အခန်း (၁၃၃-၁၃၄)
Vol. 14 Ch. 133-134
အခန်း (၁၃၃) အဆင့်မြှင့်တင်ခြင်း
ဆိုင်းလပ်စ်က ခပ်သဲ့သဲ့ ပြုံးလိုက်သည်။ ထို့နောက် အိုင်ဗီ၏ ပါးပြင်ကို ရုတ်တရက် ငုံ့နမ်းလိုက်ပြီး "အခု အိပ်တော့နော်၊ ကိုယ် ဘာမှ မနောက်တော့ဘူး"
အိုင်ဗီမှာ ကြောင်အမ်းသွားမိသည်။ မိမိကိုယ်မိမိ အလိမ်ခံလိုက်ရပြီဟုလည်း တော်တော်လေးကို သံသယဝင်နေမိသည်။ သို့သော်လည်း သူမရှေ့ကလူမှာ ဆိုင်းလပ်စ် ဖြစ်နေတယ်လေ သူက သူမကို ဘယ်တော့မှ လှည့်စားမည်မဟုတ်ပေ။
'နင် အတွေးလွန်နေတာပါ၊ အတိတ်ဘဝတုန်းကတောင် သူက နင့်ကို တစ်ခွန်းတောင် မဆူရက်ခဲ့တာ။ အခုကျမှ ဘယ်လိုလုပ် နင့်ကို အကွက်ဆင်ရက်မှာလဲ’ အိုင်ဗီမှာ တွေးရင်း ကျေနပ်စွာဖြင့် မျက်လုံးမှိတ်လိုက်သည်။
ထိုအချိန်တွင် ဆိုင်းလပ်စ်သည် အိုင်ဗီကို စူးစိုက်ကြည့်နေပြီးနောက် သူကိုယ်တိုင်လည်း ဖြည်းဖြည်းချင်း အိပ်ပျော်သွားတော့သည်။
နောက်ရက်အနည်းငယ်အတွင်း အိုင်ဗီသည် စွမ်းအားရှင်အချို့ကို ငှားရမ်းခဲ့ပြီး အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ခဲ့သည်။ စိတ်စွမ်းအားရှင် ၂၀ ဦး၊ မြေစွမ်းအားရှင် ၃၀ ဦးနှင့် အခြားစွမ်းအားရှင် အများအပြား ပါဝင်သော အဖွဲ့ဖြင့် အလုပ်များကို စတင်ခဲ့သည်။
မြေစွမ်းအားရှင်များက စတင်လှုပ်ရှားကြသည်။ သူမ၏ လမ်းညွှန်မှုဖြင့် ၎င်းတို့သည် မြေပြင်ကို ပုံဖော်ကာ ပင်မပိုက်လိုင်းများအတွက် ကျင်းအကျယ်ကြီးများကို မြေအနှံ့ တူးဖော်ကြသည်။
သူတို့၏ စွမ်းအားများကြောင့် အလွန်ပင် အလုပ်တွင်ခဲ့သည်။ ရက်သတ္တပတ်ပေါင်းများစွာ ကြာနိုင်သည့် ကျင်းတူးခြင်းလုပ်ငန်းမှာ တစ်ရက်တည်းနှင့် ပြီးစီးသွားသည်။
မြေဆီလွှာများကို ကျစ်လျစ်အောင် ပြုလုပ်ပြီးနောက် အိုင်ဗီ ဝယ်ယူထားသည့် သံမဏိပိုက်များ ထည့်သွင်းရန် ခိုင်ခံ့သော မြောင်းများကို ဖန်တီးလိုက်ကြသည်။
ထို့နောက် စိတ်စွမ်းအားရှင်များက တာဝန်ယူကြသည်။ သူတို့က စွမ်းအားကို အသုံးပြုကာ လေးလံသော သံမဏိပိုက်များနှင့် ရေကန်ကြီးများကို အလေးချိန်မရှိသကဲ့သို့ မ တင်ကြသည်။
အလက်ဇာ၏ တိကျသော ညွှန်ကြားမှုအောက်တွင် သူတို့ဟာ ပိုက်များကို မြောင်းများထဲသို့ ထည့်သွင်းကာ ခိုင်ခံ့သော အလုံပိတ်များဖြင့် သွယ်တန်းထားကြသည်။ ရေကန်ပြာကြီးများကိုမူ ရေလှောင်ကန်အဖြစ် အသုံးပြုရန် မြေမြင့်ပိုင်းတွင် နေရာချထားကြသည်။
