အခန်း (၂၈၀-၂၈၂)
Vol. 19 Ch. 280-282
အခန်း-(၂၈၀)
သူတို့နဲ့ မဝေးလှတဲ့နေရာက ယူဖူယွင်ကတော့ “ချီးပဲ ၊ ဒီလိုသာဆက်ဖြစ်နေရင် ငါတို့အားလုံးက ကပ္ပတိန်နဲ့ ခယ်မရဲ့ အဝတ်အစားတွေကို တစ်လလုံး လျှော်ဖွတ်ရတော့မယ်” လို့ ပြောလိုက်တယ်။
ဒီလိုပြောလိုက်ပြီးတဲ့နောက်မှာပဲ သူ့လက်တွေကိုမြှောက်လိုက်တော့ ဇွန်ဘီအုပ်အလယ်ကနေ လေဆင်နှာမောင်းနှစ်ခု ပေါ်လာတယ်။
"ဖူယွင်၊ မင်းရဲ့စွမ်းရည်က လေအမျိုးအစားလား" လို့ လီစီခိုင်က ဝမ်းသာအားရ မေးလိုက်သည်။
ယူဖူယွင်က ခေါင်းညိတ်ပြီး ပြုံးရင်းပြန်ဖြေလိုက်တယ် “ ဟုတ်တယ် အစ်ကိုစီခိုင် ၊ မနေ့ကမှ လေအမျိုးအစား စွမ်းရည်တစ်ခု နိုးထလာတာ သတိထားမိလိုက်တယ်”
ဒါကိုကြားတော့ လီစီခိုင်က ခေါင်းညိတ်ပြီး "အရမ်းကောင်းတာပဲ။ လူဇီကို ကြမ်းပြင်တိုက်တံမြက်စည်းလှည်းခိုင်းဖို့က ခက်တယ်။ နောက်ဆို အိမ်တံမြက်စည်းလှည်းတဲ့အလုပ်ကို မင်းလုပ်ရလိမ့်မယ်" လို့ ပြောလိုက်တယ်။
ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာတော့ ယူဖူယွင်ဟာ တံတွေးဆို့မတတ်ဖြစ်သွားတယ်။ သူ့မှာက အစွမ်းထက်တဲ့စွမ်းရည်တစ်ခုနိုးထလာပေမယ့် သူ့အစ်ကိုကတော့ သူ့ကို ချီးကျူးမယ့်အစား ဖုန်စုပ်စက်လို ဆက်ဆံခဲ့တယ်။ တရားမျှတမှုဆိုတာက ဘယ်မှာလဲ။
ယူဖူယွင်ရဲ့တိုက်ခိုက်မှုအပြီး လီစီခိုင်က သူ့လက်ဖဝါးကိုဖြန့်လိုက်တဲ့အခါ မိုးကြိုးဘောလုံးသုံးလုံးက အဲဒီလက်ဖဝါးပေါ်မှာ ပျံဝဲနေတယ်။ သူ့လက်ကိုဝှေ့ယမ်းလိုက်တဲ့အခါမှာတော့ မိုးကြိုးဘောလုံးတွေက ဇွန်ဘီတွေဆီကို ဦးတည်ရာအမျိုးမျိုးနဲ့ ပျံသန်းသွားကြတယ်။
" ဘုန်း ဘုန်း ဘုန်း "
မိုးကြိုးဘောလုံးတွေက ပင်ပေါင်ဘော်လုံးလောက်သာရှိပေမယ့် ဇွန်ဘီတွေကို ထိလိုက်တာနဲ့ ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲမှုတွေက မြေပြင်ကိုတုန်ခါစေပြီး ပေါက်ကွဲမှုကြောင့်ဖြစ်တဲ့ အဆိပ်အတောက်နဲ့ ဘေးထွက်ဆိုးကျိုးတွေကို ချန်လှပ်ထားရင် ပျက်စီးမှုက C4 ဗုံးတစ်လုံးနဲ့ ညီမျှပါတယ်။
မိုးကြိုးဘောလုံးတွေ ပေါက်ကွဲသွားတော့ ဖုလိန်ကျန်းကလည်း အံ့အားသင့်သွားသည်။ သူက မိုးကြိုးအမျိုးအစား စွမ်းရည်အသုံးပြုသူဖြစ်ပြီး သူ့ရဲ့မိုးကြိုး အပြင်းထန်ဆုံး တိုက်ခိုက်မှု ဖြစ်သည်။
သူ့ရဲ့ မိုးကြိုးပစ်ခြင်းက ဖုတ်ကောင်တွေကို မေ့မြောစေပြီး သူ့အဖွဲ့ဝင်တွေအတွက် ဖုတ်ကောင်တွေကို သတ်ဖို့ အချိန်ဝယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် သူ့စွမ်းရည်ကို အသုံးပြုပြီး ဖုတ်ကောင်ကို သတ်ချင်တယ်ဆိုရင်တော့ အနည်းဆုံးတော့ မိုးကြိုးသုံးခု သုံးဖို့လိုအပ်ပါတယ်။
သူ့ရဲ့စွမ်းရည်ကို သူအမြဲဂုဏ်ယူခဲ့ပေမယ့် နတ်ဆိုး အဖွဲ့ဝင်တွေနှင့်ယှဉ်လိုက်ရင် သူက ဘာမှမဟုတ်တော့ပါဘူး။ အခုမှ ပဲ သူ့တို့အဖွဲ့ကို ဘာလို့ အထင်သေးကြတာလဲဆိုတာကို သူသဘောပေါက်လာတယ်။ သူတို့(နတ်ဆိုးအဖွဲ့)အရှေ့မှာဆိုရင် သူ့ရဲ့အဖွဲ့က ပုရွက်ဆိတ်တွေလိုပဲ အားနည်းနေတယ်။
ကုရှကျယ်တို့အဖွဲ့ဝင်တွေက အံ့အားသင့်နေပေမယ့် လီချီရွှမ်ကတော့ သိပ်မကောင်းပါဘူး။ သူ့ရဲ့ သန်မာတဲ့စွမ်းရည်နဲ့ဆိုရင် သူ့ကိုယှဉ်နိုင်တဲ့ တစ်ဦးတည်းသောသူက ကျင်းရွှီယန်းပဲလို့ သူ အမြဲတွေးနေခဲ့တယ်။ ဒါပေမယ့် အခုတော့ သူ့အတွေးတွေကို သံသယဝင်လာပါပြီ။
"ငါ သူတို့ကို စက်ရုံထဲမှာ တစ်ခါမှ မမြင်ဖူးဘူး။ ဒါဆို သူတို့ရဲ့ စွမ်းရည်တွေက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်း နေရတာလဲ"
