← Chapters

အခန်း (၄၄၉-၄၅၀)

Vol. 45 Ch. 449-450

အခန်း (၄၄၉-၄၅၀)

Vol. 45 Ch. 449-450

အခန်း(449)

လင်းရန် ယူဆောင်လာသော ဟင်းလျာများကို မြင်ရချိန်တွင် အဘိုးအို၏ ဇနီးမှာလည်း အံ့အားသင့်သွားရသည်။

ကြက်သားအစပ်ဟင်းသည်က ငရုတ်သီးများဖြင့် နီရဲနေသဖြင့် ကွမ်ကျိုးသားများအတွက်တော့ အနည်းငယ် ကြောက်စရာကောင်းလေ၏။

သို့သော်လည်း လင်းရန်ကပြောလာသည်။

“ဒါက ငရုတ်သီးတွေ များနေပေမဲ့ အရမ်းမစပ်ပါဘူး၊ ပိုပြီးတော့ မွှေးတယ်”

အဘိုးအိုမှာ သူကိုယ်တိုင် ခေါ်လာခဲ့ခြင်း ဖြစ်သဖြင့် သတ္တိမနည်းစေရန် ငရုတ်သီးများကြားမှ ကြက်သားတစ်တုံးကို အရင်ဆုံး မြည်းစမ်းကြည့်လိုက်သည်။

ကြက်သားမှာ အပြင်ဘက်တွင် ကြွပ်ရွနေပြီး အတွင်းတွင်တော့ နူးညံ့ကာ အလွန်ပင် မွှေးကြိုင်လွန်းပေသည်။ ငရုတ်သီးများကြားတွင် အသားကို လိုက်ရှာရသည်မှလွဲ၍ အားလုံးမှာ ပြည့်စုံလွန်းသည်။

ရဲဘော်ချီသည်လည်း ဟင်းလျာများကို မြည်းစမ်းပြီးနောက် ကျေနပ်သော အမူအရာဖြင့် လင်းရန်ကို သေသေချာချာ ကြည့်လိုက်လေ၏။

လင်းရန်က ထိုအကြည့်ကို သတိထားမိသော်လည်း ယဉ်ကျေးစွာဖြင့်သာ ခေါင်းညိတ်ပြလိုက်၏။

ချင်းယွင်ကျစ်မှာ ရဲဘော်ချီအတွက် ချပေးပြီးနောက် လင်းရန်အား ခေါ်ကာ သူမ ကြားခဲ့ရသော စကားများကို တီးတိုးပြန်လည်ပြောပြလိုက်သည်။

ထိုစကားကို ကြားလျှငရ လင်းရန်မှာ မသိစိတ်ဖြင့်ရှုပ်ထွေးသွားရလေ၏။

“ကျွန်မဆီက တစ်ခုခု အကူအညီလိုနေတာများလား၊ တကယ်လို့ သူတို့က ကျွန်မကို စားဖိုမှူးတစ်ယောက်အနေနဲ့ လာခေါ်တာမျိုးဆိုရင်တော့ ကျွန်မ စိတ်ဝင်စားမှာ မဟုတ်တော့ဘူး”

သူမပ စိတ်ထဲတွင်ရှိသည့်အတိုင်း ချင်းယွင်ကျစ်အား တီးတိုး ပြောဆိုလိုက်ပြီးနောက် ထိုကိစ္စကို ဆက်လက်၍ ဂရုမစိုက်တော့ပေ။

မည်သို့ပင်ဖြစ်စေ ခေတ္တကြာလျှင် သူတို့ဘက်မှ စကားစလာမည်ဖြစ်၍ ထိုအချိန်ကျမှသာ အဖြေတစ်ခု စဉ်းစားလျှင်လည်း နောက်မကျသေးပါချေ။

နောက်ဆုံးတွင် လင်းရန်နှင့် ချင်းယွင်ကျစ်တို့ အပါအဝင် ဆိုင်ရှိ ဧည့်သည်သုံးဦးစလုံး နေ့လယ်စာ စားသောက်ပြီးသွားသည့် အချိန်၌ အဘိုးအိုက လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး လင်းရန်အား တခြားကိစ္စတစ်ခုကို ဆွေးနွေးရန် ခေါ်လိုက်လေတော့၏။

“အဟမ်း... ရှောင်လင်း၊ ဒီကို ခဏလောက် လာပါဦး၊ မင်းနဲ့ ဆွေးနွေးစရာ ကိစ္စလေးတစ်ခု ရှိလို့ပါ”

ထိုစကားကို ကြားသည်နှင့် လင်းရန်နှင့် ချင်းယွင်ကျစ်တို့မှာ ချက်ချင်းပင် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းထဲ၌ “လာပြီ” ဟူသော အတွေးတစ်ခုစီ ပေါ်လာကြလေသည်။

လင်းရန်လည်း ချက်ချင်းပင် မတ်တတ်ထရပ်ကာ အဘိုးအိုထံသို့ လျှောက်သွားပြီး မေးမြန်းလိုက်လေ၏။

“ဟားဟား... ခိုင်းစရာတော့ မဟုတ်ပါဘူး၊ မင်း အဲဒီလောက်ကြီး စိုးရိမ်မနေပါနဲ့၊ တကယ်တော့ ငါ့ဘေးက ရှောင်ချီက ဒီနေ့ ထမင်းစားဖို့ သက်သက်လာတာ မဟုတ်ဘူး

သူ့မှာ တခြားရည်ရွယ်ချက်လည်း ရှိသေးတယ်၊ သူကိုယ်တိုင် မိတ်ဆက်ပေးတာကိုပဲ နားထောင်ကြည့်လိုက်ပါဦး”

