← Chapters

အခန်း (၄၄၅-၄၄၆)

Vol. 45 Ch. 445-446

အခန်း (၄၄၅-၄၄၆)

Vol. 45 Ch. 445-446

အခန်း(445)

ရဲဘော်လု၏ စကားကို ကြားလျှင် လျိုကျားယိုသည်လည်း ရုတ်တရက် မျက်လုံးများ ပင့်ကြည့်ကာ သူမကို သေသေချာချာ စိုက်ကြည့်လိုက်ပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်လေသည်။

“နောက်ပိုင်းမှာ ဒီလိုစကားမျိုးကို ငါ့ရှေ့မှာ ထပ်မပြောမိပါစေနဲ့၊ မစ်စ်စုန့်မှာ ဒီလိုလုပ်ဖို့ ကိုယ်ပိုင်အကြောင်းပြချက် ရှိလိမ့်မယ်၊ ဒါပေမဲ့ မင်းခန့်မှန်းသလိုမျိုးတော့ လုံးဝမဟုတ်ဘူး”

လျိုကျားယို၏ အမူအရာမှာ မာကြောနေသော်လည်း သူ၏စကားများထဲတွင် စုန့်စစ်ယွီကို ကာကွယ်ပေးလိုသည့် အဓိပ္ပာယ်မှာ ထင်ရှားလွန်းပေသည်။

ရဲဘော်လု ထိတ်လန့်သွားကာ လျိုကျားယိုကို အလျင်အမြန် ခေါင်းငုံ့၍ တောင်းပန်လိုက်လေ၏။

“တောင်းပန်ပါတယ် ဘော့စ်လျို၊ ကျွန်မ မစ်စ်စုန့်အပေါ် ဒီလိုမျိုး မစဉ်းစားသင့်ပါဘူး၊ ကျွန်မ စိတ်ထား သေးသိမ်သွားလို့ပါ...”

“ထားလိုက်ပါတော့၊ မင်း သွားလို့ရပြီ၊ တခြား ဆေးဝါးကုမ္ပဏီ ကိစ္စကိုတော့ ငါ ထပ်ပြီး စဉ်းစားလိုက်ဦးမယ်”

လျိုကျားယိုက လက်ကို ဝှေ့ယမ်းပြကာ တစ်ဖက်လူကို ထွက်သွားရန် အချက်ပြလိုက်သည်။ ရဲဘော်လုမှာလည်း သတိပေးခံရပြီးဖြစ်၍ ထိုရုံးခန်းထဲတွင် ဆက်မနေဝံ့တော့ဘဲ အလျင်အမြန် ထွက်ခွာသွားလေတော့၏။

သို့သော် သူမ ထွက်သွားပြီးနောက်တွင်တော့ လျိုကျားယိုက သူမပြောသွားသော စကားများကို အလေးအနက် စဉ်းစားနေမိသည်။

စုန့်စစ်ယွီက လင်းကျန်းအန်း၏ ဆေးဝါးစက်ရုံကို ပူးပေါင်းဆောင်ရွက်ရန် လူလွှတ်ခိုင်းခဲ့သည်။ ထိုလုပာရပ်၏ အဓိက ရည်ရွယ်ချက်မှာ အဘယ်နည်း။ သူမသည် ဤကဲ့သို့ ငွေရှာနိုင်မည်ဟု အမှန်တကယ် ထင်မြင်နေခြင်းလား။

သို့သော် ဤသည်မှာ အိမ်ဝယ်သကဲ့သို့ မဟုတ်ပေ။ လင်းကျန်းအန်းမှာ ထိန်းချုပ်ရလွယ်ကူမည့်သူမျိုး ဟုတ်ပုံမရပါချေ။

အကယ်၍ သူ၏ ဆေးဝါးစက်ရုံမှာ အမှန်တကယ် တိုးတက်လာလျှင်ပင် သူ ရှိနေသမျှ ကာလပတ်လုံး ထိုစက်ရုံကို လုံးဝ ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်ပေ။

တစ်ခုခု ပြောင်းလဲသွားသည်နှင့် ရင်းနှီးထားသမျှ ငွေများအားလုံးမှာ အချည်းနှီး ဖြစ်သွားနိုင်ပေသည်။

ထို့ကြောင့် စဉ်းစားပြီးနောက်တွင် လျိုကျားယိုကထိုဆေးဝါးစက်ရုံလေးကို လက်လွှတ်ရန် ဆုံးဖြတ်လိုက်လေတော့၏။

အကယ်၍ ဆေးဖက်ဝင်အပင် လုပ်ငန်းမှာ အမှန်တကယ် အလားအလာကောင်းနေလျှင် သူသည်က ပြည်မကြီးသို့ သူ၏ လူယုံများကို စေလွှတ်ကာ ကိုယ်ပိုင် ဆေးဝါးစက်ရုံတစ်ခုကို တည်ထောင်နိုင်သည် မဟုတ်ပါလား။

ထိုအချိန်မှသာ လူနှင့် ပစ္စည်းအားလုံးမှာ သူ၏ ကိုယ်ပိုင်ဖြစ်လာမည်ဖြစ်ကာ အတွင်းလူများက သူ့အပေါ် မကျေမနပ်ဖြစ်မည်ကိုလည်း စိုးရိမ်စရာ မလိုတော့ပေ။

ဤသို့ဖြင့် လျိုကျားယိုက လင်းကျန်းအန်းကို ထပ်မံဂရုမစိုက်တော့ရန် ဆုံးဖြတ်လိုက်လေတော့သည်။

