အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
Chapter 75
~
အခန်း ၇၅ : မင်ပန်းချီ - အင်မော်တယ်နယ်မြေ၏ နန်းတော်တစ်ရာမြေပုံ
~
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်းရှိ စာသားများမှာ ပိုမိုသွက်လက်လာသော်လည်း လုံယွဲ့မှာမူ သက်ပြင်းတစ်ချက်ကို အသာချလိုက်ပြီး လက်ကလေးနှစ်ဖက်ဖြင့် ပါးကိုထောက်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေရှာပေသည်။
အမှန်စင်စစ် ယွမ် ၆၀၀ ကျော်တန်ဖိုးရှိသော လက်ဆောင်ကို ရရှိခြင်းမှာ အလွန်ဝမ်းမြောက်ဖွယ်ရာကောင်းသော်လည်း သူမ၏စိတ်ဝယ် လုံးဝ မပျော်ရွှင်နိုင်ပါချေ။ အကြောင်းမှာ ထိုလက်ဆောင်ကို ပေးအပ်သူမှာ အခြားသူမဟုတ်ဘဲ နတ်ဆိုးအရှင် ဖြစ်နေသောကြောင့်ပင် တည်း။
လက်ဆောင်များရရှိပါက ထုတ်လွှင့်သည့် ပလက်ဖောင်းမှ ဝေစုခွဲယူတတ်သည်ကိုလည်း သူမ ကြားဖူးနားဝ ရှိထား၏။ သို့ဖြစ်ရာ ထို ယွမ် ၆၀၀ ကျော်ထဲမှ တစ်စိတ်တစ်ပိုင်းကို ပလက်ဖောင်းမှ ယူဆောင်သွားမည်ဖြစ်ပြီး ကျန်ရှိသည့်ငွေကိုသာ သူမ ရရှိမည် ဖြစ်သည်။ ဤအချက်ကို တွေးမိလေလေ သူမ ပိုမို စိတ်မကောင်းဖြစ်ရလေလေ ဖြစ်ပေသည်။
သူမက စိတ်ထဲမှနေ၍ "အဲဒီ ၆၀၀ ကို ငါ့ဆီ တိုက်ရိုက် လွှဲပေးလိုက်ရင် ပိုကောင်းဦးမယ်" ဟု တမ်းတနေမိသည်။
သို့သော် ပလက်ဖောင်းမှ ဖြတ်တောက်မည့် ငွေပမာဏထက် သူမ ပိုမိုစိုးရိမ်နေသည်မှာ အင်မော်တယ်နယ်မြေမှ ဧကရီတစ်ပါးဖြစ်ကြောင်းကို လူအများ ယုံကြည်လာအောင် မည်သို့သက်သေပြရမည်နည်း ဟူသော အချက်ပင်။ လူတိုင်းယုံကြည်ရန် သူမ မမျှော်လင့်ထားသော်လည်း အနည်းဆုံးတော့ ဤလူသားများက သူမကို အထင်သေးခြင်း သို့မဟုတ် လှောင်ပြောင်ခြင်းမျိုး မလုပ်စေချင်တော့ပါချေ။
သို့သော် အကြာကြီး စဉ်းစားကြည့်သော်လည်း လက်ရှိတွင် ကျင့်ကြံမှုစွမ်းအားများ ကင်းမဲ့နေသည့် သူမအဖို့ သက်သေပြရန် လမ်းစမပေါ်ခဲ့ပေ။ ထိုစဉ် စာသားတစ်ခုက သူမ၏အာရုံကို ဖမ်းစားသွားသည်။
"ဧကရီမင်းသမီး.. နင်က ကျင့်ကြံမှုစွမ်းအားတွေ အကုန်လုံးဆုံးရှုံးသွားတယ်ဆိုရင် စွမ်းအားတွေ မလိုအပ်တဲ့ တခြား ထူးခြားတဲ့ အရည်အချင်း ဒါမှမဟုတ် အတတ်ပညာတွေရော မရှိဘူးလား.."
လုံယွဲ့၏ မျက်နှာလေးမှာ စဉ်းစားခန်းဝင်သွားပြီး သူမ၌ ထိုကဲ့သို့သော အရည်အချင်းမျိုး ရှိ၊ မရှိကို အထပ်ထပ်အခါခါ ပြန်လည်ဆင်ခြင်နေမိသည်။ အင်မော်တယ်နယ်မြေတွင်မူ အရာရာတိုင်းမှာ စွမ်းအားများနှင့် ကင်းကွာ၍ မရပါချေ။ ရေသောက်သည့်အခါ၌ပင် လက်ချောင်းလေးတစ်ချောင်းကို လှုပ်ရှားလိုက်ရုံဖြင့် ရေက ပါးစပ်အတွင်းသို့ အလိုအလျောက် ပျံသန်းဝင်ရောက်လာအောင် လုပ်ဆောင်နိုင်သည်အထိ ဖြစ်၏။
ဒါပေမဲ့ စွမ်းအားတစ်စက်ကလေးမျှ မလိုအပ်ဘဲ လုပ်ဆောင်နိုင်သည့်အရာများကို ပြန်လည်တွေးတောကြည့်သောအခါ သူမ၌ တကယ်ပင် ရှိနေပေသည်။
"ရှိတာပေါ့.. အင်မော်တယ်ကျင့်စဥ်တွေ..ဆေးဖော်စပ်တာတွေ..လက်နက်ဖန်တီးတာတွေအပြင် ဒီဧကရီက ဇီသာတီးတာ.. ဂို ကစားတာ..လက်ရေးလှရေးတာနဲ့ ပန်းချီဆွဲတာတွေအပြင် ကလည်းကတက်တယ်..သီချင်းလည်း ဆိုတက်တယ်.."
