← Chapters

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း (၁၃၁) အလဲအလှယ်

ဆေးစွမ်းတစ်မျိုးဟူသည်မှာ အမှန်တကယ် မရှိခဲ့။ အနည်းဆုံးတော့ အခုအချိန်အထိပေါ့။ ဒါပေမဲ့ အိုင်ဗီဟာ သူမ၏ စွမ်းအားများ မြင့်တက်လာသည်နှင့်အမျှ ဇမ်ဘီများက သူမကို အရေးမစိုက်ဘဲ ကျော်ခွသွားကြသည့်အချက်ကို လူအများက သံသယဝင်လာတော့မည်ဆိုတာကို ကြိုသိ‌ နေသည်။

ထိုအချိန်ကျလျှင် အကြောင်းပြချက်တစ်ခုခု လိုအပ်မည်ဖြစ်ရာ သူမအနေဖြင့် ကြိုတင်ပြင်ဆင်ထားပြီးသားလည်း ဖြစ်သည်။ ထိုလူနှင့် ပတ်သက်၍ သူမက ကောင်းကောင်းကြီးကို ပညာပြပေးခဲ့သည်။

သူမက စေတနာထား ဆက်ဆံနေပါလျက်နှင့် ဘယ်သူက သူ့ကို ရန်စခိုင်းလို့လဲ။ ဒီလို ကမ္ဘာပျက်ကပ်အတွင်း ယုတ်မာသူများ ရှိနေတတ်ပြီး သူတို့က သူမအပေါ် အခွင့်အရေးယူရန် ကြိုးစားကြမည်ကို သူမ သိထားသည်။ ဒါ့ကြောင့် သူမကလည်း ယုတ်မာသူကို ယုတ်မာမှုဖြင့်ပင် တုံ့ပြန်ရန် ဆုံးဖြတ်ထားသည်။ သူမ၏ အဘိဓာန်တွင် သနားညှာတာမှုဟူသည် မရှိ။

မကြာမီမှာပင် အိုင်ဗီသည် လူသူကင်းဝေးသည့် ထောင့်တစ်နေရာသို့ ရောက်ရှိသွားပြီး စက်ပစ္စည်းကို သိမ်းဆည်းကာ သူမ၏ နယ်မြေအတွင်းသို့ ဆိုင်ကယ်လေးဖြင့် ပြန်လာခဲ့သည်။ လမ်းခရီးတွင် အိမ်များအတွက် ရေရရှိရေး စနစ်တစ်ခုကို ဘယ်လိုပုံဖော်ရမလဲကို တွေးတောလာခဲ့သည်။ ပြဿနာတစ်ခုမှာ သူမကိုယ်တိုင် ထိုအလုပ်ကို မကျွမ်းကျင်ခြင်းပင်။

သူမကိုယ်တိုင် ရေပေးဝေရန် စီစဉ်ထားခြင်းဖြစ်သဖြင့် ရေတွင်းတူးသည့် နည်းလမ်းကို အသုံးမပြုလိုပေ။ ထို့ကြောင့် ဆိုင်းလပ်စ်ထံမှ အကူအညီတောင်းရန်သာ ဆုံးဖြတ်လိုက်သည်။

ထိုနေ့ ညနေခင်းတွင် တိုက်ခန်းသို့ ပြန်ရောက်သောအခါ ဆိုင်းလပ်စ်က စားပွဲတွင် ထိုင်ကာ တစ်စုံတစ်ခုကို နက်နက်ရှိုင်းရှိုင်း စဉ်းစားနေသည်ကို တွေ့လိုက်ရသည်။ သူမ ရောက်လာတာကို မြင်တာနဲ့ သူက လှည့်ကြည့်ကာ နူးညံ့စွာ ပြုံးပြသည်။

အိုင်ဗီသည် ဆိုင်းလပ်စ်အနားသို့ လျှောက်သွားပြီး ခေါင်းလေးစောင်းကာ မေးလိုက်သည်။

“ဘာတွေ စဉ်းစားနေတာလဲ”

ဆိုင်းလပ်စ်က သူမကို ကြည့်ကာ နူးညံ့သည့် အပြုံးချိုချို‌လေးကို ဆက်လက်ထိန်းထားရင်း ပြောလိုက်သည်။

“ဘာမှမဟုတ်ပါဘူး၊ စစ်တပ်ကိစ္စ တချို့ပါပဲ” ထို့နောက် သူက ရှေ့သို့ အနည်းငယ် ကိုင်းညွတ်ကာ မေးလိုက်သည်။

“မင်း ဘယ်က ပြန်လာတာလဲ”

