← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း။ ၅၅

"ဟမ်….."

"တစ်နေ့ကို ရွှေဒင်္ဂါး ၅၀ ဟုတ်လား..."

ရန်ကျုံးရှန်းနှင့် ဟွမ်ကုန်းတို့နှစ်ဦးစလုံး အံ့အားသင့်သွားကြပြီး ဟွမ်ယီကို မယုံကြည်နိုင်သလို စိုက်ကြည့်လိုက်ကြသည်။

ရွှေဒင်္ဂါး ၅၀ ဆိုသည်မှာ သူတို့အတွက် အလွန်အမင်း များပြားသော ပမာဏမဟုတ်သော်လည်း အိပ်စက်နားနေသည့် နေရာတစ်ခုအတွက် တစ်ညလျှင် ၅၀ ဆိုသည်မှာတော့ တကယ့်ကို အဓိပ္ပာယ်မရှိလောက်အောင် ကြီးလေးလွန်းလှသည်။

အရှေ့အိုင်နယ်မြေအနှံ့ လှည့်လည်သွားလာဖူးသော ဟွမ်ကုန်းပင်လျှင် ဤမျှ ဈေးကြီးလွန်းသည့် တည်းခိုခန်းမျိုး တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။

ဟွမ်ယီသည် သူတို့၏ မျက်နှာထားကို ကြည့်ကာ သက်ပြင်းချရင်း ပြုံးလိုက်မိသည်။ အိပ်ဆောင်ဝင်းအတွင်းမှ လျှို့ဝှက်ချက်များကို မည်သူ့ကိုမျှ မပြောပြရန် ဝမ်ပင်းကို ကတိပေးထားခဲ့ရသည်။ မဟုတ်ပါက ဟားဟားကို လွှတ်ပြီး ကိုက်ခိုင်းမည်ဟု ခြိမ်းခြောက်ခံထားရခြင်းပင်။

ထိုစဉ်မှာပင် ဝေးကွာသော နေရာမှ ခွေးဟောင်သံတစ်ခု ထွက်ပေါ်လာသည်။

ဝု... ဝု

မီးဖိုချောင်ကို စောင့်ကြပ်နေသော ဟားဟားသည် တောအုပ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး သစ်သားတံတားဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာတော့သည်။

သူသည် တံတားရှေ့တွင် ရပ်ကာ အိပ်ဆောင်ဝင်းထဲသို့ ဝင်ရန် ပြင်နေသော အားလန်းကို ကြည့်ပြီး "ရှေ့ကို တစ်လှမ်းတိုးရင် မင်းကို ငါ ကိုက်မှာနော်" ဟု ပြောနေသည့်အလား ဒေါသတကြီး ဟောင်တော့သည်။

"ငါ့လမ်းကို လာမပိတ်နဲ့ စုတ်ဖွာနေတဲ့ ခွေးစုတ်ရဲ့"

အားလန်းသည် ထိုသို့ပြောရင်း ခွေးကို ကန်ပစ်ရန် ခြေထောက်ကို ရွယ်လိုက်သည်။

ဟွမ်ယီသည် အားလန်း၏ အနားသို့ အပြေးအလွှား သွားကာ သူ၏ ညာဘက်ခြေထောက်ကို ပိတ်တားလိုက်ပြီး "အားလန်း... နင် ဘာလုပ်နေတာလဲ" ဟု မေးလိုက်သည်။

"နင်နဲ့ မဆိုင်ဘူး ဖယ်စမ်း"

ဤစကားကို ကြားသောအခါ ဟွမ်ယီသည် ခြေထောက်ကို ဖြည်းညှင်းစွာ ဖယ်ပေးလိုက်ပြီး "နင် လုပ်ချင်သလို လုပ်ပါ။ ဒါပေမဲ့ တစ်ခုခုဖြစ်လာရင် ငါ မသတိပေးဘူးလို့တော့ အပြစ်မတင်နဲ့ဦး" ဟု ပြောလိုက်သည်။

"ဟွန့်"

အားလန်းသည် ဟွမ်ယီ၏ စကားကို ကြားသောအခါ ယွင်လျောင်၏ မျက်နှာကို ပြေးမြင်ယောင်သွားပြီး ခဏမျှ တုံ့ဆိုင်းသွားကာ နောက်သို့ ပြန်ဆုတ်လိုက်သည်။

ခွေးဟောင်သံက သူ့ကို ဒေါသထွက်စေပြီး သတ်ပစ်ချင်စိတ် ပေါက်စေသော်လည်း ခွေးကို ရိုက်လျှင် သခငါကို ကြည့်ရမည်ပင်။ ဤနေရာမှာ ဆန်းဝူမြို့ မဟုတ်ဘဲ မသေမျိုးဂိုဏ်း ဖြစ်နေသည်ကို သူ သတိရသွားပုံရသည်။

အားလန်း နောက်ဆုတ်သွားပြီးနောက် ဟွမ်ယီက အေးဆေးစွာ ပြောလိုက်သည်။

"အားလန်း... နင် ငါ့ကို ကျေးဇူးမတင်သေးဘူးလား"

"ငါက ဘာလို့ နင့်ကို ကျေးဇူးတင်ရမှာလဲ"

"ဘာလို့လဲဆိုတော့ ငါ အခုပဲ နင့်အသက်ကို ကယ်လိုက်လို့ပေါ့"

"ရယ်စရာတွေ... ငါ ဒီမှာ တစ်ကိုယ်လုံး အကောင်းပကတိ ရပ်နေတာကို ဘယ်မှာ အသက်ကယ်လိုက်တာလဲ"

အားလန်းက ခပ်တိုးတိုး ရယ်မောလိုက်ပြီး ထိုင်ရန် ကျောက်တုံးတစ်တုံးကို ရှာလိုက်တော့သည်။ အထဲဝင်ခွင့်မရသဖြင့် မတ်တပ်ရပ်ပြီး စောင့်မနေချင်တော့ချေ။

ဟွမ်ယီက အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး "နင် ခုနကသာ ကန်လိုက်ရင် ဦးလေးယွီတောင် နင့်ကို ကယ်နိုင်မှာ မဟုတ်ဘူး။ နောက်ဆုံး ဒီခွေးကို ကန်ခဲ့တဲ့ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိတဲ့ ကျင့်ကြံသူဆိုရင် အသက်ရှူအကြိမ် ၆၀ အတွင်းမှာတင် သေသွားခဲ့တာ"

"တကယ်... တကယ်လား..."

