အခန်း (၂၇၄-၂၇၆)
Vol. 19 Ch. 274-276
အခန်း-(၂၇၄)
ကျန်းယွမ်က တင်းမာနေသော အခြေအနေကို သတိပြုမိလိုက်ပြီး သူ့ကပ္ပတိန်ကို ကြည့်ကာ "ကပ္ပတိန် သူတို့ကိစ္စကို ဘယ်လိုထင်လဲ" ဟု မေးလိုက်တယ်။
ကျင်းရွှီယန်းက ကလေးများကို ကြည့်ရင်း လက်တင်ခုံကို လက်ချောင်းများဖြင့် ခေါက်လိုက်သည်။ သူတို့ရဲ့အကြည့်များမှတစ်ဆင့် ဒေါသနှင့် ရန်လိုမှုကို သူမြင်လိုက်ရတယ်။ သူတို့ရဲ့ သစ္စာစောင့်သိမှုက ကုရှကျယ်အပေါ်တွင်သာ ရှိနေသည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက်မှ သူက "ရဲဘော်ကု ခင်ဗျားရဲ့အသင်းကို ကျွန်တော်တို့ လက်မခံနိုင်ဘူး" လို့ ပြောလိုက်တယ်။
"ဘာလို့မဖြစ်ရမှာလဲ" လို့ ကုရှကျယ်က အံ့အားသင့်စွာ မေးလိုက်သည်။
အခုဆို လူတွေကိုခေါ်ယူနေတဲ့ အဖွဲ့တွေ အများကြီးရှိတယ်။ စွမ်းရည်အသုံးပြုသူတစ်ယောက်ဖြစ်နေသရွေ့ ဘယ်အဖွဲ့မှာမဆို ဝင်လို့ရတယ်။
နတ်ဆိုးအဖွဲ့ကိုဝင်ဖို့က မလွယ်ကူဘူးဆိုတာ သူသိပေမယ့် သူ့အဖွဲ့မှာ စွမ်းရည်အသုံးပြုသူ အများကြီးရှိရင် ဝင်နိုင်မယ်လို့ သူက ယုံကြည်ခဲ့တယ်။ မမျှော်လင့်ဘဲ ငြင်းပယ်ခံခဲ့ရတယ်။
ကျင်းရွှီယန်းက ကလေးတွေကိုကြည့်ပြီး "ငါတို့အဖွဲ့က ငါ့နဲ့ အဖွဲ့အပေါ် သစ္စာရှိတဲ့ အဖွဲ့ဝင်တွေကိုပဲ လက်ခံတယ်။ တခြားသူတွေအပေါ် သစ္စာရှိနေတဲ့သူတွေကိုဆိုရင်တော့ သူတို့ရဲ့ စွမ်းရည်တွေက ဘယ်လောက်ပဲ အားကောင်းပြီး ရှားပါးပါစေ ငါ့အမြင်မှာ အသုံးမဝင်ပါဘူး" လို့ ပြောလိုက်တယ်။
ဤစကားများကိုကြားသောအခါမှာတော့ ကုရှကျယ်က အံ့အားသင့်သွားပြီး ကလေးများကို လှည့်ကြည့်လိုက်သည်။ သူတို့ရဲ့အကြည့်များနှင့် ဆုံတွေ့လိုက်တော့မှ သူ့ရဲ့စကားများကို နားလည်သွားသည်။
သူတို့ရဲ့သစ္စာစောင့်သိမှုကို သူကနှစ်သက်ပေမယ့် အကူအညီမဲ့သလိုလည်း ခံစားရတယ်။ သူ့မှာက ကလေးအများကြီးကို ပြုစုစောင့်ရှောက်နိုင်စွမ်း မရှိဘူး။ ပြုစုစောင့်ရှောက်နိုင်ရင်တောင်မှ သူလုပ်နေတာတွေက အန္တရာယ်များတယ်။ သူတို့ကို ခေါ်သွားရင် အန္တရာယ်ရှိလိမ့်မယ်။
သူက ကျင်းရွှီယန်းကိုဘက်ကို လှည့်ပြီး "ကပ္ပတိန်ကျင်း ကလေးတွေက ခင်ဗျားရဲ့အမိန့်ကို လိုက်နာပြီး အဖွဲ့အပေါ် သစ္စာရှိမယ်လို့ ကျွန်တော်က ကတိပေးနိုင်တယ်" လို့ ပြောလိုက်တယ်။
"ရဲဘော်ကု ၊ ငါ အချည်းနှီးဖြစ်မဲ့ ကတိတွေကို မယုံဘူး။ ဒီအချိန်မှာတောင် ခင်ဗျားရဲ့အဖွဲ့ဝင်တွေက ငါ့အဖွဲ့အပေါ်မှာ ရန်လိုနေတာကို ငါမြင်နိုင်တယ်။ မထိုက်တန်တဲ့လူတွေအတွက် ငါရဲ့အချိန်နဲ့ ကြိုးစားအားထုတ်မှုတွေကို မဖြုန်းတီးချင်ဘူး" ဟု ကျင်းရွှီယန်းက ဂရုမစိုက်စွာပြောလိုက်သည်။
ခဏလောက် ငြိမ်သွားပြီးနောက် သူက ဆက်ပြောလိုက်တယ် "မင်းအနေနဲ့ ငါ့အဖွဲ့ထဲကိုဝင်ဖို့ အတင်းအကျပ် ပြောနေတယ်ဆိုရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ငါ့ရဲ့ စာမေးပွဲကိုတော့ အရင် အောင်မြင်ရမယ်"
"ဘာစမ်းသပ်မှုလဲ" ဟု ကုရှကျယ်က မေးလိုက်သည်။
"ရဲဘော်ကု ၊ ငါတို့က ဇွန်ဘီအုပ်စုကို ရှင်းလင်းဖို့အတွက် နေ့လည်ကြရင် ထွက်ခွာသွားမှာ။ မင်းတို့အဖွဲ့က ငါတို့အဖွဲ့နှင့် ပူးပေါင်းချင်တယ်ဆိုရင် ငါတို့နောက်ကို လိုက်ပြီး မင်းတို့အဖွဲ့ရဲ့ စွမ်းရည်ကို ပြသဖို့ပဲ လိုတယ်။ မင်းတို့ကသာ ထိုက်တန်ကြောင်း သက်သေပြနိုင်ရင် ငါက ကြိုဆိုမှာပါ" ဟု ကျင်းရွှီယန်းက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တယ်။
ဒါကိုကြားတော့ ရုန်မိုအာ မျက်မှောင်ကြုတ်ပြီး "ဖုတ်ကောင်အရေအတွက်က ၃၀၀၀၀ ကျော်တယ်။ ကလေးတွေကို ငါတို့နဲ့အတူခေါ်လာရင် သူတို့အန္တရာယ်ရှိလိမ့်မယ်" လို့ ပြောလိုက်တယ်။
