အခန်း (၂၀၈-၂၁၀)
Vol. 14 Ch. 208-210
အခန်း (၂၀၈) မြေကြီးကို သုံးပေလောက် တူးဆွခြင်း နှင့် 'ကွေ့ယွမ်ဂိုဏ်း၏ ငြိမ်းချမ်းရေး အာမခံ'
အရုဏ်တက်ချိန်။
ကျွိချွယ် မြို့တော် ၏ အနောက်ဘက်ရှိ တစ်ချိန်က ခမ်းနားထည်ဝါခဲ့သော ချီယန် ဂိုဏ်း ဌာနခွဲမှာ ယခုအခါ ဧရာမ ဥက္ကာပျံ ကျင်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။
တိုက်ပွဲ၏ မီးခိုးငွေ့များမှာ မပြယ်သေးဘဲ လေထုထဲတွင် ယမ်းနံ့များနှင့် အသားကင် ရနံ့များ ပြည့်နှက်နေဆဲ ဖြစ်၏။
သို့သော် ထိုအပျက်အစီးများကြားတွင်မူ အလွန်တရာ စည်ကား လှုပ်ရှားနေသည်။
“ညီအစ်ကိုတို့... ငါတို့ မြေအောက်ခန်း အဝင်ပေါက်ကို ရှာတွေ့ပြီဟေ့... ခန္ဓာကိုယ် ကျင့်ကြံသူတွေ... လာပြီး ကျောက်တုံးတွေ ဖယ်ပေးကြစမ်း”
“သောက်ကျိုးနည်း... ဒီတိုင်ကြီးက ကျိုးနေပေမဲ့ ရွှေချည်မျှင် သစ်သားတွေနဲ့ စီခြယ်ထားတာကွ... ခွာပြီး ယူသွားမယ်ဟေ့”
“ဟေ့ကောင်... ဟို ကြမ်းခင်း ကျောက်ပြားတွေကို သွားမခွာနေနဲ့တော့... အဲဒါတွေက တန်ဖိုးမရှိဘူး... ဟိုဘက်က ခြင်္သေ့ရုပ်ကြီးတွေကို သွားမ,ကြစမ်း”
ကစားသမား သုံးထောင်သည် လူ့လောက၏ အကျွမ်းကျင်ဆုံးသော 'ဖျက်ဆီးရေးအဖွဲ့' နှင့် 'အထုပ်အပိုး သယ်ဆောင်ရေး ကုမ္ပဏီ' အဖြစ် ပြောင်းလဲသွားကြ၏။ သူတို့တွင် ရှင်းလင်းသော အလုပ်ခွဲဝေမှုများ ရှိကြသည်။
ခွန်အားကြီးသူများက ပစ္စည်းကြီးများကို သယ်ယူကြသည်။ ကျွမ်းကျင်သူများက မန္တန်ကွင်းပြင် ပစ္စည်းများကို ဖြုတ်ယူကြကာ ပစ္စည်းတန်ဖိုးဖြတ်ရာတွင် ကျွမ်းကျင်သူများက ဈေးနှုန်း သတ်မှတ်ပေးကြ၏။
သူတို့ ဖြတ်သန်းသွားသော နေရာတိုင်းတွင် ဝိညာဉ်ကျောက်တုံး များနှင့် မှော်ရတနာ များသာမက ချီယန် ဂိုဏ်း က အိမ်နောက်ဖေးတွင် အစောင့်အဖြစ် မွေးထားသော ဝိညာဉ်ခွေးလေးကိုပင် ကစားသမားများက (မျိုးပွားရန်ဟု အကြောင်းပြကာ) ခေါ်ဆောင်သွားကြတော့၏။
အပျက်အစီးများ၏ ဗဟိုချက်တွင်။
ချီယန် ဂိုဏ်း ဌာနခွဲ ခေါင်းဆောင် ကျောက်ဝူကျီ သည် ကျင်းအောက်ခြေတွင် သေနေသော ခွေးတစ်ကောင်ပမာ ပက်လက်လန်နေသည်။ သူ မသေသေးသော်ငြား သေလုမြောပါး ဖြစ်နေချေပြီ။ တစ်ချိန်က လှပသေသပ်ခဲ့သော သူ၏ ဝတ်ရုံများမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်မှာ ကြာပြီဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး မည်းတူးနေကာ သိုလှောင်လက်စွပ် လည်း ဘယ်ရောက်သွားမှန်း မသိတော့ပေ။ သူ၏ လက်သုံးတော် ဓားပျံ ပင်လျှင် ပေါက်ကွဲမှုကြောင့် သံတိုသံစများ အဖြစ်သို့ ရောက်ရှိသွားခဲ့လေပြီ။
ကျောက်ဝူကျီက မျက်လုံးများကို ခဲယဉ်းစွာ ဖွင့်ကြည့်လိုက်ရာ သူ၏ ဘေးပတ်လည်တွင် 'မိစ္ဆာကောင်' တစ်သိုက်က သူ့ကို လက်ညှိုးထိုးကာ တီးတိုး ပြောဆိုနေကြသည်ကို မြင်တွေ့လိုက်ရသည်။
ကစားသမား ဝမ်သဲ့ဖာ က သူ၏ အရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ရွံရှာသော အမူအရာဖြင့် သစ်ကိုင်းခြောက်လေး တစ်ခုကို ကိုင်၍ သူ့ကို ထိုးဆွနေ၏။
“ဒီဘော့စ်ကောင် ဆီက ပစ္စည်းကျတဲ့ နှုန်းက တော်တော်ဆိုးတာပဲ... ဘာလို့ ဟို 'ချီယန် နေမင်း မီးလျှံ သိုင်းကျမ်း' ဆိုတာလေးတောင် မကျရတာလဲကွာ”
“ပေါက်ကွဲမှုထဲမှာ ပျက်စီးသွားတာ နေမှာပေါ့... ဒါမှမဟုတ် ကျပန်း ကျတဲ့ ပစ္စည်းများလား”
“ထားလိုက်ပါတော့... ဒီကောင့်ကို ကြိုးတုပ်ပြီး ပြန်ခေါ်သွားကြမယ်... အရှင်ဖမ်းမိတဲ့ ဘော့စ်ကောင် ဆိုတော့ လျှို့ဝှက် တာဝန် တစ်ခုခုများ ပွင့်လာမလား... ဒါမှမဟုတ် ရန်သူ ဂိုဏ်းဆီ ဆုကြေးငွေနဲ့ သွားရောင်းစားလို့ ရမလားလို့ ဂိုဏ်းချုပ်ကြီးက ပြောတယ်ကွ”
ထိုစကားများကို ကြားလိုက်ရသောအခါ ကျောက်ဝူကျီ ၏ မျက်လုံးများ အပေါ်သို့ လန်တက်သွားပြီး စိုးရိမ်ပူပန်မှုများကြောင့် လုံးဝ သတိလစ် မေ့မြောသွားတော့၏။ တစ်ချိန်က ကျွိချွယ် မြို့တော် တွင် တန်ခိုးထွားခဲ့ပြီး ဩဇာလွှမ်းမိုးခဲ့သော ရွှေအမြုတေအဆင့် အထွတ်အထိပ် သခင်ကြီးမှာ နောက်ဆုံးတွင် 'ကုန်ပစ္စည်း' တစ်ခုအဖြစ် သဘောထားခံရကာ ထုပ်ပိုးခံလိုက်ရလေသတည်း။
... ... ...
ကျွိချွယ် မြို့တော်... မြို့စားမင်း အိမ်တော်။
မြို့စားမင်း လီတောက်ရွှမ် (မူလဝိဉာဉ် အဆင့် အလယ်အလတ်အဆင့်) သည် ရဲတိုက်ကြီးပေါ်တွင် မတ်တတ်ရပ်ကာ အလွန်တရာ ဆိုးရွားလှသော ချီယန် ဂိုဏ်း ဌာနခွဲ၏ အပျက်အစီးများကို ကြည့်ရင်း အချိန်အတော်ကြာ တိတ်ဆိတ်နေသည်။
“တစ်ညတည်းနဲ့နော်...”
လီတောက်ရွှမ် ၏ အသံက အက်ရှနေ၏။
“တစ်ညတည်းနဲ့... ချီယန် ဂိုဏ်း ဌာနခွဲ ကြီး ပျောက်ကွယ်သွားခဲ့ပြီလား”
သူ၏ အနောက်ဘက်ရှိ လက်ထောက်ဖြစ်သူက ချွေးစေးများကို သုတ်ကာ ပြန်ဖြေလိုက်သည်။
“မြို့စားမင်း... ကင်းထောက်တွေရဲ့ အဆိုအရ ဟို ကွေ့ယွမ်ဂိုဏ်း က လူတွေက... အားလုံးက အရူးတွေတဲ့ဗျ... သူတို့က အစွမ်းထက်တဲ့ ပေါက်ကွဲရေး မှော်ရတနာတွေကို သုံးတယ်... ပြီးတော့ ဘာကာကွယ်မှုမှလည်း မလုပ်ဘဲ ရန်သူတွေကို လက်ဗလာနဲ့ သွားတိုက်ကြတာတဲ့ဗျ... ဒီလို တိုက်ခိုက်ပုံမျိုးနဲ့ဆိုရင် ချီယန် ဂိုဏ်း တင် မကဘူး၊ မြို့စားမင်းရဲ့ ကိုယ်ရံတော်တပ် တွေတောင်မှ...”
လီတောက်ရွှမ် တစ်ကိုယ်လုံး တုန်ရီသွားသည်။
'အားနည်းသူက အားကြီးသူကို ကြောက်ရတယ်... အားကြီးသူက ရက်စက်သူကို ကြောက်ရတယ်... ရက်စက်သူက အရူးတွေကို ကြောက်ရတယ်... ဒီ ကွေ့ယွမ်ဂိုဏ်း က အဲဒီအချက်တွေ အကုန်လုံးနဲ့ ပြည့်စုံနေတာပဲ' ဟု သူက တွေးလိုက်မိသည်။
“အမိန့်ပေးလိုက်”
လီတောက်ရွှမ် က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ပညာရှိသော ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်တော့၏။
“ကွေ့ယွမ်ဂိုဏ်း က မြို့စားမင်း အိမ်တော် ကို လာမတိုက်ခိုက်သရွေ့ မြို့ထဲက ငါတို့ရဲ့ ကင်းလှည့်တပ်ဖွဲ့တွေ... သူတို့ကို မမြင်ယောင်သာ ဆောင်နေကြ... ပြီးတော့ ရတနာ တစ်သောင်း ဆိုင်ခွဲ ဆီကို လူတစ်ယောက် လွှတ်ပြီး တန်ဖိုးကြီး လက်ဆောင်တွေ ပို့ပေးလိုက်... ဂိုဏ်းချုပ်ကျန်း အိမ်သစ်တက်တာကို ဂုဏ်ပြုပါတယ်လို့ ပြောလိုက်”
“ဟုတ်ကဲ့ပါဗျ”
... ... ...
