အခန်း (၄၃၁)
Vol. 40 Ch. 431
📝အပိုင်း - ၄၃၁
ဘာသာပြန် - Na Gar🐉
"ဟေး...ခယ်မလေးက အခုထိ မအိပ်သေးဘဲ မိုးလင်းအောင် စောင့်နေတာလား"
ချန်ဆန်းရှီ က စကားပြောရင်း အိမ်ဝင်းထဲသို့ တိုက်ရိုက် ခုန်ဆင်းရန် ပြင်လိုက်သည်။
"ပြည့်တန်ဆာအိမ်ကလား"
ဧကရီ၏ မျက်လုံးများက အနည်းငယ် နှိမ့်ဆင်းသွားပြီး သူမ၏ လေသံမှာ အရှင်သခင်မတစ်ဦး၏ အရှိန်အဝါများ ပါဝင်နေသည် "ရှင့်ရဲ့အိမ်မှာ ငါ့အစ်မရှိတယ်၊ စီနီယာအစ်မတစ်ယောက်လည်း ရှိတယ်၊ ဒါတောင် ရှင်က အိမ်ပြန်ရောက်တာနဲ့ ပြည့်တန်ဆာအိမ်ကို တန်းသွားတာလား"
"ခယ်မလေးရယ်... မင်းမှာကော အချောင်နှိုက်မယ့် ယောက်ျားလေးအဖော် တွေ မရှိဘူးလား"
ချန်ဆန်းရှီက အကျိုးအကြောင်း ရှင်းပြမနေတော့ပေ။ ဧကရီသည် မျက်လုံးများကို မှိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ နေလိုက်သည်။
ထိုသို့နှင့် မကြာမီမှာပင် အပြင်ဘက်တွင် မိုးလင်းစပြုလာသည်။
ဧကရီသည် နှစ်နာရီပင် ပြည့်အောင် မနားရသေးသော ချန်ဆန်းရှီက လေးနှင့် မြားကိုယူကာ မြင်းပေါ်တက်၍ အိမ်မှ ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။
"လော့ထျန်တောင်တန်းကိုလား"
...
"ဝိညာဉ်သစ်သား"
ရှောင်ရှင်းကို စီးနင်းရင်း ချန်ဆန်းရှီသည် သူ၏ ခရီးစဉ်ရည်ရွယ်ချက်ကို စိတ်ထဲမှ ကြိုတင်စီစဉ်နေသည်။ ဝိညာဉ်သစ်သားကို သေချာပေါက် ခုတ်ရမည်။ ထို့နောက် ထူးဆန်းသားရဲကိုလည်း တတ်နိုင်သမျှ များများ အမဲလိုက်ရမည်။
သူသည် ယခုလအတွင်း နက်နဲပုံရိပ်အဆင့်သို့ အရောက်တက်လှမ်းရန် ကြိုးစားနေခြင်း ဖြစ်သည်။ နောက်ဆုံးအနေဖြင့် သူသည် တောင်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်ကာ သူ့ကိုယ်သူ ဘေးကင်းအောင် ဂရုစိုက်ရင်း အတွင်းထဲမှာ ဘာတွေရှိနေသလဲဆိုတာကို သိအောင် စူးစမ်းလိုသည်။
"သွားကြစို့"
တောင်ခြေသို့ ရောက်သောအခါ ချန်ဆန်းရှီသည် မြင်း၏ကျောကို ပုတ်ကာ ရှောင်ရှင်းကို ဘေးကင်းသော နေရာတစ်ခုတွင် စောင့်နေရန် အချက်ပြလိုက်သည်။ ထို့နောက် သူ၏ လေးကို လွယ်ကာ တောအုပ်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားတော့သည်။
ပထမတောင်တန်းကို ကျော်ဖြတ်ခဲ့ပြီး မကြာမီမှာပင် အဆိပ်ငွေ့များ ဖုံးလွှမ်းနေသည့် ကျိုကျန့်တောင်သို့ ရောက်ရှိလာသည်။
ဒီတစ်ခါတော့ ချန်ဆန်းရှီက ပိုပြီး အသင့်ပြင်ထားသည်။ သူယူလာသော အဆိပ်ငွေ့ကာကွယ်သည့် ဆေးလုံးများမှာ ငွေဒင်္ဂါး ရာနှင့်ချီ တန်ကြေးရှိသဖြင့် အဆိပ်ငွေ့ဒဏ်ကို လုံးဝ မခံစားရပေ။ ထို့ပြင် သူ၏ မှတ်ဉာဏ်ကို အသုံးချကာ ဝိညာဉ်သစ်သားရှိရာကိုလည်း လွယ်လွယ်ကူကူ ရှာတွေ့ခဲ့သည်။
