← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃) နဂါးတောင် နယ်မြေ ၏ အလှဆုံး မိန်းမပျို ၅ ဦး

ပန်းရွှမ်မြို့သည် နာမည်ကြီး ကျင့်ကြံခြင်း မိသားစု အများအပြားရှိသော မြို့ကြီး တစ်မြို့ဖြစ်ပြီး တစ်ခုစီတိုင်းတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးစီ ကြီးကြပ်နေကြသည်။

ထို့ကြောင့် ဤနေရာရှိ အုပ်ချုပ်မှုမှာ ပေါ့ရော့သည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ အလွန်တရာ တင်းကျပ်လှပေသည်။

ကျိုးယွမ်၏ ဝိညာဉ်စွမ်းအင်က မြို့တံခါးကို စကင်ဖတ်ကြည့်လိုက်ရာ ချီသန့်စင်ခြင်း အဆင့်တစ် အစောင့်လေးဦးနှင့် ချီသန့်စင်ခြင်း အဆင့်ငါး အစောင့်တစ်ဦး ရှိကြောင်း တွေ့ရှိရသည်။

သူတို့လေးဦး မြို့ထဲသို့ ဝင်လာပြီးနောက် ချင်မင်က ချက်ချင်း တက်ကြွလာပြီး ပြုံးကာ ကျိုးယွမ်ကို ပြောလိုက်သည်။

"အစ်ကို ကျိုး... ကျွန်တော် သွားပြီး သတင်းအချက်အလက်တချို့ စုဆောင်းလိုက်ဦးမယ်..."

သွက်လက်တက်ကြွသော သူတစ်ဦးဖြစ်သည့် ချင်မင်သည် ကျိုးယွမ် ၏ အဖြေကိုပင် မစောင့်တော့ဘဲ အဝေးသို့ ပြေးထွက်သွားလေ၏။

ချင်မင်နှင့် ယှဉ်ပါက ချင်ယဲ့ မှာ အများကြီး ပိုမို တိတ်ဆိတ်ငြိမ်သက်ပေသည်။

သို့သော် ချင်ယဲ့မှာ ဟန်ဆောင်နေခြင်း ဖြစ်ကြောင်း ကျိုးယွမ်က တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

သူမ၏ မျက်လုံးများက ဟိုဟိုဒီဒီ လိုက်ကြည့်နေပြီး သူမ၏ အတွင်းစိတ် ရုန်းကန်မှုများနှင့် သွားချင်စိတ်များကို ဖော်ပြနေသဖြင့် ကျိုးယွမ်ကို ရယ်ချင်စိတ် ဖြစ်ပေါ်စေလေသည်။

ချင်မင်က အလွန် လျင်မြန်စွာ ပြန်ရောက်လာ၏။

"အစ်ကိုကျိုး... အစ်ကို့ကို လုံးလုံးလျားလျား အံ့အားသင့်သွားစေမယ့် သတင်းတချို့ ကျွန်တော် ကြားခဲ့ရတယ်... မနက်ဖြန် မွန်းတည့်ချိန်မှာ နတ်ဆိုး ကောင်းကင်ဂိုဏ်းက ပန်းရွှမ်မြို့ မှာ တပည့်တွေ စုဆောင်းတော့မယ်တဲ့..."

ချင်မင်က ရတနာတစ်ခုကို ပြသသကဲ့သို့ ကျိုးယွမ်ကို လာပြောပြရာ သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များကို မဖုံးကွယ်နိုင်တော့ချေ။

ဤစကားကို ကြားချိန်တွင် ကျိုးယွမ်က အံ့အားသင့်သွား၏။ နတ်ဆိုး ကောင်းကင်ဂိုဏ်း အကြောင်း သူ ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။

နဂါးတောင် နယ်မြေ ရှိ အဆင့် ၅ ကျင့်ကြံခြင်း ဂိုဏ်း လေးခုမှာ လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမ၊ တောက်ပသောလမင်း ခန်းမ၊ လန်ယွဲ့ ဂိုဏ်း နှင့် နတ်ဆိုး ကောင်းကင် ဂိုဏ်း တို့ ဖြစ်ကြပေသည်။

သူတို့အနက် နတ်ဆိုး ကောင်းကင် ဂိုဏ်း သည် အစွမ်းအထက်ဆုံး ဖြစ်သည်မှာ သေချာပြီး အစွမ်းထက်သော အခြေတည်စိတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူ နှစ်ဦးက ကြီးကြပ်နေလေ၏။

ဤကာလအတွင်း ကျိုးယွမ်သည် အဓိက အဆင့် ၅ ကျင့်ကြံခြင်း ဂိုဏ်း လေးခု အကြောင်းကို လေ့လာခဲ့ပေသည်။

နတ်ဆိုး ကောင်းကင် ဂိုဏ်း ၏ အမည်တွင် "နတ်ဆိုး" ဟူသော စကားလုံး ပါဝင်သော်လည်း ၎င်းသည် အမှန်တကယ် မကောင်းဆိုးဝါး ဂိုဏ်းတစ်ခု မဟုတ်ချေ။ ဤ ဂိုဏ်း ၏ လုပ်ဆောင်ပုံ နည်းလမ်းများမှာ အခြားသော ဂိုဏ်း အများအပြားနှင့် ကွဲပြားနေခြင်းသာ ဖြစ်၏။

ကျိုးယွမ်က ပြုံးကာ ချင်မင်ကို ပြောဆိုလိုက်သည်။

"မဆိုးဘူး... ဒီသတင်းက အတော်လေး တန်ဖိုးရှိတယ်... မနက်ဖြန် ငါတို့ သွားပြီး ပျော်ပွဲရွှင်ပွဲထဲ ပါဝင်လို့ ရတာပေါ့..."