အားလန်းသည် တောင်စောင့်ခွေး ဟားဟားကို ချက်ချင်း လှည့်ကြည့်လိုက်သော်လည်း မည်သို့ပင် ကြည့်စေကာမူ သာမန်ခွေးတစ်ကောင်နှင့်သာ တူနေတော့သည်။

သို့သော် သူသည် ဟွမ်ယီနှင့် သိလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ရာ သူမသည် နောက်ပြောင်တတ်သူ မဟုတ်ကြောင်း သိသည်။ အနည်းဆုံးတော့ သူ့ကို တစ်ခါမျှ မနောက်ဖူးခဲ့ချေ။

ဒါဆို ဒီခွေးက ပုံသဏ္ဍာန် မပြောင်းသေးတဲ့ မိစ္ဆာကြီးတစ်ကောင်လားဟု တွေးမိကာ အားလန်းမှာ ကျောချမ်းသွားတော့သည်။ ခုနက မကန်မိလိုက်သည်မှာ တကယ့်ကို ကံကောင်းသည်။ မဟုတ်ပါက အစီအစဉ်အားလုံး ပျက်စီးသွားနိုင်သည်။

ဟွမ်ကုန်းနှင့် ရန်ကျုံးရှန်းတို့သည်လည်း ဟွမ်ယီ၏ စကားကြောင့် အံ့အားသင့်သွားပြီး ဟားဟားကို အသေအချာ စိုက်ကြည့်လိုက်ကြသည်။

နက်နဲသောနယ်ပယ်၏ အာရုံခံစားမှုဖြင့် ကြည့်လိုက်သောအခါတွင်မူ ထူးခြားသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသဖြင့် သူတို့၏ အာရုံကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ကြရသည်။

ဒီခွေးက တကယ်ကိုထူးခြားတာပဲ။

ရန်ကျုံးရှန်းက ဘေးမှ တိုးတိုးလေး မေးလိုက်သည်။

"ယီလေး... ဒီခွေးက အဆင့် ၁၃ ကျင့်ကြံသူကို တကယ်ပဲ အသက်ရှူ ၆၀ အတွင်း သတ်ပစ်လိုက်တာလား"

"ဟုတ်တယ် ရန်ဟွား ဆိုလားပဲ။ အဆင့် ၈ ကျင့်ကြံသူ အုပ်စုလိုက်ကြီး ခေါ်လာတာလေ။ ခွေးကို ကန်လိုက်တဲ့အတွက် အားလုံး အသက်ရှူ ၆၀ အတွင်းမှာတင် သေကုန်တာပဲ။ နောက်နေ့ လီလီက အရိုးသွားရှာတာ တစ်ခုမှ မတွေ့ဘူးတဲ့။ ငါက သူ့ကို ညာပြောတယ်ဆိုပြီး စိတ်တောင် ဆိုးနေသေးတာ... ဟဲဟဲ"

ဟွမ်ယီက ရယ်မောရင်း ပြောပြလိုက်သည်။

ဤစကားကို ကြားလိုက်ရသောအခါ ရန်ကျုံးရှန်းမှာ တုန်လှုပ်သွားတော့သည်။

ရန်ဟွားဆိုတာ မှီခိုရာဂိုဏ်းက ဓားသိုင်းအဆောင်ရဲ့ အကြီးအကဲ မဟုတ်ဘူးလား။

မှီခိုရာဂိုဏ်းရဲ့ နာရေးခေါင်းလောင်းသံက သူ့အတွက် မြည်ခဲ့တာကိုး..

ဝမ်ပင်းက နက်နဲသောနယ်ပယ်ဆိုသည်မှာ အရေးမပါကြောင်း အဘယ်ကြောင့် ပြောခဲ့သည်ကို အခုမှ သဘောပေါက်တော့သည်။

ဒီဂိုဏ်းထဲမှာ အဆင့် ၁၃ ကျင့်ကြံသူတွေတင် ရှိတာ မဟုတ်ဘူးပဲ။ ကြောက်ဖို့ကောင်းတဲ့ မိစ္ဆာကြီးတစ်ကောင်ပါ ရှိနေတယ်ဆိုတော့... ဒါက တကယ့်ကို အန္တရာယ်အိုးကြီးပဲ။

ရန်ကျုံးရှန်း အံ့သြနေစဉ်မှာပင် ဝမ်ပင်းသည် ရန်လီလီနှင့်အတူ အိပ်ဆောင်ဝင်းထဲမှ ထွက်လာခဲ့သည်။

"စီနီယာမိစ္ဆာစားဖိုမှူးကြီး၊ ခေါင်းဆောင်ရန်... အကြီးအကဲယွီကို နေရာချပေးပြီးပါပြီ။ တည်းခိုခွင့်အတွက် အဖိုးအခကို ရှင်းပေးကြပါဦး"

"တည်းခိုခွင့်... အဖိုးအခ ဟုတ်လား"

"ဟွမ်ယီ ခုနကပဲ ပြောလိုက်တယ် မဟုတ်လား"

ဝမ်ပင်းသည် စောစောက အဖြစ်အပျက်အားလုံးကို အတိုင်းသား ကြားနေခဲ့ရသည်။

တိတိကျကျ ပြောရလျှင် စနစ်က သူ့ကို အသိပေးခဲ့ခြင်းပင်။

ဝမ်ပင်းက ဆက်ပြောသည်။

"ဦးလေးရဲ့ မိစ္ဆာအဆိပ်က အချိန်တိုအတွင်းမှာ အမြစ်ပြတ်မှာ မဟုတ်ဘူး။ အချိန်ယူရဦးမယ်။ ဒါကြောင့် တစ်လစာ တည်းခိုခွင့် အရင်ပေးထားတာ အကောင်းဆုံးပဲ။ ရွှေဒင်္ဂါး ၁၅၀ဝ ကျသင့်မယ်။ ဘယ်သူ ရှင်းမလဲ"

ရန်ကျုံးရှန်းက စကားစလိုက်သည်။

"ဒါက... ဂိုဏ်းချုပ်ဝမ် တည်းခိုရုံတင်ကို ဒီလောက်အထိ ဈေးကြီးနေတာ မများလွန်းဘူးလားဗျာ"

ဟွမ်ယီက ကြားဖြတ်ပြောသည်။

"မကြီးပါဘူး ဦးလေးရန်ရဲ့ သမီးဆိုရင် တစ်နှစ်စာတောင် ကြိုပေးထားတာ။ ဒီမှာနေရတာ တစ်နေ့ကို ရွှေဒင်္ဂါး ၅၀ ပဲ ကျတယ်။ တကယ်ကို တန်လွန်းတယ်"

"ဒါဆိုရင်လည်း ဒီရွှေဒင်္ဂါး ၁၅၀ဝ ကို ကျွန်တော်ပဲ ပေးပါ့မယ်"

