အခန်း (၄၃၃)
Vol. 40 Ch. 433
📝အပိုင်း - ၄၃၃
ဘာသာပြန် - Na Gar🐉
"ဒီပစ္စည်းကအခု ရှင့်အတွက် အသုံးမဝင်သေးဘူး။ နောက်ပိုင်း ရှင်စစ်
နတ်ဘုရားအဆင့်ကို ရောက်တဲ့အခါမှ သုံးလို့ရမယ်။ အဲဒီအချိန်အထိ ရှင်အသက်ရှင်နေဦးမယ်ဆိုရင်ပေါ့"
ချန်ဆန်းရှီကတော့ အားနာနေမယ့်သူမဟုတ်ပေ။ သူပိုင်ဆိုင်တဲ့ ခရမ်းရောင်ချီိတွေ ကုန်ဆုံးသွားတာ ကြာပြီဖြစ်သည်။ ဘုရားကျောင်းတွေကို နန်းတွင်းအရာရှိတွေကပဲ အုပ်ချုပ်တာမို့ ခရမ်းရောင်ချီတွေ ထပ်ရဖို့ကလည်း ခက်ခဲလှသည်။ သူ့အတွက်တော့ ခရမ်းရောင်ချီဆိုတာ အစားထိုးပစ္စည်းတစ်ခုသာ ဖြစ်သည်။
ယခု ဝိညာဉ်စွမ်းအင်ကို ရရှိလိုက်ပြီဖြစ်တာကြောင့် သူသည် ချောင်ရှဲ့ ချန်ထားရစ်ခဲ့သော ဒြပ်ငါးပါးစီရင်ချက် ကျင့်စဉ်ကို လေ့ကျင့်နိုင်ပြီး မသေမျိုးလမ်းစဉ်ပေါ်သို့ စတင်တက်လှမ်းနိုင်ပြီဖြစ်သည်။ လက်ရှိအခြေအနေအရ သူသည် စစ်နတ်ဘုရားအဆင့်ကို မကျော်ဖြတ်မီမှာပင် ဤလမ်းစဉ်ကို စတင်ရန် အချိန်က ခွင့်ပြုပေးလိုက်ပုံရသည်။
လောကအဆုံးသတ် တံခါးပေါက်သည် နောက်ထပ် နှစ်ပေါင်းငါးဆယ်အကြာမှ ပွင့်မည်ဖြစ်သည်။ လော့ထျန်တောင်တန်းအတွင်းမှာလည်း မသေမျိုးတစ်စုသည် လျှို့ဝှက်ဆန်းကြယ်သော ကိစ္စရပ်များကို လုပ်ဆောင်နေကြသည်။ ဘာပဲဖြစ်ဖြစ် မသေမျိုးလမ်းစဉ်ကို စတင်လိုက်ခြင်းဖြင့် သူ့အတွက် အသက်ဘေးက လွတ်မြောက်နိုင်မယ့် နည်းလမ်းအသစ်တွေ ရရှိလာမှာဖြစ်သလို ဓားချိီမန္တန်အတွက် ခရမ်းရောင်ချီပေါ်မှာပဲ အမြဲမှီခိုနေစရာ မလိုတော့ပေ။
ညအချိန်။
ချန်ဆန်းရှီ အိပ်ခန်းထဲသို့ ဝင်လာသည်။ ဧကရီသည် စားပွဲတွင် ထိုင်ကာ လက်ဖက်ရည်ခွက်ကို ကိုင်ကစားနေရင်း "ထွက်သွား" ဟု ပြောလိုက်သည်။
"ခယ်မလေး ဒါက ငါ့အခန်းလေ ဟုတ်တယ်မလား" ဟု ချန်ဆန်းရှီက ပြောလိုက်သည်။
"ဧည့်သည်နားနေဆောင်ကို မင်းအတွက် ပြင်ထားပြီးသားပါ"
"ဟုတ်တယ် ဂွီထီ" ဟု ဂူရှင်းလန်က ထောက်ခံပြောဆိုသည်။
"မနက်ဖြန်ဆိုရင် ငါက နင်နဲ့အတူ ချင်နိုင်ငံကို ပြန်ရတော့မှာ။ ဒီညတော့မောင်လေးနဲ့ ငါ့ကို အချိန်ကောင်းလေး ရှိပါရစေဦး"
