အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
အခန်း (၃၃) ဝိညာဉ်ကျောက်တုံး သတ္တုတွင်းက စိတ်လှုပ်ရှားစရာ ကောင်းတယ်
ညနေဘက်တွင် ကျိုးယွမ်သည် သူ၏ခြံဝင်းထဲသို့ ပြန်ရောက်လာပြီး စနစ်အချက်အလက်များကို စတင်စစ်ဆေးလိုက်သည်။
[ပိုင်ရှင် - ကျိုးယွမ်]
[ကျင့်စဉ်အဆင့် - ချီသန့်စင်ခြင်း အဆင့် ၃ (၂၅၆၀/၈၅၀၀)]
[သက်တမ်း - ၂၁/၂၅၆၈.၁]
[ပါရမီ - ဝိညာဉ်သွေးကြောသုံးခု]
[ကံကြမ္မာတန်ဖိုး - ၆၇၀]
[ကျွမ်းကျင်မှုများ - အလယ်အလတ်အဆင့် မီးတောက်ဂါထာ၊ အဆင့်နိမ့် ဝိညာဉ်ဖမ်း ဝင်္ကပါ]
[အထူးစွမ်းရည်များ - မျက်နှာတစ်ထောင် ကျင့်စဉ်၊ အချိန်ကိုဖျက်ဆီးခြင်း နည်းစနစ်၊ အရှိန်အဝါဖုံးကွယ်ခြင်း ကျင့်စဉ် (အဆင့် ၂)]
ကျိုးယွမ်မှာ အလွန်တရာ ဝမ်းမြောက်နေခဲ့၏။ ထို့နောက် သူ၏ ဒန်တျန်ကို စစ်ဆေးကြည့်လိုက်ရာ ဓားပုံသဏ္ဌာန် တာအိုအုတ်မြစ် မျိုးစေ့နောက်တစ်ခု
ထပ်မံပေါ်လာသည်ကို တွေ့လိုက်ရသည်။
*ဒီနေ့က တကယ်ကို ပျော်စရာကောင်းတာပဲ... ငါ့ရဲ့ ပါရမီက ဝိညာဉ်ကြောသုံးခုအဖြစ် တက်သွားတာတင်မကဘူး... ဒုတိယမြောက် အခြေခံတည်ဆောက်ခြင်း မျိုးစေ့ကိုပါ စုစည်းနိုင်သွားပြီ…*
ရှေးဟောင်း ချီသန့်စင်ခြင်း အဆင့်တစ်ရာ ကျင့်စဉ်ကိုလည်း အဆင့် ၂၃ အထိ ကျင့်ကြံနိုင်ခဲ့ပြီပဲ…။
ဤမျှကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံခြင်းအမြန်နှုန်းကို တွေးမိချိန်တွင် ကျိုးယွမ်၏ ခန္ဓာကိုယ်မှာ အလိုအလျောက် တုန်ရီသွားပေ၏။
ထို့နောက် ကျိုးယွမ်သည် တန်ခိုးစွမ်းအားကြီးမားသော ကျင့်စဉ်တစ်ခုဖြစ်သည့် ယွမ်ပေါက်ကွဲခြင်းခြောက်ပါး ကျင့်စဉ်ကို လေ့လာကြည့်လိုက်သည်။
ဤကျင့်စဉ်ကို အသုံးပြုခြင်းအားဖြင့် အခြားသူများနှင့် တိုက်ခိုက်ချိန်တွင် မူလချီကို ခြောက်ကြိမ်တိုင်တိုင် ဖိသိပ်နိုင်ပြီး မူလချီ၏ စွမ်းအားကို များစွာ တိုးမြှင့်ပေးနိုင်ပေသည်။
သူ၏ ကံကြမ္မာတန်ဖိုး ၆၇၀ အထိ ထိုးတက်သွားသည်ကို မြင်ချိန်တွင် ကျိုးယွမ်သည် လုံးလုံးလျားလျား တုံ့ဆိုင်းမနေတော့ဘဲ ၎င်းတို့ကို ဝိညာဉ်ဆေးရည် နှစ်ဆယ့်နှစ်စက်အဖြစ် ချက်ချင်းလဲလှယ်လိုက်ရာ ကံကြမ္မာတန်ဖိုး ၁၀ သာ ကျန်ရှိတော့၏။
ထို့နောက် ကျိုးယွမ်သည် ဝိညာဉ်ဆေးရည်ကို စတင်သန့်စင်လိုက်ရာ လျင်မြန်စွာ ကြီးထွားလာနေသော သူ၏ဝိညာဉ်စွမ်းအင်ထံမှ အလွန်တရာ သက်တောင့်သက်သာရှိသော ခံစားချက်ကို ရရှိလိုက်ပေသည်။
ကျိုးယွမ်သည် တစ်ညလုံး အချိန်ယူကာ တစ်ဝက်ကို သန့်စင်လိုက်ပြီး နောက်နေ့ညတွင် နောက်ထပ် တစ်ရက်ခန့် ဆက်လက်သန့်စင်ရန် လိုအပ်ပေမည်။
နောက်တစ်နေ့တွင် ကျိုးယွမ်သည် ဝမ်ရှန်း အကျဉ်းထောင်သို့ ရောက်ရှိလာခဲ့ပြီး လေထုက ပိုမိုထူးဆန်းလာကြောင်း ချက်ချင်း အာရုံခံမိလိုက်၏။
လီရွေ့သည် ကျိုးယွမ်အား သီးသန့်ခေါ်ယူလိုက်ပြီး ကျိုးယွမ်၏ စိတ်ဓာတ်တက်ကြွနေသည်ကို သတိပြုမိသဖြင့် အတော်လေး ကျေနပ်သွားကာ တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် လီရွေ့က ကျိုးယွမ်ကို နောက်ထပ် သွေးချီဆေးလုံးတစ်လုံး ထပ်ပေးလိုက်ပြီး ယနေ့တွင် ဝက်အကောင်နှစ်ဆယ် သတ်ရမည်ဖြစ်ကြောင်း ပြောပြလိုက်၏။
ထွက်ခွာသွားသော လီရွေ့၏ ကျောပြင်ကို ကြည့်ရင်း ကျိုးယွမ်က မျက်မှောင်ကြုတ်ကာ ဤနေရာတွင် ဘာတွေဖြစ်နေသနည်းဟု တွေးတောနေမိသည်။
ထို့နောက် ကျိုးယွမ်သည် မြေအောက်ထပ်သို့ ဆင်းသွားခဲ့ရာ ကျန်းချန်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသဖြင့် သူ့ထံသို့ ချက်ချင်းသွားကာ အရက်ကောင်းတစ်အိုးကို ထုတ်ပေးလိုက်၏။
"အစ်ကိုကျန်း... ဒီအရက်ကို မြည်းကြည့်ပါဦး... မနေ့က ကျွန်တော် ဝယ်လာတာ... ဆိုင်ရှင်က ဆယ်နှစ်ကျော် သက်တမ်းရှိပြီလို့ ပြောတယ်..."