ကျင်းရွှီယန်းက သူ့ကို အရင်က ဘယ်လိုမြင်ခဲ့လဲဆိုတာ စဉ်းစားကြည့်တော့ သူ့ရဲ့အစွမ်းသတ္တိတွေကို ပြရတော့မယ့်ပုံပဲလို့တွေးလိုက်တယ်။ မဟုတ်ရင်တော့ အသင်းကနေ ထုတ်ပယ်ခံရနိုင်တယ်။
သူဟာ ဒီအတွေးကြောင့်တွန့်ဆုတ်မနေတော့ဘဲ လက်ကို မြှောက်လိုက်တယ်။ နောက်တစ်ခဏမှာပဲ အပြာရောင်မီးတောက်နဂါးတစ်ကောင်က သူ့လက်ဖဝါးထဲကနေ ပျံထွက်လာပြီး ဇွန်ဘီတွေတွေဆီကို ပျံလို့သွားသည်။
အရင်က အနီရောင်မီးလျှံနဂါးနဲ့ ယှဉ်ရင် ဒီမီးလျှံနဂါးဟာ ပိုကြီးပြီး ပိုအားကောင်းတယ်။ မီးနဂါးက ဇွန်ဘီတွေကို ဖြတ်ပျံသွားပြီး မိနစ်ဝက်လောက်အကြာမှာပဲ ဇွန်ဘီတွေက ပြာအဖြစ်သို့ရောက်သွားကြတယ်။
သူက အပြာရောင်မီးတောက်နဂါးကို ထိန်းချုပ်နေရင်း ကျင်းရွှီယန်းကို လှမ်းကြည့်လိုက်တော့ သူ့မျက်ခုံးတွေက မြင့်တက်သွားတာကို တွေ့လိုက်ရတယ်။ သူ့မျက်လုံးထဲမှာ သဘောကျမှုအရိပ်အယောင်ရှိပေမယ့် အံ့အားသင့်နေတာမျိုးတော့ မရှိဘူး။ သူ့ရဲ့မီးစွမ်းရည်ရဲ့ အစွမ်းကို ကြိုတင်ခန့်မှန်းထားသလိုမျိုးပေါ့။
ကျင်းရွှီယန်းရဲ့ အနက်ရောင်မီးတောက်အကြောင်းကို စဉ်းစားရင်း ရှားရှားပါးပါး ယှဉ်ပြိုင်လိုစိတ်တစ်ခုက သူ့ရင်ထဲမှာ ပေါ်လာတယ်။ အကြောင်းရင်းမသိရပေမယ့် သူ့ကိုတော့ မရှုံးချင်ဘူး။
သူက အပြာရောင်မီးတောက်နဂါးကို လက်တစ်ဖက်တည်းနဲ့ထိန်းချုပ်ပြီး နောက်လက်တစ်ဖက်ကို မြှောက်လိုက်တယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကောင်းကင်က ရုတ်တရက်ကြီး မှောင်မိုက်သွားပြီး ဇွန်ဘီတွေရဲ့အပေါ်မှာ ကြီးမားကာ မည်းမှောင်နေတဲ့ မိုးတိမ်ကြီးတစ်ခု စုဝေးလာသည်။
" ခရစ်ပ် ဘွန်း ဘွန်း ဘွန်းး"
သူ့လက်ကိုဝှေ့ယမ်းလိုက်တဲ့အခါမှာတော့ မည်းမှောင်နေတဲ့ မိုးတိမ်ကြီးထဲကနေ ကြီးမားတဲ့ မိုးကြိုးတွေ ဆင်းလာပြီး မြေပြင်ပေါ်ကို ကျရောက်လာတယ်။ မိုးကြိုးထိမှန်သွားတာနှင့် ချက်ချင်းကိုပေါက်ကွဲသွားပြီး ဇွန်ဘီတွေသေဆုံးသွားကာ မြေပြင်ပေါ်မှာတော့ ကြီးမားတဲ့ ချိုင့်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့သည်။
ဒီတစ်ခါမှာတော့ ကျင်းရွှီယန်းရဲ့မျက်လုံးထဲမှာ အံ့အားသင့်မှုတွေ ပေါ်လာခဲ့တယ်။ လီချီရွှမ်ဟာ လူတိုင်းကထင်ထားသလောက် ရိုးရှင်းတဲ့သူမဟုတ်ဘူးလို့ သူကြာမြင့်စွာကတည်း သံသယဝင်ခဲ့တယ်။ စက်ရုံရဲ့ အလိုရှိဆုံးစာရင်းကထိပ်တန်းတစ်ယောက်ဖြစ်တဲ့သူက သာမန်လူတစ်ယောက် တော့ မဖြစ်နိုင်ဘူး။
သူ့ရဲ့ အံ့အားသင့်မှုက ခဏတာသာခံပေမယ့် ကျန်တဲ့ အဖွဲ့ဝင်တွေကတော့ အရမ်းအံ့သြသွားကြတာကြောင့် သူတို့ရဲ့ မျက်လုံးတွေက မှားမမြင်မိကြောင်းကို သေချာစေဖို့ မျက်တောင်ခတ်ပြီး မျက်လုံးတွေကိုတောင် ပွတ်သပ်လိုက်ကြတယ်။
"ဒုတိယခေါင်းဆောင်... သူက ဘယ်လိုလုပ်ပြီး စွမ်းရည်နှစ်မျိူးအသုံးပြုသူ ဖြစ်နိုင်မှာလဲ။ ပြီးတော့ အပြာရောင်မီးတောက်နှင့် ငွေရောင်-ခရမ်းရောင် မိုးကြိုး... နှစ်ခုစလုံးက ဗီဇပြောင်းလဲထားတဲ့ စွမ်းရည်တွေပဲ" ကျိူးလီဇီက မယုံနိုင်စွာ တိုးတိုးလေးပြောလိုက်သည်။
သူမရဲ့မှတ်ဉာဏ်ထဲက းဒုတိယခေါင်းဆောင်ဟာ သာမန်မီးအမျိုးအစားစွမ်းရည်ရှိတဲ့သူတစ်ယောက်ပါပဲ။ ဒါပေမယ့် သူ့ရဲ့ခိုင်မာတဲ့ဇွဲနဲ့ ကြိုးစားအားထုတ်မှုကြောင့် သူဟာ ကျော်ကြားတဲ့စွမ်းရည်အသုံးပြုသူတစ်ယောက်ဖြစ်လာခဲ့တယ်။
သူမရဲ့ အကြမ်းတမ်းဆုံး အိပ်မက်တွေထဲမှာတောင် ကမ္ဘာပျက်ကပ်အစမှာကိာ သူက ဒီလောက်တောင်အစွမ်းထက်လိမ့်မယ်လို့ သူမက ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။
