အခန်း (၇၀၉-၇၁၁)
Vol. 48 Ch. 709-711
Chapter 709 အင်ပါယာမြို့တော်သို့ ရောက်ရှိခြင်း
ယုဟိုင်မြို့၏ အမြင့်ဆုံးတောင်ထိပ်ထက်တွင် ဖြစ်သည်။
မူယုံးယွဲ့သည် ရင်းနှီးကျွမ်းဝင်လှသော ကမ္ဘာမြေကို ကြည့်ရင်း ရင်ထဲတွင် ခံစားချက်များစွာ တိုးဝှေ့လာခဲ့သည်။ သူ မထွက်ခွာမီကပင် ဂိုဏ်း၏ ကိစ္စအရပ်ရပ်ကို စီစဉ်ပြီးစီးခဲ့ပြီး ဟိုင်ချန်းခွန်နှင့် အခြားသူများကို လွှဲအပ်ခဲ့ပြီးဖြစ်သည်။ ထိုဂိုဏ်း၏ လူကြီးပိုင်းများကို သူ အပြည့်အဝ ယုံကြည်သည်။
သူတင်မကဘဲ အခြားသော ပါရမီရှင်များမှာလည်း သူတို့၏ သက်ဆိုင်ရာ ကိစ္စရပ်များကို အသီးသီး စီစဉ်ခဲ့ကြပြီးဖြစ်သည်။ သူတို့ ကုကျိုးကမ္ဘာအပေါ် သံယောဇဉ် ရှိနေကြသေးသော်လည်း ရှန့်ရွှမ်းကမ္ဘာသို့ သွားလိုသည့် ဆန္ဒက ပို၍ ပြင်းပြနေကြ၏။ အဆုံးစွန်ပြောရလျှင် ထိုနေရာက ပို၍ ကျယ်ပြောသော စင်မြင့်ထက် မဟုတ်လား။
နိဗ္ဗာန်အဆင့်!
အထွတ်အထိပ် ပညာရှင်!
သူတော်စင်နယ်မြေ!
ပြီးတော့ အလယ်ပိုင်းပြည်နယ်!
အရှေ့ပိုင်းပြည်နယ်! တောင်ပိုင်းပင်လယ်! အနောက်ပိုင်း နစ်မြုပ်ပင်လယ်!
ဤအရာအားလုံးက သူတို့ကို ရှေ့ဆက်သွားပြီး စူးစမ်းလေ့လာရန် ဆွဲဆောင်နေကြသည်။
“ထွက်ခွာကြစို့”
ဆုမ်းယန်မင်နှင့် ယွမ်လိတို့သည် ဟင်းလင်းပြင် သားရဲများကို စီးနင်းလျက် မူယုံးယွဲ့၊ ရွှယ်ကျီယီ၊ ကျိုးမင်ယီနှင့် အခြားသူများကို ကုကျိုးကမ္ဘာမှ ခေါ်ဆောင်ကာ ရှန့်ရွှမ်းကမ္ဘာဆီသို့ တိုက်ရိုက် ဦးတည်ထွက်ခွါသွားကြတော့၏။
...
ရှန့်ရွှမ်းကမ္ဘာ။
အလယ်ပိုင်းပြည်နယ်။
ချန်ယွမ် အင်ပါယာ။
ဤနေရာတွင် လွန်ခဲ့သော အချိန်အတော်ကြာကတည်းက အထွတ်အထိပ် ပညာရှင်တစ်ဦး၏ စွမ်းအားဖြင့် ကန့်သတ်ချုပ်နှောင်ထားသော ဟင်းလင်းပြင် အက်ကြောင်းတစ်ခု ရှိနေသည်။ ၎င်း၏ ပတ်ပတ်လည်တွင် ကျင့်ကြံသူများ အချိန်ပြည့် စောင့်ကြပ်နေကြ၏။ ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင် သားရဲများ အတွင်းမှ ထွက်မလာစေရန် သေချာစွာ စောင့်ကြည့်နေကြခြင်း ဖြစ်သည်။
ထိုအချိန်တွင် ဟင်းလင်းပြင် အက်ကြောင်းမှာ ရုတ်တရက် တုန်ခါသွားသည်။ အင်အားကြီးမားသော တစ်စုံတစ်ခု ဖြတ်သန်းလာတော့မည့် ပုံပင်။
အင်ပါယာ အစောင့်တပ်ဖွဲ့ဝင်များမှာ တင်းမာသွားကြပြီး စည်းမျဉ်းများအတိုင်း အက်ကြောင်းအတွင်းသို့ ချက်ချင်းပင် အသံလွှင့်ကာ မေးမြန်းလိုက်ကြသည်။
အကြောင်းမှာ ဤအက်ကြောင်းသည် ပြင်ပသို့ ထွက်ခွာသွားသူများ ပြန်လာမည့် လမ်းကြောင်း ဖြစ်သောကြောင့်ပင်။
ပြန်လာသူမှာ အထွတ်အထိပ် ပညာရှင် ဖြစ်နိုင်သလို ဟင်းလင်းပြင် စွမ်းအားကို နားလည်ထားသော နိဗ္ဗာန်အဆင့် ကျင့်ကြံသူလည်း ဖြစ်နိုင်သည်။ အကယ်၍ ပြန်လာသူမှာ အထွတ်အထိပ် ပညာရှင် သို့မဟုတ် နိဗ္ဗာန်အဆင့် ကျင့်ကြံသူ ဖြစ်ပါက အစောင့်များ၏ မေးမြန်းမှုကို သေချာပေါက် ပြန်လည်ဖြေကြားပေလိမ့်မည်။ ထိုအခါမှသာ အစောင့်များက လမ်းဖွင့်ပေးမည် ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိပါက ၎င်းသည် အမည်မသိ အင်အားကြီးမားသော ဟင်းလင်းပြင် သတ္တဝါတစ်ကောင် ဖြစ်နေနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်၏။ လမ်းဖွင့်မပေးရုံတင်မကဘဲ အက်ကြောင်းကို ပိတ်ဆို့ရန်အတွက် အစီအရင်ကို ချက်ချင်း အသက်သွင်းရမည် ဖြစ်သည်။ ဤနည်းဖြင့်သာ ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင် သားရဲများ ကျူးကျော်ဝင်ရောက်လာမှုကို တားဆီးနိုင်မည် ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းငါးရာခန့်က အင်ပါယာ အစောင့်များမှာ ပေါ့ဆခဲ့ကြပြီး မေးမြန်းခြင်း မပြုဘဲ လမ်းဖွင့်ပေးခဲ့ကြသည်။ ရလဒ်အနေဖြင့် ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင် လိပ်ပြာငါး (၅) ကောင် ကျူးကျော်ဝင်ရောက်လာခဲ့၏။ ထိုဟင်းလင်းပြင် သားရဲများမှာ အလယ်အလတ် အရွယ်အစားရှိပြီး ဤအက်ကြောင်းနှင့် ကွက်တိ ဝင်ဆံ့ကြသည်။ သူတို့မှာ ဟင်းလင်းပြင် လေစီးကြောင်းများ၏ အသားစား သတ္တဝါများ ဖြစ်ပြီး အုပ်စုလိုက် လှုပ်ရှားသည့်အခါ အထွတ်အထိပ် ပညာရှင်များပင်လျှင် သူတို့ကို ရှောင်ရှားကြရသည်။
ထိုနေ့က ဤနေရာတွင် စောင့်ကြပ်နေသော အစောင့်အားလုံးမှာ ထိုလိပ်ပြာငါးငါးကောင်၏ ဝါးမြိုခြင်းကို ခံခဲ့ကြရပြီး အင်ပါယာမြို့တော် ပတ်ဝန်းကျင်ရှိ နယ်မြေများမှာလည်း ဖျက်ဆီးခြင်း ခံခဲ့ရသည်။ သာမန်လူသား တစ်သန်းခန့် သေဆုံးခဲ့ပြီး ကျင့်ကြံသူပေါင်း သိန်းနှင့်ချီ၍ သေဆုံးခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် အင်ပါယာနန်းတော်ကို စောင့်ကြပ်နေသော အထွတ်အထိပ် ဘိုးဘေးကြီးက လက်ဦးမှု ရယူခဲ့ပြီး မြို့တော်၏ အစီအရင်ကို အသုံးပြုကာ ထိုလိပ်ပြာငါးငါးကောင်ကို မနည်း ထိန်းချုပ်နိုင်ခဲ့လေ၏။ ထို့နောက်တွင်မှ ဟန်ကျဲ သန့်စင်နယ်မြေနှင့် ရှေးဦးဝိညာဉ် သန့်စင်နယ်မြေတို့မှ အထွတ်အထိပ် ဘိုးဘေးနှစ်ဦး၏ အကူအညီဖြင့် ထိုလိပ်ပြာငါးငါးကောင်ကို နောက်ဆုံးတွင် သုတ်သင်နိုင်ခဲ့သည်။
