← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

ဒီအပိုင်းကစပြီး စာစစ်အသစ်လေးကစစ်ထားတာမလို့ လိုအပ်ချက်များရှိရင် နားလည်ပေးကြပါရှင့်။

81

မော်နီတာမျက်နှာပြင်ပေါ်ရှိ ကျန်းဝေ၏ မျက်နှာတွင် အလွန်အမင်း စိတ်ပျက်အားငယ်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။ တစ်ဖက်မှ မိန်းကလေး ဖုန်းချသွားသည်ကို ကြားလိုက်ရပြီးနောက် သူ့ဘဝတစ်ခုလုံး မှောင်အတိကျသွားသကဲ့သို့ ခံစားလိုက်ရ၏။

ကျန်းဝေ၏ အမူအရာကို ကြည့်ရုံနှင့် တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း ဌာနမှူးလီနှင့် လင်းကုဝေတို့ ချက်ချင်းပင် ရိပ်မိလိုက်ကြသည်။

ထိုမိန်းကလေး၏ စကားလုံးများမှာ ကျန်းဝေကို သိသိသာသာ ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားပေသည်။

ဌာနမှူးလီက အခြေအနေကို ရိပ်မိသည်နှင့် အသည်းအသန် အော်ဟစ်တားဆီးလိုက်၏။

"မလုပ်နဲ့! အဲဒါမျိုး မလုပ်လိုက်ပါနဲ့! မလုပ်နဲ့!"

လင်းကုဝေမှာလည်း မျက်လုံးများ ပြူးကျယ်သွားပြီး ထိုခဏ၌ပင် နှလုံးသားတစ်ခုလုံး အပြင်ထွက်လုမတတ် တုန်လှုပ်ချောက်ချားသွားသည်။

အကယ်၍ ကျန်းဝေသာ ဤဗုံးကို ဖောက်ခွဲလိုက်ပါက လူတိုင်းအတွက် အနိဋ္ဌာရုံနှင့် အဆုံးသတ်သွားပေလိမ့်မည်။ ဘတ်စ်ကားပေါ်ရှိ လူအယောက်နှစ်ဆယ်ကျော်၏ အသက်ပေါင်းများစွာမှာလည်း ခဏချင်းအတွင်း ပျောက်ကွယ်သွားရပေတော့မည်။

ထိုသို့ဖြစ်ပွားခဲ့ပါက တစ်နိုင်ငံလုံးကို တုန်လှုပ်ခြောက်ခြားစေမည့် သတင်းတစ်ခု ဖြစ်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ထို့ပြင် ပေကျင်းဌာနချုပ်နှင့် အထက်လူကြီးများကပါ ပြင်းပြင်းထန်ထန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကြလိမ့်မည်ဖြစ်ရာ အနည်းဆုံးတော့ အရာရှိ အယောက်နှစ်ဆယ်ခန့် ရာထူးမှ ထုတ်ပယ်ခံရနိုင်ပြီး ထိုသူများမှာလည်း ရာထူးအဆင့်အတန်း နိမ့်ပါးသူများ မဟုတ်ကြပေ။

ဤအခြေအနေသည် ပြည်သူလူထု၏ လုံခြုံရေးနှင့် သက်ဆိုင်နေရုံသာမက အခင်းဖြစ်နေရာတွင် ရှိနေကြသော ရဲအရာရှိအားလုံး၏ အနာဂတ်နှင့်ပါ တိုက်ရိုက်ပတ်သက်နေသည်။

ထို့ကြောင့်ပင် ဌာနမှူးလီနှင့် လင်းကုဝေတို့သည် မော်နီတာမှတစ်ဆင့် မြင်တွေ့နေရသော မြင်ကွင်းကို အသက်ရှူပင် မဝနိုင်တော့ဘဲ စိုက်ကြည့်နေမိကြပေသည်။

ထိုခဏ၌ အချိန်တို့သည် အဆတစ်ရာမက နှေးကွေးသွားသကဲ့သို့ ထင်မှတ်ရ၏။

သို့သော် ရုတ်တရက်ဆိုသလို လူရိပ်တစ်ခုသည် ကျန်းဝေ ဘေးသို့ အလျင်အမြန် ပြေးဝင်သွားသည်။

ထိုလူရိပ်သည် လက်နှစ်ဖက်လုံးကို ဆန့်ထုတ်လိုက်ပြီး စနက်တံကို ဆွဲဖြုတ်ရန် နိမ့်ဆင်းတော့မည့် ကျန်းဝေ၏လက်ကို တင်းတင်းကြပ်ကြပ် ဖမ်းဆွဲထားလိုက်လေသည်။

"ဟင်!"

"ဒါ... ဒါ ဘယ်သူလဲ!"

ဌာနမှူးလီ အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။

"သူက ကျန်းဝေကို တကယ်ပဲ ထိန်းချုပ်နိုင်ခဲ့တာလား"

ယခုအချိန်တွင် ကျန်းဝေ၏လက်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်၍ စနက်တံကို ဆွဲမချနိုင်တော့ပေ။

တစ်ချိန်တည်းမှာပင် ဌာနမှူးလီ၏ ဦးနှောက်သည် အလျင်အမြန် အလုပ်လုပ်နေသည်။ သူသည် ဝေါ်ကီတော်ကီကို ချက်ချင်းကောက်ကိုင်လိုက်ပြီး အဝေးရှိ အထပ်မြင့်အဆောက်အအုံပေါ်တွင် ပုန်းအောင်းနေသော စနိုက်ပါသမားကို ကျန်းဝေအား ပစ်ခတ်ရန် အမိန့်ပေးတော့မည် ဖြစ်သည်။

