အခန်း (၄၄၇-၄၄၈)
Vol. 45 Ch. 447-448
အခန်း(447)
လင်းရန်နှင့် ချင်းယွင်ကျစ်တို့က အသံကိုကြားသည်နှင့် ချက်ချင်းပင် ဇွန်းများကိုချကာ တံခါးဝသို့ လှည့်ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် အသက်(50) သို့မဟုတ်(60) ခန့်ရှိမည့် အဘိုးအိုတစ်ဦးက စူးစမ်းသော မျက်နှာဖြင့် ဆိုင်အတွင်းသို့ ကြည့်နေသည်ကို တွေ့လိုက်ရလေ၏။
လင်းရန်နှင့် ချင်းယွင်ကျစ်တို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေ၏။
သူတို့၏ မျက်ဝန်းထဲတွင် သတင်းစကားတစ်ခု ပေါ်လာခဲ့သည်။
_ပထမဆုံး ဧည့်သည် ရောက်လာပြီ!
ထို့နောက် သူတို့နှစ်ဦးက မည်သည့်စကားကိုမှမပြောတော့ဘဲ မတ်တတ်ထရပ်ကာ တံခါးဝသို့ ပြေးသွားကြလေသည်။
သူတို့က အဘိုးအိုအား အပြုံးများဖြင့် ပြောလိုက်၏။
“ဖွင့်ပါတယ် အဘိုး.. စားမယ်ဆိုရင် အထဲကို အရင်ဝင်ပြီး ထိုင်ပါဦး”
ဧည့်သည်ကို မြင်လိုက်ရသည်နှင့် ချင်းယွင်ကျစ်က လင်းရန်ထက်ပင် ပိုမိုစိတ်လှုပ်ရှားနေပုံရပေသည်။ အဘိုးအိုကို နှုတ်ဆက်ပြီးနောက် သူမက ထိုင်ခုံကို အမြန်ဆွဲထုတ်ပေးကာ ထိုင်ခိုင်းလိုက်လေ၏။
ဘေးတွင်ရှိနေသော လင်းရန်တစ်ယောက် နောက်သို့ပင် အတင်းတိုးပေးလိုက်သည်။
ချင်းယွင်ကျစ်၏ စိတ်အားထက်သန်မှုကြောင့် အဘိုးအိုမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း နောက်ပိုင်းတွင်တော့ ရယ်မောလိုက်လေသည်။
“မင်းတို့ ရဲဘော်လေး နှစ်ယောက်က ဆိုင်ဖွင့်ထားတာ တော်တော်လေး ဖော်ရွေကြတာပဲ”
“ဟားဟား .. ဝမ်းစာရှာဖွေရတာဆိုတော့လည်း ဒီလိုပဲပေါ့ အဘိုးရယ်”
ချင်းယွင်ကျစ်က ဤစကားကို မည်သည့်နေရာမှ သင်လာသည်ကို မသိသော်လည်း ပြောဆိုပုံမှာ အတော်လေး ပိုင်နိုင်လှပေသည်။ လင်းရန်က သူမကို တိတ်တဆိတ် ကြည့်လိုက်မိ၏။
ချင်းမိသားစုတွင် ချင်းယွင်ကျစ် တစ်သက်လုံး သုံးမကုန်နိုင်သော ငွေများ ရှိသည်ကို သူမ မသိခဲ့လျှင် ထိုစကားကို ယုံမိတော့မည် ဖြစ်သည်။
ကံကောင်းစွာဖြင့် အဘိုးအိုမှာ အစားစားရန်လာခဲ့ခြင်းဖြစ်ပေ၏။ ထို့ကြောင့် ချင်းယွင်ကျစ်၏ စကားကို နားထောင်ပြီးနောက်တွင် ဤဆိုင်တွင် မည်သည့် အစားအစာများ ရနိုင်သနည်းဟု တိုက်ရိုက်ပင် မေးမြန်းလိုက်လေ၏။
ယခင်က အပြင်တွင် စားစရာဆိုလျှင် နိုင်ငံပိုင် စားသောက်ဆိုင်များသာ ရှိခဲ့သောကြောင့် လူတိုင်း၏ အလေ့အထမှာ စားသောက်ဆိုင်က ပေးသမျှကိုသာ စားသောက်ရန် ဖြစ်ပေသည်။
ယခု အဘိုးအိုက မည်သည့်ဟင်းများ ရနိုင်သနည်းဟု မေးခြင်းမှာလည်း သူ၏ အလေ့အထအတိုင်းပင် ဖြစ်ပေ၏။
လင်းရန်အနေဖြင့် တစ်ဖက်လူက ပထမဆုံး ဧည့်သည် ဖြစ်သည့်အတွက် အဘိုးအိုကို ကြိုက်နှစ်သက်ရာမှာခိုင်းချင်သော်လည်း စဉ်းစားကြည့်ပြီးနောက်တွင် ယနေ့၌ ပါဝင်ပစ္စည်းများစွာ ပြင်ဆင်မထားခဲ့ခဲ့ပေ။
ထို့အတွက် သူမက ဤသို့သာ ပြောလိုက်ရတော့၏။
“အဘိုး.. အခုလောလောဆယ် ဆိုင်မှာ ဟင်းတစ်မျိုးပဲ ရှိသေးတယ်၊ အဲဒါက ငါးဟင်းထုတ်စွပ်ပြုတ်ပါ၊ အဘိုး တစ်ပွဲလောက် မြည်းကြည့်မလား”
“ငါးဟင်းထုတ်စွပ်ပြုတ် ဟုတ်လား”
သူက ငါးနှင့် အသားကို သိပြီး၊ ဂျုံဟင်းထုတ်စွပ်ပြုတ် အကြောင်းကိုလည်း ကြားဖူးပေသည်။ သို့သော် ဤငါးဟင်းထုတ်စွပ်ပြုတ် ဆိုသည်မှာ မည်သည့်အရာနည်း။
အဘိုးအိုမှာ အံ့အားသင့်သွားရသည်။ ထိုသည်ကို မြင်လျှင် ချင်းယွင်ကျစ်က သူမစားလက်စ ပန်းကန်ကို အဘိုးအိုထံ ယူဆောင်လာပြီး မိတ်ဆက်ပေးလိုက်လေ၏။
“အဘိုး... ဒါက အဲဒီဟင်းလေ၊ ဒီဟင်းက ကျွန်မတို့ဆိုင်မှာပဲ ရနိုင်တဲ့ ငါးဟင်းထုတ်စွပ်ပြုတ်ပဲ၊ ကြည့်လိုက်ပါဦး... အနံ့ကိုလည်း ရှူကြည့်ဦး၊
ဒီအနံ့တင် လူကို သွားရည်ကျစေနိုင်တယ်မလား ကျွန်မ ပြောပြမယ်... တစ်လုပ်လောက် စားလိုက်ရတာက ပိုပြီးတော့တောင် အံ့သြစရာ ကောင်းသေးတယ်နော်!”