လီချီရွှမ်ရဲ့ စွမ်းအားပြသမှုကြောင့် သူမက အံ့အားသင့်သွားပေမယ့် ဒီကိစ္စကို ကြာကြာ တွေးမနေခဲ့ပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ ရှိကြပါတယ်။
သူမရဲ့ အရင်ဘဝမှာတုန်းက ဒုတိယခေါင်းဆောင်ဟာ တစ်ခုခုဖြစ်သွားလို့ သူ့ရဲ့စွမ်းအင်တွေ ဆုံးရှုံးသွားတာမျိူး ဖြစ်နိုင်တယ်။ အဲဒီလိုသာဆိုရင် သူမရဲ့ အရင်ဘဝတုန်းက သူ့ရဲ့ကြင်နာမှုတွေကို ပြန်ဆပ်ဖို့အတွက် ဒီဘဝမှာလည်း အဲဒီလိုအဆုံးသတ်မျိုး မဖြစ်သွားအောင် သူမက အကောင်းဆုံးကြိုးစားရလိမ့်မယ်။
သူမရဲ့ စိတ်ကို ပြန်ထိန်းပြီးတဲ့နောက်မှာပဲ သူမက ဇွန်ဘီတွေကို ဆက်သတ်နေခဲ့ပါတယ်။ သူမရဲ့ ချစ်သူဆီကရတဲ့ များပြားလှတဲ့ စွမ်းအင်ထောက်ပံ့မှုနဲ့ဆို သူမက အချိန်အတော်ကြာ တိုက်ခိုက်နိုင်မှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ သူမရဲ့ နေရာလွတ်ဟာလည်း ဆက်လက်ကျယ်ပြန့်လာခဲ့ပါတယ်။
ကျန်အဖွဲ့ဝင်များမှာတော့ သူများထက်သာလွန်လိုခြင်းမရှိကြဘဲ စွမ်းအင်သုံးစွဲမှုကို လျှော့ချရင်း သူတို့ရဲ့စွမ်းရည်များရဲ့စွမ်းအားကို အမြင့်ဆုံးဖြစ်အောင်လုပ်ဆောင်ရန်အတွက် နည်းလမ်းရှာဖွေရန် ဦးနှောက်ကို အသုံးပြုခဲ့ကြသည်။
ဒီတိုက်ပွဲအတွင်းမှာတော့ ကုရှကျယ်နှင့်သူ့အဖွဲ့သာ နာရီဝက်တစ်ကြိမ် အနားယူဖို့ လိုအပ်ပါတယ်။ လီချီရွှမ် အပါအဝင် နတ်ဆိုးအဖွဲ့ဝင်အများစုက တိုက်ပွဲအချိန်ငါးနာရီကြာပြီးနောက်မှသာ အနားယူခဲ့ကြပါတယ်။
သူတို့အနားယူနေချိန်မှာ ကျင်းရွှီယန်းနှင့် ကျိူးလီဇီတို့က ခံတပ်ကိုထိန်းထားပြီး ဆက်သွားခဲ့ကြတယ်။ ကောင်းကင်ကအရောင်ပြောင်းသွားမှ အနားယူဖို့ ရပ်တန့်ခဲ့ကြသည်။
ကျင်းရွှီယန်းက အောက်က ဖုတ်ကောင်အရေအတွက်ကိုကြည့်ပြီး “အဘိုးကြီးကျန်း၊ အဖွဲ့ကို နှစ်ဖွဲ့ခွဲလိုက်။ လေးနာရီတစ်ကြိမ် အလှည့်ကျအနားယူပါ” လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ကျန်းယွမ်က ခေါင်းညိတ်ပြီး "နားလည်ပါပြီ" လို့ ပြန်ဖြေလိုက်တယ်။
အဖွဲ့ကို စီစဉ်ပေးပြီးတဲ့နောက်တော့မှ ကျင်းရွှီယန်းနှင့် ကျိူးလီဇီတို့က ဘေးတွင်အနားယူကာ အစာစားကြသည်။ မီးမွှေး၍ ချက်ပြုတ်၍မရသောကြောင့် ကိုယ်တိုင်အပူပေးပြီးစားရတဲ့ စားစရာများကိုသာ စားလိုက်ကြသည်။
အခန်း-(၂၈၁)
ကျိူးလီဇီက ဘူးအောက်ခြေကို ရေနွေးနှင့်ဖြည့်ပြီး အစာကျက်ဖို့ သူတို့ခဏစောင့်ခဲ့ကြတယ်။ ကျင်းရွှီယန်းက စားနေရင်းဖြင့် တိုက်ပွဲအခြေအနေနှင့် အဖွဲ့ဝင်တွေရဲ့ အခြေအနေကို လေ့လာကြည့်ရှုခဲ့သည်။
ကျိူးလီဇီကတော့ သူမရဲ့နေရာလွတ်ကို စစ်ဆေးနေသည်။ သူမရဲ့အာကာသနေရာလွတ်အတွင်းဖက်ကို မြင်လိုက်ရတော့ အံ့အားသင့်သွားရတယ်။ သူမက နေရာလွတ်ရဲ့ဆက်တင်ကို မြန်မြန်ဖွင့်ပြီး အချက်အလက်တွေကို ဖတ်လိုက်သည်။
မြက်ခင်းပြင်ဧရိယာသည် ၁၀ ဟက်တာ တိုးလာခဲ့ပြီး လယ်ယာမြေက ၃၀၀ စတုရန်းမီတာ တိုးလာခဲ့ကာ အထွက်နှုန်းကလည်း တစ်စတုရန်းမီတာလျှင် ၁၅ ကီလိုဂရမ်အထိ တိုးလာခဲ့သည်။
ကုန်းမြေအပြင် ရေကန်ကလည်း ပိုနက်လာခဲ့တယ်။ အခုတော့ ၁၇ မီတာပိုနက်သွားပြီး ကန်ရေရဲ့တစ်လီတာတိုင်းမှာ အဆင့်တစ်အမြုတေရဲ့ ၇% နှင့် ညီမျှတဲ့ စွမ်းအင်တွေ ပါဝင်နေပါတယ်။
သူမက အချက်အလက်များကို ဆက်လက်ဖတ်ရှုနေရင်းနဲ့ပင် ယခုအခါတွင်တော့ အပိုဆောင်းအချက်အလက်များပါ ထည့်သွင်းထားကြောင်းကို သဘောပေါက်လိုက်သည်။ သူမရဲ့နေရာလွတ်မှာ မိုးကောင်းကင်တစ်ခုရှိပြီး မြေပြင်မှ မီတာ ၃၀၀ အကွာတွင် ရှိနေကြောင်း တွေ့ရှိခဲ့သည်။
အောက်ဆီဂျင်ထုတ်လုပ်မှုက ၁၀% တိုးလာပြီး အောက်ဆီဂျင်သုံးစွဲမှုမှာ ၅၀% လျော့ကျသွားခဲ့သည်။
