← Chapters

အခန်း (၇၀၆-၇၀၈)

Vol. 48 Ch. 706-708

အခန်း (၇၀၆-၇၀၈)

Vol. 48 Ch. 706-708

Chapter 706 သခင်ဟောင်း၏ဂူ

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကိုးဘုံငရဲ ရေခဲမီးလျှံအတွင်းမှ လေသံတစ်ခု ထွက်ပေါ်လာသည်။

“ဟင်... ဘယ်သူမှ စကားမပြောကြတော့ပါလား”

“မြွေလေး... မင်း ငါ့ကို မှတ်မိသေးရဲ့လား… မင်း အရေခွံလဲတဲ့အခါတိုင်း ငါ မင်းအတွက် အကြိမ်ပေါင်းများစွာ မီးရှို့ပေးခဲ့တာလေ”

“ပြီးတော့ ကျားပေါက်လေး... ဟောင်အရှင်သခင်က မင်းရဲ့နာမည်ကို ဘယ်လိုစိတ်ကူးနဲ့ ပေးခဲ့တယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး… ဖြစ်နိုင်တာက သူ့ရဲ့ ဒေသန္တရလေသံကြောင့်လည်း ဖြစ်မှာပေါ့”

“မင်းကတော့ သစ်ပင်လေး... မတွေ့ရတာ တော်တော်ကြာပြီပဲ… မင်းက ဘာဖြစ်လို့ ဒီလောက် အရမ်းကြီး ကြီးထွားနေရတာလဲ… တကယ်ဆိုရင် မင်းရဲ့သက်တမ်းက နှစ်ပေါင်း တစ်သိန်းနှစ်သောင်းပဲ ရှိဦးမှာပါ”

ကိုးဘုံငရဲ ရေခဲမီးလျှံမှ စကားပြောပြီးသွားသောအခါ အရှင်သခင် သားရဲသုံးကောင်မှာ လုံးဝ ဆွံ့အသွားရတော့သည်။

ရှန်မို သူတို့၏ ကိုယ်ဟန်အနေအထားများ သိသိသာသာ နှိမ့်ချသွားသည်ကို မြင်လိုက်ရသည်။

“အစ်ကိုတော် ရေခဲ...”

“တကယ်ပဲ အစ်ကိုတော် ရေခဲပဲ”

“အစ်ကိုတော် ရေခဲ... အစ်ကိုတော်က ပြန်လည်ဝင်စားတာ မဟုတ်ဘူးလား… ကျွန်တော်တို့ကို မှတ်မိနေသေးတာလား”

အရှင်သခင် သားရဲသုံးကောင်လုံး အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားကြ၏။

ကိုးဘုံငရဲ ရေခဲမီးလျှံမှ

“ဟွန်း... ငါသာ စကားမပြောခဲ့ရင် မင်းတို့ ရှန်မိုရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်တော့မှာ မဟုတ်လား”

သားရဲသုံးကောင်သည် အနေရခက်စွာ ရယ်မောခြင်းဖြင့်သာ တုံ့ပြန်နိုင်ကြတော့၏။

“မင်းရော စကားနည်းနည်းလောက် မပြောဘူးလား”

ကိုးဘုံငရဲ ရေခဲမီးလျှံမှ ကိုးဆင့်ကောင်းကင် နတ်ဘုရား မိုးကြိုးမီးလျှံဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။

“မပြောတော့ပါဘူး… ငါက ဟောင်အရှင်သခင်နဲ့ အဲဒီလောက် မရင်းနှီးဘူးလေ”

ကိုးဆင့်ကောင်းကင် နတ်ဘုရား မိုးကြိုးမီးလျှံမှ ခေါင်းခါပြလိုက်သည်။

“အင်း... ဒါဆိုရင်လည်း ပြီးတာပါပဲ… ငါတို့ အနားယူဖို့ ပြန်သွားတော့မယ်”

ကိုးဘုံငရဲ ရေခဲမီးလျှံ ခေါင်းညိတ်ပြ၏။

ထိုသို့ပြောပြီးနောက် မီးလျှံနှစ်ခုလုံး ရှန်မို၏ နတ်ဘုရားနန်းတော်အတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ပျောက်ကွယ်သွားကြသည်။

၎င်းတို့ ထွက်ခွာသွားသည်နှင့် အရှင်သခင် သားရဲသုံးကောင်အပေါ် ဖိစီးနေသော မမြင်ရသည့် ဖိအားကြီးမှာ လွင့်စင်သွားတော့သည်။

သူတို့အတွက်မူ ကိုးဘုံငရဲ ရေခဲမီးလျှံမှာ မိဘသဖွယ် လူကြီးတစ်ဦးကဲ့သို့ပင်။ သူတို့ ငယ်စဉ်က အိပ်ရာထဲ ဆီးသွားမိခဲ့သည့် အရှက်ရစရာ ကိစ္စလေးများကအစ သူတို့ အသေးစိတ် သိနေပေလိမ့်မည်။ ထိုကဲ့သို့သော တည်ရှိမှုမျိုး၏ ရှေ့တွင် သူတို့၏ အရှင်သခင် ဂုဏ်ပုဒ်များကို လုံးဝ ထုတ်ဖော်နိုင်ခြင်း မရှိကြပေ။

“အဟမ်း..”

ဟန်အင် ကောင်းကင် ညောင်ပင်ကြီးက ချောင်းဟန့်လိုက်ရင်း တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

သွေးနီရောင် အတောင်ပံကျားမှာ လေးနက်စွာဖြင့်

“သခင်ဟောင်းရဲ့ ဂူဗိမာန်ကို ဖွင့်ပြီး သူ့ကို အထဲ လွှတ်ပေးရမယ့် အချိန်တန်ပြီလို့ ငါ ယုံကြည်တယ်”

“မြွေအိုကြီး... မင်း ဘယ်လိုထင်လဲ… စောစောက မင်းရဲ့ ကန့်ကွက်မှုက အပြင်းထန်ဆုံးပဲနော်”

သေမင်းနက် ကောင်းကင်မြွေမှာ ဆွံ့အသွားသည်။ “အင်...”

ခဏအကြာတွင် သူ သတိဝင်လာပြီး သွေးနီရောင် အတောင်ပံကျားကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။

“အဓိပ္ပာယ်မရှိတာ… ငါ တစ်ခါမှ မကန့်ကွက်ခဲ့ဘူးလေ… အပြည့်အဝ သဘောတူခဲ့တာပဲ”

“ငါ ဆိုလိုတာက သခင်ဟောင်းရဲ့ အမွေအနှစ်က အလွန်အရေးကြီးတဲ့အတွက် ပေါ့ပေါ့တန်တန် မလုပ်သင့်ဘူးလို့ ပြောတာပါ”

“နွားအိုကြီး သူ့ကို ဒီခေါ်လာကတည်းက ငါ သတိထားမိပါတယ်… ဒီပုဂ္ဂိုလ်က ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင် နတ်ဘုရားတစ်ပါးလို ပုဂ္ဂိုလ်မျိုးပဲ… အရင်က ခေါ်လာတဲ့ လူသားကျင့်ကြံသူတွေနဲ့ လုံးဝကို မတူတာ”

“သူက သခင်ဟောင်းရဲ့ အမွေအနှစ်ကို ဆက်ခံဖို့ ကံပါလာတဲ့သူပဲ”

ဟန်အင် ကောင်းကင် ညောင်ပင်နှင့် သွေးနီရောင် အတောင်ပံကျားမှာ

“...”

စကားပြောသည့်နေရာတွင်မူ ထိုမြွေကြီးမှာ အမှန်တကယ်ပင် ထူးချွန်လှပေ၏။

မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးမဝ ကျေနပ်စွာဖြင့် တခစ်ခစ် ရယ်မောလိုက်သည်။ “ဒီတစ်ခါတော့ လူတွေကို မိုက်မိုက်မဲမဲ ခေါ်လာတယ်လို့ မင်းတို့ ငါ့ကို အပြစ်တင်လို့ မရတော့ဘူးနော်”

အရှင်သခင် သားရဲသုံးကောင်စလုံး တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။

ရှန်မိုသည်လည်း ရယ်မောလိုက်မိ၏။ အချိန်အတော်ကြာအောင် ဖျောင်းဖျရလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ဤမျှ လွယ်ကူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဝုန်း...