နောက်တစ်နေ့ နံနက်ခင်း... ရတနာ တစ်သောင်း ဆိုင်ခွဲ ၏ အပြင်ဘက်။
မနေ့ညက အဖြစ်အပျက်များကြောင့် ဆူညံပွက်လောရိုက်နေခဲ့သော်ငြား ကျွိချွယ် မြို့တော် မှ ကျင့်ကြံသူများသည် သူတို့၏ သိချင်စိတ်များကို မထိန်းချုပ်နိုင်ဘဲ ရင်ပြင်ပေါ်တွင် စုရုံးရောက်ရှိလာကြသည်။
သူတို့က သွေးသဲရဲရဲ လက်စားချေမှု တစ်ခုခု သို့မဟုတ် ကွေ့ယွမ်ဂိုဏ်း ကို အလိုရှိကြောင်း ကြေညာချက် ထုတ်ပြန်မည်ဟု မျှော်လင့်ထားခဲ့ကြသည် လေ။
သို့သော် သူတို့ မြင်တွေ့လိုက်ရသည်မှာ... သတင်းစာရှင်းလင်းပွဲ တစ်ခုပင် ဖြစ်နေသည် လား။
ကျန်းချန်က ခရမ်းရောင်နှင့် ရွှေရောင် ရောယှက်နေသော တာအို ဝတ်စုံသစ်ကြီးကို ဝတ်ဆင်ထားပြီး စင်မြင့်ပေါ်တွင် ခမ်းနားထည်ဝါစွာ ရပ်နေသည်။ သူ၏ အနောက်ဘက်တွင်ကား တောင်လိုပုံနေသော တိုက်ပွဲနိုင် ပစ္စည်းများ (ချီယန် ဂိုဏ်း မှ ယူဆောင်လာခဲ့သည်များ) ကို ကစားသမားများက လူသိရှင်ကြား လေလံတင် ရောင်းချနေကြသည်။
“တာအိုမိတ်ဆွေတို့... မနေ့ညက ချီယန် ဂိုဏ်း ဌာနခွဲမှာ ဝမ်းနည်းစရာကောင်းတဲ့ 'လုံခြုံရေး အဖြစ်အပျက်' တစ်ခု ဖြစ်ပွားခဲ့ပါတယ်”
ကျန်းချန်၏ မျက်နှာပေါ်တွင် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေပြီး သူ၏ အသံကလည်း လေးနက်နေလေ၏။
“စုံစမ်းစစ်ဆေးမှုတွေအရ ချီယန် ဂိုဏ်း ထဲက ဆေးဖို ကြီး ပေါက်ကွဲသွားတာပါ... အဲဒီကနေ ဆင့်ကဲ ပေါက်ကွဲမှုတွေ ဖြစ်သွားတာပါ... ကျွန်တော်တို့ ကွေ့ယွမ်ဂိုဏ်း ရဲ့ တပည့်တွေက အစွမ်းကုန် 'ကယ်ဆယ်' (တိုက်ခိုက်သူများကို ရှင်းလင်းပေးခြင်းကို ဆိုလိုသည်။) ပေးခဲ့ပေမဲ့လည်း ဒီအဖြစ်ဆိုးကြီးကိုတော့ မတားဆီးနိုင်ခဲ့ပါဘူးဗျာ”
ပရိသတ်ထဲရှိ ကျင့်ကြံသူများ၏ နှုတ်ခမ်းများ တုန်ရီသွားကြသည်။
'ဆေးဖို ပေါက်ကွဲတာ ဟုတ်လား... မင်းတို့ ဂိုဏ်းက ဆေးဖို ပေါက်ကွဲတာများ မှိုပွင့်ပုံစံ မီးခိုးလုံးကြီးတောင် ထွက်လာတယ်ပေါ့လေ... ပြီးတော့ လူတွေကိုလည်း အတွင်းခံဘောင်းဘီလေး တစ်ထည်တောင် မကျန်အောင် ဖောက်ခွဲပစ်လိုက်တယ်ပေါ့’
သူတို့က စိတ်ထဲမှ ကြိတ်၍ သရော်လိုက်မိကြသည်။
ရုတ်တရက်၊ ကျန်းချန်က စကားကို ပြောင်းလိုက်ပြီး သူ၏ စစ်မှန်သော ရည်ရွယ်ချက်ကို ထုတ်ဖော်လိုက် တော့၏။
“ဒီအဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရပြီးနောက်မှာ ကျွန်တော်က အလယ်ပိုင်းလွင်ပြင် ရဲ့ အန္တရာယ်များတဲ့ သဘာဝကို ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့ရပါတယ်... မတော်တဆမှုတွေက အမြဲ ဖြစ်နေတတ်တာပဲလေ... ဒါကြောင့် တာအိုမိတ်ဆွေများ အားလုံးရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ကွေ့ယွမ်ဂိုဏ်း နဲ့ ရတနာ တစ်သောင်း ဆိုင်ခွဲ တို့ ပူးပေါင်းပြီး ဝန်ဆောင်မှုအသစ် တစ်ခုကို စတင် မိတ်ဆက်လိုက်ပါတယ်”
“ဝှစ်...”
သူတို့၏ အနောက်ဘက်ရှိ အလင်းတန်း မျက်နှာပြင်ကြီး လင်းလက်လာပြီး မျက်စိကျိန်းမတတ် တောက်ပနေသော ရွှေရောင် စာလုံးကြီးများ ပေါ်ထွက်လာသည်။
ကွေ့ယွမ်ဂိုဏ်း ၏ ငြိမ်းချမ်းရေး အာမခံ။
ကျန်းချန်က ပြုံးကာ မိတ်ဆက်လိုက်၏။
“ငြိမ်းချမ်းရေး အာမခံ ဆိုတာ ဘာလဲ... နေ့စဉ် ဝိညာဉ်ကျောက်တုံး တစ်တုံး (သို့မဟုတ် တစ်လကို ကျောက်တုံး ၂၈ တုံး) ပေးသွင်းရုံနဲ့ ခင်ဗျားတို့ဟာ ကွေ့ယွမ်ဂိုဏ်း ရဲ့ 'အကာအကွယ်ပေးခံရသူ' တစ်ယောက် ဖြစ်လာပါလိမ့်မယ်... ဒီအာမခံကို ဝယ်ယူပြီးနောက်မှာ ကျွိချွယ် မြို့တော် အတွင်းက ဘယ်အဖွဲ့အစည်းဆီကမဆို မတရားတဲ့ ဆက်ဆံမှုတွေ (ဥပမာ - လုယက်ခံရတာ၊ ဖိနှိပ်ခံရတာမျိုး) ခံရမယ်ဆိုရင် အမိန့်တံဆိပ်ပြားလေးကိုသာ ချိုးဖျက်လိုက်ပါ... ကျွန်တော်တို့ ဂိုဏ်းက တပည့် သုံးထောင်က ဘယ်လောက်ပဲ ဝေးနေပါစေ၊ ခင်ဗျားတို့ရဲ့ အခေါ်ကို ချက်ချင်း လာရောက်ပြီး အပြစ်ပေးပါလိမ့်မယ်”
“ဒါ့အပြင် အကယ်၍ ခင်ဗျားတို့က ကံမကောင်းစွာနဲ့ 'မတော်တဆမှု' တစ်ခုခု (ဥပမာ - ချီယန် ဂိုဏ်း မှာ ဖြစ်သွားသလိုမျိုး) ကြုံတွေ့ရမယ်ဆိုရင် ကျွန်တော်တို့ ဂိုဏ်းက ခင်ဗျားတို့ရဲ့ နာရေးစရိတ်နဲ့ သေဆုံးမှု လျော်ကြေးငွေ အားလုံးကို အာမခံထားတဲ့ ပမာဏအတိုင်း အပြည့်အဝ ပြန်လည် ပေးအပ်သွားမှာပါ”
ပရိသတ်တစ်ရပ်လုံး ပင့်သက်.. ရှိုက်သွင်းလိုက်မိကြတော့၏။
'ဒါက ဘယ်လို အကွက်မျိုးကြီးလဲ'
ကြောက်ရွံ့တတ်သော အမှီအခိုကင်း ကျင့်ကြံသူ တစ်ယောက်က တုန်ရီစွာဖြင့် လက်ညှိုးထောင်ကာ မေးလိုက်သည်။
“ဂိုဏ်းချုပ်ကျန်း... ကျွန်တော်တို့က မဝယ်ဘူးဆိုရင်ရော ဘာဖြစ်မလဲ”
ကျန်းချန်၏ အပြုံးက ချက်ချင်းဆိုသလို 'ကြင်နာတတ်သော' အပြုံးအဖြစ် ပြောင်းလဲသွားပြီးနောက်၊ချီယန် ဂိုဏ်း အပျက်အစီးများ ရှိရာဘက်သို့ အဓိပ္ပာယ်ပါပါဖြင့် လှမ်းကြည့်လိုက်၏။
“သေချာတာပေါ့... ခင်ဗျားတို့ မဝယ်လည်း ရပါတယ်... ဒါပေမဲ့... ဘဝဆိုတာ မှန်းဆလို့ မရဘူးလေ၊ ဘာမဆို ဖြစ်သွားနိုင်တာပဲ... အကယ်၍ တစ်နေ့နေ့များ ခင်ဗျားတို့ရဲ့ အိမ်မှာလည်း 'ဆေးဖို ပေါက်ကွဲမှု' မျိုး ဖြစ်လာခဲ့ရင်... ဒါမှမဟုတ် အပြင်မှာ 'အရူးတွေရဲ့ တိုက်ခိုက်မှု' မျိုး ကြုံတွေ့ရရင်တော့... ကွေ့ယွမ်ဂိုဏ်း အနေနဲ့ ဘာမှ ကူညီပေးနိုင်မှာ မဟုတ်ဘူးနော်”
'အို... ဒါက ရှင်းရှင်းကြီးကို ခြိမ်းခြောက်နေတာပဲ... ဒါ အာမခံ မဟုတ်ဘူး... ဆက်ကြေး ကောက်နေတာပဲ'
သို့သော် စင်အောက်ရှိ ကွေ့ယွမ်ဂိုဏ်း မှ တပည့်များက ဓားပျံများကို သုတ်သင်ကာ ရက်စက်ကြမ်းကြုတ်သော အမူအရာများ (အမှန်တကယ်တော့ သူတို့က အချင်းချင်း နောက်ပြောင်နေကြခြင်း ဖြစ်၏။) ပြုလုပ်နေကြသည်ကို မြင်လိုက်ရသောအခါ၊ ထို့နောက် ချီယန် ဂိုဏ်း ၏ အဖြစ်ဆိုးကြီးကို တွေးမိသွားသောအခါ...
