အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
အခန်း ၁၁၃: ကျွန်မ စီနီယာအစ်ကိုကို ကျင့်ကြံတဲ့နေရာမှာ ကူညီပေးဖို့ လာတောင်းဆိုတာပါ...
"စိတ်ဝိညာဉ်နယ်မြေ...."
နင်ဖူယောင်မှာ အနည်းငယ် ကြောင်အမ်းသွားပြီး ထိတ်လန့်မှုအရိပ်အယောင်တစ်ခုက သူမ၏ မျက်လုံးများတွင် တောက်ပသွားခဲ့သည်။
ထျန်းဟန်မျိုးနွယ်စုကများ ဖြစ်နေသလော...
မဖြစ်နိုင်ချေ။
ထိုကိစ္စသည် မည်သို့မျှ မဖြစ်နိုင်ပေ။
ထျန်းဟန်မျိုးနွယ်စုမှ လူများက မည်သည်ကြောင့် ထျန်းရွှမ်နိုင်ငံသို့ ရောက်သွားနိုင်မည်နည်း...
ထုယိုယိုပင်လျှင် ဤစကားကြောင့် သူမ၏ အာရုံစိုက်မှုကို ချက်ချင်းဖမ်းစားခံလိုက်ရပြီး သူမ၏မီးခိုးပြာရောင် မျက်လုံးများတွင် အံ့အားသင့်မှုနှင့်သိချင်စိတ်များ ထင်ဟပ်နေကာ မြင့်မြတ်အရှင် ရွှမ်ကျိကို ကြည့်လိုက်သည်။
စိတ်ဝိညာဉ်နယ်မြေသည် သူမတို့အတွက် စိမ်းသက်မနေချေ။ သူမတို့၏ မျိုးနွယ်စုများ အတွင်း၌ဖြစ်စေ ရှေးဟောင်းမှတ်တမ်းများတွင်ဖြစ်စေ သူမတို့ ကြားဖူးခဲ့ကြသည်။ နင်ဖူယောင်သည် စိတ်ဝိညာဉ်နယ်မြေ၏ ထျန်းဟန်မျိုးနွယ်စုနှင့် စေ့စပ်ထားသော်လည်း စိတ်ဝိညာဉ်နယ်မြေမှ မည်သူ့ကိုမျှ သူမကိုယ်တိုင် မျက်မြင် မတွေ့ဖူးခဲ့ချေ။ အမျိုးသမီးနှစ်ဦး၏အမြင်အရ ထိုနေရာသည် သက်ရှိအားလုံးကို အထက်စီးမှ ကြည့်ရှုနိုင်သော မြင့်မားပြီး မွန်မြတ်သည့် နေရာတစ်ခု အမြဲတစေ ဖြစ်နေခဲ့သည်။
လျှိုရူယန် တစ်ဦးတည်းသာ သူမ၏ အစားအစာထဲတွင် ခေါင်းကို ဆက်မြှုပ်ထားပြီး သူမ၏ စိတ်ကို အလွန်အမင်း အာရုံစိုက်ကာ နားထောင်နေသော်လည်း သူမ၏အမူအရာ တည်ငြိမ်နေခဲ့သည်။
စူးချန်ကဲသည် စကားမပြောခဲ့ချေ။ လျှိုရူယန်ကို တစ်ချက်ကြည့်ပြီးနောက် သူက ကျန်းရွှမ်ကျိကို ကြည့်ကာ ဆက်ပြောရန် အချက်ပြသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
"ဒီသတင်းကို အတည်မပြုရသေးပါဘူး... ဒါပေမဲ့ သတင်းရဲ့စစ်မှန်မှုကိုတော့ သိပ်မယုံရဘူးလို့ ငါ ထင်တယ်... အဲ့ဒါက ငါတို့ကို စိတ်ရှုပ်ထွေးသွားအောင် ထျန်းရွှမ်နိုင်ငံက တမင်တကာ ဖြန့်လိုက်တဲ့သတင်း ဖြစ်နိုင်တယ်... တကယ်လို့ စိတ်ဝိညာဉ်နယ်မြေက တစ်ယောက်ယောက်က ဒီအောက်ဘုံကို လာမယ်ဆိုရင် သူတို့က ထျန်းဟန်မျိုးနွယ်စုကို သေချာပေါက် ဖြတ်သွားရမှာ... ဒါပေမဲ့ တာအိုရောင်းရင်း စန်းလင်းကို ငါ မေးကြည့်တော့ မြောက်ပိုင်းဒေသမှာ ဘာလှုပ်ရှားမှုမှ မရှိဘူး..."
ကျန်းရွှမ်ကျိက အမှန်အတိုင်း ပြောလိုက်ကာ သူ၏ အကြည့်က လျှိုရူယန်ကို မလွှဲမရှောင်သာ နောက်တစ်ကြိမ် ကြည့်မိသွားပြီး သူ၏ နှလုံးသားတွင် လွန်ကဲသော အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
"စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် အလယ်အလတ်အဆင့်...."
"တပည့် မှတ်တမ်းတွေကို ငါ ကြည့်တုန်းက သူက သွေးသန့်စင်ခြင်းနယ်ပယ်မှာပဲ ရှိသေးတာကို ငါ မှတ်မိတယ်..."
"တစ်လပဲ ရှိသေးတာကို..."
"စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်နေတဲ့ ဆယ့်ခြောက်နှစ်သမီးလား"
"နင်ဖူယောင်ကိုပါ ထည့်တွက်မယ်ဆိုရင် ဒီနဝမတောင်ထိပ်မှာ ပါရမီရှင် အမျိုးသမီးနှစ်ယောက်တောင် ရှိနေပြီ... ဒီထုယိုယိုတစ်ယောက်ပဲ ပုံမှန်လို့ ပြောလို့ရတယ်... ချောက်ကမ်းပါးမဲ့အဖိုးအိုက ကောင်းကင်က ပေးသနားတဲ့ ဒီအမျိုးသမီးတွေ အများကြီးကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ..."
သူသည် စူးချန်ကဲကို ထည့်မတွက်ခဲ့ချေ။ အကြောင်းအရင်းမှာ သူ၏စိတ်နှလုံးသားထဲတွင် စူးချန်ကဲသည် ပါရမီရှင်ဆိုသော စကားလုံး၏အဓိပ္ပာယ်ကို ကျော်လွန်သွားပြီဖြစ်သောကြောင့်ပင်။
ယခုအချိန်၌ ကျန်းရွှမ်ကျိက ချောင်ကမ်းပါးမဲ့အဖိုးအိုသည် ပို၍ပို၍လျှို့ဝှက်ဆန်းကြယ်လာသည်ဟု ခံစားလာရသည်။ ဂိုဏ်းခေါင်းဆောင်သည် တခြားသူများ၏ဆန့်ကျင်မှုများကြား၌ပင် ချောင်ကမ်းပါးမဲ့အဖိုးအိုကို အကြီးမားဆုံး အခွင့်အရေးမျာပေးရန် အားထုတ်ခဲ့သည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။
"ဟူး...."
