← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း။ ၅၃

ရန်ကျုံးရှန်းက အော်ဟစ်ကာ တားဆီးသော်လည်း ဝမ်ပင်းကမူ ရပ်တန့်ရန် အကြံမရှိချေ။

ကြည့်ချင်နေကြတာ မဟုတ်ဘူးလား။

အခုတော့ အဝကြည့်လို့ ဝသွားကြပြီလား။

သူ တံခါးတွေ၊ ပြတင်းပေါက်တွေကို လုံအောင်ပိတ်ခိုင်းပြီး အပေါက်ကြီးတွေကိုပါ အတင်းပိတ်ခိုင်းခဲ့ရခြင်းမှာ သက်စောင့်စီးကရက်မှ ထွက်ပေါ်လာသော အငွေ့များကို အခန်းတွင်း၌သာ ပိတ်မိနေစေရန် ဖြစ်သည်။ သို့မှသာ အငွေ့များကို တစ်ချက်ချင်း အဆက်မပြတ် မှုတ်သွင်းနေရန် မလိုတော့ဘဲ လူနာက အလိုအလျောက် ရှူရှိုက်နေနိုင်မည် ဖြစ်သည်။

ဤသက်စောင့်စီးကရက် တစ်လိပ်တည်းဖြင့် အဆိပ်ကို ယာယီသာ နှိမ်နင်းထားနိုင်ခြင်း ဖြစ်ပြီး အမြစ်ပြတ်ကုသရန်အတွက်ဆိုလျှင် အနည်းဆုံး စီးကရက် အလိပ် ၅၀ ခန့် လိုအပ်ပေလိမ့်မည်။

သူတို့က တံခါးကို ဇွတ်တွန်းဖွင့်လိုက်သည့်အတွက် အပြာရောင်အငွေ့များ လွင့်ထွက်သွားခဲ့ရာ အဆိပ်ကို ထိန်းချုပ်ထားနိုင်မည့် ပမာဏမှာ ထက်ဝက်ခန့် လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။

အဆိပ်ပြန်တက်လာဖို့ဆိုသည်မှာ စက္ကန့်ပိုင်းမျှသာ လိုတော့သည်။

ဝမ်ပင်းကို တားမရတော့သည်ကို မြင်သောအခါ ရန်ကျုံးရှန်းသည် အပြေးအလွှား လိုက်လာပြီး ဝမ်ပင်း၏ ရှေ့တွင် ပိတ်ရပ်လိုက်သည်။

"ဂိုဏ်းချုပ်ဝမ်... ကယ်ပါဦးဗျ"

"မျိုးနွယ်စုခေါင်းဆောင်ရန်... ကြည့်လို့ ပြီးသွားပြီလား"

"ဂိုဏ်းချုပ်ဝမ်... ကျွန်တော့်ညီအစ်ကိုက အကြောင်းရင်းမရှိဘဲ ရုတ်တရက် ရူးသလိုဖြစ်ပြီး အော်ဟစ်နေလို့ပါ။ ကျေးဇူးပြုပြီး မြန်မြန်လေး သွားကြည့်ပေးပါဦး"

"စိတ်မကောင်းပါဘူး ခေါင်းဆောင်ရန် ကျွန်တော်က သမားတော် မဟုတ်ဘူးလေ"

"ဂိုဏ်းချုပ်ဝမ်... ကျွန်တော်တို့ မှားသွားပါတယ်။ ဂိုဏ်းချုပ်ရဲ့ စကားကို နားမထောင်ဘဲ ဇွတ်

ဝင်သွားမိတာပါ။ ကျေးဇူးပြုပြီး နောက်တစ်ခေါက်လောက် ပြန်ကြည့်ပေးပါဦး။ ကျွန်တော့်

ညီအစ်ကို အခြေအနေက အစတုန်းကလိုပဲ ပြန်ဖြစ်နေပါပြီ။ သူ ကြာကြာခံမှာ မဟုတ်တော့ဘူး"

"ဒါဆိုရင်ရော အဲဒါက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ"

ဝမ်ပင်းက စကားအဆုံးတွင် ဆက်လက် ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် ဟွမ်ကုန်းသည် လေးနက်သော မျက်နှာထားဖြင့် အပြင်သို့ ထွက်လာသည်။

သူတို့ တံခါးဖွင့်လိုက်ချိန်တွင် အပြင်သို့ လွင့်ထွက်သွားသည့် အငွေ့များမှာ ဝမ်ပင်း သူ၏မိတ်ဆွေကို ကုသရန် အသုံးပြုခဲ့သော အဓိကသော့ချက်ဖြစ်ကြောင်း သူ ရိပ်မိလိုက်ပြီဖြစ်သည်။

ထိုအငွေ့သည်သာ မိစ္ဆာအဆိပ်ကို နှိမ်နင်းနိုင်သော အရာဖြစ်သည်။

သို့သော် သူတို့ကိုယ်တိုင် တံခါးဖွင့်၍ အငွေ့များကို ထုတ်ပစ်လိုက်ရုံသာမက လေဝင်

လေထွက်ကောင်းရန်ဟုဆိုကာ တံခါးကိုပါ ဆက်ဖွင့်ထားခဲ့ကြခြင်းပင်။

"ဂိုဏ်းချုပ်ဝမ်... ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် တောင်းဆိုပါ။ အားလန်း လုပ်လိုက်တာ မှားသွားတယ်ဆိုတာ မှန်ပေမဲ့ သူက သူ့သခင်ကို စိတ်ပူလို့ လုပ်မိတာပါ။ ကျွန်တော့်မိတ်ဆွေရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို ထောက်ထားပြီးတော့ ခွင့်လွှတ်ပေးစေချင်ပါတယ်"

"အခြေအနေ... ဟုတ်လား"

ဝမ်ပင်းသည် သူ၏ ရင်ထဲတွင် တိတ်တဆိတ် ပြုံးလိုက်မိသည်။

ဤသည်မှာ သူ စောင့်ဆိုင်းနေသော အချိန်ပင်။

ကြည့်ချင်ကြတယ် မဟုတ်လား။ ကြည့်ပြီးသွားရင်တော့ ပေးရမယ့် တန်ဖိုးက ကြီးလိမ့်မယ်။

စတုတ္ထမြောက် စီးကရက်က ရွှေတစ်သောင်း။

ဒါဆို ပဉ္စမမြောက် တစ်လိပ်ကရော…

"စီနီယာမိစ္ဆာစားဖိုမှူးကြီး... ကျွန်တော် ပြောခဲ့တာကို မှတ်မိလား နောက်တစ်ကြိမ်ကျရင် အခမဲ့ မဟုတ်တော့သလို ငွေရှိရုံနဲ့လည်း မရဘူးဆိုတာလေ။ အမှန်အတိုင်း ပြောရရင် ကျွန်တော့်မှာ စီးကရက် မရှိတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အကြီးအကဲဆီမှာတော့ နောက်ဆုံး လက်ကျန် တစ်လိပ် ရှိပါသေးတယ်"

"အကြီးအကဲယွင်..."