ထိုနေ့မှစ၍ ဤနေရာတွင် စောင့်ကြပ်နေသော အင်ပါယာ အစောင့်တစ်ဦးတစ်ယောက်မျှ ထပ်မံ ပေါ့ဆခြင်း မရှိရဲကြတော့ပေ။ အကြောင်းမှာ ပေါ့ဆမှုတစ်ခုမှ သက်ရှိသန်းပေါင်းများစွာကို သေဆုံးစေနိုင်သောကြောင့် ဖြစ်သည်။
ကံကောင်းစွာဖြင့် ဤတစ်ကြိမ်တွင်မူ အကြောင်းပြန်သံ ရောက်ရှိလာခဲ့သည်။ ဦးဆောင်နေသော သန်မာထွားကျိုင်းသည့် ရွှေရောင်ဝတ်စုံဝတ် ကျင့်ကြံသူမှ ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
“ဒါက အထွတ်အထိပ် ပညာရှင် ယွမ်လိပဲ”
အထွတ်အထိပ် ပညာရှင် ယွမ်လိသည် နှစ်ပေါင်း ထောင်နှင့်ချီ၍ ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပြီး တစ်ခါမျှ ပြန်မလာခဲ့ဖူးပေ။ ထိုမျှ ကြာမြင့်သော အချိန်အတိုင်းအတာမှာ ကျင့်ကြံသူ မျိုးဆက်ပေါင်းများစွာ ပေါ်ထွန်းလာရန် လုံလောက်လှပေ၏။ အချို့ဆိုလျှင် ယွမ်လိ၏ နာမည်ကိုပင် မေ့လျော့နေကြပြီ ဖြစ်သည်။ သို့သော်လည်း သူ ပြန်လာခဲ့ပြီ။
ရွှေရောင်ဝတ်စုံဝတ် ကျင့်ကြံသူမှ ဝမ်းသာအားရ ဖြစ်နေသည်။
“မြန်မြန်... ဘိုးဘေးကြီးကို သတင်းပို့လိုက်ကြ… အထွတ်အထိပ် ပညာရှင် ယွမ်လိ ပြန်ရောက်လာပြီ”
အထွတ်အထိပ် ပညာရှင် ယွမ်လိ ပြန်ရောက်လာပြီ။
ထိုသတင်းမှာ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ ခဏအတွင်းမှာပင် အင်ပါယာမြို့တော် တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ပြည်သူများမှာ ဝမ်းသာအားရ လက်ခုပ်တီးကြသည်။
ခဏအကြာတွင် ယွမ်လိ၊ ဆုမ်းယန်မင်နှင့် အခြားသူများမှာ ချန်ယွမ် အင်ပါယာရှိ ကျင့်ကြံသူများ၏ လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုကို ရရှိခဲ့ကြသည်။ ရွှယ်ကျီယီ၊ ကျိုးမင်ယီ၊ ရှီကျင့်ထျန်းနှင့် အခြားသူများသည်လည်း ရှန့်ရွှမ်းကမ္ဘာ၏ ရှေးအကျဆုံးနှင့် အင်အားအကြီးဆုံး အင်အားစုဖြစ်သော ချန်ယွမ် အင်ပါယာသို့ နောက်ဆုံးတွင် ရောက်ရှိလာကြတော့၏။
ရွှယ်ကျီယီနှင့် အခြားသူများမှာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြသည်။ သူတို့၏ ရှေ့တွင် ကျောက်စိမ်းများ ခင်းထားသော မြေပြင်နှင့် လှေကားထစ်များ ရှိနေ၏။ မလှမ်းမကမ်းတွင် ကြီးမားလှသော ဂိတ်တံခါးကြီး တစ်ခု ရှိပြီး နဂါးခေါင်းများကို အနုစိတ် ထွင်းထုထားကာ ရွှေရောင် ပန်းချီကားချပ်များဖြင့် နှစ်ပေါင်းသောင်းချီ၍ မပျက်စီးဘဲ တည်ရှိနေသည်။ အင်ပါယာမြို့တော်၏ ဗဟိုတွင်မူ ရှေးဟောင်း မျှော်စင်ကြီးတစ်ခု ရှိသည်။
မြင့်မားပြီး ခန့်ညားထည်ဝါလှသော ထိုမျှော်စင်ကြီးမှာ ချန်ယွမ် အင်ပါယာ၏ အထွတ်အထိပ် ဘိုးဘေးကြီး နေထိုင်ရာ ဖြစ်ကြောင်း သိသာလှသည်။
နေဝင်ရိုးရီ အချိန်ဖြစ်သည်။
အင်ပါယာမြို့တော်မှာ ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေပြီး နတ်ဘုရား အငွေ့အသက်များက တစ်မြို့လုံးကို ဝိုင်းရံထားသည်။ နန်းတော်အတွင်းရှိ ခန့်ညားလှသော ခန်းမဆောင်များမှာလည်း တင့်တယ်လှပလှသဖြင့် အားကျရိုသေစိတ်ကို ဖြစ်ပေါ်စေသည်။
သူတို့၏ ရှေ့တည့်တည့်၊ မျက်စိတစ်ဆုံး မြင်ရသမျှမှာ ငွေရောင်ဝတ်စုံဝတ် အင်ပါယာ စစ်သည်တော်များ ဖြစ်ပြီး အစီအစဉ်တကျ ရပ်နေကြသည်။ သူတို့၏ အရေအတွက်မှာ တစ်သိန်းခန့် ရှိပြီး တစ်ဦးချင်းစီမှာ အနည်းဆုံး နတ်ဘုရားနန်းတော်နယ်ပယ်တွင် ရှိကြသည်။ ငွေရောင်ဝတ်စုံဝတ် စစ်သည်တော်များ၏ ရှေ့တွင်မူ သန်မာထွားကျိုင်းလှသော ရွှေရောင်ဝတ်စုံဝတ် စစ်သူကြီးများ ရပ်နေကြသည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ ပို၍ မြင့်မားပြီး အနည်းဆုံး ဓမ္မရုပ်လုံးပေါ်ခြင်းအဆင့် ရှိကြသည်။
ဤအချက်တစ်ခုတည်းဖြင့်ပင် ချန်ယွမ် အင်ပါယာ၏ အခြေခံအင်အားကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ယွမ်လိ ပြောခဲ့သည့်အတိုင်းပင် ဤအင်ပါယာမှာ ရှန့်ရွှမ်းကမ္ဘာ၏ ရှေးအကျဆုံးနှင့် အင်အားအကြီးဆုံး အင်ပါယာ ဖြစ်ပေသည်။ အရှေ့ပိုင်းပြည်နယ်မှ တုန်းလီ အင်ပါယာသာလျှင် ၎င်းနှင့် နှိုင်းယှဉ်နိုင်ပေလိမ့်မည်။
တုချန်းချင်းမှာ စိတ်လှုပ်ရှားမှုများ ပြည့်နှက်လျက်
“ဒါက ချန်ယွမ် အင်ပါယာပေါ့… တကယ့်ကို အတိုင်းအဆမရှိ ခန့်ညားထည်ဝါတာပဲ”
“ကျွန်တော် ဒီမှာပဲ နေတော့မယ်… ဘယ်မှ မသွားတော့ဘူး”
ရှီကျင့်ထျန်း လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး
“ငါလည်း အတူတူပဲ”
ယွဲ့ရင်ရုန် ခပ်တိုးတိုး လှောင်လိုက်သည်။
“မသိတာက တကယ့်ကို ကြောက်စရာကောင်းတာပဲ”
ကျိုးမင်ယီကမူ အင်ပါယာတစ်ခု၏ လေထုကို သဘောမကျပေ။ သူက ဂိုဏ်းများကိုသာ ပို၍ နှစ်သက်သည်။
ရွှယ်ကျီယီနှင့် အခြားသူများမှာလည်း ကိုယ်စီ အတွေးများ ရှိကြသည်။ မည်သူမျှ နေရာတစ်ခုတည်းတွင် အကျဉ်းချမခံချင်ကြပေ။