စုန့်စစ်ယွီ ထိုအကြာင်းကို လာမေးရင်လား။

ငွေကြေးက သူ့လက်ထဲမှာပဲရှိနေတဲ့အတွက် ဆုံးဖြတ်ချက်ချရမဲ့သူကလည်း သူကိုယ်တိုင်ပဲလေ။

စုန့်စစ်ယွီဆိုသည်မှာ သူ၏လက်အောက်တွင် ကပ်တွယ်နေထိုင်ရပြီး ကောင်းမွန်သော ဘဝတစ်ခု ရရှိရန် သူ့အပေါ် အမှီပြုနေရသူမျှသာ ဖြစ်၏။

ဆိုလိုသည်မှာ သူမတွင် ရင်းနှီးမြှုပ်နှံမှု အမြင်ရှိသေးပြီး အသုံးဝင်နေသေးသရွေ့ သူမကို ဆက်လက်ထားရှိမည်ဖြစ်ကာ တစ်ခါတလေ အကျိုးအမြတ်တချို့ကို ဆုလာဘ်အဖြစ် ပေးသနားရုံသာ ဖြစ်သည်။

အကယ်၍ သူမတွင် အသုံးဝင်သည့် အချက်တစ်ချက်မျှ မရှိတော့လျှင် လျိုကျားယုံက သူမအား မူလနေရာသို့ ချက်ချင်း ပြန်ပို့ပစ်လိမ့်မည်။

နောက်ပိုင်းတွင် စုန့်စစ်ယွီက ဤကိစ္စကို လာရောက်မေးမြန်းသည့်အချိန်တွင် လျိုကျားယိုက ထိုဆေးဝါးစက်ရုံငယ်လေးအား သူ၏ လက်အောက်သို့သွင်းကာ ပူးပေါင်းရန် အစီအစဉ်မရှိကြောင်း တိုက်ရိုက်ပင် ပြောဆိုလိုက်လေသည်။

သူ၏စကားအရဆိုလျှင် သူသည်က လင်းကျန်းအန်း၏ ဆေးဝါးစက်ရုံကို လုံးဝပင် အရေးမလုပ်ခြင်း ဖြစ်ပေ၏။

ထိုစကားကို ကြားလျှင် စုန့်စစ်ယွီတစ်ယောက် သူမ၏ စိုးရိမ်စိတ်ကို ထိန်းချုပ်ကာ ဆက်လက်နားချရန်သာလုပ်ဆောင်ခဲ့သည်။

ထိုဆေးဝါးစက်ရုံ၏ အလားအလာမှာ အမှန်တကယ် ကောင်းမွန်နေခဲ့ပြီး ယခုအချိန်တွင် လင်းကျန်းအန်းသည်က ပြည်မကြီးတွင် စျေးကွက်များစွာ ရရှိထားပြီ ဖြစ်ကြောင်း၊ ယခုအချိန်တွင် လင်းကျန်းအန်းကိုသာ အပိုင်ဖမ်းနိုင်လျှင် နောင်တွင် ငွေထိုင်ရှာရုံသာဖြစ်ကြောင်း သူမက ပြောဆိုခဲ့လေ၏။

သို့သော် လျိုကျားယိုမှာ စုန့်စစ်ယွီ၏ စိတ်အားထက်သန်နေသော အမူအရာကို မြင်လိုက်ရချိန်တွင် ရဲဘော်လု ပြောသွားခဲ့သော စကားများကို မသိစိတ်ဖြင့် သတိရသွားမိသည်။

ထိုအမျိုးသမီး ခန့်မှန်းခဲ့သကဲ့သို့ လင်းကျန်းအန်းက စုန့်စစ်ယွီ၏ ဆွေမျိုးတစ်ဦး ဖြစ်နေသည်လား။

သို့မဟုတ်လျှင်မူ သူမက အဘယ်ကြောင့် လင်းကျန်းအန်း၏ ဆေးဝါးစက်ရုံကို အပိုင်သိမ်းရန် ဤမျှအထိ ဇွတ်အတင်း တိုက်တွန်းနေရသနည်း။ ဆေးဝါးစက်ရုံငယ်လေး တစ်ခုတည်းကို သူမ အဘယ်ကြောင့် ဤမျှအထိ စိုးရိမ်နေရသနည်း။

လျိုကျားယိုက ပိုမို သံသယဝင်လာခဲ့လေ၏။ တစ်ချိန်တည်းမှာပင် စုန့်စစ်ယွီ၏ လက်ရှိ သဘောထားကြောင့် သူမ၏ ဆန္ဒအတိုင်း လိုက်လျောရန် ပို၍ပင် မဖြစ်နိုင်တော့ပေ။

“မစ်စ်စုန့်... ကျွန်တော် ပြောတာ အတော်လေး ရှင်းနေပြီလို့ ထင်ပါတယ်၊ ဒီကိစ္စကို နောက်ထပ် ထပ်မမေးပါနဲ့တော့၊ ဟုတ်ပြီလား”

လျိုကျားယို ဒေါသထွက်လုနီးပါး ဖြစ်နေသည်ကို မြင်လျှင် စုန့်စစ်ယွီတစ်ယောက် မကျေမနပ် ဖြစ်နေသော်လည်း ခေတ္တမျှ လက်လျှော့လိုက်ရလေ၏။

သူမ အသက်ကို ပြင်းပြင်းရှူကာ စကားလမ်းကြောင်း လွှဲလိုက်ရလေသည်။

လျိုကျားယို၏ အာရုံကို လွှဲလိုက်နိုင်ပြီး သူမအပေါ် သံသယမဝင်တော့သည့်အချိန်မှသာ စုန့်စစ်ယွီက စိတ်သက်သာရာရစွာဖြင့် ထွက်ခွာသွားခဲ့တော့သည်။

