အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
အခန်း (၃၉) စနစ်၏ အထင်အမြင်သေးခြင်းကို ခံရခြင်း
ကျိုးယွမ်သည် နောက်ဆုံးတွင် ဝမ်ရှန်း အကျဉ်းထောင်မှ ထွက်ခွာလာခဲ့ပြီး လီရွေ့က ကျိုးယွမ်အား အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၃၀၀ ပေးလိုက်၏။
ကျိုးယွမ်က နှစ်ရက်ခန့် နားခွင့်ပေးရန် လီရွေ့အား တောင်းဆိုလိုက်သည်။
ကျိုးယွမ်၏ ဖြူရော်နေသော မျက်နှာကို မြင်သောအခါ လီရွေ့မှာ မည်သို့ဆုံးဖြတ်ရမည်ကို တွေဝေနေစဉ် ဝမ်ချုံး၏ အသံကို ကြားလိုက်ရပြီး ကျိုးယွမ်၏ တောင်းဆိုချက်ကို သဘောတူရန် တိုက်တွန်းလာပေ၏။
"ကောင်းပြီလေ... ဒီနေ့ မင်း တကယ့်ကို ပင်ပန်းသွားပြီ... နှစ်ရက်လောက် နားလိုက်ပါ..
."လီရွေ့ကို ကျေးဇူးတင်စကား ဆိုပြီးနောက် ကျိုးယွမ်သည် ဝမ်ရှန်း အကျဉ်းထောင်မှ ထွက်ခွာလာခဲ့၏။
"သခင်မ... သူ တစ်ခုခု ရိပ်မိသွားတာ ဖြစ်နိုင်တယ်... သူ့နောက်ကို လိုက်ဖို့ လူလွှတ်ရမလား... သူ ထွက်ပြေးသွားမှာ စိုးရိမ်လို့ပါ..."
လီရွေ့က ဘေးတွင်ရပ်နေသော ဝမ်ချုံးအား လက်အုပ်ချီကာ ဂါရဝပြုလျက် မေးလိုက်သည်။
ဝမ်ချုံးက တည်ငြိမ်နေဆဲဖြစ်ပြီးနောက် ပြောလိုက်၏။
"မစိုးရိမ်ပါနဲ့... သူ့ကိုယ်ပေါ်မှာ ဝိညာဉ်အမှတ်အသား ချန်ထားခဲ့ပြီးပြီ... သူ ထွက်ပြေးလို့ မလွတ်ပါဘူး..."
ဤစကားကို ကြားချိန်တွင် လီရွေ့က လျင်မြန်စွာ ခေါင်းညိတ်ပြလိုက်ရာ စိတ်အေးသွားပေ၏။
ကျိုးယွမ် အိမ်ပြန်ရောက်ချိန်တွင် သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ရာ သူ၏နောက်သို့ မည်သူမျှ လိုက်မလာကြောင်း တွေ့ရသဖြင့် အလွန်အမင်း အံ့သြသွားပေသည်။
သားသတ်သမား၏ ဆိုင်မှာ ပိတ်ထားပြီး ဖြစ်၏။ ကျိုးယွမ် အပေါ်တက်ကာ တံခါးခေါက်လိုက်သည်။ မကြာမီ တံခါးပွင့်လာပြီး ပိုင်ယွင်ရှို့က ဘေးတွင် ပြုံးလျက် ရပ်နေပေ၏။
"အစ်ကိုကျိုးယွမ်... ပြန်ရောက်ပြီလား..."
ကျိုးယွမ်က ခေါင်းညိတ်ပြပြီး ပြုံးကာ ဝင်လာရင်း "စီနီယာပိုင် ပြန်ရောက်ပြီလား..." ဟု မေးလိုက်သည်။
ပိုင်ယွင်ရှို့က တံခါးကို ပိတ်လိုက်ပြီးနောက် ပြုံးကာ ပြောလိုက်၏။ "မရောက်သေးဘူး... ဒါပေမဲ့ မကြာခင် ပြန်ရောက်တော့မှာပါ..."
ပိုင်ယွင်ရှို့၏ အလွန်လှပသော မျက်နှာလေးကို ကြည့်ရင်း ကျိုးယွမ်က စိတ်ထဲမှ သက်ပြင်းချကာ "သူမက တကယ်ကို မိန်းကလေးကောင်းလေး တစ်ယောက်ပဲ..." ဟု တွေးလိုက်မိသည်။
သို့သော် ထိုပန်းလေးကို ခူးယူရန် သူ မဝံ့ရဲချေ။ ပြီးခဲ့သည့်အကြိမ်က တတိယအကြီးအကဲ ဟုန်းယွင်ရှန်းကို စနစ်က မည်သို့ ပြောင်စင်အောင် လုယက်ခဲ့သနည်းဆိုသည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
"အစ်ကိုကျိုးယွမ်... ကျွန်မတို့ နောက်ရက်အနည်းငယ်အတွင်း ထွက်ခွာတော့မှာမို့ ထပ်ပြီး အပြင်မထွက်ပါနဲ့တော့... မဟုတ်ရင် အခွင့်အရေး လွတ်သွားလိမ့်မယ်လို့ အဖေက အစ်ကို့ကို ပြောခိုင်းလိုက်တယ်..."
ပိုင်ယွင်ရှို့နှင့် ကျိုးယွမ်တို့ နောက်ဖေးခြံဝင်းဆီသို့ အတူတူ လျှောက်သွားကြ၏။ ဖခင်ဖြစ်သူ၏ စကားများကို သတိရသွားသဖြင့် ပိုင်ယွင်ရှို့က လျင်မြန်စွာ ပြောလိုက်သည်။
ဤစကားကို ကြားချိန်တွင် ကျိုးယွမ်က လျင်မြန်စွာ ခေါင်းညိတ်ပြပြီး ပြုံးကာ ပြောလိုက်၏။
"ကောင်းပြီလေ... ဒါဆို နောက်ရက်အနည်းငယ်အတွင်း အပြင်မထွက်တော့ဘူး..."