ဤစကားကို ကြားချိန်တွင် ချင်မင်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ နှုတ်ခမ်းထက်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာကာ ကောက်ကျစ်စွာ မေးလိုက်သည်။

"အစ်ကိုကျိုး... ကျွန်တော်တို့ နဂါးတောင် နယ်မြေ ရဲ့ အလှဆုံး မိန်းမပျို စာရင်း အကြောင်း အစ်ကို ကြားဖူးလား..."

ဤစကားကို ကြားချိန်တွင် ကျိုးယွမ်က အံ့အားသင့်သွား၏။ သူ အမှန်တကယ်ပင် ယခင်က မကြားဖူးခဲ့ချေ။

ပိုင်ယွင်ရှို့ နှင့် ချင်ယဲ့တို့သည်လည်း ချင်မင် ကို စပ်စုလိုစိတ်ဖြင့် ကြည့်လိုက်ကြသည်။ သူတို့သည်လည်း ဤကိစ္စကို အလွန်တရာ သိချင်နေကြပေ၏။

ပိုင်ယွင်ရှို့သည် သူမ၏ ရုပ်သွင်နှင့် ပတ်သက်၍ အတော်လေး ယုံကြည်မှု ရှိလေသည်။

သူတို့သုံးဦးစလုံး သူ့ကို ကြည့်နေကြသည်ကို မြင်ချိန်တွင် ချင်မင်၏ စိတ်ဓာတ်များ ချက်ချင်း တက်ကြွသွားပြီး အလျင်အမြန် ပြောဆိုလိုက်၏။

"ပိုင်ရှီ ခန်းမက မကြာသေးခင်ကမှ နဂါးတောင် နယ်မြေ ရဲ့ အလှဆုံး မိန်းမပျို ၅ ဦး စာရင်းတစ်ခု ပြုစုခဲ့တယ်... အဲ့ဒါက နဂါးတောင်နယ်မြေတစ်ခုလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့တယ်..."

"ပဉ္စမမြောက် နေရာမှာ ရှိတဲ့သူက လန်ယွဲ့ဂိုဏ်း က သူတော်စင်မလေး ကျီဖေးရွှယ် ပါ... သူမက အလွန်တရာ လှပတယ်... သူမက လန်ယွဲ့ ဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ရဲ့ တပည့်ရင်း ဖြစ်ပြီး ဒီနှစ်မှ အသက် ၃၈ နှစ်ပဲ ရှိပါသေးတယ်... သူမက အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ပိုင်းအဆင့် ကျင့်ကြံမှုကို ရရှိထားပြီး အသက် ၃၀ အတွင်းမှာ သေချာပေါက် ရွှေအမြုတေအဆင့်ကို ရောက်ရှိမှာပါ..."

ကျိုးယွမ် နှင့် ပိုင်ယွင်ရှို့တို့ ချင်မင် ၏ စကားကြောင့် အံ့အားသင့်သွားကြပြီးနောက် သူ၏ မိတ်ဆက်စကားကို မဖြတ်ဘဲ အချင်းချင်း ကြည့်လိုက်ကြလေသည်။

"စတုတ္ထ နေရာမှာ ရှိတဲ့သူက လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမ က လာတာပါ... အဲ့ဒါက လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမ မဟာအကြီးအကဲရဲ့ တပည့်ရင်း မိုလီ ပါ... သူမက ထင်ရှားတဲ့ မျက်နှာပေါက်နဲ့ တောက်ပတဲ့ အပြုံးလေးရှိပြီး အရမ်း လှပပါတယ်... သူမက ဒီနှစ်မှာ အသက် ၃၉ နှစ် ရှိပြီဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ပိုင်းအဆင့် ကျင့်ကြံမှု ရှိပါတယ်..."

"တတိယ နေရာမှာ ရှိတဲ့သူက ဓားတစ်သောင်း ဂိုဏ်းက လာတာပါ... ဂိုဏ်းချုပ် ရဲ့ သမီးဖြစ်ပြီး နာမည်က ဇောင်ကျောင်း ပါ... သူမကို ဇောင်မိသားစု ရဲ့ 'လှပပြီး ချစ်စရာကောင်းတဲ့' သမီးလေး လို့ တင်စားကြတယ်... သူမက ဒီနှစ်မှာ အသက် ၃၆ နှစ် ရှိပြီဖြစ်ပြီး အလယ်အလတ်အဆင့် ကျင့်ကြံမှု ရှိပါတယ်..."

"ဒုတိယနေရာမှာ ရှိတဲ့သူက တောက်ပသောလမင်း ခန်းမ က သူတော်စင်မလေး ရင်းယွဲ့ဟန် ပါ... လကိုတောင် ရှက်သွားစေပြီး ပန်းတွေကိုတောင် ပုန်းကွယ်သွားစေလောက်အောင် လှပတဲ့ မိန်းမပျိုလေးပါ... သူမက ဒီနှစ်မှာ အသက် ၃၇ နှစ် ရှိပြီဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ပိုင်းအဆင့် ကျင့်ကြံမှု ရှိပါတယ်..."

ချင်မင်သည် လူလေးဦးကို ဆက်တိုက် မိတ်ဆက်ပေးလိုက်ရာ သူ၏ မျက်နှာပေါ်တွင် အားကျမှုများ ပြည့်နှက်နေပေ၏။

"အစ်ကို... နောက်ဆုံး တစ်ယောက်က ဘယ်သူလဲ..."