စုန့်စစ်ယွီတစ်ယောက် လမ်းပေါ်တွင် ခေတ္တမျှ လျှောက်သွားပြီးနောက်တွင်တော့ လမ်းဘေးတွင် ရုတ်တရက် ရပ်လိုက်ကာ မျက်နှာပျက်ယွင်းလျက် လမ်းဘေးရှိ ပန်းခုံကို အားပါးတရ ကန်ပစ်လိုက်လေတော့၏။

နောက်ဆုံးတွင် လင်းကျန်းအန်း၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို ဖြတ်တောက်ရန် အခွင့်အရေး ရရှိခဲ့သော်လည်း လျိုကျားယိုက ဤမျှအထိ အသုံးမဝင်ဘဲနေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

လင်းကျန်းအန်း၏ ဆေးဝါးစက်ရုံကို အပိုင်သိမ်းရန် ခိုင်းရုံမျှကိုပင် သူ မလုပ်နိုင်ခဲ့ပေ။

တခြားသူများ၏ အနှောင့်အယှက် မရှိတော့လျှင် လင်းကျန်းအန်းနှင့် သူ၏ ဆေးဝါးစက်ရုံမှာ ဆက်လက် တိုးတက်အောင်မြင်သွားရန်သာ ရှိတော့သည်မဟုတ်ပါလား။

အကယ်၍ သူသာ နောက်ပိုင်းတွင် အမှန်တကယ် ကြီးပွားသွားလျှင် သူမကို လုံးဝလွှတ်ထားလိမ့်မည် မဟုတ်ပါချေ။

ကွမ်ကျိုးရှိ ဆေးရုံအတော်များများကို လင်းကျန်းအန်းက လိုက်လံပူးပေါင်းနေပြီး ဆေးရုံဒါရိုက်တာများနှင့် ပြုံးရယ်လျက် လက်ဆွဲနှုတ်ဆက်နေသည်ကို မြင်ယောင်မိတိုင်း စုန့်စစ်ယွီမှာ ပို၍ စိတ်လှုပ်ရှားကာ စိုးရိမ်မကင်း ဖြစ်လာရသည်။

ဆိုရလျှင် လင်းကျန်းအန်းက သူ၏ နေရပ်တွင် လယ်ယာလုပ်ငန်း လုပ်ကိုင်နေခြင်းမဟုတ်ဘဲ အရံအလုပ်တစ်ခု စတင်နေကြောင်း သူမ သိရှိခဲ့သည်မှာ မကြာသေးပေ။

ထိုဘေးထွက်အလုပ်မှာလည်း အတော်လေး ကောင်းမွန်ပုံရပြီး လီပြည်နယ်မှ မြို့ငယ်လေးတစ်ခုမှစကာ ကွမ်ကျိုးအထိပင် ပျံ့နှံ့လာခဲ့သည်။

ပြင် သူ ယခု ဆက်သွယ်နေသော ဆေးရုံများမှာလည်း ကွမ်ကျိုးရှိ ဆေးရုံကောင်းများ ဖြစ်ကြသည့်အတွက် အကယ်၍ ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေသွားလျှင် လင်းကျန်းအန်းက ငွေများစွာ ရရှိနိုင်ပေလိမ့်မည်။

သူ၏ လုပ်ငန်းမှာ ကွမ်ကျိုးအထိ ပျံ့နှံ့လာပြီဖြစ်၍ လီပြည်နယ်၏ အနီးတဝိုက်ရှိ ပြည်နယ်များသို့လည်း နယ်မြေချဲ့ထွင်ထားပြီး ဖြစ်ပေလိမ့်မည်။

ဤမျှလောက် ပူးပေါင်းဆောင်ရွက်သူများ ရှိနေသဖြင့် သူ၏ ဆေးဝါးကုမ္ပဏီ ကြီးထွားလာရန်မှာ အချိန်ပိုင်းကိစ္စမျှသာလိုလောက်တော့သည်ပင်။

အကယ်၍ တခြားသူများသာ ရွာငယ်လေးတစ်ရွာမှ ထွက်လာပြီး ဤအဆင့်အထိ ရောက်ရှိလာမည်ဆိုလျှင် စုန့်စစ်ယွီအနေဖြင့် ထိုသူက တော်လွန်းသည်ဟု ပြောမိပေလိမ့်မည်။

သို့သော် ထိုသူမှာ သူမ တစ်သက်လုံး အမုန်းတီးဆုံးဖြစ်သည့် လင်းရန်၏ ဖခင် လင်းကျန်းအန်း ဖြစ်နေပေသည်။

ထို့ကြောင့် လင်းကျန်းအန်း၏ လုပ်ငန်း တိုးတက်ကြီးပွားလာသည်ကို သူမက ဤအတိုင်း ထိုင်ကြည့်နေမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူသာ နာမည်ကျော်ကြားလာပြီး ငွေများစွာရှာနိုင်သည့် သူဌေးကြီး ဖြစ်လာလျှင် လင်းရန်မှာလည်း သူနှင့်အတူ စည်းစိမ်ခံစားရမည် မဟုတ်ပါလား။

ထိုသို့ ဖြစ်လာမည်ကို လက်မခံနိုင်ပေ။

လင်းရန်အား သူဌေးသမီးလေး ဖြစ်လာမည့် အခွင့်အရေးကို သူမ လုံးဝ မပေးနိုင်ပေ။

ထို့ကြောင့်ပင် စုန့်စစ်ယွီက လင်းကျန်းအန်း၏ ဆေးဝါးစက်ရုံနှင့် ပူးပေါင်းရန် လျိုကျားယို၏ နားထဲတွင် အမြဲတစေ မြှောက်ပင့်ပြောဆိုနေခဲ့ခြင်း ဖြစ်သည်။