ထိုသို့ ပြောဆိုကာ အဘိုးအိုသည် သူ၏ဘေးမှ ရှောင်ချီအား စကားပြောခွင့် ပေးလိုက်လေသည်။

လင်းရန်၏ ဟင်းချက်လက်ရာကို ကိုယ်တိုင် မြည်းစမ်းပြီးဖြစ်၍ ရှောင်ချီမှာ လင်းရန်အပေါ် အလွန်ပင် ကျေနပ်အားရနေခဲ့သည်။

ထို့ကြောင့် သူသည်က ချက်ချင်းပင် မတ်တတ်ထရပ်ကာ လင်းရန်အား အလေးအနက် ရှင်းပြလေတော့၏။

“ဒီလိုပါ ရဲဘော်လင်း၊ တကယ်တော့ ကျွန်တော်က ဝါဒဖြန့်ချိရေးဌာနက ဝန်ထမ်းတစ်ယောက်ပါ၊ အခု သိတဲ့အတိုင်းပဲ ကျွန်တော်တို့နိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့အချိန်လေ

အခုဆိုရင် လူတိုင်းကို အပြင်လောကကို ခြေလှမ်းလှမ်းဖို့ တိုက်တွန်းနေသလို နယ်ပယ်အသီးသီးက မိတ်ဆွေတွေကိုလည်း ကျွန်တော်တို့ဆီ လာရောက်လည်ပတ်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်နေပါတယ်

ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ ဝါဒဖြန့်ချိရေးဌာနကလည်း ကျွန်တော်တို့နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ကိုယ်စားပြုအရာတွေကို နယ်ပယ်အသီးသီးကလူတွေ သိရှိနိုင်အောင် ပြသဖို့ စီစဉ်နေပါတယ်

အဲဒီအထဲက ဆွဲဆောင်မှုတစ်ခုကတော့ အစားအသောက် ယဉ်ကျေးမှုပါပဲ”

သူတို့သည်က နှစ်ပေါင်းထောင်ချီသော သမိုင်းကြောင်းရှိသည့် နိုင်ငံကြီးတစ်နိုင်ငံဖြစ်၍ လက်ဆင့်ကမ်းလာခဲ့သည့် အရသာရှိသော အစားအစာများမှာ ရေတွက်၍ပင် မကုန်နိုင်ပေ။

ထို့အပြင် ‘စား၊ ဝတ်၊ နေ၊ ရေး’ ဟူသော လူမှုကိစ္စများထဲတွင်လည်း ‘စား’ ဆိုသည့် အစားအသောက်မှာ အလွန်ပင် အရေးကြီးပေသည်။

အစားအသောက်ဆိုသည်မှာ အရသာရှိခြင်းနှင့် မရှိခြင်းသာ ရှိသည် မဟုတ်ပါလား။ ဒေသအလိုက် စားသောက်မှုပုံစံ ကွဲပြားနိုင်သော်လည်း ယေဘုယျအားဖြင့် လူတိုင်း၏ အရသာခံနိုင်စွမ်းမှာ တူညီကြသည်။ ထို့ကြောင့် အရသာရှိနေသရွေ့ မည်သူကမျှ အပြစ်ပြောနိုင်မည် မဟုတ်ပေ။

နောက်ထပ် နှစ်လခန့်အကြာတွင် ကွမ်ကျိုးပြည်နယ်၌ ရင်းနှီးမြှုပ်နှံမှုပြပွဲတစ်ခု ကျင်းပမည် ဖြစ်သည်။

ထိုပြပွဲသို့ ပြည်ပနိုင်ငံများနှင့် ဟောင်ကောင်မှ ကုမ္ပဏီများစွာ တက်ရောက်ကြလိမ့်မည်။

ထိုရင်းနှီးမြှုပ်နှံမှုပြပွဲတွင် သူတို့၏ ထူးခြားချက်များကို တစ်ပါးသူအား ပြသရန်လည်း သူတို့က စီစဉ်ထားကြလေသည်။

အစားအသောက် ပြသခြင်းအတွက် သီးသန့်နေ့တစ်ရက် သတ်မှတ်ပေးရန်နှင့် စားဖိုမှူးတစ်ဦးမှ သူ၏ ဟင်းချက်စွမ်းရည်ကို ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ တက်ရောက်လာသူများ၏ ရှေ့မှောက်တွင် တိုက်ရိုက် သရုပ်ပြသရန် သူတို့က သဘောတူထားပြီး ဖြစ်ပေသည်။

သို့သော် အရသာရှိသော အစားအသောက်များကို အပြင်လူများအား ပြသရန်ဆိုလျှင် ဟင်းလျာ၏ အရသာတစ်ခုတည်းနှင့်တင် မလုံလောက်ပုံရလေ၏။

ဟင်းလျာ၏ ဆန်းသစ်မှုအပြင် စားဖိုမှူး၏ ကိုယ်ပိုင်အရည်အချင်းနှင့် အခြေအနေများမှာလည်း အရေးကြီးသော ကိုးကားချက်များ ဖြစ်လာပေလိမ့်မည်။

ထိုသို့ဖြစ်လာလျှင် နိုင်ငံခြားဧည့်သည်များက သူတို့၏ အစားအသောက် အမွေအနှစ်အပေါ် ပိုမိုအံ့အားသင့်သွားကြရပေလိမ့်မည်။

ထို့ကြောင့် ယမန်နေ့က ချင်လူကြီးမင်းဘက်မှ သူ့ထံသို့ ရုတ်တရက် ရောက်ရှိလာပြီး သူ၏ ရည်မှန်းချက်နှင့် ကိုက်ညီသော စားဖိုမှူးတစ်ဦးနှင့် ဆုံတွေ့ခဲ့သည်ဟု ပြောလာခဲ့သည်။