ဘတ်စ်ကားအတွင်း၌ ကျန်းဝေ၏ ခန္ဓာကိုယ်မှာ တုန်ရင်နေပြီး သူ့ရှေ့ရှိလူအား မယုံကြည်နိုင်သလို စိုက်ကြည့်နေမိသည်။

သူနှင့် ရွယ်တူခန့်ရှိမည့် လူငယ်တစ်ဦးသည် သူ့လက်အား မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ ကျန်းဝေမှာ သူ့လက်ကို အောက်သို့ အတင်းဖိချ၍ မရနိုင်တော့သဖြင့် စနက်တံကိုလည်း ဆွဲရန် မဖြစ်နိုင်တော့ပေ။

"မင်း... မင်း ငါ့ကို တားချင်တာလား"

ကျန်းဝေ၏ မျက်နှာမှာ ချက်ချင်းပင် ရူးသွပ်သွားသည့်ပုံစံ ဖြစ်သွားပြီးနောက် သူက အော်ဟစ်လိုက်သည်။

"ဘာလို့လဲ! နောက်ဆုံးအချိန်မှာတောင် ငါ့ကို တားမယ့်လူ ရှိနေသေးတာလား! ဘာဖြစ်လို့ ငါ ဘာတစ်ခုမှ မအောင်မြင်ရတာလဲ!"

ချင်ရန်သည် ကျန်းဝေ၏ ရှေ့တွင် မတ်တပ်ရပ်နေပေသည်။ သူသည် ကျန်းဝေ၏လက်ကို ထိန်းချုပ်ထားရင်း အလွန်အမင်း အေးစက်သော အမူအရာဖြင့် ပြောလိုက်သည်။

"မင်း ကြိုက်တာလုပ်လို့ရတယ်၊ ဒါပေမဲ့ ဒီလူအယောက်နှစ်ဆယ်ကျော်ကိုတော့ မင်းနဲ့အတူ အသေမခံခိုင်းပါနဲ့"

ထို့နောက် ချင်ရန် ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး ကားဒရိုင်ဘာကို အော်ပြောလိုက်သည်။

"ဘာရပ်ကြည့်နေတာလဲ! ဘတ်စ်ကားတံခါးကို မြန်မြန်ဖွင့်ပေးလိုက်လေ!"

ချင်ရန်၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် ဘတ်စ်ကားဒရိုင်ဘာနှင့် ခရီးသည်အားလုံး အံ့အားသင့်သွားကြသည်။ နောက်ဆုံးအဆုံးအဖြတ်ပေးရမည့် အရေးကြီးသောအချိန်၌ တစ်စုံတစ်ယောက်က ရှေ့ထွက်လာလိမ့်မည်ဟု မည်သူက ထင်ထားပါအံ့နည်း။

သေဘေးနှင့် ရင်ဆိုင်ရန် အသင့်ပြင်ထားကြသော သူတို့၏ နှလုံးသားများမှာ အေးစက်နေခဲ့ပြီ ဖြစ်သည်။ လူအများစုမှာ ပေါက်ကွဲမှုဒဏ်မှ လွတ်မြောက်နိုင်ရန် ထိုင်ခုံအောက်သို့ပင် ခေါင်းငုံ့ဝင်ရောက်နေခဲ့ကြပေသည်။

ကားဒရိုင်ဘာသည်လည်း ခဏမျှ ကြောင်အသွားသော်လည်း ချင်ရန်၏ အော်ဟစ်သံကြောင့် သတိပြန်ဝင်လာပြီး တံခါးဖွင့်သည့်ခလုတ်ကို အလျင်အမြန် နှိပ်လိုက်၏။

ဂျောက်

ဘတ်စ်ကားတံခါး ပွင့်သွားလေသည်။

ထိုခဏ၌ပင် ချင်ရန်သည် ကျန်းဝေကို ဆွဲခေါ်ကာ ဘတ်စ်ကားပေါ်မှ ရုတ်တရက် ခုန်ထွက်လိုက်၏။

သူ့အား ဆွဲခေါ်သွားစဉ်အတွင်း ချင်ရန်သည် ကျန်းဝေ၏လက်နှင့် ဗုံးရှိ စနက်တံကို အထူးအလေးထား၍ စောင့်ကြည့်နေပေသည်။ သူ့အနေဖြင့် ကျန်းဝေကို ဗုံးစနက်တံအား လုံးဝ ဆွဲခွင့် မပေးနိုင်ပေ။ အကယ်၍ ဆွဲလိုက်လျှင်ပင် ဘတ်စ်ကားအပြင်ဘက်ရောက်မှသာ ဖြစ်ရမည်၊ သို့မဟုတ်ပါက အရာအားလုံး အဆုံးသတ်သွားပေလိမ့်မည်။

ချင်ရန်က ကျန်းဝေကို ဘတ်စ်ကားအပြင်သို့ ဆွဲထုတ်လာသည့် မြင်ကွင်းအား မီတာအနည်းငယ်အကွာတွင် ရှိနေကြသော လူအုပ်ကြီးနှင့် မီဒီယာသတင်းထောက်များ မြင်သွားကြသည်။

သတင်းထောက်များသည် ယခုကဲ့သို့ သတင်းကြီးမျိုးအတွက် ကြိုတင်ရောက်ရှိနေကြခြင်း ဖြစ်သည်။ ယခုအခါ ချင်ရန်က လူတစ်ယောက်ကို ဆွဲထုတ်လာသည်ကို မြင်လိုက်ရသဖြင့် ကင်မရာများမှာ တဖျတ်ဖျတ်နှင့် ဓာတ်ပုံရိုက်ကူးနေကြတော့သည်။