ဤစကားကို ကြားသောအခါ ထုယိုယိုက ချက်ချင်းသက်ပြင်းချလိုက်ပြီး ပျင်းရိသော အမူအရာဖြင့် ပြောလိုက်သည်။
"ကျွန်မက အရမ်းကို မျှော်လင့်နေတာ... စိတ်ဝိညာဉ်နယ်မြေက တစ်ယောက်ယောက် တကယ်ကြီး ရောက်လာတယ်လို့ ထင်နေတာ...."
နင်ဖူယောင်က သူမကို တံတောင်ဖြင့်တွတ်ကာ တီးတိုးပြောဆိုလိုက်၏။
"ဂိုဏ်းတူဦးလေးကို မရိုင်းစိုင်းနဲ့လေ....."
ဤစကားများက ကျန်းရွှမ်ကျိကို ချက်ချင်းအနည်းငယ် အနေရခက်စွာ ပြုံးသွားစေခဲ့ပြီး သူက အလျင်အမြန် ရှင်းပြလိုက်သည်။
"ငါက မိုးကြိုးတာအိုကို ကျင့်ကြံတာဆိုတော့ ငါ့ရဲ့အလုပ်လုပ်ပုံက မြန်ဆန်ပြီး ပြတ်သားတယ်လေ... အဲ့ဒါက နည်းနည်း အကျင့်ပါနေလို့ပါ..."
ထိုအချိန်မှာပင်....
လျှိုရူယန်သည် သူမ၏ ပန်းကန်လုံးနှင့်တူကို ချကာ ဖြည်းညှင်းစွာ မတ်တတ်ရပ်ပြီး ပြောလိုက်သည်။
"ကျွန်မ စားလို့ ပြီးပါပြီ... စီနီယာအစ်ကို... ဂိုဏ်းတူဦးလေးရွှမ်ကျိ ... ကျွန်မကို အရင်သွားခွင့်ပြုပါအုံး..."
ထိုစကားကို ပြောဆိုပြီးနောက် သူမက သူမ၏ အခန်းဆီသို့ ဦးတည်သွားခဲ့သည်။
ကျန်းရွှမ်ကျိ၏သတင်းကြောင့် သူမ နောက်တစ်ကြိမ် စိတ်မွန်းကြပ်သွားခဲ့သည်။ သူမ၏စွမ်းအားကို တတ်နိုင်သမျှ အမြန်ဆုံး မြှင့်တင်ရမည်ဖြစ်ပြီး သူတို့ ရောက်မလာမီ ထိုက်ချင်ဂိုဏ်းမှ ထွက်ခွာသွားရပေမည်။
"ဒုတိယစီနီယာအစ်မက ငါတို့နဲ့အတူ ကျင့်ကြံဖို့ အဓိကခန်းမကို ဘာလို့ မသွားတာလဲ..."
နင်ဖူယောင်က မျက်မှောင်အနည်းငယ်ကြုတ်ကာ တီးတိုးပြောလိုက်သည်။
ဤအချိန်၌ ထုယိုယိုကသူမ၏နားထဲသို့ မကျေမနပ်ဖြင့် တီးတိုးပြောဆိုသည်။
"သေချာတာပေါ့.... စီနီယာအစ်ကိုက သူ့ကို အထူးဆက်ဆံရေးတွေ ပေးနေလို့လေ... တတိယ စီနီယာအစ်မ... ကျွန်မ ပြောပြမယ်... မနေ့ညက..."
"အဟမ်း... အဟမ်း... အဟမ်း"
စူးချန်ကဲက ဆက်တိုက်ချောင်းဆိုးလိုက်ပြီးနောက် ထုယိုယိုကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"စားလို့ ပြီးပြီမလား... ပြီးရင်တော့ ငါတို့ ကျင့်ကြံတာကို စလုပ်လို့ ရပြီ"
မနေ့ညက ဒီကောင်မလေးကို ငါ အကြိမ်ကြိမ် သတိပေးပြီး ဒီကိစ္စကို မဖြန့်ဖို့ သဘောတူခဲ့တာ မဟုတ်လား....
နင်ဖူယောင်က ချက်ချင်းမတ်တတ်ထရပ်ကာ လက်ပူးဆုပ်ပြီး ပြောဆိုလိုက်၏။
"ဟုတ်ကဲ့ပါ စီနီယာအစ်ကို"
တစ်ဖက်တွင်မူ ထုယိုယိုက စူးချန်ကဲကို မကျေနပ်မှု အရိပ်အယောင်ဖြင့် ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက 'အစ်ကိုနဲ့ ဒုတိယ စီနီယာအစ်မက မနေ့ညက မကောင်းတာတွေ လုပ်ရဲပြီးတော့ ကျွန်မကိုကျတော့ ပြောခွင့်မပေးရဲဘူးပေါ့' ဟု ပြောနေသည့်အလား ပင်။
အဆုံးသတ်တွင် သူမသည် နင်ဖူယောင်၏ ခေါ်ဆောင်မှုအောက်၌ အနည်းငယ် တွန့်ဆုတ်စွာဖြင့် ထွက်သွားခဲ့သည်။
အမျိုးသမီးနှစ်ဦး ထွက်ခွာသွားပြီးနောက်...
စူးချန်ကဲကလည်း ဖြည်းညှင်းစွာ မတ်တတ်ထရပ်ပြီး ဝူယာခြံဝင်းထဲမှ အဓိကခန်းမဆီသို့ လျှောက်လှမ်းသွားခဲ့သည်။ ယနေ့တွင် သူသည် အဋ္ဌမဓားကို နင်ဖူယောင် နားလည်သဘောပေါက်ရန်အတွက် သင်ကြားပေးရန် စီစဉ်ထားသည်။ သူ၏နောက်တွင် ကျန်းရွှမ်ကျိက တိတ်ဆိတ်စွာ လိုက်ပါလာပြီး အစမှအဆုံး စကားတစ်ခွန်းမျှ မပြောခဲ့သော်လည်း အကဲခတ်ခြင်းမှတစ်ဆင့် နဝမတောင်ထိပ်မှ စီနီယာအစ်ကိုနှင့် ဂျူနီယာညီမလေးများကြားရှိ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်ကြောင်း သူ မြင်တွေ့နိုင်လေ၏။
နောက်နှစ်ရက်အတွင်း ကိစ္စတော်တော်များများ ဖြစ်ပျက်ခဲ့သည်။
လီချင်းဖုန်းက ရွှီချီကို လွှတ်ပေးလိုက်သည်။ စူးချန်ကဲက သူနှင့် စကားအနည်းငယ် ပြောပြီးနောက် စစ်တုရင်အဖြူရောင်နယ်ရုပ်ကို လီချင်းဖုန်းထံသို့ ပြန်ပေးလိုက်ရာ ရွှီချီသည် အမှန်တရားကို သိသွားပြီး သူ၏ ရင်ဘတ်ကို ထုကာ ခြေဆောင့်ပြီး ကောင်းကင်ကြီးက တရားမမျှတကြောင်း အချိန်အတော်ကြာ အော်ဟစ်နေခဲ့သည်။ နောက်ဆုံးတွင် သူသည် လီချင်းဖုန်း၏ ရိုက်နှက်မှုကို ခံရပြီးနောက် လိမ္မာသွားခဲ့လေ၏။
ဖော်ပြရန် ထိုက်တန်သောအရာမှာ စူးချန်ကဲသည် ရွှီချီ၏ခန္ဓာကိုယ်အတွင်း၌ အလွန်နက်နဲသိမ်မွေ့ပြီး ဖြောင့်မတ်သော အရှိန်အဝါတစ်ခုကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။ ထင်ယောင်ထင်မှား ဖျက်ဆီးခြင်းမျက်လုံးသာ မရှိပါက သူ ထိုအရာကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ချေ။
ဒီကောင်လေးကလည်း သာမန် မဟုတ်ပုံရတယ်...
