စိုးရိမ်ကြောင့်ကြနေသော ဂိုဏ်းစောင့်ဘိုးဘိုး
Vol. 11 Ch. 168
မဟူရာကောင်းကင်ကြီး၌ လခြမ်းကွေးလေး ချိတ်ဆွဲထားသည်။ အေးစက်စက်လရောင်က စူးရှချွန်ထက်သော ဓားတစ်လက်အလား မြေပြင်သို့ ကျဆင်းသွားပြီး လေပွေကို မွှေနှောက်လိုက်သည်။
ထိုလေက မြေပြင်ပေါ်ရှိ နှင်းခဲတချို့ကို တိုက်ခတ်သွားကာ ကောင်းကင်မှ လရောင်နှင့် ပေါင်းစပ်လိုက်သည်။ ထို့နောက် ၎င်းက အရပ်မျက်နှာအနှံ့သို့ လှဲကျင်းတိုက်ခိုက်လိုက်သည့်အတွက်ကြောင့် အနီရောင်လွင်ပြင်မှ မြက်ပင်များ အနည်းငယ် ကွေးညွတ်သွားသည်။
ရွှီချင်းသည် တစ္ဆေတစ်ကောင်အလား ရှေ့ဆက်သွားနေသည်။ ဓားမြှောင်မှ အေးစက်စက်အလင်းတန်းက ညအချိန်တွင် တဖျပ်ဖျပ်လက်နေပြီး လူဆိုးဓားပြများ၏ ခန္ဓာကိုယ်များမှ သွေးပူများ နေရာအနှံ့ ပြန့်ကျဲသွားကာ လေအဝှေ့ကြောင့် ကွေးညွတ်သွားသော မြက်ပင်နီများပေါ် ကျဆင်းသွားသည်။
သို့သော်လည်း ထိုသွေးစက်များထဲတွင် ရောယှက်နေခဲ့သော မိစ္ဆာစိတ်က ဆောင်းတွင်းည၏ အအေးဓာတ်ကို အရည်ပျော်ကျသွားစေရန် မစွမ်းသာပေ။ မြက်ပင်နီများသည်ပင် အထင်သေးဟန်ရှိပြီး လေအဝှေ့တွင် ယိမ်းနွဲ့လိုက်ရာ ၎င်းတို့ခန္ဓာကိုယ်များပေါ်မှ သွေးစက်တစ်စက်ပြီးတစ်စက် အောက်သို့ ကျဆင်းသွားလေ၏။
အလောင်းတစ်လောင်းပြီးတစ်လောင်း မြေပြင်ပေါ် လဲကျသွားသည်။
ရွှီချင်း၏လက်ထဲရှိ ဓားမြှောင်မှအလင်းတန်းက သူတို့၏နောက်ဆုံး သက်စောင့်မီးတောက် ဖြစ်လာသည်။
ဓားမြှောင်မှ အလင်းတစ်ချက် ဝင်းလက်သွားပြီးနောက် နောက်ဆုံးလူဆိုးတစ်ယောက်မှာ ရွှီချင်း၏ဓားမြှောင်ဖြင့် လှီးဖြတ်ခြင်း ခံလိုက်ရသည်။ ရွှီချင်းသည် ပြန့်ကျဲသော အလောင်းများကြားတွင် ရပ်နေသည်။
ထိုလူအားလုံး တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရခြင်းဖြစ်သည်။
ဓားဒဏ်ရာအားလုံးက လည်ပင်းပေါ်တွင်သာ ရှိနေသည်။
ထိုသို့ဖြစ်နေရခြင်းမှာ လည်ပင်းကို လှီးဖြတ်ရခြင်းသည် အလွယ်ကူဆုံးနှင့် အမြန်ဆန်ဆုံး ဖြစ်နေသည့်အတွက်ကြောင့် ဖြစ်သည်။ မကောင်းသောတစ်ချက်မှာ သွေးများ ဖွာခနဲ ပန်းထွက်လာခြင်းဖြစ်ပြီး ရွှီချင်းမှာ သူ့ဝတ်ရုံကို သွေးများ စွန်းထင်းသွား၍ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
