အခန်း (၇၁၂-၇၁၄)
Vol. 48 Ch. 712-714
Chapter 712 အနှစ် (၂၀) အကြာတွင် ပြန်ပေါ်လာခြင်း
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ပေါင်းနှစ်ဆယ်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
သက်တမ်း နှစ်တစ်ရာပင် မပြည့်တတ်ကြသော သာမန်လူသားများအတွက် နှစ်ပေါင်းနှစ်ဆယ်ဆိုသည်မှာ တက်ကြွလှုပ်ရှားသော လူငယ်ဘဝမှ လူလတ်ပိုင်းအရွယ်သို့ တက်လှမ်းရန် လုံလောက်သော အချိန်ဖြစ်၏။ ကျင့်ကြံခြင်း အောက်ခြေအဆင့်ဖြစ်သော အမြုတေစုဆောင်းခြင်း သို့မဟုတ် အခြေခံတည်ဆောက်ခြင်းအဆင့်ရှိ ကျင့်ကြံသူများအတွက်လည်း နှစ်ပေါင်းနှစ်ဆယ်ဆိုသည်မှာ ရှေ့ဆက်တိုးတက်ရန် သူတို့၏ ရည်မှန်းချက်များကို မြှုပ်နှံလိုက်ရသည့် အချိန်မျိုး ဖြစ်တတ်သည်။
သို့သော် အသက်ရှည်လှသော အထွတ်အထိပ် ပညာရှင်များ သို့မဟုတ် အရှင်သခင် သားရဲကြီးများအတွက်မူ နှစ်ပေါင်းနှစ်ဆယ်ဆိုသည်မှာ လက်ဖျောက်တစ်ချက်တီးစာမျှသာ ရှိပေသည်။ သူတို့၌ ထိုကဲ့သို့သော နှစ်ပေါင်းနှစ်ဆယ်များစွာ ဖြုန်းတီးပစ်ရန် ရှိနေကြသည်။
မန်ချန်းတောင်တန်းကြီးမှာ ဆိတ်ငြိမ်မြဲ ဆိတ်ငြိမ်နေဆဲပင်။
အထွတ်အထိပ် ပညာရှင်များပင် ခြေမချရဲသည့် နေရာတစ်ခုအဖြစ် တည်ရှိနေဆဲ ဖြစ်၏။ လွန်ခဲ့သော အချိန်အတော်ကြာက လူသား အထွတ်အထိပ် ပညာရှင်များနှင့် မန်ချန်းတောင်တန်းမှ အရှင်သခင် သားရဲများသည် နှစ်ပေါင်းတစ်သောင်း ကတိကဝတ်တစ်ခု ပြုခဲ့ကြဖူးသည်။ အရှင်သခင် သားရဲများသည် တောင်တန်းအပြင်ဘက်သို့ ခြေတစ်လှမ်းမျှ မထွက်ရန်နှင့် လူသား အထွတ်အထိပ် ပညာရှင်များသည်လည်း တောင်တန်းအတွင်းသို့ မဝင်ရောက်ရန် ဖြစ်သည်။ ချိုးဖောက်သူမှန်သမျှမှာ ကတိသစ္စာကို သစ္စာဖောက်သူများ ဖြစ်ပေလိမ့်မည်။
သို့သော် နှစ်ပေါင်း တစ်သိန်းနီးပါး ကုန်ဆုံးသွားပြီး ထိုရှေးဟောင်း အထွတ်အထိပ် ပညာရှင်များလည်း ကွယ်လွန်ကုန်ကြသည့်အခါ ထိုကတိကဝတ်မှာ မှတ်ဉာဏ်ထဲမှ မှေးမှိန်လာခဲ့၏။ လဲ့ကျင်းလုံ ကဲ့သို့သော ပုဂ္ဂိုလ်များမှာ သူတို့၏ ကိုယ်ကျိုးအတွက် မန်ချန်းတောင်တန်းထဲသို့ ကျူးကျော်ဝင်ရောက်ရန် ဝံ့ရဲလာကြသည်။
ယခုအခါ မန်ချန်းတောင်တန်းသို့ ပုံရိပ်သုံးခု ရောက်ရှိလာခဲ့သည်။ သူတို့မှာ လူသား အထွတ်အထိပ် ပညာရှင်များ မဟုတ်ကြဘဲ နတ်ဆိုး အထွတ်အထိပ် ပညာရှင်များ ဖြစ်ကြသည်။
ရှန့်ကုနှင့် ဟူချင်း။
ဟူချင်း၏ ဘေးတွင်မူ မြေခွေးနတ်ဘုရားမလေး ဟူရှင်းယွဲ့ ပါလာခဲ့သည်။
ဤအဆင့်တွင် နတ်ဆိုးများနှင့် သားရဲများမှာ ခွဲခြားရန် မဖြစ်နိုင်သလောက်ပင်။ နတ်ဆိုးများမှ သူတို့၏ မူလသဏ္ဌာန်ကို ဖော်ထုတ်လိုက်လျှင် ကြီးမားသော သားရဲကြီးများ ဖြစ်သွားကြသည်။ သားရဲများကလည်း လူသားပုံသဏ္ဌာန်သို့ ပြောင်းလဲနိုင်သော်လည်း ထိုသို့ ပြုလုပ်ခြင်းက ကောင်းကင်နှင့် မြေကမ္ဘာ၏ စိတ်ဝိညာဉ်စွမ်းအား စုပ်ယူမှုကို အလွန်အမင်း နှေးကွေးသွားစေ၏။ ထိုနှစ်ပေါင်းတစ်သောင်း ကတိကဝတ်တွင် နတ်ဆိုး အထွတ်အထိပ် ပညာရှင်များ မပါဝင်ပေ။
“ရှန့်ကု... အဲဒီ အရှင်သခင် သားရဲတွေက သဘောတူပါ့မလား”
“သူတို့ရဲ့ တာဝန်က မန်ချန်းတောင်တန်းကို ထာဝရ စောင့်ကြပ်ဖို့ပဲ… ဘယ်တော့မှ ထွက်မသွားရဘူးလို့ ကျွန်မ ကြားဖူးတယ်”
လှပသော မြေခွေးနတ်ဘုရား အထွတ်အထိပ် ပညာရှင် ဟူချင်းမှ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
ရှန့်ကုသည် အသံသြသြဖြင့်
“သူတို့ရဲ့ တာဝန်က ဟောင်အရှင်သခင်ရဲ့ ဂူဗိမာန်ကို စောင့်ရှောက်ဖို့ပဲ”
“အဲဒါကိုတော့ ငါ ကောင်းကောင်း သိတာပေါ့”
“ဒါပေမဲ့ အခု နဂါးစစ်မှန် သူတော်စင်နယ်မြေတစ်ခုလုံး ပျောက်ကွယ်သွားပြီ… သူတို့ နှိမ်နင်းထားတဲ့ ငရဲနတ်ဆိုးနဂါးလည်း ပျောက်နေပြီလေ… ဒါက ကြီးမားတဲ့ ခြိမ်းခြောက်မှုပဲ”
“အရှင်သခင် သားရဲတွေက ငရဲနတ်ဆိုးနဂါး ပျောက်နေတာကို သိတာနဲ့ သူတို့က ပထမဆုံး လှုပ်ရှားမယ့်သူတွေ ဖြစ်လာလိမ့်မယ်လို့ ငါ ထင်တယ်… အဆုံးစွန်ပြောရရင် အဲဒီနဂါးကို ငရဲပင်လယ်ထဲ မောင်းထုတ်ပြီး ချိတ်ပိတ်ခဲ့တာ သူတို့ပဲ မဟုတ်လား”
ဟူချင်းမှ ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။
“အဲဒီအတိုင်း ဖြစ်ပါစေလို့ပဲ မျှော်လင့်ရမှာပေါ့...”