အစပိုင်းတွင် သူ သိပ်မယုံကြည်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ဤကာလအတွင်း သူသည်က နာမည်ကြီး စားဖိုမှူးများစွာထံသို့ သွားရောက်ခဲ့ဖူးသည်။

ထိုစားဖိုမှူးများမှာ အသက်ကြီးနေသဖြင့် မလုပ်ချင်ကြတော့ခြင်း သို့မဟုတ် သမိုင်းကြောင်းဆိုင်ရာ အကြောင်းရင်းများကြောင့် နိုင်ငံခြားသားများအတွက် ဟင်းမချက်ပေးလိုကြခြင်းကြောင့် တိုက်ရိုက်ပင် ငြင်းပယ်ခဲ့ကြလေသည်။

ငြင်းပယ်ခြင်း မပြုခဲ့သော စားဖိုမှူးများမှာဆော့ ရှောင်ချီနှင့် တခြားသူများ၏ အမြင်တွင် တစ်ခုခု လိုအပ်နေသေးသလို ခံစားနေရသည်။

ထို့ကြောင့် သူတို့က ဆက်လက်၍ ရှာဖွေရန်သာ စီစဉ်ခဲ့ကြခြင်း ဖြစ်ပေ၏။ အကယ်၍သာ စိတ်ကူးထားသည့်အတိုင်း ကိုက်ညီသူကို ရှာမတွေ့ခဲ့လျှင်ဆော့ သူတို့၏ စိတ်ကူးကို ပြောင်းလဲကာ အကြံသစ်များကို စဉ်းစားကြရပေတော့မည်။

ယမန်နေ့က ချင်လူကြီးမင်းဘက်မှ ထိုကိစ္စကို ပြောပြချိန်တွင် ရှောင်ချီက မျှော်လင့်ချက် ကြီးကြီးမားမား မထားဘဲ ဤနေရာသို့ လိုက်လာခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် ယနေ့ ဆိုင်သို့ ရောက်လာပြီး လင်းရန်ကို မြင်လိုက်ရချိန်တွင်တော့ သူမ၏ ရုပ်ရည်အခြေအနေမှာ အတော်လေး သင့်တော်သည်ဟု သူ ခံစားလိုက်ရလေသည်။

အကယ်၍ သူမ၏ ဟင်းချက်စွမ်းရည်မှာလည်း ကောင်းမွန်နေမည်ဆိုလျှင် ပို၍ပင် ကောင်းပေလိမ့်မည်။

သူ မမျှော်လင့်ထားစွာဖြင့် လင်းရန်၏ ဟင်းချက်စွမ်းရည်မှာ သူမ၏ ရုပ်ရည်ကဲ့သို့ပင် ထူးချွန်နေခဲ့ပြီး သူ့ကို များစွာအံ့အားသင့်စေခဲ့လေသည်။

ရှောင်ချီအနေဖြင့် လင်းရန်သာ ပြပွဲအလယ်တွင် ရပ်၍ ဤကဲ့သို့ အရသာရှိသော အစားအစာများကို ကျွမ်းကျင်စွာ ချက်ပြုတ်ပြသမည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ တက်ရောက်လာသူများ မည်မျှအထိ အံ့သြမှင်တက်သွားကြမည်ကို ကြိုတင်၍ပင် မြင်ယောင်နေမိ၏။

“ရဲဘော် ရှောင်လင်း.. ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို သဘောတူပေးပါ၊ ကျွန်တော်တို့ကို ကူညီပေးပါဦး”

ရှောင်ချီသည်က အကြောင်းစုံကို ရှင်းပြပြီးနောက် လင်းရန်အား အကူအညီပေးရန် ထပ်မံ၍ အနူးအညွတ် တောင်းဆိုလိုက်လေသည်။

သို့သော် လင်းရန်မှာ ထိုစကားများကို နားထောင်ပြီးနောက် သိပ်ပြီး စိတ်ဝင်စားခြင်း မရှိလှပေ။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဖျော်ဖြေပွဲတစ်ခုသို့ သွားရသကဲ့သို့ သို့မဟုတ် နိုင်ငံခြားသားတစ်စုကို သရုပ်ပြဖျော်ဖြေပေးရသကဲ့သို့သာဖြစ်နေသောကြောင့်ပင်။

ထိုပြပွဲသို့ တက်ရောက်ပြီးနောက် သူမ၏ နာမည်ဂုဏ်သတင်းက ကျော်ကြားလာနိုင်သော်လည်း စဉ်းစားကြည့်လျှင်ထိုမျှလောက်သော ကျော်ကြားမှုမှာ သူမအတွက် သိပ်ပြီး အသုံးမဝင်လှဟု ထင်မိလေသည်။

မည်သို့ပင်ဖြစ်စေ ဤကာလအတွင်း သူမ၏ စိတ်နေစိတ်ထားမှာ “ဘာဖြစ်ဖြစ် အေးဆေးပဲ” ဆိုသည့် အခြေအနေသို့ ပိုမိုရောက်ရှိလာခဲ့ပေသည်။

ဤဆိုင်သို့ နေ့တိုင်း အလုပ်လာဆင်းနေခြင်းသည်ပင် သူမ၏ ကြိုးစားအားထုတ်မှုများကို အလဟဿ မဖြစ်စေလိုသောကြောင့်သာ ဖြစ်၏။

မဟုတ်လျှင် သူမက အိမ်၌သာ လှဲလျောင်းနေမိပေလိမ့်မည်။

“ရဲဘော်ရှောင်ချီ...”

