← Chapters

ရှောင်လွှဲ၍ မရသော ကံကြမ္မာဆိုသည်မှာ

Vol. 11 Ch. 169

ရှောင်လွှဲ၍ မရသော ကံကြမ္မာဆိုသည်မှာ

Vol. 11 Ch. 169

ရွှီချင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ သက်ပြင်းချသံများကို မကြားရသလို မည်သို့ ခံစားနေရသည်ကိုလည်း မသိပေ။

သူက ယာယီအနားယူရန်အတွက် ရတနာမုဆိုးစခန်းထဲ၌ အိမ်တစ်လုံးကို ကျင်လည်စွာ ဝယ်ယူလိုက်သည်။

ရတနာမုဆိုးစခန်းတွင် အပြင်လူများအတွက် နေထိုင်ခွင့်လိုအပ်ချက်များ ရှိပါသော်ငြား လုံလောက်သော ခွန်အားသာ ရှိနေမည်ဆိုပါက စည်းမျဉ်းများကို ဖောက်ဖျက်နိုင်သည်။

ရွှီချင်းက ချီစုစည်းခြင်းအဆင့်သုံး ဝိညာဉ်စွမ်းအားများကို ဖြန့်ကျက်ထားပြီးနောက် သစ်သားအိမ်လေးတစ်လုံးကို ဝယ်လိုက်သည်။ တချိန်တည်းမှာပင် သူ၏ ဝယ်ယူနိုင်သည့်အရည်အချင်းကြောင့် ယုတ်မာကောက်ကျစ်သော ရတနာမုဆိုးနှစ်ယောက်က သူ့ကို မျက်စိကျသွားသည်။

မကြာခင် သူတို့ခေါင်းများက ရွှီချင်း၏ တံခါးပေါ် ချိတ်ဆွဲခြင်းခံလိုက်ရသည်။

ထိုသို့ဖြင့် ရွှီချင်း ရောက်ရှိလာခြင်းကို ရတနာမုဆိုးစခန်းထဲရှိ လူတိုင်း လက်ခံလိုက်ကြသည်။ အစက သူ့ကို အာရုံစိုက်နေသည့်လူများ ရှိပါသော်ငြား ရက်များကုန်လွန်လာသည်နှင့်အမျှ ရွှီချင်း၏အပြုအမူများက ရတနာမုဆိုးတစ်ယောက်နှင့် မထူးခြားသည်ကို သူတို့ မြင်လာကြရသည်။

လူသတ်သောအခါတွင်ဖြစ်စေ၊ တာဝန်ထမ်းဆောင်သောအခါတွင်ဖြစ်စေ၊ အဖြူရောင်ဆေးလုံးများ ဝယ်သောအခါတွင်ဖြစ်စေ၊ ဝိညာဉ်ထဲသို့ သတိတရား တံဆိပ်ခတ်နှိပ်ခံထားရသည့်အလား သတိကြီးစွာဖြင့် စခန်းထဲ လျှောက်သွားသောအခါမှာပင် ဖြစ်စေ ထိုအခြင်းအရာအားလုံးက ရတနာမုဆိုးစစ်စစ်တစ်ယောက်ဖြစ်ကြောင်း သက်သေပြနေသည်။

တဖြည်းဖြည်းနှင့် သူကဲ့သို့ အပြင်လူတစ်ယောက်ကို အာရုံစိုက်သူ နည်းပါးလာသည်။ မြေရိုင်းဒေသ၌ ရတနာမုဆိုးများစွာ ရှိပြီး အပြင်ဘက်တွင် အချိန်ကြာမြင့်စွာ နေထိုင်ပြီးနောက် ပြန်လည်အားမွေးရန် နေအိမ်ရှာကြသည့်လူများစွာ ရှိသည် မဟုတ်ပါလား။