ရန်ကျုံးရှန်းသည် ဘာလို့ ဒီလောက်ဈေးကြီးရတာလဲဆိုသည်ကို နားမလည်သော်လည်း ဟွမ်ယီက ထိုသို့ပြောလိုက်သဖြင့် ဤအိပ်ဆောင်ဝင်းမှာ သာမန်မဟုတ်ကြောင်း သူ ခန့်မှန်းလိုက်မိသည်။

ပိုင်ဖုန်းစားသောက်ဆောင်ကိုတောင် အပြစ်ရှာတတ်သည့် ဟွမ်ယီကဲ့သို့သော သူမျိုးက ကျေနပ်သည်ဆိုလျှင် ဤနေရာမှာ တကယ့်ကို ထူးခြားရပေမည်။

ရန်ကျုံးရှန်း ကမ်းပေးသော ရွှေဒင်္ဂါး ၁၅၀ဝ ကို လက်ခံရရှိပြီးနောက် ဝမ်ပင်း စကားမပြောရသေးမီမှာပင် သူ၏နားထဲ၌ အသံတစ်ခု ထွက်ပေါ်လာသည်။

“စမ်းသပ်ကွင်း ပြုပြင်မွမ်းမံမှု ပြီးဆုံးပါပြီ"

အောင်မြင်ပြီကွ….

ဝမ်ပင်းမှာ ရင်ထဲတွင် တိတ်တဆိတ် ဝမ်းသာသွားတော့သည်။ ရန်ကျုံးရှန်းနှင့် အခြားသူများကို လက်ဖက်ရည် တိုက်ဦးမည်ဆိုသော သူ၏ အစောပိုင်း အကြံအစည်မှာလည်း လုံးဝ ပျောက်ကွယ်သွားတော့သည်။

"လေးစားရတဲ့ မိစ္ဆာစားဖိုမှူးကြီးနဲ့ မျိုးနွယ်စုခေါင်းဆောင်ရန်... ကျွန်တော့်ဆီမှာ စိတ်ချလက်ချ နားနေနိုင်ပါတယ်။ အချိန်လည်း တော်တော်လင့်နေပြီ။ နောက်ပြီး မသေမျိုးဂိုဏ်းဝင် မဟုတ်တဲ့သူတွေ ဂိုဏ်းထဲမှာ အကြာကြီး မနေသင့်တာကြောင့် ခင်ဗျားတို့ကို ဆက်ပြီး မဆွဲထားတော့ပါဘူး။ လမ်းခရီး ချောမွေ့ပါစေ"

"ကောင်းပါပြီ... ဒါနဲ့ ဂိုဏ်းချုပ်ဝမ် မနက်ဖြန်ကျရင် ကျွန်တော်တို့ လာကြည့်လို့ ရဦးမလားဗျ"

ရန်ကျုံးရှန်းနှင့် ဟွမ်ကုန်းတို့မှာ ဝမ်ပင်း၏ စကားကို ကြားပြီးနောက် အားနာသလို ခံစားလိုက်ရသည်။

သူတို့ကို အမြန် နှင်ထုတ်နေသကဲ့သို့ပင်။

"ရပါတယ်"

ဝမ်ပင်းက သဘောတူလိုက်ပြီးနောက် သူတို့ကို မသေမျိုးဂိုဏ်း အပြင်ဘက်အထိ လိုက်လံ ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် ညမှောင်မှောင်တွင် ချူးယောင်တောင်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။ ညအမှောင်အောက်ရှိ တောင်ထိပ်ပေါ်တွင် စတုရန်းပုံစံ သံအိမ်ကြီး နှစ်လုံး ရှိနေသည်။

အလျား မီတာ ၁၀ဝ၊ အနံ မီတာ ၁၀ဝ နှင့် အမြင့် မီတာ ၃၀ ရှိသည်။

ဝမ်ပင်းသည် တစ်လုံးအတွင်းသို့ ဝင်ကြည့်လိုက်ရာ နှစ်ထပ်အဆောက်အအုံ မဟုတ်ဘဲ အတားအဆီးမရှိ ကျယ်ဝန်းသော သီးသန့် ဟင်းလင်းပြင်ကြီးတစ်ခု ဖြစ်နေသည်။

ဝမ်ပင်းက သံနံရံကို လက်ဖြင့် ခေါက်ကြည့်လိုက်သည်။ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရောက်နေသော သူ၏ အဆင့်ဖြင့်ဆိုလျှင် သာမန်သံမဏိကို လက်သီးဖြင့် ထိုးခွဲနိုင်သော်လည်း အကြိမ်ကြိမ် ထိုးခေါက်ကြည့်ပြီးနောက် ပြောင်းလဲသွားသည်မှာ သူ၏လက်သာ ဖြစ်သည်။

သူ၏လက်ဖမိုးမှာ နီရဲလာတော့သည်။

“သခင် ထပ်ပြီး စမ်းသပ်နေဖို့ မလိုပါဘူး။ နက်နဲသောနယ်ပယ် ကျင့်ကြံသူတစ်ယောက်တောင် ဒီစမ်းသပ်ကွင်းရဲ့ သံနံရံတွေကို မဖျက်ဆီးနိုင်ပါဘူး"

"ဒီလောက်တောင် ခိုင်မာတာလား"

“ဒါပေါ့... စနစ်က ထုတ်လုပ်တဲ့အရာမှန်သမျှ အကောင်းဆုံးတွေချည်းပါပဲ။ နောက်တစ်ဆင့်

အနေနဲ့ သခင့်ကို စမ်းသပ်ကွင်းအတွင်းမှာ အသုံးပြုမယ့် သားရဲတိရစ္ဆာန်တွေကို ဝယ်ယူဖို့ ဖိတ်ခေါ်ပါတယ်"

လာပြန်ပြီ…

“ဒီတစ်ခါလည်း ငွေကုန်ဦးမှာပဲလို့ ငါ ကြိုသိနေတယ်။ ဒီလောက်ထိ မှန်နေတဲ့ ငါ့ရဲ့အာရုံကို ငါကိုယ်တိုင်တောင် စိတ်ကုန်မိတယ်။ အိတ်ထဲမှာ ရွှေဒင်္ဂါး နှစ်သောင်းကျော် ရှိနေတာတောင် ခဏနေရင် ပြာပုံတိုးတော့မယ့် ဆင်းရဲသားတစ်ယောက်လို ခံစားနေရတာကတော့ အမြဲတမ်းပါပဲ”

"ဒီတစ်ခါကော ဘယ်လောက် ကုန်မှာလဲ"

