← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း။ ၅၉

ရန်လီလီသည် ချက်ချင်းပင် လှည့်ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဂိုဏ်းချုပ်... အောက်မှာ ရေးထားတဲ့ သားရဲစမ်းသပ်ကွင်းနဲ့ တိုက်ပွဲနယ်ပယ်ဆိုတာတွေက ဘာတွေလဲဟင်"

ရှေ့တစ်ခုက တစ်နေ့ကို ရွှေဒင်္ဂါး ၅၀ ကျသင့်ပြီး နောက်တစ်ခုကတော့ တစ်ကြိမ်ကို ရွှေဒင်္ဂါး ၁၀၀ တောင် ကျသင့်နေသဖြင့် အတော်လေးကို အံ့ဩစရာ ကောင်းလှသည်။

"အိပ်ဆောင်ဝင်းမှာဆိုရင် သွေးကြောအတတ်ကိုပါ လေ့ကျင့်လို့ရပြီး တစ်နေ့မှ ရွှေဒင်္ဂါး ၅၀ ပဲ ကျသင့်တာလေ။ သားရဲစမ်းသပ်ကွင်းက ပေးနိုင်တဲ့အရာကရော သွေးကြောအတတ်လောက် တန်ဖိုးရှိလို့လား။ နောက်ဆုံးတစ်ခုကတော့ ထပ်ပြီး ရှင်းပြနေစရာတောင် မလိုတော့ဘူး။ တစ်ကြိမ်ကို ရွှေဒင်္ဂါး ၁၀၀ တဲ့ အချိန်ကလည်း နှစ်နာရီပဲ ပေးတာ။ ဒါက အိပ်ဆောင်ဝင်းရဲ့ ဈေးနှုန်းထက်တောင် ပိုပြီး ထိတ်လန့်ဖို့ ကောင်းနေသေးတယ်"

"အဲဒါတွေက တိုက်ခိုက်ရေး နည်းဗျူဟာတွေကို လေ့ကျင့်ပြီး တိုက်ပွဲအတွေ့အကြုံတွေ စုဆောင်းရမယ့် နေရာတွေပဲ။ မင်းရဲ့ အခုလက်ရှိ အခြေအနေအတွက် အကိုက်ညီဆုံးပဲပေါ့"

"ဒါပေမဲ့ ဘာလို့ ဒီလောက်တောင် ဈေးကြီးရတာလဲဟင်"

"ဈေးကြီးလေ ပိုကောင်းလေပဲ။ မင်းရဲ့ ကျင့်ကြံမှုအဆင့်က အရမ်းမြန်မြန် တက်လာခဲ့တာဆိုတော့ အခြေခိုင်ဖို့ လိုအပ်တယ်။ အကယ်၍ မင်းက ပိုပြီး မသန်မာချင်ဘူးဆိုရင်တော့ အားနည်းတဲ့သူတစ်ယောက်အဖြစ်ပဲ ဆက်နေပြီး အဲဒီကို မသွားဘဲ နေနိုင်ပါတယ်"

"ဂိုဏ်းချုပ်... ကျွန်တော် သွားချင်ပါတယ်"

"ဒါဆိုရင်လည်း အဲဒီစာရွက်တွေကို အရင်ဆုံး သေချာသွားကပ်လိုက်ဦး"

"ဟုတ်ကဲ့ပါ"

ရန်လီလီသည် ခုန်ပေါက်ကာ ထွက်သွားတော့သည်။

နေ့လယ်စာ စားပြီးနောက် ဝမ်ပင်းသည် ရန်လီလီနှင့် ယွင်လျောင်တို့ကို ချူးယောင်တောင်သို့ ခေါ်ဆောင်သွားခဲ့သည်။ ကျောက်ချင်းနှင့် အခြားသူများမှာမူ သူတို့၏ ကျင့်ကြံမှုအဆင့်ကို ဆက်လက်မြှင့်တင်ရန် ဆွဲအားစက်ကွင်းသို့ သွားကြသည်။ သူတို့အတွက်မူ တိုက်ပွဲအတွေ့အကြုံထက် ကျင့်ကြံမှုအဆင့် မြင့်မားနေရန်မှာ ပို၍ အရေးကြီးသည်။

အဘယ်ကြောင့်ဆိုသော် မိစ္ဆာမျိုးနွယ်စုများမှာ အသွင်ပြောင်းပြီးနောက်တွင်ပင် သူတို့၏ အရေမှာ ထူထဲမြဲဖြစ်ရာ လူသားများနှင့် တိုက်ခိုက်ရာတွင် အမှားအယွင်းခံနိုင်ရည်ပို၍ မြင့်မားသောကြောင့်ပင်။

ရန်လီလီအတွက်မူ တိုက်ခိုက်ရေး နည်းဗျူဟာများကို သွေးမြှုပ်အောင် လေ့ကျင့်ခြင်းသည်သာ ကိုယ့်ကိုကိုယ် သန်မာလာစေမည့် တစ်ခုတည်းသော လမ်းစဉ်ဖြစ်သည်။

အားနည်းနေခြင်းက မကြောက်စရာသော်လည်း အားနည်းနေမှုကိုသာ စိတ်လိုလက်ရ လက်ခံနေခြင်းမှာ အကြောက်စရာ အကောင်းဆုံးပင်။

ကိုယ့်ကိုကိုယ် ကျောက်ချင်းထက် နိမ့်ကျသည်ဟု မသိစိတ်က ယုံကြည်နေခဲ့မိသည်ကို တွေးမိသောအခါ သူ ရှက်စိတ်များ ပြည့်လျှံလာခဲ့သည်။

ဝမ်ပင်း၏ နောက်မှလိုက်ကာ ချူးယောင်တောင်ရှိ သားရဲစမ်းသပ်ကွင်းသို့ ရောက်ရှိလာပြီးနောက် သူသည် ဝမ်ပင်းအား ရွှေဒင်္ဂါး ၅၀ ပေးဆောင်ကာ စမ်းသပ်ကွင်းအတွင်းသို့ လှမ်းဝင်လိုက်သည်။