အိုင်ဗီ၏ မျက်ဝန်းများ လှုပ်ရှားသွားသည်။ သူမ ပြောမည့် စကားကို ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်‌နေသည်။

“ဒီနေ့ ထူးခြားတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်” ဟု သူမက အမြန်ပင် ပြောလိုက်သည်။

“အဲဒီလူက သူ့ရဲ့ ကိုယ်ပိုင်အခြေစိုက်စခန်းတစ်ခု ဖွင့်ချင်နေတာ အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့ ရှာပေးဖို့ ကျွန်မကို အကူအညီတောင်းတယ် ရေပေးဝေရေး စနစ်တစ်ခု တည်ဆောက်ဖို့ပေါ့ တစ်ခုရှိတာက သူက ရေတွင်းတူးပြီး ရေယူတာမျိုး မလုပ်ချင်ဘူး သူကိုယ်တိုင် ရေပေးဝေချင်တာတဲ့ အဲဒီတော့ အဲဒီလိုမျိုး လုပ်ပေးနိုင်မယ့် အင်ဂျင်နီယာအုပ်စုကို ရှာပေးဖို့ ကူညီနိုင်မလားလို့”

ဆိုင်းလပ်စ်က စိတ်ဝင်တစားဖြင့် မျက်ခုံးပင့်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူက ကုလားထိုင်နောက်သို့ မှီချလိုက်ပြီး ခဏတာ စဉ်းစားပြီးမှ ပြန်ဖြေသည်။

“အဲဒါက ဖြစ်နိုင်ပါတယ်” ဟု သူက ဖြည်းဖြည်းချင်း ပြောကာ “ဒါပေမဲ့ မင်းရဲ့ သူငယ်ချင်းက လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးဖို့ လိုလိမ့်မယ်။ ပိုက်လိုင်းတွေ၊ ရေကန်တွေ၊ ဆက်သွယ်တဲ့ ပစ္စည်းတွေက ဒီဘက်ခေတ်မှာ ရှာရတော်တော်ခက်တယ်”

အိုင်ဗီ၏ မျက်နှာက တည်ငြိမ်နေသည်။ “အဲဒါက ဘာမှ ပြဿနာမရှိဘူး”

စနစ်အတွင်း၌ ရှာဖွေကြည့်ရာ ပိုက်လိုင်းနှင့် ရေကန်ကဲ့သို့ ပစ္စည်းများ မရှိသဖြင့် ပြင်ပမှသာ ဝယ်ယူရမည်ကို သူမ သိထားသည်။

ဆိုင်းလပ်စ်က ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။ အိုင်ဗီ၏ စိတ်ရင်းကို သူ မသိသော်လည်း သူ၏ လေသံမှာ တည်ငြိမ်နေဆဲပင် ဖြစ်သည်။

“အဲဒီလိုဆိုရင်တော့ ကိုယ် မင်းအတွက် အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့ ရှာပေးမယ်”

နောက်တစ်နေ့တွင် အိုင်ဗီသည် အင်ဂျင်နီယာအဖွဲ့နှင့် တကယ်ပင် တွေ့ဆုံခွင့် ရခဲ့သည်။ လူသုံးဦးက သူမကို လာရောက်တွေ့ဆုံကြသည်။

ပထမဆုံးတစ်ယောက်မှာ စူးရှသည့် မျက်ဝန်းများရှိပြီး ဆံပင်အညိုရောင်ကို သေသေသပ်သပ် ထုံးထားသည့် အမျိုးသမီးငယ်တစ်ဦး ဖြစ်သည်။ သူမက မိမိကိုယ်မိမိ ယုံကြည်မှုရှိရှိ မိတ်ဆက်သည်။

“ကျွန်မနာမည် အလက်ဇာပါ။ မြို့ပြအင်ဂျင်နီယာတစ်ယောက်ပါ”

သူမ၏ နောက်တွင် အမျိုးသား နှစ်ဦး ရပ်နေသည်။ တစ်ဦးမှာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် မျက်မှန်တပ်ထားပြီး ကျန်တစ်ဦးမှာ အရပ်ပုသော်လည်း ပခုံးကျယ်သည်။ သူတို့ နှစ်ဦးစလုံးက ခေါင်းညိတ်ပြကာ နှုတ်ဆက်ကြသည်။

“ဒါက ကျွန်မရဲ့ သူငယ်ချင်း မေဆန် နဲ့ သီယို သူတို့ကလည်း အင်ဂျင်နီယာတွေပါပဲ။ ကျွန်မတို့ အတူတူ အလုပ်လုပ်ကြတာ”