“စမ်းသပ်ကွင်းအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ဆိုင်မှာ လက်ရှိမှာ သားရဲ အမျိုးအစား နှစ်မျိုးပဲ ရှိပါသေးတယ်။ ဒါတွေဟာ လေ့ကျင့်သူရဲ့ စွမ်းအားအပေါ် မူတည်ပြီး သူတို့ရဲ့ စွမ်းအားကို အလိုအလျောက် ချိန်ညှိနိုင်စွမ်း ရှိပါတယ်။ ပထမတစ်မျိုးကတော့ ကွီနွားလို့ ခေါ်ပြီး ရွှေဒင်္ဂါး ၅၀ဝဝ ကျသင့်ပါမယ်။ သူ့ကို နက်နဲသောနယ်ပယ် မိစ္ဆာကြီး အဆင့်အထိ ချိန်ညှိနိုင်ပါတယ်"

စနစ်၏ စကားကို ကြားပြီးနောက် ဝမ်ပင်းသည် ကွီနွား၏ အကြောင်းကို ဖတ်ကြည့်လိုက်သည်။

ကွီနွားသည် အရှေ့အိုင်ရှိ လျိုပေါ်တောင်မှ မိုင် ခုနစ်ထောင်ခန့်အကွာတွင် ရှိပြီး ကိုယ်ထည်မှာ နွားနှင့်တူပြီး အပြာရောင် ရှိကာ ဦးချို မပါချေ။ ခြေထောက် တစ်ဖက်တည်းသာ ရှိပြီး ရေအတွင်းမှ ထွက်လာသည့်အခါ လေပြင်းနှင့် မိုးရွာသွန်းမှုကို ဖြစ်ပေါ်စေသည်။ သူ၏ အလင်းရောင်မှာ နေနှင့်လကဲ့သို့ တောက်ပပြီး အသံမှာ မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သည်။ သူ၏ အရေခွံကို ဗုံလုပ်၍ မိုးကြိုးသားရဲ၏ အရိုးကို ဗုံတုတ်အဖြစ် သုံးပါက အသံမှာ မိုင်ပေါင်း ငါးရာအထိ ပျံ့နှံ့နိုင်သည်။

"တကယ်ကို ရှားပါးတဲ့ ဒဏ္ဍာရီလာ မိစ္ဆာပဲ"

"မသေမျိုးဂိုဏ်းမှာ လင်းငါးနဲ့ မြွေတွေ ရှိနေပြီဖြစ်သလို ဒီသတ္တဝါတွေက ဒဏ္ဍာရီထဲမှာပဲ ရှိတာလေ။ လူအများစုဆိုရင် တစ်သက်လုံး ရှာရင်တောင် တွေ့ဖို့မလွယ်ဘူး။ အခု ကွီနွားတစ်ကောင်တောင် ထပ်တိုးလာပြန်ပြီဆိုတော့... ဒါက ကမ္ဘာပေါ်က နာမည်ကြီး မိစ္ဆာအားလုံးကို စုစည်းဖို့ စီစဉ်နေတာလား။ ရွှေဒင်္ဂါး ၅၀၀၀ ဆိုတာကတော့ တကယ်ကို တန်လွန်းတယ်"

“ဒုတိယတစ်မျိုးကတော့ ချီရူးလို့ ခေါ်ပြီး ဈေးနှုန်းက ရွှေဒင်္ဂါး ၅၀ဝဝ ပါပဲ။ ဒီနှစ်မျိုးကို ပေါင်းစပ်လိုက်ရင် ကုန်းကြောင်းရော ရေကြောင်းပါ တိုက်ခိုက်ရေးစွမ်းရည်တွေကို တစ်ပြိုင်နက် လေ့ကျင့်နိုင်မှာပါ”

ထို့နောက်တွင် ချီရူး၏ မိတ်ဆက်ကို မြင်လိုက်ရသည်။

ချီရူးသည် စိမ့်တောထဲတွင် ပေါက်ဖွားပြီး ငါးပုံသဏ္ဍာန် ရှိကာ လူမျက်နှာ ပေါက်နေကာ အသံမှာ ရေဘဲများကဲ့သို့ မြည်တတ်သည်။

ဝမ်ပင်းက ရယ်မောရင်း "နာမည်ပဲ ကြားဖူးပြီး ဘယ်သူမှ မမြင်ဖူးတဲ့ မိစ္ဆာတွေပါလား။ ဒီနာမည်ကျော် မိစ္ဆာနှစ်ကောင်လုံးကို ငါ့ရဲ့ စမ်းသပ်ကွင်းထဲမှာ ပိတ်လှောင်ထားမယ်ဆိုရင် မိစ္ဆာမျိုးနွယ်စုတွေက ငါ့ကို လာရိုက်ကြမှာ မဟုတ်ဘူးလား"

စနစ်က ဝမ်ပင်း၏ စကားကို လျစ်လျူရှုကာ ဆက်ပြောလိုက်သည်။

“စမ်းသပ်ကွင်းအတွင်းမှာ မိစ္ဆာတွေကို တိုက်ခိုက်ခြင်းက တိုက်ခိုက်ရေးစွမ်းရည် တိုးတက်မှုကို ၃ ဆ ရရှိစေမှာ ဟပါ။ နောက်ပြီး ၅ ရာခိုင်နှုန်းသော အခွင့်အရေးနဲ့ စစ်စိတ်ဓာတ်

အခြေအနေထဲကို ရောက်ရှိနိုင်ပြီး အဲဒီအချိန်အတွင်းမှာ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်မှု ၆၀ဝ ရာခိုင်နှုန်းအထိ ရှိမှာပါ”

"အံ့ဩစရာပဲ"

ကျင့်ကြံမှု လမ်းစဉ်တွင် အချိန်ပေးရသော အခြေခံကျင့်ကြံမှုများအပြင် တိုက်ခိုက်ရေးစွမ်းရည်များကို သွေးမြှုပ်အောင် လေ့ကျင့်ခြင်းမှာလည်း အချိန်များစွာ ပေးရသည်။

လူအများမှာ လှုပ်ရှားမှုတစ်ခုကို အပြည့်အဝ တတ်မြောက်ရန်အတွက် ညစဉ်ညတိုင်း မနားမနေ နှစ်ပေါင်းများစွာ လေ့ကျင့်ကြရသည်။ မရေမတွက်နိုင်သော ကျရှုံးမှုများကို ကျော်ဖြတ်ကာ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်ရန် နေ့စဉ် ကြိုးစားကြရသည်။

လူတစ်ယောက်၏ စွမ်းဆောင်ရည်နှင့် တိုက်ခိုက်ရေး နည်းဗျူဟာများကသာ သူ၏ အင်အားကို ဆုံးဖြတ်ပေးသောကြောင့်ပင်။

ကျင့်ကြံမှုအဆင့် တူညီနေပါစေ မိစ္ဆာများနှင့် မကြာခဏ တိုက်ခိုက်ဖူးသူကသာ ပို၍ အစွမ်းထက်မြက်သည်။