"ပင်မရေကန်ကို နောက်ထပ် နှစ်မီတာလောက် မြှင့်လိုက်" ဟု အလက်ဇာက အထက်သို့ လက်ညှိုးထိုးပြရင်း အမိန့်ပေးလိုက်သည်။ "ကမ္ဘာ့ဆွဲအားကို အသုံးချရင် စက်တွေအများကြီး မလိုဘဲ ရေစီးဆင်းမှုကို ကူညီပေးလိမ့်မယ်"
စိတ်စွမ်းအားရှင်များက မြေစွမ်းအားရှင်များ ပြုလုပ်ပေးထားသော ခိုင်ခံ့သည့် ကျောက်သားစင်မြင့်ပေါ်သို့ ရေကန်ကို မတင်လိုက်ကြသည်။
နောက်တစ်ဆင့်မှာ စွန့်ပစ်ရေစနစ် ဖြစ်သည်။ အလက်ဇာနှင့် သူမ၏အဖွဲ့သည် ရေပိုက်လိုင်းများနှင့် ယှဉ်လျက်ရှိသော်လည်း ရောနှောညစ်ညမ်းမှု မရှိစေရန် မြေအောက်၏ ပိုမိုနက်ရှိုင်းသော နေရာတွင် တည်ဆောက်ရန် ပုံစံထုတ်ခဲ့သည်။
မြေစွမ်းအားရှင်များသည် စောင်းလျောပါသော လိုဏ်ခေါင်းများကို တူးဖော်ပေးကြရာ အညစ်အကြေးရေများသည် အလုံပိတ်ထားသော စုဆောင်းခန်းများထဲသို့ သဘာဝအတိုင်း စီးဝင်သွားမည်ဖြစ်သည်။
စိတ်စွမ်းအားရှင်များက ဆက်သွယ်ရေးသေတ္တာများကို နေရာချကာ ရေစီးဆင်းမှုကို ထိန်းချုပ်ရန် ဘားအကြီးကြီးများကို တပ်ဆင်ကြသည်။ အိုင်ဗီကိုယ်တိုင်က သူမ၏ သိုလှောင်ခန်းထဲမှ သန့်ရှင်းသောရေများကို ပထမဆုံးရေကန်ထဲသို့ ဖြည့်သွင်းလိုက်သည်။ ပိုက်လိုင်းများထဲမှ ရေများ စတင်စီးဆင်းလာပြီး စမ်းသပ်ထုတ်ပေါက်မှ ကြည်လင်သောရေများ ပန်းထွက်လာသည်။
ငါးရက်အတွင်းမှာပင် ရေပေးဝေရေးနှင့် အညစ်အကြေး စီမံခန့်ခွဲမှု စနစ်၏ အခြေခံ အဆောက်အအုံမှာ ပြီးစီးသွားသည်။ လပေါင်းများစွာ ပင်ပင်ပန်းပန်း လုပ်ရမည့် အလုပ်မှာ တစ်ပတ်မပြည့်မီမှာပင် ပြီးဆုံးသွားခြင်း ဖြစ်သည်။
ရေကန်ကြီးများသည် နေရောင်အောက်တွင် တောက်ပစွာ မားမားမတ်မတ် ရှိနေပြီး ပိုက်လိုင်းများမှာ မြေအောက်တွင် စနစ်တကျ သွယ်တန်းလျက်ရှိသည်။ စွန့်ပစ်ရေမြောင်းများကိုလည်း လုံခြုံစွာ ပိတ်ထားနိုင်ခဲ့သည်။
အိုင်ဗီသည် နယ်မြေအတွင်း လှည့်ပတ်ကြည့်ရှုကာ အဆက်အသွယ်တိုင်း၊ ဘားတိုင်းနှင့် ရေကန်တိုင်းကို စစ်ဆေးသည်။ သူမ၏ မျက်ဝန်းများမှာ ကျေနပ်မှုကြောင့် တောက်ပနေသည်။
"ဒါက ခိုင်ခန့်မှာပါ" ဟု သူမကိုယ်တိုင် တိုးတိုးလေး ရေရွတ်လိုက်သည်။ "အပြင်လောကကြီး တစ်ခုလုံး ပျက်စီးသွားရင်တောင် ဒီနေရာကတော့ ဆက်လက်ရှင်သန်နေလိမ့်မယ်"
အိုင်ဗီသည် အသက်ပြင်းပြင်းရှုကာ နောက်ထပ်အလုပ်ဖြစ်သည့် အခန်းတစ်ခန်းပါ တိုက်ခန်းများ မဆောက်မှီ မြေပြင်ကို ညီညာအောင်ပြုလုပ်သည့် အလုပ်ကို အာရုံစိုက်လိုက်သည်။
နေရာချထားမှုမှာ တည့်တည့်မတ်မတ် မရှိသဖြင့် အိုင်ဗီမှာ အနေအထား မှန်ကန်စေရန် အဖန်ဖန်တလဲလဲ ပြန်လည်လုပ်ဆောင်ခဲ့ရသည်။
