အခန်း (၄၄၁-၄၄၂)
Vol. 45 Ch. 441-442
အခန်း(441)
လင်းရန်က ခေါင်းဖြီးနေရင်းဖြင့် စုန့်ရှီးယန်၏ စကားကို ကြားလိုက်ရသောကြောင့် ပြန်ပြောရန်အတွက် လှည့်ကြည့်လိုက်ချိန်တွင် စုန့်ရှီးယန်မှာ အိပ်ရာပေါ်တွင် လှဲလျက် အိပ်ပျော်သွားပြီဖြစ်ကြောင်း မြင်လိုက်ရလေသည်။
ဘယ်လောက်တောင် ပင်ပန်းနေမှ ချက်ချင်းကြီး အိပ်ပျော်သွားရတာလဲ။
အဘယ်ကြောင့်မှန်း မသိသော်လည်း ဤသို့အိပ်ပျော်နေသော စုန့်ရှီးယန်ကို မြင်သည့်အချိန်တွင် လင်းရန် စိတ်မကောင်းဖြစ်သွားမိရသည်။
တစ်ချိန်တည်းမှာပင် မနေ့က အဖွားဝူ ပြောခဲ့သည့် စကားများကိုလည်း ပြန်လည်တွေးတောမိလာခဲ့လေ၏။
စုန့်ရှီးယန်၏ အလုပ်မှာ အိပ်ချိန်၊ နားချိန်ပင် မရှိရလောက်အောင် ပင်ပန်းလွန်းသည်။
သူ၏မိသားစုနောက်ခံအရ သူသာ အလိုရှိပါက အေးအေးဆေးဆေး အချိန်ဖြုန်းနိုင်သည့် အလုပ်မျိုးကို ရှာဖွေရန်အတွက် အခက်အခဲ မရှိပေ။
ထိုသို့ဆိုလျှင် ပို၍ သက်သောင့်သက်သာရှိပြီး သက်သာစွာနေနိုင်လောက်သည်ပင်။
သို့သော် သူသည်က ထိုအချက်များကို ဂရုမစိုက်ဘဲ အမြဲတမ်း အစွမ်းကုန်ကြိုးစားအားထုတ်နေခဲ့သည်။
သူကရော ဘာအတွက်ကြောင့် အခုလိုကြိုးစားနေခဲ့တာလဲ။
လင်းရန်အနေဖြင့် စုန့်ရှီးယန်နှင့် ထိုကိစ္စများကို တစ်ခါမှ မဆွေးနွေးဖူးသကဲ့သို့ သူ၏ စိတ်ခံစားချက်တို့ကိုလည်း အမှန်တကယ်ပင် နားမလည်ခဲ့ဖူးကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
ရက်ကိုတွက်ကြည့်လျှင် သူမသည်က စုန့်ရှီးယန်နှင့် သိကျွမ်းခဲ့သည်မှာ နှစ်နှစ်နီးပါး ရှိနေပြီဖြစ်ပြီး လက်ထပ်ခဲ့သည်မှာလည်း တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်သော်လည်း သူမက စုန့်ရှီးယန်ကို အဖော်တစ်ဦးအဖြစ်သာ သဘောထားခဲ့မိသကဲ့သို့ပင်။
သူ ရှိနေချိန်တွင် သူမ အလွန် စိတ်လက်ပေါ့ပါးပြီး စိတ်ချလက်ချ ရှိသော်လည်း၊ သူ မရှိတော့လျှင်ပင် အစပိုင်း၌ အနည်းငယ် အဆင်မပြေဖြစ်ရုံမျှသာရှိကာ ရက်အနည်းငယ်အကြာတွင်တော့ သူ မရှိဘဲ နေထိုင်ရသည်ကို လုံးဝ ကျင့်သားရသွားတတ်သည်။
ဤသို့ ပြန်လည်စဉ်းစားကြည့်သည့်အခါ သူမဘက်မှ စုန့်ရှီးယန်အပေါ် အမှန်တကယ်ပင် ဂရုမစိုက်ခဲ့မိသကဲ့သို့ထင်ရသည်။
လင်းရန် ပို၍ တွေးမိလေလေ ပို၍ အပြစ်မကင်းသကဲ့သို့ ခံစားရလေလေ ဖြစ်လာ၏။ စုန့်ရှီးယန်က အလွန်အိပ်ချင်နေသောကြောင့် စောင်ပင် မခြုံထားသည်ကို မြင်သောကြောင့် သူမက အသံတိုးတိုးဖြင့် သူ့အပေါ်သို့ စောင်ကို ဂရုတစိုက် ခြုံပေးလိုက်လေသည်။
သူမ၏ လုပ်ရပ်ကြောင့် စုန့်ရှီးယန် နိုးမလာသည်ကို မြင်ချိန်တွင် လင်းရန်သည် အနည်းငယ် ဂုဏ်ယူသွားမိသည်။
သူမလည်း တော်တော်လေး နူးညံ့သိမ်မွေ့ပြီး ဂရုစိုက်တတ်တာပဲမလား။
ထို့နောက် သူမ တိတ်တဆိတ် ထွက်လာကာ အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။
သို့သော် သူမအိပ်ခန်းတံခါးကို တိတ်တဆိတ်ပိတ်လိုက်သည်နှင့် အိပ်ရာပေါ်တွင် လဲလျောင်းနေသော စုန့်ရှီးယန်တစ်ယောက် ပြုံးလိုက်မိသည်ကိုတော့ လင်းရန် မသိလိုက်တော့ပါချေ။
