အခန်း (၁၃၉-၁၄၀)
Vol. 14 Ch. 139-140
အခန်း (၁၃၉) ခရမ်းချဉ်သီး
အိုင်ဗီက ပြန်မဖြေပေ။ သူမ၏ ခန္ဓာကိုယ်မှာ ငြိမ်သက်နေပြီး အကြည့်များမှာ ရီတွေတွေဖြစ်နေသည်။ ဆိုင်းလပ်စ် တစ်ခုခု အကြီးအကျယ် မှားယွင်းနေပြီဟု ခံစားလိုက်ရသဖြင့် သူမ၏ မျက်နှာရှေ့တွင် လက်ယမ်းပြလိုက်သည်။
"အိုင်ဗီ၊ ငါ့ကို စကားပြောဦးလေ။ ဘာလုပ်နေတာလဲ။ ဘာလို့ ဒီလိုမျိုး ငေးမောနေရတာလဲ"
ရုတ်တရက် အိုင်ဗီ၏ မျက်တောင်များ လှုပ်ခတ်သွားပြီး သူမ ပြန်လည်နိုးထလာပုံရသည်။ သူမသည် ဆိုင်းလပ်စ်ကို ရှုပ်ထွေးသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ သူမ၏ ရင်ထဲတွင်မူ ဘာတွေဖြစ်ပျက်နေမှန်း ခန့်မှန်းမိပြီးသား ဖြစ်သည်။
သူမသည် ရိက္ခာများ ပေါ်ထွက်လာမည့် နေရာသို့ ရောက်ရှိနေပြီဖြစ်သော်လည်း ဆိုင်းလပ်စ် ကြည့်နေသရွေ့ သူမ၏ စွမ်းအားက အလုပ်လုပ်ရန် ငြင်းဆန်နေခြင်း ဖြစ်သည်။
၎င်းမှာ သူမ၏ ကိုယ်ပိုင်စွမ်းအားကပင် ၎င်း၏ လျှို့ဝှက်ချက်ကို ကာကွယ်နေသကဲ့သို့ ဖြစ်ပြီး အခြားသူတစ်ဦးတစ်ယောက်မျှ မမြင်တွေ့စေရန် သေချာအောင် လုပ်ဆောင်နေခြင်းပင်။
ထိုအချက်က သူမကို အနည်းငယ် စိတ်သက်သာရာ ရစေသော်လည်း မည်သို့ ရှင်းပြရမလဲ သူမ မသိတော့ပေ။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူမ အတင်းအကျပ် ဆင်ခြေတစ်ခု ပေးလိုက်ရသည်။
"ကျွန်မ... တိုက်ခိုက်ရေး လေ့ကျင့်ဖို့ စဉ်းစားနေတာပါ။ ရှင်စိတ်မပူပါနဲ့၊ ကျွန်မ အဆင်ပြေပါတယ်။ အခု သွားလို့ရပါပြီ"
ဆိုင်းလပ်စ်က မျက်မှောင်ကြုတ်လိုက်သည်။ "မင်း ပြုမူပုံက အရမ်းထူးဆန်းနေတယ်။ ကိုယ် မင်းကို ဒီလိုမျိုး ဘယ်လိုထားခဲ့နိုင်မှာလဲ။ တစ်ခုခု ဖြစ်နေတာ သိသာနေတာပဲ"
အိုင်ဗီ့ရင်ထဲ တင်းကျပ်သွားသည်။ သူမက အမြန်ပင် ပြန်ပြောလိုက်သည်။
"ရှင် ထွက်မသွားရင် ဒါက ကျွန်မကို ပိုပြီး နာကျင်စေလိမ့်မယ်။ ကျေးဇူးပြုပြီး ဆိုင်းလပ်စ်၊ ရှင် သွားမှဖြစ်မယ်"
ဆိုင်းလပ်စ်၏ မျက်နှာ ဖြူဖျော့သွားသည်။ သူ၏ စိတ်ထဲတွင် အဆိုးဆုံး အခြေအနေများကို တွေးတောမိသွားသည်။ "ဘာကို ဆိုလိုတာလဲ။ တစ်ယောက်ယောက်က မင်းကို ထိန်းချုပ်နေတာလား။ တခြားတစ်ယောက်ယောက်က မင်းအပေါ် သူတို့စွမ်းအားကို သုံးနေတာလား"
အိုင်ဗီက အမြန်ပင် ခေါင်းခါလိုက်သည်။ "မဟုတ်ပါဘူး။ ဒါက... ရှင်းပြရခက်တယ်။ ကျွန်အရဲ့ စွမ်းအားနဲ့ ဆက်စပ်နေလို့ပါ။ ရှင် ဒီမှာ ရှိနေသရွေ့ ကျွန်မ အဲဒါကို သုံးလို့ရမှာ မဟုတ်ဘူး။ ဒါပဲ ကျွန်မ ပြောနိုင်တယ်"