တကယ်တမ်းတွင် ပူးပေါင်းဆောင်ရွက်မှု ဆိုသည်မှာ လင်းကျန်းအန်း၏ ဆေးဝါးစက်ရုံကို သွယ်ဝိုက်သောနည်းဖြင့် အပိုင်သိမ်းရန်သာ ဖြစ်ပေ၏။ ထိုသို့ဆိုလျှင် သူသည်က စက်ရုံဒါရိုက်တာ ဖြစ်နေဦးမည် ဖြစ်သော်လည်း သူ၏ ဆေးဝါးများကို လျိုကျားယိုမှလွဲ၍ မည်သူ့ကိုမျှ ရောင်းချခွင့် ရှိမည်မဟုတ်ပေ။

ထိုသို့ဆိုလျှင် သူ၏ လုပ်ငန်း တိုးတက်ရန်မှာ မဖြစ်နိုင်တော့ပေ။

သို့သော် သူမအနေဖြင့် လျိုကျားယိုက လင်းကျန်းအန်းနှင့် သူ၏ ဆေးဝါးစက်ရုံကို တိုက်ရိုက်ပင် အပိုင်မသိမ်းနိုင်ခဲ့ဘဲနေလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပါချေ။

အသုံးကို မကျလွန်းဘူး။

စုန့်စစ်ယွီ လမ်းပေါ်တွင် ခဏမျှလမ်းလျှောက်ပြီးနောက် လေအေးများ တိုက်ခတ်လာသဖြင့် အနည်းငယ် စိတ်အေးသွားခဲ့သည်။

ထားလိုက်ပါတော့။

တခြားသူကို အားကိုးနေမည့်အစား ကိုယ့်ကိုယ်ကိုယ် အားကိုးခြင်းက ပို၍ ကောင်းမွန်ပေသည်။

လျိုကျားယိုက အားကိုး၍မရသကဲ့သို့ အသုံးလည်းမကျသဖြင့် သူမဘာသာပင် လုပ်ဆောင်ရပေတော့မည်။ သူမက ဟောင်ကောင်တွင် နေထိုင်ခဲ့သည်မှာ တစ်နှစ်နီးပါး ရှိပြီဖြစ်ကာ လျိုကျားယိုအတွက် အလုပ်များစွာ လုပ်ပေးခဲ့သဖြင့် ငွေများစွာလည်း စုဆောင်းမိထားပြီး ဖြစ်ပေသည်။

ယခုအချိန်တွင် သူမအတွက် ပြည်မကြီးသို့ ပြန်ရန်မှာ အနည်းငယ် အဆင်မပြေလှပေ။ အကယ်၍ သူမကို လိုက်ပို့ပေးမည့်သူ မရှိလျှင် သူမ သွားနိုင်မည် မဟုတ်ပေ။

သို့သော် အချိန်ကိုတွက်ချက်ကြည့်ရသလောက်ဆိုလျှင် သူမ လကုန်ပိုင်းလောက်တွင် ပြည်မကြီးသို့ ပြန်ရန် လျှောက်ထားနိုင်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ပြည်မကြီးသည်က နောက်ပိုင်းတွင် ယခုကဲ့သို့ တင်းကျပ်နေမည် မဟုတ်သောကြောင့် သူမက ရှန်ကျန့်တွင် စုဆောင်းထားသော ငွေများကို ယူဆောင်ကာ ပြန်လည်ခြေဆန့်နိုင်ပေလိမ့်မည်။

အချိန်များက တရွေးရွေးဖြင့် ကုန်လွန်သွားခဲ့ကာ တစ်လမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေသည်။

ဤတစ်လအတွင်း လင်းရန်သည်က ဆိုင်မဖွင့်သေးသော်လည်း ပြင်ဆင်သင့်သည်များ၊ ဆိုင်၏ ဒီဇိုင်းနှင့် အပြင်အဆင်များကို ကြိုတင် စဉ်းစားထားခဲ့ပြီးဖြစ်သည်။

သူမအနေဖြင့် တရားဝင် လုပ်ဆောင်နိုင်မည့် အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ပေ၏။

နောက်ဆုံးတွင် နှစ်ကုန်ပိုင်း၌ သူမ စောင့်မျှော်နေသော အချိန်သို့ ရောက်ရှိလာခဲ့သည်။

သတင်းများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် တစ်နိုင်ငံလုံးမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားခဲ့လေသည်။

တခြားသူများမှာ ထိုသတင်းကြောင့် အံ့အားသင့်နေသည့်အချိန်တွင် လင်းရန်က ဆိုင်ခန်းအတွက် လုပ်ငန်းများကို စတင်လုပ်ဆောင်လေတော့သည်။

သူမသည်က ကွမ်ကျိုးတွင် အသိအကျွမ်း မရှိသကဲ့သို့ အချိန်ပိုင်း အလုပ်သမား ရှာရမည့် နေရာကိုပင် မသိသော်လည်း ချင်းယွင်ကျစ် ရှိနေသည်မဟုတ်ပါလား။

*

အခန်း(446)

ချင်းယွင်ကျစ်က လင်းရန်နှင့်အတူ နေ့တိုင်း မြို့ထဲသို့ လိုက်ပေးခဲ့လေသည်။ သူတို့နှစ်ဦးမှာ ဆိုင်ခန်း ပြင်ဆင်ရန်အတွက် အလုပ်သမားများကို ရှာဖွေခဲ့ကြပြီးနောက် ပန်းကန်ခွက်ယောက်များနှင့် စားပွဲများကို စတင်ရွေးချယ်ခဲ့ကြသည်။

ဆိုင်ခန်းပြင်ဆင်မှုမှာ ဆယ်ငါးရက်အတွင်း ပြီးစီးသွားခဲ့လေ၏။

ထိုဆယ်ငါးရက်ဆိုသည်မှာ အခြားသူများအတွက် အခြေအနေကို နားလည်ရန် လုံလောက်သော အချိန်ဖြစ်ပေသည်။