သို့သော် သူ့အင်္ကျီများပေါ် စွန်းထင်းသွားသော သွေးများကြောင့် သူ၏လူသတ်ချင်စိတ်က လျော့ကျသွားခြင်း မရှိပေ။ သူက စတင်သတ်ဖြတ်လိုက်ပြီဖြစ်၍ သူတို့အားလုံးကို သတ်ပစ်တော့မည်သာ ဖြစ်သည်။
ဤနေရာရှိ လူဆိုးအားလုံးက လက်စားချေရန် အရည်အချင်း မရှိနိုင်သည့်တိုင်အောင် ရွှီချင်းသည် နမော်နမဲ့နေသည်ကို သဘောမကျသည့်အပြင် မည်သည့်ဆူးညှောက်ကိုမဆို ချန်ထားခဲ့ရမည်ကိုလည်း မနှစ်ခြိုက်ပေ။
သူ မလှုပ်ရှားခဲ့ပါက ကိစ္စမရှိသော်လည်း သူ လှုပ်ရှားခဲ့ပြီဖြစ်ရာ ခြေရာလက်ရာမကျန်အောင် သူ လက်စတုံးပစ်ချင်သည်။
ရွှီချင်းက ဓားမြှောင်ကို ကိုင်၍ ဤနေရာရှိ လူသတ်ပွဲကြောင့် ဆူဆူညံညံအသံထွက်လာသည့်နေရာသို့ လျှောက်သွားသည်။
သူ့ရှေ့၌ ချက်ပြုတ်နေရာမှ အနွေးဓာတ်များ လွင့်ပျံနေသည့်နေရာ ရှိသည်။ ထိုနေရာရှိ အိုးကြီးတစ်အိုးပတ်လည်တွင် လူဆိုးခုနစ်ယောက်၊ ရှစ်ယောက်ခန့်ရှိသည်။ မူလက သူတို့က စွပ်ပြုတ်သောက်နေကြခြင်း ဖြစ်ပါသော်လည်း ရက်စက်ကြမ်းကြုတ်သော လူသတ်ပွဲကြောင့် ကြောက်လန့်တုန်ရီနေလျက် ထလာကြပြီး ရွှီချင်းကို အထိတ်တလန့်ဖြင့် ကြည့်လိုက်ကြသည်။
ရွှီချင်းသည်လည်း သူတို့ကို ကြည့်လိုက်သည်။
မြေပြင်ပေါ်မှ နှင်းခဲများပေါ်တွင် အလောင်းများ ဆွဲထားသည့်အရာများဖြင့် ဖုံးလွှမ်းနေသည်။ သို့သော်လည်း အလောင်းများ ရှိမနေဘဲ ချွတ်ချထားသော အင်္ကျီများသာ ရှိနေသည်။
အလောင်းများ မည်သည့်နေရာသို့ ရောက်သွားသည်ကို ရွှီချင်း ကောင်းစွာ သိသည်။
လေထဲတွင် လွင့်ပျံနေသော အသားနံ့ကို သူ အစိမ်းသက်သက်ဖြစ်နေသည်တော့ မဟုတ်ချေ။ ဆင်းရဲသားရပ်ကွက်တွင် ရှိနေစဉ်အခါ ထိုအနံ့ကို အဝေးမှပင် ရှူရှိုက်ခဲ့ဖူးသည်။ ယခင်က သူ ပထမဆုံး လူသတ်ခဲ့ခြင်းမှာ ထိုလူက သူ့ကို စားချင်လာသည့်အတွက်ကြောင့် ဖြစ်ပေသည်။
ရွှီချင်းက ထိုလူဆိုးခုနစ်ယောက်၊ ရှစ်ယောက်ဘေးရှိ အိုးကြီးကို လှမ်းကြည့်လိုက်ပြီး ဆက်လျှောက်သွားသည်။
ထိုခဏတွင် လူဆိုးခုနစ်ယောက်၊ ရှစ်ယောက်၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြသည်။ သူတို့ ထွက်ပြေးချင်ကြပါသော်လည်း အမြန်ဆုံး ထွက်ပြေးနိုင်သော တစ်ယောက် အဝေးသို့ မရောက်ခင်မှာပင် မည်းနက်တောက်ပြောင်သော သံတုတ်ကလေးက လျှပ်စီးလက်သည့်အလား ရောက်လာပြီး သူ့ခေါင်းကို ထိုးဖောက်သွားခဲ့သည်။