သူမရဲ့စကားဆုံးတော့ "အစ်မက ကလေးတွေကို ဆက်ပြီးကာကွယ်ပေးဖို့ကို စီစဉ်နေတာလား"လို့ ကျိူးလီဇီက မေးလိုက်သည်။
"သူတို့က ငယ်သေးတယ်။ သူတို့ကို ကာကွယ်တာက ဘာမှမှားတာ မရှိဘူး" ဟု ရုန်မိုအာက ပြန်ဖြေတယ်။
ကျိူးလီဇီက သူမရဲ့စကားတွေကိုကြားတော့ သဘောတကျ ရယ်လိုက်ပြီး "အစ်မ ငါတို့က ကမ္ဘာပျက်ကပ်နဲ့ ရင်ဆိုင်နေရတယ်။ ခဏတာတော့ သူတို့ကို ကာကွယ်ပေးနိုင်ပေမယ့် တစ်သက်လုံးရော ကာကွယ်ပေးနိုင်မှာလား" လို့ မေးလိုက်တယ်။
"အပြင်မှာရော၊ ဘေးကင်းဇုန်ထဲမှာပါ သူတို့က အန္တရာယ်နဲ့ မကြုံတွေ့ရဘူးလို့ အာမ မခံနိုင်ဘူး။ တစ်နေ့ ၂၄ နာရီလုံးသာ သူတို့နဲ့အတူ မနေနိုင်ဘူးဆိုရင် သူတို့ကို အပြည့်အဝ ကာကွယ်ဖို့ မဖြစ်နိုင်ဘူး။ အခုလို လုပ်နေတာက သူတို့ကို ထိခိုက်စေတာပဲ"လို့ ကျိူးလီဇီက ဆက်ပြောလိုက်သေးတယ်။
ဒါကိုကြားတော့ ဖုလိန်ကျန်းက ရုတ်တရက်ထပြောလိုက်တယ် "ငါတို့က ကာကွယ်မှုလိုအပ်တယ်လို့ ဘယ်သူကပြောလဲ။ ငါသာပိုအားကောင်းလာရင် အစ်မမိုအာကို ငါကာကွယ်မယ်"
သူဒီလိုပြောလိုက်တာနဲ့ ကျိူးလီဇီက သူမရဲ့လက်ကောက်ဝတ်ကို လှုပ်လိုက်ပြီး ရေခဲအပ်သုံးချောင်းကို သူ့ဆီသို့ အရှိန်မြန်မြန်ဖြင့် ပျံသန်းသွားစေလိုက်တယ်။ ဒါကိုမြင်တော့ ကုရှကျယ် နှင့် ရုန်မိုအာတို့က အံ့အားသင့်သွားကြသည်။
သူတို့နှစ်ယောက် ဘာမှမလုပ်နိုင်သေးခင်မှာပဲ ရေခဲအပ်တွေက ဖုလိန်ကျန်းဆီကို ရောက်သွားနှင့်ပါပြီ။
"ရပ်လိုက်" ရုန်မိုအာက ထိတ်လန့်တကြား အော်လိုက်တယ်။
ကုရှကျယ်နှင့် သူ့အဖွဲ့ဟာ ဖုလိန်ကျန်းတော့ ဒဏ်ရာရသွားလိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း ရေခဲအပ်များကတော့ ကောင်လေးရဲ့မျက်လုံးမှ စင်တီမီတာဝက်အကွာတွင် ရပ်တန့်သွားခဲ့သည်။ ဒါကိုမြင်သောအခါတွင် ကောင်လေးရဲ့ဒူးများက အားနည်းသွားပြီး တစ်ကိုယ်လုံးတုန်ယဉ်နေကာ မြေပြင်ပေါ်သို့ လဲကျသွားတယ်။
မျက်နှာဖြူဖျော့ဖျော့ဖြင့် မြေပြင်ပေါ်တွင် ထိုင်နေပြီး သူ့ကျောနှင့် နဖူးတွင် ချွေးအေးများစိုရွှဲနေကာ သူ့နှလုံးခုန်နှုန်းမှာလည်း အလွန်မြန်နေသဖြင့် နောက်တစ်စက္ကန့်အတွင်းမှာပဲ ရင်ဘတ်မှ ခုန်ထွက်သွားတော့မလို ခံစားလိုက်ရသည်။ သေခြင်းတရားကို အလွန်နီးကပ်စွာကြုံတွေ့ခဲ့ရတဲ့ ကြောက်ရွံ့မှုကြောင့် သူ့ဟာ စကားတစ်ခွန်းမှ မပြောနိုင်ပေ။
ကျိူးလီဇီက ကောင်လေးကို အေးစက်စက်ကြည့်လိုက်ပြီး "မြင်လား။ ပုရွက်ဆိတ်တစ်ကောင်ကို နင်းသလိုမျိူး မင်းကို ငါ အလွယ်တကူ သတ်နိုင်တယ်။ ကမ္ဘာပျက်ကြီးမှာ ဘယ်သူကမှ မင်းကို ပိုအားကောင်းလာနိုင်အောင် အခွင့်အရေး မပေးဘူး" လို့ ပြောလိုက်တယ်။
"မင်းဆီက ရန်လိုမှုကို သူတို့သိတာနဲ့ ချက်ချင်းဖယ်ရှားပစ်လိမ့်မယ်။ ကောင်လေး၊အခုချိန်မှာရော မင်းရဲ့အစ်မမိုအာက မင်းကို ကာကွယ်နိုင်မယ်လို့ မင်းထင်သေးလား" သူမက ထူးဆန်းတဲ့အပြုံးနဲ့ မေးလိုက်တယ်။
ထိုစကားပြောပြီးတာနှင့် သူမကလက်သီးဆုပ်လိုက်သည်။ ရေခဲအပ်များကို ရေဘော်လုံးအဖြစ်သို့ ပြောင်းလဲကာ ဖုလိန်ကျန်းရဲ့မျက်နှာကို ပက်လိုက်သည်။ ထိုရေပက်ဖျန်းမှုမှ ရေများက သူ့ကို ကြောက်ရွံ့မှုမှ ဆွဲထုတ်လိုက်သည်။
ကုရှကျယ်နှင့် သူ့အဖွဲ့ကတော့ သူမလုပ်ခဲ့တဲ့အရာတွေကြောင့် အံ့အားသင့်သွားကြသော်လည်း နတ်ဆိုးအဖွဲ့ကတော့ သူမကို လေးစားအားကျစွာ ကြည့်နေကြတယ်။
အရင်ကနဲ့ ယှဉ်ရင် သူမရဲ့ ရေအမျိုးအစားစွမ်းရည်ကို ကျွမ်းကျင်စွာ ထိန်းညှိနိုင်တဲ့အမြန်နှုန်းက အများကြီး ပိုမြန်ပါတယ်။ အခုဆို ရေကို ရေခဲအဖြစ် ပြောင်းလဲဖို့အတွက် တစ်စက္ကန့် နှစ်စက္ကန့်လောက်ပဲ ကြာတယ်။