သူမ ပြောလိုက်ချိန်တွင် အဘိုးအိုမှာ အမှန်တကယ် ဗိုက်ဆာနေ၍လား သို့မဟုတ် တစ်ဖက်လူ၏ ဟင်းလျာမှာ အရသာ ရှိလွန်း၍လားမသိပါချေ။ အမှန်တကယ်ပင် သွားရည်ကျလာရလေသည်။
“ဒါဆိုရင် ရပြီပေါ့၊ ကောင်းပြီလေ... ငါ့ကို တစ်ပွဲလောက် ပေးပါဦး”
လင်းရန်တစ်ယောက် ပထမဆုံး အရောင်းအဝယ်ကို ဤမျှလွယ်ကူစွာ လုပ်ဆောင်လိုက်ရသဖြင့် မရယ်ဘဲ မနေနိုင်တော့ပေ။
“ဟုတ်ကဲ့ပါ အဘိုး၊ ခဏလောက် စောင့်ပေးဦးနော်၊ အခုချက်ချင်း ချက်ပေးပါ့မယ်၊ ငါးအသားကို လတ်လတ်ဆတ်ဆတ် ထောင်းရမှာဆိုတော့ အချိန်နည်းနည်းတော့ ပိုကြာနိုင်ပါတယ်၊ အဘိုး ခဏလောက် သည်းခံပြီး စောင့်ပေးပါဦး”
ကံကောင်းစွာဖြင့် အဘိုးအိုမှာ အလျင်မလိုပေ။ သူက လက်ကာပြကာ ပြောလိုက်၏။
“ရပါတယ်၊ လုပ်စရာရှိတာသာ လုပ်ပါ. အရသာ ရှိဖို့ပဲ လိုပါတယ်၊ အရသာရှိရင် အားလုံး အဆင်ပြေတယ်”
သူ၏ စကားကြောင့် လင်းရန်မှာ လုံးဝ စိတ်အေးသွားရသည်။
သူမသည်က ‘ဝေ့မီ’ ဆိုင်ကို စတင်ချိန်ကတည်းက အရေအတွက်ထက် အရည်အသွေးကိုသာ အလေးထားရန် ဆုံးဖြတ်ထားသဖြင့် ဟင်းတစ်ပွဲချင်းစီမှာ ပြည့်စုံနေရပေမည်။
ထို့ကြောင့်ပင် အချိန်ကို အလွန်တိုတောင်းအောင် ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ ထို့အတွက် ဧည့်သည်တစ်ဦးချင်းစီကို ဟင်းမှာယူချိန်၌ အစားအစာ နောက်ကျသည်ကို မနှစ်သက်မည် စိုး၍ သူမက ဤအချက်ကို ကြိုတင် ပြောပြထားခြင်း ဖြစ်သည်။
မကြာမီတွင် လင်းရန်က မီးဖိုချောင်ထဲသို့ ဝင်ကာ အလုပ်ရှုပ်သွားလေတော့၏။
ဆိုင်ရှေ့တွင်တော့ ချင်းယွင်ကျစ်က ဧည့်သည်ကို ဧည့်ခံရန် တာဝန်ယူလိုက်သည်။ သူမက ဧည့်သည်ကို ဧည့်ခံရင်း ဤခက်ခဲစွာ ရရှိထားသော ဧည့်သည် ပြန်မသွားစေရန် ဂရုစိုက်နေသော်လည်း သူမ၏ မျက်လုံးများမှာတော့ ခုနက စားလက်စ နေ့လယ်စာဆီသို့သာ ခဏခဏ ရောက်နေမိသည်။
ဘေးမှ အဘိုးအိုက ထိုသည်ကို မြင်သောအခါ သဘောကျသွားလေ၏။
“ရဲဘော်လေး အရင်စားလိုက်ပါဦး၊ စားပြီးမှ စကားပြောကြတာပေါ့”
ချင်းယွင်ကျစ်တစ်ယောက် စိတ်လှုပ်ရှားသွားသော်လည်း တွန့်ဆုတ်စွာဖြင့် ပြောလိုက်မိသည်။
“ဒါက မကောင်းပါဘူး အဘိုး၊ ဧည့်သည်ရှေ့မှာ ကျွန်မက စားနေရတာက မကောင်းဘူး...”
