အခန်း (၄၄၃-၄၄၄)
Vol. 45 Ch. 443-444
အခန်း(443)
ဟောင်ကောင်မှ လူများသည်က ပြည်မကြီး၏ အပြောင်းအလဲများကို အမြဲတစေကြိုတင်မြင်နိုင်စွမ်း ရှိကြသည်။
ထိုသူဌေးမှာ စူးရှသော အမြင်နှင့် ထက်မြက်သော အာရုံခံစားမှု ရှိနေခြင်း ဖြစ်နိုင်သကဲ့သို့ နောက်ကွယ်မှ အကြံပေးနေသည့် တစ်စုံတစ်ယောက် ရှိနေခြင်းလည်း ဖြစ်နိုင်ပေသည်။
လင်းရန်ကတော့ ဒုတိယအချက်ကို ပို၍ ယုံကြည်မိသည်။
အဆုံးတွင်တော့ နောက်ဆုံးအကြိမ်က စုန့်စစ်ယွီ ကွမ်ကျိုးတွင် အကြောင်းပြချက်မရှိဘဲ ရုတ်တရက် ပေါ်လာခြင်းမှာ အလွန်ပင် ထူးဆန်းလွန်းပေသည်။
သို့သော်လည်း ပြန်စဉ်းစားကြည့်လျှင် စုန့်စစ်ယွီက သူမ၏ ရှေ့သို့ တမင်သက်သက် လာရောက် ရန်စခြင်းမျိုး မပြုလုပ်သရွေ့ သူမဘက်မှလည်း တစ်စုံတစ်ရာ လုပ်ဆောင်မည် မဟုတ်ပေ။
ထို့နောက်တွင် လင်းရန်နှင့် ချင်းယွင်ကျစ်တို့က ကုန်တိုက်အတွင်း ခေတ္တမျှ ဆက်လက် လည်ပတ်ခဲ့ကြလေသည်။ သူတို့နှစ်ဦးမှာ အဝတ်အစား နှစ်စုံစီ ဝယ်ယူခဲ့ကြပြီးနောက် အိမ်သို့ တိုက်ရိုက် ပြန်ခဲ့ကြ၏။
လင်းရန်အနေဖြင့် မူလက သူမ၏ဖခင်ထံသို့ သွားရန် စဉ်းစားထားသော်လည်း လက်ထဲတွင် အထုပ်အပိုးများစွာ ရှိနေသောကြောင့် အဆင်မပြေသဖြင့် မနက်ဖြန်မှသာ သွားရန် ဆုံးဖြတ်လိုက်သည်။
သူတို့နှစ်ဦး စုန့်မိသားစုအိမ်သို့ ပြန်ရောက်ချိန်တွင်တော့ စုန့်ရှီးယန်က နိုးနေပြီဖြစ်ကာ အောက်ထပ်မှ ဆိုဖာပေါ်တွင် ထိုင်လျက် သူတို့ပြန်လာသည်ကို ပျင်းရိစွာ စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။
သူတို့နှစ်ဦး ပြန်လာသည်ကို မြင်လျှင် သူက ချက်ချင်းပင် ထရပ်လိုက်လေသည်။
“အပြင်ကိုသွားပြီး ဘာတွေဝယ်လာတာလဲ၊ မနက်ဖြန်မှ ကိုယ်နဲ့အတူ သွားကြမယ်လို့ ပြောထားတယ်မလား”
“မင်းနဲ့အတူ သွားရမယ်၊ တော်စမ်းပါ၊ မင်းရဲ့ အလှအပအမြင်ကတော့...”
ချင်းယွင်ကျစ်က နှာခေါင်းရှုံ့ကာ ပြောလိုက်လေ၏။
သူမသည်က စုန့်ရှီးယန်ကို သူမနှင့်အတူ အဝတ်အစားဝယ်ရန် အတင်းအကျပ် ခေါ်သွားခဲ့ဖူးသည်ကို သတိရနေဆဲပင်။
အဆုံးတွင် သူရွေးချယ်ပေးသော အဝတ်အစားများမှာ အရောင်ရင့်ရင့်နှင့် အပွကြီးများ သို့မဟုတ် ဒီဇိုင်းမှာ အလွန်ပင် ရှင်းလင်းလွန်းသောကြောင့် လုံးဝ ကြည့်မကောင်းပေ။
ထို့ကြောင့် ထိုအချိန်မှစ၍ ချင်းယွင်ကျစ်က စုန့်ရှီးယန်ကို အကြံဉာဏ်တောင်းရန်အတွက် လုံးဝ လက်လျှော့လိုက်ခြင်း ဖြစ်ပေသည်။
စုန့်ရှီးယန်မှာတော့ ထိုစကားကို ကြားရသောအခိုက်တွင် ချင်းယွင်ကျစ်ကိုသာ ပြောစရာစကားမဲ့စွာ ကြည့်နေမိတော့သည်။
သူက တကယ်ကြီး သူမအတွက် အကြံပေးချင်တာလို့ ထင်နေတာလား။
သူက ဒီအခွင့်အရေးကို သုံးပြီး လင်းရန်နဲ့အတူ ရှိနေချင်တာလေ။
သူ့အမေက ပုံမှန်ဆိုရင် အတော်လေး ထက်မြက်တာမဟုတ်ဘူးလား။ ဘာလို့ အခုလို အရေးကြီးတဲ့ အချိန်ကျမှ ဉာဏ်မကောင်းရတာလဲ။
