အခန်း (၄၃၂)
Vol. 40 Ch. 432
📝အပိုင်း - ၄၃၂
ဘာသာပြန် - Na Gar🐉
ချန်ဆန်းရှီသည် အရှေ့ဘက်သို့ လှမ်းကြည့်လိုက်ရာ တောင်တန်းနှင့် တောအုပ်များကြားတွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော အနက်ရောင်အရိပ်ကြီးတစ်ခုကို မြင်လိုက်ရသည်။ တစ်ခဏတွင် တောင်ထိပ်၌ ရှိနေပြီး ခဏအကြာတွင် တောင်စောင်း၌ ပေါ်လာပြန်သည်၊ မကြာမီမှာပင် မိုင်ပေါင်းများစွာ ဝေးကွာသောနေရာသို့ ရောက်ရှိသွားပြန်သည်။
ဒါမဖြစ်နိုင်တာ...။
၎င်းသည် မြန်မြန်ဆန်ဆန် ရွေ့လျားနေခြင်းမဟုတ်သော်လည်း ခန္ဓာကိုယ်မှာမူ အလွန်ကြီးမားလှသည်။
ဧရာမ မြွေကြီးတစ်ကောင်..
ဒါကဆွန်ပုချိီပြောဖူးတဲ့ မြွေကြီးပဲ ဖြစ်ရမည်။ ဤနေရာမှ လှမ်းကြည့်ရုံဖြင့် ထိုမြွေကြီး မည်မျှအထိ ကြီးမားသလဲဆိုတာကို ခန့်မှန်းရန် ခက်ခဲလှသည်။ သို့သော် မြေပြင်တုန်ခါနေခြင်းမှာ ထိုမြွေကြီးတစ်ကောင်တည်းကြောင့် မဟုတ်ပေ။ အခြားသော အစွမ်းထက်သည့် ထူးဆန်းသော သားရဲများစွာသည်လည်း တောအုပ်ထဲတွင် ရုန်းရင်းဆန်ခတ် ပြေးလွှားနေကြသည်။
"ဝုန်း—"
တစ်ချိန်တည်းမှာပင် ရှေ့တည့်တည့်ရှိ ကောင်းကင်ယံသို့ အနက်ရောင်အဆိပ်ငွေ့များ မှုတ်ထုတ်လိုက်သလို တက်လာသည်။ နက်မှောင်သော အနက်ရောင်ထဲတွင် သွေးရောင်အနီများ ရောယှက်နေပြီး ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသည့် နတ်မင်းကြီး၏ တိုင်လုံးကြီးအလား တိမ်တိုက်များအထိ ထိုးတက်သွားသည်။ မိုင်ပေါင်းတစ်ရာကျော် ဝေးကွာနေသော်လည်း ချန်ဆန်းရှီသည် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထခြင်းနှင့်အတူ မအီမသာ ဖြစ်မှုကို ခံစားလိုက်ရသည်။
သူ့ရင်ထဲတွင် ကြောက်ရွံ့ခြင်း မရှိသော်လည်း ဤတုံ့ပြန်မှုများမှာ သဘာဝအလိုအလျောက် ဖြစ်ပေါ်လာခြင်းပင်။
ဟိုဘက်မှာက...
ဒွါဒသမ တောင်တန်း..
သူရှိနေသော နေရာနှင့် ထိုနေရာကြားတွင် တောင်တန်းများစွာ ခြားနေသဖြင့် အတွင်းထဲတွင် ဘာတွေဖြစ်နေသလဲဆိုတာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။
ဒါက အဆိပ်သားရဲတွေ ကူးစက်ခံရတဲ့ အရင်းအမြစ်လား..
အမှောင်ချီများမှာ ပေါ်လာတုန်းကလိုပင် ပြန်လည်ပျောက်ကွယ်သွားပြီး အသက်ရှူအကြိမ်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။ တောအုပ်ထဲတွင်လည်း ပြန်လည်ငြိမ်သက်သွားသည်။ ထို့နောက်...
ချန်ဆန်းရှီ မြင်လိုက်ရသည်မှာ...