အတန်ကြာ စဉ်းစားပြီးနောက် သူမက လောလောဆယ်တွင် တိုက်ခန်း ၁၀ ခန်းကိုသာ တည်ဆောက်ရန် ဆုံးဖြတ်လိုက်သည်။ သူမ ထိုအခန်းများကို ထပ်ဆင့်ကြည့်သော်လည်း အားလုံးမှာ မခိုင်ခံ့ဘဲ ယိုင်နဲ့နေသည်ကို တွေ့ရသည်။
အိမ်များဆောက်ရန် စွမ်းအားရှင်များကို ငှားရမ်းရန် စဉ်းစားခဲ့သော်လည်း အချိန်အလွန်ကြာနိုင်သည်ကို သူမ သဘောပေါက်လိုက်သည်။
တစ်ချိန်တည်းမှာပင် ယခင်က သူမ မစဉ်းစားမိခဲ့သော ပြဿနာတစ်ခုကို သတိပြုမိသွားသည်။ ဒီနေရာကို ကြည့်ရသည်မှာ အလွန် ခြောက်သွေ့လွန်းနေသည်။ သစ်ပင်များ၊ ဆိုင်ခန်းများနှင့် စိုက်ပျိုးရေး နယ်မြေများလည်း မရှိသေးပေ။
ဒါ့ကြောင့် အိုင်ဗီသည် သူမ၏ ဟင်းလင်းပြင် သိုလှောင်ခန်း ကို အဆင့်မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။ ပြဿနာတစ်ခုမှာ ၁၀,၀၀၀ (KB) အပြင် ဟင်းလင်းပြင် အမြူတေ ၁,၀၀၀ နှင့် စိတ်စွမ်းအား အမြူတေ ၁,၀၀၀ လိုအပ်ခြင်း ဖြစ်သည်။
စိတ်စွမ်းအားအမြူတေ ရှာဖွေရသည်မှာ ပြဿနာမဟုတ်သော်လည်း အမြူတေ ၁,၀၀၀ ရှာရန်မှာမူ တကယ်ပင် ခက်ခဲလှသည်။ အိုင်ဗီက သိုလှောင်ခန်းကို အဆင့်မြှင့်တင်လိုက်ပြီးနောက် သိုလှောင်ခန်း၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ထိုနေ့ကုန်ခါနီးတွင် အိုင်ဗီသည် ဟင်းလင်းပြင် သိုလှောင်ခန်းထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။ ယခင်အချိန်က အေးစက်သော လေထုနှင့် ယှဉ်လျှင် ယခုအခါ အပူချိန်မှာ ပိုမိုနွေးထွေးနေသည်။ သိုလှောင်ခန်းမှာလည်း သိသိသာသာ ကျယ်သွားသည်။
အခြား ထူးခြားသော ပြောင်းလဲမှု မရှိသဖြင့် အိုင်ဗီသည် ဈေးဝယ်စနစ်ကို အရင်စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း စိတ်ပျက်စရာကောင်းသည်မှာ အဲ့ဟာက ပြောင်းလဲမှု မရှိဘဲ နဂိုအတိုင်းပင် ရှိနေသည်။
ရိက္ခာပစ္စည်းများကို အဆ ၅၀ ပွားများပေးသည့် စနစ်မှာလည်း ထိုအတိုင်းပင် ဖြစ်သည်။ အိုင်ဗီသည် နောက်ဆုံးအချက်ကို အာရုံစိုက်ကာ အမိန့်ပေးလိုက်သည်။
"အခန်းနှစ်ခန်းပါ တိုက်ခန်းတစ်ခန်း တည်ဆောက်ပါ"
[အခန်းနှစ်ခန်းပါ တိုက်ခန်းတစ်ခန်းကို ၂ KB ဖြင့် တည်ဆောက်လိုပါသလား။]
"ဟုတ်ကဲ့" ဟု အိုင်ဗီက ပြန်ဖြေလိုက်သည်။ သူမ၏ ရင်ခုန်သံများ မြန်လာပြီး သူမ၏ ကြိုးစားမှုများမှာ အောင်မြင်မှု အသီးအပွင့် ခံစားရတော့မည်လားဟု တွေးတောနေမိသည်။