ချင်းယွင်ကျစ်မှာ စုန့်ရှီးယန်က သူမကို တိတ်တဆိတ် စိုက်ကြည့်နေသည်ကို မြင်မှ သဘောပေါက်သွားခဲ့လေသည်။
သူမက ဇနီးမောင်နှံလေး နှစ်ယောက်တည်း ရှိနိုင်မည့်အခွင့်အရေးကို မတော်တဆ ကြားဖြတ်နှောင့်ယှက်မိလိုက်သည်လား။
အဟမ်း... ဒါပေမဲ့ သူမက တမင်လုပ်တာ မဟုတ်ပါဘူး။
သားဖြစ်သူ၏ အကြည့်များကို ရင်ဆိုင်ရချိန်တွင် ချင်းယွင်ကျစ်မှာ မျက်နှာကို အမြန်ပင် လွှဲလိုက်ပြီး အပြစ်ကို ပြန်လည်ပေးဆပ်သည့်အနေဖြင့် ပြောလိုက်လေသည်။
“အိုး... အမေ ရုတ်တရက် သတိရလာလို့၊ မနက်ဖြန်ကျရင် အမေ လုပ်စရာ ကိစ္စလေးတစ်ခု ရှိနေသလိုပဲ.. ဒါကြောင့် ရန်ရန်နဲ့အတူ သူ့အဖေဆီကို လိုက်မသွားနိုင်တော့ဘူး ထင်တယ်၊
စုန့်ရှီးယန်၊ မင်းပဲ လိုက်သွားပေးလိုက်တော့... မင်းလည်း အားနေတာနဲ့ အတော်ပဲ၊ မင်းကိုပဲ ရန်ရန်နဲ့အတူ လိုက်သွားခိုင်းလိုက်မယ်”
“ဘာပဲဖြစ်ဖြစ် ဒီကောင်လေးက သူ့ယောက္ခမနဲ့ မတွေ့ရတာလည်း ကြာပြီလေ၊ ဒါက သူ့အတွက် သင်ခန်းစာနည်းနည်းလောက် သင်ယူဖို့ အခွင့်ကောင်းရတာပေါ့”
မစ်စ်ချင်းသည်က စုန့်ရှီးယန်နှင့် သူမကြားတွင် အတူရှိချိန်ရစေရန် တမင်တကာ ဖန်တီးပေးနေခြင်းဖြစ်ကြောင်း လင်းရန် သတိမထားမိဘဲမနေပါချေ။
သို့သော် သူမအနေဖြင့် ငြင်းပယ်ရန် အစီအစဉ်မရှိပေ။
“ကောင်းပါပြီ၊ ဒါဆို ကျွန်မတို့ မနက်ဖြန်ကျမှ သွားလိုက်မယ်”
“ကောင်းပြီ၊ ငါလည်း အပေါ်ထပ်ကို အရင်တက်နှင့်တော့မယ်၊ ရန်ရန်... မင်းလည်း သွားပြီး အနားယူလိုက်ပါဦး၊ ဒီနေ့ ဈေးဝယ်ထွက်ရတာ တော်တော်လေး ပင်ပန်းသွားပြီမလား”
ချင်းယွင်ကျစ်မှာ ထိုသို့ပြောဆိုပြီးနောက် ကျေနပ်စွာဖြင့် စုန့်ရှီးယန်ကို တစ်ချက်ကြည့်၍ ခိုးပြုံးကာ အပေါ်ထပ်သို့ အမြန်တက်သွားလေတော့သည်။
ချင်းယွင်ကျစ် ထွက်သွားပြီးနောက် စုန့်ရှီးယန်က လင်းရန်အား ယနေ့ ဈေးဝယ်ထွက်သည့် အခြေအနေကို မေးမြန်းလိုက်၏။
လင်းရန်တို့က ယနေ့ ဆိုင်များသို့ သွားရောက်ကြည့်ရှုခဲ့သည်ကို သူ မသိရှိခဲ့ပေ။ ထို့ကြောင့် သူတို့အနေဖြင့် ရိုးရိုးရှင်းရှင်း အဝတ်အစားဝယ်ရန် ထွက်သွားကြသည်ဟုသာ ထင်မှတ်နေခြင်း ဖြစ်သည်။
လင်းရန် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် စုန့်ရှီးယန်၏ ဂရုဏာသက်နေသော မျက်ဝန်းများကို ကြည့်ကာ သူမ၏ အစီအစဉ်ကို ပြောပြလိုက်လေသည်။ ထိုသို့ပြောပြီးနောက်တွင် သူမက စုန့်ရှီးယန်အား မေးမြန်းခဲ့သည်။
“ကျွန်မ ဒီလိုဆိုင်မျိုးကို ဖွင့်လို့ရနိုင်မယ်လို့ ရှင်ထင်လား”
“ရတာပေါ့”
စုန့်ရှီးယန်က ခေါင်းညိတ်ကာ ပြတ်ပြတ်သားသား ပြောလိုက်လေသည်။
“တကယ်တော့ ဘာပဲလုပ်လုပ် မင်းပျော်နေဖို့ပဲ လိုတယ်၊ မိသားစုကို ထောက်ပံ့ဖို့အတွက် ကိုယ် ပိုက်ဆံရှာပါ့မယ်၊ မင်းက ပျော်ပျော်ရွှင်ရွှင်နေရင်ရပြီ၊ ကိုယ့်အနေနဲ့ ပင်ပန်းတယ်လို့ မထင်ပါဘူး”