လုံယွဲ့က တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများအား စိတ်လှုပ်ရှားစွာဖြင့် ကြေညာလိုက်သည်။
သူမ၏ အရည်အချင်းများကို တွေးတောလိုက်လျှင် အရင်ဆုံး အင်မော်တယ်ကျင့်စဥ်များနှင့် ကျင့်ကြံမှုဆိုင်ရာများကိုသာ ပြေးမြင်မိခြင်း ဖြစ်၏။ အကြောင်းမှာ အင်မော်တယ်နယ်မြေ၌ ထိုပညာရပ်များမှာ မရှိမဖြစ်လိုအပ်ပြီး သူမ နေ့စဉ်နှင့်အမျှ လေ့ကျင့်နေရသောကြောင့် ဖြစ်သည်။
ကျိုးယန်က သူမ၌ မည်သည့်ထူးခြားသောအရည်အချင်းရှိသနည်းဟု မေးမြန်းစဉ်ကလည်း သူမ အကျွမ်းကျင်ဆုံးဖြစ်သော ကျင့်ကြံမှုကျင့်စဥ်များကိုသာ အလိုအလျောက် တွေးမိသွားပြီး အခြားသော အနုပညာရပ်များ၌လည်း သူမ မဆိုးလှကြောင်းကို လုံးဝ မေ့လျော့နေခဲ့ခြင်း ဖြစ်ပေသည်။ ယခု စာသားထဲမှ သတိပေးချက်ကို မြင်တွေ့မှသာ သူမ သိပ်မပြသဖြစ်သည့် ဤအရည်အချင်းများကို ပြန်လည်သတိရလာခြင်း ဖြစ်သည်။
ဒါကို ကြားလိုက်ရသောအခါ ပရိသတ်များမှာလည်း ချက်ချင်း စိတ်ဝင်စားသွားကြသည်။
"အနုပညာလေးရပ်အပြင် ကတာ ဆိုတာတွေပါ တတ်တာလား.. တိုက်ရိုက်ထုတ်လွှင့်သူက ဒီလောက်တောင် စွယ်စုံရတာလား.."
"တကယ်ရော ဟုတ်လို့လား.. ငါ့ရှေ့မှာ လုပ်မပြရင်တော့ မယုံဘူးနော်.."
"တစ်ခုလောက် ပြပါဦးလား.."
"အာမချောင်နဲ့.. အရည်အချင်းရှိရင် လက်တွေ့လုပ်ပြ လိုက်စမ်းပါ.."
လုံယွဲ့သည် လူအများရှေ့၌ ကပြရန် ကင်မရာကို ဖွင့်လှစ်ရမည်လောဟု စဉ်းစားနေစဉ် ခေါင်းလှည့်ကြည့်လိုက်ရာ မျှော်လင့်တကြီး ကြည့်ရှုနေကြသော ကျိုးယန်နှင့် လင်းဖန်ကို တွေ့ရှိလိုက်ရသည်။ သူတို့မှာ နေကြာစေ့စားနေရာမှ ယခုအခါ ဖရဲသီးသို့ ပြောင်းလဲစားသုံးနေပြီး သူမ ဘာလုပ်မည်နည်းဟု မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ကြည့်နေကြခြင်း ဖြစ်၏။
ဘာလို့မှန်းမသိသော်လည်း အဆိုပါနှစ်ယောက်ရှေ့တွင်၊ အထူးသဖြင့် နတ်ဆိုးအရှင်ရှေ့၌ သူမ ကမပြချင်။ မြင့်မြတ်လှသော အင်မော်တယ်နယ်မြေ၏ ဧကရီတစ်ပါးအနေဖြင့် နတ်ဆိုးအရှင်အတွက် ကပြသီဆိုရမည်ဆိုသည်မှာ တစ်မျိုးကြီး ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
"အဟမ်း.. ဤဧကရီမှာ အခုလောလောဆယ် ဇီသာတို့ တူရိယာတို့လည်း လက်ထဲမှာ မရှိဘူး.. ပြီးတော့ ဒီအခန်းကလည်း ကျဉ်းတော့ ကဖို့အတွက် နေရာမလောက်ဘူး.. အဲဒီအစား လက်ရေးလှနဲ့ ပန်းချီပညာကိုပဲ ပြမယ်..အားလုံး စောင့်ကြည့်နေလိုက်.."
လုံယွဲ့က အကြောင်းပြချက်တစ်ခုပေးကာ ကွန်ပျူတာရှေ့မှ ထလိုက်သည်။ သူမ၏ ခြေတံရှည်ကြီးများဖြင့် လင်းဖန်နှင့် ကျိုးယန်တို့ကြားမှ ဖြတ်သန်းလျှောက်လှမ်းသွားပြီး အိပ်ခန်းအတွင်း၌ ပစ္စည်းများ လိုက်လံရှာဖွေတော့သည်။
လင်းဖန်နှင့် ကျိုးယန်တို့မှာမူ ဖရဲသီးကို တစ်ကိုက် ကိုက်လိုက်ရင်း စိတ်ပျက်သွားကြ၏။
'နှမြောစရာပဲ.. ဧကရီ ကတာကို မမြင်ရတော့ဘူးပေါ့..'
"တွေ့ပြီ.."