သတင်းထွက်ပေါ်ပြီး ရက်အနည်းငယ်အတွင်းမှာပင် လျင်မြန်စွာ လှုပ်ရှားသူအချို့မှာ စတင် လုပ်ဆောင်နေကြပြီဖြစ်၏။

လင်းရန်၏ ဆိုင်ခန်းဘေးတွင်ရှိနေသော ဆိုင်ခန်းများကိုလည်း အလျင်အမြန်ပင် ဝယ်ယူသွားခဲ့ကြပြီးနောက် စတင်ပြင်ဆင်နေကြပြီပင်။

ကံကောင်းစွာဖြင့် လင်းရန် သွားရောက်စုံစမ်းကြည့်ချိန်တွင် သူမ၏ ဘေးနားရှိ ဆိုင်ရှင်များမှာ စားသောက်ကုန်လုပ်ငန်း မဟုတ်ဘဲ တခြားသော လုပ်ငန်းများ လုပ်ကိုင်မည့်သူများဖြစ်ကြောင်းသိလိုက်ရကာ စိတ်သက်သာရာရသွားခဲ့လေသည်။

စားသောက်ဆိုင်များကို ဆက်တိုက် ဖွင့်လှစ်ခြင်းမဟုတ်သရွေ့ လင်းရန် အလွန်အမင်း စိုးရိမ်စရာ မရှိပေ။

ဆိုင်ပြင်ဆင်မှု ပြီးစီးသွားပြီးနောက် လင်းရန်က တရားဝင် ဖွင့်လှစ်မည့် နေ့ရက်ကို ရွေးချယ်ရန် စဉ်းစားလိုက်သည်။

သို့သော် မဖွင့်လှစ်မီတွင် သူမင ဆိုင်အတွက် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို အရင်ဆုံး အပြီးသတ် လုပ်ဆောင်ရဦးမည်ပင်။

ဤခေတ်ကာလတွင် ဆိုင်ဖွင့်ရန် လုပ်ထုံးလုပ်နည်းများကို လူတိုင်းက အလေးမထားကြသကဲ့သို့ နားလည်း မလည်ကြပေ။ သို့သော် လင်းရန်မှာတော့ ဤအရာက အလွန်ပင် လိုအပ်ကြောင်း သိရှိနေခဲ့သည်။

လုပ်ထုံးလုပ်နည်းများနှင့် စာရွက်စာတမ်းများ ပြင်ဆင်ရသည်မှာ အနည်းငယ် ရှုပ်ထွေးသော်လည်း သူမက အချိန်နှင့် အင်အားကို အသုံးပြုကာ အပြီးသတ် လုပ်ဆောင်ခဲ့လေသည်။

သူမ လုပ်ထုံးလုပ်နည်းများ သွားရောက်လုပ်ဆောင်ချိန်တွင် တာဝန်ရှိသူများက သူမအား စံနမူနာအဖြစ် အသုံးပြုကာ တခြားသော စီးပွားရေးလုပ်လိုသူများကို ထောက်ခံပေးရန်ပင် ကြံစည်ခဲ့ကြသည်။

သူမက ပထမဆုံး လာရောက်လုပ်ဆောင်သူများထဲမှ တစ်ဦး ဖြစ်နေခဲ့သည်မဟုတ်ပါလား။

ဤအခမဲ့ကြော်ငြာဝန်ဆောင်မှုက လင်းရန်အတွက်တော့ အမှန်တကယ်ပင် ကောင်းမွန်လွန်းပေသည်။

ဆိုင်ဖွင့်ရန် ပြင်ဆင်မှုအားလုံး ပြီးဆုံးသွားသည့်အချိန်တွင်မှသာ လင်းရန်က ဆိုင်ကို တရားဝင် စတင်ဖွင့်လှစ်ခဲ့လေသည်။

ဆိုင်ဖွင့်ချိန်တွင် နှစ်သစ်သို့ပင် ရောက်ရှိနေပြီဖြစ်ကာ လမ်းပေါ်ရှိ တခြားသော ဆိုင်ခန်းများမှာ ပြင်ဆင်နေဆဲ သို့မဟုတ် မရောင်းရသေးခြင်းတို့ဖြစ်နေဆဲပင်။

လင်းရန်၏ ဆိုင်မှာ လမ်းသွားလမ်းလာများအတွက် ထူးခြားဆန်းသစ်သော ဆိုင်တစ်ဆိုင် ဖြစ်နေခဲ့သည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံတော်က ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို ခွင့်ပြုလိုက်ပြီဖြစ်သော်လည်း စီမံကိန်းနှင့် စုပေါင်းစီးပွားရေးစနစ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသူများအတွက်တော့ လျင်မြန်စွာ ပြောင်းလဲရန် မလွယ်ကူလှပေ။

ထိုအပြောင်းအလဲမှာ အတွေးအခေါ်တွင်ဖြစ်စေ၊ လုပ်ရပ်တွင်ဖြစ်စေ အသားကျရန် အချိန်အနည်းငယ် ယူရဦးမည် ဖြစ်သည်။

ထို့ကြောင့် လူအများစုမှာ ယခင်က နေထိုင်မှု အလေ့အထများအတိုင်း နိုင်ငံပိုင် စားသောက်ဆိုင်များတွင်သာ သွားရောက်စားသောက်ကြဆဲ ဖြစ်ပေ၏။

လင်းရန်၏ အသစ်ဖွင့်လှစ်လိုက်သော “ဝေ့မီ” စားသောက်ဆိုင်မှာလည်း စတင်ဖွင့်လှစ်သည့် ပထမရက်အနည်းငယ်အတွင်း အရောင်းအဝယ် သိပ်မရှိလှပေ။