မည်သို့ပင်ဖြစ်စေ လင်းရန်ကိုယ်တိုင်က ငွေအမြောက်အမြားရှာရန် ဆိုင်ဖွင့်ခြင်းမဟုတ်ဟု ပြောထားခဲ့သည့်အတွက် ဆိုင်ကို မည်သို့ပင် ပုံဖော်သညာဖြစ်စေ သူမ၏ ဆန္ဒနှင့် ကိုက်ညီရန်သာ လိုအပ်ပေသည်။
ထို့အပြင် လင်းရန်၏ လက်ရာကြောင့် သူမ၏ဆိုင်မှာ ဖွင့်လှစ်ပြီးနောက်ပိုင်းတွင် လူမသိသူမသိ ဖြစ်နေလိမ့်မည်မဟုတ်ဟု စုန့်ရှီးယန်က ခံစားမိနေသည်။
စုန့်ရှီးယန်၏ ထိုစကားများကို ကြားရပြီးနောက်တွင် လင်းရန်မှာ စိတ်ဖိစီးမှုနှင့် ဝန်ထုပ်ဝန်ပိုးများ လျော့ပါးသွားသလို ခံစားလိုက်ရလေ၏။
“ဒါဆိုရင် ကျွန်မ နောက်ပိုင်းမှာ စီးပွားရေးစပြီး ဆိုင်ဖွင့်တော့မယ်နော်၊ ပြီးတော့ ရှင့်ရဲ့ပိုက်ဆံတွေကို သုံးမှာ”
“ကိုယ့်ပိုက်ဆံက မင်းပိုက်ဆံပဲလေ၊ မင်း ကြိုက်သလို သုံးလို့ရတယ်”
စုန့်ရှီးယန်က လက်ကို အသာယမ်းကာ ဝင့်ကြွားစွာ ပြောလိုက်လေ၏။
ဤသို့ဖြင့် လင်းရန်တစ်ယောက် ‘သဘောထားကြီးသော အမျိုးသားတစ်ဦးကသာ အခန့်ညားဆုံး ဖြစ်သည်’ ဟူသော စကားစုကို ကိုယ်တိုင်ခံစားလိုက်ရတော့သည်။
နောက်တစ်နေ့တွင် လင်းရန်နှင့် စုန့်ရှီးယန်တို့က ကွမ်ကျိုးရှိ လင်းကျန်းအန်း၏ ယာယီနေအိမ်သို့ သွားခဲ့ကြသည်။ တကယ်တမ်းတွင် ယာယီနေအိမ်ဟုလည်း မခေါ်ဆိုနိုင်ပေ။
လင်းကျန်းအန်းသည်က ကွမ်ကျိုးသို့ ရောက်ရှိလာကတည်းက ဤနေရာတွင် နေထိုင်ခဲ့သည်မှာ နှစ်လနီးပါး ရှိနေခဲ့ချေပြီ။
သူ ကွမ်ကျိုးတွင် ဤမျှကြာအောင် နေထိုင်ရခြင်းမှာ စီးပွားရေးအရ ညှိနှိုင်း၍မရသောကြောင့် မဟုတ်ဘဲ လုပ်ငန်းများ လျင်မြန်စွာ အောင်မြင်သွားသဖြင့် ပြန်မလာနိုင်ခြင်းသာ ဖြစ်ပေသည်။
ဤနေရာတွင် ဆေးရုံအများအပြား ရှိနေခြင်းနှင့် လင်းကျန်းအန်း၏ အလုပ်အပေါ်တက်ကြွမှုတို့ကြောင့် မိသားစုဖြင့် ညှိနှိုင်းပြီးသည့်နောက်တွင် သူသည်က နောက်ထပ်ဆေးရုံတစ်ခုသို့ ဆက်လက် သွားခဲ့လေ၏။
ဒေသတွင်း ဆေးရုံနှင့် ညှိနှိုင်းမှုများ ပြီးဆုံးလုနီးပါးအချိန်တွင် တခြားသော သတင်းအချက်အလက်များကို ထပ်မံကြားသိရသည့်အတွက် သူက ဤအချိန်ထိတိုင် ပြန်မသွားရသေးပါချေ။
လင်းရန်နှင့် စုန့်ရှီးယန်တို့က လင်းကျန်းအန်း ပြောထားသော လိပ်စာအတိုင်း သွားရောက်ရှာဖွေခဲ့ချိန်တွင် လင်းကျန်းအန်းက စွမ်းဆောင်ရည်ထက်မြက်ပုံရပြီး ဝတ်စုံပြည့် ဝတ်ဆင်ထားကာ ဆံပင်အတိုထားသည့် အမျိုးသမီးတစ်ဦးနှင့်အတူ ရပ်နေသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရလေသည်။
ထိုသူနှစ်ဦးမှာ ကိစ္စတစ်ခုခုကို ဆွေးနွေးနေပုံရသည်။
ထိုအမျိုးသမီး၏ လက်ထဲတွင် စာရွက်စာတမ်းတစ်ခုကို ကိုင်ထားပြီး လင်းကျန်းအန်း၏ ရှေ့တွင် ဖွင့်လှစ်ကာ စာရွက်စာတမ်းတွင်ပါရှိသည့် အကြောင်းအရာများကို ဖတ်ပြနေလေ၏။
ပူးပေါင်းဆောင်ရွက်မှုအကြောင်းကို ပြောနေကြတာလား။
