← Chapters

အခန်း (၄၃၇)

Vol. 40 Ch. 437

အခန်း (၄၃၇)

Vol. 40 Ch. 437

📝အပိုင်း - ၄၃၇

ဘာသာပြန် - Na Gar🐉

နောက်ဖေးဝင်းတံခါးအပြင်ဘက်မှ အိမ်ဖော်မလေးနှစ်ဦး၏ အသံများကို ကြားလိုက်ရသည်။

ချန်ဆန်းရှီသည် သူ၏ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး သစ်သားတံခါးကို သွားဖွင့်ပေးလိုက်ကာ "ဘာကိစ္စရှိလို့လဲ" ဟု မေးလိုက်သည်။

"သခင်ကြီး... သခင်ကြီး အဆင်ပြေရဲ့လားဟင်..."

"ကျွန်မတို့ကို တကယ်ထိတ်လန့်စေတာပဲ"

စီချင်က သူမ၏ရင်ဘတ်ကို ပုတ်နေပြီး မိုဟွာက သက်ပြင်းချလိုက်သည်။ သူ၏ ယခုတစ်ခေါက် ကျင့်ကြံမှုမှာ ရက်အတော်ကြာ ကြာမြင့်သွားခဲ့ခြင်း ဖြစ်သည်။

ယခင်က ချန်ဆန်းရှီသည် တံခါးပိတ်ပြီး သိုင်းပညာလေ့ကျင့်လျှင်ပင် နေ့စဉ် အစားအသောက်စားရန် လိုအပ်ပြီး ၎င်းမှာ သားရဲသားနှင့် အားဖြည့်ဆေးဝါးများကဲ့သို့ ဈေးကြီးသည့် အရာများ အမြဲဖြစ်လေ့ရှိသည်။ စီချင်နှင့် မိုဟွာတို့သည် တစ်နေ့ သုံးကြိမ် အစားအသောက်များကို ဝင်းတံခါးရှေ့တွင် လာထားပေးလေ့ရှိပြီး အားလပ်သည့်အချိန်တွင် လာရောက်ယူဆောင် စားသောက်လေ့ရှိသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ... အချိန်အတော်ကြာသည်အထိ ဘာလှုပ်ရှားမှုမျှ မရှိဘဲ ပို့ထားသည့် အစားအသောက်များမှာလည်း လုံးဝမတို့မထိရသေးပေ။ သူတို့နှစ်ဦးမှာလည်း မဆင်မခြင် မနှောင့်ယှက်ရဲကြပေ။ ငါးရက် ခြောက်ရက်ခန့် စောင့်ဆိုင်းပြီးနောက် တစ်ခုခု မှားယွင်းနေမည်ကို စိုးရိမ်သဖြင့် သတ္တိမွေးကာ တံခါးခေါက်ကြည့်ခြင်း ဖြစ်သည်။

"ဘာမှမဖြစ်ပါဘူး၊ ငါ ဒဏ်ရာကုသနေတာပါ"

ချန်ဆန်းရှီက ဆင်ခြေတစ်ခု ပေးလိုက်သည် "နောက်ပိုင်းလည်း ငါ ဒီလိုမျိုး ခဏခဏ တံခါးပိတ်ကျင့်ကြံနေနိုင်တယ်၊ ငါ့ရဲ့ အစားအသောက်ကို တောင်ထဲမှာပဲ ငါဘာသာ ဖြေရှင်းမှာမို့ မင်းတို့ စိတ်မပူကြနဲ့တော့"

"ဟုတ်ကဲ့ပါ သခင်ကြီး" ဟု စီချင်နှင့် မိုဟွာတို့က ပြန်ဖြေလိုက်ကြသည်။

ပထမဆုံးအနေဖြင့် ချန်ဆန်းရှီသည် တပ်စခန်းသို့သွားကာ သူ၏လက်အောက်ငယ်သားများအတွက် ဆေးရည်အိုး အမြောက်အမြား ပြုလုပ်ပေးခဲ့သည်။ ထို့နောက် သူသည် လောကအဆုံးသတ်သို့ မထွက်ခွာမီ စီနီယာအစ်ကိုအား အသိပေးရန် ဘုရင်ခံအိမ်တော်သို့ သွားခဲ့သည်။ သူ ရည်မှန်းရာနေရာသို့ ရောက်သည့်အချိန်တွင် ချိီသန့်စင်ခြင်းအစောပိုင်းအဆင့်သို့ ရောက်ရှိလိမ့်မည်ဟု သူ ခန့်မှန်းထားသည်။ သူသာ သတိထားမည်ဆိုပါက လမ်းကြောင်းစူးစမ်းခြင်းမှာ ပြဿနာရှိမည် မဟုတ်ပေ။

