အခန်း (၄၄၀)
Vol. 40 Ch. 440
📝အပိုင်း - ၄၄၀
ဘာသာပြန် - Na Gar🐉
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ချန်ဆန်းရှီသည် "အဆုံးမရှိ အတိုင်းအဆမရှိ" ဆိုသည့် စကားလုံးများ၏ အဓိပ္ပာယ်ကို တဖြည်းဖြည်း နားလည်လာခဲ့သည်။ နောက်ထပ် ဆယ်ရက် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ တိုးတက်နှုန်းမှာမူ အလွန်ပင် သေးငယ်လှသည်။
[ကျင့်စဉ် - ဒြပ်ငါးပါးစီရင်ချက် (ချိီသန့်စင်ခြင်း အစောပိုင်းအဆင့် - ပထမ)]
[တိုးတက်မှု့ - ၁၀/၅၀၀]
ထို့တင်မကသေးဘဲ ဂွီထီ ပေးခဲ့သည့် အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံးမှာလည်း လျင်မြန်စွာ ကုန်ဆုံးနေပြီး နယ်ပယ်တစ်ခု မကျော်ဖြတ်မီမှာပင် ကုန်သွားနိုင်သည့် အခြေအနေ ရှိနေသည်။
"ရှင့်ကိုပေးတဲ့ ဒီအလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံးတစ်တုံးကအောက်တန်းစား ဝိညာဉ်ကျောက်တုံး တစ်ရာနဲ့ ညီမျှပါတယ်။ ရှင့်ကိုပေးတဲ့သူက တကယ်ကို သဘောကောင်းတာပဲ။ လမ်းစဉ်ထဲကို စဝင်ပြီးရင် ဒီတစ်တုံးတည်းနဲ့တင် အကြာကြီး အသုံးခံရမှာ။ ဒါပေမဲ့..."
နင်ရှန်က ရှင်းပြသည် "ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်ပဲ ရှိရှိ၊ အကြာကြီး သုံးမယ်ဆိုရင်တော့ မခံနိုင်ပါဘူး။ ဒါကြောင့်လည်း ကျွန်မတို့ မသေမျိုးရှာဖွေရေးမျှော်စင်က မသေမျိုးနယ်ပယ်ထဲကို ဝင်ရောက်ဖို့ တောင့်တနေကြတာပေါ့။ အဲဒီက ကမ္ဘာကြီးမှာတော့ ဝိညာဉ်စွမ်းအင်တွေနဲ့ ပြည့်နှက်နေတယ်လို့ ပြောကြတယ်"
"အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံး"
ချန်ဆန်းရှီသည် သူ၏ အရင်းအမြစ်များကို စစ်ဆေးကြည့်လိုက်သည်။ အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံး တစ်တုံး၊ အောက်တန်းစား ဝိညာဉ်ကျောက်တုံး ငါးတုံးနှင့် နင်ရှန်ဆီမှ ရရှိသည့် နှစ်တုံး၊ စုစုပေါင်း အောက်တန်းစား ဝိညာဉ်ကျောက်တုံး ခုနစ်တုံး ရှိသည်။ ဤအရာအားလုံးမှာ အရေးကြီးသော အရင်းအမြစ်များဖြစ်သဖြင့် သေချာစွာ စီမံခန့်ခွဲရမည်ဖြစ်သည်။
"ဒြပ်ငါးပါးစီရင်ချက်ချက်" အတွင်း၌လည်း မန္တန်အနည်းငယ် ပါဝင်ပြီး အချို့မှာ တိုက်စစ်အတွက်ဖြစ်ကာ အချို့မှာ ခံစစ်အတွက် ဖြစ်သည်။ တိုက်ခိုက်သတ်ဖြတ်ခြင်း ကဏ္ဍတွင်မူ ချန်ဆန်းရှီ၌ ဓားချီမန္တန်ရှိနေပြီးသား ဖြစ်ရာ သူ အမှန်တကယ် လိုအပ်နေသည်မှာ ခံစစ်နည်းစနစ်များပင် ဖြစ်သည်။