သူ၏လက်ထဲရှိ သံမဏိလေးကို လပြည့်ဝန်းကဲ့သို့ အပြည့်ဆွဲလိုက်ပြီးနောက် အားအင်များ စုစည်းထားသော ဝိညာဉ်သစ်သားမြား ကို ရုတ်တရက် ပစ်လွှတ်လိုက်သည်။
"ဝုန်း"
သစ်ခေါင်းထဲတွင် အိပ်မောကျနေသော ဝက်ဝံနက်ကြီးမှာ နာကျင်စွာ အော်ဟစ်လိုက်သည်။
"မသေဘူးလား၊ ဒီလောက်ထိ ခံနိုင်ရည်ရှိတာလား"
ချန်ဆန်းရှီက နောက်ထပ် မြားတစ်စင်းကို ချက်ချင်း ထပ်ပစ်လိုက်သည်။
"ချွင်"
ဒီတစ်ခါတော့ သတ္တုချင်း ရိုက်ခတ်သံ ထွက်ပေါ်လာသည်။ ထို့နောက် သစ်ခေါင်းထဲမှ အနက်ရောင် အရိပ်တစ်ခုသည် မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် ထွက်ပေါ်လာပြီး သူ့အနားသို့ ချက်ချင်း ရောက်ရှိလာသည်။
၎င်းမှာ ဝက်ဝံနက်ကြီး တစ်ကောင်ဖြစ်သည်။
ထူးခြားသည်မှာ ထိုဝက်ဝံမှာ ဘုန်းကြီးဝတ်စုံ ဝတ်ဆင်ထားပြီး လက်ထဲတွင်လည်း ဘုန်းကြီးသုံး ဇန်တောင်ဝှေးတစ်ချောင်းကို ကိုင်ထားသည်။ ကြည့်ရသည်မှာ ခန္ဓာကိုယ် တုတ်ခိုင်ထွားကျိုင်းသည့် သိုင်းပညာရှင်တစ်ဦးနှင့် တူလှသည်။ ဝက်ဝံ၏ လက်သည်းများက တောင်ဝှေးကို ဝှေ့ယမ်းလိုက်ရာ လေတိုးသံများ ထွက်ပေါ်လာပြီး အရှိန်အဟုန်ပြင်းစွာဖြင့် ရိုက်ချလိုက်သည်။
"ဒိုင်း.."
ဝိညာဉ်ဖျက်လှံနှင့် ခုခံလိုက်ပြီး မြားမှန်ထားသော ဝက်ဝံနက်မှာ ချန်ဆန်းရှီ၏ တိုက်ခိုက်မှုကို မယှဉ်နိုင်ဘဲ နောက်သို့ ယိုင်သွားကာ ဟာကွက် ပေါ်သွားသည်။ ပြန်မတိုက်နိုင်ာမီမှာပင် ခန္ဓာကိုယ်၏ အချက်အချာ နေရာများမှာ လှံချက်ကြောင့် အပေါက်များ ဖြစ်သွားပြီး သွေးများ ပန်းထွက်လာသည်။ ၎င်းသည် ဝမ်းနည်းဖွယ် အော်ဟစ်ကာ မြေပြင်ပေါ်သို့ ပြိုလဲသွားပြီး အသက်ပျောက်သွားတော့သည်။ သန်မာလှသော ဝက်ဝံနှလုံးသားမှာမူ ဆက်လက် ခုန်လှုပ်နေဆဲပင်။
"ချွင်.."
ချန်ဆန်းရှီသည် ကျန်းယွဲ့ဓားကို ထုတ်ကာ သစ်ပင်ကို ခုတ်ထစ်လိုက်ပြီး ဝိညာဉ်သစ်သားများကို အပိုင်းပိုင်း ခွဲလိုက်သည်။ ၎င်းတို့ကို အပြင်သို့ သယ်ထုတ်ကာ သိမ်းဆည်းရန် နေရာရှာဖွေခြင်းကပင် အားအင် တော်တော်ကုန်စေသည်။
ထို့နောက်မှ သူသည် တောနက်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဆက်လက် ဝင်ရောက်ခဲ့သည်။ အတိတ်ကာလကဆိုလျှင် ဝက်ဝံနက်ကဲ့သို့ ထူးဆန်းသားရဲတစ်ကောင် ရလိုက်သည်နှင့် လုံလောက်ပြီဖြစ်သော်လည်း ယခုအခါတွင်မူ ထိုအရာက သူ့အတွက် မထူးခြားတော့ပေ။
သူသည် ဝိညာဉ်စပါးနှင့် ရတနာဆေးဝါးများ ရှိနေသော်လည်း ထူးဆန်းသားရဲကို အမဲလိုက်ခြင်းဖြင့် သူ၏ ကျင့်စဉ်တိုးတက်မှုကို ပိုမိုမြန်ဆန်စေလိုသည်။ ထို့ပြင် မြက်ခင်းပြင်သို့ စစ်ချီရမည့် စစ်ဆင်ရေးအတွက်လည်း ပိုမိုသန်မာသော အစွမ်းများ လိုအပ်သည်။
ဒသမ တောင်တန်း..