ထို့နောက် ရွှီချင်းသည် အရှိန်တင်လိုက်ပြီး တဟုန်ထိုး ပြေးသွားသည်။ သူ့လက်ထဲရှိ ဓားမြှောင်က လရောက်အောင်တွင် ဝင်းလက်သွားပြီး လေနှင့် နှင်းပွင့်များထက်ပင် ပို၍ အေးစက်နေဟန်တူသည်။ လူဆိုးတစ်ယောက်၏ လည်ပင်းကို သူ လှီးဖြတ်လိုက်ပြီးနောက် ဒုတိယတစ်ယောက်ထံ သူ ရောက်သွားသည်။
“ မိတ်ဆွေလေး၊ မလောပါနဲ့ …”
အလောင်းတစ်လောင်း လွင့်ပျံသွားသည်။
“ ကျုပ်တို့ မှားသွားတယ်။ ကျုပ်တို့ အမြင်မှားသွားပါတယ်ဗျာ။ ကျုပ်တို့ တောင်းပန်ပါတယ် ”
သူ့လည်ပင်းပေါ် သွေးစီးကြောင်းတစ်ခု ပေါ်လာသည်။
“ ငါ မင်းကို သတ်မယ် ”
ခေါင်းတစ်ခေါင်း အောက်သို့ ကျသွား၏။
ညှာတာစိတ်ကင်းမဲ့သော လူသတ်ပွဲတစ်ခုလုံး အသက်ရှူကြိမ်ငါးကြိမ်သာ ကြာမြင့်သွားပြီးနောက် ကမ္ဘာကြီးတစ်ခုလုံး ငြိမ်သက်သွားသည်။ အထီးကျလရောင်အောက်၌ လေတဖြူးဖြူး တိုက်ခတ်နေပြီး နှင်းပွင့်လေးများသည်လည်း ဆက်လက်ကျဆင်းနေသည်။ မြေပြင်ပေါ်မှ အလောင်းများက မြေသားကို နီစွေးသွားစေပြီး စစ်မှန်သော အနီရောင်လွင်ပြင်အဖြစ် ပြောင်းလဲသွားစေသည်။
ရွှီချင်းက ဘေးပတ်လည်ရှိ အလောင်းများကို ကြည့်၍ သူ့ဓားမြှောင်ကို အလောင်းတစ်လောင်း၏ခန္ဓာကိုယ်နှင့် သုတ်လိုက်ပြီး ထိုအလောင်းကို လက်စတုံးလိုက်သည်။
မကြာခင် ထိုနေရာရှိ အလောင်းများအားလုံး သွေးများအဖြစ် ပြောင်းလဲသွားကာ မြေသားနှင့် ရောယှက်သွားသည်။ ရွှီချင်းက ဧရာမအိုးကြီးကို လှမ်းကြည့်လိုက်ပြီး မီးကို တိတ်ဆိတ်စွာ ငြိမ်းလိုက်သည်။
ချီရွှဲ့ထုံဂိုဏ်းပင်မမြို့ကြီး၌ နေထိုင်ခွင့်အတွက် စွမ်းဆောင်မှုရမှတ်များစွာ နေ့စဉ်ပေးဆောင်ရပါသော်လည်း မည်သည့်အတွက်ကြောင့် လူများက နေချင်နေရသည်ကို သူ ရုတ်တရက် နားလည်သွားရသည်။
ဤလောကပျက်ကြီးထဲ၌ လူ့အသက်များက တန်ဖိုးမရှိပေ။
ရွှီချင်းက လှည့်၍ ခရီးဆက်လိုက်သည်။
ထိုညက ပို၍ အေးစက်လာခဲ့သည်။ ကောင်းကင်မှ နှင်းခဲများ ကျဆင်းလာပြီး ပြေးလွှားနေသော ရွှီချင်းရှေ့သို့ အလုအယက် ကျနေသည်။ လေနုအေးများသည်လည်း တဖြူးဖြူးတိုက်ခတ်နေပြီး သူ့အင်္ကျီထဲသို့ တိုးဝင်သွားချင်နေသည့်အလား သူ့ဆံပင်ရှည်များကို ပင့်မနေသည်။