ချင်ယဲ့က သူမ၏ တည်ငြိမ်မှုကို ပထမဆုံး ဆုံးရှုံးသွားပြီး တိုက်ရိုက် မေးလိုက်သည်။

ချင်ယဲ့၏ စကားကို ကြားချိန်တွင် ချင်မင် တခစ်ခစ် ရယ်မောလိုက်ပြီး ပြောဆိုလိုက်သည်။

"နောက်ဆုံး တစ်ယောက်ကတော့ သဘာဝကျကျပဲ နတ်ဆိုး ကောင်းကင်ဂိုဏ်းက လာတာပါ... သူမ နာမည်က လန်ချင်းရွှယ် ဖြစ်ပြီး သူမကိုယ်သူမ စုန်းမလေးလို့ ခေါ်တယ်... သူမရဲ့ အစစ်အမှန် မျက်နှာကို ဘယ်သူမှ မမြင်ဖူးဘူး... ဘယ်သူမှ မမြင်နိုင်အောင် မျက်နှာဖုံး တစ်ခု တပ်ထားတယ်..."

"သူမက အသက် ၃၆ နှစ် ရှိပြီဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ပိုင်းအဆင့် ကျင့်ကြံမှု ရှိတဲ့အတွက် လူတိုင်းထဲမှာ ပါရမီ အကောင်းဆုံး လူတစ်ယောက်ပါ..."

ကျိုးယွမ်သည် ပေါ့ပေါ့ပါးပါးသာ နားထောင်နေခဲ့သော်လည်း ချင်မင် ၏ စကားကို ကြားချိန်တွင် သူ အမှန်တကယ် စိတ်ဝင်စားသွားခဲ့လေ၏။

ကျိုးယွမ်က မနေနိုင်ဘဲ ရယ်မောကာ မေးလိုက်သည်။

"ပိုင်ရှီခန်းမက ပထမ လူလေးယောက် အကြောင်းကို မှတ်ချက်ပေးခဲ့တယ်ဆိုတော့ ဘာလို့ နောက်ဆုံး တစ်ယောက် အကြောင်းကိုကျတော့ မှတ်ချက်မပေးတာလဲ..."

ကျိုးယွမ်၏ စကားကို ကြားချိန်တွင် ချင်မင်သည် ကျိုးယွမ် ကို လက်မထောင်ပြလိုက်ပြီး ပြုံးကာ ပြောဆိုလိုက်၏။

"အစ်ကိုကျိုး ရဲ့ မျက်လုံးတွေက တကယ် ထက်မြက်တာပဲ... ချက်ချင်းပဲ ကွာခြားချက်ကို သတိထားမိသွားတယ်..."

"ကျွမ်းကျင်သူ တွေက မှတ်ချက်မပေးချင်လို့ မဟုတ်ဘူး... မှတ်ချက်ပေးလို့ မရတာ... ဘာလို့လဲဆိုတော့ သူမရဲ့ အစစ်အမှန် မျက်နှာကို ဘယ်သူမှ မမြင်ဖူးလို့ပဲ..."

"သူမရဲ့ မျက်နှာဖုံးကို သူမ ဆန္ဒအလျောက် ချွတ်ပေးဖို့ လုပ်နိုင်တဲ့ အမျိုးသားက သူမရဲ့ အနာဂတ် ခင်ပွန်း ဖြစ်လာမယ်လို့ လန်ချင်းရွှယ်က ကြေညာခဲ့ဖူးတယ်... ဒါပေမဲ့ အခုအချိန်အထိ ဘယ်သူမှ မအောင်မြင်သေးဘူးလေ..."

ထိုစဉ် ချင်ယဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပြောဆိုလိုက်၏။

"လန်ချင်းရွှယ်က အစ်မ ယွင်ရှို့ထက် ပိုလှနိုင်မယ်လို့ ငါ မယုံဘူး..."

ဤစကားကို ကြားချိန်တွင် ပိုင်ယွင်ရှို့၏ မျက်နှာလက အနည်းငယ် နီရဲသွားပြီးနောက် ကျိုးယွမ်က်ု ကြည့်လိုက်လေသည်။

ကျိုးယွမ်က ပြုံးကာ ပြောဆိုလိုက်၏။

“ငါ့ နှလုံးသားထဲမှာတော့ ယွင်ရှို့ က သဘာဝကျကျပဲ အလှဆုံးပါ..."

ကျိုးယွမ် စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် ပိုင်ယွင်ရှို့ ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု လင်းလက်သွားပြီး သူမ၏ မျက်လုံးများ တောက်ပနေသဖြင့် ချင်မင်ကိုပင် မှင်တက်သွားစေလေ၏။

ချင်မင်က သူ၏ အကြည့်ကို မလိုလားစွာဖြင့် ပြန်ရုပ်သိမ်းလိုက်သည်။ ပိုင်ယွင်ရှို့ ကဲ့သို့ ပြိုင်ဘက်ကင်း အလှတရား ရှိသော အမျိုးသမီးတစ်ဦးမှာ သူ တပ်မက်နိုင်သော သူမျိုး မဟုတ်ကြောင်း သူ၏ ရင်ထဲ၌ သိထားပေ၏။

ချင်ယဲ့သည် ပိုင်ယွင်ရှို့ ကို အားကျသော အမူအရာဖြင့် ကြည့်နေလေသည်။

ချင်ယဲ့သည် သူမကိုယ်သူမ လှသည်ဟု ထင်ထားခဲ့သော်လည်း ပိုင်ယွင်ရှို့ နှင့် ယှဉ်ပါက အများကြီး နိမ့်ကျနေသည်။

ထို့နောက် ချင်မင်က ပြုံးကာ ပြောဆိုလိုက်သည်။

"အစ်ကို ကျိုး... တကယ်တော့ နဂါးတောင် နယ်မြေ ရဲ့ အစစ်အမှန် နံပါတ်တစ် အလှပန်းက အဲ့ဒီ ငါးယောက်ထဲက တစ်ယောက်မှ မဟုတ်ဘူး... လုံးလုံးလျားလျား တခြား တစ်ယောက်ပါ..."