ရန်ရန်က သူ့အပေါ်တွင် အမှန်တကယ် ဂရုစိုက်လာခဲ့ချေပြီ။
…
လင်းရန် အောက်ထပ်သို့ ဆင်းလာပြီးနောက် မစ်စ်ချင်းက ချက်ချင်းပင် လျှောက်လာ၏။
“ဟိုကောင်လေးက မင်းနဲ့အတူ ဘာလို့ ဆင်းမလာတာလဲ”
လင်းရန်က အားနာစွာဖြင့် ပြုံးလိုက်သည်။
“သူ အိပ်ပျော်သွားပြီ၊ အရမ်း ပင်ပန်းနေပုံပဲ”
မစ်စ်ချင်းက အသံတိုးတိုးဖြင့် ညည်းညူပြောဆိုလာ၏။
“ဒီစိတ်ဓာတ်ကတော့ သူ့အဖေနဲ့ တစ်ပုံစံတည်းပဲ၊ အလုပ်အတွက်ဆို အသက်တောင် အသေခံမယ့် လူမျိုးတွေ”
မစ်စ်ချင်းသည်က စုန့်ကျယ်၏ အတိတ်က အပြုအမူများအပေါ်တွင်လည်း မကျေမနပ် ဖြစ်ခဲ့ဖူးပုံရသည်။ လင်းရန်အနေဖြင့် မစ်စ်ချင်းက စုန့်ကျယ်ကို အိမ်တွင် ဆူပူနေတတ်သော်လည်း စိတ်ထဲတွင် တိတ်တဆိတ် စိုးရိမ်နေခဲ့မည့် ပုံရိပ်ကို မြင်ယောင်ကြည့်မိသည်။
သို့သော် ပြန်စဉ်းစားကြည့်လျှင် ယခုအချိန်တွင် သူမကိုယ်တိုင်ကလည်း မစ်စ်ချင်းနှင့် တူနေသည်မဟုတ်ပါလား။
“ဟေး... ရန်ရန်၊ မင်းလည်း တကယ် ပင်ပန်းရှာမှာပဲ၊ စစ်သားရဲ့ဇနီးဖြစ်ရတဲ့ ဒုက္ခကို ငါတို့ပဲ သိတာ”
ထိုသို့သော အကြောင်းကြောင့်ပင် မစ်စ်ချင်းသည်က လင်းရန်အပေါ် ပို၍ စိတ်မကောင်းဖြစ်မိကာ စုန့်ရှီးယန် အိမ်တွင် မကြာခဏ မရှိတတ်ခြင်းကြောင့် ခံစားရမည့် အထီးကျန်မှုများကို အစားထိုးပေးရန်အတွက် သူမအပေါ် ပို၍ ကောင်းမွန်စွာ ဆက်ဆံပေးခြင်း ဖြစ်လေသည်။
လင်းရန်မှာတော့ ထိုစကားကို ကြားသောအချိန်တွင် ရုတ်တရက် ပို၍ပင် အပြစ်မကင်းသလို ခံစားလိုက်ရပြန်သည်။
စုန့်ရှီးယန် အိမ်မှာ မရှိသည့်အချိန်များတွင် သူမအပေါ် သက်ရောက်သည့် ဆိုးကျိုးများမှာ မစ်စ်ချင်း ပြောသလောက် ကြီးမားခြင်း မရှိနေခဲ့ပါချေ။
သို့သော် သူမက ထိုသို့ တိုက်ရိုက်မပြောနိုင်သည့်အတွက်အဆင်ပြေကြောင်းကိုသာပြောလိုက်ရလေ၏။
ရလဒ်အနေဖြင့် မစ်စ်ချင်းက သူမ၏ ငြင်းဆိုမှုကို ကြားချိန်တွင် သူမအပေါ် ပို၍ပင် သနားကရုဏာသက်သွားဟန်ဖြင့် ကြည့်လာလေသည်။
“ရန်ရန်... မင်းက အရမ်းကို သိတတ်နားလည်လွန်းတာပဲ ဟမ်း.. ဟိုကောင်စုတ်ကတော့ မင်းလို မိန်းမကောင်းလေးကို ရဖို့ ရှစ်ဘဝစာလောက် ကုသိုလ်ထူးခဲ့ပုံရတယ်”
လင်းရန် : အမေ..ဆက်ပြီး မချီးမွမ်းပါနဲ့တော့၊ ဆက်ပြီး ချီးမွမ်းနေရင်တော့ ကျွန်မ တကယ်ကို စိတ်မသက်မသာ ဖြစ်ရတော့မယ်၊ ထပ်ပြီး တောင့်မခံနိုင်တော့ဘူး!
ကံကောင်းစွာဖြင့် ချင်းယွင်ကျစ်က သူမ၏ စိတ်ထဲမှ တောင်းဆိုမှုကို ကြားသွားသည်လားမသိဘဲ တခြားအကြောင်းအရာများကို အမြန်ပင် ပြောင်းလဲပြောဆိုလာခဲ့လေသည်။
သူတို့အနေဖြင့် မနေ့က အဖွားဝမ်၏အိမ်တွင် ထမင်းစားနေချိန်တွင် လင်းရန်က နောက်ပိုင်းတွင် ကိုယ်ပိုင်စီးပွားရေးလုပ်ရန် ရည်ရွယ်ထားကြောင်း ချင်းယွင်ကျစ် သိရှိခဲ့ရသည်။
ထို့ကြောင့် လူအများစုက အတွင်းသတင်းကို မသိရှိကြသေးမီအချိန်၌ ပိုမိုကောင်းမွန်သော ဆိုင်ခန်း သို့မဟုတ် အိမ်တစ်လုံးကို အမြန်ဆုံး ဝယ်ယူထားရန် စဉ်းစားခဲ့ခြင်း ဖြစ်လေ၏။