လူရိပ်အချို့သည် ကောင်းကင်ယံမှ ပျံသန်းလာပြီး ဒွါဒသမ တောင်တန်းအတွင်းသို့ ဆင်းသက်သွားကြသည်။ အကွာအဝေးမှာ အလွန်ဝေးသော်လည်း ချန်ဆန်းရှီ၏ မျက်စိမှာ အလွန်ကောင်းလှသည်။ ထိုအစက်အပြောက်လေးများမှာ လူသားများပင် ဖြစ်သည်။
လူသားများ၊ တစ်ဦးပြီးတစ်ဦး..
အချို့မှာ ဓားများပေါ်တွင် ရပ်လျက်၊ အချို့မှာ လေထဲတွင် ဒီအတိုင်း လမ်းလျှောက်လျက်၊ အချို့မှာမူ ပျံသန်းနိုင်သော သားရဲများကို စီးနင်းလျက်...
ဒါက...
မသေမျိုး တွေလား..
တောင်နက်ထဲမှာ မသေမျိုးတွေ ဒီလောက်တောင် များနေတာလားဤနေရာမှကြည့်လျှင် နောက်ထပ်တောင်တန်းတစ်ခုကို ကျော်ဖြတ်လိုက်ရုံဖြင့် လုံးဝကွဲပြားခြားနားသော ကမ္ဘာတစ်ခုသို့ ရောက်သွားမည့်အတိုင်းပင်။
ချန်ဆန်းရှီ ဇဝေဇဝါ ဖြစ်နေမိသည်။ ဤနေရာသည် လျန်ကျိုးနှင့် သိပ်မဝေးလှပေ၊ တောင်ကြီးများစွာ ခြားနေသော်လည်း သူကိုယ်တိုင်ပင် နေ့ညမနား ခရီးနှင်လာခဲ့ခြင်း မဟုတ်ပါလား။ အကယ်၍ ဤနေရာတွင် မသေမျိုးများ ရှိနေလျှင် ဘာကြောင့် ဘယ်သူမှ ရှာမတွေ့ခဲ့ကြတာလဲပြီးတော့ သူတို့ ဒီမှာ ဘာလုပ်နေကြတာလဲ..
သိသာသည်မှာ ၎င်းသည် အမှောင်ချီနှင့် ပတ်သက်နေသည်။ အဲဒီထဲမှာ မိစ္စာဂိုဏ်းက လူတွေ ပါနေမလား ဂိုဏ်းတပည့်တွေ ဆက်တိုက် အသတ်ခံနေရတာနဲ့ရော ပတ်သက်နေမလား..
များပြားလှသော သဲလွန်စများမှာ ယခုအချိန်တွင် ရှုပ်ထွေးပွေလီလှသဖြင့် ဆက်စပ်မှုကို ရှာဖွေရန် ခက်ခဲလှသည်။ ရှေ့လျှောက် ဘာတွေဖြစ်လာမလဲဆိုတာကိုသာ တွေးပူနေမိသည်။
လူသားတို့၏ ဘေးဒုက္ခ...
ဤအတွေးမှာ ချန်ဆန်းရှီ၏ စိတ်ထဲတွင် ထပ်တလဲလဲ ပဲ့တင်ထပ်နေသည်။ သူကိုယ်တိုင်လည်း ထိုလူသားများထဲမှ တစ်ဦးပင် ဖြစ်သည်။ အကယ်၍ ကမ္ဘာပျက်မတတ် ပြောင်းလဲမှုများ တကယ်ဖြစ်လာလျှင် သူတင်မကဘဲ လျန်ကျိုးရှိ လူတိုင်း လွတ်မြောက်နိုင်မည်မဟုတ်ပေ။
သို့သော်...