"ဂိုဏ်းချုပ် ဒီထဲမှာ ဘာမှမရှိပါလား"

ရန်လီလီသည် သားရဲစမ်းသပ်ကွင်းအတွင်း ရပ်နေရင်း သံနံရံကို ထိတွေ့ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် ပြောလိုက်သည်။

ထိုအခါ အပြင်ဘက်မှ ဝမ်ပင်း၏ တုံ့ပြန်သံကို ကြားလိုက်ရသည်။

"မကြာခင် ပေါ်လာလိမ့်မယ်"

အမှန်ပင် အသက်ရှူအကြိမ် အနည်းငယ်အကြာတွင် ရှေ့မှောက်ရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် လှည့်ဖျားသွားပြီး အပြာနက်ရောင် သတ္တဝါကြီးတစ်ကောင် ထွက်ပေါ်လာသည်။

၎င်းမှာ နွားတစ်ကောင်နှင့် တူသော်လည်း ဦးချိုမပါဘဲ ခြေထောက်တစ်ဖက်တည်းသာ ရှိသည်။ ထိုသတ္တဝါမှာ ရပ်နေရုံမျှသာ ရှိသော်လည်း ၎င်း၏ အကြည့်မှာပင် ရန်လီလီကို ကြောက်စိတ်ဝင်စေသည်။

"ကွီနွား"

"ဂိုဏ်းချုပ်... ကျွန်တော်က တကယ်ပဲ ဒီဒဏ္ဍာရီလာ မိစ္ဆာကြီးနဲ့ ရင်ဆိုင်ရမှာလား"

သူ့ရှေ့မှ ကွီနွားကြီးကို ကြည့်ရင်း ရန်လီလီမှာ ငိုရခက် ရယ်ရခက် ဖြစ်နေကာ ထွက်ပြေးရမလား ဘာလုပ်ရမလဲဟု ဝေခွဲမရ ဖြစ်နေတော့သည်။

သူ မှင်တက်ကာ ဆုံးဖြတ်ချက် မချနိုင်ဖြစ်နေစဉ်မှာပင် ဝမ်ပင်း၏ အသံမှာ သူ၏နားထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာပြီး မင်းက တကယ်ပဲ အားနည်းတဲ့သူလို့ ကိုယ့်ကိုကိုယ် ယုံကြည်နေတာလားဟု မေးခွန်းထုတ်နေသကဲ့သို့ ခံစားလိုက်ရသည်။

ထိုအခဏတွင် သူသည် လွန်ခဲ့သော တစ်နှစ်က လူတိုင်း၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည့် ထောင့်လေးတစ်နေရာသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"အဲဒီတုန်းက ငါက ဘယ်သူ့ထက်မဆို အားနည်းခဲ့တာတောင် မဆုတ်မနစ်တဲ့ သတ္တိတွေ ရှိခဲ့တာ မဟုတ်ဘူူလား။ အခုကျမှ အဲဒီသတ္တိတွေကို ဘယ်မှာ ဖျောက်ဖျက်ပစ်လိုက်မိတာလဲ။ မဖြစ်ဘူး... ဒါမျိုး လုံးဝ မဖြစ်သင့်ဘူး"

စိတ်ကို တည်ငြိမ်အောင်ထားပြီး ရန်လီလီသည် ကွီနွားကြီးကို အေးစက်စွာ အော်ဟစ်လိုက်သည်။

"လာစမ်းပါ မင်း တတ်နိုင်ရင် ဒီနေ့ ငါ့ကို သတ်လိုက်စမ်း"

...

စမ်းသပ်ကွင်း အပြင်ဘက်တွင် ယွင်လျောင်က ဝမ်ပင်းကို နားမလည်နိုင်စွာ မေးလိုက်သည်။

"ဂိုဏ်းချုပ်... ဒါက ဘာကို ဆိုလိုတာလဲခင်ဗျာ။ အဆင့်တူချင်းမှာ လူသားတွေက အသွင်ပြောင်းမိစ္ဆာတွေကို မယှဉ်နိုင်တာက သဘာဝပဲ မဟုတ်လား"

ဝမ်ပင်းက ပြန်ဖြေသည်။

"ဒါက တခြားသူတွေအတွက် စည်းမျဉ်းပါ။ မသေမျိုးဂိုဏ်းက တပည့်တွေအတွက် မဟုတ်ဘူး။ ရန်လီလီမှာ ကံကြမ္မာကောင်းတွေ ရှိတယ်။ တစ်နှစ်အတွင်း ငါးဆင့်တက်နိုင်ခဲ့တာက သူ့ရဲ့ ဇွဲလုံ့လကြောင့် အများကြီးပါတယ်။ အခု သူ မသေမျိုးဂိုဏ်းကို ရောက်လာတော့ သူ့ရဲ့ ဇွဲက ရှိနေသေးပေမဲ့ မဆုတ်မနစ်လုပ်ရတဲ့ စိတ်ဓာတ်ကတော့ လိုနေသေးတယ်။ သူက အသက်နဲ့ရင်းရတဲ့ တိုက်ပွဲတွေ လိုအပ်နေတာ ဒီသားရဲစမ်းသပ်ကွင်းက အဲဒါအတွက် အကောင်းဆုံးပဲ။ နောက်ပြီး ဒီနေရာက တိုက်ခိုက်ရေး နည်းဗျူဟာတွေကို သုံးဆအထိ တိုးမြှင့်ပေးနိုင်တော့ သူ့ရဲ့ လျင်မြန်စွာ တိုးတက်နေတဲ့ အဆင့်ကို အခြေခိုင်စေဖို့အတွက်လည်း အရမ်းသင့်တော်တယ်"

