အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
အခန်း ၁၁၉: စူးချုံး... မင်း ငါ့ကို ဆဲတယ်..
ဟင်းလင်းပြင် နတ်ဘုရားသခင်သည် အထိန်းအကွပ်မဲ့စွာ တုန်ရီနေရင်း နေရာတွင်ပင် ဒူးထောက်နေခဲ့သည်။ ထိုအရာမှာ အကြောက်တရား၊ အရှက်ရမှုနှင့် ကြောက်မက်ဖွယ်ကောင်းသော ဒေါသများပင် ဖြစ်ပြီး သူ၏ ရင်ဘတ်မှ ပေါက်ကွဲထွက်လာတော့မည့် အသက်ရှူကြပ်စေသော ဖိအားကို သူ အတင်းအကြပ် ဖိနှိပ်ထားရသည်။
ကိုယ်ပွား တစ်ခုတည်း...
ကိုယ်ပွား တစ်ခုတည်းက ဟင်းလင်းပြင် နတ်ဘုရားမျိုးနွယ်စု၏ ထိပ်သီးပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သော သူ့ကို ထိတ်လန့်တကြား ထွက်ပြေးစေခဲ့သည်။
နှစ်တစ်သောင်းတိုင်တိုင် သူ အပြင်းအထန် ကျင့်ကြံခဲ့ရသော အရာများအားလုံး အလဟဿ ဖြစ်သွားခဲ့လေပြီ။
အကယ်၍ စူးချုံး၏ စစ်မှန်သော ခန္ဓာကိုယ်သာ ထွက်ပေါ်လာခဲ့လျှင် ထိုမြင်ကွင်းကို စိတ်ကူးကြည့်ရန်ပင် သူ့ထံတွင် သတ္တိရှိမည် မဟုတ်ချေ။
ဤသည်မှာ ကမ္ဘာအသင်္ချေ၏ သမိုင်းတလျှောက် အစွမ်းထက်ဆုံး ဧကရာဇ် နယ်ပယ် ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်သော မဟာဧကရာဇ်စူးပင်။
ဤအခိုက်အတန့်တွင် မြင့်မြတ်နတ်ဘုရားအရှင် တစ်ပါးပင်လျှင် စူးချုံးကို မည်သည်ကြောင့် သတိထားရသနည်း...
စူးချုံး၏တည်ရှိမှုကြောင့် နတ်ဘုရား ဖော်ထုတ်ခြင်းစစ်ပွဲ မတိုင်မီ နှစ်ဖက်လုံးမှ 'ကိုယ့်ကိုယ်ကိုယ် ဖြတ်တောက်ပြီး တာအိုကို လင်းထိန်စေခြင်း' နယ်ပယ်အထက်ရှိ မည်သည့် ကျင့်ကြံသူမှ လှုပ်ရှားခွင့် မရှိကြောင်း ရှက်စရာကောင်းသည့် သဘောတူညီချက် တစ်ခုကို အဘယ်ကြောင့် ပြုလုပ်ခဲ့ရသနည်း ဆိုသည်ကို သူ နောက်ဆုံး၌ နားလည်သွားခဲ့သည်။
သူ မည်မျှကြာကြာ ဒူးထောက်နေခဲ့သနည်း သို့မဟုတ် 'မဟာ ဧကရာဇ်... ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ' ဟု မည်မျှထိ တောင်းပန်ခဲ့ရသနည်း ဆိုသည်ကို သူ မသိတော့ချေ။ နောက်ဆုံးတွင် သူ၏ခေါင်းကို ဖြည်းညင်းစွာ မော့ကြည့်ရန် သတ္တိမွေးလိုက်၏။
သူ့ရှေ့တွင် စူးချုံး၏ပုံရိပ်မှာ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားသည်မှာ ကြာမြင့်နေလေပြီ။
ထိုနေရာ၌ ဖရိုဖရဲ သန့်ရှင်းသော အလင်းရောင်ဖြင့် ဖုံးလွှမ်းထားသော ပုံရိပ်တစ်ခုတည်းသာ တိတ်ဆိတ်စွာ မတ်တတ်ရပ်နေခဲ့သည်။ ထိုအလင်းရောင်က ထာဝရကာလ၏ စုဆောင်းမှုများကို သယ်ဆောင်ထားပုံရပြီး အချိန်လေဟာနယ်ပင်လျှင် ထိုပုံရိပ်၏နံဘေးပတ်လည်တွင် ဝိုးတဝါးတွန့်လိမ်သွားခဲ့သည်။ စီးဆင်းနေသော အလင်းစက်ဝန်းများကြားတွင် ဝေဝါးသော လူပုံသဏ္ဍာန်တစ်ခုကိုသာ ခွဲခြားသိမြင်နိုင်သော်လည်း မည်သည့် မျက်နှာသွင်ပြင် သို့မဟုတ် အမူအရာကိုမျှ မမြင်ရချေ။
"မြင့်မြတ်... မြင့်မြတ်နတ်ဘုရားအရှင်..." ဟင်းလင်းပြင် နတ်ဘုရားသခင်၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး သူ၏စိတ် ချက်ချင်း ဗလာကျင်းသွားကာ ရှားပါးသော ကြောင်အမ်းအမ်း အမူအရာတစ်ခုကို ပြသလိုက်ပြီး သူ၏အတွေးများပင်လျှင် ရပ်တန့်သွားခဲ့သည်။
ဖရိုဖရဲ သန့်ရှင်းသော အလင်းရောင်အတွင်း၌ ရှိနေသော တစ်ဖက်လူ၏ စိတ်ခံစားမှုများကို ခွဲခြား၍မရနိုင်ချေ။ လွန်ခဲ့သော ထာဝရကာလက လာသည့်အလား အလွန်တည်ငြိမ်သော တာအိုအသံတစ်သံသာ ဖြည်းညှင်းစွာ ပဲ့တင်ထပ်လာပြီး စကားလုံးတိုင်းက သူ၏နတ်ဘုရားစိတ်ဝိညာဉ်ကို ရိုက်ခတ်သွားခဲ့သည်။
"မင်း ဒူးထောက်နေတာ လုံလောက်ပြီလား..."
"မြင့်မြတ်နတ်ဘုရားအရှင် ... ကျွန်တော်... ကျွန်တော်..."
ဟင်းလင်းပြင် နတ်ဘုရားသခင်၏မျက်နှာ ချက်ချင်းနီရဲသွားပြီး မည်သို့ ရှင်းပြရမှန်း မသိဖြစ်သွားခဲ့သည်။ သူသည် ဤနေရာတွင် ဒူးထောက်နေသည်မှာ အမှန်ဖြစ်သဖြင့် မည်သို့ စောဒကတက်၍ ရမည်နည်း။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် မြင်းကောင်ရေတစ်သန်းခန့် သူ၏ စိတ်ထဲတွင် ပြေးလွှားသွားသကဲ့သို့ ခံစားလိုက်ရသည်။
"သောက်ကျိုးနည်း..."
"မြင့်မြတ်နတ်ဘုရားအရှင်က ဘာလို့ ထွက်ပေါ်လာရတာလဲ..."
"သူက ငါ့ကို ကယ်ဖို့ လာတာလား..."
"အား... ဘာလို့လဲ... သူက ဘာလို့ စောစော မလာရတာလဲ... ဘာလို့လဲ..."