တွက်ချက်ခြင်းမရှိရင်တောင် သူမရဲ့နေရာလွတ်အတွင်း၌ အကြာကြီးနေမိသည့်အခါ အောက်ဆီဂျင်ကုန်သွားမည်ကို စိတ်ပူစရာမလိုတော့ကြောင်း သူမသိသည်။
နောက်ဆုံးအဆင့်မြှင့်တင်မှုမှာ စိုက်ပျိုးမှုစက်ဝန်းကို လျှော့ချခြင်းဖြစ်သည်။ လယ်ယာမြေပေါ်တွင် စိုက်ပျိုးထားသော သီးနှံများ ရင့်မှည့်ရန် လိုအပ်သောအချိန်က ၅၀% လျော့ကျသွားခဲ့တယ်။ ၎င်းက ထုတ်လုပ်မှုပမာဏကို များစွာတိုးမြှင့်ပေးလိမ့်မည်။
အချက်အလက်အားလုံးကို ဖတ်ပြီးနောက်တော့ စိတ်ငြိမ်သက်အောင်ဆိုပြီး သူမကအသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူမရဲ့ ချစ်သူထံမှ စွမ်းအင်လွှဲပြောင်းမှုကို ပထမဆုံးအကြိမ် လက်ခံရရှိခြင်း မဟုတ်သောကြောင့် ဤကြီးထွားမှုကို မည်သည့်အရာက ဖြစ်ပေါ်စေသည်ကို သူမ မသိခဲ့ပါ။ သို့သော် အကြောင်းရင်းကား ဘယ်လိုပဲရှိပါစေ ဤကြီးထွားမှုက သူမအတွက် ကောင်းသောအရာတစ်ခုဖြစ်သည်။
လယ်ယာမြေ ၃၀၀ စတုရန်းမီတာ ထပ်မံရရှိသောကြောင့် သူမက ဂျုံ ၁၀၀ စတုရန်းမီတာ ထပ်မံစိုက်ပျိုးရန် ဆုံးဖြတ်ခဲ့ပြီး ကျန်ရှိသောမြေကို ပြောင်းဖူးနှင့် ကန်စွန်းဥစိုက်ပျိုးရန် အသုံးပြုခဲ့သည်။ ယခုအချိန်အထိ သူမရဲ့ အဓိကရည်မှန်းချက်က အစားအစာဖြစ်နေဆဲပဲ။
သူမရဲ့နေရာလွတ်ကို စီစဉ်ပြီးတဲ့အခါမှာ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ချစ်သူရဲ့ နက်ရှိုင်းတဲ့အကြည့်နှင့် ဆုံလိုက်တယ်။
ကျင်းရွှီယန်းက သူ့ရဲ့ချစ်သူ ရုတ်တရက်ကြီး အာရုံပျံ့လွင့်သွားတာကိုသတိပြုမိပြီး သူမရဲ့မျက်လုံးများက နေ့ခင်းအိပ်မက်မက်နေသူကဲ့သို့ ဖြစ်နေသည်။ သူမရဲ့နေရာလွတ်အကြောင်းကို သိရှိပြီးနောက်မှာတော့ သူ့ရဲ့ချစ်သူက သူမရဲ့အသိစိတ်ကို အသုံးပြု၍ သူမနေရာလွတ်သို့ ဝင်ရောက်နိုင်သည်ဟု ရဲရင့်စွာ ခန့်မှန်းမိခဲ့သည်။
ဒါကြောင့် သူစားပြီးသွားတဲ့အခါမှာ သူမသတိပြန်ဝင်လာတဲ့အထိ အချိန်အတော်ကြာအောင် စောင့်ကြည့်နေခဲ့တယ်။ သူမက ဘယ်လောက်တောင် စိတ်ရှုပ်ထွေးနေလဲဆိုတာကိုမြင်တော့ သူက ရယ်ပြီး "အာဇီ နေ့ခင်းအိပ်မက်တွေဆက်မက်နေရင် မင်းရဲ့အစားအစာတွေအေးသွားလိမ့်မယ်" လို့ပြောလိုက်တယ်။
ကျိူးလီဇီက မြန်မြန်ခေါင်းညိတ်ပြီး သူမရဲ့အစားအစာတွေကို ကုန်အောင်စားလိုက်သည်။
နတ်ဆိုးအဖွဲ့က ဖုတ်ကောင်တွေကို သတ်ဖြတ်ဖို့ အလုပ်ရှုပ်နေချိန်မှာ ဝေယင်းတို့အဖွဲ့နှင့် ရွှီချွန်းတို့အဖွဲ့ကတော့ အစည်းအဝေးလုပ်နေကြတယ်။
အဲဒီအချိန်မှာပဲ သူတို့က ရွှီချွန်းရဲ့ရုံးခန်းမှာ မျက်နှာချင်းဆိုင်ထိုင်နေကြတယ်။
"ဗိုလ်ကြီးရွှီ ဒါတွေက အသက်ရှင်ကျန်ရစ်သူတွေရဲ့ စခန်းကနေ ကျွန်တော်တို့ ယူလာတဲ့ နာမည်စာရင်းနဲ့ ထောက်ပံ့ရေးပစ္စည်းတွေပါ" လို့ ရှောင်ဟန်က ဖိုင်တွဲတစ်ခုကို ပေးရင်း ပြောလိုက်တယ်။
ရွှီချွန်းက ဖိုင်တွဲကိုဖွင့်ပြီး စာရွက်စာတမ်းများကို ဖတ်ကြည့်လိုက်သည်။ အမည်စာရင်းတွင် အသက်ရှင်ကျန်ရစ်သူများရဲ့ အမည်များကိုသာမက ၎င်းတို့ရဲ့ အသက်၊ မွေးနေ့၊ မွေးဖွားရာနေရာနှင့် မိသားစုဝင်များကိုပါ မှတ်တမ်းတင်ထားသည်။
သတင်းအချက်အလက်ကော်လံတွင်လည်း ၎င်းတို့ရဲ့အဆင့်အတန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုလည်း မှတ်တမ်းတင်ထားသည်။ စွမ်းရည်ရှိသူများကိုလည်း ၎င်းတို့ရဲ့ခွန်အားနှင့် တိုက်ခိုက်ရေးစွမ်းရည်အပေါ်အခြေခံ၍ စမ်းသပ်ပြီး အဆင့်သတ်မှတ်ခဲ့သည်။
နာမည်စာရင်းတွေကို ဖတ်ပြီးတဲ့နောက် ရွှီချွန်းက "အဘိုးကြီးဝေ ၊ မင်းရဲ့နောက်ထပ်အစီအစဉ်က ဘာလဲ" လို့ မေးလိုက်တယ်။