လင်းရန်နှင့် စုန့်ရှီးယန်တို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အရှေ့သို့ တိုးမသွားခဲ့ကြပါချေ။ သူတို့ ပေါ်လာခြင်းကြောင့် အဖေလင်း၏ စီးပွားရေးလုပ်ငန်းကို ထိခိုက်သွားမည်ကို စိုးရိမ်ခဲ့ကြသည်။
သို့သော် နောက်တစ်စက္ကန့်တွင် လင်းကျန်းအန်း၏ မျက်ခုံးများက ပိုမိုတွန့်ချိုးလာပြီးနောက် မျက်နှာမှာလည်း ပျက်ယွင်းသွားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပါချေ။
“အခြေအနေက သိပ်ကောင်းပုံမရဘူးထင်တယ်၊ ကိုယ်တို့ အရင်သွားကြည့်ကြမလား”
စုန့်ရှီးယန်က လင်းရန်၏ ဘေးမှ အကြံပြုလိုက်သည်။
လင်းရန်ဘည်း ခေတ္တစဉ်းစားလိုက်ပြီး အနည်းငယ် စိုးရိမ်သောကြောင့် သဘောတူလိုက်လေ၏။
ထို့နောက် သူတို့နှစ်ဦးက လင်းကျန်းအန်းရှိရာသို့ အမြန်လျှောက်သွားလိုက်ကြသည်။ လင်းကျန်းအန်းနှင့် ပိုမိုနီးကပ်လာချိန်တွင် သူနှင့် ထိုအမျိုးသမီးတို့၏ စကားပြောသံများကို ပိုမိုရှင်းလင်းစွာ ကြားလာရလေတော့၏။
“မင်းတို့ရဲ့ စာချုပ်က ကျိုးကြောင်းဆီလျော်မှု မရှိလွန်းဘူး၊ ငါ မင်းတို့နဲ့ ပူးပေါင်းဖို့ အစီအစဉ်မရှိဘူး၊ ရဲဘော်... နောက်တစ်ခါ ငါ့ဆီကို ထပ်မလာပါနဲ့တော့”
“ဘာလို့ ကျိုးကြောင်းဆီလျော်မှု မရှိရတာလဲ... ရဲဘော်လင်း၊ ရှင် မကျေနပ်တာရှိရင် ကျွန်မတို့ အတူ ပြန်ပြင်ဖို့ ပြောလို့ရတာပဲလေ၊
ပွင့်ပွင့်လင်းလင်း ပြောရရင် ရှင့်ဆေးဝါးစက်ရုံက ဆေးဖက်ဝင်အပင်တွေရဲ့ အရည်အသွေးက မဆိုးလို့သာ ကျွန်မတို့ဆေးရုံဘက်က လာကမ်းလှမ်းတာပါ
ကျွန်မတို့ဘက်က ဒီလိုမျိုး စိတ်ရင်းမှန်နဲ့ လာခဲ့တာကို ရှင်က ဒီအတိုင်း ငြင်းပယ်လိုက်မယ်ဆိုရင်တော့ ဖြစ်သင့်မယ်မထင်ဘူးနော်၊ ဟုတ်တယ်မလား”
ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းရန်တစ်ယောက် ချက်ချင်းပင် ဒေါသထွက်သွားလေတော့၏။
အဝေးက လှမ်းကြည့်လိုက်ချိန်က ထိုအမျိုးသမီး၏ ပင်ကိုယ်စရိုက်မှာ သူမ၏ ရုပ်ရည်ကဲ့သို့ပင် ထက်မြက်ပြီး ကောင်းမွန်လိမ့်မည်ဟု ထင်ခဲ့မိသည်။
သို့သော်လည်း အမှန်တကယ်တွင်တော့ သူမ၏ စကားပြောဆိုပုံက ရန်လိုလွန်းပေသည်။ ထို့အပြင် တစ်ဖက်လူကို အထက်စီးမှ ကြည့်နေသည့် အမူအရာမျိုးလည်း ရှိနေသေး၏။
သူတို့ဆေးရုံက မည်သည့်ဆေးရုံဖြစ်ပြောင်း လင်းရန် မသိသော်လည်း “သူတို့နှင့်မပူးပေါင်းတာက မဖြစ်သင့်ဘူး” ဆိုသည့် စကားမျိုးက နားထောင်၍မကောင်းလှပေ။
ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးလိုလျှင် ကောင်းမွန်စွာ ဆွေးနွေးသင့်ပေသည်။ ယခုကဲ့သို့ ပြောဆိုခြင်းမှာ ပဋိပက္ခဖြစ်ရန် ရန်စနေခြင်းသာ ဖြစ်၏။
အဖေလင်း၏ လေသံကို နားထောင်ရလျှင် သူက တစ်ဖက်လူကို ငြင်းပယ်ပြီးဖြစ်သော်လည်း တစ်ဖက်လူက လက်လျှော့ခြင်းမရှိဘဲ ပူးပေါင်းရန် အတင်းအကြပ်လုပ်နေခြင်း ဖြစ်နိုင်သည်။
လင်းကျန်းအန်းက တစ်ဖက်လူကို ဆက်လက်ငြင်းပယ်ရန် ပြင်နေချိန်မှာပင် လင်းရန်က ရုတ်တရက် ဝင်ပြောလိုက်လေသည်။
“အဖေ!”
