အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
Chapter 73
~
အခန်း ၇၃ : ဧကရီ ၏ Virtual Streamer ခရီးအစ
~
"ကဲ... ကိုယ်ပွားရုပ်ပုံအတွက် ပြင်ဆင်မှုတွေ ပြီးသွားပြီ.."
ကိုယ်ပွားပုံရိပ်အတွက် အထူးပြုလုပ်ထားသော ဇာတ်ကောင်ပုံရိပ် ဖိုင်များကို လက်ခံရရှိပြီးနောက် ကျိုးယန်သည် ဒေတာဖိုင်များကို လုံယွဲ့၏ ကွန်ပျူတာအတွင်းသို့ ချက်ချင်းပင် ကူးပြောင်းပေးလိုက်ပြီး စနစ်တကျ ချိန်ညှိပေးလိုက်သည်။
ထိုခဏ၌ ငွေရောင်ဆံကေသာကို ပိုင်ဆိုင်ထားပြီး အဖြူရောင်ဖျော့ဖျာ့မျက်ဝန်းအစုံရှိသည့်၊ ငွေလမင်း နတ်သမီးဝတ်ရုံ ဝတ်ဆင်ထားသော နတ်သမီးပုံရိပ်လေးတစ်ခု ကွန်ပျူတာမျက်နှာပြင်ထက်တွင် ထင်ဟပ်လာတော့သည်။
လုံယွဲ့သည် ထိုရုပ်ပုံလွှာလေးကို မြင်တွေ့လိုက်ရချိန်တွင် အလွန်ပင် နှစ်သက်သဘောကျသွားပြီး မျက်နှာထက်ဝယ် အံ့ဩဝမ်းသာမှုများ လွှမ်းမိုးသွား၏။ မျက်နှာပြင်ပေါ်မှ ပုံရိပ်လေးမှာ သူမ အင်မော်တယ်ဧကရီအဖြစ် ရှိစဉ်အခါက ရုပ်သွင်နှင့် အလွန်ပင် ဆင်တူလှပေသည်။ သူမ၏ ပုံစံကို ချစ်စဖွယ် ကာတွန်းရုပ်ပုံလေးအဖြစ် ပြောင်းလဲထားသကဲ့သို့ပင် ရှိတော့သည်။
သူမ မျက်တောင်တစ်ချက် ခတ်လိုက်တိုင်း မျက်နှာပြင်ပေါ်မှ ပုံရိပ်လေးသည်လည်း သူမနှင့်အတူ လိုက်ပါလှုပ်ရှားနေလေ၏။
"သူ... သူက ငါ့ရဲ့ လှုပ်ရှားမှုတွေကို လိုက်လုပ်နေပါလား.. တကယ်ကို ဆန်းကြယ်လိုက်တာ.."
"ဒါက ကင်မရာကို အသုံးပြုပြီး မျက်နှာရဲ့ လှုပ်ရှားမှုတွေကို ဖမ်းယူတာလေ.."
လင်းဖန်က မျက်နှာပြင်ပေါ်ရှိ ကင်မရာကို ညွှန်ပြကာ ရှင်းပြလိုက်သည်။
"နင့်ရဲ့ လှုပ်ရှားမှုမှန်သမျှကို ကင်မရာကတစ်ဆင့် ဒီဇာတ်ကောင် ပုံရိပ်လေးဆီကို ပို့ဆောင်ပေးနေတာပေါ့.."
စပ်စုလိုစိတ် ပြင်းပြနေသော လုံယွဲ့သည် ကင်မရာအနားသို့ တိုးကပ်သွားကာ ခေါင်းကို ဝဲယာလှည့်ကြည့်ခြင်း၊ ပါးစပ်ဟခြင်းတို့ကို စမ်းသပ်လုပ်ဆောင်ကြည့်မိသည်။ မျက်နှာပြင်ပေါ်မှ ပုံရိပ်လေးသည်လည်း သူမ လုပ်ဆောင်သည့်အတိုင်း တထပ်တည်း လိုက်ပါလုပ်ဆောင်နေပေသည်။
"တကယ်ပဲ လိုက်လုပ်နေပါလား.."
