← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

Chapter 77

~

အခန်း ၇၇ : အနိုင်ပိုင်းသွားသော နတ်ဆိုးအရှင်...

~

​[ကယ်တော်မူကြပါဗျို့..တိုက်ရိုက်ထုတ်လွှင့်သူရဲ့ ဘဝင်မြင့်နေတဲ့ မျက်နှာကို ငါ ဆက်ပြီး မကြည့်နိုင်တော့ဘူး..]

[တစ်ယောက်ယောက်လောက် လာကြပါဦး..ဘယ်သူပဲဖြစ်ဖြစ် ဒီတိုက်ရိုက်ထုတ်လွှင့်သူကို ပညာပေးနိုင်မယ့်သူ ရှိရင် လာခဲ့ကြစမ်းပါ..]

[ငါ အခုချက်ချင်း တခြား ဂိုသမားတွေကို သွားခေါ်လိုက်မယ်..]

[ဖယ်ကြစမ်း..တိုက်ရိုက်ထုတ်လွှင့်သူက ဒီလောက်အထိ တော်နေမယ်လို့ ငါမယုံဘူး .. ငါ့ကို ပေးကစားကြည့်စမ်းပါ..]

​တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ပရိသတ်များမှာ မကျေမနပ်ဖြစ်ကာ အားကိုးရှာသူရှာ၊ ကိုယ်တိုင်ဝင်ရောက် စိန်ခေါ်သူစိန်ခေါ်ဖြင့် ဆူညံပွက်လောရိုက်နေတော့သည်။ တစ်ခဏအတွင်းမှာပင် စာသားများမှာ ပိုမိုများပြားလာပြီး ကြည့်ရှုသူအရေအတွက်မှာလည်း တရိပ်ရိပ် တက်လာခဲ့လေသည်။

​ထိုနောက်ပိုင်းတွင် စိန်ခေါ်သူအများအပြားမှာ လုံယွဲ့ကို ရှုံးနိမ့်အောင်လုပ်ရန် စိတ်ပိုင်းဖြတ်လျက် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြ၏။ လုံယွဲ့ကမူ တည်ငြိမ်စွာဖြင့်ပင် မည်သူ့ကိုမဆို လက်ခံကစားပေးနေခဲ့သည်။ သို့သော် သိပ်မကြာမီမှာပင် စိန်ခေါ်သူအားလုံးမှာ စိတ်ပျက်လက်ပျက်ဖြင့် အခန်းအတွင်းမှ ပြန်လည်ထွက်ခွာသွားကြရတော့သည်။ ဝါသနာရှင်များသာမက ပရော်ဖက်ရှင်နယ် ကစားသမားများပင်လျှင် သူမကို မယှဉ်နိုင်ဘဲ ရှုံးနိမ့်ခဲ့ကြပေသည်။

​"နောက်တစ်ယောက်.."

​လုံယွဲ့သည် နောက်ထပ်တစ်ယောက်ကို အလွယ်တကူ အနိုင်ယူပြီးနောက် လင်းဖန်ထံမှ ယူထားသော နေကြာစေ့များကို စားရင်း အေးအေးဆေးဆေးပင် ခေါ်လိုက်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ မိနစ်အတော်ကြာသည်အထိ မည်သူမျှ အခန်းထဲသို့ ဝင်မလာကြတော့ချေ။

​"အိုး... ဒီဧကရီကို စိန်ခေါ်ရဲတဲ့သူ တစ်ယောက်မှ မရှိတော့တာလား.. ဟူးးး..နောက်ဆုံးတော့လည်း နင်တို့က သာမန်သေမျိုး​တွေပဲလေ ..ဒီဧကရီနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ..ဘယ်သူလာလာ ငါ့ကို ရှုံးမှာပဲ.. ပြိုင်ဘက်ကင်းရတာ ပျင်းစရာတော့ ကောင်းသားနော်.."

​"ဒါပေမဲ့ ဒီဧကရီကို စိန်ခေါ်ရဲတဲ့ သတ္တိရှိတာကိုတော့ ချီးကျူးရမှာပဲနော်..ဟင်းဟင်းဟင်းဟင်းးး..."

​လုံယွဲ့သည် ပါးစပ်လေးကို လက်ဖြင့်အုပ်ကာ တိုးတိုးလေး ရယ်မောလိုက်သည်။ သူမ၏ ရယ်သံမှာ ချီးကျူးသယောင်ရှိသော်လည်း လှောင်ပြောင်နေခြင်းသာ ဖြစ်ပေသည်။

​[တကယ်ကို ဘဝင်မြင်လှတဲ့ ဧကရီပဲ..]