ထို အမှီအခိုကင်း ကျင့်ကြံသူလေးမှာ တံတွေးကို ခဲယဉ်းစွာ မျိုချလိုက်ပြီး ဝိညာဉ်ကျောက်တုံး များကို တုန်ရီစွာဖြင့် ဆွဲထုတ်လိုက်၏။
“ကျွန်တော်... ကျွန်တော် ဝယ်မယ်... တစ်နှစ်စာ ဝယ်မယ်... ကံကောင်းအောင်လို့ပါဗျာ”
“ငါလည်း ဝယ်မယ်... ငါ့ မိသားစု တစ်ခုလုံးစာ ဝယ်မယ်ကွာ”
“အသက်အန္တရာယ်နဲ့ ယှဉ်လိုက်ရင် ဝိညာဉ်ကျောက်တုံး နည်းနည်းပါးပါးက ဘာများ အရေးကြီးလို့လဲ... ဒီ ကွေ့ယွမ်ဂိုဏ်း က အရမ်း ဆိုးသွမ်းလွန်းတယ်... သူတို့ဆီက ဝယ်တာက ဘေးအန္တရာယ် ကင်းအောင် ပိုက်ဆံ အကုန်ခံလိုက်တာနဲ့ အတူတူပဲ”
ချက်ချင်းဆိုသလိုပင် စာရင်းပေးသွင်းရာ နေရာတွင် နဂါး တစ်ကောင်ပမာ ရှည်လျားလှသော လူအုပ်ကြီး တစ်ဖန် ဖြစ်ပေါ်လာပြန်တော့သည်။
အမှီအခိုကင်း ကျင့်ကြံသူများသာမက ကျွိချွယ် မြို့တော် ရှိ မိသားစုငယ်လေးများနှင့် ကုန်သည်အဖွဲ့အစည်းများကပင် 'စိတ်အေးချမ်းမှုအတွက် ပေးချေရန်' လူများကို စေလွှတ်လာကြသည်။ ကျွိချွယ် မြို့တော် ၏ အခင်းအကျင်းမှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း သူတို့ သဘောပေါက်သွားကြလေပြီ။
... ... ...
နောက်ကွယ်ရှိ အခန်း - တိုက်ပွဲဝင် ပစ္စည်းများ ခွဲဝေသည့် မြင်ကွင်း။
“ဂိုဏ်းချုပ်... ကျွန်မတို့တော့ ချမ်းသာပြီ နော်”
ဆုချင်းကော ၏ လက်များမှာ စာရင်းစာအုပ်ကို ကြည့်ရင်း တုန်ရီနေသည်။
“ဒီမနက် 'ငြိမ်းချမ်းရေး အာမခံ' က ရတဲ့ ဝင်ငွေချည်းပဲ ဝိညာဉ်ကျောက်တုံး (၁၀၀,၀၀၀) ကျော်နေပြီ... ပြီးတော့ ဒါက အမြဲတမ်း ရနေမယ့် ဝင်ငွေနော်... ချီယန် ဂိုဏ်း ဆီကနေ လုယူလာတဲ့ ပစ္စည်းတွေနဲ့ပါ ပေါင်းလိုက်ရင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး သန်း (၅၀) လောက်တော့ တန်ဖိုးရှိမှာ သေချာတယ် ရှင့်”
ကျန်းချန်ကတော့ သူ၏ ကုလားထိုင်ပေါ်တွင် ထိုင်ကာ ကျောက်ဝူကျီ ထံမှ သိမ်းဆည်းရမိခဲ့သော ချီယန် နေမင်း အမိန့်တံဆိပ်ပြား လေးကို ကစားနေသည်။
“ဒါက အစပဲ ရှိသေးတယ်... ပိုက်ဆံရှိရင် စစ်တပ် ဖွဲ့လို့ရတယ်... လူအင်အားရှိရင် ပိုက်ဆံ ထပ်ရှာလို့ ရတယ်လေ”
သူက အမိန့်တံဆိပ်ပြားကို ဘေးနားရှိ အော့လင်း ထံသို့ ကစားစရာအဖြစ် ပစ်ပေးလိုက်၏ယ သူ၏ အကြည့်များက အဝေးဆီသို့ ရောက်ရှိနေလေသည်။
“ကျွိချွယ် မြို့တော် က တက်လမ်း တစ်ခုပဲ ရှိသေးတာ... နောက်တစ်ဆင့်အနေနဲ့ ငါတို့ တပည့်တွေကို ဒီ 'ငြိမ်းချမ်းရေး အာမခံ' ကို... ချီယန် ဂိုဏ်း ရဲ့ ပင်မဌာနချုပ် ဆီ သွားရောင်းခိုင်းရမယ်”
စနစ် အသိပေးချက်; “ ဂုဏ်ပြုပါတယ်..စနစ်ပိုင်ရှင်..။ သင်ဟာ ကျွိချွယ် မြို့တော်မှာ ဌာနခွဲ တစ်ခုကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပါပြီ”
“ဂုဏ်သတင်း ကျော်စောမှု +၁၀,၀၀၀။
အဓိက တာဝန် အဆင့်မြှင့်တင်ခြင်း။ ရှေးဟောင်း စစ်တလင်း သို့ သွားရောက်၍ 'နို့စို့အရွယ် ကလေးငယ်ကို ချည်နှောင်ထားသော ကံကြမ္မာ အခွင့်အရေး' ကို လုယူကာ ချီယန် ဂိုဏ်း ၏ အဓိက အင်အားစု ကို နှိမ်နင်းပါ”
ကျန်းချန်က မတ်တတ်ရပ်လိုက်ပြီး အောင်ပွဲခံနေကြသော ကစားသမားများကို လက်ဝှေ့ယမ်းပြလိုက်၏။
“ညီအစ်ကိုတို့... စားလို့ သောက်လို့ ဝပြီလား”
“ဝပြီဗျာ...”
ကစားသမား သုံးထောင်က တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ရာ သူတို့၏ အသံများက ကောင်းကင်ယံကိုပင် ဖောက်ထွင်းသွားတော့သည်။
“ဒါဆိုရင် ပစ္စည်းတွေ သိမ်းကြ”
ကျန်းချန်က မြောက်ဘက်ဆီသို့ လက်ညှိုးထိုးပြလိုက်၏။
ထိုနေရာတွင် ကောင်းကင်ကို ထိုးဖောက်နေသော အလင်းတိုင်ကြီးတစ်ခု ဖြည်းညင်းစွာ ပုံပေါ်လာနေလေပြီ။ ၎င်းကား ရှေးဟောင်း စစ်တလင်း ပွင့်လာတော့မည့် လက္ခဏာပင် ဖြစ်သည်။
“မြေပုံအသစ် ပွင့်ပြီ... အလယ်ပိုင်းလွင်ပြင် က ပါရမီရှင် တွေကို သွားပြီး ပြောပြလိုက်ကြ... 'ရက်စက်တယ်' ဆိုတာ ဘာလဲလို့”
အခန်း (၂၀၉) ရှေးဟောင်း စစ်တလင်း ကြီး ပွင့်လာပြီ.. ပါရမီရှင် တွေ စုဝေးနေကြပေမယ့်.. ငါ့မျက်လုံးထဲမှာတော့ သူတို့ရဲ့ သိုလှောင်လက်စွပ် တွေကိုပဲ မြင်နေရတယ်
ကျွိချွယ် မြို့တော် ၏ မြောက်ဘက် မိုင်ရှစ်ရာ အကွာတွင် သွမ့်ထျန်း တောင်ကြား တည်ရှိသည်။
ဤနေရာသည် အလယ်ပိုင်းလွင်ပြင် ၏ နာမည်ကျော် တားမြစ်နယ်မြေ များထဲမှ တစ်ခုဖြစ်ပြီး ရှေးဟောင်း စစ်တလင်း သို့ ဝင်ရောက်နိုင်သော တစ်ခုတည်းသော အဝင်ပေါက်လည်း ဖြစ်၏။
ပုံမှန်အားဖြင့် ဤနေရာတွင် လေပြင်းများ တိုက်ခတ်နေသဖြင့် ငှက်များပင် ပျံသန်းရန် ခက်ခဲလှသော်ငြား ယနေ့တွင်မူ ကောင်းကင်ယံ တစ်ခုလုံး တောက်ပသော အလင်းရောင်များ၊ အရောင်အသွေးများဖြင့် ပြည့်နှက်နေလေ၏။
ထောင်ပေါင်းများစွာသော မင်္ဂလာ အလင်းတန်းများက မြင်ကွင်းကို လင်းထိန်စေလျက် ရှိသည်။
အကြောင်းမူကား နှစ်ပေါင်းငါးရာတွင် တစ်ကြိမ်သာ ပေါ်ထွက်လာလေ့ရှိသော 'မူလဝိဉာဉ် အဆင့် ကံကြမ္မာ အခွင့်အရေး' က ယနေ့တွင် တရားဝင် စတင်တော့မည် ဖြစ်သောကြောင့်ပင်။
ယခုအခါ ကောင်းကင်ယံတွင် မျက်စိကျိန်းမတတ် တောက်ပနေသော အလင်းတန်းများ ပြည့်နှက်နေလေပြီ။ အလွန်တရာ ဇိမ်ကျကျ ပြင်ဆင်ထားသော ပျံသန်းရေး လှေများ တစ်စင်းပြီးတစ်စင်း တိမ်တိုက်များကို ထိုးဖောက် ဝင်ရောက်လာကြရာ သူတို့၏ ဓနအင်အားကို တိတ်တဆိတ် ယှဉ်ပြိုင်နေကြသည့်အလား ပင်။