လင်းရန်၏ တွန့်ဆုတ်နေသော အမူအရာမှာ ချက်ချင်းပင် ငြင်းပယ်တော့မည့်ဟန်မျိုး ဖြစ်နေသဖြင့် ရှောင်ချီတစ်ယောက် ငိုတော့မလိုပင် ဖြစ်သွားရသည်။

“ရဲဘော် ရှောင်လင်း... ကျေးဇူးပြုပြီး သေချာလေး စဉ်းစားပေးပါဦး၊ ဒီတစ်ခါက ကျွန်တော့်ရဲ့ တာဝန်ပြီးမြောက်ဖို့ သက်သက်တင် မဟုတ်ပါဘူး၊ ကျွန်တော်တို့ တိုင်းပြည်နဲ့ လူမျိုးရဲ့ မျက်နှာအတွက်လည်း ပါတာမို့လို့ပါ”

သူ၏ စကားမှာ အနည်းငယ် ချဲ့ကားပြောဆိုရာ ရောက်သော်လည်း ဤတံခါးဖွင့်ဝါဒ ကျင့်သုံးနေသည့် ကာလတွင် သူသည်က နိုင်ငံခြားသားအချို့နှင့် ထိတွေ့ခဲ့ဖူးသည်။

သူတို့၏ သဘောထားမှာ ဆိုးရွားသည်ဟု မဆိုနိုင်သော်လည်း သူတို့၏ စကားနှင့် အမူအရာများတွင် အထင်သေးစော်ကားသည့် အရိပ်အယောင်များကိုမူ ဖုံးကွယ်၍ မရနိုင်ပေ။

ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားခဲ့လျှင် ရှောင်ချီသည်က မျက်နှာမည်းမှောင်စွာနှင့်ပင် ထိုသူများကို တိုက်ရိုက် ဝေဖန်ပစ်ချင်မိလေသည်။

ထို့ကြောင့် ယခု ရင်းနှီးမြှုပ်နှံမှုပြပွဲကို အကောင်းဆုံးရလဒ်များ ရရှိစေရန်နှင့် ပြည့်စုံစွာ ကျင်းပနိုင်ရန်အတွက် ရှောင်ချီနှင့် တခြားသူများမှာ မည်သည့်ကဏ္ဍတွင်မျှ အလျော့ပေးမည် မဟုတ်ပေ။

“ရဲဘော် ရှောင်လင်း.. ကျေးဇူးပြုပြီး အလေးအနက် စဉ်းစားပေးပါဦး”

သူ၏ ရှေ့မှ ရှောင်ချီ၏ စိတ်ရင်းမှန်လွန်းသော အမူအရာကို ကြည့်ရင်း လင်းရန်တစ်ယောကရ ငြင်းပယ်စကားပြောချင်သော်လည်း ရုတ်တရက် ပြော၍မထွက်ဘဲ ရှိနေရသည်။

နောက်ဆုံးတွင် သူမသည် သက်ပြင်းချကာ ခေါင်းညိတ်လိုက်လေ၏။

“ဒါဆိုရင် ကျွန်မ ထပ်ပြီး စဉ်းစားကြည့်ပါဦးမယ်၊ ဒါပေမဲ့ ကျွန်မ သေချာပေါက် သွားမယ်လို့တော့ အာမမခံနိုင်ဘူးနော်

ဒါကြောင့် ရဲဘော်အနေနဲ့ တခြားသူကိုလည်း ဆက်ပြီး ရှာထားပါဦး”

လင်းရန်က တိုက်ရိုက်မငြင်းတော့သည်ကို မြင်ရသည်ကပင် ရှောင်ချီအတွက် စိတ်အေးသွားရလေပြီ။

“စိတ်မပူပါနဲ့၊ ကျွန်တော်တို့ မင်းကို အဓမ္မ မတိုက်တွန်းပါဘူး၊ ဒါပေမဲ့ ဒီကိစ္စက အရမ်းအရေးကြီးပြီး ပိုပြီးသင့်တော်မယ့်သူကို ရှာချင်တာမို့လို့ ရဲဘော်လင်းအနေနဲ့ သေသေချာချာ စဉ်းစားပေးဖို့ မျှော်လင့်ပါတယ်”

နောက်ဆုံးတွင် ရှောင်ချီ၏ မျှော်လင့်ချက်အပြည့်နှင့် ကြည့်နေသည့် အကြည့်များအောက်၌ ချင်လူကြီးမင်းနှင့် အခြားသူများမှာ ပြန်လည်ထွက်ခွာသွားကြလေသည်။

သူတို့ထွက်သွားပြီးနောက် လင်းရန်နှင့် ချင်းယွင်ကျစ်တို့သည်လည်း ပစ္စည်းများကို ဖြည်းဖြည်းချင်း သိမ်းဆည်းကာ အိမ်သို့ပြန်ရန် ပြင်ဆင်ခဲ့ကြလေ၏။

ပစ္စည်းသိမ်းနေချိန်အတွင်း ချင်းယွင်ကျစ်က မတိုင်မီကိစ္စနှင့် ပတ်သက်၍ လင်းရန်အား ထပ်မံမေးမြန်းလိုက်သည်။

“ရန်ရန်... မင်း တကယ်ပဲ အဲဒီရင်းနှီးမြှုပ်နှံမှုပြပွဲကို စိတ်မဝင်စားတာလား၊ အန်တီကတော့ မင်းကို တစ်ခါလောက် စမ်းကြည့်စေချင်တယ်”

*

အခန်း(450)

သူမကို အမြဲတစေ ထောက်ခံပြီး အားပေးတတ်သော ချင်းယွင်ကျစ်က ယခုကဲ့သို့ ဆန့်ကျင်သည့် အကြံဉာဏ်ပေးလာလိမ့်မည်ဟု လင်းရန် မထင်မှတ်ထားပေ။