အိမ်ငှားရန်အတွက်ကလား။
ချင်းယွင်ကျစ်၏ အဘိဓာန်တွင် ထိုသို့သော အကြံအစည်မျိုး လုံးဝမရှိပေ။
အဆုံးတွင်တော့ ငှားရမ်းထားသော အိမ်မှာ အမြဲတစေသူတစ်ပါး၏အပိုင်သာ ဖြစ်နေမည်ပင်။
တစ်နေ့နေ့တွင် တစ်ဖက်လူက သူတို့ကို ဆက်မငှားတော့ဘဲနေမည်လားဆိုသည်ကို မသိနိုင်ပေ။ ထိုအချက်မှာ လုံခြုံမှုမရှိလှဟု သူမ ခံစားရသည်။
ထို့ကြောင့် အိမ်တစ်လုံးကို ဝယ်ယူထားခြင်းကသာ အကောင်းဆုံးဖြစ်ပေ၏။ သူမ၏လက်ထဲတွင် ရှိနေခြင်းကသာ စိတ်အချရဆုံး ဖြစ်ပေသည်။
ဤသို့ဆိုလျှင် နောက်ပိုင်းတွင် စီးပွားရေး မလုပ်ဖြစ်တော့လျှင်ပင် ဆုံးရှုံးမှုမရှိဘဲ ပြန်လည်ငှားရမ်းခြင်း သို့မဟုတ် ပြန်လည်ရောင်းချခြင်းများ ပြုလုပ်နိုင်ပေလိမ့်မည်။
လင်းရန်မှာ စုန့်ရှီးယန်၏ ပင်ပန်းနွမ်းနယ်နေသော ပုံစံကို တွေးမိပြီး သူသည်က ညနေပိုင်း သို့မဟုတ် ညဘက်အထိ အိပ်ပျော်နေဦးမည်ဟုတွေးမိလေ၏။ ထို့ကြောင့် သူ့အတွက် စိတ်ပူနေရန် မလိုအပ်ဟု ဆုံးဖြတ်လိုက်၏။
သူမက ချင်းယွင်ကျစ်၏စကားကို သဘောတူလိုက်ပြီး သူမနှင့်အတူ မြို့ထဲသို့ လိုက်သွားကာ သင့်တော်သော အိမ်နေရာရှိမရှိနှင့် ဝယ်ယူနိုင်ခြင်း ရှိ၊ မရှိ သွားရောက်ကြည့်ရှုရန် သဘောတူလိုက်လေသည်။
အပြင်သို့ထွက်ခါနီးတွင် သူမ၏ ဘဏ်စာအုပ်များအားလုံးကိုလည်း တစ်ပါတည်း ယူဆောင်သွားခဲ့သည်။
မကြာမီအချိန်အတွင်းမှာပင် သူတို့နှစ်ဦးက မြို့ထဲသို့ ရောက်ရှိခဲ့ကြသည်။ ကွမ်ကျိုးမြို့ခံတစ်ဦးအနေဖြင့် ချင်းယွင်ကျစ်က မည်သည့်နေရာတွင် လူအသွားအလာ များပြားပြီး မည်သည့်နေရာမှာ စီးပွားရေး အကောင်းဆုံးဖြစ်သည်ကို သဘာဝကျစွာဖြင့် သိရှိထားကြလေသည်။
သို့သော်လည်း လွန်ခဲ့သောနှစ်များအတွင်း ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်ခွင့် မရှိခဲ့ခြင်းကြောင့် တစ်ချိန်က အစည်ကားဆုံးဖြစ်ခဲ့သော ကုန်သွယ်ရေးလမ်းမကြီးမှာ ယခုအချိန်တွင် ခြောက်ကပ်နေခဲ့၏။
သို့သော် ထိုသို့ဖြစ်လျှင်ပင် နေ့စဉ်နေ့တိုင်း ဖြတ်သန်းသွားလာနေသူများက အနည်းငယ်လောက်သာမဟုတ်ပါချေ။
နောက်ပိုင်းတွင် မူဝါဒများပြောင်းလဲသွားပြီးနောက် ထိုစည်ကားခဲ့သော နေရာများမှာ လူများဖြင့် ပြန်လည် ပြည့်နှက်လာပေလိမ့်မည်။
လင်းရန်မှာ ဒေသခံတစ်ဦးဖြစ်သည့် ချင်းယွင်ကျစ်နှင့် သင့်တော်သော ဆိုင်ခန်းအချို့ကို လျင်မြန်စွာပင် ရွေးချယ်နိုင်ခဲ့လေသည်။
ချင်းယွင်ကျစ်က လင်းရန်ကို ခေါ်ဆောင်ကာ အိမ်ရှင်များထံသို့ သွားရောက်မေးမြန်းပေးခဲ့ပြီး ဈေးနှုန်းများမှာလည်း လင်းရန် လက်ခံနိုင်သော အတိုင်းအတာအတွင်း၌သာ ရှိနေခဲ့သည်။
ချင်းယွင်ကျစ်က ဆိုင်ခန်းတစ်ခုကို ထိုနေရာမှာတင်ဝယ်ယူရန် ပြင်ဆင်နေချိန်၌ လင်းရန်က သူမကို ရုတ်တရက် တားလိုက်၏။
“နောက်ထပ်ခဏလောက် ထပ်ကြည့်ကြရအောင်”
ချင်းယွင်ကျစ်က သူမကို သံသယဖြင့် ကြည့်လိုက်သည်။
“ဒါပေမဲ့...”