ရွှီချင်းသည် အတန်ငယ် မျက်မှောင်ကြုတ်သွားပြီး သူ့အင်္ကျီများကို တင်းတင်းကြပ်ကြပ်ဖြစ်အောင် လုပ်လိုက်သည်။ ထို့နောက် အဖြူရောင်ထွက်သက်တစ်ရှိုက်စာ မှုတ်ထုတ်လိုက်ပြီး ခေါင်းငုံ့၍ ဆက်လက်ပြေးသွားသည်။
ထိုသို့ဖြင့် တစ်ညတာ ကုန်လွန်သွားသည်။
မနက်ခင်း ရောက်သည့်အခါ တစ်ညလုံး ပြေးလွှားနေခဲ့သော ရွှီချင်းသည် အဝေးမှ တောင်တစ်လုံးကို မြင်လိုက်ရသည်။
အနီရောင်လွင်ပြင်က မြေပြန့်လွင်ပြင်တစ်ခုဖြစ်၍ တောင်တန်းများစွာ မရှိချေ။ တောင်အများစုမှာလည်း အတော်လေး နိမ့်ပြီး တောင်ဟူ၍ပင် မယူဆနိုင်ပေ။ သူ့ရှေ့မှ တောင်သည်သာ အနေတော်လေးဖြစ်သည်။ သို့သော်ငြား ယခင် ကျင်းကန်းဂိုဏ်းတည်ရှိခဲ့သည့် တောင်နှင့် ယှဉ်ပါက အလွန် ကွာခြားနေသေးသည်။
ထည်ဝါခြင်းအရာတွင်ဖြစ်စေ၊ တည်ငြိမ်ခြင်းအရာတွင်ဖြစ်စေ မတူညီသော အဆင့်အတန်းတွင် ရှိကြသည်။
တောင်ထိပ်ပေါ်၌ အသစ်ဆောက်လုပ်ထားသော ခန်းမဆောင်အနည်းအကျဉ်းကို မြင်နိုင်သည်။ သို့သော်ငြား တစ်ဂိုဏ်းလုံး လူသူကင်းမဲ့နေသည့်အလား ဂိုဏ်းသားများစွာ မရှိသည်ဖြစ်၍ တိတ်ဆိတ်ခြောက်ကပ်နေသည်။
“ ကျင်းကန်းဂိုဏ်းလား ”
ရွှီချင်း စဉ်းစားကြည့်လိုက်သည်။
သူ စစ်ဆေးပြီးခဲ့ပြီဖြစ်သော သဲလွန်စများအရ ထိုတောင်က ကျင်းကန်းဂိုဏ်း၏ တည်နေရာအသစ်ဖြစ်သည်။
ပတ်ဝန်းကျင်အသစ်ကို လူအားလုံး နေသားမကျနိုင်သည်မှာ ထင်ရှားပြီး အထူးသဖြင့် ယခင်နေရာဟောင်းထက် ပို၍ ကြမ်းတမ်းသော အနီရောင်လွင်ပြင်သို့ ရွှေ့ပြောင်းသောအခါတွင် လူအနည်းအကျဉ်းသာ လိုက်ပါလာသည်မှာ သဘာဝကျသည်။
ထို့ပြင် ဤနေရာသို့ သူတို့ ရောက်လာသည်မှာ အချိန်မကြာသေးသည်ဖြစ်၍ ကျင်းကန်းဂိုဏ်း၏ ပတ်ဝန်းကျင်က ခြောက်ကပ်နေရခြင်းလည်း ဖြစ်သည်။
သို့သော်လည်း ရွှီချင်းက အလွန် သတိထားနေပြီး ကျင်းကန်းဂိုဏ်း အားအင်လျော့နည်းလာသည့်အတွက်ဖြင့် သတိလက်လွတ် နေမည်မဟုတ်ပေ။ ဂိုဏ်းတွင်းအခြေအနေများကို သူ ရှင်းရှင်းလင်းလင်း မသိသေးလို့ သူ မြင်နေရသည်များက အမှန်တရားလားဆိုသည်ကိုလည်း သူ မပြောနိုင်ပေ။
ထို့ကြောင့် ရွှီချင်းက ကမူးရှူးထိုး ဝင်ရောက်မတိုက်ခိုက်သေးဘဲ ပထမဦးစွာ လှည့်ပတ်ကြည့်ရှုချင်သေးသည်။
မုဆိုးတစ်ယောက် အမဲလိုက်သကဲ့သို့ သူ တည်ငြိမ်နေရပေမည်။