“ဒီမှာ ငါတစ်ယောက်တည်း ရှိတာပဲလေ.. ငါကလည်း ဘာမှမလိုအပ်ပါဘူး၊ မင်းဘာသာ သွားစားလိုက်ပါ”
အဘိုးအိုက ပြုံးလျက် ပြောရှာသည်။ ထိုအခါမှ ချင်းယွင်ကျစ်လည်း သဘောတူလိုက်လေတော့၏။ သို့သော် ဧည့်သည် ပျင်းမနေစေရန်အတွက် သူမက ငါးဟင်းထုတ်စွပ်ပြုတ်ကို အဘိုးအို၏ စားပွဲဆီသို့ ယူဆောင်လာကာ စားရင်းဖြင့် စကားပြောပေးနေခဲ့သည်။
သူမကတော့ ဤနေရာတွင် အားရပါးရ စားနေခဲ့လေ၏။ သို့သော်လည်း အဘိုးအိုမှာတော့ မူလကတည်းက သိပ်ပြီး ဗိုက်မဆာလှသဖြင့် ကြည့်ရင်းနှင့်ပင် အချိန်များ ကုန်လွန်ရသည်မှာ နှေးကွေးနေသလို ခံစားနေရသည်။
ချင်းယွင်ကျစ် စားနေသော ဟင်းရည်ပူပူဆီသို့ အာရုံမရောက်သွားစေရန် အဘိုးအိုက အကြောင်းအရာတစ်ခုကို စတင် မေးမြန်းလိုက်လေ၏။
သူက ချင်းယွင်ကျစ်တို့အား ဆိုင်ဖွင့်ရန် မည်သို့ စိတ်ကူးရရှိခဲ့သနည်း၊ ထို့အပြင် မရေရာမှုများစွာ ကြားမှ ဤလမ်းပေါ်ရှိ ပထမဆုံး ပုဂ္ဂလိက ဆိုင်ရှင်များအဖြစ် မည်သို့ ရဲရဲဝံ့ဝံ့ လုပ်ဆောင်နိုင်ခဲ့သနည်းဟု စူးစမ်းစွာ မေးမြန်းလိုက်လေသည်။
ချင်းယွင်ကျစ်ကတော့ အဘိုးအို၏ မေးခွန်းများမှာ သူ၏ အသက်အရွယ်အရ သဘာဝကျသော စူးစမ်းမှုမျိုးဟုသာ ထင်မှတ်သဖြင့် လူနေမှုဘဝ တိုးတက်စေရန်နှင့် နိုင်ငံတော်၏ တောင်းဆိုမှုကို တုံ့ပြန်ရန်အတွက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ရှင်းပြလိုက်လေ၏။
ခြုံငုံကြည့်လျှင် ပြောဆိုပုံမှာ အလွန်ပင် နားဝင်ချိုလှသော်လည်း အမှန်တရားနှင့်တော့ အနည်းငယ် ဝေးကွာနေသည်။
မည်သို့ပင်ဖြစ်စေ သူမ၏ မိသားစုဝင်များက ဟင်းချက်ရသည်ကို ဝါသနာပါပြီး တခြားအလုပ် မလုပ်ချင်သဖြင့် ဆန္ဒပြည့်ဝစေရန် ဆိုင်ဖွင့်ခြင်းဖြစ်ကြောင်းကို သူမ တိုက်ရိုက် မပြောနိုင်ပေ။
ထိုသို့ပြောလျှင် မည်သူကမျှ ယုံကြည်လိမ့်မည် မဟုတ်သည့်အပြင် အဓိကအချက်မှာ သူတို့၏ မိသားစု အင်အားကိုလည်း ဖော်ပြရာ ရောက်သွားနိုင်သောကြောင့် ဖြစ်သည်။
ဤသည်မှာ မကောင်းလှပေ။ သူခိုးများက သူမကို သတိထားမိသွားလျှင် မည်သို့လုပ်ပါမည်နည်း။
ထို့ကြောင့် ချင်းယွင်ကျစ်သည်က အဓိပ္ပာယ်မရှိသော စကားများကို အားရပါးရ ပြောဆိုနေသော်လည်း သူမ၏ စကားပြောစွမ်းရည်မှာ အလွန်ပင် ကောင်းမွန်လွန်းပေသည်။
တစ်ဖက်မှ အဘိုးအိုမှာလည်း ကျေနပ်အားရသော မျက်ဝန်းများဖြင့် ခေါင်းညိတ်နေခဲ့လေ၏။
ချင်းယွင်ကျစ်မှာတော့ သူ အဘယ်ကြောင့် ဤမျှ ကျေနပ်နေသည်ကို မသိသော်လည်း အဘိုးအိုမှာ ထိုကဲ့သို့သော စကားမျိုးကို နားထောင်ရသည်ကို နှစ်သက်ပုံရသဖြင့် သူမက ပို၍ပင် အားတက်သရော ပြောပြနေခဲ့သည်။
နောက်ဆုံးတွင် သူမ၏ သွားရည်များ ခမ်းလုနီးပါး အချိန်၌ လင်းရန်က ဟင်းလျာကို ပြင်ဆင်ပြီးသွားခဲ့လေသည်။
သူမသည် အဘိုးအိုအတွက် ငါးဟင်းထုတ်စွပ်ပြုတ်ကို အမြန်ယူဆောင်လာခဲ့၏။
“အဘိုး... ဟင်း ရပါပြီ၊ အားရပါးရ သုံးဆောင်နိုင်ပါပြီ”
ဟင်းလျာကို စားပွဲပေါ် ချလိုက်ချိန်တွင် အဘိုးအိုမှာ ဇွန်းကိုကိုင်ကာ မစောင့်နိုင်တော့ဘဲ စားရန် ပြင်လိုက်လေသည်။
သို့သော် တစ်ဇွန်း ခပ်ယူပြီးနောက်တွင် သူ ခေတ္တ ရပ်တန့်သွားသည်။ တစ်ဖက်မှ လင်းရန်နှင့် ချင်းယွင်ကျစ်တို့မှာ အရသာမှာ သူနှင့် မကိုက်ညီ၍လားဟု တွေးကာ အနည်းငယ် စိတ်လှုပ်ရှားသွားကြ၏။
သို့သော် သူတို့၏ စိုးရိမ်မှုမှာ မလိုအပ်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် နောက်တစ်စက္ကန့်တွင် အဘိုးအိုမှာ အံ့အားသင့်သော အမူအရာဖြင့် သူတို့အား ပြောလိုက်သောကြောင့် ဖြစ်သည်။
“ဒါက တကယ်ပဲ အရသာရှိတာပဲ!”
