← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅) မိုးကြိုးသလင်းကျောက်ကို လုယက်၍ ဝိညာဉ်သွေးကြောပြောင်းလဲခြင်း

"သခင်မလေးပိုင်... ဘာတွေဝယ်မလို့လဲ..."

ကျိုးယွမ်နှင့် ပိုင်ယွင်ရှို့တို့ အတူတူ လမ်းလျှောက်သွားကြ၏။ ပိုင်ယွင်ရှို့သည် မျက်နှာကို ဖုံးကွယ်ထားသော ဇာပဝါအဖြူကို တပ်ဆင်ထားပေသည်။

"နောက်နှစ်ရက်ဆို အမေ့ရဲ့ နှစ်ပတ်လည်နေ့ ရောက်ပြီလေ... မနက်ဖြန် အမေ့ကို ကန်တော့ဖို့ ပစ္စည်းတချို့ ဝယ်မလို့ပါ..."

ပိုင်ယွင်ရှို့က သက်ပြင်းချကာ ပြောလိုက်သည်။

ကျိုးယွမ်မှာ အံ့သြသွားပြီး "တောင်းပန်ပါတယ် သခင်မလေးပိုင်..." ဟု လျင်မြန်စွာ ပြောလိုက်၏။

ပိုင်ယွင်ရှို့က ခေါင်းယမ်းလိုက်ပြီး တည်ငြိမ်စွာ ပြန်ပြောသည်။

"အစ်ကိုကျိုး... ရပါတယ်... အမေ ဆုံးသွားတာ ဆယ်နှစ်တောင် ကျော်နေပြီလေ..."

"ကျွန်မ အရမ်းငယ်ငယ်လေးကတည်းက အမေ့ကို မမြင်ရတော့တာ... အမှန်တိုင်းပြောရရင် အမေ့ရုပ်သွင်ကိုတောင် ကျွန်မ မမှတ်မိတော့ဘူး..."

ပိုင်ယွင်ရှို့ စကားပြောပြီးနောက် သူမ၏မျက်လုံးများထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ပေါ်လာပေ၏။

ပိုင်ယွင်ရှို့၏ စကားကိုကြားချိန်တွင် ကျိုးယွမ် သက်ပြင်းချလိုက်မိသည်။

သူသည် ဤကမ္ဘာသို့ ဝိညာဉ်ကူးပြောင်းရောက်ရှိလာသည်မှာ လေးနှစ်ကျော်နေပြီဖြစ်ပြီး မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ မိဘများကို တစ်ခါမှ သတိမရခဲ့ချေ။ သူသည် သားမိုက်တစ်ယောက် ဖြစ်နေပြီလားဟု တွေးမိလိုက်၏။

ကျိုးယွမ်၏ ယူဆချက်မှာ သူတို့ကို မမြင်နိုင်တော့သဖြင့် လွမ်းဆွတ်နေရုံဖြင့် အကျိုးမရှိဘဲ ဒုက္ခသာ ပိုများလာမည်ဟုသာ တွေးထားခြင်း ဖြစ်ပေသည်။

"အစ်ကိုကျိုး... ဘာလို့ သက်ပြင်းချနေတာလဲ..."

ပိုင်ယွင်ရှို့က ကျိုးယွမ်ကို ကြည့်ကာ သူ၏မျက်လုံးများထဲမှ အထီးကျန်ဆန်မှုကို အာရုံခံမိသဖြင့် မေးလိုက်၏။

"သခင်မလေးပိုင်... ငါလည်း ငါ့မိဘတွေကို သတိရမိလို့ပါ... သူတို့ ဘယ်လိုနေကြမလဲ မသိဘူး..."

ကျိုးယွမ်သည် မည်သည့်အရာကိုမျှ မဖုံးကွယ်ဘဲ သူ၏ အစစ်အမှန် ခံစားချက်ကို ဖွင့်ဟလိုက်ပေသည်။

ပိုင်ယွင်ရှို့မှာ အံ့သြသွားပြီးနောက် မေးလိုက်၏။

"အစ်ကိုကျိုးက ဘယ်ကလာတာလဲဟင်... ဒီကနေ အဝေးကြီးမှာလား..."

ပိုင်ယွင်ရှို့၏ စကားကို ကြားချိန်တွင် ကျိုးယွမ်မှာ ခေတ္တမျှ စကားဆွံ့အသွားပေ၏။ ခဏမျှ စဉ်းစားပြီးနောက် သူ ပြောလိုက်သည်။

"သခင်မလေးပိုင်... အမှန်တိုင်းပြောရရင် ငါက ဒီကမဟုတ်ဘူး... မတော်တဆ ရောက်လာတာ..."

"ငါ့ဇာတိက ဒီကနေ အရမ်းဝေးလွန်းလို့ ပြန်ဖို့ လုံးလုံးလျားလျား မဖြစ်နိုင်တော့ဘူးလေ..."

ပိုင်ယွင်ရှို့ အနည်းငယ် အံ့သြသွားပြီးနောက် ပြောလိုက်၏။

"အစ်ကိုကျိုး... ရှင်က ကျွန်မတို့လိုပဲ ပိုင်ယန်နယ်မြေက မဟုတ်ဘူးလို့ မထင်ထားဘူး... ကျွန်မနဲ့ အဖေကလည်း တခြားနယ်မြေကနေ အဝေးပို့မန္တန်ကွင်းကတဆင့် ရောက်လာတာလေ..."