အရှင်သခင် သားရဲလေးကောင်မှာ အတူတကွ လှုပ်ရှားလိုက်ကြပြီး မန်ချန်းတောင်တန်း၏ အမြင့်ဆုံး တောင်ထိပ်ခြေရင်းသို့ ရောက်ရှိသွားကြသည်။

ပထမဆုံး ကြည့်လိုက်လျှင် ထိုတောင်ထိပ်မှာ သာမန်အတိုင်းပင် ဖြစ်ပြီး တိမ်တိုက်များထဲသို့ ထိုးထွက်နေရုံသာ ဖြစ်သည်။

ရှန်မိုမှ စိတ်ဝိညာဉ်အာရုံဖြင့် ဝေ့ဝဲကြည့်သည့်တိုင်အောင် ၎င်းအတွင်း၌ ဝှက်ထားသော နန်းတော်တစ်ခုကိုမျှ ရှာမတွေ့ခဲ့ပေ။

“သခင်ဟောင်း... ကျေးဇူးပြုပြီး လမ်းဖွင့်ပေးပါဦး”

အရှင်သခင် သားရဲလေးကောင်မှာ တောင်ထိပ်ရှေ့တွင် ဒီရေလှိုင်းတစ်ခုကဲ့သို့ တညီတညွတ်တည်း ဒူးထောက်လိုက်ကြသည်။ သူတို့၏ သွေးစွမ်းအင်များမှာ အပြင်သို့ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး တောင်ကြီးအတွင်းသို့ စီးဝင်သွားသည်။

တောင်၏ အတွင်းပိုင်းမှ ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် ရုတ်တရက်ပင် တောင်၏ အလယ်ဗဟိုတွင် ကြီးမားသော အက်ကြောင်းကြီးတစ်ခု ပွင့်သွားလေသည်။

ရှန်မိုမှာ အတွင်း၌ ဘာရှိသည်ကို မမြင်ရသော်လည်း ၎င်းအတွင်း၌ ဟင်းလင်းပြင် အက်ကြောင်းတစ်ခု ဝှက်ထားကြောင်းကို ချက်ချင်း ခံစားမိလိုက်သည်။

“ဒီအက်ကြောင်းကို ဖြတ်သွားရင် သခင်ဟောင်းရဲ့ ဂူဗိမာန်ကို ရောက်လိမ့်မယ်”

“ငါတို့ကတော့ လိုက်လို့ မရဘူး… မင်းတစ်ယောက်တည်းပဲ ဝင်နိုင်တယ်”

မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးမှ ရိုရိုသေသေ ပြောလိုက်သည်။

ရှန်မိုသည် ထိုအခါမှ သဘောပေါက်သွားတော့သည်။

သူ ဘာကြောင့် ဘာမျှ မခံစားမိရသလဲဆိုသည်မှာ မထူးဆန်းတော့ပေ။

ဟောင်အရှင်သခင်၏ ဂူဗိမာန်မှာ ဟင်းလင်းပြင်အတွင်းရှိ ဖျက်ဆီးခြင်း လေစီးကြောင်းများကြားထဲတွင် ရှိနေခြင်းဖြစ်ပြီး ဤမြင့်မြတ်သော နက်နဲရာ ကမ္ဘာမြေအတွင်းမှာ ရှိနေခြင်း မဟုတ်ပေ။

ဟင်းလင်းပြင် လေစီးကြောင်းများအတွင်း၌ သန့်စင်သော ဖျက်ဆီးခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး ပုံရိပ်နှစ်ခုမှာ အလျင်အမြန် ဖြတ်သန်းနေကြသည်။ သူတို့၏ အောက်တွင်မူ အင်အားကြီးမားသော ဟင်းလင်းပြင် သားရဲနှစ်ကောင် ရှိနေ၏။ သို့သော် ထိုသားရဲများကို အသုံးမပြုလျှင်ပင် သူတို့၏ သန်မာသော ခန္ဓာကိုယ်နှင့် ကြွယ်ဝလှသော စိတ်ဝိညာဉ်စွမ်းအားများမှာ ဟင်းလင်းပြင်အတွင်း လွတ်လပ်စွာ သွားလာနိုင်ရန် လုံလောက်လှပေသည်။

ဒါက အထွတ်အထိပ် ပညာရှင်တွေရဲ့ စွမ်းအားပဲ။ အထွတ်အထိပ် ပညာရှင်များသာလျှင် ဟင်းလင်းပြင် သားရဲများ၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုကာ ဟင်းလင်းပြင်အတွင်း လိုသလို သွားလာနိုင်ကြခြင်း ဖြစ်သည်။

ထိုအထွတ်အထိပ် ပညာရှင်နှစ်ဦးစလုံးမှာ ဝတ်ရုံနက်များကို ဆင်မြန်းထားကြ၏။ တစ်ဦးမှာ အရပ်ရှည်ပြီး ကိုယ်လုံးကိုယ်ထည် ကြီးမားကာ နုပျိုသော မျက်နှာရှိ၍ အခြားတစ်ဦးမှာမူ ခါးကုန်းနေပြီး အိုမင်းသော ပုံစံရှိသည်။

အိုမင်းသော အထွတ်အထိပ် ပညာရှင်က အသံနက်ကြီးဖြင့်

“နောက်ထပ် ကမ္ဘာငယ်တစ်ခုလည်း နတ်ဆိုးတွေလက်ထဲ ကျသွားပြီပဲ… ဒီကိစ္စကို နတ်ဘုရားနယ်မြေဆီ ချက်ချင်း သတင်းပို့ရမယ်”

အရပ်ရှည်သော အထွတ်အထိပ် ပညာရှင်မှ ခေါင်းညိတ်လိုက်သည်။ သူတို့ လမ်းကြောင်းပြောင်းရန် ပြင်လိုက်စဉ်မှာပင် ထူးဆန်းသော လှုပ်ရှားမှုတစ်ခုကို ရုတ်တရက် ခံစားမိလိုက်ကြ၏။

“နောက်ထပ် ကမ္ဘာငယ်တစ်ခုလား”

သူတို့၏ စိတ်များ လှုပ်ရှားသွားပြီး ထိုလမ်းကြောင်းဆီသို့ ချက်ချင်း အပြေးသွားကြသည်။ အန္တရာယ်ရှိသော ဟင်းလင်းပြင် ဝဲဂယက်များစွာကို ဖြတ်သန်းပြီးနောက် အလင်းတန်းတစ်ခုကို တွေ့ရှိခဲ့လေသည်။

ထိုအလင်းတန်းအတွင်း၌ ရှေးကျပြီး ကျယ်ပြောလှသော ကမ္ဘာတစ်ခု ကိန်းအောင်းနေ၏။

အရပ်ရှည်သော အထွတ်အထိပ် ပညာရှင်မှာ အံ့အားသင့်သွားသည်။

“ဒီအလင်းရောင်က... မြင့်မြတ်သော နက်နဲရာ ကမ္ဘာမြေထက်တောင် ပိုပြီး ရှေးကျနေပါလား”

အိုမင်းသော အထွတ်အထိပ် ပညာရှင်မှာလည်း အလားတူပင် အံ့သြသွားသည်။

“ဒီကမ္ဘာငယ်ကို... ငါတို့ တစ်ခါမှ မမြင်ဖူးဘူး”

“ပြီးတော့ ထွက်ပေါ်နေတဲ့ အငွေ့အသက်အရဆိုရင် ဒီကမ္ဘာက နတ်ဆိုးတွေရဲ့ ညစ်ညမ်းစေမှုကို မခံရသေးတဲ့ ပုံပဲ”

သူတို့နှစ်ဦး မျက်လုံးချင်း ဆုံလိုက်ကြပြီး နှစ်ဦးစလုံး၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာသည်။

ရှေးကျလှသော ကမ္ဘာငယ်တစ်ခု။

နတ်ဆိုးတွေရဲ့ ညစ်ညမ်းမှုကို မခံရသေးတဲ့ ကမ္ဘာငယ်တစ်ခု။

ဒါက အလွန်ကို အရေးကြီးတဲ့ ကိစ္စပဲ။

ထိုကဲ့သို့သော ကမ္ဘာကို ဘယ်လိုနည်းနဲ့မဆို ကာကွယ်ရမည်ဖြစ်သည်။

“ငါတို့ ဝင်ပြီး ကြည့်ကြရအောင်”

သူတို့နှစ်ဦးစလုံး ကမ္ဘာငယ်ဆီသို့ အတူတကွ အပြေးဝင်သွားကြသည်။ သူတို့ နီးကပ်သွားသည်နှင့်အမျှ အလင်းရောင်မှာ ပို၍ ကြီးမားလာပြီး ပို၍ တောက်ပလာသည်။ နောက်ဆုံးတွင် ထိုအရာမှ သူတို့နှစ်ဦးကို လုံးဝ ဝါးမြိုသွားတော့၏။

သူတို့ ခံစားမိသည်မှာ နူးညံ့သော ရေလွှာတစ်ခုကို ဖြတ်သန်းသွားရသကဲ့သို့ပင်။

သူတို့၏ အမြင်အာရုံများ ပြန်လည်ကြည်လင်လာသောအခါ အဆုံးမရှိ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးတစ်ခု၏ အထက်တွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

နူးညံ့သော ပင်လယ်လေပြေက သူတို့၏ မျက်နှာကို လာရောက်ထိတွေ့နေ၏။ သူတို့၏ အောက်တွင်မူ ငြိမ်သက်နေသော လှိုင်းလုံးများ လှိမ့်တက်နေလေသည်။ မနီးမဝေးတွင် ဆိပ်ကမ်းတစ်ခုနှင့်အတူ တည်ဆောက်ထားသော မြို့တစ်မြို့ရှိသည်။ ပင်လယ်ပြင်တွင် ငါးဖမ်းလှေများစွာ မျောပါနေပြီး ပိုက်ကွန်များကို ပစ်ချနေကြ၏။