မကြာမီမှာပင် သူတို့ မန်ချန်းတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာသို့ အနှောင့်အယှက်မရှိ ဝင်ရောက်နိုင်ခဲ့သည်။ သို့သော် အရှင်သခင် သားရဲလေးကောင်၏ နယ်မြေများတွင် မည်သူ့ကိုမျှ မတွေ့ရပေ။ ထိုလေးကောင်စလုံး ပျောက်ကွယ်သွားသကဲ့သို့ပင်။
“သစ်ပင်အိုကြီးကို ရှာနေတာလား”
ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ရှန့်ကုနှင့် ဟူချင်းတို့ မော့ကြည့်လိုက်ရာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်လောက်သော အရိပ်ကြီးတစ်ခု သူတို့အပေါ် ကျရောက်လာ၏။ လေပြင်းများ တိုက်ခတ်လာပြီး ဖုန်မှုန့်များ ထသွားသည်။ ဖုန်မှုန့်များ ငြိမ်သက်သွားသည့်အခါ ကောင်းကင်ဖုံးလွှမ်း စာကလေးငှက် တစ်ကောင်ကို သူတို့ ရှင်းလင်းစွာ မြင်လိုက်ရသည်။
၎င်း၏ နောက်တွင်မူ ပို၍ သေးငယ်သော ငှက်ငယ်လေးတစ်ကောင် ပါလာသည်။ ၎င်းမှာ သိပ်ပြီး ပါးနပ်ပုံမရဘဲ အတောင်ပံများကို အပြင်းအထန် ခတ်ကာ ဆင်းသက်လာပြီး နှုတ်သီးဖြင့် မြေကြီးကို ထောက်ကာ အရှိန်သတ်နေရသော်လည်း သာမန် လသာငှက်တစ်ကောင်ကမူ ဤကဲ့သို့သော အရာများကို လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
ဟူရှင်းယွဲ့မှာ ထိုငှက်ငယ်လေးကို ကြည့်ပြီး အော်ရယ်မိလုနီးပါး ဖြစ်သွားသည်။
“မှန်ပါတယ်… ကျွန်တော်တို့က တောင်ပိုင်းပင်လယ်က လာတဲ့ အထွတ်အထိပ် ပညာရှင်တွေပါ… အရေးကြီးတဲ့ ကိစ္စရှိလို့ အရှင်သခင် သားရဲလေးကောင်ကို လာရှာတာပါ”
ဟူချင်းမှ လေးနက်စွာ ပြောလိုက်သည်။
ကောင်းကင်ဖုံးလွှမ်း စာကလေးငှက် ခဏမျှ စဉ်းစားလိုက်သည်။
“အဲဒီ လေးကောင်က အခု အလုပ်ရှုပ်နေကြတယ်… ငါ မင်းတို့အတွက် သတင်းပါးပေးလို့ ရပါတယ်”
ရှန့်ကု လေးနက်စွာဖြင့်
“ဒီကိစ္စက အရမ်း အရေးကြီးလွန်းလို့ပါ… နတ်ဆိုးမျိုးနွယ်ရော သားရဲတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ပါ သက်ဆိုင်နေတာ”
သူ သက်ပြင်းချလိုက်သည်။
“ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်… အဲဒါက ငရဲနတ်ဆိုးနဂါး အကြောင်းပဲ”
စာကလေးငှက်ကြီး၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။
“ငါ့နောက်ကို လိုက်ခဲ့… ငါ သူတို့ဆီ ခေါ်သွားပေးမယ်”
“ကောင်းပြီ”
ရှန့်ကုနှင့် ဟူချင်းတို့ ချက်ချင်းပင် နောက်မှ လိုက်သွားကြသည်။
မကြာမီမှာပင် မန်ချန်းတောင်တန်း၏ အမြင့်ဆုံး တောင်ထိပ်အောက်၌ အင်အားအကြီးဆုံး အရှင်သခင် သားရဲလေးကောင်ကို သူတို့ တွေ့လိုက်ရသည်။ ဟန်အင် ကောင်းကင် ညောင်ပင်ကြီး၊ သေမင်းနက် ကောင်းကင်မြွေ၊ မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးနှင့် သွေးနီရောင် အတောင်ပံကျား။ ဤ အင်အားအကြီးဆုံး အရှင်သခင် သားရဲလေးကောင် စုရုံးနေကြခြင်း ဖြစ်သည်။
သို့သော် သူတို့၏ အမူအရာများမှာ ကြည့်မကောင်းလှပေ။
ရှန့်ကုနှင့် ဟူချင်းတို့ အနားသို့ ချဉ်းကပ်သွားသည့်အခါ သေမင်းနက် ကောင်းကင်မြွေက
“... ငါ့ဆီမှာ အထွတ်အထိပ် အရိုး အနည်းငယ်ပဲ ရှိတာ… အဲဒါတွေကို အကုန်ပေးလိုက်ရပြီ… သစ်ပင်အစ်ကိုကြီး... အစ်ကိုကြီး ငါ့ကို ကူညီရမယ်”
သူ တိုးတိုးလေး မြည်တွန်တောက်တီးနေသည်ကို ကြားလိုက်ရသည်။
သွေးနီရောင် အတောင်ပံကျားမှာလည်း ခါးသက်သော မျက်နှာဖြင့်
“ဟုတ်တယ်… သူက ဒီလောက်များတဲ့ အထွတ်အထိပ် အရိုးတွေကို မရပ်မနား တောင်းလိမ့်မယ်လို့ ဘယ်သူ သိမှာလဲ… ဒီနှစ်ပေါင်း နှစ်ဆယ်အတွင်းမှာတင် ငါ အရိုး ခြောက်ခု ပေးလိုက်ရပြီးပြီ”
ဟန်အင် ကောင်းကင် ညောင်ပင်ကြီးက အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ စကားပြောလိုက်သည်။
“မင်းတို့ နှစ်ယောက်ထဲက ဘယ်သူက ငါ့ထက် ပိုပေးလိုက်ရလို့လဲ”
“ငါဆိုရင် အထွတ်အထိပ် အရိုး နှစ်ဆယ်ထက်မနည်း ပေးလိုက်ရတာ… ငါ ညည်းညူနေလို့လား”
“အဲဒီတုန်းက ငါတို့ကပဲ ရဲရဲဝံ့ဝံ့ ကြွားခဲ့ကြတာလေ… အခုတော့ ကိုယ့်စကားနဲ့ကိုယ် ခါးသက်တဲ့ အသီးအပွင့်ကို ပြန်စားကြရတာပေါ့”
“ငါတို့က အရှင်သခင် သားရဲတွေ… အထွတ်အထိပ် သားရဲတွေလေ… ဒါမှမဟုတ် မင်းတို့က ကိုယ့်စကားကို ပြန်ဖျက်ချင်လို့လား”
သေမင်းနက် ကောင်းကင်မြွေနှင့် သွေးနီရောင် အတောင်ပံကျားတို့မှာ မျက်နှာလေးများ ငယ်သွားကြပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ကြသည်။
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးကမူ ၎င်း၏ခွာဖြင့် ခေါင်းကို ကုတ်လိုက်ရင်း “အဲဒီလောက်တောင် များလို့လား… ငါကတော့ သခင်အသစ်ကို ငါ့ဆီမှာ ရှိသမျှ အထွတ်အထိပ် အရိုးတွေ ပေးလိုက်တာပဲ… ဘာပြဿနာမှ မရှိပါဘူး”
အခြားနှစ်ကောင်မှာ သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။
ဟန်အင် ကောင်းကင် ညောင်ပင်ကြီးသည် အေးစက်စွာဖြင့်
“မင်းမှာ အထွတ်အထိပ် အရိုး စုစုပေါင်း နှစ်ခုပဲ ရှိတာလေ… ဘာမှ မခံစားရတာ မဆန်းပါဘူး...”