ထိုအသံကြောင့် လင်းကျန်းအန်း၏ အာရုံမှာ တစ်ဖက်လူထံမှ လင်းရန်ဆီသို့ ချက်ချင်း ရောက်ရှိသွားကာ အံ့အားသင့်သွားသော မျက်နှာဖြင့် လှည့်ကြည့်လာလေ၏။
“ရန်ရန် ..သမီး ရောက်လာတာလား”
“ကျွန်မ ရောက်လာပြီ၊ အဖေ့အတွက် ပစ္စည်းတွေလည်း ယူလာသေးတယ်၊ ကျွန်မတို့ အရင်ပြန်ကြရအောင်လေ”
လင်းရန်က လင်းကျန်းအန်းကို ပြုံးပြလျက် ကြည့်လိုက်လေသည်။ သူမ၏ ဘေးနားရှိ အမျိုးသမီးကိုတော့ လုံးဝမမြင်သကဲ့သို့ပင် လျစ်လျူရှုထားလိုက်၏။
*
အခန်း(444)
လင်းကျန်းအန်းသည်ကား သမီးဖြစ်သူကိုသာ ဦးစားပေးတတ်သူဖြစ်ပေ၏။ ထို့အတွက် ယခုကဲ့သို့ လင်းရန် ရောက်ရှိလာချိန်တွင် သူမကို သေချာပေါက် လျစ်လျူရှုမထားနိုင်ပါချေ။
ထို့ကြောင့် သူက ပြုံးလျက် အလျင်အမြန် ခေါင်းညိတ်လိုက်လေ၏။
“ကောင်းပြီ ..သွားကြစို့၊ အဖေ သမီးကို အရင်လိုက်ပို့မယ်၊ လမ်းလျှောက်လာရတာ အတော်လေးပင်ပန်းနေပြီမလား၊ အဖေ့ဆီမှာ ဆိုဒါလည်း ရှိတယ်၊ သမီး ဆိုဒါသောက်ရတာ ကြိုက်မှာပဲ”
ထိုသို့ဖြင့် သူတို့သားအဖ သုံးဦးက ထွက်ခွာရန် ပြင်လိုက်ကြသည်။
ထိုအခိုက်တွင် ဘေးနားတွင်ရှိနေသည့် အမျိုးသမီးက ကြည့်မနေနိုင်တော့ဘဲ အံကြိတ်လျက် ပြောဆိုလာလေတော့၏။
“ရဲဘော်လင်း၊ ကျွန်မတို့ အလုပ်ကိစ္စ ပြောနေကြတာလေ၊ ရှင် နည်းနည်းလောက် ယဉ်ကျေးမှုရှိလို့ မရဘူးလား!”
လင်းကျန်းအန်းအနေဖြင့် သမီးဖြစ်သူ လင်းရန်၏ ရှေ့တွင် မကောင်းသော စကားများကို မပြောလိုသော်လည်း ဤအမျိုးသမီးက သူ အမုန်းဆုံးအရာကို မသိရှိထားပုံရပေသည်။
သူနှင့် သမီးဖြစ်သူတို့အတူရှိနေသည့် အချိန်ကို လာရောက်နှောင့်ယှက်ခြင်းက သူအမုန်းတီးဆုံးကာလပင် ဖြစ်လေ၏။
တကယ်တမ်းတွင် သူက ထိုအမျိုးသမီးအပေါ် စိတ်ကုန်နေပြီဖြစ်သော်လည်း အမျိုးသမီးဖြစ်နေသဖြင့် ရိုင်းရိုင်းစိုင်းစိုင်း မပြောလိုခဲ့ခြင်းသာဖြစ်ပေ၏။
သို့သော် ထိုအမျိုးသမီးက အခြေအနေကို နားမလည်ဘဲ ဤကိစ္စကို ဆက်ပြောရန် ဇွတ်အတင်း လိုက်ပါနေဆဲပင်။
လင်းကျန်းအန်းက မျက်နှာပျက်ယွင်းသွားရပြီး အေးစက်စွာ ပြောလိုက်၏။
“ငါ ခုနက ရှင်းရှင်းလင်းလင်း ပြောပြီးပြီလို့ ထင်ပါတယ်၊ မင်းတို့ဆေးရုံနဲ့ ပူးပေါင်းဖို့ အစီအစဉ်မရှိဘူး၊ ရဲဘော်လု... မင်း ပြန်လို့ရပါပြီ၊ နောက်မှာလည်း ငါ့ဆီကို ထပ်မလာပါနဲ့တော့၊ မင်းတို့ဆေးရုံနဲ့ ပူးပေါင်းဖို့ ငါ့မှာ ကံမပါဘူးလို့ပဲ သတ်မှတ်လိုက်ပါ”
“မင်းသာ ငါ့နောက်ကို တကောက်ကောက် လိုက်ပြီးနှောက်ယှက်နေဦးမယ်ဆိုရင်တော့ ငါ့ဘက်က ရဲစခန်းကိုသွားပြီး နှောင့်ယှက်မှုနဲ့ တိုင်ချက်ဖွင့်ရပါလိမ့်မယ်”
လင်းကျန်းအန်းက ထိုသို့ ပြောလာလိမ့်မည်ဟု တစ်ဖက်လူက မမျှော်လင့်ထားပေ။
သူမကို နှောင့်ယှက်မှုနှင့် တိုင်မည်တဲ့လား။ ဤသည်က သူမအတွက် မျက်နှာသာ လုံးဝမပေးခြင်းဖြစ်ကာ အလွန်တရားလွန်လွန်းပေသည်။
သူမသည်က တစ်ခါမျှ ယခုကဲ့သို့ ဒေါသထွက်ရဖူးခြင်း မရှိပေ။ သူမက ခဏလောက် လင်းကျန်းအန်းကို စိုက်ကြည့်ကာ လှောင်ပြောင်ပြုံးပြလိုက်လေ၏။
“ကောင်းပြီလေ၊ ရှင်က ထက်မြက်တဲ့လူတစ်ယောက်လို့ ကျွန်မ ထင်ခဲ့တာ၊ ကျွန်မ လူမှားသွားတာပဲ၊
စောင့်ကြည့်နေလိုက်ပါ လင်းကျန်းအန်း၊ ရှင့်ရဲ့ ဆေးဝါးကုမ္ပဏီအသေးလေးက ဘယ်လောက်အထိ ခရီးပေါက်မယ် ထင်နေလို့လဲ၊ မကြာခင်မှာ ရှင့်ရဲ့ ဆေးဝါးစက်ရုံက ပျက်စီးသွားမှာပဲ”
“ရှင် ကျွန်မတို့ဆီမှာ ပူးပေါင်းပါရစေလို့ ဒူးထောက်တောင်းပန်မယ့်နေ့ကို ကျွန်မ စောင့်နေလိုက်မယ်! ဟမ့်!”