ကျိုးယွမ် သည် ချင်မင်ကို စိုက်ကြည့်လိုက်ပြီးနောက် ရယ်မောကာ ပြောဆိုလိုက်၏။

"မင်း ဆိုလိုချင်တာကို တိုက်ရိုက် ပြောပါ... အမြဲတမ်း စကားကို တစ်ဝက်တစ်ပျက် ချန်မထားပါနဲ့..."

ချင်မင်က တခစ်ခစ် ရယ်မောလိုက်ပြီးနောက် သူတို့ကို မည်သူမျှ သတိမထားမိကြောင်း သေချာစေရန် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးမှ တိုးတိုးလေး ပြောလိုက်သည်။

"အစ်ကို ကျိုး... နဂါးတောင် နယ်မြေ ရဲ့ နံပါတ်တစ်အလှပန်းက လန်ယွဲ့ ဂိုဏ်းက ဂိုဏ်းချုပ် ကတော်ပါ... ဒါပေမဲ့ သူမက လွန်ခဲ့တဲ့ ဆယ့်ကိုးနှစ်က ပျောက်ဆုံးသွားခဲ့တယ်..."

ချင်မင် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ကျိုးယွမ် နှင့် ပိုင်ယွင်ရှို့တို့က သူ့ကို ထက်မြက်သော ဓားများကဲ့သို့ စိုက်ကြည့်နေကြောင်း ခံစားလိုက်ရသဖြင့် သူ၏ အမူအရာ ချက်ချင်း တင်းမာသွားလေ၏။

ကံကောင်းထောက်မစွာဖြင့် ကျိုးယွမ် နှင့် ပိုင်ယွင်ရှို့တို့ အလျင်အမြန် မျက်နှာလွှဲသွားကြသော်လည်း သူတို့၏ ရင်ထဲ၌မူ ကသောင်းကနင်း ဖြစ်နေပေသည်။

ဤအခိုက်အတန့်တွင် ကျိုးယွမ်သည် သားသတ်သမားဟေးကို အနည်းငယ် ပိုမို နားလည်နိုင်သွားလေသည်။

အမှန်တကယ်တော့ ပိုင်ယွင်ရှို့၏ ရုပ်သွင်ကို ကြည့်ခြင်းအားဖြင့် သူမ၏ မိခင်မှာ အလွန်တရာ လှပမည်ဖြစ်ကြောင်း ကောက်ချက်ချနိုင်ပေသည်။

ယခု ချင်မင်၏ စကားများကလည်း ဤအချက်ကို အတည်ပြုနေပေသည်။

ကျိုးယွမ်က ရယ်မောကာ ပြောဆိုလိုက်၏။

"ချင်မင်... မင်း ဒီကိစ္စအတွက် အချိန်အများကြီး ပေးထားပုံရတယ်နော်..."

ချင်မင်က အနေရခက်စွာ ရယ်မောလိုက်ပြီးနောက် ပြုံးကာ ပြောဆိုလိုက်သည်။

"အစ်ကို ကျိုး... ဒါက ကျွန်တော့်ရဲ့ ဝါသနာ တွေထဲက တစ်ခုပါ... ပြီးတော့ ဒီအကြောင်းတွေ အကုန်လုံးနီးပါးကို အကုန်သိအကုန်တက် ဂိုဏ်းဆီကနေ သိလာရတာပါ..."

"အကုန်သိအကုန်တက် ဂိုဏ်းကို အထင်မသေးပါနဲ့... နဂါးတောင် နယ်မြေမှာ အဲ့ဒီဂိုဏ်းက သိပ်မစွမ်းထက်ပေမယ့် သတင်းအချက်အလက် စုဆောင်းတဲ့ နေရာမှာတော့ သူတို့က သေချာပေါက် ကျွမ်းကျင်သူတွေပါ..."

ကျိုးယွမ်က ခေါင်းညိတ်လိုက်ပြီး ဤ အကုန်သိအကုန်တက် ဂိုဏ်းကို သူ အထင်သေးမိခဲ့ကြောင်း သဘောပေါက်သွားလေ၏။

ထို့နောက် သူတို့လေးဦးသည် နောက်တစ်နေ့ အထိ စောင့်ရန် ပန်းရွှမ်မြို့တွင် တည်းခိုခန်း တစ်ခု ရှာဖွေခဲ့ကြသည်။ နတ်ဆိုး ကောင်းကင် ဂိုဏ်း က တပည့်တွေကို ဘယ်လိုများ စုဆောင်းမလဲ ဆိုတာကို သူတို့ ကြည့်ချင်နေကြပေသည်။

ထိုညမှာပင် ပန်းရွှမ်မြို့တွင် သတင်းတစ်ခု ပေါက်ကွဲထွက်လာလေ၏။

“နတ်ဆိုး ကောင်းကင် ဂိုဏ်းက စုန်းမလေး လန်ချင်းရွှယ် မနက်ဖြန် ပန်းရွှမ်မြို့ကို ရောက်လာလိမ့်မယ်..."

အခန်း (၅၄) နတ်ဆိုး ကောင်းကင် ဂိုဏ်းမှ ထန်ကျင်း နှင့် လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမ မှ နျိုချင်းလိုင်

ပန်းရွှမ်မြို့ ၏ ရင်ပြင်မှာ လူများဖြင့် ပြည့်ကျပ်နေပေ၏။

ကျိုးယွမ် နှင့် သူ၏ အဖော်သုံးဦးတို့သည် လူအုပ်ထဲတွင် တိတ်ဆိတ်စွာ ရပ်ကာ စောင့်ဆိုင်းနေကြသည်။

ကျိုးယွမ် ၏ စိတ်ဝိညာဉ်အာရုံက ရင်ပြင်ရှိ လူပေါင်း ၁၀၀,၀၀၀ ကျော်ကို တစ်ချက် ကြည့်လိုက်ရာ သူ တိတ်တဆိတ် အံ့အားသင့်သွားသည်။ နတ်ဆိုး ကောင်းကင် ဂိုဏ်း ၏ တပည့် တွေ စုဆောင်းမှုက ဤမျှ လူအများအပြားကို ဆွဲဆောင်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

အကယ်၍ နတ်ဆိုး ကောင်းကင် ဂိုဏ်းက ပါရမီ ကောင်းသော တပည့် အားလုံးကို ရွေးချယ်သွားပါက လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမ မှာ ဘာမှကျန်တော့မည် မဟုတ်ချေ။

"သူတို့ လာပြီဟေ့..."