ကျိုးယွမ်၏ အဖြေကို ကြားချိန်တွင် ပိုင်ယွင်ရှို့က ချိုသာစွာ ပြုံးလိုက်မိရာ ကျိုးယွမ်မှာ လုံးလုံးလျားလျား မိန်းမောသွားပေသည်။
ပိုင်ယွင်ရှို့က ကျိုးယွမ်၏ မိန်းမောနေသော အမူအရာကို ဝမ်းသာမှုနှင့် ရှက်ရွံ့မှု ရောယှက်နေသော အကြည့်ဖြင့် ကြည့်လိုက်၏။
ထို့အပြင် ကျိုးယွမ်၏ မျက်လုံးများထဲတွင် ရန်လိုသည့် အရိပ်အယောင်တစ်ခုကိုပါ သူမ အာရုံခံမိလိုက်သည်။
ပိုင်ယွင်ရှို့သည် ထိုနေရာတွင် ဆက်မနေရဲတော့ဘဲ သမင်လေးတစ်ကောင်ကဲ့သို့ တဒိုင်းဒိုင်း ခုန်နေသော နှလုံးသားဖြင့် ထွက်ပြေးသွားလေ၏။
ကျိုးယွမ်က အနည်းငယ် ပြုံးလိုက်ပြီးနောက် သူ၏ခြံဝင်းထဲသို့ ပြန်ဝင်သွားသည်။
[ဒင်... ပိုင်ရှင်၏ ကိုယ်ပေါ်တွင် တာအို ဝိညာဉ်အမှတ်အသားတစ်ခုကို စနစ်က ရှာဖွေတွေ့ရှိထားပါသည်။ ဖယ်ရှားပစ်ရမလား...]
စနစ်၏အသံကို ကြားချိန်တွင် ကျိုးယွမ်၏ မျက်လုံးများက ချက်ချင်း အေးစက်သွား၏။ စနစ်က သူ့ကို သတိပေးသည်မှာ ဤအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။
ဤတာအိုဝိညာဉ်အမှတ်အသား သူ၏ကိုယ်ပေါ်တွင် ပေါ်လာချိန်ကတည်းက စနစ်ထံမှ အသိပေးချက်တစ်ခုကို သူ ရရှိခဲ့ပြီး ဖြစ်သည်။
ဤအရာသည် ဝမ်ချုံးက သူ၏ကိုယ်ပေါ်တွင် ချန်ထားခဲ့သော အရာဖြစ်ကြောင်း ကျိုးယွမ် ကောင်းကောင်း သိထား၏။
ဝမ်ချုံး ဘာလုပ်ရန် ကြံစည်နေသနည်းဆိုတာကို ကျိုးယွမ် မသိသော်လည်း ၎င်းသည် သေချာပေါက် ကောင်းသောအရာ မဟုတ်ကြောင်း သူ သိထားပေသည်။
"စနစ်... လောလောဆယ် မဖယ်ရှားနဲ့ဦး..."
ကျိုးယွမ်အနေဖြင့် ၎င်းကို သဘာဝကျကျ ဖယ်ရှားပစ်မည် မဟုတ်ပေ။ အကယ်၍ ဖယ်ရှားလိုက်ပါက ဝမ်ချုံးက သေချာပေါက် သူ့ထံသို့ လာရှာလိမ့်မည် ဖြစ်၏။
ကျိုးယွမ်သည် လောလောဆယ် ဝမ်ချုံးနှင့် ထိပ်တိုက် မရင်ဆိုင်ချင်သေးချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏ နောက်ကွယ်တွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူလေးဦးက အုပ်ချုပ်နေသော ချင့်လင် မဟာမိတ်အဖွဲ့ တစ်ခုလုံး ရှိနေသောကြောင့် ဖြစ်သည်။
'အချိန်ကိုဖျက်ဆီးခြင်း နည်းစနစ်' ကို အသုံးပြု၍ ဝမ်ချုံးကို သတ်ပစ်လျှင်ပင် ကျန်သုံးယောက်ကရော ဘယ်လိုလုပ်မလဲ။
'အချိန်ကိုဖျက်ဆီးခြင်း နည်းစနစ်' ကို တစ်လလျှင် တစ်ကြိမ်သာ အသုံးပြုနိုင်သဖြင့် အရေးအကြီးဆုံး အခြေအနေများတွင်သာ အသုံးပြုသင့်ပေသည်။
ထို့နောက် ကျိုးယွမ်သည် စနစ်အချက်အလက်များကို စစ်ဆေးကြည့်လိုက်ရာ သူ၏မျက်လုံးများမှာ စိတ်အားထက်သန်မှုကြောင့် အရောင်လက်နေ၏။
[ပိုင်ရှင် - ကျိုးယွမ်]
[ကျင့်ကြံမှုအဆင့် - ချီသန့်စင်ခြင်း အဆင့် ၁၀ (၁၄၁၇၀/၁၅၀၀၀)]
[သက်တမ်း - ၂၁/၂၇၆၅၄.၈]
[ပါရမီ - သွင်ပြောင်းမိုးကြိုး ဝိညာဉ်သွေးကြော၊ ပြုပြင်ရန်ကျန်ရှိသော ဓာတ်သဘာဝမဲ့ ဝိညာဉ်သွေးကြော နှစ်ခု]
[ကံကြမ္မာတန်ဖိုး - ၂၃၂၀]
[ကျွမ်းကျင်မှုများ - အလယ်အလတ်အဆင့် မီးတောက်ဂါထာ၊ အဆင့်နိမ့် ဝိညာဉ်ဖမ်း ဝင်္ကပါ]
[အထူးစွမ်းရည်များ - မျက်နှာတစ်ထောင် ကျင့်စဉ်၊ အချိန်ကိုဖျက်ဆီးခြင်း နည်းစနစ်၊ အရှိန်အဝါဖုံးကွယ်ခြင်း ကျင့်စဉ် (အဆင့် ၂)]