တစ်ဖက်တွင်လည်း ဌာနမှူးလီသည် ဝေါ်ကီတော်ကီကို ကိုင်လိုက်၏။

ကျန်းဝေမှာ ဘတ်စ်ကားပေါ်မှ အပြင်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ဘတ်စ်ကားနှင့် နှစ်မီတာခန့်သာ ဝေးသေးကြောင်း သူ တွေ့လိုက်ရသည်။ ထို့ပြင် ကျန်းဝေမှာ လွတ်မြောက်ရန်နှင့် စနက်တံကို ဆွဲရန် အဆက်မပြတ် ရုန်းကန်နေဆဲ ဖြစ်ပေသည်။

ဌာနမှူးလီသည် ထိုအခိုက်အတန့်တွင် အလွန်ပြတ်သားစွာဖြင့် တိုက်ရိုက်အမိန့်ပေးလိုက်သည်။

"ပစ်လိုက်! သေသေချာချာ ချိန်ပစ်ပါ၊ မမှားစေနဲ့၊ အခု သံသယရှိသူနဲ့ လုံးထွေးသတ်ပုတ်နေတဲ့ သူရဲကောင်းတစ်ယောက် ရှိနေတယ်၊ ချက်ချင်း ပစ်လိုက်တော့"

ကျန်းဝေမှာ ချင်ရန်၏ ထိန်းချုပ်မှုကို ခံထားရသောကြောင့် ဤအချိန်သည် ပစ်ခတ်ရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။

"လက်ခံရရှိပါတယ်"

ဝေါ်ကီတော်ကီထဲမှ စနိုက်ပါသမား၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။

အခြားတစ်ဖက်တွင်မူ ချင်ရန်သည် ကျန်းဝေအားကို စိုက်ကြည့်ရင်း အော်ဟစ်လိုက်၏။

"မိုက်မဲမနေနဲ့တော့၊ မင်း လူနှစ်ယောက်တောင် သတ်ပြီးပြီ၊ ထပ်ပြီးတော့ အပြစ်တွေ လုပ်ချင်သေးတာလား၊ အဲဒီလူနှစ်ယောက်က သေသင့်တယ်ဆိုရင်တောင်မှ..."

ထိုလူနှစ်ယောက်မှာ မည်မျှပင် သေထိုက်သူများဖြစ်ပါစေ ဥပဒေပြင်ပမှ ကိုယ်တိုင်စီရင်ခြင်းမျိုး မလုပ်သင့်ကြောင်း ချင်ရန်က ပြောရန် ပြင်လိုက်ခြင်း ဖြစ်ပေသည်။

သို့သော် ကျန်းဝေ ငယ်စဉ်ကတည်းက ကြုံတွေ့ခဲ့ရသော အခက်အခဲမျိုးစုံကို ပြန်လည်စဉ်းစားမိသည့်အခါ အကယ်၍ မိမိသာ ထိုသူ့နေရာတွင်ဆိုလျှင် ပုံမှန်စိတ်နေစိတ်ထားမျိုး ရှိနိုင်ပါဦးမည်လောဟု ချင်ရန် ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိ၏။

ကျန်းဝေမှာ အပြင်းအထန် ရုန်းကန်နေပြီး သူ့မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာသည်။ ယခုမူ သူသည် ရုန်းကန်၍မရတော့သလို အတူတူ သေဆုံးခွင့်ပင် မရှိတော့ပေ။

သူသည် အလွန်အမင်း လမ်းပျောက်နေသကဲ့သို့ ခံစားလိုက်ရပြီး ခုခံမှုကို လက်လျှော့လိုက်တော့သည်။

"ငါ ရှုံးသွားပြန်ပြီ... မင်း ငါ့ကို ဘာလို့ တားတာလဲ၊ မင်းက အနောက်ဆုံးမှာ ထိုင်နေတာလေ၊ ပေါက်ကွဲမှုဖြစ်ရင်တောင် မင်းကို ထိခိုက်မှာမဟုတ်ဘူး၊ အလွန်ဆုံးသေရင် လေးငါးယောက်ပဲ သေမှာပါ၊ ငါက ဒီကမ္ဘာကြီးကို ငါ ဘယ်လောက် စိတ်ဆင်းရဲနေရတယ်ဆိုတာ သိစေချင်ရုံတင်ပါ၊ ငါ လိုအပ်တာက..."

ကျန်းဝေက အော်ဟစ်နေဆဲ ဖြစ်သော်လည်း သူ၏စကားလုံးများမှာ ဆုံးခန်းမတိုင်လိုက်ပေ။

ဝှစ်!

ချင်ရန်၏ မျက်စိသူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားသည်။ သူ့နှလုံးသားထဲမှ အန္တရာယ်အငွေ့အသက်တစ်ခု ထွက်ပေါ်လာသော်လည်း ထိုလှုပ်ရှားမှုမှာ ပြင်းထန်ခြင်းမရှိရာ ၎င်းအန္တရာယ်သည် မိမိထံသို့ ဦးတည်နေခြင်းမဟုတ်ကြောင်း သိသာလှပေသည်။

ထိုစဉ် ကျန်းဝေ၏ နားထင်မှ သွေးများ ပန်းထွက်သွားသည်။

ကျန်းဝေ၏ မျက်နှာမှာ တောင့်တင်းသွားသည်။ ထိုအခိုက်အတန့်တွင် သူ့ပါးစပ်မှာ အနည်းငယ် ပွင့်ဟသွားပြီး ပြန်ပိတ်သွားသော်လည်း နောက်ဆုံးတွင်မူ သူပြောချင်သည့် စကားများကို ဆုံးအောင် မပြောနိုင်ခဲ့တော့ပေ။

သူ့တွင် နာကျည်းချက်များစွာ ရှိနေခဲ့ပြီး ရင်ဖွင့်ချင်သည့် မကျေနပ်ချက်များမှာလည်း အဆုံးမရှိအောင် များပြားလှပေသည်။

