← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

Chapter 71

~

အခန်း ၇၁: ဧကရီအတွက် ကွန်ပျူတာ ရွေးချယ်ခြင်း

~

​"ဟုတ်တယ်.."

​လင်းဖန်က ခေါင်းညိတ်လိုက်သည်။

​ဤသည်က အစကတည်းက သူ စဉ်းစားထားသည့် အစီအစဉ်ပင် ဖြစ်သည်။ အင်မော်တယ် ဧကရီကို Virtual Streamer တစ်ယောက် ဖြစ်လာစေဖို့ပင်။

​ထိုသို့ဆိုလျှင် သူမအနေနှင့် အိမ်မှာပင် အလုပ်လုပ်နိုင်ပြီး အပြင်မှာ ပြဿနာတက်မှာ ဒါမှမဟုတ် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ပေါက်သွားမှာကို စိုးရိမ်စရာ မလိုတော့သည့်အပြင် တိုက်ရိုက်ထုတ်လွှင့်မှုမှာလည်း သူမ၏ သဘာဝအလှတရားများကို အပြည့်အဝ အသုံးချနိုင်ပေမည်။

​" Virtual Streamer ဆိုတာ ဘာလဲ.."

​လင်းဖန်နဲ့ ကျိုးယန်တို့ အပြန်အလှန် စကားပြောနေကြတာကို ကြည့်ရင်း လုံယွဲ့မှာတော့ အူတူတူ ဖြစ်နေရှာသည်။ သူမ တိုက်ရိုက်ထုတ်လွှင့်မှု အကြောင်း ကြားဖူးသော်လည်း Virtual Streamer ဆိုသည်ကိုတော့ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

​"Virtual Streamer ဆိုတာ အလွယ်ပြောရရင် တိုက်ရိုက်ထုတ်လွှင့်တဲ့အခါ ကိုယ့်ရဲ့ တကယ့်မျက်နှာကို မပြဘဲ ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ စိတ်ကူးယဉ် ဇာတ်ကောင်ပုံရိပ်ကို အသုံးပြုပြီး ထုတ်လွှင့်တဲ့သူကို ပြောတာပါ.."

လင်းဖန်က ရှင်းပြလိုက်သည်။

​ဘေးမှာ ရှိနေသော ကျိုးယန်ကလည်း ဝင်ပြောလိုက်သည်။

"ငါ့သူငယ်ချင်းရဲ့ သူငယ်ချင်းတစ်ယောက်က Virtual ပုံရိပ်တွေ ဖန်တီးပေးတဲ့ အလုပ် လုပ်နေတာ .. သူ့ကို ငါ အကူအညီ တောင်းပေးလို့ ရတယ်.."

​"မရီး . . . ဘယ်လို ပုံစံမျိုး လိုချင်လဲ.."

​Virtual Streamer တစ်ယောက်အတွက် ဇာတ်ကောင် ပုံရိပ်သည် ပရိသတ်များ၏ ပထမဆုံး အထင်အမြင် ဖြစ်သောကြောင့် အမှတ်ရစေရန် အလွန်အရေးကြီး၏ ။ လှပသော ဇာတ်ကောင် ပုံရိပ်သည် လူကြိုက်များဖို့ရန် အခွင့်အလမ်း ပိုများပေသည်။

​"ဇာတ်ကောင် ပုံရိပ်လား . . . အင်း . . ."

​လုံယွဲ့ မျက်မှောင်ကြုတ်ကာ အသည်းအသန် စဉ်းစားနေသည်။ သူမ စဥ်းစားနေသော်လည်း ဇာတ်ကောင် ပုံရိပ်ဆိုတာ ဘာလဲ၊ ဘယ်လို ပုံစံမျိုး ရှိနိုင်လဲ ဆိုတာကို လုံးဝ မသိချေ။

​သူမ နားမလည်သည်ကို လင်းဖန် သိသဖြင့် သူကပဲ အကြံပြုပေးလိုက်သည်။

​"ငါ့အကြံအတိုင်းပဲ လုပ်ကြရအောင်.. ပုံရိပ်တစ်ခုလုံးကို ရှေးဟောင်းပုံစံ နတ်သမီးလေးလို လုပ်မယ်.. ခါးအထိ ရှည်ကျနေတဲ့ ငွေရောင် ဆံပင်တွေရယ်.. ဖြူဖွေးတောက်ပနေတဲ့ မျက်ဝန်းတစ်စုံရယ်ပေါ့.. ဝတ်စုံအတွက်ကတော့ ဒါကို နမူနာယူလို့ ရတယ်.."

​ပြောပြောဆိုဆိုနှင့် လင်းဖန်သည် ဗီရိုထဲမှ လုံယွဲ့ ရေချိုးတုန်းက လဲထားခဲ့သော ငွေလမင်း နတ်သမီး ဝတ်ရုံကို ထုတ်ပြလိုက်သည်။

​"ဝိုး.."