သူမအနေဖြင့် စိတ်မဆိုးသော်လည်း အနည်းငယ်တော့ အံ့အားသင့်သွားရသည်။

“ဘာလို့လဲ အမေ”

လင်းရန်က သိချင်နေသည်ကို မြင်လျှင် ချင်းယွင်ကျစ်က သူမ၏ အတွေးများကို ချက်ချင်း ပြောပြလေတော့၏။

“တကယ်တော့ မင်း ဒီပြပွဲကို မသွားချင်တဲ့ အကြီးမားဆုံး အကြောင်းရင်းက ပျင်းစရာကောင်းမယ်လို့ ထင်နေလို့ဆိုတာ အမေသိပါတယ်

ဒါပေမဲ့ စဉ်းစားကြည့်လေ... အဲဒီပြပွဲမှာ မင်းတစ်ယောက်တည်း ရှိနေမှာ မဟုတ်ဘူး၊ စားဖိုမှူးဆိုလို့လည်း မင်းတစ်ယောက်တည်း ရှိမှာမဟုတ်ဘူးလေ

ရှောင်ချီတို့က ဒီပြပွဲကို ဒီလောက်တန်ဖိုးထားတယ်ဆိုမှတော့ ပွဲကို ထောက်ပံ့ဖို့အတွက် အနည်းဆုံး စားဖိုမှူး နှစ်ယောက်လောက်တော့ ဖိတ်မှာ သေချာတယ်၊

မင်းက အမြဲတမ်း အသစ်သစ်တွေကို တီထွင်ချင်နေတာ မဟုတ်ဘူးလား၊ တခြား ထိပ်တန်းစားဖိုမှူးတွေနဲ့ ဆွေးနွေးရင်းကနေ စိတ်ကူးသစ်တွေ ရလာနိုင်တာပေါ့”

ဤသည်မှာ ပထမအကြောင်းရင်း ဖြစ်၏။

ဒုတိယအချက်အနေဖြင့်...

ချင်းယွင်ကျစ်သည် ရုတ်တရက် နှစ်ချက်ခန့် ရယ်မောလိုက်လေသည်။

“ဒီရင်းနှီးမြှုပ်နှံမှုပြပွဲက အစိုးရနဲ့ နိုင်ငံတော်က ပူးပေါင်းကျင်းပတာဖြစ်ပြီး ပထမဆုံးအကြိမ်လည်း ဖြစ်သေးတယ်၊ တက်ရောက်လာမဲ့သူတွေကလည်း အမြစ်ခိုင်မာတဲ့သူတွေ၊ ငွေကြေးနဲ့ လုပ်ပိုင်ခွင့် အပြည့်ရှိတဲ့သူတွေပဲ ဖြစ်မှာပဲ

မင်းရဲ့အဖေက နေ့တိုင်း ဆေးရုံတွေကို တစ်ခုပြီးတစ်ခု လိုက်သွားပြီး ပူးပေါင်းဖို့ ပြောနေရတာ အတော်လေး ပင်ပန်းနေတယ်လို့ လွန်ခဲ့တဲ့ နှစ်ရက်ကပဲ မင်းပြောခဲ့တယ် မဟုတ်လား၊ အခု မင်းရှေ့မှာ အခွင့်အရေးကြီးတစ်ခု ရောက်နေပြီလေ၊ မဟုတ်ဘူးလား”

ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် မည်သောသောလူများက အများဆုံး ရှိနေမည်နည်း။ ကုမ္ပဏီအမျိုးမျိုးနှင့် စီးပွားရေးလုပ်ငန်းရှင်များသာ ဖြစ်ပေလိမ့်မည်။

ဤအခြေအနေမျိုးသည်က ဖောက်သည်များ လိုအပ်နေသော လင်းကျန်းအန်းကဲ့သို့သော သူများအတွက် အလွန်ကောင်းမွန်သော အခွင့်အရေးပင် မဟုတ်ပါလား။

လင်းရန်မှာ ခေတ္တမျှ မှင်သက်သွားပြီးနောက် ထိုအဆင့်အထိ တွေးမိသွားလေ၏။

“ဟုတ်သားပဲ၊ ဒါက အဖေ့အတွက် တကယ်ကို အခွင့်အရေးကောင်းပဲ”

တိတိကျကျ ပြောရလျှင် အခွင့်အရေးကောင်းရုံမျှမကဘဲ ပြည်ပသို့ တင်ပို့ရန်၊ နိုင်ငံခြားသို့ ခြေဆန့်ရန်နှင့် ကမ္ဘာ့အဆင့်သို့ တက်လှမ်းရန် အခွင့်အရေးကြီးပင် ဖြစ်ပေသည်။

အကယ်၍သာ ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းရှိ ကုမ္ပဏီကြီးများ သို့မဟုတ် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းကြီးများနှင့် ဆက်သွယ်မှု ရရှိသွားခဲ့လျှင် သူတို့၏ ဆေးဝါးစက်ရုံလေးမှာ နောက်ပိုင်းတွင် ကောင်းကင်သို့ ပျံတက်သွားမည်မှာ အသေအချာပင်။

ဤကဲ့သို့သော အခွင့်အရေးမျိုးမှာ အဖေလင်းကဲ့သို့သော သာမန်ပြည်သူတစ်ဦးအတွက် လက်လှမ်းမီရန် ခဲယဉ်းလှပေသည်။