ထိုကဲ့သို့ ရတနာမုဆိုးအသွင်ဖြင့် ကျင်းကန်းဂိုဏ်းအနီးတဝိုက်သို့ နေ့စဉ် သွားရောက်လေ့လာသည်။ ထိုအတောအတွင်း ရတနာမုဆိုးစခန်းသို့ ပျော်ပါးရန် တောင်ပေါ်မှ ဆင်းလာသော ကျင်းကန်းဂိုဏ်းသားအနည်းအကျဉ်းကိုလည်း သူ မြင်ခဲ့ရသည်။

သူတို့ရုပ်ရည်သွင်ပြင်များက ရတနာမုဆိုးများကို ဒေါသထွက်စေပါသော်လည်း သူတို့ကို ရဲရဲတင်းတင်းမပြောဝံ့ကြချေ။ ရတနာမုဆိုးအများစု၌ ကပ်ဖားရပ်ဖားလုပ်သည့် အမူအရာများပင် ရှိနေသည်။

ထိုဂိုဏ်းသားများထဲတွင် မျက်မှန်းတန်းမိနေသော ဂိုဏ်းသားအနည်းအကျဉ်းကို ရွှီချင်း တွေ့လိုက်ရသည်။

ကျင်းကန်းဂိုဏ်းကို သွား၍ မီးရှို့ခဲ့စဉ်အခါက ထိုဂိုဏ်းသားများကို သူ မြင်ခဲ့ရခြင်းဖြစ်သည်။

သူတို့က မောက်မာဝင့်ကြွားသောအမူအရာများဖြင့် ရတနာမုဆိုးစခန်းထဲ ဝင်လာကြပါသော်လည်း သူတို့ရင်ထဲရှိ ကူကယ်ရာမဲ့နေသော ခံစားချက်များနှင့် စိုးရိမ်ကြောင့်ကြစိတ်များကို သူတို့ မျက်လုံးများမှတစ်ဆင့် ရွှီချင်း သိနေသည်။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ကျင်းကန်းဂိုဏ်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရွှီချင်း ပိုသိလာရသည်။ မကြာသေးခင်က ပြောင်းရွှေ့လာခဲ့ ဂိုဏ်းတစ်ဂိုဏ်းနှင့် ပတ်သက်၍ ရတနာမုဆိုးများက စောင့်ကြည့်နေခဲ့ကြသည်ဖြစ်ရာ လဝက်အတွင်း ကျင်းကန်းဂိုဏ်း၏ အခြေအနေကို ရွှီချင်း များစွာ နားလည်လာရသည်။

“ ဂိုဏ်းထဲမှာ လူတစ်ရာလောက်ပဲ ကျန်တော့တယ် ”

“ အကြီးအကဲခုနစ်ယောက်ရှိတာ၊ လေးယောက်က ထွက်သွားပြီ။ အဲဒီအကြီးအကဲသုံးယောက်နဲ့ ဂိုဏ်းချုပ်ပါ ထည့်တွက်ရင် အခု ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးအောက်မှာ အဆင့်မြင့်ကျင့်ကြံသူ လေးယောက်ပဲ ရှိတော့တယ် ”

“ သူတို့က လီထူဂိုဏ်းကို ချဉ်းကပ်ပြီး လီထူဂိုဏ်းရဲ့ အကာအကွယ်အောက်မှာ နေတာ ”

ရွှီချင်းက အိမ်ထဲတွင် ထိုင်ကာ ပြီးခဲ့သည့်လဝက်က သူ ရရှိခဲ့သည့် သတင်းအချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။ သူက အလွန် စိတ်ရှည်ပြီး အထူးသဖြင့် ပြိုင်ဘက်က အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေသောအခါတွင် ပို၍ စိတ်ရှည်သည်။ လက်ရှိခွန်အားဖြင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို သူ အနိုင်ယူနိုင်မည်ဟု ခံစားနေရပါသော်လည်း အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ယခင်က သူ တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးချေ။