သူသည် သူ၏စိတ်နှလုံးသားထဲတွင် မလိုလားစွာဖြင့် အော်ဟစ်လိုက်၏။
စူးချုံးကို ဒူးထောက်နေသည့် သူ့ကို မြင့်မြတ်နတ်ဘုရားအရှင်က ဖမ်းမိသွားသည်။
သူ မျက်နှာ အများကြီး ပျက်သွားရပြီဖြစ်ကြောင်းကို သူ သိထားသည်။
နတ်ဘုရား မျိုးနွယ်စုသည် မောက်မာပြီး သူတို့ကိုယ်သူတို့ ဤစကြဝဠာ၏ အုပ်စိုးသူများအဖြစ် မှတ်ယူကြကာ တခြားမျိုးနွယ်စုများ အားလုံးကို ပုရွက်ဆိတ်များအဖြစ် မှတ်ယူကြသည်။ သူသည် စူးချုံးကို မယှဉ်နိုင်လျှင်ပင် ဒူးမထောက်သင့်ချေ။
ဤသည်မှာ နတ်ဘုရားမျိုးနွယ်စု၏ ဂုဏ်သိက္ခာကို ထိခိုက်စေပေ၏။
ဟင်းလင်းပြင် နတ်ဘုရား မျိုးနွယ်စုတွင် သူ့အတွက် နေရာမရှိတော့ခြင်းပင် ဖြစ်နိုင်ချေရှိသည်။
"မြင့်မြတ်နတ်ဘုရားအရှင်... အရှင့်ရဲ့ လက်အောက်ငယ်သားမှာ တင်ပြစရာ အရေးတကြီး ကိစ္စတစ်ခု ရှိပါတယ်... အဲ့ဒီ စူးချုံးရဲ့သားက အမှိုက် မဟုတ်ပါဘူး... သူက..."
"မင်း ငါ့ကို ပြောပြဖို့ လိုလို့လား...ဒီသခင်က ပြိုင်ဘက်လို့ သတ်မှတ်ထားတဲ့ လူတစ်ယောက်ရဲ့ သားသမီးက အမှိုက် ဖြစ်နေမှာလား..."
"အာ..."
ဟင်းလင်းပြင် နတ်ဘုရားသခင်သည် ချက်ချင်း ဆွံ့အသွားပြီး ချေပနိုင်ခြင်း မရှိတော့ချေ။
"မင်းရဲ့အဖေအတွက်... မင်းတို့မျိုးနွယ်စုရဲ့ နတ်ဘုရားခန်းမကို ပြန်သွားပြီး မင်းရဲ့ ပြစ်ဒဏ်ကို ခံယူလိုက်စမ်း..."
ထိုစကားလုံးများ အဆုံးသတ်သွားသည့် အခိုက်အတန့်တွင် ဖရိုဖရဲပုံရိပ်သည် လေဟာနယ်ထဲသို့ တိတ်ဆိတ်စွာ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။ ဤသည်မှာ လေနှင့်တွေ့သော မီးခိုးငွေ့များအလား သို့မဟုတ် ပြန့်ကျဲနေသော တိမ်များအလားပင်။
သူ ဤနေရာသို့ မည်သည့်အချိန်ကမျှ ဆင်းသက်မလာခဲ့သည့်အလားပင်။
"ဟုတ်ကဲ့ပါ..."
ဟင်းလင်းပြင် နတ်ဘုရားသခင်က အေးစက်သောလေကို အသက်ပြင်းပြင်း ရှိုက်သွင်းလိုက်ကာ သူ၏မျက်လုံးများ အလွန်မှေးမှိန်သွားခဲ့လေသည်။
အခြေအနေများက ဤအထိ ရောက်လာခဲ့လေပြီ။
သူ့ထံ၌ တခြားရွေးချယ်စရာ မရှိတော့ပေ။
သူ၏မျိုးနွယ်စုသို့ သူ ပြန်သွားရန်သာ တတ်နိုင်တော့သည်။
သို့ရာတွင် ထိုသို့မတိုင်မီ သူ ထွက်ပေါက်ရှာရန် လိုအပ်သည်။ ထိုသို့မဟုတ်ပါက သူ၏ နတ်ဘုရားနှလုံးသား ပေါက်ကွဲသွားပေလိမ့်မည်။
နောက်တစ်စက္ကန့်တွင်...
သူသည် လေဟာနယ်ကို ဆုတ်ဖြဲပြီး မည်သူမျှ သူ့ကို မထောက်လှမ်းနိုင်သော သီးခြားနေရာတစ်ခုကို ရှာဖွေခဲ့လေ၏။
သူ၏ နတ်ဘုရားစွမ်းအားများ ရူးသွပ်စွာ လှိုင်းထလာပြီး စူးချုံးနှင့် တထပ်တည်းတူသော အလင်းပုံရိပ်ယောင်တစ်ခုကို စုစည်းလိုက်သည်။
နောက်တခဏတွင် ဟင်းလင်းပြင် နတ်ဘုရားသခင်သည် စျေးကွက်ထဲမှ ကြမ်းတမ်းသော မိန်းမတစ်ဦးအလား ထိုအလင်းပုံရိပ်ယောင်ကို ထိုးကြိတ်ကန်ကျောက်ကာ အရူးတစ်ယောက်အလား ကျိန်ဆဲနေခဲ့သည်။
"သောက်ကျိုးနည်း စူးချုံး... ငါ့ရဲ့ကျင့်ကြံခြင်း... ငါ့ရဲ့ အနာဂတ်... သွားပြီ... အရာအားလုံး သွားပြီ... အား..."
အကယ်၍ သူ့ကို နောက်ထပ် အခွင့်အရေး တစ်ခုသာ ပေးခဲ့လျှင် စူးချုံးနှင့် စကားပြောဆိုမည့်အစား သူ သေရန်သာ ရွေးချယ်ပေလိမ့်မည်။
တစ်ချိန်တည်းမှာပင်....
အဆုံးမရှိ ဝေးကွာသောနေရာရှိ လောကကြီးနှင့် အဆက်အသွယ် ဖြတ်ထားသော သီးခြားသုခဘုံ တစ်ခု၌....
စမ်းချောင်းများ စီးဆင်းနေပြီး မက်မွန်ပန်းများ တောက်ပစွာ ပွင့်လန်းနေကာ ရိုးရှင်းသော သစ်သားအိမ်လေးတစ်လုံးက ထိုအရာများကြားတွင် တည်ရှိနေလေ၏။
ထိုသစ်သားအိမ်လေး၏နံဘေးတွင် ရိုးရှင်းသော ပိတ်ချောအဝတ်အစားများကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးရှိနေသည်။ သူသည် သူ၏ခန္ဓာကိုယ်ကို အေးအေးဆေးဆေး ကိုင်းညွတ်ကာ အိမ်ရှေ့ရှိ ရေကန်ငယ်လေးထဲမှ ရေကို မွှေနေခဲ့သည်။ သက်ဝင်လှုပ်ရှားနေသော ငါးကြင်း အနည်းငယ်က သူ၏လက်ချောင်းထိပ်များ နံဘေးပတ်လည်တွင် ကူးခတ်နေကြသည်။
"ရှင်က ဟင်းလင်းပြင် နတ်ဘုရားသခင်ကို မသတ်တော့ဘူးလား..."
"ဟွန့်..."
"အဲ့ဒါဆို ကျွန်မကိုယ်တိုင် သွားမယ်..."
"ရှောင်ယွီ... ပြဿနာ မရှာနဲ့... စီနီယာ ချောက်ကမ်းပါးမဲ့အဖိုးအို သတ်မှတ်ထားတဲ့ အချိန် မရောက်သေးဘူးလေ..."