[ဒါက ဟိုပြောပြောနေကြတဲ့ ကြက်ကန်းဆန်အိုးတိုးဆိုလား ခွေးမီးကောက်ကျည်တောက်စွတ် ဆိုလား ..အဲ့စကားပုံ အတိုင်းပဲလား..]

[တိုက်ရိုက်ထုတ်လွှင့်သူက ကမ္ဘာကျော် ဂိုသမားတစ်ယောက်ယောက်က ဟန်ဆောင်နေတာများလား..]

[သူရဲ့ မာနကို နှိမ်ပေးနိုင်မယ့်သူ တကယ်ပဲ တစ်ယောက်မှ မရှိတော့ဘူးလား..]

​ပရိသတ်များမှာ ဒေါသထွက်လျက် သူရဲကောင်းတစ်ဦးကို မျှော်လင့်နေကြစဉ် အိမ်နီးနားချင်း နတ်ဆိုးအရှင်ဟု အမည်ရသော နက်တီဇင်မှာ ရှေ့သို့ ထွက်လာတော့သည်။

​"ဧကရီအရှင်မ..ငါ့ကို ကစားခွင့်ပြုပါဦး.."

​ထိုစကားနှင့် ရင်းနှီးနေသော အမည်ကို မြင်လိုက်ရချိန်တွင် လုံယွဲ့သည် လင်းဖန်ကို လှည့်၍ မျက်စောင်းထိုးလိုက်သည်။ ထို့နောက် သူမက လင်းဖန်ကို မသိသယောင် ဆောင်လျက် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းသို့ ပြောလိုက်ပေသည်။

​"ကောင်းပြီလေ.. နတ်ဆိုးအရှင်ရဲ့ စိန်ခေါ်မှုကို ဒီဧကရီက လက်ခံပေးလိုက်ပါ့မယ်.. အရမ်း မြန်မြန်ကြီးတော့ မရှုံးစေနဲ့ဦးနော်.. ဒီဧကရီရဲ့ ပျော်ရွှင်မှုကို မဖျက်ဆီးလိုက်ပါနဲ့ဦး.."

​လင်းဖန်သည် ထူးခြားသောအပြုံးဖြင့် ကွန်ပျူတာရှေ့တွင် ထိုင်ကာ အခန်းသစ်တစ်ခုကို တည်ဆောက်လိုက်သည်။

​"ဧကရီ.. ကျုပ် အခန်းပြင်ပြီးပြီ..ဝင်လာခဲ့ပါတော့.."

​"ဟွန်း... အခန်းသစ်တောင် သီးသန့်ဖွင့်လိုက်သေးတာလား.. ကောင်းပြီလေ.. ဘယ်နေရာမှာပဲ ကစားကစား ရလဒ်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး.."

​လုံယွဲ့သည် မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေသဖြင့် လင်းဖန်ကို လုံးဝ အထင်မကြီးပါချေ။ နတ်ဆိုးအရှင်၏ ဂိုပညာမှာ အင်မော်တယ်ဂို ဂိုဏ်းမှ အဘိုးကြီးများထက် တော်လိမ့်မည်ဟု သူမ မယုံကြည်။ နတ်ဆိုးအရှင်ကို အနိုင်ရလိုက်လျှင် ဤသည်မှာ သူ၏အပေါ်တွင် အောင်ပွဲခံနိုင်ခြင်းပင် ဖြစ်သည်။ ဂိုကစားနည်းတွင်သာ ဖြစ်သော်လည်း အနိုင်ရသည်မှာ အမှန်ပင် မဟုတ်ပါလော။

​အတိတ်ကာလက နတ်ဆိုးအရှင်နှင့် တိုက်ခိုက်စဉ်က အရှုံးအနိုင် မပေါ်ခဲ့ဖူးသဖြင့် ယခုတစ်ကြိမ်တွင်သာ အနိုင်ရခဲ့လျှင် သူ့ကို ကောင်းကောင်း လှောင်ပြောင်နိုင်တော့မည်ဟု တွေးကာ လုံယွဲ့၏ နှုတ်ခမ်းဖျားတွင် အပြုံးလေးတစ်ခု ခိုး၍ ပေါ်လာရသည်။ သူမအနေဖြင့် မည်သို့ပင်ဖြစ်စေ ဤပွဲမှာ သေချာပေါက် နိုင်မည်ဟု တွေးကာ လင်းဖန်ကို မည်သို့လှောင်ရမည်ကိုပင် ကြိုတင်စဉ်းစားနေတော့သည်။

​လုံယွဲ့ အခန်းထဲသို့ ဝင်ရောက်လာပြီးနောက် ပရိသတ်များမှာ တစ်ခုခု ထူးခြားနေသည်ကို သတိပြုမိသွားကြသည်။

​[ဒီအခန်းက တစ်မျိုးကြီးပဲ..]