အိုင်ဗီက သူတို့ကို တည်ငြိမ်သည့် အပြုံးဖြင့် ကြည့်ကာ ပြောလိုက်သည်။

“လာပေးတာ ကျေးဇူးတင်ပါတယ်။ လစာ ကိစ္စ ပြောချင်တယ်လို့ ကြားတယ်”

အလက်ဇာက လက်ပိုက်လိုက်ရင်း စကားစလိုက်သည်။

“ဟုတ်ပါတယ်။ ဒီလုပ်ငန်းအတွက် ကျွန်မတို့ ဘယ်လောက်အထိ ရိက္ခာ ဒါမှမဟုတ် လုပ်ခရမလဲဆိုတာ သိချင်ပါတယ်။ ဒါက လက်တော်‌တော်ဝင်တဲ့ အလုပ်ဖြစ်သလို ကျွန်မတို့လည်း အသက်ဆက်ရှင်ဖို့ လိုအပ်လို့ပါ”

အိုင်ဗီက တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။

“အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်ပေးမယ်ဆိုရင် နှစ်ပတ်တစ်ခါ ဆန် နှစ်ကီလိုဂရမ် ပေးမယ်။ ဒါက မင်းတို့ကို ကျန်းမာအောင် ထိန်းထားနိုင်ဖို့ လုံလောက်လိမ့်မယ်”

ထိုသုံးဦးသား အချင်းချင်း ကြည့်လိုက်ကြသည်။ မေဆန်၏ မျက်ဝန်းများ တောက်ပသွားပြီး သီယိုက လေသံတိုးတိုးဖြင့် လေချွန်လိုက်သည်။

“အဲဒါ... တကယ်ကို ကောင်းတဲ့ ကမ်းလှမ်းချက်ပဲ” ဟု မေဆန်က ပြောရင်း “လူအများစုက ဒီထက် အများကြီး လျှော့ပေးကြတာ”

သီယိုက ပြုံးလိုက်ရင်း “ဟုတ်တယ်၊ နှစ်ပတ်တစ်ခါ ဆန် နှစ်ကီလိုလား။ ကျွန်တော် သဘောတူတယ်”

တိတ်ဆိတ်နေသည့် အလက်ဇာကလည်း နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ၊ ကျွန်မတို့ သဘောတူပါတယ်။ ဒီစနစ်ကို အကောင်းဆုံးဖြစ်အောင် အစွမ်းကုန် ကြိုးစားပါ့မယ်”

“ကောင်းပြီ” ဟု အိုင်ဗီက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

ထိုနေ့ ညနေပိုင်းတွင် အိုင်ဗီသည် ပစ္စည်းများအတွက် အွန်လိုင်းတွင် တင်ထားသည့် တောင်းဆိုချက်ကို ဖွင့်ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် တုံ့ပြန်မှုများစွာ ရှိနေသည်။

သူမသည် အနီးဆုံး ရောင်းချသူနှင့် အသင့်တော်ဆုံး ကမ်းလှမ်းချက်များကို သေချာစွာ စိစစ်ခဲ့သည်။

ရှာဖွေပြီးနောက်တွင် သူမ၏ အာရုံကို ဖမ်းစားနိုင်သည့် အရောင်းအဝယ်တစ်ခုကို တွေ့လိုက်ရသည်။ သူမက ဖတ်ကြည့်ရင်း နှုတ်ခမ်းပါးလေး အနည်းငယ် ကွေးညွတ်သွားသည်။

“ပိုက်လိုင်း တစ်သောင်း... ဆန် ကီလိုတစ်ရာတည်းနဲ့လား” သူမ တိုးတိုးလေး ရေရွတ်လိုက်သည်။

သူမ၏ စိတ်ထဲတွင် အနည်းငယ် တက်ကြွသွားသည်။ ဒီအရောင်းအဝယ်သာ ဖြစ်မြောက်လျှင် သူမ မျှော်လင့်ထားသည်ထက် ပိုမိုစောစီးစွာ ရေပေးဝေရေး စီမံကိန်းကို စတင်နိုင်မည် ဖြစ်သည်။

နောက်တစ်နေ့ နံနက်တွင် အိုင်ဗီသည် စောစောစီးစီး ထွက်လာခဲ့သည်။ ပိုက်လိုင်း တစ်သောင်း ကမ်းလှမ်းထားသည့် ရောင်းချသူနှင့်လည်း ဆက်သွယ်ပြီးသား ဖြစ်သည်။ အရောင်းအဝယ်မှာ အလွန်တန်လွန်းနေသဖြင့် သူမ၏ မျက်စိဖြင့် ကိုယ်တိုင် မြင်တွေ့လိုခြင်း ဖြစ်သည်။