ထို့ကြောင့် ရွှီချင်းက သတိထားနေဆဲပင်။ ထိုသဲလွန်စများကို သူ စစ်ဆေးပြီးသည့်တိုင်အောင် မလှုပ်ရှားသေးချေ။ ထိုအစား ဆက်လက်၍ စောင့်နေ၏။ လဝက်ခန့်ကြာပြီးနောက် ကျင်းကန်းဂိုဏ်းသားနှစ်ယောက်၏ ပြောစကားများမှတစ်ဆင့် သတင်းစကားတစ်ခုကို သူ အမှတ်မထင် ကြားသိခဲ့ရသည်။

“ ဘိုးဘေးက အရေးမပါတာကို အရာလုပ်နေတာပဲ။ သူ ဖိတ်ထားတဲ့ လူတစ်ယောက် ရောက်လာတိုင်း ငါတို့ကို တောင်အောက်ဆင်းခိုင်းပြီး ရတနာမုဆိုးစခန်းတွေဆီ ဂိုဏ်းအကြောင်း သတင်းတွေ ဖြန့်ခိုင်းတယ်။ ဘာတွေများ ရေးကြီးခွင်ကျယ်ဖြစ်နေတာလဲ မသိပါဘူးကွာ ”

“ ဒါ အမှန်ပဲ။ နှစ်ဝက်လောက်ရှိသွားတာတောင် ကလေးက ငါးစာလာဟပ်တာမျိုး ငါ မမြင်မိပါဘူး။ ဟင်း … ဘိုးဘိုးက သူ့မိတ်ဆွေတွေ တစ်ယောက်ပြီးတစ်ယောက်ဖိတ်၊ တစ်ယောက် ပြန်သွားတိုင်း ငါတို့က တောင်အောက်ဆင်းပြီး သတင်းတွေ ဖြန့်နေရတာပဲ အဖက်တင်တယ် ”

“ ရွေးချယ်စရာမှမရှိတာ။ ဘိုးဘိုးအမိန့်ကို ဘယ်သူ လွန်ဆန်ဝံ့လို့တုံး ”

ရွှီချင်းက ကျင်းကန်းဂိုဏ်းသားနှစ်ယောက်ကို နောက်ယောင်ခံလိုက်ခဲ့ပြီး သူတို့တောင်အောက်ဆင်းတော့မည့်အချိန်တွင် ထိုစကားကို ကြားလိုက်ရခြင်း ဖြစ်သည်။ သူက ထိုစကားကြားပြီးနောက် စခန်းသို့ တည်ငြိမ်စွာ ပြန်လာသည်။ နောက်ရက်များတွင် သူ ပို၍ သတိကြီးသွားပြီး ပို၍ အသေးစိတ်လေ့လာခဲ့သည်။

ရတနာမုဆိုစခန်း၌ နေထိုင်ခဲ့သည်မှာ တစ်လခွဲကြာမြင့်သွားပြီးနောက် နေဝင်ရီတရောအချိန်တွင် ကျင်းကန်းဂိုဏ်းအနီးတဝိုက်ကို စောင့်ကြည့်နေခဲ့သော ရွှီချင်းသည် လေထဲမှ အလင်းတန်းတစ်တန်း ထွက်သွားသည်ကို မြင်လိုက်ရသည်။

တောင်ပေါ်မှ လူတစ်ယောက် ဆင်းသွားဟန်တူသည်။

ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီးနောက် စူးရှသောအကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ ထို့နောက် စခန်းရှိ သူ့အိမ်သို့ ပြန်လှည့်လာခဲ့သည်။ သူက လက်နက်များနှင့် အဆိပ်မှုန့်များကို စတင်ပြင်ဆင်လိုက်သည်။ ပြီးသည်နှင့် အပြင်ဘက်ရှိ ကောင်းကင်ကြီးကို ကြည့်၍ တိတ်ဆိတ်စွာ စောင့်နေသည်။