[ရှူး... ဘာမှ မပြောကြနဲ့..]

[ဘာဖြစ်လို့လဲ.. ပုံမှန်အတိုင်းပါပဲ..]

​လုံယွဲ့သည် စာသားများကို သတိထားမိသော်လည်း ဘာမှန်းမသိခင်မှာပင် လင်းဖန်က ကစားပွဲကို စတင်လိုက်သည်။ ပွဲစသည်နှင့် လင်းဖန်က နယ်ရုပ်အမဲ လေးခုကို ဒေါင်လိုက် တစ်တန်းတည်း ချက်ချင်း ရွှေ့လိုက်ပေသည်။

​'ဒါက ဘယ်လို ကစားကွက်မျိုးပါလိမ့်..'

​လုံယွဲ့သည် မျက်မှောင်ကြုတ်လျက် ကစားကွက်ကို အလွန်ပင် အာရုံစိုက်ကာ ကြည့်နေမိသည်။ ဤသည်မှာ ယနေ့အတွင်း သူမ အကြာဆုံး စဉ်းစားရခြင်းပင် ဖြစ်၏။ ယခင်လူများနှင့် ကစားစဉ်က သူမ တုံ့ဆိုင်းမှုမရှိခဲ့သော်လည်း နတ်ဆိုးအရှင်နှင့် ကစားရချိန်တွင်မူ တစ်ခုခု ထောင်ချောက်ဆင်ထားမည်ကို စိုးရိမ်နေမိသည်။ သို့သော် မည်မျှပင် ကြည့်ကြည့် ထူးခြားမှုကို မတွေ့ရသဖြင့် နောက်ဆုံး၌ သူမသည် တစ်ခုသာ ကောက်ချက်ချလိုက်တော့သည်။

​နတ်ဆိုးအရှင်သည် ဂိုကစားနည်းကို လုံးဝ မတတ်ခြင်းပင် ဖြစ်ရမည်။

'​ဟွန်း... ဒီပွဲ အနိုင်ရသူက ငါပဲ..'

​လုံယွဲ့သည် ယုံကြည်မှုအပြည့်ဖြင့် သူမ၏ နည်းဗျူဟာအတိုင်း ကစားကွက်ကို ရွှေ့လိုက်သည်။ သူမ၏ နယ်ရုပ်ကို ချလိုက်သည်နှင့် လင်းဖန်၏ နှုတ်ခမ်းများမှာ အနည်းငယ် တွန့်သွားပြီး..

"ဒီအရှင် အနိုင်ရပြီ.."

​ထိုသို့ပြောပြီးနောက် လင်းဖန်သည် ငါးခုမြောက် နယ်ရုပ်ကို အရင်ရှိနေသော လေးခု၏ အပေါ်သို့ တင်လိုက်သည်။ ထိုအခါ နယ်ရုပ်ငါးခုမှာ တစ်တန်းတည်း ဖြစ်သွားပြီး မျက်နှာပြင်ပေါ်တွင် "အမဲရောင် အနိုင်ရသည်" ဟူသော စာသား ပေါ်လာတော့သည်။

​"ဘာ... ဘာဖြစ်လို့လဲ..ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."

​လုံယွဲ့ ဆွံ့အသွား၏။ သူမ မယုံကြည်နိုင်စွာဖြင့် စားပွဲပေါ်သို့ မှောက်လျက် ကွန်ပျူတာမျက်နှာပြင်ကို အနီးကပ် ကြည့်ရှုနေမိသည်။ သူမ မည်သည့်နေရာတွင် မှားသွားခဲ့ပါသနည်း။ ပွဲစရုံရှိသေးသည်ကို နတ်ဆိုးအရှင်က ဘယ်လိုလုပ် နိုင်သွားရသနည်း။ ယခုမှ ငါးကွက်သာ ရှိသေး၏။

​"နတ်ဆိုးအရှင်.. နင် လိမ်ကစားတာပဲ.. နင် ဘာတွေ ခိုးလုပ်လိုက်တာလဲ.."