ထိုသို့ ပြောပြီးနောက်တွင် သူာ အားရပါးရ ဆက်လက် စားသောက်နေခဲ့ရာ သူ၏ လုပ်ရပ်များက သူပြောသော စကားမှာ အမှန်တကယ် ဖြစ်ကြောင်း သက်သေပြနေလေတော့သည်။
သူ စားနေစဉ်တွင် လင်းရန်က မူလနေရာသို့ ပြန်သွားကာ သူမ၏ အေးစက်နေသော ငါးဟင်းထုတ်စွပ်ပြုတ်ကို မစားမီ ပြန်နွှေးရန် ကြံစည်နေခဲ့သည်။ ချင်းယွင်ကျစ်သည်လည်း လင်းရန် မီးဖိုချောင်ထဲသို့ ဝင်သွားသည်ကို မြင်လျှင် ပန်းကန်အလွတ်ကို ကိုင်ကာ နောက်မှ လိုက်သွားလေ၏။
သူမသည်က မီးဖိုချောင်ထဲတွင် တခြားသော ဟင်းလျာများ ကျန်သေးသည်လားဟု သွားကြည့်ရန် ကြံစည်ခြင်း ဖြစ်ကာ အဘိုးအိုနှင့် ခုနက ဆွေးနွေးခဲ့သည်များကိုလည်း လင်းရန်အား ပြောပြလိုနေခြင်း ဖြစ်သည်။
လင်းရန်သည် ချင်းယွင်ကျစ်အတွက် တစ်ပန်းကန်တည်းနှင့် မလုံလောက်နိုင်သည်ကို သိရှိသဖြင့် အဘိုးအိုအတွက် ငါးဟင်းထုတ်စွပ်ပြုတ် အသစ်လုပ်စဉ်ကတည်းက နောက်ထပ် နှစ်ပွဲ ပိုလုပ်ထားခဲ့သည်။
တစ်ပွဲမှာ သူမအတွက် ဖြစ်ပြီး ကျန်တစ်ပွဲမှာ ချင်းယွင်ကျစ်အတွက် ဖြစ်ပေ၏။
သူမက ချင်းယွင်ကျစ်အတွက် အသစ်တစ်ပွဲ ခပ်ပေးလိုက်ကာ ချင်းယွင်ကျစ် ပြောပြသော အကြောင်းအရာများကို နားထောင်နေခဲ့သည်။
လူတိုင်းမှာ ပုဂ္ဂလိက ဆိုင်ရှင်များကို မယုံကြည်ကြသေးဘဲ ဤခြေလှမ်းကို မလှမ်းဝံ့ကြသေးပုံရပေသည်။
ထို့ကြောင့်ပင် အဘိုးအိုက မေးခွန်းများစွာ မေးနေခြင်း ဖြစ်ပေလိမ့်မည်။
လင်းရန်ကတော့ သိပ်ပြီး မစဉ်းစားမိပေ။ ချင်းယွင်ကျစ်ကဲ့သို့ပင် ထိုအဘိုးအိုမှာ သာမန် ပြည်သူတစ်ဦးသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားပြီး သူတို့သည် မည်သို့သော သတ္တိဖြင့် ပထမဆုံး ဆိုင်ဖွင့်ကာ စီးပွားရေး လုပ်ခဲ့သနည်းဟု စူးစမ်းနေခြင်း ဖြစ်လိမ့်မည်ဟုသာ ယူဆထားလေသည်။
ချင်းယွင်ကျစ်က ခုနက ဖြဆခဲ့သည့်စကားများကိုလည်း လင်းရန်အား ပြောပြခဲ့လေသည်။ ထိုအချိန်တွင် လင်းရန်မှာ အံ့အားသင့်သွားကာ ချင်းယွင်ကျစ်အား လက်မထောင်၍ ချီးကျူးလိုက်မိလေတော့၏။
“အမေ... အမေကတော့ တကယ်ကို တော်တာပဲ”
ချက်ချင်းလက်ငင်း ဇာတ်လမ်းဆင်နိုင်သည့် ယောက္ခမဖြစ်သူ၏ စွမ်းရည်မှာ လင်းရန်ထက်ပင် အပြတ်အသတ် သာလွန်နေခဲ့သည်။
အပြင်တွင် ဧည့်သည်ရှိနေသေးသောကြောင့် သူတို့နှစ်ဦးက ဆိုင်နောက်ဖက်တွင် စကားအနည်းငယ်ကိုသာ ခပ်မြန်မြန်ပြောဖြစ်ကြပြီး ပြန်ထွက်လာခဲ့ကြလေသည်။
*
အခန်း(448)
သူတို့ထွက်လာပြီး မကြာမီမှာပင် အဘိုးအိုက ငါးဟင်းထုတ်စွပ်ပြုတ်ကို သောက်၍ပြီးသွားပြီးဖြစ်ကာ ဟင်းရည်တစ်ငုံစာမျှသာ ကျန်တော့လေ၏။
“လန်းဆန်းသွားတာပဲ!”