မူယုံးယွဲ့မှာ ခန့်ညားလှသော မြို့တော်ကြီးကို ကြည့်ရင်း ခံစားချက်များ ပြင်းထန်နေ၏။ သို့သော် သူလည်း ဤနေရာတွင် မနေလိုပေ။
သူ ရှန်မိုကိုသာ အမြန်ဆုံး ရှာဖွေချင်နေခဲ့ခြင်း ဖြစ်သည်။
ရှီကျင့်ထျန်းမှ အသံကို နှိမ့်၍
“စီနီယာ ရှန်လည်း ရှန့်ရွှမ်းကမ္ဘာမှာ ရှိနေလိမ့်မယ်လို့ မင်းတို့ ထင်လား”
“သူ့ကို နောက်တစ်ခါ ပြန်တွေ့ခွင့် ရနိုင်ပါ့မလား”
တုချန်းချင်းမှ လေးနက်စွာဖြင့်
“ဒါက ပြောရခက်တယ်… စီနီယာ ရှန် ပျောက်ကွယ်သွားတာက အရမ်းရုတ်တရက် ဆန်လွန်းတယ်… သူ ဟင်းလင်းပြင် လေစီးကြောင်းတွေထဲ ဝင်သွားတာ ဖြစ်နိုင်တယ်လို့ ငါ ထင်တယ်”
“ဒါပေမဲ့ သူ တကယ် ဘယ်ကို ရောက်သွားလဲဆိုတာ ဘယ်သူ အသေအချာ ပြောနိုင်မှာလဲ”
“အထွတ်အထိပ် ပညာရှင်နှစ်ဦး ပြောခဲ့တာကိုပဲ ကြည့်လေ… ဟင်းလင်းပြင်ထဲမှာ ကမ္ဘာငယ်လေးတွေ မရေမတွက်နိုင်အောင် ရှိနေတာပဲ မဟုတ်လား”
“ဖြစ်နိုင်တာက စီနီယာ ရှန်က ရှန့်ရွှမ်းကမ္ဘာကို လုံးဝ ရောက်မလာဘဲ အဲဒီ ကမ္ဘာငယ်လေးတွေထဲက တစ်ခုခုဆီကို ရောက်သွားတာလည်း ဖြစ်နိုင်တာပဲ”
“အကယ်၍ သူ ရှန့်ရွှမ်းကမ္ဘာကို ရောက်လာခဲ့ရင်တောင် ဒီနယ်မြေက အရမ်းကျယ်တာပဲ… အလယ်ပိုင်းပြည်နယ်အပြင် အရှေ့ပိုင်းပြည်နယ်၊ တောင်ပိုင်းပင်လယ်ကျွန်းစုတွေနဲ့ အနောက်ပိုင်း နစ်မြုပ်ပင်လယ်တွေလည်း ရှိနေသေးတယ်… ငါတို့ လိုက်ရှာချင်ရင်တောင် သူ့ကို ရှာတွေ့ဖို့ မလွယ်ဘူး”
ရွှယ်ကျီယီမှာ နှုတ်ခမ်းကို တင်းတင်းစေ့ကာ တိတ်ဆိတ်နေသည်။ သို့သော် သူ့ စိတ်ထဲတွင်လည်း ထိုအမျိုးသား၏ ပုံရိပ်မှာ ပေါ်လာခဲ့သည်။
ရှန်မို... သူ ချစ်လည်းချစ်၊ မုန်းလည်းမုန်းရသော အမျိုးသား။
ကျိုးမင်ယီမှ လေးနက်စွာဖြင့်
“ငါ ယုံကြည်တာကတော့ စီနီယာ ရှန်သာ ရှန့်ရွှမ်းကမ္ဘာမှာ တကယ် ရှိနေရင် သူ့ရဲ့ ပါရမီနဲ့ အရည်အချင်းအရ သူက ဒီနယ်မြေ တစ်ခုလုံးမှာ နာမည်ကျော်နေလောက်ပြီ”
“ငါတို့ လုပ်ရမှာက စုံစမ်းကြည့်ဖို့ပဲ… အကယ်၍ စီနီယာ ရှန်ရဲ့ သတင်းကို ဘာမှ မကြားရဘူးဆိုရင်တော့ အဲဒါက...”
သူ စကားကို မဆုံးစေခဲ့ပေ။
သို့သော် အခြားသူများမှာ လူအများ မဟုတ်ကြသဖြင့် ချက်ချင်းပင် နားလည်လိုက်ကြ၏။ အကယ်၍ မည်သူမျှ သူ့အကြောင်း မကြားဖူးဘူးဆိုလျှင် ရှန်မိုသည် ရှန့်ရွှမ်းကမ္ဘာတွင် မရှိဟု ဆိုလိုခြင်း ဖြစ်သည်။
မူယုံးယွဲ့ တည်ငြိမ်စွာဖြင့်
“အားလုံးပဲ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ကြပါ… ရှန်မိုကို ရှာဖို့ကတော့ ကျွန်မရဲ့ တာဝန်ပဲ ဖြစ်ပါစေ”
အားလုံး ခေါင်းညိတ်လိုက်ကြသည်။
...
မန်ချန်းတောင်တန်း။
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီး၊ သေမင်းနက် ကောင်းကင်မြွေ၊ သွေးနီရောင် အတောင်ပံကျားနှင့် ဟန်အင် ကောင်းကင် ညောင်ပင်ကြီးတို့မှာ စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။ သို့သော် ရှန်မိုမှာ ပြန်လည်ရောက်ရှိမလာသေးပေ။
သွေးနီရောင် အတောင်ပံကျားမှ အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်သည်။
“နွားအိုကြီး... ဘာတွေ ဖြစ်နေတာလဲ… တစ်လတောင် ရှိသွားပြီ”
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးမှာ ၎င်း၏ခွာဖြင့် ခေါင်းကို ကုတ်လိုက်သည်။
“ငါလည်း မသိဘူးလေ”
“သခင်ဟောင်းရဲ့ ဂူဗိမာန်ထဲကို ဘယ်သူမှ တစ်ခါမှ မဝင်ဖူးဘူး… အခု အတွင်းမှာ ဘာတွေ ရှိနေမလဲဆိုတာ ဘယ်သူ ပြောနိုင်မှာလဲ”
ဟန်အင် ကောင်းကင် ညောင်ပင်ကြီးမှာ သက်ပြင်းအရှည်ကြီး ချလိုက်သည်။
“ဒါဆိုရင်လည်း ဆက်ပြီး စောင့်ကြတာပေါ့… ငါတို့မှာ အချိန်တွေ အများကြီး ရှိတာပဲ”
ထိုအချိန်မှာပင် အမြင့်ဆုံး တောင်ထိပ်၏ အနက်ရှိုင်းဆုံးနေရာမှ ဟင်းလင်းပြင်မှာ ရုတ်တရက် တုန်ခါသွားခဲ့သည်။
အရှင်သခင် သားရဲလေးကောင်စလုံး တုန်လှုပ်သွားကြ၏။
သူ လာနေပြီ။
Chapter 710 ဂူဗိမ္မာန်ထဲမှ ရတနာများ
ဝုန်း...
တောင်ကမ္ဘာ၏ အနက်ရှိုင်းဆုံးနေရာမှ အလင်းကန့်လန့်ကာတစ်ခု ထွက်ပေါ်လာသည်။ ပုံရိပ်တစ်ခုမှာ ၎င်းကို ဖြတ်ကျော်၍ အရှင်သခင် သားရဲလေးကောင်၏ ရှေ့မှောက်သို့ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
၎င်းမှာ ရှန်မိုပင်။
ယခုအချိန်တွင် သူသည် ဂူဗိမာန်အတွင်းသို့ မဝင်မီကနှင့် နှိုင်းယှဉ်လျှင် အပြင်ပန်းသဏ္ဌာန်မှာ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိပေ။ သို့သော် သူ၏ ကိုယ်ပေါ်တွင်မူ ဟောင်အရှင်သခင်၏ ဂူဗိမာန်အတွင်းမှ ရရှိလာသော အငွေ့အသက်များ ကိန်းအောင်းနေသည်။ ရှေးကျပြီး ကျယ်ပြောလှသည့်အပြင် ဆိတ်ငြိမ်သော အငွေ့အသက်မျိုးပင်။
အရှင်သခင် သားရဲလေးကောင်မှာ သူတို့၏ ရှေ့တွင် ရပ်နေသူသည် နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦး မဟုတ်တော့ဘဲ နတ်ဘုရားနှင့် နတ်ဆိုးစစ်ပွဲခေတ်ကတည်းက ရှင်သန်လာခဲ့သည့် ရှေးဟောင်း အထွတ်အထိပ် ပညာရှင်တစ်ဦးကဲ့သို့ပင် ခံစားလိုက်ကြရသည်။
“မင်း...”
