အခန်း (၄၃၉)
Vol. 40 Ch. 439
📝အပိုင်း -၄၃၉
ဘာသာပြန် - Na Gar🐉
"မသေမျိုးထိန်းချုပ်ခြင်း" လား။
ဒါဟာ "စစ်သည်ကွပ်ကဲခြင်း" နဲ့ ဆင်တူတာလား။
ချန်ဆန်းရှီသည် စစ်တပ်ထဲဝင်ပြီး စစ်သည်များကို လေ့ကျင့်ပေးပြီးနောက်တွင် "စစ်သည်ကွပ်ကဲခြင်း" ကျွမ်းကျင်မှုကို ရရှိခဲ့သည်။ ယခုမူ သူ၏လက်အောက်တွင် ကျင့်ကြံသူ နှစ်ဦး ရှိနေပြီဖြစ်ရာ "မသေမျိုးထိန်းချုပ်ခြင်း" ကို ရရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ၎င်းမှာ သာမန်
ကျွမ်းကျင်မှု့မဟုတ်ဘဲ နတ်ဘုရားစွမ်းရည်ဖြစ်နေသည်။ ၎င်းမှာ မျှော်လင့်မထားသော်လည်း ဖြစ်သင့်ဖြစ်ထိုက်သည့် အခြေအနေပင်။
...
တစ်နာရီအကြာတွင် ချန်ဆန်းရှီက သူတို့ကို ရပ်တန့်ရန် ပြောလိုက်သည်။ သာမန်စစ်သည်များပင် ဖြစ်ပါစေ တစ်ရက်တည်းနှင့် ကျွမ်းကျင်ရန် မလွယ်ကူသလို မသေမျိုးဖွဲ့စည်းပုံမှာလည်း ထို့အတူပင်ဖြစ်သည်။ အခြေခံအကျဆုံးဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှု တစ်ခုသည်ပင် အချင်းချင်း ဟန်ချက်ညီစေရန် အချိန်အတန်ကြာ လိုအပ်လှရာ တစ်ညတည်းနှင့်တော့ မဖြစ်နိုင်ပေ။
[နတ်ဘုရားစွမ်းရည် - မသေမျိုးထိန်းချုပ်ခြင်း (အစမပြုရသေး)]
[တိုးတက်မှု့ - ၅/၁၀၀]
[စွမ်းဆောင်ရည် - မရှိသေးပါ]
အခြေခံအဆင့်သို့ ရောက်ရှိသွားလျှင် မည်သို့သော အကျိုးသက်ရောက်မှုများ ရှိလာမည်ကိုတော့ မသိရသေးပေ။
ချန်ဆန်းရှီ ရွေးချယ်ခဲ့သည့် ဖွဲ့စည်းပုံမှာ "ပန်းသုံးပွင့် ဝိညာဉ်စုစည်းမှု့"ဟု ခေါ်ပြီး ရိုးရှင်းသည့် ဖွဲ့စည်းပုံတစ်ခု ဖြစ်သည်။ ၎င်း၏ ရည်ရွယ်ချက်မှာ တစ်ခုတည်းသာ ရှိသည်၊ ကူညီပေးသည့် ကျင့်ကြံသူနှစ်ဦးက သူတို့၏ ဝိညာဉ်စွမ်းအင်များကို ဖွဲ့စည်းပုံ၏ ဗဟိုချက်တွင်ရှိသူအတွက် လွှဲပြောင်းပေးခြင်းဖြစ်သည်။ သို့မှသာ ဖွဲ့စည်းပုံ၏အချက်အချာ ကျင့်ကြံသူအနေဖြင့် ပိုမို ကြာရှည်ခံသော စွမ်းအားကို ရရှိမည်ဖြစ်သည်။ ၎င်းမှာ သွေးသန့်စင်ခြင်း သိုင်းပညာရှင်တစ်ဦးက ဂန်းချိီကို ပိုမိုရရှိရန် အခြားသူ၏ သွေးချင်းအားအင်ကို ငှားယူခြင်းနှင့် ဆင်တူသည်။
အရိုးရှင်းဆုံး ပြောရလျှင် "ပါဝါဘဏ်"တစ်ခုကဲ့သို့ပင်။
ဒါကလည်း မတတ်နိုင်ပေ။ သူတို့၏ အရေအတွက်မှာ နည်းပါးလွန်းလှသည်။ အကယ်၍ လူခုနစ်ဦးသာ စုစည်းနိုင်မည်ဆိုလျှင် အနည်းဆုံးတော့ "ကောင်းကင်ဘုံ ကြယ်ခုနစ်ပွင့်ဖွဲ့စည်းပုံ"ကို သုံးနိုင်မည်ဖြစ်သော်လည်း ယခုမူ လူသုံးဦးတည်းသာ ရှိကာ အဆင့်အတန်းမှာလည်း နိမ့်ပါးနေကြသဖြင့် အသုံးပြုနိုင်သည့် ဖွဲ့စည်းပုံများမှာ ကန့်သတ်ချက် ရှိနေသည်။ လက်ရှိအခြေအနေတွင် ဤဖွဲ့စည်းပုံမှာ အတော်လေး လက်တွေ့ကျလှသည်။
နောက်တစ်နေ့ အရုဏ်မတက်မီမှာပင် သူတို့သည် ခရိုင်ဝန်အိမ်တော်မှ ပြင်ဆင်ပေးထားသည့် ရထားလုံးကို စီးနင်းကာ လျန်ကျိုး မြို့မှ တိတ်တဆိတ် ထွက်ခွာလာခဲ့ကြပြီး မှောင်မည်းနေသော တောရိုင်းမြေများအတွင်းသို့ ပျောက်ကွယ်သွားခဲ့ကြသည်။
"လောကအဆုံးသတ်"
နင်ရှန်က ကြိုတင်စီစဉ်ထားသည်"ဗိုလ်ချုပ်... ဗိုလ်ချုပ်ပြောပြတဲ့အတိုင်းဆိုရင် ကျွန်မတို့အတွက် အမြန်ဆုံးနည်းလမ်းက ရေလမ်းပါပဲ။ ဒုက္ခခံနိုင်မယ်ဆိုရင်တော့ ကုန်းလမ်းရော ရေလမ်းရော သုံးပြီး သွားမယ်ဆိုရင် တစ်လအတွင်းမှာ တောင်ဘက်ပင်လယ် ဆိပ်ကမ်းကို ရောက်နိုင်ပါတယ်။ အဲဒီရောက်ရင် လှေတစ်စီးရှာပြီး ပင်လယ်ထဲ ထွက်ရမှာပါ။ ရည်မှန်းရာနေရာကို ရှာတွေ့ဖို့ နောက်ထပ် နှစ်လ သုံးလလောက် ကြာဦးမယ်လို့ ခန့်မှန်းရပါတယ်၊ ဒါကလည်း လမ်းကြောင်းမှန်ကို ရှာတွေ့ဖို့ ကံကောင်းမယ်ဆိုရင်ပေါ့။ ကျွန်မတို့ အိပ်မက်မက်ခဲ့ကြတဲ့ မသေမျိုးလမ်းစဉ်ကို ရှာဖွေဖို့ ဒီတိုက်ကြီးကနေ ထွက်ခွာသွားရမယ်ဆိုတာ တကယ်ကို မျှော်လင့်မထားတဲ့ အချက်ပါပဲ"