ကျိုးယွမ်၏ လက်ထဲရှိ အရက်အိုးကို မြင်ချိန်တွင် ကျန်းချန်၏ မျက်လုံးများ အရောင်လက်သွားပေ၏။ သူသည် ထိုအရက်မျိုးကို အလွန်နှစ်သက်သူ ဖြစ်သည်။
ထို့အပြင် ရက်အနည်းငယ် ကြာပြီးနောက် ကျန်းချန်သည် ကျိုးယွမ်နှင့် အတော်လေး ရင်းနှီးလာသော်လည်း ကျိုးယွမ်ကို မည်သည့်အလုပ်ကိစ္စနှင့်မျှ မခိုင်းစေခဲ့ချေ။
ကျန်းချန်က ပြုံးကာ "ဒါဆိုလည်း ကျေးဇူးအများကြီးတင်ပါတယ် ညီလေးကျိုးယွမ်..." ဟု ဆိုလိုက်သည်။
ကျိုးယွမ်က ရယ်မောကာ "အစ်ကိုကျန်းကလည်း အားနာနေပြန်ပါပြီ... အရက်တစ်အိုးလောက်လေးပဲဟာ..." ဟု ပြန်ပြောလိုက်၏။
ကျန်းချန်နှင့် ခေတ္တမျှ စကားစမြည်ပြောပြီးနောက် ကျိုးယွမ်သည် အနီးအနားတွင် မည်သူမျှ မရှိသည်ကို သတိပြုမိသဖြင့် "အစ်ကိုကျန်း... ဒီနှစ်ရက်အတွင်း တပ်မှူးက ကျွန်တော့်ကို ဝက်တွေ အများကြီး သတ်ခိုင်းနေတယ်... ဘာတွေဖြစ်နေလဲဆိုတာ အစ်ကို သိလား..." ဟု မေးလိုက်သည်။
ကျိုးယွမ်၏ စကားကို ကြားချိန်တွင် ကျန်းချန်၏ မျက်နှာက ချက်ချင်း တည်ကြည်သွား၏။ သူက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။
"ညီလေးကျိုးယွမ်... ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ နည်းနည်းတော့ သိထားတယ်... ငါတို့က ညီအစ်ကိုတွေဆိုတော့ မင်းကို ပြောပြလို့ရပါတယ်... ဒါပေမဲ့ မင်း တခြားဘယ်သူ့ကိုမှ လုံးဝ မပြောပြရဘူးနော်..."
ဤစကားကို ကြားချိန်တွင် ကျိုးယွမ်က လျင်မြန်စွာ ခေါင်းညိတ်ပြပြီး ကျန်းချန်အား လက်အုပ်ချီကာ ဂါရဝပြုလိုက်၏။
"ချင့်လင်တောင်တန်းမှာ မိုင်ပေါင်းများစွာ ရှည်လျားတဲ့ ဝိညာဉ်ကျောက်တုံး သတ္တုကြောတစ်ခုကို ရှာတွေ့ထားတယ်... ချင့်လင် မဟာမိတ်အဖွဲ့က ဖုံးကွယ်ထားဖို့ ကြိုးစားခဲ့ပေမဲ့ နောက်ကျသွားပြီ... သတင်းတွေ ပေါက်ကြားသွားပြီလေ..."
"ဒီရက်ပိုင်းအတွင်းမှာ လူအများအပြားက ဒီကိစ္စကို စုံစမ်းဖို့ ချင့်လင်တောင်တန်းထဲကို ဝင်လာကြတယ်... ချင့်လင်မဟာမိတ်အဖွဲ့က သူတို့ကို ဝိုင်းဝန်းနှိမ်နင်းဖို့အတွက် ချင့်လင်တောင်တန်းကို လူအင်အား အမြောက်အမြား စေလွှတ်ထားတယ်..."
"သူတို့ထဲက အများစုကတော့ နေရာတင် သေသွားကြပေမဲ့ တချို့ကတော့ အဖမ်းခံရပြီး စစ်ကြောမေးမြန်းခံရတယ်... နေ့တိုင်း လူဒါဇင်ပေါင်းများစွာ ဖမ်းဆီးခံနေရတာ..."