ဟန်အင် ကောင်းကင် ညောင်ပင်ကြီးမှ ရှန်မိုကို အနှောင့်အယှက် ဖြစ်မည်စိုးသဖြင့် သတိထားကာ စကားစလိုက်သည်။
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးကမူ အလောတကြီး မေးလိုက်သည်။
“သခင်ဟောင်းရဲ့ ဂူဗိမာန်ထဲမှာ တစ်ခုခု ရခဲ့လား… အမွေအနှစ် အပြည့်အစုံကို ရခဲ့တာလား”
သူတို့၏ မေးခွန်းများရှေ့တွင် ရှန်မိုမှာ တိတ်ဆိတ်နေဆဲပင်။ သူသည် ဟောင်အရှင်သခင်၏ ဂူဗိမာန်အတွင်းမှ ရရှိခဲ့သော အရာများကို ပြန်လည်သုံးသပ်နေခြင်း ဖြစ်၏။
ဟောင်အရှင်သခင် ချန်ထားခဲ့သော ဤဂူဗိမာန်မှာ ဟင်းလင်းပြင် လေစီးကြောင်းများ၏ ငြိမ်သက်သော နေရာတစ်ခုတွင် ရှိနေသည်။ အနီးအနားတွင် အင်အားကြီးသော ဟင်းလင်းပြင် သားရဲများလည်း မရှိပေ။ ထို့ကြောင့် ရှန်မိုသည် မည်သည့် အနှောင့်အယှက်မှ မရှိဘဲ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ဟောင်အရှင်သခင် သူတော်စင်နယ်မြေသို့ ရောက်ရှိပြီးနောက် ချန်ထားခဲ့သော နေအိမ်မဟုတ်ကြောင်းမှာ ရှင်းလင်းလှသည်။ အငွေ့အသက်အရဆိုလျှင် သူ အထွတ်အထိပ် ပညာရှင်အဆင့်မှာ ရှိနေစဉ်က နေထိုင်ခဲ့သည့် ဂူဗိမာန်ဖြစ်ရမည်။
ဤဂူဗိမာန်အတွင်း၌ မူလက စမ်းသပ်မှု သုံးခု ရှိနေသည်။ တစ်ခုချင်းစီမှာ စိန်ခေါ်သူသည် နတ်ဆိုးများကို သုတ်သင်နိုင်စွမ်း ရှိ၊ မရှိကို စမ်းသပ်ရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်၏။ သို့သော် ရှန်မိုမှ ကိုးဘုံငရဲ ရေခဲမီးလျှံနှင့် ကိုးဆင့်ကောင်းကင် နတ်ဘုရား မိုးကြိုးမီးလျှံတို့ကို ထုတ်ဖော်လိုက်သည်နှင့် စမ်းသပ်မှု သုံးခုစလုံး ပျောက်ကွယ်သွားခဲ့သည်။ စမ်းသပ်မှုများကို လုံးဝ ကျော်ဖြတ်ခွင့် ရလိုက်ခြင်းပင်။ သူသည် အနက်ရှိုင်းဆုံးသော အမွေအနှစ် တည်ရှိရာနေရာသို့ တိုက်ရိုက် ဦးဆောင်ခေါ်ယူခြင်း ခံခဲ့ရ၏။
ဟောင်အရှင်သခင်၏ အမွေအနှစ်မှာ သုံးမျိုးရှိသည်။
ပထမတစ်ခုမှာ တာအိုပုံစံ ကျောက်စာတိုင် ဖြစ်သည်။ အကယ်၍ ၎င်းကို အင်အားကြီးမားစွာဖြင့် ရိုက်ခွဲကာ အထူးလက်နက်တစ်ခုအတွင်းသို့ ပေါင်းစပ်လိုက်လျှင် ထိုလက်နက်သည် ကောင်းကင်နှင့် မြေကမ္ဘာ၏ အမှန်တရားများကို ကိုယ်စားပြုလာပေလိမ့်မည်။ အနည်းဆုံးတော့ ထိုလက်နက်ကို အဆင့်တစ်ခု မြှင့်တင်ပေးနိုင်မည် ဖြစ်၏။ အောက်တန်းမှ အလယ်တန်း၊ အလယ်တန်းမှ အထက်တန်း၊ အထက်တန်းမှ အဆင့်မြင့်ဆုံးသို့။
အထက်တန်းအဆင့် လက်နက်တစ်ခုကို အဆင့်မြင့်ဆုံးသို့ မြှင့်တင်နိုင်မည့် အခွင့်အရေးမှာ ယခင်အဆင့်နှစ်ခုထက် ထက်ဝက်ခန့် နည်းပါးသော်လည်း တာအိုပုံစံ ကျောက်စာတိုင်၏ အရေးပါမှုမှာ သံသယဖြစ်ဖွယ် မရှိပေ။
ရှန်မို၏ လက်ထဲတွင် အထက်တန်းအဆင့် လက်နက်များစွာ ရှိနေပြီး အကယ်၍ တစ်ခုတည်းကိုပင် အဆင့်မြင့်ဆုံးသို့ မြှင့်တင်နိုင်လျှင် ၎င်း၏ စွမ်းအားမှာ အဆမတန် တိုးတက်လာပေလိမ့်မည်။
ဒုတိယ အမွေအနှစ်မှာ လက်ဖဝါးအရွယ်အစားရှိသော ကျောက်တောင်လေး တစ်ခုဖြစ်သည်။ ၎င်းသည် လက်ဖဝါးပေါ်တွင် တင်ထားနိုင်သော်လည်း ၎င်းပေါ်ရှိ အရာအားလုံးမှာ အသက်ဝင်လှသည်။ ရှန်မိုသည် စမ်းချောင်းများ၊ စိမ့်စမ်းများနှင့် ကျောက်သားများ၏ အနုစိတ်ပုံစံကိုပင် မြင်တွေ့နေရ၏။ ဤတောင်မှာ ထွင်းထုထားခြင်းလား သို့မဟုတ် တကယ့်တောင်ကြီးကို သေးငယ်သွားအောင် လုပ်ထားခြင်းလားဟု သူ မတွေးဘဲ မနေနိုင်ပေ။ ဟောင်အရှင်သခင်၏ သတင်းစကားအရ ၎င်းသည် မြောက်ပိုင်းပြည်နယ်ရှိ တောင်တစ်ခုကို စံနမူနာယူကာ သူကိုယ်တိုင် နှစ်ပေါင်းတစ်ထောင်ကြာအောင် ထွင်းထုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ အထွတ်အထိပ် ပညာရှင်အဆင့်သို့ ရောက်ရှိသောအခါ ဤလက်ဖဝါးအရွယ် ကျောက်တောင်လေးကို အသုံးပြု၍ ကောင်းကင်နှင့် မြေကမ္ဘာ၏ အမှန်တရားများကို နားလည်အောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ မည်သည့် အထွတ်အထိပ် ပညာရှင်အတွက်မဆို ၎င်းမှာ ရှားပါးရတနာတစ်ခုပင်။ အကြောင်းမှာ ထိုအဆင့်တွင် ရှေ့သို့ ဆက်လက်တိုးတက်ရန် ကောင်းကင်နှင့် မြေကမ္ဘာ၏ အမှန်တရားများကို နားလည်ရန် လိုအပ်သောကြောင့်ပင်။ အသုံးအများဆုံး နည်းလမ်းမှာ သူတော်စင် စိတ်ဝိညာဉ်ကျောက်တုံးများကို စုပ်ယူခြင်း ဖြစ်သည်။ ၎င်းအပြင် ရှေးဟောင်းအရာများကို အာရုံပြုခြင်းလည်း ရှိသည်။ သာမန်အရာများမှာ မြစ်များနှင့် တောင်များ ဖြစ်သော်လည်း ပိုမိုမြင့်မားသော အရာများမှာ နေ၊ လနှင့် ကြယ်များ ဖြစ်ကြသည်။ ဤလက်ဖဝါးအရွယ် ကျောက်တောင်လေးမှာ ဟောင်အရှင်သခင်က နောက်မျိုးဆက်များအတွက် ပေးအပ်ခဲ့သော လက်ဆောင်ဖြစ်ကြောင်း ရှင်းလင်းလှ၏။
တတိယ အမွေအနှစ်မှာ ဟောင်မီးလျှံပညာရပ်၏ နိဗ္ဗာန်ပိုင်းနှင့် အထွတ်အထိပ်ပိုင်းတို့ ဖြစ်ကြသည်။ ၎င်းမှာ ဟောင်အရှင်သခင်၏ အပင်ပန်းခံ ဖန်တီးခဲ့သော လက်ရာမွန်ကြီး ဖြစ်သည်။ နိဗ္ဗာန်ပိုင်းကို ကျွမ်းကျင်ပါက ထာဝရမီးလျှံ လေးခုကို တစ်ပြိုင်နက်တည်း ပေါင်းစပ်နိုင်သည်။ အထွတ်အထိပ်ပိုင်းကို ကျွမ်းကျင်ပါက ထာဝရမီးလျှံ ငါးခုကို ပေါင်းစပ်နိုင်မည် ဖြစ်သည်။ ၎င်းနှင့်အတူ အသုံးပြုသော ထာဝရမီးလျှံ နည်းပညာများသည် ပြိုင်ဘက်ကင်းသော စွမ်းအားများ ရှိပေလိမ့်မည်။
“တာအိုပုံစံ ကျောက်စာတိုင်၊ လက်ဖဝါးအရွယ် ကျောက်တောင်၊ ဟောင်မီးလျှံပညာရပ်...”