ချန်ဆန်းရှီသည် ရထားလုံးအတွင်း မျက်လုံးများကို မှိတ်ကာ အနားယူနေရင်း မေးလိုက်သည်"မင်းတို့ အရင်က တစ်ခါမှ မကြိုးစားဖူးဘူးလား"
"သေချာပေါက် လူအချို့ ကြိုးစားခဲ့ဖူးတာပေါ့" ဟု နင်ရှန်က ခပ်တိုးတိုး ပြောသည်"ဒါပေမဲ့ ပင်လယ်ထဲ ထွက်သွားတဲ့သူ အများစုက ဘယ်တော့မှ ပြန်မလာတော့ဘူး။ လူတိုင်းက ပင်လယ်ထဲမှာ အန္တရာယ်တွေ အများကြီး ရှိတယ်လို့ ထင်ကြပြီး နောက်ပိုင်းမှာ ဘယ်သူမှ မစဉ်းစားကြတော့ဘူး။ အခုကြည့်ရရင်တော့ အဲဒီလူတွေဟာ အောင်မြင်သွားတာ ဒါမှမဟုတ် လောကအဆုံးသတ်မှာ တစ်ခုခု ဖြစ်သွားတာ ဖြစ်ရမယ်။ အများစုကတော့ ဒုတိယအချက် ဖြစ်နိုင်ခြေ ပိုများပါတယ်"
"ဒါနဲ့... ကျွန်မမှာ ဗိုလ်ချုပ်ကို သတင်းပေးစရာ နောက်တစ်ခု ရှိပါသေးတယ်။ မသေမျိုးရှာဖွေရေးမျှော်စင်ရဲ့ အတွင်းပိုင်းက လူတွေဟာ မကြာသေးခင်က တော်တော်လေး လှုပ်ရှားနေကြပြီး တစ်စုံတစ်ခုကို အနှံ့အပြား လိုက်ရှာနေကြတယ်၊ ဒါဟာ ဇီဝေတောင်ကိစ္စနဲ့ တစ်ချိန်တည်းမှာ ဖြစ်နေတာပါ"
"ပိုပြီး တိတိကျကျ ပြောစမ်းပါ"
ချန်ဆန်းရှီက ပြောလိုက်သည်"ချောင်ရှဲ့ရဲ့ အမွေအနှစ်နဲ့ ဆင်တူတဲ့ အရာတစ်ခုခုလား"
"ဘယ်သူသိမှာလဲ"
နင်ရှန်က အံကြိတ်ရင်း ပြောသည်"အဲဒီ ခွေးက ကျွန်မကို အပြင်ထုတ်ထားတာ ကြာပြီလေ၊ သူတို့က ဒီလိုကိစ္စမျိုးတွေကို ကျွန်မကို ပေးသိမှာ မဟုတ်ဘူး"
"လူပုံအလယ်မှာ ငါ့ကို ဗိုလ်ချုပ်လို့ မခေါ်နဲ့" ဟု ချန်ဆန်းရှီက ပြောလိုက်သည်။ သူသည် တိတ်တဆိတ် ထွက်လာခြင်း ဖြစ်သဖြင့် သူ၏ အထောက်အထားကို မဖော်ပြလိုပေ။
"နားလည်ပါပြီ သခင်~"
"..."