၎င်းတို့အထဲတွင် "သိပ်သည်းသော မြေကမ္ဘာစီရင်ချက်" ဟု အမည်ရသည့် ခံစစ်ဂါထာတစ်ခု ပါဝင်သည်။ ၎င်းမှာ မိမိရှေ့တွင် ဝိညာဉ်စွမ်းအားဖြင့် ကာကွယ်ရေး အတားအဆီးတစ်ခုကို ဖန်တီးကာ မန္တန်ဖြင့် တိုက်ခိုက်မှုတစ်ကြိမ်ကို ခုခံနိုင်စွမ်း ရှိသည်။ ၎င်းကို ချိီသန့်စင်ခြင်းအစောပိုင်းအဆင့်တွင် အလွန်ကောင်းမွန်သော ဂါထာတစ်ခုဟု ယူဆကြသော်လည်း အားနည်းချက်မှာ တစ်ကြိမ် ပျက်ပြားသွားပြီးနောက် ပြန်လည်အသုံးပြုရန် အချိန်ယူရခြင်းနှင့် ဝိညာဉ်စွမ်းအား အမြောက်အမြား ကုန်ဆုံးခြင်းတို့ကြောင့် ကျင့်ကြံသူများအတွက် အဆက်မပြတ် သုံးရန် ခက်ခဲခြင်းပင် ဖြစ်သည်။ ယေဘုယျအားဖြင့် အသက်ဘေးအန္တရာယ် ကြုံရသည့် အရေးကြီးသော အခိုက်အတန့်များတွင်သာ တိုက်ခိုက်မှုများကို ပိတ်ဆို့ရန် အသုံးပြုကြသည်။
ဤဂါထာမှာလည်း အခြေခံတစ်ခုဖြစ်သဖြင့် သိပ်မခက်ခဲလှပေ။ နာရီဝက်အတွင်းမှာပင် သူ အောင်မြင်စွာ သင်ယူနိုင်ခဲ့သည်။
[မန္တန် - သိပ်သည်းသောမြေကမ္ဘာစီရင်ချက် (အခြေခံအဆင့်)]
[တိုးတက်မှု - ၀/၅၀၀]
[အစွမ်း - မပြိုကွဲဘဲ သိုလှောင်ထားနိုင်ခြင်း]
[မပြိုကွဲဘဲ သိုလှောင်ထားနိုင်ခြင်း - ဝိညာဉ်စွမ်းအား ဆက်လက်စီးဆင်းနေသရွေ့ အတားအဆီးမှာ ပျက်စီးခြင်း မရှိဘဲ နဂိုအတိုင်း တည်ရှိနေမည်]
သာမန်ကျင့်ကြံသူ၏ မြေကမ္ဘာစီရင်ချက်မှာ တစ်ကြိမ်သုံး အတားအဆီးနှင့် တူသော်လည်း သူ၏လက်ထဲတွင်မူ ၎င်းမှာ ဝိညာဉ်စွမ်းအား ဆက်လက်ပေးပို့နေသရွေ့ နက်နဲသံမဏိ ဒိုင်းလွှားတစ်ခုကို အမြဲကိုင်ထားရသကဲ့သို့ပင် ဖြစ်သည်။
ထို့ပြင် ချန်ဆန်းရှီ ခံစားသိရှိလိုက်သည်မှာ မြေကမ္ဘာစီရင်ချက်၏ ခံစစ်
စွမ်းအားမှာ နက်နဲပုံရိပ်အဆင့်ရှိ သိုင်းပညာရှင်တစ်ဦး၏ ကာကွယ်ရေးဂန်းချိီထက် အနည်းငယ် ပိုမိုအားကောင်းသော်လည်း အလွန်အမင်း ကွာခြားခြင်း မရှိပေ။ ၎င်းမှာ ခန္ဓာကိုယ် ကာကွယ်ရေးကို အဓိကထားသည့် သိုင်းပညာရှင်တစ်ဦး၏ ကာကွယ်ရေးဂန်းချိီနှင့် အကြမ်းဖျင်း တူညီလှသည်။
ဤရှုထောင့်မှ ကြည့်လျှင် သိုင်းပညာမှာလည်း အလွန်အမင်း အားနည်းလှသည်တော့ မဟုတ်ပေ။ အခြေအနေ အတော်များများတွင် သူတို့က "မသေမျိုး" များကို မယှဉ်နိုင်ရခြင်းမှာ မသေမျိုးများ၏ ထူးဆန်းသော နည်းစနစ်များကြောင့်သာ ဖြစ်သည်။ ဓားချီမန္တန်ကိုဆိုလျှင် ကာကွယ်ရန် အလွန်ပင် ခက်ခဲလှသည်။
ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ သိုင်းပညာရှင်တစ်ဦးသည် ကျင့်ကြံသူတစ်ဦးအနားသို့ ချဉ်းကပ်နိုင်မည်ဆိုပါက သာမန်ကျင့်ကြံသူတစ်ဦးမှာ