“ဟောင်အရှင်သခင်ကို ကျေးဇူးတင်ပါတယ်”
ရှန်မို ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။ ဂူဗိမာန်အတွင်း၌ အမွေအနှစ်များသာမက အရှင်သခင်ဟောင်း၏ အပ်နှံမှုများလည်း ရှိနေသည်။
“ငါက ဟောင်ဖြစ်တယ်… တခြားသူတွေက ငါ့ကို ဟောင်အရှင်သခင်လို့ ခေါ်ကြတယ်… ဒီနေရာက ရှန့်ရွှမ်းကမ္ဘာမှာ ငါချန်ထားခဲ့တဲ့ နောက်ဆုံး ဂူဗိမာန်ပဲ… မင်းက ဘယ်သူပဲဖြစ်ဖြစ် လူသား၊ သားရဲ ဒါမှမဟုတ် နဂါး အရေးမကြီးဘူး… စမ်းသပ်မှုတွေကို ကျော်ဖြတ်နိုင်သရွေ့ မင်းက ငါ့ရဲ့ ဆက်ခံသူပဲ… ဒီဂူဗိမာန်ထဲမှာ ရှိသမျှ အရာအားလုံးက မင်းပိုင်ဆိုင်တဲ့ အရာတွေ ဖြစ်လာလိမ့်မယ်… ဒါပေမဲ့ ငါ့ရဲ့ လက်ဆောင်တွေကို လက်ခံတဲ့အတွက် မင်းရဲ့ ကတိကဝတ်တွေကိုလည်း တည်ရမယ်…
ပထမ၊ နတ်ဆိုး အထွတ်အထိပ် ပညာရှင် သုံးဦးကို ကိုယ်တိုင် သုတ်သင်ရမယ်… ဒုတိယ၊ ကမ္ဘာငယ်တစ်ခုကို ရှာပြီး အဲဒီပေါ်မှာ ရှိနေတဲ့ နတ်ဆိုးမျိုးနွယ်စုရဲ့ အစအနမှန်သမျှကို ဖျက်ဆီးပစ်ရမယ်… တတိယ၊ ကိုးဆင့်ယင် သူတော်စင်နဲ့ အဆောင်အင်း ဘိုးဘေးကြီးတို့ကို ကယ်တင်ရမယ်”
ရှန်မို၏ စိတ်ထဲတွင် ထိုရှေးဟောင်း အသံကြီးမှာ ဆက်လက် ပဲ့တင်ထပ်နေသည်။ ၎င်းမှာ ဟောင်အရှင်သခင် ချန်ထားခဲ့သော အသံပင် ဖြစ်သည်။
“ပထမအချက် နှစ်ခုကတော့ သိပ်မခက်ခဲပါဘူး… ဒါပေမဲ့ တတိယအချက်ကတော့...”
ရှန်မိုမှာ ကူကယ်ရာမဲ့သော အမူအရာ ပေါ်လာခဲ့သည်။ ကိုးဆင့်ယင် သူတော်စင်နဲ့ အဆောင်အင်း ဘိုးဘေးကြီး ဟုတ်လား။
သူတို့က ရွှမ်ယင် ဂူဗိမာန်နဲ့ ကောင်းကင် အဆောင်အင်း ဂိုဏ်းတို့ရဲ့ သူတော်စင် ဘိုးဘေးကြီးတွေ မဟုတ်ဘူးလား။
အဲဒီလို လူမျိုးတွေကိုတောင် သူက ကယ်တင်ရမယ်တဲ့လား။
သူတော်စင် နှစ်ပါးတောင် ပြင်ပလူရဲ့ အကူအညီ လိုအပ်နေတယ်ဆိုရင် သူတို့ ဘယ်လို အန္တရာယ်မျိုးနဲ့ ကြုံနေရလဲဆိုတာ ခန့်မှန်းရခက်လှသည်။ သူကဲ့သို့ သာမန် နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦးမှ သူတော်စင်တွေကို ကယ်တင်ဖို့ အရည်အချင်း ပြည့်မီပါ့မလား။
“ကံကောင်းတာက ဒီအလုပ် သုံးခုအတွက် ငါ့ကို နှစ်ပေါင်း ငါးရာ အချိန်ပေးထားတယ်”
ရှန်မို သက်ပြင်းအရှည်ကြီး ချလိုက်သည်။
နှစ်ပေါင်း ငါးရာ... သူတော်စင်အဆင့်သို့ တက်လှမ်းရန် လုံလောက်ပါ့မလား။
လုံလောက်သင့်ပါသည်။ အဆုံးစွန်ပြောရလျှင် သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်မှာ အနည်းငယ်တော့ မြန်နေသည် မဟုတ်လား။
“ဘာတွေ အခက်တွေ့နေလို့လဲ”
ထိုအချိန်တွင် အရှင်သခင် သားရဲလေးကောင်၏ စိုးရိမ်တကြီး မေးသံများမှာ သူ၏ နားထဲသို့ ရောက်ရှိလာသည်။
ထိုအခါမှသာ ရှန်မို သတိပြန်ဝင်လာတော့သည်။ ဟောင်အရှင်သခင်၏ အသံမှာ သူ၏ စိတ်ထဲတွင် အလွန်ကြာမြင့်စွာ ကျန်ရစ်နေသဖြင့် သူတို့ကိုပင် လျစ်လျူရှုမိလုနီးပါး ဖြစ်သွားခဲ့သည်။
“ကျွန်တော် အဆင်ပြေပါတယ်”
ရှန်မို ပြုံးပြလိုက်သည်။
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးလည်း နောက်ဆုံးတွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
“ကောင်းပြီ… ကောင်းပြီ… မင်း ဘာမှ မဖြစ်ရင် ပြီးတာပါပဲ”
ထိုစကားကို ကြားရသည့်အခါ သေမင်းနက် ကောင်းကင်မြွေ၊ သွေးနီရောင် အတောင်ပံကျားနှင့် ဟန်အင် ကောင်းကင် ညောင်ပင်ကြီးတို့လည်း စိတ်အေးသွားကြသည်။
ရှန်မိုသည် နှစ်ပေါင်း တစ်သိန်းအတွင်း ဟောင်အရှင်သခင်၏ ဂူဗိမာန်ထဲသို့ ဝင်ရောက်ရန် ပထမဆုံး အရည်အချင်း ပြည့်မီသူ ဖြစ်သည်။
သူ တစ်ခုခု ဖြစ်သွားမည်ကို သူတို့ အမှန်တကယ် မလိုလားကြပေ။
ဟန်အင် ကောင်းကင် ညောင်ပင်ကြီးမှ လေးနက်စွာဖြင့်
“မင်း ဟောင်မီးလျှံပညာရပ်ကို ရခဲ့လား”
ရှန်မို ခေါင်းညိတ်ပြလိုက်သည်။ အရှင်သခင် သားရဲလေးကောင်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အားလုံး ဝပ်တွားလိုက်ကြ၏။
ထို့နောက် သူတို့ တညီတညွတ်တည်း ကြွေးကြော်လိုက်ကြသည်။
“သခင်အသစ်ကို ဂါရဝပြုပါတယ်”
ရှန်မို ခေါင်းကို အနည်းငယ် ငြိမ့်ပြလိုက်သည်။
ဤကဲ့သို့ ဖြစ်လာလိမ့်မည်ကို သူ ကြိုတင် သိရှိထားပြီးသားပင်။
မန်ချန်းတောင်တန်း၏ အရှင်သခင် သားရဲများမှာ တစ်ချိန်က ဟောင်အရှင်သခင် ယဉ်ပါးအောင် လုပ်ထားခဲ့သော သတ္တဝါများ ဖြစ်ကြသည်။ ဟောင်မီးလျှံပညာရပ်ကို ရရှိသူမှန်သမျှကို သူတို့ သခင်အသစ်အဖြစ် သေချာပေါက် အသိအမှတ်ပြုကြပေလိမ့်မည်။
ရှီထျန်းဟောက်၏ ကံကြမ္မာတွင်မူ သူ၏ အင်အား မလုံလောက်မှုကြောင့် ဟောင်အရှင်သခင် သတ်မှတ်ထားသော စမ်းသပ်မှု သုံးခုကို ကျရှုံးခဲ့ရပြီး နောက်ဆုံးတွင် အမွေအနှစ် အချို့ကိုသာ ရရှိခဲ့သည်။ သူသည် ဟောင်မီးလျှံပညာရပ်ကို တစ်ခါမျှ မရရှိခဲ့ပေ။ ထို့ကြောင့် သူသည် မန်ချန်းတောင်တန်း၏ အရှင်သခင် သားရဲများကို အမိန့်မပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ရှန်မို သေချာစဉ်းစားကြည့်လျှင် သူသည် အခွင့်အလမ်းများစွာကို ကြားဖြတ် ရယူခဲ့ခြင်းကြောင့် ရှီထျန်းဟောက်၏ အင်အားမှာ အလွန်အမင်း လျော့နည်းသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ အကယ်၍ ကံကြမ္မာအတိုင်းသာ သွားခဲ့လျှင် ရှီထျန်းဟောက်မှာ စမ်းသပ်မှု အားလုံးကို အောင်မြင်ပြီး ဟောင်အရှင်သခင်၏ ဆက်ခံသူ ဖြစ်လာကာ အရှင်သခင် သားရဲများ၏ သခင်အဖြစ် သတ်မှတ်ခံရမည်မှာ သေချာသည်။
