြန်လည် ဖြေကြားလေသည်။
“သူက တောင်းပန်တယ် ဟုတ်လား။ ငါ သူ့ကို ထားမခဲ့နိုင်ဘူးဆိုတဲ့ အချက်ကို ထားဦး၊ သူ ဘာလို့ တောင်းပန်လဲဆိုတာကို သိချင်တာနဲ့တင် သူ့ကို သွားတွေ့ဖို့ လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်နေပြီပဲ” လုံချန်းက ပြုံးလျက် ဆို၏။
“ထောင်မျှော်စင်ရဲ့ လုံခြုံရေးက ဘယ်လိုရှိလဲ။ သူက ဘယ်နှထပ်မှာ ရှိနေတာလဲ” လုံချန်းက စိတ်ဝင်စားဟန်ဖြင့် မေးမြန်းလိုက်လေသည်။
“လုံခြုံရေးကတော့ အရမ်း တင်းကျပ်ပါတယ်။ မျှော်စင်ထဲကို ဝင်နိုင်တဲ့ လမ်းက တစ်လမ်းတည်း ရှိပြီး အဲဒါကတော့ ပင်မဝင်ပေါက်ပါပဲ။ အဲဒီမှာ ကောင်းကင် အဆင့် အကြီးအကဲ တစ်ယောက်၊ မြေကမ္ဘာ အဆင့် ကျင့်ကြံသူ နှစ်ယောက်နဲ့ ရွှေအဆင့် ကျင့်ကြံသူ အများအပြား စောင့်ကြပ်နေကြတယ်။ အဲဒီနေရာဟာ မျိုးနွယ်စုရဲ့ ရန်သူတွေကို ထားတဲ့နေရာမို့ တကယ့်ကို လုံခြုံမှု ရှိပါတယ်” ရှဲ့လုချင်းက ရှင်းပြလေသည်။