ရှန့်ကုနှင့် ဟူချင်းတို့မှာ အံ့သြတုန်လှုပ်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့ ကြားလိုက်ရသမျှအရ ဤအရှင်သခင် သားရဲလေးကောင်မှာ အခက်တွေ့နေကြပုံပင်။
သူတို့က မည်သူ့ကို အထွတ်အထိပ် အရိုးတွေ ပေးလိုက်ရတာလဲ။
ဤမျှ အရေးကြီးသော အရာများကို ထိုမျှ တိုက်ရိုက် ပေးလိုက်ရသည်လား။
သခင်အသစ် ဟုတ်လား။
ထိုသခင်အသစ်ဆိုသူက ဘယ်သူများလဲ။
ထိုအချိန်မှသာ ရှန့်ကုနှင့် ဟူချင်းတို့ ရောက်ရှိလာခြင်းကို အရှင်သခင် သားရဲများ သတိပြုမိသွားကြသည်။ သေမင်းနက် ကောင်းကင်မြွေမှ မကျေမနပ် ဟိန်းဟောက်လိုက်သည်။
“စာကလေး... မင်း ဘာလို့ ပြင်ပလူတွေကို ခေါ်လာတာလဲ”
သွေးနီရောင် အတောင်ပံကျားကလည်း ဟိန်းဟောက်လိုက်သည်။
“ခင်ဗျားတို့ကို တစ်ခါမှ မမြင်ဖူးပါဘူး… ဘယ်ကလာတဲ့ နတ်ဆိုးတွေလဲ”
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးကမူ ပျော်ပျော်ရွှင်ရွှင် ရယ်မောလိုက်သည်။
“အို... မျက်နှာသစ်တွေပါလား… ခင်ဗျားတို့ ဘယ်က လာကြတာလဲ”
ဟန်အင် ကောင်းကင် ညောင်ပင်ကြီးကမူ သူတို့ကို သေချာ စိုက်ကြည့်နေ၏။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ စကားပြောလိုက်သည်။
“ရှန့်ကု… ငါ မင်းကို မှတ်မိနေသလိုပဲ… နတ်ဘုရားနဲ့ နတ်ဆိုးစစ်ပွဲ အဆုံးသတ်တုန်းက မင်းက အထွတ်အထိပ် အဆင့်ကို အခုမှ တက်လှမ်းခါစပဲ မဟုတ်လား”
ရှန့်ကု ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်ပါတယ် စီနီယာ… မတွေ့ရတာ ကြာပါပြီ”
ညောင်ပင်ကြီးကလည်း ပြုံးပြလိုက်သော်လည်း ၎င်း၏ လေသံမှာ ချက်ချင်းပင် တင်းမာသွားခဲ့သည်။
“ခုနက ငါတို့ ပြောနေတာတွေကို ဘယ်လောက်တောင် ကြားသွားလဲ”
၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ ဝိညာဉ်အမြစ်များ အားလုံးမှာ မြွေများကဲ့သို့ ထောင်ထလာပြီး ရှန့်ကု၊ ဟူချင်းနှင့် ဟူရှင်းယွဲ့တို့ကို ပစ်မှတ်ထားလိုက်သည်။ အရှင်သခင် သားရဲတစ်ကောင်၏ အရှိန်အဝါမှာ မည်သည့် အဟန့်အတားမှ မရှိဘဲ ဖိနှိပ်လာ၏။ အကယ်၍ ဟူချင်း၏ အကာအကွယ်သာ မရှိလျှင် ဟူရှင်းယွဲ့မှာ ထိုနေရာမှာပင် သွေးအန်သွားပေလိမ့်မည်။
ရှန့်ကု အလောတကြီး ရယ်မောလိုက်ပြီး
“ကျွန်တော်တို့ ဘာမှ မကြားလိုက်ရပါဘူး”
ထိုအခါမှသာ ညောင်ပင်ကြီးမှာ မရေမတွက်နိုင်သော အမြစ်များကို ပြန်ချလိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်မှ တည်ငြိမ်စွာ ပြောလိုက်သည်။
“စောစောက သူတို့ ငရဲနတ်ဆိုးနဂါး အကြောင်း ပြောလို့ ကျွန်တော် ခေါ်လာခဲ့တာပါ”
“ဘာ”
ထိုစကားကြောင့် အရှင်သခင် သားရဲလေးကောင်စလုံး အေးခဲသွားကြသည်။ မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးပင် ပါဝင်၏။
နတ်ဘုရားနှင့် နတ်ဆိုးစစ်ပွဲတုန်းက ငရဲနတ်ဆိုးနဂါးကို ဒုက္ခိတဖြစ်အောင် သူတို့ကိုယ်တိုင် လုပ်ခဲ့ကြပြီး ငရဲပင်လယ်ထဲကို နှိမ်နင်း ချိပ်ပိတ်ခဲ့ကြခြင်း မဟုတ်လား။
ထိုအချိန်က အနောက်ပိုင်းပြည်နယ်မှာ မရေမတွက်နိုင်သော သူတော်စင်နယ်မြေ တိုက်ပွဲများကြောင့် ပျက်စီးနေနှင့်ပြီး ပြိုလဲလုနီးပါး ဖြစ်နေခဲ့သည်။ သူတို့နှင့် ငရဲနတ်ဆိုးနဂါးတို့၏ တိုက်ပွဲမှာ ကုလားအုတ်ကျောပေါ်က နောက်ဆုံးတင်လိုက်သည့် ကောက်ရိုးတစ်မျှင်ကဲ့သို့ ဖြစ်သွားခဲ့သည်။
အနောက်ပိုင်းပြည်နယ်မှာ ထိုအချိန်မှစ၍ နစ်မြုပ်သွားခဲ့ပြီး အနောက်ပိုင်း နစ်မြုပ်ပင်လယ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သူတို့ရော ငရဲနတ်ဆိုးနဂါးပါ ဟောင်အရှင်သခင်၏ ဝိညာဉ်သားရဲများ ဖြစ်ခဲ့ကြဖူးသည်။ ငရဲနတ်ဆိုးနဂါး၏ စွမ်းအားက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူတို့ ကောင်းစွာ သိကြ၏။
“ငရဲနတ်ဆိုးနဂါးက ဘာဖြစ်လို့လဲ”
ညောင်ပင်ကြီး၏ အသံမှာ လေးနက်လှသည်။
ရှန့်ကု၏ အကြည့်မှာ တည်ကြည်သွား၏။
“နဂါးစစ်မှန် သူတော်စင်နယ်မြေက တစ်ညတည်းနဲ့ ပျောက်ကွယ်သွားပြီ… ငရဲပင်လယ်ထဲမှာ နှစ်ပေါင်း တစ်သိန်း ချိတ်ပိတ်ခံထားရတဲ့ ငရဲနတ်ဆိုးနဂါးလည်း ပျောက်နေပြီ”
“အခု နဂါးနန်းတော် လေးခုစလုံးက သူ့ရဲ့ တည်နေရာကို ရှာဖို့ အပြည့်အဝ လှုပ်ရှားနေကြပြီ”
“ကျွန်တော်တို့ မန်ချန်းတောင်တန်းကို လာရတာက ငရဲနတ်ဆိုးနဂါးကို အတူတူ ရင်ဆိုင်ဖို့အတွက် ခင်ဗျားတို့ လေးယောက်ကို ဖိတ်ခေါ်ချင်လို့ပါ”
Chapter 713: ငါတို့ အရိုးတွေ ထပ်မပေးရတော့ဘူး
ရှန့်ကု၏ စကားများကို နားထောင်ပြီးနောက် အရှင်သခင် သားရဲလေးကောင်စလုံး တိတ်ဆိတ်သွားကြသည်။
သူတော်စင်နယ်မြေတစ်ခုလုံးသည် တစ်ညတည်းနှင့် ပျောက်ကွယ်သွားခဲ့၏။ နှစ်ပေါင်းတစ်သိန်းတိုင်တိုင် ချိတ်ပိတ်ခံထားရသော ငရဲပင်လယ်တွင်လည်း ငရဲနတ်ဆိုးနဂါး မရှိတော့ပေ။
အဘယ်အရာများ တကယ်ဖြစ်ပျက်ခဲ့သနည်း။
ထိုငရဲနတ်ဆိုးနဂါးသည် စစ်မှန်သော နဂါးတစ်ကောင် ဖြစ်ပြီး နဂါးဘိုးဘေးသွေး ပါရှိသည့် စစ်မှန်သော နဂါးပင် ဖြစ်၏။
ထိုစဉ်က နဂါးမျိုးနွယ်စု၏ အင်အားအကြီးဆုံး နဂါးသူတော်စင် လေးပါးသည် သူတို့၌ရှိသမျှ အရင်းအမြစ်အားလုံးကို သူ့အတွက် အသုံးပြုကာ သူတော်စင်နယ်မြေသို့ တက်လှမ်းနိုင်အောင် ကူညီပေးရန် စဉ်းစားခဲ့ကြဖူးသည်။ သို့သော် ငရဲနတ်ဆိုးနဂါးသည် တစ်ညတည်းနှင့် သူတို့ကို သစ္စာဖောက်ကာ ယုံပုနတ်ဆိုးမျိုးနွယ်စုနှင့် ပူးပေါင်းသွားခဲ့သည်။ သူ၏ ကိုယ်ပိုင်စွမ်းအားနှင့် သူတို့ပေးအပ်သော လက်ဆောင်များကို အသုံးပြုကာ နဂါးနန်းတော် လေးခုစလုံးကို သွေးချောင်းစီး သတ်ဖြတ်ခဲ့သည်။