"ဒါဆိုရင် ဟွမ်ယီကိုကျတော့ ဘာလို့ အဲဒီလို မလေ့ကျင့်ပေးတာလဲ"

"ရန်လီလီကိုတော့ ငါက စီနီယာတပည့်တစ်ယောက်အဖြစ် ပျိုးထောင်ဖို့ စီစဉ်ထားတာ။ ဒါကြောင့် သူက သန်မာရမယ်။ ဟွမ်ယီကတော့ မတူဘူး သူမရဲ့ အခန်းကဏ္ဍက စားဖိုမှူးပဲ။ သူမရဲ့ အင်အားက သန်မာတာ အားနည်းတာက ဒုတိယပဲ"

"စားဖိုမှူး... ဂိုဏ်းချုပ်က ဟွမ်ကုန်းရဲ့ မွေးစားသမီးကို တကယ်ပဲ အောက်ခြေအလုပ်သမားအဖြစ် ထားမလို့လား။ ဟွမ်ကုန်းသာ သိရင် ငါတို့ မသေမျိုးဂိုဏ်းအပေါ် စိတ်ဆိုးသွားမှာ မဟုတ်ဘူးလား"

"စားဖိုမှူးပါဆို စကားလုံး အသုံးအနှုန်းကို ဆင်ခြင်ဦး။ ဘယ်သူက ဟင်းချက်တဲ့သူကို အောက်ခြေအလုပ်သမားလို့ ပြောလဲ။ ဟွမ်ယီလို လူမျိုးက မြင့်မြတ်တဲ့စားဖိုမှူးဖြစ်လာမယ့်သူပါ။ ပြီးတော့ သူ့ရဲ့ ပါရမီက အရမ်းညံ့လွန်းလို့ မသေမျိုးဂိုဏ်းမှာ စားဖိုမှူးအဖြစ်ပဲ နေလို့ရတာ"

"အဲဒါက အောက်ခြေအလုပ်သမားနဲ့ ဘာကွာလို့လဲ"

"မင်း မြင့်မြတ်တဲ့ စားဖိုမှူးတစ်ယောက်ရဲ့ အရေးပါမှုကို နားမလည်သေးပါဘူး။ ထားလိုက်တော့။ ရှင်းပြနေရင်လည်း မင်း နားလည်မှာ မဟုတ်ဘူး။ လာ... မင်းကို တိုက်ပွဲနယ်ပယ်ကို လိုက်ပြမယ်"

...

ယွင်လျောင်ကို အကြံပေးပြီးနောက် ဝမ်ပင်းသည် ယွန်းလန်တောင်မှ ဆင်းခဲ့သည်။ သို့သော် တောင်အောက်ရောက်သည်နှင့်တစ်ပြိုင်နက် သူသည် ရှစ်ကွက်ပုံစံထဲ ရောက်နေသည့် ဘုန်းကြီးတစ်ပါးကဲ့သို့ ဇဝေဇဝါ ဖြစ်သွားတော့သည်။

"အသက် ၁၈ တောင် မပြည့်သေးဘဲ သွေးကြောတွေ အကုန်ပျက်စီးနေတဲ့သူဆိုတာကတော့... ဆန်းဝူမြို့တစ်မြို့လုံး ပတ်ရှာရင်တောင် တွေ့ပါ့မလားပဲ။ ဒါမျိုးကို ဘယ်နားမှာ သွားစုံစမ်းရမှာလဲ"

မည်သည့် သဲလွန်စမျှ မရှိသဖြင့် ဝမ်ပင်းသည် လမ်းတစ်လျှောက်တွင် စုံစမ်းမေးမြန်းရန်သာ ရွေးချယ်လိုက်ရသည်။ ကံမကောင်းစွာဖြင့် ညမိုးချုပ်သည့်တိုင် မည်သည့် တိုးတက်မှုမျှ မရှိခဲ့ချေ။

သူသည် လမ်းဘေးရှိ တည်းခိုခန်းတစ်ခုတွင် ကျပန်းဝင်ထိုင်ကာ အရက်တစ်အိုးနှင့် ဟင်းအချို့ မှာယူရင်း ဘေးပတ်ဝန်းကျင်မှ ပြောဆိုနေသည့် စိတ်ဝင်စားဖွယ် ဇာတ်လမ်းများကို နားထောင်နေမိသည်။

ထိုကဲ့သို့သော နေရာမျိုးရှိ လူများက အရာအားလုံးကို သိသည်ဟု ပြောကြသဖြင့် ဝမ်ပင်း ယုံကြည်ခဲ့သော်လည်း ရလဒ်ကတော့ စိတ်ပျက်စရာသာ ဖြစ်ခဲ့သည်။

နောက်တစ်နေ့တွင် အခြားနည်းလမ်းမရှိသဖြင့် ဝမ်ပင်းသည် စိတ်ကူးတစ်ခု ထုတ်လိုက်သည်။ ငွေသုံး၍ အရက်များဝယ်ကာ တခြားသူများကို တိုက်ကျွေးရင်း သွေးကြောပျက်စီးနေသည့် လူငယ်အကြောင်းကို ပေါ့ပေါ့ပါးပါး စုံစမ်းကြည့်ပြန်သည်။

သို့သော်လည်း သူသည် အရက်အိုး တစ်ရာကျော်အထိ ဝယ်ယူတိုက်ကျွေးခဲ့သော်လည်း အသုံးဝင်သည့် သတင်းအချက်အလက် တစ်ခုမျှ မရရှိခဲ့ချေ။

ငွေရှင်းပြီးနောက် ဝမ်ပင်းသည် တည်းခိုခန်းမှ ပြတ်ပြတ်သားသား ထွက်ခွာကာ လူစည်ကားသည့် နေရာမှန်သမျှ လျှောက်သွားနေမိသည်။