​အလွန်လှပသော နတ်သမီး ဝတ်ရုံကို ကြည့်ပြီး ကျိုးယန် လန့်သွားကာ မျက်လုံး မှေးပြီး လင်းဖန်ကို နောက်ပြောင်သည့် အကြည့်နှင့် ကြည့်လိုက်သည်။

​'သာမန်လူတွေရဲ့ အိမ်မှာ ဒီလို ရှေးဟောင်းပုံစံ နတ်သမီး ဝတ်စုံမျိုး ရှိလေ့မရှိဘူးလေ.. လင်းဖန်က အိမ်မှာ ဒီလို ဆွဲဆောင်မှုရှိတဲ့ အဝတ်အစားမျိုးကို သီးသန့် ဝယ်ထားတာဆိုတော့ ...'

​'ဟီးဟီးဟီး . . . တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ..'

​'ပုံမှန်ဆို မခုတ်တက်တဲ့ ကြောင်လေးလိုလိုနဲ့ ဒီကောင် ဒီလောက်အထိ အကြံကြီးလိမ့်မယ်လို့ ထင်မထားဘူး..'

​'ငါလည်း တစ်နေ့ကျ ရည်းစားရရင် ဒါမျိုး စမ်းကြည့်ရမယ် ..'

​ဘေးမှာ ရပ်နေသော လုံယွဲ့သည် လင်းဖန် ဇာတ်ကောင်ပုံစံ ဖော်ပြနေသည်ကို နားထောင်ရင်း သူမ၏ မူလဝတ်ရုံ ထုတ်ပြတာ မြင်လိုက်ရသောအခါ ချက်ချင်း သဘောပေါက်သွားသည်။

​နတ်ဆိုးအရှင်က သူမ၏မူလ အင်မော်တယ် ဧကရီ ရုပ်သွင်ကိုပဲ ဇာတ်ကောင် ပုံရိပ်အဖြစ် တိုက်ရိုက် အသုံးပြုနေခြင်း ဖြစ်သည်။

​အင်မော်တယ်နတ်ဆိုးတိုက်ကြီးမှာတုန်းက သူမသည် ငွေလမင်း နဂါးပြာ အင်မော်တယ် ကျင့်စဉ်ကို ကျင့်ကြံခဲ့တာကြောင့် ငယ်စဉ်ကတည်းက ငွေရောင်ဆံပင်နဲ့ အဖြူရောင် မျက်ဝန်းများကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

​သို့သော်လည်း ကမ္ဘာမြေပေါ်မှာတွင် သူမ၏ ကျင့်ကြံမှုများ အကုန်ဆုံးရှုံးသွားပြီးနောက် အင်မော်တယ် ခန္ဓာကိုယ်ကို ထိန်းသိမ်းနိုင်တော့သဖြင့် သူ၏ မူလ ငွေရောင်ဆံပင်နှင့် မျက်ဝန်းများသည် သာမန်လူသားတွေလိုပင် မည်းနက်သော အရောင်ကို ပြောင်းလဲသွားခဲ့ရသည်။

​"ရှေးဟောင်းပုံစံ ကျင့်ကြံသူ နတ်သမီး ပုံစံပေါ့.. ဟုတ်ပြီ.. ငါ အကုန်မှတ်ထားလိုက်ပြီ.. ငါ့သူငယ်ချင်းကို အခုပဲ လုပ်ခိုင်းလိုက်မယ်.."

​ကျိုးယန်က ဖုန်းထဲမှာ လင်းဖန် ပြောသမျှ လိုအပ်ချက်တွေကို မှတ်သားပြီး ဇာတ်ကောင် ပုံရိပ်တွေ သီးသန့် ဖန်တီးပေးသည့် သူငယ်ချင်းဆီသို့ ပို့လိုက်သည်။

​လင်းဖန်လည်း ငြိမ်မနေပါချေ။ လုံယွဲ့ကို Virtual Streamer လုပ်ခိုင်းဖို့ ပြင်ဆင်နေသည် ဖြစ်၍ လိုအပ်သော စက်ပစ္စည်း အစိတ်အပိုင်းများ တစ်ခုမှ မကျန်ရအောင် ပြင်ဆင်ရမည်။

​ပထမဆုံး လိုအပ်ချက်ကတော့ ကွန်ပျူတာ တစ်လုံး ရှိဖို့ပင်။

​လင်းဖန်က ဈေးဝယ် အက်ပ်ကို ဖွင့်ပြီး ကွန်ပျူတာ အစိတ်အပိုင်းတွေကို ကျွမ်းကျင်စွာနဲ့ ဈေးဝယ်လှည်းထဲ ထည့်လိုက်သည်။

​ဖုန်းကိုယ်စီနဲ့ အလုပ်ရှုပ်နေကြတဲ့ လင်းဖန်နဲ့ ကျိုးယန်တို့ကို ကြည့်ပြီး လုံယွဲ့မှာတော့ လက်ထဲ၌ ထမင်းဘူးနှင့် တူကို ကိုင်ထားရင်း ဆိုဖာပေါ်တွင် ဘာလုပ်ရမှန်းမသိသော ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ ကြောင်တောင်တောင်လေး ထိုင်နေမိသည်။

'​ငါကတော့ Virtual Streamer ဆိုတာကြီး လုပ်ဖို့ သဘောတူတယ်လို့ မပြောရသေးဘူးလေ.. ဒီနှစ်ယောက်ကတော့ သူတို့ဘာသာ ဆုံးဖြတ်ပြီး အကုန်လုပ်နေကြပြီ ..'