ရှေးဟောင်းချီသန့်စင်ခြင်း အဆင့်တစ်ရာ ကျင့်စဉ်သည် အဆင့် ၉၀ သို့ ရောက်ရှိနေပြီ ဖြစ်၏။ အကယ်၍ ဤသတင်းသာ ပြင်ပသို့ ပေါက်ကြားသွားပါက မည်သူကမျှ ယုံကြည်လိမ့်မည် မဟုတ်ပေ။
ကျိုးယွမ်သည် ဝမ်ရှန်းအကျဉ်းထောင်သို့ ဆက်သွားရန် အစီအစဉ် မရှိတော့ချေ။ သားသတ်သမားက ကိစ္စများကို မည်သို့ ဖြေရှင်းမည်ကို သူ ကြည့်ရှုလိုပေသည်။
ကံကြမ္မာတန်ဖိုး နှစ်ထောင်ကျော် ရှိနေသည်ကို မြင်ချိန်တွင် ကျိုးယွမ်၏ မျက်လုံးများ အရောင်လက်သွားပြီး ကာကွယ်ရေး မှော်ပစ္စည်းတစ်ခုခုနှင့် လဲလှယ်ရန် ရည်ရွယ်ကာ စနစ်ဈေးဆိုင်ကို စတင်ကြည့်ရှုလိုက်၏။
ထို့နောက် လွန်ခဲ့သော အချိန်အတန်ကြာက သူရရှိခဲ့သော "ဓားသောင်းချီ မူလသို့ပြန်လည်ရောက်ရှိခြင်း" ကို သတိရသွားပြီး ကျိုးယွမ်၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားပေသည်။
*ဒီစနစ်က တကယ့်ကို ခေါင်းကိုက်စရာပဲ... ကြိုတင်သတိပေးချက်လေးတောင် မပေးဘူး…*
ကောင်းကင်အဆင့် ထိပ်တန်းသိုင်းပညာ "ဓားသောင်းချီ မူလသို့ပြန်လည်ရောက်ရှိခြင်း" တွင် ဓားကွက် ကိုးကွက် ပါဝင်ပြီး ပြီးခဲ့သည့်အကြိမ်က သူ ကံကြမ္မာတန်ဖိုး ၁၀၀၀ ဖြင့် ပထမဆုံး ဓားကွက်ကိုသာ ရရှိခဲ့ခြင်း ဖြစ်ပေ၏။
ဒုတိယ ဓားကွက်အတွက် ကံကြမ္မာတန်ဖိုး ၂၀၀၀ လိုအပ်သည်။
ယခုမှစ၍ ဓားကွက်တိုင်းအတွက် တန်ဖိုးက ယခင်ထက် နှစ်ဆ မြင့်တက်သွားမည် ဖြစ်၏။
နဝမမြောက် ဓားကွက်ကို ရရှိရန်အတွက် ကံကြမ္မာတန်ဖိုး ၂၅၆၀၀၀ လိုအပ်ပေသည်။
ဤအကြောင်းကို တွေးမိချိန်တွင် ကျိုးယွမ်၏ နှုတ်ခမ်းများ ထပ်မံတွန့်ကွေးသွားပြန်၏။ အားလုံးက သူ ငယ်ရွယ်ပြီး အပြစ်ကင်းစင်လွန်းသဖြင့် စနစ်၏ လှည့်စားမှုကို ခံလိုက်ရခြင်းကြောင့် ဖြစ်ပေသည်။
"ကောင်းကင်ချပ်ဝတ်... အခြေတည်စိတ်ဝိညာဉ်အဆင့်အောက်က မည်သည့်တိုက်ခိုက်မှုကိုမဆို ကာကွယ်ပေးနိုင်ပါတယ်... ချပ်ဝတ်ကို တစ်ခါသုံးဖို့အတွက် ကံကြမ္မာတန်ဖိုး ၅၀၀၀ ကုန်ကျပါမယ်..."
"ကောင်းကင်တိမ်လွှာဒိုင်းက ရွှေအမြုတေအဆင့် နှောင်းပိုင်းရဲ့ အစွမ်းထက်တဲ့ တိုက်ခိုက်မှု တစ်ချက်ကို ကာကွယ်ပေးနိုင်ပြီး ဒိုင်းကို တစ်ကြိမ်သုံးဖို့ ကံကြမ္မာတန်ဖိုး ၂၀၀၀ ကုန်ကျပါမယ်..."
"စစ်သူကြီးချပ်ဝတ်... ရွှေအမြုတေအဆင့် အလယ်အလတ်ရဲ့ အစွမ်းထက်တဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိပြီး ချပ်ဝတ်တစ်ခုလုံးကို တစ်ကြိမ်သုံးဖို့ ကံကြမ္မာတန်ဖိုး ၁၈၀၀ ကုန်ကျပါမယ်..."
"တောက်ပသောဒိုင်း... ရွှေအမြုတေအဆင့်အောက်က မည်သည့်တိုက်ခိုက်မှုကိုမဆို ကာကွယ်ပေးနိုင်ပါတယ်... တစ်ခါသုံး မှော်ပစ္စည်းဖြစ်ပြီး ကံကြမ္မာတန်ဖိုး ၁၂၀၀ ကုန်ကျပါမယ်..."
"ကျားဖြူဒိုင်း... ရွှေအမြုတေအဆင့် အလယ်အလတ်ရဲ့ အစွမ်းထက်တဲ့ တိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်ပြီး ဒိုင်းကို တစ်ကြိမ်သုံးဖို့ ကံကြမ္မာတန်ဖိုး ၁၈၀၀ ကုန်ကျပါမယ်..."
ဤသည်ကို မြင်ချိန်တွင် ကျိုးယွမ်မှာ ဆွံ့အသွားပေ၏။ အလွန်စျေးကြီးပြီး
အားလုံးက တစ်ခါသုံးတွေချည်းပဲ...။တကယ့်ကို ဈေးကြီးပေးရတာပဲ…။
"စနစ်... မင်းဆီမှာ အမြဲတမ်းသုံးလို့ရတဲ့ ကာကွယ်ရေး မှော်ပစ္စည်းတွေ မရှိဘူးလား..."