တတိယမြောက်နေ့... ရလဒ် မရှိပေ။

စတုတ္ထမြောက်နေ့ ညနေခင်းရောက်သောအခါ ဝမ်ပင်း အနည်းငယ် ပူပန်လာခဲ့သည်။ အကယ်၍ ထိုသွေးကြောပျက်စီးနေသည့် လူငယ်ကို မရှာတွေ့ပါက ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။

ဆွဲအားစက်ကွင်း၊ အိပ်ဆောင်ဝင်း၊ စမ်းသပ်ကွင်း... ဒါတွေထဲက တစ်ခုခုရဲ့ စွမ်းရည်ကို အသိမ်းခံရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပဲ။

သူ ထိုင်နေစဉ်မှာပင် နောက်ဘက်မှ အမျိုးသားတစ်ဦး၏ အော်ဟစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

"ဝမ်... ဝမ်ပင်း"

ထိုသူသည် ထိုင်နေသူမှာ ဝမ်ပင်းဖြစ်နေသည်ကို လုံးဝ မယုံကြည်နိုင်သည့် အသံမျိုးပင်။

ဝမ်ပင်း ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ရာ သူ၏ အမြင်အာရုံက ထိုသူ့အပေါ်သို့ ကျရောက်သွားပြီး သူ၏ထံသို့ ဖြည်းဖြည်းချင်း လျှောက်လာသူကို အပြုံးအနည်းငယ်ဖြင့် ခရီးဦးကြိုပြုလိုက်သည်။

ဒါက လေးရက်အတွင်း သူ ပထမဆုံး ပြုံးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။

ထိုသူမှာ ဝမ်ပင်း၏ အသိဟောင်းတစ်ဦးဖြစ်ပြီး ဆန်းဝူမြို့တွင် သူ လျှောက်သွားနေစဉ်က အတူတူသွားလာဖူးသည့် သူငယ်ချင်းအုပ်စုထဲမှ ညီအစ်ကိုတစ်ဦးပင်။ သူ၏ မျိုးရိုးအမည်မှာ ကျင်းဖြစ်ပြီး အမည်က မူဖြစ်သည်။ သူ၏ မိဘများမှာ စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်ကြသဖြင့် တော်တော်လေး ချမ်းသာကြသည်။

ကျင်းမူသည် ကျင့်ကြံခြင်း သို့မဟုတ် စားသောက်ဆိုင် စီမံခန့်ခွဲခြင်းတို့ကို ဝါသနာမပါလှချေ။ ထိုစဉ်ကလည်း ဝမ်ပင်းသည် ကိုယ့်ကိုကိုယ် မသေမျိုးဂိုဏ်း၏ ဂိုဏ်းချုပ်ငယ်အဖြစ် သတ်မှတ်ရန် ဝါသနာမပါခဲ့ချေ။ ဤတူညီသောအချက်ကြောင့်ပင် သူတို့နှစ်ဦးမှာ ခင်မင်သော သူငယ်ချင်းများ ဖြစ်လာခဲ့ကြသည်။

သူတို့နှစ်ဦး မတွေ့ရသည်မှာ တစ်နှစ်ခန့် ရှိပြီဖြစ်ရာ ကျင်းမူမှာ အနည်းငယ် ဝလာသော်လည်း ယခင်ကအတိုင်း အလှလေးများဖြင့် ခြံရံလျက် ရှိနေဆဲပင်။

ဘယ်ဘက်တွင် ဇူးမုန့်ဆောင်မှ ရှောင်ချွေနှင့် ညာဘက်တွင် ချီဟုန်ကျောင်းတော်မှ ရှောင်ဟွားတို့ ပါလာကြသည်။

အနားသို့ ရောက်သည်နှင့် ကျင်းမူသည် ဝမ်ပင်းကို နွေးထွေးစွာ ပွေ့ဖက်လိုက်ရာ ပြင်းရှရှ ရေမွှေးနံ့များနှင့် အရက်နံ့များက ဝမ်ပင်း၏နှာခေါင်းထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်လာတော့သည်။

"ငါ့မျက်စိများ မှားသလားလို့တောင် ထင်မိတယ်"

"ညီအစ်ကိုကျင်း... မင်းကတော့ အရင်အတိုင်း ပေါ့ပေါ့ပါးပါးပါပဲလား"

"ဟေး... စကားပုံတစ်ခု ရှိတယ်မဟုတ်ဘူးလား။ မင်းသာ မကြိုးစားရင် စိတ်ပူစရာမရှိတဲ့ ဘဝနဲ့ ဘာကွာမှာလဲ ငါကတော့ စိုးရိမ်စရာမရှိတဲ့ ဘဝကိုပဲ ကြိုက်တယ်။ ပိုက်ဆံဆိုတာလည်း ဒီတစ်သက် သုံးလို့တောင် ကုန်မှာမဟုတ်ဘူး။ ဘာလို့များ အသေအလဲ ရှာနေရဦးမှာလဲ"

ဝမ်ပင်းမှာ ယခုအခါ ကျင်းမူအပေါ် အထူးတလည် ခံစားချက်မရှိတော့သော်လည်း သူ့ကို မုန်းတီးခြင်းလည်း မရှိပေ။

စကားအနည်းငယ် ထပ်မံ ပြောဆိုဖြစ်ခြင်းက လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက ခံစားခဲ့ရသည့် စိတ်မသက်သာမှုများကို လျော့ပါးစေမည့် နည်းလမ်းကောင်းတစ်ခုပင်။

အခန်း။ ၆၀

"တစ်ခွက်လောက် ထိုင်သောက်သွားဦးမလား"

"မသောက်တော့ပါဘူး။ ငါ အီဟုန်ဝင်းကို ပြန်ဖို့ရှိသေးတယ်"