စုတ်တံနှင့် စက္ကူကို တွေ့ရှိသွားပြီးနောက် လုံယွဲ့သည် စိတ်လှုပ်ရှားစွာဖြင့် လင်းဖန်တို့အနားမှ ပြန်လည်လျှောက်လှမ်းသွားကာ ကွန်ပျူတာရှေ့၌ ထိုင်လိုက်သည်။ ကင်မရာကို စားပွဲတင်ခုံဘက်သို့ အနည်းငယ် ချိန်ညှိလိုက်ပြီးနောက် ဖွင့်လှစ်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်တွင်မူ သူမ၏ မူလ ဧကရီပုံရိပ်လေးအပြင် စားပွဲတင်ခုံကို ပြသနေသည့် ဝင်းဒိုးအသေးလေး တစ်ခု ထပ်တိုးလာပေသည်။ တိုက်ရိုက်ထုတ်လွှင့်သည့်အခါ ကင်မရာကို အသုံးပြုရမည့်အချိန်မျိုး ရှိလာမည်ကို ကြိုတင်သိရှိထားသော လင်းဖန်က သူမအား ကင်မရာဖွင့်နည်းများကို သင်ကြားပေးထားပြီးသား ဖြစ်သည်။
လူအားလုံး၏ စောင့်ကြည့်နေမှုအောက်တွင် လုံယွဲ့သည် စုတ်တံကို ကိုင်စွဲကာ ပျံသန်းနေသော နဂါးတစ်ကောင်ကဲ့သို့ ကျွမ်းကျင်လှပစွာ စက္ကူပေါ်၌ တစ်ချက်ချင်း ရေးဆွဲလေတော့သည်။ ပထမတော့ ပရိသတ်များက လှောင်ပြောင်သည့် စာသားများ ရိုက်နှိပ်နေကြသေးသော်လည်း စုတ်တံအောက်တွင် ပုံရိပ်များ တဖြည်းဖြည်း ပေါ်ထွက်လာသည့်အခါ၌မူ အားလုံးမှာ မှင်တက်သွားကြပြီး စာရိုက်ရန်ပင် မေ့လျော့သွားကြသည်။
ပန်းချီဆွဲနေသည့်အချိန်၌ လုံယွဲ့သည် အာရုံစူးစိုက်မှု အပြည့်ရှိနေပြီး ဘာအနှောင့်အယှက်မှ မရှိဘဲ တစ်ထိုင်တည်းဖြင့် အစအဆုံး အချောသပ်နိုင်ခဲ့ပေသည်။
"ပြီးပြီ.."
နောက်ဆုံးတစ်ချက်ကို ဆွဲပြီးသည့်အခါ သူမ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး ပြီးဆုံးသွားသော ပန်းချီကားကို ကင်မရာဘက်သို့ ထောင်ပြလိုက်သည်။ ချက်ချင်းဆိုသလိုပင် ခမ်းနားထည်ဝါလှသော အင်မော်တယ်နယ်မြေ၏ နန်းတော်တစ်ရာမြေပုံမှာ လူအားလုံး၏ရှေ့မှောက်သို့ ပေါ်ထွက်လာခဲ့၏။
၎င်းမှာ မင်ပန်းချီသက်သက်သာ ဖြစ်သော်လည်း တိမ်တိုက်များကြား၌ မြင့်မားစွာ တည်ရှိနေသော နန်းတော်နှင့် အဆောက်အအုံပေါင်း တစ်ရာကျော်ကို အသက်ဝင်လှပစွာ ဖော်ပြထားသည်။ အင်မော်တယ်နယ်မြေ၏ ရွှေရောင်လွှမ်းပြီး ခမ်းနားသော မြင်ကွင်းမှာ မျက်စိရှေ့သို့ တကယ်ရောက်ရှိလာသကဲ့သို့ပင် ရှိတော့သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ တိတ်ဆိတ်နေသော အခန်းမှာ ဆူပွက်နေသည့် အိုးတစ်လုံးကဲ့သို့ ချက်ချင်း ပွက်လောရိုက်သွားတော့သည်။
"ဝါး.. သူ တကယ် လုပ်နိုင်တာပဲ.."
"ဒီပန်းချီကားက လှလွန်းတယ်.."
"ဒီလောက် မြန်မြန်ဆွဲတာတောင် ဒီလောက်ကောင်းတာလား.."
"ဟုတ်ပါပြီ..တိုက်ရိုက်ထုတ်လွှင့်သူက တကယ်ပဲ အရည်အချင်း ရှိတာပဲ.."
"ဒီလောက် ပန်းချီဆွဲတော်နေတာ.. ဘာလို့ ဗွီကျူးဗား လုပ်နေတာလဲ.."
"တိုက်ရိုက်ထုတ်လွှင့်သူ..ပန်းချီကားကို ရောင်းမလားဟင်.."
စာသားများမှာ ရုတ်တရက် အများကြီး တက်လာပြီး အားလုံးမှာ ချီးကျူးစကားများချည်း ဖြစ်သည်။ လုံယွဲ့ကမူ ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူမ၏ ဖြူစင်သော လည်တိုင်လေးကို မော့ပြီး လှောင်ပြောင်သည့် လေသံလေးဖြင့် ပြောလိုက်သည်။
"အို.. အသင်တို့ သေမျိုးတွေကတော့ အသေးအဖွဲလေးကို အုတ်အော်သောင်းနင်း ဖြစ်နေလိုက်ကြတာ.. ဒါက ဒီဧကရီ အပျင်းပြေ ဆွဲလိုက်တာပါ..အာရုံစိုက်မှု သုံးပုံတစ်ပုံတောင် မသုံးရသေးဘူး.. ပြောပလောက်စရာ မရှိပါဘူး.. အခုတော့ ဒီဧကရီ ဘယ်လောက် စွမ်းလဲဆိုတာ သိကြပြီပေါ့.. ဟင်းဟင်းဟင်း.."