သူတို့ မျက်လုံးများကို ပိတ်ကာ အာရုံခံကြည့်လိုက်ကြသည်။

အိုမင်းသော အထွတ်အထိပ် ပညာရှင်မှ လေးနက်စွာဖြင့်

“ဒီမှာရှိတဲ့ ဝိညာဉ်စွမ်းအားက သိပ်မသိပ်သည်းဘူး… အများဆုံးရှိလှမှ ထင်ရှားခြင်းနယ်ပယ် ကျင့်ကြံသူတွေကိုပဲ ထောက်ပံ့ပေးနိုင်လိမ့်မယ်”

အရပ်ရှည်သော အထွတ်အထိပ် ပညာရှင်မှ ဝေးကွာသော မြို့ဆီသို့ လက်ညှိုးညွှန်ပြလိုက်သည်။ “အဲဒီမြို့ထဲမှာ ထင်ရှားခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက် ရှိနေတယ်… သူက ဒီကမ္ဘာငယ်မှာ အသန်မာဆုံးသူ ဖြစ်လိမ့်မယ်”

“ငါတို့ သူ့ကို သွားရှာကြရအောင်”

...

ယုဟိုင်မြို့၏ အမြင့်ဆုံး တောင်ထိပ်ပေါ်တွင် ရင့်ကျက်ပြီး ကျော့ရှင်းလှပသော အမျိုးသမီးတစ်ဦးမှာ ပင်လယ်ပြင်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ အမျိုးသမီးသည် သူ၏ ကိုယ်လုံးကိုယ်ပေါက်ကို ကွက်တိကျစေသော မိုးပြာရောင် နန်းတွင်းဝတ်စုံကို ဆင်မြန်းထားပြီး အနောက်တွင်မူ ကျင့်ကြံသူအချို့ ရပ်နေကြသည်။

ခြွင်းချက်မရှိဘဲ သူတို့အားလုံးမှာ ဘေးတွင် ရိုရိုသေသေ ရပ်နေကြခြင်း ဖြစ်သည်။ သူတို့သည် ဝေးကွာသော နေရာများမှ လာကြသူများဖြစ်ပြီး ယုထင်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် တွေ့ဆုံရန် သူတို့၏ ဂိုဏ်းများကိုယ်စား လာရောက်ကြခြင်း ဖြစ်သော်လည်း ယခုအချိန်တွင် မည်သူမျှ စိတ်မရှည်သည့် ပုံစံကိုပင် မပြရဲကြပေ။

အကြောင်းမှာ ဤဂိုဏ်းချုပ်သည် နေ့စဉ် ဤနေရာတွင် ခဏတာ ရပ်တန့်ကာ ပင်လယ်ပြင်ကို ကြည့်ရှုလေ့ရှိသည့် အလေ့အကျင့်ရှိကြောင်း သူတို့ သိထားသောကြောင့် ဖြစ်၏။

ဤသည်မှာ သူ၏ မပြောင်းလဲနိုင်သော အလေ့အကျင့် တစ်ခုပင် ဖြစ်သည်။ မည်မျှပင် မြင့်မြတ်သော ဧည့်သည်ဖြစ်ပါစေ ဤအလေ့အကျင့်ကို မပြောင်းလဲနိုင်ပေ။

ထိုအချိန်တွင် ကောင်းကင်ယံမှ ပြင်းထန်သော လေပြင်းနှစ်ခု ရုတ်တရက် ဆင်းသက်လာခဲ့သည်။ ကျင့်ကြံသူများမှာ ချက်ချင်းပင် ထိုပုံရိပ်နှစ်ခုထံသို့ လှည့်ကြည့်လိုက်ကြပြီး သတိဝီရိယများကို မြှင့်တင်လိုက်ကြသည်။

သူတို့၏ အာရုံထဲတွင်မူ ဤနှစ်ဦးမှာ မြင့်မားလှသော တောင်ကြီးများကဲ့သို့၊ ကျယ်ပြောလှသော သမုဒ္ဒရာကြီးများကဲ့သို့ပင်။

တစ်ခဏတွင် သူတို့သည် ခန့်မှန်းရခက်သော ဆရာသခင်ကြီးများကဲ့သို့ ထင်ရသော်လည်း နောက်တစ်ခဏတွင်မူ ကလေးငယ်များကဲ့သို့ ရိုးရှင်းကာ အလွယ်တကူ သိမြင်နိုင်သော ပုံစံမျိုး ဖြစ်နေသည်။ ဆန့်ကျင်ဘက် ခံစားချက်များစွာမှာ ဤနှစ်ဦးအပေါ်တွင် စုစည်းနေကြ၏။ သူတို့မှာ မှန်းဆ၍မရနိုင်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

“ရှင်တို့က ဘယ်သူတွေလဲ… ဘာဖြစ်လို့ ဒီကို ရုတ်တရက် ရောက်လာတာလဲ… ရှင်တို့ရဲ့ အထောက်အထားကို ပြောစမ်း”

ယုထင်ဂိုဏ်းမှ အမျိုးသမီး ကျင့်ကြံသူတစ်ဦးမှ အေးစက်ပြီး လေးနက်သောအသံဖြင့် ရှေ့သို့ တိုးထွက်ကာ မေးလိုက်သည်။

Chapter 707 ရှင်တို့ လူတစ်ယောက်ကို တွေ့မိလား နာမည်က ရှန်မိုတဲ့

ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိလှသော အမျိုးသမီးသည်လည်း လှည့်ကြည့်လိုက်သည်။

သူ၏ လှပသော မျက်ခုံးအစုံမှာ အနည်းငယ် တွန့်ကွေးသွား၏။ လှပသော မျက်ဝန်းအစုံမှာလည်း ထိုအမျိုးသားနှစ်ဦးကို မမှိတ်မသုန် စိုက်ကြည့်နေသည်။ ထိုသူနှစ်ဦးမှာ သူ့ကို အလွန်အန္တရာယ်ရှိသော ခံစားချက်မျိုး ပေးစွမ်းနေသည်။ သူတို့၏ လက်ချောင်းလေးများကို တစ်ချက်မျှ လှုပ်ရုံဖြင့်ပင် ဤနေရာတွင် ရှိနေသော ကျင့်ကြံသူအားလုံးကို အလွယ်တကူ သုတ်သင်ပစ်နိုင်မည့်ပုံပင်။

သို့သော် ထိုသူနှစ်ဦးမှာ သူတို့၏ အရှိန်အဝါများကို အပြည့်အဝ ထုတ်ဖော်မထားပေ။ ထိုအစား သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားပြီး တည်ရှိမှုကို ကျစ်လျစ်စွာ ရုပ်သိမ်းထားကြသည်။

အမျိုးသမီးမှ အသံတိုးတိုးဖြင့်

“ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ပါနဲ့”

“ဟုတ်ကဲ့”

အမျိုးသမီး ကျင့်ကြံသူမှာ ချက်ချင်းပင် ပြန်ဆုတ်သွားတော့သည်။

ခေါင်းဆောင် အမျိုးသမီးမှ ကြည်လင်သောအသံဖြင့် မေးလိုက်သည်။

“ရှင်တို့နှစ်ယောက် ဘယ်ကလာသလဲဆိုတာ မေးပါရစေ”

အရပ်ရှည်သော အထွတ်အထိပ် ပညာရှင်မှ ပြုံးလိုက်ပြီး

“ငါက ရှန့်ရွှမ်းကမ္ဘာ… အလယ်ပိုင်းပြည်နယ်က ချန်ယွမ် အင်ပါယာရဲ့ အထွတ်အထိပ် ပညာရှင် ယွမ်လိပါ”

အိုမင်းသော အထွတ်အထိပ် ပညာရှင်ကလည်း တည်ငြိမ်စွာပင်

“ငါကတော့ ရှန့်ရွှမ်းကမ္ဘာ၊ အလယ်ပိုင်းပြည်နယ်က ရှေးဦးဝိညာဉ် သန့်စင်နယ်မြေရဲ့ အထွတ်အထိပ် ပညာရှင် ဆုမ်းယန်မင်”

အရပ်ရှည်သော အထွတ်အထိပ် ပညာရှင်မှ ဆက်၍

“အဲဒီ အမျိုးသမီး ကျင့်ကြံသူက ဒီကမ္ဘာရဲ့ အသန်မာဆုံးသူ ဖြစ်လိမ့်မယ် မဟုတ်လား… ငါတို့နဲ့အတူ ခဏလောက် လိုက်ခဲ့လို့ ရမလား… ငါတို့ မေးစရာလေးတွေ ရှိလို့ပါ”

ရှန့်ရွှမ်းကမ္ဘာ?

အလယ်ပိုင်းပြည်နယ်?

ချန်ယွမ် အင်ပါယာ?

ရှေးဦးဝိညာဉ် သန့်စင်နယ်မြေ?