​' ပြီးတော့ နင်တို့နှစ်ယောက်လုံး အလုပ်ရှုပ်နေကြတာကို ငါက ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေရမှာလား..'

​"တစ်ခုခု ဝယ်နေတာလား.."

​လုံယွဲ့က ထမင်းဘူးကို ကိုင်ပြီး လင်းဖန်၏ အနောက်မှနေ၍ ချောင်းကြည့်လိုက်ရာ လင်းဖန်က ဈေးဝယ်လှည်းထဲသို့ ပစ္စည်းများ ဆက်တိုက် ထည့်နေသည်ကို တွေ့လိုက်ရ၏။

​"အင်း . . . ဒါတွေက ကွန်ပျူတာ အစိတ်အပိုင်းတွေလေ.. နင့်အတွက် ကွန်ပျူတာ တစ်လုံး ဆင်ပေးမလို့.."

​လင်းဖန်က လှည့်မကြည့်ဘဲ ပစ္စည်းများကို ဂရုတစိုက် ရွေးချယ်ရင်း ပြောလိုက်သည်။

​လုံယွဲ့က ဈေးဝယ်လှည်းထဲက စုစုပေါင်း ကျသင့်ငွေ ငါးထောင်ကျော် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ချက်ချင်း လန့်သွားတော့သည်။

​"ယွမ် ငါးထောင်ကျော်တောင်..ကွန်ပျူတာက ဒီလောက်တောင် ဈေးကြီးတာလား.."

​'ငါ တစ်ခါမှာစားတဲ့ အစားအသောက်တွေတောင် အများဆုံးမှ လေးငါးဆယ်ပဲ ရှိတာလေ..ဒါတောင် တစ်ခါတလေမှ စားတာ.. အွန်လိုင်းကနေ ဝယ်တဲ့ မုန့်တွေဆိုရင်လည်း အပုံလိုက်ကြီးမှ ယွမ်ဆယ်ဂဏန်းပဲ ရှိတာ.. အခု ကွန်ပျူတာ တစ်လုံးတည်းကို ယွမ်ထောင်ချီ ကျနေပြီ..'

​'ယွမ်ငါးထောင်ဆိုရင် မုန့်တွေ အများကြီး အများကြီး ဝယ်လို့နေပြီ.. ထမင်းဘူးတွေကော ဘယ်နှစ်ခါတောင် မှာလို့ရမလဲ..'

​" လင်းဖန် . . . နည်းနည်း ပိုသက်သာတဲ့ ကွန်ပျူတာကို ရွေးလို့ မရဘူးလား . . ."

လုံယွဲ့က နှမြောတသစွာဖြင့် မေးလိုက်သည်။

​"ဒါက နင် တိုက်ရိုက်ထုတ်လွှင့်တဲ့အခါ သုံးရမဲ့ ကွန်ပျူတာလေ.. စက်ရဲ့ စွမ်းဆောင်ရည်ကို ထည့်တွေးရမယ်.. ဒီထက်တော့ လျှော့လို့ မရဘူး.."

​လင်းဖန်က ရှင်းပြလိုက်သည်။ သူလည်း တတ်နိုင်သလောက် ဘတ်ဂျက်ကို ချွေတာချင်ပေသည်။ အိမ်တွင် ယွမ် လေးသောင်းသာ ကျန်တော့၏။

​သို့သော်လည်း တိုက်ရိုက်ထုတ်လွှင့်ဖို့ လိုအပ်သည့် စက်စွမ်းဆောင်ရည်အပြင် Virtual ပုံရိပ်နှင့်ပါ ထုတ်လွှင့်ရမည်ဖြစ်၍ ကွန်ပျူတာ၏ မှတ်ဉာဏ် ကို အများကြီး စားမှာ သေချာသည်။ ထုတ်လွှင့်နေစဥ် စက်ဟန်းသွားသည်မျိုး မဖြစ်ရလေအောင် သူ ဘတ်ဂျက်ကို တတ်နိုင်သလောက် တိုးထားရခြင်း ဖြစ်သည်။

​"ယွမ် ငါးထောင်ကျော်တန် ကွန်ပျူတာက အလယ်အလတ်အဆင့်တောင် မရှိပါဘူး.. ဒါနဲ့ ဘာလုပ်လို့ ရမှာလဲ.."