"သူ အပစ်ခံလိုက်ရပြီ၊ စနိုက်ပါသမား လက်ချက်ပဲ"

ဤအတွေးတစ်ခုသာ ချင်ရန်၏ ဦးနှောက်ထဲတွင် ရှိနေတော့သည်။

ထိုသနားစရာကောင်းလှသော လူမှာ သေဆုံးသွားခဲ့လေပြီ။

ထိုအချိန်တွင် ချင်ရန်၏ စိတ်အစဉ်မှာလည်း ဗလာဖြစ်သွားပြီး ရှုပ်ထွေးသော ခံစားချက်များ ဝင်ရောက်လာသည်။ နောက်ဆုံးတွင် ကျန်းဝေမှာ ခုခံမှုကို လက်လျှော့ခဲ့ပါလျက်နှင့် အပစ်သတ်ခံလိုက်ရခြင်း ဖြစ်ပေသည်။

အခြားတစ်ဖက်တွင်မူ ဌာနမှူးလီ၏ ဝေါ်ကီတော်ကီထဲမှ စနိုက်ပါသမား၏ အသံ ထွက်ပေါ်လာသည်။

"အစီရင်ခံပါတယ်၊ ပစ်မှတ်ရဲ့ နားထင်ကို ထိမှန်သွားပါပြီ"

ထိုသတင်းကို ကြားလိုက်ရသည့်အခါ ဌာနမှူးလီ၏ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားသည့် အရိပ်အယောင်များ ထင်ဟပ်လာပြီး လင်းကုဝေကို အလျင်အမြန် ပြောလိုက်သည်။

"မြန်မြန်! လူတွေကို မြန်မြန်ခေါ်သွားပြီး ကျန်းဝေကို ထိန်းချုပ်လိုက်တော့၊ ဗုံးကာဝတ်စုံတွေ ဝတ်သွားဖို့ မမေ့နဲ့ဦး၊ ဗုံးရှင်းလင်းရေး ကျွမ်းကျင်ပညာရှင်ကိုလည်း ခေါ်လိုက်"

လင်းကုဝေ ချက်ချင်းပင် ခေါင်းငြိမ့်လိုက်ပြီး ကားထဲမှ ဗုံးကာဝတ်စုံကို ထုတ်ယူလိုက်၏။ ထို့နောက် ဝတ်စုံဝတ်ထားသော ရဲအရာရှိ နှစ်ဦး၊ ဗုံးရှင်းလင်းရေး ပညာရှင်တစ်ဦးတို့နှင့်အတူ ချင်ရန်နှင့် ကျန်းဝေရှိရာသို့ ချဉ်းကပ်သွားကြတော့သည်။

ဘတ်စ်ကားအတွင်း၌မူ သက်ကြီးရွယ်အို အမျိုးသား၊ အမျိုးသမီးများမှာ ထောင့်များတွင် စုပြုံနေကြဆဲ ဖြစ်ပေသည်။

သူတို့ထဲတွင် မကြောက်ရွံ့သူ တစ်ဦးမျှမရှိဘဲ သတ်ဖြတ်ခြင်းခံရတော့မည့် သိုးသူငယ်များကဲ့သို့ တုန်ရင်နေကြ၏။ ယခုအခါ မည်သည့် လှုပ်ရှားသံမျှ ထပ်မံထွက်ပေါ်မလာတော့သဖြင့် အချို့မှာ ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ခေါင်းပြူ၍ ချောင်းကြည့်ကြသည်။

ကျန်းဝေမှာ ထောက်တိုင်မဲ့သွားသကဲ့သို့ ခေါင်းငိုက်စိုက်ကျနေသော်လည်း သူ၏ခန္ဓာကိုယ်မှာ မတ်တပ်အတိုင်း ရှိနေဆဲ ဖြစ်သည်ကို သူတို့ တွေ့လိုက်ရသည်။

ကျန်းဝေ၏ရှေ့တွင် ရှိနေသော ချင်ရန်သည် ကျန်းဝေ၏ခန္ဓာကိုယ် လဲကျမသွားစေရန် ထိန်းထားပေးနေပေသည်။

အကယ်၍ သူသာ လဲကျသွားပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါက ချင်ရန်မှာ ပထမဦးဆုံး သေဆုံးမည့်သူ ဖြစ်ပေလိမ့်မည်။ သူ့တွင် စိန်ကဲ့သို့ မာကျောသော ခန္ဓာကိုယ်မျိုး ရှိမနေသည့်အတွက် ဤမျှနီးကပ်သော အကွာအဝေးတွင်ဆိုလျှင် ဗြောက်အိုးအသေးလေး ပေါက်ကွဲလျှင်ပင် ဒဏ်ရာရနိုင်ပေသည်။

"အဲဒီလူငယ်လေးကတော့ တကယ်ကို အံ့ဩဖို့ကောင်းတာပဲ"

"ဘုရားရေ... အဲဒီကလေး ဘယ်အချိန်မှာ ပြေးဝင်သွားလိုက်မှန်းတောင် ငါ မမြင်လိုက်မိဘူး"

"ငါလည်း အတူတူပဲ၊ ငါတော့ သေပြီလို့တောင် ထင်နေတာ"

သက်ကြီးရွယ်အိုများမှာ ကြောက်လန့်တကြားနှင့် စကားများ တတွတ်တွတ် ပြောနေကြပြီး အရာအားလုံး ပြီးဆုံးသွားပြီဖြစ်၍ စိတ်သက်သာရာရသွားကြပေတော့သည်။

82

လင်းကုဝေနှင့် ဗုံးရှင်းလင်းရေး ပညာရှင်တို့သည် ချင်ရန် ရှိရာသို့ အပြေးအလွှား ရောက်ရှိလာကြသည်။