အဘိုးအိုက စွပ်ပြုတ်ကို သောက်ပြီးနောက် ပဝါထုတ်ကာ ပါးစပ်သုတ်လိုက်သည်။ ထို့နောက် လင်းရန်နှင့် ချင်းယွင်ကျစ်ကို ပြုံးပြလျက်ပြောလာလေ၏။
“ဒီဆိုင်လေးကတော့ နောင်ကျရင် တကယ်ကို စည်ကားကျော်ကြားလာမှာ သေချာတယ်!”
ဤအရသာမျိုးမှာ သာမန်ဆိုင်များတွင် ရနိုင်သည့်အရာမျိုး မဟုတ်ပါချေ။
မင်္ဂလာရှိသော စကားမျိုးကို လူတိုင်းနားထောင်ချင်ကြသည်ဖြစ်၍ လင်းရန်နှင့် ချင်းယွင်ကျစ်တို့လည်း သဘောကျမိကြသည်။
ထို့ကြောင့် အဘိုးအိုက ငွေပေးချေသည့်အချိန်တွင် ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် လင်းရန်က လျှော့စျေးပေးလိုက်လေ၏။
အဘိုးအိုက ငြင်းဆိုသော်လည်း လင်းရန်က အတင်းပေးသဖြင့် နောက်ဆုံးတွင် စျေးနှုန်း၏ တစ်ဝက်ခန့်ကိုသာ ပေးချေပြီး ထွက်ခွာသွားလေတော့သည်။
အချိန်ကြည့်လိုက်ရာ မွန်းလွဲတစ်နာရီခွဲခန့် ရှိနေပြီဖြစ်သည်။ ထိုအချိန်နောက်ပိုင်းတွင် ဧည့်သည်လာနိုင်ခြေ မရှိတော့သည့်အပြင် သူတို့နှစ်ဦးလုံးလည်း အနည်းငယ် ပင်ပန်းနေကြပြီဖြစ်၍ ဆိုင်တံခါးပိတ်ပြီး အိမ်ပြန်အိပ်ရန် ဆုံးဖြတ်လိုက်ကြလေတော့၏။ဝ
ညနေပိုင်းတွင်လား..
ညဘက်က ရာသီဥတု အေးလွန်းသည်။ ဆိုင်ဖွင့်ထားလည်း လူလာမည်မဟုတ်သောကြောင့် မဖွင့်တော့ဘဲ မနက်ဖြန် နေ့လယ်ကျမှသာ ပြန်လာရန် ဆုံးဖြတ်လိုက်ကြသည်။
ဤသို့ဖြင့် ချမ်းသာပြီး စိတ်ထင်တိုင်းလုပ်တတ်သော လူနှစ်ဦးမှာ ဆိုင်ကို ခပ်မြန်မြန်သိမ်းဆည်းကာ အိမ်ပြန်သွားကြလေသည်။
သို့သော် သူတို့မသိလိုက်သည့် အချက်မှာ သူတို့အိမ်ပြန်သွားပြီး မကြာမီမှာပင် မနက်က လာစားသွားသော အဘိုးအိုက “ဝေ့မီ” ဆိုင်ရှေ့သို့ တစ်ခေါက် ထပ်ရောက်လာခြင်းပင်။
ဆိုင်တံခါး ပိတ်သွားသည်ကို မြင်လိုက်ရလျှင် သူ အံ့အားသင့်သွားရလေသည်။ သူသည်က ဆိုင်ရှင်မလေးများကို ထိုဟင်းလျာမျိုး ထပ်လုပ်ပေးနိုင်မလားဟု မေးမြန်းရန်နှင့် အလုပ်ခွင်ရှိ လူများကို မြည်းစမ်းခိုင်းရန် နှစ်ပွဲခန့် ဝယ်ယူသွားရန် ကြံစည်ခဲ့ခြင်းဖြစ်သော်လည်း သူ ခဏမျှ အပြင်သွားနေစဉ်အတွင်း ဆိုင်ပိတ်သွားလေပြီ။
ချင်းယွင်ကျစ် ပြောခဲ့သော “လူနေမှုဘဝ တိုးတက်စေရန်နှင့် နိုင်ငံတော်၏ တောင်းဆိုမှုကို တုံ့ပြန်ရန် ဆိုင်ဖွင့်ခြင်းဖြစ်သည်” ဆိုသည့် စကားကို သူ သတိရသွားသည်။
ထို့ကြောင့် ယခုကဲ့သို့ နှစ်နာရီ၊ သုံးနာရီအချိန်တွင် ဆိုင်ပိတ်သွားခြင်းမှာ ဧည့်သည်မလာသဖြင့် စိတ်ပျက်အားငယ်ကာ ပိတ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်ဟု သူ တွေးတောမိသွားရလေသည်။