"ရွှီချွန်း ငါကအငြိမ်းစားယူပြီး ကြေးစားအဖွဲ့တစ်ခု ဖွဲ့ဖို့ စီစဉ်ထားတယ်" လို့ ဝေယင်းက တည်ငြိမ်စွာပဲ ပြန်ဖြေလိုက်သည်။
ဒါကိုကြားတော့ ရွှီချွန်းက အံ့အားသင့်သွားပြီး ထပ်မေးလိုက်တယ် "အဘိုးကြီးဝေ အသက်ရှင်ကျန်ရစ်သူတွေကို စခန်းဆီ ပြန်ခေါ်သွားပြီး ကိုယ်ပိုင်အခြေစိုက်စခန်းတည်ဆောက်ဖို့ မစီစဉ်ဘူးလား"
ဝေယင်းက ခေါင်းခါပြီး "ငါက အခြေစိုက်စခန်းတစ်ခုကို စီမံခန့်ခွဲဖို့ မသင့်တော်ဘူး။ မင်းသိတဲ့အတိုင်းပဲ စာရွက်စာတမ်းတွေကို ကိုင်တွယ်တဲ့ရုံးခန်းမှာထိုင်နေရတာထက် မစ်ရှင်တွေသွားရတာကို ငါပိုကြိုက်တယ်" လို့ ပြောလိုက်တယ်။
ရွှီချွန်းက သူတို့နှစ်ယောက်အတူအလုပ်လုပ်ခဲ့တဲ့ နှစ်တွေကို ပြန်စဉ်းစားရင်း ဝေယင်း အတွက်တော့ ရုံးခန်းထဲမှာထိုင်နေရတာက ဒုက္ခပဲဆိုတာကို သတိရလိုက်တယ်။ ခဏလောက် တိတ်ဆိတ်သွားပြီးနောက် သူက သက်ပြင်းချပြီး "မင်းက ဆုံးဖြတ်ချက်ချပြီးပြီဆိုတော့ ငါမင်းကို အတင်းအကျပ်မ ပြောတော့ဘူး" လို့ ပြောလိုက်သည်။
"အသစ်ရှင်ကျန်ရစ်သူတွေအတွက်ကတော့ နယ်စပ်က အကျပ်အတည်း ဖြေရှင်းပြီးရင် အခြေအနေကို လူတိုင်းဆီအသိပေးပြီး သူတို့ကိုယ်တိုင် ဆုံးဖြတ်ခွင့်ပေးလိုက်မယ်။ သူတို့က ဆက်နေချင်ရင်တော့ ငါက ကြိုဆိုမယ်။ သူတို့က ထွက်သွားဖို့ ရွေးချယ်ရင်လည်း ငါက တားမှာမ
ဘူး" ဟု သူက ထပ်ပြောလိုက်တယ်။
ဒါကိုကြားတော့ ဝေယင်းက ပြုံးပြီး "ရွှီချွန်း ငါ မင်းရဲ့အခြေစိုက်စခန်းရဲ့ အခြေအနေကို မြင်ပြီးပြီ။ အသက်ရှင်ကျန်ရစ်သူအများစုက ဒီအကျပ်အတည်းပြီးသွားရင်တောင် ထွက်သွားမှာမဟုတ်ဘူးဆိုတာ ငါသိတယ်။ တခြားနေရာတွေနဲ့ ယှဉ်ရင် မင်းရဲ့အခြေစိုက်စခန်းမှာက အကောင်းဆုံးလုံခြုံရေးနှင့် ထောက်ပံ့ရေးပစ္စည်းတွေ ရှိတယ်" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ရွှီချွန်းက ပြုံးပြီး ပြန်ဖြေတယ် "နတ်ဆိုးအဖွဲ့ အကူအညီမပါရင် ဒါကဖြစ်နိုင်မှာ မဟုတ်ဘူး"
သူ့စကားတွေကိုကြားတေ့ ဝေယင်းက ခေါင်းညိတ်ကာ အသိမှတ်ပြုပြီးမှ မေးလိုက်တယ် "ရွှီချွန်း ကပ္ပတိန်ကျင်းနှင့် သူ့အဖွဲ့က ခင်ဗျားရဲ့ အခြေစိုက်စခန်းမှာ နေနေတယ်လို့ ကြားတယ်။ အဲဒါ အမှန်ပဲလား"
"မင်း အဲဒါကို ဘယ်က ကြားလာတာလဲ" ဟု ရွှီချွန်းက မျက်ခုံးပင့်ကာ မေးလိုက်သည်။
"နတ်းဆိုးအဖွဲ့ဝင်တွေဆီကပါ"လို့ ဝေယင်းကလည်း ပြန်ဖြေလိုက်တယ်။
ရွှီချွန်းက ခေါင်းညိတ်ပြ သူ့ထိုင်ခုံမှာပြန်မှီလိုက်ပြီး "သူတို့က အခုတော့ ငါ့စခန်းမှာ နေနေကြတာ။ မင်းလည်း နေချင်ရင် မင်းတို့အဖွဲ့အတွက် အိမ်တစ်လုံး ပြင်ဆင်ပေးလို့ရတယ်" လို့ ပြန်ဖြေလိုက်တယ်။
ဒါကိုကြားတော့ ဝေယင်းက ပြုံးပြီး "ဒါဆို နတ်ဆိုးအဖွဲ့နားမှာ အိမ်တစ်လုံးစီစဉ်ပေးပါ" လို့ ပြောလိုက်တယ်။
သူ ဘာတွေစီစဉ်နေမှန်း ရွှီချွန်းကမသိပေမယ့် ဝေယင်းက တခြားသူတွေကို ထိခိုက်စေမယ့်သူ မဟုတ်ဘူးဆိုတာတော့ သူသိတယ်။ ဒါကြောင့် သူက ခေါင်းညိတ်ပြီး "ကိစ္စမရှိပါဘူး" လို့ ပြောလိုက်တယ်။
"ကောင်းပြီ၊ ငါအရင်ဆုံး ငါ့အသင်းကို မှတ်ပုံတင်လိုက်မယ်။ နောက်တစ်ခါမှတွေ့ကြတာပေါ့" ဝေယင်းက မတ်တပ်ရပ်ရင်း ပြောလိုက်သည်။
သူထွက်သွားခင်မှာ ရွှီချန်းက ထပ်ပြောပါတယ် “အဘိုးကြီးဝေ မှတ်ပုံတင်ပြီးရင် ငါ့လူတွေကို ရှာလိုက် သူတို့က မင်းရဲ့အိမ်အသစ်ကို လိုက်ပြပေးလိမ့်မယ်”
"ကောင်းပြီ၊ ကျေးဇူးတင်ပါတယ်"
လင်းယုန်အဖွဲ့ ထွက်သွားပြီး မကြာခင်မှာပဲ ရွှီချွန်းက သူ့ရဲ့ လက်ထောက်ကို ကြည့်ပြီး "ဟန်လီ နတ်ဆိုးအဖွဲ့ရဲ့ အဖွဲ့ဝင်သစ်တွေက အခြေချလို့ပြီးသွားပြီလား" လို့ မေးလိုက်တယ်။