ဆိုဖာပေါ်တွင်ထိုင်နေသော ကျင်းရွှီယန်းက "ရဲဘော်ကု မင်းတို့အဖွဲ့ကပြန်သွားသင့်ပြီ" ဟု ပြောလိုက်သည်။
ဖြစ်ပျက်ခဲ့တာတွေပြီးရင် သူတို့ထွက်သွားတော့မယ်လို့ နတ်ဆိုးအဖွဲ့ဝင်တွေကထင်ခဲ့ကြတယ်။ မမျှော်လင့်ထားဘဲ ကလေးတွေကတော့ အဲဒီမှာရပ်ပြီး သူတို့ကို မလှုပ်မယှက်ကြည့်နေကြတယ်။
နတ်ဆိုးအဖွဲ့ကိုကြည့်တဲ့ ကလေးတွေရဲ့ပုံစံက အရင်ကနှင့် မတူဘူးဆိုတာကို ကုရှကျယ်က သတိထားမိတယ်။ အခုတော့ သူတို့ရဲ့မျက်လုံးတွေမှာ ရန်လိုမှုတွေ မရှိတော့ဘူးလို့ ထင်ရတယ်။ အဲဒီအစား သူကတော့ လေးစားမှုနဲ့ လွမ်းဆွတ်မှုတွေကိုပဲ မြင်နေရတယ်။
လူတိုင်းက ပိုအားကောင်းလာချင်ကြတယ်ဆိုတာကိုလည်း သူသိပြီး သူတို့ကို ကူညီရမယ်ဆိုတာ သူသိတယ်။ ခဏလောက် တိတ်ဆိတ်သွားပြီးနောက်မှ သူကပြောလိုက်တယ် "ကပ္ပတိန်ကျင်း မင်းရဲ့စမ်းသပ်မှုကို ကျွန်တော်သဘောတူတယ်။ ကျွန်တော်တို့အဖွဲ့က ဇွန်ဘီအုပ်ကို ရှင်းလင်းဖို့ မင်းနဲ့အတူ လိုက်ခဲ့မယ်"
သူဒီလိုပြောလိုက်တာနဲ့ ရုန်မိုအာက သူ့လက်မောင်းကို ဆုပ်ကိုင်ပြီး မေးလာတယ် "ရှကျယ် နင်ဘာပြောနေလဲဆိုတာကို သိလား။ ကလေးတွေကို အဲဒီနေရာကို ခေါ်လာပေး..."
သူမစကားမဆုံးခင်မှာပဲ ဇန်းချန်ချောင်က "အစ်မမိုအာ ကျွန်တော်တို့သွားချင်တယ်" လို့ ပြောလာတယ်။
သူမ ကလေးတွေကို ကြည့်လိုက်တဲ့အခါမှာ သူတို့ရဲ့ မျက်လုံးတွေထဲက စိတ်ပိုင်းဖြတ်မှုကို မြင်လိုက်ရတယ်။ ခဏအကြာမှာမှ "ကောင်းပြီ၊ ဒါပေမယ့် ကျောင်းကျောင်းကတော့ အနောက်မှာ နေခဲ့ရမယ်" လို့ ပြောလိုက်တယ်။
မိန်းကလေးက အရမ်းငယ်သေးတာကိုမြင်တော့ ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ကိစ္စမရှိပါဘူး။ ငါတို့ အပြင်ထွက်တဲ့အခါကြရင် သူမက ကျန်ခဲ့တဲ့ငါ့အဖွဲ့ဝင်တွေနှင့်အတူ ဒီမှာနေနိုင်တယ်" လို့ ပြောလိုက်တယ်။
"အိုကေ”
အခန်း-(၂၇၅)
သဘောတူညီချက်ရပြီးနောက်မှာတော့ ဝိန့်ညီအစ်ကိုတို့က သူတို့အတွက် လေသေနတ်များနှင့် ဓားမြှောင်များစွာ ပြုလုပ်ပေးခဲ့ကြသည်။ ကလေးများကို လက်နက်များ ပေးအပ်စဉ်တွင် အသုံးပြုနည်းကိုပါ သူတို့ကသင်ကြားပေးခဲ့တယ်။ နောက်ပိုင်းတွင် ၎င်းတို့က မည်သို့အသုံးပြုတယ်ဆိုတာနဲ့ ပတ်သက်၍မူ သူတို့က စိုးရိမ်ပူပန်မှု မရှိပေ။
ရှစ်နာရီမထိုးမီ မိနစ်နှစ်ဆယ်အလိုတွင် ကျင်းရွှီယန်းက ဝေယင်းတို့လူတွေနှင့် အစည်းအဝေးထိုင်ရန်အတွက် ကျန်းယွမ်၊ ချင်လူဇီတို့နှင့်အတူ ထွက်ခွာသွားခဲ့သည်။
ကျန်အဖွဲ့ဝင်များက သူတို့ရဲ့ပစ္စည်းများကို စစ်ဆေးနေစဉ်တွင် ကျိူးလီဇီက အသက်ရှင်ကျန်ရစ်သူစခန်းတစ်ဝိုက်၌ လျှောက်သွားနေသည်။ ရွှီချွန်းရဲ့စခန်းနှင့်နှိုင်းယှဉ်ပါက ဒီစခန်းရဲ့အခြေအနေက အလွန်ဆိုးရွားသည်။ ဤစခန်းဟာ သူမရဲ့ယခင်ဘဝတုန်းကစခန်းကြီးများရဲ့ ဆင်းရဲသားရပ်ကွက်များနှင့် ဆင်တူသည်။
အဲဒီမနက်မှာပဲ အသက်ရှင်ကျန်ရစ်သူ နောက်ထပ်တစ်စုက စခန်းကနေ ထွက်သွားကြပါတယ်။ နတ်ဆိုးအဖွဲ့ လိုက်ပါမလာတဲ့အတွက် ဇွန်ဘီတွေကို ဆွဲဆောင်မိမှာစိုးလို့ လူအများကြီး ခေါ်မသွားခဲ့ပါဘူး။
ဒါပေမယ့်လည်း နတ်ဆိုးအဖွဲ့က လမ်းကိုပြင်ဆင်ပြီး ရှင်းလင်းပေးခဲ့တာကြောင့် ခရီးသွားချိန်ကို နှစ်နာရီ လျှော့ချနိုင်ခဲ့ပါတယ်။ သွားလာရန်အတွက် လေးနာရီသာ လိုအပ်တာကြောင့် တစ်ရက်တည်းမှာပဲ အသက်ရှင်ကျန်ရစ်သူ သုံးဖွဲ့ကနေ လေးဖွဲ့အထိ လိုက်ပါပို့ဆောင်ပေးနိုင်ခဲ့တယ်။
ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပြီးနောက်တွင် အမျိုးသမီး၊ ကလေးနှင့် သက်ကြီးရွယ်အို အများစုမှာ ထွက်ခွာသွားကြပြီဖြစ်သောကြောင့် စခန်းက ယခင်ကကဲ့သို့ လူမစည်ကားတော့ပါ။