လုံယွဲ့မှာ အံ့အားသင့်စွာဖြင့် ရေရွတ်မိတော့၏။
အခြားသော ဖြစ်တည်မှုတစ်ခုအား မိမိ၏ လှုပ်ရှားမှုကို လိုက်ပါလုပ်ဆောင်စေသည့် ဤနည်းလမ်းမှာ အင်မော်တယ်နယ်မြေရှိ ကိုယ်ခန္ဓာထိန်းချုပ်ခြင်းကျင့်စဥ် များနှင့် အလွန်ပင် ဆင်တူလှပေသည်။
ထိုကျင့်စဥ်များမှာလည်း ကြားခံပစ္စည်းတစ်ခုခု လိုအပ်သည်သာ ဖြစ်၏။ တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်တွင် ထိန်းချုပ်သည့် အဆောင်စာရွက် ကပ်ခြင်း၊ တစ်ဖက်လူကို ရုပ်သေးရုပ်အဖြစ် ပြုပြင်ခြင်း သို့မဟုတ် အနည်းဆုံး တစ်ဖက်လူ၏ အရိပ်ကို ဖမ်းဆုပ်ကာ ထိန်းချုပ်ခြင်း စသည်တို့ လုပ်ဆောင်ရခြင်း ဖြစ်သည်။ သို့သော် ယခုမူ သူမသည် ကွန်ပျူတာရှေ့တွင် ထိုင်နေရုံမျှဖြင့် မျက်နှာပြင်ပေါ်မှ ဇာတ်ကောင်လေးက သူမ၏ လှုပ်ရှားမှုများကို လိုက်ပါလုပ်ဆောင်နေခြင်း ဖြစ်ပေသည်။
"ဟဲဟဲ... ဒါက သာမန် မျက်နှာလှုပ်ရှားမှု ဖမ်းယူတာမျိုး မဟုတ်ပါဘူး.. ဒါက ငါ့သူငယ်ချင်းကို အထူးမှာကြားပြီး လုပ်ခိုင်းထားတဲ့ အဆင့်မြင့်ပစ္စည်းလေ..နင့်ဘက်က အမူအရာတွေကို ခလုတ်နှိပ်ပြီး ပြောင်းလဲနေစရာ မလိုဘူး.. ကင်မရာက နင့်ရဲ့ မျက်နှာအမူအရာ ပြောင်းလဲတာကို မြင်တာနဲ့ ဒီပုံရိပ်လေးက အလိုအလျောက် လိုက်ပါပြောင်းလဲပေးနေမှာ .. ဒီပုံရိပ်လေးထဲမှာ အမူအရာ ပြောင်းလဲမှု ဆယ်မျိုးထက်မက ထည့်ထားတယ်.."
ကျိုးယန်က ဂုဏ်ယူစွာဖြင့် ဝင်ရောက်ရှင်းပြလိုက်သည်။
ပုံမှန်အားဖြင့် တိုက်ရိုက်ထုတ်လွှင့်သူများသည် ဇာတ်ကောင်၏ အမူအရာကို ပြောင်းလဲရန် တိတ်တဆိတ် ခလုတ်နှိပ်ရလေ့ရှိသော်လည်း ဤဇာတ်ကောင်မှာမူ ထိုသို့ လုပ်ဆောင်ရန် မလိုအပ်ပေ။ ကင်မရာမှတစ်ဆင့် အလိုအလျောက် လိုက်ပါပြောင်းလဲပေးမည် ဖြစ်သည်။
"အိုး... မျက်နှာအမူအရာတွေကိုတောင် လိုက်လုပ်နိုင်တာလား.."
ထိုစကားကို ကြားလိုက်ရချိန်တွင် လုံယွဲ့၏ မျက်ဝန်းအစုံ၌ အံ့သြဝမ်းသာမှုများ ပေါ်လွင်လာရသည်။ ဤနည်းပညာမှာ အင်မော်တယ်အတတ်ပညာများထက်ပင် ပို၍ အစွမ်းထက်လှပေသည်။ ထိုအတတ်ပညာများသည်ပင် တစ်ဖက်လူ၏ မျက်နှာအမူအရာကို မိမိနှင့် တူညီအောင် မလုပ်ဆောင်နိုင်ကြပါချေ။
"ကဲ... ဒါကတော့ နင့်ရဲ့ ဇာတ်ကောင် နောက်ခံသမိုင်းကြောင်းပဲ.."
လုံယွဲ့မှာ အံ့ဩ၍ မဆုံးသေးမီမှာပင် လင်းဖန်သည် သူမအတွက် အထူးပြင်ဆင်ထားသော စာရွက်ကို ကမ်းပေးလိုက်လေသည်။ ဗွီကျူးဗား( Virtual Streamer)တိုင်းတွင် ကိုယ်ပိုင် ထူးခြားချက်များ သို့မဟုတ် ဆွဲဆောင်မှုရှိသော အချက်များ ရှိကြစမြဲ ဖြစ်သည်။ ပထမဆုံးသော ဗွီကျူးဗားများ၏ အေအိုင် (AI) ပုံစံ နောက်ခံများ သို့မဟုတ် ကလေးမလေးပုံစံ၊ ရင့်ကျက်သော အမျိုးသမီးပုံစံ စသည်ဖြင့် အမျိုးမျိုး ရှိကြသည်။ ထို့ကြောင့် သူသည် သူမအတွက် သီးသန့်နောက်ခံသမိုင်းကြောင်းတစ်ခု ရေးဆွဲပေးခဲ့ခြင်း ဖြစ်၏။
"ဒါက ဘာလဲ.."
လုံယွဲ့က စူးစမ်းစွာ မေးမြန်းရင်း စာရွက်ပေါ်ရှိ အချက်အလက်များကို ဖတ်ကြည့်လိုက်ရာ သူမ၏ လှပသော စင်ယော်တောင် မျက်ခုံးတန်းလေးများမှာ အနည်းငယ် တွန့်ကွေးသွားသည်။
လင်းဖန်က သူမ၏ ဇာတ်ကောင်နောက်ခံကို ရှင်းပြလိုက်သည်။
"ဒီနေ့ကစပြီး ဒါက နင့်ရဲ့ နောက်ခံသမိုင်းကြောင်းပဲ ..နင်ဟာ အင်မော်တယ်မိစ္ဆာတိုက်ကြီးကနေ လူ့လောကထဲကို မတော်တဆ ရောက်ရှိလာတဲ့ ဧကရီတစ်ပါးပေါ့..လူ့လောကကို ရောက်တဲ့အခါ ကံမကောင်းစွာနဲ့ ကျင့်ကြံမှုတွေ အကုန်လုံး ဆုံးရှုံးသွားခဲ့ရတယ်.. အင်မော်တယ်နယ်မြေကို ပြန်ဖို့ နည်းလမ်းရှာရင်းနဲ့ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် ဗွီကျူးဗားတစ်ယောက်အဖြစ် လုပ်ကိုင်ပြီး ဒီကမ္ဘာအသစ်မှာ နေသားကျအောင် ကြိုးစားနေသူပေါ့.."