"အမှန်တိုင်းပြောရရင် အစ်ကိုကျိုး... ကျွန်မရဲ့ဇာတိက နဂါးတောင်နယ်မြေမှာလေ... အဖေက ကျွန်မကို အဲ့ဒီကို သေချာပေါက် ပြန်ခေါ်သွားပေးမယ်လို့ ပြောထားတယ်..."

ဤစကားကို ကြားချိန်တွင် ကျိုးယွမ်က ချက်ချင်း သဘောပေါက်သွား၏။ ပိုင်ယွင်ရှို့သည် သူ၏အဓိပ္ပာယ်ကို နားလည်မှုလွဲသွားသော်လည်း သူမထံမှ ဤသတင်းကို ကြားရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

သို့သော် ကျိုးယွမ်က အများကြီး ဆက်မပြောတော့ပေ။ ထို့နောက် ပိုင်ယွင်ရှို့နှင့်အတူ ဆိုင်အချို့သို့ သွားကာ အဝါရောင်စက္ကူနှင့် ဖယောင်းတိုင်များကဲ့သို့သော ပူဇော်ပစ္စည်းများကို ဝယ်ယူခဲ့သည်။

ချင့်လင်မြို့က အလွန်စည်ကားပေ၏။

၎င်းသည် ပိုင်ယန်နယ်မြေတစ်ခုလုံးတွင် လေလွင့်ကျင့်ကြံသူများ အများဆုံး နေထိုင်ရာ နေရာဖြစ်သော်လည်း မြို့သူမြို့သား အများစုမှာ သာမန်လူများသာ ဖြစ်ကြသည်။

ထိုသာမန်လူအများစုသည် သူတို့၏ မိဘများ သို့မဟုတ် ဘိုးဘွားများနှင့်အတူ ဤနေရာသို့ ရောက်လာခဲ့ကြခြင်း ဖြစ်၏။

သူတို့၏ ဘိုးဘွားများ သို့မဟုတ် မျိုးဆက်အတော်များများက ကျင့်ကြံသူများ ဖြစ်ခဲ့နိုင်သော်လည်း လူကြီးပိုင်းများ သေဆုံးသွားပြီးနောက် ၎င်းတို့၏ မျိုးဆက်များသည် သာမန်လူများ ဖြစ်လာခဲ့ကြပေသည်။

ရုတ်တရက် အရှေ့ဘက်ရှိ 'မှော်အဆောင် ခန်းမ'ကို မြင်ချိန်တွင် ကျိုးယွမ်၏ မျက်လုံးများ အရောင်လက်သွား၏။

အချို့သော ကျင့်ကြံသူများသည် တိုက်ခိုက်မှုများအစား မှော်အဆောင်များကို ဖန်တီးရာတွင် အထူးကျွမ်းကျင်ကြကြောင်း သူ ကြားဖူးသော်လည်း တစ်ခါမှ မမြင်ဖူးသဖြင့် အထဲသို့ဝင်၍ ကြည့်ရှုလိုပေသည်။

ကျိုးယွမ်က 'မှော်အဆောင်ခန်းမ' ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ပိုင်ယွင်ရှို့က ပြုံးကာ ပြောလိုက်၏။

"အစ်ကိုကျိုး... အဲ့ဒီကို သွားကြည့်ရအောင်လေ... ကျွန်မနဲ့ လိုက်ခဲ့ပေးမလား..."

ဤစကားကို ကြားချိန်တွင် ကျိုးယွမ်က ပိုင်ယွင်ရှို့၏ ဉာဏ်ကောင်းမှုကို စိတ်ထဲမှ ချီးကျူးလိုက်ပြီး လျင်မြန်စွာ ခေါင်းညိတ်ပြကာ သူမနှင့်အတူ မှော်အဆောင် ခန်းမထဲသို့ ဝင်သွားလေသည်။

မှော်အဆောင်ခန်းမသည် စတုရန်းပေ အနည်းငယ်သာ ကျယ်ဝန်းပြီး အထဲတွင် ပစ္စည်းများစွာ မရှိဘဲ စုစုပေါင်း ဒါဇင်အနည်းငယ်ခန့်သာ ရှိပေ၏။

ကျိုးယွမ်နှင့် ပိုင်ယွင်ရှို့ ဝင်လာသည်ကို မြင်ချိန်တွင် ဆိုင်ရှင်က အလွန်ဖော်ရွေစွာ ပြုံးပြပြီး ပြောလိုက်သည်။

"တာအိုမိတ်ဆွေ နှစ်ယောက် ဘာများလိုချင်လို့လဲ... ကြည့်ကြည့်ပါဦး..."

ကျိုးယွမ်နှင့် ပိုင်ယွင်ရှို့က ခေါင်းညိတ်ပြပြီးနောက် ပတ်ပတ်လည်ကို ကြည့်လိုက်ကြ၏။

"မီးအဆောင်ကို အသုံးပြုသူနဲ့ ပေ ၂၀ အကွာအဝေးအတွင်း အသုံးပြုနိုင်ပါတယ်... အသက်သွင်းလိုက်တာနဲ့ တစ်ပြိုင်နက် တစ်ဖက်လူကို မီးတောက်တွေနဲ့ လွှမ်းခြုံသွားစေပြီး ချီသန့်စင်ခြင်း အဆင့် ၃ နဲ့ အောက်က လူတွေကို သေချာပေါက် သေစေနိုင်ပါတယ်..."