ဟွမ်ကုန်းသည် ယွင်လျောင်ကို ချက်ချင်း လှမ်းကြည့်လိုက်သည်။

ယွင်လျောင်က ဘာမျှ ပြန်မပြောဘဲ ငြိမ်နေသည်။ ဝမ်ပင်း၏ အစီအစဉ်က ဘာလဲဆိုသည်ကို သူ သိချင်နေခြင်းပင်။ စတုတ္ထမြောက် တစ်လိပ်က ရွှေတစ်သောင်းတန်လျှင် ပဉ္စမမြောက် တစ်လိပ်က မည်မျှအထိ ဈေးတက်သွားမလဲဆိုသည်ကို သူ စိတ်ဝင်တစား စောင့်ကြည့်နေမိသည်။

ဂိုဏ်းချုပ်က စောစောက အစော်ကားခံရတုန်းက ဘာလို့ စိတ်မဆိုးတာလဲဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်။ ဒီလို အကွက်မျိုးကိုးဟု သူ တွေးလိုက်မိသည်။

ဝမ်ပင်းက စကားစလိုက်သည်။

"ရွှေတစ်သိန်း"

"ဘာ..."

အဆောင်ခန်းတံခါးဝတွင် ရပ်နေသော အားလန်း၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။

ကျန်ရှိသော သူနှစ်ဦး၏ မျက်နှာထားမှာလည်း အလွန်ပင် ပျက်ယွင်းသွားရသည်။ ရွှေတစ်သိန်းဆိုသော ပမာဏမှာ အလွန်အမင်း များပြားလွန်းလှသည်။ သူတို့သည် ပိုင်ဖုန်းစားသောက်ဆောင်တွင် ဟင်းတစ်ပွဲလျှင် ရွှေငါးဆယ်ဖြင့် ရောင်းချခဲ့သည်မှာပင် စုစုပေါင်း ရွှေတစ်သောင်းကျော်မျှသာ ရရှိသေးသည်။

ဝမ်ပင်း တောင်းဆိုသော ပမာဏမှာ သူတို့ရရှိသမျှ၏ ဆယ်ဆပင် ဖြစ်နေသည်။ သူတို့၏ ပုံမှန်ဝင်ငွေများမှာလည်း ခရီးစရိတ်များဖြင့် ကုန်ဆုံးလုနီးပါး ဖြစ်နေရာ ဤမျှသော ငွေပမာဏကို ရှာဖွေရန်မှာ မဖြစ်နိုင်သလောက်ပင်။ ရန်မိသားစုအတွက် ဆိုလျှင်လည်း အလားတူပင်။ စီးပွားရေးလုပ်ငန်းကြီးသော်လည်း သူတို့၏ ပိုင်ဆိုင်မှု အားလုံးကို ရောင်းချလိုက်လျှင်ပင် ရွှေတစ်သိန်းခန့်သာ ရရှိပေလိမ့်မည်။

မည်သူမျှ စကားမပြောနိုင်သည်ကို မြင်သောအခါ ဝမ်ပင်းက လှည့်ထွက်သွားရင်း စကားတစ်ခွန်း ချန်ထားခဲ့သည်။

"သေချာ စဉ်းစားပြီးမှ မသေမျိုးဂိုဏ်းကို လာရှာကြပါ"

"ဒါ... ဂိုဏ်းချုပ်ဝမ် ရွှေတစ်သိန်းဆိုတာက..."

ရန်ကျုံးရှန်းသည် ဝမ်ပင်းကို အမြန်ပင် တားဆီးလိုက်ပြန်သည်။

"ဂိုဏ်းချုပ်ဝမ်... နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား။ ရွှေနှစ်သောင်း ဆိုရင်ရော ဘယ်လိုလဲ အခုချက်ချင်းပဲ ငွေတိုကင်ကတ်ပြားတွေ သွားယူခိုင်းလိုက်ပါ့မယ်"

"ကျွန်တော် ပြောပြီးပြီလေ။ အထဲကို ဝင်ကြည့်ပြီးသွားပြီဆိုရင် ဒါက ငွေကြေးကိစ္စ တစ်ခုတည်း မဟုတ်တော့ဘူးလို့။ ဈေးနှုန်းကတော့ အသေပဲ။ ဝယ်ရင်ဝယ် မဝယ်ရင်လည်း ထားလိုက်ပါ"

"ဂိုဏ်းချုပ်ဝမ်... ကျွန်တော်တို့မှာ ရွှေတစ်သိန်း တကယ်မရှိလို့ပါ။ ဒါပေမဲ့ ဂိုဏ်းချုပ်က ကူညီမယ်ဆိုရင် ကျွန်တော့်ရဲ့ မိတ်ဆွေက နက်နဲသောနယ်ပယ်ပညာရှင် တစ်ယောက် ဖြစ်သလို ကျေးဇူးကန်းမယ့်သူမျိုးလည်း မဟုတ်ပါဘူး။ နောင်တစ်ချိန်မှာ ဂိုဏ်းချုပ်အတွက် သေချာပေါက် အင်အားတစ်ခု ဖြစ်လာပါလိမ့်မယ်"

နက်နဲသောနယ်ပယ်က အကူအညီတစ်ခုတဲ့လား။

ဝမ်ပင်းက ခေါင်းမော့၍ ပြုံးလိုက်သည်။ ထိုဆွဲဆောင်မှုမှာ တကယ်ပင် ကြီးမားသည်။

သို့သော် ရွှေတစ်သိန်း၏ ဆွဲဆောင်မှုက ပို၍ ကြီးမားနေသည်။

"စိတ်မကောင်းပါဘူး။ နက်နဲသောနယ်ပယ်က အကူအညီကို ကျွန်တော်က ဘာလုပ်ရမှာလဲ"

"ဟို... မှီခိုရာဂိုဏ်းက..."