တူညီသော အဆင့်၊ တူညီသော အင်အား၊ တူညီသော ကျင့်စဉ်နှင့် သိုင်းပညာများ ရှိနေလျှင်ပင် တိုက်ခိုက်ရေး ကျွမ်းကျင်မှုကြောင့် ရလဒ်မှာ တစ်ဖက်သတ် ပြတ်သားသွားတတ်သည်။

ဤသည်မှာ ကျင့်ကြံသူတစ်ဦးအတွက် တိုက်ခိုက်ရေးစွမ်းရည် ကျွမ်းကျင်မှုမှာ သွေးကြောအတတ်ကို တတ်မြောက်ထားခြင်းကဲ့သို့ပင် အရေးကြီးကြောင်း ပြသနေခြင်းပင်။

အကယ်၍ လူတစ်ယောက်မှာ ဤနှစ်မျိုးလုံး ရှိနေမည်ဆိုပါက ကိုယ့်ထက် အဆင့်များစွာ မြင့်မားသော ရန်သူကို သတ်ဖြတ်နိုင်ခြင်းမှာ ဒဏ္ဍာရီတစ်ခု မဟုတ်တော့ချေ။

အခန်း။ ၅၆

"ဒီသားရဲစမ်းသပ်ကွင်းရဲ့ ကျင့်ကြံမှုအကျိုးကျေးဇူးတွေက မဆိုးဘူး။ ဒါပေမဲ့ ဆွဲအားစက်ကွင်းနဲ့ အိပ်ဆောင်ဝင်းတွေလောက်တော့ တိုက်ရိုက်ကြီး အကျိုးပြုတာမျိုး မဟုတ်ဘူး။ ရေရှည်ကြည့်မယ်ဆိုရင်တော့ ဒီမှာ သိုင်းပညာရပ်တစ်ခုကို လေ့ကျင့်တာက လေဆာအခင်းအကျင်းမှာ လေ့ကျင့်တာထက် အများကြီး ပိုထိရောက်မှာ သေချာတယ်။ အချိန်ကြာလာတာနဲ့အမျှ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ ရလဒ်တွေ ထွက်လာလိမ့်မယ်"

ဝမ်ပင်းသည် အံ့အားသင့်သွားသော်လည်း စမ်းသပ်ကွင်းထဲတွင် ဆက်မနေတော့ချေ။ ယင်းအစား သူ နှစ်ရက်နီးပါး စိတ်လှုပ်ရှားစွာ စောင့်မျှော်ခဲ့ရသည့် အဓိကနေရာဖြစ်သော စမ်းသပ်

ကွင်းကို အဆင့်မြှင့်ပြီးနောက် ထွက်ပေါ်လာသည့် တိုက်ပွဲနယ်ပယ်ဆီသို့ ဦးတည်လိုက်သည်။

စနစ်က ပြောခဲ့သလိုပင် တိုက်ပွဲနယ်ပယ်အတွင်းရှိ သွေးကြောတုန်ခါမှုနှုန်းမှာ ဤလောကနှင့် လုံးဝခြားနားပြီး အတွင်းပိုင်းကမ္ဘာမှာလည်း အလွန်ပင် ကွဲပြားလှသည်။

"အဲဒီနေရာမှာ ကျင့်ကြံမယ်ဆိုရင် ကိုယ်နဲ့တစ်ပုံစံတည်းတူတဲ့သူတစ်ယောက်ကို မွေးဖွားပေးလိမ့်မယ်။ အဲဒီသူက ကိုယ်နဲ့ကျင့်ကြံမှုအဆင့် တူရုံတင်မကဘူး။ ကိုယ့်အကြောင်းကို အသိဆုံးဖြစ်တဲ့ ကိုယ်တိုင်လည်း ဖြစ်နေတာ။ ကိုယ့်ရဲ့ အားနည်းချက်က ဘာလဲ။ တိုက်ခိုက်တဲ့အခါ ဘယ်လက် ဒါမှမဟုတ် ဘယ်ခြေကို အရင်သုံးတတ်လဲဆိုတဲ့ အကျင့်တွေကအစ စိတ်ပိုင်းဆိုင်ရာ အမာရွတ်သေးသေးလေးတွေအထိ အဲဒီသူက အကုန်သိနေတာ။ ကိုယ့်အကြောင်းကို သိတယ်၊ ရန်သူ့အကြောင်းကိုလည်း သိတယ်ဆိုရင် အကြိမ်တစ်ရာတိုက်လည်း အကြိမ်တစ်ရာ အောင်နိုင်တယ်ဆိုတဲ့ စကားက ဒီနေရာမှာ အမှန်ဆုံးပဲ။ ယုတ္တိဗေဒအရ ပြောရရင်တော့ ဒီလိုလူမျိုးသာ ဒီလောကမှာ တကယ်ရှိမယ်ဆိုရင် အဲဒီသူက အနှိုင်းမဲ့ ဖြစ်နေမှာပဲ။ ကိုယ်က ဘယ်လောက်ပဲ သန်မာပါစေ၊ ရလဒ်ကတော့ အတူတူပဲ ဖြစ်နေမှာလေ"

သားရဲစမ်းသပ်ကွင်းကို ကျော်ဖြတ်ပြီးနောက် ဝမ်ပင်းသည် တိုက်ပွဲနယ်ပယ်၏ အဝင်ဝသို့ ရောက်ရှိလာခဲ့သည်။ ၎င်းသည် ချူးယောင်တောင်၏ ပြတ်ရွေ့နေသော ကျောက်ဆောင်ကမ်းပါးတစ်ခုတွင် တည်ရှိပြီး သားရဲစမ်းသပ်ကွင်းမှ မီတာအနည်းငယ်မျှသာ ဝေးကွာသည်။ ယခင်က ဤနေရာမှာ နွယ်ပင်များဖြင့် ရစ်ပတ်နေသော ကျောက်ပြားအပြန့်တစ်ခုသာ ဖြစ်ပြီး ကျောက်နံရံရှေ့တွင် ကုန်းမြင့်တစ်ခုသာ ရှိခဲ့သည်။

ယခုအခါ ပြုပြင်မွမ်းမံပြီးနောက်တွင်မူ ရှုပ်ထွေးနေသော နွယ်ပင်များနှင့် ပေါင်းပင်များမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ကျောက်နံရံ၏ အလယ်ဗဟိုတွင် အဖြူရောင်နှင့် အဝါရောင် အလင်းတန်းများမှာ အပေါ်မှ အောက်သို့ ရေလှိုင်းများသဖွယ် သုံးမီတာခန့် စီးဆင်းနေကြသည်။