"နင်တို့မှာ နှစ်နာရီ အချိန်ရမယ်" လို့ ဧကရီက ချန်ဆန်းရှီကို မနှစ်မြို့သလို ကြည့်ရင်း ပြောလိုက်သည်။ သူမသည် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ အရှိန်ဖြင့် ပြန်ချကာ အခန်းထဲမှ ထွက်သွားတော့သည်။ ဧည့်သည်ဆောင်သို့ မသွားဘဲ ဘယ်နေရာကို သွားသည်ဆိုတာ မသိနိုင်ပေ။
"အစ်မရဲ့ညီမကတော့ ဘာတွေဖြစ်နေမှန်းကို မသိပါဘူး" လို့ ဂူရှင်းလန်က မကျေမနပ် ပြောသည်။
"သူမရဲ့တူတုဟဲကိုတောင် တစ်ချက်လှည့်မကြည့်ဘူး။ တော်တော် ထူးဆန်းတဲ့သူပဲ"
"သူမက ဧကရီဖြစ်နေလို့ နေမှာပေါ့" ဟု ချန်ဆန်းရှီက ပြောလိုက်သည်။ ဧကရီသည် သူမကိုယ်သူမ မသေမျိုးတစ်ဦးဟု မှတ်ယူထားပုံရကြောင်း သူ သိနေသည်။
"အစ်မအထင်တော့ သူကဒီနှစ်တွေထဲမှာ အတော်လေး ဒုက္ခခံခဲ့ရပုံရတယ်" လို့ ဂူရှင်းလန်က တွေးတောရင်း ပြောသည်။
"အစ်မ တုဟဲကိုပါ ခေါ်သွားချင်သေးတယ်။ ပထမအချက်က နို့ထိန်းကို မယုံတာကြောင့်ဖြစ်ပြီး ဒုတိယအချက်ကတော့ ကလေးရှိနေရင် သူမ မျက်မှောင်ကြုတ်နေတာတွေ သက်သာသွားနိုင်လို့ပဲ"
"ဒါတွေ အခု မပြောကြရအောင်"
"မင်းသမီးလေး ခင်ဗျာ"
"အင်း"
"အိပ်ရာဝင်သင့်ပြီနော်"
နောက်တစ်နေ့။ မနက်စောစော။
နွေးထွေးသော နေရောင်ခြည်သည် ပြတင်းပေါက်ကြားမှတစ်ဆင့် အခန်းထဲသို့ ရွှေရောင်အလင်းတန်းများအဖြစ် ဖြာကျနေသည်။ ကြေးမှန်ရှေ့တွင် ဂူရှင်းလန်သည် အလှပြင်ခုံ၌ ထိုင်နေပြီး သူမ၏ ရေတံခွန်ကဲ့သို့ ရှည်လျားသော ဆံနွယ်များက ပုခုံးပေါ်သို့ ဝဲကျနေသည်။
"ငြိမ်ငြိမ်နေနော်" ဟု ပြောရင်း ချန်ဆန်းရှီက သစ်သားဘီးဖြင့် သူမ၏ ဆံပင်များကို ဖြီးပေးနေသည်။
"မောင်လေး အစ်မ ခဏနေရင် တကယ်သွားတော့မှာနော်"
"အင်း သွားပါ သွားပါ"
သူတို့နှစ်ဦး၏ ရင်းနှီးကျွမ်းဝင်သော အချိန်လေး ကုန်ဆုံးသွားပြီးနောက် အနက်ရောင် ဝတ်စုံဝတ် ဧကရီသည် အသံမထွက်ဘဲ ပေါ်လာသည်။
"အစ်မ သွားကြစို့" လို့ ပြောလိုက်သည်။ သူမသည် သူမ၏အစ်မနှင့် စကားပြောသည့်အခါမှသာ အထက်စီးဆန်သော လေသံများ ခေတ္တ ပျောက်ကွယ်သွားလေ့ရှိသည်။
"အင်း" လို့ ပြောရင်း ဧကရီက သူမအစ်မ ပွေ့ချီထားသည့် တူတော်မောင်ကို ကြည့်လိုက်သည်။
"ငါတို့ သဘောတူထားတာက"
"ဒါဆိုရင် ငါမလိုက်တော့ဘူး" လို့ ဂူရှင်းလန်က မကျေမနပ် ပြောလိုက်
သည်။