ရန်ကျုံးရှန်း၏ စကားကို ဝမ်ပင်းက ဝင်၍ ဖြတ်ပြောလိုက်သည်။

သူက မှီခိုရာဂိုဏ်းကို ညဘက် လာကြည့်ခိုင်းလိုက်စမ်းပါ။ အကုန်လုံးကို မိစ္ဆာစစ်သည်တော် ဆီ ကျွေးပစ်လိုက်မယ်ဟု ပြောရန် ပြင်လိုက်သော်လည်း ထိုစကားမှာ ကြွားဝါလွန်းရာ ရောက်နေသည်ဟု တွေးမိသဖြင့် ပြန်ထိန်းလိုက်သည်။

နောက်ဆုံးတွင် သူသည် ကြွားဝါရခြင်းကို မနှစ်သက်သော နှိမ့်ချတတ်သည့် လူငယ်လေးတစ်ဦးပင်။

ရုတ်တရက်ဆိုသလိုပင် အားလန်းသည် ဝမ်ပင်း၏အနားသို့ တိုးကပ်လာပြီး ကြားဝင်ပြောလိုက်သည်။

"ဂိုဏ်းချုပ်ဝမ်... ကျွန်တော့်သခင် ဒဏ်ရာရနေတာကို ခင်ဗျား ဂရုမစိုက်ဘူးဆိုရင်တောင် ကျွန်တော် ခင်ဗျားအတွက် ဘာမဆို လုပ်ပေးနိုင်ပါတယ်။ ကျွန်တော့်သခင်ကိုသာ ကယ်တင်ပေးမယ်ဆိုရင် ခင်ဗျားရဲ့ အဟန့်အတားတွေနဲ့ ရန်သူမှန်သမျှကို ကျားဖြစ်စေ၊ မဖြစ်စေ ကျွန်တော် အမြစ်ပြတ်အောင် ရှင်းလင်းပေးပါ့မယ်။ ဘာနောက်ဆက်တွဲပြဿနာမှ မရှိစေရဘူးလို့လည်း အာမခံပါတယ်"

"အမြစ်ပြတ် ရှင်းလင်းခြင်း" ဆိုသည်မှာ တစ်မိသားစုလုံးကို အစဖျောက်၍ သုတ်သင်ရှင်းလင်းခြင်းကို ဆိုလိုခြင်းပင်။

ဤစကားကို ကြားသောအခါ ဝမ်ပင်းသည် အားလန်းကို အသေအချာ ပြန်ကြည့်မိသွားသည်။

သူ့ထက် အသက်အနည်းငယ်သာကြီးမားမည့် ဤလူငယ်လေးဆီမှ ဤမျှ ပြင်းထန်ရက်စက်သော စကားလုံးများ ထွက်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ဝမ်ပင်းသည် ယခုဘဝတွင် ၁၈ နှစ်တိုင် ရှင်သန်ခဲ့ပြီးဖြစ်ရာ ယခင်ဘဝက သဘောထား နူးညံ့လွန်းသူစိတ်ဓာတ်ကို လုံးဝ စွန့်လွှတ်ခဲ့ပြီးဖြစ်သည်။ သူ၏ ရန်သူကို သတ်ဖြတ်ခြင်းမှာ မှားယွင်းသောကိစ္စ မဟုတ်တော့ချေ။

သို့သော် သူသည် မသက်ဆိုင်သော တစ်မိသားစုလုံးကို အစဖျောက် သတ်ဖြတ်ရန်အထိတော့ စိတ်မကူးရဲသေးသလို တစ်စုံတစ်ယောက်က ကိုယ်ချစ်ခင်သူတစ်ယောက်အတွက်နှင့် ထိုသို့လုပ်မည်ဟုလည်း မတွေးဝံ့ခဲ့ပေ။

အားလန်းသည် ယွီမိုကို အလွန်အမင်း တန်ဖိုးထားသည်မှာ ထင်ရှားသော်လည်း ထိုတန်ဖိုးထားမှုကြောင့်ပင် သူ၏ စရိုက်မှာ အစွန်းရောက်သွားပုံရသည်။

တစ်မိသားစုလုံးကို သုတ်သင်မည်ဆိုသော စကားမှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။

ဝမ်ပင်းသည် သူ၏စကားကို ပြန်မပြောရန် ဆုံးဖြတ်လိုက်သည်ဤကဲ့သို့ အစွန်းရောက်သူများနှင့် ဆက်ဆံရခြင်းကို သူ မနှစ်သက်ပေ။

ထို့နောက် သူသည် ရန်ကျုံးရှန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်ရန်... ကျွန်တော်ကတော့ အရင်အတိုင်းပဲ ရွှေတစ်သိန်းပါ။ ခင်ဗျားတို့ မတတ်နိုင်ရင်လည်း ဒီအတိုင်းပဲ ထားလိုက်ပါတော့။ အစကတည်းက အထဲမဝင်ဖို့ ကျွန်တော် တားခဲ့ပေမဲ့ ခင်ဗျားတို့က ဇွတ်ဝင်ခဲ့တာပဲ။ စေတနာဆိုတာ အဖိုးမဖြတ်နိုင်ဘူးဆိုပေမဲ့... အခုတော့ အဖိုးအခ ရှိသွားပြီဗျ"

ဝမ်ပင်းသည် ယွင်လျောင်ထံမှ ယူထားသော သက်စောင့်စီးကရက်ကို လှုပ်ယမ်းပြလိုက်သည်။

ဝမ်ပင်း၏ လက်လှုပ်ရှားမှုနှင့်အတူ ရန်ကျုံးရှန်းနှင့် အခြားသူများ၏ မျက်နှာထားမှာ တော်တော်လေး ပျက်ယွင်းသွားသည်။

ယွီမိုကို ကယ်တင်နိုင်မည့် နည်းလမ်းမှာ သူတို့ရှေ့မှောက်တွင် ရှိနေသော်လည်း ရွှေတစ်သိန်းဆိုသော ပမာဏမှာ သူတို့အတွက် အလွန်များပြားလွန်းနေသည်။

ထိုအချိန်တွင် ဝမ်ပင်းက သူ့ကို လျစ်လျူရှုပြီး ရွှေတစ်သိန်းကိုသာ ဆက်လက်တောင်းဆိုနေသည်ကို မြင်သောအခါ အားလန်းမှာ ဒေါသပေါက်ကွဲသွားတော့သည်။

"ဝမ်... မင်းက အခြေအနေကို ကြည့်ပြီး အမြတ်ထုတ်ချင်တာပေါ့လေ။ ဒါဆိုရင်တော့ ငါ့ကို ရက်စက်တယ်လို့ မဆိုနဲ့တော့ အဲဒီစီးကရက်ကို အခုချက်ချင်း ပေးမလား မပေးရင်... သေပေတော့"

ချက်….