ထိုသို့တွေးမိသည်နှင့် အဘိုးအိုမှာ အလွန်ပင် စိတ်မကောင်း ဖြစ်သွားရတော့၏။
မဟုတ်သေးဘူး၊ ငါ တစ်ခုခုလုပ်ပေးမှ ဖြစ်တော့မယ်။
မဟုတ်လျှင် ဤကဲ့သို့ တက်ကြွထက်သန်ပြီး မူဝါဒသစ်များကို ပူးပေါင်းပါဝင်နေသည့် ရဲဘော်ကောင်းလေးမှာ အရောင်းအဝယ် မကောင်းသဖြင့် ကြာရှည်တောင့်ခံနိုင်မည် မဟုတ်ပေ။
နောက်တစ်နေ့တွင် လင်းရန်နှင့် ချင်းယွင်ကျစ်တို့က ယခင်ရက်များကဲ့သို့ပင် ဆယ့်တစ်နာရီခန့်တွင် အေးအေးလူလူဖြင့် ဆိုင်သို့ ရောက်လာခဲ့ကြသည်။
သူတို့က ယနေ့တွင် ဧည့်သည်တစ်ယောက်လောက်နှင့် ဆုံတွေ့ရလျှင်ပင် လာရကျိုးနပ်ပြီဟု တွေးထားကြသည်။
သို့သော် သူတို့ မမျှော်လင့်စွာဖြင့် ဆိုင်တံခါးဝသို့ ရောက်ရှိချိန်တွင် လူနှစ်ဦး၊ သုံးဦးခန့် ရပ်စောင့်နေသည်ကို တွေ့လိုက်ရလေ၏။
ထိုသူများ နေရာမှားလာသည်လားဟု လင်းရန် တွေးနေစဉ်မှာပင် ချင်းယွင်ကျစ်က ပွောလာသည်။
“ဟော... ဟိုမှာ မနေ့က ငါတို့ဆိုင်မှာ လာစားတဲ့ အဘိုးအိုမလား”
ချင်းယွင်ကျစ် ပြောလိုက်မှသာ လင်းရန်လည်း ရင်းနှီးနေသော ထိုပုံရိပ်ကို မြင်လိုက်ရတော့သည်။
ဟုတ်ပေသည်။ ယမန်နေ့က ပထမဆုံး ဧည့်သည်တော် အဘိုးအိုပင် ဖြစ်၏။ သူသည်က သူတို့၏ စီးပွားရေးကို ထပ်မံအားပေးရန် ရောက်လာခြင်းဖွစ်လောက်မည်။
ထိုအချိန်တွင် “ဝေ့မီ” ဆိုင်ရှေ့၌ နာရီဝက်ခန့် စောင့်နေရသော အဘွားအိုမှာတော့ အနည်းငယ် မကျေမနပ် ဖြစ်နေလေပြီ။ သူမက အဘိုးအိုကို အပြစ်တင်လိုစွာ ကြည့်လိုက်၏။
“ရှင် ကျွန်မကို တမင်သက်သက် ညာခေါ်လာတာတော့ မဟုတ်ပါဘူးနော်၊ ဆိုင်တောင် မဖွင့်သေးဘူး၊ ရှင်က အရသာရှိတာ ကျွေးမယ်ဆိုပြီး လိမ်ပြောတယ်..
ရှင်က ကျွန်မ လွန်ခဲ့တဲ့ နှစ်ရက်က ရှင့်ငါးတွေကို သေအောင် လုပ်မိလို့ ဒီလိုမျိုး ကလဲ့စားချေတာလား”
အရသာရှိသောအစားအသောက်ကို ကျွေးမည်၊ တစ်ခါစားပြီးလျှင် မေ့နိုင်မည်မဟုတ်ဟု ပြောခဲ့သော်လည်း..
အခုက ဘာစားရမှာလဲ။ ဆိုင်တံခါးတောင် ပိတ်ထားရတာ မဟုတ်ဘူးလား။
အဘိုးအိုမှာမူ စိတ်မဆိုးသည့်အပြင် စိုးရိမ်ပူပန်နေပုံရသည်။
“ဒီအချိန်ထိတောင် တံခါးမဖွင့်သေးဘူးဆိုတော့ တစ်ခုခု ဖြစ်လို့လားမသိဘူး”
အရောင်းအဝယ် မကောင်းသောကြောင့် စိတ်ပျက်ပြီး ဆိုင်ရှင်မလေးနှစ်ယောက် ဆိုင်ပိတ်လိုက်ပြီလားဟု တွေးတောကာ စိတ်မကောင်း ဖြစ်နေခဲ့၏။ သူတို့သာ အနည်းငယ် ပို၍ သည်းခံနိုင်လျှင် သူက ဧည့်သည်များစွာကို ခေါ်လာပေးမည် မဟုတ်ပါလား။
အဘိုးအို သက်ပြင်းချနေစဉ်မှာပင် လင်းရန်နှင့် ချင်းယွင်ကျစ်တို့ ရောက်ရှိလာခဲ့ကြသည်။
“အဘိုး?”