အထွတ်အထိပ် ပညာရှင်?

ဤအသုံးအနှုန်းများကို သူတို့ တစ်ခါမျှ မကြားဖူးကြပေ။

ကျင့်ကြံသူများသည် တစ်ဦးကိုတစ်ဦး ဝေခွဲမရစွာ ကြည့်လိုက်ကြသည်။

အမျိုးသမီးမှာ မျက်မှောင်ကြုတ်သွား၏။

“ကျွန်မ ရှင်တို့နဲ့ လိုက်ခဲ့ပါ့မယ်… ဒါပေမဲ့ ဒီနယ်မြေက လူသားမျိုးနွယ်တွေကို အန္တရာယ်မပြုပါနဲ့လို့ တောင်းဆိုချင်ပါတယ်”

သူ သိရှိထားပြီးဖြစ်သည်။

ဤနှစ်ဦးမှာ မည်သည့်နည်းနှင့်မျှ ဤကမ္ဘာမှ မဟုတ်ပေ။ သူတို့သည် ပြင်ပလောကမှ လာကြသူများ ဖြစ်ရမည်။

အထွတ်အထိပ် ပညာရှင်နှစ်ဦးစလုံး ပြုံးလိုက်ကြပြီး

“စိတ်မပူပါနဲ့… ငါတို့လည်း လူသားမျိုးနွယ်တွေပဲ… လူသားတွေကို ဘယ်လိုလုပ် သတ်ဖြတ်မှာလဲ”

ခဏအကြာတွင် သူတို့ သုံးဦးမှာ လူသူကင်းမဲ့သော လွင်ပြင်တစ်ခုသို့ ရောက်ရှိသွားကြ၏။

ဆုမ်းယန်မင်မှ ရွှင်ပျသောအသံဖြင့်

“ဒီက အမျိုးသမီး ကျင့်ကြံသူရဲ့ နာမည်က ဘယ်သူလဲ”

အမျိုးသမီးက တည်ငြိမ်စွာ ပြန်ဖြေသည်။

“မူယုံးယွဲ့ပါ”

ဆုမ်းယန်မင် ခေါင်းညိတ်လိုက်သည်။

“ကျင့်ကြံသူ မူယုံး... ငါတို့မှာ ဘာရန်လိုတဲ့ စိတ်မှ မရှိပါဘူး… မင်းကို မေးစရာလေးတွေ ရှိလို့ပါ”

မူယုံးယွဲ့ ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်မ ခန့်မှန်းမိပါတယ်… အကယ်၍ ရှင်တို့မှာ ရန်လိုတဲ့စိတ် ရှိနေရင် ကျွန်မတို့ အားလုံး သေနေကြပြီလေ”

ဆုမ်းယန်မင် ပြုံးလိုက်ပြီး ချက်ချင်းပင် မေးခွန်းများစွာ မေးတော့သည်။

“ဒီကမ္ဘာရဲ့ နာမည်က ဘာလဲ… ဒီမှာ အသန်မာဆုံး ကျင့်ကြံသူက ဘယ်အဆင့်မှာလဲ… ဟင်းလင်းပြင်ကို ဖြတ်သန်းနိုင်တဲ့ နည်းလမ်းရော ရှိသလား”

မူယုံးယွဲ့ တစ်ခုချင်းစီကို ပြန်ဖြေပေး၏။

“ဒီနေရာက ကုကျိုးပါ… အသန်မာဆုံး ကျင့်ကြံသူက ဓမ္မပုံရိပ် ရုပ်လုံးပေါ်အဆင့် ရှိပါတယ်… ဟင်းလင်းပြင်ကို ဖြတ်သန်းနိုင်တဲ့ နည်းလမ်းတော့ မရှိပါဘူး”

ဆုမ်းယန်မင်နှင့် ယွမ်လိတို့ မှင်သက်သွားကြသည်။ သူတို့နှစ်ဦးစလုံး တညီတညွတ်တည်း အော်ဟစ်လိုက်မိ၏။

“ကုကျိုး… ဟုတ်လား!”

မူယုံးယွဲ့ နားမလည်စွာဖြင့် မေးလိုက်သည်။

“ရှင်တို့ ဘာလို့ ဒီလောက်တောင် အံ့သြသွားရတာလဲ”

ယွမ်လိသည် သူ၏ စိတ်လှုပ်ရှားမှုများကို မထိန်းနိုင်မီ အသက်ကို ပြင်းပြင်းရှူလိုက်ရသည်။

ကုကျိုးကမ္ဘာဆိုသည်မှာ ဟောင်အရှင်သခင်၊ မီးလျှံဧကရာဇ်နှင့် စစ်နတ်ဘုရားတို့ကဲ့သို့သော သူတော်စင်နယ်မြေ ပညာရှင်ကြီးများ တစ်ခေတ်တစ်ခါက လွှမ်းမိုးခဲ့သည့် မွေးရပ်မြေ ဖြစ်သည်။ ၎င်းကို ထိုသူတော်စင်ကြီးများ၏ ဘိုးဘွားပိုင်နယ်မြေဟုပင် ဆိုနိုင်သည်။

အထွတ်အထိပ် ပညာရှင်တစ်ဦးသည် သူတော်စင်အဆင့်သို့ တက်လှမ်းသွားသည်နှင့် ၎င်းကို ပျိုးထောင်ပေးခဲ့သော ဘိုးဘွားပိုင်နယ်မြေမှာ ထူးခြားသော လက္ခဏာရပ်များ ရှိလာတတ်သည်။ ဤကုကျိုးကမ္ဘာမှာ အလွန်အင်အားကြီးမားသော သူတော်စင်ကြီးများစွာ၏ မွေးဖွားရာနှင့် ထွန်းကားရာကို မျက်မြင်တွေ့ခဲ့ရသည့် နေရာဖြစ်သည်။ ၎င်းကို ကမ္ဘာပေါ်တွင် အထူးခြားဆုံးသော ဘိုးဘွားပိုင်နယ်မြေတစ်ခုအဖြစ် လူအများက ကြာမြင့်စွာကတည်းက သတ်မှတ်ခဲ့ကြသည်။

သို့သော် ထိုစဉ်က နတ်ဘုရားနှင့် နတ်ဆိုးစစ်ပွဲကြောင့် ကုကျိုးသည် ရှန့်ရွှမ်းနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့၏။ နောက်ဆုံးတွင် ၎င်းသည် အဆုံးမရှိလှသော ဟင်းလင်းပြင် လေစီးကြောင်းများထဲတွင် ပျောက်ကွယ်သွားပြီး အထွတ်အထိပ် ပညာရှင်များ နှစ်ပေါင်း တစ်သိန်းနီးပါး ရှာဖွေခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။

ယခုအခါ သူတို့သည် ဟင်းလင်းပြင်အတွင်း လှည့်လည်သွားလာရင်း နတ်ဆိုးမျိုးနွယ်စု၏ ဖျက်ဆီးခြင်း ခံနေရသော ကမ္ဘာငယ်များကို ကယ်တင်ခြင်းအပြင် အခြားသော ရှေးဟောင်းတာဝန်တစ်ခု ဖြစ်သည့် ကုကျိုးကမ္ဘာကို ဆက်လက်ရှာဖွေခြင်းကိုလည်း လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

ဒါကို ဒီနေ့မှာ ရှာတွေ့လိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။

သူတို့ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ။

ဆုမ်းယန်မင်မှ လေးနက်စွာဖြင့်

“ကျင့်ကြံသူ မူယုံး... ငါတို့က ကုကျိုးကမ္ဘာကို အမြဲတမ်း လိုက်ရှာနေခဲ့တာပါ”

ထို့နောက်တွင် သူ နတ်ဘုရားနှင့် နတ်ဆိုးစစ်ပွဲကြီးကြောင့် ကုကျိုးသည် ရှန့်ရွှမ်းကမ္ဘာနှင့် ကွဲကွာသွားကာ ဟင်းလင်းပြင်အတွင်းသို့ ကျရောက်သွားရသည့် အကြောင်းကို အတိုချုံး ပြောပြလိုက်၏။

မူယုံးယွဲ့မှာ နားထောင်ရင်း မှင်သက်သွားရသည်။

ကုကျိုးကမ္ဘာမှာ ကမ္ဘာငယ်လေးတစ်ခုသာ ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ပိုမိုကြီးမားသော ကမ္ဘာကြီးတစ်ခုမှ ပြုတ်ကျလာသည့် အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်တဲ့လား။

အကယ်၍ အဲဒါသာ အမှန်ဆိုရင် အဲဒီကမ္ဘာကြီးက ဘယ်လောက်တောင် ကျယ်ပြောလိုက်မလဲ။

မူယုံးယွဲ့သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး အလျင်အမြန် မေးလိုက်သည်။ “ရှင်တို့က အထွတ်အထိပ် ပညာရှင်တွေဆိုတော့ အင်အားကြီးမားတဲ့ နတ်ဘုရားစွမ်းအားတွေ ရှိကြမှာပဲ… ရှင်တို့ လူတစ်ယောက်ကို မြင်ဖူးသလား”