"ရွှေဓားအဆောင်မှာတော့ ချီသန့်စင်ခြင်း အဆင့် ၄ ရဲ့ ဓားစွမ်းအင် ပါဝင်ပြီး အသက်သွင်းလိုက်တာနဲ့ ပေ ၂၀ အထိ ခုတ်ပိုင်းနိုင်ပါတယ်... ချီသန့်စင်ခြင်း အဆင့် ၃ အောက်က လူတွေကို သတ်နိုင်ပြီး ချီသန့်စင်ခြင်း အဆင့် ၄ တွေကို ခြိမ်းခြောက်နိုင်စွမ်း ရှိပါတယ်..."

"ရေခဲအဆောင်က အသက်သွင်းလိုက်တာနဲ့ တစ်ဖက်လူရဲ့ တစ်ကိုယ်လုံးကို အသက်ငါးရှိုက်စာလောက် အေးခဲသွားစေပါတယ်... ချီသန့်စင်ခြင်း အဆင့် ၄ အောက်က လူတွေကို အသုံးပြုနိုင်ပါတယ်..."

ကျိုးယွမ်နှင့် ပိုင်ယွင်ရှို့တို့သည် စားပွဲပေါ်ရှိ အဆောင်များကို ကြည့်နေစဉ် ဆိုင်ရှင်က ရှင်းပြပေးနေသဖြင့် ကျိုးယွမ်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။

ထိုစဉ် မလှမ်းမကမ်းတွင် လက်သီးဆုပ်ခန့်ရှိသော ကျောက်တုံးတစ်တုံးကို ကျိုးယွမ် တွေ့လိုက်ရသည်။ ကျောက်တုံးပေါ်တွင် လျှပ်စီးများ လက်နေသည်ကို သူ မြင်လိုက်ရသဖြင့် အမြင်မှားနေခြင်းများလားဟု သူ မသေချာဖြစ်သွားပေ။

[ဒင်... မိုးကြိုးစွမ်းအင် အမြောက်အမြား ပါဝင်သော သလင်းကျောက်ကို စနစ်က ရှာဖွေတွေ့ရှိထားပါသည်။ ပိုင်ရှင်... ရွေးချယ်ပါ...]

[ရွေးချယ်မှု ၁ - မိုးကြိုးသလင်းကျောက်ကို ရှာဖွေပါ။ စနစ်က ၎င်းအတွင်းရှိ မိုးကြိုးစွမ်းအင်များကို လုယူကာ ပိုင်ရှငိ၏ ဝိညာဉ်သွေးကြောကို ပြုပြင်ပြောင်းလဲပေးမည်ဖြစ်ပြီး ပိုင်ရှင့်အား ရှားပါးသော သွင်ပြောင်းမိုးကြိုး ဝိညာဉ်သွေးကြောကို ချီးမြှင့်မည်ဖြစ်သည်။ တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ပါက ကံကြမ္မာတန်ဖိုး ၁၀၀၀ ဆုချပါမည်။]

[ရွေးချယ်မှု ၂ - ၎င်းကို လျစ်လျူရှုပြီး နောက်ပိုင်းတွင် အခြားဓာတ်သဘာဝရှိသော ဝိညာဉ်များကို တွေ့ရှိပါက ပိုင်ရှင်၏ ဝိညာဉ်သွေးကြောကို ပြုပြင်ပြောင်းလဲပါ။ ပိုင်ရှင်သည် ကံကြမ္မာတန်ဖိုး ၅၀၀ ရရှိပါမည်။]

ထိုစဉ် ကျိုးယွမ်၏ ခေါင်းထဲမှ စနစ်၏အသံ ရုတ်တရက် ထွက်ပေါ်လာသဖြင့် သူ အော်လုနီးပါး ဖြစ်သွားပေ၏။

*စနစ်မှာ ဒီလိုလုပ်ဆောင်ချက်တွေတောင် ရှိတာလား... ဒါတွေကို ငါ ဘာလို့ မသိခဲ့ရတာလဲ…သောက်ကျိုးနည်း စနစ်... အနည်းဆုံးတော့ ရှင်းပြချက်လေးတောင် မပေးဘူး... အရာအားလုံးကို ကိုယ့်ဘာသာကိုယ် နားလည်အောင် လုပ်နေရတယ်... တကယ်ကို စိတ်ပျက်စရာပဲ…*

"ရွေးချယ်မှု ၁..."

ကျိုးယွမ်က လုံးလုံးလျားလျား တုံ့ဆိုင်းမနေဘဲ ပြောလိုက်၏။

ထို့နောက် ကျိုးယွမ်သည် လက်သီးဆုပ်ခန့်ရှိသော ကျောက်တုံးမည်းဆီသို့ ဖြည်းညင်းစွာ လျှောက်သွားကာ ကြည့်လိုက်ပြီးနောက် ပြုံးကာ မေးလိုက်သည်။

"ဆိုင်ရှင်... ဒါက ဘာလဲ..."

ဤစကားကို ကြားချိန်တွင် ဆိုင်ရှင်က အနည်းငယ်ပြုံးကာ ပြန်ဖြေ၏။

"တာအိုမိတ်ဆွေ... ဒါက မိုးကြိုးစွမ်းအင်တွေကို စုပ်ယူထားတဲ့ အထူးကျောက်တုံးပါ... ဖောက်သည်တစ်ယောက်က ငါတို့ဆိုင်မှာ လာပေါင်ထားတာဆိုတော့ ငါတို့က ရောင်းလို့ မရဘူးလေ..."