အရှေ့ဘက်တွင် နဂါးကိုးကောင် ရုန်းဆွဲလာသော ရွှေရောင် စစ်ရထားကြီး တစ်စီးက ဟိန်းဟောက်သံကြီးနှင့်အတူ ဖြတ်သန်းသွားသည်။ ၎င်း၏ ဘီးများက ဟင်းလင်းပြင် ကို ကြိတ်ခြေသွားပြီး မီးတောက်များ အတန်းလိုက် ကျန်ရစ်ခဲ့၏။ ထိုရထားမှာ တော်ဝင် အရှိန်အဝါများ အပြည့်အနှက် ပါဝင်သော မဟာကျိုး ဧကရာဇ်မင်းဆက် မှ မင်းသားတစ်ပါး၏ စစ်ရထားပင် ဖြစ်တော့သည်။
တောင်ဘက်တွင် အဖြူရောင် ဝတ်ရုံကို ဆင်ယင်ထားသော လူငယ်လေး တစ်ဦးက မင်္ဂလာရှိသော ရောင်စုံ တိမ်တိုက်များကို စီးနင်းလာသည်။ သူ၏ ဘေးပတ်လည်တွင် အစေခံ မိန်းကလေး (၇၂) ယောက်က ပန်းပွင့်များ ကြဲချကာ တေးဂီတများ တီးခတ်လျက် လိုက်ပါလာကြ၏။
ချောမောခန့်ညားသော မျက်နှာနှင့် လက်ထဲတွင် ခေါက်ယပ်တောင်ကို ကိုင်ဆောင်ထားသော ထိုလူငယ်လေးကား အခြားသူ မဟုတ်။ အလယ်ပိုင်းလွင်ပြင် ရှိ ထိပ်တန်း အင်အားကြီး အဖွဲ့အစည်း တစ်ခုဖြစ်သော ခရမ်းရောင် စံအိမ်တော် မြင့်မြတ်သော နယ်မြေ မှ မြင့်မြတ်သောသားတော် ရှောင်ယွီဖုန်း ပင် ဖြစ်၏။
အနောက်ဘက်တွင် တောင်ငယ်တစ်လုံးခန့် ရှိသော ဆင်ဖြူတော်ကြီး တစ်ကောင် ကောင်းကင်မှ ဆင်းသက်လာသည်။ ၎င်း၏ ကျောပေါ်တွင် လေးနက်တည်ကြည်သော လူငယ် ရဟန်းတစ်ပါး တင်ပျဉ်ခွေ ထိုင်နေပြီး သူ၏ တစ်ကိုယ်လုံးမှ ဗုဒ္ဓ အလင်းတန်းများ ဖြာထွက်နေသဖြင့် လူများက သူ့ကို တည့်တည့်ပင် မကြည့်ရဲကြချေ။
တစ်ယောက် ပေါ်လာတိုင်း ကောင်းကင်ယံတွင် ထူးဆန်းသော ဖြစ်စဉ်များ ပြည့်နှက်သွားပြီး နားကွဲမတတ် တာအို အသံတော်များ ထွက်ပေါ်လာ၏။
မြေပြင်ပေါ်ရှိ အမှီအခိုကင်း ကျင့်ကြံသူ များက ရှားရှားပါးပါး တွေ့ရခဲလှသော ဤဂုဏ်သရေရှိ ပုဂ္ဂိုလ်များကို မော့ကြည့်ကာ သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့ရိုသေမှုများနှင့် မိမိကိုယ်ကိုယ် အထင်သေးမှုများ ပြည့်နှက်နေကြတော့၏။
“ဟိုဟာက ခရမ်းရောင် စံအိမ်တော် ရဲ့ မြင့်မြတ်သောသားတော်... ရှောင်ယွီဖုန်း ပဲ”
“သူက အသက် (၃) နှစ်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်၊ အသက် (၁၀) နှစ်မှာ ရွှေအမြုတေအဆင့် ရောက်ခဲ့တယ်လို့ ကြားတယ်... အခုတော့ သူက ရွှေအမြုတေအဆင့် အထွတ်အထိပ် ရောက်နေပြီ... ဒီတစ်ခါတော့ 'ကောင်းကင်ဘုံ တာအို' မူလဝိဉာဉ် အဆင့် အခွင့်အရေးကို လုယူဖို့ သေချာပေါက် သူတို့ သွားကြမှာပဲ”
“ဟိုဘက်ကို ကြည့်လိုက်... အဲဒါ မဟာကျိုး ရဲ့ တတိယမင်းသား ကွ... သူ့ဆီမှာ ပျက်စီးနေတဲ့ ဧကရာဇ် လက်နက် ရဲ့ ပုံတူပစ္စည်း တစ်ခု ရှိတယ်လို့ ကြားတယ်”
“ဟူး... ဒီလူတွေနဲ့ ယှဉ်လိုက်ရင် ငါတို့က လူလာစေ့ရုံ သက်သက်ပဲ ရှိတာပါကွာ”
ရှောင်ယွီဖုန်း က တိမ်တိုက်ပေါ်တွင် မတ်တတ်ရပ်လျက် အောက်ဘက်ရှိ ပုရွက်ဆိတ်များပမာ သေးငယ်လှသော အမှီအခိုကင်း ကျင့်ကြံသူ များကို ငုံ့ကြည့်ကာ သူ၏ နှုတ်ခမ်းထက်တွင် လှောင်ပြုံး တစ်ခု ပေါ်လာသည်။
“အလယ်ပိုင်းလွင်ပြင် ရဲ့ ကောင်းကင်ယံက ဒီအောက်တန်းကျတဲ့ ကောင်တွေကြောင့် ညစ်ညမ်းနေတာပဲ”
သူက ခေါက်ယပ်တောင်ကို ညင်သာစွာ ဝှေ့ယမ်းရင်း ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်၏ မာနထောင်လွှားမှုနှင့် အေးစက်မောက်မာမှုတို့ကို ပြသလိုက်၏။
သို့ရာတွင် အင်မော်တယ် အငွေ့အသက်များ လွင့်မျောနေပြီး အထက်တန်းကျလှသော ဤအခိုက်အတန့်၌ပင်၊
အဝေးရှိ မိုးကုတ်စက်ဝိုင်းဆီမှ စူးရှပြီး စည်းချက်မကျသော၊ သတ္တုသံလိုလို အသံကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ရေနွေးငွေ့ သင်္ဘော ဥသြသံကြီး ပင်တည်း။
“ဝူး... ဖောင်း... ဖောင်း... ဖောင်း... ဖောင်း...”
ထိုအသံကြီးက ကျောက်သင်ပုန်းကို လက်သည်းဖြင့် ကုတ်ဆွဲလိုက်သကဲ့သို့ ပင်ဖြစ်ပြီး မြင်ကွင်း တစ်ခုလုံး၏ လေးနက်တည်ကြည်သော လေထုကို ချက်ချင်း ရိုက်ချိုးပစ်လိုက်တော့၏။
လူတိုင်း အံ့အားသင့်စွာ လှည့်ကြည့်လိုက်ကြသည်။ မည်းမှောင်နေသော မီးခိုးလုံးကြီးများကို မှုတ်ထုတ်နေပြီး ဧရာမ အရွယ်အစားရှိသော်ငြား အလွန်တရာ 'အရိုင်းအစိုင်း' ဆန်လှသည့် သံမည်း သင်္ဘောကြီး တစ်စင်းက မင်္ဂလာ အလင်းတန်းများ လွှမ်းခြုံထားသော ကောင်းကင်ယံကို ဝင်တိုက်လိုက်၏။
ဤသင်္ဘောပေါ်တွင် မင်္ဂလာ တိမ်တိုက်များ မရှိသလို အင်မော်တယ် တေးဂီတသံများလည်း မရှိချေ။ သင်္ဘောဘေးပတ်လည်တွင် အဝါရောင် စာလုံးများ ရေးထိုးထားသည့် အနီရောင် ပိတ်စကြီးများ ချိတ်ဆွဲထားပြီး လေထဲတွင် တလူလူ လွင့်ခါနေသည်။
"ကွေ့ယွမ်ဂိုဏ်းကနေ အဟောင်းအစုတ် ဓားပျံတွေနဲ့ ပျက်စီးနေတဲ့ မှော်ရတနာတွေကို ဈေးကောင်းပေးပြီး ဝယ်ယူနေပါတယ်ဗျ။ ငွေကို ချက်ချင်း ရှင်းပေးမှာပါ။"
"ချီရန်ဂိုဏ်းရဲ့ 'မီးအဆိပ် မိစ္ဆာကောင်' အသားကင် ရောင်းဖို့ ရှိတယ်ဗျို့။ ဝင်္ကပါထဲ ဝင်မယ်ဆိုရင် မပါမဖြစ် ယူသွားရမယ့် စားစရာပါနော်... ပစ္စည်းမကုန်ခင် မြန်မြန်သာ လာဝယ်ကြပါဗျ။"
"အဆင့်မြှင့်ပေးတာတွေ၊ လက်စားချေ သတ်ဖြတ်ပေးတာတွေကို ပရော်ဖက်ရှင်နယ်ဆန်ဆန် လုပ်ဆောင်ပေးပါတယ်ဗျ။ ဝိညာဉ်ကျောက်တုံးသာ ရှိမယ်ဆိုရင် မြင့်မြတ်သော နယ်မြေရဲ့ ဘိုးဘွားသင်္ချိုင်းတွေကိုတောင် ဖြိုခွဲပေးပါ့မယ်ဗျာ။”
“........”