ထိုသို့ပြောပြီးနောက် အမျိုးသမီးမှာ ဒေါသတကြီးဖြင့် လှည့်ထွက်သွားလေတော့၏။
လင်းကျန်းအန်းအနေဖြင့် သူမ၏ စကားများကြောင့် စိတ်အနှောင့်အယှက် မဖြစ်သော်လည်း လင်းရန်က အလွန်ဒေါသထွက်သွားရပြီး တစ်ဖက်လူကို တားဆီးကာ ပြန်လည်တုံ့ပြန်ချင်နေမိသည်။
သို့သော် လင်းကျန်းအန်းက သူမ၏ အကြံကို သိရှိသွားပြီး အပြုံးတစ်ခုဖြင့် တားဆီးလိုက်လေ၏။
“ရပါတယ် ရန်ရန်၊ ဒီလိုလူမျိုးကို ဒေါသထွက်မနေပါနဲ့.. ဘာပဲဖြစ်ဖြစ် သူမပြောတာတွေက တကယ်ဖြစ်မလာနိုင်သလို ဘာအဓိပ္ပာယ်မှလည်း မရှိပဘူး”
အဖေလင်း၏ စကားကို ကြားပြီးနောက်တွင် လင်းရန်လည်း စိတ်အေးသွားရသည်။ ဟုတ်ပေသည်။ ထိုအမျိုးသမီး ပြောသမျှကို အဓိပ္ပာယ်မရှိသော စကားများအဖြစ်သာ သတ်မှတ်လိုက်လျှင် ရပေပြီ။
ဆေးဝါးကုမ္ပဏီမှာ နောက်ပိုင်းတွင် ဒေဝါလီခံရမည်ဆိုသည်က လုံးဝ မဖြစ်နိုင်သော ကိစ္စပင် ဖြစ်ပေသည်။
“အဖေ... နောက်ဆုံးမှာ ဘယ်သူက အောင်မြင်မလဲဆိုတာ ပြသနိုင်အောင် သမီးတို့ ကြိုးစားကြတာပေါ့!”
လင်းကျန်းအန်းက အပြုံးများဖြင့် ခေါင်းညိတ်လိုက်၏။
“စိတ်မပူပါနဲ့၊ အဖေ ကြိုးစားပါ့မယ်”
“ဒါပေမဲ့ ဒီနေ့ အဖေ ပြောလိုက်တဲ့ စကားတွေကြောင့် သူမ နောက်ထပ် လာတော့မှာ မဟုတ်ပါဘူး၊ ဒါကြောင့် စိုးရိမ်မနေပါနဲ့တော့”
လင်းရန်မှာ ဤကိစ္စကို စဉ်းစားနေဆဲ ဖြစ်သည်ကိုမြင်သည့်အတွက် လင်းကျန်းအန်းက ပြုံးလျက် လက်ကာပြလိုက်သည်။ လင်းရန်ကလည်း ထိုသူ နောက်ထပ်မလာတော့လျှင် အကောင်းဆုံးပင်ဟု တွေးကာ ခေါင်းညိတ်လိုက်လေ၏။
သို့မဟုတ်လျှင် တွယ်ကပ်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလွန်းပေလိမ့်မည်။
တကယ်တမ်းတွင် သူမ အစိုးရိမ်ဆုံးအရာမှာ ဤကိစ္စ၏ နောက်ကွယ်တွင် သူတို့မသိရှိနိုင်သော ပူးပေါင်းကြံစည်မှုတစ်ခုခု ရှိနေမည်ကိုသာ ဖြစ်ပေသည်။
ထို့နောက်တွင် လင်းရန်နှင့် စုန့်ရှီးယန်တို့က လင်းကျန်းအန်းနှင့်အတူ ခေတ္တမျှ နေခဲ့ကြသည်။ သူတို့ သုံးဦးက အနီးအနားရှိ စားသောက်ဆိုင်တစ်ခုသို့ သွားရောက်စားသောက်ကြပြီးနောက် လင်းကျန်းအန်းက လင်းရန်နှင့် စုန့်ရှီးယန်တို့ကို အိမ်သို့ပြန်ရန် တိုက်တွန်းလေ၏။
နောက်ပိုင်းတွင် သမီးဖြစ်သူ လင်းရန်က ကွမ်ကျိုးတွင် အချိန်ကြာကြာ နေထိုင်မည်ဖြစ်၍သားအဖနှစ်ဦး ဆုံတွေ့ရန်နှင့် စကားပြောရန် အချိန်များစွာ ရှိသေးကြောင်းကို သူ သိရှိရသည့်အတွက် စိတ်မပူတော့ပေ။
စုန့်မိသားစုအိမ်သို့ ပြန်ရောက်ပြီးနောက် လင်းရန်က နောက်ဆုံးတစ်ရက်ကို အနားယူရင်း ကုန်ဆုံးစေခဲ့သည်။ စုန့်ရှီးယန်၏ ခွင့်ရက်များ ကုန်ဆုံး၍ တပ်မဟာသို့ ပြန်သွားသည့်အချိန်တွင် သူမက ချင်းယွင်ကျစ်နှင့်အတူ မြို့ထဲသို့ ထပ်မံထွက်ခွာခဲ့သည်။