ဤစကားကို ကြားချိန်တွင် ကျိုးယွမ်က အနည်းငယ် ပြုံးကာ ပြောလိုက်သည်။

"ဆိုင်ရှင်... ငါက သိချင်ရုံသက်သက်ပါ... ကြည့်လို့ရမလား... မိုးကြိုးစွမ်းအင်ကို စုပ်ယူထားတဲ့ ကျောက်တုံးဆိုတာ ငါ တစ်ခါမှ မမြင်ဖူးလို့..."

ဤစကားကို ကြားချိန်တွင် ဆိုင်ရှင်က ခေါင်းညိတ်ပြပြီး ကျောက်တုံးမည်းနှင့်အတူ သေတ္တာကိုပါ ယူလာပေး၏။

"တာအိုမိတ်ဆွေ... ဂရုစိုက်နော်... သူ့ကို မထိမိအောင် ကြိုးစားပါ... မဟုတ်ရင် အထဲက မိုးကြိုးစွမ်းအင်တွေ ထွက်လာပြီး အတော်လေး နာကျင်စေလိမ့်မယ်..."

ဆိုင်ရှင်၏ စကားကို ကြားချိန်တွင် ကျိုးယွမ်က ခေါင်းညိတ်ပြပြီး ပြုံးကာ ပြောလိုက်သည်။

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆိုင်ရှင်..."

ပိုင်ယွင်ရှို့က ကျိုးယွမ်၏ဘေးတွင် ရပ်ကာ မည်းနက်နေသော ကျောက်တုံးကို သိချင်စိတ်ဖြင့် ကြည့်နေပေ၏။

ကျိုးယွမ်က ကျောက်တုံးမည်းပေါ်သို့ ညာလက်ကို တင်လိုက်ပြီး 'လုယက်' ဟူသော စကားလုံးကို တိတ်တဆိတ် ရေရွတ်လိုက်သည်။

ကျိုးယွမ်က စမ်းသပ်ကြည့်ရုံသာ ဖြစ်သော်လည်း သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ညာလက်မှနေ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူအားတစ်ခု ထွက်ပေါ်လာပြီး မိုးကြိုးစွမ်းအင် အမြောက်အမြားက သူ၏လက်ဝါးမှတစ်ဆင့် တန်ထျန်းအတွင်းသို့ တိုက်ရိုက် ဝင်ရောက်လာသည်ကို ခံစားလိုက်ရပေ၏။

ပြင်းထန်သော နာကျင်မှုကြောင့် ကျိုးယွမ် အော်ညည်းလုနီးပါး ဖြစ်သွားသော်လည်း ကံကောင်းထောက်မစွာဖြင့် သူ ကြိတ်မှိတ်သည်းခံနိုင်ခဲ့သည်။

ကံကောင်းသည်မှာ နာကျင်မှုက ကြာရှည်မခံဘဲ အသက်သုံးရှိုက်စာခန့်သာ ကြာမြင့်ခဲ့၏။

ကျိုးယွမ်က လျင်မြန်စွာ လက်ကို ဖယ်လိုက်သည်။ သူ့ရှေ့ရှိ ကျောက်တုံးက ပြောင်းလဲသွားခြင်း မရှိသော်လည်း အတွင်းရှိ မိုးကြိုးစွမ်းအင်မှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီ ဖြစ်ပေသည်။

"ဆိုင်ရှင်... ပြန်သိမ်းထားလိုက်ပါတော့... ငါက သိချင်လို့ ကြည့်ကြည့်ရုံပါ..."

ကျိုးယွမ်က ဆိုင်ရှင်အား ပြုံးကာ ပြောလိုက်၏။

ဆိုင်ရှင်က မည်သည့် သံသယမျှ မရှိဘဲ လျင်မြန်စွာ ယူကာ ဘေးတွင် ပြန်ထားလိုက်သည်။

ထို့နောက် ကျိုးယွမ်သည် ရေခဲအဆောင်နှစ်ခုကို ဝယ်ယူရန် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ရာကျော် အသုံးပြုလိုက်ပြီးမှ ပိုင်ယွင်ရှို့နှင့်အတူ မှော်အဆောင် ခန်းမထဲမှ ထွက်ခွာလာခဲ့ပေ၏။

အခန်း (၃၆) သွင်ပြောင်းမိုးကြိုး ဝိညာဉ်သွေးကြော

မှော်အဆောင်ခန်းမထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ကျိုးယွမ်၏ မျက်နှာမှာ ဖြူရော်သွားပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ မိုးကြိုးစွမ်းအင်များက တဖြည်းဖြည်း ပေါက်ကွဲထွက်လာပေ၏။

"သခင်မလေးပိုင်... မြန်မြန် ပြန်ကြရအောင်..."