နောက်ပိုင်းတွင် စူးချန်ကဲက လီချင်းဖုန်း၏ ရည်ရွယ်ချက်ကိုလည်း မြင်တွေ့ခဲ့ရသည်။ သူသည် တစ်ချိန်က လီချင်းဖုန်း၏ အကူအညီကို ရရှိခဲ့ဖူးကြောင်း ထည့်သွင်းစဉ်းစားကာ ထိုအရာသည် များစွာအကျိုးသက်ရောက်မှု မရှိခဲ့သော်လည်း သူသည် ကျေးဇူးကို ကျေးဇူးဖြင့် ပြန်ဆပ်ရန် အမြဲတစေ လက်ကိုင်ထားခဲ့သည်။
ထို့ကြောင့် လီချင်းဖုန်းကိုလည်း သင်ခန်းစာများ တက်ရောက်ရန်နှင့် သူ၏လက်ဖက်ရည်တာအိုကို သင်ကြားရန် နဝမတောင်ထိပ်သို့ လာခွင့်ပြုခဲ့သည်။ စစ်တုရင်တာအိုနှင့် ပတ်သက်၍မူ စူးချန်ကဲသည် ထိုအရာကို သင်ယူရန် ယာယီစိတ်မဝင်စားခဲ့ချေ။
မည်သို့ပင်ဆိုစေကာမူ သူ၏စိတ်ထဲ၌ သတ်ဖြတ်ခြင်းမဟာတာအို၊ အချိန်၏ စွမ်းအား နှင့် ကောင်းကင်ဖြတ်တောက် ဓားဆွဲထုတ်ခြင်း နည်းစနစ်တို့ကို အဆက်မပြတ် တွက်ချက်နေဆဲပင်။
ဤကာလအတွင်း ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်း၏ အကူအညီဖြင့် ကောင်းကင်ဖြတ်တောက် ဓားဆွဲထုတ်ခြင်း နည်းစနစ်မှာ အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေလေပြီ။ ထိုအရာမှာ အလွန်ကြောက်မက်ဖွယ် ကောင်းလှ၏။ စူးမိသားစုတွင်ပင် ဤဓားတာအို နတ်ဘုရားစွမ်းရည်ကို အထွတ်အထိပ်အထိ ကျင့်ကြံနိုင်သူဟူ၍ များစွာမရှိချေ။ သူ၏ ကျင့်ကြံဆင့်နယ်ပယ်မျိုး၌ ရှိနေသူတစ်ဦးဆိုလျှင် ပို၍ပင် မဖြစ်နိုင်ချေ။ အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားပါက ထိုအရာသည် ကောင်းကင်ဘုံများအားလုံးနှင့် ကမ္ဘာအသင်္ချေကို ထိတ်လန့်တုန်လှုပ်သွားစေနိုင်သည်။
လီချင်းဖုန်းသည်လည်း စူးချန်ကဲ၏ဟောပြောခြင်းကို နားထောင်နိုင်ကြောင်း ကြားပြီးနောက် တခြားတောင်ထိပ်သခင်များ ထပ်မံ၍ ငြိမ်မနေနိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် အကြံဉာဏ် လာတောင်းကြ၏။
အစပိုင်းတွင် စူးချန်ကဲက ထိုအရာမှာ အလွန်ဒုက္ခများသည်ဟု ခံစားရပြီး သဘောမတူချင်ခဲ့ချေ။ သို့ရာတွင် ဤတောင်ထိပ်သခင်များ ပေးအပ်သော စေတနာမှာ အလွန်ကောင်းမွန်သဖြင့် နတ်ဘုရားမီးတောက်နယ်ပယ်အတွက် ကျင့်ကြံခြင်းအရင်းအမြစ်များကို သူ စိုးရိမ်ရန် မလိုလောက်အောင် လုံလောက်သွားသည်။ ထို့ပြင် ထုယိုယိုနှင့်နင်ဖူယောင်တို့ကိုလည်း တစ်ဆက်တည်း သင်ကြားပေးနိုင်သဖြင့် သူ့အတွက် ဒုက္ခများစွာ သက်သာစေကြောင်း မြင်တွေ့လိုက်ရသည်။ သို့ရာတွင် ယောင်ရှင်းယဲ့နှင့် သဘောတူညီချက်ကဲ့သို့ပင် သူသည် ပေါ့ပေါ့ပါးပါးသာ သင်ပေးမည်ဖြစ်ပြီး သူတို့ သင်ယူနိုင် မသင်ယူနိုင်မှာ သူတို့၏ ကိုယ်ပိုင်ကံကြမ္မာအပေါ်တွင်သာ မူတည်ပေလိမ့်မည်။
ဤအချိန်မှစ၍....
ထိုက်ချင်ဂိုဏ်းတစ်ခုလုံး၏ပုံစံ ပြောင်းလဲသွားခဲ့သည်။ သူ့ကို သူတော်စင်သားတော်ဟု မခေါ်ကြတော့ဘဲ လူတိုင်းက ဆရာဟု ပြောင်းခေါ်ကြလေ၏။ သူ့ကို တွေ့သောအချိန်၌
သူတို့အားလုံးက တပည့်တစ်ယောက်၏အရိုအသေပေးမှုကို ပြုလုပ်ကြလေသည်။ သူ့တွင် ဟောပြောနိုင်သော တာအို ဘိုးဘေးတစ်ဦး၏အရည်အချင်းရှိကြောင်း လူတိုင်း သိထားကြသည်။
ဤသတင်းကို ကျန်းရွှမ်ကျိက ထိုက်ချင်ဂိုဏ်း အတွင်း၌ တင်းကြပ်စွာ ထိန်းချုပ်ထားပြီး ပြင်ပသို့ မပျံ့နှံ့စေခဲ့ချေ။ အကယ်၍ ထိုသတင်းပျံ့နှံသွားပါက အပြင်လူများ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ပြောနေရန်မလိုဘဲ ထိုအရာက လှုပ်ခတ်မှုတစ်ခုကို သေချာပေါက် ဖြစ်ပေါ်စေပေမည်။
...