အနီးဆုံး သင်္ဘောကျင်းသို့ ရောက်သောအခါ စတုတ္ထစီနီယာအစ်ကိုက သင်္ဘောကို ကြိုတင်ပြင်ဆင်ပေးထားသည်။ သူတို့ ဘာမှ စိတ်ပူစရာမလိုဘဲ တောင်ဘက်သို့ တိုက်ရိုက် ဦးတည်နိုင်ခဲ့ပြီး တောင်ဘက်ပင်လယ် ဆိပ်ကမ်းသို့ ဆက်သွားခဲ့ကြသည်။
ခရီးစဉ်မှာ ငြီးငွေ့စရာ ကောင်းလှသည်။ သိုင်းပညာ လေ့ကျင့်ခြင်း၊ ကျင့်ကြံခြင်းနှင့် ဖွဲ့စည်းပုံကို လေ့ကျင့်ခြင်းတို့မှလွဲ၍ ဘာမှမရှိပေ။ မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်လ ကုန်ဆုံးသွားခဲ့သည်။
ချန်ဆန်းရှီ၏ မသေမျိုးနယ်ပယ် ကျင့်ကြံမှုမှာ တက်လှမ်းရန် အရေးကြီးသည့် အချိန်သို့ ရောက်ရှိလာသည်။ သူ၏ ဝိညာဉ်အမြစ်၏ လမ်းညွှန်မှုဖြင့် သွေးကြောလည်ပတ်မှုစနစ်အတွင်း အဆက်မပြတ် သန့်စင်ခဲ့ရာမှ တစ်ခဏတွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အချိတ်အဆက်တစ်ခု ပွင့်သွားသကဲ့သို့ ခံစားလိုက်ရပြီး ဒန်ထျန်အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို လွတ်လပ်စွာ အသုံးပြုနိုင်လာခဲ့သည်။
[ကျင့်စဉ် - ဒြပ်ငါးပါးစီရင်ချက် (ချိီသန့်စင်ခြင်းအစောပိုင်းအဆင့် (ပထမအဆင့်)]
[တိုးတက်မှု့ - ၀/၅၀၀]
[စွမ်းဆောင်ရည် - ဒြပ်ငါးပါးပြည့်စုံခြင်း၊ အမြင့်ဆုံးအောင်မြင်မှု့]
[ဒြပ်ငါးပါးပြည့်စုံခြင်း - ဝိညာဉ်အမြစ်တွင် ဒြပ်ငါးပါးလုံး ရှိနေခြင်းကြောင့် အခြေခံကျင့်ကြံမှုမှာ နက်နဲလှသော်လည်း တိုးတက်မှုနှုန်း နှေးကွေးသည်။ အမြင့်ဆုံးအောင်မြင်မှု ရရှိရန်အတွက် သတ်မှတ်ထားသည့် ဝိညာဉ်အမြစ် တစ်ခုတည်းကိုသာ သုံးသည့် ကျင့်စဉ်တစ်ခုကို ရွေးချယ်
လေ့ကျင့်နိုင်သည်]
ဒါက...
ချန်ဆန်းရှီသည် သူ၏ အတွေ့အကြုံများအရ ဤအသုံးအနှုန်း၏ အဓိပ္ပာယ်ကို လျင်မြန်စွာ နားလည်လိုက်သည်။ ခရီးလမ်းတွင် သူသည် နင်
ရှန်နှင့် ဆွေးနွေးခဲ့ဖူးသည်။ ဝိညာဉ်အမြစ်၏ အရည်အသွေးသည် ကျင့်ကြံသူများအတွက် သိုင်းပညာရှင်များ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကဲ့သို့ပင် အရေးပါသည်။ ဝိညာဉ်အမြစ်များကို ညံ့ဖျင်း၊ အောက်တန်း၊ အလယ်တန်း၊ ထိပ်တန်းနှင့် ကောင်းကင်အဆင့် ဟူ၍ ခွဲခြားထားသည်။ ထိုအဆင့်များအပြင် တစ်ခုတည်းသော ဝိညာဉ်အမြစ် နှင့် အရောဝိညာဉ်အမြစ် ဟူ၍လည်း ရှိသည်။