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်ရာ လူတိုင်း အပေါ်သို့ မော့ကြည့်လိုက်ကြ၏။

အထက် ကောင်းကင်ယံတွင် ပျံသန်းရေး သင်္ဘော တစ်စီး အဝေးမှ ပျံသန်းလာပြီး ၎င်း၏ အရှေ့ဘက်တွင် 'နတ်ဆိုး' ဟူသော အက္ခရာကြီး တစ်လုံးကို ထွင်းထုထားလေသည်။

ပျံသန်းရေး သင်္ဘော၏ အောက်တွင် ခန္ဓာကိုယ် တောင့်တင်းသော အမျိုးသား လေးဦးက ၎င်းကို ထမ်းထားပြီး ရင်ပြင်ဆီသို့ လျင်မြန်စွာ ပျံသန်းလာကြသည်။

ဤသည်ကို မြင်ချိန်တွင် ကျိုးယွမ်၏ မျက်လုံးများ အရောင်လက်သွားလေသည်။ ဤ ဝင်ရောက်လာပုံမှာ မိစ္ဆာ ဂိုဏ်း ၏ ဟန်ပန် အနည်းငယ် ပါဝင်နေပြီး ခမ်းနားထည်ဝါမှုကို အမြင့်ဆုံး အဆင့်သို့ မြှင့်တင်ထားခြင်း ပင်ဖြစ်သည်။

ထို့အပြင် ဤ ခွန်အားကြီးမားသော အမျိုးသား လေးဦးထံမှ သွေးချီလှုပ်ရှားမှုမှာ အလွန်တရာ ပြင်းထန်ပြီး သူတို့၏ ကျင့်ကြံမှုအဆင့်များမှာ အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ရှိသော်လည်း မည်မျှမြင့်မားသည်ကို အတိအကျ မသိနိုင်ကြောင်း ကျိုးယွမ် အာရုံခံမိလေ၏။

ပျံသန်းရေး သင်္ဘောပေါ်တွင် ပုံရိပ် အနည်းငယ် ရှိနေပြီး ခေါင်းဆောင်ဖြစ်သူမှာ ငွေရောင် မျက်နှာဖုံးနှင့် အနီရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦး ဖြစ်သည်။

သူမ၏ မျက်နှာကို လုံးလုံးလျားလျား ဖုံးကွယ်ထားသော်လည်း သူမထံမှ ပြိုင်ဘက်ကင်းသော အလှတရား၏ အရှိန်အဝါ တစ်ခု ထွက်ပေါ်နေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ပျံသန်းရေး သင်္ဘောသည် ရင်ပြင်အထက်တွင် ရပ်တန့်သွားပြီးနောက် အနီရောင် ဝတ်ရုံနှင့် အမျိုးသမီး အပါအဝင် ပုံရိပ် လေးခုသည် သင်္ဘောပေါ်မှ အောက်သို့ ဆင်းသက်လာကြလေသည်။

ဤအခိုက်အတန့်တွင် ရင်ပြင်ရှိ လူတိုင်း အသက်အောင့်ထားကာ ကောင်းကင်မှ ဆင်းသက်လာသော ပုံရိပ် လေးခုကို စောင့်ကြည့်နေကြ၏။ လူအများစု၏ အာရုံစိုက်မှုမှာ အနီရောင် ဝတ်ရုံနှင့် အမျိုးသမီးထံသို့ ရောက်ရှိနေပေသည်။

"ဒါက စုန်းမလေး လန်ချင်းရွှယ် လား... သူမရဲ့ မျက်နှာကို မမြင်ရပေမယ့် သူမက ငါ့ရဲ့ စိတ်ဝိညာဉ်ကို လုံးလုံးလျားလျား ဖမ်းစားထားနိုင်ပြီပဲ..."

"ငါတို့ အရှေ့ပိုင်း ကောင်းကင် နယ်မြေ ရဲ့ အလှဆုံး မိန်းမပျို ငါးဦးထဲမှာ အလှဆုံး အမျိုးသမီး ပီပီပဲ... အကယ်၍ သူမသာ ငါ့ရဲ့ တာအိုလက်တွဲဖော် ဖြစ်လာမယ်ဆိုရင် ငါ ဆယ်နှစ်ပဲ အသက်ရှင်ရမယ် ဆိုရင်တောင် ဆန္ဒရှိပါတယ်..."

"အိပ်မက်မမက်ပါနဲ့... သူမရဲ့ မျက်နှာဖုံးကို သူမ ဆန္ဒအလျောက် ချွတ်ပေးအောင် လုပ်နိုင်တဲ့ စွမ်းရည် မင်းဆီမှာ ရှိဖို့ လိုတယ်..."