တွေ့ဆုံမည့်နေရာသို့ ရောက်သောအခါ ဖုန်များ ပေကျံနေသည့် ဂျာကင်အင်္ကျီ ဝတ်ထားသော အရပ်ရှည်ရှည် အမျိုးသားတစ်ဦးက သူမကို လက်ပြနှုတ်ဆက်သည်။ သူ့ပုံစံမှာ သတိထားနေပုံရသော်လည်း ရန်လိုသည့် ပုံစံမျိုးတော့ မဟုတ်။

“မင်းက ပစ္စည်းလိုချင်တယ်လို့ တင်ထားတဲ့သူလား”

“ဟုတ်တယ်” အိုင်ဗီက တည်ငြိမ်စွာ ဖြေရင်း စကားစလိုက်သည်။

“ရှင်က ရောင်းမယ့်သူလား”

ထိုလူက ခေါင်းညိတ်ကာ

“ကျွန်တော့နာမည် ကားလ် ပါ။ ကျွန်တော့်မှာ ပိုက်တွေ ရှိပါတယ်။ ဒါပေမဲ့ မင်း တကယ် ဝယ်မှာလားဆိုတာ သေချာချင်လို့။ တစ်သောင်းဆိုတာ နည်းတဲ့ အရေအတွက် မဟုတ်ဘူး”

အိုင်ဗီက သူ့ကို စေ့စေ့ကြည့်လိုက်ရင်း “ကျွန်မ တကယ်ဝယ်မှာပါ။ ဆန် ကီလို၁၀၀ တောင်းထားတာ မဟုတ်လား”

ကားလ်က သူ၏ ဂုတ်ကို ကုတ်ရင်း ပြောသည်။

“ဟုတ်တယ်... ဒါပေမဲ့ ကျွန်တော့မှာ တခြား ပစ္စည်းတွေလည်း ရှိသေးတယ်။ ရေကန်တွေ၊ ရေထိန်းဘားတွေနဲ့ သံပြားတချို့ပေါ့။ အဲဒါတွေပါ လိုချင်တယ်ဆိုရင်တော့ ထပ်ပြောလို့ရတယ်”

အိုင်ဗီ၏ မျက်ဝန်းများ အနည်းငယ် တောက်ပသွားသည်။

“လိုချင်တာပေါ့။ ဘယ်လောက် တောင်းမလဲ”

ကားလ်က ခဏလောက် စဉ်းစားလိုက်သည်။

“ရေကန်တွေအတွက် ဆန် ကီလိုငါးဆယ်၊ ဘားတွေအတွက် နောက်ထပ် နှစ်ဆယ်၊ သံပြားတွေအတွက်ကတော့ အစိတ်လောက် ထားပါတော့။ ပိုက်လိုင်းတွေနဲ့ အားလုံးပေါင်းရင် ဆန် ကီလို ၂၀၀ ပေါ့”

အိုင်ဗီက ခေါင်းလေးစောင်းလိုက်သည်။ “အဲဒါ တော်တော်များတာပဲ” ဟု သူမက လေသံအေးအေးဖြင့် ဆိုသည်။

“ဒါပေမဲ့ တစ်ခုလောက် မေးပါရစေ။ မင်းမှာ ဆန်နဲ့ ပေးချေနိုင်တဲ့ တခြားဘယ်သူရှိသေးလို့လဲ။ ဒီဘက်ခေတ်မှာ လူအများစုက အဝတ်အစားလိုမျိုး ပစ္စည်းအသေးအဖွဲလေးတွေနဲ့ပဲ လဲနိုင်ကြတာလေ”

အခန်း (၁၃၂) ပိုက်လိုင်းများ

ကားလ်သည် တုံ့ဆိုင်းသွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။

"အဲဒါက... နည်းသေးတယ်ဗျ"

အိုင်ဗီကတော့ တုန်လှုပ်ခြင်းမရှိပေ "ဒါက မျှတတဲ့ ဈေးနှုန်းပဲ သေချာစဉ်းစားကြည့်လေ ဆန်ရှိရင် မင်းရဲ့မိသားစုကို လနဲ့ချီပြီး ကျွေးထားလို့ရတယ် အချိန်ဆွဲနေရင်းနဲ့မှ တစ်ယောက်ယောက်က အတင်းလုသွားရင် မင်း ဘာမှလဲနိုင်မှာမဟုတ်တော့ဘူး"