“အခုကစပြီး အရာအားလုံးကို ရိုးရိုးရှင်းရှင်းပဲ ထားကြရအောင်… ကျွန်တော်က ခင်ဗျားတို့ကို အစ်ကိုတွေလို့ ခေါ်မယ်… ခင်ဗျားတို့က ကျွန်တော့်ကို သခင်လို့ပဲ ခေါ်ပါ”
ရှန်မို ပြုံးလျက် ဆိုသည်။
ဤအရှင်သခင် သားရဲများက သူ့ကို သခင်အဖြစ် ရိုသေကြသည်မှာ အမှန်ပင်။ သို့သော် ၎င်းမှာ ဟောင်အရှင်သခင်အပေါ် သူတို့၏ သစ္စာစောင့်သိမှုကြောင့်သာ ဖြစ်သည်။ သူတို့သည် အရှင်သခင်ဟောင်း၏ အမိန့်ကို ဆက်လက် လိုက်နာနေကြဆဲ ဖြစ်သောကြောင့်သာ ဟောင်မီးလျှံပညာရပ်ကို ကိုင်ဆောင်ထားသော ရှန်မိုကို သခင်အသစ်အဖြစ် အသိအမှတ်ပြုကြခြင်း ဖြစ်သည်။
သို့သော် ရှန်မိုကမူ သူ့ အင်အားမှာ သူတို့၏ သခင်အစစ်အမှန် ဖြစ်ရန် မလုံလောက်သေးကြောင်း ကောင်းစွာ သိထားသည်။ အဆုံးစွန်ပြောရလျှင် သူသည် အထွတ်အထိပ် ပညာရှင်အဆင့်သို့ မရောက်သေးပေ။ သို့သော် ဤအရှင်သခင် သားရဲများမှာမူ တစ်ကောင်ချင်းစီတိုင်းက အထွတ်အထိပ် ပညာရှင်များ ဖြစ်ကြသည်။ အသန်မာဆုံးဖြစ်သော ဟန်အင် ကောင်းကင် ညောင်ပင်ကြီးဆိုလျှင် တုန်းလီ အင်ပါယာ၏ အထွတ်အထိပ် ဘိုးဘေးကြီးကိုပင် ခဏတာ လက်လျှော့သွားအောင် လုပ်နိုင်စွမ်း ရှိပေသည်။
Chapter 711 မင်းတို့ခွဲပြီး ကူညီကြ
ဤအခြေအနေတွင် ရှန်မိုအနေဖြင့် နိဗ္ဗာန်အဆင့် ကျင့်ကြံခြင်းလေးဖြင့်သာ ဤအရှင်သခင် သားရဲများကို အမိန့်ပေးရန် ကြိုးစားမည်ဆိုပါက စိတ်ကူးယဉ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ အကယ်၍ သူတို့ကို ဒုက္ခများသော အလုပ်များ ခိုင်းစေမည်ဆိုလျှင် ထိုဝန်ထုပ်ဝန်ပိုးကို ဘေးဖယ်ထားပြီး ငြင်းဆန်ကြဖို့သာ များသည်။
ထို့ကြောင့် ရှန်မို ဤသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ တစ်ဦးချင်းစီက မိမိတို့၏ ကိစ္စများကိုသာ ကိုင်တွယ်ဖြေရှင်းကြမည်ဖြစ်ပြီး သူသည် မိမိကိုယ်ကိုယ် မောက်မာသော အမိန့်များ ထုတ်ပြန်မည့် သခင်အသစ် နေရာတွင် မထားခဲ့ပေ။
ဤစကားကို ကြားရပြီးနောက် ဟန်အင် ကောင်းကင်ညောင်ပင်ကြီး၊ သေမင်းနက် ကောင်းကင်မြွေနှင့် သွေးနီရောင် အတောင်ပံကျားတို့မှာ ပို၍ စိတ်အေးသွားကြသည်။ ရှန်မိုမှ သူတို့၏ သခင်အဖြစ် ဟန်ဆောင်ကာ သူတို့ကို အမြော်အမြင်မရှိဘဲ ခိုင်းစေမည်ကို အမှန်တကယ် စိုးရိမ်နေခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ သူ ထိုသို့လုပ်ခဲ့လျှင်ပင် တိုက်ရိုက် အန္တရာယ်ပြုမည်မဟုတ်သော်လည်း အပြင်ပန်းတွင် နာခံပြီး အတွင်းတွင် ဖီဆန်လျက် သူနှင့် တဖြည်းဖြည်း ဝေးကွာသွားကြပေလိမ့်မည်။
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးကမူ ဂရုမစိုက်ပေ။
၎င်းက ခွာဖြင့် ခေါင်းကိုသာ ကုတ်နေပြီး ဘာကိုမှ စိတ်ထဲ ထည့်မထားပေ။
“ကျေးဇူးတင်ပါတယ် သခင်”
အရှင်သခင် သားရဲများမှ တညီတညွတ်တည်း ပြောလိုက်ကြသည်။
ဟန်အင် ကောင်းကင်ညောင်ပင်ကြီးမှ လေးနက်စွာဖြင့်
“သခင် တစ်ခုခု လိုအပ်ရင်သာ ပြောပါ”
“ဒါပေမဲ့ ကျွန်တော်တို့က အရှေ့ပိုင်းပြည်နယ်က အင်အားစုတွေနဲ့ ကတိကဝတ်တွေ ရှိထားကြတာမို့ မန်ချန်းတောင်တန်းကနေ လွယ်လွယ်နဲ့ ထွက်သွားလို့ မရဘူး”
“အကယ်၍ သခင်က ကျွန်တော်တို့ကို နောက်က လိုက်စေချင်တယ်ဆိုရင်တော့ အဲဒါက ခက်ခဲပါလိမ့်မယ်”
ရှန်မို ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။ “တိုက်တိုက်ဆိုင်ဆိုင်ပဲ… ကျွန်တော့်မှာ ခင်ဗျားတို့ ကူညီပေးရမယ့် ကိစ္စတစ်ခုတော့ ရှိတယ်”
“အထွတ်အထိပ် ပညာရှင် အရိုးတွေပါ”
“မန်ချန်းတောင်တန်းထဲမှာ ကျန်ရစ်ခဲ့တဲ့ အထွတ်အထိပ် ပညာရှင် အရိုးတွေ ရှိသလား”
အရှင်သခင် သားရဲလေးကောင်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ဟန်အင် ကောင်းကင်ညောင်ပင်ကြီးမှ အဓိပ္ပာယ်ပါသော အပြုံးတစ်ခုကို ပြလိုက်ပြီး
“သခင်ကတော့ လူမှန်ကို မေးမိပြီပဲ”
“မန်ချန်းတောင်တန်းက တစ်ချိန်က နတ်ဘုရားနဲ့ နတ်ဆိုးစစ်ပွဲရဲ့ အရေးကြီးတဲ့ စစ်တလင်း ဖြစ်ခဲ့တာ… အထွတ်အထိပ် ပညာရှင် ငါးဆယ်ကျော် ဒီမှာ ကျဆုံးခဲ့ဖူးတယ်”
“သူတို့ရဲ့ ရုပ်ကြွင်းအချို့ကို ပြန်လည် ရယူနိုင်ခဲ့ကြပေမဲ့ အများစုကတော့ တောင်တန်းတွေကြားမှာ ပြန့်ကျဲနေဆဲမို့ ရှာဖို့ ခက်ခဲနေတာပါ”
ရှန်မို ရယ်မောလိုက်သည်။
“သစ်ပင်အစ်ကိုကြီး... အဲဒါက ခင်ဗျားတို့ဆီမှာ အဲဒီ အထွတ်အထိပ် အရိုးအချို့ ရှိနေတယ်လို့ ဆိုလိုတာလား”
သွေးနီရောင် အတောင်ပံကျားမှ ဂုဏ်ယူစွာဖြင့် ပြုံးပြလိုက်သည်။
“အတိအကျပဲ”
“ကျွန်တော့်ရဲ့ ကိုယ်ပိုင် စုဆောင်းမှုထဲမှာတင် ခြောက်ခုထက်မနည်း ရှိတယ်”
“သစ်ပင်အစ်ကိုကြီးဆီမှာတော့ ပိုတောင် များသေးတယ်… သူက ကျွန်တော်တို့ထက် ပိုကြီးပြီးတော့ စုဆောင်းထားတာ အများဆုံးပဲ”
ရှန်မို ပြုံးလျက်
“သစ်ပင်အစ်ကိုကြီး... အဲဒီ အထွတ်အထိပ် အရိုးတွေကိုဆိုရင်...”