ညဉ့်နက်လာခဲ့လေပြီ။
နဝမတောင်ထိပ်၏ အဓိကခန်းမမှ အရင် ပြန်လာသော စူးချန်ကဲသည် သူ၏လက်များကို နောက်ပစ်ကာ ဝူယာခြံဝင်းထဲသို့ လျှောက်လှမ်းဝင်လာခဲ့သည်။ သူ၏ မျက်လုံးများတွင် အဆုံးမရှိသော နဂါးပုံစံများ ကခုန်နေပုံရပြီး မူလဘူတ ဘိုးဘေးနဂါး၏ပုံရိပ်ယောင် ပို၍သိပ်သည်းလာခဲ့သည်။
【ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်း ... သင့်ရဲ့ ဘိုးဘေးနဂါး မဖျက်ဆီးနိုင်သောကျင့်စဉ်က အခြေခံအဆင့်ကို ရောက်လုနီးပါး ဖြစ်နေပါပြီ... ကျေးဇူးပြုပြီး နှစ်ကိုယ်တူ ကျင့်ကြံခြင်း လက်တွဲဖော်တစ်ယောက်ကို ရှာပါ... ဒါမှမဟုတ်ရင် သင့်ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက ဘယ်လောက်ပဲကောင်းကောင်း သင် ဆက်ပြီး လေ့ကျင့်နိုင်မှာ မဟုတ်ဘူး...】
"..."
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
စူးချန်ကဲက နှုတ်ခမ်းမဲ့ကာ မကျေမနပ်ဖြင့် ပြောလိုက်လေသည်။ လွန်ခဲ့သော နှစ်ရက်က သူသည် ဆုလာဘ်ကို ရရှိခဲ့ပြီး မူလက ထိုအရာကို တခဏမျှ ဖယ်ထားရန် ရည်ရွယ်ခဲ့သော်လည်း ဤအရာမှာ အမှန်အားဖြင့် ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်တစ်ခု ဖြစ်နေကြောင်း သူ တွေ့ရှိခဲ့ရသည်။
ထို့ပြင် မူလဘူတနဂါးကိုးကောင်ပုံကြမ်းကို သင်ယူထားပြီး မူလဘူတဘိုးဘေးနဂါး၏ အဆင့်အထိ နားလည်သဘောပေါက်ထားပြီဖြစ်ရာ ထိုအရာကို လေ့ကျင့်ရာတွင် သူသည် ရေထဲမှ ငါးတစ်ကောင်အလား ဖြစ်နေခဲ့သည်။
ရိုးရိုးသားသား ပြောရလျှင် ထိုအရာကို မလေ့ကျင့်ခြင်းက နှမြောစရာ ကောင်းပေလိမ့်မည်။
ဒါပေမဲ့ နှစ်ကိုယ်တူ ကျင့်ကြံခြင်း ဆိုတာက...
နှစ်ကိုယ်တူ ကျင့်ကြံဖို့ လူတစ်ယောက်ကို ငါ ဘယ်ကနေ ရှာရမလဲ။
ငါ့မှာ သန့်ရှင်းမှု အစွဲအလမ်း ရှိတယ်လေ... ဟူး... ဘယ်အမျိုးသမီးကိုမဆို ရှာပြီး နည်းနည်းလေး ဖက်ထားတာမျိုးတောင် ငါ မလုပ်နိုင်ဘူး
ထိုအချိန်မှာပင်....
သူ၏လမ်းကြောင်းကို ပုံရိပ်တစ်ခုက ပိတ်ဆို့ဟန့်တားလိုက်သည်။
ထိုသူမှာ လျှိုရူယန်ပင်။
သူမက မင်ရောင် ဝတ်ရုံရှည်အသစ်တစ်ထည်ကိလဲလှယ်ဝတ်ဆင်ထားပြီး ထိုဝတ်စုံ၏ အနားသားများက ရေလှိုင်းများအလား စီးဆင်းနေပြီး ညနေခင်းလေညှင်းအောက်တွင် အနည်းငယ်လူးလွန့်သည်။
လရောင်က သူမ၏သွယ်လျသော ပခုံးများနှင့် လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်၍ ရနိုင်သော ခါးလေးကို ပုံဖော်ပေးထားသည်။ သူမ၏ မည်းနက်သော ဆံပင်များကို စည်းမထားသဖြင့် ရေတံခွန်တစ်ခုအလား ဖြာကျနေကာ သူမ၏မျက်နှာလေးကို ပို၍ဖြူရော်ပြီး အလွန်အမင်း အေးစက်နေပုံ ပေါက်စေသည်။
သူမ၏ ဖီးနစ်မျက်လုံးများ အနည်းငယ် မြင့်တက်လာချိန်၌ သူမ၏မျက်လုံးများ နက်ရှိုင်းသောနေရာတွင် အေးခဲနေသော ပြတ်သားမှု အရိပ်အယောင်တစ်ခု ရှိနေပုံရသည်။
"ဘာဖြစ်လို့လဲ..."
စူးချန်ကဲက အနည်းငယ် ဇဝေဇဝါဖြစ်စွာဖြင့် ညင်သာစွာ မေးလိုက်၏။ လွန်ခဲ့သော နှစ်ရက်အတွင်း လျှိုရူယန်သည် သင်ခန်းစာများ တက်ရောက်ရန် အဓိကခန်းမသို့ မသွားခဲ့ဘဲ သူကလည်း သူမကို အတင်းအကျပ် မခိုင်းခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ သူမသည် ပြန်လည်ဝင်စားသော ဧကရီ တစ်ပါးပင်။ သူမတွင် ကျင့်ကြံနည်းစနစ်များနှင့်အတွေ့အကြုံများ နှစ်ခုလုံး မလိုချင်မှအဆုံး ရှိနေသည်။
ထို့ပြင် ဤနှစ်ရက်အတွင်း လျှိုရူယန်သည် စူးချန်ကဲကို တမင်သက်သက်ဖြစ်စေ၊ မတော်တဆဖြစ်စေ ရှောင်ဖယ်နေခဲ့သည်။ 'ဖြစ်နိုင်တာက အဲ့ဒီညက ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ဖြစ်လောက်တယ်'ဟု စူးချန်ကဲ တွေးလိုက်သည်။
သူ နားလည်နိုင်ပေ၏။
ဂုဏ်ကျက်သရေရှိသော ဧကရီတစ်ပါးအတွက် အရှက်သိက္ခာ လိုအပ်သည်။
သို့ရာတွင် အမှန်တကယ်ပြောရလျှင် သူ စူးချန်ကဲကသာ နစ်နာသူဟု ထင်ရသည်။ အတင်းအကြပ် အနမ်းခံလိုက်ရသူမှာ သူသာ ဖြစ်သည်ဟု သူ တွေးလိုက်သည်။
လျှိုရူယန်သည် တခဏမျှ တိတ်ဆိတ်သွားပြီးနောက် အသက်ပြင်းပြင်းရှိုက်ကာ သူမ၏လက်ကို ပူးဆုပ်ပြီး ပြောဆိုသည်။
"ကျွန်မ... ကျွန်မက စီနီယာအစ်ကိုကို ကျင့်ကြံတဲ့နေရာမှာ ကူညီပေးဖို့ လာတောင်းဆိုတာပါ..."