သိသာသည်မှာ လက်ရှိအခြေအနေသည် သူ ဝင်ရောက်ပါဝင်နိုင်သည့် အဆင့်မဟုတ်ပေ။ ချန်ဆန်းရှီသည် မဆင်မခြင် ဆက်မသွားရဲတော့ပေ။ အကယ်၍ ထို မသေမျိုးများက သူ့ကို သတိထားမိသွားလျှင် ထွက်ပြေးဖို့ အခွင့်အရေးတောင် ရလိမ့်မည် မဟုတ်ပေ။
သူသည် ယိုယိုသားရဲ၏ အလောင်းကို ကောက်ယူကာ လာခဲ့သည့်လမ်းအတိုင်း ပြန်လှည့်ခဲ့သည်။ ဆယ်ရက်ခန့်အကြာတွင် လော့ထျန့်တောင်တန်း အဝင်ဝသို့ ပြန်ရောက်သောအခါ ပစ္စည်းများသယ်ယူရန် ရှောင်ရှင်းကို ကြိုတင်လွှတ်၍ အကူအညီတောင်းခိုင်းထားခဲ့သည်မှာ ကံကောင်းသည်ဟု သူ တွေးမိလိုက်သည်။
တောင်တန်း၏ အတွင်းနယ်မြေမှ မြင်ကွင်းများမှာ သူ၏ စိတ်ထဲတွင် ရုပ်ရှင်ပြသနေသကဲ့သို့ အဆက်မပြတ် ပြန်လည်ပေါ်လာနေသည်။
"ဘယ်လိုလဲ"
အိမ်တော်သို့ ပြန်ရောက်သောအခါ အတွေးများဖြင့် လေးလံနေသော သူ့ကိုကြည့်ကာ ဧကရီဂွီထီ က နောက်ပြောင်သောလေသံဖြင့် မေးလိုက်သည် "အားလုံး မြင်ခဲ့ပြီလား"
"အဲဒါတွေက ဘာတွေလဲ"
ချန်ဆန်းရှီက မေးမြန်းလိုက်သည် "ငါ့ကိုရှင်းရှင်းလင်းလင်း ပြောပြလို့ ရမလား"
"ရှင် မြင်ခဲ့တာတွေရဲ့ အများစုက ဒီလောကက လူတွေ မဟုတ်ကြဘူး။ ရှင့်အတွက်တော့ သူတို့က မသေမျိုးတွေလို့ ခေါ်ဖို့ ထိုက်တန်ပါတယ်"
ဧကရီက အေးဆေးစွာ ပြောသည် "သူတို့က ဒီမှာ ကြီးမားတဲ့ အကြံအစည်တစ်ခုအတွက် စုရုံးနေကြတာ။ ငါ သူတို့ကို မနှောင့်ယှက်ပေမဲ့ ငါသိတာတစ်ခုက သူတို့သာ အောင်မြင်သွားရင် လျန်ကျိုးတင်မကဘူး တစ်လောကလုံး အကြီးအကျယ် ပြောင်းလဲသွားလိမ့်မယ်"
"ချင်နိုင်ငံ ကော ပါလား"
သူမက ခေါင်းညိတ်ပြလိုက်သောအခါ ချန်ဆန်းရှီက ဆက်မေးသည် "ဒါဆို ခင်ဗျားက ဝင်မတားတော့ဘူးလား"
"ငါ ဘာလို့ တားရမှာလဲ"
"ချင်နိုင်ငံလည်း ထိခိုက်မယ်လို့ ခင်ဗျား ပြောခဲ့တယ်လေ"
"ငါ ဂရုမစိုက်ဘူး"
"..."
စကား ဆက်ပြောနေလည်း အပိုပဲဆိုတာ ချန်ဆန်းရှီ သိလိုက်သည်။
"ဒီနေ့ ရှင်မြင်ခဲ့တဲ့ အခြေအနေတွေအရဆိုရင် အစ်မလန်ကို ငါနဲ့အတူ လိုက်ခိုင်းဖို့ မင်း သဘောတူပြီမလား"
ဧကရီက ထပ်ပြောသည် "ငါနဲ့ရှိနေရင် အနည်းဆုံးတော့ သူမရဲ့ အသက်ဘေးကို စိုးရိမ်စရာ မလိုဘူး။ အခြေအနေတွေ ပြန်ငြိမ်သက်သွားလို့ သူမက ရှင့်ကို တကယ် မခွဲနိုင်ဘူးဆိုရင် ငါကိုယ်တိုင် ဒီကို ပြန်လိုက်ပို့ပေးမယ်။ ဒါပေမဲ့ ပြန်ငြိမ်သက်ဖို့ဆိုတာကတော့ လုံးဝကို မဖြစ်နိုင်သလောက်ပါပဲ"
"အင်း..."