​ကျိုးယန်က ဖုန်းကို ချလိုက်ပြီး သူလည်း လာကြည့်သည်။ သူက လင်းဖန်၏ ဈေးဝယ်လှည်းထဲက ပစ္စည်းတွေကို အထင်သေးတဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။

​"လင်းဖန် . . . မရီးက နောက်ကျရင် ထုတ်လွှင့်ရင်း ဂိမ်းတွေပါ ဆော့ရမှာလေ.. ဒီလောက် စွမ်းဆောင်ရည်နဲ့ ဘယ်လို လုပ်ပြီး လောက်မှာလဲ.."

​လင်းဖန် ခေတ္တ စဉ်းစားကြည့်တော့ ကျိုးယန် ပြောတာ မှန်တယ်ဟု ခံစားလိုက်ရသည်။ တိုက်ရိုက်ထုတ်လွှင့်သည်က ပုံရိပ်လေး ပြနေရုံပင် မဟုတ်ဘဲ တစ်ခါတလေကျလျှင် ခေတ်စားနေသော အဆင့်မြင့် ဂိမ်းတွေကိုပါ ဆော့ပြရဦးမည်ဖြစ်သည်။ ထိုသို့ဆိုလျှင်တော့ ယခု စက်စွမ်းဆောင်ရည်က မလုံလောက်ပေ။

​ကျိုးယန်၏ အကြံပေးချက်အရ သူက ဈေးဝယ်လှည်းထဲက ၃၀၆၀ Graphics Cardကို ၃၀၉၀ အဖြစ် ပြောင်းလိုက်သည်။

​ဈေးဝယ်လှည်းထဲမှ ကျသင့်ငွေက ရုတ်တရက် ငါးထောင်နီးပါး ခုန်တက်သွားသည်ကို မြင်လိုက်ရသောအခါ လုံယွဲ့ ချက်ချင်းပင် အသက်ရှူမှားသွားတော့သည်။

​'ခုနကတင် ကွန်ပျူတာ တစ်လုံးလုံးမှ ငါးထောင်ကျော်ပဲ ရှိတာကို..အခု တစ်ချက်နှိပ်လိုက်တာနဲ့ ဘာလို့ ငါးထောင်လောက် ထပ်တိုးသွားရတာလဲ..'

​'ငါ အလုပ်တောင် မစရသေးဘူး.. ယွမ် တစ်သောင်းနီးပါးလောက် ကုန်တော့မှာလား..'

​လုံယွဲ့က စိုးရိမ်တကြီး ဖြစ်နေသော်လည်း ကျိုးယန်က မျက်မှောင်ကြုတ်ပြီး မကျေမနပ် ဖြစ်နေဆဲပင်။

​"ကြည့်ဦး . . . ၃၀၉၀ တောင် ရောက်နေပြီပဲ..ဘတ်ဂျက်ကို နည်းနည်းလေး ထပ်တိုးပြီး ၄၀၉၀ ပဲ ယူလိုက်ပါလား.. အာ . . . နေဦး.. အခု ၅၀ စီးရီးတွေတောင် ထွက်နေပြီပဲ.. ၄၀၉၀ ယူမဲ့အစား တစ်ခါတည်း ၅၀၉၀ ပဲ ယူလိုက်တော့.."

​"ပြီးတော့ ကြည့်ဦးလေ..က graphics cardက ၅၀၉၀ ဖြစ်နေမှတော့ တခြား အစိတ်အပိုင်းတွေကိုလည်း အဆင့်မြှင့်ရမှာပေါ့..မဟုတ်ရင် ဒီကတ်နဲ့ ဘယ်လိုက်ဖက်တော့မလဲ..ဟုတ်တယ်မလား.."

​ကျိုးယန်ရဲ့ ဆွဲဆောင်မှုအောက်မှာ လင်းဖန်ဟာ ဈေးဝယ်လှည်းထဲက တခြား အစိတ်အပိုင်းတွေကိုလည်း တစ်ခုပြီးတစ်ခု အဆင့်မြှင့်တင်လိုက်တော့သည်။

​မသိလိုက်ဘဲနှင့် သူတို့နှစ်ယောက် တိုင်ပင်ပြီး ရွေးချယ်လိုက်ကြသည်က ကျသင့်ငွေ ယွမ် လေးသောင်းကျော်ဆိုသည့် ထိတ်လန့်စရာ ပမာဏကို ရောက်သွားတော့သည်။

​"တ . . . တကယ်တော့ ငါးထောင်ကျော်တန် ကွန်ပျူတာက လုံလောက်ပါတယ် . . ."

​လုံယွဲ့သည် ကြောက်လန့်လွန်းသဖြင့် မျက်နှာလေးပင် ဖြူဖျော့နေသည်။ သူမ နောက်ဆုံးမှာတော့ မနေနိုင်တော့ဘဲ လေသံတိုးတိုးဖြင့် ဝင်ပြောလိုက်သော်လည်း လင်းဖန်နှင့်ကျိုးယန်တို့က ကွန်ပျူတာ အကြောင်း ဆွေးနွေးရင်း အာရုံရောက်နေကြသောကြောင့် သတိမထားမိကြချေ ။

​လုံယွဲ့သည် ထမင်းဘူးကို ကိုင်ပြီး အနေရခက်စွာ ရပ်နေမိပြီး ရင်ထဲတွင်မတော့ နှမြောလွန်း၍ သွေးထွက်မတတ် ခံစားနေရသည်။

​'ငါ အလုပ်တောင် တရားဝင် မစရသေးဘူး..ယွမ် လေးသောင်းကျော် ကြွေးတင်သွားပြီပေါ့ . . .'