"ဒီကိစ္စက ကြီးထွားလာနေပြီး လျှို့ဝှက်တပ်ဖွဲ့ကလည်း ချင့်လင်တောင်တန်းကို စောင့်ကြည့်နေပြီ... တကယ်လို့ အဆင့် ၃ လျှို့ဝှက်တပ်ဖွဲ့က စောင့်ကြည့်ရုံဆိုရင်တော့ ကိစ္စမရှိပေမဲ့ အဆင့် ၄ လျှို့ဝှက်တပ်ဖွဲ့သာ ပါဝင်လာရင်တော့ အကျိုးဆက်က မှန်းဆလို့တောင် ရမှာမဟုတ်ဘူး..."
"ဒါကြောင့် ကျိုးယွမ်... ငါတို့ ဝိညာဉ်မောင်းနှင်သူတွေက လတ်တလော အရမ်းအလုပ်ရှုပ်နေလိမ့်မယ်... အဲ့ဒါကို မင်း မှတ်ထားဖို့ လိုတယ်..."
ကျန်းချန်၏ ရှင်းပြချက်ကို ကြားပြီးနောက် ချင့်လင်မြို့၏ လေထုက ရက်အနည်းငယ်အလိုကနှင့် အဘယ်ကြောင့် လုံးလုံးလျားလျား ကွာခြားနေရသနည်းဆိုသည်ကို ကျိုးယွမ် ရုတ်တရက် သဘောပေါက်သွားပေ၏။
သားသတ်သမားက ဤအခြေအနေများကို သိထားပြီး ဖြစ်ရမည်။ ထို့ကြောင့် သူက ကျိုးယွမ်အား မြို့ပြင်မထွက်ရန် သွယ်ဝိုက်သောနည်းဖြင့် သတိပေးခဲ့ခြင်း ဖြစ်သည်။
ကျိုးယွမ်သည် ထိုကဲ့သို့သော သတ္တုတွင်း လုပွဲမျိုးတွင် တစ်ခါမှ မပါဝင်ဖူးသော်လည်း အစစ်အမှန် တိုက်ပွဲက မစတင်သေးဘဲ အချိန်အကြာကြီး ဆက်ဖြစ်နေဦးမည်ကို သူ ကောင်းကောင်း သိထားပေ၏။
"ကျေးဇူးတင်ပါတယ် အစ်ကိုကျန်း... ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောပါဘူး..."
ကျိုးယွမ်၏ စကားကို ကြားပြီးနောက် ကျန်းချန်က ခေါင်းညိတ်ပြပြီး ကျိုးယွမ်နှင့် ခဏမျှ စကားဆက်ပြောကာ သူ၏အလုပ်ကို ဆက်လုပ်ရန် ထွက်သွားလေသည်။
နှိပ်စက်စစ်ကြောရေးအဖွဲ့၏ အဆင့်နိမ့်ခေါင်းဆောင် တစ်ယောက်အနေဖြင့် ကျန်းချန်က ဤကိစ္စနှင့် ပတ်သက်၍ ကျိုးယွမ်ထက် ပိုသိနေမည်မှာ သဘာဝပင် ဖြစ်၏။
ကျိုးယွမ်က ခေါင်းယမ်းလိုက်ပြီးနောက် သူ့ကိုယ်သူ လှောင်ပြောင်သည့်အနေဖြင့် ရယ်မောလိုက်သည်။ ထားလိုက်ပါတော့... ဝက်သတ်ဖို့ကသာ အဓိကပဲ...
[ဒင်... သက်တမ်း - ၀.၄]
[ဒင်... ကံကြမ္မာ +၇၊ သက်တမ်း +၃၁၊ ကျင့်ကြံမှု +၃၇၇၊ ကိုယ်ဖော့ကျင့်စဉ် "မြက်ခင်းပေါ် ပျံသန်းခြင်း" ကို ရရှိပါသည်။]
[ဒင်... သက်တမ်း - ၀.၃]
[ဒင်... ကံကြမ္မာ +၄၊ သက်တမ်း +၂၁၊ ကျင့်ကြံမှု +၂၃၉၊ ကျင့်စဉ် (သွေးပြောင်းရွှေ့ခြင်း ကျင့်စဉ်) တစ်အုပ် ရရှိပါသည်။]
[ဒင်... သက်တမ်း - ၀.၇]
[ဒင်... ကံကြမ္မာ +၂၆၊ သက်တမ်း +၄၄၊ ကျင့်ကြံမှု +၇၉၉၊ တိုက်ခိုက်ရေးသိုင်း "နဂါးပျံ လက်သည်း" ကို ရရှိပါသည်။]
ကျိုးယွမ် အကျဉ်းခန်းများကို ဖြတ်သန်းသွားချိန်တွင် သူ၏ခေါင်းထဲ၌ အသံတစ်ခု ပဲ့တင်ထပ်နေ၏။
"တာဝန်နှစ်ဆယ်လုံး မပြီးမချင်း ဆက်လုပ်ရမယ်..."