ချန်ဆန်းရှီ ငြင်းစရာ အကြောင်းမရှိပေ "အစ်မလန်ကို ခေတ္တခဏလောက် စောင့်ရှောက်ပေးပါဦး"
ဂူရှင်းလန်သည်လည်း ထိုသတင်းကို ချက်ချင်း သိရှိသွားသည်။ သူမသည် မထွက်သွားချင်ပေ "ဘာဖြစ်လို့လဲ မောင်လေးဘာလို့ အစ်မကို ပထုတ်နေတာလဲ"
"ခယ်မလေးမှာလည်း တိုင်းပြည်ရေးရာတွေ ကိုင်တွယ်စရာရှိတယ်လေ၊ ပြီးတော့ သူမကလည်း အစ်မနဲ့ မခွဲချင်ဘူးဆိုတော့ အစ်မလိုက်သွားပေးတာ အကောင်းဆုံးပေါ့"
ချန်ဆန်းရှီက အကြောင်းပြချက်တစ်ခု ပေးလိုက်သည် "ခွဲနေရတာ နှစ်တွေ အတော်ကြာပြီဆိုတော့ ညီအစ်မတွေ ပြန်ဆုံကြရအောင်လေ။ ကျွန်တော်
စိုးရိမ်တာက အစ်မချင်နိုင်ငံပြန်ရောက်ပြီး မင်းသမီးဘဝနဲ့ ချမ်းချမ်းသာသာ နေရလို့ ဒီကို ပြန်မလာချင်မှာကိုပဲ"
"ပေါက်ကရတွေ"
ဂူရှင်းလန်က မကျေမနပ်ဖြစ်ကာ သူ့လက်မောင်းကို အတင်းဆိတ်လိုက်သည်။ သူမသည် လူအ မဟုတ်ပေ။ တစ်ခုခု မှားနေပြီဆိုတာကို သူမ ရိပ်မိသည်။ ထို့ကြောင့်ပင် သူမက ပို၍ ပြဿနာမရှာတော့ဘဲ သူမ ရှိနေခြင်းက သူတို့ကို အနှောင့်အယှက် ဖြစ်စေမည်ကို နားလည်လိုက်သည်။ နားချစကားများ ပြောပြီးနောက် သူမ သဘောတူလိုက်သည်။
"သားလေး တုဟဲကော"
အစ်မလန်က မေးသည်"ကလေးက နို့မပြတ်သေးဘူးလေ"
"သူလည်း ဒီမှာ ကျန်ခဲ့မှာပါ"
ဧကရီ၏ မျက်နှာမှာ ခံစားချက်ကင်းမဲ့နေသည် "ငါက ငါ့အစ်မတစ်ယောက်တည်းကိုပဲ ခေါ်သွားမှာ"
ချန်ဆန်းရှီ သိလိုက်သည်။ သူ့ရဲ့ ခယ်မလေးဟာ သူမအစ်မအပေါ်ထားတဲ့ သံယောဇဉ်ကလွဲရင် ကျန်တဲ့အရာအားလုံးကို အေးစက်စွာ သဘောထားသူ ဖြစ်သည်။
"စိတ်မပူပါနဲ့ အစ်မလန်၊ တုဟဲကို ဒီမှာပဲ ထားခဲ့လိုက်ပါ၊ ကျွန်တော်သူ့အတွက် နို့ထိန်းတစ်ယောက် ရှာပေးလိုက်ပါ့မယ်"
"..."
မကြာမီမှာပင် အရာအားလုံး စီစဉ်ပြီးသွားခဲ့သည်။
"လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ငါ့အစ်မကို ကောင်းကောင်း စောင့်ရှောက်ခဲ့တဲ့အတွက် ရှင့်ကို ငါ လက်ဆောင်တချို့ ပေးမယ်" ဧကရီသည် သူမ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။
လှပသော ပိုးအိတ်ကြီးတစ်အိတ်မှာ ချန်ဆန်းရှီ၏ လက်ထဲသို့ ရုတ်တရက် ရောက်ရှိလာသည်။ ထိုအိတ်ထဲတွင်အလွန်သိပ်သည်းသော ချင်ရွှမ်
စွမ်းအင်ခေါ် ဝိညာဉ်စွမ်းအင်များ ရှိနေသည်ကို သူ မြင်လိုက်ရသည်။