အမည်နှင့်အညီ အရောဝိညာဉ်အမြစ်ဆိုသည်မှာ ဓာတ်အမျိုးမျိုး ရောယှက်နေခြင်း ဖြစ်သည်။ ဝိညာဉ်အမြစ်တွင် ပါဝင်သည့် ဓာတ်များလေ ကျင့်ကြံမှုနှုန်း နှေးကွေးလေ ဖြစ်သည်။ ၎င်းမှာ သစ်ပင်တစ်ပင်တည်းကို ပြုစုခြင်းနှင့် ငါးပင်ကို ပြုစုခြင်း ကွာခြားချက်ကဲ့သို့ပင် ဖြစ်ပြီး တစ်ခုချင်းစီအတွက် အာဟာရပမာဏ ကွဲပြားစွာ လိုအပ်သည်။ အကယ်၍ ဝိညာဉ်အမြစ် အရည်အသွေးကပါ နိမ့်နေမည်ဆိုလျှင်... ကျင့်ကြံမှုနှုန်းမှာ သစ်ပင်တက်နေသည့် ခရုတစ်ကောင်ကဲ့သို့ အလွန်အမင်း နှေးကွေးနေပေလိမ့်မည်။
ချန်ဆန်းရှီတွင်မူ ထိုအားနည်းချက် ငါးခုလုံး ရှိနေသည်။ သူသည် ဓာတ်ငါးပါးလုံး ရှိနေရုံတင်မကဘဲ သူ၏ ဝိညာဉ်အမြစ် အရည်အသွေးမှာလည်း ညံ့ဖျင်းသောအဆင့် ဖြစ်နေသည်။ သို့သော် သူ၏ အတိတ်အတွေ့အကြုံများအရ ကြိုးစားအားထုတ်မှု ရှိနေသရွေ့ သူ၏ ခန္ဓာကိုယ်သည် ကျင့်စဉ်နှင့် အကိုက်ညီဆုံး ဖြစ်လာအောင် ပြောင်းလဲပေးမည် ဖြစ်သည်။
[ဒြပ်ငါးပါးပြည့်စုံခြင်း]
ဤအသုံးအနှုန်း၏ အနှစ်သာရမှာ အကယ်၍ သူသည် ဓာတ်တစ်ခုတည်းကိုသာ သုံးသည့် ကျင့်စဉ်ကို လေ့ကျင့်မည်ဆိုပါက သက်ဆိုင်ရာ ဝိညာဉ်အမြစ်၏ အရည်အသွေးကို အမြင့်ဆုံးအထိ မြှင့်တင်နိုင်မည်ဖြစ်ပြီး ထိပ်တန်းအဆင့်သို့ ရောက်ရှိပါက နောက်ထပ် ဝိညာဉ်အမြစ်တစ်ခုကို မြှင့်တင်ရန် ကျင့်စဉ်တစ်ခုသို့ ပြောင်းလဲနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဥပမာအားဖြင့် သစ်သားဓာတ်ကျင့်စဉ်ကို လေ့ကျင့်ခြင်းသည် သူ၏ ဝိညာဉ်အမြစ်ရှိ သစ်သားဓာတ်ကို တိုးတက်စေမည် ဖြစ်သည်။
"ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ကိုယ်ပိုင်ကြိုးစားမှုအပေါ်မှာပဲ မူတည်နေတာပါပဲ..."
"အစပိုင်းမှာတော့ လမ်းခရီးက ပိုပြီး ခက်ခဲလိမ့်မယ်၊ ဇွဲရှိဖို့ လိုအပ်တယ်"
ချန်ဆန်းရှီသည် မိမိကိုယ်ကိုယ် အားပေးလိုက်သည်။ နောက်ထပ်အချက်တစ်ခုမှာ ကျင့်ကြံခြင်းလမ်းစဉ်သည် အဆုံးမရှိပေ။ နယ်ပယ်တစ်ခုကို ကျော်ဖြတ်ရန် နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်နှင့်ချီ၍ ကြာတတ်သည်။ ချိသန့်စင်ခြင်းအဆင့်ကို အစောပိုင်း၊ အလယ်ပိုင်းနှင့် နှောင်းပိုင်းဟူ၍ ထပ်မံခွဲခြားထားပြီး အဆင့် ၁ မှ ၉ အထိ ရှိသည်။ အဆင့် ၃ ဆင့် ကျော်ဖြတ်တိုင်း နယ်ပယ်တစ်ခု တိုးတက်ခြင်းဖြစ်ကာ ဝိညာဉ်အမြစ်၏ အရည်အသွေးကို တစ်ကြိမ် မြှင့်တင်ခွင့် ရရှိမည်ဖြစ်သည်။
ယခုအခါတွင်မူ သူသည် ချိီသန့်စင်ခြင်း ပထမအဆင့်သို့ ရောက်ရှိနေသည့် အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။