သို့သော်လည်း လင်းရန်က သူမကို ခေါင်းခါပြနေဆဲပင်။
လင်းရန်တွင် တခြားအစီအစဉ်များ ရှိနေသည်ကို ချင်းယွင်ကျစ်သိလိုက်သောကြောင့် အိမ်ရှင်ကို စကားခဏဖြတ်ကာ ခေတ္တမျှစဉ်းစားဦးမည်ဟု ပြောဆိုပြီးနောက် လင်းရန်နှင့်အတူ အပြင်သို့ ထွက်လာခဲ့လေ၏။
ထိုအိမ်နှင့် အတော်လေး ဝေးကွာသွားသောအချိန်မှသာ ချင်းယွင်ကျစ်မှာ လင်းရန်ကို မေးမြန်းလိုက်သည်။
“ရန်ရန်.. ခုနက ဆိုင်ခန်းကို သဘောမကျတဲ့နေရာတစ်ခုခု ရှိလို့လား၊ ဒါကြောင့် မဝယ်ချင်တာလား၊ ဈေးနှုန်းအတွက်ဆိုရင်တော့ မစိုးရိမ်ပါနဲ့၊
ငါတို့ ချင်းမိသားစုမှာ တခြားအရာတွေသာ လိုအပ်ချင်လိုအပ်မယ်၊ ပိုက်ဆံအတွက်ကတော့ စိတ်ပူစရာမလိုဘူးနော်”
ထို့အပြင် ချင်းယွင်ကျစ် လင်းရန်ကို ပြောရန် မေ့နေသည့်အချက်မှာ စုန့်ရှီးယန်က လင်းရန်ကို သူမ၏အဘိုးဖြစ်သူ ‘ချင်းလူကြီးမင်း’ နှင့် ပထမဆုံးအကြိမ် သွားရောက်တွေ့ဆုံပေးချိန်က သူတို့နှစ်ဦးအနေဖြင့် လက်မထပ်ရသေးသောကြောင့် ချင်းလူကြီးမင်းဘက်မှ လင်းရန်ကို စာအိတ်တစ်အိတ်သာ ပေးခဲ့လေသည်။
သို့သော်လည်း ထိုစာအိတ်လေးမှာပင် ငွေတစ်ထောင် တန်ဖိုးရှိသည်။
ယမန်နှစ် နှစ်သစ်ကူးကာလတွင်တော့ လင်းရန်နှင့် စုန့်ရှီးယန်တို့ ဤနေရာသို့ လာခဲ့ကြသော်လည်း ချင်းလူကြီးမင်းမှာ တခြားဆွေမျိုးတစ်ဦး၏အိမ်သို့ နှစ်သစ်ကူးသွားခဲ့သဖြင့် နှစ်ဖက်တွေ့ဆုံရန် လွဲချော်ခဲ့သည်။
သို့သော်လည်း ချင်းလူကြီးမင်းက လူကိုယ်တိုင်မရှိသော်လည်း သူပြန်ရောက်လာသောအချိန်တွင် ချင်းယွင်ကျစ်ကို ဘဏ်စာအုပ်တစ်အုပ် ပေးခဲ့ပြီး နောက်တစ်ကြိမ် လီပြည်နယ်သို့ သွားဖြစ်လျှင် လင်းရန်ကို ပေးလိုက်ရန် မှာခဲ့လေသည်။
ဤသည်မှာ လင်းရန်က မြေးချွေးမတစ်ဦးအနေဖြင့် ရရှိသော အစစ်အမှန် စာအိတ်နီဖြစ်ပေသည်။
ချင်းယွင်ကျစ်က ထိုဘဏ်စာအုပ်ကို ကြည့်လိုက်သောအချိန်တွင် ငွေတစ်သောင်း တန်ဖိုးရှိသည်ကို တွေ့ရ၏။
ထို့တင်မကဘဲ ဘဏ်ထဲတွင် အခြားသော အဖိုးတန်ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းပေးထားသေးသောကြောင့် အလွန်ပင် တန်ဖိုးရှိလွန်းပေသည်။
ထို့ကြောင့် လင်းရန်အနေဖြင့် ဆိုင်ခန်းဝယ်ယူရန် ပိုက်ဆံမလောက်မည်ကို စိုးရိမ်နေရန် မလိုအပ်ပေ။
သို့သော်လည်း လင်းရန်က ချင်းယွင်ကျစ်ကို တားမြစ်လိုက်ခြင်းမှာ ဈေးနှုန်းကြောင့် ၊ သို့မဟုတ် ပိုက်ဆံမလောက်၍လားဆိုသည်ကို သူမ မသိရှိပေ။
လင်းရန်က ခေါင်းခါယမ်းပြသည်ကို မြင်လျှင် ချင်းယွင်ကျစ်က ပို၍ပင် ရှုပ်ထွေးသွားပြီး ဆက်လက် ခန့်မှန်းနေပြန်သည်။
“ဒီဆိုင်ခန်းရဲ့ တည်နေရာက မကောင်းဘူးလို့ ထင်လို့လား၊ ဒါပေမဲ့ ရန်ရန်၊ အမေ အာမခံနိုင်တာကတော့ အခု ဒီနေရာက ခြောက်ကပ်နေသလို ထင်ရပေမဲ့ လူအသွားအလာကတော့ အမြဲတမ်း များနေကျပဲ၊ အခုက အလုပ်တက်၊ အလုပ်ဆင်းချိန် မဟုတ်လို့ လမ်းပေါ်မှာ လူသိပ်မရှိတာပါ”
အလုပ်ဆင်းချိန်သို့ ရောက်လျှင် အပြင်ဘက်တွင် လူမည်မျှသွားလာနေမည်ကို ခန့်မှန်း၍ပင် မရနိုင်ပေ။
ဤသို့ဆိုလျှင် လင်းရန်ဆိုင်ဖွင့်သောအချိန်၌ လာရောက်စားသောက်မည့်သူ မရှိမည်ကို စိုးရိမ်နေရန် မလိုအပ်တော့ပေ။
သို့သော်လည်း ချင်းယွင်ကျစ်၏စကားကိုကြားလျှင်ပင် ထိုသို့ လင်းရန်၏ တွန့်ဆုတ်နေမှုမှာ ပျောက်ကွယ်မသွားခဲ့ပေ။
ဆိုရလျှင် သူမ တားမြစ်ရခြင်းက ထိုအကြောင်းရင်းများကြောင့် မဟုတ်ပါချေ။
ချင်းယွင်ကျစ်က ထိုအမူအရာကို မြင်သောအခါ ပို၍ပင် စိတ်ရှုပ်သွားခဲ့လေ၏။
“ဒါဆို ရန်ရန်၊ မင်းက ဘာဖြစ်လို့လဲ...”