[အမိန့်ကို စတင်ဆောင်ရွက်နေပါသည်… အမှားတစ်ခု ဖြစ်ပေါ်နေပါသည်။ အဆင့်မလုံလောက်ပါ။]
အိုင်ဗီသည် စိတ်ပျက်သွားသော်လည်း လက်လျှော့ရန် ငြင်းဆန်လိုက်ပြီး အကြာကြီး စဉ်းစားကာ နောက်ထပ် အမိန့်ပေးလိုက်သည်။
"နောက်ထပ် အထောက်အကူပြု ပစ္စည်းတွေပါတဲ့ အခန်းတစ်ခန်းပါ တိုက်ခန်းတစ်ခန်း"
[အခန်းတစ်ခန်းပါ တိုက်ခန်းတစ်ခန်းကို ၁ ကေဘီ (KB) ဖြင့် တည်ဆောက်လိုပါသလား။]
"ဟုတ်ကဲ့"
[အမိန့်ကို စတင်ဆောင်ရွက်နေပါသည်... တည်ဆောက်မှု ပြီးစီးပါပြီ]
ဟင်းလင်းပြင် သိုလှောင်ခန်းအတွင်းရှိ တောက်ပနေသော အလင်းရောင်များ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်အထိ အိုင်ဗီ စောင့်ဆိုင်းနေခဲ့သည်။ အလင်းရောင်များ ကြည်လင်သွားသောအခါ သူမ၏ ရှေ့တွင် အဆောက်အအုံသစ်တစ်ခု ပေါ်လာသည်။
ယခင်က ရိုးရှင်းသော သစ်သားအိမ်နှင့် နှိုင်းယှဉ်လျှင် ဒီတစ်ခုမှာ ပိုမိုကောင်းမွန်နေသည်။ နံရံများမှာ သစ်သားဖြစ်နေဆဲပင် ဖြစ်သော်လည်း ၎င်းတို့ကို ချောမွေ့အောင် ပွတ်တိုက်ထားပြီး အမိုးမှာလည်း ပိုမိုနက်မှောင်ကာ ခိုင်ခံ့သော အချောသတ်ဖြင့် ရှိနေသည်။
သူမ တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် ရင်ခုန်သံများ ပိုမိုမြန်လာခဲ့သည်။
အတွင်းသို့ ဝင်သွားသောအခါ အခန်းမှာ တစ်ခန်းထက်မက ရှိနေသည်ကို သူမ ချက်ချင်း သတိပြုမိလိုက်သည်။ သူမ ကျင့်သားရနေသည့် နေရာလွတ်တစ်ခုတည်း မဟုတ်ဘဲ အဆောက်အအုံကို ကဏ္ဍအသီးသီး ခွဲခြားထားသည်။
၎င်းမှာ သာမန်အိမ်ငယ်လေး မဟုတ်တော့ကြောင်း သိသာထင်ရှားသည့် သီးခြားအခန်းများ ရှိနေသည်။
အခန်းများမှာ ပိုမိုကျယ်ဝန်းလာပြီး စင်္ကြံလမ်းများမှာလည်း ပိုရှည်လာကာ တစ်နေရာလုံးမှာ ရိုးရိုးတန်းတန်း နေထိုင်ရုံထက် ပိုမိုသည့် ခံစားချက်ကို ပေးစွမ်းနေသည်။
ထူးခြားသော ပြောင်းလဲမှုတစ်ခုမှာ စတိုခန်းဟု ထင်ရသော အခန်းငယ်လေးတစ်ခု ပါဝင်လာခြင်းပင် ဖြစ်သည်။
အိုင်ဗီသည် သက်ပြင်းချလိုက်ရင်း ယခင်က သူမ သတိမထားမိခဲ့သော ပုံစံတစ်ခုကို သတိပြုမိသွားသည်။ ဟင်းလင်းပြင် သိုလှောင်ခန်းသည် အဆင့်တက်ရန် ပုံစံတစ်ခု ရှိနေပုံရသည်။
ပထမဆုံးအကြိမ် သိုလှောင်ခန်းကို အဆင့်မြှင့်တင်ခဲ့စဉ်က နေရာကျယ်ဝန်းလာသည်မှလွဲ၍ အခြား တိုးတက်မှု မရှိခဲ့ပေ။
ဒုတိယအကြိမ် အဆင့်မြှင့်တင်ခဲ့ချိန်တွင်မူ ပွားများနိုင်သည့် အရေအတွက် တိုးလာခဲ့သလို အခန်းတစ်ခန်းပါ တိုက်ခန်းကိုလည်း တည်ဆောက်ခွင့် ရရှိခဲ့ခြင်းပင် ဖြစ်သည်။