ဂန်းချိီ၏ ဒဏ်ကို သေချာပေါက် ခံနိုင်လိမ့်မည် မဟုတ်ပေ။ စစ်နတ်ဘုရားများအကြောင်းမူ ပြောနေစရာပင် မလိုတော့ပါ၊ သူတို့၏ အတွင်းအားမှာ မန္တန်အချို့ကို တိုက်ရိုက်ခုခံနိုင်စွမ်း ရှိသည်ကို ဇီဝေတောင်မှ စီနီယာအစ်ကိုကြီးလူကျိီ၏ လုပ်ဆောင်ချက်များကို ကြည့်၍ သိနိုင်သည်။
စစ်နတ်ဘုရားအဆင့်ထက် မြင့်မားသူများကိုမူ ဆိုဖွယ်ရာ မရှိတော့ပေ။ ချောင်ရှဲ့၏စာတွင် ဖော်ပြထားသည့်အတိုင်း စစ်နတ်ဘုရားအဆင့်ထက် ကျော်လွန်သွားပါက ကျင့်ကြံခြင်းလောကတွင် နေရာတစ်ခု ရရှိနိုင်ပေလိမ့်မည်။ သို့သော် မည်မျှအထိကျော်လွန်ရမည်ကိုမူ အသေးစိတ် ရှင်းပြထားခြင်း မရှိပေ။ ချိသန့်စင်ခြင်းအဆင့်တွင် ကြီးမားသောအောင်မြင်မှု သို့မဟုတ် ပြီးပြည့်စုံခြင်း အဆင့်များမှာပင် အကန့်အသတ် မဟုတ်နိုင်သေးပေ။
ဒါတွေအားလုံးကတော့ ချန်ဆန်းရှီ၏ အတွေ့အကြုံများအပေါ် အခြေခံသည့် ခန့်မှန်းချက်များသာ ဖြစ်သည်။ တကယ့်အခြေအနေမှာ မည်သို့ရှိသည်ကိုမူ ကျင့်ကြံခြင်းလောကအကြောင်း သူကိုယ်တိုင် သိရှိလာသည့် အချိန်အထိ စောင့်ရပေဦးမည်။
တောင်ဘက်သို့ ဆက်လက်ခရီးနှင်နေစဉ်တွင်လည်း သူ၏ သိုင်းပညာလေ့ကျင့်မှုကို လျစ်လျူမရှုခဲ့ပေ။
[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံ(နက်နဲပုံရိပ်အဆင့်-အခြေခံ)]
[တိုးတက်မှု့ - ၂၆၀/၅၀၀]
နောက်ဆုံးတွင် စာဖတ်ခြင်း ရှိသည်။ ဤစွမ်းရည်မှာ သူ စာအုပ်အမြောက်အမြား ဖတ်ရှုခဲ့ပြီးကတည်းက တိုးတက်မှု လုံးဝရပ်တန့်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ဓားချီမန္တန်ကြောင့် ကျင့်ကြံခြင်းလောကရှိ ကွဲပြားသော စာအရေးအသားများနှင့် စတင်တွေ့ကြုံရချိန်တွင်မှ ပြန်လည်လှုပ်ခတ်လာခဲ့သည်။
[စွမ်းရည် - စာဖတ်ခြင်း (သေးငယ်သော အောင်မြင်မှု့)]
[တိုးတက်မှု့ - (၆၅၅/၈၀၀)]
စာဖတ်ခြင်း၏ အကျိုးသက်ရောက်မှုမှာ ခုနစ်ပေါက်ရှိသောထူးခြားသည့်နှလုံးသား ကဲ့သို့ပင် သိုင်းပညာများကဲ့သို့ မျက်မြင်ထင်ရှား မပြသော်လည်း ၎င်း၏ အခန်းကဏ္ဍမှာ ကြီးမားလှသည်။ ၎င်းသည် အခြေခံအားဖြင့် ကျင့်ကြံမှုပုံစံအားလုံးကို ဖြည့်ဆည်းပေးပြီး ထိရောက်မှုကို များစွာ မြှင့်တင်ပေးသည်။
"ဟူး"
ချန်ဆန်းရှီသည် လေပူများကို မှုတ်ထုတ်လိုက်ပြီး လေကောင်းလေသန့် ရရှိရန် ကုန်းပတ်ပေါ်သို့ တက်လာခဲ့သည်။ သူ၏ ရှေ့မှောက်ရှိ အဆုံးမရှိသော ကန်ကြီးနှင့် ကမ်းပါးနှစ်ဖက်ရှိ တောင်တန်းများကို ကြည့်ကာ မေးလိုက်သည် "အခု ငါတို့ ဘယ်နား ရောက်နေပြီလဲ"