တချိန်တည်းမှာပင် တောင်ထိပ်ရှိ ခန်းမဆောင်အပြင်ဘက်၌ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ထွက်ခွာသွားသော တာအိုရောင်းရင်းကိုကြည့်၍ ရင်ထဲတွင် သက်ပြင်းချလိုက်သည်။ သူတို့ကို ဤနေရာတွင် အချိန်အကြာကြီး ထိန်းထားရန်မှာ သူ့အတွက် အဆင်မပြေပေ။ ခန်းမဆောင်ထဲမှ သူ ထွက်လာပြီးနောက် နောက်ထပ်ဖိတ်ကြားရမည့်လူကို စဉ်းစားလိုက်သည်။

“ ဆေးလုံးပုံပေါ်ဖို့ သိပ်မကြာတော့ဘူး။ ငါ ဆေးလုံးကို စားပြီး သုံးဆယ်မြောက် ဓမ္မတံခါးကို ရောက်သွားရင် ပထမဆုံး သက်စောင့်မီးလုံး ပေါ်လာမှာပဲ။ အဲဒါဆိုရင် ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ငါ အသက်သွင်းနိုင်သွားမယ်။ အဲဒီတော့မှပဲ ငါ စိတ်အေးလက်အေး နေနိုင်မှာ”

သူက တီးတိုးရေရွတ်လိုက်ပြီး ခန်းမဆောင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

အပြင်ဘက်ရှိ ကောင်းကင်ကြီးက တဖြည်းဖြည်း မှောင်မည်းလာသည်။ လေနုအေးများက တရွှီရွှီ တိုက်ခတ်လာပြီး ရတနာမုဆိုးစခန်းတစ်လျှောက် လှဲကျင်းတိုက်ခတ်သွားကာ တစတစ အရှိန်အဟုန် ကြီးမားလာသည်။

အေးစက်သောရာသီဥတုကြောင့် မြေပြင်ပေါ်မှ ဖုန်မှုန့်များသည် တောင့်တင်းနေပြီး အပေါ်သို့ ပင့်မမထားနိုင်တော့သည်ဖြစ်ရာ အမှိုက်သရိုက်အနည်းအကျဉ်းသာ လေနှင့်အတူ လွင့်ပါသွားသည်။ တချိန်တည်းမှာပင် လေနုအေးက စခန်းထဲတွင် ပုန်းအောင်းနေသော ကလေးတချို့အပေါ်သို့ ကျရောက်သွားသည်။

၎င်းတို့က အရာအားလုံးကို အားအင်ချိနဲ့သွားအောင် ခုတ်ပိုင်းချင်နေသည့် စူးရှချွန်ထက်သော ဓားပါးလေးများအသွင် ပြောင်းလဲသွားသည့်အလားပင်။

မကြာခင် ဝေဟင်မှ နှင်းခဲများသည်လည်း ထူးထူးခြားခြား ကျဆင်းလာပြီး အနီရောင်လွင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ယနေ့ညတွင် နှင်းများက သာမန်ထက် ပို၍ ထူထပ်သိပ်သည်းစွာ တဖွဲဖွဲကျနေသည်။

မကြာခင် မြေပြင်ပေါ်သို့ နှင်းခဲများက တစ်လွှာပြီးတစ်လွှာ ဖုံးလွှမ်းသွားပေရာ ရတနာမုဆိုးစခန်းထဲရှိ အိမ်မရှိ၍ အပြင်ဘက်တွင်သာ အိပ်စက်ရသောလူများကို ခိုက်ခိုက်တုန်အောင် ချမ်းအေးသွားစေသည်။ သူတို့မျက်လုံးများထဲတွင် ထုံကျဉ်နေသည့်အရိပ်အငွေ့များနှင့် သေမင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

သာမန်ထက် အေးစက်ဟန်ရှိသော ဆောင်းရာသီက လူများကို အသက်ဆုံးပါးသွားသည်အထိ အေးခဲစေနိုင်ပေသည်။

လေပြင်းနှင့် နှင်းများတိုက်ခတ်နေသည့်အောက်မှ အားလုံးစီစဉ်ထားပြီးပြီဖြစ်သော ရွှီချင်းက သစ်သားအိမ်လေးထဲမှ ထွက်လာသည်။