အခန်း (၁၃၄) စံသတ်မှတ်ချက်များ
တတိယအကြိမ် အဆင့်မြှင့်တင်မှုတွင် ပစ္စည်းများ ပွားများနိုင်သည့် အရေအတွက် တိုးမလာသော်လည်း အခန်းတစ်ခန်းပါ တိုက်ခန်းပုံစံကို ပြောင်းလဲပြင်ဆင်မှုအချို့ ရှိခဲ့သည်။
ထို့ကြောင့် စတုတ္ထအကြိမ် အဆင့်မြှင့်တင်မှုတွင်မူ ပစ္စည်းပွားများနိုင်သည့် အဆအရေအတွက် တိုးလာနိုင်သလို အခန်းနှစ်ခန်းပါ တိုက်ခန်းကိုလည်း တည်ဆောက်နိုင်လိမ့်မည်ဟု သူမ တွေးမိသည်။ အိုင်ဗီသည် အသက်ပြင်းပြင်းရှုကာ စိတ်ထဲရှိ မကျေနပ်မှုများကို ဖြေဖျောက်ရင်း နောက်တစ်ဆင့်အတွက် လိုအပ်ချက်များကို စစ်ဆေးလိုက်သည်။ ထိုအချက်အလက်များကို မတွေ့ခဲ့လျှင် ပိုကောင်းပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူမ မြင်လိုက်ရသည့်အခါ ဒေါသတကြီး ပေါက်ကွဲချင်စိတ်ပင် ပေါက်သွားသောကြောင့် ဖြစ်သည်။
ဒါက သက်သက် အနိုင်ကျင့်ခြင်းပင်။ အစိမ်းသက်သက် အနိုင်ကျင့်ခံလိုက်ရခြင်း ဖြစ်သည်။ သူမအနေဖြင့် ၁၀၀,၀၀၀ စိတ်စွမ်းအားအမြူတေ ၁၀,၀၀၀၊ စပေ့စ်အမြူတေ ၁၀,၀၀၀ နှင့် ရေစွမ်းအားအမြူတေ ၁,၀၀၀ ပင် ပေးဆောင်ရမည် ဖြစ်သည်။
ဒီဟင်းလင်းပြင် သိုလှောင်ခန်းသည် အဆင့်မြှင့်တင်မှုတိုင်းတွင် အမြူတေ အမျိုးအစားအသစ်များကို ထပ်တိုးတောင်းဆိုရန် ကြံစည်နေတာလား။ ထိုသို့ တွေးမိရုံနှင့်ပင် အိုင်ဗီ ခေါင်းခဲသွားရသည်။ သူမ အရာရာကို အလွန်အမင်း ရိုးရှင်းစွာ တွေးတောမိခဲ့လေပြီ။
သူမ၏ စိတ်အခြေအနေ ထပ်မံမပျက်စီးစေရန်အတွက် အကောင့်ထဲရှိ လက်ကျန် KB ကို လှည့်ကြည့်လိုက်ရာ KB၂ သန်း ရှိနေသည်ကို တွေ့ရသည်။ ထိုအရေအတွက်မှာ စက္ကန့်တိုင်းတွင် တိုးပွားနေသည်။ ဆိုင်းလပ်စ်ထံ သူမပေးခဲ့သော ဆေးဝါးများကြောင့်ပင် ဖြစ်သည်။ သူသည် ထိုဆေးများကို တာလီယာထံ ပေးအပ်ခဲ့ပြီး တာလီယာမှတစ်ဆင့် သူမ၏ အဆက်အသွယ်များဆီသို့ ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။
ဆိုင်းလပ်စ်သည် တာလီယာ၏ အဆက်အသွယ်များက ဤဆေးဝါးများကို ဈေးကွက်ပေါက်ဈေးထက် လျှော့ပေးနေသူမှာ အိုင်ဗီဖြစ်ကြောင်း သိအောင် တမင်တကာ ပြောကြားခိုင်းခဲ့သဖြင့် သူမအနေဖြင့် ထိုက်တန်သည့် ဂုဏ်ပြုမှုကို ရရှိခဲ့သည်။