နေရာတစ်ခုလုံး တစပြင်နှယ်.. တိတ်ဆိတ်သွားတော့၏။
မူလက အင်မော်တယ် အငွေ့အသက်များ ရစ်သိုင်းနေသော သွမ့်ထျန်း တောင်ကြား ၏ ပုံရိပ်မှာ ဤဧရာမ သင်္ဘောကြီးကြောင့် ချက်ချင်းဆိုသလို ဆူညံပွက်လောရိုက်နေသော ဈေးတန်းကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားချေပြီ။
ရှောင်ယွီဖုန်း က မျက်မှောင်ကြုတ်လိုက်ပြီး ခေါက်ယပ်တောင်ကိုပင် ဝှေ့ယမ်းရန် မေ့သွားသည်။
“ဒီ... ဒီ ဓားပြ တွေက ဘယ်က ရောက်လာတာလဲ”
ထိုအချိန်တွင် ကျယ်ပြောလှသော ပင်လယ်တိမ်တိုက် သင်္ဘောကြီး ၏ ကုန်းပတ်ပေါ်တွင် ကစားသမား သုံးထောင်က လက်ရန်းများကို မှီကာ ကောင်းကင်ယံရှိ မြင့်မြတ်သောသားတော် များနှင့် မင်းသားများကို အရည်ရွှမ်းသော မျက်လုံးများဖြင့် ကြည့်နေကြ၏။
ဓားတစ်လက် က တံတွေးကို ခဲယဉ်းစွာ မျိုချလိုက်ပြီး အသံများပင် တုန်ရီနေတော့၏။
“ညီအစ်ကိုတို့... ငါ အမြင်များ မှားနေတာလား... ဆင်ဖြူကြီး စီးလာတဲ့ ဘုန်းကြီး... သူ့လည်ပင်းက စိပ်ပုတီးကုံး... အဲဒီ ပုတီးစေ့ တစ်လုံးချင်းစီက ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် တွေကြီးပဲကွ”
လက်ထဲတွင် ပေသီးတစ်လုံးကို ကိုင်ထားသော ဝမ်သဲ့ဖာ က သူ၏ လက်ချောင်းများ တုန်ရီနေလျက် အော်ဟစ်လိုက်သည်။
“ဘုန်းကြီးကို ကြည့်မနေနဲ့ဦး... ဟို အဖြူရောင် ဝတ်စုံနဲ့ အကြွားသန်တဲ့ ကောင်ကို ကြည့်စမ်း... သူ့လက်ထဲက ခေါက်ယပ်တောင်က ထိပ်တန်းအဆင့် မှော်ရတနာ ကွ... သူ့ခါးက ကျောက်စိမ်းပြားကလည်း အစွမ်းထက်တဲ့ ကာကွယ်ရေး ပစ္စည်းကြီးကွ... သူ့ခြေအောက်က တိမ်တိုက်တွေကတောင်... သောက်ကျိုးနည်း... အဲဒါတွေက ဝိညာဉ်ကျောက်တုံး မှုန့်တွေနဲ့ လုပ်ထားတဲ့ အထူးပြုလုပ်ချက်တွေဟေ့”
ကစားသမားများမှာ လုံးဝကို ရူးခါသွားကြတော့၏။
သူတို့၏ မျက်လုံးထဲတွင် ဒါဟာ အင်အားကြီး ပါရမီရှင် များ၏ စုဝေးပွဲကြီး မဟုတ်ဘဲ... 'ရွေ့လျား ရတနာသိုက် ပြပွဲကြီး' ပင် ဖြစ်သည်။
'လမ်းလျှောက်နေတဲ့ ဘော့စ်ကောင် စွယ်စုံကျမ်း' ကြီးပါလား။
“ခိုးဖို့ ကြိုးစားရအောင်...”
“နေဦး... ဒီနေရာက လုံခြုံရေး ဧရိယာကြီးကွ”
“ဟို မင်းသားရဲ့ ရထားဘီးကြီး ဖြုတ်ယူလို့ ရမလား... စစ်မှန်တဲ့ ရွှေစင်ကြီးနဲ့ လုပ်ထားတဲ့ပုံပဲနော်”
ကွေ့ယွမ်ဂိုဏ်း ၏ မာနထောင်လွှားပြီး အောက်တန်းကျလှသော ဝင်ရောက်လာမှုက အလယ်ပိုင်းလွင်ပြင် မှ အထက်တန်းစားများ၏ မကျေနပ်မှုကို သဘာဝကျကျ ဖြစ်ပေါ်စေခဲ့သည်။
မဟာကျိုး ဧကရာဇ်မင်းဆက် ၏ စစ်ရထားပေါ်တွင် ရွှေရောင် ချပ်ဝတ် ဝတ်ဆင်ထားသော နတ်ဘုရား စစ်သူကြီး တစ်ယောက်က လှောင်ပြုံး ပြုံးကာ အဝေးမှနေ၍ ဟိန်းဟောက်လိုက်သည်။
“ဒီတောသားတွေက ဘယ်က ရောက်လာတာလဲ... စည်းကမ်းတွေကို နားမလည်ဘူးလား... ဒီကားပါကင် နေရာတွေက... မင်းတို့ရဲ့ သင်္ဘောစုတ်ကြီး ရပ်ဖို့ နေရာ မဟုတ်ဘူး... ထွက်သွားစမ်း”
“ဝုန်း... ”
ရွှေအမြုတေအဆင့် အထွတ်အထိပ် ၏ အရှိန်အဝါကြီးတစ်ခုက ကျယ်ပြောလှသော ပင်လယ်တိမ်တိုက် သင်္ဘောကြီး ဆီသို့ ပြေးဝင်လာပြီး ဤတောသားများကို ခြိမ်းခြောက်ရန် ကြိုးစားလိုက်သည်။
ကျန်းချန်က သင်္ဘောဦးပိုင်းတွင် လက်နောက်ပစ်ကာ မတ်တတ်ရပ်နေပြီး မည်သည့်လှုပ်ရှားမှုမှ မလုပ်ပေ။ အကြောင်းမူကား သူ လှုပ်ရှားရန် မလိုအပ်သောကြောင့် ဖြစ်၏။
“အို... မင်းက နာမည်နီ စာရင်းထဲ ဝင်နေတာလား”
“ညီအစ်ကိုတို့... တစ်ယောက်ယောက်က ငါတို့ကို လာစိန်ခေါ်နေတယ်ဟေ့”
ရုတ်တရက် ကစားသမား ရာပေါင်းများစွာက သင်္ဘောဦးပိုင်းမှ ခုန်ထွက်လာကြပြီး အသံချဲ့စက်ပုံစံ မှော်ရတနာ များကို တစ်ပြိုင်နက်တည်း ဆွဲထုတ်ကာ ရွှေရောင် ချပ်ဝတ် စစ်သူကြီး ထံသို့ အော်ဟစ် ဆဲဆိုတော့၏။
“အော်စမ်း... မင်းက ဘာလို့ အော်နေတာလဲ”
“မင်းက ရထားစုတ်ကြီး စီးလာတာနဲ့ပဲ ငါ့ကိုယ်ငါ အရမ်းမိုက်တယ်လို့ ထင်နေတာလား... မင်းရထားဘီး ကို ပေါက်အောင် လုပ်ပေးရမလား”
“မင်း ဝင်္ကပါ ထဲကနေ မထွက်လာရဲအောင် လုပ်ပေးမယ်နော်... မင်းရဲ့ အတွင်းခံဘောင်းဘီကို ချွတ်ပြီး အလံလို လွှင့်ထူထားမယ်ကွ”
လူရာပေါင်းများစွာ၏ ဆဲဆိုသံများက ရေလှိုင်းကြီးတစ်ခုပမာ ရိုက်ခတ်လာပြီး ရွှေရောင် ချပ်ဝတ် စစ်သူကြီး ၏ အသံကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ အလယ်ပိုင်းလွင်ပြင် မှ ကျင့်ကြံသူများသည် ယဉ်ကျေးမှုကို တန်ဖိုးထားကြသည်။
သူတို့၏ ဆဲဆိုမှုများက အလွန်ဆုံးမှ 'ခွေးသား' သို့မဟုတ် 'အရူး' လောက်သာ ရှိပါ၏။ ဤကဲ့သို့ အောက်တန်းကျပြီး ရိုင်းစိုင်းကာ လုံးဝကို စော်ကားလွန်းလှသော 'ဇူအန်း ယဉ်ကျေးမှု' မျိုးကို သူတို့ ဘယ်မှာ မြင်ဖူးပါမည်နည်း။
ရွှေရောင် ချပ်ဝတ် စစ်သူကြီး ၏ မျက်နှာမှာ စိမ်းဖန့်သွားပြီး အလွန်ပင် တုန်ရီနေတော့၏။
“ရိုင်းစိုင်းလိုက်တာ... လုံးဝကို ရိုင်းစိုင်းလိုက်တာကွာ”
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှောင်ယွီဖုန်း ၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။ သူက ကျန်းချန်ကို ကြည့်ကာ အေးတိအေးစက်ဖြင့် အထက်စီးမှနေ၍ ပြောလိုက်၏။
“ဟိုတာအိုမိတ်ဆွေ... ခင်ဗျားရဲ့ ခွေးတွေကို သေချာ ထိန်းထားစမ်းပါ... စကားတချို့က အကျိုးဆက်တွေ ရှိတယ်နော်”
ကျန်းချန်က ခပ်ပြုံးပြုံးဖြင့် သူတို့ကို မတားဆီးသည့်အပြင် လက်ခုပ်ပင် တီးပေးလိုက်သေးသည်။ သူ၏ အနောက်ဘက်ရှိ အော့လင်း က ချက်ချင်း သဘောပေါက်သွားပြီး ဧရာမ သစ်သားဆိုင်းဘုတ်ကြီး တစ်ခုကို သယ်ဆောင်လာကာ သင်္ဘောဦးပိုင်းတွင် စိုက်ထူလိုက်၏။
အနီရဲရဲ ဆေးသုတ်ထားသော ထိုဆိုင်းဘုတ်ကြီးတွင် ရေးထားသည်ကား...
