အခန်း (၄၃၆)
Vol. 40 Ch. 436
📝အပိုင်း - ၄၃၆
ဘာသာပြန် - Na Gar🐉
ဒီကမ္ဘာရဲ့ စာအရေးအသားတွေဟာလည်း ရုပ်ပုံစာလုံးတွေကနေ ဆင်းသက်လာတာ ဖြစ်သည်။ စာလုံးတော်တော်များများက ဆင်တူကြပြီး အချို့မှာမူ ထပ်တူပင်ဖြစ်သည်၊ "မသေမျိုး" ဆိုသည့် စာလုံးလည်း အပါအဝင်ဖြစ်သည်။
"မသေမျိုး..."
ချန်ဆန်းရှီက ပြောလိုက်သည် "တောင်တစ်တောင်ဟာ မြင့်ဖို့မလိုပါဘူး၊ မသေမျိုးတွေ နေထိုင်မယ်ဆိုရင် အဲဒီတောင်မှာ ဝိညာဉ်ရှိနေတာပါပဲ။ 'မသေမျိုး' ဆိုတဲ့ စာလုံးဟာ တောင်နက်ထဲမှာ နေထိုင်တဲ့ ရေတံခွန်အောက်က ရသေ့တစ်ဦးကို ကိုယ်စားပြုပါတယ်"
"ညီလေး... မင်းအနေနဲ့ ကွဲပြားတဲ့ ရှုထောင့်ကနေ စဉ်းစားကြည့်လို့ ရနိုင်မလား"
"ငါ့ရဲ့ အမြင်မှာတော့ 'မသေမျိုး' ဆိုတာ 'လူ' နဲ့ 'တောင်' ကို ပေါင်းစပ်ထားတာပါ"
"လူသေအလောင်းတွေ တောင်လိုပုံနေတာ၊ အဲဒါဟာ 'မသေမျိုး' ပဲ"
ဤသို့ပြောလိုက်သောအခါ မေရှောင်၏ အသံမှာ ရုတ်တရက် တည်ကြည်လေးနက်သွားသည် "လူတွေက ကောင်းကင်နဲ့ မြေကြီးလို သက်တမ်းရှည်ကြာဖို့နဲ့ ကိုယ့်ဆန္ဒအတိုင်း လွတ်လပ်စွာ ရှင်သန်နိုင်ဖို့ဟာ မသေမျိုးဖြစ်တာလို့ ပြောကြတယ်၊ တကယ်တော့ အဲဒါဟာ အဆုံးမရှိတဲ့ တစ်ကိုယ်ကောင်းဆန်မှုနဲ့ အတိုင်းအဆမရှိတဲ့ လောဘတွေထဲမှာ နစ်မွန်းနေတာထက် မပိုပါဘူး"
"ဒါကတော့ ငါ့ရဲ့ ကိုယ်ပိုင်အမြင်သက်သက်ပါ"
"ညီလေးချန် ဘယ်လိုမြင်သလဲဆိုတာကတော့ မင်းကိုယ်တိုင် မင်းရဲ့လမ်းကို လျှောက်လှမ်းပြီး အဖြေရှာရလိမ့်မယ်။ ရေစက်ရှိရင် ငါတို့ ပြန်ဆုံကြတာပေါ့၊ နှုတ်ဆက်ပါတယ်"
ထိုသို့ပြောပြီးနောက် သူ၏ ပုံရိပ်မှာ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
ချန်ဆန်းရှီ တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ သူသည် လိုက်လံရှာဖွေရင်း မော့ကြည့်လိုက်သည်။ အိမ်ရှေ့ဝင်း၏ အခြားတစ်နေရာတွင် ထိုပုံရိပ်ကိုပင် သူ မြင်လိုက်ရပြန်သည်။
သို့သော် ထိုပုံရိပ်မှာ... အရင်ကနှင့် မတူပေ။ သူ့ကို စကားပြောခဲ့သည့် မေရှောင်ထက် ပို၍ ငယ်ရွယ်ပြီး တက်ကြွနေပုံရသည်။ တစ်စုံတစ်ဦးနှင့် အပြင်းအထန် ငြင်းခုံနေသလို သို့မဟုတ် ကြီးမားသော ကတိသစ္စာတစ်ခု ပြုနေသလိုမျိုး ဟန်အမူအရာများကို မြင်နေရသော်လည်း အသံကိုမူ မကြားရပေ။