လင်းဖန်မှာ ဂုဏ်ယူဝင့်ကြွားနေသော လုံယွဲ့ကို ကြည့်ရှုကာ ဘာပြောရမှန်း မသိတော့ချေ။ ခုနလေးတင် စာသားများကြောင့် စိတ်တိုနေသူက ယခု အခွင့်အရေးရတော့ လူများကို ပြန်လည်လှောင်ပြောင်နေလေပြီ။ အောင်မြင်မှုရရှိသဖြင့် ဘဝင်မြင့်နေသူနှင့် တကယ်ပင် တူညီနေတော့သည်။
"ဒီဧကရီမက တကယ်ကို အငြိုးအတေးကြီးပြီး စိတ်ပုပ်တတ်တာပဲ.."
လင်းဖန် စိတ်ထဲမှ မှတ်ချက်ချမိသည်။
သို့သော် တစ်ဖက်က ကြည့်လျှင်လည်း သူမ၌ ကြွားဝါနိုင်သော အရည်အချင်း အစစ်အမှန် ရှိနေခြင်းပင် ဖြစ်၏။ သူမ လက်ထဲမှ ပန်းချီကားမှာ သာမန်လူတစ်ယောက် ဆွဲနိုင်သောအရာ မဟုတ်ပေ။ ပန်းချီဆရာကြီးတစ်ယောက် ဆွဲနိုင်လျှင်ပင် ဤမျှ တိုတောင်းသော အချိန်အတွင်း၌မူ သေချာပေါက် မဆွဲနိုင်ပါချေ။
"လင်းဖန်.. မရီးက ဒီလောက် ပန်းချီဆွဲတော်တာကို အစကတည်းက ပြောရမှာပေါ့.. ဒါဆို ငါ ဘာလို့ အလုပ်တွေ လိုက်ရှာပေးနေဦးမလဲ.."
ကျိုးယန်သည် ထိုင်ခုံမှ မတ်တပ်ထရပ်လိုက်သည်။ လုံယွဲ့၏ စားပွဲပေါ်မှ ပန်းချီကားကို ကြည့်ရှုပြီး အံ့သြလွန်းသဖြင့် ဖရဲသီးကိုပင် ဆက်လက်မစားနိုင်တော့ပေ။ အစတုန်းက သူမ၌ ဘာအရည်အချင်းရှိသနည်းဟု မေးမြန်းစဉ်က သူမက ထူးထူးဆန်းဆန်းများ ပြောကြားခဲ့သဖြင့် ဘာမှမတတ်ဟု သူ ထင်မြင်ခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ ပန်းချီဆွဲပြနိုင်လျှင်မူ သူ ပင်ပင်ပန်းပန်းဖြင့် အလုပ်များ လိုက်လံရှာဖွေပေးစရာ မလိုအပ်တော့ပါချေ။ ဤအရည်အချင်းမျိုးနှင့်ဆိုလျှင် ပန်းချီတစ်ကား ဆွဲရောင်းရုံဖြင့်ပင် ဝယ်မည့်သူများ ယွမ်ထောင်ချီ၊ သောင်းချီ ပေးအပ်ကာ တန်းစီနေကြမည် ဖြစ်သည်။
"သူ ပန်းချီဆွဲတတ်တာကို ငါလည်း အခုမှ သိတာပါ.."
လင်းဖန်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။
အမြဲတမ်း မာနကြီးပြီး ဂုဏ်ယူတတ်သော ဤဧကရီအရှင်မသည် တိုက်ခိုက်ခြင်းအပြင် အနုပညာ၌ပါ ကျွမ်းကျင်လိမ့်မည်ဟု သူလည်း မထင်မှတ်ထားခဲ့မိပေ။ ယခုမူ သူသည်လည်း ဤဧကရီကို အထင်သေးခဲ့မိသည်ဟု ဆိုရမည်။
Chapter 76
~
အခန်း ၇၆ : ဒီ ဧကရီကို စိန်ခေါ်ချင်တဲ့သူ ရှိသေးလား...
~
[ ဟုတ်ပြီ..ဟုတ်ပြီ.. တိုက်ရိုက်ထုတ်လွှင့်သူရဲ့ ပန်းချီပညာက တကယ်ကို ချီးကျူးစရာကောင်းတယ်ဆိုတာ ငါဝန်ခံပါတယ်.. ဒါပေမဲ့ ဧကရီတစ်ပါးဖြစ်တယ်ဆိုတာကို သက်သေမပြနိုင်သေးဘူးလေ ..]
[ဟုတ်တယ်..ဟုတ်တယ်.. နင်ကိုယ်တိုင်ပဲ ဇီသာ..ဂို.. လက်ရေးလှနဲ့ ပန်းချီပညာတွေမှာ ကျွမ်းကျင်တယ်လို့ ပြောခဲ့တာမလား..အဲဒီတော့ ကျန်တဲ့ပညာရပ်တွေကိုလည်း သက်သေပြသင့်တာပေါ့..]
[သဘောတူတယ်.. ဧကရီတစ်ပါးဆိုရင် ဒါတွေအားလုံး တတ်နေတာက ပုံမှန်ပဲလေ..]