​လုံယွဲ့သည် အိပ်ခန်းထဲသို့ လှမ်း၍ အော်ဟစ်ကာ မေးမြန်းလိုက်သည်။ လင်းဖန်ကမူ မသိနားမလည်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်ပြီးမှ ..

"ဧကရီ ..ဒီအရှင်က လိမ်မကစားပါဘူး.. အခန်းရဲ့ နာမည်မှာ ပါတဲ့အတိုင်း ဂိုကစားနည်း (Go) ကနေ ဂိုမိုကု (Gomoku) အဖြစ် ပြောင်းလိုက်တာပါ.."

​"ဂိုမိုကု..."

​တစ်ခါမျှ မကြားဖူးသော အမည်ကို ကြားလိုက်ရသဖြင့် လုံယွဲ့မှာ ဇဝေဇဝါ ဖြစ်သွားသည်။ သူမ အခန်းအမည်ကို ကြည့်လိုက်သောအခါမှ ဂိုအခန်းမှာ ဂိုမိုကုအခန်းအဖြစ် ပြောင်းလဲနေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရတော့သည်။ သူမ သတိမထားမိခင်မှာပင် အားလုံး ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ပေသည်။ ပရိသတ်များက သတိထားမိသော်လည်း သူမကို ဘယ်သူမှ မပြောပြခဲ့ကြချေ။

​"ဧကရီကို ဂိုမိုကုရဲ့ စည်းမျဉ်းကို ရှင်းပြပါရစေ.. ဘယ်ဘက်ကမဆို နယ်ရုပ်ငါးခုကို တစ်တန်းတည်း အရင်ဖြစ်အောင် လုပ်နိုင်တဲ့သူက နိုင်တာပါပဲ.. ရိုးရှင်းပါတယ်..ဟုတ်တယ်မလား.."

​လင်းဖန်သည် လုံယွဲ့ကို ကြည့်ကာ ပြောင်စပ်စပ် ဖြင့် ပြောလိုက်သည်။

​"ငါးခု တစ်တန်းတည်း..."

​စည်းမျဉ်းကို သိရှိသွားချိန်တွင် လုံယွဲ့မှာ ဆွံ့အသွားရပြီး မယုံကြည်နိုင်သော မျက်နှာပေးဖြင့် ရေရွတ်မိလိုက်သည် ။

"ကမ္ဘာပေါ်မှာ ဒီလောက် ရိုးရှင်းတဲ့ ကစားနည်းမျိုး ရှိတယ်လား.."

​သူမသည် ဉာဏ်ရည်အဆင့်အတန်း နိမ့်ကျလှသော စည်းမျဉ်းအောက်တွင် နတ်ဆိုးအရှင်ကို ရှုံးနိမ့်ခဲ့ရသည် မဟုတ်ပါလေ.။ ဤစည်းမျဉ်းတွေကို မည်သူက တီထွင်ခဲ့ပါသနည်း။ ဤသည်က ဂိုကစားနည်း မဟုတ်တော့ချေ။

​အခန်းထဲသို့ ဝင်ရောက်ချိန်မှ ရှုံးနိမ့်ချိန်အထိ ငါးမိနစ်ပင် မကြာခဲ့ဘဲ ထိုအချိန်အများစုမှာလည်း သူမ စဉ်းစားနေသည့် အချိန်များသာ ဖြစ်ပေသည်။ လုံယွဲ့ ရှုံးနိမ့်သွားသည်ကို မြင်လိုက်ရသောအခါ ပရိသတ်များမှာလည်း ဝမ်းသာအားရ ဖြစ်သွားကြတော့သည်။

​[ဟားဟားဟား... ဧကရီရဲ့ ဂိုပညာက တော်လှပါတယ်ဆိုမှ ဂိုမိုကုကိုတော့ မတတ်ဘူးပဲ..]

[ဒါကို သိရင် ငါလည်း ဂိုမိုကုနဲ့ပဲ စိန်ခေါ်လိုက်ပါတယ်..]

[နတ်ဆိုးအရှင်ဆိုက ငါတို့ရဲ့ ကယ်တင်ရှင်ပဲ.. သူရောက်လာလို့ တော်သေးတာပေါ့..]

[ဧကရီကို နှိမ်ဖို့ဆိုရင် နတ်ဆိုးအရှင်ပဲ ရှိတာပဲ..]

[နတ်ဆိုးအရှင်ရဲ့ နည်းလမ်းတွေကတော့ တကယ်ကို ညစ်ပတ်တာပဲ..ဒါပေမဲ့ ငါ သဘောကျတယ်..]