“သူ့နာမည်က ရှန်မိုပါ… သူက ကျွန်မရဲ့ တာအိုအဖော်ပါ”

ရှန်မိုသည် ကုကျိုးကမ္ဘာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်မှာ ဆယ်စုနှစ်အချို့ပင် ရှိနေပြီဖြစ်သည်။

နှစ်စဉ်၊ လတိုင်း၊ နေ့တိုင်း မူယုံးယွဲ့သည် သူပြန်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။ နေ့စဉ်နှင့်အမျှ သူ တမ်းတနေခဲ့သော်လည်း ရှန်မိုကတော့ ပေါ်မလာခဲ့ပေ။ သူ လူ့လောကထဲမှ လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ အစအနပင် မကျန်ခဲ့ပေ။

ရှန်မို၏ စရိုက်အရ သူသည် ဟင်းလင်းပြင်စွမ်းအားကို နားလည်သွားပြီး ၎င်းကို ဖြတ်သန်းကာ ကမ္ဘာကြီးဆီသို့ သွားနိုင်ခဲ့လျှင်ပင် မထွက်ခွာမီ အနည်းဆုံးတော့ အသိပေးခဲ့မှာ သေချာသည်။

သို့သော် ရှန်မိုမှာ အလွန်ရုတ်တရက် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

မူယုံးယွဲ့ကတော့ ရှန်မိုသည် နှုတ်ဆက်ရန်ပင် အချိန်မရလောက်အောင် အရေးကြီးသည့် မမျှော်လင့်ထားသော ကိစ္စတစ်ခုခုနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်မည်ဟု ခန့်မှန်းထားသည်။

ယခုအခါ ဤအင်အားကြီးမားသော ပြင်ပလူနှစ်ဦး ရောက်ရှိလာသဖြင့် မူယုံးယွဲ့ ဤကိစ္စကို ရုတ်တရက် သတိရသွားခြင်း ဖြစ်သည်။

ရှန်မို၏ ပြိုင်ဘက်ကင်းသော ပါရမီဖြင့် သူသည် ဟင်းလင်းပြင် လေစီးကြောင်းများကြားတွင် သေဆုံးသွားဖို့ မဖြစ်နိုင်ပေ။ သူသည် ဤအထွတ်အထိပ် ပညာရှင်နှစ်ဦး ပြောပြသည့် ရှန့်ရွှမ်းကမ္ဘာဟု ခေါ်သော ကမ္ဘာကြီးသို့ ရောက်ရှိသွားခြင်း ဖြစ်နိုင်ခြေ အလွန်များသည်။

ဆုမ်းယန်မင်နှင့် ယွမ်လိတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ခေါင်းခါလိုက်ကြသည်။

ဆုမ်းယန်မင်မှ အသံနက်ကြီးဖြင့်

“တောင်းပန်ပါတယ်… ငါတို့က ဟင်းလင်းပြင်ထဲမှာ လှည့်လည်နေခဲ့တာ ကြာပါပြီ… လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကတည်းက ရှန့်ရွှမ်းကမ္ဘာကို မပြန်ဖြစ်တော့ဘူး”

ယွမ်လိ ခဏမျှ စဉ်းစားပြီးနောက်

“မင်းရဲ့ တာအိုအဖော် ရှန်ဆိုတဲ့ ကျင့်ကြံသူက အဲဒီတုန်းက နိဗ္ဗာန်အဆင့်မှာပဲ ရှိသေးတာ မဟုတ်လား”

မူယုံးယွဲ့ ခေါင်းညိတ်ပြသည်။

“နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက် ဟင်းလင်းပြင်ကို ဖြတ်သန်းဖို့က အများကြီး လိုပါသေးတယ်… သူက နိဗ္ဗာန်အဆင့်မှာကတည်းက ဟင်းလင်းပြင် စွမ်းအားကို နားလည်နေခဲ့တာ မဟုတ်ရင်ပေါ့”

“ဒါ့အပြင် ကုကျိုးကမ္ဘာက ရှန့်ရွှမ်းကမ္ဘာနဲ့ အလွန်အလှမ်းဝေးတယ်… တိကျတဲ့ တည်နေရာ မရှိဘဲနဲ့ သူက ဟင်းလင်းပြင်ထဲမှာပဲ လမ်းပျောက်သွားလိမ့်မယ်… အလွန်ကြီးမားတဲ့ ကံကောင်းမှုမျိုး မရှိရင် ရှန့်ရွှမ်းကမ္ဘာကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ”

ယွမ်လိ မျက်မှောင်ကြုတ်လိုက်ပြီး

“ကျင့်ကြံသူ မူယုံး... မင်းရဲ့ တာအိုအဖော်က သေဆုံးသွားလောက်ပြီ ထင်တယ်”

မူယုံးယွဲ့မှ ပြတ်သားစွာ ခေါင်းခါလိုက်သည်။ “မဖြစ်နိုင်ပါဘူး… ရှန်မို မသေနိုင်ပါဘူး”

မူယုံးယွဲ့၏ ခိုင်မာသော ယုံကြည်မှုကို မြင်လိုက်ရသည့်အခါ ဆုမ်းယန်မင်နှင့် ယွမ်လိတို့မှာလည်း ခေါင်းခါလိုက်ကြရတော့သည်။ ဝမ်းနည်းစရာ ကောင်းသော ရလဒ်တစ်ခုကို လက်မခံချင်ခြင်းမှာ သက်ရှိအားလုံး၏ သဘာဝပင် ဖြစ်သည်။ သူတို့၏ အဆင့်တွင်ပင် ထိုကဲ့သို့သော စိတ်ခံစားချက်များကို လုံးဝ ရှောင်လွှဲ၍ မရပေ။ သူတို့ ထပ်ပြီး ဘာမှ မပြောတော့ပေ။

“ကျင့်ကြံသူ မူယုံး... ငါတို့က ကုကျိုးကမ္ဘာရဲ့ တည်နေရာကို သတ်မှတ်ဖို့အတွက် ဒီမှာ ကြီးမားတဲ့ အစီအရင်တစ်ခု တည်ဆောက်ပေးမယ်”

“အခုကစပြီး ဘယ်ကျင့်ကြံသူမဆို ကုကျိုးကမ္ဘာ တည်ရှိနေတာကို သိရှိနိုင်တော့မယ်”

“ငါတို့ သူတော်စင်တစ်ဦးကို ဖိတ်ကြားပြီးတာနဲ့ ကုကျိုးကမ္ဘာနဲ့ ရှန့်ရွှမ်းကမ္ဘာကြားက အကွာအဝေးကို ပိုပြီး နီးကပ်လာအောင် ဆွဲယူနိုင်လိမ့်မယ်”

“အဲဒီအချိန်ကစပြီး ကုကျိုးကမ္ဘာက ရှန့်ရွှမ်းကမ္ဘာနဲ့ နောက်တစ်ကြိမ် ပြန်လည် ပေါင်းစည်းနိုင်တော့မှာပါ”

“မင်းတို့ ကုကျိုးက ကျင့်ကြံသူတွေလည်း အဆင့်ကန့်သတ်ချက်တွေ မရှိတော့ဘဲ ကျင့်ကြံခြင်းမှာ ဆက်ပြီး တိုးတက်နိုင်တော့မှာပါ”

ဆုမ်းယန်မင် ပြုံးလျက် ဆိုသည်။

မူယုံးယွဲ့မှာ လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ ဤအရာမှာ အလွန်ကြီးမားသော ကံကောင်းမှုပင် ဖြစ်၏။

ရှန်မို မပျောက်ကွယ်သွားမီကတည်းက ကုကျိုးကမ္ဘာ၏ စိတ်ဝိညာဉ်စွမ်းအားမှာ မကြွယ်ဝကြောင်း သူ ပြောပြခဲ့ဖူးသည်။ ၎င်းမှာ ကျင့်ကြံခြင်းအပေါ် အကန့်အသတ်တစ်ခု ဖြစ်ပေါ်စေ၏။ ထူးချွန်လှသော ကျင့်ကြံသူများစွာမှာ တစ်ချိန်က ဓမ္မရုပ်လုံးပေါ်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြသော်လည်း ဆက်လက်၍ မကျော်ဖြတ်နိုင်ဘဲ နောင်တကြီးစွာဖြင့် သေဆုံးခဲ့ကြရသည်။

မူယုံးယွဲ့မှာမူ သူ၏ အင်အားကြီးမားသော ခန္ဓာကိုယ်၊ ကျန်ရှိနေသော ဝိညာဉ်များ၏ ကာကွယ်မှုနှင့် ရှန်မို ချန်ထားခဲ့သော ကောင်းကင်တာအို ရတနာတိုက်တို့ကြောင့် ကျင့်ကြံခြင်းတွင် အလျင်အမြန် တိုးတက်ခဲ့သည်။ ယခုအခါ သူလည်း ဓမ္မရုပ်လုံးပေါ်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။