ကျင်းမူက သွားဖြဲပြရင်း ပြောလိုက်ရာ ဝမ်ပင်းကလည်း ရယ်မောလိုက်မိသည်။

ကျင်းမူ ရယ်ရခြင်းက အရက်ရှိန်ဖြင့် သာယာနေ၍ ဖြစ်သည်။

ဝမ်ပင်း ရယ်ရခြင်းမှာမူ အီဟုန်ဝင်း (ပြည့်တန်ဆာဝင်း) ကို သွားခြင်းကို "ပြန်မယ်" ဟု သုံးနှုန်းသူကို ပထမဆုံးအကြိမ် တွေ့ဖူးသောကြောင့်ပင်။

ဒီနေရာကို သူက တကယ့်အိမ်လို သတ်မှတ်ထားတာလား။

ကျင်းမူသည် သူ၏ဘယ်ဘက်မှ ရှောင်ချွေဟုခေါ်သော မိန်းကလေးကို ဝမ်

ပင်း၏ကျောဘက်သို့ တိုးကပ်သွားစေရန် တွန်းပို့လိုက်ပြီး "ရှောင်ချွေ... ငါ့ညီကို တစ်ခွက်

လောက် အဖော်ပြုပေးလိုက်ဦး။ ငါပြောပြမယ်။ သူက မသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ငယ်ပဲ။ သာမန်လူတွေထက် အများကြီး သာလွန်တယ်။ ချမ်းသာတဲ့သူတွေတောင် သူ့ခြေဖျားမမှီဘူး"

ရှောင်ချွေသည် ပြုံးလျက် ဝမ်ပင်းအနားသို့ တိုးကပ်လာသည်။ ဤလောကတွင် အလုပ်လုပ်သည်မှာ ကြာပြီဖြစ်ရာ အမျိုးသားတစ်ဦးကို မည်သို့ဆွဲဆောင်ရမည်ကို သူမ ကျွမ်းကျင်လှသည်။ ဝမ်ပင်းကို မြူဆွယ်ရန် ရည်ရွယ်ချက်ဖြင့် နွဲ့နှောင်းစွာ ချဉ်းကပ်လာခြင်းပင်။ သူမအတွက် ရှေ့မှောက်ရှိသူမှာ မည်သူဖြစ်သည်က အရေးမကြီးပေ။ ငွေပေးနိုင်သရွေ့ မည်သူမဆို သူမ၏ လေးစားအားကျမှုကို ရရှိမည်သာ ဖြစ်သည်။

"သခင်လေး... ကျွန်မ တစ်ခွက်လောက် အဖော်ပြုပေးပါရစေ"

ဝမ်ပင်းသည် ခွက်ကိုယူကာ သူ၏နဖူးကို ရိုက်လိုက်ပြီး ရှောင်ချွေကို ရုတ်တရက် သတိရသွားဟန်ဖြင့် မေးလိုက်သည်။

"မိန်းကလေး... ငါ မေးခွန်းတစ်ခုလောက် မေးပါရစေ။ အကယ်၍ မင်း အဖြေကို သိတယ်ဆိုရင် ဒီရွှေဒင်္ဂါး ၁၀ ပြားက မင်းအပိုင်ပဲ"

ဒေါက်…

ရွှေဒင်္ဂါး ၁၀ ပြားမှာ စားပွဲပေါ်သို့ ကျလာရာ ရှောင်ချွေမှာ မှင်တက်သွားတော့သည်။

"ရွှေဒင်္ဂါး ၁၀ ပြားကိုတောင် ဒီလောက်အလွယ်တကူ သုံးပစ်နိုင်တဲ့ လက်ဖွာတဲ့ဧည့်သည်မျိုးကတော့ ရှားမှရှားပဲ"

ဤငွေမှာ သူမ တစ်လပတ်လုံး အလုပ်လုပ်မှ ရမည့်ငွေဖြစ်သော်လည်း ဝမ်ပင်းကမူ ပေါ့ပေါ့ပါးပါးပင် ထုတ်ပေးလိုက်ခြင်းပင်။

"အသက် ၁၈ နှစ်အောက် သွေးကြောအားလုံး ပျက်စီးနေတဲ့သူအကြောင်း ကြားဖူးတာမျိုး ရှိလား"

ဤစကားကို ကြားသောအခါ ကျင်းမူက ပြုံးလိုက်ပြီး အနည်းငယ် စိတ်ပျက်ဟန်ဖြင့် "ညီလေး... မင်းကလည်း ဘယ်လိုမေးခွန်းကြီး မေးလိုက်တာလဲ" ဟု ပြောလိုက်သည်။

ရှောင်ချွေကမူ အလျင်အမြန် ပြန်ဖြေသည်။

"ကျွန်မ သိတယ်"

"ပြောစမ်း"

"လွန်ခဲ့တဲ့ နှစ်ရက်က ဧည့်သည်တစ်ယောက် ပြောသွားတာပါ။ သူတို့ရဲ့ သိုင်းသင်တန်းကျောင်းမှာ သွေးကြောတွေအားလုံး ပျက်စီးနေတဲ့ အူကြောင်ကြောင် ကောင်လေးတစ်ယောက်ကို သနားလို့ လက်ခံထားတယ်လို့ ပြောပါတယ်"

"ဒီလိုမှန်းသိရင် မင်းဆီကို တန်းလာခဲ့မှာ"

ရှောင်ချွေ၏ စကားကို ကြားရသောအခါ ဝမ်ပင်းသည် ရင်ထဲမှ အလုံးကြီး ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး ရွှေဒင်္ဂါး ၁၀ ပြားကို သူမဘက်သို့ တွန်းပေးလိုက်သည်။

"အဲဒါ ဘယ်သိုင်းသင်တန်းကျောင်းလဲ"

"အင်း... လုံဟွာ သိုင်းသင်တန်းကျောင်းလို့ ထင်တာပဲ"

"လုံဟွာ သိုင်းသင်တန်းကျောင်း ဟုတ်လား"