​လုံယွဲ့မှာမူ ဒေါသထွက်လွန်းသဖြင့် မျက်နှာလေးမှာ နီမြန်းလာကာ ပါးဖောင်းဖောင်းလေးများဖြင့် လင်းဖန်ကို စူးစိုက်ကြည့်နေတော့သည်။ သူမ ဤအရှုံးကို အလွယ်တကူ လက်မခံနိုင်။ လက်စားပြန်ချေရမည် ။

​"နတ်ဆိုးအရှင်.. နောက်တစ်ပွဲ ပြန်ကစားမယ်.."

​"မကစားတော့ပါဘူး.. ဒီအရှင်က နိုင်သွားပြီဆိုတော့ ဆက်မကစားတော့ဘူး..နိုင်ပြီးသား လူတစ်ယောက်ကို ထပ်ပြီး အနိုင်ယူရတာက ပျော်စရာ မကောင်းတော့ဘူးလေ .."

​လင်းဖန်သည် ပြုံးလျက် အောင်နိုင်သူတစ်ဦး၏ အမူအရာဖြင့် ကွန်ပျူတာရှေ့မှ ထွက်ခွာသွားလေတော့သည်။ လုံယွဲ့မှာမူ မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိ၏။ တစ်ပွဲတည်းနှင့် နိုင်ပြီးချင်း ရပ်လိုက်သူ မည်သူရှိပါသနည်း။ သူမကို ကလဲ့စားချေခွင့်ပင် မပေးတော့ချေ။ တကယ်ကို အရှက်မရှိသည့်သူပင်။

Chapter 78

~

အခန်း ၇၈ : ဧကရီ၏ ဖော်လိုဝါ တစ်သောင်းကျော်သွားခြင်း...

~

​"ကဲ... ဒီနေ့အတွက် ဒီဧကရီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ဒီမှာတင် ရပ်နားပါ့မယ်.."

​"ဒီဧကရီကို စိန်ခေါ်ချင်တဲ့ သတ္တိရှိတဲ့ သေမျိုးတွေ ရှိသေးရင်တော့ မနက်ဖြန်မှ ပြန်လာခဲ့ကြပါ.. ဒီဧကရီက အချိန်မရွေး အသင့်ရှိနေမှာပါ.."

​သန်းခေါင်ယံအချိန်သို့ ရောက်ခါနီးတွင် လုံယွဲ့သည် ကြည့်ရှုသူအားလုံးကို နှုတ်ဆက်ကာ ကျေနပ်အားရစွာဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်သည်။ ဤသည်မှာ သူမ၏ ပထမဆုံးနေ့ဖြစ်သော်လည်း ဆယ်နာရီကျော်ကြာအောင် ဆက်တိုက် ထုတ်လွှင့်ခဲ့ပေသည်။

​ဤဆယ်နာရီအတွင်း သူမသည် ပရိသတ်များနှင့် စကားပြောဆိုရင်း စိန်ခေါ်သူများကို အဆက်မပြတ် ရင်ဆိုင်ခဲ့ရသည်။ အချိန်အကြာကြီး ထိုင်နေရသဖြင့် ခါးနှင့် ပခုံးများ အနည်းငယ် နာကျင်နေသော်လည်း သူမ၏ ရင်ထဲတွင်မူ အလွန်ပင် ကျေနပ်ပီတိ ဖြစ်နေရ၏။

​ဤထူးဆန်းသော ကမ္ဘာသို့ ရောက်ရှိလာကတည်းက သူမသည် အိမ်ထဲ၌သာ အချိန်ကုန်ဆုံးခဲ့ရ၏။ စကားပြောဖော်ဆို၍ နတ်ဆိုးအရှင် တစ်ယောက်သာရှိသဖြင့် သူမသည် ဤကမ္ဘာကြီးနှင့် တစ်သားတည်း မကျသလို ခံစားနေခဲ့ရသည်။ ယခုမူ ကွန်ပျူတာရှေ့တွင် ထိုင်ကာ နေရာအနှံ့မှ လူသားများနှင့် စကားပြောဆိုခြင်း၊ ဂိုကစားခြင်းတို့ကို ပြုလုပ်နိုင်သဖြင့် သူမကိုယ်သူမ အသုံးဝင်လာသည်ဟု ခံစားနေမိသည်။