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ စာသားများမှာ အချို့သော ပရိသတ်များ၏ ဇွတ်တရွတ် ငြင်းခုံမှုများဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။ လုံယွဲ့မှာမူ ထိုစာသားများကို မြင်သော်လည်း စိတ်မဆိုး။ ခုနလေးတင် လူအများရှေ့၌ မိမိ၏အရည်အချင်းကို ထုတ်ပြနိုင်ခဲ့သဖြင့် သူမ၏ စိတ်အခြေအနေမှာ အလွန်ပင် တက်ကြွကာ အောင်မြင်မှုအရသာကို အပြည့်အဝ ခံစားနေလေ၏။
"ဒါပေါ့.. ဒီဧကရီက တစ်ခွန်းပြောရင် တစ်ခွန်းပဲ..အသင်တို့ကို ဘယ်တော့မှ မလှည့်စားပါဘူး.."
"ကဲ... အသင်တို့ လူသားတွေအနေနဲ့ ဒီဧကရီရဲ့ ဘယ်လိုအရည်အချင်းမျိုးကို ထပ်ပြီး မြင်ချင်ကြသေးလဲ.. ပြောကြစမ်းပါ.. ဒီနေ့တော့ ငါက အထူးအခွင့်အရေး ပေးလိုက်မယ်နော်.."
"အသင်တို့အနေနဲ့ ဂုဏ်ယူသင့်တယ်.. သာမန်သေမျိုးတွေဆိုရင် ဒီဧကရီရဲ့ အရည်အချင်းတွေကို ဒီလိုမျိုး အနီးကပ် မြင်တွေ့ခွင့်ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး.."
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ လူများမှာ ဆွံ့အသွားကြသည်။
[တိုက်ရိုက်ထုတ်လွှင့်သူက တကယ်ကို ဘဝင်ရူးပဲ..]
[သောက်ကျိုးနည်း... ငါ မခံနိုင်တော့ဘူး..]
[တစ်ယောက်ယောက်လောက် ဒီတိုက်ရိုက်ထုတ်လွှင့်သူကို ပညာပေးလိုက်ကြပါဦးလို့..]
လုံယွဲ့၏ ဂုဏ်ယူဝင့်ကြွားနေသော ပုံစံကို ကြည့်ကာ ပရိသတ်များမှာ ချက်ချင်းပင် ဒေါသထွက်သွားကြသည်။ ထိုစဉ် တစ်စုံတစ်ဦးက ဒုံးပျံလက်ဆောင်တစ်ခု ပေးပို့လိုက်ပြီး စာသားတစ်ခုကိုပါ ပူးတွဲပို့လိုက်လေသည်။
"တိုက်ရိုက်ထုတ်လွှင့်သူက ဇီသာ.. ဂို.. လက်ရေးလှနဲ့ ပန်းချီမှာ ကျွမ်းကျင်တယ်လို့ ဆိုရင်တော့... ငါက သူ့ရဲ့ ဂိုပညာကို စိန်ခေါ်ချင်တယ်.."
"အိုး... လက်ဆောင်..."
ရုတ်တရက် လက်ဆောင်ရရှိလိုက်သဖြင့် လုံယွဲ့မှာ စိတ်လှုပ်ရှားစွာဖြင့် မျက်နှာပြင်အနားသို့ တိုးကပ်ကြည့်ရှုမိသည်။ သူမ မျက်စိမှားသွားခြင်း ဖြစ်မည်ကို စိုးရိမ်နေပုံရ၏။ ၎င်းမှာ အမှန်တကယ်ပင် ဒုံးပျံလက်ဆောင်ဖြစ်ကြောင်း အတည်ပြုပြီးနောက် သူမ၏ မျက်ဝန်းအစုံမှာ တောက်ပသွားပြီး နှုတ်ခမ်းအစုံမှာလည်း မထိန်းနိုင်ဘဲ ပြုံးယောင်သန်းသွားရသည်။ ဤသည်မှာ နတ်ဆိုးအရှင်၏ အားပေးလက်ဆောင်မျိုး မဟုတ်ဘဲ အပြင်လူတစ်ယောက်ထံမှ ရရှိသော စစ်မှန်သည် လက်ဆောင်ဖြစ်ရာ အိမ်ထောင်စုအတွက် အပိုဝင်ငွေပင် ဖြစ်တော့သည်။
" နံပါတ်တစ် အွန်လိုင်းဂိုသမားဆိုတဲ့ လူသားလေးရေ... နင့် လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်.. နင်က ဒီဧကရီကို စိန်ခေါ်ဖို့အတွက် ဒီလောက်အထိ လက်ဆောင်တွေ ပေးအပ်ထားတယ်ဆိုတော့ ဒီဧကရီကလည်း အခွင့်အရေးပေးရမှာပေါ့.."
ထိုသို့ပြောပြီးနောက် လုံယွဲ့မှာ အခက်တွေ့သွားဟန်ဖြင့် ခဏတာ တုံ့ဆိုင်းသွားပြီးမှ...
"ဒါပေမဲ့ နင်နဲ့ ငါက အဝေးကြီးမှာ ရှိနေကြတာပဲ..ဒီပွဲကို ငါတို့ ဘယ်လို ကစားကြမှာလဲ.."