ကျိုးယွမ်က ပိုင်ယွင်ရှို့အား အလောတကြီး ပြောလိုက်ရာ သူ၏နဖူးပေါ်တွင် ချွေးစေးများ ပေါ်လာလေသည်။

ပိုင်ယွင်ရှို့က ဘာဖြစ်နေမှန်း နားမလည်သော်လည်း လျင်မြန်စွာ ခေါင်းညိတ်ပြပြီး ကျိုးယွမ်နှင့်အတူ သားသတ်သမား၏ အသားဆိုင်ဆီသို့ ခြေလှမ်းသွက်သွက်ဖြင့် ပြန်လာခဲ့၏။

ထိုအချိန်တွင် ကျိုးယွမ်သည် တစ်ကိုယ်လုံး အလွန်အမင်း နာကျင်မှုကို ခံစားနေရသည်။ အကယ်၍ သူသာ လမ်းပေါ်တွင် မရှိနေပါက အသံကုန် အော်ဟစ်လိုက်မိမည်မှာ သေချာပေ၏။

အိမ်ပြန်ရောက်ချိန်တွင် ကျိုးယွမ်သည် အရက်မူးနေသူတစ်ယောက်ကဲ့သို့ ယိမ်းယိုင်နေပေသည်။

သားသတ်သမားမှာ အံ့သြသွားပြီး ကျိုးယွမ် ရန်ဖြစ်လာကာ ဒဏ်ရာရလာသည်ဟု ထင်လိုက်၏။

သားသတ်သမားက ကျိုးယွမ်ကို တွဲပေးရန် အပြေးအလွှား သွားလိုက်သော်လည်း သူ၏လက်က ကျိုးယွမ်၏ ခန္ဓာကိုယ်ကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် ကျိုးယွမ်၏ ကိုယ်ပေါ်မှ လျှပ်စီးကြောင်းတစ်ခု ပစ်ထွက်လာသဖြင့် သားသတ်သမားမှာ လန့်ဖျပ်သွားလေသည်။

"ကျွန်တော့်ကို မထိနဲ့... အဆင်ပြေတယ်..."

ပိုင်ယွင်ရှို့မှာလည်း လျှပ်စစ်ရှော့ခ်ကြောင့် လန့်သွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားပေ၏။

အလွန်အမင်း နာကျင်နေသော်လည်း ကျိုးယွမ်သည် ခြံဝင်းထဲသို့ ဝင်သွားခဲ့သည်။ သူသည် သူ၏အခန်းထဲသို့ ပြန်ဝင်ချင်သော်လည်း အလွန်အမင်း အားနည်းနေသဖြင့် ထိုနေရာတွင်ပင် တင်ပျဉ်ခွေ ထိုင်ချလိုက်၏။

ကျိုးယွမ် ထိုင်ချလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးကြောင်းပေါင်းများစွာက တရှည်ရှည် မြည်သံများဖြင့် ဖြတ်ပြေးသွားကြပေသည်။

"ဘာတွေဖြစ်နေတာလဲ..."

သားသတ်သမားက ပိုင်ယွင်ရှို့ကို ကြည့်ကာ မေးလိုက်၏။

ပိုင်ယွင်ရှို့မှာလည်း လုံးလုံးလျားလျား တွေဝေသွားသော်လည်း အကြမ်းဖျင်းအားဖြင့် ဘာတွေဖြစ်နေသည်ကို နားလည်သဖြင့် မှော်အဆောင်ခန်းမအကြောင်းကို သူမ၏အဖေအား အကျဉ်းချုံး ပြောပြလိုက်သည်။

ဤစကားကို ကြားချိန်တွင် သားသတ်သမားက ဘာတွေဖြစ်နေသည်ကို သဘောပေါက်သွားပြီး အလွန်အမင်း အံ့သြသွားပေ၏။

သို့သော် သားသတ်သမားသည် အတွေ့အကြုံရင့်ကျက်သူဖြစ်သဖြင့် ကျိုးယွမ်ကို တစ်ချက်နှစ်ချက် ကြည့်ရုံဖြင့် အဆင်ပြေနေကြောင်းနှင့် ကံဆိုးမှုကနေ ကံကောင်းမှုအဖြစ်သို့ပင် ပြောင်းလဲသွားနိုင်ကြောင်း သူ သိရှိလိုက်သည်။

ပိုင်ယွင်ရှို့၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်နေသော အရိပ်အယောင်ကို မြင်ချိန်တွင် သားသတ်သမားမှာ ဝမ်းနည်းသွားမိ၏။ သူ ပင်ပင်ပန်းပန်း စိုက်ပျိုးထားသော ဂေါ်ဖီထုပ်လေးကို ဝက်က စားတော့မည်ပုံပေါ်ပေသည်။

"ယွင်ရှို့... မစိုးရိမ်နဲ့... သူ အဆင်ပြေသွားမှာပါ..."

သားသတ်သမားက ပိုင်ယွင်ရှို့အား ပြောလိုက်၏။

သားသတ်သမား၏ စကားကို ကြားချိန်တွင် ပိုင်ယွင်ရှို့က ခေါင်းညိတ်ပြလိုက်ပြီး သူမ၏မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုများက နောက်ဆုံးတွင် အနည်းငယ် လျော့ပါးသွားလေသည်။

အချိန်တွေက ဖြည်းညင်းစွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နာရီဝက် ကြာသွားခဲ့ပြီ ဖြစ်၏။ ကျိုးယွမ်၏ ကိုယ်ပေါ်တွင် သောင်းကျန်းနေသော မိုးကြိုးစွမ်းအင်များမှာ နောက်ဆုံးတွင် ပျောက်ကွယ်သွားပေသည်။