သူက ဝေဟင်ရှိ နှင်းများကို ကြည့်၍ အေးစိမ့်သွားရသည်။ အင်္ကျီများကို တင်းတင်းကြပ်ကြပ်ဖြစ်အောင် လုပ်လိုက်ပြီး စခန်းထဲရှိ တုန်ရီနေသော ကလေးများကို ဝေ့ကြည့်လိုက်သည်။ သူ တခဏကြာ တိတ်ဆိတ်သွားပြီး ရှေ့ဆက်လျှောက်သွားပါသော်လည်း တံခါးကို ပိတ်မထားခဲ့ပေ။

တဲအိမ်ထဲ၌ မီးဖို၏ အနွေးဓာတ်အနည်းအကျဉ်း ရှိနေသေးသည်။ အပြင်ဘက်ရှိ အပူချိန်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ဆီးနှင်းဖြူများကို အဝေးသို့ လွင့်ပါးသွားစေသည့်အချက်ကြောင့် အနီးအနားရှိ ကလေးများ၏ စိတ်အာရုံကို ဆွဲဆောင်သွားပြီး ထိုတခဏတွင် သူတို့မျက်လုံးများထဲ မျှော်လင့်ချက်များဖြင့် ဝင်းလက်တောက်ပသွားသည်။

ရွှီချင်းသည် မြန်ဆန်သည်ထက် မြန်ဆန်စွာဖြင့် ဝေးသည်ထက်ဝေးရာသို့ လျှောက်သွားသည်။ နောက်ဆုံး၌ သူ့တစ်ကိုယ်လုံး လေနှင့်အတူ ပေါင်းစည်းသွားဟန်တူပြီး ပုံရိပ်များအသွင်ဖြင့် ကျင်းကန်းဂိုဏ်းပိုင်နက်ထဲသို့ ဆက်လက်ချဉ်းကပ်သွားသည်။

သူ့ခန္ဓာကိုယ်ထဲမှ သွေးနှင့်ချီက ပွက်ပွက်ဆူနေပြီး ပင်လယ်အသွင်ပြောင်းပညာရပ်သည်လည်း လှည့်ပတ်နေသည်။ သူ့ခန္ဓာကိုယ်တစ်လျှောက် ခရမ်းရောင်အလင်းတန်း စီးဆင်းနေပြီး သူ့ခေါင်းအထက်တွင် စုစည်းသွားကာ ကောင်းကင်ဓားမော့ကြီးတစ်လက်ပုံရိပ် ဝိုးတဝါး ဖြစ်ပေါ်နေသည်။

တောင်အနီးသို့ရောက်သည်နှင့် သူက နှင်းများအောက်ရှိ ကျင်းကန်းဂိုဏ်းကို မော့ကြည့်လိုက်သည်။

လရောင်က နှင်းမှုန်များကြောင့် ပုံပျက်သွားရပြီး ကျင်းကန်းဂိုဏ်းအပေါ်သို့ အစက်အပြောက်များအသွင်ဖြင့် ဖြာကျလာပါသော်လည်း ဘေးပတ်လည်မှ နှင်းခဲများ၏ ရောင်ပြန်ဟပ်ခြင်းကြောင့် ဂိုဏ်းတစ်ဂိုဏ်းလုံးကို ရှင်းလင်းစွာ မြင်နေရသည်။

ရှင်းလင်းပြတ်သားသော ဂိုဏ်းပုံရိပ်က ရွှီချင်း၏အမြင်အာရုံထဲ ဝင်ရောက်လာပြီး လူသတ်ငွေ့များဆူဝေနေသည့် စူးရှတောက်ပသောအကြည့်တစ်ခုအသွင် ပြောင်းလဲသွားသည်။ ထိုတခဏတွင် ရွှီချင်းက ရုတ်တရက် အပေါ်သို့ ပျံတက်သွား၏။