ပတ်ဝန်းကျင်ရှိ လူများက သူမအကြောင်း ပြောဆိုနေကြပြီး သူတို့ထဲမှ အများအပြား၏ မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာများ ရှိနေကြသည်။

ကျိုးယွမ် သည် ထိုလူလေးဦးကို ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်များက အနီရောင် ဝတ်ရုံနှင့် အမျိုးသမီး၏ အနောက်ရှိ အမျိုးသမီး တစ်ဦးထံသို့ ရောက်သွားလေသည်။

ဤအမျိုးသမီးထံမှ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ထွက်ပေါ်နေကြောင်း သူ အာရုံခံမိ၏။ ဤဖိအားမှာ ချင့်လင်မြို့ တွင် သူကြုံတွေ့ခဲ့ရသော အလောင်းကောင်တစ်ထောင် ဂိုဏ်းမှ အခြေတည်စိတ်ဝိညာဉ်အဆင့် မိစ္ဆာအိုကြီး ထံမှ ဖိအားမျိုးနှင့် ဆင်တူပေသည်။

ဆိုလိုသည်မှာ ဤအမျိုးသမီးသည် အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ကြောင်း ရှင်းလင်းလှသည်။

အမျိုးသမီး၏ အနောက်တွင် အသက် လေးဆယ်ခန့် အရွယ်ရှိ လူလတ်ပိုင်း အမျိုးသား နှစ်ဦး ရှိနေသည်။

ဤနှစ်ဦးမှာ ရွှေအမြုတေအဆင့် စစ်မှန်သော ကျင့်ကြံသူ များ ဖြစ်ရမည်ဟု ကျိုးယွမ် ချက်ချင်း ကောက်ချက်ချလိုက်၏။ ဤသို့သော ဖိနှိပ်နိုင်သည့် အရှိန်အဝါ မျိုးကို သူ အသိဆုံး ဖြစ်လေသည်။

အနီရောင် ဝတ်ရုံနှင့် အမျိုးသမီးကိုမူ ကျိုးယွမ်က တစ်ချက်သာ ကြည့်လိုက်၏။ သူမ၏ မျက်နှာကို ရှင်းလင်းစွာ မမြင်ရဘဲ ခန္ဓာကိုယ် ကောက်ကြောင်းကိုသာ ကြည့်ရသည်မှာ သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းချေ။

အကယ်၍ ရုပ်မချောပါက ခန္ဓာကိုယ် အချိုးအစား ဘယ်လောက်ပဲ လှလှ အချည်းနှီးသာ ဖြစ်သည်ဟု ကျိုးယွမ် ယုံကြည်ထားလေသည်။

ငါက ရုပ်ရည်ကို အဓိကထားတဲ့ ကောင်...။ဒါကြောင့် ရယ်စရာတွေ လာမလုပ်နဲ့...။

အမျိုးသမီးသည် သူမ၏ရှေ့ရှိ လူပေါင်း ၁၀၀,၀၀၀ ကျော်ကို ကြည့်ကာ ပြုံးလိုက်ပြီးနောက် ပြောဆိုလိုက်သည်။

"လူကြီးမင်းတို့... ကျွန်မက နတ်ဆိုး ကောင်းကင် ဂိုဏ်း က ဆဋ္ဌမမြောက် အကြီးအကဲ ထန်ကျင်း ပါ... ဒီနေ့ ပန်းရွှမ်မြို့မှာ တပည့် တွေ စုဆောင်းမယ့် ကိစ္စကို ကျွန်မ တာဝန်ယူပါမယ်..."

"ကျွန်မဘေးက လူကတော့ ကျွန်မတို့ နတ်ဆိုး ကောင်းကင်ဂိုဏ်း ရဲ့ သူတော်စင်မလေး ပါ... သူမက အပျိုစင်ဖြစ်နေတုန်းပါပဲ... တစ်ယောက်ယောက်က သူမရဲ့ မျက်နှာဖုံးကို ချွတ်ပေးနိုင်ဖို့ ကျွန်မ တကယ် မျှော်လင့်ပါတယ်..."

ထန်ကျင်း၏ စကားကြောင့် ဆူညံပွက်လောရိုက်သွားလေသည်။ နတ်ဆိုး ကောင်းကင် ဂိုဏ်း ၏ ဤ အကြီးအကဲက ဤသို့သော စကားမျိုး ပြောလိမ့်မည်ဟု သူတို့ လုံးလုံးလျားလျား မထင်ထားခဲ့ကြချေ။

ကျိုးယွမ်လည်း စကားမပြောနိုင်ဖြစ်သွား၏။

"မြှူဆွယ်တဲ့ စကားနဲ့ စတာက သင့်တော်ရဲ့လား... ငါတို့က ပေါ့ပေါ့ဆဆ နေတတ်တဲ့သူတွေ မဟုတ်ဘူးနော်..."

ကျိုးယွမ်က စိတ်ထဲမှ အကြိမ်အနည်းငယ် ညည်းညူလိုက်သော်လည်း ဤတစ်ကြိမ်တွင် နတ်ဆိုး ကောင်းကင် ဂိုဏ်း က တပည့် သစ်များ စုဆောင်းခြင်းကို အလွန်တရာ အလေးအနက်ထားကြောင်း သူ ခံစားလိုက်ရလေ၏။

"စီနီယာ ထန်... ဒီတစ်ကြိမ် နတ်ဆိုး ကောင်းကင် ဂိုဏ်း က တပည့် တွေ စုဆောင်းတဲ့ နေရာမှာ ဘယ်လို သတ်မှတ်ချက်တွေ ရှိလဲ ခင်ဗျာ..."