ဝမ်ဟန်လီက ခေါင်းညိတ်ပြပြီး “ဗိုလ်ကြီး၊ သူတို့အဖွဲ့အတွက် ခွဲဝေပေးထားတဲ့အိမ်ကို သွားနေကြပြီးပြီ အခုတော့ အနားယူနေကြပြီ” လို့ ပြန်ဖြေလိုက်တယ်။
ခေါင်းညိတ်ပြီး ရွှီချွန်းက "ချောင်းဆိုးတာနှင့် အအေးမိတာအတွက် ဆေးတချို့ ပို့ပေးလိုက်။ အဘိုးကြီးဝေ နှင့် သူ့အဖွဲ့အတွက်လည်း အိမ်တစ်လုံး ပြင်ဆင်ပေးထား" လို့ ပြောလိုက်တယ်။
ဝမ်ဟန်လီက သူ့တို့ဗိုလ်ကြီးရဲ့ ရည်ရွယ်ချက်ကို နားမလည်သော်လည်း မှတ်စုတစ်ခုရေးပြီး "နားလည်ပါပြီ" ဟု ပြောခဲ့သည်။
အခန်း-(၂၈၂)
တစ်ချိန်တည်းမှာပဲ အုပ်ချုပ်ရေးအဆောက်အအုံရဲ့ အပြင်ဘက်မှာ ဝေယင်းနှင့်သူ့အဖွဲ့သားတွေ ရပ်နေကြတယ်။ သူ့အဖွဲ့ဝင်တွေကို ကြည့်လိုက်ပြီး ဝေယင်းက “ ဒီနေ့ကစပြီး ငါတို့က စစ်သားတွေ မဟုတ်တော့ဘူး၊ ကြေးစားစစ်သားတွေဖြစ်သွားပြီ” လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ လင်းယုန်အဖွဲ့ဝင်တွေက ခေါင်းညိတ်ပြီး " ကျွန်တော်တို့က ကပ္ပတိန်ရဲ့နောက်ကိုပဲ လိုက်ခဲ့ပါမယ်" လို့ ပြန်ဖြေကြသည်။
"ကောင်းပြီ။ ဇိမ်ခံဘဝတစ်ခု ရမယ်လို့တော့ ကတိမပေးနိုင်ပေမယ့် မင်းတို့နှင့် မင်းတို့မိသားစုဝင်တွေအတွက် စားစရာနှင့် အဝတ်အစား လုံလောက်စေရမယ်လို့တော့ ငါကတိပေးနိုင်တယ်"ဟု ဝေယင်းက ခိုင်မာစွာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ကပ္ပတိန်"
ခဏတာ စကားပြောဆိုပြီးနောက်မှ သူတို့က အဆောက်အဦးထဲသို့ ဝင်သွားကြသည်။ သူတို့ ဝင်လာတော့ လူတိုင်းက သူတို့ကို လှည့်ကြည့်လာကြတယ်။
အခြားအသင်းတွေနှင့် နှိုင်းယှဉ်လိုက်ရင် သူတို့ရဲ့ စစ်ယူနီဖောင်းများက ထင်ရှားပေါ်လွင်နေသည်။ သူတို့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် တည်ငြိမ်သော အမူအရာများကိုပါ ပေါင်းစပ်လိုက်သောအခါတွင်တော့ သူတို့က လေ့ကျင့်ထားတဲ့ စစ်သားတွေဖြစ်ကြောင်း မြင်သာထင်ရှားသွားသည်။
သူတို့က မှတ်ပုံတင်ကောင်တာဆီ လျှောက်သွားရင်း ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုကြတယ်။ မှတ်ပုံတင်ကောင်တာအပြင် မစ်ရှင်တွေ ထမ်းဆောင်ဖို့၊ မစ်ရှင်ပြီးစီးမှုကို အစီရင်ခံဖို့နှင့် ဆုလာဘ်တွေ ယူဖို့အတွက် တခြားနေရာတွေလည်း ရှိပါသေးတယ်။
ခန်းမရဲ့အလယ်တွင် သစ်သားဘုတ်များစွာ ထောင်ထားသည်။
ဘုတ်တစ်ခုကို လူပျောက်ဆုံးကြောင်း ကိစ္စများအတွက် အသုံးပြုထားပြီး နောက်တစ်ခုကိုတော့ အလုပ်ကြော်ငြာချက် များပြသထားသည်။ အဲဒီအလုပ်ကြော်ငြာထဲမှာ ခရီးသွားနေစဉ်အတွင်း ၎င်းတို့ကိုကာကွယ်ရန် သက်တော်စောင့်များ သို့မဟုတ် အစောင့်အရှောက်အဖွဲ့များကို ရှာဖွေနေသူများနှင့် အများဆုံးပြည့်နှက်နေခဲ့သည်။
ထို့အပြင် တရားဝင်မစ်ရှင်များကိုထုတ်ပြန်ရန်အတွက်လည်း အခြေစိုက်စခန်းမှ နောက်ထပ်ဘုတ်နှစ်ခုကို အသုံးပြုခဲ့သည်။
ဝေယင်းက စူးစမ်းလိုစိတ်ဖြင့် မစ်ရှင်စာရင်းများကို စစ်ဆေးရန် လျှောက်သွားလိုက်သည်။ ဘုတ်အနီးတွင် ရပ်ကြည့်လိုက်တော့ မစ်ရှင်များကို အဆင့်အလိုက် ခွဲခြားထားတာကို မြင်သောအခါ မျက်ခုံးပင့်လိုက်တယ်။
အနိမ့်ဆုံးအဆင့်က F-rank မစ်ရှင်ဖြစ်ပြီး အများအားဖြင့် အခြေစိုက်စခန်းအတွင်းက တာဝန်တွေ ပါဝင်ပါတယ်။
ဘုတ်အဖွဲ့မှာ အမြင့်ဆုံး မစ်ရှင်တွေကတော့ B-rank ဖြစ်ပြီး လူတွေကို တခြားမြို့တွေကို လိုက်လံပို့ဆောင်ပေးခြင်း၊ ရိက္ခာတွေ ပြန်ယူပေးခြင်း ဒါမှမဟုတ် ပိတ်မိနေတဲ့ လူတွေကို ကယ်တင်ခြင်းတွေ ဖြစ်ပါသည်။