လုံယွဲ့ ဆွံ့အသွားသည်။ သူမ လင်းဖန်ကို မကျေမနပ်သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး..
"ဒီဧကရီရဲ့ နောက်ခံသမိုင်းကြောင်း ဆိုတာက ဘာသဘောလဲ.. ဒီဧကရီက တကယ့် ဧကရီအစစ်အမှန်ပါနော်.."
သူမသည် မူလကပင် ကျိရှန့်ထျန်းကုန်း ၏ ဧကရီ ဖြစ်သော်လည်း ယခုတွင်မူ အင်မော်တယ်နယ်မြေမှ ဧကရီတစ်ပါးအဖြစ် ဟန်ဆောင်ရမည်ဆိုသည်မှာ သူမအတွက် အဓိပ္ပာယ်မဲ့သလို ခံစားနေရသည်။
"ဒီနောက်ခံက ကောင်းပါတယ်..မရီးနဲ့ တကယ်ကို လိုက်ဖက်တယ်.."
ကျိုးယန်ကလည်း ချီးကျူးစကား ဆိုလိုက်၏။
လုံယွဲ့၏ အလှအပနှင့် အမူအရာမှာ လူ့လောကမှ မဟုတ်သော နတ်သမီးတစ်ပါး လူ့ပြည်သို့ ဆင်းသက်လာသကဲ့သို့ ခံစားရစေသည်။ ထို့ပြင် ခေတ်မီစက်ပစ္စည်းများနှင့် လောကီရေးရာများကို သူမ နားမလည်ခြင်းမှာလည်း လူ့လောကထဲသို့ ရုတ်တရက် ရောက်ရှိလာသော နတ်သမီးတစ်ပါးနှင့် အလွန်ပင် တူညီလှသည်။ ပို၍ အရေးကြီးသည်မှာ သူမသည် ရံဖန်ရံခါတွင် မိမိကိုယ်ကိုယ် ဒီဧကရီ ဟု သုံးနှုန်းလေ့ရှိရာ ၎င်းမှာ အင်မော်တယ်နယ်မြေမှ ဧကရီတစ်ပါးနှင့် ထပ်တူကျနေပေတော့သည်။
"ငါလည်း အဲဒီလိုပဲ ထင်တယ်..ဒီနောက်ခံက သူနဲ့ သေချာပေါက် လိုက်ဖက်မှာပါ "
လင်းဖန်က ပြုံး၍ ပြောလိုက်သည်။
ကျိုးယန်ကမူ မသိသော်လည်း လင်းဖန် ဖန်တီးပေးလိုက်သည်က စိတ်ကူးယဉ်နောက်ခံတစ်ခု မဟုတ်ဘဲ လုံယွဲ့၏ ဖြစ်တည်မှုအစစ်အမှန်ပင်။ သို့သော် ဗွီကျူးဗား တစ်ယောက်ဖြစ်ခြင်းကြောင့် သူမ၏ နောက်ခံက မည်မျှပင် ထူးဆန်းနေပါစေ မည်သူမျှ အစစ်အမှန်ဟု သံသယဝင်ကြမည် မဟုတ်ပေ။ ဤသည်က သူမအတွက် အကောင်းဆုံးသော အကာအကွယ်နှင့် ထူးခြားသော အားသာချက်ပင် ဖြစ်တော့သည်။ အခြားသူများ၏ နောက်ခံများမှာ အတုအယောင်များ ဖြစ်သော်လည်း သူမကမူ ဧကရီအစစ်အမှန် ဖြစ်နေပေသည်။
"ဧကရီ... နောက်ပိုင်း တိုက်ရိုက်ထုတ်လွှင့်တဲ့အခါ နင့်ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို တမင်တကာ ဖုံးကွယ်နေစရာ မလိုသလို ပြောဆိုတဲ့ အလေ့အထကိုလည်း ပြောင်းလဲနေစရာ မလိုဘူး .. ဒီဧကရီ ဆိုပြီးပဲ ဆက်ပြီး သုံးလို့ ရတယ် "
လင်းဖန်က ပြောလိုက်သည်။
"တကယ်လား ပြဿနာ မတက်နိုင်ဘူးလား.."
လုံယွဲ့က စိုးရိမ်ဟန်ဖြင့် မေးမြန်းလိုက်၏ ။
ထိုအခါ လင်းဖန်က ရယ်မောရင်း ပြန်လည်ဖြေကြားလိုက်သည်။
"စိတ်မပူပါနဲ့.. ဘာပြဿနာမှ မရှိဘူး..နင်က သူတို့ရှေ့မှာ အင်မော်တယ်ကျင့်စဥ်တွေ သုံးပြရင်တောင် သူတို့က အတည်ယုံကြမှာ မဟုတ်ဘူးလေ .."