အမျိုးသားတွေကတော့ သူတို့ထဲကအများစုဟာ တိုက်ပွဲအတွက် ပြင်ဆင်နေကြတာပါ။ ဇွန်ဘီအုပ်ကြီးက ဘယ်တော့ရောက်လာမလဲဆိုတာကို ဘယ်သူကမှ မသိကြတာကြောင့် ပြီးခဲ့တဲ့ရက်တွေမှာ သူတို့က ကြောက်ရွံ့ထိတ်လန့်စွာနဲ့ နေထိုင်ခဲ့ကြရပါတယ်။
ကျိူးလီဇီက စခန်းရဲ့ခံစစ်အနေထားကိုစစ်ကြည့်ပြီး နောက်မှာတော့ ခေါင်းခါလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ဇွန်ဘီအုပ်ကြီးကို စောစောစီးစီး ရှာဖွေတွေ့ရှိခဲ့တယ်။ မဟုတ်ရင်တော့ ရောက်လာတဲ့အခါကြမှ သိပြီးထွက်ပြေးဖို့ဆိုရင် နောက်ကျသွားပါပြီ။ ဒီလိုအဆင့် ခုခံအားနဲ့ဆိုရင် အဆင့်တစ် ဇွန်ဘီတောင် စခန်းထဲကို အလွယ်တကူ ဖောက်ဝင်နိုင်တယ်။ အဆင့်မြင့် ဇွန်ဘီဆိုရင် မပြောနဲ့တော့။
သူမလမ်းလျှောက်လာရင်း အသက်ရှင်ကျန်ရစ်သူများ ထွက်ခွာရန်စောင့်ဆိုင်းနေသည့် ကွင်းပြင်သို့ ရောက်ရှိခဲ့တယ်။ သူမလျှောက်လာသည်ကိုမြင်တော့ လူတိုင်း၏အကြည့်က သူမထံသို့ရောက်ရှိလာသည်။
သူတို့ရဲ့ ညစ်ပတ်ပြီးမသပ်ရပ်တဲ့ အသွင်အပြင်နဲ့ယှဉ်ရင် သူမရဲ့ သန့်ရှင်းသပ်ရပ်တဲ့ အသွင်အပြင်က ထူးထူးခြားခြားကို ထင်ရှားနေတယ်။
စစ်သားတွေကတော့ သူမကိုသိကြပြီး တစ်ယောက်က လျှောက်လာကာ "ရဲဘော်၊ ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ" လို့ မေးလာတယ်။
ကျိူးလီဇီက အသက်ရှင်ကျန်ရစ်သူများကို လှမ်းကြည့်ပြီး "သူတို့သွားစောင့်နေတုန်းမှာ အစားအစာ ဒါမှမဟုတ် ရေရကြလား" ဟု မေးလိုက်သည်။
စစ်သားက ခဏလောက် ခေါင်းကုတ်ပြီးမှ "ရဲဘော် ဒီမနက်တင်ပဲ ရေနဲ့ အစားအစာတွေကို ဝေငှပြီးပါပြီ" လို့ ပြန်ဖြေလိုက်တယ်။
"သူတို့က တစ်နေ့ကို ဘယ်လောက်ရလဲ" ဟု သူမက ထပ်မေးသည်။
"ထောက်ပံ့ရေးပစ္စည်းတွေက အကန့်အသတ်နဲ့ရှိတာကြောင့် လူတိုင်းက တစ်နေ့ကို ရေ ၅၀၀ မီလီလီတာနဲ့ ဘီစကွတ်တစ်ထုပ်ပဲ ရကြပါတယ်"
စစ်သားရဲ့အဖြေကိုကြားတော့ ကျိူးလီဇီက မျက်မှောင်ကြုတ်လိုက်ပြီး "ရဲဘော် ရေထည့်ဖို့ တစ်ခုခုရှိလား" လို့ မေးလိုက်တယ်။
စစ်သားက ခေါင်းညိတ်ပြီး "ကျွန်တော်တို့ တစ်ယောက်ချင်းစီမှာ စစ်သုံးရေဘူးတစ်လုံးနဲ့ ရေသိုလှောင်အိတ် နှစ်လုံးစီ ရှိပါတယ်" လို့ ပြန်ဖြေလာတယ်။
သူအထင်လွဲသွားတာကို သဘောပေါက်လိုက်တဲ့အခါမှ "အဲဒီလို မဟုတ်ဘူး။ အိုး ဒါမှမဟုတ် ရေတိုင်ကီလိုမျိုး သိုလှောင်စရာတစ်ခုကို ဆိုလိုတာ" လို့ ကျိူးလီဇီက ရှင်းပြလိုက်တယ်။
ဒီတစ်ခါတော့ စစ်သားက ခဏလောက်စဉ်းစားပြီးမှ ဘေးနားက တဲတစ်လုံးကို လက်ညှိုးထိုးပြီး "ဟိုမှာ ရေတိုင်ကီအလွတ်တစ်လုံးရှိတယ်" လို့ ပြောလိုက်တယ်။
ကျိူးလီဇီက ခေါင်းညိတ်ပြပြီး လျှောက်သွားတယ်။ တိုင်ကီထဲ ရေမဖြည့်ခင်မှာ "တိုင်ကီ သန့်ရှင်းရဲ့လား" လို့အရင်ဆုံး မေးလိုက်တယ်။
"ဟုတ်ကဲ့ ၊ ကျွန်တော်တို့က တစ်နေ့တစ်ကြိမ် သန့်ရှင်းရေးလုပ်ပါတယ်"
ထိုအတည်ပြုချက်ကိုကြားတော့ ကျိူးလီဇီက "ရဲဘော်၊ ကျေးဇူးပြုပြီး အဖုံးကို ဖယ်ဖို့ကူညီပါအုံး" ဟု ပြောလိုက်တယ်။
သူမ ဘာလုပ်ဖို့ ကြိုးစားနေမှန်း စစ်သားတွေကမသိပေမယ့် သူမက ကျင်းရွှီယန်းရဲ့ချစ်သုဖြစ်ပြီး အစွမ်းထက်တဲ့ စွမ်းရည်အသုံးပြုသူတစ်ယောက်ဆိုတာကို သိကြတာကြောင့် အဖုံးကို ဖယ်ပေးပြီး ဘေးမှာ ရပ်နေခဲ့ကြတယ်။
လူတိုင်းရဲ့ စပ်စုတဲ့အကြည့်တွေအောက်မှာပဲ ကျိူးလီဇီက သူမရဲ့နေရာလွတ်ကကန်ရေကို ဘောလုံးပုံသဏ္ဍာန်ဖြစ်အောင် စိတ်ကိုသုံးပြီး ပုံဖော်လိုက်တယ်။ နောက်တစ်ခဏမှာ သူမဟာ လက်ကိုဝှေ့ယမ်းပြီး ရေကို ထုတ်လိုက်တယ်။ ဒါကိုမြင်တော့ လူတိုင်းက ရေက သူမရဲ့ စွမ်းရည်ကြောင့်လို့ ယူဆလိုက်ကြတယ်။