သူကိုယ်တိုင်မှာ ဘဝတစ်လျှောက်လုံး ခက်ခက်ခဲခဲ ရုန်းကန်ရပြီး နောက်ဆုံးတွင် နောင်တနှင့် သေဆုံးရလိမ့်မည်ဟု ထင်ထားခဲ့သည်။ ကျော်ဖြတ်နိုင်မည့် အခွင့်အရေးသည် ဤမျှ စောစီးစွာ ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

“ကျင့်ကြံသူ မူယုံး... မင်းရဲ့ အသက်က အခု ဘယ်လောက်ရှိပြီလဲ”

ယွမ်လိမှ ရုတ်တရက် မေးလိုက်သည်။

မူယုံးယွဲ့မှ

“နှစ်ပေါင်း ခြောက်ရာကျော်ပါ”

ဆုမ်းယန်မင် အံ့အားသင့်သွားသည်။

“ခြောက်ရာကျော်ပဲ ရှိသေးတာကို ဓမ္မရုပ်လုံးပေါ်ခြင်းအဆင့် အထွတ်အထိပ်ကို ရောက်နေပြီလား”

“မင်းမှာ အင်အားကြီးတဲ့ ခန္ဓာကိုယ်တစ်ခုခု ရှိနေလို့လား”

မူယုံးယွဲ့မှ

“နတ်ဘုရားမီးလျှံ သန့်စင်သော ရေခဲခန္ဓာကိုယ်ပါ”

သူ့ ခန္ဓာကိုယ်မှာ မရေမတွက်နိုင်သော ကောင်းကင်ရတနာများဖြင့် နှစ်ပေါင်းများစွာ သန့်စင်ပြီးနောက် သန့်စင်သော ခန္ဓာကိုယ်အဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်သည်။

တစ်ချိန်က တောက်လောင်မီးလျှံ နက်နဲရေခဲ ခန္ဓာကိုယ်မှာ ယခုအခါ နတ်ဘုရားမီးလျှံ သန့်စင်သော ရေခဲခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

ထိုသူနှစ်ဦးစလုံး ပို၍ပင် အံ့အားသင့်သွားကြ၏။

“သန့်စင်သော ခန္ဓာကိုယ်လား”

“မူယုံး... ငါတို့ မေးပါရစေ… ကုကျိုးကမ္ဘာက ကျင့်ကြံသူတွေထဲမှာ ကောင်းကင်အဆင့် ခန္ဓာကိုယ် ဒါမှမဟုတ် သန့်စင်သော ခန္ဓာကိုယ် ပိုင်ဆိုင်ထားသူတွေ အများကြီး ရှိတာလား”

သူတို့၏ အသံထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

Chapter 708 ငါတို့နဲ့အတူ လိုက်မလား

အမျိုးသားနှစ်ဦး၏ မျက်နှာထက်မှ အမူအရာများကို မြင်လိုက်ရသည့်အခါ မူယုံးယွဲ့ အံ့အားသင့်သွားရသည်။ ရှန့်ရွှမ်းကမ္ဘာရှိ ကျင့်ကြံသူျားတွင် ထူးခြားသော ခန္ဓာကိုယ်များ မရှိကြ၍များလားဟု သူ တွေးမိသွား၏။

ထို့နောက် မူယုံးယွဲ့ အမှန်အတိုင်း အကုန်ရှင်းပြလိုက်သည်။ သူ့ အမြင်အရ ကုကျိုးကမ္ဘာရှိ ကျင့်ကြံသူတစ်ဦးသည် အနည်းငယ်မျှ ပါရမီရှိရုံဖြင့် ထူးခြားသော ခန္ဓာကိုယ်တစ်ခုခုကို ပိုင်ဆိုင်ထားကြသည်မှာ များလှ၏။ အနည်းဆုံးတော့ မြေကမ္ဘာအဆင့် ခန္ဓာကိုယ်များ ရှိကြသည်။ ရွှယ်ကျီယီကဲ့သို့ ပို၍ ထူးချွန်သော ပါရမီရှင်များဆိုလျှင် ကောင်းကင်အဆင့် ခန္ဓာကိုယ်များကိုပင် ပိုင်ဆိုင်ထားကြသည်။

ဆုမ်းယန်မင်နှင့် ယွမ်လိတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများတွင် အံ့သြတုန်လှုပ်မှုများ ထင်ဟပ်နေသည်။

ဆုမ်းယန်မင်မှ

“ဒါပေါ့… ငါ ဒါကို စောစောကတည်းက သတိထားမိသင့်တာ”

“ကုကျိုးကမ္ဘာရဲ့ စိတ်ဝိညာဉ်စွမ်းအားက ရှန့်ရွှမ်းကမ္ဘာထက် အများကြီး ပိုအားနည်းတယ်… အဲဒီတော့ ပိုပြီး သန်မာတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုး မရှိဘဲနဲ့ ဒီက ကျင့်ကြံသူတွေ ကြီးထွားလာဖို့ဆိုတာ ခက်ခဲလိမ့်မယ်”

ယွမ်လိ၏ မျက်လုံးများထဲတွင်လည်း အံ့သြမှုများ ပေါ်လွင်နေသည်။

“အတိအကျပဲ… အကယ်၍ ဒီလူတွေကို စိတ်ဝိညာဉ်စွမ်းအား ပိုပြီး သိပ်သည်းတဲ့ ရှန့်ရွှမ်းကမ္ဘာဆီ ခေါ်သွားပြီး ကျင့်ကြံစေမယ်ဆိုရင် သူတို့ရဲ့ ကျင့်ကြံခြင်း အရှိန်အဟုန်က သေချာပေါက် တရှိန်ထိုး တိုးတက်လာလိမ့်မယ်”

ဆုမ်းယန်မင်နှင့် ယွမ်လိတို့သည် မူယုံးယွဲ့ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

“မိတ်ဆွေငယ် မူယုံး... ငါတို့နဲ့အတူ ရှန့်ရွှမ်းကမ္ဘာကို လိုက်ခဲ့ဖို့ ဆန္ဒရှိသလား”

“မင်းရဲ့ ပါရမီနဲ့ဆိုရင် နှစ်ပေါင်းငါးဆယ်အတွင်းမှာ နိဗ္ဗာန်အဆင့်ကို သေချာပေါက် တက်လှမ်းနိုင်မယ်လို့ ငါတို့ အာမခံပါတယ်”

မူယုံးယွဲ့၏ မျက်လုံးများထဲတွင် တောက်ပသော အလင်းတန်းတစ်ခု ပွင့်ထွက်လာသည်။

“ကျွန်မ လိုက်ပါ့မယ်”

ရှန်မိုသည် မမျှော်လင့်ဘဲ ရှန့်ရွှမ်းကမ္ဘာသို့ ရောက်ရှိသွားခြင်းကြောင့်သာ သူတို့ကို နှုတ်ဆက်ရန် အခွင့်အရေး မရခဲ့ခြင်း ဖြစ်နိုင်သည်ဟု သံသယရှိနေခဲ့သည်မှာ ကြာလှပြီ။

ထို့ကြောင့် သူကိုယ်တိုင်လည်း ရှန့်ရွှမ်းကမ္ဘာသို့ သွားချင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသည် ဓမ္မရုပ်လုံးပေါ်ခြင်းအဆင့် အထွတ်အထိပ်တွင်သာ ရှိနေသေးပြီး ဟင်းလင်းပြင်စွမ်းအားကိုလည်း နားမလည်သေးပေ။ သူကိုယ်တိုင် ဟင်းလင်းပြင်ကို ဖြတ်သန်းရန်မှာ မဖြစ်နိုင်သလောက်ပင်။

ယခုအခါ ဤအထွတ်အထိပ် ပညာရှင်နှစ်ဦးမှ သူ့ကို ဟင်းလင်းပြင်ကို ဖြတ်၍ ခေါ်သွားရန် ဆန္ဒရှိနေခြင်းမှာ အလွန်ကြီးမားသော ကံကောင်းမှုကြီး ဖြစ်၏။ ထို့အပြင် သူ့အင်အား တိုးတက်လာလျှင် ရှန်မိုကို သူ့ဘာသာ ရှာဖွေနိုင်တော့မည် မဟုတ်လား။

“ကောင်းကင်အဆင့် ခန္ဓာကိုယ်ရှိတဲ့သူတွေကိုလည်း မိတ်ဆွေငယ် မူယုံးက ခေါ်ပေးပါ… ငါတို့ အားလုံးကို တစ်ခါတည်း ခေါ်သွားပေးမယ်”

ယွမ်လိမှ အားရပါးရ ရယ်မောလိုက်သည်။

“ကောင်းပါပြီ… ကျွန်မ အခုချက်ချင်း အမိန့်ထုတ်လိုက်ပါ့မယ်”

မူယုံးယွဲ့ ခေါင်းညိတ်လိုက်သည်။

သုံးရက်အတွင်းမှာပင် အရပ်ရပ်မှ ပုံရိပ်ပေါင်း ဒါဇင်နှင့်ချီ၍ အလျင်အမြန် ရောက်ရှိလာကြ၏။