အချိန်တွေက မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လကြာသွားခဲ့ပြီ ဖြစ်သည်။ ကျိုးယွမ်သည် နေ့စဉ်နှင့်အမျှ ပြင်းပြင်းထန်ထန် အလုပ်လုပ်နေရပြီး အလုပ်အရှုပ်ဆုံးနေ့တွင် ဝက်အကောင်လေးဆယ်အထိ သတ်ဖြတ်ခဲ့ရပေ၏။
ထိုညတွင် ကျိုးယွမ် အိမ်ပြန်ရောက်ချိန်၌ သူ သက်ပြင်းချလိုက်မိသည်။ မနက်ဖြန်တွင် သူ နှစ်ရက်ခန့် နားခွင့်ရမည် ဖြစ်သည်။
ဤအတောအတွင်း ကျိုးယွမ်သည် ကျန်းချန်ထံမှ ချင့်လင်တောင်တန်းအကြောင်းကို မကြာခဏ စုံစမ်းမေးမြန်းခဲ့သော်လည်း ထိုနေရာရှိ အခြေအနေများမှာ ပိုမိုရှုပ်ထွေးလာနေ၏။
ကျန်းချန်၏ အဆိုအရ အဆင့် ၄ လျှို့ဝှက်တပ်ဖွဲ့သည် ချင့်လင်မြို့နှင့် မိုင် ၇၀၀၀ အကွာတွင်ရှိနေပြီး ပူပင်မဲ့ ဂိုဏ်းက ချင့်လင်တောင်တန်းကို မျက်စိကျနေပြီ ဖြစ်သည်။
ပူပင်မဲ့ဂိုဏ်းသည် မူလဝိညာဉ်အဆင့် မိစ္ဆာအိုကြီးက အုပ်ချုပ်နေသော ဂိုဏ်းကြီးတစ်ခု ဖြစ်ပေသည်။ အကယ်၍ သူတို့က ချင့်လင်တောင်တန်းကို တကယ်ပဲ မျက်စိကျနေပါက အကျိုးဆက်ကို ခန့်မှန်းနိုင်မည် မဟုတ်ချေ။
ချင့်လင် မဟာမိတ်အဖွဲ့တွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူ လေးဦးရှိပြီး ၎င်းတို့အနက်မှ တစ်ဦးမှာ ရွှေအမြုတေအဆင့် ပြီးပြည့်စုံခြင်းသို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း ကျိုးယွမ် သိထားပြီး ဖြစ်သည်။
သို့သော် ထိုသူသည် ရွှေအမြုတေအဆင့်တွင် ပိတ်မိနေသည်မှာ နှစ်ပေါင်း နှစ်ရာကျော်ရှိနေပြီဖြစ်ပြီး သူ၏ သက်တမ်းမှာလည်း ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်၏။
အကယ်၍ ကျိုးယွမ်၏ မှန်းဆချက်သာ မှန်ကန်ပါက ထိုရွှေအမြုတေအဆင့် ကျင့်ကြံသူမှာ ပြီးခဲ့သည့်အကြိမ်က အကျဉ်းခန်းထဲရှိ အနက်ရောင်ဝတ် အမျိုးသမီးထံသို့ ရောက်လာခဲ့သော ဘိုးဘေးပင် ဖြစ်နိုင်ခြေ အလွန်များပေသည်။
ယခုည ထမင်းစားရသည်မှာ အတော်လေး နောက်ကျသွား၏။ သားသတ်သမားက အလွန်နောက်ကျမှ ပြန်ရောက်လာပြီး သူ၏မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်နေသော အရိပ်အယောင်များ ပိုမိုထင်ရှားနေပေသည်။
သားသတ်သမားက မကြာသေးမီက ဘာတွေ အလုပ်ရှုပ်နေသနည်းဆိုသည်ကို ကျိုးယွမ် မသိသော်လည်း ထိုကိစ္စက အလွန်အရေးကြီးရမည်ကို သူ ကောင်းကောင်း သိထား၏။
ပိုင်ယွင်ရှို့ စားပွဲသိမ်းပြီးသည်အထိ သူတို့သုံးယောက်လုံး တိတ်ဆိတ်စွာ ထမင်းစားနေခဲ့ကြသည်။ ထို့နောက်မှ သားသတ်သမားက ကျိုးယွမ်အား "ကောင်လေးကျိုး... ငါနဲ့ ခဏလောက် လိုက်ခဲ့ပါဦး..." ဟု စကားပြောလာပေ၏။
ကျိုးယွမ်မှာ အံ့သြသွားပြီး လျင်မြန်စွာ ခေါင်းညိတ်ပြလိုက်သည်။
သားသတ်သမားက အပေါ်ယံတွင် ကြမ်းတမ်းပုံပေါက်သော်လည်း တကယ်တမ်းတွင် လူကောင်းတစ်ယောက် ဖြစ်ပေသည်။ မဟုတ်လျှင် ကျိုးယွမ်သည် ပထမဆုံး ထမင်းစားသည့်နေ့ကတည်းက သူ့ကို နှင်ထုတ်ခံရမည်မှာ သေချာ၏။
ကျိုးယွမ်သည် သားသတ်သမားနောက်မှ အခန်းတစ်ခန်းထဲသို့ ဝင်သွားခဲ့သည်။ တံခါးပိတ်ပြီးနောက် သားသတ်သမားက တည်ကြည်လေးနက်စွာဖြင့် မေးလိုက်၏။
"ကောင်လေးကျိုး... မင်းက ဝိညာဉ်မောင်းနှင်သူ မဟုတ်လား..."
ဤစကားကို ကြားချိန်တွင် ကျိုးယွမ်မှာ အံ့သြသွားပေသည်။ သူ ဤအကြောင်းကို တစ်ခါမှ မပြောပြဖူးခဲ့ချေ။
သားသတ်သမားက သူ့ကို နောက်ယောင်ခံလိုက်နေတာများလား...