"ဟုတ်ပါတယ် ဒီလမ်းရဲ့ အဆုံးမှာပဲ ရှိတာ အသစ်ဖွင့်ထားတာပါ။ အဲဒီဧည့်သည်က လုံဟွာကျောင်းက သိုင်းသမားတစ်ယောက်ပဲ။ နာမည်က လီဟွာလို့ ထင်တယ်"

"ကျေးဇူးပဲ"

ထိုသို့ပြောပြီး ဝမ်ပင်းသည် မတ်တပ်ရပ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော် ကျင်းမူက ဝမ်ပင်းကို ရုတ်တရက် တားဆီးကာ ပြုံးလျက် "ညီလေး... မင်း အဲဒီကို တကယ် သွားချင်လို့လား" ဟု မေးသည်။

"ဒါပေါ့"

"ငါ့အထင်တော့ မသွားတာ အကောင်းဆုံးပဲ။ လူဟောင်းတွေနဲ့ ပြန်ဆုံရင် စိတ်မကောင်း ဖြစ်နေမှာ စိုးလို့ပါ။ အဲဒီ လုံဟွာကျောင်းကို ဖွင့်ထားတာက မင်းရဲ့ သူငယ်ချင်းဟောင်းတစ်ယောက်ပဲ။ သူ့နာမည်မှာ ဟွာပါတယ်လေ။ သေချာစဉ်းစားကြည့်ဦး"

ဟွာ….

သူငယ်ချင်းဟောင်း…..

နာမည်မှာ ဟွာ ပါတယ်ဆိုတော့...

"ရှီဟွာလား"

"ဟုတ်တယ် သူပဲ။ သူ့ဘေးနားမှာ ဝိုင်းဝိုင်းလည်နေတဲ့သူတွေက မှီခိုရာဂိုဏ်းအကြီးအကဲတွေရဲ့ တပည့်တွေချည်းပဲ။ မင်းရဲ့ အခုလက်ရှိ အခြေအနေနဲ့... တကယ်ပဲ သွားချင်သေးလို့လား"

"ဘာလို့ မသွားရမှာလဲ"

ထိုသို့ပြောပြီး ဝမ်ပင်းသည် အရက်ဆိုင်မှ တိုက်ရိုက် ထွက်ခွာသွားတော့သည်။ ဤသည်ကို ကြည့်ပြီး ကျင်းမူက ခေါင်းခါရင်း "ကိုယ့်ကိုကိုယ် အရှက်ကွဲအောင် သွားရှာနေတာပဲ" ဟု ရေရွတ်လိုက်သည်။

ညဈေးတန်းတစ်လျှောက် လမ်းလျှောက်ရင်း ဝမ်ပင်းသည် လီဟွာဆိုသည့် နာမည်ကို ရေရွတ်နေမိကာ ထိုသူမှာလည်း ဝမ်ပင်း၏ အသိဟောင်းတစ်ဦးပင်။ အကြိမ်များစွာ မဆုံဖူးသော်လည်း ဝမ်ပင်းက သူ့နာမည်ကို မှတ်မိနေသည်။

မကြာမီမှာပင် ဝမ်ပင်းသည် လမ်းအဆုံးရှိ လုံဟွာ သိုင်းသင်တန်းကျောင်း၏ အဝင်ဝသို့ ရောက်ရှိလာခဲ့သည်။

ကြေးကွင်းကို ကိုင်လျက် ခေတ္တ တွန့်ဆုတ်နေပြီးနောက် တံခါးကို ဖြည်းညင်းစွာ ခေါက်လိုက်သည်။

ဒေါက်….

ဒေါက်…..

နှစ်ချက်ခန့် ခေါက်ပြီးနောက် သိုင်းသင်တန်းကျောင်းအတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။

"လာပြီ လာပြီ"

ထိုသူမှာ လူငယ်တစ်ဦးဖြစ်ပြီး သူ၏အသံမှာ အနည်းငယ် အားနည်းကာ ယုံကြည်မှု ကင်းမဲ့နေသကဲ့သို့ ရှိသည်။ ပင်ပန်းနွမ်းနယ်နေသည့် အငွေ့အသက်လည်း ပါဝင်နေ၏။

ဝမ်ပင်းသည် ဤသူမှာ တံခါးစောင့် မဟုတ်နိုင်ကြောင်း ခန့်မှန်းလိုက်သည်။

သိုင်းသင်တန်းကျောင်းတစ်ခုရဲ့ တံခါးစောင့်က ဒီလောက်အထိ အားအင်ချည့်နဲ့နေတာလား။ ဒါကို သိုင်းသင်တန်းကျောင်းလို့ ခေါ်နိုင်ပါဦးမလား။ သူက လမ်းကြုံလို့ တံခါးလာဖွင့်ပေးတာပဲ ဖြစ်မှာပါ။

ဖရိုဖရဲဖြစ်နေသော လူငယ်လေးသည် သူ၏ဆံပင်ကြားမှတစ်ဆင့် မျက်လုံးများကိုဖွင့်ကာ ဝမ်ပင်းကို ကြည့်လိုက်ပြီး "ဘာကိစ္စရှိလို့လဲ" ဟု မေးလိုက်သည်။

ဝမ်ပင်းသည် ချက်ချင်းပြန်မဖြေဘဲ သူ၏ရှေ့တွင် ပေါ်လာသော ထိုလူငယ်၏ အချက်အလက်များကို ကြည့်ရင်း ရင်ထဲမှ စိတ်လှုပ်ရှားမှုကို အသည်းအသန် ထိန်းချုပ်နေရသည်။

[ကျောက်ယီ]

[လိင်:အမျိုးသား]

[အသက်:၁၇ နှစ်]

[အဆင့်:မရှိ (သွေးကြောများ ပျက်စီးနေသည်)]

[ပါရမီ:ကြယ် ၄ ပွင့်]