"ဒီခရီးကို မင်းတစ်ယောက်တည်း သွားဖို့က အရမ်းအန္တရာယ်များလွန်းတယ် ညီလေး"

ဖန်ချင်းယွမ်က သူ၏လက်ထဲရှိ စာအုပ်ကို ချလိုက်သည် "ငါ မင်းအတွက် လူနှစ်ယောက် ရှာပေးထားတယ်၊ မင်းတို့ အချင်းချင်း စောင့်ရှောက်လို့ရအောင် အတူတူသွားကြပါ"

ချန်ဆန်းရှီက "ဘယ်သူတွေလဲ"ဟု မေးလိုက်သည်။

"နင်ရှန်နဲ့ ကျောက်ကျောက်" ဟု ဖန်ချင်းယွမ်က အေးဆေးစွာ ပြောလိုက်သည်။

"သူတို့လား"

ချန်ဆန်းရှီသည် နင်ရှန်၏ ကျွန်အဖြစ်မှ ဝယ်ယူပေးရန် တောင်းဆိုမှုကို မကြာသေးမီကပင် ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။ သူတို့က သူ၏စီနီယာအစ်ကိုထံ ချဉ်းကပ်ခဲ့ကြလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ "သူတို့က ယုံကြည်စိတ်ချရလို့လား"

"အဲဒီ နင်ရှန်က..."

ဖန်ချင်းယွန်းက အေးအေးလူလူပင် ပြောပြသည် "မူလက မသေမျိုးရှာဖွေရေးမျှော်စင်ရဲ့ ငါးဆယ်မြောက် မျှော်စင်သခင်ဖြစ်မယ့်သူပဲ၊ ဒါပေမဲ့ အခု လက်ရှိမျှော်စင်သခင်က အရင်းအမြစ်အားလုံးကို လုယူသွားခဲ့တာ။ မကြာခင်က မျှော်စင်ထဲက လူအချို့ ဇီဝေတောင်ကို သွားကြချိန်မှာ မျှော်စင်သခင်ကလည်း တခြားတစ်နေရာကို သွားနေခဲ့တယ်။ နင်ရှန်က ခံတပ်ကြီးမှာ အစောင့်အကြပ် အနည်းဆုံးဖြစ်နေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ဘိုးဘေးပိုင် ရတနာတွေနဲ့ အရင်းအမြစ်အချို့ကို ပြန်ယူလာခဲ့တာပဲ။ အခုတော့ သူမက မသေမျိုးရှာဖွေရေးမျှော်စင်ရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံနေရပြီ။ သူမ မင်းနဲ့အတူ ဒီခရီးကို ဘေးကင်းအောင် လိုက်ပါပို့ဆောင်ပေးမယ်ဆိုရင် ငါတို့ဆရာက သူမကို ကာကွယ်ပေးမယ်လို့ ငါ ကတိပေးထားတယ်။ ကျင့်ကြံသူတွေဟာ အရမ်းကောက်ကျစ်တတ်ကြတယ်၊ သူတို့လည်း အတူတူပါပဲ။ မင်း သူတို့ဆီကို နောက်တစ်ခါ ထပ်သွားပြီး စကားပြောကြည့်ပါဦး။ အကယ်၍ သူတို့က ခိုင်မာတဲ့ အာမခံချက်မျိုး ပေးနိုင်ရင်တော့ လူအဖော်ပါတာက မင်းအတွက် အကျိုးရှိလိမ့်မယ်"

"နားလည်ပါပြီ"

ထို့ကြောင့် ချန်ဆန်းရှီသည် ချက်ချင်း ထွက်မသွားသေးဘဲ ထိုညတွင်ပင် နီရောင်လက်မျှော်စင်သို့ နောက်တစ်ကြိမ် သွားခဲ့သည်။

"ဗိုလ်ချုပ်"

ယခုတစ်ကြိမ်တွင် နင်ရှန်နှင့် ကျောက်ကျောက်တို့မှာ မမျှော်လင့်ထားသကဲ့သို့ပင် အလွန်တရာ ယဉ်ကျေးပျူငှာနေကြသည်။

"ကျွန်မတို့ ဗိုလ်ချုပ်ကို ဂါရဝပြုပါတယ်" ဟု နင်ရှန်က ရိုရိုသေသေ ဦးညွှတ်လိုက်သည်။ ကျောက်ကျောက်ကလည်း သူမ၏ လှုပ်ရှားမှုများမှာ အနည်းငယ် အဆင်မပြေသော်လည်း လိုက်၍ ဦးညွှတ်သည်။