သို့သော် ကျိုးယွမ်၏ အောက်နှင့် သူ၏ပတ်လည်ရှိ တာအိုတွင် အနက်ရောင်မျဉ်းကြောင်းများ ထူထပ်စွာ ပေါ်နေပြီး မြေပြင်ပေါ်ရှိ ကျောက်တုံးများမှာလည်း ကျိုးပဲ့ကုန်လေ၏။

ကျိုးယွမ် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ တစ်ခါမှ မကြုံဖူးသော ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်ထွက်လာပေသည်။ သူ၏ တန်ထျန်းတွင် မူလကရှိသော ဓားပုံသဏ္ဌာန် တာအိုအုတ်မြစ် မျိုးစေ့ငါးခုအနက်မှ တစ်ခုသည် လျှပ်စီးများ လက်နေသော မိုးကြိုးဓားအဖြစ်သို့ ပြောင်းလဲသွား၏။

ကျိုးယွမ်၏ ဝိညာဉ်စွမ်းအင်က ၎င်းကို အာရုံခံလိုက်ရာ ထိုမိုးကြိုးဓားအတွင်းတွင် အစွမ်းထက်ဆုံးနှင့် ယန်စွမ်းအင်အပြည့်ဝဆုံး မိုးကြိုးစွမ်းအင်များ ပါဝင်နေကြောင်း ချက်ချင်း ခံစားလိုက်ရသည်။

[ဒင်...ပိုင်ရှင်သည် သွင်ပြောင်းမိုးကြိုး ဝိညာဉ်သွေးကြောကို အောင်မြင်စွာ စုစည်းနိုင်ခဲ့သဖြင့် ကံကြမ္မာတန်ဖိုး ၁၀၀၀ ဆုချီးမြှင့်ပါသည်။]

ထိုစဉ် စနစ်၏အသံ ထွက်ပေါ်လာသဖြင့် ကျိုးယွမ်သည် စနစ်အချက်အလက်များကို လျင်မြန်စွာ စစ်ဆေးကြည့်လိုက်ရာ သူ၏မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားပေ၏။

[ပိုင်ရှင် - ကျိုးယွမ်]

[ကျင့်ကြံမှုအဆင့် - ချီသန့်စင်ခြင်း အဆင့် ၉ (၈၇၀/၁၂၀၀၀)]

[သက်တမ်း - ၂၁/၈၅၇၈.၇]

[ပါရမီ - သွင်ပြောင်းမိုးကြိုး ဝိညာဉ်သွေးကြော၊ ပြုပြင်ရန်ကျန်ရှိသော ဓာတ်သဘာဝမဲ့ ဝိညာဉ်ကြောနှစ်ခု]

[ကံကြမ္မာတန်ဖိုး - ၁၀၀၀]

[ကျွမ်းကျင်မှုများ - အလယ်အလတ်အဆင့် မီးတောက်ဂါထာ၊ အဆင့်နိမ့် ဝိညာဉ်ဖမ်း ဝင်္ကပါ]

[အထူးစွမ်းရည်များ - မျက်နှာတစ်ထောင် ကျင့်စဉ်၊ အချိန်ကိုဖျက်ဆီးခြင်း နည်းစနစ်၊ အရှိန်အဝါဖုံးကွယ်ခြင်း ကျင့်စဉ် (အဆင့် ၂)]

သူ၏ပါရမီက ဤမျှ အံ့မခန်း ပြောင်းလဲသွားလိမ့်မည်ဟု ကျိုးယွမ် တစ်ခါမှ မထင်မှတ်ထားခဲ့ချေ။ ယခုအချိန်တွင် သူသည် ပါရမီညံ့ဖျင်းသူ တစ်ယောက် မဟုတ်တော့ပေ။

"စနစ်... ငါက ဝိညာဉ်သွေးကြောသုံးခု မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ဓာတ်သဘာဝမဲ့ ဝိညာဉ်သွေးကြောတွေ ရုတ်တရက် ဖြစ်သွားတာလဲ..."

ကျိုးယွမ် အလွန်အမင်း ဇဝေဇဝါ ဖြစ်သွား၏။ ဤအရာက ဘယ်လိုလုပ်ပြီး ပြောင်းလဲသွားနိုင်သနည်း။ ဤတာအိုနှင့် ပတ်သက်ပြီး သူ ဘာမှ နားမလည်ခဲ့ပေ။

[ပိုင်ရှင်... ပိုင်ရှင့်ရဲ့ ဝိညာဉ်သွေးကြောက အရမ်းညံ့ဖျင်းပါတယ်... မကြာသေးခင်ကမှ စနစ်က ဝိညာဉ်သွေးကြောသုံးခု၊ လေးခုနဲ့ ငါးခုပါတဲ့ ဝိညာဉ်သွေးကြောများစွာကို ပေါင်းစပ်ခဲ့တာပါ... စနစ်က ဝိညာဉ်သွေးကြောတွေ အားလုံးကို ဖယ်ရှားပြီးတော့ ဓာတ်သဘာဝမဲ့ ဝိညာဉ်သွေးကြောသုံးခုအဖြစ် ပြောင်းလဲပေးလိုက်တာပါ... တကယ်လို့ ပိုင်ရှင်က နောင်တချိန်မှာ အဖိုးတန်ရတနာတွေကို တွေ့ရင် စနစ် ပိုင်ရှင့်ကို သတိပေးပြီး အဲ့ဒါတွေကို လုယူဖို့ ကူညီပေးပါလိမ့်မယ်... အဲ့ဒီလိုနည်းနဲ့ ဝိညာဉ်သွေးကြောကို ပြုပြင်ပြောင်းလဲပေးမှာပါ...]