နဂါး အထွတ်အထိပ် ပညာရှင် ခြောက်ဦးမှာ သူ၏လက်ချက်ဖြင့် ကျဆုံးခဲ့ရပြီး အောက်ခြေအဆင့် နဂါးကျင့်ကြံသူများ၏ အသက်ဆုံးရှုံးမှုမှာမူ မရေမတွက်နိုင်အောင်ပင်။ ငရဲနတ်ဆိုးနဂါးသည် နဂါးငယ်မျိုးဆက်တစ်ခုလုံးကို သုတ်သင်ပစ်ခဲ့ခြင်း ဖြစ်၏။ ထိုအချိန်မှစ၍ နဂါးမျိုးနွယ်စုမှာ ဆုတ်ယုတ်သွားခဲ့ပြီး ပြန်လည်ဦးမော့နိုင်လောက်အောင် သန်မာသည့် ဆက်ခံသူများ မရှိတော့ပေ။
နောက်ပိုင်းတွင် ဟန်အင် ကောင်းကင် ညောင်ပင်ကြီးနှင့် အခြားသူများ၏ စုပေါင်းအားထုတ်မှုဖြင့်သာ သူ့ကို ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်။ သို့သော် နဂါးဆိုသည်မှာ အမြဲတမ်း မာနကြီးကြသူများ ဖြစ်သည်။ ငရဲနတ်ဆိုးနဂါးမှ သူတို့၏ အမျိုးအနွယ်များကို ထိုမျှအထိ သတ်ဖြတ်ခဲ့သော်လည်း သူတို့ကိုယ်တိုင် မနှိမ်နင်းနိုင်ခဲ့ကြပေ။ ထိုအစား အရှင်သခင် သားရဲအချို့ကသာ သူ့ကို ချိတ်ပိတ်နိုင်ခဲ့သည်။ ထို့ကြောင့်ပင် ဤအရှင်သခင် သားရဲလေးကောင်မှာ နဂါးမျိုးနွယ်စု၏ နွေးထွေးသော ဆက်ဆံမှုကို တစ်ခါမျှ မရရှိခဲ့ဖူးပေ။ နဂါးများအတွက် ငရဲနတ်ဆိုးနဂါးဟူသော အမည်မှာ ရှောင်ကြဉ်အပ်သော အရာ၊ မခံမရပ်နိုင်ဖြစ်ရသည့် အရှက်ရစရာ ကိစ္စကြီးတစ်ခု ဖြစ်နေခဲ့သည်။ နဂါးတစ်ကောင်ကို ဒေါသထွက်စေချင်လျှင် သူ၏အမည်ကို ပြောလိုက်ရုံသာ ရှိသည်။
“ငါတို့မှာ လူသား အထွတ်အထိပ် ပညာရှင်တွေနဲ့ နှစ်ပေါင်းတစ်သောင်း ကတိကဝတ် ရှိထားတယ်… မန်ချန်းတောင်တန်းကနေ လွယ်လွယ်နဲ့ ထွက်သွားလို့ မဖြစ်ဘူး”
သေမင်းနက် ကောင်းကင်မြွေမှ သက်ပြင်းချလိုက်သည်။
ရှန့်ကုနှင့် ဟူချင်းတို့မှ လေးနက်စွာ တင်ပြကြသည်။ “ဒီကိစ္စက အဲဒီရှေးဟောင်း ကတိကဝတ်ရဲ့ နယ်ပယ်ကို ကျော်လွန်နေပါပြီ”
“ခင်ဗျားတို့ မန်ချန်းတောင်တန်း အပြင်ဘက်ကို ခြေချခဲ့ရင်တောင် လူသား အထွတ်အထိပ် ပညာရှင်တွေက အပြစ်တင်ကြမှာ မဟုတ်ပါဘူး”
“ဒါ့အပြင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကလည်း မိုးကြိုးထောင်ချောက် မျိုးနွယ်စုက လေကျင့်လုံက မန်ချန်းတောင်တန်းထဲကို အရင်ဆုံး ဝင်ရောက်ခဲ့တာပဲ… ကတိကဝတ်ကို အရင်ချိုးဖောက်ခဲ့တာ လူသားတွေပါ… ဒါတွေက ခင်ဗျားတို့နဲ့ မဆိုင်တော့ပါဘူး”
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးမှာ ခေါင်းကို ကုတ်လိုက်ရင်း
“ဒါပေမဲ့ အခုလောလောဆယ်... ငါတို့က သခင်အသစ်ကို စောင့်ကြပ်နေရတုန်းပဲ”
“သခင်အသစ်က အထွတ်အထိပ် ပညာရှင် မဖြစ်သေးသရွေ့ ငါတို့ တစ်ရက်မှ ထွက်သွားလို့ မရဘူး”
“ခင်ဗျားတို့ ပြန်ကြပါတော့”
ရှန့်ကုနှင့် ဟူချင်းတို့ အံ့အားသင့်သွားကြသည်။ သူတို့သည် ထိုသခင်အသစ်ဆိုသူအကြောင်းကို စူးစမ်းလိုစိတ် ဖြစ်ပေါ်နေကြပြီးသားပင်။ ယခု မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီး၏ စကားက သူတို့၏ စူးစမ်းလိုစိတ်ကို အပြည့်အဝ နိုးဆွပေးလိုက်သည်။
ဤသခင်အသစ်ဆိုသူက အထွတ်အထိပ် ပညာရှင်ပင် မဖြစ်သေးဘူးလား။
မန်ချန်းတောင်တန်း၏ အရှင်သခင် သားရဲအားလုံးနီးပါးမှာ တစ်ချိန်က ဟောင်အရှင်သခင်၏ စိတ်ဝိညာဉ်သားရဲများ ဖြစ်ခဲ့ကြဖူးသည်ကို သူတို့ ကောင်းကောင်း သိထားသည်။
ဟောင်အရှင်သခင်ဆိုသည်မှာ မည်သူနည်း။
ရှေးအကျဆုံးသော သူတော်စင်များထဲမှ တစ်ဦး ဖြစ်သည်။ သူသည် ခေတ်တစ်ခေတ်လုံးကို လွှမ်းမိုးခဲ့သူ ဖြစ်ပြီး ထိုကဲ့သို့သော ပြိုင်ဘက်ကင်း စွမ်းအားရှင်မျိုးကသာ အရှင်သခင် သားရဲများကို နာခံအောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုမူ ထိုသားရဲကြီးများက သခင်အသစ်တစ်ဦးကို နာခံနေကြသည်ဟု ဆိုလိုခြင်းလော။
“နွားအစ်ကိုကြီး... မေးပါရစေ… အဲဒီ သခင်အသစ်ဆိုတာ ဘယ်သူလဲဟင်”
ဟူချင်း မနေနိုင်ဘဲ မေးလိုက်သည်။
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးမှာ ခေါင်းကို ကုတ်လိုက်၊ ခေါင်းခါလိုက်နှင့် ဘာမှ မပြောဘဲ နေသည်။
ထိုအချိန်မှာပင် ခုနစ်ရောင်ခြည် အလင်းတန်းများမှာ ကောင်းကင်ယံသို့ ပြည့်နှက်သွား၏။ ကောင်းကင်တစ်ခုလုံး မင်္ဂလာရှိသော ငါးရောင်ခြည် တိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ရွှေရောင် မိုးစက်များမှာ အပေါ်မှ ကျဆင်းလာသည်။ ထိုမိုးစက်များ ကျရောက်ရာ နေရာတိုင်းတွင် ပန်းများနှင့် သစ်ပင်များ ဝေဆာလာပြီး ဝိညာဉ်ဉာဏ်များ နိုးထလာကြ၏။
တောင်တန်းများ၊ မြစ်များ၊ မြေကမ္ဘာ၊ ကောင်းကင်ယံ...
ပန်းတစ်ပွင့်၊ အရွက်တစ်ရွက်၊ သစ်ပင်တစ်ပင်နှင့် ကျောက်ခဲတစ်လုံးစီတိုင်းတွင် ကောင်းကင်နှင့် မြေကမ္ဘာ၏ အထွတ်အထိပ် အမှန်တရားများ ကိန်းအောင်းနေသကဲ့သို့ပင်။
ရှန့်ကု၊ ဟူချင်းနှင့် အရှင်သခင် သားရဲများမှာ ရင်ထဲအထိ တုန်လှုပ်သွားကြ၏။
ဤကဲ့သို့သော ဖြစ်ရပ်ဆန်းမျိုးမှာ...
တစ်စုံတစ်ဦးက အထွတ်အထိပ် နယ်ပယ်သို့ တက်လှမ်းနေခြင်း ဖြစ်သည်။
ဘုန်း!
နောက်တစ်ခဏတွင် ခုနစ်ရောင်ခြည် အလင်းတိုင်ကြီးတစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်။ ထိုတောက်ပမှုမှာ မှေးမှိန်မသွားဘဲ မိုင်ပေါင်း သန်းနှင့်ချီသော နေရာမှပင် မြင်တွေ့နေရ၏။
“သခင်အသစ် အထွတ်အထိပ် ပညာရှင် ဖြစ်သွားပြီ” မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးမှ စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်သည်။
ဟန်အင် ကောင်းကင် ညောင်ပင်ကြီးမှာ မျက်ရည်များ ကျလာသည်။
“ငါ့ရဲ့ အထွတ်အထိပ် အရိုးတွေ... နောက်ဆုံးတော့လည်း အသားနဲ့ သွေးတွေကို ခွဲထုတ်ရတဲ့ ဝေဒနာကို ထပ်ပြီး မခံစားရတော့ဘူးပေါ့...”