​'ဒီ လေးသောင်းကျော် ဆိုတာကြီးက . . . ငါ မုန့်ဝယ်စားရင် အချိန်အကြာကြီး စားလို့ရတယ်လေ..'

'​ပြီးတော့ အလုပ်မလုပ်ခင်မှာ အရင်ဆုံး ပိုက်ဆံ အကုန်ခံရမယ်လို့ ဘယ်သူမှလည်း ငါ့ကို မပြောခဲ့ကြဘူးလေ..'

Chapter 72

~

အခန်း ၇၂ : ဧကရီ၏ ပထမဆုံး ကွန်ပျူတာ

~

​ရက်အနည်းငယ်ကြာပြီးနောက် ဆီးနှင်းကဲ့သို့ ဖွေးဖွေးဖြူနေသော ပင်လယ်မြင်ကွင်းပုံစံ ကွန်ပျူတာ (Sea-view Case PC) အသစ်စက်စက်ကလေးတစ်လုံးသည် ဧည့်ခန်းအတွင်း၌ ငြိမ်သက်စွာ နေရာယူထားလေသည်။ ကွန်ပြူတာ၏ သန့်ရှင်းစင်ကြယ်သော ကိုယ်ထည်မှာ ရွှံ့နွံကင်းစင်သည့် ကြာပန်းဖြူတစ်ပွင့်ကဲ့သို့ စွဲမက်ဖွယ်ကောင်းလှပြီး ရတနာတစ်ပါးပမာ တောက်ပနေပေသည်။

​"ယေး...အပြည့်အစုံ တပ်ပြီးပြီကွ.."

​လင်းဖန်နှင့် ကျိုးယန်တို့မှာ ကွန်ပျူတာရှေ့တွင် လက်ဝါးချင်းရိုက်၍ အောင်ပွဲခံလိုက်ကြ၏ ။ သူတို့နှစ်ဦး ကိုယ်တိုင် တပ်ဆင်လိုက်ရသောကြောင့် ရင်ထဲ၌လည်း ဂုဏ်ယူပီတိများ ပြည့်နှက်နေချေသည် ။

​လွန်ခဲ့သော ရက်အနည်းငယ်က မှာယူထားသည့် ကွန်ပျူတာအစိတ်အပိုင်းများနှင့် တိုက်ရိုက်ထုတ်လွှင့်မှု ဆိုင်ရာ ပစ္စည်းများမှာ တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ အိမ်တွင် အပိုစားပွဲ မရှိသောကြောင့် လုံယွဲ့အတွက် သီးသန့်ဒီဇိုင်းထုတ်ထားသော ဂိမ်းကစားသည့် စားပွဲနှင့် ထိုင်ခုံကိုပါ မှာယူပေးခဲ့ရသေးသည်။

​ပစ္စည်းစုံလင်သွားသည့်အခါ သူတို့နှစ်ဦးမှာ လမ်းညွှန်ဗွီဒီယိုများကို ကြည့်ရှုကာ တစ်နေကုန် အားသွန်ခွန်စိုက် တပ်ဆင်ခဲ့ကြရ၏။ ယခုအခါတွင်မူ ခမ်းနားထည်ဝါသော ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများမှာ အဆင်သင့် ဖြစ်နေလေပြီ။

​လင်းဖန်သည် တောက်ပနေသော ကွန်ပျူတာအသစ်ကြီးကို ကြည့်ပြီးနောက် မိမိနှင့်အတူ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သည့် အိပ်ခန်းထဲမှ ကွန်ပျူတာအဟောင်းလေးကို ပြန်လည်မြင်ယောင်ကာ စိတ်မကောင်း ဖြစ်မိသည်။ ဤကွန်ပျူတာအသစ်၏ စွမ်းဆောင်ရည်မှာ သူ၏ အဟောင်းထက် အဆပေါင်းများစွာ သာလွန်သည်။ ဂရပ်ဖစ်ကတ် (Graphics Card) တစ်ခုတည်း၏ တန်ဖိုးမှာပင် သူ၏ ကွန်ပျူတာအဟောင်းမျိုး ငါးလုံး၊ ခြောက်လုံးခန့် ဝယ်ယူနိုင်သည်အထိ တန်ဖိုးကြီးချေ၏။