"နင်က ဒီခရီးမှာ ဘယ်သူ့ကိုမှ မျက်နှာသာမပေးဘူး။ အခုလည်း ငါ့ကို ငါ့ကလေးနဲ့ ခွဲဦးမလို့လား။ သူက ခုမှ ခြောက်လကျော်ပဲ ရှိသေးတာ ငါ စိတ်မချနိုင်ဘူး။ နင် ကလေးကို ခေါ်ခွင့်မပေးရင် ငါ ဒီမှာပဲ နေခဲ့တော့မယ်"
နောက်ဆုံးတွင် ဧကရီ သဘောတူလိုက်ရသည်။ ညီအစ်မနှစ်ဦးသည် ကလေးကို ပွေ့ချီကာ ဘယ်သူ့ကိုမှ အသိမပေးဘဲ အိမ်တော်၏ နောက်ပေါက်မှ ထွက်ခွာသွားကြသည်။ ချန်ဆန်းရှီ လိုက်လံပို့ဆောင်ရန် ထွက်လာချိန်တွင် သူတို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူမက အစ်မလန်ရဲ့ ညီမအရင်းပဲလေ။ သူမရဲ့ အစွမ်းနဲ့ဆိုရင်တော့ အစ်မလန်အတွက် အကာအကွယ်တစ်ခု ဖြစ်မှာပါ။ ဒါပေမဲ့ လော့ထျန့်တောင်တန်းနဲ့ လောကအဆုံးသတ် ကိစ္စရပ်တွေအကြောင်းကိုတော့ သူ၏ စီနီယာအစ်ကိုနှင့် သေသေချာချာ ဆွေးနွေးရမည်ဖြစ်သည်။ သို့သော် သူ၏ စီနီယာအစ်ကိုနှင့် ဆရာဖြစ်သူတို့ ဆက်သွယ်မှုရသည်အထိ စောင့်ရပေဦးမည်။
ကလေးငိုသံမရှိတော့သဖြင့် အိမ်တော်ကြီးက ရုတ်တရက် တိတ်ဆိတ်သွားသည်။ ချန်ယွမ်ရှီးသည် အိမ်ရှေ့ဝင်းရှိ အဆောင်ငယ်တွင် ထိုင်ကာ စာအုပ်ကို အသံထွက်၍ ဖတ်နေသည်။ စီချင် နဲ့ မိုဟွာ တို့သည်လည်း သူတို့၏ တာဝန်အသီးသီးဖြစ်သော နံနက်စာပြင်ဆင်ခြင်းနှင့် သန့်ရှင်းရေးလုပ်ခြင်းတို့ဖြင့် အလုပ်ရှုပ်နေကြသည်။
ချန်ဆန်းရှီလည်း အလုပ်ရှုပ်နေသည်။ သူက နောက်ဖေးဝင်းတွင် သိုင်းပညာကို လေ့ကျင့်နေသည်။ ထူးဆန်းသားရဲသား၏ အထောက်အပံ့ဖြင့် သူ၏ ကျင့်စဉ်တိုးတက်မှုနှုန်းမှာ အလွန်ပင် မြန်ဆန်လာခဲ့သည်။ သူသည် ဆယ်ရက်တိုင်တိုင် တံခါးပိတ် ကျင့်ကြံခဲ့သည်။
ဟွာကျင်းအဆင့်မှ ဂန်းအဆင့်သို့ ကူးပြောင်းခြင်းသည် နက်နဲပုံရိပ်အဆင့်
ပင် ဖြစ်သည်။ ဂန်းချိီကို ရရှိလိုက်ပြီဆိုလျှင် သာမန်လူသားအဆင့် မဟုတ်တော့ပေ။ ချန်ဆန်းရှီ၏ လေ့လာချက်အရ အမွေးတိုင်နတ်ဘုရားဂိုဏ်း ဖြစ်စေ၊ မသေမျိုးရှာဖွေရေးမျှော်စင် ဖြစ်စေ အကယ်၍ သူတို့မှာ ခန္ဓာကိုယ် ကာကွယ်သည့်ပညာ မရှိဘူးဆိုလျှင် ဂန်းချိီတစ်ခုတည်းဖြင့်ပင် သူတို့၏ ရုပ်ခန္ဓာကို ဖျက်ဆီးပစ်ရန် လုံလောက်သည်။