အားလန်းသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူ၏ခြေထောက်အောက်မှ ကျောက်ပြားများပင် တုန်ခါသွားပြီး သူ၏ အရှိန်အဝါမှာ တစ်ဝင်းလုံးကို လွှမ်းမိုးသွားတော့သည်။

"အားလန်း"

ဟွမ်ကုန်းက တားသော်လည်း အားလန်းက "စီနီယာဟွမ်ကုန်း... ကျွန်တော့်ကို အဲဒီစီးကရက်ကို လုယူခွင့်ပေးပါ" ဟု ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။

သူ ရှေ့သို့ တိုးဝင်လိုက်သည်နှင့် သူ၏လက်များအတွင်းမှ အပူရှိန်များ ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဘုန်း….

လက်သီးတစ်ချက်တည်းနှင့်ပင် မြေပြင်မှာ အက်ကွဲသွားပြီးနောက် ဝမ်ပင်း၏ ခြေထောက်အောက်မှ မြေစူးတစ်ခုမှာ ရုတ်တရက် ထိုးထွက်လာတော့သည်။

ဝမ်ပင်းက ရှောင်တိမ်းလိုက်ရင်း စိတ်ထဲမှ တွေးလိုက်မိသည်။

ငါထင်တာ မှန်တာပဲ အစွန်းရောက်တဲ့ စရိုက်ရှိသူက အစွန်းရောက်တဲ့ လုပ်ရပ်တွေကိုပဲ လုပ်

တတ်တာပဲ။ တစ်ခါတလေ ဦးနှောက်မပါတဲ့ လုပ်ရပ်မျိုးတောင် ပါသေးတယ်ဋဋ

ဤနေရာတွင် ယွီမိုကို ကယ်နိုင်သူမှာ သူတစ်ဦးတည်းသာ ရှိသည်။

ဝမ်ပင်းက ယွင်လျောင်ကို တိုးတိုးလေး လှမ်းခေါ်လိုက်သည်။

"အကြီးအကဲယွင်... ခင်ဗျား အလှည့်ရောက်ပြီ"

ယွင်လျောင်က ခေါင်းငြိမ့်ကာ မလှမ်းမကမ်းရှိ အားလန်းကို စိုက်ကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

နဂါးဟိန်းသံ အသံလှိုင်းများသည် ဝင်းတစ်ခုလုံးကို ရိုက်ခတ်သွားရာ ဘေးပတ်ဝန်းကျင်ရှိ လူများမှာ မူးမေ့လဲကျလုနီးပါး ဖြစ်သွားကြသည်။ ကျင့်ကြံမှုအဆင့် မနိမ့်လှသော ဟွမ်ကုန်းပင်လျှင် မျက်နှာဖြူလျော့သွားပြီး နားကို ပိတ်ထားရင်းမှ ခက်ခဲစွာ သတိပြန်သွင်းလိုက်ရသည်။

လူတိုင်း မျက်စိပြန်ဖွင့်ကြည့်လိုက်သောအခါ သူတို့ခြေထောက်အောက်မှ လက်မဝက်ခန့်ထူသော ကျောက်ပြားများမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွနေသည်ကို တွေ့လိုက်ရသည်။

"အဆင့် ၁၃ ရှိတဲ့ သွေးကြောအတတ်ဆရာသခင်"

အားလန်းသည် ခေါင်းကို ခါယမ်းကာ မူးဝေနေမှုကို အောင့်အည်းရင်း မတ်မတ်ရပ်နေသော်လည်း သူ၏ မျက်နှာမှာ အလွန်ကြည့်ရဆိုးနေသည်။

ဤနေရာတွင် အဆင့် ၁၃ သွေးကြောအတတ်ကို တတ်မြောက်ထားသည့် ကျင့်ကြံသူတစ်ဦးနှင့် တွေ့ရလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

ဆန်းဝူမြို့အပြင်ဘက်ရှိ မိသားစုကြီးများ သို့မဟုတ် ကြယ် ၃ ပွင့်အဆင့်ရှိသော ဂိုဏ်းများတွင်ပင် ဤကဲ့သို့ ပညာရှင်မျိုးမှာ အလွန်ရှားပါးလှသည်။

ထိုမျှ ရှားပါးပါလျက်နှင့် ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းသွေးကြောအတတ်ကို သုံးနိုင်သူနှင့် ထိပ်တိုက်တွေ့နေရသည်။ကျောက်ခဲကို ဥနှင့် ထုသလိုပင် ဖြစ်နေတော့သည်။

"မင်း ဆက်တိုက်ချင်သေးလား"

"ကျွန်တော် အရှုံးပေးပါတယ်။ ခင်ဗျားက ပိုသာပါတယ်။ မသေမျိုးဂိုဏ်းမှာ သွေးကြောအတတ်ကို ကျင့်ကြံထားတဲ့သူ ရှိနေမယ်လို့ ကျွန်တော် မထင်ခဲ့ဘူး။ မသေမျိုးဂိုဏ်းက တကယ်ကို လက်ဖျားခါလောက်ပါပေတယ်"

အားလန်း၏ နောက်ဆုံးစကားများထဲတွင် နာကျည်းမှုများ ပါဝင်နေသည်။ အကယ်၍ ဤသူသည် သာမန် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ မျှသာ ဖြစ်ပါက သူသည် ယနေ့တွင် အားလုံးကို သတ်ဖြတ်ပြီး စီးကရက်ကို လုယူကာ သူ၏သခင်ကို ကယ်တင်နိုင်မည် ဖြစ်သည်။

အားလန်းသည် အားလျော့စွာဖြင့် နောက်သို့ ဆုတ်ခွာသွားစဉ်မှာပင် အခန်းတွင်းမှ နှေးကွေးသော်လည်း ပြတ်သားသော ခြေသံများကို ကြားလိုက်ရသည်။ သံလှိုင်းကြောင့် ပိတ်သွားသော တံခါးမှာ ပြန်လည် ပွင့်လာတော့သည်။

ဘုန်း…

တံခါးဘောင်ကို တစ်စုံတစ်ခုက ဖမ်းကိုင်လိုက်ပြီး ကိုင်းညွှတ်နေသော လူရိပ်တစ်ခု ပေါ်လာကာ လက်တစ်ဖက်က တံခါးဘောင်ကို ကိုင်ထားပြီး နောက်တစ်ဖက်က ဒူးကို ထောက်ထား၏။

ထိုသူမှာ ယွီမိုပင်။

ယွီမို၏ မျက်နှာမှာ ဖြူဖတ်ဖြူလျော် ဖြစ်နေပြီး နာတာရှည် ဝေဒနာရှင်တစ်ဦးကဲ့သို့ ဖြစ်

နေသည်။ သူ့ထံမှ နက်နဲသောနယ်ပယ်ပညာရှင်တစ်ဦး၏ အရှိန်အဝါမျိုး လုံးဝ မတွေ့ရတော့ချေ။

စောစောက ဖြစ်ပျက်သမျှကို သူ အထဲမှ အကုန်ကြားနေခဲ့သည်။ သူသည် ဝမ်ပင်း၏ ရက်စက်မှုကို အပြစ်မတင်ဘဲ သူ၏ ကံကြမ္မာကိုသာ အပြစ်တင်မိသည်။