"စူးချုံး... ရှင် ကျွန်မကို ဆဲတယ်..."
"ငါ မဆဲပါဘူး..."
"ရှင်က ကျွန်မတို့ သားအမိကို မချစ်တော့ဘူးပဲ..."
"..."
စူးချုံး...
နွေဦးရာသီ ကုန်ဆုံးပြီး ဆောင်းဦးရာသီ ရောက်လာခဲ့သည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး လဝက်ကျော် ကုန်လွန်သွားကာ ယခုချိန်၌ ဆောင်းဦးရာသီသို့ ဝင်ရောက်လာခဲ့လေပြီ။
နဝမတောင်ထိပ်....
ဝူယာခြံဝင်း...
သစ်ရွက်များ အောက်သို့ ကြွေကျနေခဲ့သည်။ စူးချန်ကဲသည် ပုံမှန်အတိုင်း သစ်သားကုလားထိုင် တစ်လုံးပေါ်တွင် ပျင်းရိစွာ မှီလျောင်းနေပြီး ပဉ္စမ တောင်ထိပ်သခင်ယွင်ချင် သေချာစွာ ချက်လုပ်ထားသော စိတ်ဝိညာဉ်ဝိုင်ကို ကိုင်ထားလေ၏။ တာအိုဟောပြောစဉ်အတွင်း ထိုအရာကို သူ မတော်တဆ မြည်းစမ်းကြည့်မိပြီး အလွန်ကောင်းမွန်ကြောင်း သူ တွေ့ရှိခဲ့ရသည်။ ထိုအချိန်မှစ၍ ထိုဝိုင်အရက်သည် ယွင်ချင်အတွက် သူ့ကို မျက်နှာလိုမျက်နှာရလုပ်ရန် နည်းလမ်းတစ်ခု ဖြစ်လာခဲ့သည်။
ဤကာလအတွင်း သူသည် အလွန်သက်တောင့်သက်သာ နေထိုင်ခဲ့ရလေ၏။
နေ့ခင်းဘက်တွင် သူသည် နင်ဖူယောင်ကို ဓားနည်းစနစ်များသင်ပေးပြီး သူ၏ အားလပ်ချိန်များတွင် ထုယိုယိုကို နောက်ပြောင်လေ့ ရှိလေသည်။ သုံးရက် သို့မဟုတ် ငါးရက် တစ်ကြိမ်တွင် သူသည် လျှိုရူယန်နှင့် ကျင့်ကြံလေ့ရှိပေ၏။ ထိုသို့မဟုတ်ပါက သူမ၏ကျင့်ကြံခြင်းမှာ လုံလောက်ခြင်း မရှိသဖြင့် သူမ၏ ခန္ဓာကိုယ်က ထိုအရာကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။ သို့ရာတွင် သူမသည် အမြဲတမ်းလိုလို စိုးရိမ်နေဆဲပင်။ စူးချန်ကဲက သူမကို စိတ်အေးအေးထားရန် ပြောခဲ့သော်လည်း ထိုအရာက အကျိုးသက်ရောက်မှု မရှိပုံရသည်။
အထူးသဖြင့် ဤကာလအတွင်း လျှိုရူယန်သည် နင်ဖူယောင်နှင့်ထုယိုယိုတို့အပေါ် များစွာပို၍ ကြင်နာလာပုံကို မြင်ရပြီး သူမတို့နှင့် စကားပြောရန် အချိန်များ မကြာခဏ ဖန်တီးပေးခဲ့သည်။
ဤအမျိုးသမီးက နောက်ဆုံး နှုတ်ဆက်စကားများကို ပြောနေခြင်းဖြစ်ကြောင်း စူးချန်ကဲ နားလည်လိုက်သည်။
သူမ မည်မျှပင် မိုက်မဲလိုက်သနည်း...
သူက အဆင်ပြေပါသည်ဟု သူမကို ပြောခဲ့သော်လည်း သူမက နားမထောင်ချေ။
နောက်ဆုံးတွင် စူးချန်ကဲသည် ဘာမှဆက်မပြောတော့ပေ။
ဖော်ပြရန် ထိုက်တန်သောအရာမှာ ထုယိုယိုသည် စူးချန်ကဲထံမှ အချက်အလက်များကို မကြာခဏ ခိုးယူရန် ကြိုးစားခဲ့ပြီး သူ့ကို အကြိမ်များစွာ တိတ်တဆိတ် လိုက်လံချောင်းကြည့်ခဲ့ခြင်းပင်။ စူးချန်ကဲ မမျှော်လင့်ထားသောအရာမှာ လိမ္မာသော ကျောင်းသူလေး နင်ဖူယောင်ပင်လျှင် ဤအမိုက်အမဲ ကိစ္စတွင် ပါဝင်လာခဲ့ခြင်း ဖြစ်ပေ၏။ ထိုအရာက သူ့ကို တစ်ကြိမ်က သူ့ကိုယ်သူ အရူးတစ်ယောက်အလား ဖြစ်သွားစေလုနီးပါးအထိ ဖြစ်ခဲ့ကာ ဘောင်းဘီပင် မပါဘဲ ထွက်ပြေးခဲ့ရသဖြင့် ဤစိတ်ကူးယဉ် ကမ္ဘာတွင် ခိုးကြောင်ခိုးဝှက် ဖောက်ပြန်နေရကဲ့သို့ ခံစားခဲ့ရသည်။
'ငါ့ရဲ့ တည်နေရာကို ဖော်ထုတ်ရဲတဲ့ အဲ့ဒီ သေသင့်တဲ့ ဓားစိတ်ဝိညာဉ်... ငါ စူးချန်ကဲက ဒါကို မှတ်ထားမယ်'
သူ တွေးတောလိုက်သည်။
အမှန်အားဖြင့် တစ်ခါတစ်ရံတွင် စူးချန်ကဲသည် ဤသို့ လုပ်ဆောင်ရန် မလိုအပ်ကြောင်းလည်း ခံစားမိလေ၏။
' ငါက ဖြောင့်မတ်တယ်လေ... သူတို့ကို ငါက ဘာကြောက်နေရမှာလဲ'
သို့ရာတွင် နောက်ပိုင်းတွင် ထိုအရာက အကျင့်တစ်ခု ဖြစ်လာပုံရပြီး လျှိုရူယန်၏ တောင်းဆိုချက်နှင့် ပေါင်းစပ်လိုက်ချိန်၌ ကိစ္စက ထိုသို့ဖြစ်သွားခဲ့သည်။
နွေးထွေးမှု တန်ဖိုးနှင့် ပတ်သက်၍မူ...