B-rank အထက်တွင် A-rank၊ S-rank နှင့် SS-rank မစ်ရှင်များ ရှိသည်။ ယခုအချိန်တွင်တော့ ထိုအဆင့်များအောက်မှာ မစ်ရှင်များ မရှိသေးသော်လည်း ရှိခဲ့လျှင်ပင် မည်သူကမျှ ၎င်းတို့ကို ယူနိုင်မည်မဟုတ်ပေ။
မစ်ရှင်ဘုတ်ကို ပြန်လည်သုံးသပ်ပြီးနောက်မှ နောက်ဆုံးတော့ လင်းယုန်အဖွဲ့က မှတ်ပုံတင်ကောင်တာဆီသို့ လျှောက်သွားလ်ိုက်ကြသည်။
အဲဒီအချိန်မှာတော့ တခြားအဖွဲ့တွေလည်း သူတို့ရဲ့အဖွဲ့တွေကို မှတ်ပုံတင်နေကြတယ်။ တန်းစီစောင့်နေတုန်းမှာပဲ ဝေယင်းက အဆင့်သတ်မှတ်ချက်တွေကို ခဏလောက်စဉ်းစားလိုက်ပြီး C-rank မစ်ရှင်တွေနှင့် စတင်ဖို့ ဆုံးဖြတ်လိုက်သည်။
သူတို့အလှည့်က မိနစ်သုံးဆယ်အကြာတွင်ဖြစ်သည်။ ကောင်တာနောက်က စစ်သားက သူတို့ကိုမြင်တော့ ချက်ချင်းထရပ်ပြီး အလေးပြုကာ “ဗိုလ်ကြီးဝေ” ဟု ပြောလိုက်သည်။
ဒါကိုမြင်တော့ ဝေယင်းနှင့်သူ့အဖွဲ့ကလည်း ပြန်အလေးပြုလိုက်ကြပြီးမှ ဝေယင်းက “သက်သာ” လို့ ပြောလိုက်တယ်။
"ဗိုလ်ကြီးဝေ၊ ဒီကို ဘာကိစ္စနဲ့ လာတာလဲခင်ဗျား" ဟု စစ်သားက မေးလိုက်သည်။
"ရဲဘော်၊ ငါက စစ်သားမဟုတ်တော့ဘူး။ ငါတို့အဖွဲ့က ကြေးစားတပ်ဖွဲ့အဖြစ် မှတ်ပုံတင်ဖို့ ရောက်လာတာ" ဟု ဝေယင်းက ပြုံးပြီး ပြန်ဖြေလိုက်တယ်။
သူ့စကားကို ကြားတော့ ပတ်ဝန်းကျင်က စစ်သားတွေ အံ့သြသွားကြတယ်။
နတ်ဆိုးအဖွဲ့ကလည်း စစ်တပ်မှာ လှုပ်ရှားမှုမရှိတော့ဘဲ ကြေးစားအသင်းအဖြစ် မှတ်ပုံတင်ထားတယ်ဆိုတာကို လူတိုင်းကြားပြီးသားပါ။ အခုဆို လင်းယုန်အဖွဲ့ကပါ အဲဒီလိုပဲ လုပ်ပြီ။
ကောလာဟလတွေက မှန်နေပုံရတယ်။ ဗဟိုအစိုးရဟာ အရင်ကလို မဟုတ်တော့ဘူး။
ဤအရာကို စဉ်းစားမိသောအခါ များစွာသောလူတွေသည် သူတို့ဟာ ရွှီချွန်းရဲ့ဦးဆောင်မှုအောက်တွင် ရှိနေရခြင်းအတွက် ကံကောင်းသည်ဟု ခံစားလိုက်ကြရတယ်။ ရွှီချွန်းက သူတို့ရဲ့ မိသားစုများကို ရှာဖွေရန်နှင့် ဘေးကင်းရာသို့ ခေါ်ဆောင်လာရန် အဖွဲ့များကိုပင် စေလွှတ်ခဲ့သည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက်မှ စစ်သားက စိတ်ကို စုစည်းပြီး ထိုင်ချလိုက်သည်။ အံဆွဲထဲမှ ဖောင်နှင့် ဘောပင်ကို ထုတ်ယူပြီး “ကပ္ပတိန်ဝေ၊ ကျေးဇူးပြုပြီး ဒါကို ဖြည့်ပေးပါ” ဟု ပြောလိုက်သည်။
ဝေယင်းက ဘောပင်ကိုယူပြီး ပုံစံကို ဖြည့်စွက်ရန် စတင်လိုက်သည်။
သူရေးနေတုန်းမှာပဲ စစ်သားက “အသင်းတစ်သင်းကို မှတ်ပုံတင်ဖို့ကြေးက အမြုတေဆယ်လုံးပါ။ အသင်းတစ်သင်းစီက တံဆိပ်ဆယ်ခုစီ ရရှိပါတယ်။ တံဆိပ် တစ်ခုစီကို အဖွဲ့ဝင်တစ်ဦးစီအတွက် သတ်မှတ်ပေးထားပြီး သူတို့ရဲ့ အချက်အလက်တွေကို သိမ်းဆည်းထားပါတယ်။ ဆယ်ယောက်ထက်ကျော်လွန်တဲ့ နောက်ထပ်အဖွဲ့ဝင်တစ်ဦးစီအတွက်ကတော့ တံဆိပ်တစ်ခုစီကို အမြုတေတစ်ခုစီ ပေးဆောင်ရမှာပါ” လို့ ရှင်းပြလာတယ်။
ဝေယင်းက ခေါင်းညိတ်ပြီး "ကောင်းပြီ" လို့ ပြန်ဖြေလိုက်တယ်။
"မင်းရဲ့အဖွဲ့ မှတ်ပုံတင်ပြီးတာနဲ့ F-rank၊ E-rank နဲ့ D-rank မစ်ရှင်တွေကို လုပ်နိုင်ပြီ" လို့ စစ်သားက ထပ်ပြောလိုက်တယ်။
ဒါကိုကြားတော့ ဝေယင်းက သူရေးနေတဲ့စာကို ရပ်လိုက်ပြီး "ငါတို့က D အဆင့်ထက်မြင့်တဲ့ မစ်ရှင်တွေကို ယူလို့မရဘူးလား" လို့ မေးလိုက်တယ်။
"ကပ္ပတိန်ဝေ၊ မင်းရဲ့အဖွဲ့က အဆင့်မြင့်မစ်ရှင်တွေကို ယူချင်တယ်ဆိုရင် အရင်ဆုံး သတ်မှတ်ချက်တွေကို ပြည့်အောင်လုပ်ရလိမ့်မယ်" လို့ စစ်သားက ပြန်ဖြေသည်။
"ဘာသတ်မှတ်ချက်တွေ ရှိလဲ" လို့ ဝေယင်းက မေးလိုက်သည်။