ထိုအဆက်အသွယ်များက ဆိုင်းလပ်စ်၏ ရည်ရွယ်ချက်ကို ရိပ်မိသောအခါ အိုင်ဗီသည် နိုင်ငံရေးလောကထဲသို့ ခြေစုံပစ်ဝင်ရန် ကြံစည်နေသည်ဟု ထင်မှတ်ကာ သူမ၏ အမည်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် မကောင်းသော ရည်ရွယ်ချက်ရှိသူအချို့က သူမကို ရန်ပြုရန် ကြိုးစားခဲ့ကြသော်လည်း သူတို့ စိတ်ပျက်သွားရသည်မှာ ဒါတွေက နောက်ဆုံးလက်ကျန် ဆေးဝါးအသုတ်ဖြစ်ကြောင်း ကြားသိလိုက်ရခြင်းကြောင့် ဖြစ်သည်။ အများစုမှာ အိုင်ဗီကို အေးအေးဆေးဆေးပင် ထားလိုက်ကြသော်လည်း မကောင်းသော အကြံရှိနေသေးသူများကိုမူ 'ဘလက်ခ်သော်န်' မိသားစုနှင့် မောင်နှမများက နှိမ်နင်းပေးခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ အိုင်ဗီ့လက်ထဲတွင် နောက်ဆုံးအသုတ်သာ ကျန်တော့ကြောင်းနှင့် သူမက ထိုဆေးများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေဆဲဖြစ်ကြောင်း သိသွားကြသောအခါ လူအများမှာ ကျေးဇူးတင်ရှိမှုများဖြင့် ပြည့်နှက်သွားကြသည်။ မကြာမီမှာပင် အိုင်ဗီ၏ KB လက်ကျန်မှာ ထိုးတက်သွားရာ သူမကိုယ်သူမ ရုတ်တရက် ချမ်းသာလာသည့် သူဌေးကြီးတစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။
ဤမျှများပြားသည့် လက်ကျန်ငွေရှိနေသဖြင့် အိုင်ဗီသည် ရိက္ခာများကို ပုံမှန်အတိုင်း ပွားများခဲ့သည်။ တစ်ရက်ထက်တစ်ရက် သူမ၏ သိုလှောင်ရုံမှာလည်း တဖြည်းဖြည်း ပြည့်လျှံလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် တစ်ပတ် ကုန်ဆုံးသွားပြန်သည်။ အိုင်ဗီသည် သူမ၏ အခြေစိုက်စခန်းနှင့် လေ့ကျင့်ခြင်းအပေါ်တွင်သာ အာရုံစိုက်နေခဲ့သည်။
လ အစ၏ ပထမဆုံးရက်တွင် အိုင်ဗီသည် သူမ၏ သွေးကြောထဲ၌ စွမ်းအင်များ စီးဆင်းနေသည်ကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးတွင် အေးမြမှုများ ပျံ့နှံ့သွားသဖြင့် ကျေနပ်စွာ သက်ပြင်းချလိုက်မိသည်။ သူမ အဆင့် ၂ သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ယခုဆိုလျှင် သူမသည် အနီးအနားရှိ ဇမ်ဘီများ သူမ၏ တည်ရှိမှုကို မသိအောင် ကာကွယ်နိုင်ရုံသာမက သူမ၏ ပတ်ဝန်းကျင် စတုရန်းမီတာ ၁,၀၀၀ အကျယ်အဝန်းကိုပါ ကာကွယ်ထားနိုင်ပြီ ဖြစ်သည်။
နောက်တစ်ဆင့် တက်သွားလျှင် စတုရန်းမီတာ ၁၀,၀၀၀ ကို ကာကွယ်နိုင်မည်ဖြစ်ပြီး အဆင့် ၄ ရောက်လျှင် စတုရန်းမီတာ ၁၀၀,၀၀၀ အထိ ကာကွယ်နိုင်မည် ဖြစ်သည်။ အဆင့် ၅ ရောက်လျှင်မူ စတုရန်းကီလိုမီတာ ၁၀ အထိ ကာကွယ်နိုင်လိမ့်မည်။
၎င်းမှာ သူမ၏ စွမ်းအားကန့်သတ်ချက် ဖြစ်သည်။ အနည်းဆုံးတော့ အိုင်ဗီက ထိုသို့ ယုံကြည်ထားခဲ့သည်။ သူမ၏ အတိတ်ဘဝတွင် အဆင့် ၅ ရောက်ပြီးနောက် အကြာကြီး ကျင့်ကြံခဲ့သော်လည်း တိုးတက်မှု မရှိခဲ့ပေ။