ချန်ဆန်းရှီ အနားသို့ မချဉ်းကပ်မီမှာပင် ထိုပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ အမှန်တကယ် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
"တကယ်ကို ထူးဆန်းအံ့ဩဖို့ ကောင်းတာပဲ"
သူ ထိုနေရာတွင် ကြာကြာမနေတော့ဘဲ ဘုရင်ခံအိမ်တော်မှ ထွက်ခွာကာ အိမ်သို့ တိုက်ရိုက်ပြန်ခဲ့သည်။ သူ၏ နေအိမ်ရှိ ဆိုင်းဘုတ်မှာ "ချန်အိမ်
တော်" မှသည် ဧကရာဇ် ချီးမြှင့်ထားသည့် "နယ်စားဝူယီအိမ်တော်" သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
"သခင်ကြီး"
စီချင်နဲ့မိုဟွာ တို့သည် မြင်းကို ထိန်းကျောင်းရင်း တံခါးဝတွင် ရှိနေကြသည်။ ချန်ဆန်းရှီသည် နောက်ဖေးဝင်းသို့ တိုက်ရိုက်သွားကာ စီနီယာမေ ပေးခဲ့သည့် လက်ဆောင်ကို သေချာစစ်ဆေးရန် ဝိညဥ်ပုတီးစေ့ကို ထုတ်ယူလိုက်သည်။
၎င်းမှာ ဝိညဥ်စွမ်းအင် တစ်မျှင် ဖြစ်သည်။ သို့မဟုတ် အခြားနည်းဖြင့် ပြောရလျှင် စွမ်းအားတစ်မျိုး ဖြစ်သည်။ သူသည် ၎င်းကို ထိန်းချုပ်အသုံးချရန် ကြိုးစားသော်လည်း ကျရှုံးခဲ့သည်။ ဝိညဥ်ပုတီးစေ့အတွင်းရှိ ခရမ်းရောင်ချီများကြောင့် အသုံးမပြုနိုင်ခြင်းလော သို့မဟုတ် သူ၏ လက်ရှိအဆင့်မှာထိုစွမ်းအားကို ကိုင်တွယ်ရန် မလုံလောက်သေးခြင်းလော ဆိုသည်ကို သူ မသိပေ။ သို့သော် ထိုစွမ်းအင်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်ကာ သူ၏ လက်ရှိစွမ်းဆောင်ရည်ထက် ကျော်လွန်နေကြောင်း သူ ခံစားရသည်။
"သိုင်းပညာအားလုံးကို တန်ပြန်နိုင်ခြင်း"
မသေမျိုးကျင့်စဉ်အကြောင်း စတင်သိရှိခါစ ချန်ဆန်းရှီအတွက် ဤစကားလုံးသုံးလုံးမှာ စဉ်းစားရခက်လှသည်။ အကယ်၍သာ အမှန်ဖြစ်ခဲ့လျှင် ဤမျှ အစွမ်းထက်သည့် နတ်ဘုရားစွမ်းရည်များကို ပိုင်ဆိုင်ထားသော စီနီယာမေမှာ ဘယ်သူနည်း တစ်နည်းအားဖြင့် ပြောရလျှင် သူသည်လည်း ကျင့်ကြံသူတစ်ဦး ဖြစ်ပါက မည်သည့်အဆင့်မှာ ရှိနေသနည်း ချိီသန့်စင်
ခြင်းအဆင့်လား၊ အခြေခံတည်ဆောက်ခြင်းအဆင့်လား..
ခြေရာလက်ရာမချန်ဘဲ လာခြင်း၊ သွားခြင်းကို ကြည့်လျှင် အနည်းဆုံးတော့ ရွှေရောင်အမြုတေအဆင့်တော့ ဖြစ်ရမည် မဟုတ်ပါလား..