ဝူရင်ဆောင်မှ ရွှယ်ကျီယီ၊ ချန်ယွမ်ဂိုဏ်းမှ တုချန်းချင်း၊ ပင်လယ်နတ်ဘုရားကျွန်းမှ ရှီကျင့်ထျန်း၊ ထျန်းဟယ်ဂိုဏ်းမှ ကျိုးမင်ယီ၊ ဆီးနှင်းနန်းတော်ကြီးမှ ယွဲ့ရင်ရုန်၊ ကျန့်မိုပင်လယ်မှ ရှီတန့်ယွဲ့၊ ကျန့်မိုပင်လယ်မှ ကျန်းလုံရှန်း... ကုကျိုးကမ္ဘာ ဂိုဏ်းအသီးသီးမှ ပါရမီရှင်များ အားလုံး စုရုံးရောက်ရှိလာကြတော့သည်။

ဤလူငယ်ပါရမီရှင်များ၏ မျက်နှာထက်တွင် ဇဝေဇဝါဖြစ်နေသော အမူအရာများ ရှိနေကြ၏။ သူတို့သည် ဆင့်ခေါ်မှုကို ကြားရချင်း ချက်ချင်းပင် အပြေးလာခဲ့ကြသော်လည်း ယုထင်ဂိုဏ်းချုပ်က သူတို့ကို ဘာကြောင့် ဤနေရာတွင် စုခိုင်းသလဲဆိုသည်ကို မည်သူမျှ မသိကြပေ။ အချို့ဆိုလျှင် မူယုံးယွဲ့က သူတို့ကို တစ်ခါတည်း ဖမ်းဆီးပြီး ယုထင်ဂိုဏ်းက တစ်ကမ္ဘာလုံးကို လွှမ်းမိုးချုပ်ကိုင်ရန် ကြံစည်နေသလားဟုပင် စိုးရိမ်စိတ်ဖြင့် မအီမသာ ဖြစ်နေကြသည်။

သို့သော် သေချာစဉ်းစားကြည့်လျှင် ရှန်မို မရှိတော့သည့်တိုင်အောင် သားရဲမျိုးနွယ်စုနယ်မြေကြီးကို ပိုင်ဆိုင်ထားသော ယုထင်ဂိုဏ်းမှာ အင်အားအကြီးဆုံး ဖြစ်နေနှင့်ပြီးသားပင်။ အခြားဂိုဏ်းများ အားလုံး ပေါင်းလိုက်လျှင်ပင် ယုထင်ဂိုဏ်းကို ယှဉ်နိုင်မည် မဟုတ်ပေ။ သို့ဆိုလျှင် ဤသို့ စုရုံးရခြင်း၏ အစစ်အမှန် ရည်ရွယ်ချက်က ဘာဖြစ်နိုင်သနည်း။

ဆုမ်းယန်မင်နှင့် ယွမ်လိတို့မှာ အမြင့်တွင် ရပ်နေကြပြီး စိတ်ဝိညာဉ်စွမ်းအားများကို အရှိန်အဟုန်ဖြင့် ထုတ်ဖော်ကာ လူတစ်ဦးချင်းစီကို စစ်ဆေးလိုက်ကြသည်။ အထွတ်အထိပ် ပညာရှင်များ ဖြစ်သည့်အတွက် တစ်ဦးချင်းစီ၏ ခန္ဓာကိုယ်ကို ကိုယ်တိုင်ကိုင်တွယ် စစ်ဆေးနေစရာ မလိုပေ။ စိတ်ဝိညာဉ်စွမ်းအားဖြင့် တစ်ချက် ဝေ့ကြည့်လိုက်ရုံဖြင့် ခန္ဓာကိုယ်တိုင်းကို အလွယ်တကူ ထိုးဖောက်သိမြင်နိုင်၏။

ရွှယ်ကျီယီနှင့် အခြားသူများအားလုံး နတ်ဘုရားများ၏ စူးစမ်းကြည့်ရှုခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ကြရသည်။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် လျှို့ဝှက်ချက် တစ်ခုမျှ မကျန်တော့ဘဲ ဗလာကျင်းနေသကဲ့သို့ ဖော်ထုတ်ခံလိုက်ရခြင်း ဖြစ်သည်။ မည်သူက စမ်းသပ်နေသလဲဆိုသည်ကို မသိသဖြင့် သူတို့အားလုံး ထိတ်လန့်သွားကြ၏။ လူအုပ်ကြီးအတွင်း မအီမသာဖြစ်မှုများ စတင်လာခဲ့သည်။

ဆုမ်းယန်မင်နှင့် ယွမ်လိတို့မှာမူ အတိုင်းထက်အလွန် ဝမ်းသာသွားကြသည်။ ဤနေရာတွင် ရှိနေသူ အားလုံးမှာ ကောင်းကင်အဆင့် ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြသည် မဟုတ်လား။

“ကောင်းတယ်… အရမ်းကောင်းတယ်… မိတ်ဆွေငယ် မူယုံး... ငါတို့ ကျေးဇူးတင်ပါတယ်”

ယွမ်လိမှာ အလွန် စိတ်လှုပ်ရှားနေသည်။

ဤမျှများပြားသော ကောင်းကင်အဆင့် ခန္ဓာကိုယ်ရှင်များကို ရှန့်ရွှမ်းကမ္ဘာသို့ ပြန်ခေါ်သွားနိုင်လျှင် မည်သည့် အင်အားစုသို့မဆို သွေးသစ်လောင်းပေးလိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။ အများဆုံး နှစ်ပေါင်း တစ်ရာအတွင်းမှာပင် ထိုအင်အားစုမှာ ရှန့်ရွှမ်းကမ္ဘာရှိ အကြောက်စရာအကောင်းဆုံး အင်အားစုများထဲမှ တစ်ခု ဖြစ်လာပေလိမ့်မည်။

မူယုံးယွဲ့ ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး စုရုံးရောက်ရှိနေသော ပါရမီရှင်များကို ကြည့်ကာ ကြည်လင်သောအသံဖြင့် နောက်ဆုံးတွင် စကားစလိုက်သည်။

“အားလုံးပဲ... ကျွန်မ အခုပြောမယ့် စကားတွေကို သေချာနားထောင်ပေးကြပါ”

ခဏအကြာတွင် မူယုံးယွဲ့၏ စကားများကို ကြားရပြီးနောက် ကုကျိုးကမ္ဘာမှ ပါရမီရှင်အားလုံးမှာ အပြင်းအထန် တုန်လှုပ်သွားကြတော့သည်။

ရှန့်ရွှမ်းကမ္ဘာ!

ပြင်ပမှ ရောက်လာသော အထွတ်အထိပ် ပညာရှင်များ!

ဘုရားရေ... ဤစကားများမှာ သူတို့၏ ကမ္ဘာ့အမြင်ကို တိုက်ရိုက် ရိုက်ခတ်သွားခဲ့သည်။ သူတို့မှာ ထူးချွန်သော ပါရမီရှင်များ ဖြစ်ကြပြီး ရှေးဟောင်း လျှို့ဝှက်ချက် အချို့ကို အနည်းနှင့်အများ သိရှိထားကြသော်လည်း၊ ကမ္ဘာငယ်နှင့် ကမ္ဘာကြီးများအကြောင်း သမိုင်းကြောင်းများကို တစ်စွန်းတစ်စ သိထားကြသော်လည်း ယခုကဲ့သို့ ဗြုန်းစားကြီး အမှန်တရားနှင့် ရင်ဆိုင်လိုက်ရသည့်အခါ သူတို့ အားလုံး တုန်လှုပ်ချောက်ချားသွားကြရသည်။

“ဒီမှာ ရှိနေတဲ့သူတွေထဲက ရှန့်ရွှမ်းကမ္ဘာကို သွားချင်တဲ့သူ ဘယ်သူဆို ငါတို့နောက်ကို လိုက်ပြီး ထွက်ခွာနိုင်ပါတယ်”

ယွမ်လိမှ ပြုံးလျက် ရှေ့သို့ တိုးထွက်ကာ ပြောလိုက်သည်။

“ကျွန်တော် သွားပါ့မယ်”

ရှီကျင့်ထျန်းမှ စိတ်လှုပ်ရှားစွာဖြင့် ပထမဆုံး ထွက်ဆိုလိုက်သည်။

“ကျွန်မလည်း သွားပါ့မယ်”

ရွှယ်ကျီယီလည်း လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

သဘောတူညီသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။

ရှန့်ရွှမ်းကမ္ဘာကဲ့သို့ ကျယ်ပြောသော စင်မြင့်ထက်သို့ သွားရန် မည်သူမျှ ငြင်းဆန်မည် မဟုတ်ပေ။

ကျိုးမင်ယီမှ ရုတ်တရက် မေးလိုက်၏။

“အထွတ်အထိပ် ပညာရှင်ကြီးတို့... ရှန့်ရွှမ်းကမ္ဘာကို ရောက်တဲ့အခါ ကျွန်တော်တို့က ဘယ်အင်အားစုဆီကို ဝင်ရမှာလဲဆိုတာ သိပါရစေ”