သူ့ခြေထောက်ပေါ်ရှိ ပျံသန်းစေနိုင်သော အဆောင်က တဖျပ်ဖျပ်လက်နေပြီး သူသည် ဓားမော့တစ်လက်အသွင်ဖြင့် ဆီးနှင်းများနှင့်လေဟုန်ကိုခွင်း၍ တောင်ထိပ်ရှိ ပင်မခန်းမဆောင်သို့ တဟုန်ထိုး ဝင်ရောက်သွားသည်။ ခန်းမဆောင်အထက်ရှိ လေထဲသို့ သူ ရောက်သွားသည့်တိုင်အောင် သူ၏အမြန်နှုန်းက ဆက်လက်မြင့်တက်နေသည်။

သူက တွေဝေတွန့်ဆုတ်မနေဘဲ ညာလက်ကိုမြှောက်၍ တောင်ထိပ်ပေါ်ရှိ ပင်မခန်းမဆောင်ကို ခုတ်ချလိုက်သည်။

သူ အောက်သို့ ခုတ်ချလိုက်သည့်အခိုက် သူ့နောက်မှ တဝုန်းဝုန်းမြည်ဟည်းသံများ ထွက်ပေါ်လာပြီး ဝေဟင်တွင် ဧရာမ ကောင်းကင်ဓားမော့တစ်လက်ပုံရိပ် ပေါ်လာသည်။ လေနှင့် နှင်းက သည်းကြီးမဲကြီး တိုက်ခတ်နေပါသော်ငြား ကောင်းကင်ဓားမော့ကြီးကို တုန်ခါသွားအောင် မစွမ်းဆောင်နိုင်ပေ။ ရွှီချင်း၏ လက်လှုပ်ရှားရာအတိုင်း ကောင်းကင်ဓားမော့ကြီးက လေနှင့်နှင်းကို ဖြတ်၍ တောင်ထိပ်ပေါ်ရှိ ပင်မခန်းမဆောင်ပေါ်သို့ သက်ဆင်းသွားသည်။

ဓားချက်ကျဆင်းသွားသည်နှင့် ပေရာချီရှည်သော ကောင်းကင်ဓားမော့ကြီးထံမှ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ ထုတ်လွှတ်လိုက်ပြီး ၎င်း၏လမ်းကြောင်းတစ်လျှောက် အရာအားလုံးကို နှစ်ခြမ်း ပိုင်းဖြတ်ပစ်မည့်အလားပင်။

၎င်းက ကြောက်ခမန်းလိလိ မြန်ဆန်လှသည်ဖြစ်ပြီး မျက်တောင်တစ်ချက်ခတ်အတွင်း ပင်မခန်းမဆောင်ပေါ် ကျရောက်သွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီး မြည်ဟည်းသွားပြီး တောင်တစ်ခုလုံး တုန်ရီသွားသည်။ ဓားမော့အလင်းတန်းအောက်တွင် ပင်မခန်းမဆောင်ကြီး ပြိုကျသွားပြီး အလယ်မှနေ၍ နှစ်ခြမ်းကွဲထွက်သွားသည်။

ခန်းမဆောင်အလယ်ဗဟိုရှိ အက်ကွဲကြောင်းထဲ၌ ဓားမော့ချက်ကို ခုခံပြီးနောက် ဆုတ်သွားခဲ့သော ဂိုဏ်းစောင့်ဘိုးဘိုးပေါ်လာသည်။

ရွှီချင်းကို သူ မြင်သွားပြီး သူ စကားမဆိုနိုင်ခင်မှာပင် လေထဲတွင် ရှိနေသော ရွှီချင်းက ဒုတိယမြောက် ဓားချက်ကို ခုတ်ချလိုက်သည်။