ဝမ်ပင်း တောင်းဆိုသော ဈေးနှုန်းမှာ မြင့်မားလှသော်လည်း ဝမ်ပင်းတွင် ထူးကဲသော ဆေးပညာရှိသည်မှာတော့ မငြင်းနိုင်သော အမှန်တရားပင်။

"ရွှေတစ်သိန်း... ငါပေးမယ်"

ယွီမိုက အားနည်းလွန်းလှသော အသံဖြင့် အော်ဟစ်လိုက်သည်။ ဤစကားလုံး ၅ လုံးကို ပြောပြီးနောက် သူသည် ချက်ချင်းပင် နွမ်းလျသွားတော့သည်။ ထိုစကားတစ်ခွန်းမှာပင် သူ၏ အသက်စွမ်းအား ထက်ဝက်ခန့်ကို အသုံးပြုလိုက်ရသကဲ့သို့ပင်။

အားလန်းက မကျေမနပ်ဖြင့် "သခင်... သူက အခြေအနေကို ကြည့်ပြီး အမြတ်ထုတ်နေတာပါ" ဟု ပြောလိုက်သည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ယွီမိုက ပြန်ပြောသည်။

"အားလန်း... ငါ မင်းကို တစ်ခု မေးပါရစေ။ အသက်မရှိတော့ရင် ငွေတိုကင်ကတ်ပြားတွေက ဘာအတွက် သုံးစားလို့ ရမှာလဲ"

အခန်း။ ၅၄

အားလန်းက ချက်ချင်းပင် တုံ့ပြန်လိုက်သည် "သခင်... သခင်ကြီးရဲ့အသက်က ရွှေတစ်သိန်းမက တန်ဖိုးရှိတာ မှန်ပေမဲ့ ကျွန်တော်တို့ ရွှေတစ်သိန်း ဘယ်မှာသွားရှာရမလဲဗျာ။ ကျွန်တော်တို့ဆီမှာ ရှိတာ ရွှေတစ်သောင်းတောင် မပြည့်ချင်ဘူး။ ဒါက လိုအပ်တဲ့ ပမာဏရဲ့ အစိတ်အပိုင်းလေးပဲ ရှိပါသေးတယ်"

ယွီမိုက ဘာမှပြန်မပြောပေ။ အားလန်းကို အဖြေမပေးချင်၍လော သို့မဟုတ် မဖြေနိုင်တော့၍လော မသိနိုင်ချေ။

တံခါးဘောင်ကို အားပြုထားသော သူ၏လက်မှာ ရုတ်တရက် လျှောကျသွားပြီး ခန္ဓာကိုယ်မှာ တံခါးချပ်ကို မှီလျက် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ထိုင်ကျသွားတော့သည်။ သူသည် တံခါးကို ကျောမှီထားရင်း သူ၏ရင်ဘတ်ဆီသို့ တစ်ချက်ကြည့်လိုက်သည်။ သူ၏ဒဏ်ရာကို တည့်

တည့်မကြည့်ရဲသဖြင့် အကြည့်ကို သူ၏လက်ဖျားများဆီသို့ လွှဲပြောင်းလိုက်၏။

နာကျင်မှုကြောင့် တုန်ရင်နေသော လက်ဖျားများကို ကြည့်ပြီးနောက် သူသည် ခါးသီးသော အပြုံးတစ်ခုကို အားယူပြုံးလိုက်ကာ ရန်ကျုံးရှန်းကို ကြည့်လိုက်သည်။

ရန်ကျုံးရှန်းက အလျှင်အမြန်ပင် "ညီအစ်ကိုယွီ... ကျွန်တော့်မှာလည်း အဲဒီလောက် ငွေပမာဏကို တတ်နိုင်တဲ့ စွမ်းအားမရှိဘူးဗျ" ဟု ပြောလိုက်သည်။

"မဟုတ်ပါဘူး... မင်းကို လုပ်ပေးစေချင်တဲ့ အကူအညီတစ်ခု ရှိလို့ပါ"

"ပြောပါ ညီအစ်ကိုယွီ"

"ငါ့ဆီမှာ ဓားသိုင်းကျမ်းတစ်ခုရှိတယ်။ အဲဒါက အဝါရောင်အဆင့် နိမ့်ပါးအလွှာရှိတဲ့ သွေးကြောအတတ်တစ်ခုပဲ။ အဲဒါကို အမြန်ဆုံး ရောင်းထုတ်ပေးဖို့ ကူညီပေးနိုင်မလား"

"သွေးကြောအတတ်ကို ရောင်းမယ်ဟုတ်လား"

ရန်ကျုံးရှန်းမှာ ထိတ်လန့်သွားပြီး ဦးနှောက်ပင် ဗလာဖြစ်သွားရသည်။

ယွီမိုသည် သူ၏အသက်ကို ကယ်တင်ရန်အတွက် သူ၏ ပိုင်ဆိုင်မှုများကို ရောင်းချရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သူသိလိုက်သည်။ သွေးကြောအတတ် ဆိုသည်မှာ အဖိုးမဖြတ်နိုင်သော ကုန်စည်များဖြစ်ပြီး ရောင်းချသူ အလွန်ရှားပါးကာ ကူးသန်းရောင်းဝယ်ရေးလောကတွင် မြင်တွေ့ရခဲလှသဖြင့် ဤအခြေအနေကို သူကိုယ်တိုင်လည်း မမြင်လိုပေ။

သို့သော် ရွှေတစ်သိန်းဆိုသော ပမာဏမှာ အင်အားကြီးအဖွဲ့အစည်းတစ်ခုမှ နက်နဲသောနယ်ပယ် ပညာရှင်တစ်ဦးဆိုလျှင် ထုတ်ပေးနိုင်ကောင်းသော်လည်း တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးအဖို့ ရွှေတစ်သောင်းရှိနေခြင်းမှာပင် ကံကောင်းလှပြီဟု ဆိုရမည်။

သွေးကြောအတတ်ကို ရောင်းချခြင်းမှာ ယွီမိုအတွက် တစ်ခုတည်းသော ထွက်ပေါက် ဖြစ်ပုံရသည်။

"နားလည်ပါပြီ ဒီညပဲ သတင်းလွှင့်လိုက်ပါ့မယ်။ နောက်ဆုံး သန်ဘက်ခါထက် နောက်မကျစေဘဲ ရောင်းထွက်အောင် လုပ်ပေးပါ့မယ်"