သေမင်းနက် ကောင်းကင်မြွေနှင့် သွေးနီရောင် အတောင်ပံကျားတို့မှာလည်း ဝမ်းသာလွန်းသဖြင့် ခေါင်းကိုကိုင်ကာ အကျယ်ကြီး ငိုယိုနေတော့သည်။
“သူ နောက်ဆုံးတော့ အထွတ်အထိပ် ပညာရှင် ဖြစ်သွားပြီ…. ဝူးဝူးဝူး… ငါတို့ အထွတ်အထိပ် အရိုးတွေ ထပ်မပေးရတော့ဘူး”
ရှန့်ကုနှင့် ဟူချင်းတို့မှာ သူတို့ရှေ့က မြင်ကွင်းကို ကြည့်ရင်း ထူးဆန်းသော အကြည့်များဖြစ်နေသည်။ အရှင်သခင် သားရဲလေးကောင်စလုံး ဝမ်းသာနေပုံရသော်လည်း မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီး တစ်ကောင်တည်းသာ အမှန်တကယ် ပျော်ရွှင်နေခြင်း ဖြစ်ကြောင်း ရှင်းလင်းလှ၏။ အခြားသုံးကောင်ဖြစ်သော ဟန်အင် ကောင်းကင် ညောင်ပင်ကြီး၊ သေမင်းနက် ကောင်းကင်မြွေနှင့် သွေးနီရောင် အတောင်ပံကျားတို့မှာမူ သူတို့၏ အထွတ်အထိပ် အရိုးများကို ထပ်ပြီး မပေးရတော့မည် ဖြစ်သောကြောင့်သာ အလွန်အမင်း ဝမ်းသာနေကြခြင်း ဖြစ်သည်။
လူသားများ အထွတ်အထိပ် နယ်ပယ်သို့ တက်လှမ်းသည့်အခါ အနည်းဆုံး မြေကမ္ဘာအဆင့် အထွတ်အထိပ် အရိုးတစ်ခုကို စုစည်းရန် လိုအပ်ပြီး ၎င်းအတွက် အထွတ်အထိပ် အရိုး သုံးခုခန့်မှ သန့်စင်ထားသော ရွှေရောင်အရည်များ လိုအပ်သည်။ အကယ်၍ သူတို့က ပိုမိုမြင့်မားသော ကောင်းကင်အဆင့် အထွတ်အထိပ် အရိုးကို ရယူလိုလျှင် ဆယ်ခုခန့် လိုအပ်မည် ဖြစ်သည်။ နတ်ဘုရားနှင့် နတ်ဆိုးစစ်ပွဲကြီး ဖြစ်ပွားခဲ့စဉ်ကတည်းက မရေမတွက်နိုင်သော အထွတ်အထိပ် ပညာရှင်များ ကျဆုံးခဲ့ကြ၏။ ဤအရှင်သခင် သားရဲလေးကောင်မှာ ထိုရှေးဟောင်းအချိန်ကတည်းက ယနေ့တိုင် ရှင်သန်လာခဲ့သူများ ဖြစ်သောကြောင့် သူတို့ထံတွင် အထွတ်အထိပ် အရိုးများ သိုလှောင်ထားရှိမည်မှာ သေချာသည်။ သူတို့အတွက် ဆယ်ခုမျှ ပေးလိုက်ရခြင်းက ထိုမျှအထိ ခက်ခဲနေသလော။
ရှန့်ကုနှင့် ဟူချင်းတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ သူတို့၏ မျက်လုံးထဲတွင် အံ့သြမှုများ ထင်ဟပ်နေသည်။ ဟူရှင်းယွဲ့ကမူ ပို၍ပင် စူးစမ်းလိုစိတ် ဖြစ်နေပြီး ဤကဲ့သို့ ကမ္ဘာတုန်စေသော ဖြစ်ရပ်ဆန်းကို ဖြစ်ပေါ်စေသူမှာ မည်သူဖြစ်ကြောင်း သိလိုသဖြင့် ခုနစ်ရောင်ခြည် အလင်းတိုင်ကြီးကို ဝင်းလက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။
“သခင်ကို ကြိုဆိုပါတယ်”
ဟန်အင် ကောင်းကင် ညောင်ပင်ကြီး၊ သေမင်းနက် ကောင်းကင်မြွေ၊ မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးနှင့် သွေးနီရောင် အတောင်ပံကျားတို့မှာ အားလုံး ဝပ်တွားလိုက်ကြသည်။ ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်ကြီးပင်လျှင် မဆိုင်းမတွ ဦးညွှတ်လိုက်၏။ ငှက်ငယ်လေးတစ်ကောင်တည်းသာ ဟိုခုန်ဒီခုန် လုပ်နေပြီး မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီး၏ ခေါင်းပေါ်သို့ တက်ရန် ကြိုးစားနေသည်။
ရှန့်ကု၊ ဟူချင်းနှင့် ဟူရှင်းယွဲ့တို့မှာလည်း သူတို့၏ အကြည့်များကို အနည်းငယ် နှိမ့်လိုက်ကြသည်။ အထွတ်အထိပ် ပညာရှင်တစ်ဦးကို လွယ်လွယ်ကူကူ စိုက်မကြည့်အပ်ပေ။ အထူးသဖြင့် မန်ချန်းတောင်တန်းရှိ အရှင်သခင် သားရဲလေးကောင်၏ သခင်ဖြစ်နေသူအတွက်မူ ပို၍ပင် ရိုသေထိုက်ပေသည်။ ယခုအချိန်မှစ၍ သူသည် ဤတောင်တန်းများအတွင်းရှိ မရေမတွက်နိုင်သော အရှင်သခင် သားရဲများကို အမိန့်ပေးနိုင်တော့မည် ဖြစ်သည်။ တစ်ကောင်ချင်းစီမှာ အထွတ်အထိပ် ပညာရှင်တစ်ဦးနှင့် ညီမျှသော အင်အားရှိကြ၏။ ဆိုလိုသည်မှာ ယခု အသစ်တက်လှမ်းလာသော ဤအထွတ်အထိပ် ပညာရှင်၏ အဆင့်အတန်းနှင့် စွမ်းအားမှာ အလွန်မြင့်မားသွားပြီ ဖြစ်သည်။ အရှင်သခင် သားရဲလေးကောင်၏ အကူအညီကို ရယူလိုလျှင် ယခုအခါ သူ၏ သဘောတူညီချက် လိုအပ်ပေလိမ့်မည်။
ထိုအချိန်တွင် ငှက်ငယ်လေးမှာ ခုနစ်ရောင်ခြည် အလင်းတိုင်အတွင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသော အနက်ရောင် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ၎င်းက ပျော်ရွှင်စွာဖြင့် အော်မြည်ကာ ဟိုခုန်ဒီခုန် လုပ်နေရင်း နွားကြီး၏ ကျောပေါ်မှ ချော်ကျသွားကာ ဘုတ်ခနဲ အသံနှင့်အတူ မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့သည်။ အနီးနားရှိ ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်ကြီးမှာမူ အရှက်ရလွန်းသဖြင့် မြေကြီးထဲသို့ တိုးဝင်သွားချင်စိတ်ပင် ပေါက်သွား၏။ ဘယ်လိုတုံးအတဲ့ ကလေးလဲ… တကယ် ရှက်စရာပဲ။
ဟူရှင်းယွဲ့မှာ မထိန်းနိုင်တော့ဘဲ ခေါင်းကို မော့ကြည့်လိုက်မိသည်။ ထိုပုံရိပ်မှာ ပို၍ နီးကပ်လာပြီး နောက်ဆုံးတွင် သူတို့ရှေ့၌ အပြည့်အဝ ပေါ်ထွက်လာခဲ့သည်။ သူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည့်အခါ အမူအရာမှာ ရိုသေလေးစားမှုမှသည် အံ့သြတုန်လှုပ်မှုသို့ ပြောင်းလဲသွားခဲ့သည်။
“ရှန်မိုလား”
သူ့ အသံမှာ မယုံကြည်နိုင်မှုတို့ဖြင့် တုန်ရင်နေသည်။ အရှင်သခင် သားရဲလေးကောင်မှ သူတို့၏ သခင်အဖြစ် ကိုးကွယ်နေကြသည့် အထွတ်အထိပ် ပညာရှင်အသစ်မှာ သူတို့၏ မိတ်ဆွေဟောင်း ရှန်မို ဖြစ်နေလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။
“မြေခွေးမလေး... မင်းကို ဘယ်သူက သခင်ရဲ့ နာမည်ကို တိုက်ရိုက်ခေါ်ခွင့် ပေးလို့လဲ”
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးက ဟူရှင်းယွဲ့ကို အလွန်မကျေမနပ်ဖြစ်ကာ စိုက်ကြည့်လိုက်သည်။
ဟူချင်းသည် သူ့ ရှေ့သို့ အလျင်အမြန် တိုးဝင်ကာ အကြိမ်ကြိမ် ဦးညွှတ်တောင်းပန်လိုက်သည်။ ရှန့်ကုမှာလည်း တုန်လှုပ်နေ၏။ ထိုအမည်ကို ကြားလိုက်ရသဖြင့် သူ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
ရှန်မို၏ မျက်နှာကို မြင်လိုက်ရသည့်အခါ သူသည်လည်း ဟူရှင်းယွဲ့ကဲ့သို့ပင် ဆွံ့အသွားတော့သည်။
“ရှန်...”
သူသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိသည်။ အရှင်သခင် သားရဲများ၏ သခင်ဖြစ်နေသော ဤအထွတ်အထိပ် ပညာရှင်အသစ်မှာ ရှန်မို ဖြစ်နေသည်ကို သူ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။
“ခင်ဗျားတို့ နှစ်ယောက်က တောင်ပိုင်းကောင်းကင်မှာ ရှိနေတာ မဟုတ်ဘူးလား… ဘာလို့ ဒီကို ရောက်လာတာလဲ”
ရှန်မိုသည် အထွတ်အထိပ် နယ်ပယ်သို့ တက်လှမ်းလိုက်သည်နှင့် ရှန့်ကုနှင့် ဟူချင်းတို့ ရောက်ရှိနေခြင်းကို အာရုံခံမိခဲ့ပြီး ဖြစ်သည်။
သူ သိပ်ပြီး အံ့သြမနေပေ။ သူ၏ အကြည့်များမှာ ထိုနတ်ဆိုး အထွတ်အထိပ် ပညာရှင် နှစ်ဦးအပေါ်သို့ ကျရောက်သွား၏။
အမှန်စင်စစ် ရှန်မိုသည် သူတို့ လာရသည့် အကြောင်းရင်းကို ရှင်းလင်းစွာ သိရှိထားပြီး ဖြစ်သည်။ နဂါးစစ်မှန် သူတော်စင်နယ်မြေ ပျောက်ကွယ်သွားမှု၊ ငရဲနတ်ဆိုးနဂါး ပျောက်ဆုံးသွားမှု၊ ယုံပုနှင့် ခွမ်ပု နတ်ဆိုးမျိုးနွယ်စုတို့၏ အကြံအစည်များ၊ အနောက်ပိုင်းပင်လယ်မှ ကပ်ဘေးနှင့် အလယ်ပိုင်းပြည်နယ်၏ ပြိုလဲမှု... ထိုအရာအားလုံးကို သူ နားလည်ထားသည်။
သူ၏ မေးခွန်းမှာ အဖြေကို သိလို၍ မဟုတ်ဘဲ ရှန့်ကုနှင့် ဟူချင်းတို့ကို သူတို့၏ ရည်ရွယ်ချက်ကို ပြောပြရန် အခွင့်အရေး ပေးလိုက်ခြင်းသာ ဖြစ်သည်။ သူတို့က ရှင်းပြသည်ဖြစ်စေ၊ မရှင်းပြသည်ဖြစ်စေ နောက်ဆုံးတွင် ထူးခြားမှု ရှိတော့မည် မဟုတ်ပေ။
Chapter 714: နတ်ဆိုးနဂါးက ဘယ်သူ့ကိုမုန်းလဲ
ရှန့်ကုနှင့် ဟူချင်းတို့မှာ သူတို့၏ တည်ငြိမ်မှုကို ပျက်ပြားမသွားစေခဲ့ပေ။ အသက်ကို အကြိမ်အနည်းငယ် ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် သူတို့ လာရင်းရည်ရွယ်ချက်ကို ဘာမှဖုံးကွယ်မထားဘဲ အပြည့်အစုံ ရှင်းပြလိုက်ကြသည်။
စကားအဆုံးတွင် ရှန့်ကုမှ လေးနက်စွာ ပြောလိုက်၏။
“...ငရဲနတ်ဆိုးနဂါးက တစ်ချိန်က ဟောင်အရှင်သခင်ရဲ့ ဝိညာဉ်သားရဲ ဖြစ်ခဲ့ဖူးတာပါ… ဒီအရှင်သခင် သားရဲလေးကောင်က သူ့ရဲ့ အားနည်းချက်တွေကို အသိဆုံးဖြစ်သလို အဲဒီတုန်းက သူ့ကို ပူးပေါင်းနှိမ်နင်းခဲ့တာလည်း သူတို့ပဲ ဖြစ်ပါတယ်”
“ဒါကြောင့် ငရဲနတ်ဆိုးနဂါးကို အတူတူ ခုခံနိုင်ဖို့အတွက် ခင်ဗျားတို့ လေးယောက်လုံးကို ထွက်လာပေးဖို့ ကျွန်တော် ဖိတ်ခေါ်ချင်ပါတယ်”
“အထွတ်အထိပ် ပညာရှင် ရှန်မိုအနေနဲ့ရော... သဘောတူပါ့မလား”
ဟန်အင် ကောင်းကင် ညောင်ပင်ကြီးနှင့် အခြားသူများမှာ ရှန်မိုဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်က ရှန်မိုသည် နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ခဲ့သည်။ ထိုစဉ်က သူသည် သူတို့၏ အမည်ခံသခင် ဖြစ်ခဲ့လျှင်ပင် သူတို့ အမှန်တကယ် နာခံကြလိမ့်မည် မဟုတ်ပေ။ သို့သော် ယခုမူ ရှန်မိုသည် အထွတ်အထိပ် ပညာရှင်တစ်ဦး ဖြစ်လာခဲ့ပြီ။ သူတို့ကို အမှန်တကယ် အမိန့်ပေးနိုင်သည့် အရည်အချင်းရှိသွားပြီ ဖြစ်ရာ သူ၏ ဆုံးဖြတ်ချက်ကို သဘာဝကျကျ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
“သဘောတူတာပေါ့”
ရှန်မို ပြုံးလျက် ဆိုသည်။
သူ ဘာတွေဖြစ်လာတော့မည်ကို ကောင်းစွာ သိထား၏။ ငရဲနတ်ဆိုးနဂါးသည် သူ ချိတ်ပိတ်ခံခဲ့ရသည့် အတိတ်ဟောင်းအတွက် အမြဲတမ်း နာကျည်းမှုကို ဆုပ်ကိုင်ထားခဲ့သူ ဖြစ်သည်။ သူ လွတ်မြောက်လာသည်နှင့် တစ်ပြိုင်နက် အင်အားစုဆောင်းကာ လျှို့ဝှက်စွာ လှုပ်ရှားခဲ့သည်။ နောက်ဆုံးတွင် သူသည် မန်ချန်းတောင်တန်း၏ အပြင်ဘက်အထိ ရောက်ရှိလာခဲ့၏။ ယုံပုနတ်ဆိုးမျိုးနွယ်စု၏ အကူအညီဖြင့် သူသည် ဟန်အင် ကောင်းကင် ညောင်ပင်ကြီးကို ဖောက်ပြန်ပျက်စီးစေခဲ့ပြီး သွေးနီရောင် အတောင်ပံကျားကို မောင်းထုတ်ကာ သေမင်းနက် ကောင်းကင်မြွေနှင့် မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးတို့ကို သတ်ဖြတ်ခဲ့သည်။
နတ်ဆိုး အထွတ်အထိပ် ပညာရှင်များဖြစ်သော ရှန့်ကုနှင့် ဟူချင်းတို့မှာလည်း သူ၏ လက်သည်းအောက်တွင် ကျဆုံးခဲ့ရသည်။ ထို့ပြင် ပျောက်ဆုံးနေသော နဂါးစစ်မှန် သူတော်စင်နယ်မြေမှာ ကြောက်မက်ဖွယ်ကောင်းသော ပုံစံဖြင့် ပြန်လည်ရောက်ရှိလာခဲ့၏။ ၎င်း၏ နဂါးများမှာ မှောင်မိုက်အုပ်စု၏ တာအိုလက်နက်ဖြင့် ဖောက်ပြန်ပျက်စီးသွားခဲ့ပြီး နတ်ဆိုးနဂါးများနှင့် ယုတ်မာသော နဂါးများ ဖြစ်ကုန်ကြသည်။ အမှန်တရားကို မသိကြသော နဂါးနန်းတော် လေးခုကမူ သူတော်စင်နယ်မြေမှာ နတ်ဆိုးများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု ထင်မှတ်ကာ ကုသပေးရန်အတွက် နဂါးအားလုံးကို သူတို့ထံသို့ ဖိတ်ခေါ်ခဲ့ကြသည်။ ရလဒ်မှာမူ အလွန်ဆိုးဝါးခဲ့လေသည်။ နဂါးနန်းတော် လေးခုစလုံးမှာ ပြင်းထန်သော ဆုံးရှုံးမှုကြီးနှင့် ကြုံတွေ့ခဲ့ရသည်။
