← Chapters

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

Chapter 79

~

အခန်း ၇၉ : ဧကရီ၏ ဂိမ်းပါရမီ...

~

​နောက်တစ်နေ့တွင် တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်နှင့်တစ်ပြိုင်နက် ပရိသတ်အများအပြားမှာ အပြေးအလွှား ရောက်ရှိလာကြသည်။ ယမန်နေ့က ဆွဲပြခဲ့သော အင်မော်တယ်နယ်မြေ၏ နန်းတော်ရာပေါင်းများစွာ ပန်းချီကားနှင့် သူမ၏ ရှုံးပွဲမရှိ ဂိုမှတ်တမ်းတို့ကြောင့် ကြည့်ရှုသူများမှာ စိတ်ဝင်တစား ရှိနေကြခြင်း ဖြစ်ပေသည်။

​[ဒီမှာ အရမ်းတော်တဲ့ ဧကရီတိုက်ရိုက်ထုတ်လွှင့်သူ ရှိတယ်ဆိုတာ ဟုတ်လား..]

[ငါလည်း ပန်းချီကားကို လာကြည့်တာ.. တကယ်ကို လက်ရာမြောက်တာပဲ..]

[ဒီတိုက်ရိုက်ထုတ်လွှင့်သူက ဇီသာ.. ဂို.. လက်ရေးလှနဲ့ ပန်းချီ ပညာလေးရပ်လုံးမှာ ကျွမ်းကျင်တယ်လို့ ကြားတယ်.. အဲဒါ တကယ်ပဲလား..]

[တကယ်ပါဆို..မနေ့က ဘယ်သူမှ သူ့ကို မနိုင်ဘူး..]

​"အို အသင်လူသားတို့... ဒီနေ့ရော ဧကရီကို စိန်ခေါ်ချင်တဲ့သူ ရှိသေးသလား.."

​"ဂိုတင်မကဘူးနော်.. တခြားဘယ်အရာနဲ့မဆို စိန်ခေါ်နိုင်ပါတယ်.."

​လုံယွဲ့သည် ကွန်ပျူတာရှေ့တွင် ထိုင်လျက် ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုလိုက်သည်။ သူမ စကားပြောပြီးသည်နှင့် စာသားများမှာ ချက်ချင်းပင် ပေါ်လာတော့သည်။

​[ဧကရီကတော့ အရင်အတိုင်း ဘဝင်ရူးနေတုန်းပဲ..]

[ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ သူ့ကို ဒီလောက်အထိ အထင်မကြီးခိုင်းနိုင်တော့ဘူး ..]

[ပရိသတ်ထဲမှာ ဆရာကြီးတွေ မကျန်တော့ဘူးလား..]

[နတ်ဆိုးအရှင် ဘယ်ရောက်သွားလဲ.. နတ်ဆိုးအရှင်ကို မြန်မြန်ပင့်ဖိတ်လိုက်ကြစမ်းပါဟ..]

​လုံယွဲ့သည် သစ်သီးခြောက်များကို မြိန်ရေရှက်ရေ စားရင်း စာသားများကို ပြုံး၍ ကြည့်နေသည်။ မကြာမီမှာပင် ပထမဆုံးသော စိန်ခေါ်သူ ပေါ်ထွက်လာတော့သည်။

​"ဘယ်အရာနဲ့မဆို ဖြစ်တယ်ဆိုရင်... ဂိမ်းကစားတာရော ဖြစ်လား.."

​"ဂိမ်း..."

​ဂိမ်းနှင့် စိန်ခေါ်မှုကို ကြားလိုက်ရချိန်တွင် လုံယွဲ့၏ မျက်နှာတွင် အခက်တွေ့သွားဟန် ပေါ်လာရသည်။ သူမ ဂိမ်းစတင်ကစားဖူးသည်မှာ တစ်နေ့ကမှ ဖြစ်ပြီး Honor of Kings ကိုသာ နားလည်တဝက် နားမလည်တဝက်ဖြင့် ခဏတာကစားဖူးခြင်း ဖြစ်သည်။ တခြားသော ဂိမ်းအမျိုးအစားများကိုမူ သူမ တစ်ခါမျှ မထိတွေ့ဖူးရာ ဂိမ်းကစားခြင်းက သူမအတွက် အကြီးမားဆုံး အားနည်းချက်ပင်။

​လုံယွဲ့ တုံ့ဆိုင်းနေသည်ကို မြင်သောအခါ ပရိသတ်များမှာ ချက်ချင်းပင် လှောင်ပြောင်ကြတော့သည်။

​[တိုက်ရိုက်ထုတ်လွှင့်သူရေ... ဘယ်အရာမဆို ဖြစ်တယ်လို့ ပြောထားပြီး အခုကျတော့ ဘာလို့ ကြောက်နေတာလဲ..]