ကားလ်သည် သူမကို အတန်ကြာအောင် စိုက်ကြည့်နေပြီးနောက် ခပ်တိုးတိုး ရယ်မောလိုက်သည်။

"မင်းက တော်တော်လေး ထက်မြက်တာပဲ မိန်းကလေး။ ကောင်းပြီလေ... မင်းနိုင်ပါတယ်။ တစ်ရာ့ငါးဆယ်နဲ့ပဲ အပြတ်ဖြတ်ရအောင်"

"ကောင်းပြီ" ဟု အိုင်ဗီက ရိုးရှင်းစွာပင် ပြန်ပြောလိုက်သည်။

ကားလ်က လှမ်းခေါ်လိုက်သည်နှင့် ကုန်တင်ကားနောက်ကွယ်မှ အမျိုးသားတစ်စု ထွက်လာကြသည်။ သူတို့က သူမကို ပြသရန်အတွက် နမူနာပစ္စည်းများကို စတင်ချပြကြသည်။ သံမဏိပိုက်အရှည်ကြီးများ၊ အပြာရောင် ရေကန်ကြီးများနှင့် ပိုက်ဆက်ပစ္စည်းသေတ္တာများကို သေသေသပ်သပ် စီထားကြသည်။ အိုင်ဗီက တစ်ခုချင်းစီကို သေချာစစ်ဆေးကြည့်ရာ အားလုံးမှာ အခြေအနေ ကောင်းမွန်ကြသည်။

"ကျန်တာတွေကို ဘယ်တော့ ပို့ပေးနိုင်မလဲ" ဟု အိုင်ဗီက မေးလိုက်သည်။

"မနက်ဖြန်ပေါ့"

"ဒါပေမဲ့ ပစ္စည်းချဖို့တော့ လူလိုလိမ့်မယ်နော်"

"အဲဒါ ကျွန်မစီစဉ်လိုက်ပါ့မယ်"

ကားလ်က ပြုံးလိုက်ရင်း "ဒါဆိုရင်တော့ သဘောတူညီမှု ရပြီပေါ့"

သူတို့ လက်ဆွဲနှုတ်ဆက်လိုက်ကြပြီး အိုင်ဗီသည် ကြိုတင်ပြင်ဆင်လာသည့် ဆန်အိတ်များဖြင့် ထိုနေရာတွင်ပင် ပေးချေလိုက်သည်။

ကားလ်၏ လူများ ပြန်လည်ထွက်ခွာသွားချိန်တွင် အိုင်ဗီသည် တစ်စုံတစ်ခုကို တွေးတောရင်း ကျန်ရစ်ခဲ့သည်။ ဒီပစ္စည်းများဖြင့် ရေပေးဝေရေးစနစ်သာမက စွန့်ပစ်ရေ စီမံခန့်ခွဲမှုကိုပါ စီစဉ်နိုင်တော့မည် ဖြစ်သည်။

ပိုက်လိုင်းများကို အညစ်အကြေးစွန့်ထုတ်ရန် အသုံးပြုနိုင်သလို ရေကန်များကိုလည်း ရေသန့် ဒါမှမဟုတ် သုံးပြီးသားရေများကို သိုလှောင်ရန် အသုံးပြုနိုင်ပြီး ဘားများကတော့ ရေစီးဆင်းမှုကို ထိန်းချုပ်ပေးလိမ့်မည်။

သူမ အိမ်ပြန်ရောက်သောအခါ ဆိုင်းလပ်စ်သည် လက်ဖက်ရည်သောက်ရင်း သူမ၏ ကျေနပ်နေသော မျက်နှာထားကို သတိပြုမိသွားသည်။

"မင်း ကြည့်ရတာ တစ်ခုခုကို သဘောကျနေပုံပဲ"

အိုင်ဗီက ပြုံးလိုက်ရင်း သူမ၏ အလုပ်များက မပြီးသေးမှန်း သူမသိသည်။ သူမ၏ အခြေစိုက်စခန်းတွင် ရေပေးဝေရေးနှင့် အညစ်အကြေးစွန့်စနစ်ကို တည်ဆောက်ရန် အနည်းဆုံး ငါးပတ်မှ ခြောက်ပတ်ခန့် ကြာမြင့်မည်ဖြစ်ရာ ထိုလုပ်ငန်းစဉ်ကို မြန်ဆန်အောင် လုပ်ဆောင်နိုင်မည့် နည်းလမ်းကို ရှာဖွေရဦးမည်။