[ပိုင်ရှင်... သေချာပေါက် ရှိတာပေါ့... ဒါပေမဲ့ ပိုင်ရှင်က ဝယ်နိုင်မှာ မဟုတ်ဘူးလေ... အပေါဆုံးကတောင် ကံကြမ္မာတန်ဖိုး ၁၀၀၀၀၀ ကျော်တယ်...]
ကျိုးယွမ်မှာ ခေတ္တမျှ ဆွံ့အသွား၏။
“သောက်ကျိုးနည်း စနစ်... မင်း ကောင်းကောင်းမွန်မွန် စကားမပြောတတ်ဘူးလား..."
“ရှေ့လျှောက် ငါတို့ အဆင်ပြေပြေ ဆက်နေသွားလို့ ရပါဦးမလား။
မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ”
ကျိုးယွမ်က အော်ဟစ်ဆဲဆိုချင်သော်လည်း သူ့တွင် ကံကြမ္မာတန်ဖိုး နှစ်ထောင်လေးသာ ရှိသည်ကို သတိရသွားသဖြင့် သူ၏စကားများကို တိတ်ဆိတ်စွာ မျိုချလိုက်ရပေသည်။
"ထားလိုက်ပါတော့... ငါက သဘောထားကြီးတဲ့သူပဲ... စနစ်ရဲ့ အဆင့်လောက်ထိ ဘယ်ဆင်းနိုင်ပါ့မလဲ..."
ကျိုးယွမ်သည် စနစ်၏ အထင်အမြင်သေးခြင်းကို ခံလိုက်ရကြောင်း သဘောပေါက်သွားသဖြင့် စိတ်ထဲမှ တိတ်တဆိတ် ငိုကြွေးမိပြီး လောလောဆယ် ဒေါသကို မျိုသိပ်ထားရုံသာ တတ်နိုင်တော့၏။
လူယုတ်မာ… လက်စားချေမှုဆိုတာ ဘယ်တော့မှ နောက်မကျပါဘူး... စနစ်... မင်း စောင့်သာကြည့်နေ... နောက်တစ်ခါကျရင် ငါ ကံကြမ္မာတန်ဖိုးတွေနဲ့ မင်းမျက်စိပြာသွားအောင် လုပ်ပြမယ်...။
ထို့နောက် ကျိုးယွမ်သည် ကောင်းကင်တိမ်လွှာဒိုင်းကို လဲလှယ်ရန်အတွက် ကံကြမ္မာတန်ဖိုး ၂၂၀၀ ကို တိတ်ဆိတ်စွာ အသုံးပြုလိုက်ပေသည်။
တစ်ချိန်တည်းမှာပင် ဝိညာဉ်ဆေးရည် ဆယ်စက်ကိုပါ လဲလှယ်လိုက်သဖြင့် သူ၏ ကံကြမ္မာတန်ဖိုးမှာ ၂၀ သာ ကျန်ရှိတော့၏။
ကျိုးယွမ်သည် သူ၏လက်ထဲရှိ လက်ဝါးအရွယ်အစားရှိသော ကောင်းကင်တိမ်လွှာဒိုင်းကို ကြည့်လိုက်သည်။ ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး ၎င်းကို မည်သို့အသုံးပြုရမည်ကို ချက်ချင်း သဘောပေါက်သွား၏။ ၎င်းကို ဝိညာဉ်စွမ်းအင် ထည့်သွင်းရုံဖြင့် အသက်သွင်းနိုင်ပေသည်။
ကျိုးယွမ်က ကောင်းကင်တိမ်လွှာဒိုင်းကို သိမ်းဆည်းလိုက်ပြီးနောက် ဝိညာဉ်ဆေးရည်ကို ထပ်မံ သန့်စင်လိုက်သည်။
ဝိညာဉ်ဆေးရည်က သေချာပေါက် ကောင်းကင်ဘုံကို အာခံနိုင်သော အဆင့်ဖြစ်ကြောင်း ကျိုးယွမ် တွေ့ရှိလိုက်ရ၏။ ဤကာလအတွင်း သူ၏ ဝိညာဉ်စွမ်းအင်များ လျင်မြန်စွာ ကြီးထွားလာရုံသာမက မည်သည့်သက်ောင့်သက်သာ မရှိမှုမျိုးကိုမျှ မခံစားခဲ့ရချေ။
ကျိုးယွမ်က သားသတ်သမားကို တိတ်တဆိတ် မေးကြည့်ရာ ဝိညာဉ်စွမ်းအင်နှင့် သက်ဆိုင်သော မည်သည့်ဆေးလုံးမဆို အခြားဆေးလုံးများထက် အဆပေါင်းများစွာ ပိုမိုစျေးကြီးကြောင်း သိခဲ့ရသည်။
သို့သော် စနစ်ထဲရှိ ဝိညာဉ်ဆေးရည်မှာ တစ်စက်လျှင် ကံကြမ္မာတန်ဖိုး ၃၀ သာ ကျသင့်သဖြင့် သေချာပေါက် တန်ဖိုးရှိပြီး အရေအတွက်ကလည်း များပြားကာ ပြည့်ဝပေ၏။
သေချာသည်မှာ ဤအရာများအားလုံးသည် သင့်တွင် ကံကြမ္မာတန်ဖိုး အလုံအလောက်ရှိသည်ဟူသော အချက်အပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။
သူ၏ အကြီးမားဆုံး အားနည်းချက်မှာ အသိပညာနည်းပါးခြင်းနှင့် မပြည့်စုံသော ကျင့်စဉ်များ ဖြစ်ကြောင်း ကျိုးယွမ် ကောင်းကောင်း သိထား၏။
ရှေးဟောင်း ချီသန့်စင်ခြင်း အဆင့်တစ်ရာ ကျင့်စဉ်၏ ကျင့်ကြံမှုက ၎င်း၏ အထွတ်အထိပ်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် နောက်ထပ် တာအိုကို မည်သို့ ကျင့်ကြံရမည်ကို သူ မသိတော့ချေ။
ထို့ကြောင့် ချင့်လင်မြို့မှ ထွက်ခွာပြီးနောက် ကျိုးယွမ်သည် တပည့်ခံရန်အတွက် ဂိုဏ်းတစ်ခုကို သေချာပေါက် ရှာဖွေရမည် ဖြစ်ပေသည်။
အခန်း (၄၀)သားသတ်သမားဟေး၏ အတိတ်
"သခင်မလေးပိုင်... မင်းရဲ့ ဟင်းချက်လက်ရာက ပိုပိုကောင်းလာတာပဲ..."