ဆိုင်းလပ်စ်သည် သူမကို စိုက်ကြည့်နေမိသည်။ သူသည် ဤလျှို့ဝှက်ချက်ထားမှုကို မနှစ်သက်သော်လည်း သူမ အတော်လေး အလေးအနက်ထားနေသည်ကို မြင်နေရသည်။ နောက်ဆုံးတွင် သူ ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် ကိုယ် အပြင်မှာ စောင့်နေမယ်။ ကိုယ် မင်းကို ထားခဲ့မှာ မဟုတ်ဘူး၊ ဒါပေမဲ့ မကြည့်ဘူးလို့ ကတိပေးတယ်"
အိုင်ဗီ သက်ပြင်းချကာ စိတ်အေးသွားရသည်။
"အင်း။ ဒါပေမဲ့ မှတ်ထားပါ၊ ရှင် ကျွန်မဘက်ကို လှည့်ကြည့်လိုက်တာနဲ့ ကျွန်မ စွမ်းအားကို သုံးလို့ရမှာ မဟုတ်တော့ဘူး"
ဆိုင်းလပ်စ်က ပြတ်ပြတ်သားသား ခေါင်းညိတ်ပြပြီး နောက်သို့ ဆုတ်သွားကာ အတန်ငယ် ဝေးသော နေရာတွင် ကျောခိုင်း၍ ရပ်နေခဲ့သည်။
သူ ထွက်သွားသည်နှင့် အိုင်ဗီ၏ ခြေဖဝါးအောက်ရှိ မြေပြင်မှာ လှုပ်ခတ်လာသည်။ အလင်းဖျော့ဖျော့လေး ပျံ့နှံ့သွားပြီးနောက် ဝင်းခနဲ လက်သွားကာ မြေပြင်ပေါ်တွင် အထုပ်များစွာ ပေါ်လာတော့သည်။
အိုင်ဗီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမ အမြန်ငုံ့ကြည့်လိုက်ရာ ထိုအထုပ်များထဲတွင် ခရမ်းချဉ်သီးများ ပြည့်နှက်နေသည်။ နီရဲလတ်ဆတ်ပြီး လေးလံလှသော ထိုခရမ်းချဉ်သီးများမှာ ခြံထဲမှ ခုလေးတင် ခူးဆွတ်လာသည့်အတိုင်းပင်။
အထုပ်ပေါင်းများစွာ ရှိနေပြီး အချို့မှာ အသေး၊ အချို့မှာ အကြီး၊ အချို့မှာ အဝိုင်းပုံစံ ခရမ်းချဉ်သီးများ ဖြစ်သလို အချို့မှာမူ အရှည်ပုံစံများ ဖြစ်ကြသည်။ သူမ တစ်ခါမှ မမြင်ဖူးသည့် ရှားပါးအမျိုးအစားများပင် ပါဝင်နေသည်။
သူမ တစ်ထုပ်ကို ကောက်ယူလိုက်ချိန်တွင် လက်များ တုန်ယင်နေမိသည်။ သူမ၏ ခေါင်းပေါ်တွင် သူမတစ်ဦးတည်းသာ မြင်နိုင်သော အချိန်မှတ်နာရီတစ်ခု ပေါ်လာသည်။ ၎င်းမှာ ၁၅ မိနစ် မဟုတ်တော့ပေ။
အဲဒီအစား ယခုတွင် မိနစ် ၂၀ ဟု ပြနေသည်။ သူမ၏ ရင်ခုန်သံ တစ်ချက် တုန်သွားသည်။ အချိန် တိုးလာပြီဖြစ်သည်။ သူမ၏ စွမ်းအားမှာ အမှန်တကယ်ပင် အဆင့်တက်သွားခဲ့လေပြီ။
အိုင်ဗီသည် ပထမဆုံး ခရမ်းချဉ်သီးထုပ်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ သူမက လက်ဖြင့် ဖိထားရင်း "နောက်မှ ပွားမယ်" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။ ထိုအထုပ်မှာ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။
သူမသည် နောက်တစ်ထုပ်ကိုလည်း ထိုနည်းအတိုင်းပင် လုပ်ဆောင်သည်။ "နောက်မှ ပွားမယ်"။ ထိုအထုပ်လည်း ပျောက်ကွယ်သွားပြန်သည်။ သူမ ဘယ်လောက်အထိ ရရှိနေသည်ကို သဘောပေါက်လိုက်ချိန်တွင် နှလုံးခုန်သံများ ပိုမိုမြန်လာသည်။