ကန်ရေက တိုင်ကီရဲ့ ငါးပုံတစ်ပုံပဲ ပြည့်တာကြောင့် သူမရဲ့ စွမ်းအင်ကိုအသုံးပြုပြီး ရေပိုကိုဖန်တီးကာ အပြည့်ဖြည့်ပေးခဲ့ပါတယ်။ ကန်ရေ ရောနှောလိုက်ခြင်းအားဖြင့် အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေပြီး ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
သူမ ရေဖြည့်နေတာကိုမြင်တော့ အားလုံးက အံ့သြသွားကြတယ်။ ဒါပေမယ့် မကြာခင်မှာပဲ သူတို့ရဲ့မျက်လုံးတွေက မျှော်လင့်ချက်တွေနဲ့ တောက်ပလာတယ်။
ရေဖြည့်ပြီးနောက်မှာတော့ သူမက လက်ကိုဝှေ့ယမ်းပြီး သူမရဲ့နေရာလွတ်မှ ရိက္ခာပစ္စည်းများကို ထုတ်ယူလိုက်သည်။ ဘီစကွတ်များအစား ကွတ်ကီးများ၊ ပရိုတင်းဘားများ၊ ချောကလက်၊ သကြားလုံးများနှင့် အခြားအစာခြောက် များကို ယူထုတ်ခဲ့သည်။
ဒါကိုမြင်တော့ စစ်သားတစ်ယောက်က "ရဲဘော်၊ ဒါက... " လို့ မေးလိုက်တယ်။
"ရဲဘော်၊ စစ်သားတွေအပါအဝင် လူတိုင်းကို ရေနဲ့ အစားအစာတွေဝေပေးဖို့ ကျေးဇူးပြုပြီး ကူညီပေးပါအုံး" လို့ ကျိူးလီဇီက ပြုံးပြီး ပြောလိုက်သည်။
ဒါကိုကြားတာနဲ့ စစ်သားတွေက "ကျေးဇူးတင်ပါတယ် ရဲဘော်" လို့ ပြန်ဖြေကြတယ်။
အသက်ရှင်ကျန်ရစ်သူများကလည်း သူမပြောတာကို ကြားပြီး "ကျေးဇူးရှင်၊ ကျေးဇူးတင်ပါတယ်" လို့ မြန်မြန်ဆန်ဆန် ပြောလာကြပါတယ်။
အစားအစာနှင့်ရေများကို ဝေငှပြီးနောက်မှာတော့ သူမဟာ စခန်းအတွင်းမှာပဲ ဆက်လက်လှည့်လည်ကာသွားခဲ့တယ်။ စစ်သားအုပ်စုတစ်စုကို တွေ့တိုင်း ရေနှင့်အစားအစာအချို့ကိုလည်း ပေးလေ့ရှိသည်။
တစ်ချိန်တည်းမှာပဲ ကျင်းရွှီယန်း နှင့် သူ့အဖွဲ့ဟာလည်း အစည်းအဝေးခန်းထဲက ဘဲဥပုံစားပွဲကြီးတစ်လုံးမှာ ဝိုင်းထိုင်လိုက်ကြတယ်။ သူတို့ရဲ့မျက်နှာချင်းဆိုင်မှာ စခန်းခေါင်းဆောင်တွေနှင့် ဝေယင်းနှင့် သူ့အဖွဲ့ဝင်တွေ ထိုင်နေကြတယ်။
ရွှီချွန်းရဲ့စခန်းက ခေါင်းဆောင်တွေနဲ့ မတူဘဲ၊ အများစုက မြို့တော်ဝန်နဲ့ အစိုးရအရာရှိတွေဖြစ်ပြီး၊ ဒီစခန်းက ခေါင်းဆောင်တွေဟာ လင်အန်း နှင့် မြို့တော်အနီးက မြို့အတော်များများက လာတာပါ။
ရလဒ်အနေဖြင့် ဗိုလ်မှူးကြီးရာထူးရှိသူ ငါးဦးထက်ပို၍ရှိသော်လည်း ဗိုလ်ချုပ်ကြီးရာထူးရှိသူမှာ တစ်ဦးသာရှိသည်။
ကျင်းရွှီယန်းနှင့် သူ့အဖွဲ့က စစ်တပ်မှ အငြိမ်းစားယူထားသောကြောင့် ခေါင်းဆောင်များနှင့် တွေ့ဆုံသည့်အခါတွင်ပင် ခေါင်းညိတ်နှုတ်ဆက်ရုံသာ ပြုလုပ်ပြီး စစ်ရေးအလေးပြုခြင်း မပြုခဲ့ပါ။
ခေါင်းဆောင်များက ဤအရာကိုမြင်သောအခါတွင် အချို့က မကျေနပ်မှုဖြင့် မျက်မှောင်ကြုတ်ကြကာ အချို့ကမူ တိတ်ဆိတ်စွာဖြင့် သက်ပြင်းချလို့ ဤကဲ့သို့သော အဖိုးတန်ပါရမီရှင်များ ဆုံးရှုံးသွားခြင်းမှာ နှမြောစရာဟု ခံစားကြရသည်။
မနက်ရှစ်နာရီတိတိမှာ ကျင်းရွှီယန်း စကားစပြောလိုက်တယ်။ "မင်္ဂလာပါ လူကြီးမင်းများ။ ဒီအစည်းအဝေးကို း တက်ရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
သူ့စကားတွေကိုကြားတော့ လူတိုင်းရဲ့မျက်နှာအမူအရာတွေကလေးနက်သွားပြီး သူ့ကို တည်ကြည်တဲ့အကြည့်တွေနဲ့ ကြည့်လာကြတယ်။
ခဏတာ ရပ်တန့်သွားပြီးနောက်မှ ကျင်းရွှီယန်းက ဆက်ပြောတယ် "ဇွန်ဘီအုပ်စုနဲ့ ပတ်သက်တဲ့ အခြေအနေကို နောက်ထပ် ရွှေ့ဆိုင်းလို့မရတော့ဘူးဆိုတာ လူတိုင်းက သိကြမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"
"ကပ္ပတိန်ကျင်း မင်းတို့အဖွဲ့က အဲဒီဒေသကို ကင်းထောက်နေတယ်လို့ ကြားတယ်။ ဇွန်ဘီအရေအတွက် အတိအကျ သိလား" လို့ ဗိုလ်မှူးကြီးတစ်ယောက်က မေးလိုက်တယ်။