[သူက ပန်းလမင်းမြို့က ကျောက်မိသားစုရဲ့ သားကြီးပါ။ ကြယ်နှစ်ပွင့်အဆင့်ရှိတဲ့ အင်အားစုတစ်ခုကို သွားစော်ကားမိရာကနေ ဒီနေရာကို ထွက်ပြေးလာခဲ့ရတာ။ သူ့မိသားစုဝင်တွေ အကုန်လုံးလည်း အသတ်ခံလိုက်ရပြီး သူတစ်ယောက်ပဲ လွတ်လာခဲ့တာ။ လွတ်တော့ လွတ်လာခဲ့ပေမဲ့ သူ့ရဲ့ သွေးကြောတွေကတော့ ပျက်စီးသွားခဲ့ပြီ။ အခုတော့ သူက လုံဟွာသိုင်းသင်တန်းကျောင်းမှာ အကြွေးတွေတင်ပြီး သောင်တင်နေတဲ့သူတစ်ယောက်ပါ]

"နောက်ဆုံးတော့ ရှာတွေ့ပြီဟေ့"

ဝမ်ပင်းသည် မရယ်ဘဲ မနေနိုင်တော့ချေ။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက ခံစားခဲ့ရသော ဒုက္ခများမှာ ယခုခံစားရသည့် ဝမ်းသာမှုနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။

"ဘာကိစ္စရှိလို့လဲလို့ မေးနေတာလေ"

ကျောက်ယီက နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး ငါက..."

သူက "ငါ လာကြည့်တာပါ မင်းနဲ့ စကားခဏလောက် ပြောလို့ရမလား" ဟု ပြောရန်ပြင်လိုက်စဉ်မှာပင် သိုင်းသင်တန်းကျောင်းအတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။

"ဝမ်ပင်း"

ထိုအသံကို သူ ချက်ချင်းမှတ်မိလိုက်ကာ ၎င်းမှာ ရှီဟွာ၏ အသံပင်။

ရှီဟွာသည် သူ့ကိုမြင်သောအခါ ခွဲခွာနေရသော သူငယ်ချင်းဟောင်းနှင့် ပြန်ဆုံရသကဲ့သို့ အံ့ဩသော အမူအရာ ဖြစ်သွားသည်။

"တိုက်ဆိုင်လိုက်တာ"

"နင် ဒီကို ဘာလာလုပ်တာလဲ"

ဝမ်ပင်းက "လမ်းကြုံလို့လေ။ ဒီသိုင်းသင်တန်းကျောင်းကို နင်ဖွင့်ထားတာလို့ ကြားလို့ လာကြည့်တာ" ဟု ပြန်ဖြေလိုက်သည်။

ရှီဟွာက မျက်လုံးလေးလှန်ကြည့်ရင်း "ငါက အဲဒါကို ယုံမယ်လို့ ထင်နေတာလား" ဟု ပြောလိုက်သည်။

"နင်မယုံရင်လည်း ငါဘာမှမတတ်နိုင်ဘူးလေ"

အမှန်စင်စစ် သူက ငါ နင့်ဆီလာတာ မဟုတ်ဘူးဟု ပြောချင်နေခြင်းပင်။

ထိုစဉ်မှာပင် သိုင်းသင်တန်းကျောင်းအတွင်းမှ လူတစ်ယောက်သည် အေးအေးလူလူ လမ်းလျှောက်လာပြီး သာယာသောအသံက ဝမ်ပင်း၏နားထဲသို့ ရောက်ရှိလာသည်။

"ရှီဟွာ... ဘယ်သူ လာတာလဲ"

ထိုအသံကို ကြားသည်နှင့် ရှီဟွာမှာ စိုးရိမ်တကြီး ဖြစ်သွားပြီး "ဝမ်ပင်း... ဒီနေ့ ငါ့မှာ အချိန်

မအားသေးဘူး။ နောက်နေ့မှ လာခဲ့ပါ" ဟု တိုးတိုးလေး ပြောလိုက်သည်။

ထိုသို့ပြောပြီး သူမက တံခါးကို ပိတ်ရန် ပြင်လိုက်သည်။

သို့သော် သူမ တစ်လှမ်း နောက်ကျသွားခဲ့ကာ အဘယ်ကြောင့်ဆိုသော် ထိုသူမှာ အနားသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။

ခြေလှမ်းများမှာ တည်ငြိမ်ပြီး အလွန်ပင် မြန်ဆန်လှသည်။

ဝမ်ပင်း လှမ်းကြည့်လိုက်ရာ သူ မတွေ့ရသည်မှာ ကြာပြီဖြစ်သော လီဟွာ ဖြစ်နေသည်။

လီဟွာသည် ဝမ်ပင်းကို မြင်သောအခါ အနည်းငယ် ပြုံးလိုက်ပြီးနောက် ဝမ်ပင်းကို လျစ်လျူရှုသော အကြည့်များဖြင့် ကြည့်လိုက်သည်။

"အော်... ဂိုဏ်းချုပ်ငယ်ပါလား အခုပဲ ပြန်တော့မလို့လား ဒီကို ရောက်မှတော့ အထဲဝင်ပြီး ထိုင်ပါဦးလား"

သူသည် ဂိုဏ်းချုပ်ငယ်ဆိုသော စကားလုံးကို အလေးအနက်ထား၍ ပြောလိုက်ခြင်းပင်။

ဝမ်ပင်းသည် ငတုံးမဟုတ်သဖြင့် လီဟွာ၏ စကားလုံးများနောက်ကွယ်မှ အဓိပ္ပာယ်ကို ချက်ချင်း ရိပ်မိလိုက်သည်။

လီဟွာ၏ လေသံကို ကြားပြီးနောက် ရှီဟွာနှင့် ပြန်ဆုံရ၍ ခံစားနေရသော ကသိကအောက် ဖြစ်မှုများမှာ ပျောက်ကွယ်သွားပြီး ဝမ်ပင်း၏ မျက်နှာမှာ အေးစက်သွားတော့သည်။