ရွှီချင်းသည် ကျင်းကန်းဂိုဏ်းထံမှ အကြည့်လွှဲလိုက်ပြီး ထိုနေရာမှ ထွက်ခွာလိုက်သည်။ သူက ကီလိုမီတာငါးဆယ်အဝေးသို့ ဆက်လျှောက်လာပြီး ကျင်းကန်းဂိုဏ်းနှင့် အနီးဆုံးနေရာတွင်ရှိသည့် ရတနာမုဆိုးစခန်းတစ်ခုကို တွေ့လိုက်ရသည်။
ကီလိုမီတာငါးဆယ်အကွာရှိ ကျင်းကန်းဂိုဏ်းနှင့် ယှဉ်ပါက ရတနာမုဆိုးစခန်းက ပို၍ စည်ကားနေသည်။ ထိုစခန်းမှ ဆူဆူညံညံအသံများကိုပင် ရွှီချင်း ကြားနေရ၏။
စခန်းအနီးသို့ ရောက်လာသောအခါ တစ်ခုခုကို သူ ရုတ်တရက် တွေးမိသွားပြီး သိုလှောင်အိတ်ထဲမှ သူ ဝတ်နေကျ သားရေအနွေးထည်ကို ထုတ်လိုက်သည်။ ထို့နောက် မြေသားအနည်းငယ်ကို ယူ၍ မျက်နှာတွင် လိမ်းကျံလိုက်သည်။ သူ၏ သတိကြီးသောအကြည့်နှင့် သူ့အင်္ကျီက သူ့ကို ရတနာမုဆိုးတစ်ယောက်အသွင် ချက်ချင်း ပြောင်းလဲသွားစေသည်။
မူမမှန်သောအရာတစ်ခုမျှ မရှိကြောင်း စစ်ဆေးအတည်ပြုပြီးနောက် ရွှီချင်းက ကိုယ်ကိုကိုင်း၍ ရှေ့ဆက်ပြေးသွားသည်။ တဖြည်းဖြည်းနှင့် ရတနာမုဆိုးစခန်းအပြင်ဘက်သို့ သူ ရောက်သွားသည်။ သူ နီးကပ်လာသည်နှင့် ဆူဆူညံညံအသံများက ပို၍ ကျယ်လောင်လာသည်။ ထိုနေရာ၌ အစောင့်အရှောက်များစွာ ရှိပါသော်လည်း သူ့ကို တစ်ချက်သာ ကြည့်၍ ဂရုမစိုက်တော့ဘဲ ဝင်ခွင့်ပေးလိုက်သည်။
Xu Qing’s disguise as a scavenger couldn’t be described as similar. He was originally a scavenger.
တူညီသော အငွေ့အသက်၊ တူညီသော အကြည့်၊ တူညီသော ရက်စက်ကြမ်းကြုတ်ခြင်းများ ရှိနေဆဲပင်။
ရတနာမုဆိုးစခန်းသို့ သူ ရောက်သည်နှင့် ဘေးပတ်လည်ရှိ ရွက်ဖျင်တဲများထံမှ အကြည့်လွှဲလိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာ၌ ရတနာမုဆိုးတစ်ရာကျော် စုစည်နေပြီး စိတ်လှုပ်တရှား အော်ဟစ်နေကြသည်။ သူ ကြားခဲ့ရသည့် ဆူူဆူညံညံအသံများက ထိုလူစုထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
သူတို့ စိတ်လှုပ်ရှားစွာ ဝိုင်းထားသည်မှာ ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းတစ်ခု ဖြစ်သည်။
ယင်းသည် ပြိုင်ပွဲတစ်ခုဖြစ်၏။
ခွေးပြိုင်ပွဲတစ်ခုပမာ စုတ်ပြတ်နေသော အဝတ်အစားများနှင့် ပိန်ပိန်ပါးပါး လူခုနစ်ယောက်၊ ရှစ်ယောက်က အားကုန်ပြေးနေကြသည်။ ထိုလူများ၏ ခန္ဓာကိုယ်များထဲတွင် ဓာတ်နှောများ ထူထပ်သိပ်သည်းစွာ ရှိနေသည့်အတွက်ကြောင့် တစ်ကိုယ်လုံး စိမ်းပုပ်နေကြပြီး သန္ဓေပြောင်းရန် မလိုတော့ပေ။