"ကျေးဇူးတင်ပါတယ်"

ထို့နောက် ယွီမိုသည် ဝမ်ပင်းကို စိုက်ကြည့်ကာ "ညီငယ်... ငါတို့ အရောင်းအဝယ်တစ်ခုလောက် လုပ်ကြမလား" ဟု ပြောလိုက်သည်။

ဝမ်ပင်းက ပြုံးလိုက်ပြီး "ရွှေတစ်သိန်းပါ။ ဈေးဆစ်လို့ မရပါဘူး။ အကယ်၍ ဈေးဆစ်ဖို့ ကြံနေတာဆိုရင်တော့ ဆက်ပြောဖို့ မလိုတော့ပါဘူး"

"ငါ ယွီမိုဆိုတာ ငွေကို နှမြောတွန့်တိုတတ်တဲ့သူ မဟုတ်ပါဘူး။ ဒီဓားသိုင်းကျမ်းကို ရောင်းရင် ရွှေတစ်သိန်းမက ရမှာမို့ မင်းကိုပေးဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ မင်းနဲ့ ဒီထက်ကြီးမားတဲ့ အရောင်းအဝယ်တစ်ခု လုပ်ချင်လို့ပါ"

"ပြောပါဦး"

"ငါ့ကိုယ်ထဲက အော်ဟစ်မြွေမိစ္ဆာအဆိပ်ကို အမြစ်ပြတ်အောင် ဖယ်ရှားပေးပါ။ ဒါဆိုရင် ဓားသိုင်းကျမ်းရောင်းလို့ ရသမျှ ငွေအားလုံးအပြင် အခု ငါ့ဆီမှာရှိတဲ့ ရွှေတစ်သောင်းကိုပါ မင်းကို ပေးပါ့မယ်။ ဒီအရောင်းအဝယ်ကို လက်ခံမလား"

"သဘောတူတယ်"

ယွီမိုသည် ဘေးတွင် ရပ်နေသောသူကို ကြည့်ကာ "အားလန်း... ငွေတိုကင်ကတ်ပြားတွေ ပေးလိုက်တော့" ဟု အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ"

အားလန်းသည် မကျေမနပ်ဖြင့်ပင် သူကိုင်ထားသော ငွေတိုကတ်ပြားများကို ဝမ်ပင်းထံ ကမ်းပေးလိုက်သည်။

ဝမ်ပင်းသည် ငွေတိုကတ်ပြားများကို လက်ခံရရှိပြီးနောက် သက်စောင့်စီးကရက်ကို မီးညှိလိုက်ပြီး "စီနီယာ... ဒါကို ပါးစပ်နဲ့ခဲထားပါ။ ပါးစပ်ကနေ ရှူသွင်းပြီး နှာခေါင်းကနေ ပြန်ထုတ်ပါ။ ဒါ ကုန်သွားပြီဆိုရင်တော့ မိစ္ဆာအဆိပ်က အလိုလို ငြိမ်သွားပါလိမ့်မယ်။ ကျွန်တော့်မှာ တခြားကိစ္စတွေ ရှိသေးတာမို့ အခုတော့ ခွင့်ပြုပါဦး။ ဒီညကျရင် မသေမျိုးဂိုဏ်းကို တိုက်ရိုက် လာခဲ့နိုင်ပါတယ်"

"ငါ ဒီည လာခဲ့ပါ့မယ်"

ယွီမိုက ခေါင်းညိမ့်ပြသည်။

သူတို့နှစ်ဦးမှာ စကားဆက်မပြောတော့ဘဲ ဝမ်ပင်းသည် ယွင်လျောင်နှင့်အတူ ရန်အိမ်တော်မှ တိုက်ရိုက် ထွက်ခွာခဲ့သည်။

လမ်းပေါ်တွင် လျှောက်လာစဉ် ယွင်လျောင်မှာ ဘေးဘီသို့ပင် မကြည့်ဘဲ တိတ်ဆိတ်နေသော်လည်း ဖြတ်သွားဖြတ်လာ အမျိုးသမီးများမှာမူ သူ့ကို မကြည့်ဘဲ မနေနိုင်ကြချေ။

ဤကဲ့သို့သော လူမျိုးနှင့်အတူ လမ်းလျှောက်နေရသော်လည်း ဝမ်ပင်းမှာ မည်သည့်ဖိအားမျှ မခံစားရပေ။ အကြောင်းမှာ ခန့်ညားချောမောခြင်းမှာ သူ၏ အမှတ်အသားတစ်ခု အမြဲဖြစ်နေခဲ့သောကြောင့်ပင်။

ဈေးတန်းထဲတွင် ခဏလျှောက်ပြီးနောက်တွင်မှ ယွင်လျောင်က စကားစလိုက်သည်။

"ဂိုဏ်းချုပ်... ဟို နက်နဲသောနယ်ပယ် ပညာရှင်က နောက်ပိုင်းမှာ ကတိဖျက်မှာကို မစိုးရိမ်ဘူးလား။ နောက်ပြီး သူ့ကို မသေမျိုးဂိုဏ်းကို လာခိုင်းလိုက်တာက... ဆွဲအားစက်ကွင်းနဲ့ တခြားအရာတွေကြောင့် ပြဿနာဖိတ်ခေါ်သလို ဖြစ်မသွားဘူးလား"

"နောက်ဆုံးတော့ မအောင့်နိုင်ဘဲ မေးပြီပေါ့"

ဝမ်ပင်းက ရယ်မောလိုက်ရင်း "ဘာကို ကြောက်နေရမှာလဲ။ အဆိပ်မပြေသေးခင်အထိ သူက အများဆုံး ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၂ ဒါမှမဟုတ် ၁၃ လောက်ပဲ ရှိမှာပါ။ ခင်ဗျား အလွယ်လေး ကိုင်တွယ်နိုင်ပါတယ်။ လိုအပ်လာရင် ဟားဟားကိုပါ လွှတ်လို့ရသေးတယ်"

"ဒါပေမဲ့ သူ နက်နဲသောနယ်ပယ် စွမ်းအားတွေ ပြန်ရလာရင်ရော ဘယ်လိုလုပ်မလဲ"

"သူ့ရဲ့ စွမ်းအားတွေ ပြန်ရဖို့ဆိုတာ အချိန်အကြာကြီး ယူရဦးမှာပါ"

ဝမ်ပင်းက ပြုံးလိုက်သည်။ ယွင်လျောင်မှာ ဝမ်ပင်း၏ စကားထဲမှ ရယ်စရာကို နားမလည်ဘဲ ခဏမျှ မှင်တက်သွားမိသည်။ သို့သော် ခေတ္တမျှ စဉ်းစားပြီးနောက်တွင်တော့ ယွင်လျောင်သည် နက်နဲလှသော ပရိယာယ်တစ်ခု၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။