သို့သော် ခဏအကြာတွင် ကျိုးယွမ်က ထိုအတွေးကို ဖျောက်ဖျက်ပစ်လိုက်၏။ အကယ်၍ သားသတ်သမားသာ သူ့ကို နောက်ယောင်ခံလိုက်မည်ဆိုပါက သူ သေချာပေါက် သိရှိမည်ဖြစ်သည်။
သားသတ်သမားသည် သူ၏ကိုယ်ပေါ်မှ တစ်ခုခုကို ရိပ်မိသွားခြင်းဖြစ်ရမည်။
အခန်း(၃၄) မျိုးစေ့ဓားငါးလက် စုစည်းခြင်း
ကျိုးယွမ်၏ ခေါင်းထဲတွင် ဖြတ်ပြေးသွားသော အတွေးများသည် အချိန်အတော်ကြာသွားသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် မျက်စိတစ်မှိတ်အတွင်း၌သာ ဖြစ်ပျက်သွားခြင်း ဖြစ်ပေသည်။
ကျိုးယွမ်က ငြင်းဆန်ခြင်းမရှိဘဲ တိုက်ရိုက် ခေါင်းညိတ်ပြလိုက်ပြီးနောက် "စီနီယာပိုင်... ဘယ်လိုလုပ် သိတာလဲ..." ဟု မေးလိုက်၏။
သားသတ်သမားက အနည်းငယ် ပြုံးကာ "မင်း ပြန်လာတဲ့ အကြိမ်တော်တော်များများမှာ မင်းရဲ့ မျက်နှာပေါ်က ပြင်းထန်တဲ့ အာဃာတတွေကို သတိထားမိလို့ ဒီလိုပဲ ဖြစ်မယ်လို့ ခန့်မှန်းလိုက်တာ..." ဟု ပြောလိုက်သည်။
"ဒါပေမဲ့ မင်းက ငါ့ကို တကယ် အထင်ကြီးသွားစေတယ် ကောင်လေး... မင်းက အဲ့ဒီအာဃာတတွေကို ဖြေဖျောက်နိုင်ခဲ့တာကိုး... မဟုတ်ရင် ငါ မင်းကို လာရှာတာ ကြာလှပြီ... တစ်နေ့ကျရင် မင်း အဲ့ဒီခြံဝင်းလေးထဲမှာ သေသွားမှာကို ငါ မလိုချင်ဘူး..."
သားသတ်သမား၏ စကားကို ကြားချိန်တွင် ကျိုးယွမ်၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားကာ သူ ပေါ့ဆခဲ့မိပြီဖြစ်ကြောင်း သဘောပေါက်သွားပေ၏။
အကယ်၍ သားသတ်သမားသာ မြင်နိုင်သည်ဆိုပါက လျိုမင်ဟိုင်၊ လီရွေ့၊ စုန်းချွမ်ဖူနှင့် အခြားသူများလည်း မြင်နိုင်မည် ဖြစ်သည်။ သို့သော် ထိုသူများက ဤအကြောင်းကို သူ့အား တစ်ခါမှ မပြောပြခဲ့ကြချေ။
ဤအကြောင်းကို တွေးမိချိန်တွင် ကျိုးယွမ်၏ မျက်နှာထားက အနည်းငယ် မသေချာမရေရာ ဖြစ်သွား၏။ ထိုသူများ ဘာလုပ်ချင်နေသနည်းဆိုသည်ကို သူ နားမလည်နိုင်ခဲ့ပေ။
သားသတ်သမားက ကျိုးယွမ်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ကောင်လေးကျိုး... ဝိညာဉ်မောင်းနှင်သူ အလုပ်ကနေ ထွက်နိုင်မယ့် နည်းလမ်းရှာတော့... ချင့်လင်မြို့က မကြာခင် ကသောင်းကနင်း ဖြစ်တော့မယ်..."
ဤစကားကို ကြားချိန်တွင် ကျိုးယွမ် အနည်းငယ် အံ့သြသွားပြီး "စီနီယာပိုင်... ပူပင်မဲ့ဂိုဏ်းက ချင့်လင်တောင်တန်းက ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကို မျက်စိကျနေတဲ့ ကိစ္စကို ပြောတာလား..." ဟု မေးလိုက်၏။
သားသတ်သမားက ကျိုးယွမ်၏ စကားကို ကြားပြီးနောက် သူ့ကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“အဲ့ဒါက အစိတ်အပိုင်းတစ်ခုပဲ ရှိသေးတယ်... အဲ့ဒီကိစ္စတစ်ခုတည်းနဲ့တော့ ချင့်လင်မြို့က ကသောင်းကနင်း ဖြစ်မှာမဟုတ်ဘူး..."
"ဒါပေမဲ့ အဲ့ဒီကြားထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကိုတော့ အခု ငါ မင်းကို ပြောပြလို့ မရသေးဘူး... ငါ ပြောနိုင်တာကတော့ ချင့်လင်မြို့က အလွန်ဆုံး သုံးလလောက်ပဲ ငြိမ်းချမ်းတော့မယ်... သုံးလကျော်သွားရင် ကသောင်းကနင်း ဖြစ်လာဖို့ သေချာတယ်..."
"မင်း ငါ့ကို ယုံရင် သုံးလအတွင်း ဝိညာဉ်မောင်းနှင်သူ အလုပ်ကနေ ထွက်လိုက်ပါ... ငါ ချင့်လင်မြို့ကနေ ထွက်သွားရင် မင်းကိုပါ ခေါ်သွားမယ်..."
"ဒါပေမဲ့ မင်း မယုံဘူးဆိုရင်တော့ ထားလိုက်ပါ... ငါ ဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်..."