တတိယမြောက် အထုပ်ထဲတွင်မူ တောက်ပနီရဲနေသော 'ရိုးမား' ခရမ်းချဉ်သီးများ ပါရှိသည်။ ၎င်းတို့မှာ ချောမွေ့ပြီး ဘဲဥပုံစံ ရှိကာ ဆော့စ်ပြုလုပ်ရန် အကောင်းဆုံးပင်။ သူမ အမြန်ကောက်ယူလိုက်သည်။ "နောက်မှ ပွားမယ်"။ ထိုအထုပ်လည်း ပျောက်ကွယ်သွားသည်။
နောက်တစ်ခုမှာ 'ချယ်ရီ' ခရမ်းချဉ်သီး အထုပ်ငယ်လေး ဖြစ်သည်။ ၎င်းတို့မှာ ပြောင်လက်ပြီး ဝိုင်းစက်နေကာ သကြားလုံးလေးများသဖွယ် ရှိနေသည်။ အိုင်ဗီက ထိုအထုပ်ကို သူမ၏ သိုလှောင်ခန်းထဲသို့ ထည့်လိုက်ရင်း ခပ်ဖွဖွ ပြုံးလိုက်မိသည်။
ထို့နောက် 'ဘက်တာဘွိုင်း' ခရမ်းချဉ်သီးများ ပြည့်နေသည့် အထုပ်ကြီးတစ်ထုပ်ကို တွေ့ရသည်။ ၎င်းတို့မှာ ကြီးမားပြီး ပြည့်ဖြိုးကာ သူမ၏ လက်ထဲတွင် လေးလံနေသည်။ သူမ ထိုစကားကိုပင် ထပ်မံ ပြောလိုက်သည်။ "နောက်မှ ပွားမယ်"
နောက်ထပ် အထုပ်တစ်ထုပ်မှာမူ အရောင်ရင့်ပြီး ရှည်မျောမျောပုံစံ ရှိသည့် ‘ဆန်မာဇာနို’ ခရမ်းချဉ်သီးများ ဖြစ်သည်။ ၎င်းတို့မှာ အကောင်းဆုံး ပါစတာဆော့စ်ကို ဖန်တီးပေးနိုင်မည့်ပုံ ရှိသည်။ သူမ ၎င်းတို့ကို နူးညံ့စွာ ကိုင်လိုက်ပြီး "နောက်မှ ပွားမယ်"
ထို့နောက်တွင် အလင်းရောင်အောက်တွင် တောက်ပနေသော ရွှေရောင်ခရမ်းချဉ်သီးများကို တွေ့ရသည်။ ၎င်းတို့မှာ ထူးဆန်းသော်လည်း လှပလှသည်။
သူမသည် တစ်ထုပ်ပြီး တစ်ထုပ် ဆက်တိုက် သိမ်းဆည်းနေခဲ့သည်။ 'ဂရိတ်ပ်' (စပျစ်သီးပုံစံ ခရမ်းချဉ်သီး) ခရမ်းချဉ်သီးများ၊ ‘ဘိဖ်စတိတ်ခ်’ (အလုံးကြီး ခရမ်းချဉ်သီး) ခရမ်းချဉ်သီးများ၊ 'ဘလက်ခရိမ်' ခရမ်းချဉ်သီးများ၊ ‘'ဂရင်းဇီးဘရား’ ခရမ်းချဉ်သီးများ။ အကြိမ်တိုင်းတွင် သူမသည် အထုပ်ကို ကိုင်ထားပြီး အလေးချိန်ကို ခံစားကာ သူမ၏ ဟင်းလင်းပြင် သိုလှောင်ခန်းထဲသို့ ပျောက်ကွယ်သွားစေသည်။
သူမ၏ သိုလှောင်ခန်းမှာ အဆုံးမရှိသည့်အလား အထုပ်များကို ဝါးမြိုနေခဲ့သည်။ နောက်ထပ် မိနစ်အနည်းငယ်ကြာမျှ အိုင်ဗီ ဆက်လက်လုပ်ဆောင်နေခဲ့သည်။ သိုလှောင်ခန်းထဲတွင် ခရမ်းချဉ်သီးထုပ်များဖြင့် ပြည့်နှက်သွားတော့သည်။
* ၂၅၀ ဂရမ်ရှိသော ‘ကုမာတို’ (အညိုရောင်ရှိပြီး အချိုဓာတ်မြင့်မားသည့်) ခရမ်းချဉ်သီးလား။ ကောက်ယူပြီး။
* ၅၀၀ ဂရမ်ရှိသော 'ကမ်ပါရီ' (အလတ်အရွယ်အစားနဲ့ အပင်လိုက်ရောင်းသည့်) ခရမ်းချဉ်သီးလား။ ကောက်ယူပြီး။
* ၄၀၀ ဂရမ်ရှိသော 'ဂရိတ်ပ်' ခရမ်းချဉ်သီးလား။ ကောက်ယူပြီး။
* ၂၀၀ ဂရမ်ရှိသော 'ဘီဖ်စတိတ်ခ်' ခ ရမ်းချဉ်သီးလား။ ကောက်ယူပြီး။
* ၁၅၀ ဂရမ်ရှိသော 'ဟဲယားလွန်း' (မျိုးစေ့များမှ စိုက်ပျိုးသော) ခရမ်းချဉ်သီးလား။ ကောက်ယူပြီး။
* ၂၀၀ ဂရမ်ရှိသော 'အားလိီးဂဲလ်' (အသီးမြန်သောမျိုးစပ်အသီး) ခရမ်းချဉ်သီးလား။ ကောက်ယူပြီး။