သူတို့မျက်လုံးများထဲတွင် ရူးသွပ်ခြင်းများနှင့် စိတ်ဓာတ်ကျခြင်းများဖြင့် ပြည့်နှက်နေသည်။ သူတို့ ပြေးနေသည့်လမ်းက စူးရှချွန်ထက်သော ကျောက်စရစ်ခဲလေးများနှင့် ဓားကျိုးများဖြင့် ပြည့်နှက်နေသောလမ်း ဖြစ်သည်။
ထိုလမ်းပေါ် နင်းလျှောက်ရာမှ ထွက်လာမည့်သွေးများနှင့် ပြင်းထန်သော နာကျင်မှုက လူတစ်ယောက်ကို ရူးသွပ်သွားစေနိုင်သည်။
ထိုလမ်း၏အဆုံးသတ်တွင် အစက်အပျောက်များနှင့် အဖြူရောင်ဆေးလုံးတစ်လုံးရှိသည်။
ထိုကဲ့သို့ သန္ဓေပြောင်းလုဆဲဆဲလူများအတွက် အဖြူရောင်ဆေးလုံးတစ်လုံးက သူတို့အသက်များကို မကယ်ပေးနိုင်ပါသော်လည်း အနိမ့်ဆုံး အချိန်အနည်းငယ်ကြာသည်အထိ ဆွဲဆန့်ပေးနိုင်သည်။ ထိုအချိန်အတွင်း နောက်ထပ်အဖြူရောင်ဆေးလုံးတစ်လုံးရှာနိုင်သည်။
ထို့ကြောင့် ခက်ခဲကြမ်းတမ်းသောလမ်းတစ်လမ်းကို လျှောက်နေရပြီး မြေပြင်တွင် သွေးအလိမ်းလိမ်းဖြစ်ကာ သူတို့ တစ်ကိုယ်လုံး တုန်ရီနေသည့်တိုင်အောင် အသက်ရှင်လိုစိတ်ကြောင့် အရူးအမူး ပြေးနေကြဆဲပင်။ ယင်းသည် ခွေးပြိုင်ပွဲတစ်ခုလည်းဖြစ်သလို မြင်းပြိုင်ပွဲလည်း ဖြစ်သည်။
ဘေးပတ်လည်ရှိ ရတနာမုဆိုးများထံမှ စိတ်လှုပ်ရှားသံများနှင့် ယုတ်ရင်းကြမ်းတမ်းသောစကားသံများ ထွက်ပေါ်နေပြီး သူတို့ လောင်းနေကြသည်မှာ ထင်ရှားသည်။
ရွှီချင်းက ထိုအခြင်းအရာအားလုံးကို ကြည့်လိုက်သည်။ နောက်ဆုံး၌ အပြေးသမားတစ်ယောက်က သွေးသံတရဲရဲဖြင့် လမ်းဆုံးကို ရောက်သွားပြီး အဖြူရောင်ဆေးလုံးကို ယူ၍ မျိုချလိုက်ရာ ကျန်ပြိုင်ပွဲဝင်အားလုံး စိတ်ဓာတ်ကျသွားသြည်။ ထို့နောက် သူတို့မှာ အစမှတ်သို့ ပြန်သွားလိုက်ကြရပြီး ပန်းတိုင်၌ အဖြူရောင်ဆေးလုံးအသစ် ပြန်လည်ရောက်ရှိလာသည်။ ပြိုင်ပွဲမှာ ဆက်လက်ကျင်းပနေသည်။
ဘေးပတ်လည်ရှိ ရတနာမုဆိုးများအနက် တချို့က ပျော်ရွှင်မြူးထူးနေကြပြီး တခြားလူများမှာ ကရားရေလွှတ် တတွတ်တွတ် ကျိန်ဆဲနေကြသည်။ မကြာခင် ပြိုင်ပွဲ ထပ်မံစတင်လာပြီး တစ်ယောက်ပြီးတစ်ယောက် လောင်းကြေးတင်လိုက်ကြသည်။
ရွှီချင်းသည် အကြည့်လွှဲ၍ ကျင်းကန်းဂိုဏ်းတည်နေရာသို့ ကြည့်လိုက်သည်။