​ယခင်က အင်မော်တယ်နတ်ဆိုးတိုက်ကြီးတွင် ရှိစဉ်က သူမသည် သေမျိုးများနှင့် စကားပြောဆိုလေ့ မရှိချေ။ ဤသေမျိုးများနှင့် စကားပြောရသည်မှာ ဤမျှ စိတ်ဝင်စားဖို့ကောင်းလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့မိပေ။ အထူးသဖြင့် သူမကို မနိုင်ဘဲ ဒေါသတကြီး ဖြစ်နေကြသည့် သေမျိုးများကို ကြည့်ရသည်မှာ အလွန်ပင် အရသာရှိလှသည်။

​နတ်ဆိုးအရှင်သာ ဝင်ရောက် မနှောင့်ယှက်ခဲ့လျှင် ပို၍ပင် ကောင်းပေလိမ့်မည်။

​ထိုသို့တွေးမိသည်နှင့် လုံယွဲ့၏ အကြည့်များမှာ စူးရှသွားပြီး တံခါးဝသို့ ရောက်ရှိလာသော လင်းဖန်ကို မကျေမနပ် စိုက်ကြည့်လိုက်တော့သည်။ ယနေ့ သူမ၏ မှတ်တမ်းမှာ အနိုင်ရလဒ်များဖြင့်သာ ပြည့်နှက်နေသင့်သော်လည်း သူနှင့် ကစားခဲ့သည့် ဂိုမိုကုပွဲကြောင့် အမည်းစက် ထင်ကျန်ခဲ့ရသည် မဟုတ်ပါလော။

​လင်းဖန်ကမူ သူမ၏ အကြည့်များကို လျစ်လျူရှုကာ သူဝယ်လာသော ဆန်ပြားကြော်ထုပ်ကို မြှောက်ပြလိုက်သည်။

​"ဒီအရှင် အမဲသားဆန်ပြားကြော် ဝယ်လာတယ်.. စားဦးမလား.."

​"စားမယ်.."

​လုံယွဲ့သည် တုံ့ဆိုင်းမှုမရှိဘဲ ပြန်လည်ဖြေကြားလိုက်သည်။ စိတ်တိုသည်မှာ စိတ်တိုသည်ဖြစ်သော်လည်း အစားအစာနှင့်တော့ မဆိုင်။ တိုက်ရိုက်ထုတ်လွှင့်မှုကိုသာ အာရုံစိုက်နေသဖြင့် နေ့လယ်စာနှင့် ညစာကိုပင် မစားရသေးဘဲ ဗိုက်ထဲတွင်လည်း အလွန်ပင် ဆာလောင်နေပြီ ဖြစ်သည်။

​ထမင်းစားပွဲတွင် လုံယွဲ့သည် ဆန်ပြားကြော်ကို အငမ်းမရ စားသောက်နေပြီး သူမ၏ မျက်ဝန်းများတွင်လည်း ကျေနပ်သည့် အရိပ်အယောင်များ ပေါ်လွင်နေပေသည်။

​"ဒီဆန်ပြားကြော်ဆိုတဲ့ အရာက တကယ်ကို အရသာရှိတာပဲ.."

​အမဲသားကို ဤမျှ နူးညံ့အောင် ကြော်နိုင်သည်မှာ အံ့ဩစရာပင်။ နောက်နောင်တွင် အင်မော်တယ်နယ်မြေ၌ နွားများ မွေးမြူရန် စဉ်းစားရပေလိမ့်မည်။

​ယခုမူ ညဉ့်နက်နေပြီ ဖြစ်သည်။ ကျိုးယန်မှာလည်း အိမ်ပြန်သွားပြီဖြစ်ရာ အခန်းထဲတွင် သူတို့နှစ်ဦးတည်းသာ ကျန်ရှိတော့သည်။ လင်းဖန်သည် ရေခဲသေတ္တာထဲမှ ဆိုဒါဘူးကို ထုတ်ကာ ပိုက်ထည့်ပေးလျက် သူမ၏ ဘေးသို့ ကမ်းပေးလိုက်ပြီးမှ အေးအေးဆေးဆေးပင် မေးလိုက်သည်။

​"တိုက်ရိုက်ထုတ်လွှင့်ရတာ ဘယ်လို ခံစားရလဲ.."

​လုံယွဲ့သည် ဆိုဒါကို အနည်းငယ် သောက်လိုက်ပြီးနောက် နှုတ်ခမ်းဖျားတွင် အပြုံးလေးတစ်ခု ပေါ်လာပြီး ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

​"မဆိုးပါဘူး.. အဲ့လူသားလေးတွေ ပြောတဲ့စကားက ဒီဧကရီကို စိတ်တိုစေတာတော့ အမှန်ပဲ..ဒါပေမဲ့ သူတို့ကို ငါ မမုန်းဘူး..ဒီဧကရီက သူတို့ကို တစ်ယောက်ပြီးတစ်ယောက် နိုင်အောင် လုပ်ပြီး ငါ့ကို အပြည့်အဝ ယုံကြည်လာအောင် လုပ်ပြမယ်.."