အင်မော်တယ်နယ်မြေ၌ အလုံးစုံမြင် အင်မော်တယ်ဖန်လုံး ဟု ခေါ်သော ရတနာတစ်ပါး ရှိ၏။ ထိုဖန်လုံးအတွင်းသို့ ကျင့်ကြံမှုစွမ်းအားများ ထည့်သွင်းလိုက်ပါက မိုင်ပေါင်းသောင်းချီ ဝေးကွာသော နေရာမှ မြင်ကွင်းများကို မြင်တွေ့နိုင်ပေသည်။ ယခုအခါ သူမနှင့် နက်တီဇင်များမှာ မျက်နှာပြင်တစ်ခုဖြင့် ခြားနားနေကြသော်လည်း ဤမျက်နှာပြင်မှာလည်း အဆိုပါ အင်မော်တယ်ဖန်လုံးကဲ့သို့ပင် အဝေးက မြင်ကွင်းများကို မြင်တွေ့နိုင်စေသည် မဟုတ်ပါလော။
လုံယွဲ့၏ စကားကို ကြားလိုက်ရချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ လူများမှာ ချက်ချင်းပင် ဟားတိုက်ရယ်မောလိုက်ကြပြီး သံသယဖြစ်လာကြပြန်သည်။
[မဖြစ်နိုင်လိုက်တာ..တိုက်ရိုက်ထုတ်လွှင့်သူက အွန်လိုင်းမှာ ဂိုကစားနည်းကိုတောင် မသိဘူးလားဟ..]
[ဟားဟားဟား... တိုက်ရိုက်ထုတ်လွှင့်သူက ကွန်ပျူတာကို ပထမဆုံးအကြိမ် သုံးနေတာလား..]
[သူကတော့ တကယ့်ကို ကမ္ဘာမြေကို အခုမှ ရောက်လာတဲ့ ဧကရီအတိုင်း သရုပ်ဆောင်နေတာပဲ..]
[ဧကရီအနေနဲ့ အွန်လိုင်းကစားနည်းကို နားမလည်တာကလည်း သဘာဝကျပါတယ်လေ..]
[သူ တကယ်ပဲ ဂို ကစားဖူးရဲ့လားလို့ ငါ သံသယဝင်လာပြီ..]
"ဟွန်း... ဒီဧကရီက ဒီအရာကို ပထမဆုံးအကြိမ် သုံးနေတာ ဖြစ်လို့ပါနော်.. ခဏလောက် စောင့်ဦး.. ဒီဧကရီ တစ်ယောက်ယောက်ကို မေးကြည့်လိုက်မယ်.."
ပရိသတ်များ၏ ဝိုင်းဝန်းလှောင်ပြောင်မှုကို ရင်ဆိုင်ရင်း လုံယွဲ့သည် မျက်မှောင်ကြုတ်လျက် မကျေမနပ် ရေရွတ်လိုက်ပြီးနောက် လင်းဖန်ထံသို့ အကူအညီတောင်းသည့် အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။ လင်းဖန်သည် သက်ပြင်းတစ်ချက်ချကာ ပြုံးလိုက်ပြီးနောက် သူမ၏ ဘေးသို့ တိုးကပ်လာကာ မောက်စ်ကို ကိုင်စွဲလျက် အွန်လိုင်းကစားပွဲများအတွက် သီးသန့်ပလက်ဖောင်းတစ်ခုကို ထည့်သွင်းပေးလိုက်ပြီး ကစားပွဲအခန်းတစ်ခုကိုပါ တည်ဆောက်ပေးလိုက်သည်။
လုံယွဲ့သည် ထိုင်ခုံပေါ်တွင် ထိုင်လျက် ငေးကြည့်နေမိပြီးနောက် မအောင့်နိုင်ဘဲ ရေရွတ်လိုက်မိ၏ ။
"ဒီကွန်ပျူတာဆိုတဲ့ အရာက တကယ်ကို အဆင်ပြေလှချည်လား.."
သူမ၏ အမှတ်ရမှုများအရ ဂိုကစားရန်အတွက် နယ်ရုပ်များနှင့် ဂိုခုံလိုအပ်ပေသည် ။ ဂိုဝါသနာပါသော ကျင့်ကြံသူတိုင်းမှာ ထိုအရာများကို အမြဲတမ်း ဆောင်ထားလေ့ ရှိကြ၏။ တစ်ခါတစ်ရံတွင် ကစားဖော်ရှာရန်အတွက် မိုင်ပေါင်းသောင်းချီ ပျံသန်းသွားရလေ့ ရှိသော်လည်း ယခုမူ အွန်လိုင်းတွင် အခန်းတစ်ခု ဖွင့်လိုက်ရုံမျှဖြင့် ကစားနိုင်ခြင်းမှာ အင်မော်တယ်နယ်မြေထက်ပင် ပိုမိုအဆင်ပြေလှသည်။
အခန်းပြင်ဆင်မှု ပြီးဆုံးသွားသည့်အခါ လင်းဖန်သည် နောက်သို့ ပြန်လည်ဆုတ်ခွာသွား၏။ လုံယွဲ့က မောက်စ်ကို ပြန်လည်ကိုင်စွဲလိုက်ပြီး စိတ်မရှည်စွာဖြင့်...
"ဒီဧကရီ အဆင်သင့်ဖြစ်ပြီ.. လာခဲ့.. ဒီကမ္ဘာက လူသားတွေရဲ့ ဂိုပညာက ဘယ်လောက်အဆင့်ရှိလဲဆိုတာ ဒီဧကရီ ကြည့်ရတာပေါ့.."
သူမ စကားပြောပြီးသည်နှင့် နံပါတ်တစ် အွန်လိုင်းဂိုသမား ဟု အမည်ရသော နက်တီဇင်သည် အခန်းအတွင်းသို့ ဝင်ရောက်လာတော့သည်။ ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူဦးရေမှာ ပိုမိုများပြားလာပြီး အချို့မှာ ထိုသူကို မှတ်မိသွားကြ၏။
[ဒီလူကို ငါ သိတယ်..သူက ဂို မှာ တကယ်ကို တော်တဲ့သူပဲ..]