နောက်ပိုင်းတွင် သူမသည် ကျင့်ကြံခြင်းကို ရပ်ဆိုင်းလိုက်ပြီး မိသားစုနှင့်အတူ ပျော်ရွှင်စွာ အချိန်ကုန်ဆုံးခဲ့သည်။ မိသားစုအကြောင်း တွေးမိသောအခါ အိုင်ဗီ၏ ရင်ခုန်သံများ မြန်လာပြီး သူတို့ ဘယ်လိုနေထိာင်နေမလဲဆိုသည့်အတွေးကို စတင်တွေးတောမိသည်။ သူတို့ ဒုက္ခရောက်နေကြသလား။ ဝဝလင်လင် စားကြရရဲ့လား။
သူတို့ ကောင်းမွန်စွာ ရှင်သန်နေကြလျှင် အကောင်းဆုံးဖြစ်မည်။ သူမ ဆိုင်းလပ်စ်ကို အဖန်ဖန်တလဲလဲ တိုက်တွန်းခဲ့ပြီး သူမ၏ မိဘများနှင့် ဒေမီယန် တို့၏ သတင်းအချက်အလက်များကို အမြန်ဆုံး ရှာဖွေပေးရန် တောင်းဆိုထားခဲ့သည်။
မိဘများနှင့် ပတ်သက်၍ သတင်းမရသေးသော်လည်း ဆိုင်းလပ်စ်သည် ဒေမီယန်နှင့် ပတ်သက်၍မူ သတင်းအချို့ ရရှိခဲ့သည်။
ဒေမီယန်ကို သူတို့၏ အဆက်အသွယ်များက အကြိမ်ကြိမ် တွေ့ရှိခဲ့ကြသည်။ တစ်ကြိမ်တွင် သူသည် လူသားတစ်ဦးကဲ့သို့ ပုံမှန်ပုံစံ ရှိနေသော်လည်း ထိုနေရာတစ်ဝိုက်ကို ကြည့်ရင်း တစ်ကိုယ်တည်း တတွတ်တွတ် ရေရွတ်နေခဲ့သည်။ ဆိုင်းလပ်စ်၏ အဖွဲ့က သူ့ကို ဖမ်းဆီးရန် နီးကပ်လာချိန်တွင် သူသည် ဝေးလံသော နေရာတစ်ခုသို့ ကိုယ်ယောင်ဖျောက် လွတ်မြောက်သွားခဲ့သည်။
နောက်တစ်ကြိမ် တွေ့ရှိချိန်တွင်မူ သူ၏ အရေပြား တစ်ခုလုံးမှာ မှောင်မိုက်သော သတ္တဝါကြီးကဲ့သို့ ဖြစ်နေသဖြင့် ဆိုင်းလပ်စ်၏ လူများက ဇမ်ဘီ အမျိုးအစားသစ်တစ်ခု ပေါ်ထွက်လာပြီဟုပင် ထင်မှတ်ခဲ့ကြသည်။ ဆိုင်းလပ်စ်ရဲ့လူများက သူ့ကို အဆုံးစီရင်ရန် ကြိုးစားခဲ့ကြသော်လည်း သူသည် လျှောခနဲ လွတ်သွားသည့် ငါးတစ်ကောင်ကဲ့သို့ ထပ်မံ ထွက်ပြေးသွားပြန်သည်။
ဆိုင်းလပ်စ်နှင့် အိုင်ဗီတို့ပင်လျှင် စိတ်ပျက်နေကြရသည်။ ဒေမီယန်ဟာ အသက်ကိုးခုရှိသည့် မြေခွေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
အိုင်ဗီမှာလည်း စိတ်ရှုပ်နေရသည်။ ဒေမီယန်၏ လက်စွပ်တွင် ဤကဲ့သို့သော စွမ်းရည်များ ရှိနေလိမ့်မည်ဟု သူမ မထင်ခဲ့ပေ။ သို့သော်လည်း တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် သူမ ထိုလက်စွပ်နှင့် စာချုပ်မချုပ်ဆိုခဲ့မိသည်ကို ဝမ်းသာမိသည်။ သူမအမြင်တွင် ထိုလက်စွပ်မှာ မကောင်းဆိုးဝါးဆန်လှသည်။
အရင်က လူသားတစ်ဦးဖြစ်ခဲ့သော ဒေမီယန်သည် အချိန်တစ်ခုတွင် မီးလောင်ထားသကဲ့သို့ မည်းနက်နေသော အရေပြားရှိနေပြီး နောက်တစ်ချိန်တွင် လူသားကဲ့သို့ ဘယ်လို ပြုမူနေနိုင်တော့မှာလဲ