​"အဲဒီလိုဆိုရင်တော့ ကောင်းတာပေါ့.."

​လုံယွဲ့၏ ဂုဏ်ယူဝင့်ကြွားနေသော မျက်နှာလေးကို ကြည့်ကာ လင်းဖန်သည် စိတ်အေးသွားရပြီး ရင်ထဲတွင်လည်း ကြည်နူးမှုလေးတစ်ခု ဖြစ်ပေါ်လာသည်။ ဧကရီအရှင်မ၏ အလုပ်အကိုင်မှာ နောက်ဆုံးတွင် အဆင်ပြေသွားခဲ့ပြီ ဖြစ်သည်။

​"အယ်.."

​ထိုစဉ် လုံယွဲ့သည် စားသောက်နေရင်း သူမ၏ အကောင့်ကို ဝင်ကြည့်လိုက်ရာမှ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ လင်းဖန် ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် သူမသည် ဖုန်းကို သူ့ရှေ့သို့ ထိုးပေးလိုက်၏။

​"နတ်ဆိုးအရှင်..ဒီမှာ ကြည့်စမ်း.. ဒီဧကရီရဲ့ ဖော်လိုဝါ အရေအတွက်က တစ်သောင်း ပြည့်သွားပြီ.."

​"အိုး... ဟုတ်သားပဲ.."

​လုံယွဲ့၏ အကောင့်တွင် တစ်သောင်းကျော်နေသော ကိန်းဂဏန်းကို ကြည့်ကာ လင်းဖန်လည်း အံ့အားသင့်သွားရသည်။ ယခုခေတ် တိုက်ရိုက်ထုတ်လွှင့်မှု လောကတွင် ပြိုင်ဆိုင်မှုမှာ အလွန်ပင် ပြင်းထန်လှပေသည်။ လူသစ်တစ်ယောက်အနေဖြင့် ကြည့်ရှုသူ ရရှိရန်မှာ အလွန်ပင် ခဲယဉ်းလှ၏။ အချို့ဆိုလျှင် လပေါင်းများစွာ ကြာသည့်တိုင် ကြည့်ရှုသူ တစ်ဦးစ၊ နှစ်ဦးစဖြင့်သာ ရုန်းကန်နေကြရခြင်း ဖြစ်သည်။

​သို့သော် လုံယွဲ့မှာမူ ပထမဆုံးနေ့မှာပင် ဖော်လိုဝါ တစ်သောင်း ပြည့်သွားခြင်းမှာ အံ့မခန်း အောင်မြင်မှုပင် ဖြစ်တော့သည်။ ဤသည်မှာ သူမ၏ ဧကရီစရိုက်နှင့် လိုက်ဖက်မှုရှိခြင်း၊ ပန်းချီနှင့်ဂိုပညာတွင် ထူးချွန်ခြင်းတို့ကြောင့် လူအများ၏ စိတ်ဝင်စားမှုကို ချက်ချင်း ရရှိသွားခြင်း ဖြစ်ပေလိမ့်မည်။ ထို့အပြင် သူမသည် ပရိသတ်များနှင့် ပြောဆိုဆက်ဆံရာတွင်လည်း အလွန်ပင် သဘာဝကျလှ၏။

​ဧကရီသည် တိုက်ရိုက်ထုတ်လွှင့်သည့် အလုပ်နှင့် အမှန်တကယ်ပင် ကံပါလာပုံရပေသည်။

​"ဟွန်း... လူသားအတော်များများက ဒီဧကရီရဲ့ ဆွဲဆောင်မှုနဲ့ စွမ်းအားအောက်မှာ ဒူးထောက်သွားကြပြီ ထင်ပါရဲ့.. ဒီလူသားတွေမှာ ငါ့ကို မှတ်မိနိုင်တဲ့ အမြင်ရှိတာကတော့ ချီးကျူးစရာပဲ.. သူတို့က ဘဝမှာ အမှန်ကန်ဆုံး ရွေးချယ်မှုကို လုပ်လိုက်ကြတာပဲ..ဝူး..ဟားဟားဟား.."