မည်သည့်နေရာတွင်မဆို အထွတ်အထိပ် အရိုးများမှာ အဖိုးတန် ရတနာများ ဖြစ်သည်။ အရှင်သခင် သားရဲများမှ ၎င်းတို့ကို အသုံးမပြုနိုင်ရင်တောင်မှ လူသား အထွတ်အထိပ် ပညာရှင်များနှင့် သူတို့ လိုချင်သည့် ရတနာများအတွက် လဲလှယ်နိုင်ကြသည်။
ဟန်အင် ကောင်းကင်ညောင်ပင်ကြီးက လေးနက်စွာ ပြောလိုက်သည်။
“သခင် လိုအပ်နေသရွေ့ ကျွန်တော်တို့ စုဆောင်းထားတဲ့ အထွတ်အထိပ် အရိုးအားလုံးကို ပေးအပ်နိုင်ပါတယ်”
၎င်းတွင်လည်း ကိုယ်ပိုင် တွက်ချက်မှု ရှိသည်။ ရှန်မို၏ အရှိန်အဝါမှာ အားမာန်အပြည့် ရှိနေသဖြင့် သူ အထွတ်အထိပ် အရိုးတစ်ခုကို စုစည်းပြီး အထွတ်အထိပ် နယ်ပယ်သို့ တက်လှမ်းရန် ပြင်ဆင်နေသည်မှာ သေချာသည်။ ထာဝရမီးလျှံ နှစ်ခုကို ယဉ်ပါးအောင် လုပ်နိုင်ပြီး ဟောင်အရှင်သခင်၏ အမွေအနှစ်ကို ဆက်ခံနိုင်ခြင်းမှာ သူ၏ ထူးခြားသော ပါရမီကို သက်သေပြနေသည်။
သူသည် ကောင်းကင်အဆင့် အထွတ်အထိပ် အရိုးတစ်ခုကို စုစည်းနိုင်ရန် အလားအလာ အလွန်များသည်။ သို့သော် ကောင်းကင်အဆင့် အထွတ်အထိပ် အရိုးတစ်ခု ဖြစ်လျှင်ပင် လုံလောက်သော အရိုးသန့်စင်ရည် ထုတ်ယူရန်အတွက် အများဆုံး အထွတ်အထိပ် အရိုး ဆယ်ခုသာ လိုအပ်မည် ဖြစ်၏။ အရိုး ဆယ်ခုမျှကိုတော့ အရှင်သခင် သားရဲများ စုပေါင်းပေးနိုင်သေးသည်။
ရှန်မို၏ အပြုံးမှာ ပို၍ နက်ရှိုင်းလာသည်။
“ဒါဆိုရင် ကျွန်တော် အရိုးသန့်စင်ရည် ပိုလိုအပ်နေသရွေ့ ခင်ဗျားတို့ လေးယောက်က အထွတ်အထိပ် အရိုးတွေကို ဆက်ပြီး ထုတ်ပေးနိုင်တာပေါ့ ဟုတ်လား”
ဟန်အင် ကောင်းကင်ညောင်ပင်ကြီးမှာ သူ၏ လေသံထဲတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသော်လည်း ခေါင်းညိတ်ပြလိုက်ဆဲပင်။
“သခင် စိတ်ချပါ… အဲဒီလောက် အရေအတွက်ရှိတဲ့ အထွတ်အထိပ် အရိုးတွေကိုတော့ ကျွန်တော်တို့ ပေးနိုင်ပါသေးတယ်”
ရှန်မို ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ… ဒါဆို ခင်ဗျားတို့ အချင်းချင်း ခွဲဝေပြီး ကျွန်တော့်ကို အထွတ်အထိပ် အရိုး ဆယ်ခု ပေးပါ”
မကြာမီမှာပင် အရှင်သခင် သားရဲ (၄) ကောင်မှာ သူတို့၏ ကိုယ်ပိုင် စုဆောင်းမှုများကို ထုတ်ယူခဲ့ကြပြီး စုစုပေါင်း အထွတ်အထိပ် အရိုး ဆယ်ခုကို ရှန်မိုအား ပေးအပ်ခဲ့ကြသည်။ ထိုအထဲတွင် ခြောက်ခုမှာ သာမန် အထွတ်အထိပ် အရိုးများ ဖြစ်ကြသည်။ လေးခုသာလျှင် မြေကမ္ဘာအဆင့် အထွတ်အထိပ် အရိုးများ ဖြစ်သည်။
အထွတ်အထိပ် အရိုးတိုင်း၏ အတွင်းတွင် အထွတ်အထိပ် နတ်ဘုရား စွမ်းရည်တစ်ခုစီ ကိန်းအောင်းနေသည်။ သို့သော် အထွတ်အထိပ် စွမ်းအား ရှိမှသာ ၎င်းတို့ကို အသက်သွင်းနိုင်၏။ သို့သော် ယခု ရှန်မို၏ မျက်လုံးထဲတွင်မူ ၎င်းတို့ကို အရိုးသန့်စင်ရည်အဖြစ် အပြည့်အဝ သန့်စင်ခြင်းကသာ ပို၍ အသုံးဝင်သော အရာ ဖြစ်နေသည်မှာ ရှင်းလင်းလှသည်။
မန်ချန်းတောင်တန်း၊ နက်ရှိုင်းသော ဂူတစ်ခုအတွင်း။
ရှန်မို တိတ်ဆိတ်စွာ ကျင့်ကြံနေသည်။
ဂူ၏ အပြင်ဘက်တွင်မူ အရှင်သခင် သားရဲများက တိတ်ဆိတ်စွာ ရပ်နေကြသည်။
သွေးနီရောင် အတောင်ပံကျားမှ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“သစ်ပင်အစ်ကိုကြီး... အထွတ်အထိပ် အရိုး ဆယ်ခုက တကယ်ပဲ လုံလောက်ပါ့မလား… အကယ်၍ သူက ခြင်္သေ့ပါးစပ် ဟသလိုမျိုး နောက်ထပ်တွေ ထပ်တောင်းနေရင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ”
သေမင်းနက် ကောင်းကင်မြွေမှ ခေါင်းညိတ်ကာ “အတိအကျပဲ… ကျွန်တော့်မှာ အထွတ်အထိပ် အရိုး စုစုပေါင်း လေးခုပဲ ရှိတာ… အဲဒါကို ရှေးဟောင်းသားရဲ အဆီအနှစ် သွေးတွေနဲ့ လဲဖို့ စီစဉ်ထားတာဗျ”
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးက ခေါင်းကို ကုတ်လိုက်ရင်း
“သခင်က လိုချင်တယ်ဆိုရင်လည်း ပေးလိုက်ပေါ့… ဘာပြဿနာ ရှိလို့လဲ”
သွေးနီရောင် အတောင်ပံကျားနှင့် သေမင်းနက် ကောင်းကင်မြွေတို့မှာ မျက်လုံးများ ပြူးသွားကြသည်။ မင်းမှာ အထွတ်အထိပ် အရိုး နှစ်ခုပဲ ရှိတာလေ။ ငါတို့ဆီမှာတော့ ခြောက်ခု၊ ခုနစ်ခု ရှိတာ… မင်းကတော့ မနှမြောတာ မဆန်းပါဘူး။
ဟန်အင် ကောင်းကင်ညောင်ပင်ကြီး ရယ်မောလိုက်ရာ ၎င်း၏ တွန့်ရှုံ့နေသော မျက်နှာမှာ ရှေးဟောင်း သစ်ခေါက်နှင့် တူနေသည်။
“စိတ်အေးအေး ထားကြပါ… ကောင်းကင်အဆင့် အထွတ်အထိပ် အရိုးတစ်ခု စုစည်းဖို့အတွက်တောင်မှ လုံလောက်တဲ့ အရိုးသန့်စင်ရည် ထုတ်ဖို့ အများဆုံး အထွတ်အထိပ် အရိုး ဆယ်ခုပဲ လိုတာပါ”
“အကယ်၍ သူက အထွတ်အထိပ် နယ်ပယ်ကို မရောက်နိုင်ဘူးဆိုရင်တော့ သူက သခင်ဟောင်းရဲ့ အမွေခံဖြစ်ဖို့ မထိုက်တန်ဘူးဆိုတာ သက်သေပြလိုက်တာပဲ… အဲဒီနောက်ပိုင်း သူ အရိုးတွေ ထပ်တောင်းရင် ငါတို့ တိုက်ရိုက် ငြင်းလို့ ရတယ်”