သူ၏ ဂျူနီယာညီမလေး သုံးယောက်နှင့် သူ၏ ဆက်ဆံရေး ပို၍ကောင်းမွန်လာသည်နှင့်အမျှ နွေးထွေးမှုဆုလာဘ်များရရှိရန် ပို၍ခက်ခဲလာခဲ့လေသည်။ ရိုးရှင်းစွာပြောရလျှင် အသေးအမွှား ကိစ္စများက သူမတို့၏ စိတ်ခံစားမှုများကို လွယ်ကူစွာ မလှုပ်ရှားစေနိုင်တော့ချေ။
ထို့ကြောင့် ဤလွန်ခဲ့သော လဝက်အတွင်းတွင် သူသည် လေးလစာ ကျင့်ကြံခြင်း အတွေ့အကြုံကိုသာ ရရှိခဲ့သည်။
သို့ရာတွင် ဤအရာက အရေးမကြီးချေ။ ဟန်ယွီ ကျမ်းစာ၏ မြှင့်တင်မှုနှင့်အတူ သူ၏ကျင့်ကြံခြင်း အမြန်နှုန်းမှာ အရည်အသွေးပိုင်းဆိုင်ရာ ချိုးဖျက်ဝင်ရောက်မှုတစ်ခုကို ရရှိခဲ့သည်။ ယခုအချိန်၌ သူသည် နတ်ဘုရားမီးတောက်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ဝင်ရောက်ရန် နီးကပ်နေပြီဖြစ်ရာ စူးချန်ကဲသည် မပျော်ရွှင်ဘဲ မနေခဲ့ချေ။
နောက်ထပ်အချက်တစ်ချက်မှာ ထိုက်ချင်ဂိုဏ်း၏ တောင်ထိပ်သခင်ကိုးဦးမှာ အလွန်အထင်ကြီးစရာကောင်းခြင်းပင်။ သူသည် သူတို့ကို အကြံဉာဏ် အနည်းငယ် ပေးရုံဖြင့် သူတို့ အားလုံး အဆင့်ချိုးဖျက်ဝင်ရောက်မှုများ ရရှိခဲ့ကြသည်။ သူတို့၏ပါရမီများမှာ အလွန်မဆိုးကြောင်း ထင်ရှားပြီး ဆရာတစ်ဦးထံမှ လမ်းညွှန်မှု ရရှိရန် အခွင့်အရေး မရခဲ့ခြင်းသာ ဖြစ်လေ၏။
အကယ်၍ ဤလမ်းကြောင်းက နှစ်အနည်းငယ်ကြာ ဆက်သွားမည်ဆိုပါက စူးချန်ကဲ ဝင်မပါလျှင်ပင် ထိုက်ချင်ဂိုဏ်းသည် ယွမ်ယန်နယ်မြေ တစ်ခုလုံးကို ရှင်းလင်းနိုင်ပေလိမ့်မည်။
"အဲ့ဒီအကြောင်း ပြောရရင် အချိန်ကို တွက်ကြည့်တော့ နောက်ထပ် ဆယ်ရက်လောက်နေရင် ယဲ့ရွှမ်နဲ့ ငါ တွေ့ရတော့မယ် ထင်တယ်..."
စူးချန်ကဲက စိတ်ဝိညာဉ်ဝိုင်ကို တစ်ငုံသောက်ရင်း တီးတိုးရေရွတ်လိုက်သည်။ သူ ထိုအကြောင်းကို မေ့လုနီးပါးပင် ဖြစ်နေခဲ့လေပြီ။
ထိုအချိန်မှာပင်...
တစ်စုံတစ်ယောက်က ဝူယာခြံဝင်းထဲသို့ ဝင်ရောက်လာခဲ့သည်။
စူးချန်ကဲသည် သူ၏ရှေ့ရှိ အနည်းငယ် ဖရိုဖရဲနေသော အမျိုးသမီးကို အံ့အားသင့်မှု အရိပ်အယောင်ဖြင့် ကြည့်လိုက်၏။ သူမ မည်သူမည်ဝါဖြစ်ကြောင်းကို သူ တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။
ဤသည်မှာ ထျန်းရွှမ်နိုင်ငံ၏ မင်းသမီးဟွမ်ယွဲ့ပင်။
သို့ရာတွင် မင်းသမီးဟွမ်ယွဲ့သည် ယခုအချိန်၌ လွန်ခဲ့သော နှစ်လက အသင်္ချေကောင်းကင်ဘုံနန်းတော်တွင် မောက်မာပြီး မြင့်မြတ်သော အသွင်အပြင်နှင့် လုံးဝကွဲပြားသော လူတစ်ယောက် ဖြစ်နေလေပြီ။
မင်းသမီးဟွမ်ယွဲ့သည် တန်ဖိုးကြီးသော နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သော်လည်း ထိုအရာမှာ အနည်းငယ် ညစ်ပတ်ပြီး ရှုပ်ပွနေကာ သူမ၏အင်္ကျီလက်များတွင် သွေးကွက်တချို့ ရှိနေသည်။ သူမ၏ဆံပင်များကို သာမန် သစ်သားဆံထိုးတစ်ခုဖြင့် ရိုးရှင်းစွာ ထုံးဖွဲ့ထားပြီး ဆံပင်အနည်းငယ်က သူမ၏နဖူးပေါ်သို့ ကျဆင်းနေသည်။
သူမ၏မျက်နှာ ဖြူရော်နေပြီး သူမ၏မျက်လုံးများတွင် တည်ငြိမ်ပြီး အေးစက်သော ပြတ်သားမှု တစ်ခုသာ ရှိနေပေ၏။
သူမကိုကြည့်ရသည်မှာ အလွန်သနားစရာ ကောင်းနေပုံရသည်။
"ဒါက တော်တော်လေး ရှားပါးတဲ့ ဧည့်သည်ပဲ..." စူးချန်ကဲ၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ရပ် ထင်ဟပ်လာသည်။
【ရှင်းလင်းချက်...ဟင်းလင်းပြင် နတ်ဘုရားသခင်သည် ထွက်ပြေးပုန်းအောင်းခြင်း နယ်ပယ်နှင့် ကိုက်ညီပြီး နတ်ဘုရားဘုရင်သည် မဟာဧကရာဇ်နယ်ပယ်နှင့် ကိုက်ညီကာ မြင့်မြတ်သော နတ်ဘုရားအရှင်သည် အစစ်အမှန် အင်မော်တယ် နယ်ပယ်နှင့် ကိုက်ညီပါသည် (သို့ရာတွင် နတ်ဘုရား မျိုးနွယ်စု၏ မွေးရာပါ လက္ခဏာများကြောင့် သူတို့သည် တူညီသော ကျင့်ကြံအဆင့်ရှိသည့် သာမန်လူသားများထက် များစွာပို၍ အစွမ်းထက်လေ့ ရှိကြလေသည်။ ထိုအရာကို နောက်ပိုင်းတွင် အသေးစိတ် ရှင်းပြသွားပါမည်။)】
အခန်း ၁၂၀: မှတ်ထားပါ... အောက်ဘုံက မင်းတို့လို အောက်တန်းစား သာမန်လူတွေက ခွေးတွေထက်တောင် ဆိုးသေးတယ်...
"စီ... စီနီယာအစ်ကို... သူ့ကို ကျွန်မ ခေါ်လာတာပါ..."
နင်ဖူယောင်က ခေါင်းငုံ့ကာ တီးတိုးပြောလိုက်ပြီး သူမ၏နံဘေးရှိ မင်းသမီးဟွမ်ယွဲ့ကို စာနာသနားမှု အရိပ်အယောင်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
တစ်ဖက်လူ မည်သို့ ဖြစ်သွားမှန်း သူမ မသိသလို စီနီယာအစ်ကိုကို မည်သည်ကြောင့် တွေ့ချင်မှန်းလည်း သူမ မသိခဲ့ချေ။
သို့ရာတွင် မင်းသမီးဟွမ်ယွဲ့သည် ယခုအချိန်၌ အလွန်သနားစရာ ကောင်းနေသည်ဟု သူမ ခံစားနိုင်သည်။ သူမသည် အငြိုးအတေး ထားတတ်သူ မဟုတ်သည့်အပြင် မင်းသမီး ဟွမ်ယွဲ့နှင့်လည်း သူသေကိုယ်သေရန်သူများလည်း မဟုတ်ပေ။ ကြင်နာတတ်သော နင်ဖူယောင်က သဘာဝကျကျပင် သူမကို သနားမိလေ၏။
စူးချန်ကဲသည် နင်ဖူယောင်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောခဲ့ချေ။ ထို့နောက် သူ၏အကြည့်က မင်းသမီး ဟွမ်ယွဲ့အပေါ်သို့ ကျရောက်သွားပြီး မေးလိုက်သည်။
"မင်း ဘာလိုချင်တာလဲ..."