[မဖြစ်နိုင်လိုက်တာ.. တိုက်ရိုက်ထုတ်လွှင့်သူက ဧကရီတစ်ပါး မဟုတ်လား..ဒီစိန်ခေါ်မှုကို မလက်ခံရဲဘူးလား..]

[သူ ကြောက်နေတာပဲ.. သူ့ကို အတင်းမဆော့ခိုင်းပါနဲ့ဟ ငါ့အသည်းလေး သနားပါတယ်.. ]

​"ဂွတ်.."

​လှောင်ပြောင်နေသော စာသားများကို ကြည့်ကာ လုံယွဲ့သည် ပါးစပ်ထဲမှ သစ်သီးခြောက်ကို ဒေါသတကြီး ကိုက်လိုက်ပြီးမှ ပြန်လည်တုံ့ပြန်လိုက်သည်။

​"ပေါက်ကရတွေ မပြောနဲ့.. ဒီဧကရီက ကြောက်နေတယ်လို့ ဘယ်သူပြောလဲ.. ငါက မြင့်မြတ်တဲ့ ကောင်းကင်နန်းတော်( ကျိရှန့်ထျန်းကုန်း )ရဲ့ ဧကရီပဲ..အသင်တို့လို လူသားတွေရဲ့ စိန်ခေါ်မှုကို ဘာလို့ ကြောက်ရမှာလဲ.."

​"ပြောစမ်း..ဘာဂိမ်းလဲ.."

​မြင့်မြတ်သော ဧကရီတစ်ပါး၏ ဂုဏ်သိက္ခာကို ထိပါးလာသဖြင့် လူသားများရှေ့တွင် သူမ အားနည်းချက်ကို လုံးဝ မပြနိုင်ပေ။ အနီးအနားတွင် ထိုင်၍ ကြည့်နေသော လင်းဖန်မှာမူ ခေါင်းကိုသာ ခါယမ်းမိတော့သည်။ ဧကရီအရှင်မ လုံယွဲ့မှာ အရင်အတိုင်းပင် ဖြစ်၏။ အနည်းငယ် ဆွပေးလိုက်ရုံဖြင့် ထောင်ချောက်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားတော့သည်။

​သူမ၏ ပါရမီကို သူ မယုံကြည်ခြင်း မဟုတ်သော်လည်း မည်သည့်အရာမဆို ကျင့်သားရရန် အချိန်လိုအပ်သည် မဟုတ်ပါလော။ တစ်ခါမျှ မကစားဖူးသော ဂိမ်းကို ကစားမည်ဆိုပါက ပရိုတစ်ယောက်ပင် အလွယ်တကူ ရှုံးနိမ့်သွားနိုင်ပေသည်။

​လင်းဖန် ခန့်မှန်းသည့်အတိုင်းပင် တစ်ဖက်လူက CS2 ဟု ခေါ်သော သေနတ်ပစ်ဂိမ်းဖြင့် စိန်ခေါ်လိုက်သည်။ လုံယွဲ့မှာ ထိုအမည်ကိုပင် မကြားဖူးသော်လည်း ကြုံးဝါးပြီးသား ဖြစ်သဖြင့် ရှေ့သို့သာ ဆက်တိုးရတော့သည်။

​"ဧကရီ... ဒီဂိမ်းက ကျွမ်းကျင်သူနဲ့ လူသစ်ကြားမှာ ကွာခြားချက် အရမ်းကြီးတယ်..တကယ်ပဲ ကစားမှာလား.."

​လင်းဖန်သည် ဂိမ်းကို ထည့်သွင်းပေးရင်း သူမကို ဖျောင်းဖျကြည့်သည်။ သူကိုယ်တိုင်လည်း သူငယ်ချင်းများနှင့် ကစားဖူးရာ လူသစ်များမှာ တစ်ဖက်လူကိုပင် မမြင်ရဘဲ ခေါင်းကို သေနတ်ဖြင့် အပစ်ခံရလေ့ရှိသည်ကို သိနေသောကြောင့်ပင်။

​လင်းဖန်၏ စကားကို ကြားသောအခါ လုံယွဲ့၏ မျက်နှာတွင် စိုးရိမ်စိတ်လေး ပေါ်လာသော်လည်း ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွားကာ..