ဆုမ်းယန်မင်နှင့် ယွမ်လိတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ယွမ်လိမှ အသာအယာ ချောင်းဟန့်ကာ

“သဘာဝကျကျ ပြောရရင်တော့ ငါ့ရဲ့ ချန်ယွမ် အင်ပါယာဆီကိုပေါ့”

“ရှန့်ရွှမ်းကမ္ဘာကို အပိုင်းလေးပိုင်း ခွဲထားတယ်… အလယ်ပိုင်းပြည်နယ်၊ အရှေ့ပိုင်းပြည်နယ်၊ တောင်ပိုင်းပင်လယ်နဲ့ အနောက်ပိုင်း နစ်မြုပ်ပင်လယ်ဆိုပြီးတော့ပေါ့”

“အလယ်ပိုင်းပြည်နယ်က အသာလွန်ဆုံးပဲ”

“အဲဒီ အလယ်ပိုင်းပြည်နယ်ထဲမှာလည်း ငါ့ရဲ့ ချန်ယွမ် အင်ပါယာက ထိပ်ဆုံးမှာ ရှိနေတာ… ဘာလို့လဲဆိုတော့ အဲဒါကို စစ်နတ်ဘုရားကိုယ်တိုင် တည်ထောင်ခဲ့လို့ပဲ”

“မင်းတို့ အားလုံး ငါ့ရဲ့ ချန်ယွမ် အင်ပါယာထဲကို ဝင်နိုင်တယ်… မင်းတို့ရဲ့ ခန္ဓာကိုယ်တွေနဲ့ဆိုရင် နှစ်ပေါင်း နှစ်ဆယ်အတွင်းမှာ ဓမ္မရုပ်လုံးပေါ်ခြင်းအဆင့်ကို ရောက်မယ်… နှစ်ပေါင်း တစ်ရာအတွင်းမှာ နိဗ္ဗာန်အဆင့်ကို ရောက်မယ်လို့ ငါ အာမခံနိုင်တယ်”

ဆုမ်းယန်မင် ရယ်မောလိုက်ပြီး

“ချန်ယွမ် အင်ပါယာက အားကောင်းတာ မှန်ပါတယ်… ဒါပေမဲ့ ငါ့ရဲ့ ရှေးဦးဝိညာဉ် သန့်စင်နယ်မြေက ပိုပြီးတော့ ရှေးကျတယ်”

“မင်းတို့ မသိဘူးလား… ငါ့ရဲ့ ရှေးဦးဝိညာဉ် သန့်စင်နယ်မြေကိုလည်း စစ်နတ်ဘုရားကပဲ တည်ထောင်ခဲ့တာ… ပြီးတော့ ချန်ယွမ် အင်ပါယာထက်တောင် ပိုစောသေးတယ်”

“အဖိုးတန် ရတနာများစွာကို ချန်ယွမ် အင်ပါယာမှာ ချန်မထားခဲ့ဘဲ ငါ့ရဲ့ ရှေးဦးဝိညာဉ် သန့်စင်နယ်မြေမှာပဲ ချန်ထားခဲ့တာ”

ယွမ်လိ စိုက်ကြည့်လိုက်ပြီး

“ဆုမ်းယန်မင်... မင်း စကားတွေက လွန်နေပြီနော်”

“ချန်ယွမ် အင်ပါယာက စစ်နတ်ဘုရားရဲ့ တိုက်ရိုက် သွေးမျိုးဆက်ပဲ… ငါတို့က အားလုံးထဲမှာ အသန်မာဆုံးပဲ”

ဆုမ်းယန်မင် ရယ်မောလိုက်ရုံသာ ပြုပြီး ပါရမီရှင်များကို ကြည့်ကာ

“မင်းတို့ဘာသာ မင်းတို့ ရွေးချယ်နိုင်ပါတယ်”

“ရှန့်ရွှမ်းကမ္ဘာက တိုင်းတာလို့မရအောင် ကျယ်ပြောလှတာမို့လို့ ချန်ယွမ် အင်ပါယာရော၊ ရှေးဦးဝိညာဉ် သန့်စင်နယ်မြေရော မင်းတို့နဲ့ သဘောမကျတာမျိုး ဖြစ်နိုင်တယ်”

“မင်းတို့ အလယ်ပိုင်းပြည်နယ်မှာ အခြေအနေကို အရင် လေ့လာကြည့်လို့ ရပါတယ်… တခြား နှစ်သက်ရာ ရှိရင်လည်း အရှေ့ပိုင်းပြည်နယ် ဒါမှမဟုတ် တောင်ပိုင်းပင်လယ်ဆီကို ငါ ပို့ပေးနိုင်တယ်”

“မင်းတို့ တကယ် သဘောကျတဲ့ အင်အားစုတစ်ခုခုဆီ ဝင်ဖို့ ဆုံးဖြတ်တဲ့အထိပေါ့”

ရွှယ်ကျီယီနှင့် အခြားသူများမှာ ထိုစကားကို ကြားရသည့်အခါမှ စိတ်အေးသွားကြ၏။

ချန်ယွမ် အင်ပါယာ သို့မဟုတ် ရှေးဦးဝိညာဉ် သန့်စင်နယ်မြေ၏ ပတ်ဝန်းကျင်များ သူတို့နှင့် မကိုက်ညီမှာကို စိုးရိမ်နေခဲ့ကြသည်။ အကယ်၍ မကိုက်ညီသော အင်အားစုသို့ ဝင်မိပြီး လွတ်လပ်မှု ဆုံးရှုံးသွားလျှင် ပေးဆပ်ရမှုက ကြီးမားလွန်းလှ၏။ သူတို့နှင့် အကိုက်ညီဆုံးဖြစ်မည့် ဂိုဏ်း သို့မဟုတ် အင်အားစုကို ဖြည်းဖြည်းချင်း ရှာဖွေနိုင်မည်ဆိုလျှင်တော့ အကောင်းဆုံးပင် ဖြစ်သည်။

ယွမ်လိ မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲမှ သတင်း ပို့လိုက်သည်။

“ဘာလို့ ဒါတွေကို ပြောတာလဲ… သူတို့ကို ရှေးဦးဝိညာဉ် သန့်စင်နယ်မြေမှာ မရှိစေချင်လို့လား”

ဆုမ်းယန်မင် တခစ်ခစ် ရယ်လိုက်ပြီး

“သူတို့ ငါတို့နဲ့ အရင် နေကြည့်လို့ နေ့တိုင်း ကျင့်ကြံခြင်း အရင်းအမြစ်တွေ အများကြီး ပေးထားလိုက်ရင် သူတို့က ထွက်သွားချင်ပါဦးမလား”

ယွမ်လိ၏ မျက်မှောင်မှာ ချက်ချင်း ပြေလျော့သွားသည်။

“လူကြီးဆိုတော့လည်း ပိုပြီး တွေးတတ်တာပဲ”

ဆုမ်းယန်မင် ပြုံးလိုက်လေ၏။

တစ်လခွဲခန့် ကြာပြီးနောက်။

ဆုမ်းယန်မင်၊ ယွမ်လိနှင့် အခြားသူများမှ အစီအရင် တည်ဆောက်ခြင်းကို အဆုံးသတ်ခဲ့ကြသည်။ ဤအစီအရင်တွင် တိုက်စစ် သို့မဟုတ် ခံစစ် စွမ်းရည်များ မရှိပေ။ ၎င်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဟင်းလင်းပြင် လေစီးကြောင်းများအတွင်းသို့ တည်နေရာပြ အမှတ်အသားများကို စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးရန် ဖြစ်သည်။

ဤနည်းအားဖြင့် ဟင်းလင်းပြင် မြေပုံကို ကိုင်ဆောင်ထားသော မည်သည့် ကျင့်ကြံသူဆို အနီးအနားမှ ဖြတ်သန်းသွားပါက ဤတည်နေရာကို ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။ ဟင်းလင်းပြင် မြေပုံဆိုသည်မှာ ဟင်းလင်းပြင်အတွင်း သွားလာရန် မရှိမဖြစ် လိုအပ်သော ရတနာပင်။ သို့သော် ဟင်းလင်းပြင်မှာ အလွန်တရာ ကျယ်ပြောလှ၏။

သူတို့သည် အထွတ်အထိပ် ပညာရှင်များဖြစ်သဖြင့် ဟင်းလင်းပြင် လေစီးကြောင်းများ၏ ငြိမ်သက်သော နေရာများကို မြေပြန့်လမ်းပေါ်တွင် လမ်းလျှောက်သကဲ့သို့ သွားလာနိုင်သော်လည်း သူတို့ပင် မဝင်ရောက်နိုင်သော နေရာများစွာ ရှိနေသေးသည်။ ထို့ကြောင့် ဟင်းလင်းပြင် မြေပုံ၏ အစိတ်အပိုင်း အတော်များများမှာ ဗလာကျင်းနေဆဲ ဖြစ်လေ၏။

All Chapters