အခန်း ၁၁၄:မင်းရဲ့ အခန်းကို သွားရမလား... ငါ့ရဲ့အခန်းကို သွားရမလား
သူမ ဤစကားကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူမ၏ပါးပြင်များ လုံးဝနီရဲသွားခဲ့သည်။
သူမ လက်စားချေနိုင်ရန်အတွက် ပို၍အစွမ်းထက်လာစေရန် စွဲလမ်းမှုနှင့် အလွန်အမင်း ရှက်ရွံ့မှုတို့ကြားတွင် သူမ၏ နှလုံးသား ဒွိဟဖြစ်နေခဲ့သည်။
လွန်ခဲ့သော နှစ်ရက်အတွင်း ဘိုးဘေးဖီးနစ် မသေမျိုးကျင့်စဉ်ကို ကျင့်ကြံခြင်းမှ ရပ်တန့်ရန် သူမ ကြိုးစားခဲ့သည်။ ကောင်းကင်နှင့်မြေကြီး ရတနာများစွာ ရှိနေသော်လည်း သူမသည် နှစ်ရက်အတွင်း ချိုးဖျက်ဝင်ရောက်မှု တစ်ကြိမ်သာ ရရှိခဲ့ပြီး စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် ဆဋ္ဌမအဆင့်သို့ ရောက်ရှိခဲ့လေ၏။ ဤအမြန်နှုန်းမှာ အံ့အားသင့်စရာ ကောင်းနေပြီဖြစ်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော ရန်သူတစ်ဦး ချဉ်းကပ်လာနေပြီဖြစ်ရာ ဖြည်းညှင်းစွာ ကျင့်ကြံရန် သူမ မတတ်နိုင်တော့ချေ။
အကယ်၍ သူမသာ ယခုချိန်၌ အသည်းအသန် ခြေလှမ်းတစ်လှမ်း မလှမ်းပါက သူတို့ ရောက်လာသည်ကို အာရုံခံမိသည်နှင့် တပြိုင်နက် ထိုက်ချင်ဂိုဏ်းမှ ထွက်ခွာသွားရပေမည်။
ထို့ကြောင့်...
နှစ်ရက်တိုင်တိုင် ရူးသွပ်စွာ ရုန်းကန်ပြီးနောက် နောက်ဆုံးတွင် သူမက စူးချန်ကဲကို ရှာရန် သတ္တိမွေးလိုက်သည်။ သူမ ရှုပ်ထွေးမှုထဲသို့ ကျရောက်သွားချိန်၌ သူသာလျှင် သူမကို ကယ်တင်နိုင်ပေမည်။ သူနှင့်အတူ ရှိနေမှသာ လျှိုရူယန်သည် စိတ်အေးသက်သာရာ ရကာ သူနှင့်အတူ တစ်ခုခု အမှန်တကယ် ဖြစ်ခဲ့လျှင်ပင် သူမအနေဖြင့် မည်သည့် ရွံရှာမှု သို့မဟုတ် ဆန့်ကျင်မှုကိုမျှ ခံစားရမည် မဟုတ်ချေ။ ထို့ပြင် သူမသည် မျှော်လင့်ချက် အရိပ်အယောင်တစ်ခုကိုပင် ခံစားရကြောင်း ဝန်ခံရပေလိမ့်မည်။
ဤစိတ်ခံစားမှုက သူမကို အကြိမ်ကြိမ် ပြိုလဲလုနီးပါး ဖြစ်စေခဲ့သည်။
သို့ရာတွင် ယခုအချိန်၌ သူမ၏စွမ်းအားကို လျှင်မြန်စွာမြှင့်တင်ရန်နှင့် ရှင်သန်ရန် မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ရှိနေပြီဖြစ်ရာ ထိုအရာကို သူမ တင်းကြပ်စွာ ဆုပ်ကိုင်ထားရပေမည်။ ထိုသို့မဟုတ်ပါက သူမ၏ ဖခင်အတွက် လက်စားချေခြင်းအကြောင်းကို သူမ မည်သို့ ပြောနိုင်မည်နည်း။
"မင်းကို ကျင့်ကြံတဲ့နေရာမှာ ကူညီပေးဖို့လား..."
စူးချန်ကဲက ထူးဆန်းသော အကြည့်တစ်ခုကို ချက်ချင်းပြသလိုက်ပြီး တစ်စုံတစ်ခုကို အမှတ်မရဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
'ပါရမီရှင်... နင့်ကို ငါ လိုချင်တယ်...'
'အာ... အဲ့ဒါက နည်းနည်းတော့ လွန်သွားပြီ'
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် စူးချန်ကဲက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"အဲ့ဒီ နှစ်ကိုယ်တူ ကျင့်ကြံနည်းစနစ်ကို မင်း ဆက်ပြီးကျင့်ကြံဖို့ စီစဉ်နေတာလား..."
"အင်း..."
လျှိုရူယန်က ခေါင်းညိတ်လိုက်ရာ သူမ၏မျက်နှာ နီရဲနေပြီး သူမ၏သွားများဖြင့် နှုတ်ခမ်းကို ကိုက်ထားခဲ့လေ၏။ သူမ မည်မျှပင် မောက်မာထောင်လွှားခဲ့ပါစေ ဤအချိန်အခိုက်အတန့်တွင် စူးချန်ကဲ၏မျက်လုံးများကို မကြည့်ဝံ့ဘဲ ရှင်းပြ၍မရနိုင်လောက်အောင် စိုးရိမ်နေခဲ့သည်။
'သောက်ကျိုးနည်း... ဧကရီ တစ်ပါး ဖြစ်တဲ့ ငါက သူ ငြင်းမှာကို ဘာလို့ ကြောက်နေတာလဲ...'
'ဧကရီတစ်ပါးဖြစ်တဲ့ ငါက လုံလောက်အောင် မလှလို့လား...'
ဤစကားကို ကြားချိန်၌ စူးချန်ကဲသည် တခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးမြန်းလိုက်၏။
"မင်းရဲ့ အခန်းကို သွားရမလား... ငါ့ရဲ့အခန်းကို သွားရမလား..."