ဒါကိုကြားတော့ ကျင်းရွှီယန်းက သူ့ဘေးကို ကြည့်လိုက်တယ်။ ချင်လူဇီက "အဲဒီနေရာက ဇွန်ဘီအရေအတွက် အတိအကျကို ကျွန်တော်တို့ကမဆုံးဖြတ်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ကင်းထောက်စစ်ဆေးမှုအရဆို အရေအတွက်က ၂၀၀,၀၀၀ ကျော်မယ်လို့ ယုံကြည်ပါတယ်" လို့ ပြန်ဖြေလိုက်တယ်။
သူ့စကားဆုံးတော့ အခန်းထဲရှိ လူတိုင်းက အသက်ကို ပြင်းပြင်းရှူလိုက်ကြတယ်။
အခန်း-(၂၇၆)
အတော်ကြာ တိတ်ဆိတ်နေပြီးနောက်မှ ကျင်းရွှီယန်းက “ ဇွန်ဘီအုပ်စုနှင့် ပတ်သက်ပြီး လူတိုင်းရဲ့အစီအစဉ်က ဘာလဲဆိုတာကို ဒီနေ့အစည်းအဝေးမှာ ကျွန်တော့်အဖွဲ့ကသိချင်တယ်” လို့ ပြောလိုက်တယ်။
သူဒီလိုပြောလိုက်တာနဲ့ ဗိုလ်မှူးကြီးက “ကပ္ပတိန်ကျင်း၊ မင်းမှာ အစီအစဉ်ရှိလား” လို့ မေးလာတယ်။
"ကျွန်တော့်အစီအစဉ်က ရိုးရှင်းပါတယ်။ ဒီအစည်းအဝေးပြီးရင်တော့ ကျွန်တော်တို့အဖွဲ့က ဇွန်ဘီတွေကို ရှင်းလင်းဖို့ နယ်စပ်ကို သွားကြမှာဖြစ်ပြီး လင်းယုန်အဖွဲ့နှင့် စစ်သားတွေကတော့ အသက်ရှင်ကျန်ရစ်သူတွေကို အမြန်ဆုံး ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးမှာပါ" ဟု ကျင်းရွှီယန်းက တည်ငြိမ်စွာ ပြန်ဖြေသည်။
ဒါကိုကြားတော့ ခေါင်းဆောင်တွေက အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ သူတို့ထဲက တစ်ယောက်က “ဒီတာဝန်ကို အောင်မြင်စွာပြီးမြောက်အောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်မှုရှိလား” လို့ မေးလာတယ်။
ထိုအခါမှာတော့ ကျင်းရွှီယန်းက တိုးတိုးလေးရယ်လိုက်ပြီးမှ "အထင်လွဲမှုတစ်ခု ဖြစ်သွားပြီထင်တယ်" ဟု ပြောလိုက်သည်။
လူတိုင်းက သူ့ကို ရှုပ်ထွေးစွာ ကြည့်လိုက်ကြပေမယ့် တိတ်ဆိတ်နေကြတယ်။
စားပွဲပေါ် ကိုလက်ချောင်းများဖြင့် ဖွဖွလေးခေါက်ကာ “ကျွန်တော်တို့အဖွဲ့က စစ်သားတွေ မဟုတ်တော့ဘူး။ ဘယ်သူ့ကိုဖြစ်ဖြစ် ကာကွယ်ဖို့ ကျွန်တော်တို့မှာ တာဝန်မရှိဘူး။ အဲဒါကို ဘယ်မစ်ရှင်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့မှ လုပ်နေတာ မဟုတ်ဘူး” ဟု သူက ထပ်ပြောလိုက်သည်။
"ရှင်းရှင်းလင်းလင်းပြောရရင် ကျွန်တော့်ရဲ့အဖွဲ့က အခု ဆိုကြေးစားအဖွဲ့တစ်ဖွဲ့ဖြစ်နေပြီ။ ကျွန်တော်တို့က အကျိုးအမြတ်အတွက် လုပ်ဆောင်နေကြတာ။ အဲဒီလောက်ကြီးတဲ့ ဇွန်ဘီအုပ်ကြီးနှင့်ဆိုရင် ကျွန်တော်တို့က တန်ဖိုးရှိတဲ့ အမြုတေတွေကိုစုဆောင်းနိုင်တယ်"
သူစကားဆုံးတော့ ဗိုလ်မှူးကြီးတစ်ယောက်က မျက်မှောင်ကြုတ်ပြီး "ကပ္ပတိန်ကျင်း၊ နုတ်ထွက်စာတင်ပြီးရင်တောင် စစ်တပ်ကနေ အနားယူနိုင်ဖို့က ခွင့်ပြုချက်လိုအပ်သေးတယ်" လို့ ပြောလိုက်တယ်။
"မြို့တော်ရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ဆိုရင် နည်းပညာအရတော့ မင်းတို့အဖွဲ့က တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေပဲ။ နိုင်ငံနဲ့ ပြည်သူတွေကို ကာကွယ်ဖို့က မင်းတို့ရဲ့တာဝန်ပဲ"
သူ့စကားကိုကြားတော့ ကျန်တဲ့လူအများစုကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ကြသည်။
ဒါပေမယ့် ချင်လူဇီက အဲဒီစကားကို လှောင်ပြောင်ပြီး "အဘိုးကြီး၊ ကျွန်တော်တို့က စစ်သားတွေဖြစ်နေတုန်းမို့ မင်းကို 'ဗိုလ်မှူးကြီး' လို့ ခေါ်နေတုန်းပဲလို့ တကယ်ထင်နေတာလား။ မင်းကို မျက်နှာသာပေးနေတာ။ ဒီလိုအခြေအနေမှာ ဘယ်သူက ကျွန်တော်တို့ အနားယူခွင့်မရအောင် တားဆီးနိုင်မှာလဲ" လို့ ပြောလိုက်တယ်။
စကားဆုံးတာနှင့် သူက လက်ကိုလှုပ်ရှားလိုက်သည်။
"ဝှစ် ခရစ်ပ် ဘွန်း "