"ဟုတ်ပါတယ် မရီး.. ဒါက နောက်ခံသမိုင်းကြောင်းပဲလေ.. တစ်ခါတလေကျရင် နောက်ခံနဲ့အညီ သရုပ်ဆောင်ဖို့ လိုအပ်တယ်.. ကိုယ့်ကိုကိုယ် ဒီဧကရီ လို့ သုံးတာက အဆင်ပြေပါတယ်.."
ကျိုးယန်ကလည်း ထောက်ခံလိုက်သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် လုံယွဲ့သည် လက်ထဲမှ ဇာတ်ကောင်နောက်ခံစာရွက်ကို ကြည့်ကာ ရင်ထဲတွင် ရှင်းပြ၍မရသော စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာရသည်။ ယခင်က လင်းဖန်သည် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို အပြင်လောကသို့ လုံးဝ မပေါက်ကြားစေရန် အမြဲတစေ သတိပေးခဲ့၏။ သို့သော် ယခု ဗွီကျူးဗားတစ်ယောက်ဖြစ်လာပါက သူမသည် ဧကရီတစ်ပါးအဖြစ် ပြန်လည်နေထိုင်နိုင်မည် ဖြစ်ပြီး ဘာကိုမှ စိုးရိမ်နေစရာ မလိုအပ်တော့ပေ။
ဤအလုပ်မှာ သူမနှင့် အမှန်တကယ်ပင် သင့်တော်သည်ဟု သူမ ခံစားလိုက်ရသည်။ လင်းဖန်သည် လုံယွဲ့၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများကို မြင်တွေ့လိုက်ရသဖြင့် အံ့သြသွားမိသည်။ ထိုကဲ့သို့သော အကြည့်မျိုးမှာ သူမ အရသာရှိသော အစားအစာများကို စားရသည့်အခါမှသာ ပေါ်ထွက်လေ့ရှိခြင်း ဖြစ်သည်။ အလုပ်တစ်ခုအပေါ် စိတ်လှုပ်ရှားမှုနှင့် စိတ်ဝင်စားမှု ရှိခြင်းမှာ အောင်မြင်ရန်အတွက် အကောင်းဆုံးသော တွန်းအားပင် ဖြစ်ပေသည်။
လင်းဖန်သည် တိုက်ရိုက်ထုတ်လွှင့်မည့် အခန်းကို ဖွင့်လှစ်လိုက်ပြီး လိုအပ်သည့် အချက်အလက်များကို ချိန်ညှိကာ စမ်းသပ်ထုတ်လွှင့်မှု တစ်ခုကို လုပ်ဆောင်ကြည့်လိုက်သည်။
"ဧကရီ... မနက်ဖြန် တရားဝင် ထုတ်လွှင့်တဲ့အခါ သုံးဖို့အတွက် အခန်းနာမည် တစ်ခု အရင်ရွေးချယ်ကြရအောင်.."
တိုက်ရိုက်ထုတ်လွှင့်သူ အသစ်တစ်ယောက်အတွက် ဆွဲဆောင်မှုရှိသော အခန်းနာမည်ရှိခြင်းမှာ လူအများကို ဆွဲဆောင်ရန်အတွက် အလွန်ပင် အရေးကြီးလှပေသည်။
"အင်း... အခန်းနာမည်..."
လုံယွဲ့သည် အလေးအနက် စဉ်းစားနေပြီးနောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် ပြုံးလိုက်သည်။ ထို့နောက် ကီးဘုတ်ပေါ်တွင် စာသားတစ်ခုကို ရိုက်နှိပ်လိုက်လေ၏။
[ကျိရှန့်ထျန်းကုန်း သို့ ရောက်ရှိလာကြသူအားလုံးကို ကြိုဆိုပါ၏။ သင်တို့အားလုံးကို ဤဧကရီက တွေ့ဆုံခွင့် ပေးသနားတော်မူမည်။ ]
ထိုနာမည်ကို မြင်တွေ့လိုက်ရချိန်တွင် လင်းဖန်နှင့် ကျိုးယန်တို့မှာ ခဏတာ ဆွံ့အသွားကြသည်။ အမှန်တကယ်ပင် ထူးခြားဆန်းသစ်သော နာမည်တစ်ခု ဖြစ်၏။ သို့သော် သေသေချာချာ ပြန်လည်စဉ်းစားကြည့်လျှင် သူမ၏ နောက်ခံသမိုင်းကြောင်းနှင့် အလွန်ပင် ကိုက်ညီလှပေသည်။ သူမသည် အင်မော်တယ်နယ်မြေမှ ဧကရီဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းမှာလည်း သူမ၏ နန်းတော်ပင် မဟုတ်ပါလော။ အမှန်တကယ်ပင် ကျိုးကြောင်းဆီလျော်ပေတော့သည်။
Chapter 74
~
အခန်း ၇၄ : ဒုံးပျံလက်ဆောင်ပေးပို့သော အိမ်နီးနားချင်း နတ်ဆိုးအရှင်အား ကျေးဇူးတင်...
~
ကျိရှန့်ထျန်းကုန်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်း
[ဟေး... ဗွီကျူးဗား အသစ်လေးလား..]
[ကျိရှန့်ထျန်းကုန်းတဲ့လား..ငါ ဘယ်ကို ရောက်နေတာလဲ..]