နောက်ဆုံးတွင် အချိန်ကုန်ဆုံးသွားပြီး ပစ္စည်းများမှာ ပျောက်ကွယ်သွားသည်။ အိုင်ဗီသည် တစ်လျှောက်လုံး လှုပ်ရှားနေခဲ့ရသဖြင့် မောပန်းသွားကာ ထိုင်ချလိုက်ပြီး အသက်ပြင်းပြင်း ရှုလိုက်သည်။ အနည်းငယ် သက်သာသွားသောအခါ သူမ မတ်တတ်ထရပ်လိုက်ပြီး ဆိုင်းလပ်စ် ရပ်နေသည့် နေရာသို့ လျှောက်သွားသည်။ သူသည် ကျောခိုင်းထားဆဲ ဖြစ်သော်လည်း အိုင်ဗီအနေဖြင့် သူ၏ စိုးရိမ်ပူပန်မှုများကို အာရုံခံနိုင်နေသည်။
သူမ၏ ရင်ထဲတွင် နွေးထွေးသွားရပြီး "ဆိုင်းလပ်စ်ရေ" ဟု ခေါ်လိုက်သည်။
ဆိုင်းလပ်စ်သည် အိုင်ဗီ ခေါ်သံကို ကြားသည်နှင့် ချက်ချင်း လှည့်ကြည့်လာသည်။ သူ၏ မျက်ဝန်းများမှာ စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။
"အခြေအနေ ဘယ်လိုလဲ။ အဆင်ပြေရဲ့လား" ဟု သူက အမြန်မေးသည်။
အိုင်ဗီက သူ့ကို ခပ်ဖွဖွ ပြုံးပြလိုက်သည်။ "ကျွန်မ လုံးဝ အဆင်ပြေပါတယ်"
သူမ ဘာမှမပြောနိုင်မီမှာပင် ဆိုင်းလပ်စ်က ရှေ့သို့ ပြေးလာပြီး သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ သူ၏ လက်မောင်းများမှာ အနည်းငယ် တုန်ယင်နေသည်။
"ဒါက မင်းရဲ့ အနာဂတ်ကို မြင်နိုင်တဲ့ စွမ်းအားကြောင့်လား" ဟု သူက တိုးတိုးလေး မေးလိုက်သည်။
အိုင်ဗီ ခဏတာ ကြောင်သွားပြီးမှ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ သူမ၏ ခံစားချက်များမှာ ရှုပ်ထွေးနေပြီး ရင်ထဲတွင် လေးလံနေသည်။
"ဘာမှ မဟုတ်ပါဘူး။ ဒီလိုမျိုး သတိလစ်သွားသလို ဖြစ်တာက ကျွန်မစွမ်းအားရဲ့ သဘာဝပါပဲ"
ဆိုင်းလပ်စ်က သူမ၏ မျက်နှာကို ကြည့်နိုင်ရန် အနည်းငယ် ခွာလိုက်သည်။ "ဒါက အန္တရာယ်များတယ်။ မင်းသာ ဒီလိုမျိုး ဆက်သွားနေရင်း တစ်နေ့မှာ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ရင် ဘာဖြစ်မလဲ" သူ၏ လေသံမှာ ထိုအတွေးကို ကြောက်လန့်နေသည့်အတိုင်း တင်းမာနေသည်။
အိုင်ဗီ၏ မျက်ဝန်းများမှာ နူးညံ့သွားသည်။ သူမက သူ၏ လက်မောင်းကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။
"အရာအားလုံး အဆင်ပြေသွားမှာပါ"
သို့သော် ဆိုင်းလပ်စ်က လွယ်လွယ်နှင့် လက်မလျှော့ပေ။ သူ ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး အိုင်ဗီ။ ခုနက ကိုယ် ဘယ်လောက်တောင် ကြောက်သွားလဲ မင်းမသိပါဘူး။ မင်းက တောင့်တောင့်ကြီး ဖြစ်နေပြီး ဘာမှမသိတော့သလိုပဲ။ ကိုယ် မင်းကို ဆုံးရှုံးရတော့မယ်လို့ ထင်ခဲ့တာ"
ခဏတာမျှ အိုင်ဗီ စကားမပြောနိုင်ခဲ့ပေ။ သူ၏ မျက်ဝန်းထဲမှ ကြောက်ရွံ့မှုများကို သူမ မြင်နေရသည်။ နောက်ဆုံးတွင် သူ၏ အသက်ရှုသံများ မှန်လာပြီး ပြန်လည် တည်ငြိမ်လာသောအခါ သူမက တိုးတိုးလေး ပြောလိုက်သည်။