ဤဆိုင်ကို အဘယ်ကြောင့် “ဝေ့မီ” ဟု အမည်ပေးရသနည်းဟူသော မေးခွန်းအတွက်တော့ အဓိပ္ပာယ် နှစ်မျိုး ရှိပေသည်။

ပထမအဓိပ္ပာယ်မှာ ဤဆိုင်၏ အရသာမှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်သဖြင့် ဝင်ရောက်စားသောက်သည့်အချိန်တွင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ဒုတိယအဓိပ္ပာယ်မှာဆော့ ဤဆိုင်သည်က အရသာရှိသော အစားအသောက်မျိုးစုံကို နှစ်သက်သူများ စုဝေးရာ နေရာတစ်ခုဟု နားလည်နိုင်ပေသည်။

လင်းရန်က ဤဆိုင်အမည်ကို ရရှိရန် အချိန်အတော်ကြာ စဉ်းစားခဲ့ရပြီးနောက် ရရှိလာသည့်နာမည်ကို အလွန်ပင် ကျေနပ်နေမိသည်။

ထူးခြားသော အခြေအနေ မရှိလျှင် သူမက ဆိုင်အမည်ကို ထပ်မံပြောင်းလဲလိမ့်မည် မဟုတ်ပေ။

ဆိုင်တွင် အရောင်းအဝယ် သိပ်မကောင်းသည့် အချက်နှင့် ပတ်သက်လျှင်လည်း လင်းရန်မှာ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ ဆိုင်ဖွင့်သည်ဆိုသည်မှာ ဤသို့ပင်ဖြစ်ပြီး ဖွင့်ပြီးသည်နှင့် စည်ကားနေရန်မှာ မဖြစ်နိုင်ပေ။

ထို့အပြင် လက်ရှိ မူဝါဒ အခြေအနေအရ ရုတ်တရက် အပြောင်းအလဲများကို လူတိုင်းက ချက်ချင်း လက်မခံနိုင်သေးသည့်အတွက် ပုံမှန်ပင် ဖြစ်ပေသည်။

ထို့ကြောင့် ဤကာလအတွင်း လင်းရန်က ဆိုင်တွင် လူမရှိသည့် အချိန်၌ သူမ ပြင်ဆင်ထားသော ဟင်းလျာအသစ်များကို တိတ်တဆိတ် လေ့လာနေနိုင်ခဲ့သည်။

သူမအပြင် ချင်းယွင်ကျစ်မှာလည်း ဆိုင်တွင် အမြဲရှိနေပေးတတ်သည်။

လင်းရန်က မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေချိန်၌ သူမက ဆိုင်ရှေ့တွင် ထိုင်နေရင်း ဆိုင်ကို ကူညီကြည့်ရှုပေးနေခဲ့သည်။

အစပိုင်းတွင် လင်းရန်၏ ဆိုင်မှာ မည်မျှ ငွေရသည်၊ မည်မျှ စည်ကားသည်ဆိုသည်ကို သူမက စကားမစလိုသော်လည်း ဆိုင်ဖွင့်ထားသည်မှာ ရက်အနည်းငယ် ရှိနေပြီ ဖြစ်သော်လည်း ဧည့်သည် တစ်ဦးမျှပင် မလာသေးပေ။

မည်သို့ပင် စဉ်းစားစဥ်းစား ချင်းယွင်ကျစ်တစ်ယောက် အနည်းငယ် စိုးရိမ်လာရသည်။

ဆိုင်က လမ်းကြောင်းပေါ်သို့ မရောက်ခင်မှာပင် ပိတ်လိုက်ရတော့မည်လား။

မဖြစ်နိုင်ပေ!

ထိုသို့ဆိုလျှင် ရန်ရန်က အလွန်ပင် ဝမ်းနည်းရပေလိမ့်မည်။

ထို့ကြောင့် ချင်းယွင်ကျစ်သည် အစီအစဉ်တစ်ခု စတင် ကြံစည်နေမိသည်။ သူမသည်က လူအချို့ကို တိတ်တဆိတ် ရှာဖွေကာ ဧည့်သည်များအဖြစ် ဟန်ဆောင်ခိုင်းပြီး ဆိုင်သို့ လာရောက်စားသောက်ခိုင်းရန် တွေးထားသည်။

အနည်းဆုံးတော့ ဧည့်သည်များ လာရောက်နေခြင်းက ရန်ရန်အား စိတ်ဓာတ်မကျစေရန် ကူညီပေးနိုင်မည် မဟုတ်ပါလား။

သူမ မည်သူ့ကို သွားရှာရမည်ဟု မဆုံးဖြတ်ရသေးခင်မှာပင် လင်းရန်၏ အသံက အနောက်ဘက်မှ ထွက်ပေါ်လာလေ၏။

“အမေ .. ထမင်းစားရအောင်၊ ဒီနေ့ ငါးဟင်းထုပ်စွပ်ပြုတ် စားကြမယ်”

ယခုအချိန်တွင် တရုတ်နှစ်သစ်ကူး ရောက်ရှိရန် နီးကပ်နေပြီဖြစ်၍ ကွမ်ကျိုးတွင်လည်း ရာသီဥတုမှာ အနည်းငယ် အေးမြလာခဲ့သည်။

လူများကို တုန်ယင်စေလောက်အောင် မအေးသော်လည်း မိုးရွာနေသည့် ရာသီဥတုတွင် ဟင်းရည်ပူပူ တစ်ခွက်သောက်ရခြင်းမှာ အလွန်ပင် စိတ်သက်သာရာ ရစေပေသည်။