​လုံယွဲ့သည် လက်ပိုက်လျက် မထိန်းနိုင်အောင် ရယ်မောနေတော့သည်။

​"မြင်လား နတ်ဆိုးအရှင်..ဒါ ဒီဧကရီရဲ့ တကယ့် စွမ်းအားပဲ.. ဒီနေရာမှာတောင် ငါက လူတစ်သောင်းရဲ့ အကြည်ညိုခံရတဲ့ ဧကရီပဲ.."

​လင်းဖန်ကမူ ပြုံးလျက်သာ ကြည့်နေမိပြီးမှ..

"ဧကရီ.. ဒါက တစ်သောင်းပဲ ရှိပါသေးတယ်.. ဒီလောကမှာ ဒါက သိပ်ပြီး အများကြီး မဟုတ်သေးပါဘူး.." ဟု ဆိုကာ အခြားသော နာမည်ကြီးသူများ၏ အကောင့်များကို ပြသလိုက်သည်။

​"ဒီမှာကြည့်..သူတို့မှာ ဖော်လိုဝါ ဘယ်လောက်ရှိလဲ.."

​"တစ်သိန်း... ငါးသိန်း... သန်းချီတဲ့သူတွေတောင် ရှိတာလား.."

​အခြားသူများ၏ ဖော်လိုဝါ အရေအတွက်ကို မြင်လိုက်ရချိန်တွင် လုံယွဲ့မှာ မှင်သက်သွားသည်။ တစ်သောင်းဆိုသည်မှာ အလွန်များပြားလှပြီဟု သူမ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ဤမျှများပြားသော လူအုပ်ကြီးနှင့် ယှဉ်လျှင် သူမ၏ အရေအတွက်မှာ အလွန်ပင် သေးငယ်လွန်းလှ၏။

​"သူတို့..သူတို့ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အများကြီး ရထားတာလဲ.."

​"ဒါကတော့ အရည်အသွေးရှိတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေနဲ့ အချိန်အကြာကြီး ကြိုးစားခဲ့လို့ ရလာတာပါ.. ဒီကမ္ဘာမှာ လူဦးရေ ဘီလီယံနဲ့ချီပြီး ရှိတယ်ဆိုတာ ငါပြောဖို့ မေ့သွားတယ်.."

​"ဘီလီယံနဲ့ချီတဲ့ လူဦးရေ... သန်းနဲ့ချီတဲ့ ဖော်လိုဝါတွေ..."

​လုံယွဲ့၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်သွားသည်။ လင်းဖန်နှင့်အတူ အပြင်ထွက်စဉ်က လူများလှသည်ဟု ထင်ခဲ့သော်လည်း ဤမျှလောက် များပြားလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

​အင်မော်တယ်နတ်ဆိုးတိုက်ကြီး တစ်ခုလုံးတွင်ပင် လူဦးရေမှာ ဆယ်သန်းခန့်သာ ရှိခဲ့ခြင်း ဖြစ်သည်။ ယခု ဤကမ္ဘာရှိ လူသားတစ်ယောက်၏ ဖော်လိုဝါ အရေအတွက်မှာ သူမ၏ အင်မော်တယ်နယ်မြေရှိ စစ်တပ်ထက်ပင် ပိုမိုများပြားနေသည် မဟုတ်ပါလော။

​လုံယွဲ့သည် အနည်းငယ် စိတ်ပျက်သွားရသော်လည်း ဧကရီတစ်ပါး၏ မာန်မာနကြောင့် ချက်ချင်းပင် စိတ်ကို ပြန်လည်ပြင်ဆင်လိုက်သည်။

​"ဟွန့်... သူတို့က ငါ့ထက် အရင်ဦးသူမို့လို့ ဖော်လိုဝါ များနေတာပါ..မကြာခင်မှာ ဒီဧကရီက သူတို့ကို သေချာပေါက် ကျော်တက်ပြမယ်.."

​ထိုသို့ပြောပြီးနောက် သူမသည် အစားအသောက်ကိုသာ အာရုံစိုက်၍ စားသောက်နေတော့သည်။ လင်းဖန်သည် သူမ၏ တက်ကြွနေသော ပုံစံကို ကြည့်ကာ ပြုံးနေမိ၏။ သူမ၏ အရည်အချင်းနှင့် ဖျော်ဖြေမှုပေးနိုင်စွမ်းကို ကြည့်ခြင်းဖြင့် နောင်တစ်ချိန်တွင် သန်းနှင့်ချီသော ပရိသတ်များ ရရှိလာမည်မှာ မလွဲဧကန်ပင် ဖြစ်တော့သည်။

All Chapters