သင်္ဘောကို မောင်းနှင်နေသူမှာ ဘုရင်ခံအိမ်တော်မှ စေလွှတ်လိုက်သော လျှို့ဝှက်အစောင့်များ ဖြစ်ကြပြီး အားလုံးမှာ မဟာသွေးကြောအဆင့်အထက်တွင် ရှိကြသည်။ နှစ်ပေါင်းများစွာအတွင်း ဘုရင်ခံအိမ်တော်သည်လည်း ကိုယ်ပိုင်အင်အားစုများကို စုဆောင်းထားခဲ့ရာ စီနီယာအစ်ကိုကြီး စေလွှတ်လိုက်သော သူများမှာ အသေခံစစ်သည်များကဲ့သို့ပင် နှုတ်လုံပြီး နာခံမှု ရှိကြသည်။
"သခင်ကြီးကို တင်ပြပါတယ်"
ဓားတစ်လက် ကိုင်ဆောင်ထားသည့် အမှုထမ်းက လာရောက်အစီရင်ခံသည် "ကျွန်တော်တို့ အခု ဟဲကျိုးမှာ ရောက်နေပါတယ်။ ဒီ မိုင်ရှစ်ရာကျော် ရှည်တဲ့ ကန်ကြီးကို ကျော်ဖြတ်ပြီးရင်တော့ ပင်လယ်ထဲ ထွက်ဖို့ အနီးဆုံးဆိပ်ကမ်းကို ရောက်ဖို့ ကုန်းလမ်းကနေ နောက်ထပ် တစ်လခွဲလောက်ပဲ သွားရပါတော့မယ်"
"ဟဲကျိုး"
မြေပုံမှာ ချန်ဆန်းရှီ၏ စိတ်ထဲတွင် မှတ်သားထားပြီးသား ဖြစ်သည်။ ဤနေရာမှာ ကျန်းနန်မင်းသား၏ နယ်မြေဖြစ်သည်။ မကြာသေးမီက နန်ရွှီ၏ တစ်သောင်းကျော်သော စစ်တပ်ကြီး အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် ဖန်ညီအစ်ကိုများ ဖြစ်ကြသည့် ရှုကျန်း နှင့် ကျိုရှောင်တို့မှာ သေဆုံးခဲ့ခြင်း မရှိပေ။ ယင်းအစား ယဇ်ပူဇော်ပွဲအပြီးတွင် သူတို့ကို နန်ရွှီသို့ ပြန်လည်စေလွှတ်ကာ အကျိုးအမြတ်များစွာနှင့် လဲလှယ်ခဲ့ကြသည်။ ပြင်းထန်သော ရှုံးနိမ့်မှု ဖြစ်ခဲ့သော်လည်း ဤနှစ်ဦးမှာ သူတို့မိသားစု၏ သြဇာအာဏာကြောင့် ပြင်းထန်သော ပြစ်ဒဏ်နှင့် မရင်ဆိုင်ခဲ့ရပေ။ ရန်ကျင်ရွှမ်၏ ဖခင်ဖြစ်သူ၊ တစ်ချိန်က အနားယူသွားခဲ့သည့် ကျုံးဟူ သာလျှင် လောကထဲသို့ ပြန်လည်ဝင်ရောက်လာကာ တစ်စုံတစ်ခုကို အကြီးအကျယ် လုပ်ဆောင်ရန် ပြင်ဆင်နေပုံရသည်။
"သခင်ကြီး... ကုန်းပတ်ပေါ်မှာ အကြာကြီး မနေသင့်ပါဘူး၊ ဒီနေရာက သိပ်ပြီးတော့ မအေးချမ်းလှဘူး"
အမှုထမ်းက အကြံပြုသည် ဒီကန်ကို လျန်ရှန်းရေကန်လို့ ခေါ်ပါတယ်။ အရင်နှစ်တွေတုန်းက တူးမြောင်းဖောက်လုပ်နေတဲ့ အရပ်သားတစ်စုဟာ ပုန်ကန်ပြီး ဒီကို ဆုတ်ခွာလာခဲ့ကြတာပါ။ နောက်ပိုင်းမှာ နန်ရွှီရဲ့ ထောက်ပံ့မှုနဲ့ အခြေကျသွားခဲ့ကြတယ်။ အခုဆိုရင် သူတို့မှာ စစ်သည် ခုနစ်သောင်းလောက် ရှိနေသလို၊ ဒေသခံ သူပုန်ဂိုဏ်းတွေက ပို့လိုက်တဲ့ ဗိုလ်ချုပ်တွေနဲ့ နန်ရွှီက မှော်ဆရာတွေလည်း ရှိနေကြတယ်။ ခိုင်ခံ့တဲ့ ခံစစ်အနေအထားကြောင့်လည်း သူတို့ကို အလွယ်တကူ တိုက်ခိုက်ဖို့ မလွယ်ကူပါဘူး"
"လျန်ရှန်း ရေကန်..."
ချန်ဆန်းရှီက စိတ်ဝင်စားသွားပြီး လောကကြီးမှာ ထူးဆန်းအံ့ဩစရာတွေနဲ့ ပြည့်နှက်နေပါလားဟု တွေးတောမိလိုက်သည်။