အထူးသဖြင့် ငါးဖြင့် ပြုလုပ်ထားသော ဟင်းရည်မှာ နွေးထွေးစေသည့်အပြင် အရသာလည်း အလွန်ပင် ကောင်းမွန်လွန်းသည်။

အတွင်းဘက်ရှိ ငါးများကို လင်းရန်က အသေအချာ အရိုးနွှင်ကာ စိတ်ရှည်လက်ရှည်ဖြင့် အသားများကို ထောင်းပြီး ရေနှင့် ဂျုံမှုန့်အနည်းငယ်ဖြင့် ရောစပ်ထားခြင်း သည်။

ထို့နောက် ဟင်းရည်ပူပူထဲသို့ ထိုငါးအသားများကို တစ်ခုချင်းစီ ထည့်သွင်းကာ အခြားသော ဟင်းခတ်အမွှေးအကြိုင်များနှင့် ဟင်းသီးဟင်းရွက်များကို ထည့်သွင်း၍ အနံ့မွှေးလာသည်အထိ မီးအေးအေးဖြင့် တည်ထားခြင်း ဖြစ်ပေသည်။

အငွေ့တစ်ထောင်းထောင်းထနေပြီး မွှေးကြိုင်လှသော ငါးဟင်းထုတ်စွပ်ပြုတ် တစ်ပန်းကန် ထွက်ပေါ်လာသည်နှင့် ချင်းယွင်ကျစ်တစ်ယောက် သွားရည်ကျလာရတော့၏။

သူမက ထိုင်ခုံမှ ထကာ လင်းရန်၏ လင်ဗန်းပေါ်ရှိ မွှေးကြိုင်လှသော ငါးဟင်းထုတ်စွပ်ပြုတ် နှစ်ပန်းကန်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်လေသည်။

“ငါးဟင်းထုတ်စွပ်ပြုတ်လား... ဒါက အားတဲ့အချိန်မှာ စားဖို့လုပ်ထားတာလား၊ ဒါကို မင်းကိုယ်တိုင် တီထွင်ထားတာလား ရန်ရန်”

သူမ၏ စားချင်စိတ်ပြည့်နေသော အမူအရာကို မြင်လျှင် လင်းရန်က ချင်းယွင်ကျစ်၏ ရှေ့သို့ ပန်းကန်ကို အမြန်ချပေးလိုက်ပြီးနောက် မေးခွန်းကို ပြန်ဖြေလိုက်လေ၏။

“ကျွန်မလည်း ငါးဟင်းထုတ်စွပ်ပြုတ်ကို အရင်က မစားဖူးဘူး၊ ဒါပေမဲ့ မတိုင်ခင် တစ်ယောက်ယောက်က ဒါမျိုး လုပ်ဖူးလားဆိုတာတော့ မသိဘူးလေ”

လင်းရန်အနေဖြင့် ဤဟင်းလျာသည်က ဤဒေသတွင် ဆန်းသစ်သည်ဟုသာ အတပ်ပြောနိုင်သည်။ သို့သော်လည်း တခြားသော စားဖိုမှူးများမှာတော့ ယခင်ကတည်းက လုပ်ဖူးကောင်း လုပ်ဖူးနိုင်ပေသည်။

သို့သော် တခြားသူများ လုပ်ဖူးသည်၊ မလုပ်ဖူးသည်မှာ သူမအတွက် အရေးမကြီးလှပေ။

ချင်းယွင်ကျစ်၏ အမူအရာကို ကြည့်ရသလောက်မှာ ဤဟင်းမျိုးကို တစ်ခါမျှ မစားဖူးပုံရလေသည်။

“မြန်မြန်မြည်းကြည့်ပါဦး၊ အရသာကို ဘယ်လိုထင်လဲ၊ ပြင်ဆင်ဖို့ လိုတာရှိရင်လည်း ပြောဦးနော်”

လင်းရန်၏ စကားကို ကြားသည်နှင့် ချင်းယွင်ကျစ်မှာ တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းပင် ဇွန်းကို ကိုင်ကာ စတင်စားသောက်လေတော့၏။

လင်းရန်သည်က ဤဆိုင်အတွက် အမှန်တကယ်ပင် အင်အားစိုက်ထုတ်ခဲ့ပေသည်။

ဆိုင်တစ်ဆိုင်လုံး၏ အတွင်းပိုင်း အပြင်အဆင်များသာမက ဆိုင်တွင် အသုံးပြုမည့် ပန်းကန်ခွက်ယောက်များကိုလည်း သူမက အသေအချာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ယခု ငါးဟင်းထုတ်စွပ်ပြုတ် ထည့်ထားသော ပန်းကန်မှာ အဖြူရောင်နောက်ခံတွင် အစိမ်းနုရောင် အနားသတ်များပါရှိသည့် စွပ်ပြုတ်ခွက်လေး ဖြစ်သည်။

ဤသည်မှာ ကြာပန်းလေးနှင့် ဆင်တူကာ အလယ်တွင် နို့နှစ်ရောင် ငါးဟင်းထုတ်လေးများ၊ အနီရောင် ခရမ်းချဉ်သီး စိပ်လေးများနှင့် အလှဆင်ထားသော ကြက်သွန်မြိတ်စိမ်းစိမ်းလေးများ ရှိနေသောကြောင့် ချင်းယွင်ကျစ်က မမြည်းစမ်းရသေးခင်မှာပင် ထူးခြားသော ဆွဲဆောင်မှုကို ခံစားလိုက်ရလေပြီ။

အသွေးအရောင်၊ အနံ့အသက်နှင့် အမြင်အာရုံပိုင်းတွင်မူ ဤဟင်းလျာသည် ထိပ်တန်းအဆင့်တွင် ရှိနေသည်မှာ အသေအချာပင်။