အကယ်၍ လင်းရန်သည်က သူမ ထိုနေရာတွင် စားဖိုမှူးအဖြစ် ပါဝင်ခြင်းကြောင့် နေရာတစ်ခုကို ရရှိနိုင်မည်ဆိုပါက အလွန်ပင် အကျိုးရှိပေလိမ့်မည်။

ထိုသို့ စဉ်းစားမိပြီးနောက် လင်းရန်မှာ ရုတ်တရက် စိတ်လှုပ်ရှားလာခဲ့သည်။

“မနက်ဖြန်ကျရင် ရှောင်ချီကို ကျွန်မ ပြန်မေးကြည့်ရမလား”

ချင်းယွင်ကျစ်ကလည်း ဤအရာသာ ဖြစ်မြောက်သွားလျှင် အလွန်ကောင်းမည်ဟု ခံစားမိလေသည်။

“ကောင်းပြီလေ... မနက်ဖြန်ကျရင် မေးလိုက်ကြတာပေါ့”

ရှောင်ချီ၏ဘက်တွင်တော့...

သူတို့၏ လိုအပ်ချက်နှင့် အပြည့်အဝ ကိုက်ညီသော လင်းရန်ကဲ့သို့ စားဖိုမှူးတစ်ဦးနှင့် ဆုံတွေ့ခဲ့သော်လည်း လင်းရန်မှာ ဤကိစ္စအပေါ် သိပ်ပြီး စိတ်ဝင်စားပုံမရသည့်အတွက် ရှောင်ချီတစ်ယောက် စိတ်မချနိုင်သေးဘဲ ရှိနေသည်။

နောက်ဆုံးတွင် သူာ တခြားသော စားဖိုမှူးများကို ရှာဖွေရန် ခရီးကို ထပ်မံ စတင်ခဲ့ရလေတော့၏။

မည်သို့ပင်ဖြစ်စေ လင်းရန် ပြောခဲ့သကဲ့သို့ပင်။ သူမ၏ ငြင်းပယ်ခြင်းကို ခံရနိုင်ခြေအတွက် အချိန်တိုင်း ပြင်ဆင်ထားရမည်ဖြစ်၍ အခြားသူများကိုပါ မေးမြန်းထားခြင်းက ပို၍ စိတ်ချရပေလိမ့်မည်။

မွန်းလွဲပိုင်းတွင် သူရောက်ရှိသွားသော နေရာမှာ တခြားသူမဟုတ်ဘဲ လင်းရန်နှင့် ရင်းနှီးသော အဖွားဝမ်၏ အိမ်ပင် ဖြစ်ပေသည်။

တကယ်တမ်းတွင် ဝမ်မိသားစု၏ ကျော်ကြားမှုအရ ရှောင်ချီသည်က အစောပိုင်းကတည်းက လာရောက်တွေ့ဆုံသင့်သော်လည်း သူ့အနေဖြင့် ကံမကောင်းခဲ့ပေ။

အကြိမ်အနည်းငယ် လာခဲ့သော်လည်း အဖွားဝမ်နှင့် မဆုံခဲ့ပါချေ။

အဖွားဝမ်မှာ အလုပ်များနေသောကြောင့် အိမ်တွင် သိပ်မရှိကြောင်းကိုသာ အခြားသူများထံမှ ကြားသိခဲ့ရသည်။

ကံကောင်းစွာဖြင့် ယနေ့တွင်တော့ ရှောင်ချီ ကံကောင်းသွားခဲ့သည်။ သူ အဖွားဝမ်၏ အိမ်သို့ ရောက်သည်နှင့် အဖွားဝမ်နှင့် သူမ၏ ဆရာတူမောင်လေး ဖြစ်သူ စားဖိုမှူးရှုန်းတို့နှင့် ဆုံတွေ့လိုက်ရလေသည်။

ထိုသူနှစ်ဦးကို မြင်လျှင်ရှောင်ချီက ချက်ချင်းပင် ရိုသေလေးစားစွာဖြင့် ရှေ့သို့တိုးကာ သူ၏ အထောက်အထားနှင့် လာရင်းအကြောင်းကို ရှင်းပြလိုက်၏။

ကံမကောင်းစွာဖြင့် သူ ကြိုတင်ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်ခဲ့သည်။ အဖွားဝမ်နှင့် စားဖိုမှူးရှုန်း နှစ်ဦးစလုံးက ငြင်းပယ်ခဲ့ကြလေ၏။

ငြင်းပယ်ရသည့် အကြောင်းရင်းမှာလည်း ရိုးရှင်းလွန်းပေသည်။ သူတို့သည်က အသက်ကြီးနေပြီဖြစ်သဖြင့် ဤကဲ့သို့သော ပွဲလမ်းသဘင်များတွင် မပါဝင်လိုတော့ခြင်းပင် ဖြစ်၏။

ရလဒ်ကို ကြိုတင်သိထားသော်လည်း ရှောင်ချီတစ်ယောက် စိတ်ပျက်သွားရဆဲ ဖြစ်သည်။ သူတို့၏ ရင်းနှီးမြှုပ်နှံမှုပြပွဲမှာ ဤတစ်ကြိမ်တွင် အမှန်တကယ်ပင် မပြည့်စုံနိုင်တော့သည်လား မသိတေားပါချေ။

ရှောင်ချီ အမှန်တကယ်ပင် စိတ်ပျက်နေသည်ကို မြင်လျှင် အဖွားဝမ်နှင့် စားဖိုမှူးရှုန်းတို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ရုတ်တရက် ပြောလိုက်လေသည်။

“ရဲဘော်... ငါတို့တွေက တကယ်ပဲ အသက်ကြီးနေကြပါပြီ၊ ဒီလို ပွဲမျိုးတွေနဲ့လည်း သိပ်ပြီး အသားမကျတော့ဘူး၊ ဒါပေမဲ့ ငါတို့မှာ တပည့်မလေး တစ်ယောက် ရှိတယ်