တိုက်ဆိုင်လိုက်တာ... မင်းက ကျင့်ကြံချင်တယ်... ငါကလည်း ကျင့်ကြံချင်နေတာလေ...
မင်းက အဲ့ဒီလို ပြောလာမှတော့ တကယ်လို့ ငါ ထပ်ငြင်းလိုက်ရင် အလှတရားကြောင့် မလှုပ်ယှက်တဲ့ သူတော်စင်တစ်ယောက် တကယ်ကြီး ဖြစ်သွားတော့မှာပေါ့.....
ရိုးရိုးသားသား ပြောရလျှင် လျှိုရူယန်ကို သူ တော်တော်လေး သဘောကျသည်။ အကြောင်းအရင်းကို မေးမည်ဆိုလျှင် ဖြစ်နိုင်သည်မှာ တစ်ခါတစ်ရံတွင် သူမသည် လောကီအရာများနှင့် မသက်ဆိုင်သည့် တည်ငြိမ်မှုမျိုးကို ပိုင်ဆိုင်ထားပြီး သေမျိုးလောကနှင့် ကင်းကွာသည့်အလား ဖြစ်နေသောကြောင့်ပင်။
သေချာသည်မှာ သူမသည် အလွန်အမင်း ချောမောလှပနေခြင်းပင်။
အာ...
ဒါပေမဲ့ ငါ အခုလေးတင် တွေးလိုက်တာတွေက ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ...
အွန်လိုင်းမှာ ချိန်းတွေ့ဖို့ စီစဉ်နေသလို ငါ ဘာလို့ ခံစားနေရတာလဲ... သောက်ကျိုးနည်း...
ဒါက ရှင်းရှင်းလင်းလင်းကို သင့်တော်ပြီး လေးနက်တဲ့ ကျင့်ကြံခြင်း အစီအစဉ် တစ်ခုလေ...
"..."
စူးချန်ကဲ၏ တဲ့တိုးဆန်သော မေးခွန်းကြောင့် လျှိုရူယန်လည်း ကြောင်အမ်းသွားခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူမ၏ ကျောက်စိမ်းအလား နူးညံချောမွတ်သော လက်များဖြင့် သူမ၏ဝတ်စုံကို အလိုအလျောက် ဆုပ်ကိုင်လိုက်၏။ ထို့နောက် သူမ၏သွားများဖြင့် နှုတ်ခမ်းကိုကိုက်ကာ တီးတိုးပြောဆိုလိုက်သည်။
"ဘယ်... ဘယ်အခန်းဖြစ်ဖြစ် ရပါတယ်..."
သောက်ကျိုးနည်း... သူ့ကို ငါ ဘာတွေ ပြောနေတာလဲ... ဒါက ငါရော ဟုတ်သေးရဲ့လား...
ထားလိုက်ပါတော့... အရေးမကြီးပါဘူး... ငါက သေလုနီးပါး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာ... တကယ်လို့ ငါ မရှင်သန်နိုင်ရင် ရှက်စရာ ဘာရှိလို့လဲ... ပြီးတော့ အကယ်၍ ငါ ရှင်သန်ခဲ့ရင်... အင်း... သူက အတင်းအဖျင်း ပြောမယ့် လူစားမျိုးတော့ မဟုတ်ပါဘူး...
"အင်း... အဲ့ဒါဆိုလည်း မင်းရဲ့အခန်းကို သွားကြတာပေါ့... မင်း ရှက်နေတာလား..."
စူးချန်ကဲက ပေါ့ပေါ့ပါးပါး အပြုံးနှင့် ပြောလိုက်သည်။ လျှိုရူယန်၏အသွင်အပြင်ကို မြင်သောအခါ သူ မရယ်ဘဲ မနေနိုင်ခဲ့ချေ။ ဤနူးညံ့ပြီး ရှက်တတ်သော အသွင်အပြင်က သူ့ကို အံ့အားသင့်စေခဲ့သည်။
ဤသည်မှာ လေနှင့်တိမ်များကို အမိန့်ပေးပြီး သက်ရှိများအားလုံးကို အထက်စီးမှ ကြည့်ရှုသော နတ်ဘုရားအင်ပါယာ၏ အေးစက်ပြီး မောက်မာသော ဧကရီ၏ ကိုယ်ဟန်အနေအထားနှင့် မတူညီချေ။
စူးချန်ကဲ၏နှုတ်ခမ်းထောင့်ရှိ အပြုံးကို လျှိုရူယန်က သတိပြုမိသွားသည်။ သူမ၏အမူအရာ ချက်ချင်းသုန်မှုန်သွားပြီး သူမ၏မျက်ခုံးများကြား၌ အထင်သေးမှုအရိပ်အယောင်များ ပြန်လည်၍ ထွက်ပေါ်လာကာ သူမ၏အခန်းဆီသို့ လှည့်ထွက်သွားခဲ့သည်။
"ဟွန့်...."
"သူက ငါ့ကို ရယ်ရဲတယ်ပေါ့...."