"ဗိုလ်ချုပ်" နင်ရှန်ကအလွန်နှိမ့်ချသော လေသံဖြင့် ပြောသည် "ဗိုလ်ချုပ်မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေမှန်း ကျွန်မ သိပါတယ်၊ ဒါကြောင့် ဗိုလ်ချုပ်ဖန်ဆီ ကျွန်မ သွားခဲ့တာပါ။ အခုတော့ ဗိုလ်ချုပ်ဖန်က ဗိုလ်ချုပ်ရဲ့ ဆရာ့ကိုယ်စား သဘောတူပေးလိုက်ပါပြီ။ ဗိုလ်ချုပ်အနေနဲ့ ကျွန်မတို့ကို အခွင့်အရေးတစ်ခု ပေးလို့ မရဘူးလားဟင်"

"တကယ်တော့ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေ အပြန်အလှန် ဆက်ဆံဖူးကြတော့ မင်းတို့နဲ့ ငါနဲ့ကြားမှာ ရင်းနှီးမှု အနည်းအကျဉ်းတော့ ရှိပါတယ်" ချန်ဆန်းရှီက ခေတ္တရပ်လိုက်သည် "ဒါပေမဲ့ မင်းတို့ကို ငါ ဘယ်လိုယုံကြည်ရမှာလဲ"

ဇီဝေတောင်တွင် ဖြစ်ပျက်ခဲ့သည်များမှာ သူ၏စိတ်ထဲတွင် ထင်ထင်ရှားရှား ရှိနေဆဲပင်။ ထိုစဉ်က သူသည် မသေမျိုးရှာဖွေရေးမျှော်စင်နှင့် ရိုးရိုးသားသား ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မိန်းမစိုးတစ်ဦး၏ အသက်ကိုပင် ကယ်တင်ခဲ့သေးသည်၊ သို့သော် သူ ဘာပြန်ရခဲ့သနည်း နောက်ကျောကို ဓားနှင့် ထိုးခြင်းပင် ဖြစ်သည်။ ရှေ့တွင်ရှိနေသည့် အမျိုးသမီးနှစ်ဦးမှာ အန္တရာယ်မရှိပုံပေါ်နေရုံနှင့် သူတို့၏ ကတိစကားများကို ချန်ဆန်းရှီ လွယ်လွယ်နှင့် မယုံကြည်နိုင်ပေ။ ယခင်တစ်ခေါက်က အမွေအနှစ်ပစ္စည်းများသာ ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ သူသည် လောကအဆုံးသတ်သို့ သွားရမည်ဖြစ်ပြီး ကျင့်ကြံခြင်းလောက အတွင်းသို့ ခြေဆန့်ရပေလိမ့်မည်။ ကျင့်ကြံသူတစ်ဦးအတွက် ဆွဲဆောင်မှုမှာ အလွန်ကြီးမားလှကြောင်း သူ ကောင်းကောင်းသိသည်။ ထို့ကြောင့် သစ္စာဖောက်ခံရနိုင်ခြေမှာ အလွန်ကြီးမားလှသည်။

"ဗိုလ်ချုပ်... ကျွန်မ အတည်ပြောနေတာပါ" နင်ရှန်၏ မျက်လုံးများတွင် မျက်ရည်များ ဝိုင်းလာပြီး သနားစဖွယ် အသနားခံလိုက်သည် "ဗိုလ်ချုပ်သာ ကျွန်မကို လက်ခံမယ်ဆိုရင် ကျွန်မ ဘာမဆို ပေးဆပ်ဖို့ အသင့်ပါပဲ"

"မင်း ဒီလိုမျိုး ဆက်လုပ်နေမယ်ဆိုရင်တော့ ငါတို့ စကားဆက်ပြောနေဖို့ မလိုတော့ဘူး" ချန်ဆန်းရှီက လှည့်ထွက်ရန် ပြင်လိုက်သည်။

သူ သတိထားမိလိုက်သည်။ နင်ရှန်သည် ခေါင်းငုံ့၍ စကားပြောနေစဉ် သူမအတွင်းရှိ ဝိညာဉ်စွမ်းအင်များကို သိမ်မွေ့စွာ အသုံးချနေသည်၊ ၎င်းမှာ လူတစ်ဦး၏ စိတ်ကို ရှုပ်ထွေးစေသည့် မှော်အတတ်လေးတစ်ခု ဖြစ်နိုင်ပြီး သူမကိုယ်သူမ ပို၍ သနားစဖွယ် ဖြစ်အောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။

"နေပါဦး"

နင်ရှန်သည် သူမ၏ အကြံအစည်ကို မြင်လိုက်မှန်း သိသွားသည်။ သူမသည် ဆုံးဖြတ်ချက်ချလိုက်ပုံရကာ "ကျွန်မ သွေးကတိသစ္စာ ပြုလုပ်ဖို့ အသင့်ပါပဲ၊ လိုလိုလားလားနဲ့ ကျွန်တစ်ယောက် ဖြစ်ပေးပါ့မယ်" ဟု ပြောလိုက်သည်။