"ကဲ... အခု ငါတို့ ပြန်ကြရအောင်”
အခန်း (၁၄၀) ထိပ်တိုက်ရင်ဆိုင်မှု
ဆိုင်းလပ်စ်သည် တွေဝေသွားပြီးမှ ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်သည်။ သူတို့နှစ်ဦး အပြင်သို့ အတူတူ လျှောက်ထွက်လာစဉ် သူသည် သူမ၏အနားမှ မခွာဘဲ ကပ်လိုက်ပါလာခဲ့သည်။
သို့သော် ထိုနေရာ၏ အစပ်သို့ ရောက်ရှိချိန်တွင် နောက်ကွယ်မှ စူးရှသောအသံတစ်သံ ထွက်ပေါ်လာသည်။
"မင်းတို့နှစ်ယောက် ဒီမှာ ဘာလုပ်နေကြတာလဲ"
အိုင်ဗီနှင့် ဆိုင်းလပ်စ်တို့ နှစ်ယောက်စလုံး ချက်ချင်း ရပ်တန့်သွားကြသည်။ သူတို့ အမြန်လှည့်ကြည့်လိုက်ရာ ထိုသူမှာ မည်သူဖြစ်ကြောင်း မြင်လိုက်ရသည့် ခဏ၌ပင် မျက်နှာများ ပျက်သွားကြတော့သည်။
ဗိုလ်ချုပ်ကြီးဒန်နီရယ်သည် မြေပြင်ကို စစ်ဖိနပ်ဖြင့် ပြင်းပြင်းထန်ထန် နင်းလျှောက်ရင်း နီးကပ်လာသည်။ သူ၏ စူးရှသော မျက်ဝန်းများက သူတို့နှစ်ဦး ဆုပ်ကိုင်ထားသည့် လက်များပေါ်၌ ရပ်တန့်သွားပြီး မေးရိုးများ တင်းမာသွားသည်။
သူ၏ စူးစိုက်ကြည့်ရုံမျှဖြင့်ပင် ထိုလက်များကို ဖြတ်တောက်စ်ပစ်ချင်နေသည့်ပုံပင်။ သူ၏ မျက်နှာထားမှာ အေးစက်နေသော်လည်း ဒေါသအရှိန်အဝါ အများစုမှာ အိုင်ဗီ့ထံသို့ ဦးတည်နေသည်။
အိုင်ဗီသည် သူ၏ အကြည့်များက သူမအပေါ် ဖိစီးနှိပ်စက်နေသကဲ့သို့ ခံစားလိုက်ရသည်။ ရှေ့တွင်ရှိနေသော အမျိုးသားကို ကြည့်ရင်း သူမ တောင့်တောင့်ကြီး ဖြစ်သွားမိသည်။ ရင်ထဲတွင်လည်း လေးလံမှုကို ခံစားလိုက်ရသည်။
ဒါ တကယ်ပဲ သူပဲ... ဟိုတုန်းက လူသားပဲ... ဆိုင်းလပ်စ် သေဆုံးပြီးနောက်မှာ ငါ့ကို ကျိန်ဆဲခဲ့တဲ့သူ။ ငါ့ဘဝက ဆင်းရဲဒုက္ခတွေနဲ့ပဲ ပြည့်နှက်နေလိမ့်မယ်လို့ ပြောခဲ့တဲ့သူ။ သူပြောတာ မှန်ချင်မှန်လိမ့်မယ်၊ ဘာလို့လဲဆိုတော့ ငါ့ရဲ့ အတိတ်ဘဝတစ်ခုလုံးက ဆင်းရဲဒုက္ခကလွဲလို့ ဘာမှမရှိခဲ့လို့ပဲ။
သူမ၏လက်မှာ ဆိုင်းလပ်စ်၏ လက်ထဲမှ လျှောကျသွားသည်။ သူမ မျက်လွှာချလိုက်သော်လည်း အတွေးများကတော့ ရူးသွပ်မတတ် လည်ပတ်နေခဲ့သည်။
ငါ သူ့ကို မုန်းလို့မရဘူး။ သူက သူ့သားကို ကာကွယ်ချင်ရုံသက်သက်ပဲ။ ငါက နာကျင်မှုတွေပဲ ယူဆောင်လာပေးလိမ့်မယ်ဆိုတာ သူ အမြဲတမ်း သိနေခဲ့လို့လည်း ဖြစ်မှာပါ။ အဲဒါကြောင့်ပဲ သူ ငါ့ကို မုန်းနေခဲ့တာ ဖြစ်နိုင်တယ်။
ဆိုင်းလပ်စ်သည် သူ၏အဖေကို ဒေါသအရိပ်အယောင်များဖြင့် မျက်မှောင်ကြုတ်ကြည့်လိုက်သော်လည်း ဗိုလ်ချုပ်ကြီးဒန်နီရယ်က သူ့ကို လျစ်လျူရှုထားခဲ့သည်။ သူ၏ ထိုးဖောက်နိုင်စွမ်းရှိသော အကြည့်များကို အိုင်ဗီ့ထံ၌သာ စိုက်ထားခဲ့သည်။