"အထဲကို လမ်းလျှောက်ဝင်လိုက်ပါ။ အဲဒါ တိုက်ပွဲနယ်ပယ်ပဲ"

ဝမ်ပင်းသည် တွန့်ဆုတ်မနေတော့ဘဲ စနစ်၏ ညွှန်ကြားချက်အတိုင်း အထဲသို့ လှမ်းဝင်လိုက်သည်။ သူ၏ ခြေလှမ်းမှာ ကျောက်နံရံအတွင်းသို့ မည်သည့်အတားအဆီးမျှမရှိဘဲ နစ်ဝင်သွားတော့သည်။

ဝမ်ပင်း မျက်စိပြန်ဖွင့်ကြည့်လိုက်သောအခါ ရှေ့မှောက်ရှိ မြင်ကွင်းကြောင့် မှင်တက်သွားရသည်။ ကျောက်နံရံအတွင်း၌ အခြားကမ္ဘာတစ်ခု ရှိနေခြင်းပင်။

လေပြည်လေညင်းများ၊ မြက်ခင်းပြင်များ၊ ပြာလွင်သော မိုးကောင်းကင်နှင့် ဖြူလွလွ တိမ်တိုက်များ ရှိသော ကမ္ဘာတစ်ခု။

ကျယ်ပြောလှသော မြက်ခင်းပြင်ကြီးမှာ အဆုံးမရှိ ဆန့်တန်းနေပြီး နွားများနှင့် သိုးများမှာ အုပ်စုလိုက် ရှိနေကြသည်။ လေပြည်အဝှေ့တွင် သူ၏ ဆံပင်နှင့် အဝတ်အစားများမှာ လွင့်ပါးနေ၏။ လေကို ဝဝရှူသွင်းလိုက်သောအခါ စိတ်အာရုံမှာ ချက်ချင်းပင် လန်းဆန်းသွားပြီး စိတ်ခံစားချက်မှာလည်း သိသိသာသာ ကောင်းမွန်လာခဲ့သည်။

"ဒါက တိုက်ပွဲနယ်ပယ်လား"

"ဟုတ်ပါတယ်။ ဒီတိုက်ပွဲနယ်ပယ်မှာ နယ်နိမိတ်မရှိပါဘူး။ အရာအားလုံးက သံသရာလည်နေတာပါ။ သခင်က မိုးကုပ်စက်ဝိုင်း တစ်ဖက်မှာ ပျောက်ကွယ်သွားရင် နောက်တစ်ဖက်ကနေ ပြန်ပေါ်လာမှာ ဖြစ်လို့ နေရာကန့်သတ်ချက်အတွက် စိုးရိမ်စရာ မလိုပါဘူး။ သခင့်အနေနဲ့ သခင်ကိုယ်တိုင် ဒါမှမဟုတ် ဒီကိုယ်ပွါးနဲ့ အခုပဲ ယှဉ်ပြိုင်တိုက်ခိုက်ကြည့်ချင်ပါသလား"

"ဒါပေါ့"

ဒီကို ရောက်နေမှတော့ ငါကိုယ်တိုင်နဲ့ တစ်ပွဲတစ်လမ်း မနွှဲဘဲ ဘယ်နေပါ့မလဲ။

စကားအဆုံးမှာပင် ဝမ်ပင်း၏ ရှေ့ဆယ်မီတာခန့်အကွာတွင် ဟင်းလင်းပြင်မှာ လှုပ်ခတ်သွားပြီး လူတစ်ယောက် ရုတ်တရက် ပေါ်လာသည်။

ထိုသူသည် တောင်နှင့် စမ်းချောင်းပုံပါသော အပြာရောင်အင်္ကျီကို ဝတ်ဆင်ထားပြီး ဆံပင်မှာလည်း သိပ်မရှည်လှချေ။ ဝမ်ပင်းကိုယ်တိုင် "တစ်ဖက်က ညီအစ်ကိုက တကယ့်ကို ခန့်ညားတာပဲ" ဟု ပြောမိလောက်အောင်ပင် ရုပ်ရည်မှာ အလွန်ချောမောလှသည်။

ဤသည်မှာ စိတ်ရင်းမှန်ဖြင့် ပြောဆိုခြင်းပင်။

မည်သည့် မဟုတ်မမှန်မှုမျှ မပါဝင်သလို ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့၏ ဂိုဏ်းအဆင့်သတ်မှတ်ချက်ကို စစ်ဆေးသည်ထက်ပင် ပိုမို တိကျမှန်ကန်သော သုံးသပ်ချက်ပင်။

အံ့ဩစရာ အကောင်းဆုံးမှာ ထိုသူ၏ ဖိနပ်ပေါ်တွင် ယနေ့နံနက်က မနက်စာစားပြီး လက်ဆေးစဉ်က စွန်းထင်ခဲ့သော ရွှံ့ကွက်လေး နှစ်ကွက်ပင် ပါဝင်နေခြင်းပင်။

ဝမ်ပင်း စကားမပြောရသေးမီမှာပင် တစ်ဖက်လူက တည်ငြိမ်စွာ ပြောလိုက်သည်။

"လာလေ ငါ့မှာ အချိန်အများကြီး မရှိဘူး"

"မင်းက တော်တော် အလုပ်ရှုပ်နေတဲ့ပုံပဲ"

ဝမ်ပင်းသည် တိုက်ခိုက်ရန် အသင့်အနေအထား ပြင်လိုက်သည်။ သူသည် မည်သည့် သိုင်းပညာရပ်ကိုမျှ မကျင့်ကြံဖူးသေးသဖြင့် အရှိန်နှင့် အင်အားကို အသုံးချကာ လက်သီးဖြင့်သာ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ရှူးးး

ဝမ်ပင်းသည် ရှိနေရာမှ ချက်ချင်း ပျောက်ကွယ်သွားပြီး အခြားကိုယ်ပွါးဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လိုက်သည်။ ဆယ်မီတာအကွာအဝေးကို အသက်ရှူ နှစ်ကြိမ်အတွင်းမှာပင် ရောက်ရှိသွားသော်လည်း အခြားကိုယ်ပွါးမှာမူ မလှုပ်မယှက်ဘဲ ဝမ်ပင်း၏ ညာခြေဖြင့် ဝှေ့ယမ်းကန်လိုက်သည်ကို ကြည့်နေသည်။

သူသည် ဝမ်ပင်း၏ ကန်ချက်ကို အသာတကြည် ခံယူရန် စောင့်နေသကဲ့သို့ ရှိသော်လည်း သူ၏ တည်ငြိမ်သော မျက်နှာပေးမှာ အခြားတစ်ခုခုကို ရည်ညွှန်းနေသည်။