သားသတ်သမား၏ စကားကို ကြားချိန်တွင် ကျိုးယွမ်၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားပြီး လျင်မြန်စွာ လက်အုပ်ချီကာ ကျေးဇူးတင်စကား ဆိုလိုက်၏။
"ကျေးဇူးတင်ပါတယ် စီနီယာပိုင်... သုံးလအတွင်း အဲ့ဒီကနေ ထွက်နိုင်ဖို့ ကျွန်တော် နည်းလမ်းရှာပါ့မယ်..."
သားသတ်သမားက ခေါင်းညိတ်ပြပြီးနောက် လေးနက်စွာ ပြောလိုက်သည်။
"ကောင်လေးကျိုး... လေလွင့်ကျင့်ကြံသူ တစ်ယောက်က အများကြီး ဖြစ်လာမှာ မဟုတ်ဘူး... မင်းသာ ကျင့်ကြံခြင်းလမ်းကြောင်းမှာ ပိုပြီး ရှေ့ဆက်ချင်ရင် ဂိုဏ်းတစ်ခုခုကို ဝင်နိုင်ဖို့ နည်းလမ်းရှာရလိမ့်မယ်..."
"ငါတို့ ဒီကနေ ထွက်သွားပြီးရင် မင်းကို လျှို့ဝှက်နေရာတစ်ခုကို ခေါ်သွားမယ်... ဒါပေမဲ့ မင်း ဝင်ခွင့်ရမရဆိုတာကတော့ မင်းရဲ့ ကံကြမ္မာပေါ်မှာပဲ မူတည်တယ်..."
"ကျေးဇူးတင်ပါတယ် စီနီယာပိုင်..."
ကျိုးယွမ်က သားသတ်သမားမည်းအား လျင်မြန်စွာ လက်သီးဆုပ်ကာ ဂါရဝပြုလိုက်၏။ သားသတ်သမားမည်း၏ စကားများထဲမှ စိုးရိမ်ပူပန်မှုကို သူ ခံစားသိရှိနိုင်ပေသည်။
ထွက်ခွာသွားသော ကျိုးယွမ်၏ ကျောပြင်ကို ကြည့်ရင်း သားသတ်သမားက သက်ပြင်းချကာ သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်၏။
"ငါ့သမီးလေး... ငါ လုပ်ပေးနိုင်တာ ဒါအကုန်ပဲ... နောင်တချိန် မင်းတို့နှစ်ယောက် ပေါင်းဖက်နိုင်မလားဆိုတာကတော့ မင်းတို့ရဲ့ ကံကြမ္မာပဲ..."
ကျိုးယွမ်သည် သူ၏ခြံဝင်းထဲသို့ ပြန်ရောက်လာပြီး သူ၏ ဒန်ထျန်ကို ကြည့်လိုက်သည်။ တန်ထျန်းအတွင်း၌ မျိုးစေ့ဓားငယ် ငါးလက် ပေါ်နေပြီး ဤသည်မှာ လွန်ခဲ့သော တစ်လအတွင်း ကျိုးယွမ် ရရှိခဲ့သော အသီးအပွင့်များပင် ဖြစ်ပေ၏။
ကျိုးယွမ်သည် တစ်လတည်းဖြင့် အခြေခံတည်ဆောက်ခြင်း မျိုးစေ့သုံးခုကို စုစည်းနိုင်ခဲ့ရာ ဤသည်မှာ လုံးလုံးလျားလျား ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်း ဖြစ်ပေသည်။
တကယ်တမ်းတွင် ကျိုးယွမ်သည် နေ့စဉ် ဝက်အကောင်နှစ်ဆယ်ကျော် သတ်ဖြတ်ခဲ့ရပြီး ထိုအထဲတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများစွာ ပါဝင်ခဲ့သဖြင့် သူ အလွန်အမင်း ဝမ်းသာနေခဲ့၏။
ယခုအချိန်တွင် ကျိုးယွမ်သည် ရှေးဟောင်း ချီသန့်စင်ခြင်း အဆင့်တစ်ရာ ကျင့်စဉ်ကို အဆင့် ၂၃ မှ အဆင့် ၅၀ ကျော်အထိ ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်သည်။
ထို့နောက် ကျိုးယွမ်သည် သူ၏ စနစ်အချက်အလက်များကို ကြည့်လိုက်၏။
[ပိုင်ရှင် - ကျိုးယွမ်]
[ကျင့်ကြံမှုအဆင့် - ချီသန့်စင်ခြင်း အဆင့် ၈ (၈၉၈၀/၁၂၀၀၀)]
[သက်တမ်း - ၂၁/၈၅၇၈.၇]
[ပါရမီ - ဝိညာဉ်သွေးကြောသုံးခု]