လင်းကုဝေ၏ မျက်နှာတွင် ချီးကျူးမှုနှင့် အံ့အားသင့်မှုများ အတိုင်းသား ပေါ်လွင်နေ၏။

အစောပိုင်း မိနစ်ပိုင်းကမူ လူတိုင်းက ဗုံးများ ပေါက်ကွဲပြီး ထိတ်လန့်စရာ ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးကြီး ဖြစ်တော့မည်ဟု တထစ်ချ ထင်မှတ်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း ချင်ရန်သည် သေရေးရှင်ရေး အခိုက်အတန့်တွင် ကိုယ်ကျိုးမကြည့်ဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အခွင့်အရေးကို ကောင်းစွာ အရယူပြီး ကျန်းဝေကို အောင်မြင်စွာ ဖမ်းဆီးထိန်းချုပ်နိုင်ခဲ့သည်။

"ဟေး ကောင်လေး၊ လုံးဝ မလှုပ်နဲ့ဦးနော်"

လင်းကုဝေက ချင်ရန်ကို လေးနက်စွာ သတိပေးလိုက်သည်။

"နည်းပညာရှင်တွေကို ဒီဗုံးရဲ့ အနေအထား အရင်စစ်ခိုင်းလိုက်ဦးမယ်။ မင်းက ဒီအတိုင်းလေးပဲ ငြိမ်ငြိမ်လေးနေပြီး ငါတို့နဲ့ ပူးပေါင်းပေး၊ ဟုတ်ပြီလား"

"စိတ်ချပါ ဦးလေးလင်း၊ ကျွန်တော် ဘာမှ မလှုပ်ပါဘူး"

ချင်ရန်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

သူနှင့် လင်းကုဝေသည် မည်သို့သော ရေစက်မျိုး ရှိနေ၍ ယခုကဲ့သို့ ထပ်မံဆုံတွေ့ရသနည်းဟု တွေးတောမိ၏။

မကြာသေးမီကမှ ထမင်းဝိုင်းတစ်ခုတည်းတွင် အတူစားခဲ့ကြသော သူတို့နှစ်ဦးမှာ ယခုအခါ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် အလွန်တင်းမာသော အခြေအနေမျိုးတွင် ပြန်လည်ဆုံတွေ့ရခြင်း ဖြစ်သည်။

ဗုံးရှင်းလင်းရေး ပညာရှင်သည် ကျန်းဝေ၏ ရုပ်အလောင်းကို အကြိမ်ကြိမ် အသေအချာပတ်ကြည့်ကာ အသေးစိတ် စစ်ဆေးနေသည်မှာ ငါးမိနစ်ခန့် ကြာသွားသည်။

ချင်ရန်၏ နဖူးတွင်လည်း ပင်ပန်းမှုကြောင့် ချွေးစေးများ ပျံနေပြီဖြစ်သည်။

လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ငါးမိနစ်ကြာအောင် မလှုပ်မယှက် ထိန်းကိုင်ထားရခြင်းမှာ အတော်ပင် ပင်ပန်းလှသော်လည်း သူသည် အံကြိတ်ကာ အောင့်အည်းသည်းခံထားရမည်ကို သိသည်။

မဟုတ်ပါက ကျန်းဝေကိုယ်ပေါ်ရှိ ဗုံးစနက်တံကို သွားထိမိ၍ ပေါက်ကွဲသွားလျှင် သူသည် ပထမဆုံး သေရမည့်သူ ဖြစ်နေသည်။

ထိုစဉ်မှာပင် ‘ဂျောက်’ ခနဲ အသံတစ်ခု ထွက်ပေါ်လာပြီး ဝိုင်ယာကြိုးအချို့ ပြတ်တောက်သွားသည်။

ထိုအခါ ဗုံးရှင်းလင်းရေး ပညာရှင်က သက်ပြင်းအရှည်ကြီး ချလိုက်ရင်း တင်းထားသမျှ စိတ်ကို လျှော့ချလိုက်သည်။

"ပြီးပြီ၊ အားလုံး ပြီးသွားပြီ၊ ဗုံးကို အောင်မြင်စွာ ရှင်းထုတ်လိုက်ပြီ၊ လူငယ်လေး၊ သူ့ကို လွှတ်လိုက်တော့၊ အခု ဘာမှ မဖြစ်တော့ဘူး၊ စိတ်ချလိုက်တော့"

"တကယ်ပဲ အဆင်ပြေသွားတာလား"

ချင်ရန်က အခြေအနေ စိတ်ချရစေရန် အတည်ပြုချက် ထပ်တောင်းလိုက်သည်။ ထို့နောက် ကျန်းဝေ၏ ရုပ်အလောင်းကို ဖြည်းဖြည်းချင်း လွှတ်ချကာ မြေပြင်ပေါ်တွင် လှဲချလိုက်သည်။

ကျန်းဝေ၏ လက်မှာ ဘေးသို့ အလိုလို ကျသွားသော်လည်း မည်သည့်ဗုံးပေါက်ကွဲမှု အရိပ်အယောင်မျှ မရှိတော့ပေ။

"ဟူး"

"ဒါကတော့ ကျွန်တော့်ဘဝမှာ တကယ့်ကို ရင်အခုန်ရဆုံး အတွေ့အကြုံပဲ"

ယခုအချိန်တွင် ပြန်စဉ်းစားကြည့်လျှင်ပင် ချင်ရန်မှာ အတော်လေး ကြောက်လန့်နေမိသည်။

အကယ်၍ ကားပေါ်တွင် စက္ကန့်ဝက်မျှ နောက်ကျသွားခဲ့ပါက ဗုံးများ ပေါက်ကွဲသွားမည်ဖြစ်ပြီး အနီးဆုံးတွင် ရှိနေသည့် သူပါ ပွဲချင်းပြီး သေဆုံးသွားပေလိမ့်မည်။