ရုတ်တရက် သူ သတိပြုမိသွားသည်မှာ သူသည် ဂိုဏ်းချုပ်ထံမှ သက်စောင့်စီးကရက်ကို မတောင်းရသေးပေ။ စောစောက နက်နဲသောနယ်ပယ် ပညာရှင်ထံသို့ ကမ်းပေးလိုက်သော စီးကရက်မှာ အမှန်စင်စစ် ဝမ်ပင်း၏ ကိုယ်ပိုင်စီးကရက် ဖြစ်နေခဲ့ခြင်းပင်။

သို့သော် သူ လိုက်လံဖမ်းဆီးရန် ပြင်လိုက်ချိန်တွင် ဝမ်ပင်းမှာ အတော်ပင် ဝေးကွာသော နေရာသို့ ရောက်ရှိသွားသည်။

ညနေဆည်းဆာ အချိန်သို့ ရောက်ရှိလာခဲ့ကာ ဝမ်ပင်းသည် ညစာစားသောက်ပြီးနောက် အစာကြေညက်စေရန် ရင်ပြင်ပေါ်တွင် လမ်းလျှောက်နေစဉ် ယွီမိုမှာ မျှော်လင့်ထားသည့်အတိုင်း ရောက်ရှိလာခဲ့သည်။

ယွီမိုနှင့်အတူ ဟွမ်ကုန်း၊ ရန်မိသားစုခေါင်းဆောင် ရန်ကျုံးရှန်းနှင့် ယွီမိုကို ထမ်းလာသော အစေခံလေးဦးတို့ ပါလာကြသည်။

ထိုအစေခံလေးဦးမှာ သာမန်လူများဖြစ်ကြပြီး ပေါင်တစ်ရာကျော် လေးလံသော လူတစ်ယောက်ကို အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ကာ ထမ်းလာရသဖြင့် တောင်ထိပ်သို့ ရောက်သောအခါ လျှာထွက်မတတ် မောဟိုက်နေကြပြီး သူတို့၏ အင်္ကျီကော်လာများမှာလည်း ချွေးများဖြင့် ရွှဲရွှဲစိုနေတော့သည်။

သူတို့၏ စိတ်ထဲတွင်တော့ နောက်တစ်ကြိမ် ဝက်ခြံလှည်းခိုင်းလျှင်ပင် လုပ်မည်ဖြစ်သော်လည်း ဤယွန်းလန်တောင်ပေါ်သို့တော့ နောက်ဘယ်တော့မှ မတက်တော့ဘူးဟု ဆုံးဖြတ်ထားကြမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ဝမ်ပင်းက "စီနီယာမိစ္ဆာစားဖိုမှူးကြီး... ခင်ဗျားပါ ဘာလို့ လိုက်လာတာလဲ" ဟု မေးလိုက်သည်။

"အမ်... ငါ့ညီအစ်ကိုက ပြုစုစောင့်ရှောက်ဖို့ လိုအပ်လို့ပါ"

အမှန်စင်စစ် သူသည် ယွီမိုအတွက် စိတ်မချ၍ဟု ပြောရန် ပြင်လိုက်သော်လည်း ထိုသို့ပြောပါက ဝမ်ပင်းကို သံသယဝင်ရာ ရောက်မည်ကို စိုးရိမ်သဖြင့် စကားကို ချက်ချင်း ပြောင်းလိုက်ခြင်းပင်။ သူသည် ယွီမိုကို ပြုစုရန် လိုအပ်၍သာ တောင်ပေါ်သို့ တက်လာခဲ့ခြင်း ဖြစ်ကြောင်း ပြောလိုက်သည်။

"ဒါဆိုရင်တော့ ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ။ သတိပြုရမှာကတော့ ဘေးကို လျှောက်မသွားကြပါနဲ့ ာကျွန်တော့်ဆီမှာ ခွေးတွေ ရှိတယ်"

ထိုသို့ပြောပြီးနောက် ဝမ်ပင်းသည် လူအုပ်စုကို အိပ်ဆောင်များရှိရာဘက်သို့ ဦးဆောင်ခေါ်သွားခဲ့သည်။ လမ်းခုလတ်တွင် ဟွမ်ယီနှင့် အခြားသူများကို ဆုံတွေ့ခဲ့ကြသည်။

"အဖေ"

"ဖေဖေ"

သူတို့နှစ်ဦးမှာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး ဝမ်ပင်းကို အရိုအသေပေးကာ သူတို့၏ ဆွေမျိုးသားချင်းများနှင့် စကားစမြည် ပြောဆိုကြတော့သည်။

သို့သော် ဟွမ်ကုန်းသည် ရန်လီလီကို ကြည့်လိုက်သောအခါ သူ၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားသည်။ ရန်လီလီသည် တစ်လအတွင်းမှာပင် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်ငါးသို့ ရောက်ရှိသွားကြောင်း ရန်ကျုံးရှန်း ပြောပြခဲ့သည်ကို သူ မှတ်မိနေသည်။

"ဒါပေမဲ့ အခု အဆင့်ခြောက်ကို ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရောက်သွားတာလဲ။ အသက် ၁၅ နှစ် ပြည့်ပြီးကာစတင် ရှိသေးတယ်။ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်ခြောက်ကို ရောက်နေပြီတဲ့လား။ ဒါက... တကယ့်ကို မယုံနိုင်စရာပဲ"

"လီလီ... မင်းရဲ့ ပါရမီက တကယ်ကို အားရစရာပဲ။ နောင်တစ်ချိန်မှာ ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရမှာ သေချာတယ်"

ဟွမ်ကုန်းက မချီးမွမ်းဘဲ မနေနိုင်တော့ချေ။

"ဗျာ"

ရန်လီလီက နားမလည်နိုင်သလိုမျိုး ခေါင်းကို ကုတ်လိုက်ပြီး ဟွမ်ကုန်းကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။

"အသက် ၁၅ နှစ်နဲ့ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်ခြောက်ဆိုတာ အရှေ့အိုင်နယ်မြေမှာဆိုရင် ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့အတွင်းက ပါရမီရှင်တွေဆီမှာပဲ တွေ့နိုင်တာ။ ဒီသတင်းသာ ပျံ့သွားရင် နက်နဲသောနယ်ပယ်က ပညာရှင်တွေ အများကြီးက မင်းကို တပည့်အဖြစ် လက်ခံဖို့ လုနေကြလိမ့်မယ်။ မင်းရဲ့ အနာဂတ်က တကယ်ကို တောက်ပနေပြီ"