[ဘာပဲဖြစ်ဖြစ် ဒီအခန်းနာမည်လေးက စိတ်ဝင်စားဖို့ကောင်းသား..စပ်စုချင်တာနဲ့ ဝင်ကြည့်လိုက်တာ..]
[ဧကရီပုံစံမျိုးဆိုတော့ ရှားရှားပါးပါးပဲဟ..]
[ဒီဧကရီလေးရဲ့ ပုံရိပ်က လှလိုက်တာ..]
[ဟလို..မာကလာပင်..ကျေးဇူးပြုပြီး ကျုပ်ကို လက်ထပ်ပေးပါ..]
[...]
တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်ပြီးနောက် သိပ်မကြာမီမှာပင် စာသားအချို့ မျက်နှာပြင်ပေါ်၌ တဖွဲဖွဲ ပေါ်ထွက်လာတော့သည်။
လုံယွဲ့၏ ရင်ခုန်သံများမှာ မြန်ဆန်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ဒုတိယမျက်နှာပြင်ပေါ်ရှိ စာသားများကို အနီးကပ် ကြည့်ရှုနေမိ၏။ သူမသည် အင်မော်တယ်နယ်မြေရှိ ဂိုဏ်းပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်စဉ်ကပင် ဤမျှလောက် မထိတ်လန့်ခဲ့ဖူးပါချေ။ သို့သော် ယခု ကွန်ပျူတာရှေ့တွင် ထိုင်နေချိန်၌မူ သူမ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုနှင့်အတူ စိုးရိမ်စိတ်လေးမှာ အနည်းငယ် ရောယှက်နေပေသည်။
"အဟမ်း... ငါ့ရဲ့ နန်းတော်ဆီကို ရောက်ရှိလာကြတဲ့ သေမျိုးတွေ အားလုံးကို ကြိုဆိုပါတယ်.. ငါကတော့ အင်မော်တယ်နယ်မြေက ကျိရှန့်ထျန်းကုန်းရဲ့ အရှင်သခင် ဧကရီအရှင်မပဲ ဖြစ်တယ်.. သင်တို့အားလုံး ငါ့ကို ဧကရီအရှင်မလို့ ခေါ်ဆိုနိုင်တယ်နော်.."
လုံယွဲ့သည် ခေါင်းလေးကို အနည်းငယ် စောင်းလျက် မိမိကိုယ်ကိုယ် ဂုဏ်ယူဝင့်ကြွားစွာ မိတ်ဆက်လိုက်သည်။ သူမ စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် စာသားများမှာ ပိုမိုမြန်ဆန်လာတော့၏။
[အိုး... သူက တကယ်ပဲ သရုပ်ဆောင်နေတာပဲ..]
[ကျိရှန့်ထျန်းကုန်းဆိုတာ ဘယ်ပြည်နယ်မှာ ရှိတာလဲ..]
[ဧကရီလား... ဟားဟားဟား..]
[အူတက်နေပြီ..သူ ဘယ်လိုများ ရုပ်တည်ကြီး ပြောနိုင်တာလဲ.. တကယ်ကို သဘာဝကျလွန်းတယ်..]
[တကယ်ဖြစ်နေသလိုလိုတောင် ထင်ရတယ်..]
[ဘာပဲပြောပြော အရှိန်အဝါတော့ ရှိသားဟ..]
[...]
သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းအပေါ် သံသယဝင်ပြီး လှောင်ပြောင်နေကြသည့် စာသားများကို မြင်တွေ့လိုက်ရသောအခါ လုံယွဲ့သည် မျက်ခုံးလေးများ တွန့်ကွေးသွားပြီး ပါးဖောင်းဖောင်းလေးများမှာလည်း နှူတ်ခမ်းဆူလာသဖြင့် ဖောင်းတက်လာလေ၏။
"ဟွန်း... ဟွန်း... နားမလည်တဲ့ သေမျိုးတွေကတော့ ရိုင်းစိုင်းလိုက်တာ.."
"ငါက အစစ်အမှန်ပဲ..ငါက အင်မော်တယ်နတ်ဆိုးတိုက်ကြီးကနေ ဒီကို မတော်တဆ ရောက်လာတဲ့ ဧကရီအစစ်ပါဆို.."
[ဟေး... သူက ဇာတ်လမ်းထဲမှာပဲ မျောနေတာပဲ..]
[မဆိုးဘူး..မဆိုးဘူး.. တကယ်ကို ကြိုးစားနေရှာတာ..]
[နင်က အင်မော်တယ်နယ်မြေက ဧကရီဆိုရင် အင်မော်တယ်ကျင့်စဥ်တွေ တတ်မှာပေါ့.. တစ်ခုလောက် သုံးပြပါလား..]
[ဟုတ်တယ်..ဟုတ်တယ်..အခုချက်ချင်း တစ်ခုလောက် ပြစမ်းပါ.. အဲဒါဆိုရင်တော့ နင်က ဧကရီဆိုတာ ငါတို့ ယုံပေးမယ်..]
[လုပ်ပြပါ.. လုပ်ပြပါ..]