စနစ်၏ စကားကို ကြားချိန်တွင် ကျိုးယွမ်၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွား၏။ အကယ်၍ စနစ်ပြောသည်သာ အမှန်ဆိုပါက သူသည် ယခုအခါ သွင်ပြောင်းဝိညာဉ်သွေးကြောသုံးခုကို ပိုင်ဆိုင်သွားပြီ မဟုတ်ပါလား။

ကျိုးယွမ်သည် ကျင့်ကြံသူ အသစ်လေးသာ ဖြစ်သော်လည်း သွင်ပြောင်းဝိညာဉ်သွေးကြောတစ်ခုက မည်မျှ ကြောက်မက်ဖွယ်ကောင်းသနည်း ဆိုသည်ကို သူ ကောင်းကောင်း သိထားပေသည်။

၎င်းသည် ပုံမှန် ထိပ်တန်းဝိညာဉ်သွေးကြောတစ်ခုထက် သေချာပေါက် ပိုမို အစွမ်းထက်ပေ၏။

ပိုင်ယွင်ရှို့နှင့်အတူ ဤခရီးကို လိုက်ပါလာခြင်းက ဤကဲ့သို့သော ရလဒ်မျိုး ထွက်ပေါ်လာလိမ့်မည်ဟု ကျိုးယွမ် မထင်မှတ်ထားခဲ့ချေ။ သူမက သူ၏ ကံကောင်းစေသော ကြယ်ပွင့်လေးများ ဖြစ်နေမလား။

မူလက ကျိုးယွမ်သည် စနစ်နှင့် တိုင်ပင်ဆွေးနွေးစရာ အချို့ရှိသော်လည်း ယခုအခါ သားသတ်သမားမည်းနှင့် ပိုင်ယွင်ရှို့တို့က သူ့ကို ကြည့်နေကြောင်း သိလိုက်ရသဖြင့် မေးခွန်းမေးခြင်းကို ယာယီ လက်လျှော့လိုက်သည်။

လုံးလုံးလျားလျား တုံ့ဆိုင်းမနေဘဲ ကျိုးယွမ်သည် စနစ်ဈေးဆိုင်မှ ကောင်းကင်အဆင့် ထိပ်တန်းသိုင်းပညာ "ဓားသောင်းချီ မူလသို့ပြန်လည်ရောက်ရှိခြင်း"ကို ကံကြမ္မာတန်ဖိုး ၁၀၀၀ အသုံးပြု၍ လဲလှယ်လိုက်၏။

သူကိုယ်တိုင်က ဓားသိုင်းကို ကျင့်ကြံနေသူဖြစ်သဖြင့် ၎င်းသည် သူနှင့် အလိုက်ဖက်ဆုံးပင် ဖြစ်သည်။

ထို့နောက် ကျိုးယွမ် မတ်တပ်ရပ်လိုက်ရာ သူ၏ခန္ဓာကိုယ်မှ မိုးကြိုးသံများကဲ့သို့ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပေ၏။

ယခုအချိန်တွင် ကျိုးယွမ်သည် သူ၏စွမ်းအားများ တစ်ဖန် ပြန်လည်မြင့်တက်လာကြောင်း ခံစားလိုက်ရသည်။

သားသတ်သမားက ကျိုးယွမ်ကို လေးနက်စွာ စိုက်ကြည့်နေ၏။

မည်သည့်အကြောင်းကြောင့်မှန်း မသိသော်လည်း ဤအချိန်တွင် ကျိုးယွမ်က အလွန်အန္တရာယ်များကြောင်း သူ ခံစားလိုက်ရပြီး သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားပေသည်။

သို့ရာတွင် ထိုခံစားချက်က ချက်ချင်း ပျောက်ကွယ်သွားသဖြင့် သားသတ်သမားက သူ အမြင်မှားသွားသည်ဟုသာ တွေးလိုက်၏။

"ကောင်လေးကျိုး... တကယ်တော့ ဘာတွေဖြစ်ခဲ့တာလဲ..."

သားသတ်သမားက ရှေ့သို့ လှမ်းလာပြီး လျင်မြန်စွာ မေးလိုက်သည်။

ကျိုးယွမ်က သားသတ်သမားကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပိုင်ယွင်ရှို့ကို ကြည့်လိုက်ရာ သူမ၏မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခုကို တွေ့လိုက်ရသဖြင့် သူမအား အနည်းငယ် ပြုံးပြလိုက်မိ၏။

ပိုင်ယွင်ရှို့က ကျိုးယွမ်၏ အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားပြီး သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု အလိုအလျောက် ပေါ်လာပေသည်။

ဤသည်ကို မြင်ချိန်တွင် သားသတ်သမားမှာ အေးစက်စက် နှာမှုတ်ခြင်းကို မထိန်းနိုင်ခဲ့ချေ။

*ဒီကောင်လေးက ငါ့ရှေ့မှာတင် ငါ့သမီးကို ပရောပရည် လုပ်ရဲတယ်ပေါ့... ငါ ဒေါသထွက်လွန်းလို့ သေတောင် သေနိုင်တယ်…*

သားသတ်သမား၏ အေးစက်စက် နှာမှုတ်သံကြောင့် ပိုင်ယွင်ရှို့မှာ မျက်နှာလေး နီရဲသွားပြီး ခေါင်းငုံ့သွားပေ၏။

ကျိုးယွမ်က လျင်မြန်စွာ ပြောလိုက်သည်။

"စီနီယာပိုင်... ကျွန်တော်နဲ့ သခင်မလေးပိုင်က မှော်အဆောင်ခန်းမမှာ အထူးကျောက်တုံးမည်းတစ်တုံးကို တွေ့လိုက်ရလို့ ဆိုင်ရှင်ကို ကြည့်ချင်တယ်လို့ ပြောလိုက်တာ..."