"ရပါတယ်..ဘာပဲဖြစ်ဖြစ် ဒီဧကရီက လူသားတစ်ယောက်ကိုတော့ ရှုံးမှာ မဟုတ်ဘူး"

သူမသည် အင်မော်တယ်နယ်မြေ၌ မွေးဖွားလာစဉ်ကပင် ထူးခြားသော နိမိတ်များ ပြခဲ့သူ ဖြစ်ပေသည်။ ကျင့်စဥ်မှန်သမျှကို တစ်ကြိမ်မြင်ရုံဖြင့် အလွတ်မှတ်မိနိုင်သော ပါရမီရှင် ဖြစ်ရာ လူသားတို့ တီထွင်ထားသော ဂိမ်းလေးတစ်ခုမှာ သူမအတွက် အခက်အခဲ မဟုတ်ဟု ယူဆနေခြင်း ဖြစ်သည်။

​မကြာမီမှာပင် ဂိမ်းကို ထည့်သွင်းပြီးသွားသဖြင့် လုံယွဲ့သည် ကစားပွဲထဲသို့ ဝင်ရောက်လိုက်သည်။

​"ဒီဂိမ်းထဲမှာ ဘာလို့ ငါ့လက်နှစ်ဖက်ပဲ မြင်နေရတာလဲ.. ဒီဧကရီရဲ့ ခန္ဓာကိုယ်က ဘယ်ရောက်သွားတာလဲ.."

​သူမ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် "ဒိုင်း" ဟူသော သေနတ်သံနှင့်အတူ သူမ၏ ခေါင်းကို အပစ်ခံလိုက်ရပြီး မျက်နှာပြင်မှာ အမည်းရောင် ပြောင်းသွားတော့သည်။

​"ဟင်... ပွဲက စသွားပြီလား.. ဤဧကရီ သေသွားတာလား.."

​လုံယွဲ့သည် စာသားများကို ကြောင်ကြည့်နေမိသည်။ သူမ ဘာဖြစ်မှန်း မသိခင်မှာပင် နောက်တစ်ပွဲ ပြန်စပြီး "ဒိုင်း" ဟူသော အသံနှင့်အတူ ထပ်မံ သေဆုံးသွားပြန်သည်။

​"အိုး.."

​လုံယွဲ့သည် ကီးဘုတ်နှင့် မောက်စ်ကို မကျွမ်းမကျင်ဖြင့် ကိုင်တွယ်ရင်း ရေရွတ်မိတော့သည်။

​"ဒီဂိမ်းမှာ ဘယ်လို လှုပ်ရှားရမှာလဲ.. ဒီဧကရီက ဘာလို့ ကောင်းကင်ကြီးပဲ ကြည့်နေမိတာလဲ..အား... ဘာလို့ ထပ်သေပြန်ပြီလဲ.."

​လုံယွဲ့၏ မကျွမ်းကျင်သော လှုပ်ရှားမှုများကို ကြည့်ကာ ပရိသတ်များမှာ ဟားတိုက်ရယ်မောကြတော့သည်။

​[ဟားဟားဟား... ဧကရီ လုံယွဲ့က ဂိမ်းကို လုံးဝ မကစားတတ်ဘူးပဲ..]

[ကြည့်ရတာ သူ ဒီလိုဂိမ်းမျိုး တစ်ခါမှ မကစားဖူးတာ သေချာတယ်..]

[ဧကရီရဲ့ စွမ်းအားက ဒီလောက်ပဲလား..]

[နောက်ဆုံးတော့ တိုက်ရိုက်ထုတ်လွှင့်သူ အရှက်ကွဲတာကို မြင်ရပြီ..]

​မကျွမ်းကျင်သော လှုပ်ရှားမှုများကြောင့် လုံယွဲ့မှာ တစ်မှတ်မျှ မရဘဲ ရှုံးနိမ့်သွားရတော့သည်။

​"နတ်ဆိုးအရှင်... ဒီဂိမ်းက ဘယ်လိုဖြစ်တာလဲ.."

​လုံယွဲ့သည် မကျေမနပ်ဖြစ်ကာ လင်းဖန်ထံသို့ လှည့်၍ အကူအညီတောင်းတော့သည်။ လင်းဖန်ကမူ "ငါပြောသားပဲ" ဟူသော မျက်နှာပေးဖြင့် သူမကို အိပ်ခန်းထဲသို့ ခေါ်သွားကာ သူ၏ ကွန်ပျူတာဖြင့် အခြေခံများကို သင်ကြားပေးလိုက်သည်။

​"ငါ ဂိမ်းရဲ့ အခြေခံတွေကို သင်ပေးမယ်.."

​"ဒါတွေက လှုပ်ရှားတဲ့ ခလုတ်တွေ..မောက်စ်ရဲ့ ဘယ်ဘက်ကို နှိပ်ရင် သေနတ်ပစ်တာပဲ.. ရန်သူကို သတ်နိုင်ရင် နိုင်ပြီ.."

​"လှုပ်ရှားရင်း ပစ်ရင် ကျည်ဆံက မငြိမ်ဘူး.. ဒါကြောင့် ရပ်ပြီးမှ ပစ်ရမယ်.."