သူသည် တစ်ဖန် ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်ခဲ့သည်။ ခြေလှမ်း တစ်ရာခန့် လှမ်းတိုင်း အစွမ်းမတူညီသော အဆိပ်သားရဲများနှင့် တွေ့ဆုံရသဖြင့် နောက်ပိုင်းတွင် အချိန်ကုန်သက်သာစေရန် သူတို့နှင့် မတွေ့အောင် တမင် ရှောင်ရှားခဲ့သည်။
ခြေလှမ်းအနည်းငယ် ထပ်လှမ်းပြီးနောက်...
ရှေ့ဘက်မှ ပြေးလွှားသံနှင့် လိုက်လံဖမ်းဆီးသံများ ထွက်ပေါ်လာသည်။ သူ့မျက်လုံးထဲတွင် အနက်ရောင် အငွေ့အသက် အချို့နှင့် အပြာနုရောင် အငွေ့အသက်တစ်ခုကို မြင်တွေ့နေရသည်။
ခန္ဓာကိုယ်တစ်ခုလုံး အကြေးခွံများ ဖုံးလွှမ်းနေပြီး မျက်လုံးနီနီများ ရှိသည့် ဧရာမ ဝံပုလွေမိစ္စာလေးငါးကောင်မှာ ထူးဆန်းသော သားရဲတစ်ကောင်ကို လိုက်လံဖမ်းဆီးနေသည်ကို သူ တွေ့လိုက်ရသည်။ ထိုသားရဲမှာ မြင်းနှင့်တူသော်လည်း သိုး၏မျက်လုံးများ ရှိကာ ဦးခေါင်းတွင် ဦးချိုလေးခု ပါရှိသည်။ နွားအမြီးရှိပြီး ခွေးဟောင်သံကဲ့သို့ အသံထွက်သည်။
၎င်းမှာ ယိုယိုဖြစ်သည်။ ချန်ဆန်းရှီသည် "တောင်တန်းနှင့် မြစ်ချောင်းများ ခရီးသွားမှတ်တမ်း" ထဲတွင် ထိုရှားပါးသားရဲအကြောင်း ဖတ်ဖူးသည်။ ၎င်း၏ အသားမှာ ဂန်းချိ ကို အားဖြည့်ပေးရာတွင် အလွန်အသုံးဝင်သည်။
ယိုယိုသည် ဝံပုလွေမိစ္စာများ၏ တိုက်ခိုက်မှုကို ခံနေရသဖြင့် ထွက်ပြေးရင်း ပြန်လည်ခုခံနေသည်။ သို့သော် ထိုဝံပုလွေများမှာ စနစ်တကျ ရှိလှပြီး နှစ်ကောင်မှာ ရှေ့မှ ပိတ်ဆို့ထားကာ ၎င်း၏ ထွက်ပြေးလမ်းကို လုံးဝ ပိတ်ထားလိုက်သည်။
"ဝှစ်.."
မြားတစ်စင်းသည် ဝံပုလွေယုတ်တစ်ကောင်၏ ဟနေသော ပါးစပ်ထဲသို့ တိတိကျကျ ရောက်ရှိသွားသည်။ ထို့နောက် ဒုတိယမြား၊ တတိယမြား...။ အသက်ရှူနှစ်ကြိမ်စာ အချိန်အတွင်းမှာပင် ဝံပုလွေမိစ္စာအားလုံး မြေပြင်ပေါ်တွင် အသက်ပျောက်သွားကြသည်။
"ဝုတ် ဝုတ်.."