အဘိုးအိုမှာ ခေတ္တမှင်တက်သွားပြီးမှ လင်းရန်တို့ကို မြင်လိုက်ရချိန်တွင် ဝမ်းသာအားရ ဖြစ်သွားသည်။
“ဟော... ရောက်လာကြပြီပဲ!”
သူတို့ ဆိုင်ဆက်မဖွင့်တော့မည်ကို သူ အမှမ်တကယ်ပင် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
လင်းရန်နှင့် ချင်းယွင်ကျစ်တို့က ခေါင်းညိတ်ပြကာ မေးလိုက်သည်။
“အဘိုး ဒီနေ့လည်း လာစားတာလားဟင်”
“ဟုတ်တယ်... ဟုတ်တယ်... ဒီနေ့လည်း လာစားတာ၊ တစ်ယောက်တည်း မဟုတ်ဘူးနော်၊ ငါ့မိန်းမနဲ့ ဒီက တူလေးကိုပါ ခေါ်လာတာ
ဒါနဲ့ ဆိုင်ရှင်မလေးတို့... ဆိုင်ဖွင့်တာ နည်းနည်း နောက်ကျနေသလားလို့၊ အခု ဆယ့်တစ်နာရီ ထိုးတော့မယ်၊ ချက်ပြုတ်ဖို့ အချိန်မီပါ့မလား”
အဘိုးအိုက စိုးရိမ်တကြီး မေးမြန်းရှာသည်။
လင်းရန်နှင့် ချင်းယွင်ကျစ်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့သည်က အလုပ်ဖိအားမရှိသောပြောင့် တမင်နောက်ကျမှ လာခြင်းဖြစ်ကြောင်းကို မပြောရဲကြပေ။
လင်းရန်က ဝေခွဲမရသော လေသံဖြင့်သာ ရှင်းပြလိုက်ရသည်။
“အချိန်မီပါတယ် အဘိုးရယ်.. အခုတလော အရောင်းအဝယ် သိပ်မရှိသေးတော့ လူတစ်ယောက်၊ နှစ်ယောက်စာဆိုရင် ချက်ချင်း ပြီးပါတယ်”
လင်းရန်က အမှန်အတိုင်း ပြောခြင်းဖြစ်သော်လည်း အဘိုးအိုနှင့် သူ၏ဇနီးဖြစ်သူ နားထဲတွင်တော့ အရောင်းအဝယ် မကောင်းသဖြင့် လက်တွေ့ဘဝကို လက်ခံလိုက်ရသော မိန်းကလေးငယ်များ၏ အားကိုးရာမဲ့အသံအဖြစ် ကြားလိုက်ရလေသည်။
အဘွားအိုက၏အမြင်တွင် ဤမိန်းကလေးနှစ်ဦးမှာ ရုပ်ရည်လှပပြီး စိတ်ထားကောင်းကြသော်လည်း စီးပွားရေးလုပ်ရန်တွင်တော့ မတော်ကြပုံရသည်ဟုတွေးမိကာ စိတ်မကောင်း ဖြစ်သွားရပြန်သည်။
လင်းရန်နှင့် ချင်းယွင်ကျစ်မှာတော့ သူတို့အား သနားစရာကောင်းသကဲ့သို့ ကြည့်နေသည့် ထိုအကြည့်များကို နားမလည်နိုင်ဘဲ ရှိနေကြသည်။
မည်သို့ပင်ဖြစ်စေ သူတို့က ဆိုင်တံခါးဖွင့်ကာ ဧည့်သည်များကို အထဲသို့ ဖိတ်ခေါ်လိုက်ကြလေသည်။
လင်းရန်က အိမ်မှ ယူဆောင်လာသော ပါဝင်ပစ္စည်းများကို ကိုင်ကာ မီးဖိုချောင်သို့ ဝင်သွားသည်။
ယမန်နေ့က ငါးစားခဲ့သဖြင့် ယနေ့တွင်မူ ကြက်သား၊ ငရုတ်သီးခြောက်နှင့် အာလူးများကို ယူလာခဲ့သည်။
သူမက အရသာအပြင်းလေး စားချင်သဖြင့် ကြက်သားအစပ်ဟင်း နှင့် ကြက်သားအာလူးနှပ်တို့ကို ပြင်ဆင်ရန် ဆုံးဖြတ်လိုက်၏။
ထိုဟင်းနှစ်မျိုးလုံးမှာ ထမင်းမြိန်စေမည့် ဟင်းလျာများပင် ဖြစ်သည်။
ဆိုင်ရှေ့တွင်တော့ ချင်းယွင်ကျစ်က ဧည့်သည် သုံးဦးကို ဧည့်ခံနေသည်။
ယနေ့လည်း မီနူးမရှိသေးသောကြောင့် သူမသည်က သူမ၏ စကားပြောစွမ်းရည်ဖြင့်သာ ဧည့်သည်များကို ဧည့်ခံနေရလေ၏။
ကံကောင်းစွာဖြင့် အဘွားအိုနှင့် သူမမှာ စရိုက်တူနေခဲ့ပြီး မကြာမီမှာပင် ညီအစ်မများကဲ့သို့ ခင်မင်သွားကြကာ စကားများ ဖောင်ဖွဲ့နေကြလေတော့သည်။