တစ်စက္ကန့်တောင်မပြည့်တဲ့အချိန်မှာပဲ လေဓားတစ်ချောင်းက ဗိုလ်မှူးကြီးရဲ့ခေါင်းကိုကျော်ပြီး သူ့အနောက်ကနံရံကို စိုက်ဝင်သွားကာ အပျက်အစီးတွေက မြေပြင်ပေါ်ကျလာပြီး နက်ရှိုင်းတဲ့အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။
လူတိုင်းက အံ့အားသင့်သွားကြတယ်။ ထိုဗိုလ်မှူးကြီးရဲ့ မျက်နှာကတော့ ဖြူဖျော့သွားသည်။ တိုက်ခိုက်မှုကိုတောင် သူမမြင်လိုက်ရဘဲ သေခြင်းတရားက ကျော်ဖြတ်သွားပြီးမှသာ သိလိုက်သည်။ ပါးပြင်ဆီမှ စူးရှတဲ့ နာကျင်မှုတစ်ချက်ကို ခံစားလိုက်ရတော့ သူ့လက်ကို မြှောက်၍ ထိကြည့်လိုက်သည်။ လက်ချောင်းများကို ပြန်ကြည့်တော့ စေးစေးကပ်ကပ်သွေးများဖြင့် ဖုံးလွှမ်းနေတာကို တွေ့လိုက်ရတယ်”
"မင်း... မင်းရဲ့အထက်အရာရှိကို သတ်ဖို့ ကြိုးစားနေတာလား" ဟု သူက မယုံကြည်နိုင်စွာဖြင့် ထစ်ထစ်ငေါ့ငေါ့မေးလိုက်သည်။
"ကျွန်တော်က မင်းကို အမှန်တရားကို ပြနေတာ" ချင်လူဇီက တည်ငြိမ်စွာ ပြောလိုက်သည်။ "ကျွန်တော်အစွမ်းနှင့်ဆိုရင် ဒီအခန်းထဲမှာရှိတဲ့လူတိုင်းကို လက်ချောင်းလေးတစ်ချက် လှုပ်လိုက်ရုံနဲ့ သတ်ပစ်နိုင်တယ်"
အခန်းပတ်ပတ်လည်ကို ကြည့်လိုက်ပြီး သူက ဆက်ပြောတယ် “ကျွန်တော်တို့က အခုဆိုရင် ကမ္ဘာပျက်ကြီးထဲမှာ နေထိုင်နေကြတဲ့ သူတွေဖြစ်နေပြီ။ ကမ္ဘာရဲ့ အရင်တုန်းကဥပဒေတွေက အသက်မဝင်တော့ဘူး။ ဒီလောက်အစွမ်းထက်တဲ့ စွမ်းရည်အသုံးပြုသူတွေ အများကြီး ပေါ်လာတာနဲ့ အစိုးရက လူတိုင်းကို အရင်လိုပဲထိန်းချုပ်နိုင်အုံးမယ်လို့ တကယ်ထင်လား”
"အတိတ်ကို ဆုပ်ကိုင်ထားမယ့်အစား လက်ရှိအချိန်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်တာက ပိုကောင်းလိမ့်မယ်။ ဒီအရှုပ်တွေကို စီမံခန့်ခွဲဖို့ပဲ နည်းလမ်းရှာဖို့ လိုတယ်"
"စစ်သားတွေက ဘာမှပြန်မရဘဲ ပြည်သူတွေအတွက် ပေးဆပ်နေမယ်လို့ မျှော်လင့်နေတာလား။ နိုးထလိုက်ပါ တော့။ အဲဒီအိပ်မက်က ပြီးဆုံးသွားပြီ။ ပြီးတော့ မြို့တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတွေကလည်း အရင်ကလို မဟုတ်တော့ဘူးလို့ ကျွန်တော်ကတော့ သေချာတယ်"
သူ့ရဲ့စကားအပြီးမှာ ဝေယင်းက သူ့အကြည့်ကို နှိမ့်ချလိုက်တယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ သူငယ်ချင်းတွေနှင့် မိသားစုဝင်တွေက အစာတစ်ကိုက် ဒါမှမဟုတ် ရေတစ်ငုံအတွက် တစ်ယောက်ကိုတစ်ယောက် သစ္စာဖောက်နေကြတာတွေ အများကြီး မြင်တွေ့ခဲ့ရတယ်။
သူ့ရဲ့အထက်အရာရှိက သူ့ကို ဆက်ဆံတဲ့ပုံကြောင့် ဒီအကျပ်အတည်းပြီးရင်တော့ သူ အငြိမ်းစားယူဖို့ကို ဆုံးဖြတ်ပြီးပါပြီ။ ကြေးစားစစ်သားဖြစ်လာတာက သိပ်တော့မဆိုးပါဘူး။ ဒါကြောင့်ပဲ နတ်ဆိုးအဖွဲ့က ခေါင်းဆောင်တွေကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်တဲ့အချိန်မှာ သူ တိတ်ဆိတ်နေခဲ့တယ်။
ခဏအကြာတွင် ဗိုလ်ချုပ်က “ကပွတိန်ကျင်း၊ ငါတို့ဆီက ဘာလိုချင်လဲ” ဟု မေးလိုက်သည်။
နောက်ဆုံးတော့ သူစောင့်မျှော်နေရတဲ့ မေးခွန်းကို ကြားလိုက်ရသောအခါ ကျင်းရွှီယန်းကပြုံးပြီး ပြန်ဖြေတယ် “ဗိုလ်ချုပ် လူတိုင်းကို ကာကွယ်ပေးပြီး ဇွန်ဘီအုပ်စုကို ဖယ်ရှားပေးဖို့လည်း ကျွန်တော်တို့ကဆန္ဒရှိပါတယ်။ ဒါပေမယ့် အဲဒါက ဈေးနှုန်း သင့်တော်မှပဲ"
ဗိုလ်ချုပ်က ခဏလောက် စဉ်းစားပြီး "ဘယ်လောက်လိုချင်လဲ။ ယွမ် သန်းငါးဆယ်လား" လို့ မေးလိုက်တယ်။
သူ့စကားကိုကြားတော့ ကျင်းရွီယန်းကရယ်ပြီး "ကျွန်တော်တို့က အဲဒီအသုံးမဝင်တဲ့ စက္ကူတွေကို မလိုချင်ဘူး။ အခုချိန်မှာဆို ရိက္ခာတွေနှင့်ထောက်ပံ့ရေးပစ္စည်းတွေပဲ တန်ဖိုးရှိတာ။ ကျွန်တော့်တို့အဖွဲ့က ထောက်ပံ့ရေးပစ္စည်းတွေ မလိုအပ်တော့တာမို့ ကျွန်တော်တို့က အမြုတေတွေပဲ လက်ခံမှာပါ" လို့ ပြောလိုက်တယ်။