​ဧကရီအတွက် ပထမဆုံး ပြင်ဆင်ပေးသည့် ကွန်ပျူတာမှာ အမှန်တကယ်ပင် အဆင့်မြင့်လှပေသည်။ ကံကောင်းသည်မှာ ဤစရိတ်စကများမှာ လင်းဖန်၏ အိတ်ကပ်ထဲမှ ထွက်သည်မဟုတ်ဘဲ ကျိုးယန်က သူတို့နှစ်ယောက်အတွက် ရင်းနှီးမြုပ်နှံမည် ဟု အကြောင်းပြကာ အကုန်အကျခံခဲ့ခြင်း ဖြစ်သည်။

​ကျိုးယန်က ထိုသို့ ပြောဆိုသော်လည်း သူတို့၏ လက်ရှိ စီးပွားရေးအခြေအနေ ခက်ခဲနေသည်ကို သိသောကြောင့် ဝိုင်းဝန်းကူညီခြင်းဖြစ်ကြောင်း လင်းဖန် နားလည်၏။ အကယ်၍သာ ဤပစ္စည်းများကို ကိုယ်တိုင်ဝယ်ယူရပါက ရှေ့လျှောက် သူတို့နှစ်ဦးမှာ လေကိုသာ စားသုံးနေရမည့် အခြေအနေသို့ ရောက်ရှိသွားပေမည်။

​"မရီး.. လင်းဖန်နဲ့ ငါနဲ့ သေချာရွေးထားတာ မိုက်တယ်မလား .. ဘယ်လိုလဲ စိတ်တိုင်းကျရဲ့လား.."

ကျိုးယန်က လုံယွဲ့ကို ပြုံးလျက် မေးလိုက်သည်။

​"အင်း..ကျေးဇူးအများကြီး တင်ပါတယ်.. နင့်ရဲ့ စေတနာကို ငါ သေချာပေါက် မှတ်ထားပါ့မယ် ."

​လုံယွဲ့သည် ကျိုးယန်ကို ကြည့်ကာ လေးလေးနက်နက်ပင် ဦးညွှတ်ကျေးဇူးတင်လိုက်သည်။ ဧကရီအဖြစ် နန်းတက်ပြီးနောက်ပိုင်း တစ်စုံတစ်ဦးကို ဤမျှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိသည်မှာ ယခု ပထမဆုံး ဖြစ်၏။

​သူမ၏ ရှေ့မှောက်ရှိ ဤငွေရှင်ကြေးရှင်ကြီးမှာ သူတို့မိသားစုအတွက် ယွမ် လေးသောင်းကျော်မျှ ကုန်ကျမည့် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးခဲ့ခြင်း ဖြစ်ပေသည်။ အကယ်၍သာ ထိုငွေများကို သုံးစွဲလိုက်ရပါက သူမမှာ ရက်သတ္တပတ်ပေါင်းများစွာ ရင်နာနေရမည်ဖြစ်ပြီး ရှေ့လျှောက် ခေါက်ဆွဲခြောက်ပင် ဝယ်မစားနိုင်တော့ဘဲ ဆန်ပြုတ်နှင့် ချဉ်ဖတ်ကိုသာ အားကိုးနေရပေလိမ့်မည်။

​ထို့ပြင် ဤလူသည် ယခင်ကလည်း လင်းဖန်ကို ယွမ် လေးသောင်းကျော် ကူညီခဲ့ဖူးသေးရာ ယခုအခါတွင်မူ ကျိုးယန်မှာ သူတို့မိသားစု၏ ကယ်တင်ရှင်ကြီးပင် ဖြစ်တော့သည်။

​"ဒီလောက်အထိ အားနာမနေပါနဲ့ မရီးရာ.. ငါတို့က မိသားစုတွေပဲဥစ္စာ.."

​ကျိုးယန်မှာ လုံယွဲ့၏ လေးနက်လှသော ကျေးဇူးတင်စကားကြောင့် အနည်းငယ် အံ့အားသင့်သွားပြီး လက်ကာပြကာ ပြန်လည်ပြောဆိုလိုက်သည်။

​လင်းဖန်ကမူ ဘေးမှနေ၍ ဘာမှမပြောဘဲ ပြုံးလျက်သာ ကြည့်နေမိသည်။ ဧကရီတစ်ပါး၏ ရင်ထဲ၌ ကိန်းဝပ်သွားမည့် ကျေးဇူးတင်မှုကို ရရှိရန်မှာ မည်သူမျှ မရနိုင်သော အခွင့်အရေး ဖြစ်ပေသည်။ ယခုဆိုလျှင် လုံယွဲ့မှာ ကျိုးယန်က သူမကို မရီးဟု ခေါ်ဝေါ်နေသည်ကိုပင် စိတ်မဆိုးတော့ပါချေ။

​"ကွန်ပျူတာ တပ်ဆင်ပြီးပြီဆိုတော့ ငါပဲ စနစ် (System) တွေ တစ်ခါတည်း ထည့်ပေးလိုက်တော့မယ်.."