"C-rank မစ်ရှင်တွေအတွက် အရည်အချင်းပြည့်မီဖို့အတွက် မင်းအဖွဲ့ဟာ အနည်းဆုံး D-rank မစ်ရှင် ၂၀၊ E-rank မစ်ရှင် ၅၀ ဒါမှမဟုတ် F-rank မစ်ရှင် ၁၀၀ ကို ပြီးမြောက်အောင် လုပ်ဆောင်ရပါမယ်" လို့ စစ်သားက ပြန်ဖြေတယ်။
ဝေယင်းက ခဏလောက်စဉ်းစားပြီး "ရဲဘော်၊ ဒီမှာ D အဆင့်မစ်ရှင်တွေကို စစ်ဆေးလို့ရမလား" လို့ မေးလိုက်တယ်။
စစ်သားက ခေါင်းညိတ်ပြီး “ရပါတယ်။ ဘုတ်ပေါ်မှာ တင်ထားတဲ့ မစ်ရှင်တွေက ယေဘုယျအားဖြင့် ပိုလွယ်ပါတယ်။ ပိုခက်တဲ့ မစ်ရှင်တွေကိုတော့ ဒီမှာပဲ ဝင်ကြည့်လို့ရပါတယ်” လို့ ပြန်ဖြေပါတယ်။
"ရဲဘော်၊ မစ်ရှင်တွေပြီးမြောက်အောင်လုပ်ဆောင်ရုံတင်မကဘူး၊ ကျွန်တော်တို့အဖွဲ့ အဆင့်မြင့်မစ်ရှင်တွေအတွက် အရည်အချင်းပြည့်မီဖို့ တခြားနည်းလမ်းရှိသေးလား" ဟု ရှောင်ဟန်က မေးလိုက်သည်။
"အမှတ်ပေးစနစ်ရှိတယ်" ဟု စစ်သားက ခေါင်းညိတ်ကာ ပြောတယ်။
"မစ်ရှင်တစ်ခုစီအတွက် အဆင့်အလိုက် အမှတ်တွေပေးပါတယ်။ F-rank မစ်ရှင်တစ်ခုအတွက် ၁၀ မှတ်၊ E-rank က ၂၀ မှတ် နှင့် D-rank က အမှတ် ၅၀ တန်ဖိုးရှိပါတယ်။ အသင်းတစ်သင်းက အမှတ် ၁၀၀၀ ရရှိပြီးတာနှင့် အဲဒီအသင်းက အဆင့်ကို D-rank မှ C-rank သို့ အဆင့်မြှင့်တင်ရန် လျှောက်ထားနိုင်ပါတယ်" ဟု စစ်သားက ဆက်ရှင်းပြသည်။
"အသင်းတွေမှာလည်း အဆင့်တွေရှိတယ်လား"လို့ ရှောင်ဟန်က အံ့အားသင့်စွာ မေးလိုက်သည်။
"ဟုတ်ပါတယ်" ဟု ပြောကာ စစ်သားက ခေါင်းညိတ်ပြသည်။
သူက ဖိုင်တွဲတစ်ခုကို ထုတ်ယူပြီး မှတ်ပုံတင်ထားသော ကြေးစားအဖွဲ့များစာရင်းကို ပြသကာ စာမျက်နှာများကို လှန်လှောကြည့်ရင်း “အဖွဲ့အဆင့်များကို စွမ်းရည်အသုံးပြုသူအရေအတွက်၊ တိုက်ခိုက်ရေးအင်အားနှင့် စုစုပေါင်းအဖွဲ့အရွယ်အစားအပေါ် အခြေခံ၍ အကဲဖြတ်ပါတယ်” ဟု ရှင်းပြသည်။
"ဥပမာအားဖြင့်ဆို ဒီအသင်းမှာက အဖွဲ့ဝင်ငါးယောက်ရှိပေမယ့် စွမ်းရည်အသုံးပြုသူ နှစ်ယောက်ပဲရှိတယ်။ တိုက်ခိုက်ရေးအင်အားနည်းတာကြောင့် E-rank အဆင့်သတ်မှတ်ထားတယ်။ စွမ်းရည်အသုံးပြုသူမရှိဘဲ အနည်းဆုံးအဖွဲ့ဝင် ၁၀ ယောက်ရှိတဲ့အသင်းကိုတော့ F-rank အဆင့်သတ်မှတ်ထားတယ်"
နောက်ထပ်စာမျက်နှာတစ်ခုကို လှန်လိုက်ရင်း စစ်သားက ထပ်ပြောတယ် “ဒီအခြေစိုက်စခန်းမှာ နတ်ဆိုးအဖွဲ့ကိုပဲ S-rank အဖြစ် သတ်မှတ်ထားပါတယ်။ သူတို့မှာက အဖွဲ့ဝင် ၁၉ ယောက်ရှိပြီး အားလုံးက စွမ်းရည်အသုံးပြုသူတွေပါ။ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အခြေစိုက်စခန်းမှာ အကောင်းဆုံးပဲ။ အခုထိတော့ တခြားအသင်းတွေက သူတို့ကို မယှဉ်နိုင်သေးဘူး”
"S-အဆင့်ကိုရောက်ဖို့ အမှတ်ဘယ်လောက်လိုအပ်လဲ" ဟု လင်းယုန်အဖွဲ့ဝင်တစ်ဦးက မေးလိုက်သည်။
"S-rank အသင်းဖြစ်ဖို့အတွက် အမှတ် ၂၀၀,၀၀၀ လိုအပ်ပါတယ်"
စစ်သားလေးရဲ့ အဖြေစကားကိုကြားတော့ လင်းယုန်အဖွဲ့သားတွေက အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ ဒါပေမယ့် ဝေယင်းကတော့ တည်ငြိမ်နေခဲ့တယ်။
ကမ္ဘာပျက်ကိန်းမစခင်ကဆိုရင် သူတို့အသင်းနှစ်သင်းစလုံးက တန်းတူရပ်တည်ခဲ့ကြတယ်။ ဒါပေမယ့် အခုဆို နတ်ဆိုးအဖွဲ့ နှင့် လင်းယုန် အဖွဲ့ တို့ကြားက အင်အားကွာဟချက်က ကောင်းကင်နဲ့မြေကြီးလို ဝေးကွာသွားပါပြီ။
ဇွန်ဘီအုပ်စုနှင့် ရင်ဆိုင်ရရင် သူတို့ကတော့ လုံးဝပျောက်ကွယ်သွားဖို့များပါတယ်။ တစ်ဖက်မှာတော့ နတ်ဆိုး အဖွဲ့က အုပ်စုတွေကို ရှင်းလင်းပြီးတဲ့အပြင် ထိခိုက်ဒဏ်ရာတောင်မရှိဘဲ ထွက်လာနိုင်တယ်။ အဲဒီအချက်တစ်ခုတည်းနဲ့တင် သူတို့ရဲ့ကွာခြားချက်ကို သက်သေပြနိုင်တယ်။