“အကယ်၍ သူ အောင်မြင်သွားရင်လည်း နောက်ထပ် အထွတ်အထိပ် အရိုးတွေ သူ လိုတော့မှာ မဟုတ်ဘူးလေ”
ညောင်ပင်ကြီးမှ ပြုံးလိုက်သည်။
“အခု နားလည်ကြပြီလား”
သေမင်းနက် ကောင်းကင်မြွေနှင့် သွေးနီရောင် အတောင်ပံကျားတို့မှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
“စိတ်အေးသွားပါပြီ”
“နောက်ထပ် အထွတ်အထိပ် အရိုးတွေ မလိုတော့ဘူးဆိုရင် ပြီးတာပါပဲ”
ဂူအတွင်း၌။
ရှန်မိုသည် အထွတ်အထိပ် အရိုး ဆယ်ခုစလုံးကို ချန်းချင်း သံသရာ ဖိုအတွင်းသို့ တစ်ပြိုင်နက်တည်း ထည့်လိုက်ပြီး အရိုးသန့်စင်ရည် သန့်စင်စေလိုက်သည်။ ချန်းချင်း သံသရာ ဖိုမှာ အညစ်အကြေးများကို ဖယ်ရှားပြီး အဆီအနှစ်များကို ထုတ်ယူရာတွင် အထူးကျွမ်းကျင်၏။
ထို့နောက် သူ နဂါးနက် ကတ်ကြေးကို ထုတ်လိုက်ပြီး တာအိုပုံစံ ကျောက်စာတိုင်ကို အသုံးပြုကာ ဤအထူးလက်နက်ကို အဆင့်မြှင့်တင်ရန် ပြင်လိုက်သည်။
ထိုက်အာသည် နဂါးနက် ကတ်ကြေးအတွင်းမှ ထွက်လာပြီး စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရင်နေ၏။ “သခင်… သခင်က တကယ့်ကို အကောင်းဆုံး သခင်ပဲ”
ရှန်မို၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်။
ထိုက်အာ ဘာတွေးနေသည်ကို သူ ကောင်းစွာ သိသည်။ နဂါးနက် ကတ်ကြေး အဆင့်တက်သွားခြင်းမှာ ထိုက်အာ၏ အင်အား ပြန်လည် တိုးတက်လာမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့အပြင် မွေးရာပါ ပုန်ကန်တတ်သော ဤဝိညာဉ်မှာ ဖီဆန်လိုသော အတွေးများ သေချာပေါက် ပေါ်လာပေလိမ့်မည်။
တာအိုပုံစံ ကျောက်စာတိုင်ကို နဂါးနက် ကတ်ကြေးအတွင်းသို့ ပေါင်းစပ်သည့် လုပ်ငန်းစဉ်မှာ ရှန်မို မျှော်လင့်ထားသည်ထက်ပင် ပိုမို ချောမွေ့ခဲ့သည်။ ကျောက်စာတိုင်အတွင်းရှိ ကောင်းကင်နှင့် မြေကမ္ဘာ၏ နိယာမများကို စုပ်ယူလိုက်သည်နှင့် နဂါးနက် ကတ်ကြေးမှာ ယခင်ကထက် ပိုမို ထက်မြက်လာခဲ့သည်။ ၎င်း၏ ကတ်ကြေးဓာတ်ငွေ့ အမျှင်တန်းများကြောင့် ရှန်မို၏ မျက်လုံးထောင့်များမှာပင် အလွန် တွန့်သွားခဲ့ရသည်။
“ဟားဟားဟားဟား”
“မင်း လုပ်ခဲ့မိတဲ့ အကြီးမားဆုံး အမှားကတော့...”
ထိုက်အာမှာ ဘဝင်မြင့်စွာဖြင့် တခစ်ခစ် ရယ်မောလိုက်သည်။ သို့သော် သူ စကားမဆုံးမီမှာပင် ရှန်မို သူ၏ မျက်နှာကို ခပ်ပြင်းပြင်း ရိုက်ချလိုက်သည်။ ချက်ချင်းပင် ကျောက်တုံးနက် ပေါ်လာပြီး သူ့ကို ဖိနှိပ်လိုက်တော့သည်။
ရှန်မို၏ လက်ဖဝါးပေါ်တွင် ကိုးဘုံငရဲ ရေခဲမီးလျှံမှာ ဝင်းလက်နေသည်။ ရှန်မို၏ လေသံမှာ အေးစက်လှ၏။
“ဘာပြောမလို့လဲ”
ထိုက်အာ၏ နဖူးတွင် ချွေးစေးများ ထွက်လာသည်။ “အဲဒါက... အဲဒါက သခင်က တာအိုပုံစံ ကျောက်စာတိုင်ကို နဂါးနက် ကတ်ကြေးအတွက် မသုံးဘဲ ရွှေရောင် နဂါးအရှိန်အဝါ သံချပ်ကာကို အဆင့်မြှင့်ဖို့ သုံးသင့်တာလို့ ပြောမလို့ပါ… သခင်... ကျွန်တော် ထင်တာက သခင် ရွေးချယ်မှု မှားသွားတယ်… အစ်ကိုကြီး ကျောက်တုံးနက်က ကျွန်တော့်ထက် ပိုအရေးကြီးပါတယ်”
ရှန်မို တည်ငြိမ်စွာ ပြောလိုက်သည်။
“နောက်တစ်ခါ ထပ်ဖြစ်ရင် မင်းရဲ့ ဝိညာဉ်ကို ငါ ဖျက်ဆီးပစ်မယ်”
ထိုက်အာ၏ နဖူးမှ ချွေးများမှာ မိုးရေကဲ့သို့ စီးကျလာသည်။ လက်နက်ဝိညာဉ် တစ်ခုအနေဖြင့် သူ၌ တကယ့်ချွေးများ မရှိသော်လည်းပေါ့။
“သခင်... ကျွန်တော်... ကျွန်တော်က သခင်အပေါ် အမြဲတမ်း သစ္စာအရှိဆုံးပါ”
ရှန်မိုမှ သူ၏ အာပေါင်အာရင်း သန်သန် ပြောဆိုမှုများကို လျစ်လျူရှုကာ သူ့ကို သိုလှောင်အိတ်ထဲသို့ တိုက်ရိုက် ပြန်ထည့်လိုက်သည်။
ထို့နောက် သူ တင်ပျဉ်ခွေ ထိုင်လိုက်ပြီး တာအိုပုံစံများ ရေးထိုးခြင်းကို အရှိန်မြှင့်လိုက်သည်။ သူ၏ အရေအတွက်မှာ ငါးရာနီးပါး ရှိနေပြီဖြစ်ရာ နောက်ဆုံးခြေလှမ်းမှာ လက်တစ်ကမ်းတွင်သာ ရှိတော့သည်။ ထို့ကြောင့် သူ တစ်သက်တည်းဖြင့် ရှေ့သို့ တိုးသွားရန် ဆုံးဖြတ်လိုက်ပြီး တာအိုပုံစံ ငါးရာကို ရေးထိုးကာ အထွတ်အထိပ် နယ်ပယ်သို့ ကျော်ဖြတ်ရန် ပြင်လိုက်တော့သည်။
ငါးနှစ် ကြာပြီးနောက်။
ရှန်မိုသည် နောက်ဆုံးတွင် သူ၏ တာအိုပုံစံ ငါးရာကို အသက်သွင်းနိုင်ခဲ့၏။ သူ၏ ဓမ္မရုပ်လုံးပေါ်ခြင်းအဆင့် ငါးမျိုးစလုံးမှာ အပြစ်အနာအဆာ တစ်ခုမျှ မရှိဘဲ ပြီးပြည့်စုံသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ။ တစ်ချိန်တည်းမှာပင် အထွတ်အထိပ် အရိုး ဆယ်ခုမှ သန့်စင်ထားသော အရိုးသန့်စင်ရည်မှာလည်း ပြီးစီးသွားခဲ့၏။
သူ၏ ရှေ့တွင် စနစ်တကျ ခင်းကျင်းထားသော ရတနာများကို ကြည့်ရင်း ရှန်မို ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။
“အထွတ်အထိပ် အရိုးကို စတင် စုစည်းမယ်” “အထွတ်အထိပ် အဆင့်ကို တိုက်စစ်ဆင်မယ်”