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းအတွင်း၌ လူများ၏ ပြက်ရယ်ပြုစာသားများမှာ တစ်ခုပြီးတစ်ခု တက်လာနေ၏။
လုံယွဲ့မှာ အရှက်ရသဖြင့် မျက်နှာလေးမှာ နီမြန်းလာသည်။ သူမသည် အလွန်ပင် စိတ်တိုသွားသဖြင့် ကင်မရာကို ချက်ချင်းဖွင့်ကာ လူသားများရှေ့တွင် အင်မော်တယ်ကျင့်စဥ်တစ်ခုကို သုံးပြပြီး သက်သေပြလိုက်ချင်သော်လည်း ကံမကောင်းစွာဖြင့် ယခုအချိန်တွင် သူမ၌ ထိုစွမ်းအားများ မရှိပါချေ။
"ငါ ဒီနေရာကို ရောက်လာတဲ့အချိန်မှာ ကံမကောင်းစွာနဲ့ ငါ့ရဲ့ ကျင့်ကြံမှု စွမ်းအားတွေ အကုန်လုံး ကုန်ခမ်းသွားခဲ့ရတယ်.. ဒါကြောင့် အခုလောလောဆယ် အင်မော်တယ်ကျင့်စဥ်တွေကို သုံးပြဖို့ မဖြစ်နိုင်သေးဘူး..."
[ဟမ့် ငါကြို သိသားပဲ..]
[ကျင့်ကြံမှုတွေ ဆုံးရှုံးသွားတယ်ဆိုတော့ ကျင်စဥ်တွေ မပြနိုင်တော့တာ သဘာဝကျတာပေါ့..ဇာတ်လမ်းဆင်ထားတာ တော်သားပဲ..]
[ငါ ဝတ္ထုတွေ အများကြီး ဖတ်ဖူးပါတယ်..ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေကို စုပ်ယူပြီး ပြန်လည်ကုစားလို့ ရတယ်မလား.. ဧကရီအရှင်မကြီးက အဲဒါကိုတောင် မသိဘူးလား..]
"ငါက ဘာလို့ မသိရမှာလဲ.."
နောက်ဆုံးစာသားကို မြင်တွေ့လိုက်ရချိန်တွင် လုံယွဲ့မှာ ဒေါသထွက်သွားရသည်။
"ငါက စွမ်းအင်စုပ်ယူတဲ့ ကျင့်စဥ်ပေါင်း သုံးထောင်ခြောက်ရာကျော်ကို ကျွမ်းကျင်ပြီးသား..ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်ကို စုပ်ယူပြီး ငါ့ရဲ့ ကျင့်ကြံမှုကို ပြန်လည်ကုစားဖို့ဆိုတာ ငါ့အတွက် ဘာမှမခက်ခဲဘူး.. ဒါပေမဲ့ ဒီအစုတ်အပြတ်နေရာမှာ စိတ်ဝိညာဥ်ချီ တစ်စက်ကလေးမှ မရှိဘူး.. တစ်စက်ကလေးမှ မရှိဘူးလို့.."
"တကယ်လို့သာ ချီစွမ်းအင်နည်းနည်းရှိရင် ငါက စွမ်းအားတွေ ပြန်ရတာနဲ့ ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး အင်မော်တယ်နယ်မြေကို ပြန်သွားတာ ကြာလှပြီ.."
အကယ်၍သာ သူမ၌ စွမ်းအင်အနည်းငယ်မျှ ရှိနေပါက ဤနေရာ၌ ဗွီကျူးဗားတစ်ယောက်အဖြစ် ထိုင်နေစရာ အကြောင်းမရှိပါချေ။
လင်းဖန် .. "..."
ကျိုးယန် .. "..."
လင်းဖန်နှင့် ကျိုးယန်တို့မှာ အိပ်ခန်းတံခါးဝရှိ ထိုင်ခုံလေးများပေါ်တွင် ထိုင်ကာ နေကြာစေ့စားရင်း လုံယွဲ့နှင့် ပရိသတ်တို့၏ အပြန်အလှန် ပြောဆိုမှုများကို စိတ်ဝင်တစား ကြည့်ရှုနေကြသည်။
"လင်းဖန်..မရီးက ဒီအလုပ်ကို သိပ်ပြီး အတည်ကြီး ယူနေတာ မဟုတ်လား..."
ကျိုးယန်က နေကြာစေ့တစ်စေ့ကို စားလိုက်ရင်း လင်းဖန်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။
ဧကရီဆိုသည်မှာ သူမအတွက် သီးသန့်စီစဉ်ပေးထားသော ဟန်ဆောင်မှုတစ်ခုသာ ဖြစ်သော်လည်း သူမကမူ သူမကိုယ်သူမ ဧကရီအစစ်ဖြစ်ကြောင်း လူတိုင်းကို သက်သေပြရန် အားသွန်ခွန်စိုက် ကြိုးစားနေပုံရပေသည်။
"အင်း... သူက အဲ့လိုပဲ ခေါင်းမာတတ်တယ်.."