"ရှီဟွာ... ဒါ ဘယ်သူလဲ"

ဝမ်ပင်းက လီဟွာကို မမှတ်မိသကဲ့သို့ မေးလိုက်သဖြင့် ရှီဟွာမှာ အံ့ဩသွားသည်။

"အော်... ဒါက စီနီယာအစ်ကိုလီလေ။ ငါတို့နဲ့ တစ်ဂိုဏ်းတည်းမှာ အတူတူရှိခဲ့ဖူးတာလေ။ ဒီသိုင်းသင်တန်းကျောင်းကို ငါတို့ အတူတူဖွင့်ထားတာပါ။ ငါက ငွေထုတ်ပေးပြီး သူကတော့ အလုပ်လုပ်ပေးတာပေါ့"

ဝမ်ပင်းက စဉ်းစားဟန်ဖြင့် မေးလိုက်သည်။

"ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၅ လား... ရှီဟွာ ဒီလောက် အင်အားနဲ့ ကလေးတွေကို သင်ပေးဖို့ သင့်တော်ရဲ့လား"

"မင်း"

လီဟွာ၏ မျက်မှောင်များ ကြုတ်သွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ရှီဟွာ၏ ရှေ့တွင် သူ၏မျက်နှာထားကို မပြောင်းလဲအောင် ထိန်းထားသော်လည်း သူ၏ရင်ထဲတွင် ဒေါသများ ပြည့်လျှံနေသည်။

သူသည် ဝမ်ပင်းကို လက်ညှိုးထိုးကာ "မင်းက မင်းကိုယ်မင်း ဂိုဏ်းချုပ်ငယ်လို့ ထင်နေတုန်းလား" ဟု အော်ဟစ်ကာ ဆဲဆိုချင်နေမိသည်။

လီဟွာသည် သူ၏ဒေါသကို ထိန်းချုပ်ကာ ပြောလိုက်သည်။

"ဂိုဏ်းချုပ်ငယ်... ဂုဏ်သရေရှိတဲ့သူတွေကတော့ အတိတ်က ကိစ္စတွေကို အလွယ်တကူ မေ့တတ်ကြတာပဲ။ အရင်က ဘွဲ့ထူးဂုဏ်ထူးတွေကို မှတ်မိနေတာက အရေးမကြီးပါဘူး။ အဲဒါတွေက အတိတ်ပဲ ဖြစ်သွားပြီလေ။ ငါ့ရဲ့ အခုလက်ရှိ အဆင့်အတန်းကတော့ မှီခိုရာဂိုဏ်းရဲ့ အကြီးအကဲ ဆွန်းရဲ့ အတွင်းစည်းတပည့် တစ်ယောက်ပဲ"

လီဟွာသည် စိတ်ထဲမှ တိတ်တဆိတ် လှောင်ပြောင်နေမိသည်။

မင်းက ငါ့ရဲ့ အဆင့်ကို အထင်သေးနေပေမဲ့ ငါကလည်း မင်းရဲ့ အခုလက်ရှိ အခြေအနေကို လုံးဝ လက်မခံနိုင်ဘူး။

"အကြီးအကဲဆွန်း ဟုတ်လား"

ဝမ်ပင်းသည် သူ၏ မှတ်ဉာဏ်ထဲမှ မှီခိုရာဂိုဏ်းမှ အကြီးအကဲ ဆွန်းကို ရှာဖွေကြည့်ပြီးနောက် မေးလိုက်သည်။

"အဲဒီ အကြီးအကဲဆွန်းရဲ့ တခြားတပည့်တစ်ယောက်က မူရန်မဟုတ်လား"

"ဟုတ်တယ်"

ရှီဟွာက ခေါင်းညိတ်ပြသည်။

ဝမ်ပင်းသည် လီဟွာကို ကြည့်ကာ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။

"ဒါဆို မင်းက တကယ်ပဲ အဲဒီ အကြီးအကဲဆွန်းရဲ့ တပည့်ပေါ့"

မသေမျိုးဂိုဏ်းက တပည့်တွေကို စတင်လက်ခံစဉ်က အကြီးအကဲဆွန်းနှင့် သူ၏တပည့်ဆိုသူ မူရန်တို့ လာရောက် ပြဿနာရှာခဲ့သည်ကို ဝမ်ပင်း ပြန်လည်အမှတ်ရသွားသည်။ ထိုစဉ်က ယွင်လျောင်နှင့် သူသည် ထိုသူတို့ကို ချုံပုတ်ထဲသို့ ပစ်ထည့်လိုက်သဖြင့် နောက်တစ်ကြိမ် ပြန်မလာရဲတော့သည့် မြင်ကွင်းကို တွေးမိကာ ဝမ်ပင်းက ရယ်မောရင်း ခေါင်းခါလိုက်သည်။

အကြီးအကဲဆွန်း အကြောင်းကို ပြောလိုက်သည်နှင့် လီဟွာ၏ အမူအရာ ပြောင်းလဲသွားခြင်းမှာ မဆန်းတော့ချေ။

လူညံ့ချင်းကတော့ လူညံ့ချင်းပဲ ပေါင်းကြတာကိုး။

လီဟွာသည် အနည်းငယ် ပြုံးလိုက်ပြီး ကျောက်ယီကို လျစ်လျူရှုလိုက်ကာ ဝမ်ပင်းကို တိုက်ရိုက် မေးလိုက်သည်။

"ဝမ်ပင်း... ငါ့ရဲ့ လုံဟွာသိုင်းသင်တန်းကျောင်းကို ဒီလောက်နောက်ကျမှ ဘာကိစ္စနဲ့ လာတာလဲ စကားစမြည် ပြောဖို့သက်သက်တော့ မဟုတ်လောက်ပါဘူးနော်"

All Chapters