ကျိုးယွမ်က ပါးစပ်မှ ဆီများယိုကျနေသည်အထိ စားသောက်ရင်း သားသတ်သမား၏ အကြည့်ကို လုံးလုံးလျားလျား လျစ်လျူရှုကာ ပိုင်ယွင်ရှို့အား တာအိုကို ချီးကျူးလိုက်၏။
ပိုင်ယွင်ရှို့၏ မျက်နှာလေး နီရဲသွားသော်လည်း သူမ၏မျက်လုံးများထဲတွင် ဝမ်းသာမှုများ ပေါ်လွင်နေပေသည်။
သားသတ်သမားက ကျိုးယွမ်ကို စိုက်ကြည့်နေသော်လည်း ဘာမှမပြောချေ။ ထမင်းစားပြီးနောက် ကျိုးယွမ်ကို သူ၏အခန်းထဲသို့ ခေါ်သွား၏။
"ကျိုးယွမ်... ငါ ယွင်ရှို့ကို ချင့်လင်မြို့ကနေ နဂါးတောင်နယ်မြေကို ခေါ်သွားဖို့ စီစဉ်နေတယ်... မင်း ငါနဲ့ လိုက်ခဲ့ချင်လား..."
သားသတ်သမားက ကျိုးယွမ်အား တည်ကြည်သော မျက်နှာထားဖြင့် မေးလိုက်သည်။
ဤစကားကို ကြားချိန်တွင် ကျိုးယွမ်၏ ကျောရိုးတစ်လျှောက် ချက်ချင်း စိမ့်တက်သွား၏။ သူက ဆုံးဖြတ်ချက်ချထားပြီးသားဖြစ်ရာ သဘာဝကျကျပင် သားသတ်သမားနှင့်အတူ လိုက်သွားမည် ဖြစ်သည်။
ကျိုးယွမ်က လျင်မြန်စွာ ပြောလိုက်၏။
"စီနီယာပိုင်... သေချာပေါက် ကျွန်တော် စီနီယာတို့နဲ့ လိုက်ချင်တာပေါ့... ဒါပေမဲ့ နဂါးတောင်နယ်မြေက မိုင်ပေါင်း သိန်းနဲ့ချီ ဝေးတယ်လေ... ကျွန်တော်တို့ အဲ့ဒီကို ဘယ်လိုသွားကြမလဲ..."
ကျိုးယွမ်၏ အဖြေကို ကြားချိန်တွင် သားသတ်သမားက ကျေနပ်စွာ ခေါင်းညိတ်ပြပြီးနောက် ပြောလိုက်သည်။
"အဲ့ဒီကို ဘယ်လိုသွားရမလဲဆိုတာ မင်း စိတ်ပူစရာမလိုပါဘူး... ငါက ပြောပြီဆိုကတည်းက ငါ့မှာ ယုံကြည်မှုရှိလို့ပေါ့... ဒါပေမဲ့ မင်း ငါ့ကို ကတိတစ်ခုတော့ ပေးရမယ်..."
ဤစကားကို ကြားချိန်တွင် ကျိုးယွမ်က လျင်မြန်စွာ ပြန်ဖြေလိုက်၏။
"စီနီယာပိုင်... ပြောပါ... ကျွန်တော် တတ်နိုင်သလောက်ဆိုရင် လုံးဝ ငြင်းမှာမဟုတ်ပါဘူး..."
သားသတ်သမားက ကျိုးယွမ်ကို ကျေနပ်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ လွန်ခဲ့သော လအနည်းငယ်အတွင်း ကျိုးယွမ်ကို သူ စောင့်ကြည့်နေခဲ့ပြီး ဤကောင်လေးမှာ ကြွားလုံးထုတ်တတ်သူမျိုး မဟုတ်ချေ။
"အခုကစပြီး ငါ ယွင်ရှို့ကို မင်းနဲ့ စေ့စပ်ပေးမယ်... သူမက မင်းရဲ့ စေ့စပ်ထားသူ ဖြစ်လာလိမ့်မယ်... ဒါနဲ့ပတ်သက်ပြီး မင်း ကန့်ကွက်စရာများ ရှိလား..."
ဤစကားကို ကြားချိန်တွင် ကျိုးယွမ်မှာ ဆွံ့အသွားပြီး ထိုနေရာတွင်ပင် ရပ်နေမိကာ မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ချေ။
ဤသတင်းက ရုတ်တရက် ဆန်လွန်းနေပေသည်။
သို့သော် မည်သည့်အကြောင်းကြောင့်မှန်း မသိသော်လည်း သားသတ်သမားသည် သူတို့ကွယ်ရာတွင် တစ်ခုခု လုပ်ထားရမည်ဆိုသော မကောင်းသည့် ခံစားချက်တစ်ခုကို ကျိုးယွမ် ရလိုက်၏။
"စီနီယာ... ကျွန်တော့်ကို အဲ့ဒီလောက်တောင် ယုံကြည်ပြီး သခင်မလေးပိုင်ကို အပ်ရဲတာလား..."