အိုင်ဗီ၏ အာရုံကို ဖမ်းစားနိုင်သည့် နောက်ထပ် သတင်းထူးတစ်ခုမှာ 'ဘလက်ခ် ဗာချာ' အဖွဲ့ စတင်လှုပ်ရှားလာခြင်းပင် ဖြစ်သည်။
အခွင့်အရေး ရရှိလာပြီဖြစ်သဖြင့် အိုင်ဗီသည် အသက်ပေါင်းများစွာကို ကယ်တင်လိုသည်။ ထို့ကြောင့် သူမသည် ဆိုင်းလပ်စ်ကို ဘလက်ခ် ဗာချာ အဖွဲ့နှင့် ၎င်းတို့၏ အနာဂတ် အစီအစဉ်များအကြောင်း ပြောပြထားခဲ့သည်။
ဘလက်ခ် ဗာချာ အဖွဲ့သည် ဇမ်ဘီတိုက်ခိုက်မှုအပြီးတွင် မပျက်မစီး ကျန်ရှိနေသေးသော နေအိမ်များတွင် နေထိုင်သည့် အပြစ်မဲ့ ပြည်သူများကို လုယက်ကြမည်ဖြစ်ပြီး ထိုအရင်းအနှီးကို အသုံးပြုကာ ကိုယ်ပိုင် အခြေစိုက်စခန်းတစ်ခု တည်ဆောက်ကြမည် ဖြစ်သည်။
အစပိုင်းတွင် ၎င်းတို့၏ လုပ်ဆောင်ချက်မှာ အလွန်ဆိုးရွားလိမ့်မည်။ သို့သော်လည်း ဘလက်ခ် ဗာချာ အဖွဲ့တွင် တိုက်ခိုက်ရေးသမား များစွာ ရှိနေသဖြင့် ၎င်းသည် အလုံခြုံဆုံး စခန်းများထဲမှ တစ်ခု ဖြစ်လာလိမ့်မည်။
ဒုက္ခသည်များစွာသည် ဘလက်ခ် ဗာချာ စခန်းထဲသို့ ဝင်ရောက်ကြမည်ဖြစ်ပြီး သူတို့၏ ရိက္ခာများနှင့် အမြူတေ၊ ရွှေ စသည့် ပစ္စည်းများကြောင့် ဘလက်ခ် ဗာချာ အဖွဲ့သည် အရောင်းအဝယ်အချို့ကို ရယူနိုင်ကာ နောက်ဆုံးတွင် စခန်း၏ အခြေအနေကို မြှင့်တင်နိုင်ခဲ့သည်။
သို့သော်လည်း လျှို့ဝှက်ချက်အနေဖြင့် သူတို့သည် အမျိုးသမီးငယ်များနှင့် လူငယ်များကို လူကုန်ကူးသည့် ဂိုဏ်းတစ်ခုကို လုပ်ဆောင်နေကြပြီး ၎င်းတို့၏ ကိုယ်ပိုင် နိုင်ငံသားများကိုပင် စမ်းသပ်ခံ သတ္တဝါများအဖြစ် အသုံးပြုခဲ့ကြသည်။
ဤကဲ့သို့သော အခြေစိုက်စခန်းမျိုးကို အမြစ်ကနေ ဖျက်ဆီးပစ်ခြင်းက ပို၍ ကောင်းလိမ့်မည်။ ထိုစခန်းမှ တစ်စုံတစ်ယောက်သည် ဘလက်ခ် ဗာချာ အဖွဲ့ကို ထောက်ပံ့ပေးနေလိမ့်မည်ဟု ဘယ်သူ ထင်ထားမှာလဲ။ အိုင်ဗီ ထိုသတင်းကို ရရှိသောအခါ ကြောင်အမ်းသွားပြီး သူမ နားကြားမှားနေသလားဟုပင် တွေးတောမိသည်။
သူမ၏ အတိတ်ဘဝတွင် စစ်တပ်အခြေစိုက်စခန်းနှင့် ဘလက်ခ် ဗာချာ စခန်းတို့မှာ လုံးဝ ဆန့်ကျင်ဘက် အခြမ်းတွင် ရှိနေကြပြီး အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြသည်။ အကြိမ်တိုင်းတွင်လည်း နိုင်ငံသားများစွာသည် စစ်ပွဲအတွင်း ကာကွယ်ခပေးရန်အတွက် အမြူတေ ၁,၀၀၀ စီ ပေးဆောင်ခဲ့ကြရသည်။
ယခုတွင် အတွင်းသတင်းများကို ရရှိပြီးနောက် အိုင်ဗီသည် သူမ၏ မှတ်ဉာဏ်များ ဘယ်လောက် လွဲချော်နေကြောင်း သဘောပေါက်လိုက်သည်။
အကယ်၍ သူမ တွေးတောနေသည်မှာ မှန်ကန်နေမည်ဆိုလျှင်…