သူမသာ အမှန်အတိုင်း မပြောလျှင် ချင်းယွင်ကျစ်တစ်ယောက် အလွန် စိုးရိမ်နေတော့မည်ဖြစ်၍ လင်းရန်လည်း သက်ပြင်းချကာ ပြောလိုက်ရတော့သည်။
“ကျွန်မ ရုတ်တရက် ခံစားလိုက်ရတာ... ကျွန်မ ဆိုင်ဖွင့်ရတဲ့ ရည်ရွယ်ချက်ကို မသိတော့သလို ဖြစ်နေလို့ပါ”
*
အခန်း(442)
လင်းရန်အနေဖြင့် လွန်ခဲ့သော အချိန်များစွာကတည်းက ခေတ်ရေစီးကြောင်းကို အသုံးချကာ ကြီးကျယ်သော ကိစ္စတစ်ခုကို လုပ်ဆောင်ရန် စဉ်းစားခဲ့သည်။ ထို့အတွက်ကြောင့် သူမ၏ စိတ်ထဲတွင် ဆိုင်ဖွင့်ရမည်ဟူသော ရည်မှန်းချက်က အမြဲတစေရှိနေခဲ့လေ၏။
ထို့အပြင် လွန်ခဲ့သော နှစ်နှစ်ခန့်က လင်းမိသားစု၏ ဘဝမှာ အဆင်မပြေလွန်းသောကြောင့် သူမ၏ ကိုယ်ပိုင်ကြိုးစားမှုဖြင့် မိသားစုဝင်များ၏ ဘဝကို ပြောင်းလဲပေးကာ ပိုမိုကောင်းမွန်လာစေရန် လိုလားခဲ့သည်။
ထို့ကြောင့် စားဖိုမှူးရှုန်းနှင့် အဖွားဝမ်တို့ထံမှ သတင်းကို ရရှိသည်နှင့် သူမ ချက်ချင်းပင် အလုပ်ထွက်ကာ ကွမ်ကျိုးသို့ လာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် လင်းမိသားစု၏ ဘဝမှာ အလွန်ပြောင်းလဲသွားခဲ့ပြီဖြစ်ကာ လူတိုင်း၏ ဘဝမှာ ပိုမိုကောင်းမွန်လာခဲ့သည်။
လင်းမိသားစုကို ထောက်ပံ့ရန်အတွက် သူမက စားသောက်ဆိုင်ဖွင့်ပြီး ငွေရှာပေးရန် မလိုအပ်တော့ပုံရလေသည်။
ထို့ကြောင့် သူမ၏ မူလရည်ရွယ်ချက်မှာ ယခုအချိန်တွင် မကိုက်ညီတော့ပေ။
ယခုအချိန်၌ အဖေလင်း၊ အကြီးဆုံးဦးလေးနှင့် ဒေါ်လေးတို့ အပါအဝင် လင်းမိသားစုတစ်ခုလုံးမှာ ကိုယ်ပိုင်အလုပ်အကိုင်များ ရှိနေကြပြီဖြစ်ကာ လုပ်ငန်းတိုးတက်မှု အရှိန်အဟုန်မှာလည်း အားမနည်းလှပေ။
တတိယဦးလေးနှင့် အဒေါ်တို့မှာတော့ ယခင်က ရှုပ်ထွေးနေခဲ့ကြသော်လည်း ယခုအချိန်တွင် တတိယအဒေါ်က သူမ၏ လမ်းပြမှုအောက်တွင် ကြိုးစားအားထုတ်ရန် ရည်မှန်းချက်တစ်ခု ရရှိသွားခဲ့ပြီဖြစ်လေ၏။
ထို့အတူ တတိယဦးလေးမှာလည်း အကြီးဆုံးဦးလေး၏ လက်အောက်တွင် အခြေတကျအလုပ်လုပ်ကိုင်နေပြီ ဖြစ်သည်။
သူတို့က သူမ၏ အကူအညီကို လုံးဝ မလိုအပ်တော့ပေ။
ထို့ကြောင့် သူမအနေဖြင့် ငွေရှာရန်အတွက် ဆိုင်ဖွင့်ကာ စီးပွားရေးလုပ်၍ အပင်ပန်းခံဖို့ မလိုအပ်တော့ဟု ထင်မြင်မိလာရသည်။
“ဆိုင်ဖွင့်တယ်ဆိုတာ ငွေရှာဖို့ပဲ မဟုတ်ဘူးလား..”
ချင်းယွင်ကျစ်က လင်းရန်၏ စကားကို မသိစိတ်ဖြင့် ပြန်လည်ဖြေလိုက်သော်လည်း ပြောရင်းနှင့်ပင် သူမကိုယ်တိုင် သဘောပေါက်သွားခဲ့လေသည်။
“ဟုတ်သားပဲ၊ ငါတို့မိသားစုက ပိုက်ဆံမလိုဘူးလေ၊ ဒါဆို မင်းလည်း ငွေရှာဖို့အတွက် ဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်ဖို့ မလိုတော့ဘူးပေါ့”
ချင်းယွင်ကျစ်မှာ ရုတ်တရက် သဘောပေါက်သွားခဲ့ပြီး လင်းရန် အဘယ်ကြောင့် ဝေခွဲမရဖြစ်နေသည်ကို နားလည်သွားခဲ့ပေသည်။
သူမက ခေတ္တစဉ်းစားပြီးနောက် လင်းရန်က ရှုပ်ထွေးနေဆဲ ဖြစ်ကြောင်းကို မြင်လျှင် ရုတ်တရက် သတိပေးလိုက်၏။
“ရန်ရန်၊ မင်း ဆိုင်ဖွင့်ပြီး ဟင်းချက်ရတာကို တကယ်ပဲ ဝါသနာပါ၊ မပါဆိုတာကို အရင်စဉ်းစားကြည့်ရင်ရော”
လင်းရန်မှာ တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်လေသည်။
“ကျွန်မ ဝါသနာပါတယ်”