ဝိညာဉ်ဖျက်လှံသည် စွမ်းအားများနှင့်အတူ ဟိန်းဟောက်တုန်ခါနေသည်။ ချန်ဆန်းရှီ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောကြီးငယ်များနှင့် ထူးခြားသော သွေးကြောရှစ်သွယ်တို့သည် အလုပ်ဒဏ်ပိနေသော စက်တစ်ခုကဲ့သို့ အဆက်မပြတ် အားအင်များကို ထုတ်ပေးနေသည်။ ထိုအားအင်များကို လှံကွက်များမှတစ်ဆင့် ပြန်လည်ထုတ်လွှတ်ရင်း အသက်ရှူနည်းစနစ်နှင့်အတူ လည်ပတ်စေသည်။
အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီးနောက် တစ်ခဏတွင် သူ၏ အတွင်းအားများ အားလုံး ကုန်ဆုံးသွားသည်။ အတွင်းအားမရှိသော သိုင်းပညာရှင်သည် စွမ်းအင်မရှိသော စက်ပစ္စည်းတစ်ခုကဲ့သို့ ဖြစ်သွားသည်။ ထိုအခြေအနေတွင် ချန်ဆန်းရှီသည် နက်နဲပုံရိပ်အဆင့် ကျင့်စဉ်ကို အတွင်းအားအထောက်အပံ့မပါဘဲ ကိုယ်တိုင် လည်ပတ်စေခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်တွင်းရှိ သွေးကြောများထဲသို့ ငရုတ်ဆီများ လောင်းထည့်ခံရသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ မူးဝေခြင်းနှင့် အသက်ရှူကျပ်ခြင်းတို့က ဆက်တိုက် ဖြစ်ပေါ်လာသည်။
သူသည် ဝေဝါးနေသော သတိဖြင့် အသက်ရှူစနစ်ကို ဖြည်းဖြည်းချင်း ပြန်လည်ထိန်းညှိလိုက်သည်။ လောကကြီးအတွင်းရှိ စွမ်းအင်များသည် နှာခေါင်းမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာပြီး အသုံးဝင်သော အစိတ်အပိုင်းများက လောင်စာအဖြစ် ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားကာ အသုံးမဝင်သော စွမ်းအင်များက အသက်ရှူထုတ်လိုက်သည့်အခါ အပြင်သို့ ပြန်ထွက်သွားသည်။
အသက်ရှူလိုက်တိုင်း အသုံးဝင်သော စွမ်းအင်ပမာဏမှာ အနည်းငယ်စီ တိုးလာသည်။ သူ လုံးဝ ပြိုလဲလုနီးပါး အချိန်တွင် အရာအားလုံးသည် ရုတ်တရက် ချောမွေ့သွားခဲ့သည်။ အသက်ရှူလိုက်တိုင်း ကိုးဆယ်ရာခိုင်နှုန်းကျော်မှာ အသုံးဝင်သော စွမ်းအင်များ ဖြစ်လာသည်။ ထိုလောင်စာများ၏ အကူအညီဖြင့် ရပ်တန့်နေသော သွေးကြောရှစ်သွယ် ပြန်လည်လည်ပတ်လာပြီး နဂါးစွမ်းအားများ ပြန်လည်ပေါ်ထွက်လာသည်။ သို့သော် ဤတစ်ကြိမ်တွင် ထိုစွမ်းအားများသည် အလွန်စင်ကြယ်သွားပြီး အရည်အသွေး ပြောင်းလဲသွားခဲ့သည်။ ၎င်းမှာ ဂန်းချိီပင် ဖြစ်သည်။