"ငါက ဘာလို့ ရှက်ရမှာလဲ"
"ဒါက ကျင့်ကြံရုံသက်သက်ပဲ... ဘာမှမဟုတ်ပါဘူး"
လျှိုရူယန်က တွေးတောလိုက်သည်။
အချိန်တခဏအကြာတွင် အခန်းထဲ၌ ဖယောင်းတိုင်မီးက တောက်ပနေခဲ့သည်။
သူတို့နှစ်ယောက်သား ကုတင်စွန်းတွင် မျက်နှာချင်းဆိုင် ထိုင်လိုက်ချိန်၌ လျှိုရူယန်က လက်လှမ်းမီနိုင်သော အကွာအဝေးအတွင်းရှိ ချောမောပြီး ထူးခြားသော အမျိုးသားကို ကြည့်လိုက်ရာ သူမ၏အသက်ရှူသံ နောက်တစ်ကြိမ် မှားသွားလုနီးပါးပင်။
သူမ၏လက်ချောင်းထိပ်များ အနည်းငယ် တင်းကြပ်သွားပြီး နောက်ဆုံးတွင် သူမ၏စိတ်နှလုံးသားထဲရှိ ထိတ်လန့်တုန်လှုပ်မှုများကို အတင်းအကြပ် ဖိနှိပ်လိုက်၏။
သို့ရာတွင် စူးချန်ကဲသည် တည်ငြိမ်နေပြီး မှိန်ပျပျ ဖယောင်းတိုင်မီးရောင်အောက်တွင် သူမကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။
ဤမျှ နီးကပ်သော အကွာအဝေးတွင် လျှိုရူယန်၏ လောကကြီးကို ကျွမ်းထိုးမှောက်ခုံဖြစ်နိုင်လောက်သော အလှတရားက ဝိုးတဝါး ညှို့ဓာတ်တစ်ခုကို ထပ်လောင်းပေးလိုက်သည်။ သူမ၏ဖီးနစ်မျက်လုံးများထဲရှိ သဘာဝ အထီးကျန်မှုနှင့်အထင်သေးမှုတို့သည် သတိမပြုမိနိုင်သော စိုးရိမ်မှု အရိပ်အယောင်တစ်ခုနှင့် ရောယှက်နေပြီး အမှန်တကယ်ကို ဆွဲဆောင်မှုရှိသော ညှို့ဓာတ်တစ်ခုအား ဖြစ်ပေါ်စေခဲ့သည်။
သူ၏ယခင်ဘဝက သူ မြင်တွေ့ခဲ့ရသော အေအိုင်မှ သေချာစွာ ဖန်တီးထားသည့် ပြီးပြည့်စုံသော မျက်နှာများပင်လျှင် သူ၏ရှေ့မှ မိန်းကလေး၏အလှမှ ဆယ်ပုံတစ်ပုံကိုမျှ မယှဉ်နိုင်ဟု ပြောလျှင် ထိုအရာမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ချေ။
သူ၏ ပွင့်လင်းသော အကြည့်အောက်တွင် လျှိုရူယန်၏နားရွက်များ ပူထူလာခဲ့သော်လည်း လျှို့ဝှက်ပျော်ရွှင်မှုတစ်ခုက သူမ၏စိတ်နှလုံးသားထဲတွင် ရှင်းပြ၍မရနိုင်အောင် တလိမ့်လိမ့်ထလာခဲ့သည်။
ဤမသင့်တော်သော အတွေးများကို ဖယ်ရှားရန် သူမက နှုတ်ခမ်းကို အလျင်အမြန် ကိုက်လိုက်ပြီး တီးတိုးပြောဆိုသည်။
"ဒီကျင့်ကြံခြင်းကိစ္စကို ဘယ်သူ့ကိုမှ ကျွန်မ ပြောမှာ မဟုတ်ပါဘူး... ပြီးတော့ စီနီယာအစ်ကိုကိုလည်း ကျွန်မ တောင်းဆိုပါတယ်..."
"..."
စူးချန်ကဲ၏နှုတ်ခမ်းထောင့်က မသိမသာ တွန့်ကွေးသွားခဲ့သည်။
အဲ့ဒါက ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ... အဲ့ဒါက တကယ်ကို အဲ့ဒီလို ခံစားချက်မျိုး ရှိနေတာပဲ...
ဒါက လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်ချင်းပတ်သက်ပြီး ဘဝထဲကို မဝင်ဘူး... ဟုတ်တယ် မလား...
ဒါပေမဲ့ အဲ့ဒီအကြောင်း ပြောရရင် ဒါက နှစ်ကိုယ်တူကျင့်ကြံနည်းစနစ်တစ်ခု ဖြစ်ပြီးတော့ ရင်းနှီးတဲ့ အထိအတွေ့က မလွှဲမရှောင်သာ ဖြစ်ပေမဲ့ အဲ့ဒီအရာကို သေချာပေါက် လိုအပ်တာ မဟုတ်ဘူးလေ...
"စိတ်အေးအေးထားပြီး ကျင့်ကြံပါ... မင်းရဲ့မျက်လုံးကိုမှိတ် စိတ်ကို အာရုံစိုက်ပြီး ဘိုးဘေး ဖီးနစ် မသေမျိုးကျင့်စဉ်ကို လှည့်ပတ်လိုက်ပါ..."
ထိုစကားနှင့်အတူ စူးချန်ကဲက သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ စုံမှိတ်လိုက်၏။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ကြီးမားကျယ်ပြန့်သော ရှေးဟောင်းနဂါးအရှိန်အဝါက သူ၏ခန္ဓာကိုယ်မှ ပျံ့နှံ့သွားသည်။ ထို့နောက် ကြီးကျယ်ခမ်းနားသော မူလဘူတဘိုးဘေးနဂါး၏ ပုံရိပ်ယောင်တစ်ခုက သူ၏နောက်တွင် စုစည်းကာ ဖြစ်ပေါ်လာခဲ့သည်။
ထိုနဂါးပုံရိပ်ယောင်၏ အကြေးခွံများမှာ သိသာထင်ရှားနေပြီး သူ၏မျက်လုံးများမှ ရွှေရောင် အလင်းတန်းများ ပျံ့လွင့်နေကာ သူ၏ခန္ဓာကိုယ်သည် မူလဘူတခေတ်မှ အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်လာသည့်အလား ဖရိုဖရဲချီများဖြင့် ရစ်ပတ်နေခဲ့သည်။ နဂါးဟိန်းသံ ထွက်ပေါ်မလာသော်လည်း ထိုပုံရိပ်ယောင်က ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို အနည်းငယ် တုန်ခါသွားစေခဲ့သည်။
သို့ရာတွင် သူမကို အံ့အားအသင့်စေဆုံးအရာမှာ...
"သူက ငါ့ရဲ့ ကျင့်ကြံနည်းစနစ်နာမည်ကို ဘယ်လိုလုပ်ပြီး သိနေတာလဲ..."
လျှိုရူယန်၏နှလုံးသား ပြင်းထန်စွာ တုန်ခါသွားပြီး စူးချန်ကဲကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်၏။
သူမကို ပို၍ထိတ်လန့်သွားစေသောအရာမှာ သူ၏နောက်ရှိ နဂါးပုံရိပ်ယောင်မှ ဖြာထွက်နေသော အရှိန်အဝါက သူမ၏သွေးကြော နက်ရှိုင်းရာမှ ဖော်ပြ၍မရနိုင်သော ရင်းနှီးမှုနှင့် တောင့်တမှု ခံစားချက်တစ်ခုကို အမှန်တကယ် ဖြစ်ပေါ်စေခြင်းပင်။
"ဒါက ဘယ်လို နည်းစနစ် မျိုးလဲ... အဲ့ဒါက ဘာလို့ ငါ့ရဲ့ ဘိုးဘေးဖီးနစ်စွမ်းအားနဲ့ တူညီတဲ့ မူလအစလိုမျိုး ပဲ့တင်ထပ်နေရတာလဲ..."
ထိုအရာမှာ အပြည့်အဝ မဖွဲ့စည်းသေးသော ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သော်လည်း လျှိုရူယန်အား သူမ၏ အသေးအမွှား တည်ရှိမှုကို ခံစားရစေပြီး ဤကမ္ဘာကြီး၏ စစ်မှန်သော အုပ်စိုးသူကို မြင်တွေ့နေရသည့်အလားပင်။
သို့ရာတွင် သူမ လေးလေးနက်နက် တွေးတောရန် အချိန်မရခဲ့ချေ။ သူမက သူမ၏အတွေးများကို ချက်ချင်းစုစည်းလိုက်ပြီး သူမ၏နည်းစနစ်ကို အစွမ်းကုန် လှည့်ပတ်လိုက်၏။
နောက်တခဏတွင်...