အစပိုင်း၌ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ရန် ဖိအားများကြောင့် ဖြစ်နိုင်သော်လည်း နောက်ပိုင်းတွင် သူမ၏ ဟင်းလျာများကို စားသောက်ပြီးနောက် ခြားသူများ ပျော်ရွှင်ကျေနပ်သွားသည်ကို မြင်လာရချိန်တွင် သူမ၏ စိတ်ထဲတွင် ပြီးပြည့်စုံသော အောင်မြင်မှုကို ခံစားရလေသည်။
ထို့ကြောင့် သူမက ဟင်းချက်ရသည်ကို နှစ်သက်ပေသည်။
“ဝါသနာပါရင်တော့ လုပ်လိုက်ပေါ့၊ ဒါပေမဲ့ ရည်ရွယ်ချက်က ငွေရှာဖို့ မဟုတ်တဲ့အတွက် မင်းအနေနဲ့ ဒီလောက်ကြီး ပင်ပန်းခံနေဖို့ မလိုတော့ဘူး၊
မင်း အဖွားဝမ်တို့ဆီက သင်ယူပြီးတော့ ဧည့်သည် အနည်းအကျဉ်းကိုပဲ လက်ခံတဲ့ စားသောက်ဆိုင်မျိုး ဖွင့်ကြည့်ပါလား၊ အရည်အသွေးကိုပဲ အဓိကထားပြီးဖွင့်လေ၊ လူတွေကို အများကြီး လက်မခံတာမျိုးလေ”
ချင်းယွင်ကျစ် ပြောဆိုနေသော ပုံစံမှာ လင်းရန် ယခင်ဘဝ၌ သူမ၏ လုပ်ငန်း အောင်မြင်ပြီးနောက်ပိုင်းတွင် တွေ့ကြုံခဲ့ရသော ပုံစံမျိုးဖြစ်သည့် ‘အဆင့်မြင့် သီးသန့်စားဖိုဆောင်’ပုံစံမျိုးပင် ဖြစ်လေသည်။
ထိုအချိန်တုန်းက သူမသည်က နာမည်ကျော်ကြားမှု အတိုင်းအတာတစ်ခုအထိ ရရှိထားပြီးဖြစ်၍ လူအများက သူမထံတွင် ကြိုတင်စာရင်းပေးကာ စားသောက်ရန် လာရောက်ကြခြင်းဖြစ်ပြီး သူမဘက်မှလည်း ရွေးချယ်ပိုင်ခွင့်ရှိခဲ့သည်။
သို့သော်လည်း ဤခေတ်ကာလတွင် သူမ စုဆောင်းထားသော နာမည်မှာ လီပြည်နယ်ရှိ နိုင်ငံပိုင်ဟိုတယ်တွင် တစ်နှစ်ကျော် အလုပ်လုပ်ကိုင်ခဲ့ပြီး ‘နိုင်ငံပိုင်ဟိုတယ်မှ စားဖိုမှူး’ ဟူသော အမည်ကို ရရှိထားခြင်းသာ ဖြစ်ပေသည်။
ကွမ်ကျိုးမှ လူအချို့ လီပြည်နယ်သို့ အလုပ်ကိစ္စဖြင့် သွားရောက်ချိန်က သူမ၏ ဟင်းလျာများကို စားသုံးဖူးပြီး သူမကို မှတ်မိနေခြင်းမျိုး ရှိနိုင်ပေသည်။
သို့သော် အခြားသူများအပေါ်တွင်တော့ သူမ၏ ဩဇာမှာ ထိုမျှအထိ မကြီးမားသေးပေ။
သို့သော်လည်း...
ကျော်ကြားမှုကို အသုံးချပြီး ဖောက်သည်များကို မဆွဲဆောင်နိုင်လျှင်ပင် တခြားအရာများကို အသုံးချ၍ ရနိုင်လောက်သည်။
လူအများက တီထွင်ဆန်းသစ်ထားသော ဟင်းလျာများကို နှစ်သက်တတ်သည်မဟုတ်ပါလား။
နိုင်ငံပိုင်စားသောက်ဆိုင်တွင် အလုပ်လုပ်စဉ်ကာလကို ပြန်တွေးကြည့်လျှင် လူတိုင်းက ထူးထူးခြားခြား တီထွင်ထားသော ဟင်းလျာများကို အထူးတလည် စိတ်ဝင်စားကြသည်ကို သူမ သတိရမိပေသည်။
တစ်ကြိမ်စားဖူးသူများက ဒုတိယအကြိမ်တွင် သူငယ်ချင်းများကိုပါ ခေါ်ဆောင်လာတတ်ကြပြီး လာသမျှလူတိုင်းကလည်း ထိုသို့သော ဟင်းလျာမျိုးကိုပင် စိတ်ဝင်တစား ရှိကြလေသည်။
တစ်နည်းအားဖြင့်ဆိုသော် သူတို့က ဝါသနာတူသူများပင် ဖြစ်ကြ၏။
မည်သို့ပင်ဖြစ်စေ မနှစ်သက်သူများကတော့ မှာယူစားသောက်မည်မဟုတ်သော်လည်း နှစ်သက်သူများကတော့ အမြဲတစေ လာရောက်စားသောက်ကြပေလိမ့်မည်။
လင်းရန်မှာ သူမနှင့် ဝါသနာတူသည့် ဖောက်သည်များကို လက်ခံရသည်ကိုပင် စိတ်ဝင်စားစရာကောင်းသည်ဟု ယူဆလိုက်၏။
ထိုသို့တွေးမိသည်နှင့် တစ်ပြိုင်နက် လင်းရန်မှာ ချက်ချင်းပင် ပြန်လည်တက်ကြွသွားခဲ့လေတော့သည်။
မှန်ပေ၏။ သူမသည်က တီထွင်ဆန်းသစ်ထားသော ဟင်းလျာများကို အတော်ပင် စိတ်ဝင်စားသည်။
ဤသို့ဆိုလျှင် တီထွင်ဆန်းသစ်ထားသော ဟင်းလျာများကိုသာ အထူးပြုရောင်းချသည့် ဆိုင်မျိုးကို အဘယ်ကြောင့် မဖွင့်နိုင်ရမည်နည်း။