ချင်ရန်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ကျန်းဝေ၏ ရုပ်အလောင်းကို ကြည့်လိုက်သည်။

ကျန်းဝေ၏ မျက်လုံးများမှာ ဒေါသများဖြင့် ပြူးကျယ်နေဆဲဖြစ်ကာ မျက်လုံးအိမ်ထဲရှိ သွေးကြောမျှင်များကိုပင် အတိုင်းသား မြင်နေရသည်။ သူသည် သေသွားသည့်တိုင် သူ၏နာကျည်းမှုနှင့် ခံပြင်းမှုများကို လက်မလွှတ်နိုင်ဘဲ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ထိုမြင်ကွင်းကြောင့် ချင်ရန်၏ စိတ်ထဲတွင် အနည်းငယ် လေးလံသွားမိသည်။

"ဒီယမ်းဗုံးက သိပ်ပြီး ပြင်းအားမရှိပါဘူး၊ တရားခံက ဓာတုဗေဒအကြောင်း အနည်းငယ် သိထားပုံရတယ် ဒါပေမဲ့ ငါတို့နိုင်ငံမှာ တရားမဝင် တားမြစ်ပစ္စည်းတွေကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်တော့ သူက တကယ့် အန္တရာယ်ကြီးတဲ့ ပစ္စည်းတွေကို မရခဲ့လို့ တော်သေးတယ်"

ဗုံးရှင်းလင်းရေး ပညာရှင်က ချင်ရန်၏ စကားကို ကြားသွားသဖြင့် ဝင်ရောက်ပြောဆိုလာခြင်း ဖြစ်သည်။

“ဒီဗုံးသာ တကယ် ပေါက်ကွဲခဲ့ရင်တောင် သုံး၊ လေးပေ ပတ်လည်လောက်ပဲ ထိခိုက်မှာပါ”

"အဲလိုလား"

ချင်ရန် ခေါင်းညိတ်လိုက်သည်။

နည်းပညာရှင်က "သုံး၊ လေးပေ" ဟု အသာလေး ပြောနေသော်လည်း အမှန်စင်စစ် အတော်လေး ကြောက်စရာကောင်းလှသည်။

ထိုမျှလောက် အကွာအဝေးတွင်သာ ဗုံးပေါက်ကွဲခဲ့ပါက ဒရိုင်ဘာနှင့် ရှေ့ဆုံးမှလူများ သေဆုံးနိုင်ပြီး တခြားသူများစွာလည်း ဒဏ်ရာပြင်းထန်စွာ ရရှိသွားပေလိမ့်မည်။

"အလောင်းကို လာသိမ်းကြတော့"

လင်းကုဝေက အဝေးမှ ရဲတပ်ဖွဲ့ဝင်များကို လက်ယပ်ခေါ်လိုက်သည်။

ထို့နောက် ချင်ရန်ဘက် လှည့်ကာ ကျေးဇူးတင်စကား ဆိုလိုက်၏။

"ချင်ရန်၊ မင်းကိုပဲ ကျေးဇူးတင်ရမှာပါ၊ မင်းသာ နောက်ဆုံးအချိန်မှာ သူ့ကို မထိန်းချုပ်ထားနိုင်ရင် ငါတို့ သူ့ကို ပစ်သတ်ဖို့ အခွင့်အရေးတောင် ရလိုက်မှာ မဟုတ်ဘူး"

ထိုစကားကြောင့် ချင်ရန်က လေးနက်သောအသံဖြင့် ပြန်လည်ပြောလိုက်သည်။

"တကယ်တော့ နောက်ဆုံးမှာ သူက အရှုံးပေးလိုက်ပါပြီ ဦးလေးလင်း၊ သူ ဗုံးဖောက်ဖို့ ရည်ရွယ်ချက် မရှိတော့ပါဘူး"

"အဲဒါက ဘာဖြစ်လို့လဲ?"

လင်းကုဝေက နှာခေါင်းရှုံ့လိုက်သည်။

"ဘာပဲဖြစ်ဖြစ် သူက ကားကို ပြန်ပေးဆွဲပြီး လူနှစ်ဆယ်ကျော်ရဲ့ အသက်ကို ခြိမ်းခြောက်ခဲ့တာ အမှန်ပဲလေ၊ ဒါ ငြင်းလို့မရတဲ့ အချက်ပဲ၊ သူ့ကို ကျည်ဆံတွေနဲ့ အပေါက်ဗရပွ ဖြစ်အောင် မပစ်သတ်လိုက်ရတာကိုပဲ သူက ကျေးဇူးတင်နေရဦးမှာ၊ ဒါတင်မကသေးဘူး၊ သူက အပြစ်မရှိတဲ့ လူနှစ်ယောက်ကိုလည်း သတ်ခဲ့သေးတယ်၊ အဲဒီသူတွေက သူ့ကို ငယ်ငယ်ကတည်းက ကျွေးမွေးပြုစုလာတဲ့ မွေးစားမိဘတွေလေ၊ ဒါကိုတောင် ပြန်သတ်တယ်ဆိုတော့ သူက လူစိတ်မရှိတဲ့ကောင်ဆိုတာ သေချာနေပြီပေါ့"

လင်းကုဝေက သေဆုံးသွားသည့် ကျန်းဝေ၏ ရုပ်အလောင်းကိုကြည့်ကာ ပြင်းထန်စွာ ရှုတ်ချပြောဆိုနေသည်။