သူမက အသက်နှစ်ဆယ်ကျော်ပဲ ရှိသေးပေမဲ့ ဟင်းချက်လက်ရာကတော့ အရမ်းထူးချွန်ပါတယ်၊ သူမက ရဲဘော်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီလိမ့်မယ်လို့ တို့ထင်တယ်”

ထိုစကားကို ကြားလိုက်ရချိန်တွင် ရှောင်ချီမှာ ခုနက စိတ်ဓာတ်ကျနေရာမှ နောက်တစ်စက္ကန့်တွင် မျက်လုံးများ ချက်ချင်း အရောင်တောက်သွားရလေတော့သည်။

“စားဖိုမှူးဝမ်... အန်တီ့ရဲ့ တပည့်ဆိုရင်တော့ ဟင်းချက်လက်ရာက ထူးခြားမှာ သေချာပါတယ်၊ ဒါပေမဲ့ သူမကရော သဘောတူပါ့မလား မသိဘူး”

“ဟားဟား... အဲဒါတော့ ငါတို့လည်း မသိဘူးလေ၊ ငါတို့ ပြောနိုင်တာကတော့ သူမကို ဘယ်မှာ ရှာလို့ရမလဲ ဆိုတာလောက်ပဲ၊ ကျန်တဲ့အချက်တွေ အတွက်ကတော့ ရဲဘော်ကိုယ်တိုင်ပဲ ကြိုးစားကြည့်ရလိမ့်မယ်”

ဘေးမှ စားဖိုမှူးရှုန်းကလည်း ဝင်ပြောလိုက်လေသည်။

“ငါတို့ အဖိုးကြီး အဖွားကြီးတွေက မင်းကို မကူညီဘူးလို့တော့ မထင်လိုက်ပါနဲ့၊ ငါတို့ရဲ့ တပည့်မလေးက တခြားအရာတွေကို သိပ်ပြီး ဂရုမစိုက်တတ်ပေမဲ့ စိတ်ခံစားမှုကိုတော့ အလေးထားတတ်တဲ့သူပဲ

တကယ်လို့ သူမကို တိုက်ရိုက် သဘောတူခိုင်းချင်တယ်ဆိုရင်တော့ ချည်းကပ်မဲ့ လမ်းကြောင်း မမှားစေနဲ့ဦးပေါ့”

ရှောင်ချီအနေဖြင့် သူမအား မည်သို့သော အကျိုးခံစားခွင့်နှင့် လုပ်ခလစာများ ပေးနိုင်မည်ကို သွားရောက်ပြောဆိုရန်သာ ရှိတော့၏။

စုန့်မိသားစုနှင့် ချင်းမိသားစုတို့တွင် ငွေကြေးချို့တဲ့ပုံမရသဖြင့် ဤအရာများဖြင့် သူမအား အလွယ်တကူ ဆွဲဆောင်နိုင်လိမ့်မည်မဟုတ်ကြောင်း သူ စိုးရိမ်မိပေသည်။

သို့သော် ရှောင်ချီသည်က ထိုစကားကို ကြားရသောအခါ စိတ်ဓာတ်မကျသွားခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် သူသည်က စားဖိုမှူးများစွာနှင့် ဆုံတွေ့ဖူးပြီဖြစ်၍ အရည်အချင်းရှိသူများမှာ သာမန်လူများနှင့် မတူဘဲ ထူးခြားတတ်ကြသည်ကို သူ သိရှိနားလည်ထားသည်။

ဤ “တပည့်မလေး” စားဖိုမှူးမှာလည်း ထူးခြားသောအရာတစ်ခုခုကို ဂရုစိုက်တတ်ခြင်းသာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် သူက စားဖိုမှူးရှုန်း သတိပေးလိုက်သော စကားများကို သေသေချာချာ မှတ်သားထားပြီးနောက် အဖွားဝမ်နှင့် စားဖိုမှူးရှုန်းတို့ထံတွင် ထိုတပည့်မလေး၏ ဆိုင်လိပ်စာကို မေးမြန်းလိုက်လေ၏။

သူမ၏ တပည့်မလေး ဖွင့်လှစ်ထားသော ဆိုင်လိပ်စာကို အဖွားဝမ်တို့က ပြောပြလိုက်ချိန်တွင်တော့ ရှောင်ချီ လုံးဝကြောင်အမ်းသွားရလေတော့သည်။

ထို့နောက် သူက ဝေခွဲမရသော လေသံဖြင့် မေးလိုက်၏။

“လူကြီးမင်းတို့.. ကျွန်တော် မေးပါရစေ၊ အဲဒီတပည့်မလေးရဲ့ မျိုးရိုးအမည်က ‘လင်း’ လား”

အဖွားဝမ်နှင့် စားဖိုမှူးရှုန်းတို့သည်လည်း ခေတ္တမျှ ရပ်တန့်သွားကြပြီး ရှောင်ချီက တပည့်မလေး၏ မျိုးရိုးအမည်ကို မှန်းဆမိလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် အံ့အားသင့်သွားကြသည်။

“မင်းက ရန်ရန်နဲ့ သိလို့လား”

အဖွားဝမ်က ရှောင်ချီကို မေးလိုက်လေ၏။

ထိုအချိန်တွင်တော့ ရှောင်ချီမှာ ခါးသီးစွာ ပြုံးလိုက်မိသည်။

သိရုံတင်မကဘဲ လွန်ခဲ့သော နာရီပိုင်းကတင် လင်းရန်၏ ငြင်းပယ်ခြင်းကို သူ ခံခဲ့ရသည်မဟုတ်ပါလား။