ဤနည်းဖြင့် တစ်ဖက်တွင် သူမ၏ ဟင်းချက်လိုသော ဆန္ဒကို ဖြည့်ဆည်းနိုင်သကဲ့သို့၊ အခြားတစ်ဖက်တွင်လည်း ဧည့်သည်အများအပြားကို လက်ခံနေရခြင်းမျိုး မရှိသဖြင့် အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်းလည်း ရှိတော့မည်မဟုတ်ပေ။
ထိုသို့ဆိုလျှင် အေးအေးဆေးဆေးနှင့် သက်သောင့်သက်သာရှိသော ဆိုင်ရှင်တစ်ဦး ဖြစ်လာနိုင်သည်ဖြစ်၍ မဆိုးလှပေ။
လင်းရန်တွင် အကြံအစည်တစ်ခု ရရှိသွားပုံရကြောင်းကို မြင်မှသာ ချင်းယွင်ကျစ်မှာ စိတ်သက်သာရာ ရသွားခဲ့သည်။
“ကောင်းပြီ၊ ကောင်းပြီ၊ ငါတို့က အလျင်လိုနေတာမှ မဟုတ်တာ.. အချိန်ယူပြီး ဖြည်းဖြည်းချင်း ဆုံးဖြတ်လည်း ရပါတယ်.. ကောင်းပြီ ရန်ရန် ..အမေ မင်းကို ဈေးဝယ်လိုက်ပို့မယ်”
ဒီကို ရောက်နေပြီပဲလေ။ ဈေးကနေ တစ်ခုခု မဝယ်ဖြစ်ဘူးဆိုရင် ဒီခရီးက အလဟဿ ဖြစ်သွားမှာပေါ့ မဟုတ်ဘူးလား
ဆိုင်ဖွင့်မည့် အကြံဉာဏ် ထွက်ပေါ်လာပြီးနောက် လင်းရန်မှာ စိတ်လက်ပေါ့ပါးသွားကာ ချင်းယွင်ကျစ်၏ ခေါ်ဆောင်မှုကို သဘောတူလိုက်လေသည်။
ထို့ကြောင့် သူတို့နှစ်ဦးမှာ လမ်းပေါ်သို့ အမြန်ထွက်လာခဲ့ကြပြီး အနီးဆုံး ကုန်တိုက်ကြီးဆီသို့ သွားခဲ့ကြသည်။
ခဏတာ လျှောက်ကြည့်ပြီးနောက် ရင်းနှီးသော နေရာတစ်ခုသို့ ရောက်ချိန်တွင် လင်းရန်တစ်ယောက် ဤနေရာတွင် စုန့်စစ်ယွီကို တွေ့ခဲ့ရသည်ကို ရုတ်တရက် သတိရလိုက်မိ၏။
သူမ စုန့်စစ်ယွီ နောက်ဆုံးအကြိမ် ရပ်နေခဲ့သော နေရာသို့ မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိလျှင် ထိုဆိုင်ခန်းမှာ ယခင်ကနှင့် မတူဘဲ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသောကြောင့် အံ့သြသွားရသည်။
ယခင်က စုန့်စစ်ယွီမှာ အဝတ်အထည်ရောင်းသည့် ဆိုင်ခန်းရှေ့တွင် ရပ်နေခဲ့ခြင်းဖြစ်သော်လည်း ယခုအခါတွင်တော့ အီလက်ထရွန်နစ် ပစ္စည်းများ ရောင်းချသည့် ဆိုင်ခန်း ဖြစ်နေချေပြီ။
သူမက အနီးကပ် ထပ်မံကြည့်ရှုလိုက်လျှင် ထိုအီလက်ထရွန်နစ် ပစ္စည်းဆိုင်တွင် စာတစ်ကြောင်း ရေးသားထားသည်ကို တွေ့လိုက်ရ၏။
၎င်းမှာ “ဟောင်ကောင် xx ကုမ္ပဏီမှ ထုတ်လုပ်သည်” ဟူ၍ ဖြစ်ပေသည်။
ယခုခေတ်တွင် ပိုမိုကောင်းမွန်သော အီလက်ထရွန်နစ် ပစ္စည်းများကို နိုင်ငံခြားမှ တင်သွင်းခြင်းဖြစ်သော်လည်း ထိုပစ္စည်းများတွင် တံဆိပ်သာ ပါရှိတတ်ကြသည်။
ကောင်တာတစ်ခုလုံးတွင် မည်သည့်ကုမ္ပဏီမှ ထုတ်လုပ်သည်ဟု ရေးသားထားခြင်းမျိုးမှာတော့ တွေ့ရခဲပေသည်။
လင်းရန်အနေဖြင့် သူမ အတွေးလွန်နေခြင်းလားတော့ မသိသော်လည်း ကောင်တာ၏ အပြောင်းအလဲမှာ စုန့်စစ်ယွီနှင့် ပတ်သက်နေလိမ့်မည်ဟု ခံစားနေရသည်။
အဆုံးတွင်တော့ ယခင်တစ်ခေါက်က သူမ ဝတ်ဆင်ထားသော အဝတ်အစားများမှာ ဟောင်ကောင်တွင်သာ ရနိုင်သော အဝတ်အစားများ ဖြစ်နေပေ၏။
ယခု သူမ ရပ်နေခဲ့သော ကောင်တာမှာလည်း ဟောင်ကောင်မှ ကုမ္ပဏီတစ်ခု ဖြစ်နေပြန်သည်။
ထိုအချက်နှစ်ခုကြားတွင် ဆက်နွှယ်မှု တစ်ခုခု ရှိနေသင့်သည် မဟုတ်ပါလား။
ဘေးတွင်ရှိသော ချင်းယွင်ကျစ်မှာ လင်းရန်က လမ်းလျှောက်ရင်း ရပ်တန့်ကာ အီလက်ထရွန်နစ် ပစ္စည်းကောင်တာကို လှမ်းကြည့်နေသည်ကို မြင်လျှင် အကြံပြုလိုက်လေ၏။
“ရန်ရန်၊ ဒီပစ္စည်းတွေကို စိတ်ဝင်စားလို့လား၊ စိတ်ဝင်စားရင် သွားကြည့်ကြမလား”
လင်းရန်မှာ အသက်ငယ်သေးသူဖြစ်သဖြင့် ထိုသို့သော ဆန်းသစ်သည့် ပစ္စည်းလေးများကို စိတ်ဝင်စားသည်မှာ သဘာဝကျသည်ဟု သူမ တွေးလိုက်မိသည်။