"ငါ့လက်က အဲ့ဒီကျောက်တုံးမည်းကို ထိလိုက်တာနဲ့ တစ်ပြိုင်နက် ငါ့ကိုယ်ထဲကို တစ်ခုခု ဝင်လာသလို ခံစားလိုက်ရတယ်..."

"ဒါကြောင့်မို့လို့ ငါလည်း သခင်မလေးပိုင်နဲ့အတူ အမြန်ပြန်ပြေးလာခဲ့တာ... ကံကောင်းလို့ အချိန်မီ ပြန်ရောက်လာတာ... မဟုတ်ရင် အကျိုးဆက်က မှန်းဆလို့တောင် ရမှာမဟုတ်ဘူး..."

ကျိုးယွမ်၏ စကားများက တစ်ဝက်မှန်ပြီး တစ်ဝက်မှာ လိမ်ညာထားခြင်း ဖြစ်သည်။ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသော ပိုင်ယွင်ရှို့ပင်လျှင် အမှားအမှန်ကို မခွဲခြားနိုင်ပါက သားသတ်သမားမည်း ဆိုလျှင် ပို၍ပင် မသိနိုင်တော့ချေ။

သားသတ်သမားက ခေါင်းညိတ်ပြလိုက်၏။ သူ ခဏမျှ စဉ်းစားကြည့်သော်လည်း အကြောင်းရင်းကို စဉ်းစား၍မရခဲ့ပေ။ သို့သော် ကျိုးယွမ် အဆင်ပြေနေသည်ကို မြင်ရသဖြင့် သူ စိတ်အေးသွားလေသည်။

သားသတ်သမားတွင် လုပ်စရာကိစ္စများ ရှိနေပြီး အပြင်ထွက်ရမည်ဖြစ်သဖြင့် ဆိုင်ကိစ္စများကို ပိုင်ယွင်ရှို့အား လွှဲအပ်ကာ အနည်းငယ် မှာကြားပြီးနောက် ထွက်သွားခဲ့၏။

ကျိုးယွမ်က ပိုင်ယွင်ရှို့နှင့် မိနစ်အနည်းငယ်ခန့် စကားစမြည်ပြောပြီးနောက် ဝိညာဉ်ဆေးရည်ကို သန့်စင်ရန် ပြန်သွားခဲ့သည်။ ၎င်းမှာ သူ၏ အရေးကြီးဆုံး လုပ်ငန်းစဉ်များထဲမှ တစ်ခုဖြစ်ပေ၏။

ညနေဘက်တွင် သားသတ်သမား ပြန်ရောက်လာသည်။ နေ့ခင်းဘက်က သူ ထွက်သွားချိန်တွင် စွမ်းအင်အပြည့် ရှိနေသော်လည်း ပြန်လာချိန်တွင်မူ ပုံမှန်မဟုတ်ဘဲ အလွန်အမင်း ပင်ပန်းနေပုံပေါက်နေ၏။

ထိုနှစ်နာရီအတွင်း သားသတ်သမားက ဘာတွေဖြစ်ခဲ့သနည်းဆိုတာကို ကျိုးယွမ် မသိသော်လည်း သားသတ်သမားက မပြောပြသဖြင့် ကျိုးယွမ်ကလည်း မမေးတော့ချေ။

ထမင်းစားပြီးနောက် ကျိုးယွမ်သည် အိမ်ပြန်ကာ ဝိညာဉ်ဆေးရည်ကို ဆက်လက်သန့်စင်ခဲ့ပြီး နောက်နေ့နံနက်တွင် အလွန်စောစော နိုးလာခဲ့၏။

ယနေ့တွင် သားသတ်သမားက ပိုင်ယွင်ရှို့ကို ခေါ်ကာ သူမ၏မိခင်ကို သွားရောက်ကန်တော့မည် ဖြစ်သည်။

ယမန်နေ့က ပိုင်ယွင်ရှို့က ဤကိစ္စကို ပြောပြထားပြီး ကျိုးယွမ်ကလည်း အားလပ်နေသဖြင့် ပိုင်ယွင်ရှို့က သူ့အတွက် နေ့စဉ် ဟင်းချက်ပေးနေသည်ကို ထောက်ထားကာ မလိုက်သွားပါက အားနာစရာ ကောင်းမည်ဟု တွေးလိုက်မိ၏။

ကျိုးယွမ် လိုက်လာသည်ကို သားသတ်သမားကလည်း မငြင်းဆန်သဖြင့် မိုးလင်းသည်နှင့် တစ်ပြိုင်နက် သူတို့သုံးယောက်လုံး ထွက်ခွာလာခဲ့ကြပေသည်။

All Chapters