ထိုစဉ် လူအုပ်ထဲမှ တစ်စုံတစ်ယောက်က အော်ဟစ်မေးမြန်းလိုက်သည်။

ထန်ကျင်း အပြုံးဖျော့ဖျော့လေး ပြုံးလိုက်ပြီးနောက် ပြောဆိုလိုက်သည်။

"ဝိဉာဉ်သွေးကြောလေးခု ရှိတဲ့သူတွေက ကျွန်မတို့ နတ်ဆိုး ကောင်းကင် ဂိုဏ်း ရဲ့ အလုပ်ကြမ်းတပည့် တွေ ဖြစ်နိုင်ပါတယ်... ဝိဉာဉ်သွေးကြော သုံးခု ရှိတဲ့သူတွေက အပြင်စည်း တပည့် ဖြစ်နိုင်ပြီး... ဝိဉာဉ်သွေးကြော နှစ်ခု ရှိတဲ့သူတွေက အတွင်းစည်း တပည့် ဖြစ်နိုင်ပါတယ်... ဝိဉာဉ်သွေးကြော တစ်ခုတည်း သို့မဟုတ် အထူး ဝိဉာဉ်သွေးကြော ရှိတဲ့သူတွေကတော့ ကျွန်မတို့ နတ်ဆိုး ကောင်းကင် ဂိုဏ်း ရဲ့ တပည့်ရင်း တွေ ဖြစ်နိုင်ပြီး အကြီးအကဲ တွေရဲ့ တိုက်ရိုက် သင်ကြားမှုကို ခံယူခွင့် ရမှာပါ..."

ထန်ကျင်း စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လူအုပ်ထဲမှ ညည်းတွားသံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။ သူတို့ထဲမှ ၉၉ ရာခိုင်နှုန်းကျော်မှာ ရောနှော ဝိဉာဉ်သွေးကြော များ သို့မဟုတ် ဝိဉာဉ်သွေးကြော ငါးခု ရှိသူများ ဖြစ်ကြသည်။

ဤသို့သော ဝိဉာဉ်သွေးကြော မျိုး ရှိသူတစ်ဦးအတွက် အခြေခံတည်ဆောက်ခြင်းအဆင့် သို့ ရောက်ရှိနိုင်ခြင်းကပင် ကြီးမားလှသော ကောင်းချီးမင်္ဂလာ တစ်ခု ဖြစ်ပေ၏။ လူအများအပြားသည် သူတို့၏ တစ်သက်တာလုံး အချိန်ယူရလျှင်တောင် ချီသန့်စင်ခြင်း အဆင့်သုံး သို့မဟုတ် လေးခန့်သာ ရောက်ရှိနိုင်ကြသည်။

နတ်ဆိုး ကောင်းကင် ဂိုဏ်း ကဲ့သို့သော အဆင့် ၅ ကျင့်ကြံခြင်း ဂိုဏ်း တစ်ခုအတွက် သူတို့သည် အလုပ်ကြမ်းတပည့် တစ်ယောက် ဖြစ်ရန်ပင် အရည်အချင်း မပြည့်မီကြချေ။

"နတ်ဆိုး ကောင်းကင် ဂိုဏ်း... မင်းတို့ အရမ်း လွန်သွားပြီ..."

ထိုစဉ် အဝေးမှ အသံတစ်သံ ထွက်ပေါ်လာပြီး ပန်းရွှမ်မြို့ တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားလေ၏။

အသံကြောင့် လူတိုင်း အံ့အားသင့်သွားကြပြီး ကောင်းကင်သို့ အလျင်အမြန် မော့ကြည့်လိုက်ကြသည်။

ကောင်းကင်ယံမှ ဓားကြီးတစ်လက် ပန်းရွှမ်မြို့ ဆီသို့ လျင်မြန်စွာ ပျံသန်းလာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ရင်ပြင်အထက်သို့ ရောက်ရှိလာသည်။

ထို့နောက် ဓားကြီး ပျောက်ကွယ်သွားပြီး ပုံရိပ် သုံးခု ကောင်းကင်မှ ဆင်းသက်လာကာ ခေါင်းဆောင်ဖြစ်သူမှာ အသက် ခြောက်ဆယ်ခန့် အရွယ်ရှိ တာအိုကျင့်ကြံသူအိုကြီးတစ်ပါး ဖြစ်ပေသည်။

ကျိုးယွမ် သည် တာအိုကျင့်ကြံသူအိုကြီးကို တစ်ချက်ကြည့်လိုက်ပြီး ဤသူမှာ နတ်ဆိုး ကောင်းကင် ဂိုဏ်း မှ ထန်ကျင်း ကဲ့သို့ပင် အခြေတည်စိတ်ဝိညာဉ်အဆင့် စစ်မှန်သော ကျင့်ကြံသူ တစ်ဦး ဖြစ်ကြောင်း ချက်ချင်း ကောက်ချက်ချလိုက်၏။

အကယ်၍ ကျိုးယွမ် မှန်းတာ မမှားပါက ဤသူမှာ လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမ မှ ဖြစ်ရမည်။

"ဘယ်သူလဲလို့... နျိုချင်းလိုင် အဘိုးကြီး ပါလား... နသ်တို့ လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမ က ဝင်ခွင့် စာမေးပွဲအတွက် နေရာ ယူထားတယ် မဟုတ်လား... ဒီကို ဘာလို့ ပြေးလာတာလဲ..."

ထန်ကျင်းက အဘိုးအိုကို ကြည့်ကာ ပြုံးပြီး ပြောဆိုလိုက်၏။

နျိုချင်းလိုင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် သူ၏ မျက်နှာမှာ အေးစက်သွားကာ ပြောဆိုလိုက်သည်။

"ထန်ကျင်း... ဒီနေရာက နဂါးတောင် နယ်မြေ ရဲ့ အရှေ့ပိုင်းပဲ... မင်းတို့ နတ်ဆိုး ကောင်းကင် ဂိုဏ်း က မြောက်ပိုင်း တစ်ခုလုံးကို ပိုင်ဆိုင်ထားတာတောင်မှ ငါတို့ အရှေ့ပိုင်းကို လာပြီး တပည့် တွေ လာလုချင်နေတာလား... အဲ့ဒါ လွန်လွန်းတယ်လို့ မထင်ဘူးလား..."