လင်းရန်က ခဏလောက် စဉ်းစားပြီးနောက် သဘောတူလိုက်လေ၏။ ထိုကောင်တာဘေးမှ ဖြတ်သွားချိန်တွင် ထိုနေရာ၏ အခြေအနေကို ချင်းယွင်ကျစ်ထံသို့မေးလိုက်မိသည်။
“အမေ ကျွန်မမှတ်မိသလောက်ဆိုရင် နှစ်သစ်ကူးတုန်းက ဒီကိုလာတော့ ဒီကောင်တာကို မတွေ့ခဲ့သလိုပဲ၊ ဒါမှမဟုတ် ကျွန်မပဲ မှားပြီးမှတ်မိနေတာလား မသိဘူး”
“အိုး... အဲဒါလား၊ မှတ်မိသလောက်တော့ နှစ်သစ်ကူးပြီး မကြာခင်မှာပဲ ပြောင်းသွားတာထင်တယ်”
ချင်းယွင်ကျစ်က လင်းရန်က ပိုမိုသိရှိလိုပုံရကြောင်းကို မြင်လျှင် ဘေးပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်၏။
ထိုနောက် သူတို့၏အနားတွင် မည်သူမျှ မရှိသည်ကို မြင်လိုက်ရမှသာ သူမက လင်းရန်၏ နားရွက်အနားသို့ ကပ်ကာ သတင်းအချက်အလက်အချို့ကို တီးတိုးပြောပြလာခဲ့လေသည်။
“တကယ်တော့ ဒီကောင်တာ ပြောင်းလဲသွားတာက ထင်သလောက် မရိုးရှင်းဘူး၊ အဆက်အသွယ်တွေနဲ့ ပတ်သက်နေပုံရတယ်၊
ပြောရရင် တချို့က ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီး ဟောင်ကောင်က လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းချင်နေတာလေ၊ အဲဒီမှာ ဟောင်ကောင်က သူဌေးတစ်ယောက်က သူ့ရဲ့ ဇာတိမြေ စီးပွားရေးတိုးတက်အောင် ကူညီချင်တယ်ဆိုပြီး ဖြစ်လာတဲ့ ပူးပေါင်းဆောင်ရွက်မှုပဲတဲ့”
ထိုစကားကို ကြားလိုက်ရလျှင် လင်းရန် ချက်ချင်းပင် သဘောပေါက်သွားခဲ့လေသည်။ ယခုအချိန်တွင် ကုန်တိုက်များ၏ ကောင်တာများ၌ မည်သည့်အရာကို ရောင်းချရမည်ဟူသော စည်းမျဉ်းစည်းကမ်းများ ရှိနေဆဲဖြစ်၍ ထိုသို့ ကုန်ပစ္စည်းအမျိုးအစားကို စိတ်ကြိုက်ပြောင်းလဲပစ်ရန်မှာ မဖြစ်နိုင်ပေ။
ဟောင်ကောင်က သူဌေး?
ဒီလောက်တောင် စေတနာ ကောင်းတာလား။
လင်းရန်အတွက် ထိုအချက်မှာ အနည်းငယ် နားမလည်နိုင်စရာ ဖြစ်နေခဲ့သည်။
လင်းရန်တစ်ယောက် သူမအနေဖြင့် လူတစ်ယောက်ကို အကောင်းမမြင်ဘဲ အတွေးလွန်နေခြင်းများလားဟု တွေးတောနေချိန်မှာပင် ချင်းယွင်ကျစ်၏ နောက်ထပ်စကားများက သူမ၏ ခန့်မှန်းချက်ကို လုံးဝ ထောက်ခံပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့၏။
“တကယ်တော့ ကုန်တိုက်ထဲက ဒီအီလက်ထရွန်နစ် ကောင်တာတင်မကဘူး၊ အနောက်ဘက်လမ်းက ဆိုင်တစ်ဆိုင်ကလည်း ဒီသူဌေးပိုင်တာပဲ၊ စီးပွားရေးလည်း အရမ်းကောင်းတယ်လို့ ပြောကြတယ်”
တကယ်တမ်းတွင် စီးပွားရေးကောင်းရုံတင်မကပါချေ။ အဆုံးတွင်တော့ ယခုခေတ်ကာလတွင် အီလက်ထရွန်နစ် ပစ္စည်းများက များများစားစား မရှိသေးသည့်အတွက် သူက ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားသကဲ့သို့ ဖြစ်နေပေသည်။
ထို့ကြောင့် ထိုပစ္စည်းများကို ဝယ်ယူလိုလျှင် သူ့ထံတွင်သာ ဝယ်ယူ၍ ရနိုင်ပေသည်။
ဤသည်က သီးသန့် လက်ဝါးကြီးအုပ် လုပ်ကိုင်ခြင်းမျိုးသာ ဖြစ်သည်။
နောက်ပိုင်းတွင် အလားတူ ပစ္စည်းများ ထွက်ပေါ်လာလျှင်ပင် သူ့ကို ယှဉ်ပြိုင်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။
ဆိုရလျှင် သူက ဤနေရာတွင် နာမည်ရရှိထားခဲ့ပြီမဟုတ်ပါလား။
လင်းရန်လည်း ထိုစကားကို ကြားချိန်တွင် ထိုသူဌေးက ကွမ်ကျိုးပြည်နယ်၏ စီးပွားရေးကို မြှင့်တင်ရန်ဟူသော စေတနာကောင်းဖြင့် ပြန်လာခြင်း မဟုတ်ဘဲ ငွေရှာရန်ဟူသော ရည်ရွယ်ချက်ကြီးဖြင့် လာခြင်းဖြစ်ကြောင်း သေချာသွားရသည်။
*