မရေမတွက်နိုင်သော နဂါး အထွတ်အထိပ် ပညာရှင်များ ကျဆုံးခဲ့ကြ၏။ ယုံပုနှင့် ခွမ်ပု နတ်ဆိုးမျိုးနွယ်စုများက သူတို့၏ ရုပ်အလောင်းများကို သွေးပူဇော်သက္ကာပြုရာတွင် အသုံးပြုခဲ့ကြပြီး အလယ်ပိုင်းပြည်နယ်ကို အောင်မြင်စွာ ချိတ်ပိတ်နိုင်ခဲ့သည်။ အလယ်ပိုင်းပြည်နယ်မှ ကျင့်ကြံသူ သန်းပေါင်းများစွာမှာ နှစ်ပေါင်းတစ်ရာတိုင်တိုင် တိုက်ပွဲဝင်ခဲ့ကြသော်လည်း လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့ကြပေ။ နောက်ဆုံးတွင် အလယ်ပိုင်းပြည်နယ်မှာ ပြိုလဲသွားခဲ့သည်။ ထို့နောက် ရှင်သန်ခြင်း နတ်ဆိုးနိုင်ငံတော် ငါးခုမှာ အင်အားကြီးမားလာခဲ့သည်။ ဤတိုက်ပွဲပြီးနောက် မျိုးနွယ်စုများနှင့် နတ်ဆိုးများကြား ဟန်ချက်မှာ ပျက်ပြားသွားခဲ့သည်။ နတ်ဆိုးများက သူတို့၏ အလုံးစုံ တန်ပြန်စစ်ဆင်ရေးကို စတင်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် နတ်ဆိုးများကို အမြစ်ပြတ်သုတ်သင်နိုင်မည့် နည်းလမ်းကို ဟင်းလင်းပြင် လေစီးကြောင်းများထဲတွင် သွားရောက်ရှာဖွေနေကြသော သူတော်စင်များမှာလည်း ယနေ့တိုင် ပြန်မလာနိုင်ကြသေးပေ။
“သဘောတူတယ် ဟုတ်လား”
ရှန့်ကုနှင့် ဟူချင်းတို့ အံ့သြစွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ဤမျှ မြန်ဆန်သော လက်ခံမှုကြောင့် သူတို့မှာ ဝေခွဲမရ ဖြစ်သွားကြသည်။
“ကျွန်တော် စကားမဆုံးသေးဘူး”
ရှန်မို တခစ်ခစ် ရယ်မောလိုက်သည်။
“သူတို့ တိုက်ပွဲမှာ ပါဝင်ဖို့ကို ကျွန်တော် သဘောတူတာပါ… ဒါပေမဲ့ သူတို့ကို အနောက်ပိုင်းပင်လယ်ဆီ စေလွှတ်ဖို့တော့ သဘောမတူဘူး”
ရှန့်ကုနှင့် ဟူချင်းတို့မှာ မျက်မှောင်ကြုတ်သွားကြသည်။ “ဘာကို ဆိုလိုတာလဲ”
ရှန်မိုက ပြန်မေးလိုက်သည်။
“ငရဲနတ်ဆိုးနဂါးက ဘယ်သူ့ကို အမုန်းဆုံးလဲ”
ဟူချင်းမှာ အံ့အားသင့်သွားပြီးနောက် စဉ်းစားမနေဘဲ ဖြေလိုက်သည်။
“ဟောင်အရှင်သခင်ပေါ့”
“ကြားဖူးတာကတော့ ငရဲနတ်ဆိုးနဂါးက ဟောင်အရှင်သခင်ဟာ သူ့ကို လက်တွဲဖော်တစ်ယောက်လို မဟုတ်ဘဲ ဝိညာဉ်သားရဲတစ်ကောင်လိုပဲ မြင်တယ်လို့ ယုံကြည်နေခဲ့တာတဲ့… ဒါကြောင့် သူက အမုန်းပွားခဲ့ပြီး အဲဒါကပဲ နတ်ဆိုးတွေရဲ့ ဖောက်ပြန်ဖျက်ဆီးမှုကို ခံရဖို့ မျိုးစေ့ဖြစ်လာခဲ့တာလေ”
ရှန်မို ခေါင်းညိတ်ပြသည်။
“ဟောင်အရှင်သခင်အပြင် သူ နောက်ထပ် ဘယ်သူ့ကို မုန်းသေးလဲ”
ဟူချင်းသည် ရုတ်တရက် သဘောပေါက်သွားကာ အရှင်သခင် သားရဲလေးကောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
“သူတို့ကို မုန်းတာပေါ့”
ရှန်မို ခေါင်းညိတ်လိုက်၏။
“မှန်တယ်”
“ကျွန်တော့်အမြင်အရတော့ ငရဲနတ်ဆိုးနဂါးက အနောက်ပိုင်းပင်လယ်မှာပဲ ငြိမ်ငြိမ်လေး နေနေမှာ မဟုတ်သလို တခြားနေရာတွေမှာလည်း အချိန်ဆွဲနေမှာ မဟုတ်ဘူး… သူက အင်အားစုဆောင်းရင်းနဲ့ မန်ချန်းတောင်တန်းရှိတဲ့ အရှေ့ဘက်ကို လျှို့ဝှက်စွာ လာလိမ့်မယ်… သူ့ရဲ့ ရန်သူဟောင်းတွေကို သတ်ဖို့ သူ နည်းလမ်းအမျိုးမျိုး သုံးလိမ့်မယ်… ဒါကြောင့် သစ်ပင်အစ်ကိုကြီးတို့အနေနဲ့ မန်ချန်းတောင်တန်းကနေ ထွက်သွားဖို့ မလိုဘူး… ဒီမှာပဲ စောင့်နေပြီး သူ့ကို ဖမ်းတာက ပိုကောင်းတယ်”
ဤစကားများကို ကြားရသည့်အခါ ရှန့်ကုနှင့် ဟူချင်းတို့ ချက်ချင်းပင် နားလည်သွားကြသည်။
ဟုတ်သားပဲ။
ရှန်မို၏ အကျိုးအကြောင်းပြချက်မှာ အလွန်ပင် သဘာဝကျလှသည်။
အနောက်ပိုင်းပင်လယ်သို့ ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားရန် မလိုပေ။ ဤနေရာတွင်သာ စောင့်ဆိုင်းနေရန် လိုအပ်သည်။
“ဒါပေမဲ့ ကျွန်တော်တို့က အနောက်ပိုင်းပင်လယ်ကို သွားနေတဲ့ ပုံစံမျိုးတော့ ဖန်တီးရမယ်”
ရှန်မိုမှ ဆက်ပြောသည်။
“နွားအစ်ကိုကြီးနဲ့ မြွေအစ်ကိုကြီး… ခင်ဗျားတို့ အဲဒီကို သွားပြီး မျက်နှာပြလိုက်ကြ… ပြကွက်အနေနဲ့ နည်းနည်းပါးပါး လိုက်ရှာကြည့်ပြီးမှ ပြန်လာခဲ့ကြပေါ့”
မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီးနှင့် သေမင်းနက် ကောင်းကင်မြွေတို့မှာ ချက်ချင်းပင် ခေါင်းညိတ်လိုက်ကြသည်။ အကယ်၍ ရှန်မိုမှာ နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်နေသေးလျှင် သေမင်းနက် ကောင်းကင်မြွေမှာ တွေဝေနေပေလိမ့်မည်။ သို့သော် ယခု ရှန်မိုသည် အထွတ်အထိပ် ပညာရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်ရာ သူ နာခံရန် သေချာပေါက် ဆန္ဒရှိပေ၏။
“ကောင်းပါပြီ… ကျေးဇူးအများကြီးတင်ပါတယ် အထွတ်အထိပ် ပညာရှင် ရှန်မို”
ရှန့်ကုမှ ရှန်မိုကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
ဟူချင်းကမူ ရုတ်တရက် ဆိုလာသည်။
“အထွတ်အထိပ် ပညာရှင် ရှန်မို... ကျွန်မရဲ့ မြေခွေးမျိုးနွယ်စုက ဒီမိန်းကလေးကို မန်ချန်းတောင်တန်းမှာပဲ ထားခဲ့လို့ ရမလားဟင်… သူက ပြင်ပလောကနဲ့ ထိတွေ့မှု သိပ်မရှိသေးဘူး… ဒီက စီနီယာ အရှင်သခင် သားရဲတွေဆီကနေ ပိုပြီး သင်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ဟူရှင်းယွဲ့မှာ သူ့ ဘိုးဘေးစကားကြောင့် အံ့အားသင့်ကာ အေးခဲသွားသည်။ သို့သော် မကြာမီမှာပင် သူ ဆိုလိုသည့်အရာကို နားလည်သွားခဲ့၏။
ရှန်မိုမှာ ငယ်ရွယ်ပြီး ရင်းနှီးသင့်သည့်သူတစ်ဦးဖြစ်ကြောင်း သူ တွေးနေပုံရသဖြင့် တမင်တကာ ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ရှန်မိုမှ ဟူချင်းကို တစ်ချက် ကြည့်လိုက်ရာ သူ၏ အပြုံးမှာ အဓိပ္ပာယ်တစ်မျိုး ပါနေသည်။