နောက်တစ်ခဏတွင် ဝမ်ပင်း၏ ခြေထောက်မှာ လေထဲ၌ ရှိနေဆဲမှာပင် အခြားကိုယ်ပွါးသည် ရုတ်တရက် ဝပ်ချလိုက်ကာ မြေပြင်ပေါ်တွင် ထောက်ထားသော ဝမ်ပင်း၏ ဘယ်ခြေကို ညာခြေဖြင့် ဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။ အရာအားလုံးမှာ မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခြင်းပင်။

နှစ်ဦးလုံး၏ အရှိန်မှာ အတူတူပင်။ ဝမ်ပင်း၏ ခြေထောက်က တစ်ဖက်လူ၏ ဘယ်ဘက်

လက်မောင်းကို ကျော်ဖြတ်သွားချိန်မှာပင် အခြားကိုယ်ပွါးက ဝမ်ပင်းကို မြေပြင်ပေါ်သို့ လှဲချလိုက်ပြီ ဖြစ်သည်။

ဘုန်း…

ဝမ်ပင်းသည် ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ပထမဆုံး တိုက်ကွက်မှာတင် သူ၏ အားနည်းချက်ကို အမိခံလိုက်ရကာ တစ်ချက်တည်းဖြင့် အရေးနိမ့်သွားခဲ့ရသည်။

"တကယ်ကို အံ့ဩဖို့ကောင်းတာပဲ"

ဝမ်ပင်းက သူ၏ အဝတ်အစားများပေါ်မှ မြက်ပင်များကို ခါထုတ်ရင်း မချီးမွမ်းဘဲ မနေနိုင်တော့ချေ။

သို့သော် ချီးမွမ်းနေရင်းဖြင့် သူ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသည်။ သူသည် ထိုကိုယ်ပွါးကို ချီးမွမ်းနေတာလား သို့မဟုတ် သူ့ကိုယ်သူ ချီးမွမ်းနေတာလားဟု တွေးတောမိနေခြင်းပင်။

စိတ်ဓာတ်ကို ပြန်လည်စုစည်းကာ မတ်တပ်ရပ်ပြီး ဝမ်ပင်းသည် သူ၏ လက်သီးကို နောက်တစ်ကြိမ် လွှဲယမ်းလိုက်သည်။ သို့သော် သူ လက်သီးဖြင့် ထိုးလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူ၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရပြန်သည်။

သူ တုံ့ပြန်ရန် အချိန်မရသေးမီမှာပင် အခြားကိုယ်ပွါး၏ လက်သီးက သူ၏ ခါးဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

စနစ်က ပြောခဲ့သလိုပင် တိုက်ပွဲနယ်ပယ်အတွင်းရှိ ဤကိုယ်ပွါးသည် သူ့အကြောင်းကို အကုန်သိနေကာ သူ မည်သည့်ခြေ၊ မည်သည့်လက်ကို ပိုသုံးတတ်သည်ဆိုသည်ကိုပါ သိနေခြင်းပင်။ သူ၏ အရင်က အားနည်းချက်များမှာ ဤနေရာတွင် အဆမတန် ကြီးမားလာခဲ့သည်။

သူသည် ညာလက်သီးကိုသာ အားပြု၍ လွှဲယမ်းတတ်ပြီး ကျားတစ်ကောင်ကဲ့သို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်တတ်သော်လည်း ခုခံမှုအပိုင်းတွင် အားနည်းလှသည်။ အခြားကိုယ်ပွါးက ထိုအားနည်းချက်ကို တည့်တည့်ပစ်မှတ်ထားကာ အသေအလဲ တိုက်ခိုက်လိုက်ခြင်းပင်။

စောစောက အထိုးခံလိုက်ရသည့် လက်သီးချက်မှာ အလွန်ပင် နာကျင်လှသဖြင့် အံတင်းတင်းကြိတ်ထားရသည်။ ခဏမျှ ပွတ်သပ်ပြီးနောက် ဝမ်ပင်းသည် သူ၏ စွမ်းအင်များကို ပြန်လည်ထိန်းချုပ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"နောက်တစ်ခေါက်"

....

အချိန်များ မည်သို့ကုန်ဆုံးသွားမှန်း မသိလိုက်ချေ။ နေ့မှ ညသို့ ကူးပြောင်းသွားပြီး ညမှ တစ်ဖန် နေ့သို့ ပြန်ရောက်လာခဲ့သည်။ အခြားကိုယ်ပွါး ပျောက်ကွယ်သွားသည့် အချိန်တွင် ဝမ်ပင်းသည် မြေပြင်ပေါ်၌ မလှုပ်မယှက် လဲလျောင်းနေခဲ့ရသည်။

ပင်ပန်းနွမ်းနယ်နေခြင်းက အကြောင်းရင်းတစ်ခု ဖြစ်သော်လည်း အလဲအလှယ် အရိုက်ခံထားရခြင်းက အဓိက အကြောင်းရင်းပင်။

အစမှ အဆုံးအထိ သူသည် တစ်ဖက်လူကို တစ်ချက်မျှပင် မထိနိုင်ခဲ့ချေ။ သူ၏ လှုပ်ရှားမှုတိုင်းမှာ အဟန့်အတား ခံရခြင်း သို့မဟုတ် တိုက်ရိုက် အဖျက်ဆီးခံရခြင်းတို့နှင့်သာ ကြုံတွေ့ခဲ့ရသည်။

အားနည်းချက်များနှင့် အပြစ်အနာအဆာများမှာ တစ်ဖက်လူ၏ မျက်စိထဲတွင် အထင်အရှား ရှိနေခဲ့သည်။

လေကို ဝဝရှူသွင်းပြီးနောက် ဝမ်ပင်းသည် ဘေးသို့စောင်းကာ အဆက်မပြတ် တုန်ရင်နေသော သူ၏ လက်ကို ကြည့်လိုက်မိသည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်ကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းပင်။

ခြေထောက်များ နာကျင်နေသလို ခါးလည်း နာနေကာ ထိလိုက်သည့် နေရာတိုင်းမှာ နာကျင်နေပြီး ဤစူးရှသော နာကျင်မှုက သူ၏ အတိတ်ကို ပြန်လည် သတိရစေသည်။

ယခင်က သူ၏ ဖခင်ဖြစ်သူထံတွင် အပြစ်ပေးခံရစဉ်က တစ်လခန့် အိပ်ရာထဲမှ မထနိုင်ခဲ့သည်ကို ပြန်လည် အမှတ်ရစေသည်။

ရုတ်တရက် ဝမ်ပင်းသည် ထထိုင်လိုက်ပြီး အလန့်တကြား ရေရွတ်လိုက်သည်။

"ဒုက္ခပဲ... ငါ ယွီမိုဆီကို စီးကရက်တွေ သွားပေးဖို့ မေ့သွားတယ်"