​လင်းဖန်သည် ကွန်ပျူတာရှေ့တွင် ထိုင်ကာ ယူအက်စ်ဘီ (USB) ကို ထိုးလိုက်ပြီး ပါဝါခလုတ်ကို နှိပ်လိုက်သည်။ ခလုတ်ကို နှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် ပန်ကာများ လည်ပတ်သံ ထွက်ပေါ်လာပြီး ရောင်စုံမီးများမှာလည်း လှပစွာ လင်းထိန်လာတော့သည်။

​လုံယွဲ့သည် ဘေးမှနေ၍ အံ့ဩစူးစမ်းသော မျက်လုံးများဖြင့် ကြည့်နေမိသည်။ သူမသည် လွန်ခဲ့သော ရက်များက လင်းဖန်၏ သင်ကြားပေးမှုကြောင့် ကွန်ပျူတာ၏ အခြေခံသဘောတရားအချို့ကို သိရှိထားပြီး ဖြစ်သော်လည်း လက်တွေ့မြင်တွေ့ရသည့်အခါတွင်မူ ထပ်မံ အံ့သြရပြန်သည်။

​သေးငယ်လှသော စီပီယူ (CPU) နှင့် ဂရပ်ဖစ်ကတ်များမှာ အလွန်တိကျလှသော လျှပ်စစ်အစိတ်အပိုင်းများစွာဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။ ထိုအစိတ်အပိုင်းများ ပေါင်းစပ်လိုက်သည့်အခါ အမျိုးမျိုးသော လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်သည့် ကွန်ပျူတာကြီး ဖြစ်လာခြင်းမှာ အံ့မခန်းပင်။

​သာမန်လူသား များသည် အလွန်တိကျပြီး ရှုပ်ထွေးလှသော ဤရတနာမျိုးကို ဖန်တီးနိုင်ကြလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့မိပေ။ သူမ သိထားသော လူသားများမှာ လယ်လုပ်ခြင်းနှင့် ပင်ပန်းစွာ အလုပ်လုပ်ခြင်းတို့ဖြင့်သာ တစ်သက်လုံး ရုန်းကန်နေရသည့် သေးငယ်သော ဖြစ်တည်မှုများသာ ဖြစ်သည်။ သို့သော် ဤကမ္ဘာမှ လူသားများမှာမူ လုံးဝ ခြားနားလှပေသည်။

​အင်မော်တယ်နယ်မြေ၌ လက်နက်ကိရိယာ ဖန်တီးသည့် ဆရာကြီးများ များစွာ ရှိသော်လည်း နှစ်ပေါင်းသောင်းချီသည့်တိုင် ဤမျှ ဆန်းကြယ်သော ရတနာမျိုးကို မဖန်တီးနိုင်ခဲ့ကြပေ။

​လုံယွဲ့၏ အံ့ဩနေသော အကြည့်များအောက်တွင် လင်းဖန်မှာ လိုအပ်သည့် စနစ်များနှင့် ဆော့ဖ်ဝဲများကို အချိန်တိုအတွင်း အပြီးသတ် ထည့်သွင်းပေးလိုက်သည်။

​"ကဲ အားလုံး အဆင်သင့် ဖြစ်ပြီ.. လာ စမ်းကြည့်လိုက်ဦး.."

​လင်းဖန်က နေရာဖယ်ပေးကာ လုံယွဲ့ကို ပြုံး၍ ပြောလိုက်သည်။

လုံယွဲ့သည် ကွန်ပျူတာရှေ့တွင် အသာဝင် ထိုင်လိုက်ပြီး ကီးဘုတ်နှင့် မောက်စ် (Mouse) ကို ထိတွေ့ကြည့်သောအခါ ရင်ထဲ၌ ရှင်းပြ၍မရသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ဤသည်မှာ သူမ၏ ပထမဆုံးသော ကွန်ပျူတာပင် မဟုတ်ပါလော။

​"ကဲ.. အခု လိုအပ်တဲ့ ဆော့ဖ်ဝဲအချို့ကို ဒေါင်းလုဒ် ဆွဲကြရအောင်.. ဒီ ဘရောက်ဇာ (Browser) ကို အရင်ဖွင့်လိုက်.."

လင်းဖန်က မျက်နှာပြင်ပေါ်ရှိ appကို ညွှန်ပြကာ လမ်းညွှန်ပေးသည်။

​လုံယွဲ့သည် မောက်စ်ကို ခက်ခက်ခဲခဲ ရွှေ့ကာ ခလုတ်ကို အသာအယာ နှိပ်လိုက်သည်။ ဘာမှ မဖြစ်လာသောကြောင့် နောက်တစ်ချက် ထပ်နှိပ်သော်လည်း ငြိမ်သက်နေဆဲ ဖြစ်၏။ သူမ ချက်ချင်းပင် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာသည်။

​'ငါ ထိလိုက်တာနဲ့ ဒီယွမ် လေးသောင်းတန် ကွန်ပူတာကြီး ပျက်သွားတာတော့ မဟုတ်ဘူးမလား..'