နောက်ဆုံးတွင် သူ ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။
“ကိစ္စမရှိပါဘူး… သူ မန်ချန်းတောင်တန်းမှာ နေလို့ ရပါတယ်။”
ဟူချင်းမှ ပြုံးလျက်
“အထွတ်အထိပ် ပညာရှင် ရှန်မိုအနေနဲ့ သူ့ကို နည်းနည်းလောက် စောင့်ရှောက်ပေးလို့ ရမလားဟင်”
ရှန်မို ခေါင်းခါပြ၏။
“ကျွန်တော့်မှာ လုပ်စရာတွေ အများကြီး ရှိတယ်… အဲဒါကိုတော့ အာမမခံနိုင်ဘူး”
ဟူချင်း ပြုံးလျက် ခေါင်းညိတ်သည်။
“ကိစ္စမရှိပါဘူး… ရှင်းယွဲ့က မြေခွေးမျိုးနွယ်စုရဲ့ ပါရမီရှင်တစ်ဦးပါ… အထွတ်အထိပ် ပညာရှင်တစ်ဦးနဲ့ မတွေ့သရွေ့တော့ သူမ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပါတယ်”
ထို့နောက်တွင် ရှန့်ကုနှင့် ဟူချင်းတို့သည် မိုးပြာရောင် ကောင်းကင် နတ်ဘုရားနွားလားကြီး၊ သေမင်းနက် ကောင်းကင်မြွေတို့နှင့်အတူ ထွက်ခွာသွားကြသည်။
ဟူရှင်းယွဲ့မှာ ရှန်မိုကို အနေခက်စွာ တစ်ချက် ကြည့်လိုက်၏။ သူ့ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း နောက်ဆုံးတွင် သူ ပြောလိုက်သည့် စကားမှာ
“အထွတ်အထိပ် ပညာရှင် ရှန်မို”
ရှန်မို ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“မင်း ငါ့ကို ရှစ်ဆင့်ဟောင် တိုက်ပွဲနတ်ဆိုး အဆောင်အင်း တစ်ခု ကြွေးကျန်နေသေးတယ်နော်”
ဟူရှင်းယွဲ့၏ မျက်နှာမှာ ပြုံးရွှင်သွားခဲ့သည်။ ရှန်မိုက ဤသို့ပြောခြင်းမှာ သူသည် အတိတ်ကို မှတ်မိနေသေးကြောင်း ဆိုလိုခြင်း ဖြစ်၏။ ထိုအချက်ကပင် သူတို့ကြားက အတားအဆီးအားလုံးကို ဖယ်ရှားပေးလိုက်သည်။ ဟူရှင်းယွဲ့အတွက်မူ မိတ်ဆွေဟောင်းတစ်ဦးမှာ ရုတ်တရက် မြင့်မြတ်သော စီနီယာကြီးတစ်ဦး ဖြစ်သွားခြင်းကို လက်ခံရန် ခက်ခဲနေခဲ့ခြင်း ဖြစ်သည်။
ဟူရှင်းယွဲ့ ကျော့ရှင်းစွာ ဦးညွှတ်လိုက်သည်။
“စီနီယာ ရှန်... ကျွန်မ တခြားနေရာတွေကို သွားပြီး လေ့လာကြည့်လိုက်ပါဦးမယ်”
ရှန်မို ခေါင်းညိတ်၍
“ကောင်းပြီ… ငှက်မလေး... သူမကို မန်ချန်းတောင်တန်းမှာ လိုက်ပို့ပေးလိုက်ပါဦး’.. သူ တစ်ခုခု အခွင့်အလမ်း ရနိုင်တာပေါ့”
ထိုအခါ ကောင်းကင်ဖုံးလွှမ်း စာကလေးငှက်မှ အတောင်ပံများကို ဖြန့်လိုက်ကာ ဟူရှင်းယွဲ့နှင့် ငှက်ငယ်လေးကို တင်ဆောင်၍ ထွက်ခွာသွားတော့သည်။
ဟန်အင် ကောင်းကင် ညောင်ပင်ကြီးမှ ဟူရှင်းယွဲ့ ထွက်ခွာသွားသည့် ပုံရိပ်ကို စိုက်ကြည့်နေ၏။ ၎င်းက အသံတိုးတိုးဖြင့် မေးလိုက်သည်။
“သခင်... အဲဒီ မြေခွေးမလေးကို သိတာလား”
ရှန်မို ခေါင်းညိတ်ပြသည်။
“ကျွန်တော်တို့ တောင်ပိုင်းပင်လယ် ကျွန်းစုတွေမှာတုန်းက ရင်းနှီးခဲ့ဖူးတာပါ”
ဟန်အင် ကောင်းကင် ညောင်ပင်ကြီးမှ လေးနက်စွာဖြင်ါ
“အဲဒီ မြေခွေးမလေး... တစ်ခုခုကို သယ်ဆောင်ထားသလိုပဲ”
“ကျွန်တော့်ရဲ့ အတွေ့အကြုံအရဆိုရင် အဲဒါက ဟင်းလင်းပြင် သားရဲတစ်ကောင် ဖြစ်ဖို့ များတယ်”
“သာမန် ဟင်းလင်းပြင် သားရဲမျိုး မဟုတ်ဘူး… ထူးခြားတဲ့ ဟင်းလင်းပြင် သားရဲတစ်ကောင် ဖြစ်ရမယ်”
ရှန်မို ထိုအရာက ဘာကိုဆိုလိုမှန်း မသိမည်စိုးသဖြင့် ၎င်းက အလျင်အမြန် ရှင်းပြလိုက်သည်။
“ထူးခြားတဲ့ ဟင်းလင်းပြင် သားရဲဆိုတာ ဒီကမ္ဘာမှာ တစ်ကောင်တည်းပဲ ရှိတာပါ… အဲဒီတစ်ကောင် သေသွားမှပဲ အသစ်တစ်ကောင် ပြန်မွေးဖွားလာနိုင်တာ”
ရှန်မို ပြုံးလျက် ခေါင်းညိတ်သည်။
“ကျွန်တော် သိပါတယ်”
“ခင်ဗျားက ဟူရှင်းယွဲ့မှာ အဲဒီလို ဟင်းလင်းပြင် သားရဲမျိုး ပါနေတယ်လို့ ယုံကြည်နေတာလား”
ဟန်အင် ကောင်းကင် ညောင်ပင်ကြီးမှ ခိုင်မာစွာ ခေါင်းညိတ်သည်။
“ယုံကြည်တာ မဟုတ်ဘူး… သေချာတာပါ”
“ကျွန်တော် အရင်က အဲဒီလို သားရဲမျိုးနဲ့ ထိတွေ့ဖူးတယ်… သူ့ရဲ့ အငွေ့အသက်ကို လုံးဝ မမှားနိုင်ဘူး”
“ကျဲရှန် ပဲ… အဲဒါ ကျဲရှန် ဖြစ်ရမယ်”
၎င်း၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတန်းများ ဝင်းလက်လာသည်။
“ဘာလို့...”
ရှန်မို၏ ခပ်ဖျော့ဖျော့ အပြုံးမှာ ရှိနေဆဲပင်။ ညောင်ပင်ကြီးကမူ ၎င်း၏ သားရဲသဘာဝကို မပြောင်းလဲနိုင်သေးပေ။ ၎င်း၏ စကားများမှာ ဟူရှင်းယွဲ့၏ ဟင်းလင်းပြင် သားရဲကို ရယူရန် သွယ်ဝိုက်ပြီး ပြောနေခြင်း ဖြစ်သည်။ သို့သော် ဟင်းလင်းပြင် သားရဲ ကျဲရှန်မှာ ဟူရှင်းယွဲ့နှင့် ကတိကဝတ် ပြုထားပြီးဖြစ်ကြောင်း ရှန်မို သိရှိထားသည်။ အကယ်၍ ရယူလိုက်လျှင်ပင် အခြားသူက အသုံးမပြုနိုင်ပေ။ ၎င်းအပြင် သူ၏ ခန္ဓာကိုယ်မှာ အလွန်အမင်း သန်မာနေပြီး ဖြစ်ရာ ကျဲရှန်၏ ပြန်လည်ကုသနိုင်စွမ်းကို သူ မလိုအပ်ပေ။
“မလိုပါဘူး”
ရှန်မို ခေါင်းခါပြလိုက်သည်။
ညောင်ပင်ကြီး ခဏမျှ တုံ့သွားပြီးနောက် ခေါင်းညိတ်ပြ၏။
“ဟုတ်ကဲ့… နားလည်ပါပြီ”
“သခင်... နောက်ထပ် ဘာလုပ်ဖို့ အစီအစဉ် ရှိလဲဟင်”
ရှန်မို အနောက်ဘက်သို့ လက်ညှိုးညွှန်လိုက်သည်။ “ကျွန်တော် သံသရာ သူတော်စင်နယ်မြေကို သွားမလို့”
“အဲဒီတုန်းက သူတို့ ကျွန်တော့်ကို ကတိပေးခဲ့တဲ့ အရာကို အခု ပြန်တောင်းဖို့ အချိန်တန်ပြီ”