ဤတစ်ကြိမ်တွင်တော့ သူတို့က ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြပြီး ဆိုင်ခန်းတစ်ခန်းကို ဝယ်ယူလိုက်ကြလေတော့၏။
ဤဆိုင်မှာ ယခင်ဆိုင်ထက် တည်နေရာ ပိုမိုကောင်းမွန်သော်လည်း ဆိုင်ခန်းအကျယ်အဝန်းမှာတော့ ပို၍ သေးငယ်လေသည်။
အကယ်၍ လင်းရန်သာ ငွေရှာရန် သက်သက်အတွက်သာ ဆိုင်ဖွင့်ရန် စဉ်းစားခဲ့မည်ဆိုလျှင် အကျယ်အဝန်း ပိုကြီးသော ဆိုင်ခန်းကို ဝယ်ယူခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သို့သော် သူမ၏ ပထမဦးစားပေးမှာ ငွေရှာရန် မဟုတ်သည့်အတွက် ဧည့်သည်များစွာကို လက်ခံနိုင်ရန် မလိုအပ်ပေ။
ယခု ဆိုင်ခန်းကို ကြည့်လျှင် စားပွဲ လေးလုံးခန့်ထားရှိနိုင်မည်ဖြစ်ပြီး သူမအတွက် လုံလောက်ပေသည်။
လင်းရန် စိတ်ကျေနပ်နေသည်ကို မြင်လျှင် ချင်းယွင်ကျစ်သည်လည်း ဝင်မပြောတော့ဘပါချေ။
သူတို့နှစ်ဦးက အိမ်ရှင်နှင့် သဘောတူညီမှု ရယူကာ ယွမ်(800)ဖြင့် အပြီးသတ် ဝယ်ယူလိုက်ကြလေသည်။
ဆိုင်ခန်းတစ်ခန်းအတွက် ယွမ်(800)ဆိုသည်က သိပ်ပြီး မသက်သာသော်လည်း တည်နေရာကောင်းမွန်သည့်အပြင် လင်းရန်နှင့် ချင်းယွင်ကျစ်တို့မှာလည်း ငွေကြေး မရှားပါးကြသည့်အတွက် အဆင်ပြေပြေဖြင့် ဆုံးဖြတ်လိုက်ကြလေ၏။
သို့သော် ဆိုင်ခန်းကို ဝယ်ယူပြီးဖြစ်သော်လည်း အမှန်တကယ် ပြင်ဆင်မွမ်းမံမှုနှင့် လုပ်ငန်းလည်ပတ်မှုများမှာတော့ မူဝါဒသစ်များ ထွက်ပေါ်လာသည်အထိစောင့်ဆိုင်းရဦးမည်ပင်။
ထို့ကြောင့် နောက်ထပ်တစ်လခွဲခန့်အထိ လင်းရန်က စုန့်မိသားစုအိမ်၌သာ နေထိုင်ခဲ့သည်။
တစ်ခါတရံတွင် ချင်းယွင်ကျစ်နှင့်အတူ အပြင်ထွက်ခြင်း သို့မဟုတ် ဆိုင်ခန်းအတွက် အပြင်အဆင်များကို ဒီဇိုင်းထုတ်ခြင်းများ ပြုလုပ်နေခဲ့လေ၏။
လင်းရန်တို့ ဆိုင်ခန်းကိစ္စကို အပြီးသတ်နေချိန်မှာပင် ယမန်နေ့က လင်းကျန်းအန်းတို့ထံမှ ထွက်ခွာသွားသော ရဲဘော်လုမှာလည်း ဟောင်ကောင်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဟောင်ကောင်သို့ ပြန်ရောက်သည်နှင့် သူမက သူမ အလုပ်လုပ်သော ဆေးရုံသို့ ချက်ချင်းသွားကာ ခေါင်းဆောင်ဖြစ်သူအား ဒေါသတကြီးဖြင့် တိုင်တန်းလေတော့၏။
“ဘော့စ်လျို... ရှင်ပြောတဲ့ ဆေးဝါးစက်ရုံ ဒါရိုက်တာကို ကျွန်မ သွားတွေ့ခဲ့တယ်၊ ကျွန်မဘက်က အပြည့်အဝ စိတ်ရင်းမှန်နဲ့ ကမ်းလှမ်းခဲ့ပေမဲ့ တစ်ဖက်လူက အသိအမှတ်မပြုတဲ့အပြင် လောဘလည်း အရမ်းကြီးနေသေးတယ်၊ ဘယ်လိုမျိုးမှ ကျေနပ်အောင် လုပ်ပေးလို့ မရနိုင်တဲ့သူမျိုးပဲ!”