သူမ မည်သို့ ဖြစ်သွားသည်ကို သူ စိတ်မဝင်စားခဲ့ချေ။
ထို့ကြောင့် သူက တိုက်ရိုက် မေးလိုက်ခြင်း ဖြစ်ပေ၏။
"ကျွန်မ လာချင်လို့ လာတာ မဟုတ်ဘူး... ပြီးတော့ ကျွန်မကို ဒီလို ပုံစံမျိုးနဲ့ ရှင် မြင်တာကိုလည်း မလိုချင်ဘူး..."
မင်းသမီးဟွမ်ယွဲ့က အံ့ကြိတ်ပြီး ပြောဆိုလိုက်ရာ သူမ၏အသံမှာ အနည်းငယ် အက်ရှနေခဲ့သည်။ အကယ်၍ လင်ထျန်းလန် အချည်းနှီး သေဆုံးသွားခြင်းကို သူမ မလိုလားသောကြောင့်သာ မဟုတ်လျှင် သူမ တစ်ချိန်က အလွန်အမင်း မုန်းတီးခဲ့သော စူးချန်ကဲကို သူမ၏ လက်ရှိ အခြေအနေအား မည်သည်ကြောင့် ပြသရမည်နည်း။
ချက်ချင်းပင်....
သူမက ငိုရှိုက်ကာ ပြောလိုက်သည်။
"လင်ထျန်းလန် သေသွားပြီ..."
"..."
စူးချန်ကဲ စိတ်ရှုပ်ထွေးသွားခဲ့သည်။ ထိုအရာက သူနှင့် မည်သို့ သက်ဆိုင်သနည်းဟု သူ တွေးမိလေ၏။
အကယ်၍ သူမသာ မပြောခဲ့လျှင် ထိုလူ ရှိနေမှန်းကိုပင် သူ မေ့လုနီးပါး ဖြစ်သွားခဲ့လေပြီ။
နင်ဖူယောင်သည်လည်း သူမကို တိုက်ခိုက်ခဲ့သော လူငယ်လေးကို ပြန်သတိရသွားသဖြင့် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခုကို ပြသခဲ့သည်။
ချက်ချင်းပင် မင်းသမီးဟွမ်ယွဲ့၏အသံက ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
"ရှင်နဲ့ အဲ့ဒီ တိုက်ပွဲ ပြီးကတည်းက လင်ထျန်းလန်ရဲ့ တာအိုနှလုံးသားက ကြေမွသွားခဲ့တယ်... ထျန်းရွှမ်နိုင်ငံကို ပြန်ရောက်ပြီးတော့ သူ့ရဲ့ ဆရာဆီကနေ လမ်းညွှန်မှု ရပြီးမှသာ သူ့ရဲ့ တက်ကြွမှုကို ပြန်ရခဲ့တာ... အဲ့ဒီနောက်ပိုင်း သူက ရှင့်ကို သူ့ရဲ့စိတ်ကူးထဲက ရန်သူအဖြစ် သတ်မှတ်ခဲ့တယ်... ရှင့်ရဲ့အရိပ်ကို လိုက်ဖမ်းပြီး ရှင့်ကိုတောင် ကျော်တက်မယ်လို့ သူ ကျိန်ဆိုခဲ့တယ်... သူက အစွမ်းထက်တဲ့သူတွေကို လေးစားတဲ့ သိုင်းအရူးတစ်ယောက်လေ..."
" ကျွန်မကြောင့် ဒီနိုင်ငံတော်အခမ်းအနား အတွင်းမှာ ထျန်းရွှမ်က လူတော်တော်များများက ရှင့်ကို အထင်သေးခဲ့ကြတယ်...ရှင့်ရဲ့ ထိုက်ချင်ဂိုဏ်းက တိုက်ခိုက်ရမှာ ကြောက်လို့ မလာရဲဘူးလို့ ပြောခဲ့ကြတယ်... ဒါကြောင့် သူက လူတော်တော်များများကို တိုက်ခိုက်ပြီး သတ်ပစ်ခဲ့တယ်..."
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မလည်း ဒေါသထွက်ပြီး သူ့ကို တွေ့ဖို့ ငြင်းဆိုခဲ့တယ်...အစကက ကျွန်မရဲ့ ခမည်းတော်က နိုင်ငံတော်အခမ်းအနားပြီးရင် ကျွန်မတို့ရဲ့ စေ့စပ်ပွဲကို လူသိရှင်ကြား ကြေညာဖို့ ရည်ရွယ်ထားတာ..."
ဤအချက်အထိ ပြောဆိုပြီးနောက် မင်းသမီး ဟွမ်ယွဲ့က ဝမ်းနည်းဖွယ်ကောင်းသော အပြုံးတစ်ခုကို ပြသလိုက်ရာ သူမ၏ မျက်လုံးများတွင် နောင်တများဖြင့် ပြည့်နှက်နေခဲ့သည်။
သူမသာ ထိုမျှထိ ခေါင်းမမာခဲ့လျှင်...
ဖြစ်နိုင်သည်မှာ သူမတို့နှစ်ယောက် အချိန်အနည်းငယ်ပို၍ အတူတကွ ဖြတ်သန်းနိုင်ပေမည်။
လင်ထျန်းလန်ကို သူမ ချစ်မိနေပြီဖြစ်ကြောင်း သူမ၏ စစ်မှန်သော ခံစားချက်များကို နားလည်ရန်အတွက် သူ သေဆုံးသွားသည်ကို သူမ ကိုယ်တိုင် မျက်မြင်တွေ့ရသည့်အထိ သူမ မည်သည်ကြောင့် စောင့်ခဲ့ရသနည်း....
ဤစကားကို ကြားသောအခါ စူးချန်ကဲသည် မျက်ခုံး အနည်းငယ် ပင့်လိုက်၏။ ရည်ရွယ်ချက် မရှိဘဲ ဗီလိန် ပရိသတ်လေး တစ်ယောက်ကို သူ ရရှိခဲ့ပုံရသည်။
သို့ရာတွင် ယခုချိန်၌ သူမ ပြောနေသည့် အရာများအားလုံးက သူနှင့် မည်သို့ သက်ဆိုင်သနည်းဟု သူ တွေးမိသည်။
"တကယ်တော့... ဒီအရာတွေက တစ်ခုမှ ရှင်နဲ့ မဆိုင်ပါဘူး..."
"ဒါပေမဲ့ လင်ထျန်းလန် အကြောင်း အရာအားလုံးကို ကျွန်မ ရှင့်ကို ပြောပြချင်ရုံပါ... ဘာလို့လဲဆိုတော့ သူရဲ့စိတ်နှလုံးသားထဲမှာ သူ နှစ်ပိုင်း ပိုင်းခံရပြီးတဲ့နောက်မှာတောင် ပုရွက်ဆိတ်တွေထဲမှာ အားမနည်းတဲ့ လူတစ်ယောက် ရှိတယ်ဆိုတာကို အဲ့ဒီ နတ်ဆိုးကို ပြောပြဖို့ သူ့ရဲ့ နောက်ဆုံးအသက်ရှူသံကို ဆုပ်ကိုင်ထားခဲ့လို့ပဲ..."