​"ရန်သူ့ခန္ဓာကိုယ်ကို ပစ်ရင် အချက်အတော်များများ ပစ်ရလိမ့်မယ်.. ဒါပေမဲ့ မောက်စ်ကို ရန်သူ့ခေါင်းပေါ် တည့်တည့်ထားပြီး ပစ်ရင်တော့ တစ်ချက်တည်းနဲ့ သေစေနိုင်တယ်.."

​လင်းဖန်သည် လက်တွေ့ပြသရင်း ဂိမ်းထဲရှိ စက်ရုပ်ကို ခေါင်းပစ်ပြလိုက်သည်။

​"မြင်လား... ဒီလိုမျိုးပဲ.."

​"အိုး... ဒီဧကရီ နားလည်ပြီ.. မောက်စ်ကို ရန်သူ့ခေါင်းပေါ်တင်ပြီး နှိပ်လိုက်ရုံပဲမလား.. ဒီလောက် ရိုးရှင်းတာကို စောစောက ပြောရမှာပေါ့.."

​လုံယွဲ့သည် ချက်ချင်းပင် နားလည်သွားပြီး သူမ၏ ကွန်ပျူတာရှေ့သို့ ပြန်သွားကာ နားကြပ်ကို တပ်လိုက်သည်။

​"ကဲ ဒီဧကရီ ပြန်လာပြီ..ပြန်စကြစို့.. ဒီတစ်ခါတော့ ဒီဧကရီ လုံးဝ မရှုံးစေရဘူး.."

​ထိုသို့ပြောပြီးနောက် စိန်ခေါ်သူနှင့် ပြန်လည်ကစားတော့သည်။ ပထမ အနည်းငယ်သော ပွဲစဉ်များတွင် သူမသည် ဂိမ်းနှင့် ကျင့်သားရအောင် ကြိုးစားနေရသဖြင့် အခြေအနေမှာ တူညီနေသော်လည်း ခဏအကြာတွင်မူ အခြေအနေမှာ ပြောင်းလဲသွားတော့သည်။ လုံယွဲ့သည် ထွက်လာသည်နှင့်တစ်ပြိုင်နက် တစ်ဖက်လူကို တစ်ချက်တည်းဖြင့် အပစ်သတ်နိုင်နေပြီး တစ်ဖက်လူမှာ သေနတ်ပင် ပစ်ခွင့်မရတော့ပါချေ။

​ဤသည်ကို မြင်သောအခါ ပရိသတ်များမှာ မှင်သက်သွားကြသည်။

​[သောက်ခွေး.. ဘာတွေ ဖြစ်ကုန်တာလဲ..]

[ငါ မျက်စိမှားတာ မဟုတ်ဘူးမလား..တိုက်ရိုက်ထုတ်လွှင့်သူက ရန်သူကို တန်းစီပြီး သတ်နေတာလား..]

[တကယ်ကို တည်ငြိမ်လွန်းတာပဲ.. ပစ်ချက်တိုင်းက ခေါင်းကိုပဲ ထိနေတာ..]

[ခုနက ဥမကွဲဘဲ ရှုံးတဲ့သူနဲ့ တစ်ယောက်တည်းမှ ဟုတ်ရဲ့လား..]

[သူ တမင် ဟန်ဆောင်နေတာပဲဖြစ်ရမယ်..ပရိသတ်ကို ဖျော်ဖြေဖို့အတွက် အစက မကစားတတ်သလို လုပ်နေတာပဲ..ငါတို့တွေ အလိမ်ခံလိုက်ရပြီ..]

​လင်းဖန်သည်လည်း လုံယွဲ့၏ ရုတ်တရက် ပြောင်းလဲသွားမှုကို အလွန်ပင် အံ့အားသင့်နေမိသည်။ သူတို့နှစ်ဦး အတူတူရှိမနေလျှင် သူမ Cheat တစ်ခုခု သုံးနေသည်ဟု သူ သံသယဝင်မိပေလိမ့်မည်။ သူ အခြေခံလေးကိုသာ သင်ပေးခဲ့ခြင်းဖြစ်သော်လည်း သူမကမူ ဂိမ်း၏ အနှစ်သာရကို ချက်ချင်းပင် သဘောပေါက်သွားခဲ့ခြင်း ဖြစ်သည်။

​ပွဲစဉ်ကြာလာသည်နှင့်အမျှ သူမ၏ တိုးတက်မှုမှာ သိသိသာသာ မြင်တွေ့နေရပေသည်။ သူမ၏ ဂိမ်းကစားခြင်း ပါရမီမှာ တကယ်ကို ကြောက်ခမန်းလိလိ ပင်။

Chapter 80

~

အခန်း ၈၀ : ဧကရီ နာမည်ကြီးသွားပြီ...