အဘိုးအိုကတော့ သူခေါ်လာသော တူလေးဖြစ်သူအား အြောနေခဲ့သည်။
“စားဖိုမှူး ထွက်လာရင် ငါတို့ ဘာစားရမလဲဆိုတာ သိရလိမ့်မယ်၊ ငါ့အတွေ့အကြုံအရတော့ ဒီရဲဘော်လေးရဲ့ လက်ရာက တကယ်ကို တော်တာ၊ မင်း အသေအချာ စဉ်းစားကြည့်ပါဦး”
ထိုအချိန်တွင် လူငယ်က ပြုံးလျက်ပြောလာ၏။
“ဟုတ်ကဲ့ပါ ဦးလေးလျူ၊ ဦးလေးကိုယ်တိုင် ညွှန်းတာဆိုတော့ ကျွန်တော် သေသေအချာချာ စဉ်းစားပါ့မယ်”
ချင်းယွင်ကျစ်သည်ကား တစ်ဖက်တွင် စကားပြောနေသော်လည်း နားက ထိုစကားများကို အကုန်ကြားနေရသည်။ ကြည့်ရသည်မှာ အဘိုးအိုသည်က လင်းရန်အား ထိုလူငယ်နှင့် မိတ်ဆက်ပေးရန် ကြံစည်နေပုံရပေသည်။
မဟုတ်သေး... လင်းရန်၏ လက်ရာကို ထိုလူငယ်အား ပြသလိုခြင်း ဖြစ်ပုံရသည်။
မကြာမီ လင်းရန် ထွက်လာခဲ့သည်။
“ဒီနေ့လည်း ဟင်းတစ်စ်မျိုးပဲ ရှိပါတယ်၊ ကြက်သားဟင်း နှစ်မျိုးစပ်ပေါ့၊ ကြက်သားအစပ်ဟင်းနဲ့ ကြက်သားအာလူးနှပ်လေ၊ သုံးယောက်စာပဲ မှာမလား”
အဘိုးအို ယမန်နေ့က ငါးဟင်းထုတ်စွပ်ပြုတ် မဟုတ်သည့်အတွက် အနည်းငယ် နှမြောမိသော်လည်း “နှစ်မျိုးစပ်” ဆိုသည့် အမည်အသစ်ကြောင့် မှာယူလိုက်လေသည်။
လူငယ်ဖြစ်သူ ရဲဘော်ချီကလည်း တစ်ပွဲ မှာယူလိုက်၏။
“ရှောင်ချီ... မင်း တစ်ပွဲပဲမှာမလား၊ ဒါမှမဟုတ် ငါတို့ပွဲတွေ ရောက်လာမှ ကြည့်ပြီး မှာမလား”
အဘိုးအိုက မေးလျှင်ရဲဘော်ချီက ပြောလာသည်။
“ရပါတယ် ဦးလေး၊ ကျွန်တော့်ကို တစ်ပွဲပဲပေးပါ၊ ဦးလေးက အရသာရှိတယ်ဆိုမှတော့ ဆိုးမှာမဟုတ်ပါဘူး”
အဘိုးအိုက မှာယူပြီးနောက် တစ်ခုခုကို သတိရကာ ပြောလာခဲ့သည်။
“ဒါနဲ့... ဆိုင်မှာ ပါဝင်ပစ္စည်းတွေ ပိုရှိသေးလား၊ ရှိရင် နောက်ထပ် အပိုပွဲလေးတွေ လုပ်ပေးပါဦး၊ ငါ တခြားသူတွေဆီ ယူသွားချင်လို့...”
သို့သော် လင်းရန်က တွန့်ဆုတ်စွာဖြင့် ပြောလာလေ၏။
“တောင်းပန်ပါတယ် အဘိုး၊ ကျွန်မတို့ဆီမှာ ပါဝင်ပစ္စည်းတွေ အများကြီး မရှိတော့လို့ပါ၊ ဒီနေ့အတွက်တော့ ဒီလောက်ပဲ ရပါတော့မယ်”
မည်သို့ပင်ဖြစ်စေ သူမသည်က ကြက်တစ်ကောင်သာ ယူလာခဲ့ခြင်း ဖြစ်ပေသည်။
အဘိုးအိုသည် သက်ပြင်းချကာ ပြောရှာသည်။
“အင်း... နားလည်ပါပြီ”
သူ စိတ်ပျက်သွားသည်ကို မြင်လျှင် လင်းရန် အားနာမိသော်လည်း အဘိုးအို၏ နောက်ဆက်တွဲစကားကြောင့် သူမ ဝေခွဲမရ ဖြစ်သွားရပြန်သည်။
“ငါ့ကို ယုံလိုက်၊ ဒီလို ခက်ခဲတဲ့နေ့တွေက မကြာခင် ကုန်ဆုံးသွားမှာပါ၊ ရဲဘော်လေးတို့ ဆက်ပြီး သည်းခံကြိုးစားကြပါဦး”
လင်းရန်: “???”
သည်းခံကြိုးစားရမယ်...?
နေ့တိုင်း ကြက်တစ်ကောင် ရောင်းရအောင် ကြိုးစားရမှာလား။
လင်းရန်တစ်ယောက် ရှုပ်ထွေးစွာဖြင့် မီးဖိုချောင်သို့ ပြန်ဝင်ကာ ဟင်းချက်လေတော့သည်။ မကြာမီတွင် မွှေးကြိုင်လွန်းသော အနံ့များက ဆိုင်ထဲသို့ ပျံ့လွင့်လာခဲ့သည်။
*