ကျင့်ကြံခြင်းအဆင့် တိုးတက်လာခြင်းကြောင့် ရွှီချင်းသည် ဘုရားကျောင်းထဲမှ နားလည်ခဲ့သော ထိုဓားမော့ချက်ကို ကြိမ်ဖန်များစွာ အသုံးချနိုင်ပြီဖြစ်သည်။ အထူးသဖြင့် လမ်းတစ်လျှောက်၌ သူ ခွန်အားများ စုဆောင်းနေခဲ့သည်မှာ အတော်ကြာပြီဖြစ်ရာ ယခုတွင် ရပ်နားမနေတော့ပေ။ သူ့နောက်၌ ဒုတိယမြောက် ကောင်းကင်ဓားမော့ပုံရိပ် ပေါ်လာပြီး ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးပေါ်သို့ ထပ်မံကျဆင်းသွားသည်။

မိုးမြေတုန်ဟီးသွားစေနိုင်သော အသံကြီးတစ်သံ ထပ်မံမြည်ဟည်းသွားပြီး ခရမ်းရောင်ကောင်းကင်ဓားမော့ကြီး ထပ်မံဆင်းသက်သွားသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ မာန်သွင်းအော်ဟစ်သံများကြားတွင် ထိုဓားချက်က သူနှင့် နောက်တစ်ခေါက် ထိပ်တိုက်တွေ့သွားသည်။

တောင်ထိပ်ပေါ်ရှိ ခန်းမဆောင်ကြီးတစ်ခုလုံး ပြိုကျပျက်စီးသွားပြီး ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ဟိန်းဟောက်ကာ ဒုတိယမြောက်ဓားမော့ချက်ကို ခုခံလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ချီနှင့် သွေးများ တရွှီရွှီအော်မြည်လာပြီး ပေတစ်ထောင်အကွာအဝေးသို့ ရောက်သည်အထိ သူ ရုတ်တရက် ဆုတ်ခွာသွားသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့နောက်မှ ဒေါသအမျက်ချောင်းချောင်း ထွက်နေသော စစ်သူရဲကောင်းတစ်ယောက်၏ ပုံရိပ်ပေါ်လာပြီး သူ့အရှိန်အဝါ မြင့်တက်လာသည်။

သို့သော်လည်း သူ့ဆံပင်များ ရှုပ်ယှက်ခတ်နေပြီး သူ့နှုတ်ခမ်းထောင့်စွန်းတွင် သွေးစများ ရှိနေပေရာ ရွှီချင်း၏ ဓားချက်နှစ်ချက်ကို အလွယ်တကူ မရှောင်တိမ်းနိုင်ခဲ့မှန်း သိသာသည်။

“ တာအိုရောင်းရင်း၊ မင်း …”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ခန့်မှန်းထားပြီးသား ဖြစ်ပါသော်လည်း သူ့ရှေ့မှောက်ရှိလူငယ်၏ စွမ်းအားကြောင့် မယုံကြည်နိုင်အောင် ဖြစ်နေရဆဲပင်။ ထို့ကြောင့် သူက ခပ်သွက်သွက်ပြောလိုက်ပြီး သူ၏ခန့်မှန်းချက်ကို အတည်ပြုရန် ကြိုးစားလိုက်သည်။

သို့သော်လည်း သူ့စကား မဆုံးသေးခင်မှာပင် သူ ဆိုးဆိုးဝါးဝါး မျက်နှာပျက်သွားသည်။ သူ အစွန်းကုန် နောက်ဆုတ်လိုက်ပါသော်လည်း မဆိုစလောက် နောက်ကျသွားခဲ့ရ၏။ ညအမှောင်ထုအောက်တွင် ပုန်းကွယ်နေခဲ့သော အရိပ်က ရွှီချင်း၏ ထိန်းချုပ်မှုအောက်တွင် အလျင်အမြန် ချဉ်းကပ်သွားသည်ကို မြေပြင်ပေါ်ရှိ တစ်ယောက်မှ သတိမထားမိလိုက်ကြဘဲ မျက်တောင်တစ်ချက်ခတ်အတွင်း ၎င်းက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးပေါ်သို့ ဆင်းသက်သွားကာ ဖျစ်ညှစ်လိုက်ပြီဖြစ်သည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ အလျင်အမြန် ဆုတ်ခွာခဲ့ပါသော်ငြား သူ့လက်ကို ထိသွားခဲ့ရသည်။ တခဏလေးအတွင်း သူ့လက်တစ်ခုလုံး ဓာတ်နှောများ သိပ်သည်းကာ စိမ်းပုပ်သွားခြင်းကြောင့် သူ အလွန် တုန်လှုပ်ချောက်ချားသွား၏။