~

​နောက်ရက်များတွင် လုံယွဲ့၏ ဧကရီပုံရိပ်မှာ ဗီဒီယိုပလက်ဖောင်းများပေါ်သို့ အရှိန်အဟုန်ဖြင့် ပြန့်နှံ့သွားတော့သည်။ နေရာအနှံ့တွင် ဧကရီအကြောင်း ပြောဆိုနေကြပြီး အချို့က သူမသည် စက္ကူနှင့် စုတ်တံရှိရုံဖြင့် အင်မော်တယ်နယ်မြေ၏ ခမ်းနားမှုကို ဖန်တီးနိုင်သူဟု ဆိုကြကာ အချို့ကမူ ဂိုဆရာကြီး အမြောက်အမြားကို အလွယ်တကူ အနိုင်ယူနိုင်သူဟု ပြောနေကြသည်။ ထို့ပြင် သူမသည် တစ်ရက်၊ နှစ်ရက်အတွင်း မည်သည့်ဂိမ်းကိုမဆို ကျွမ်းကျင်အောင် ကစားနိုင်သည့် ပါရမီရှင်တစ်ဦး ဖြစ်ကြောင်းလည်း သတင်းများ ထွက်ပေါ်နေပေသည်။

​လူတို့၏ သဘာဝအတိုင်း ထူးခြားဆန်းပြားသည်ဆိုလျှင် ဝိုင်းဝန်းကြည့်ရှုလိုကြသဖြင့် ကြည့်ရှုသူအသစ် အမြောက်အမြားမှာ သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းသို့ တိုးဝှေ့ဝင်ရောက်လာကြတော့သည်။

​လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လုံယွဲ့သည် ဧကရီဟူသော အမည်ဖြင့် နေ့စဉ် တိုက်ရိုက်ထုတ်လွှင့်ကာ အရပ်ရပ်မှ စိန်ခေါ်မှုများကို လက်ခံခဲ့သည်။ ထိုစိန်ခေါ်မှုများတွင် ဂိုကစားခြင်း၊ ပန်းချီပြိုင်ခြင်းများသာမက နောက်ပိုင်းတွင် ဂိမ်းအမျိုးမျိုးဖြင့် တစ်ဦးချင်း ယှဉ်ပြိုင်ခြင်းများလည်း ပါဝင်လာပေသည်။

​မည်သည့်ဂိမ်းမျိုးပင်ဖြစ်စေ သူမသည် အစပိုင်းတွင် လုံးဝမကစားတတ်သော လူသစ်တစ်ယောက်ကဲ့သို့ ဖြစ်နေတတ်သော်လည်း ကျင့်သားရလာသည်နှင့်အမျှ အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်သောနှုန်းဖြင့် တိုးတက်လာကာ အနှိမ်ခံရသည့် အခြေအနေမှ အလွယ်တကူ အနိုင်ယူနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားလေ့ရှိသည်။ ထိုသို့ အနိုင်ရပြီးနောက်တွင်မူ တစ်ဖက်လူအနေဖြင့် သူမကို ပြန်လည်အနိုင်ရရန်မှာ အလွန်ပင် ခဲယဉ်းသွားတော့သည်။

​သူမသည် တစ်ကြိမ်တစ်ခါ ရှုံးနိမ့်သွားလျှင်ပင် ထိုဂိမ်းနှင့်ပတ်သက်သော ဗဟုသုတများ၊ ကစားကွက်များနှင့် အချက်အလက်များကို ချက်ချင်း လေ့လာစူးစမ်းလေ့ရှိသည်။ သူမ တစ်ကြိမ်မြင်ဖူးလိုက်သော ကစားကွက်မှန်သမျှကို အမှားအယွင်းမရှိ ပြန်လည်လုပ်ဆောင်နိုင်ပေသည်။

​ဂိမ်း၏ စွမ်းရည်များကိုပင် မသိသော လူသစ်ဘဝမှ ရန်သူကို ပြန်လည်တုံ့ပြန်နိုင်သော အဆင့်အထိ ရောက်ရှိရန် သူမသည် အနှေးဆုံးအနေဖြင့် နာရီဝက်ခန့်သာ အချိန်ယူရပေသည်။ သတင်းများ ထွက်ပေါ်နေသည့်အတိုင်း သူမသည် တကယ့်ကို ဂိမ်းပါရမီရှင်တစ်ဦးပင် ဖြစ်တော့သည်။

​သူမ၏ မယုံကြည်နိုင်လောက်သော ဂိမ်းပါရမီနှင့် ပြည့်စုံလွန်းသော ဧကရီစရိုက်တို့ကြောင့် သူမသည် အွန်လိုင်းလောကတွင် အလွန်ပင် လူသိများကျော်ကြားလာခဲ့သည်။ သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပိုမိုစည်ကားလာပြီး ဖော်လိုဝါအရေအတွက်မှာလည်း ဒုံးပျံကဲ့သို့ အရှိန်အဟုန်ဖြင့် တက်လာခဲ့သည်။ မနေ့က ဖော်လိုဝါ တစ်သိန်းရှိရာမှ ယနေ့တွင် နှစ်သိန်းနီးပါးအထိ ဖြစ်လာခဲ့ပေသည်။