ကျိုးယွမ်က အသက်ပြင်းပြင်း ရှူလိုက်ပြီး သားသတ်သမားကို မေးလိုက်ပေသည်။
"ကောင်လေးကျိုး... မင်းကို လူကောင်းတစ်ယောက်လို့ ငါ မထင်ပေမဲ့ မင်း ပြန်လာတိုင်း မင်းကိုယ်ပေါ်မှာ အာဃာတတွေ အများကြီး ပါလာတတ်တယ်... ငါ့အထင် မမှားဘူးဆိုရင် မင်းက ဝက်သတ်သမား ဖြစ်နေတာ သေချာတယ်..."
"ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်လအတွင်း မင်းက ရိုးသားပြီး ပွင့်လင်းတဲ့သူ တစ်ယောက်ဆိုတာကို ငါ တွေ့ခဲ့ရတယ်... ဒါကြောင့် မင်းကို ယုံကြည်ရတဲ့သူလို့ သတ်မှတ်နိုင်ပါတယ်... မင်းကို မလိမ်ပါဘူး... ဒီထဲမှာ လောင်းကစားဆန်တဲ့ အပိုင်းလည်း ပါတယ်..."
သားသတ်သမားက ကျိုးယွမ်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။
ဤစကားကို ကြားချိန်တွင် ကျိုးယွမ်သည် သားသတ်သမားကို စိတ်ထဲမှ တိတ်တဆိတ် မချီးကျူးဘဲ မနေနိုင်တော့ချေ။ အပေါ်ယံတွင် ကြမ်းတမ်းပြီး တုတ်ခိုင်သော ဤအမျိုးသားကြီးက ဤမျှ သေသေချာချာ စဉ်းစားတတ်လိမ့်မည်ဟု တွေ့ရခဲပေသည်။
"စီနီယာက ကျွန်တော်တို့နဲ့ လိုက်မလာဘူးလား... စီနီယာကိုယ်တိုင် သခင်မလေးပိုင်ကို စောင့်ရှောက်တာက ပိုမကောင်းဘူးလား..."
သားသတ်သမားက ခေါင်းယမ်းလိုက်ပြီးနောက် ရုတ်တရက် သူ၏ရင်ဘတ်ရှိ အင်္ကျီကို ဆွဲဆုတ်လိုက်ရာ ရင်ဘတ်ပေါ်ရှိ လက်ဝါးအရွယ်အစားခန့်ရှိသော အနက်ရောင် အမှတ်အသားတစ်ခု ပေါ်လာပေ၏။
ထိုအနက်ရောင် အမှတ်အသားပေါ်တွင် ထူထပ်သော အနက်ရောင် မျဉ်းကြောင်းပေါင်းများစွာက ပင့်ကူအိမ်ကဲ့သို့ အရပ်မျက်နှာ အသီးသီးသို့ ဖြာထွက်နေပြီး အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ကျိုးယွမ်သည် သူမြင်လိုက်ရသောအရာကြောင့် လန့်ဖျပ်သွားပြီး သားသတ်သမားမည်းကို ထိတ်လန့်စွာ စိုက်ကြည့်နေမိ၏။
သားသတ်သမားက သူ၏အင်္ကျီကို ပြန်ပိတ်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။
"ကောင်လေးကျိုး... ငါ ပုံပြင်တစ်ပုဒ် ပြောပြမယ်..."
ဤစကားကို ကြားချိန်တွင် ကျိုးယွမ်က လျင်မြန်စွာ ခေါင်းညိတ်ပြလိုက်၏။ ထိုတာအိုဖြင့် သားသတ်သမားက သူ့ကိုယ်သူ ရည်ညွှန်းနေခြင်းဖြစ်ကြောင်း သူ သိလိုက်ပေသည်။
နဂါးတောင်နယ်မြေ၊ ပိုင်ရှန်းမြို့တွင် ပိုင်မိသားစု၌ အသက်ဆယ့်ငါးနှစ်အရွယ်ဖြင့် ချီသန့်စင်ခြင်း အဆင့် ၉ သို့ ရောက်ရှိခဲ့သော ထူးခြားသည့် ပါရမီရှင် လူငယ်တစ်ဦး ရှိခဲ့ပြီး နောက်ပိုင်းတွင် အဆင့် ၅ ကျင့်ကြံခြင်း ဂိုဏ်းဖြစ်သော လန်ယွဲ့ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်လာကာ အကြီးအကဲတစ်ဦး၏ ကိုယ်ပိုင်တပည့် ဖြစ်လာခဲ့သည်။
"ဒီကောင်လေးက လန်ယွဲ့ဂိုဏ်းရဲ့ ဂိုဏ်းအရင်းအမြစ်တွေနဲ့အတူ သူ့ရဲ့ ကျင့်ကြံမှုက လျင်မြန်စွာ တိုးတက်လာခဲ့တယ်... အသက်သုံးဆယ် မပြည့်ခင်မှာပဲ အခြေခံတည်ဆောက်ခြင်းအဆင့် ပြီးပြည့်စုံခြင်းကို ရောက်ခဲ့တယ်..."
"အနှစ်သုံးဆယ် ကြာပြီးတဲ့နောက် သူဟာ လန်ယွဲ့ဂိုဏ်းရဲ့ အသက်အငယ်ဆုံး ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့သလို ဝင်္ကပါ တာအိုကိုလည်း လေ့လာခဲ့တယ်..."
"လန်ယွဲ့ဂိုဏ်းကလည်း သူ့ကို မျိုးစေ့တစ်စေ့အနေနဲ့ ရည်ရွယ်ချက်ရှိရှိ ပျိုးထောင်ပေးခဲ့ပြီး အရင်းအမြစ်တွေ ပိုခွဲဝေပေးခဲ့တယ်... ဒါကြောင့် နှစ်ဆယ်အတွင်းမှာတင် သူ့ရဲ့ ကျင့်ကြံမှုက ရွှေအမြုတေအဆင့် အလယ်အလတ်အထိ တက်လှမ်းသွားပြီး လန်ယွဲ့ဂိုဏ်းတစ်ခုလုံးကို အံ့အားသင့်စေခဲ့တယ်..."