တချိန်တည်းမှာပင် လေထဲရှိ ရွှီချင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို အေးတိအေးစက်ကြည့်၍ တစ်ခွန်းမှမဆိုဘဲ စုစည်းထားခဲ့ပြီဖြစ်သော တတိယမြောက်ဓားချက်ကို ခုတ်ချလိုက်သည်။

ကောင်းကင်ဝေဟင်ပြင်၌ ခရမ်းရောင်အလင်းများ ပြိုးပြိုးပြက်ပြက်ဝင်းလက်သွားပြီး ဓားမော့ပုံရိပ်ဖြစ်ပေါ်လာကာ ဆီးနှင်းနှင့် လေအဟုန်ကို ထိုးခွင်း၍ အရိပ်ကြောင့် နောက်ဆုတ်နေရသော ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးအပေါ်သို့ ထပ်မံကျဆင်းသွားပြန်သည်။

စစ်သူရဲကောင်းအရိပ်က မာန်သွင်းကြုံးဝါး၍ ဓားမော့ကို တားဆီးရန် လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ အရိပ်၏လက်များ ပြိုကွဲသွားသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျလာပြီး သူ့ခန္ဓာကိုယ်မှာ နောက်သို့ အရှိန်အဟုန်ပြင်းစွာ လွင့်ထွက်သွားသည်။

သို့သော်လည်း သူက အစွမ်းထက်ပညာရပ်တစ်မျိုးကို လေ့ကျင့်မထားသည့်တိုင်အောင် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် မဟုတ်ပါလား။ သူ၏ တိုက်ရည်ခိုက်ရည်က အလွန်ကောင်းမွန်နေဆဲပင်။ ဓားချက်သုံးချက်နှင့် အရိပ်၏ အလစ်တိုက်ခိုက်ခြင်း ခံလိုက်ရသည့်တိုင်အောင် သူ ဒဏ်ရာသာ ရသွားခဲ့သည်။ သူက တရစပ်နောက်ဆုတ်ရင်း ရုတ်တရက် ခေါင်းမော့လိုက်ပြီး နီမြန်းနေသော မျက်လုံးများဖြင့် အံကြိတ်၍ ပြောလိုက်သည်။

“ မင်းက ကလေးပဲ ”

ကျင်းကန်းဂိုဏ်းသားများအားလုံး တုန်လှုပ်ချောက်ချားသွားကြပြီး ဂိုဏ်းချုပ်၊ အကြီးအကဲများနှင့် တခြားလူများအားလုံး အပြင်သို့ အပြေးအလွှား ထွက်လာကြသည်။ သူတို့က ကောင်းကင်ကြီးကို ကြည့်၍ သိသိသာသာ မျက်နှာပျက်သွားကြသည်။

ကောင်းကင်ဝေဟင်ပြင်၌ ရွှီချင်း၏ ဆံပင်ရှည်များက တဖျပ်ဖျပ်လွင့်နေပြီး သူ၏ရတနာမုဆိုးဝတ်စုံကလည်း လူသတ်ချင်စိတ်ကို လှစ်ဟပြနေသည်။ လရောင်အောက်ရှိ လေနှင့် နှင်းများကြားထဲတွင် သူသည် ရှင်သန်ခြင်းနှင့် သေခြင်းကို အစိုးရသော သေမင်းနတ်ဘုရားတစ်ပါးအလားပင်။

All Chapters