သဘာဝဘေးအန္တရာယ်များ ကျရောက်လာတော့မည့်အပြင် ဇမ်ဘီများ၏ ဆင့်ကဲပြောင်းလဲမှု အန္တရာယ်များကလည်း နီးကပ်နေပြီဖြစ်ရာ သူမဘက်ကသာ အရေးတယူ မဆောင်ရွက်ခဲ့လျှင် အစီအစဉ်များ ပျက်စီးသွားနိုင်သည်။ သို့သော်လည်း သူမသည် စိတ်လှုပ်ရှားနေမိသည်။

သူမ ပြန်လည်မွေးဖွားလာချိန်မှစ၍ အောင်မြင်မှုအချို့ ရရှိခဲ့ပြီးပြီ။ အတိတ်ဘဝက သူမကို နှိပ်စက်ခဲ့သူတစ်ဦးအား ပြန်လည်ကလဲ့စားချေနိုင်ခဲ့သလို ပက်ထရစ်နဲ့ မှောင်ခိုဈေးကွက်ရဲ့ ခေါင်းဆောင်သုံးဦးကိုလည်း ရှင်းလင်းနိုင်ခဲ့သည်။ မြေကွက်ဝယ်ယူနိုင်ခဲ့သလို ရေတန်ချိန် သန်းပေါင်းငါးဆယ်ကိုလည်း သိုလှောင်ထားနိုင်ခဲ့သည်။

စခန်းတည်ဆောက်မှု အစီအစဉ် ပျက်ကွက်ခဲ့ရင်တောင်မှပဲ သူမတွင် စားသုံးရန် ပင်လယ်စာများစွာ ရှိနေသည်။

သူမ၏ စွမ်းအားကြောင့် ရိက္ခာများစွာ ပိုင်ဆိုင်ထားသလို ယခုအခါတွင်လည်း ကိုယ်ပိုင်အခြေစိုက်စခန်းကို တည်ဆောက်နေပြီ ဖြစ်သည်။ ဒီအခြေအနေတွင် သူမ ဘယ်ကြောင့် စိတ်မလှုပ်ရှားဘဲ နေရမှာလဲ။

အတိတ်ဘဝက ဆင်းရဲဒုက္ခများနှင့် ယှဉ်လျှင် သူမ တိုးတက်မှုများစွာ ရှိခဲ့ပြီဟု အိုင်ဗီက ဂုဏ်ယူစွာ ပြောနိုင်ပါတယ်

"အင်း၊ ကျွန်မသူငယ်ချင်းက စိတ်ကျေနပ်သွားလို့ ကျွန်မကို ငါးအကောင် နှစ်ရာ လက်ဆောင်ပေးမယ်လို့ ကတိပေးတယ်လေ" အိုင်ဗီက မုသားစကားဆိုရင်း လက်ကို ဝေ့ယမ်းလိုက်ရာ ငါးများ ထွက်ပေါ်လာသည်။

ယခုအချိန်တွင် ဆိုင်းလပ်စ်သည် အိုင်ဗီ၏ ထူးခြားမှုများကို ကျင့်သားရနေပြီ ဖြစ်ရာ သူ့ရှေ့တွင် ငါးအကောင် နှစ်ရာ ရုတ်တရက် ပေါ်လာသည်ကို ကြည့်နေသည်။

"ဒီငါးတွေကို ဟင်းချက်စားမလား ဒါမှမဟုတ် ငါးဖက်ထုပ်လုပ်စားမလား"

"ငါးဖက်ထုပ်ပဲ စားမယ်"

အိုင်ဗီက ဖြေရင်း ဆိုင်းလပ်စ်၏ လက်ရာကို စားရတော့မည်ဟု တွေးမိရုံနှင့် သူမ၏ မျက်ဝန်းများ တောက်ပသွားသည်။ သူမသည် အချို့ကို ခိုးဝှက်သိမ်းဆည်းထားရန်ပင် ကြံစည်နေသည်။

တစ်နေ့တွင် ဆိုင်းလပ်စ်နှင့် ခွဲခွာရသောအခါ သူ၏ ဟင်းချက်လက်ရာကို အလွမ်းဆုံး ဖြစ်လိမ့်မည်။ ဒါ့ကြောင့်လည်း အိုင်ဗီသည် စားသောက်ကုန်များကို သူမ၏ သိုလှောင်ခန်းထဲတွင် စုဆောင်းနေခြင်း ဖြစ်သည်။ ထိုဟင်းချက်ရာတွင် လိုအပ်သည့် ပါဝင်ပစ္စည်းများကိုလည်း သူမကိုယ်တိုင် ထုတ်ပေးရန် စီစ‌ဉ်ထားသည်။