လင်းဖန်က သက်ပြင်းချလျက် ပြုံးလိုက်မိသည်။
လွန်ခဲ့သောအချိန်က သူသည် လုံယွဲ့နှင့် စတင်တိုက်ခိုက်စဉ်က အင်မော်တယ်နယ်မြေ၏ ဧကရီဆိုသည်က ဘာမှထူးခြားတာ ရှိမနေ ဟု လှောင်ပြောင်ခဲ့ဖူးရာ ထိုအချိန်မှစ၍ သူမသည် သူ့အပေါ် အငြိုးအတေး ထားခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ စစ်ပွဲတိုင်းတွင် သူမသည် သူ့ကိုသာ အရင်ဆုံး ရှာဖွေပြီး အသေအလဲ လိုက်လံတိုက်ခိုက်တော့၏။
မိမိ၏ ဂုဏ်သိက္ခာနှင့် ဧကရီဟူသော ဂုဏ်ပုဒ်နှင့် ပတ်သက်လာလျှင် သူမသည် မည်သည့်အခါမျှ အလျှော့ပေးမည့်သူ မဟုတ်ပါချေ။ ယခုလည်း တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ လူများက သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သံသယဝင်နေကြသဖြင့် သူမအနေဖြင့် ပြန်လည်ငြင်းခုံနေခြင်း ဖြစ်ပေသည်။
"မရီးကို အွန်လိုင်းက နီတီဇင်တွေပြောတာတွေကို အတည်မယူဖို့ သတိပေးသင့်သလား..."
ကျိုးယန်က စိုးရိမ်ဟန်ဖြင့် မေးမြန်းလာသည်။
လင်းဖန်က ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းခါပြလိုက်သည်။
"မလိုပါဘူး..ဒီအတိုင်းလေးက ပိုကောင်းပါတယ်.."
တစ်ဖက်တွင်လည်း သူမ၏ နောက်ခံသမိုင်းကြောင်းမှာ လူ့လောကသို့ ရောက်ရှိလာသော ဧကရီတစ်ပါးဖြစ်ရာ သူမက ဧကရီအစစ်ဖြစ်ကြောင်း သက်သေပြရန် ကြိုးစားနေခြင်းမှာ ဇာတ်ကောင်နှင့် ပိုမိုလိုက်ဖက်နေပေသည်။ အခြားတစ်ဖက်တွင်လည်း အင်မော်တယ်ဧကရီတစ်ပါးနှင့် လူသားများ၏ အပြန်အလှန် စကားများနေမှုကို ကြည့်ရသည်မှာလည်း အလွန်ပင် ဖျော်ဖြေမှုရသ ပေးနိုင်လှပေသည်။
"တကယ်လို့ နင်က ဧကရီအစစ်ဆိုရင် တစ်ခုခုနဲ့ သက်သေပြနိုင်ရမှာပေါ့.. မဟုတ်ဘူးလား.."
ဒုတိယမျက်နှာပြင်ပေါ်မှ စာသားကို ဖတ်ရှုပြီးနောက် လုံယွဲ့သည် မျက်ခုံးလေးများ တွန့်ကွေးသွားပြီး ဂုဏ်ယူစွာဖြင့် ကြေညာလိုက်သည်။
"ဒါပေါ့.. ငါက ငယ်စဉ်ကတည်းက အင်မော်တယ်ကျင့်စဥ်တွေကို လေ့ကျင့်ခဲ့တာ..အသက်နှစ်နှစ်အရွယ်မှာ ကမ္ဘာပေါ်မှာရှိတဲ့ ကျင့်စဥ်မှန်သမျှကို ဖတ်ရှုခဲ့ပြီးပြီ.. သုံးနှစ်မှာ ဆေးဖော်စပ်ခြင်း.. လေးနှစ်မှာ လက်နက်ကိရိယာ ဖန်တီးခြင်းနဲ့ ငါးနှစ်မှာတော့ အစီအရင်နဲ့ ပက်သက်တဲ့ ကျင့်စဥ်တွေအားလုံးကို ကျွမ်းကျင်ခဲ့ပြီးသား.. ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ ဘယ်မှာမှ ငါ့ကို ယှဉ်နိုင်တဲ့သူ မရှိဘူး.."
ထိုသို့ ပြောဆိုပြီးနောက် လုံယွဲ့၏ မျက်နှာမှာ ညှိုးငယ်သွားပြီး သူမ၏ အသံဝယ် ဂုဏ်ယူမှုများ ပျောက်ကွယ်ကာ အားကိုးရာမဲ့သော ခံစားချက်များဖြင့် အစားထိုးဝင်ရောက်လာသည်။
"ဒါပေမဲ့ အခုတော့ ငါ့မှာ စွမ်းအားတွေ မရှိတော့လို့ ဘာမှ မပြနိုင်တော့တာပါ.. တကယ်လို့သာ စွမ်းအားရှိရင်တော့ အသင်တို့ကို သေချာပေါက် ပြလိုက်မှာပဲ.."
[ကြည့်ရတာ တိုက်ရိုက်ထုတ်လွှင့်သူက နောက်နေတာ မဟုတ်ဘူးထင်တယ်.. အဲဒီ စိတ်ပျက်နေတဲ့ အသံက တကယ်ကြီးအတိုင်းပဲ..]
[မရူးစမ်းပါနဲ့.. ဧကရီတစ်ပါးက လူ့လောကထဲကို ဘယ်လိုလုပ် ရောက်လာမှာလဲ.. ဒါက သရုပ်ဆောင်နေတာပါ..]
[ဟုတ်တယ်.. ဒါ ဘယ်ခေတ်ကြီးလဲ.. သိပ္ပံပညာကိုပဲ ယုံစမ်းပါ..]