​သူမ ပြသခဲ့သော စွမ်းရည်များနှင့် ပါရမီတို့ကြောင့် ကြည့်ရှုသူအားလုံးမှာ သူမ၏အပေါ်တွင် အကြွင်းမဲ့ သဘောကျလာကြတော့သည်။ အစပိုင်းတွင် ရှိခဲ့သော လှောင်ပြောင်မှုများနှင့် သံသယများမှာ တဖြည်းဖြည်းနှင့် ချီးကျူးမှု၊ အားပေးမှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ယခုအခါ သူမသည် တကယ့်ဧကရီစစ်စစ် ဖြစ်စေ၊ သရုပ်ဆောင်နေခြင်း ဖြစ်စေ သူမ၏ စွမ်းဆောင်ရည်များကြောင့် လူတိုင်းက သူမကို ဧကရီဟူ၍သာ အသိအမှတ်ပြုနေကြလေပြီ ။

​သူမ၏ ပါရမီနှင့် စွမ်းအားများအပြင် လူအများက ဧကရီအဖြစ် အသိအမှတ်ပြုရသည့် နောက်ထပ်အကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။ ၎င်းမှာ မိမိကိုယ်ကိုယ် ဧကရီအဖြစ် အမြဲတစေ အခိုင်အမာ ပြောဆိုနေခြင်းနှင့် သူမ၏ ပြုမူနေထိုင်ပုံများမှာ ထိုစရိုက်နှင့် အပြည့်အဝ ကိုက်ညီနေခြင်းပင် ဖြစ်သည်။

​သူမ စတင်ထုတ်လွှင့်စဉ်က ဧကရီဟု ပြောဆိုသည်ကို လူတို့က ဟန်ဆောင်မှုတစ်ခု သို့မဟုတ် ဇာတ်ကောင်တစ်ခုအဖြစ်သာ သဘောထားခဲ့ကြသည်။ သို့သော် မည်သူက မည်သို့ပင် သံသယရှိစေကာမူ သူမသည် မိမိကိုယ်ကိုယ် ဧကရီဖြစ်ကြောင်း အစဉ်တစိုက် ပြောဆိုခဲ့ပြီး ပြင်ပလောကရှိ အရာများကို နားမလည်ဘဲ ကလေးဆန်စွာ ပြုမူတတ်သည့် ပုံစံများမှာ ထိုဇာတ်ကောင်နှင့် အလွန်ပင် လိုက်ဖက်နေပေသည်။ သူမ ပြသနေသည်မှာ တမင်လုပ်ယူထားခြင်း မဟုတ်ဘဲ သဘာဝအတိုင်း မသိနားမလည်ခြင်းမျိုး ဖြစ်နေသဖြင့် ပရိသတ်များအတွက် ပို၍ပင် ဖျော်ဖြေမှုရသ မြောက်နေတော့သည်။

​ထို့ကြောင့် ပရိသတ်များမှာ သူမသည် တကယ်ပင် အင်မော်တယ်နယ်မြေမှ ကျဆင်းလာပြီး ဘာမှနားမလည်သော ဧကရီတစ်ပါး ဖြစ်နေမလားဟုပင်ထင်မှတ်လာကြတော့၏။

​ဥပမာအားဖြင့် တစ်ခါက ဂိမ်းကစားနေစဉ် သူမ၏ ဇာတ်ကောင်မှာ နံရံကြားတွင် ညပ်နေပြီး မလှုပ်ရှားနိုင်ဘဲ ဖြစ်နေခဲ့သည်။ ထိုအခါ သူမသည် ဘာလုပ်ရမှန်းမသိဖြစ်ကာ ပရိသတ်များကို အကူအညီတောင်းခဲ့သည်။

​ထိုစဉ် တစ်စုံတစ်ဦးက "Alt + F4 ကို အကြိမ်ကြိမ်နှိပ်လိုက်ပါ၊ အဲဒါဆိုရင် ဂိမ်းက အလိုလို ပြန်ကောင်းသွားလိမ့်မယ်" ဟု ပြောခဲ့သည်။

​သူမသည်လည်း ထိုစကားကို တကယ်ယုံကြည်ကာ တုံ့ဆိုင်းမှုမရှိဘဲ နှိပ်လိုက်သောအခါ ဂိမ်းမှာ ချက်ချင်း ပိတ်သွားတော့သည်။ မျက်နှာပြင် ပျောက်ကွယ်သွားချိန်တွင် သူမသည် ခေါင်းလေးကို စောင်းကာ ဘာဖြစ်သွားမှန်း မသိဘဲ စက္ကန့်အနည်းငယ်ကြာအောင် ကြောင်ကြည့်နေမိ၏။

​"ဟမ်... ဒီဧကရီရဲ့ ဂိမ်းက ဘယ်ရောက်သွားတာလဲ.."