"ကောင်းပြီလေ" ဟု ဆိုင်းလပ်စ်က နူးညံ့စွာ ပြုံးရင်း သဘောတူလိုက်သည်။ ယခုနောက်ပိုင်းတွင် အိုင်ဗီသည် ပုံမှန်ထက် ပို၍ ဗိုက်ဆာတတ်သဖြင့် သူမ ဝဝလင်လင် စားနိုင်ရန် သူက အမြဲ ဂရုစိုက်ချက်ပြုတ်ပေးသည်။

ဆိုင်းလပ်စ်သည် ခါးစည်းအင်္ကျီကို ဝတ်ကာ အင်္ကျီလက်ကို လိပ်တင်လိုက်သည်။ သူ မီးဖိုချောင်တွင် အလုပ်လုပ်နေပုံမှာ တည်ငြိမ်ပြီး ကြည့်ကောင်းလှသည်။

ပထမဦးဆုံး သူသည် ငါးများကို သေသေချာချာ ဆေးကြောပြီး အကြေးခွံနှင့် အရိုးများကို ကျွမ်းကျင်စွာ ဖယ်ရှားလိုက်သည်။ ထို့နောက် ငါးအသားများကို အစိတ်စိတ်အမြွှာမြွှာ တောက်တောက်စဉ်းကာ ဟင်းခတ်အမွှေးအကြိုင်များ၊ ကြက်သွန်ဖြူနှင့် ဂျင်းအနည်းငယ်တို့ဖြင့် ရောနယ်လိုက်သည်။

မီးဖိုချောင်တစ်ခုလုံးတွင် မွှေးကြိုင်လှသော အနံ့များ ပျံ့လွင့်လာသည်။ အိုင်ဗီသည် တံခါးပေါင်ကို မှီရင်း သူ၏ လုပ်ဆောင်ချက်တိုင်းကို စိုက်ကြည့်နေမိသည်။

ဆိုင်းလပ်စ်သည် ဖက်ထုပ်အပေါ်ယံလွှာအတွက် ဂျုံနယ်ရာတွင် သူ၏ လက်အစုံမှာ သန်မာသော်လည်း နူးညံ့လှသည်။

သူသည် ဂျုံလုံးများကို အချိုးအစားကျအောင် လှိမ့်ပြီးနောက် ငါးအစာသွပ်ကို အလယ်တွင် ထည့်ကာ အနားသတ်များကို သေသေသပ်သပ် ဖိကပ်လိုက်ရာ လခြမ်းပုံစံ ဖက်ထုပ်လေးများ အစီအရီ ထွက်ပေါ်လာသည်။

ပေါင်းအိုးမှာ အသင့်ဖြစ်နေပြီ ဖြစ်သည်။ ဖက်ထုပ်လေးများကို တစ်ခုချင်းစီ ထည့်လိုက်သည်။

မကြာမီမှာပင် မီးဖိုချောင်တစ်ခုလုံးတွင် လတ်ဆတ်သည့် ငါးအနံ့၊ ဟင်းခတ်အမွှေးအကြိုင်အနံ့နှင့် ဂျုံသား၏ ချိုမြိန်သည့် အနံ့များဖြင့် ပြည့်နှက်သွားသည်။

ဆိုင်းလပ်စ်က ဘေးတွင် အချဉ်ရည်ကို ပြင်ဆင်နေသည်။ ပဲငပိရည်၊ ငရုတ်သီးနှင့် ရှာလကာရည် အနည်းငယ်တို့ကို ရောစပ်လိုက်သည်။

အိုင်ဗီ၏ ဗိုက်က တဂွီဂွီ မြည်လာရာ ဆိုင်းလပ်စ်က နောက်သို့ လှည့်မကြည့်ဘဲ ရယ်မောလိုက်သည်။

"စိတ်ရှည်ရှည်ထားပါ။ စောင့်ပြီး စားရတာက ပိုပြီး အရသာရှိလိမ့်မယ်"

ဖက်ထုပ်များ ကျက်သွားသောအခါ သူက အဖုံးကို ဖွင့်လိုက်ရာ မွှေးကြိုင်သည့် အခိုးအငွေ့များ ထွက်ပေါ်လာသည်။ ဖက်ထုပ်တစ်ခုချင်းစီမှာ ပြောင်လက်ပြီး နူးညံ့ကာ စားချင်စဖွယ် ဖြစ်နေသည်။

သူက ဖက်ထုပ်များကို ပန်းကန်ထဲတွင် သေသေသပ်သပ် စီထည့်ပြီး အိုင်ဗီ၏ ရှေ့တွင် ချပေးလိုက်သည်။