“ယနေ့အတွက် အမုန်းဆုံး စာရင်း - မဟာကျိုး ဧကရာဇ်မင်းဆက် (ရွှေရောင် ချပ်ဝတ်ဝတ် လူ)၊ ခရမ်းရောင် စံအိမ်တော် မြင့်မြတ်သော နယ်မြေ (အဖြူရောင် ဝတ်စုံဝတ် လူ)။ ဝင်္ကပါ ထဲ ဝင်တာနဲ့ သူတို့ကို အရင်ဆုံး ဦးစားပေး ရှင်းလင်းကြပါ”
ကျန်းချန်က ရှောင်ယွီဖုန်း ကို ကြည့်ကာ နူးညံ့စွာ ပြောလိုက်သည်။
“မြင့်မြတ်သောသားတော်... ကျွန်တော့် တပည့် တွေက ဖြောင့်မတ်တဲ့ သူတွေပါ... သူတို့က ခင်ဗျားရဲ့ အတွင်းခံဘောင်းဘီကို ချွတ်မယ်လို့ ပြောရင်... သေချာပေါက် ချွတ်မှာပါပဲ... ခင်ဗျား နှစ်ထည်လောက် ထပ်ဝတ်လာတာ ပိုကောင်းမယ်နော်”
“မင်း... ”
ရှောင်ယွီဖုန်း မှာ ဒေါသပေါက်ကွဲလုမတတ် ဖြစ်သွားတော့၏။
ထိုစဉ် အောက်ဘက်ရှိ သွမ့်ထျန်း တောင်ကြား ကြီး ပြင်းထန်စွာ တုန်ခါသွားသည်။ ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်နိုင်သော ဟင်းလင်းပြင် အက်ကွဲကြောင်း ကြီးတစ်ခု ဖြည်းညင်းစွာ ပွင့်ဟလာပြီး ကြွယ်ဝလှသော၊ ရှေးဟောင်း အငွေ့အသက်များ ရေစီးကြောင်းကြီးပမာ ပန်းထွက်လာ၏။
စနစ် ကြေညာချက်။ “ဝင်္ကပါ 'ရှေးဟောင်း စစ်တလင်း' ကို တရားဝင် ဖွင့်လှစ်လိုက်ပါပြီ။
ကန့်သတ်ချက်များ - အရိုးသက်တမ်း အသက် (၃၀) အောက်၊ ကျင့်ကြံခြင်းအဆင့် ရွှေအမြုတေအဆင့် အောက် (ရွှေအမြုတေအဆင့် သို့ ဖိနှိပ်ထားမည်။)”
တင်းမာနေသော လေထုကြီးမှာ ချက်ချင်းဆိုသလို ကျိုးပဲ့ပျက်စီးသွားတော့၏။ ကံကြမ္မာ အခွင့်အရေး ကြီး ပွင့်လာပြီ မဟုတ်ပါလား။
“ဟွန်း... ကံကောင်းတယ်လို့သာ မှတ်လိုက်တော့”
ရှောင်ယွီဖုန်း က ကျန်းချန်ကို အေးစက်စွာ ကြည့်လိုက်သည်။
“မင်း ဝင်တော့ ဝင်လာနိုင်ပေမဲ့ ထွက်တော့ ထွက်သွားနိုင်မှာ မဟုတ်ဘူး... ငါတို့ အထဲမှာ စောင့်နေမယ်”
စကားဆုံးသည်နှင့် သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အက်ကွဲကြောင်း ထဲသို့ ပထမဆုံး ပြေးဝင်သွားလေ၏။ အင်အားကြီး အဖွဲ့အစည်း အသီးသီးမှ ပါရမီရှင် များကလည်း နောက်ကောက်ကျမည်ကို စိုးရိမ်ကာ ကိုယ်စီ.. မှော်ရတနာ များကို စီးနင်းလျက် အလုအယက် ပြေးဝင်သွားကြတော့၏။
ပါရမီရှင် များ အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ကစားသမားများမှာ ဝမ်းသာခြင်း မရှိသည့်အပြင်... မိစ္ဆာဆန်ဆန်ပင် ရယ်လိုက်ကြသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်း က သူ၏ လက်ထဲမှ အုတ်ခဲကို ခါးကြားတွင် ထိုးထည့်လိုက်ပြီး ဟားတိုက်လိုက်သည်။
“ညီအစ်ကိုတို့... ကြားလိုက်တယ် မဟုတ်လား... ဟို အဖြူရောင် ဝတ်ထားတဲ့ သိုးဆူကြီးက ငါတို့ကို အထဲမှာ စောင့်နေမယ်တဲ့”
“တရုတ်ပြည်ကိုတောင် ထိခိုက်စေနိုင်တယ်နော်... သူတို့က လက်နက်တွေ ထောက်ပံ့ပေးရုံတင် မကဘူး၊ နေရာမှာတင် ငါတို့ကို စောင့်နေကြသေးတယ်တဲ့”
ထိုစဉ်၊ ကျန်းချန်က လက်ကို ဝှေ့ယမ်းကာ မည်းမှောင်နေသော အဝင်ပေါက်ကြီးဆီသို့ လက်ညှိုးထိုးပြလိုက်၏။
“ကိုယ့်လူတွေ... ငါတို့ရဲ့ ဆောင်ပုဒ်ကို မှတ်မိကြသေးရဲ့လား”
ကစားသမား သုံးထောင်က တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ရာ သူတို့၏ အသံများက ကောင်းကင်ယံကိုပင် တုန်လှုပ်သွားစေသည်။
“ကျွန်တော်တို့ သွားတဲ့ နေရာမှာ မြက်တစ်ပင်တောင် မပေါက်စေရဘူး”
“အပ်နဲ့ ချည်ကလွဲရင် အကုန်လုံး ယူခဲ့”
“သွားကြစို့... ပစ္စည်းတွေ သွားယူကြမယ်ဟေ့”
“ဝုန်း... ”
စတုတ္ထမြောက် ကပ်ဘေးကြီး ၏ စစ်သည် သုံးထောင်သည် ဆာလောင်နေသော ဝံပုလွေအုပ်ကြီးပမာ အူဟစ်ရင်း အလယ်ပိုင်းလွင်ပြင် ၏ အမြင့်ဆုံးသော ဂုဏ်သတင်းကို ကိုယ်စားပြုသည့် စမ်းသပ်ရာ မြေပြင် ကြီးထဲသို့ ပြေးဝင်သွားကြတော့၏။
အပြင်ဘက်တွင် ကျန်ရစ်ခဲ့သော သက်ကြီးရွယ်အို ကျင့်ကြံသူ များ (ဂိုဏ်း အသီးသီးမှ အုပ်ထိန်းသူများ) သည် ဤမြင်ကွင်းကို ကြည့်ရင်း မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ သူတို့၏ နှလုံးသားထဲတွင် မကောင်းသော နိမိတ်ကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာတော့၏။
'အိမ်း…ဒီနှစ်ရဲ့ 'ရှေးဟောင်း စစ်တလင်း' ကတော့... ကပ်ဘေးကြီး တစ်ခု ဖြစ်လာဖို့ များနေပြီ’
အခန်း (၂၁၀) ကျင့်ကြံခြင်းလောကမှာ 'PUBG' (ပက်ဂျီ) မုဒ်ကို ဘယ်လို ဆော့ရမလဲ
ရှေးဟောင်း စစ်တလင်း အတွင်းပိုင်း။
ကောင်းကင်ယံသည် ခဲရောင်သန်းကာ မှိုင်းညို့နေပြီး မြေပြင်မှာမူ ရှေးဟောင်း နတ်ဘုရားများ၏ အဆုံးအစမဲ့ သွေးများဖြင့် စိမ်ထားသည့်အလား ခြောက်သွေ့သော အနီရင့်ရောင် ဖြစ်နေသည်။ လေထုထဲတွင် ကြမ်းတမ်းလှသော ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးများ ပြည့်နှက်နေလေရာ ကာကွယ်ရေး အရှိန်အဝါ ကို အသက်မသွင်းထားသော သာမန် ကျင့်ကြံသူ တစ်ယောက်သာဆိုလျှင် ဤနေရာတွင် နာရီဝက်ခန့် လမ်းလျှောက်လိုက်သည်နှင့် သွေးကြောများ ပေါက်ထွက်ကာ သေဆုံးသွားလောက်၏။
ဤနေရာတွင် စည်းမျဉ်းစည်းကမ်း ဟူ၍ မရှိ။ ရှင်သန်ခြင်း သာလျှင် အဓိက ဖြစ်၏။
တာအို ရွှေ့ပြောင်းဂိတ် အလင်းတန်းတစ်ခု လက်သွားသည်နှင့် ကစားသမား သုံးထောင် နှင့်တကွ အလယ်ပိုင်းလွင်ပြင် မှ ပါရမီရှင် များသည် ဤကျယ်ပြောလှသော အပျက်အစီးကြီးထဲတွင် ကျပန်း ပြန့်ကျဲ ရောက်ရှိသွားကြတော့သည်။
သေမင်းတမန် အရိုးတောကြီး။
အလင်းရောင် တစ်ချက် လက်သွားသည်နှင့် ရွှေရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး လှံရှည်ကြီး တစ်ချောင်းကို ကိုင်ဆောင်ထားသော လူငယ် ကျင့်ကြံသူ တစ်ဦး မြေပြင်ပေါ်သို့ ယိုင်နဲ့နဲ့ ရောက်ရှိလာ၏။ သူကား မဟာကျိုး ဧကရာဇ်မင်းဆက် ၏ အတွင်းစည်း တပ်မှူး ကျောက်ဖုန်း (ရွှေအမြုတေအဆင့် အလယ်အလတ်အဆင့်) ပင် ဖြစ်သည်။
“ဟွန်း... ဒါက ရှေးဟောင်း စစ်တလင်း ဆိုတာလား”
ကျောက်ဖုန်း က ကိုယ်ဟန်ကို ထိန်းလိုက်ပြီး သူ၏ နတ်ဘုရား အာရုံ ကို ချက်ချင်း အသက်သွင်းလိုက်ရာ မျက်လုံးများထဲတွင် မာန ထောင်လွှားသော အရိပ်အယောင် တစ်ခု လင်းလက်သွား၏။
“ဖိနှိပ်မှု တချို့ ရှိနေပေမဲ့ ငါ့ မဟာကျိုး တော်ဝင်မိသားစု ရဲ့ တိုက်ပွဲဝင် နည်းဗျူဟာတွေနဲ့ဆိုရင် ဒီနေရာကို ပြောင်သလင်းခါအောင် ရှင်းပစ်ဖို့ လုံလောက်ပါတယ်ကွာ...”