[ကံကြမ္မာတန်ဖိုး - ၄၈၉၀]
[ကျွမ်းကျင်မှုများ - အလယ်အလတ်အဆင့် မီးတောက်ဂါထာ၊ အဆင့်နိမ့် ဝိညာဉ်ဖမ်း ဝင်္ကပါ]
[အထူးစွမ်းရည်များ - မျက်နှာတစ်ထောင် ကျင့်စဉ်၊ အချိန်ကိုဖျက်ဆီးခြင်း နည်းစနစ်၊ အရှိန်အဝါဖုံးကွယ်ခြင်း ကျင့်စဉ် (အဆင့် ၂)]
သူ့ရှေ့ရှိ အချက်အလက်များကို ကြည့်ရင်း ကျိုးယွမ်သည် လုံးလုံးလျားလျား တုံ့ဆိုင်းမနေတော့ဘဲ ဝိညာဉ်ဆေးရည် ၁၆၃ စက်ဖြင့် ချက်ချင်း လဲလှယ်လိုက်ရာ သူ၏ ကံကြမ္မာတန်ဖိုးမှာ ၀ ဖြစ်သွားလေ၏။
ဝိညာဉ်စွမ်းအင်၏ စွမ်းအားက သူ၏အနာဂတ်အတွက် အလွန်အရေးပါလိမ့်မည်ဟု ကျိုးယွမ် ကြိုတင်ခံစားနေရပေသည်။
ကံကြမ္မာတန်ဖိုး ၁၀၀၀ ဖြင့် ကောင်းကင်အဆင့် ထိပ်တန်း တိုက်ခိုက်ရေးသိုင်းပညာများကို ဝယ်ယူနိုင်သော်လည်း ကျိုးယွမ်သည် ထိုဆွဲဆောင်မှုကို တွန်းလှန်ကာ သူ၏ဝိညာဉ်စွမ်းအင်ကို အားကောင်းလာစေရန်သာ အာရုံစိုက်ခဲ့၏။
ကျိုးယွမ် သဘောပေါက်ထားသည်မှာ သူ၏စွမ်းအား နိမ့်ကျနေချိန်တွင် ကောင်းကင်အဆင့် ထိပ်တန်းသိုင်းပညာကို ရရှိပါကလည်း ၎င်း၏စွမ်းအားကို အပြည့်အဝ ထုတ်မသုံးနိုင်သဖြင့် အလဟဿသာ ဖြစ်ပေလိမ့်မည်။
ထို့အပြင် တစ်စုံတစ်ယောက်က ၎င်းကို ကောင်းကင်အဆင့် ထိပ်တန်းသိုင်းပညာမှန်း သိသွားပါက သူ အသတ်ခံရနိုင်ပေ၏။
ကျိုးယွမ်သည် တတိယမြောက် မျိုးစေ့ဓားကို စုစည်းပြီးကတည်းက သူ၏ကျင့်ကြံမှုတန်ဖိုး တိုးနှုန်းမှာ ရပ်တန့်သွားပြီး ၁၂၀၀၀ တွင်သာ ပုံသေဖြစ်နေခဲ့သည်။
ဤအချက်က ကျိုးယွမ်ကို စိတ်အေးသွားစေ၏။ အကယ်၍ တန်ဖိုးတွေ ထပ်တက်လာဦးမည်ဆိုပါက သူ တတ်နိုင်မည် မဟုတ်ချေ။
၈၅၀၀ ကျော်အထိ ထိုးတက်သွားသော သူ၏သက်တမ်းကို ကြည့်ရင်း ကျိုးယွမ်မှာ ဆွံ့အသွားပေ၏။ အလွန်မြန်ဆန်လွန်းနေသည် မဟုတ်ပါလား။
မကြာမီ သက်တမ်း ၁၀၀၀၀ ကျော်သွားတော့မည်ဟု သူ ခံစားလိုက်ရသည်။ နှစ်ပေါင်း တစ်သောင်းတိုင်အောင် အသက်ရှင်နေရမည့် ရှေးဟောင်းမိစ္ဆာကြီးတစ်ကောင် ဖြစ်လာမည့်အရေးကို တွေးမိချိန်တွင် ကျိုးယွမ်မှာ ကြောက်ရွံ့စွာဖြင့် တုန်ရီသွားပေ၏။
ထို့နောက် ကျိုးယွမ်က မျက်လုံးမှိတ်ကာ အသက်ရှူမှန်အောင် ထိန်းလိုက်ပြီး ဝိညာဉ်ဆေးရည်ကို စတင်သန့်စင်ကာ သူ၏ ဝိညာဉ်စွမ်းအင်ကို ဖြည်းဖြည်းချင်း အားကောင်းလာစေရန် ပြုလုပ်လိုက်သည်။
နောက်နေ့ မွန်းတည့်ချိန်တွင် ကျိုးယွမ် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ ဝိညာဉ်စွမ်းအင်မှာ အလွန်အားကောင်းလာကြောင်း ခံစားလိုက်ရသဖြင့် သူ၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု အလိုအလျောက် ပေါ်လာပေ၏။
"ထူးကဲတဲ့ ကံကြမ္မာနဲ့ ဘဝက တကယ်ကို ကွာခြားတာပဲ..."