နျိုချင်းလိုင် ၏ စကားကို ကြားချိန်တွင် ထန်ကျင်း သည် မည်သည့် ဒေါသမျှ မထွက်ခဲ့ချေ။ ထို့အစား သူမက ရယ်မောကာ ပြောဆိုလိုက်၏။

"တာအိုကျင့်ကြံသူအိုကြီး... ရှင်ကများ ကျွန်မကို ဒီလိုပြောရဲသေးတယ်ပေါ့..."

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရှင့်ရဲ့ လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမ က ကျွန်မတို့ မြောက်ပိုင်းကနေ တပည့် တွေ လာလုသွားတာကိုကျတော့ ဘာလို့ မပြောတာလဲ..."

"အကယ်၍ ကျွန်မတို့ ဂိုဏ်းချုပ် က ရှင့်ကို မျက်နှာသာ မပေးခဲ့ရင် ကျွန်မတို့ နတ်ဆိုး ကောင်းကင် ဂိုဏ်း ရဲ့ ဘိုးဘေး က ရှင့်ရဲ့ လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမ ဆီ တိုက်ရိုက် သွားပြီး လူတွေကို ပြန်တောင်းမှာပဲ..."

"ဒီနှစ် အရှေ့ပိုင်းကနေလည်း တပည့် တစ်သုတ် လာစုဆောင်းရမယ်လို့ ကျွန်မတို့ ဂိုဏ်းချုပ် က ပြောတယ်... အကယ်၍ ရှင် ကန့်ကွက်စရာ ရှိရင် ကျွန်မတို့ ဘိုးဘေး က ရှင့်ဆီ ကိုယ်တိုင် လာပါလိမ့်မယ်..."

ထန်ကျင်း ၏ စကားကို ကြားချိန်တွင် နျိုချင်းလိုင် ၏ နှာခေါင်း ပွစိပွစိ ဖြစ်သွားလုနီးပါး ဖြစ်သွားသော်လည်း တစ်ချိန်တည်းမှာပင် သူ၏ မျက်နှာပေါ်တွင် အပြစ်ရှိသည့် အရိပ်အယောင် အနည်းငယ်ကိုပါ တွေ့ရလေ၏။

လွန်ခဲ့သော နှစ်အနည်းငယ်က လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမ သည် မြောက်ပိုင်းတွင် ဓား ပါရမီရှင် နှစ်ဦးကို တွေ့ရှိခဲ့ပြီး လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမ သို့ တိုက်ရိုက် ခေါ်ဆောင်လာခဲ့သည်။ သူတို့သည် မည်သူမျှ မသိဘဲ လွတ်မြောက်သွားပြီဟု ထင်ခဲ့ကြသော်လည်း နတ်ဆိုး ကောင်းကင် ဂိုဏ်း က အရာအားလုံးကို သိထားပြီး ဖြစ်နေ၏။ ဤအချက်က နျိုချင်းလိုင် ၏ မူလ အရှိန်အဝါ ကို ချက်ချင်း ကျဆင်းသွားစေလေသည်။

အောက်ဘက်တွင် ရပ်နေကြသော ကျိုးယွမ် နှင့် အခြားသူများ ဘာဖြစ်နေသည်ကို ချက်ချင်း နားလည်သွားကြသည်။ ဤတစ်ကြိမ် နတ်ဆိုး ကောင်းကင် ဂိုဏ်း ၏ ပန်းရွှမ်မြို့ တွင် တပည့် တွေ စုဆောင်းခြင်းမှာ လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမ ကို လက်စားချေခြင်း တစ်မျိုး ဖြစ်ကြောင်း သိသာလှပေသည်။

ဤအချက်က ကျိုးယွမ် ၏ စိတ်ဝင်စားမှုကို ချက်ချင်း မြင့်တက်သွားစေလေ၏။ ဤအခြေအနေကို သူတို့ မည်သို့ ကိုင်တွယ်မည်ကို သူ ကြည့်ရှုလိုပေသည်။

"အကြီးအကဲ ထန်... ငါတို့က လူနှစ်ယောက်ပဲ ခေါ်လာခဲ့တာပါ... မင်းက ဒီတစ်ခေါက် ပန်းရွှမ်မြို့ တစ်ခုလုံးကို သိမ်းကျုံးယူချင်နေတာလား... အဲ့ဒါက လွန်လွန်းပါတယ်..."

နျိုချင်းလိုင် တွင် ယုံကြည်မှု ကင်းမဲ့နေသဖြင့် သူ၏ စကားများမှာ သဘာဝကျကျပင် ပြတ်သားမှု မရှိတော့ချေ။

ထန်ကျင်းသည် နျိုချင်းလိုင် ကို ပြုံးစိစိဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ပြုံးကာ ပြောဆိုလိုက်၏။

"တာအိုအဘိုးကြီး... ဒါဆို ရှင် ဘယ်လို အစီအစဉ်ဆွဲချင်လဲ..."

နျိုချင်းလိုင် သည် ရင်ပြင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အဝေးရှိ မျဉ်းတစ်ကြောင်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

"အဲ့ဒီ မျဉ်းကို နယ်နိမိတ် အဖြစ် သတ်မှတ်လိုက်ကြရအောင်... ဘယ်ဘက်ခြမ်းက မင်းတို့ရဲ့ နတ်ဆိုး ကောင်းကင် ဂိုဏ်း ပိုင်ပြီး၊ ညာဘက်ခြမ်းက ငါတို့ရဲ့ လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမ ပိုင်တယ်... ဘယ်လိုလဲ..."

နျိုချင်းလိုင် ၏ အစီအစဉ်မှာ မျဉ်း၏ တစ်ဖက်တစ်ချက်စီရှိ လူဦးရေမှာ အကြမ်းဖျင်း တူညီနေသဖြင့် အတော်လေး တရားမျှတလှပေသည်။

All Chapters