ကြည်လင်သော ဖီးနစ်ငိုကြွေးသံတစ်ခုက ကောင်းကင်ဘုံကိုးလွှာမှ ထွက်ပေါ်လာသည့်အလားပင်။ လျှိုရူယန်၏နောက်တွင် တောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး လှပကာ ပြိုင်ဘက်ကင်းသော ဘိုးဘေး ဖီးနစ်ပုံရိပ်ယောင်တစ်ခုက တောင်ပံများကို ဖြန့်ကျက်လိုက်သည်။
အရောင်ခုနစ်မျိုးရှိသော အမွှေးအတောင်များပေါ်တွင် မြင့်မြတ်သော မီးတောက်များ စီးဆင်းနေပြီး အမွှေးများ လှုပ်ယမ်းသွားသည်နှင့် ထိုအရာများက ကြယ်အလင်းရောင်များကို ပြန့်ကျဲသွားစေခဲ့သည်။ ထိုအရာမှာ သေမျိုးလောကသို့ ဆင်းသက်လာသော ငှက်အားလုံး၏ဘိုးဘေးအလား မွန်မြတ်ပြီး ကျက်သရေရှိလှသည်။
နဂါးပုံရိပ်ယောင်နှင့် ဖီးနစ်ပုံရိပ်ယောင်တို့က ဟင်းလင်းပြင်တွင် တိတ်ဆိတ်စွာ ပေါင်းဆုံသွားကြသည်။
တိုက်ခတ်မိခြင်း မရှိ၊ ငြင်းပယ်ခြင်း မရှိဘဲ ရေနှင့်နို့ ရောနှောသွားသည့်အလား သဟဇာတဖြစ်မှုတစ်ခုသာ ရှိနေသည်။
နဂါး၏ဟိန်းဟောက်သံနှင့် ဖီးနစ်၏အော်မြည်သံတို့က ရှေးဟောင်းလှုပ်ရှားမှုတစ်ခုအဖြစ် ရောယှက်သွားပေ၏။ ရွှေရောင်အလင်းတန်းနှင့် ခုနစ်ရောင်ခြယ်အလင်းတန်းများက လှည့်ပတ်ပြီး ပျံဝဲနေကာ မူလဘူတဖရိုဖရဲဆန်မှု၏ အဆုံးမရှိသော လျှို့ဝှက်ချက်များနှင့် ယင်နှင့်ယန်တို့၏ သဟဇာတဖြစ်မှုအဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့သည်။
နတ်ဘုရားတောက်ပမှု စွမ်းအားစီးကြောင်းများက နွေဦးမိုးအလား ကျဆင်းလာပြီး သူတို့နှစ်ဦးလုံးကို လွှမ်းခြုံသွားခဲ့သည်။
ဤနဂါးနှင့်ဖီးနစ်စွမ်းအား ပေါင်းစပ်မှု၏ အာဟာရဖြည့်တင်းမှုအောက်တွင် သူတို့၏ ကျင့်ကြံခြင်းအမြန်နှုန်းမှာ ရုတ်တရက် မြင့်တက်သွားပေ၏။
မြင့်မြတ်အရှင်နယ်ပယ် မဟာပြီးပြည့်စုံခြင်းအဆင့်တွင် ရှိနေသော စူးချန်ကဲ၏အရှိန်အဝါက ဤအချိန်အခိုက်အတန့်တွင် အဆင့်ချိုးဖျက်ဝင်ရောက်မှု လက္ခဏာများကို အမှန်တကယ် ပြသနေခဲ့သည်။
လျှိုရူယန်သည်လည်း ထပ်တူထပ်မျှပင်။
သို့ရာတွင် အလွန်လျင်မြန်စွာဖြင့် အသက်စွမ်းအား မြစ်ဖျားခံရာမှ စတင်သော အပူရှိန်နှင့် တုန်လှုပ်မှုတစ်ခုက သူတို့၏နှလုံးသားထဲတွင် တိတ်ဆိတ်စွာ ပျံ့နှံ့သွားသည်။
ဤနေရာရှိ အရှိန်အဝါသည် ပြင်ပသို့ ပေါက်ကြားခြင်း မရှိချေ။ ပြီးခဲ့သည့်တစ်ကြိမ်က သင်ခန်းစာ ရပြီးနောက် စူးချန်ကဲသည် ဤအခန်း၏အရှိန်အဝါကို အစောကြီးကတည်းက သီးသန့်ခွဲထုတ်ထားခဲ့သည်။ ထုယိုယိုကို မဆိုထားနှင့် မြင့်မြတ်အရှင်ရွှမ်ကျိပင်လျှင် ဤနေရာသို့ အချိန်တိုအတွင်း ဝင်ရောက်နိုင်မည် မဟုတ်ချေ။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်နှင့်အမျှ...
စူးချန်ကဲက မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ အခြေခံအုတ်မြစ်ဖြင့် သူသည် အချိန်တိုလေးအတွင်း ဆက်လက်၍ တောင့်ခံထားနိုင်သေးပြီး ဤကျင့်ကြံခြင်းအမြန်နှုန်းက သူ့ကို အမှန်တကယ် အံ့အားသင့်စေခဲ့လေ၏။ သူ စဉ်းစားနေသည်မှာ အကယ်၍ သူသာ ကျင့်ကြံခြင်း အတွေ့အကြုံကို ထည့်သွင်းလိုက်ပါက ပျံသန်းနိုင်လောက်အောင် မြန်ဆန်ခြင်းရှိမရှိဆိုသည်ကိုပင်။
ဤသို့တွေးပြီးနောက် သူက ထိုအရာကို စမ်းသပ်ကြည့်ရန် ဟန်ပြင်ဆင်လိုက်သည်။ မည်သို့ပင်ဆိုစေ အစောပိုင်းက လျှိုရူယန်ထံမှ သူ နွေးထွေးပေးခဲ့ခြင်းမှရသော ခြောက်လစာ ကျင့်ကြံခြင်း အတွေ့အကြုံကို အသုံးမပြုရသေးချေ။
သို့ရာတွင် နောက်တစ်စက္ကန့်တွင်...
ကျောက်စိမ်းအလား ချောမွေ့သော လက်မောင်းတစ်ဖက်က သတိပေးချက်မရှိဘဲ ထွက်လာပြီး စူးချန်ကဲ၏လည်ပင်းကို ညင်သာစွာ ဖက်တွယ်လိုက်၏။
ထိုနွေးထွေးနူးညံ့ပြီး သိမ်မွေ့သော အထိအတွေ့က သူ၏အသားအရေပေါ်သို့ ဖိကပ်လာသည့် အခိုက်အတန့်တွင် စူးချန်ကဲက မျက်မှောင်ကြုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက လက်ကိုမြှောက်ကာ သူမ၏သွယ်လျသော လက်ကောက်ဝတ်ကို တိကျစွာ ဖမ်းဆုပ်လိုက်သည်။