ချင်ရန်သည် ဘာမှ ပြန်မပြောတော့ဘဲ တိတ်ဆိတ်သွားမိသည်။

သေဆုံးသွားသော ထိုမွေးစားမိဘနှစ်ယောက်မှာ တကယ်ပဲ အပြစ်မရှိသူများ ဖြစ်ကြပါသလား။

ကျန်းဝေ သေဆုံးသွားပြီဖြစ်ရာ အမှန်တရားကို သိရန် အလွန်ခက်ခဲသွားချေပြီ။ အကယ်၍ ကျန်းဝေ ပြောခဲ့သည်မှာ အမှန်ဖြစ်ခဲ့လျှင်မူ ကျန်းဝေအတွက် ချင်ရန် စိတ်မကောင်းဖြစ်မိသည်။

ချင်ရန်သည် ခေါင်းကို ခါလိုက်ပြီး ဆက်မတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။

"ငါ မင်းကို အထင်မမှားခဲ့ဘူးပဲ ကောင်လေး၊ မင်းက သတ္တိရှိရုံတင်မကဘူး အစီအစဉ်လည်း ကျနတယ်၊ ကိုယ့်အသက်ကိုတောင် ပဓာနမထားဘဲ ပြည်သူ့လုံခြုံရေးအတွက် ရှေ့တန်းက ထွက်ခဲ့တာပဲ"

လင်းကုဝေ၏ မျက်လုံးများတွင် ချင်ရန်အပေါ် အလေးထားမှုကို မြင်နေရသည်။

"မင်းကတော့ ဒီဘတ်စ်ကား ပြန်ပေးဆွဲမှုမှာ နောက်တစ်ကြိမ် ထူးချွန်တဲ့ စွမ်းဆောင်ရည်ကို ပြလိုက်ပြန်ပြီ"

ချင်ရန်အတွက်မူ ဂုဏ်ပြုချီးကျူးခံရမှုများထက် ကျန်းဝေကြောင့် ကားပေါ်ရှိ အပြစ်မဲ့သူများ ထိခိုက်မှုမရှိဘဲ ဘေးကင်းသွားသည်ကိုပင် ဝမ်းသာလှပြီဖြစ်သည်။

သူသည် သက်ပြင်းရှည်ကြီးတစ်ချက်ကိုသာ ချလိုက်မိတော့သည်။

ထိုစဉ် အဝေးမှ ဌာနမှူးလီ လည်း လျှောက်လာခဲ့သည်။ ချင်ရန်က ကျန်းဝေကို လွှတ်ချလိုက်သည်ကို မြင်ရသောအခါ ဗုံးအန္တရာယ် ကင်းသွားပြီမှန်း သူ သိလိုက်သည်။

"မင်းက ချင်ရန်လား"

ဌာနမှူးလီ၏ မေးခွန်းကို ချင်ရန်က ယဉ်ကျေးစွာ ခေါင်းညိတ်ပြရင်း ဖြေလိုက်သည်။

"မင်္ဂလာပါ ဌာနမှူး၊ ကျွန်တော့်နာမည်က ချင်ရန်ပါ"

ချင်ရန်သည် ဌာနမှူးလီ၏ အသံကို ကားပေါ်တွင် ကြားခဲ့ဖူးသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ကြိုတင်ခန့်မှန်းမိသည်။

"ကောင်းတယ်၊ မင်း တကယ်ကို တော်တယ်"

ဌာနမှူးလီက ချီးကျူးစကားကို မခြွေတာဘဲ စိတ်ရင်းအတိုင်း ပြောလိုက်သည်။

"မင်းက တကယ့် သူရဲကောင်းပဲ၊ ဒီလို အခြေအနေမျိုးမှာ ရှေ့ကို တက်ဝံ့တာဟာ ပြည်သူ့ရဲတွေရဲ့ မကြောက်မရွံ့တတ်တဲ့ စိတ်ဓာတ်ကို ပြလိုက်တာပဲ၊ ပြည်သူတွေအတွက် မင်းလို ရဲတစ်ယောက် ရှိနေတာဟာ ကံကောင်းခြင်းတစ်ရပ်ပဲ"

ထိုသို့ အချီးကျူးခံရသဖြင့် ချင်ရန် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။

ထို့နောက် ဌာနမှူးလီက မြေပြင်ပေါ်တွင် သေဆုံးနေသော ကျန်းဝေကို ကြည့်လိုက်ပြီး မျက်နှာထားမှာ ချက်ချင်း တင်းမာသွားသည်။

"ဒီလို လူ့အသိုင်းအဝိုင်းရဲ့ အမှိုက်ကောင်တွေက တကယ့်ကို ခေါင်းခဲစရာပဲ ဒါပေမဲ့ ကျေးဇူးတင်စရာကောင်းတာက သူ ထိုက်တန်တဲ့ အပြစ်ကို ရသွားတာပဲ၊ ဒါတောင် သူ့အတွက် ဒီအပြစ်က နည်းလွန်းပါသေးတယ်"

"လူအိုကြီးလင်း၊ လူတချို့ခေါ်ပြီး ကားပေါ်က လူတွေရဲ့ အခြေအနေကို သွားကြည့်လိုက်ဦး၊ ဒဏ်ရာရသူ ရှိမရှိ သေချာစစ်ဆေးလိုက်"

ဌာနမှူးလီက စေ့စေ့စပ်စပ် ညွှန်ကြားလိုက်ရာ လင်းကုဝေလည်း ချက်ချင်း လှည့်ထွက်သွားတော့သည်။

"မင်း နာမည်က ချင်ရန် မဟုတ်လား၊ ခဏနေရင် ငါတို့နဲ့အတူ စခန်းကို လိုက်ခဲ့ပြီး ထွက်ဆိုချက် ပေးရမယ်နော်"

"ရပါတယ်"