"မင်း ဒီမှာ ဘာလုပ်နေတာလဲ" ဗိုလ်ချုပ်ကြီးဒန်နီရယ်က အမိန့်ပေးသံဖြင့် မေးလိုက်သည်။
"မင်း တော်တော်ကို မိုက် နေတာလား။ ဒီနေရာက သီးခြားဖြစ်နေတာ။ အခုလောလောဆယ် ဇမ်ဘီတွေ မရှိရင်တောင် မင်း ဒီမှာ အသေခံချင်နေတာလား။ ဒါမှမဟုတ် ဒါက မင်းရဲ့ လှည့်ကွက်တွေထဲက တစ်ခုလား။ 'ရာဗင်ခရော့ဖ်' မိသားစုက ငါ့သားကို အန္တရာယ်ထဲ ဆွဲသွင်းဖို့ မင်းကို လွှတ်လိုက်တာလား"
"အဖေ" ဆိုင်းလပ်စ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"အဲဒီလို စကားမျိုးတွေ မပြောပါနဲ့။ သူမက အဲဒီလိုလူမျိုး မဟုတ်ဘူး။ အဖေက သူမကို စော်ကားဖို့ပဲ လာတာဆိုရင် အခုချက်ချင်း ထွက်သွားတာက ပိုကောင်းပါလိမ့်မယ်"
ဗိုလ်ချုပ်ကြီးဒန်နီရယ်၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်သွားသည်။ သူသည် သူ့သားကို သူစိမ်းတစ်ယောက်ကဲ့သို့ ကြည့်လိုက်သည်။ သူ၏ အသံမှာ ပိုမို ခက်ထန်လာသည်။
"မင်း မျက်စိကန်းနေပြီ ဆိုင်းလပ်စ်။ မင်းရှေ့မှာရှိတဲ့ အန္တရာယ်ကိုတောင် မင်း မမြင်တော့ဘူး။ မင်းက ငါ့ကို အဖေတစ်ယောက်အနေနဲ့ နားမထောင်ဘူးဆိုရင် ငါ မင်းကို တပ်မှူးတစ်ယောက်အနေနဲ့ အမိန့်ပေးမယ်။ မင်း အခုချက်ချင်း ဒီကနေ ထွက်သွားရမယ်"
ဆိုင်းလပ်စ် သွားကြိတ်လိုက်မိသည်။
ဘာလို့ အမြဲတမ်း ဒီလိုပဲ ဖြစ်နေရတာလဲ။ ဘာလို့ သူ ငါ့ကို တစ်ခါမှ မယုံကြည်ပေးနိုင်ရတာလဲ။ ဘာလို့ သူမကို အမြဲတမ်း မုန်းနေရတာလဲ။ သူ ပြန်လည်ငြင်းခုံရန် ပါးစပ်ဟလိုက်သော်လည်း သူ့အဖေ၏ အမိန့်က ကြိမ်လုံးတစ်ချောင်းကဲ့သို့ ကျရောက်လာသည်။
"အကယ်၍ မင်း ၁၀ စက္ကန့်အတွင်း ထွက်မသွားဘူးဆိုရင် စခန်းဝင်းကို အပတ်တစ်ရာ ပတ်ပြေးရမယ်"
ဆိုင်းလပ်စ် တောင့်တောင့်ကြီး ဖြစ်သွားပြီး ပြန်အော်ရန် ပြင်လိုက်သော်လည်း အိုင်ဗီက သူ၏ လက်မောင်းကို ထိလိုက်ကာ ခေါင်းကို ခပ်ဖွဖွ ခါယမ်းပြလိုက်သည်။ "ရပါတယ်... သွားလိုက်ပါ" ဟု သူမ တိုးတိုးလေး ပြောလိုက်သည်။
ထိုရိုးရှင်းသော လှုပ်ရှားမှုလေးက ဗိုလ်ချုပ်ကြီးဒန်နီရယ်၏ ဒေါသကို ပေါက်ကွဲသွားစေသည်။
သူ၏အသံမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ ဟိန်းထွက်လာသည်။
"ငါ့သားကို အမိန့်ပေးရအောင် မင်းက ဘယ်သူမို့လို့လဲ" သူသည် ဒေါသကြောင့် တင်းမာနေသော မျက်နှာဖြင့် အိုင်ဗီ့ကို စူးစိုက်ကြည့်လိုက်သည်။
ထို့နောက် သူသည် စိတ်ကို ထိန်းချုပ်ရန် ကြိုးစားရင်း အသက်ကို ဖြည်းဖြည်းချင်း ရှုသွင်းလိုက်သည်။
"ငါ မင်းနဲ့ စကားပြောမယ်။ နှစ်ယောက်တည်း"