"သွေးကတိသစ္စာ" ချန်ဆန်းရှီ ခေါင်းညိတ်လိုက်သည်။

"ဆက်ပြောပါဦး"

"ဗိုလ်ချုပ်က သွေးကတိသစ္စာဆိုတာ ဘာလဲဆိုတာ သိမှာမဟုတ်ပါဘူး" နင်ရှန်က အလေးအနက် ရှင်းပြသည်။

"အထူးပြုလုပ်ထားတဲ့ စက္ကူနဲ့ မင်၊ ပြီးတော့ ကျင့်ကြံသူရဲ့ အနှစ်သာရသွေးနဲ့ မှော်ဂါထာကို သုံးပြီး ကောင်းကင်ဘုံကို ကျိန်ဆိုရတာပါ။ အဲဒီကတိတွေကို သေချာပေါက် တည်ရပါမယ်။ အကယ်၍ တစ်စုံတစ်ဦးက ကတိဖျက်ခဲ့ရင် နိမ့်တဲ့အဆင့်မှာရှိတဲ့ ကျင့်ကြံသူအတွက် အသက်အန္တရာယ်အထိ ထိခိုက်စေနိုင်ပါတယ်"

"ဆရာ..." ဤစကားကို ကြားသောအခါ ကျောက်ကျောက်၏ မျက်နှာမှာ ပျက်သွားသည်။

"ဆရာ... ဆရာ အဲဒီလို..."

"ပါးစပ်ပိတ်စမ်း"

နင်ရှန့်က ဆက်ပြောသည် "ဗိုလ်ချုပ်သာ သဘောတူမယ်ဆိုရင် ကျွန်မရဲ့ အသက်က ဗိုလ်ချုပ်အပိုင် ဖြစ်သွားပါပြီ။ ဘယ်လိုလဲဟင်"

"ဒါက ထိုက်တန်လို့လား" ချန်ဆန်းရှီက ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

"ကိုယ့်အသက်ကို သူတစ်ပါးလက်ထဲ အပ်လိုက်တာနဲ့ သေတာနဲ့ ဘာကွာလို့လဲ"

"ဘယ်လိုပဲဖြစ်ဖြစ် သေရမှာအတူတူ ဘာလို့ အသက်ရှင်ဖို့အတွက် မတိုက်ပွဲဝင်ရမှာလဲ" နင်ရှန်၏ မျက်နှာမှာ နာကျည်းမှုများဖြင့် ပြည့်နှက်သွားပြီး "ကျွန်မမှာ တောင်းဆိုချက် တစ်ခုပဲ ရှိပါတယ်။ အကယ်၍ ကျွန်မ တကယ် သေသွားခဲ့ရင် ကျွန်မရဲ့ ကိုယ်ပေါ်က ဘိုးဘေးပိုင်ပစ္စည်းကို ဖျက်ဆီးပစ်ပါ၊ ဒါမှမဟုတ် ဗိုလ်ချုပ်က ကိုယ်တိုင်သုံးချင်တယ်ဆိုရင်လည်း သိမ်းထားပါ၊ ပြီးတော့ တစ်နေ့မှာ ဗိုလ်ချုပ်သာ အစွမ်းထက်လာခဲ့ရင် ကျွန်မအတွက် လက်စားချေပေးပါ... အနည်းဆုံးတော့ အဲဒီပစ္စည်းကို သူတို့လက်ထဲ မရောက်ပါစေနဲ့" ဟု ပြောလိုက်သည်။

ချန်ဆန်းရှီ သိလိုက်သည်။ ဤအမျိုးသမီးသည် မသေမျိုးရှာဖွေရေးမျှော်စင်၏ အရှင်သခင်အပေါ် အမှန်တကယ် နက်ရှိုင်းသော နာကျည်းမှု ရှိနေခြင်း ဖြစ်သည်။

အကယ်၍ ထိုသို့သာဆိုလျှင် သွေးကတိသစ္စာ၏ အမှန်တရားကို သူ အတည်ပြုပြီးသည်နှင့် သဘောတူကောင်း တူနိုင်ပေသည်။ ၎င်းမှာ သူတစ်ပါး၏ အသက်ကို လက်ဝါးကြီးအုပ်ချင်၍ မဟုတ်ဘဲ "တစ်ခါခံဖူးလျှင် နောက်တစ်ခါ ကြောက်တတ်သည်" ဆိုသကဲ့သို့ပင် ဖြစ်သည်။ အချိန်တန်၍ အမှန်တကယ် အပြန်အလှန် ယုံကြည်မှု ရရှိလာသည့်အခါမှ ထိုကတိသစ္စာကို ဖျက်သိမ်းလိုက်လျှင်လည်း မနောက်ကျသေးပေ။

All Chapters