"ဒါပေမဲ့ သူ လေ့ကျင့်ရေးခရီးထွက်နေတုန်း တစ်ကြိမ်မှာ ဂိုဏ်းချုပ်ရဲ့ ဇနီးဖြစ်သူကို မရည်ရွယ်ဘဲ ကယ်တင်ခဲ့မိတယ်... သူမရဲ့ အလှအပမှာ သူ မိန်းမောသွားပြီး နောက်ဆုံးမှာတော့ မထိန်းနိုင်တော့ဘဲ နောက်ဆုံးမျဉ်းကို ကျော်ဖြတ်ခဲ့မိတယ်..."
"အဲ့ဒီလိုနဲ့ ဆယ်နှစ်တောင် ကြာသွားခဲ့တယ်..."
"ဆယ်နှစ်ကြာပြီးတဲ့နောက် ဂိုဏ်းချုပ်ရဲ့ ဇနီး ကိုယ်ဝန်ရလာတယ်... ဒါပေမဲ့ ဂိုဏ်းချုပ်က သူ့ဇနီးနဲ့ အတူမနေတာ အတော်ကြာပြီဆိုတော့ အဲ့ဒီကိစ္စက ချက်ချင်း ပေါ်သွားခဲ့တယ်..."
"သူမဝမ်းဗိုက်ထဲက ကလေးကို ကာကွယ်ဖို့အတွက် ဒီလူက ဂိုဏ်းချုပ် တံခါးပိတ်ကျင့်ကြံနေတုန်း ဂိုဏ်းချုပ်ရဲ့ ဇနီးကို ခေါ်ပြီး ကောင်းကင်အဝေးကို ထွက်ပြေးဖို့ ကြံစည်ခဲ့တယ်..."
"ဒါပေမဲ့ နောက်ဆုံးမှာတော့ ဂိုဏ်းချုပ်က သူတို့ကို တွေ့သွားပြီး လိုက်လံတိုက်ခိုက်ဖို့ လူတွေ လွှတ်ခဲ့တယ်..."
"ဒီကာလအတွင်းမှာ သူတို့က လန်ယွဲ့ဂိုဏ်းက လိုက်လာတဲ့သူ တော်တော်များများကို သတ်ပစ်နိုင်ခဲ့ပေမဲ့ သူတို့နှစ်ယောက်လုံးလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်..."
"ကံကောင်းလို့ ငါတို့ မတော်တဆ တွေ့ခဲ့ရတဲ့ အဝေးပို့မန္တန်ကတဆင့် နဂါးတောင်နယ်မြေကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တာ..."
"သူတို့နှစ်ယောက်က အားလုံး အဆင်ပြေသွားပြီလို့ ထင်ခဲ့ပေမဲ့ မထင်မှတ်ဘဲ သူတို့ရဲ့ နေရာသစ်ကို ရောက်တဲ့အချိန်မှာ အလောင်းကောင်တစ်ထောင် ဂိုဏ်းက အကြီးအကဲနဲ့ ဆုံခဲ့တယ်..."
"ဒီအကြီးအကဲက ရွှေအမြုတေအဆင့် နှောင်းပိုင်း ကျင့်ကြံမှု ရှိတယ်... ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတဲ့ သူတို့နှစ်ယောက်ကို မြင်တဲ့အခါ သူက လောဘတက်လာပြီး သူတို့ကို သူ့ရဲ့ ကိုယ်ပိုင် အလောင်းကောင် ရုပ်သေးတွေအဖြစ် ဖန်တီးချင်ခဲ့တယ်..."
"သူတို့နှစ်ယောက်က အသေအလဲ ပြန်လည်တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးမှာတော့ အဲ့ဒီလူကို သတ်နိုင်ခဲ့တယ်... ဒါပေမဲ့ အဲ့ဒီလူက အလောင်းကောင် အဆိပ်မိသွားပြီး အမျိုးသမီးရဲ့ဒန်တျန်က ဒဏ်ရာရကာ သွေးကြောတွေအားလုံး ပြတ်တောက်သွားခဲ့တယ်..."
"ဒါ့အပြင် အလောင်းကောင်တစ်ထောင် ဂိုဏ်းက အဆင့် ၅ ကျင့်ကြံခြင်း ဂိုဏ်းတစ်ခုလေ... သူတို့ရဲ့ အကြီးအကဲ အသတ်ခံလိုက်ရတော့ သဘာဝကျကျပဲ သူတို့က လိုက်လံရှာဖွေပြီး တိုက်ခိုက်တော့မှာပေါ့..."
"လအတော်ကြာ ထွက်ပြေးပြီးတဲ့နောက် သူတို့နှစ်ယောက် နောက်ဆုံးတော့ ချင့်လင်မြို့ကို ရောက်လာပြီး အဲ့ဒီမှာ အခြေချခဲ့ကြတယ်..."
"ဒါပေမဲ့ ကိစ္စက အဲ့ဒီမှာတင် မဆုံးသွားဘူး... အဲ့ဒီလူရဲ့ ကျင့်ကြံမှုက အလောင်းကောင် အဆိပ်ရဲ့ သက်ရောက်မှုကြောင့် ဆက်တိုက်ဆိုသလို ဆုတ်ယုတ်လာခဲ့တယ်..."
"သူ့ရဲ့ ရုပ်သွင်က လုံးလုံးလျားလျား ပြောင်းလဲသွားတယ်... တစ်ကိုယ်လုံးမှာ အမွေးအမျှင်တွေ ဖုံးလွှမ်းနေပြီး မုတ်ဆိတ်မွေးတွေ အပြည့်နဲ့ အရင်ကနဲ့ လုံးဝကို မတူတော့ဘူး..."
"သူမရဲ့ ကလေးကို မွေးဖွားပြီးတဲ့နောက် အမျိုးသမီးက ဆက်ပြီး မတောင့်ခံနိုင်တော့ဘဲ သေဆုံးသွားခဲ့တယ်..."
"မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆယ်စုနှစ်တစ်ခုကျော် ကြာသွားခဲ့ပြီ... အလောင်းကောင်အဆိပ်က အဲ့ဒီလူရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီဖြစ်လို့ သူ့အတွက် အချိန်သိပ်မကျန်တော့ဘူး..."
"ကောင်လေးကျိုး... ငါ မင်းကို ဒါတွေ ပြောပြနေတာက ငါ့အတွက် နေ့ရက်တွေ ရေတွက်လို့ရနေပြီဆိုတာကို မင်း သိစေချင်လို့ပါ..."
"ဒီကာလအတွင်း ငါ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို ကြိုးစားခဲ့ပြီး နောက်ဆုံးမှာ နဂါးတောင်နယ်မြေကို တိုက်ရိုက်ရောက်နိုင်တဲ့ အဝေးပို့မန္တန်တစ်ခုကို တည်ဆောက်နိုင်ခဲ့တယ်..."
"ဒါကြောင့် ဒီနေ့ ငါ ယွင်ရှို့ကို မင်းဆီ အပ်တာပါ... သူမရဲ့ တစ်သက်တာလုံးအတွက် မင်း သူမကို သေသေချာချာ စောင့်ရှောက်ပေးမယ်လို့ မင်း ငါ့ကို ကတိပေးနိုင်မလား..."
ဤစကားများကို ပြောပြီးနောက် သားသတ်သမားသည် မျက်ရည်များ ကျဆင်းနေပြီဖြစ်ပြီး သူ၏မျက်နှာပေါ်တွင် နာကျင်နေသော အမူအရာတစ်ခု ပေါ်လွင်နေပေ၏။ ဤအရာများသည် သူ၏စိတ်ထဲတွင် အချိန်အတော်ကြာ ကိန်းအောင်းနေခဲ့သည်မှာ ထင်ရှားလှပေသည်။
ကျိုးယွမ်က သားသတ်သမားကို ကြည့်လိုက်ရာ တစ်ဖက်လူကို ဝန်းရံနေသော အထူးအရှိန်အဝါ တစ်ခုရှိနေကြောင်း သတိပြုမိလိုက်၏။ ၎င်းမှာ သေချာပေါက် ဖုတ်ကောင်၏ အရှိန်အဝါပင် ဖြစ်ပေသည်။
[ဒင်... ဤလူ၏ ခန္ဓာကိုယ်တွင်းအင်္ဂါများကို ဖုတ်ကောင်က ဝင်ရောက်စီးနင်းထားကြောင်း စနစ်က ရှာဖွေတွေ့ရှိထားပါသည်။ ပိုင်ရှင်... ရွေးချယ်ပါ...]
[ရွေးချယ်မှု ၁ - တစ်ဖက်လူ၏ အလောင်းကောင်စွမ်းအင်ကို လုယူပြီး ပိုင်ရှင်အား အလောင်းကောင်စွမ်းအင် ဓားသန္ဓေသားလောင်း ဖန်တီးရာတွင် ကူညီပေးမည်ဖြစ်ကာ ၎င်းသည် အခြေခံတည်ဆောက်ခြင်း မျိုးစေ့ဓားများထဲမှ တစ်ခုနှင့် ပေါင်းစပ်သွားမည်ဖြစ်သည်။ သို့သော် တစ်ဖက်လူသည် အလောင်းကောင်စွမ်းအင်နှင့် ပေါင်းစပ်နေပြီဖြစ်သဖြင့် ၎င်းတို့ကို အလောင်းကောင်စွမ်းအင်မှ ခွဲထုတ်လိုက်ပါက သေချာပေါက် သေဆုံးသွားမည် ဖြစ်သည်။]
[ရွေးချယ်မှု ၂ - သူ့ကို ဒီအတိုင်းထားလိုက်ပါ...
သို့သော် တစ်ဖက်လူက အလောင်းကောင်စွမ်းအင်ကို လွှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့၏ ကျင့်ကြံမှုအဆင့်သည် ရွှေအမြုတေအဆင့် နှောင်းပိုင်းနှင့် ညီမျှသော သို့မဟုတ် ၎င်းထက်ပင် ပိုမိုအားကောင်းသော အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ သို့သော် ထို့နောက်တွင် သူတို့၏ စိတ်ပိုင်းဆိုင်ရာ ပျောက်ကွယ်သွားပြီး အလောင်းကောင် ရုပ်သေးများ ဖြစ်လာကာ နောက်ဆုံးတွင် အသတ်ခံရသည်အထိ ဖြစ်သွားမည်ဖြစ်သည်။]
[ရွေးချယ်မှု ၃ - တစ်ဖက်လူ အလောင်းကောင် ရုပ်သေးအဖြစ် ပြောင်းလဲသွားခြင်းကို နှောင့်နှေးစေရန်အတွက် ၎င်းတို့၏ အလောင်းကောင်စွမ်းအင် တစ်စိတ်တစ်ပိုင်းကို လုယူပါ... သို့သော် သူတို့၏ ကျင့်ကြံမှုအဆင့် လျော့ကျသွားမည်ဖြစ်သည်။]
စနစ်၏အသံကို ကြားချိန်တွင် ကျိုးယွမ် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ စနစ်ပင်လျှင် သားသတ်သမား၏ ပြဿနာကို မဖြေရှင်းနိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ အလောင်းကောင်စွမ်းအင်သည် သားသတ်သမားနှင့် လုံးလုံးလျားလျား ပေါင်းစပ်သွားပြီဖြစ်ပုံရပေသည်။
ဤရွေးချယ်စရာ သုံးခုထဲမှ တစ်ခုကို ရွေးချယ်ရန် မဖြစ်နိုင်သော်လည်း သားသတ်သမားသည် သုံးခုလုံးကို ရွေးချယ်ရန် သဘောတူမည် မဟုတ်ဟု ကျိုးယွမ် ထင်မြင်မိပေ၏။