တချိန်တည်းမှာပင် စခန်းမှ ကီလိုမီတာငါးဆယ်အကွာတွင်ရှိနေသော တောင်ထိပ်ပေါ်ရှိ ကျင်းကန်းဂိုဏ်းခန်းမဆောင်ထဲ၌ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် အရုပ်ဆိုးသောအမူအရာဖြင့် ထိုင်နေသည်။ တစ်ခုခုပြောချင်သော်လည်း ချီတုံချတုံဖြစ်နေသည့် ဂိုဏ်းချုပ်ကို သူက ဒေါသတကြီးဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။
“ ဒီအဘိုးကြီးက ဘာမှအကျိုးမဖြစ်ထွန်းတဲ့ ဒီနေရာကို လာချင်လွန်းလို့ လာနေတယ်များ ထင်နေတာလား။ ငါတို့ ဒီနေရာကို မပြောင်းလာခဲ့ရင်ကော ဘာလုပ်မှာတုံး ”
“ ချီရွှဲ့ထုံဂိုဏ်းက အဲဒီခွေးမက ရက်စက်လွန်းတယ်။ ငါ့တစ်ဘဝလုံးစုဆောင်းထားတာတစ်ဝက်ကျော်လောက်ကို တောင်းပန်တဲ့အနေနဲ့ ပေးလိုက်ရတယ် ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် ထိုင်နေရင်း ခံပြင်းနာကြည်းသောအမူအရာဖြင့် ပြောလိုက်သည်။
“ ပြီးတော့ အဲဒီကလေး၊ ချီရွှဲ့ထုံဂိုဏ်းမှာ သူက အင်အားကြီးနေပြီ။ ငါတို့ မပြောင်းရင် သူ အခြေတည်အဆင့်ရောက်သွားပြီး ငါ့ကို ရိုက်သတ်မှာကို စောင့်နေရမှာလား ”
“ ဒီအဘိုးကြီးရဲ့ နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ဖတ်ခဲ့တဲ့ ရှေးစာအုပ်တွေအရတော့ ဒီကိစ္စက အသက်ဘေးအန္တရာယ်ပဲကွ ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ပို၍ပင် နောင်တရကာ နာကြည်းနေတော့သည်။ အချိန်တိုလေးအတွင်း ကျင်းကန်းဂိုဏ်းက ယခုလို ဆိုးဆိုးဝါးဝါး အခြေအနေသို့ ရောက်သွားရသည်ကို သူ ပြန်တွေးမိသောအခါ ရင်ထဲတဆစ်ဆစ်နာကျင်သွားရသည်။
အပြောင်းအရွှေ့စရိတ်က အလွန်ကြီးမားသည်။ ထို့ပြင် လူတိုင်း မပြောင်းချင်ကြပေ။ ထိုအတောအတွင်း တိတ်တဆိတ် ထွက်ပြေးသွားကြသည့် ဂိုဏ်းသားများစွာ ရှိသည်။ တချို့ဂိုဏ်းသားများကို သူ သတ်ပစ်ခဲ့သော်လည်း ဂိုဏ်းသားအားလုံးကို သူ မသတ်နိုင်ပေ။
“ ကိစ္စမရှိဘူး။ ငါ့ဆေးကလည်း ပြီးတော့မှာပဲ။ ဆေးလုံးကို ငါ သောက်ပြီးတာနဲ့ သုံးဆယ်မြောက်ဓမ္မတံခါး ပွင့်သွားပြီး သက်စောင့်မီးတောက် ပေါ်လာမှာ။ သက်စောင့်မီးတောက် ပေါ်လာတာနဲ့ အခြေတည်အဆင့် ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ငါ အသက်သွင်းနိုင်သွားမယ် ”
“ ရွှမ်ယောက်အသွင်သဏ္ဍာန်နဲ့ဆိုရင် ငါ့တိုက်ရည်ခိုက်ရည်က သိသိသာသာ တိုးတက်သွားမယ်။ ပြီးတော့ အဲဒီကလေးကို ငါ ကြောက်စရာမလိုတော့ဘူး ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် အံတင်းတင်းကြိတ်လိုက်သည်။ သို့သော် သူ တစ်ခုခုကို တွေးမိသောအခါ ရုတ်တရက် မျက်နှာပျက်သွားသည်။