"ကျွန်မ ဘယ်တော့မှ မထင်ထားခဲ့ဘူး... အဲ့ဒါက..."
"အဲ့ဒီ နတ်ဆိုးက ထျန်းရွှမ်နိုင်ငံမှာ ဘာလို့ ပေါ်လာရတာလဲ... ခမည်းတော်က ဘာလို့ ခုခံဖို့တောင် သတ္တိမရှိဘဲ သူ့ရဲ့ခြေရင်းမှာ ဒူးထောက်ပြီးတော့ ကျွန်မကိုတောင် တော်ဝင်မိသားစုကနေ နှင်ထုတ်ခဲ့ရတာလဲ..."
ဤအချိန်သို့ ရောက်သောအခါ မင်းသမီးဟွမ်ယွဲ့သည် မျက်ရည်များ ကျဆင်းနေပြီဖြစ်ပြီး အဖြေကို သူမ သိသော်လည်း အထိန်းအကွပ်မဲ့စွာ ငိုရှိုက်နေခဲ့သည်။
လင်ထျန်းလန်၏ ဆရာဖြစ်ပြီး ထျန်းရွှမ်နိုင်ငံ၏ အစွမ်းထက်ဆုံး နတ်ဘုရားမီးတောက်နယ်ပယ် ကျင့်ကြံသူများထဲမှ တစ်ဦးပင်လျှင် လွယ်လင့်တကူ ခြေမွှဖျက်ဆီးခြင်း ခံလိုက်သည်။ ထျန်းရွှမ်နိုင်ငံက မည်သို့ ခုခံနိုင်မည်နည်း။
"နတ်ဆိုးဆိုတာက ဘယ်သူလဲ..."
စူးချန်ကဲက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
မင်းသမီးဟွမ်ယွဲ့၏အသံတွင် ငိုရှိုက်များဖြင့် ပြည့်နှက်နေကာ ပြောဆိုသည်။
"မနေ့က ကျွန်မတို့ တစ်ခါမှ မမြင်ဖူးတဲ့ ရှေးဟောင်းဝတ်စုံကို ဝတ်ဆင်ထားတဲ့ အမျိုးသား တစ်ယောက် ရုတ်တရက် ထွက်ပေါ်လာတယ်... သူ့ရဲ့အင်္ကျီလည်ပင်းမှာ အသက်ဝင်နေတဲ့ ရွှေရောင်အမွှေးအတောင်တွေ ပါပြီးတော့ သူ့ရဲ့မျက်နှာပေါ်မှာ အမြဲတမ်း နွေးထွေးတဲ့ အပြုံးတစ်ခု ရှိနေတယ်... လင်ထျန်းလန်က ချန်ပီယံဆုကို ရပြီးပြီးချင်းမှာပဲ အဲ့ဒီနတ်ဆိုးက သူ့ရဲ့ရှေ့မှာ ပိတ်ရပ်နေတဲ့ လူတိုင်းကို သူက အဆင်အခြင်မဲ့ သတ်ပစ်ခဲ့တယ်..."
အနီးအနားတွင် ရပ်နေသော နင်ဖူယောင်ထံတွင် ဒေါသများဖြင့် ပြည့်နှက်နေပြီး မေးလိုက်သည်။
"သူ့ရဲ့ရှေ့မှာ ပိတ်ရပ်နေလို့ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းနဲ့ သူတို့အားလုံးကို သတ်ပစ်ခဲ့တာလား... ဘယ်လောက်တောင် ရက်စက်ပြီး ရိုင်းစိုင်းလိုက်သလဲ..."
ဤနေရာတွင် စူးချန်ကဲ နောက်ဆုံး၌ နားလည်သွားခဲ့သည်။ ဤလူက လျှိုရူယန်ကို ရှာနေခြင်းဖြစ်မည်ဟု သူ တွေးတောလိုက်၏။
တစ်ချိန်တည်းမှာပင်...
အခန်းထဲတွင် လျှိုရူယန်၏နှလုံးသားမှာ ချက်ချင်းဆိုသလိုပင် ကျောက်တုံးတစ်တုံး ဖိနှိပ်လာသည့်အလား အောက်ခြေအထိ ထိုးကျသွားခဲ့သည်။
"သူတို့ ရောက်လာကြပြီပဲ..."
"အဲ့ဒါက တကယ့်ကို သူတို့ အလုပ်လုပ်တဲ့ပုံစံပဲ..."
"ဒီလောက် မြန်မြန်..."
"မဟုတ်ဘူး... ငါ ထိုက်ချင်ဂိုဏ်းကနေ ချက်ချင်း ထွက်သွားရမယ်... သူ့ကို တခြား နေရာကို ငါ မြှားခေါ်သွားရမယ်..."
တစ်ချိန်တည်းမှာပင်....
ဝမ်ချီ နယ်မြေ၌....
တစ်ချိန်က ကြီးကျယ်ခမ်းနားခဲ့ကာ ကောင်းကင်ဘုံနန်းတော်အလား ဆက်တိုက် တည်ရှိနေသော နန်းတော်အဆောက်အအုံများဖြင့် ပြည့်နှက်နေခဲ့သော ဝမ်ချီလန်စံအိမ်....