ဤအခိုက်အတန့်တွင် ချန်ဆန်းရှီ၌ ပြင်းထန်သော ဆန္ဒတစ်ခု ဖြစ်ပေါ်လာသည်။ အကယ်၍ မသေမျိုးဖြစ်အောင် ကျင့်ကြံနိုင်မည်ဆိုပါက သူ သေချာပေါက် လုပ်ဆောင်မည်ဖြစ်သည်။ မဟုတ်လျှင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သူ၏ ကံကြမ္မာကိုပင် သူ ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ပေ။
သူသည် ဂွီထီပေးခဲ့သည့် ပိုးအိတ်ကို ထုတ်ယူလိုက်သည်။ ထိုအိတ်ထဲတွင် ကြည်လင်တောက်ပနေသော အပြာရောင် ကျောက်တုံးတစ်တုံး ပါရှိပြီး ၎င်းမှာ ဆွဲဆောင်မှုရှိကာ သိပ်သည်းသောဝိညဥ်စွမ်းအင်များဖြင့် ပြည့်နှက်
နေသည်။ ဒါဟာ ချောင်ရှဲ့ ပြောဖူးတဲ့ ဝိညာဉ်ကျောက်တုံးဖြစ်ရမည်။
နှိုင်းယှဉ်ကြည့်လျှင် မသေမျိုးရှာဖွေရေးမျှော်စင်မှာ သူရခဲ့ဖူးသည့်အရာတွေဟာ ဝိညာဉ်ကျောက်တုံး အစအနလေးတွေသာ ဖြစ်ပေလိမ့်မည်။ ပိုးအိတ်ထဲတွင် ဝိညာဉ်ကျောက်တုံးကြီးအပြင် ဝိညာဉ်ကျောက်တုံးလေး အချို့လည်း ပါရှိသည်။ ထိုကျောက်တုံးလေးများမှာ အစိမ်းရောင်ဖြစ်ပြီး ဝိညာဉ်စွမ်းအင် ပမာဏ နည်းပါးရုံတင်မက အရည်အသွေးမှာလည်း ကျောက်တုံးကြီးလောက် မကောင်းသဖြင့် အဆင့်အတန်း ကွဲပြားမှု ရှိကြောင်း သိသာလှသည်။
ဒီခယ်မလေးက တော်တော်လေး သဘောကောင်းတာပဲ။
ချန်ဆန်းရှီသည် ထိုကျောက်တုံးများအတွင်းရှိ ဝိညာဉ်စွမ်းအားများကို ခံစားကြည့်ပြီး ၎င်းတို့မှာ သူ့အတွက် အချိန်အတန်ကြာ အသုံးခံလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ သူသည် ဝိညာဉ်ကျောက်တုံးကြီးကို လက်ထဲတွင် ဆုပ်ကိုင်ကာ မျက်လုံးများကို မှိတ်လိုက်ပြီး ဒြပ်ငါးပါးဆုံးဖြတ်ချက် ကျင့်စဉ်၏ အကြောင်းအရာများကို ပြန်လည်အမှတ်ရရန် ကြိုးစားလိုက်သည်။ သူသည် စိုးရိမ်စိတ်နှင့်အတူ မျှော်လင့်ချက်များစွာဖြင့် မသေမျိုးလမ်းစဉ်ကို တရားဝင် စတင်လိုက်သည်။ သူ၏ ကျင့်ကြံခြင်း ပါရမီမှာ မည်မျှရှိသည်ကို သူ မသိပေ။
သိုင်းပညာလမ်းစဉ်ဆိုသည်မှာ သာမန်လူသားများအတွက် လောကကြီး၏ ရှုပ်ထွေးသော စွမ်းအင်များကြားမှ အခွင့်အရေးတစ်ခုကို ရယူခြင်းဖြစ်သည်။ ခန္ဓာကိုယ်၏ အကန့်အသတ်များကို အဆက်မပြတ် တွန်းအားပေးရန် ပြင်းထန်သော နာကျင်မှုများကို အံတုရင်း သာမန်လူသားအဆင့်မှ ကျော်လွန်ကာ သူတော်စင်နယ်ပယ်သို့ တက်လှမ်းခြင်း ဖြစ်သည်။ ၎င်းမှာ ကောင်းကင်ဘုံကို ဆန့်ကျင်ခြင်း ဖြစ်သည်။
မသေမျိုးလမ်းစဉ်ဆိုသည်မှာ ကျင့်ကြံသူများအတွက် လောကကြီး၏ ဝိညာဉ်စွမ်းအင်များကို ငှားယူကာ မိမိကိုယ်ကိုယ် သန့်စင်ခြင်း ဖြစ်သည်။ လူသားအဆင့်ကို စွန့်လွှတ်ကာ မသေမျိုးခန္ဓာကိုယ်ကို ရရှိရန် ကြိုးစားခြင်း ဖြစ်သည်။ ၎င်းမှာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို အသုံးချခြင်း ဖြစ်သည်။ ဝိညာဉ်စွမ်းအင်သည် ကျင့်ကြံသူများအတွက် အရေးအကြီးဆုံး အရင်းအမြစ် ဖြစ်သည်။
"ဝုန်း"