သူမ၏ မျက်ဝန်းများ ချက်ချင်း တောက်ပသွားသည်။

"အနံ့က တကယ်ကို မွှေးနေတာပဲ"

"စားကြည့်လေ" ဟု ဆိုင်းလပ်စ်က ပြုံးလျက် တိုက်တွန်းလိုက်သည်။

အိုင်ဗီသည် တစ်ခုကို ကောက်ယူကာ အချဉ်ရည်တွင် နှစ်ပြီး တစ်ကိုက် ကိုက်လိုက်သည်။ နူးညံ့သည့် ငါးအသား၊ လတ်ဆတ်သည့် ဟင်းခတ်အမွှေးအကြိုင်များနှင့် နွေးထွေးပြီး ဝါးရတာ အရသာရှိလှသည့် ဂျုံသားတို့၏ အရသာက သူမ၏ လျှာပေါ်တွင် စိမ့်ဝင်သွားသဖြင့် သူမ မျက်လုံးလေးများ မှိတ်သွားမိသည်။ သူမသည် အရသာကို ခံစားရင်း ဖြည်းဖြည်းချင်း ဝါးနေမိသည်။

ဆိုင်းလပ်စ် ရေသွားခပ်သည့် အချိန်တွင် သူမသည် အချို့ကို သူမ၏ သိုလှောင်ခန်းထဲသို့ အမြန်ထည့်လိုက်ပြီး အရသာကို ဆက်လက်ခံစားနေသည်။

ညစာစားပြီးနောက် ဆိုင်းလပ်စ်က ပန်းကန်များ ဆေးကြောပြီးနောက် နှစ်ဦးသား ကုတင်ပေါ်တွင် လဲလျောင်းလိုက်ကြသည်။ ယခင်ညကအတိုင်းပင် သူ၏ ဂနာမငြိမ်သော လက်အစုံက သူမ၏ ခါးဆီသို့ ဖြည်းဖြည်းချင်း ရောက်ရှိလာရာ အိုင်ဗီသည် ရင်တုန်ပန်းတုန်ဖြစ်သွားပြီး သူ၏ လက်ကို ဆုပ်ကိုင်ထားလိုက်သည်။

"ရှက်နေတာလား" ဆိုင်းလပ်စ်က အိုင်ဗီ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။ သူ၏ နွေးထွေးသော အသက်ရှုသံကြောင့် သူမ၏ နားရွက်လေးများ နီရဲသွားပြီး လည်ချောင်းထဲမှ ထွက်ပေါ်လာမည့် အသံကို ထိန်းချုပ်ရန် နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိသည်။

မိနစ်အနည်းငယ်ကြာမှ သူမ ခက်ခက်ခဲခဲ စကားပြန်ပြောနိုင်သည်။

"အမ်... မဟုတ်ပါဘူး... ကျွန်မက... ကျွန်မတို့က..."

"မင်း မလိုလားဘူးဆိုရင်လည်း ရပါတယ်" ဟု ဆိုင်းလပ်စ်က ထူးထူးခြားခြား လိုက်လျောစွာ ပြောလိုက်သဖြင့် အိုင်ဗီ အံ့အားသင့်သွားသည်။ သူမ တစ်စုံတစ်ခု မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် သူက စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလိုက်သည်။

"မင်းရဲ့ အိမ်ထောင်စုစာရင်းကို ကိုယ့်ကို ခဏလောက် ငှားလို့ရမလား"

"အင်... ဘာဖြစ်လို့လဲ" အိုင်ဗီ ဇဝေဇဝါ ဖြစ်သွားသည်။ အတိတ်ဘဝတွင် ဆိုင်းလပ်စ်က သူမကို အိမ်ထောင်စုစာရင်း ဘယ်တုန်းကမှ မတောင်းခဲ့ဖူးပေ။ သူက…

"စစ်တပ်က အခုနောက်ပိုင်း ပိုပြီး တင်းကျပ်လာတယ်။ ကိုယ်မှတ်ပုံတင်အသစ် တစ်ခု လုပ်ဖို့ လိုအပ်နေလို့ မင်းရဲ့ အထောက်အထားတွေ လိုတာပါ" ဆိုင်းလပ်စ်က သူ၏ အက်ရှပြီး စွဲမက်ဖွယ်ကောင်းသော လေသံဖြင့် ပြန်ဖြေသည်။

"အော်..." အိုင်ဗီ သဘောပေါက်သွားပြီး ပြန်ပြောလိုက်သည်။ "အဲဒါတွေက ဧည့်သည်အိပ်ခန်းထဲမှာ ရှိပါတယ်”

All Chapters