​ဤမြင်ကွင်းမှာ ကြည့်ရှုသူအားလုံးကို အလွန်ပင် ရယ်မောစေခဲ့သည်။ မိမိကိုယ်ကို အလိမ်ခံလိုက်ရမှန်း သိသွားချိန်တွင် သူမသည် ထိုမှတ်ချက်ပေးသူကို ဒေါသတကြီး လိုက်လံရှာဖွေနေပုံမှာလည်း အလွန်ပင် ရယ်စရာကောင်းနေတော့သည်။

​ယခုအခါ လူတိုင်းက လုံယွဲ့ကိုယ်တိုင် ဧကရီဟု ခေါ်ဆိုသည်ကို ကျင့်သားရနေကြပြီ ဖြစ်သည်။ မျက်နှာပြင်တစ်ခုလုံးတွင်လည်း ဧကရီအရှင်မ ဟူသော စာသားများနှင့် လက်ဆောင်အသေးစားလေးများမှာ အဆက်မပြတ် ပေါ်ထွက်နေတော့သည်။

​"ဧကရီအရှင်မ... နောက်ထပ် ဘယ်ဂိမ်းမှာ ဒီသေမျိုးတွေကို ပညာပေးဦးမှာလဲခဗျ.."

"ဧကရီအရှင်မ... ကျုပ်ကို တစ်ချက်လောက် ဆူပေးပါဦး.."

"ဧကရီအရှင်မက အရာအားလုံးကို ဘယ်လိုလုပ် တတ်နေတာလဲ.. တကယ်ကို တော်တာပဲ.."

"ဧကရီအရှင်မ မလုပ်တတ်တာရော ရှိသေးလား.."

​"ကျေးဇူးတင်ပါတယ် လူသားတို့... အသင်တို့ ပေးပို့တဲ့ လက်ဆောင်တွေကို ဒီဧကရီက နှလုံးသားထဲမှာ မှတ်သားထားပါ့မယ်.."

​ကြည့်ရှုသူ တစ်သိန်းနီးပါးနှင့် အဆက်မပြတ် ရောက်ရှိလာသော လက်ဆောင်များကို ကြည့်ကာ လုံယွဲ့၏ ပါးစပ်မှာ စိ၍ မရတော့ဘဲ ပြုံးဖြီးဖြီး ဖြစ်နေချေသည်။ သူမ လက်ကို ဝင့်လျက်ပင် ကတိတစ်ခု ပေးလိုက်တော့သည်။

​"ဒီဧကရီရဲ့ ကျင့်ကြံမှုတွေ ပြန်လည်ရရှိတဲ့နေ့မှာတော့ အသင်တို့ လူသားတွေရဲ့ အကူအညီကို မမေ့ပါဘူး.. အသင်တို့ အမြဲတမ်း တောင့်တနေတဲ့ အင်မော်တယ် အခွင့်အရေးတွေကို ဤဧကရီက ပြန်လည်ပေးသနားပါ့မယ်.. အသင်တို့ အလိုရှိရာ ဆုတောင်းကြပါ.."

​"တကယ်လား ဧကရီ ကျွန်တော် ချမ်းသာချင်တယ်.."

"ကျွန်တော်ကတော့ ထာဝရအသက်ကို လိုချင်ပါတယ်.."

"ကျွန်တော့်ကို ချောမောလှပသွားအောင် အလှဆေးလုံးလေး ပေးပါဦး.."

"ကျွန်တော်ကတော့ ဧကရီအရှင်မကိုပဲ လိုချင်ပါတယ်.."

"ကျွန်တော်ကတော့ အများကြီး မလိုချင်ပါဘူး ဟဲဟွမ်ဂိုဏ်း ထဲ ဝင်ခွင့်ရရင် တော်ပါပြီ.."

​ပရိသတ်များမှာ လုံယွဲ့၏ စကားကို ဝိုင်းဝန်း ထောက်ခံကာ စနောက်နေကြသည်။ လုံယွဲ့သည် စာသားများကို ပြုံးလျက် ကြည့်ရှုကာ တစ်ခုချင်းစီကို သဘောတူပေးနေမိသည်။

​"ရွှေငွေဥစ္စာနဲ့ ထာဝရအသက် ဆိုတာတွေက ဒီဧကရီအတွက် မခဲယဉ်းပါဘူး..ရုပ်ရည် ပြောင်းလဲပေးဖို့ ဆိုတာကလည်း လွယ်ကူတဲ့ ကိစ္စပါပဲ.. အသင်တို့ရဲ့ တောင်းဆိုချက်တွေကို ဒီဧကရီက မှတ်သားထားလိုက်ပြီ.."