[တခြား ဂိုကစားသမားတွေရဲ့ အခန်းတွေမှာလည်း သူ့ကို ငါ မြင်ဖူးတယ်.. သူက လူအများကြီးကို စိန်ခေါ်ဖူးတာ..]
[ဒီလူက အရင်က ပရော်ဖက်ရှင်နယ် ဂိုကစားသမားတစ်ယောက်လို့ ကြားဖူးတယ်..သာမန်လူတွေကတော့ သူ့ကို ဘယ်လိုမှ မနိုင်နိုင်ဘူး..]
[အခုတော့ တိုက်ရိုက်ထုတ်လွှင့်သူက တကယ်တော်တာလား.. ဟန်ဆောင်နေတာလားဆိုတာ သိရတော့မှာပဲ..]
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း၌ ဝိုင်းဝန်းဆွေးနွေးနေကြစဉ် ကျိုးယန်မှာမူ စိုးရိမ်စိတ် ဖြစ်ပေါ်လာသည်။
"လင်းဖန်.. မရီးက ဒီလူကို တကယ်ပဲ နိုင်ပါ့မလား.."
"ဟဟ... ငြိမ်ငြိမ်လေးသာ စောင့်ကြည့်နေစမ်းပါ.."
လင်းဖန်သည် အေးအေးဆေးဆေးပင် ပြန်လည်ဖြေကြားလိုက်သည်။ သူ၏ မျက်နှာတွင် စိုးရိမ်မှုအရိပ်အယောင် လုံးဝ မရှိချေ။ လုံယွဲ့၏ သက်သောင့်သက်သာရှိနေသော အမူအရာကို ကြည့်ခြင်းဖြင့် သူမတွင် စိုးရိမ်စိတ် သို့မဟုတ် ထိတ်လန့်မှု တစ်စက်ကလေးမျှ မရှိကြောင်း သူ ကောင်းစွာ သိရှိနေသည်။ သူမ၏ မျက်နှာထက်တွင် ဧကရီတစ်ပါး၏ ယုံကြည်ချက်နှင့် တည်ငြိမ်မှုများသာ အပြည့်ရှိနေပေသည်။ ထိုအမူအရာကို ကြည့်ခြင်းဖြင့် သူမ သေချာပေါက် ရှုံးလိမ့်မည်မဟုတ်ကြောင်း သူ အသေအချာ ယုံကြည်ထား၏။
"ဒီဧကရီက နင့်ကို အလျှော့ပေးမယ်..နင်ပဲ အရင်စပြီး ရွှေ့လိုက်ပါ.."
လုံယွဲ့သည် လက်တစ်ဖက်ဖြင့် ပါးကိုထောက်လျက် ကျန်လက်တစ်ဖက်က မောက်စ်ကို ကိုင်စွဲထားပြီး ပျင်းရိပျင်းတွဲဟန်ဖြင့် ပြောလိုက်သည်။ သူမ၏ စကားလုံးများမှာ မာနကြီးမှုနှင့် ယုံကြည်ချက်များ အပြည့်ပါဝင်နေပေသည်။ ထိုစကားကို ကြားလိုက်ရချိန်တွင် တစ်ဖက်လူမှာလည်း အားနာမနေတော့ဘဲ သူမကို နောင်တရအောင် လုပ်မည်ဟု စိတ်ထဲက ကြုံးဝါးလိုက်သည်။ မကြာမီမှာပင် ပထမဆုံးသော နယ်ရုပ်ကို စတင်ရွှေ့လိုက်သည်နှင့် ပွဲစဉ်မှာ တရားဝင် စတင်လေတော့သည်။
လုံယွဲ့၏ မျက်ဝန်းများမှာ မျက်နှာပြင်ပေါ်သို့ စူးစိုက်ကြည့်နေ၏။ တစ်ဖက်လူက နယ်ရုပ်တစ်ခု ရွှေ့လိုက်သည်နှင့် တစ်ပြိုင်နက် သူမသည်လည်း မောက်စ်ကို ကိုင်စွဲကာ တုံ့ဆိုင်းမှုမရှိဘဲ ချက်ချင်းပင် ပြန်လည်ရွှေ့လိုက်သည်။ ဆန့်ကျင်ဘက်အနေဖြင့် တစ်ဖက်လူမှာမူ အကွက်တစ်ခုစီကို ရွှေ့ရန်အတွက် စက္ကန့်ပေါင်းများစွာ သို့မဟုတ် ထိုထက်မက အချိန်ယူကာ စဉ်းစားနေရပေသည်။ မိနစ်သုံးဆယ်ခန့် ကစားပြီးနောက် လုံယွဲ့က နောက်ထပ်နယ်ရုပ်တစ်ခုကို ထပ်မံရွှေ့လိုက်သည့်အခါ ထိုသူမှာ ငြိမ်သက်သွားပြီး ယခုတစ်ကြိမ်တွင်မူ မိနစ်သုံးဆယ်နီးပါးခန့်အလိုအထိ အချိန်ယူကာ စဉ်းစားနေတော့သည်။
ကြည့်ရှုနေသူ ပရိသတ်များမှာလည်း ဇဝေဇဝါ ဖြစ်လာကြပြီး ကစားနည်းကို နားလည်သူများမှာမူ ပိုမိုအံ့အားသင့်လာကြ၏။
[သူ ဘာလို့ ဒီလောက်အထိ အကြာကြီး ငြိမ်နေတာလဲ..]