ချင်ရန် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဌာနမှူးလီက အခြားကိစ္စများကို စီစဉ်ရန်အတွက် အခင်းဖြစ်ပွားရာ နေရာကို ပိတ်ဆို့လိုက်သည်။

အခြားတစ်ဖက်တွင်မူ ချင်ရန်မှာ စိတ်ရောလူပါ ပင်ပန်းလွန်းသဖြင့် မြေပြင်ပေါ်တွင် ထိုင်ကာ အနားယူနေသည်။

မလှမ်းမကမ်းတွင်မူ သတင်းထောက်များမှာလည်း ဤထူးခြားသည့် သတင်းဦးကို ရယူရန်အတွက် တားမြစ်မျဉ်းအပြင်ဘက်၌ အလုအယက် စုရုံးရောက်ရှိနေကြတော့သည်။ ရဲတပ်ဖွဲ့ဝင်များသာ တားမထားပါက သတင်းထောက်များသည် ချင်ရန်ကို အင်တာဗျူးရန် အပြေးအလွှား ရောက်လာကြမည်မှာ သေချာသည်။

ချင်ရန်က ကျန်းဝေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့သည့် ပုံရိပ်များမှာ သူရဲကောင်းတစ်ဦးကဲ့သို့ မှတ်တမ်းတင်ခံထားရပြီး ဖြစ်ရာ ချင်ရန်ကို တိုက်ရိုက် အင်တာဗျူးနိုင်မည်ဆိုလျှင် သူတို့အတွက် အလွန်တန်ဖိုးရှိသည့် သတင်းဦး ဖြစ်ပေလိမ့်မည်။

နာရီဝက်ခန့် ကြာသောအခါ အခြေအနေ အားလုံး တည်ငြိမ်သွားသဖြင့် ဌာနမှူးလီ သက်ပြင်းချလိုက်နိုင်သည်။ အခင်းဖြစ်ရာနေရာတွင် လိုအပ်သည်များကို စီစဉ်ပြီးပြီ ဖြစ်ရာ ယခုအခါ မီဒီယာများကို ရင်ဆိုင်ဖြေရှင်းရန် အချိန်ရောက်လာပြီဖြစ်သည်။

ဌာနမှူးလီက ချင်ရန်ထံသို့ လျှောက်လာခဲ့ပြီး မေးလိုက်သည်။

"ချင်ရန်၊ ငါတို့ မီဒီယာတွေရဲ့ မေးခွန်းတွေကို ဖြေရတော့မယ်၊ အဖြစ်အပျက်ကို အကျဉ်းချုပ် ရှင်းပြရမှာမို့ မင်း ငါနဲ့အတူ လိုက်မလား?"

ထိုစကားကို ကြားသောအခါ ချင်ရန်က ခေါင်းခါလိုက်သည်။

"မလိုက်တော့ပါဘူး ဌာနမှူးလီ၊ ကျွန်တော်က လူပုံအလယ်မှာ ပေါ်ထွက်ဖို့ မသင့်တော်ပါဘူး"

"အင်း၊ ဟုတ်သားပဲ၊ ငါ သေချာ မစဉ်းစားမိဘူး"

ဌာနမှူးလီက ခေါင်းညိတ်လိုက်ပြီး လင်းကုဝေကို လှမ်းခေါ်သည်။

"လူအိုကြီးလင်း၊ ဒီကို ခဏလာဦး၊ ချင်ရန်ကို ဘယ်သူမှ သတိမထားမိအောင် ခေါ်ထုတ်သွားလိုက်၊ သူက ပြည်သူ့သူရဲကောင်းပဲ၊ သူ့ရဲ့ လုံခြုံရေးအတွက် ပုံရိပ်ကို လျှို့ဝှက်ထားပေးဖို့ လိုတယ်၊ သူ့ကို စခန်းကို ခေါ်သွားပြီး ထွက်ဆိုချက် ယူလိုက်ပါ"

"ဟုတ်ကဲ့ပါ ဌာနမှူးလီ!"

လင်းကုဝေက "သွားရအောင် ချင်ရန်" ဟု ဆိုကာ ချင်ရန်ကို သတင်းထောက်များ သတိမထားမိစေရန် ရဲကားရှိရာသို့ ခေါ်သွားသည်။

အခြားတစ်ဖက်တွင်မူ ဌာနမှူးလီသည် သတင်းထောက်များရှိရာ တားမြစ်စည်းအနားသို့ လျှောက်လှမ်းသွားလိုက်သည်။

ထိုအခါ သူရောက်သွားသည်နှင့် တစ်ပြိုင်နက် မိုက်ခရိုဖုန်းပေါင်းများစွာက သူ့ပါးစပ်နားသို့ ရောက်ရှိလာတော့သည်။ ဌာနမှူးလီမှာ ဤသို့သော အခြေအနေမျိုးကို ကိုင်တွယ်ဖြေရှင်းရာတွင် အတွေ့အကြုံရှိသူဖြစ်ရာ တည်ကြည်သော မျက်နှာထားဖြင့် စတင်မိတ်ဆက်လိုက်သည်။

"မင်္ဂလာပါ မီဒီယာမိတ်ဆွေတို့၊ ကျွန်တော်က လင်းယန်ခရိုင်ရဲဌာနခွဲရဲ့ ဌာနမှူး လီကျန်းယီပါ"

"ဌာနမှူးလီ! ခုနက ဘာတွေ ဖြစ်ခဲ့လဲဆိုတာ အသေးစိတ် ရှင်းပြပေးလို့ ရမလားရှင့်"

သတင်းထောက်တစ်ဦးက စိတ်မရှည်စွာဖြင့် စတင်မေးမြန်းလိုက်တော့သည်။

All Chapters