သူ့ကလက်ချောင်းတစ်ချောင်းကို မြှောက်ပြီး "အမြုတေတစ်သိန်း။ ပြီးတော့ မစ်ရှင်အတွင်းမှာ ကျွန်တော်တို့ စုဆောင်းရရှိခဲ့တဲ့ အမြုတေတွေနှင့်ထောက်ပံ့ရေးပစ္စည်းတွေတိုင်းက ကျွန်တော်တို့အတွက်ပဲ" လို့ ပြောလိုက်တယ်။
ဒီအချိန်မှာပဲ စခန်းရဲ့စာရင်းကိုင်က စိတ်လှုပ်ရှားစွာနဲ့ပြောလာတယ် "ကပ္ပတိန်ကျင်း ကျွန်တော်တို့မှာက အဲဒီလောက်မများဘူး။ အများဆုံးဆို အမြုတေ ၈၀,၀၀၀ လောက်ပဲရှိတယ်"
"အဲဒါက ကျွန်တော့်စိုးရိမ်ရမှာ မဟုတ်ဘူး။ ခေါင်းဆောင်တွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကာကွယ်စေချင်တယ်ဆိုရင် အဲဒါက ပေးဆပ်ရမယ့်အရာပဲ" ဟု ကျင်းရွှီယန်း ပေါ့ပေါ့တန်တန် ပြန်ဖြေသည်။
ဗိုလ်ချုပ်က မျက်မှောင်ကြုတ်လိုက်ပြီး အားသာချက်နှင့် အားနည်းချက်များကို ချိန်ဆလိုက်တယ်။
အမြုတေ ၁၀၀,၀၀၀ ကို စုဆောင်းဖို့ဆိုတာက မဖြစ်နိုင်တဲ့အရာတော့ မဟုတ်ဘူး။ ယေဘုယျအားဖြင့်ဆိုရင် အမြုတေတွေက စွမ်းရည်အသုံးပြုသူတွေကို စွမ်းအင်ပြန်လည်ရရှိအောင် ကူညီပေးနိုင်တယ်ဆိုတာပဲ သိကြပေမယ့် အစိုးရက သူတို့ကို စုဆောင်းဖို့ တိတ်တဆိတ် မစ်ရှင်တွေ စီစဉ်နေခဲ့ပါတယ်။ ဒါပေမယ့် အဲဒီပမာဏကို ပေးဆောင်လိုက်တာက သူတို့ရဲ့ သိုလှောင်ရုံတစ်ခုလုံးကို ဖျက်ဆီးလိုက်သလိုပါပဲ။
သို့သော် မစ်ရှင်ရဲ့အန္တရာယ်ကို နတ်ဆိုးအဖွဲ့တောင်းဆိုတဲ့ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင်တော့ အမြုတေတွေကထင်ထားတာထက်ကို ပိုမိုတန်ဖိုးရှိနိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိလာရသည်။
အခန်းထဲမှာ တွန့်ဆုတ်မှုအရိပ်ယောင်တွေ ပြည့်နှက်နေချိန်မှာပဲ ဗိုလ်ချုပ်က ရုတ်တရက် ပြောလိုက်တယ် “မင်းတို့ကို ငွေပေးချေဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ပြီးရင်တော့ ငါတို့ကို မြို့တော်ဆီ လိုက်ပို့ပေးရလိမ့်မယ်”
ကျင်းရွှီယန်းက ခေါင်းခါပြီး “ဗိုလ်ချုပ်၊ ခင်ဗျားကို မြို့တော်ကို လိုက်ပို့တာက လုံးဝကွဲပြားတဲ့ မစ်ရှင်တစ်ခုပါ။ အပြင်မှာက ဘယ်လောက်အန္တရာယ်များလဲဆိုတာကို ခင်ဗျားသိပါတယ်။ အဲဒါအတွက် ဈေးနှုန်းက အမြုတေ တစ်သန်းပါ။ မဟုတ်ရင်တော့ ကျွန်တော်တို့က ဒီအလုပ်ကို မလုပ်ပါဘူး” လို့ ပြောလိုက်တယ်။
ဗိုလ်မှူးတစ်ယောက်က ဒေါသတကြီးနဲ့ ထရပ်လိုက်တယ်။ သူက ကျင်းရွှီယန်းကို လက်ညှိုးထိုးပြီး "ကပ္ပတိန်ကျင်း၊ မင်း... အလွန်အကျွံ မလုပ်နဲ့" လို့ ပြောလိုက်တယ်။
"ကျွန်တော့်ရဲ့ဈေးနှုန်းကိုတော့ သတ်မှတ်ပြီးပြီ။ လက်ခံမလား၊ ငြင်းပယ်မလားဆိုတာက ဗိုလ်ချုပ်ရဲ့အပေါ်မှာပဲ မူတည်တယ်" ဟု ကျင်းရွှီယန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။
ပြီးတော့ သူကနာရီကို ကြည့်လိုက်ပြီး “ ဆုံးဖြတ်ဖို့ တစ်မိနစ်ပဲ အချိန်ရှိတယ်။ အဲဒါပြီးရင်တော့ သဘောတူညီချက်က မရှိတော့ဘူး” လို့ ဆက်ပြောလိုက်တယ်။
စက္ကန့်များ ကုန်ဆုံးလာသည်နှင့်အမျှ ဗိုလ်ချုပ်ရဲ့ မျက်မှောင်ကြုတ်မှုကလည်း ပိုမိုနက်ရှိုင်းလာတယ်။ သို့သော် တစ်မိနစ်မပြည့်မီတွင်ပဲ နောက်ဆုံးတော့သူက “ကောင်းပြီ” ဟု ပြောလိုက်သည်။
ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး “ကောင်းပြီ။ မြို့တော်ကို သွားချင်ရင် ခင်ဗျားတို့အဖွဲ့က ကျွန်တော်တို့နောက်ကို လိုက်လို့ရတယ်။ ဇွန်ဘီအုပ်ကို ဖယ်ရှားပြီးတာနဲ့ ခင်ဗျားတို့က နယ်စပ်ကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်တယ်” လို့ ပြောလိုက်တယ်။