ရန်ကျုံးရှန်းသည် ဟွမ်ကုန်း၏ စကားကို ကြားသောအခါ ရန်လီလီကို အကဲခတ်သည့် အကြည့်များဖြင့် ထပ်မံ ကြည့်ရှုလိုက်သည်။

သူ၏ ကျင့်ကြံမှုအဆင့်မှာ ရန်လီလီ၏ အဆင့်ကို ခွဲခြားနိုင်လောက်အောင် မမြင့်မားသော်လည်း ဟွမ်ကုန်း၏ စကားကို ယုံကြည်သဖြင့် ရန်လီလီ၏ ပုခုံးကို ဂုဏ်ယူစွာ ပုတ်လိုက်မိသည်။

ဤပုတ်လိုက်မှုတွင် သားဖြစ်သူအပေါ် ထားရှိသော ဖခင်တစ်ဦး၏ မျှော်လင့်ချက်နှင့် ချစ်ခြင်းမေတ္တာများ အပြည့်အဝ ပါဝင်နေသည်။

"ငါတို့ ရန်မိသားစုမှာ ဆက်ခံမယ့်သူ ရှိပြီဟေ့"

ရန်လီလီသည် ဟွမ်ကုန်း ပြောလိုသော ကြီးကျယ်သော အောင်မြင်မှု ဆိုသည်ကို သဘောပေါက်သွားသည်။

သို့သော် သူသည် ပြန်လည် ဖြေကြားခြင်း မပြုသလို ယဉ်ကျေးသော စကားများကိုလည်း မပြောမိချေ။

သူ ရရှိထားသော အောင်မြင်မှုများ၏ ကိုးဆယ်ရာခိုင်နှုန်းမှာ မသေမျိုးဂိုဏ်းတွင် ရှိနေခြင်းကြောင့် ဖြစ်ကြောင်း သူ ကောင်းကောင်း နားလည်ထားသည်။

အကယ်၍ သူသည် အပြင်လောကတွင်သာ ကျင့်ကြံနေမည်ဆိုပါက ဤအဆင့်သို့ ရောက်ရန် အနည်းဆုံး နောက်ထပ် ခြောက်လခန့် အချိန်ယူရပေလိမ့်မည်။

နက်နဲသောနယ်ပယ်က ပညာရှင်များ တပည့်အဖြစ် လာရောက်ခေါ်ယူမည် ဆိုသည့် ကိစ္စမှာလည်း တကယ်ဖြစ်လာခဲ့လျှင်ပင် သူသည် မည်သူ့နောက်မှ လိုက်သွားမည် မဟုတ်ချေ။

ထိုစဉ်မှာပင် ဟွမ်ယီသည် ယွီမို၏ ဘေးသို့ မသိမသာ ရောက်ရှိလာပြီး ယွီမို၏ အေးစက်နေသော လက်ကို ဆုပ်ကိုင်ကာ "ဦးလေးယွီ... ဘာဖြစ်လို့လဲဟင်" ဟု မေးလိုက်သည်။

"ယီလေး... ဒါက အသေးအဖွဲလေးပါ"

ယွီမိုက နူးညံ့သော အပြုံးဖြင့် ပြန်လည် ဖြေကြားလိုက်သည်။

သူတို့နှစ်ဦး စကားပြောနေကြရင်းနှင့် သစ်တောလမ်းကို ကျော်ဖြတ်ကာ အိပ်ဆောင်များရှိရာ နေရာသို့ ရောက်ရှိလာခဲ့သည်။

အိပ်ဆောင်များ ဝန်းကျင်ရှိ ရင်သပ်ရှုမောဖွယ် ရှုခင်းများက လူတိုင်းကို အံ့အားသင့်သွားစေသည်။ အထူးသဖြင့် ရေကန်များ၏ တည်ဆောက်ပုံမှာ သဘာဝအတိုင်း ဖန်တီးထားသည့်အလား ထူးခြားသည်။

ဟွမ်ကုန်းမှာမူ တောင်တန်းနှင့် ရေမြေများစွာကို ဖြတ်သန်းဖူးသူဖြစ်ရာ အထူးတဆန်း မဖြစ်လှသော်လည်း ရန်ကျုံးရှန်းမှာမူ ကြည့်ရင်းနှင့် တအံ့တဩ ဖြစ်နေမိသည်။

ကြယ်နှစ်ပွင့်အဆင့်ရှိသော ဂိုဏ်းတစ်ခုမှာ အမှန်တကယ်ပင် မတူညီသော အခြေခံအုတ်မြစ်များ ရှိနေကြောင်း သူ သဘောပေါက်လိုက်သည်။

အနည်းဆုံးတော့ သူ မှီခိုရာဂိုဏ်းသို့ သွားရောက်စဉ်က ဤကဲ့သို့သော ရှုခင်းမျိုးကို မတွေ့ခဲ့ရပေ။

ထိုအချိန်တွင် ဝမ်ပင်းက ရပ်လိုက်ပြီး သစ်သားတံတားပေါ်တွင် အားလုံးကို ရပ်တန့်ရန် အချက်ပြလိုက်ကာ ပြောလိုက်သည်။

"စီနီယာမိစ္ဆာစားဖိုမှူးကြီး၊ ခေါင်းဆောင်ရန်... ခင်ဗျားတို့ ဒီမှာ ခဏလောက် စောင့်ပေးကြပါ။ လီလီက အကြီးအကဲယွီကို ထမ်းပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"

"ဒါက..."

ရန်ကျုံးရှန်းနှင့် ဟွမ်ကုန်းတို့မှာ ဘာလို့ဝင်ခွင့်မရတာလဲဟု တွေးတောရင်း ဆွံ့အသွားကြသည်။

သူတို့ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပင်းမှာ သစ်သားတံတားပေါ်သို့ လှမ်းတက်သွားပြီး နောက်သို့ လှည့်မကြည့်ဘဲ ထွက်ခွာသွားသည်။

ရန်လီလီက နောက်မှ အနီးကပ် လိုက်ပါသွားသည်။

ဤသည်ကို မြင်သောအခါ ဟွမ်ယီက အလျင်အမြန် ရှင်းပြလိုက်သည်။

"အဖေ... ဦးလေးရန်... ဒီနေရာက အိပ်ဆောင်ဧရိယာလေ။ မသေမျိုးဂိုဏ်းရဲ့ တပည့်တွေပဲ ဝင်ခွင့်ရှိတာ။ မသေမျိုးဂိုဏ်းဝင်တွေဆိုရင်တောင် ဒီမှာနေဖို့အတွက် တစ်နေ့ကို ရွှေဒင်္ဂါး ငါးဆယ် ပေးရတာပါ"

All Chapters