“အရမ်းလှတာပဲ၊ စားဖို့တောင် နှမြောစရာကောင်းတယ်”

ချင်းယွင်ကျစ်က ဟင်းလျာ၏ ပုံသဏ္ဌာန် မပျက်သွားစေရန် ဇွန်းကို ဟိုဘက်ဒီဘက် ရွှေ့နေမိသည်။

လင်းရန်ကတော့ ထိုသည်ကိုကြည့်ကာ ရယ်မောမိသွားလေ၏။

“အေးသွားရင် အရသာသိပ်မကောင်းတော့မှာနော်၊ မစ်စ်ချင်း... အားမနာဘဲ မြန်မြန်စားလိုက်ပါဦး.. တကယ်လု့ အမေ ကြိုက်တယ်ဆိုရင် ညကျ အိမ်ပြန်ရောက်မှ ကျွန်မ ထပ်လုပ်ပေးမယ်လေ”

လင်းရန်၏ နောက်ဆုံးစကားကြောင့် ချင်းယွင်ကျစ်က လုံးဝ စိတ်အေးသွားရသည်။ ထို့နောက် သူမက ဇွန်းဖြင့် ငါးဟင်းထုတ်စွပ်ပြုတ်ကို ခပ်ယူလိုက်လေ၏။

ဟင်းရည်မှာ ပါးစပ်ထဲသို့ ရောက်ရှိသွားသည့် ခဏ၌ပင် နူးညံ့ပြီး အရသာရှိလွန်းသော အထိအတွေ့ကြောင့် သူမမှာ မှင်သက်သွားကာ မျက်လုံးများ ပြူးသွားရလေတော့သည်။

“အရသာရှိလိုက်တာ! တကယ်ပဲ အရသာရှိတယ်”

ချင်းယွင်ကျစ်မှာ အခြားသော ခံစားချက်များကို မဖော်ပြနိုင်တော့ပေ။

“အရသာရှိတယ်” ဆိုသည့် စကားလုံးမှလွဲ၍ အခြား မည်သည့်အရာကိုမှမပြောနိုင်တော့သည်ကို သူမ သိလိုက်ရသည်။

ဤခံစားချက်မှာ ဂျုံဟင်းထုတ်စွပ်ပြုတ်နှင့် လုံးဝ ကွဲပြားပေသည်။

အဘယ်ကြောင့်ဆိုသော် ငါးအသားကို ပတ်ထားသော ဂျုံအလွှာကို ကိုက်လိုက်သည့်အချိန်တွင် အတွင်းမှ ငါးအသားမှာ နူးညံ့ချောမွတ်ပြီး စေးပိုင်ကာ အရသာရှိလွန်းသောကြောင့် ဖြစ်ပေ၏။

အရေးကြီးဆုံးအချက်မှာ ငါးညှီနံ့ လုံးဝ မရှိခြင်းပင်။

ချင်းယွင်ကျစ်မှာ ငါးစားရသည်ကို မကြိုက်ပါချေ။ အဘယ်ကြောင့်ဆိုသော် လူအများစု ချက်ပြုတ်သော ငါးဟင်းမှာ အညှီနံ့ အမြဲ ရှိတတ်သောကြောင့် ဖြစ်သည်။

နိုင်ငံပိုင် စားသောက်ဆိုင်အချို့တွင် စားဖူးသော်လည်း ပုံမှန်အားဖြင့် သူမက ညှီနံ့ကို ခံစားနေရဆဲ ဖြစ်သည်။

သို့သော် ယခု ငါးဟင်းထုတ်စွပ်ပြုတ်မှာ ငါးအသားများဖြင့် ပြည့်နှက်နေသော်လည်း အညှီနံ့ လုံးဝ မရပေ။

ဤသည်မှာ ချင်းယွင်ကျစ်ကို ငါးဟင်းနှင့် ပတ်သက်၍ အမြင်ပြောင်းသွားစေကာ ငါးကို စတင်နှစ်သက်လာစေတော့သည်။

အမှန်တကယ်တမ်းတွင် လင်းရန်လည်း မတိုင်မီက မြည်းစမ်းကြည့်ပြီး ဖြစ်သော်လည်း သူမ၏ အရသာခံစားမှုက တစ်ဦးတည်းသော ခံစားချက်ကိုသာ ကိုယ်စားပြုနိုင်သည်။

ထို့အပြင် သူမ၏ မိခင်ကိုယ်တိုင် ရှိနေသဖြင့် သူမကိုလည်း ထပ်မံ မြည်းစမ်းကြည့်ခိုင်းရမည် မဟုတ်ပါလား။

ယခုအချိန်ဆွင် ချင်းယွင်ကျစ်က ဤဟင်းလျာကို အမှန်တကယ် ကျေနပ်နေသည်ကို မြင်သောအချိန်မှသာ လင်းရန် စိတ်အေးသွားရလေတော့၏။

နံနက်ပိုင်းက ငါးပသားများ ထောင်းနေရသည့်အတွက် သူမ အလွန်ပင်ပန်းနေခဲ့ပေသည်။

မည်သို့ပင်ဖြစ်စေ ယခင်ရက်များကဲ့သို့ ဆိုင်တွင် ဧည့်သည်မလာလောက်ဟုတွေးကာ လင်းရန်သည်လည်း ချင်းယွင်ကျစ်နှင့်အတူ ထိုင်၍ စားသောက်လိုက်လေသည်။

သို့သော် သူမ တစ်လုပ်မျှ စားပြီးချိန်တွင်ပင် တံခါးဝမှ အသံတစ်ခု ထွက်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။

“ဒီဆိုင်က ဖွင့်နေတာလား၊ အခု စားလို့ရသေးလား”

*

All Chapters