[ဟန်ဆောင်နေတာဆိုရင်တောင် သူရဲ့ သရုပ်ဆောင်က တကယ်ကို သဘာဝကျတယ်..]
[...]
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ မည်သူမျှ သူမကို မယုံကြည်ကြဘဲ လူဦးရေမှာလည်း တဖြည်းဖြည်း လျော့နည်းလာသည်။ လုံယွဲ့သည် စိတ်ပျက်လက်ပျက်ဖြင့် မျက်လွှာချလိုက်မိ၏။ အကယ်၍သာ သူမ၌ စွမ်းအားအနည်းငယ် ရှိနေပါက လူများကို သက်သေပြနိုင်ပြီး ဤလူများကို ဆွဲဆောင်ထားနိုင်မည် မဟုတ်ပါလော။
ထိုစဉ် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း၌ ဒုံးပျံ လက်ဆောင် ပေးပို့လိုက်သည့် ပုံရိပ်လေးတစ်ခု ပေါ်ထွက်လာပြီး စာသားတစ်ခုပါ ပါဝင်လာသည်။
"ငါ နင့်ကို ယုံကြည်တယ် ဧကရီ.."
လုံယွဲ့သည် မယုံကြည်နိုင်စွာဖြင့် မော့ကြည့်လိုက်ရာ သူမ၏ ရင်ထဲ၌ ဝမ်းမြောက်မှုများမှာ ပြည့်လျှံတက်လာတော့သည်။ ဤကဲ့သို့သော လက်ဆောင်မျိုးမှာ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ တစ်စုံတစ်ဦးက လက်ဆောင်ပေးအပ်ခြင်းဖြစ်ကြောင်း လင်းဖန်က သူမအား ပြောပြဖူးသည်။ သူမ၏ ပထမဆုံးနေ့မှာပင် ယွမ် ၆၀၀ ကျော် တန်ဖိုးရှိသော ဒုံးပျံလက်ဆောင်ကို ရရှိလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့မိပေ။
သို့သော် ထိုလက်ဆောင်ငွေထက် သူမကို ပိုမိုပျော်ရွှင်စေသည်မှာ "ငါ နင့်ကို ယုံကြည်တယ်" ဟူသော စကားလေးပင် ။ လူအများစုက မိမိကို သံသယဝင်ပြီး လှောင်ပြောင်နေချိန်တွင် တစ်စုံတစ်ဦးက မိမိဘက်မှ ရပ်တည်ကာ ယုံကြည်ပေးခြင်းမှာ ရင်ထဲ၌ အလွန်ပင် ကြည်နူးစရာ ကောင်းလှပေသည်။
လုံယွဲ့၏ မျက်ဝန်းအစုံ၌ မျက်ရည်များပင် ဝဲလာရပြီး သူမသည် နှုတ်ခမ်းလေးကို ကိုက်လျက် ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ငါ့ကို ယုံကြည်ပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်.. ကျေးဇူးတင်ပါတယ် အိမ်နီးနားချင်း နတ်ဆိုးအရှင်... ဟင်.."
ထိုသူ၏ နာမည်ကို ဖတ်ကြည့်လိုက်သောအခါ လုံယွဲ့သည် တစ်ခုခု လွဲချော်နေသည်ကို သတိပြုမိသွားသည်။ သူမသည် မျက်မှောင်ကြုတ်လျက် အိပ်ခန်းတံခါးဝတွင် ထိုင်နေသော လင်းဖန်ကို လှည့်ကြည့်လိုက်၏။
လင်းဖန်၏ ဖုန်းမျက်နှာပြင်ပေါ်တွင် သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်း ပွင့်နေသည်ကို အတိုင်းသား မြင်တွေ့လိုက်ရသည်။ လင်းဖန်က သူမကို ကြည့်ကာ အားပေးသည့်အနေဖြင့် လက်မထောင်ပြလိုက်လေ၏။
လုံယွဲ့ .. "..."
လုံယွဲ့မှာ ဘာပြောရမှန်းမသိ ဆွံ့အသွားရတော့သည်။ ရင်ထဲမှ ဝမ်းသာကြည်နူးမှုများမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားရ၏။ မျှော်လင့်ထားသည့်အတိုင်း ထိုလက်ဆောင်ပေးသူမှာ အခြားသူမဟုတ်ဘဲ နတ်ဆိုးအရှင်ကိုယ်တိုင်ပင် ဖြစ်နေတော့သည်။
သူမ၏ စားပွဲမှာ ဧည့်ခန်းတွင် ရှိသလို လင်းဖန်၏ စားပွဲမှာ ဘေးကပ်လျက် အိပ်ခန်းထဲတွင် ရှိနေခြင်းဖြစ်ရာ နံရံတစ်ခုသာ ခြားထားသည့် သူတို့နှစ်ဦးမှာ အမှန်တကယ်ပင် အိမ်နီးနားချင်းများ ဖြစ်နေကြသည် မဟုတ်ပါလော။
'စိတ်ပျက်စရာပဲ..'
သူမ၏ ခံစားချက်များကို အချည်းနှီး ဖြစ်စေခဲ့သည်။ နတ်ဆိုးအရှင်ကို မိမိ၏ အမာခံပရိသတ်အဖြစ် ရရှိခြင်းမှာ လုံးဝ ပျော်ရွှင်စရာ မကောင်းလှပါချေ။