သူ စကားပင် မဆုံးလိုက်ရချေ။ သူ၏ မျက်လုံးများ ရုတ်တရက် လင်းလက်သွားတော့သည်။ သူ့ရှေ့ ပေငါးဆယ်ခန့် အကွာတွင် ထူးဆန်းသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ခိုးကြောင်ခိုးဝှက် နိုင်လှသော လူတစ်ယောက် ပုဆစ်တုပ် ထိုင်နေ၏။ ထိုသူကား ကွေ့ယွမ်ဂိုဏ်း ၏ တပည့် ပင်တည်း။
ထိုကောင်က သူ့ကို ကျောခိုင်းထားပြီး ဖင်ကြီးထောင်ကာ အရိုးပုံကြီးထဲတွင် တစ်ခုခုကို မွှေနှောက် ရှာဖွေနေသည်။ အနောက်ဘက်တွင် သူရောက်နေသည်ကို လုံးဝ ရိပ်မိပုံ မရချေ။
“ကွေ့ယွမ်ဂိုဏ်း က အရိုင်းအစိုင်း ကောင်လား”
ကျောက်ဖုန်း၏ နှုတ်ခမ်းများက ရက်စက်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွား၏။ ဤနေရာသို့ မဝင်ရောက်မီ သူ၏ စီနီယာ အစ်ကိုက အမိန့်ပေးထားခဲ့သည် မဟုတ်ပါလား။
'ကွေ့ယွမ်ဂိုဏ်း က လူတွေ့ရင် သနားညှာတာမှုမရှိဘဲ သတ်ပစ်' တဲ့။
“မင်း ကံဆိုးတာပဲ... သေစမ်း”
ကျောက်ဖုန်း က လှံကို ရမ်းခါလိုက်ပြီး သူ၏ ပုံရိပ်က လျှပ်စီးပမာ လင်းလက်သွားကာ အလွန်တရာ ကြီးမားလှသော အရှိန်အဝါဖြင့် ရှေ့သို့ ပြေးဝင်သွားတော့၏။
ဟိန်းဟောက်သံကို ကြားလိုက်ရသောအခါ ထို ကွေ့ယွမ်ဂိုဏ်း မှ တပည့် မှာ လန့်ဖြန့်သွားပြီး လှည့်ကြည့်လိုက်ရာ ကျောက်ဖုန်း ကို မြင်တွေ့လိုက်ရသည်။
“ဘုရားရေ... နာမည်နီနဲ့ မိစ္ဆာကောင် ကြီးကွ”
သူက ထူးဆန်းစွာ အော်ဟစ်လိုက်သည်။
ထို့နောက် သူ လုပ်လိုက်သော အရာက ကျောက်ဖုန်း ကို လုံးဝ ဆွံ့အသွားစေတော့၏။ ထိုအကောင်က တိုက်ခိုက်ရန် ဓားကို ဆွဲမထုတ်သည့်အပြင် လက်ထဲတွင် ကိုင်ထားသော အရာကို ပစ်ချကာ လှည့်ပြေးတော့၏။ ပြေးရုံတင်မကသေးဘဲ ပြေးနေရင်း နောက်သို့လှည့်ကာ မျက်နှာပြောင်တိုက် ပြောင်စပ်စပ် လုပ်သွားသေး၏။
“ဗြဲ ဟဲ ဟဲ..လာလေ... လိုက်ဖမ်းလေ... မိရင် မင်း သဘောပဲကွာ”
“ရိုင်းစိုင်းလိုက်တာ”
ကျောက်ဖုန်း က ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ တန်ခိုးထွားလှသော ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ယောက်က မတိုက်ခိုက်ဘဲ ထွက်ပြေးခြင်းက အင်မော်တယ် လောက ကြီးအတွက် အရှက်ရစရာပင် မဟုတ်ပါလား။ သူက ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လိုက်ရာ အရှိန်မှာ အကြီးအကျယ် မြင့်တက်သွားပြီး ပြိုင်ဘက်ကို မီတော့မည့်ဆဲဆဲ ဖြစ်သွား၏။
အရှေ့ဘက်တွင် ထူထပ်သော အမည်းရောင် ချုံပုတ်ကြီးတစ်ခု ရှိနေပြီး ကွေ့ယွမ်ဂိုဏ်း မှ တပည့် က ထိုအထဲသို့ ဒိုင်ဗင်ထိုး ဝင်သွားတော့၏။ ကျောက်ဖုန်း ကလည်း ဒုတိယအကြိမ် တွေးတောမနေတော့ဘဲ အနောက်မှ ကပ်လိုက်သွားကာ အော်ဟစ်လိုက်သည်။
“ဒီနေ့ မင်း ကောင်းကင်ကို တက်တက်၊ ငရဲကို ဆင်းဆင်း... သေခြင်းတရား ကနေ လွတ်မှာ မဟုတ်ဘူးကွ”
သို့ရာတွင် သူ ချုံပုတ်ထဲသို့ ဝင်ရောက်သွားသည့် အခိုက်အတန့်မှာပင် အရှေ့မှ ပြေးနေသော တပည့် မှာ ရုတ်တရက် ရပ်တန့်သွားသည်။ သူ လှည့်ကြည့်လိုက်ရာ မျက်နှာပေါ်ရှိ ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားပြီး သားကောင်ကို စိုက်ကြည့်နေသူ တစ်ယောက်၏ အပြုံးမျိုးက အစားထိုး ဝင်ရောက်လာတော့၏။
“ဟေ့…အစ်ကိုကြီးရာ... ရောက်လာမှတော့ ပြန်မသွားနဲ့တော့လေ”
ကျောက်ဖုန်း မှာ လန့်ဖြန့်သွားပြီး သူ၏ နှလုံးသားထဲတွင် မကောင်းသော နိမိတ်တစ်ခု ပေါ်ပေါက်လာတော့၏။ သူ ဘာမှ ပြန်မလုပ်နိုင်မီမှာပင် ဘေးပတ်လည်ရှိ ချုံပုတ်များ၊ သစ်ပင်များနှင့် မြေကြီးထဲမှပင် လူသန်ကြီး နှစ်ဆယ်ခန့် ရုတ်တရက် ခုန်ထွက်လာကြသည်။
“ထုံးမှုန့် တွေဟေ့”
အဖြူရောင် အမှုန့်တစ်ဆုပ်က သူ၏ မျက်နှာဆီသို့ ပစ်ပေါက်ခံလိုက်ရသည်။ ကျောက်ဖုန်း အော်ဟစ်လိုက်ပြီး သူ၏ မျက်လုံးများကို ကာကွယ်ရန် ဝိညာဉ်စွမ်းအင်များကို အလိုအလျောက် စုစည်းလိုက်၏။
“ရုတ်တရက် တိုက်ခိုက်မှု ကွ”
“ဒုန်း... ”
ဘယ်က လုပ်ထားမှန်းမသိသော သံမည်းတုတ်ကြီး တစ်ချောင်းက သူ၏ နောက်စေ့ကို အတိအကျ ရိုက်ချလိုက်သည်။ သူ၏ ကိုယ်ပေါ်ရှိ ကာကွယ်ရေး ရွှေရောင် အလင်းတန်း များ ပြင်းထန်စွာ တုန်ခါသွားပြီး ကျောက်ဖုန်း မှာ ခေါင်းထဲတွင် တဝီဝီ မြည်သွားသည်ကို ခံစားလိုက်ရ၏။
ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ် ကျင့်ကြံသူ ကစားသမား လေးယောက်က သူ့ကိုယ်ပေါ်သို့ ရေဘဝဲများပမာ ခုန်အုပ်လာကြပြီး သူ၏ ခြေလက်များနှင့် ခါးကို တင်းကျပ်စွာ ဖက်တွယ်ထားလိုက်ကြသည်။
“ချုပ်ထားပြီဟေ့...ဒီပီအက်စ်တွေ... ဝင်တိုက်ကြတော့”
မျက်စိတစ်မှိတ်အတွင်းမှာပင် ယုတ်မာလှသော လှည့်ကွက်များ... နှစ်ထောင်ချီ သတ်ဖြတ်ခြင်း၊ မျောက်က မက်မွန်သီးကို ခိုးယူခြင်း၊ မျိုးဆက်ဖြတ် ကန်ချက်... အစရှိသည်တို့က ကျောက်ဖုန်း ၏ အပေါ်သို့ မိုးရွာချသကဲ့သို့ ကျရောက်လာတော့၏။
သူသည် ရွှေအမြုတေအဆင့် အလယ်အလတ်အဆင့် ၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် တော်ဝင် လျှို့ဝှက်နည်းစနစ် များကို ပိုင်ဆိုင်ထားသော်ငြား ဤကဲ့သို့ အခြေအနေမျိုးတွင် လုံးဝ အသုံးမပြုနိုင်တော့ချေ။ အပြည့်အဝ ထိန်းချုပ်ခံထားရပြီး အမြင်အာရုံ ပိတ်ဆို့ခံထားရကာ အဆင့်နိမ့် တိုက်ခိုက်မှုများကို ကာကွယ်နေရသည် မဟုတ်ပါလား။
ဆယ်မိနစ် အကြာတွင် ချုံပုတ်ထဲ၌ ပြန်လည် တိတ်ဆိတ်သွားတော့သည်။
ကျောက်ဖုန်း မှာ ဒဏ်ရာဗရပွဖြင့် သစ်ပင်ခြောက်ကြီး တစ်ပင်တွင် ကြိုးတုပ်ခံထားရပြီး စနစ် ၏ ကာကွယ်မှုအောက်ရှိ အတွင်းခံဘောင်းဘီ လေး တစ်ထည်သာ ကျန်ရစ်တော့၏။ သူ၏ လှံရှည်၊ ရွှေရောင် ချပ်ဝတ်၊ သိုလှောင်အိတ် နှင့် ဆံပင်များကို စည်းနှောင်ထားသော ကျောက်စိမ်း သရဖူ လေးပင် လုယူခံလိုက်ရလေပြီ။
သူ၏ မျက်လုံးများမှာ အသက်ကင်းမဲ့နေပြီး အရှက်ရမှုကြောင့် မျက်ရည်များ စီးကျနေသည်။
'ဒါက ကျင့်ကြံသူတွေ ကြားက တိုက်ပွဲမှ မဟုတ်တာ... ဒါက ရှင်းရှင်းကြီးကို လမ်းဘေး လူမိုက်တွေ ရန်ဖြစ်နေတာပဲ'
ခေါင်းဆောင်ဖြစ်သူ 'နံပါတ်ခြောက်၊ မပြေးနဲ့' သည် ကျောက်ဖုန်း ၏ သိုလှောင်အိတ် ထဲမှ သားရေချပ် မြေပုံတစ်ခုကို ဆွဲထုတ်လိုက်ရာ ရုတ်တရက် သူ၏ မျက်လုံးများ လင်းလက်သွားတော့၏။
“ညီအစ်ကိုတို့... ကြီးမားတဲ့ ရှာဖွေတွေ့ရှိမှုကြီးပဲကွ... ဒီမြေပုံမှာ လုံခြုံရေး ဧရိယာတွေနဲ့ ဧရိယာ ကျဉ်းလာမယ့် အချိန်တွေကို မှတ်သားထားတယ်ဟေ့”
“ဒါက လုံးဝကို 'PUBG' (ပက်ဂျီ) မုဒ် ကြီးပဲ မဟုတ်လား... မြေပုံ အလယ်က နောက်ဆုံး စက်ဝိုင်းဆီ သွားပြီး တံတားကို ပိတ်ဆို့ကာ ဆက်ကြေး သွားကောက်ကြမယ်ဟေ့”
... ... ...