ဆိုင်းလပ်စ် ချက်ချင်းပင် ရှေ့သို့ တိုးလာသည်။
"မရဘူး။ အဖေသာ သူမကို စော်ကားမယ် ဒါမှမဟုတ် ကျွန်တော်နဲ့ လမ်းခွဲဖို့ အတင်းအကျပ် လုပ်မယ်ဆိုရင် ကျွန်တော် စစ်တပ်ကနေ ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာဘူးလို့ ကျိန်ဆိုတယ်"
ထိုစကားလုံးများက တူဖြင့် ထုလိုက်သကဲ့သို့ ပြင်းထန်လှသည်။ ဗိုလ်ချုပ်ကြီးဒန်နီရယ်၏ မျက်နှာမှာ ဒေါသကြောင့် နီရဲတက်လာသည်။ သူ၏ လက်ညှိုးမှာ ဒေါသကြောင့် တုန်ယင်နေရင်း ဆိုင်းလပ်စ်ထံသို့ ချိန်ရွယ်ထားသည်။
"မင်း... မင်း ရဲလှချည်လား"
သို့သော် ဆိုင်းလပ်စ်ကတော့ သူ့ကို တည်ငြိမ်စွာပင် ပြန်လည်ရင်ဆိုင်နေခဲ့သည်။
ဗိုလ်ချုပ်ကြီးဒန်နီရယ်သည် သူ၏မေးရိုးများ ကွဲထွက်တော့မတတ် သွားကို တင်းတင်းကြိတ်ထားသည်။
"ကောင်းပြီ။ အဲဒီလို ဖြစ်ချင်တယ်ဆိုရင်လည်း ရတယ်။ အပတ်နှစ်ရာ။ မင်းရဲ့ မာန်မာနက မင်းကို အဲဒီအထိ သယ်ဆောင်သွားနိုင်မလား ကြည့်ကြတာပေါ့"
ဆိုင်းလပ်စ်မှာ ခန္ဓာကိုယ်ကို တင်းထားရင်း တိတ်ဆိတ်နေခဲ့သည်။
အိုင်ဗီ့ရင်ထဲတွင် ပူလောင်သွားရသည်။ သူမသည် ဆိုင်းလပ်စ်၏ ရှေ့သို့ တိုးထွက်လိုက်ကာ ဗိုလ်ချုပ်ကြီးဒန်နီရယ်ကို စူးရှသော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။
"ရှင် သူ့ကို ဒီလိုမျိုး အပြစ်ပေးလို့ မရဘူး။ သူ ဘာမှ အမှားမလုပ်ခဲ့ဘူး"
သက်ကြီးရွယ်အို အမျိုးသားကြီး၏ အကြည့်မှာ မှေးကျဉ်းသွားသည်။ "မင်းကြောင့် သူ ဒုက္ခရောက်နေရတာ။ အရာအားလုံးက မင်းကြောင့်ပဲ"
ခဏတာမျှ ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားသကဲ့သို့ ရှိနေသည်။ ထို့နောက် ဆိုင်းလပ်စ်၏ အသံမှာ အေးစက်ပြတ်သားစွာ ထွက်ပေါ်လာသည်။
"အဖေ့ရဲ့ ရက်စက်မှုတွေအတွက် သူမကို အပြစ်မတင်ပါနဲ့။ အဖေ့ရဲ့ ခါးသီးမှုတွေကို သူမအပေါ် ပုံမချပါနဲ့။ အပြစ်ပေးချင်တယ်ဆိုရင် ကျွန်တော့်ကိုပဲ ပေးပါ။ ကျွန်တော့်ရဲ့ ရည်းစားကို ဒီကိစ္စထဲ ဆွဲမသွင်းပါနဲ့"
အိုင်ဗီနှင့် ဗိုလ်ချုပ်ကြီးဒန်နီရယ်တို့ နှစ်ဦးစလုံး အံ့အားသင့်ကာ မျက်လုံးများ ပြူးကျယ်သွားကြသည်။
ဗိုလ်ချုပ်ကြီးဒန်နီရယ်က ထိုစကားလုံးကို အရသာခံကြည့်သည့်အလား ဖြည်းဖြည်းချင်း ထပ်မံရေရွတ်လိုက်သည်။ "ရည်းစား...ဟုတ်စ" သူ၏ စူးရှသော မျက်ဝန်းများက အိုင်ဗီ့ထံသို့ လှည့်လာသည်။
"မင်းက... ငါ့သားရဲ့ ရည်းစားလား"
အိုင်ဗီ တောင့်တောင့်ကြီး ဖြစ်သွားပြီး နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟသွားသည်။ သူမ အဖြေမပေးနိုင်မီမှာပင် ဗိုလ်ချုပ်ကြီးဒန်နီရယ်က ရုတ်တရက် ရယ်မောလိုက်သည်။