​အကယ်၍သာ ပျက်သွားခဲ့ပါက သူမ၏ နောင်တမှာ ဆုံးနိုင်တော့မည် မဟုတ်ပေ။ လုံယွဲ့၏ စိုးရိမ်နေသော မျက်နှာလေးကို ကြည့်ကာ လင်းဖန်မှာ ရယ်ချင်စိတ်ကို အောင့်အီးထားရသည်။

​"ကွန်ပျူတာက ဖုန်းနဲ့ မတူဘူး.. တစ်ချက်တည်း နှိပ်လို့ မရဘူး.. ခလုတ်ကို နှစ်ချက် ဆင့်နှိပ် မှ ပွင့်မှာ.."

​"သြော်.. တကယ်ပဲ ပွင့်လာပြီ.."

​လင်းဖန် ပြောသည့်အတိုင်း လုပ်ဆောင်လိုက်ရာ မျက်နှာပြင် ပွင့်လာသဖြင့် လုံယွဲ့မှာ ဝမ်းသာအားရ ဖြစ်သွားသည်။

​"နောက်ပြီး ရှာဖွေတဲ့နေရာမှာ နာမည် ရိုက်ထည့်လိုက်.."

​"လင့်ခ် (Link) တွေ အများကြီးပဲ.. ဒါလား.."

​"မဟုတ်ဘူး.. အဲဒါက ကြော်ငြာ.. အောက်ခြေမှာ ကြော်ငြာလို့ ရေးထားတာတွေကို လျစ်လျူရှုလိုက်လို့ ရတယ်.. ဒါကမှ တရားဝင် ဝက်ဘ်ဆိုက် ပဲ.. အဲဒါကို နှိပ်ပြီး ဒေါင်းလုဒ် ဆွဲလိုက်.."

​"အင်း.."

​"အွန်လိုင်းမှာ ပြောနေကြတာတော့ ၃၉၀ အန်တီဗိုင်းရပ်စ် (Antivirus) ထည့်တာ အကောင်းဆုံးဆို.. အဲဒါ ထည့်ရမလား.."

​"နေပါစေ.. အဲဒါက အပိုတွေပဲ..ကွန်ပျူတာမှာ ပါတဲ့ ဖိုင်းယားဝေါ (Firewall) နဲ့တင် လုံလောက်ပါတယ်.."

​"ဘာလို့ အကုန်လုံးကို စီဒရိုက် (C drive) ထဲမှာပဲ ထည့်နေတာလဲ.."

​"ဒီလို လုပ်လို့ မရဘူးလား.."

​"ရပါတယ်..နင့်ရဲ့ Storage က အကြီးကြီးဆိုတော့ ဘယ်တော့မှ ပြည့်သွားမှာ မဟုတ်ပါဘူး.."

​လင်းဖန်၏ စိတ်ရှည်လက်ရှည် သင်ကြားပေးမှုအောက်တွင် လုံယွဲ့မှာ လိုအပ်သည့် ဆော့ဖ်ဝဲများကို တစ်ခုပြီးတစ်ခု ထည့်သွင်းနိုင်ခဲ့သည်။ သူမ မလုပ်တတ်သည့် အခါတိုင်း လင်းဖန်သည် သူမ၏ လက်ပေါ်မှ ထပ်လျက် မောက်စ်ကို ဝိုင်းဝန်းကိုင်တွယ်ပေးကာ ရှင်းပြပေးသည်။

​လင်းဖန် ကိုယ်တိုင် လုပ်ပေးလိုက်လျှင် မြန်ဆန်သော်လည်း နောင်တွင် သူမ ကိုယ်တိုင် တိုက်ရိုက်ထုတ်လွှင့်ရမည် ဖြစ်ရာ ယခုကတည်းက ကျွမ်းကျင်အောင် လေ့ကျင့်ပေးနေခြင်းပင် ဖြစ်၏။

​လင်းဖန်နှင့် လုံယွဲ့တို့၏ ရင်းနှီးလှသော ပုံစံကို ကြည့်ကာ ကျိုးယန်မှာမူ မိမိကိုယ်ကို အပိုလူကြီး ဖြစ်နေသလို ခံစားလိုက်ရသည်။ သူတို့နှစ်ဦးမှာ သူ့ကို လုံးဝ မေ့ထားလိုက်ကြပြီး ခွေးစာအဝ ကျွေးနေချေတော့သည်။

​ထိုစဉ် ကျိုးယန်၏ ဖုန်းမှ အသိပေးသံ တစ်ခု ထွက်ပေါ်လာသည်။ ထိုအခါမှသာ လင်းဖန်နှင့် လုံယွဲ့တို့မှာ ကျိုးယန် ရှိနေသည်ကို သတိရကာ လှည့်ကြည့်လိုက်ကြ၏။ ကျိုးယန်သည် ဖုန်းကို ကြည့်ပြီးနောက် မျက်နှာတွင် ဝမ်းသာမှုများ လွှမ်းမိုးသွားသည်။

​"အိုး..အချိန်ကိုက်ပဲ.."

​"မရီး.. မရီးရဲ့ ဇာတ်ကောင်ပုံရိပ်လေး အဆင်သင့် ဖြစ်ပြီတဲ့.."

All Chapters