“သခင် စိုးရိမ်စရာ မလိုပါဘူး။ တိုက်ပွဲနယ်ပယ်နဲ့ အပြင်လောကရဲ့ အချိန်က အရမ်းကွာခြားပါတယ်။ အပြင်လောကက နှစ်နာရီက တိုက်ပွဲနယ်ပယ်မှာ ၂၄ နာရီနဲ့ ညီမျှပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် အပြင်လောကမှာ အခုမှ သန်းခေါင်ယံ အချိန်ပဲ ရှိပါသေးတယ်"

"ဒါဆိုရင်တော့ တော်သေးတာပေါ့။ ငါ ခဏလောက် ထပ်လှဲနေဦးမယ်။ အခုတော့ လုံးဝ မလှုပ်နိုင်တော့ဘူး"

ထိုသို့ပြောပြီးနောက် ဝမ်ပင်းသည် တိုက်ပွဲနယ်ပယ်အတွင်း၌ မျက်စိမှိတ်ကာ အနားယူနေလိုက်သည်။ လေပြည်အဝှေ့တွင် သူ၏ နွမ်းလျမှုများလည်း ပါသွားသယောင် ရှိတော့သည်။

သူ ပြန်လည် လှုပ်ရှားနိုင်သည့် အခါတွင် ဝမ်ပင်းသည် တိုက်ပွဲနယ်ပယ်မှ ထွက်ကာ တောအုပ်အတွင်းသို့ သွားလိုက်သည်။ ထို့နောက် သစ်သားစွမ်းအင်များကို စုပ်ယူနိုင်ရန် ချန်မိုကျင့်စဉ်ကို စတင် လေ့ကျင့်တော့သည်။

သစ်သားစွမ်းအင်များ သူ၏ ခန္ဓာကိုယ်အတွင်းသို့ အလိပ်လိုက် ဝင်ရောက်လာပြီးနောက် ဝမ်ပင်း၏ ဒဏ်ရာများမှာ တဖြည်းဖြည်း ပြန်လည် ကျန်းမာလာခဲ့သည်။ ထိုစွမ်းအင်များက သူ၏ ကုန်ဆုံးသွားသော အသက်စွမ်းအားများကို ပြန်လည် ဖြည့်တင်းပေးသဖြင့် လွန်ခဲ့သော နှစ်နာရီကကဲ့သို့ ပြန်လည် လန်းဆန်းလာခဲ့သည်။

ဝမ်ပင်းကို အံ့အားသင့်စေသည်မှာ ချန်မိုကျင့်စဉ်ဖြင့် သစ်သားစွမ်းအင်များကို စုပ်ယူရာတွင် ယခုတစ်ကြိမ်မှာ အလွန်မြန်ဆန်နေခြင်းပင်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ တစ်စုံတစ်ရာ ပွင့်ထွက်သွားသကဲ့သို့ စွမ်းအင်များမှာ ရေလို လျှံကျလာသည်။

၁၅ မိနစ်ခန့် အကြာမှာပင် ဝမ်ပင်း၏ ခန္ဓာကိုယ်မှာ အကောင်းပကတိ ပြန်ဖြစ်သွားတော့သည်။

ချန်မိုကျင့်စဉ်သည် ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ပြန်လည် ကုသရာတွင် အလွန်ပင် ထူးခြားလှသည်။ ဤသည်မှာ သူ မမျှော်လင့်ထားသော အကျိုးကျေးဇူးပင်။

အဆင့်မြင့်တဲ့ ကျင့်စဉ်တွေက ဘာလို့ ဒီလောက်အထိ တန်ဖိုးကြီးနေရတာလဲဆိုသည်ကို သူ ယခုမှ နားလည်တော့သည်။ ၎င်းတို့၏ ထူးခြားချက်မှာ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်ရှိသူများ စိတ်ကူးထားသည်ထက်ပင် သာလွန်လှသည်။

တိုက်ပွဲနယ်ပယ်၏ ရှေ့သို့ ပြန်လည် ရောက်ရှိလာသည့်အခါ စနစ်၏ အသံမှာ ပဲ့တင်ထပ်လာသည်။

“တိုက်ပွဲနယ်ပယ် အသုံးပြုခမှာ တစ်ကြိမ်လျှင် ရွှေဒင်္ဂါး ၁၀၀ ဖြစ်ပါတယ်။ သခင် ရွှေင်္ဒဂါးတွေ ပေးဆောင်ပေးပါ"

"ရှင်းလိုက်ပြီ"

မည်သို့ပင်ဖြစ်စေ သူ့ဆီတွင် ရွှေဒင်္ဂါး တစ်သောင်းကျော် ရှိနေသေးသဖြင့် တိုက်ပွဲနယ်ပယ်ကို သူ အလိုရှိသလို အသုံးပြုနိုင်သည်။

ငွေပေးချေပြီးနောက် ဝမ်ပင်းသည် တိုက်ပွဲနယ်ပယ်ထဲသို့ ထပ်မံ ဝင်ရောက်သွားပြန်သည်။

နှစ်နာရီအကြာတွင် ဝမ်ပင်းသည် အလွန်သနားစရာကောင်းသော ပုံစံဖြင့် တွားသွား၍ ထွက်လာခဲ့သည်။

သူ၏ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့အပြားတွင် ညိုမည်းဒဏ်ရာများဖြင့် ပြည့်နေပြီး လရောင်အောက်တွင် အထင်အရှား မြင်နေရသည်။ သူသည် သစ်သားစွမ်းအင်များကို စုစည်းကာ အားယူ၍ နေရာအသစ်တစ်ခုသို့ သွားပြီး စွမ်းအင်များကို ထပ်မံ စုပ်ယူလိုက်ပြန်သည်။

ဤသို့ဖြင့် ညမှ မိုးလင်းသွားတော့သည်။

အချိန်ကို တွက်ချက်ကြည့်လိုက်ရာ ဝမ်ပင်းသည် တိုက်ပွဲနယ်ပယ်တွင် လေးကြိမ်တိုင်တိုင် လေ့ကျင့်ခဲ့ပြီးဖြစ်ရာ အပြင်လောကတွင် လေးရက်တိုင်တိုင် မနားမနေ လေ့ကျင့်ခဲ့ခြင်းနှင့် ညီမျှနေသည်။

သူ၏ သွေးကြောများကို အားဖြည့်ရန် စွမ်းအင်များကို စုပ်ယူလိုက်သောအခါ ကျင့်ကြံမှုအဆင့် အတားအဆီးမှာ အလိုအလျောက် ပွင့်ထွက်သွားတော့သည်။

All Chapters