အသက်ဘေးမှ လွတ်မြောက်သွားသော ယိုယိုသည် ဝမ်းသာအားရ နှစ်ကြိမ်ခန့် ဟောင်လိုက်သည်။ ထို့နောက်မှ သူ့ကို လေးနှင့်မြားဖြင့် ချိန်ရွယ်ထားသော လူသားကို မြင်လိုက်ရသည်။
"ဝှစ်—"
မြားတစ်စင်းမှာ ဦးခေါင်းခွံကို ဖောက်ဝင်သွားပြီး ၎င်းကို ချက်ချင်း သေဆုံးစေလိုက်သည်။ ချန်ဆန်းရှီသည် ထိုအလောင်းကို အနီးအနားရှိ သစ်ခေါင်းတစ်ခုထဲတွင် ဝှက်ထားကာ ကျောက်တုံးကြီးတစ်ခုဖြင့် ပိတ်လိုက်ပြီး အတွင်းထဲသို့ ဆက်လက် ဝင်ရောက်ခဲ့သည်။
ဧကဒသမ တောင်တန်း..
ဒွါဒသမ တောင်တန်း၊ အလွန်နက်ရှိုင်းသော အတွင်းပိုင်း နယ်မြေသို့ပင် ရောက်ရှိလာသည်။
"ဝုန်း—"
နားကွဲမတတ် ဟိန်းသံနှင့်အတူ ပြင်းထန်သော စွမ်းအင်တစ်ခု ပြေးဝင်လာသည်။
"ဝှစ်—"
ချန်ဆန်းရှီ ပစ်လိုက်သော မြားမှာ ချက်ချင်းပင် ကျိုးသွားသည်။ သူသည် အချိန်မဖြုန်းတော့ဘဲ လှံကိုကိုင်ကာ တိုက်ရိုက်ပင် ရှေ့တက်လိုက်သည်။ ခုခံလိုက်သည့်အခါတွင်မူ အနည်းငယ် ခက်ခဲနေသည်ကို သူ သတိထားမိလိုက်သည်။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပြီး သူ၏ ဝရဇိန်ခန္ဒါမှာလည်း ဆက်တိုက် တုန်ခါနေသည်။
သူ သေသေချာချာ ကြည့်လိုက်သည်။ ၎င်းမှာ ဧရာမ တီကောင်ကြီးနှင့် တူသော်လည်း ရောင်စုံငှက်မွှေးများ ဖုံးလွှမ်းနေပြီး အလျား ဆယ်ပေကျော် ရှည်လျားသည်။ အမြီးမှာ ခန္ဓာကိုယ်ထက်ပင် ရှည်လျားသည်။ ဤသားရဲ ကျိုးဝူဟာ နက်နဲပုံရိပ်အဆင့်သိုင်းပညာရှင်တွေအတွက် အလွန် အထောက်အကူပြုသည်။
ထို့ပြင် ၎င်း၏ အစွမ်းမှာ သာမန် နက်နဲပုံရိပ်အဆင့်သိုင်းပညာရှင်တစ်ဦးနှင့် ရင်ဘောင်တန်းနိုင်သည်။ သာမန်သိုင်းပညာရှင်များ တောင်နက်ထဲသို့ မဝင်ရဲခြင်းမှာ အဆိပ်သားရဲများကြောင့်တင်မကဘဲ အချိန်မရွေး ထိပ်တန်းသိုင်းပညာရှင်များနှင့် စွမ်းအားတူသည့် ထူးဆန်းသော သားရဲများနှင့် တွေ့ဆုံနိုင်သောကြောင့် ဖြစ်သည်။
ချန်ဆန်းရှီမှာမူ သူ့တွင် မသေမျိုးရတနာ ဆန်းကြယ်မီးတောက်ရှိနေသဖြင့် ဝင်ရဲခြင်း ဖြစ်သည်။ သို့သော် မလိုအပ်ဘဲ ထိုမီးကို အသုံးမပြုလိုပေ။ အဘယ်ကြောင့်ဆိုသော် တစ်ခါ ရှို့လိုက်လျှင် အရာအားလုံး ပြာဖြစ်သွားမည် ဖြစ်သောကြောင့်ပင်။
"ဝုန်း ဝုန်း ဝုန်း"
လက်ရှိအခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲ စဉ်းစားနေစဉ်မှာပင် ခြေဖဝါးအောက်ရှိ မြေပြင်မှာ အနည်းငယ် တုန်ခါလာသည်။
"ဝုန်း.."
ကျိုးဝူသည် တစ်စုံတစ်ခုကို ကြောက်ရွံ့သွားပုံရကာ ဟိန်းဟောက်လိုက်ပြီးနောက် လှည့်၍ ထွက်ပြေးသွားတော့သည်။