ယခုအချိန်၌ ထိုနေရာသည် ထိတ်လန့်ဖွယ်ကောင်းသော အပျက်အစီးများအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
ကျိုးပဲ့နေသော နံရံများနှင့် အပျက်အစီးများကြားတွင် နတ်ဘုရားရွှေဖြင့် ပုံသွင်းထားသော တိုင်များမှာ လိမ်ကောက်ပြီး ကျိုးပဲ့နေသည်။ ထို့ပြင် စိတ်ဝိညာဉ်ကျောက်စိမ်းများဖြင့် ခင်းထားသော မြေပြင်ပေါ်တွင် ပင့်ကူအိမ်အလား အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းနေလေ၏။
မြင့်တက်နေသော သွေးညှီနံ့သည် ရုပ်လုံးပေါ်လုနီးပါး ဖြစ်နေပြီး အပြည့်အဝ မပြယ်လွင့်သေးသော တာအိုဥပဒေသများ၏ အကြွင်းအကျန် လှိုင်းများနှင့် ရောနှောကာ လူအများကို ပျို့အန်ချင်စိတ် ဖြစ်လာစေသည်။
မျက်စိတစ်ဆုံး မြင်ရသမျှ အရာအားလုံးသည် အလောင်းတောင်များနှင့် သွေးပင်လယ်များဖြစ်ပြီး ပြတ်တောက်နေသော ခြေလက်များနှင့် ကလီစာများ ရောနှောနေကာ ငရဲအလား မြင်ကွင်းတစ်ခုကို ပုံဖော်ထားလေ၏။
မဟာ စံအိမ်သခင်သည် အပျက်အစီးများ၏ အလယ်ဗဟိုတွင် မှောက်ရက်လဲနေပြီး သူ၏ ခန္ဓာကိုယ် တောင့်တင်းနေကာ သူ၏မျက်လုံးသူငယ်အိမ်များ ပြူးကျယ်နေသည်။ သူ၏ မျက်နှာပေါ်တွင်သာ မျက်နှာလိုမျက်နှာရ လုပ်ပြီး စိတ်လှုပ်ရှားနေသော အပြုံးတစ်ခု၏ တောင့်တင်းအေးခဲနေသည့် အရိပ်အယောင်တစ်ခု ရှိနေသည်။ ဤသည်မှာ လွန်ခဲ့သော အချိန်အခိုက်အတန့်က သူသည် ထိပ်သီးပုဂ္ဂိုလ်ကြီးတစ်ဦးအား အောင်မြင်စွာ မြှောက်ပင့်နိုင်ခဲ့သဖြင့် အလွန်အမင်း ဝမ်းသာနေခဲ့သည့်အလားပင်။
ဤထူးဆန်းသော အပြုံးမှာ ဤငရဲမြင်ကွင်း၏ တိတ်ဆိတ်ငြိမ်သက်မှုထဲတွင် စိတ်အနှောင့်အယှက်ဖြစ်စရာနှင့် ကြောက်မက်ဖွယ်ကောင်းလှသည်။
ဤအပျက်အစီးတွင် ဒုတိယစံအိမ်သခင် ကျိုးရွှမ်ကျွင်းတစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့လေသည်။
ဤအချိန်အခိုက်အတန့်တွင် သူသည် နေရာတွင်ပင် ကြက်သေသေနေပြီး သူ၏ခန္ဓာကိုယ် တောင့်တင်းနေကာ မဟာ စံအိမ်သခင်၏ အလောင်းကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေပြီး သူ၏စိတ်များ လုံးဝဗလာကျင်းနေခဲ့သည်။
ယခင်အခိုက်အတန့်က ဆူညံပွက်လောရိုက်မှုနှင့် စိတ်လှုပ်ရှားမှုတို့သည် လက်ရှိ တိတ်ဆိတ်မှုနှင့် ပျက်စီးခြင်းတို့နှင့် နှိုင်းယှဉ်လိုက်ချိန်၌ ကြီးမားသော ချောက်ကမ်းပါးကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ဤချက်ချင်း ဖြစ်ပေါ်လာသော ကပ်ဘေးကို သူ နားမလည်နိုင်ဘဲ သူ၏ စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေခဲ့သည်။
ကျိုးရွှမ်ကျွင်းနှင့် မလှမ်းမကမ်းတွင် ယွမ်ရှန်းဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်ရှိနေကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး သူ၏ အသက်ရှူသံကို အပြင်းအထန် ဖိနှိပ်ထားကာ လေတစ်ရှိုက်ပင် မရှူရဲချေ။ အေးစက်သော ဇောချွေးများက သူ၏နဖူးပေါ်တွင် သီးနေပြီး လေထဲရှိ သွေးမြူများနှင့် ရောနှောကာ သူ၏ ပါးပြင်များပေါ်မှ ကျဆင်းလာခဲ့သည်။
သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်မှုသည် အချိန်မည်မျှထိ ကြာရှည်ခဲ့သည်ကို မသိရချေ။
နောက်ဆုံးတွင် ကျိုးရွှမ်ကျွင်း လှုပ်ရှားသွားခဲ့လေ၏။ သူ၏လည်စေ့ နိမ့်ချည်မြင့်ချည် ဖြစ်သွားပြီး ကော်ဖတ်စက္ကူများ အချင်းချင်း ပွတ်တိုက်နေသည့်အလား ခြောက်ကပ်ပြီး အရှသော အသံတစ်သံကို ထုတ်လွှတ်လိုက်ကာ ထိန်းချုပ်၍မရအောင် တုန်ရီနေခဲ့သည်။
"သ... သခင်... ဘာ... ဘာလို့လဲ..."
အထက်ဘုံမှ ဤသခင် ရှာဖွေနေသော အမျိုးသမီးမှာ ထိုက်ချင်ဂိုဏ်းနှင့် သက်ဆိုင်ကြောင်းကို သူ ရှင်းလင်းစွာ မှတ်မိသည်။
ထိုအမျိုးသမီးအကြောင်း ပြောချိန်၌ တစ်ဖက်လူ၏စကားများတွင် ပါဝင်နေသော အေးစက်သည့် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို သူ ရှင်းလင်းစွာ အာရုံခံနိုင်ခဲ့သည်။
သို့ရာတွင် သူ၏သားနှင့် လျှိုရူယန်တို့နှင့် ပတ်သက်သည့် ကိစ္စအကြောင်းကို သူ ပြောဆိုပြီး လူမှုရေးအဆင့်အတန်းကို တက်လှမ်းကာ ပို၍ရင်းနှီးလာစေရန် ရည်ရွယ်ခဲ့သည်။ သို့ရာတွင် ရလဒ်သည် မည်သည်ကြောင့် သူ၏ ဂိုဏ်းကို အပြတ်ရှင်းခံရခြင်းနှင့် သူ့ရှေ့ရှိ အလောင်းတောင်များနှင့် သွေးပင်လယ်များ ဖြစ်နေရသနည်း....
"ဘာလို့လဲ...ဟုတ်လား"
သခင်ဟု ခေါ်ခံရသော လူငယ်က ဤစကားကို ကြားသောအခါ သူ၏မျက်လုံးများကိုမှေးစင်းပြီး ပြုံးလိုက်၏။
သူ၏မျက်နှာမှာ အလွန်အမင်း ချောမောခန့်ညားလှသည်။ နေရောင်ခြည်က သူ့အပေါ်သို့ ကျရောက်နေပြီး သူ့ကို ရွှေရောင် အနားကွပ် တစ်ခုဖြင့် ရွှေချထားသည့်အလား ဖြစ်နေကာ သူ၏ ညင်သာသော အပြုံးက လူများကို နွေဦးလေညှင်းထဲတွင် နေပူစာလှုံနေရသည့်အလား ခံစားရစေသည်။
"အဲ့ဒါက ငါ အလေးစားဆုံး ဧကရီအရှင်မပဲလေ..."
လူငယ်၏အပြုံးသည် မပြောင်းလဲဘဲ သူ၏ လေသံမှာနူးညံ့နေကာ လေးစားဖွယ်အရာတစ်ခုအကြောင်း ပြန်လည်ပြောပြနေသည့်အလားပင်။
"အောက်ဘုံက ပုရွက်ဆိတ်တွေဖြစ်တဲ့ မင်းတို့က သူ့ကို တပ်မက်နေတာကို ငါက ဘယ်လိုလုပ်ပြီး ခွင့်ပြုနိုင်မှာလဲ..."
ထိုစကားနှင့်အတူ သူက ရှေ့သို့ အနည်းငယ် ကိုင်းညွတ်လိုက်ပြီး မျှော်လင့်ချက်မဲ့မှုကြောင့်ရှုံမဲ့နေသော ကျိုးရွှမ်ကျွင်း၏မျက်နှာကို ကြည့်လိုက်သည်။ သူ၏အပြုံးက ပို၍ပင် နွေးထွေးလာပြီး ဆက်ပြောလိုက်သည်။
"အောက်ဘုံက မင်းတို့လို အောက်တန်းစား သာမန်လူတွေနဲ့ ငါက ယဉ်ကျေးပျူငှာတဲ့ စကား နည်းနည်းလောက် ပြောလိုက်ရုံနဲ့ မင်းတို့ကို ငါက လူလို့ သတ်မှတ်ထားတယ်လို့ မင်း တကယ်ကြီး ထင်လိုက်တာလား..."