၎င်းမှာ ပျော်ရွှင်မှုကြောင့် ထွက်ပေါ်လာသော ရယ်သံမဟုတ်ပေ။ ဓားတစ်လက်ကဲ့သို့ စူးရှဖြတ်တောက်နိုင်သော ရယ်သံမျိုး ဖြစ်သည်။
"ငါ အခုမှ နားလည်တော့တယ်" ဟု သူက ဆိုသည်။
"မင်း ကမ္ဘာပျက်သွားတာကို အရမ်းကြောက်လန့်သွားပုံရတယ် အဲဒါကြောင့် ရွှေပေါင်ကြီးကို ဖက်တွယ်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။ မင်းတစ်ယောက်တည်း မရှင်သန်နိုင်ဘူးဆိုတာ သိနေတော့ ငါ့သားနောက်မှာ ပုန်းဖို့ မင်း ရွေးချယ်လိုက်တာပဲ။ မင်းလို အဆိပ်ပြင်းတဲ့ မိန်းကလေးမျိုး ငါ တစ်ခါမှ မတွေ့ဖူးဘူး"
ဆိုင်းလပ်စ်၏ လက်သီးများမှာ ဘေးဘက်တွင် တင်းတင်းဆုပ်ထားမိသည်။ သူ၏ မျက်နှာမှာ ဒေါသကြောင့် ဖြူဖျော့နေသည်။ သို့သော် သူ စကားမပြောနိုင်မီမှာပင် အိုင်ဗီက သူမ၏ လက်ကို နူးညံ့စွာ မြှောက်ကာ သူ့ကို တားဆီးလိုက်သည်။
သူမ၏ မျက်ဝန်းများ အေးစက်လာပြီး ဗိုလ်ချုပ်ကြီးဒန်နီရယ်ကို တည်ငြိမ်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
"ဗိုလ်ချုပ်ကြီးဒန်နီရယ်" ဟု အိုင်ဗီက တိုးညင်းသော်လည်း ပြတ်သားစွာ ပြောလိုက်သည်။ "ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ဆိုင်းလပ်စ်အပေါ် ကျွန်မ မှားခဲ့တာတွေ အားလုံးအတွက် တကယ်ကို တောင်းပန်ပါတယ်"
သူမ၏ စကားကြောင့် အမျိုးသားနှစ်ဦးစလုံး မှင်တက်သွားကြသည်။
ဗိုလ်ချုပ်ကြီးဒန်နီရယ်က ခေါင်းခါရင်း ခပ်ရင့်ရင့် ရယ်မောလိုက်သည်။ "အနည်းဆုံးတော့ မင်းမှာ ကိုယ့်ကိုယ်ကိုယ် သိစိတ် ရှိသေးတာပဲ"
သို့သော် အိုင်ဗီက သူ့ကို ဆက်ပြောခွင့် မပေးတော့ပေ။ သူမသည် ကျောကို မတ်လိုက်ပြီး ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။ သူမ၏ မျက်ဝန်းများက သူ၏ မျက်ဝန်းများကို မတုန်မလှုပ် စိုက်ကြည့်နေခဲ့သည်။
"ကမ္ဘာပျက်သွားလို့ ကျွန်မ ဆိုင်းလပ်စ်အနားမှာ ရှိနေတာလို့ ဦးလေး ထင်နေလိမ့်မယ်၊ ဒါပေမဲ့ အဲဒီလို မဟုတ်ပါဘူး"
ဗိုလ်ချုပ်ကြီးဒန်နီရယ်က မျက်တောင်ခတ်လိုက်မိသည်။ ခဏတာမျှ သူ၏ ထက်ရှသော အကြည့်များထဲတွင် အံ့အားသင့်မှုများ ရိပ်ယောင်သွားသည်။ သူ မှတ်မိနေသော အိုင်ဗီမှာ ကြောက်တတ်ရွံ့တတ်ပြီး အမြဲတမ်း ခေါင်းငုံ့နေကာ သူ့ကို မျက်လုံးချင်း တည့်တည့်ကြည့်ရန်ပင် မဝံ့ရဲသူ ဖြစ်သည်။
သို့သော် ယခု သူ၏ရှေ့မှ အိုင်ဗီမှာမူ ထိုသို့မဟုတ်တော့ပေ။ သူမ၏ အသံတွင် သတ္တိများ ရှိနေပြီး သူမ၏ မျက်ဝန်းများမှာလည်း တုန်လှုပ်ခြင်း မရှိပေ။
သူမက ငါသိထားတဲ့ မိန်းကလေး မဟုတ်တော့ဘူးပဲ သူက ဝန်ခံချင်စိတ် မရှိသော်လည်း ရင်ထဲမှ ဝန်ခံလိုက်ရလေသည်။