ထို့နောက်မှသာ သူသည်က အဖွားဝမ်နှင့် စားဖိုမှူးရှုန်းတို့ထံသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ကမ္ဘာကြီးက ဤမျှအထိ ကျဉ်းမြောင်းလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

သူ အတော်ဆုံးဟု ယူဆထားသော စားဖိုမှူးကြီးနှစ်ဦးမှာ လင်းရန်နှင့် သိကျွမ်းနေသည့်အပြင် လင်းရန်မှာ သူတို့၏ တပည့်မလေးပင် ဖြစ်နေသေးသည်။

ဤသည်မှာ မည်သည်ကို ဆိုလိုသနည်း။

မည်သို့ပင်ဖြစ်စေ အဖွားဝမ်တို့က ထိုသို့ပြောလိုက်သဖြင့် လင်းရန်၏ ဟင်းချက်လက်ရာမှာ အလွန်ပင် ကောင်းမွန်မည်ဖြစ်ကာ သူ ယခင်က ခန့်မှန်းထားသည်ထက်ပင် ပို၍ ထူးချွန်နိုင်ကြောင်း ရှောင်ချီ အတည်ပြုလိုက်နိုင်ပြီ ဖြစ်သည်။

သူမသည်က ဤလူကြီးမင်းနှစ်ဦး၏ တပည့်မလေး ဖြစ်သည့်အပြင် သူတို့ကိုယ်တိုင်ကလည်း ထောက်ခံပေးနေသူဖြစ်၍ အရည်အချင်းမရှိခြင်းက လုံးဝ မဖြစ်နိုင်ပေ။

အဖွားဝမ်တို့က ဤကိစ္စကို စူးစမ်းလိုနေဆဲဖြစ်သည့်အတွက် ရှောင်ချီသည်လည်း နေ့လယ်က ဖြစ်ပျက်ခဲ့သည်များကို အကူအညီမဲ့စွာဖြင့် ပြောပြလိုက်ရလေတော့သည်။

နားထောင်ပြီးနောက် အဖွားဝမ်နှင့် စားဖိုမှူးရှုန်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ရှောင်ချီကို သနားကရုဏာသက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြ၏။

“ရန်ရန်ရဲ့ စိတ်နေစိတ်ထားအရဆိုရင် ငြင်းပယ်တာကတော့ သဘာဝကျပါတယ်လေ.. ဟားဟား... သူမက ငြင်းလိုက်ပြီဆိုရင်တော့ ငါတို့လည်း သူမကို အတင်းအကျပ် မခိုင်းလိုတော့ဘူး

ဒါကြောင့် ရဲဘော်လေး... မင်း တခြားသူကိုပဲ ဆက်ပြီး ကြိုးစားရှာကြည့်ရလိမ့်မယ်ထင်တယ်”

အဖွားဝမ်သည်က သူမ၏ လူဘက်မှသာ ရပ်တည်တတ်သူ ဖြစ်သဖြင့် လင်းရန်က ဤကိစ္စကို စိတ်မဝင်စားကြောင်း သိရချိန်တွင် လင်းရန်အပေါ် မည်သည့် ဖိအားမျှ ထပ်မံ မပေးလိုတော့ပေ။

ထိုသည်ကို မြင်လျှင် စားဖိုမှူးရှုန်းသည်လည်း ပုခုံးတွန့်ပြကာ အဖွားဝမ်နှင့် သဘောထားချင်း တူညီကြောင်းပြနေခဲ့သည်။

ရှောင်ချီမှာတော့ ထိုအခြေအနေကို ကြည့်ရင်း ငိုချင်စိတ်ပင် ပေါက်လာရပြန်သည်။

ကံကောင်းစွာဖြင့် သူ့ရှေ့မှ ပုဂ္ဂိုလ်ကြီးနှစ်ဦးမှာ လင်းရန်ကို ကူညီနားချပေးမည်မဟုတ်သော်လည်း သူသည်က တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

စားဖိုမှူးရှုန်းက လင်းရန်မှာ စိတ်ခံစားမှုကို အလေးထားသူဟု ပြောခဲ့သည် မဟုတ်ပါလား။ ထိုသို့ဆိုလျှင် သူ မည်သည့်နေရာက စရမည်ကို သိသွားပြီပင်။

သူမကိုယ်တိုင်ထံမှ မဟုတ်ဘဲ သူမ၏ ဘေးနားရှိ လူများထံမှ စတင်ရပေမည်။

မအောင်မြင်နိုင်စရာ အကြောင်းမရှိဟု သူ ယုံကြည်လိုက်လေ၏။

နောက်ဆုံးတွင် ရှောင်ချီက ထူးကဲသော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများဖြင့် ထွက်ခွာသွားခဲ့ပြီးနောက် လင်းရန်တို့ ဆိုင်ဖွင့်ထားသော လမ်းမပေါ်သို့ ပြန်သွားကာ လင်းရန်နှင့် ပတ်သက်သည့် အကြောင်းအရာများကို အချိန်ယူ၍ စုံစမ်းလေတော့သည်။

ရှောင်ချီ ကံကောင်း၍လားမသိပါချေ။ သူက အချက်အလက်အချို့ကို စုံစမ်းသိရှိသွားခဲ့သည်။

လင်းရန်၏ ဖခင်မှာ စီးပွားရေးလုပ်ကိုင်သူ ဖြစ်ပြီး ဤနေရာသို့ တစ်ခါတစ်ရံ လာတတ်ကြောင်း သူ သိရှိသွားချိန်တွင် သူ၏ စိတ်ထဲ၌ ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေတော့၏။

*

All Chapters