တစ်ချိန်တည်းမှာပင် စစ်တလင်း ၏ အခြားတစ်ဖက်တွင်လည်း အလားတူ အဖြစ်ဆိုးများ ဖြစ်ပေါ်နေသည်။
ခရမ်းရောင် ဝိညာဉ် ချောင်းကလေး။
ခရမ်းရောင် စံအိမ်တော် မြင့်မြတ်သော နယ်မြေ မှ အေးစက်စက်နှင့် မာနထောင်လွှားလှသော အမျိုးသမီး ကျင့်ကြံသူ တစ်ဦးသည် တောက်ပသော အလင်းတန်းများ ဖြာထွက်နေသည့် နှစ်တစ်ထောင် သက်တမ်းရှိ ဝိညာဉ် သစ်ပင် တစ်ပင်ကို ကြည့်ကာ ဝမ်းသာနေလေ၏။
“ကံကောင်းလိုက်တာ... ဝင်လာလာချင်းပဲ 'မရဏ မြက်ပင်' ကို တွေ့တာပဲ”
သူမက ကျက်သရေရှိစွာ လှုပ်ရှားလိုက်ပြီး အပင်ကို ခူးယူရန် လက်လှမ်းလိုက်သည်။
“ဂျွတ်…”
ရုတ်တရက် ဝိညာဉ် သစ်ပင် ၏ ဘေးရှိ မြက်ခင်းကြီးက အသက်ဝင်လာသည်။ (ပေါင်းပင်များဖြင့် ပြုလုပ်ထားသော) ကိုယ်ဖျောက် ဝတ်စုံ ဝတ်ဆင်ထားသည့် ကစားသမား တစ်ယောက် ခုန်ထွက်လာပြီး ဝိညာဉ် သစ်ပင် ကို လုယူကာ ဘောင်းဘီဂွကြားထဲ ထိုးထည့်ပြီး ထွက်ပြေးသွားတော့၏။
“အရှက်မရှိတဲ့ ယုတ်မာတဲ့ကောင်... ဝိညာဉ် သစ်ပင် ကို ပြန်ပေးစမ်း”
အမျိုးသမီး ကျင့်ကြံသူ မှာ ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူမ၏ ဓားပျံ ကို ဆွဲထုတ်ကာ လိုက်လံ ဖမ်းဆီးတော့၏။
သို့သော် သူမ နှစ်လှမ်းခန့် အလှမ်းတွင် ခြေချော်သွားသည်။
“ဝုန်း... ”
မြေကြီးက ပြိုကျသွားပြီး ဆယ်မီတာခန့် နက်သော ကျင်းကြီးတစ်ခု ပေါ်ထွက်လာသည်။ အမျိုးသမီး ကျင့်ကြံသူ မှာ အလန့်တကြား အော်ဟစ်လိုက်ပြီး ကျင်းထဲသို့ ပြုတ်ကျသွားတော့၏။ သူမ ဓားကို စီးကာ ပြန်တက်ရန် ပြင်လိုက်စဉ် ကျင်းအောက်ခြေတွင် မိစ္ဆာကောင် တစ်ကောင်ကောင်၏ အလွန်စေးကပ်လှသော အရည်များ (စူပါကော် ကဲ့သို့) ပြည့်နှက်နေပြီး သူမ၏ ဖိနပ်နှင့် စကတ်ကို တင်းကျပ်စွာ ကပ်ထားကြောင်း တွေ့လိုက်ရသည်။
“အား... ဒါ... ဒါက ဘာ အော့အန်ချင်စရာကောင်းတဲ့ အရာကြီးလဲ”
အမျိုးသမီး ကျင့်ကြံသူ မှာ အရှက်ရမှု၊ ဒေါသထွက်မှုများဖြင့် အသေအလဲ ရုန်းကန်နေတော့၏။
မြက်ပင်ကို ခိုးယူသွားသော ကစားသမားမှာ အဝေးသို့ ထွက်မပြေးသွားခဲ့ချေ။ ထိုအစား သူက ကျင်းဘေးတွင် လှဲလျောင်းကာ ငါးမျှားတံ တစ်ချောင်းကို ကိုင်ထားပြီး ချိတ်ကို အောက်သို့ ချပေးရင်း မိစ္ဆာဆန်ဆန် ပြုံးလိုက်သည်။
“မိန်းမချောလေး... အကူအညီ လိုချင်လား... မင်းရဲ့ ဆံထိုးလေးကို ချိတ်မှာ ချိတ်ပေးလိုက်... ငါ ဆွဲတင်ပေးမယ်... ဈေးနှုန်းတွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားပြီးသား... လူကြီး လူငယ် မရွေး မလိမ်မညာဘဲ လုပ်ပေးနေတာပါဗျာ”
... ... ...
ပို၍ ဝေးကွာသော တိတ်ဆိတ်ခြင်း ချောက်ကမ်းပါး တွင်မူ၊
ဗုဒ္ဓဘာသာဝင် လူငယ် ရဟန်းတစ်ပါးသည် သူ၏ ဝိညာဉ်စွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန် တရားထိုင်နေသည်။ သူ မျက်လုံးများကို ဖွင့်လိုက်သောအခါ သူ၏ ကျောပြင်တစ်ခုလုံး ချွေးအေးများဖြင့် ချက်ချင်း ရွှဲရွှဲစိုသွားတော့၏။
သူ မျက်လုံးမှိတ်ကာ အနားယူနေသည့် အချိန်လေးအတွင်းမှာပင် မည်သို့မည်ပုံ ဖြစ်သွားသည်မသိ၊ သူ၏ ခန္ဓာကိုယ်ပတ်လည် သုံးပေအကွာတွင် အနီရောင် မန္တန်စာလုံးများ ရေးထိုးထားသော 'မိုးကြိုးလုံး' များကို စက်ဝိုင်းပုံစံ ချထားသည်။ ထောင်ပေါင်းများစွာသော မိုးကြိုးလုံးများက ပြည့်နှက်နေ၏။
သူ၏ အရှေ့တည့်တည့်ရှိ ကျောက်တုံးပေါ်တွင် စာတိုလေး တစ်စောင်က ရိုသေစွာဖြင့် တည်ရှိနေသည်။
“ဆရာတော်ကြီး... မလှုပ်ပါနဲ့နော်... နည်းနည်းလေး လှုပ်လိုက်တာနဲ့ ပေါက်ကွဲသွားပြီး ဘုရားသခင် ဆီကို ရောက်သွားပါလိမ့်မယ်...
အသက်ရှင်ချင်တယ်ဆိုရင် ဆရာတော်ကြီးရဲ့ စိပ်ပုတီး၊ သင်္ကန်း နဲ့ သပိတ် ကို အဲဒီနေရာမှာပဲ ထားခဲ့ပါ... ပြီးတော့ 'ကွေ့ယွမ်ဂိုဏ်း က အမိုက်စားပဲ' လို့ သုံးခါ အော်လိုက်ပါ” ဟူ၍။
အန္တရာယ်ရှိသော အနီရောင် အလင်းတန်းများ လင်းလက်နေသည့် မိုးကြိုးလုံးများကို ကြည့်ရင်း ရဟန်းလေးမှာ တုန်ရီစွာဖြင့် လက်နှစ်ဖက် ဆုပ်ကာ ဗုဒ္ဓစာမန္တန် တစ်ခုကို ရွတ်ဆိုလိုက်သည်။
“အော်မိတော်ဖော်.. ရဟန်းဆိုတာ လိမ်ညာ မပြောရပါဘူး... ကွေ့ယွမ်ဂိုဏ်း က... တကယ့်ကို အမိုက်စားပဲဗျာ”
... ... ...
ကွေ့ယွမ်ဂိုဏ်း ၏ အမိန့်ပေး ချန်နယ် ထဲတွင်၊
ကျန်းချန် (ဂိုဏ်းချုပ်) ၏ အသံက ကစားသမားအားလုံး၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားလေ၏။
“@အဖွဲ့ဝင်အားလုံး... ငါ မြေပုံ ခွဲခြမ်းစိတ်ဖြာမှုကို ပြီးသွားပြီ... အားလုံးပဲ နားထောင်ကြ... မိစ္ဆာကောင် တွေကို တိုက်ခိုက်ဖို့ လူစုခွဲ မနေကြနဲ့... မြေပုံ အလယ်က 'ကျဆုံးနေသော ဖီးနစ်ငှက် တောင်စောင်း' မှာ (၁၀၀) ယောက် တစ်စု စုကြစမ်း... ဖန်တီးမှု အတတ်ပညာရှင် တွေက 'ကျဆုံးနေသော ဖီးနစ်ငှက် တောင်စောင်း' ပတ်လည်မှာ ထောင်ချောက်တွေ၊ မန္တန်ကွင်းပြင် တွေနဲ့ မိုင်းတွေ ချက်ချင်း ဆင်ကြ... အဲဒီနေရာမှာ အလယ်ပိုင်းလွင်ပြင် က ပါရမီရှင် တွေအတွက် ခမ်းနားကြီးကျယ်တဲ့... ကြိုဆိုပွဲကြီး တစ်ခု ကျင်းပပေးရမယ်ကွ”
ကစားသမားအားလုံးက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
“ကောင်းပါပြီပါဗျာ”
“လူအုပ်ကြီးအတွက် ချီတက်ကြ”
“အတွင်းခံဘောင်းဘီတွေအတွက် ချီတက်ကြဟေ့”
တစ်ချိန်တည်းမှာပင် ဗဟိုဧရိယာဆီသို့ အပြေးအလွှား ချီတက်နေကြသော ရှောင်ယွီဖုန်း ၊ မဟာကျိုး မင်းသား နှင့် အခြားသူများမှာ လမ်းတွင် သူတို့ကို ဘာတွေ စောင့်ကြိုနေသည်ကို လုံးဝ မသိရှိကြချေ။ သူတို့က နောက်ဆုံး ကံကြမ္မာ အခွင့်အရေး ကြီးကို ဘယ်လို လုယူရမလဲဟု တွက်ချက်ကာ အချင်းချင်း သတိထားနေကြဆဲ ဖြစ်၏။
'နံပါတ်ခြောက်' (ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သူ) သုံးထောင်က ရက်လုပ်ထားသော ကျယ်ပြောလှသည့် ပိုက်ကွန်ကြီးတစ်ခုက အဆုံးသတ် နေရာတွင် သွေးသံရဲရဲ ပါးစပ်ကြီးကို ဟကာ စောင့်ကြိုနေပြီဖြစ်ကြောင်း သူတို့မှာ အနည်းငယ်မျှပင် မသိရှာကြချေ။