​"ဟဲဟွမ်ဂိုဏ်းထဲ ဝင်ချင်တဲ့သူတွေ အတွက်ကတော့..."

​ဤနေရာတွင် လုံယွဲ့က ခေတ္တရပ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ တည်တည်တံ့တံ့ သတိပေးလိုက်ပေသည်။

​"ဟဲဟွမ်ဂိုဏ်းဆိုတာ အသင်တို့ ထင်သလိုမျိုး ကောင်းမွန်တဲ့ နေရာမဟုတ်ဘူးနော်.. အဲဒီက မိစ္ဆာမတွေက မတရားတဲ့ နည်းလမ်းတွေကို သုံးပြီး ယောကျ်ားတွေရဲ့ အသက်စွမ်းအားတွေကို စုပ်ယူတတ်ကြတာ.. လူသားတွေရဲ့ အသက်ကို ဒုက္ခပေးတတ်ကြတယ် သာမန်လူသားတစ်ယောက်အနေနဲ့ အဲဒီဂိုဏ်းက အမျိုးသမီးတစ်ယောက်နဲ့ တစ်ကြိမ်..နှစ်ကြိမ်လောက် ကျင့်ကြံမိရုံနဲ့တင် အရိုးပေါ် အရေတင် ဘဝကို ရောက်သွားနိုင်တယ်.. အဲဒါတောင် အသင်တို့က သွားချင်ကြသေးတာလား.."

​ထိုသို့ပြောပြီးနောက် လုံယွဲ့သည် နောက်ပြောင်လိုသော အပြုံးလေးဖြင့် ကြည့်လိုက်သည်။ သူမ၏ စကားကြောင့် လူသားများ ကြောက်လန့်သွားလိမ့်မည်ဟု သူမ ထင်မှတ်ထားသော်လည်း အခြေအနေမှာ ပြောင်းပြန် ဖြစ်သွားတော့သည်။

​"သွားမယ် . သွားမယ်.. သေချာပေါက် သွားမှာပေါ့.."

" +9999..."

"ကျွန်တော့်ဆီကပဲ စုပ်ယူလိုက်ပါတော့.."

"ဒီလောက် အန္တရာယ်များတဲ့ ကိစ္စကို လူကြီးမင်းတို့ ဖယ်ပေးကြပါ..ကျွန်တော်ပဲ အရင်အနစ်နာခံပေး ပါ့မယ်.."

"ကျွန်တော့်မှာ အနှစ် ၂၀ လောက် စုဆောင်းထားတဲ့ စွမ်းအားတွေ ရှိတယ်.. အနည်းဆုံး ၁၀ ကြိမ်လောက်တော့ ခံနိုင်မှာပါ.."

​တက်ကြွနေသော မှတ်ချက်များကို ကြည့်ကာ လုံယွဲ့မှာ စိတ်ပျက်သလို၊ ဇဝေဇဝါဖြစ်သလို ပုံစံမျိုး ပေါ်လာရသည်။ သူမ ဤကမ္ဘာပေါ်ရှိ လူသားများကို ရုတ်တရက် နားမလည်နိုင်တော့ချေ။

​ယခင်က အင်မော်တယ်နတ်ဆိုးတိုက်ကြီးတွင်မူ ဟဲဟွမ်ဂိုဏ်းမှ မိစ္ဆာမများအကြောင်း ကြားရုံနှင့်တင် ကာမဂုဏ် လိုက်စားသူများပင်လျှင် အသက်ဘေးကို ကြောက်ကာ ဝေးဝေးက ရှောင်ကြလေ့ ရှိသည်။ ယခု ဤလူများမှာမူ အလွန်ပင် သတ္တိရှိကာ စမ်းသပ်ကြည့်ချင်စိတ် ပြင်းပြနေကြသည် မဟုတ်ပါလော။

​'ဒီကမ္ဘာက ယောကျ်ားတွေက ဒီလောက်တောင် သတ္တိရှိကြတာလား..'

​လင်းဖန်သည် လုံယွဲ့တစ်ယောက် စာသားများကို အလေးအနက်ထားကာ တုံ့ပြန်နေသည်ကို ကြည့်ပြီး သက်ပြင်းချမိတော့သည်။ လူတိုင်းက သူမကို နောက်ပြောင်နေကြခြင်းသာ ဖြစ်ပြီး သူမ တစ်ယောက်တည်းကသာ အလေးအနက်ထားကာ စဉ်းစားနေခြင်းပင် ဖြစ်ချေသည်။

All Chapters