"ဟဲဟဲ... အဲ့ဒါက ငါ့မှာ အမူအကျင့်ကောင်းတွေ ရှိလို့ပါ..."
လူငယ်လေးက သူ၏ခေါင်းကို အနည်းငယ် ခါယမ်းပြီး ထပ်ဖြည့်ပြောလိုက်သည်။
"မှတ်ထားစမ်း... အောက်ဘုံက မင်းတို့လို အောက်တန်းစား သာမန်လူတွေက ခွေးတွေထက်တောင် ဆိုးသေးတယ်...တကယ်လို့ မင်းတို့က ငါ သတ်မှတ်ထားတဲ့စည်းကို ကျော်သွားရင် ငါ အရမ်းဒေါသထွက်မှာ..."
သူ၏အသံမှာ မယုံနိုင်လောက်အောင် တည်ငြိမ်နေခဲ့သည်။
ဧကရီအရှင်မကို တပ်မက်ခြင်းနှင့် ပတ်သက်၍ဟု ပြောဆိုသော ယခင်စကားကို ကျိုးရွှမ်ကျွင်း နားမလည်ခဲ့သလို ထိုအကြောင်း တွေးတောရန်လည်း အချိန်မရခဲ့ချေ။ သို့ရာတွင် နောက်ဆက်တွဲ စကားလုံးများက ဓားများအလား သူ၏စိတ်ဝိညာဉ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားလေ၏။
သူ၏တစ်ကိုယ်လုံး ပြင်းထန်စွာ စတင်၍ တုန်ရီလာခဲ့ပြီး ထိုအရာမှာ အကြောက်တရားကြောင့် မဟုတ်ဘဲ လွန်ကဲသော ဒေါသနှင့် အဓိပ္ပာယ်မရှိမှုတို့ကြောင့်ပင်။
နောက်ဆုံးတွင် သူသည် ရူးသွပ်စွာ စတင် ရယ်မောလိုက်ရာ သူ၏ရယ်မောသံမှာ အနိမ့်မှ အမြင့်သို့ တက်လာပြီး ဝမ်းနည်းမှုနှင့် အငြိုးအတေးများဖြင့် ပြည့်နှက်နေခဲ့သည်။
"ဟီးဟီး... ဟားဟား... ဟားဟားဟားဟားဟား..."
"ငါ ကျိုးရွှမ်ကျွင်းက...လူကောင်း တစ်ယောက် မဟုတ်ဘူးဆိုတာ ဝန်ခံတယ်... ငါ့ကို အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေမှာ နတ်ဆိုးခေါင်းဆောင်ကျိုးလို့ ခေါ်ကြတယ်... အဲ့ဒါက လုံးဝကို ရယ်စရာ ကောင်းတယ်..."
"မင်းလို အမှိုက်တစ်ကောင်နဲ့ ယှဉ်ရင်... မင်းကသာ စစ်မှန်တဲ့ မိစ္ဆာပဲ..."
"ဝမ်ချီလန်စံအိမ်က လူသုံးသောင်းရဲ့ အသက်တွေကို ငါ့ကို ပြန်ပေး..."
သူ၏အသံ မဆုံးမီမှာပင် ကျိုးရွှမ်ကျွင်း လုံးဝရူးသွပ်သွားခဲ့လေ၏။
သူ၏မျက်လုံးများ ချက်ချင်း သွေးရောင်လွှမ်းသွားပြီး သူ၏ခန္ဓာကိုယ် နံဘေးပတ်လည်ရှိ အရှိန်အဝါများ ပြင်းထန်စွာ လှိုင်းထလာခဲ့သည်။ သူ၏အသက်သွေးနှင့် မူလအစ စွမ်းအားအားလုံးကို အဆင်အခြင်မဲ့ လောင်ကျွမ်းစေပြီး သူသည် သူ့ကိုယ်သူ ဖောက်ခွဲကာ သူ့ရှေ့ရှိ ဤနတ်ဆိုးကို သူနှင့်အတူ ဆွဲချရန် ရည်ရွယ်လိုက်သည်။
သူသည် သွေးရောင်ကြယ်ပျံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖျက်ဆီးခြင်းလှိုင်းများကို သယ်ဆောင်ကာ ယွီတောက်ရွှမ်ဆီသို့ ပြင်းထန်စွာ ပြေးဝင်သွားခဲ့လေ၏။
သို့ရာတွင် သူ ယွီတောက်ရွှမ်နှင့် တစ်လက်မခန့် အကွာသို့ ရောက်ရှိသွားချိန်မှာပင် သူ၏ပုံရိပ်က ရုတ်တရက် အေးခဲတောင့်တင်းသွားပြီး မမြင်နိုင်သော ရွှံ့နွံတစ်ခုထဲတွင် ပိတ်မိသွားသည့်အလား တစ်လက်မမျှပင် ရှေ့ဆက်မသွားနိုင်တော့ချေ။
ယွီတောက်ရွှမ်၏ မျက်နှာပေါ်တွင် ညင်သာသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူက သူ၏လက်ကို အနည်းငယ်ဆန့်တန်းလိုက်ရာ သူ၏လက်ချောင်းငါးချောင်းမှာ ရှည်လျားပြီး ဖြူဖွေးနေပေ၏။ ထို့နောက် သူ၏လက်ဖြင့် ကျိုးရွှမ်ကျွင်း၏ ဦးတည်ချက်သို့ ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။
"ဘုန်း..."
မှည့်နေသော သစ်သီးတစ်လုံးကို ခြေမွှလိုက်သည့်အလား ကျိုးရွှမ်ကျွင်း၏ ဦးခေါင်းက ချက်ချင်းပေါက်ကွဲသွားပြီး အနီနှင့်အဖြူ အစအနများ ပန်းထွက်သွားခဲ့သည်။ ခေါင်းမပါသော အလောင်းက ယိမ်းယိုင်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပေ၏။ သူ အထွတ်အထိပ်သို့ စုစည်းထားသော ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသည့်စွမ်းအားသည် ငြိမ်းသတ်ခံလိုက်ရသော ဖယောင်းတိုင် မီးတောက်တစ်ခုအလား တိတ်ဆိတ်စွာ ပျောက်ကွယ်သွားခဲ့သည်။
ယွီတောက်ရွှမ်က ရွံရှာဖွယ်ကောင်းသော အရာတစ်ခုကို ထိတွေ့မိလိုက်သည့်အလား သူ၏ လက်ကို ခါယမ်းလိုက်ပြီး တီးတိုးရေရွတ်ရန် မမေ့ခဲ့ချေ။
"ဘယ်လောက်တောင် ရွံစရာ ကောင်းလိုက်လဲ..."
ချက်ချင်းပင် သူက တစ်ခုခုကို သတိရသွားသည့်အလား ကြောက်လန့်တကြား ဖြစ်နေပြီဖြစ်သော ယွမ်ရှန်းဂိုဏ်းခေါင်းဆောင်ကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူက နွေဦးလေညင်းအလား နွေးထွေးသောအပြုံးကို နောက်တစ်ကြိမ် ပြသလိုက်သည်။
"ဟုတ်သားပဲ တာအိုရောင်းရင်း... ငါတို့ ခုဏက ဘယ်အကြောင်း စကားပြောနေကြတာလဲ..."
"ငါ့ရဲ့ ဧကရီအရှင်မကို ကယ်ခဲ့တာက ဘယ်သူလဲ..."
"သူ့ကို ငါ သေချာပေါက် ကျေးဇူးဆပ်ရမယ်..."
Book 12 end.