[မသိဘူးလေ.. အိပ်ပျော်သွားတာလား..]
[ငတုံးရဲ့.. သူ စဉ်းစားနေတာလေ..]
[ဒီ နံပါတ်တစ် အွန်လိုင်းဂိုကစားသမား ကို ဒီလောက်အထိ အကြာကြီး စဉ်းစားအောင် လုပ်နိုင်တယ်ဆိုတော့ တိုက်ရိုက်ထုတ်လွှင့်သူက တကယ်ကို အရည်အချင်းရှိတာပဲ..]
[အိုး... သူ တကယ်ပဲ ဧကရီ ဖြစ်နေတာလား..]
လုံယွဲ့မှာမူ ထိုသူကို အတင်းအကျပ် မရွှေ့ခိုင်းပေ။ ထိုအစား သူမ၏ နှုတ်ခမ်းဖျားတွင် အပြုံးလေးတစ်ခု ဆင်မြန်းလျက် တစ်ဖက်လူ၏ လှုပ်ရှားမှုကို ငြိမ်သက်စွာ စောင့်ဆိုင်းနေပေသည်။ ဂိုကစားခြင်း၌ တစ်ဖက်လူက အချိန်အကြာကြီး စဉ်းစားရသည့် အခြေအနေမျိုးကို သူမ အမြဲတမ်း ကြုံတွေ့ရလေ့ရှိသည်။ တစ်ခါက သူမသည် အင်မော်တယ်ဂိုဂိုဏ်းမှ အဘိုးကြီးတစ်ယောက်နှင့် ကစားစဉ်က ထိုသူမှာ တစ်ကွက်ရွှေ့ရန်အတွက် ရာစုနှစ်တစ်ခုနီးပါး အချိန်ယူကာ စဉ်းစားခဲ့ဖူးသည်။ ထို့ကြောင့် ယခု စောင့်ဆိုင်းနေရသည့် အချိန်မှာ သူမအတွက် ဘာမှ မဟုတ်ချေ။
နောက်ထပ် ဆယ်မိနစ်ခန့် စောင့်ဆိုင်းပြီးနောက် နံပါတ်တစ် အွန်လိုင်းဂိုသမား မှာ မမျှော်လင့်ထားသည့် လုပ်ဆောင်ချက်တစ်ခုကို လုပ်ဆောင်လိုက်သည်။ ၎င်းမှာ အရှုံးပေးလိုက်ခြင်းပင် ဖြစ်၏။
"ငါ ရှုံးပါပြီ.."
ထိုသို့ပြောပြီးနောက် ထိုသူသည် ကစားပွဲအခန်းမှ ထွက်ခွာသွားပြီး တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းမှလည်း ပျောက်ကွယ်သွားတော့သည်။ လူတိုင်းမှာ ချက်ချင်းပင် မှင်တက်သွားကြ၏။
[သူက ဒီအတိုင်းပဲ အရှုံးပေးလိုက်တာလား..]
[ဒီလောက် အချိန်လေးအတွင်းမှာတင် တိုက်ရိုက်ထုတ်လွှင့်သူရဲ့ အရည်အချင်းက ဒီလောက်အထိ မြင့်မားနေတာလား..]
[သူ ကိုယ်တိုင် အရှုံးပေးတာကို ငါ ပထမဆုံး မြင်ဖူးတာပဲ..]
[အိုးမိုင်ဂေါ့... တိုက်ရိုက်ထုတ်လွှင့်သူက တကယ်ကို တော်တာပဲ..]
"ဟွန်း... နင်နဲ့ ဒီဧကရီကြားက ကွာဟချက်ကို နားလည်နိုင်တာကတော့ ချီးကျူးစရာပဲနော်.."
လုံယွဲ့သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။ သူမ၏ မျက်နှာထက်တွင် ကျေနပ်မှုနှင့် မာနကြီးမှုများ က အတိုင်းသား ပေါ်လွင်နေပေ၏။ အင်မော်တယ်နယ်မြေ၌ အခြားသူများနှင့် ဂိုကစားစဉ်က သူမ၏ စိတ်မှာ အမြဲတမ်း တည်ငြိမ်နေခဲ့ဖူးသည်။ နိုင်လျှင်လည်း ကောင်းသောပွဲစဉ်ဟုသာ ဆိုလေ့ရှိပြီး ရှုံးလျှင်လည်း ပွင့်လင်းစွာ ဝန်ခံကာ နောင်မှ ပြန်လည်စိန်ခေါ်လေ့ရှိသည်။
ကျိုးကြောင်းဆီလျော်စွာ စဉ်းစားလျှင် ဤလူသားများကို အနိုင်ရခြင်းမှာ ပျော်ရွှင်စရာ မဟုတ်သော်လည်း ယခင်က သူမ၏ အစွမ်းနှင့် မည်သူမည်ဝါဖြစ်ကြောင်းကို သံသယဝင်ကာ လှောင်ပြောင်ခဲ့ကြသည်ကို တွေးမိသည့်အခါ သူမ ခံစားလိုက်ရသည့် စကားလုံးမှာ တစ်လုံးတည်း ဖြစ်သည်။
"အရမ်းမိုက်တယ်.."
ဤသည်မှာ အင်မော်တယ်ဂို ဂိုဏ်းမှ အဘိုးကြီးများကို အနိုင်ရခြင်းထက် ပို၍ပင် အရသာရှိလှပေသည်။
"ကဲ... နောက်ထပ် ဒီဧကရီကို စိန်ခေါ်ချင်သူများ ရှိသေးသလား.."