ကျိုးယွမ်က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီးနောက် မတ်တပ်ရပ်ကာ အကြောဆန့်လိုက်ရာ သူ၏ အရိုးအဆစ်များမှ တဖျောက်ဖျောက် မြည်သံများ ထွက်ပေါ်လာလေသည်။
"ရှေးဟောင်း ချီသန့်စင်ခြင်း အဆင့်တစ်ရာ ကျင့်စဉ်" ၏ ကျင့်ကြံခြင်း သဘောတရားများကို ကျိုးယွမ် ပိုမိုနားလည်လာသည်နှင့်အမျှ ဤကျင့်စဉ်၏ ကြောက်မက်ဖွယ်ကောင်းသော သဘာဝကိုလည်း သူ တဖြည်းဖြည်း သဘောပေါက်လာခဲ့၏။
ချီသန့်စင်ခြင်း ပြီးပြည့်စုံသောအဆင့်သို့ ရောက်တိုင်း သူ၏ ဝိညာဉ်စွမ်းအင်များသည် ဓားပုံသဏ္ဌာန် အခြေခံတည်ဆောက်ခြင်း မျိုးစေ့အဖြစ် အလိုအလျောက် စုစည်းသွားပြီး သူ၏ ရုပ်ခန္ဓာကလည်း ကြံ့ခိုင်မှုဖြစ်စဉ်ကို ဖြတ်သန်းရပေသည်။
သူသည် ယခုအခါ မျိုးစေ့ဓားငါးလက်ကို စုစည်းနိုင်ခဲ့ပြီဖြစ်ရာ ၎င်းမှာ သူ၏ရုပ်ခန္ဓာသည် ငါးကြိမ်တိုင်တိုင် သန့်စင်ခြင်းခံခဲ့ရပြီဟု ဆိုလိုခြင်းဖြစ်၏။
ကျိုးယွမ်သည် ရုပ်ခန္ဓာအတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားကြည့်လိုက်သည်။
မည်သည့်ဝိညာဉ်စွမ်းအင်ကိုမျှ အသုံးမပြုဘဲ ရုပ်ခန္ဓာ၏ စွမ်းအားသက်သက်ဖြင့် ချီသန့်စင်ခြင်း အဆင့် ၈ အောက်ရှိ မည်သူ့ကိုမဆို အလွယ်တကူ သတ်ဖြတ်နိုင်မည်ဟု သူ ခံစားနေရ၏။
ချီသန့်စင်ခြင်း အဆင့် ၉ အတွက်ကတော့ သူ မသေချာသေးပေ။
ကျိုးယွမ် တံခါးကိုဖွင့်လိုက်ရာ မလှမ်းမကမ်းတွင် ပိုင်ယွင်ရှို့ကို တွေ့လိုက်ရသဖြင့် အံ့သြသွားပေ၏။
ကျိုးယွမ်ကို မြင်ချိန်တွင် ပိုင်ယွင်ရှို့ မျက်နှာလေး အနည်းငယ် နီရဲသွားသည်။
"အစ်ကိုကျိုး... ဒီနေ့ အပြင်မသွားဘူးလား..."
ပိုင်ယွင်ရှို့၏ နီရဲနေသော မျက်နှာလေးကို ကြည့်ရင်း ကျိုးယွမ်မှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရ၏။
ဤကောင်မလေးသည် လတ်တလော သူ့ကိုမြင်တိုင်း အလွန်အမင်း ရှက်သွေးဖြာနေတတ်ပေသည်။
ကျိုးယွမ်သည် ထိုအကြောင်းရင်းကို သဘာဝကျကျ သိထားပြီး သူကလည်း ပိုင်ယွင်ရှို့အပေါ် ကောင်းမွန်သော ခံစားချက် ရှိနေပေသည်။
ကျိုးယွမ်က ပြုံးကာ "သခင်မလေးပိုင်... ဒီနေ့ရော မနက်ဖြန်ပါ အိမ်မှာပဲ နေမှာပါ... နှစ်ရက်လောက် နားမလို့..." ဟု ပြောလိုက်၏။
ဤစကားကို ကြားချိန်တွင် ပိုင်ယွင်ရှို့၏ မျက်နှာပေါ်၌ ဝမ်းသာသွားသော အရိပ်အယောင်များ ပေါ်လာပြီး ပြုံးကာ ပြောလိုက်သည်။
"ဝမ်းသာလိုက်တာ အစ်ကိုကျိုး... ကျွန်မ ဒီနေ့လည် ပစ္စည်းတချို့ သွားဝယ်မလို့... ကျွန်မနဲ့ လိုက်ခဲ့ပေးပါလားဟင်..."
ဤစကားကို ကြားချိန်တွင် ကျိုးယွမ်က လျင်မြန်စွာ ခေါင်းညိတ်ပြလိုက်ပြီး ပြုံးကာ ပြောလိုက်၏။
“ကောင်းပြီလေ... ငါလည်း ဒီနေ့လည် လမ်းထွက်လျှောက်မလို့ စဉ်းစားနေတာ..."
ကျိုးယွမ် ပြောသည်မှာ အမှန်ပင် ဖြစ်သည်။ သူ ချင့်လင်မြို့သို့ ရောက်နေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း သေချာ မလည်ပတ်ရသေးချေ။
နေ့လည်စာ စားပြီးနောက် ကျိုးယွမ်နှင့် ပိုင်ယွင်ရှို့တို့သည် သားသတ်သမား၏ မည်းမှောင်နေသော မျက်နှာထားအောက်တွင် ထွက်ခွာသွားကြပေ၏။
တကယ်တမ်းတွင် ကျိုးယွမ်သည် ချင့်လင်မြို့နှင့် သိပ်မရင်းနှီးပေ။ သူ၏ နေ့စဉ်အသွားအလာမှာ အမြဲတမ်း တစ်နေရာတည်းသာ ဖြစ်နေခဲ့သည်။
သို့သော် ချင့်လင်မြို့က အလွန်ကြီးမားလှ၏။ မဟုတ်လျှင် ပိုင်ယန်နယ်မြေတစ်ခုလုံးရှိ လေလွင့်ကျင့်ကြံသူများ စုဝေးရာ အကြီးဆုံးနေရာ ဖြစ်လာမည် မဟုတ်ချေ။
ကျိုးယွမ် လမ်းပေါ်သို့ ရောက်သည်နှင့် တစ်ခုခု မှားယွင်းနေကြောင်း အာရုံခံမိလိုက်၏။ ချင့်လင်မြို့ထဲတွင် လူတွေ ပိုများလာသကဲ့သို့ ဖြစ်နေပေသည်။
ထို့အပြင် ထိုလူများထဲတွင် ချီသန့်စင်ခြင်း အဆင့် ၈ သို့မဟုတ် အဆင့် ၉ သို့ ရောက်ရှိနေသူ အများအပြား ပါဝင်နေကြောင်းကိုလည်း ကျိုးယွမ် တွေ့ရှိလိုက်ရ၏။