ဓားချိီမန္တန်ကို လေ့ကျင့်ခဲ့ဖူးသဖြင့် ချန်ဆန်းရှီသည် စွမ်းအင်အာရုံခံခြင်းအဆင့်ကို လျင်မြန်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။ ထို့နောက် ဒြပ်ငါးပါးစီရင်ချက်ပါ နည်းလမ်းအတိုင်း သူ၏ ဝိညာဉ်အမြစ် ပါရမီကို စတင်စမ်းသပ်လိုက်သည်။ ဝိညာဉ်စွမ်းအင် အမျှင်တန်းများသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာပြီး ဝိညာဉ်အမြစ်၏ ဆွဲဆောင်မှုဖြင့် အလွန်ရှုပ်ထွေးသော လည်ပတ်မှုစနစ်အတွင်း၌ စတင်သန့်စင်ခြင်း ခံရသည်။
မသေမျိုးကျင့်စဉ်ကို လေ့ကျင့်ရခြင်းမှာ သိုင်းပညာကဲ့သို့ မနာကျင်ပေ။ ၎င်းသည် လူတစ်ယောက်၏ စိတ်ရှည်သည်းခံမှုကို ပိုမိုစမ်းသပ်ခြင်း ဖြစ်သည်။ အချိန်များ မည်မျှကုန်လွန်သွားသည်ကို သူ မသိလိုက်ပေ။ နောက်ဆုံးတွင် ပထမဆုံးသော ဝိညာဉ်စွမ်းအင် တစ်မျှင်မှာ မြူခိုးသဏ္ဌာန်အဖြစ် သန့်စင်ပြီးသွားကာ ဒန်ထျန်အတွင်း၌ သိုလှောင်လိုက်နိုင်သည်။
[ကျင့်စဉ် - ဒြပ်ငါးပါးစီရင်ချက် (ချိီသန့်စင်ခြင်းအစောပိုင်းအဆင့် - အစမပြုရသေး)]
[ဝိညာဉ်အမြစ် - သံ၊ သစ်သား၊ ရေ၊ မီး၊ မြေ (ညံ့ဖျင်းသော အရောဝိညာဉ်အမြစ်)]
[တိုးတက်မှု့ - ၀/၁၀၀]
[စွမ်းဆောင်ရည် - မရှိ]
သံ၊ သစ်သား၊ ရေ၊ မီး၊ မြေပထမတစ်ချက်ကြည့်လိုက်လျှင် ချန်ဆန်းရှီက အားလုံးပါဝင်ပြီး ဒြပ်ငါးပါးလုံး ပြည့်စုံနေသဖြင့် သူသည် ဘက်စုံတော်သည့်သူဟု ထင်မှတ်ခဲ့သည်။ သို့သော် "ညံ့ဖျင်းသော အရောဝိညာဉ်အမြစ်" ဆိုသည့် စကားစုမှာ သိသာစွာပင် အကောင်းပြောခြင်း မဟုတ်ပေ...။
"ငါက ပါရမီရှင်တစ်ယောက် မဟုတ်ဘူးလား"
သူ အနည်းငယ် စိတ်မကောင်း ဖြစ်သွားသည်။ သိုင်းပညာနယ်ပယ်မှာတော့ သူသည် မွေးရာပါ သိုင်းသူတော်စင် ဖြစ်ခဲ့သော်လည်း မသေမျိုးလမ်းစဉ်ကို စတင်ချိန်မှာတော့ ဘာကြောင့် အနိမ့်ဆုံးအဆင့် ပါရမီရှင် ဖြစ်သွားရတာလဲကွာခြားချက်က တော်တော်လေး ကြီးမားလှသည်။
သို့သော် ချန်ဆန်းရှီသည် သူ၏ စိတ်အခြေအနေကို လျင်မြန်စွာ ပြန်လည်ထိန်းညှိလိုက်သည်။ ဒါက အရေးမကြီးပါဘူး။ ပြန်စဉ်းစားကြည့်လျှင် သူသည်လည်း အားနည်းသော စာသင်သားဘဝမှ စတင်ခဲ့ပြီး သူ၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှု့ဖြင့် ယနေ့အောင်မြင်မှုများကို ရရှိခဲ့သည် မဟုတ်ပါလား..
မသေမျိုးလမ်းစဉ်မှာလည်း ထို့အတူပင် ဖြစ်လိမ့်မည် ကြိုးစားသူကို နတ်
မင်းမတားပေ..
ထိုသို့တွေးရင်း ချန်ဆန်းရှီသည် တက်ကြွမှုများဖြင့် ပြည့်နှက်သွားသည်။ သူ ဆက်လက်လေ့ကျင့်နေခဲ့ရာ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို သူ မသိတော့ပေ။ သူ၏ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ လန်းဆန်းမှုကို ခံစားရပြီး အနည်းငယ်မျှ ပင်ပန်းနွမ်းနယ်ခြင်း မရှိပေ။
[ကျင့်စဉ် - ဒြပ်ငါးပါးစီရင်ချက်(ချိီသန့်စင်ခြင်းအစောပိုင်းအဆင့် - အစမပြုရသေး)]
[တိုးတက်မှု့ - ၄၁/၁၀၀]
[စွမ်းဆောင်ရည် - မရှိ]
"ဒေါက် ဒေါက် ဒေါက်"
"သခင်ကြီး... သခင်ကြီး အဆင်ပြေရဲ့လား"