“ဒီလိုလူမျိုးက ကျွန်မတို့နဲ့ ပူးပေါင်းဖို့ လုံးဝ မထိုက်တန်ပါဘူး၊ ဒါကြောင့် သူ့ကို လက်လွှတ်လိုက်တာ အကောင်းဆုံးလို့ ကျွန်မ ထင်တယ်”
ထိုဘော့စ်လျိုဆိုသူမှာ ရုံးခန်းထဲတွင် ထိုင်နေခဲ့လေသည်။ သူသည်က ရဲဘော်လု၏ စကားများကို နားထောင်ပြီးနောက် တစ်ခါမျှ မတွေ့ဖူးသေးသော ‘လင်းကျန်းအန်း’ အပေါ် မကျေမနပ် ဖြစ်သွားခဲ့သည်။
သူသည်က ပြည်မကြီးမှ လယ်သမားအိုကြီး တစ်ဦးသာဖြစ်ပေသည်။ ထိုဆေးဝါးစက်ရုံမှ ထုတ်လုပ်သော ဆေးဖက်ဝင်အပင်များမှာ အရည်အသွေးကောင်းမွန်ပြီး စျေးနှုန်းသက်သာကာ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိကြောင်း စုန့်စစ်ယွီထံမှ မကြားခဲ့ရလျှင် သူ့ဘက်မှ ယခုကဲ့သို့ လူမျိုးနှင့် ပူးပေါင်းရန် လူလွှတ်လိမ့်မည်မဟုတ်ပေ။
သူ ကမ်းလှမ်းထားသော စျေးနှုန်းမှာ လုံလောက်သော ပမာဏထက်များနေသည်ဟု သူ သတ်မှတ်ထားသည်။ ဤသည်မှာ လက်ရှိရောင်းစျေးထက် အဆပေါင်းများစွာ မြင့်မားနေသောကြောင့် ထိုလယ်သမားက သူ့ကို ဒူးထောက်၍ ကျေးဇူးတင်သင့်သည်ဟုပင် သူက ယူဆထားခြင်း ဖြစ်သည်။
ထိုလူက လောကကြီးကို နားမလည်ဘဲ ငြင်းပယ်ရဲလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
“တောတောင်ထဲက လူဆိုတော့ အမြင်ကျဉ်းတာပဲ”
လျိုကျားယိုက မျက်နှာပျက်ယွင်းသွားကာ မကျေမနပ်ဖြင့် စားပွဲကို ရိုက်လိုက်လေ၏။
လျိုကျားယိုဘက်မှ သူမကို အပြစ်မတင်သည်ကို မြင်လျှင် မျိုးရိုးအမည် လု အမည်ရှိသောအမျိုးသမီးက သူမ သိလိုနေသည့် အချက်ကို အသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။
“ဘော့စ်လျို... ကျွန်မ ထင်တာတော့ မစ်စ်စုန့်စစ်ယွီက ပြည်မကြီးမှာရှိတဲ့ သူမရဲ့ ဆွေမျိုးတွေကို တမင်တကာ ကူညီချင်လို့ လင်းကျန်းအန်းနဲ့ သူ့ဆေးဝါးကုမ္ပဏီကို ကျွန်မတို့ဆီမှာ ထောက်ခံပေးတာ မဟုတ်ဘူးလား”
တကယ်တမ်းတွင် လင်းကျန်းအန်း ယူဆောင်လာသော ဆေးဖက်ဝင်အပင်များ၏ အရည်အသွေးမှာ ကောင်းမွန်သည်ကိုတော့ သူမ ဝန်ခံသော်လည်း ထိုကဲ့သို့သော ဆေးဖက်ဝင်အပင်မျိုးကို တခြားသူများထံတွင် ရှာမရနိုင်သည်တော့ မဟုတ်ပေ။
သို့သော် စုန့်စစ်ယွီက သူ့အမည်ကို အတိအကျညွှန်းဆိုကာ ပူးပေါင်းဆောင်ရွက်ရန် ပြောခဲ့ခြင်း ဖြစ်ကာ စျေးကြီးပေး၍ သူတို့စက်ရုံမှ ဆေးဖက်ဝင်အပင်အားလုံးကို တစ်ဦးတည်းမူပိုင် ဝယ်ယူရန်လည်းပြောဆိုခဲ့သည်။
ထို့အပြင် နောက်ပိုင်းတွင် တစ်ဖက်လူ ပို့ပေးသမျှ ဆေးဖက်ဝင်အပင်များကိုလည်း မည်သည့်စကားမှမပြောဘဲ လက်ခံရမည်ဖြစ်ကာ အရည်အသွေး မကောင်းလျှင်တောင် ရွေးချယ်စရာ မရှိပေ။
ထို့ကြောင့် သူမ၏ အမြင်အရ ဤသည်မှာ တစ်ဖက်လူအတွက် နောက်ပိုင်းတွင် စိုးရိမ်စရာမရှိအောင် အကျိုးခံစားခွင့်များ ပေးအပ်လိုက်ခြင်းသာ ဖြစ်ပေသည်။
မည်သို့ပင်လုပ်ဆောင်သည်ဖြစ်စေ တစ်ဦးဦးက တာဝန်ယူပေးနေမည် မဟုတ်ပါလား။
ဤသို့ စဉ်းစားကြည့်လျှင် စုန့်စစ်ယွီသည်က ထိုသူနှင့် ဆွေမျိုးမတော်စပ်လျှင် သို့မဟုတ် ကျေးဇူးရှိခဲ့ခြင်းမျိုးဖြစ်နိုင်သည်။ မဟုတ်လျှင် လင်းကျန်းအန်းထံသို့ ငွေများစွာ ပို့ပေးခိုင်းစရာ အကြောင်းမရှိပေ။
အခြားသော ဖြစ်နိုင်ခြေတစ်ခုမှာ စုန့်စစ်ယွီသည်က ထိုလူအနေဖြင်် နောက်ပိုင်းတွင် တိုးတက်လာမည်ကို သိရှိသဖြင့် သူ၏စက်ရုံကို ကြိုတင်ထိန်းချုပ်ကာ နောက်ပိုင်းတွင် ရရှိလာမည့် အကျိုးအမြတ်များကို ခွဲဝေယူရန် ကြံစည်ခြင်းလည်း ဖြစ်နိုင်သည်။
သို့သော် ဤသည်က ဖြစ်နိုင်ပါမည်လား။
သူသည် ပညာအရည်အချင်း နည်းပါးပြီး အဆင့်အတန်းနိမ့်သော လယ်သမားတစ်ဦးသာ ဖြစ်သည်။
ဆေးဝါးကုမ္ပဏီလေးတစ်ခုက အမှန်တကယ်ပင် ပိုမိုတိုးတက်လာနိုင်ပါမည်လား။
ထို့ကြောင့် ရဲဘော်လုသည်က ထိုဘက်သို့ လုံးဝမစဉ်းစားဘဲ စုန့်စစ်ယွီက သူမ၏ လူများကို တမင်သက်သက် အကျိုးခံစားခွင့်ပေးရန် ကြိုးစားနေခြင်းသာ ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်နေခဲ့၏။
*