“ မဟုတ်သေးဘူး။ ရှေးစာအုပ်တွေထဲမှာ ဒီလိုအကြဉ်းအကြပ်ထဲ ရောက်ပြီဆိုရင် မတော်တဆဖြစ်ရပ်တွေ ဖြစ်တတ်တယ် ”
ထိုအတွေးကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ သိသိသာသာ မျက်နှာပျက်သွားရသည်။ ဂိုဏ်းတံဆိပ်ပြားကို ထုတ်လိုက်ပြီး ဆုပ်ကိုင်ကြည့်လိုက်သောအခါမှသာ သူ စိတ်အေးလက်အေးဖြင့် သက်ပြင်းချနိုင်လိုက်သည်။
“ အဲဒီကလေး ဒီလောက် အမြန်ကြီး အဆင့်တက်တာ မဖြစ်နိုင်ဘူး။ ပြီးတော့ လီထူဂိုဏ်းထဲ ငါ ဝင်လိုက်လို့ နောက်လိုက်တစ်ယောက်လို့တောင် သတ်မှတ်နိုင်တယ်။ လီထူဂိုဏ်းကလည်း ချီရွှဲ့ထုံဂိုဏ်းလို အင်အားကြီးအုပ်စုပဲ။ ပြီးတော့ ငါ ဖိတ်ထားတဲ့ တာအိုရောင်း တုယွင်ကလည်း ဂိုဏ်းထဲမှာ ဧည့်သည်အနေနဲ့ ရှိနေတုန်းပဲ ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး တီးတိုးရေရွတ်လိုက်သည်။ ဂိုဏ်းတံဆိပ်ပြားကို ကြည့်၍ သူ့ရင်ထဲတွင် ခါးသက်သက်ဖြစ်သွားရသည်။ ထိုတံဆိပ်ပြားအတွက် သူ အခကြေးငွေများစွာ ပေးခဲ့ရသည်။ သူ့ခန္ဓာကိုယ်ကို ရောင်းချလိုက်ရသကဲ့သို့ မှတ်ယူနိုင်ပြီး သူ့လက်ကျန်တစ်ဘဝလုံး စိတ်အေးလက်အေးဖြင့် နေနိုင်တော့မည် မဟုတ်ပေ။
သူသည် အန္တရာယ်ကို စိုးရိမ်ပူပန်နေခဲ့သည့်အတွက် ရွှေ့ပြောင်းလာခဲ့ပြီးနောက် သူ့မိတ်ဆွေများကို ဧည့်သည်များအဖြစ် နေ့တိုင်း ဖိတ်ကြားခဲ့သည်။ သူ ဖိတ်ကြားခဲ့သည့်လူတိုင်းကိုလည်း လက်ဆောင်များ ပေးခဲ့သည်။
နောက်ဆုံးတွင် သူ ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ သူ သိသမျှ လူအားလုံးနီးပါးကို ဖိတ်ကြားခဲ့ပြီးပြီ ဖြစ်သည်။
“ ခြေတစ်လှမ်း မှားသွားတာနဲ့ အားလုံး သွားတော့တာပဲ ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက သက်ပြင်းရှည်ကြီးချ၍ ကောင်းကင်ကြီးကို ကြည့်ကာ အတန်ငယ် ငေးမောနေမိသည်။
ထိုအချိန်၌ သူ့ခန္ဓာကိုယ်ပေါ် နေရောင်ခြည်ကျဆင်းလာသည်။ အဝေးတစ်နေရာမှ ကြည့်ပါက သူသည် အလွန်အိုမင်းရင့်ရော်နေဟန်ရှိသည်။
ဘာသာပြန်သူမှတ်စု၊ ဓမ္မတံခါးနဲ့ ရွှမ်ယောက်အသွင်သဏ္ဍာန်အကြောင်းကို ရှေ့အခန်းတွေမှာ ပါလာပါမယ်။