အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
83
သတင်းထောက်များ၏ မေးခွန်းများအဆုံးတွင် ဌာနမှူးလီက တည်ကြည်လေးနက်သော အမူအရာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
"တရားခံကို အသေသတ်လိုက်ရတဲ့ မြင်ကွင်းကို လူတိုင်း မှတ်တမ်းတင်နိုင်ခဲ့ကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ ဒီတရားခံဟာ ဒီနေ့မနက်က ကျန်းဖူလမ်း ဥယျာဥ်အိမ်ရာမှာ လူနှစ်ယောက်ကို သတ်ခဲ့တဲ့ တရားခံပြေးဖြစ်ကြောင်း လူတိုင်းကို အသိပေးချင်ပါတယ်"
"ဌာနမှူးလီ၊ အဲဒီလူနှစ်ယောက်ကို သတ်ရတဲ့ အကြောင်းရင်းကို သိရမလားရှင်"
"ဒါ့အပြင် သူ ဘာလို့ ဘတ်စ်ကားကို ပြန်ပေးဆွဲရတာလဲ၊ သူ့ရဲ့ တောင်းဆိုချက်က ဘာလဲဆိုတာ တဆိတ်လောက် ရှင်းပြပေးပါဦး"
သတင်းထောက်များ၏ မေးခွန်းများကို ဌာနမှူးလီက အသံခပ်ပြတ်ပြတ်ဖြင့် ဆက်လက်ဖြေကြားလိုက်သည်။
"ဒီလူဟာ စိတ်ဓာတ် အလွန်အမင်း ကောက်ကျစ်ရက်စက်ပြီး ပုံမှန်မဟုတ်တဲ့ စိတ်အခြေအနေ ရှိနေသူပါ၊ တရားခံက မွေးစားမိဘတွေကို သတ်ရတဲ့ အကြောင်းရင်းကိုတော့ ကျွန်တော်တို့ အသေးစိတ် စုံစမ်းနေဆဲ ဖြစ်ပါတယ် ဒါပေမဲ့ သူ့ရဲ့ တောင်းဆိုချက်တစ်ခုခုကို မွေးစားမိဘတွေက မလိုက်လျောလို့ အခုလို ကြေကွဲဖွယ် အဆုံးသတ်ခဲ့ရတာ ဖြစ်နိုင်ခြေ အများဆုံးပါပဲ၊ ဒီကမ္ဘာပေါ်မှာ အဲဒီလို ကျေးဇူးကန်းတဲ့ လူမျိုးတွေ ရှိတတ်တယ်ဆိုတာ လူတိုင်း သိကြမှာပါ"
"ဒါဆို ဘတ်စ်ကားကို ပြန်ပေးဆွဲရတဲ့ အကြောင်းရင်းကရော ဘာဖြစ်မလဲရှင့်"
နောက်ထပ် သတင်းထောက်တစ်ဦးက ထပ်မံမေးမြန်းလိုက်ပြန်သည်။
"လူနှစ်ယောက်ကို သတ်ပြီးတဲ့နောက် သူ့မှာ လွတ်လမ်းမရှိတော့တာ သူကိုယ်တိုင် သိနေလို့ပါ၊ အဖမ်းခံရရင်လည်း သေဒဏ်ကျမှာ သေချာနေတော့ သူက နောက်ဆုံးအချိန်မှာ အပြစ်မဲ့တဲ့ လူတွေကိုပါ သူနဲ့အတူ အသေခံခေါ်သွားဖို့ ကြံစည်ခဲ့တာလို့ ယူဆရပါတယ်"
"အို၊ ကြောက်စရာကောင်းလိုက်တာ၊ လောကထဲမှာ ဒီလို မိစ္ဆာမျိုး ဘာလို့ ပေါ်လာရတာလဲ"
"ဌာနမှူးလီ၊ သူ မွေးစားမိဘတွေကို သတ်ရတဲ့ နောက်ကွယ်မှာ တခြား လျှို့ဝှက်ချက်တွေ ရှိနိုင်ဦးမလားရှင့်"
ထိုအခါ၌ ဌာနမှူးလီက ပြတ်သားစွာ ပြောလိုက်သည်။
"လျှို့ဝှက်ချက်တွေ ရှိခဲ့ရင်လည်း ကျွန်တော်တို့ စုံစမ်းစစ်ဆေးသွားမှာပါ ဒါပေမဲ့ မငြင်းနိုင်တဲ့ အချက်ကတော့ သူကိုယ်တိုင် သူ့မွေးစားမိဘတွေကို သတ်ခဲ့တယ်ဆိုတဲ့ အချက်ပါပဲ၊ ကျွေးမွေးပြုစုခဲ့တဲ့ မိဘတွေကို ပြန်သတ်တာဟာ တိရစ္ဆာန်တွေတောင် မလုပ်တဲ့ အလုပ်ပါ၊ ငါတို့ လူမျိုးတွေဟာ မိဘအပေါ် သိတတ်မှုကို အမြင့်မြတ်ဆုံး ကိုယ်ကျင့်တရားလို့ သတ်မှတ်ထားကြတာ ဖြစ်လို့ ဒီလိုလူမျိုးဟာ လူ့အဖွဲ့အစည်းရဲ့ ကျင့်ဝတ်သိက္ခာကို အကြီးအကျယ် စော်ကားဖျက်ဆီးလိုက်တာပါပဲ"
ဌာနမှူးလီ အနေဖြင့် ဤမျှသာ ဖြေကြားနိုင်တော့သည်။
အဘယ်ကြောင့်ဆိုသော် အချို့သော အကြောင်းအရာများကို ထုတ်ဖော်ပြောပြလိုက်ပါက လူထုကြားတွင် အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်သောကြောင့် ဖြစ်သည်။
ကျန်းဝေ မည်မျှပင် ဒုက္ခရောက်ခဲ့ပါစေ၊ သူ လူသတ်ခဲ့ခြင်းနှင့် ကားကို ပြန်ပေးဆွဲခဲ့ခြင်းမှာ ငြင်းမရသော အရှိတရား ဖြစ်သည်။ ထိုကဲ့သို့သော ရာဇဝတ်သားအပေါ်တွင် ပြည်သူလူထုက "မတတ်သာလို့ လုပ်ရတာပါ" ဟူသော စာနာစိတ်မျိုး မဝင်မိစေရန် သူ့အနေဖြင့် အမှန်တရားအချို့ကို ဖုံးကွယ်ထားခြင်းဖြစ်သည်။
ဌာနမှူးလီ အင်တာဗျူး ဖြေကြားနေစဉ် သတင်းဌာနအချို့၏ တိုက်ရိုက်ထုတ်လွှင့်မှုများမှာ ရုပ်မြင်သံကြား ဖန်သားပြင်များပေါ်တွင် ပေါ်လာတော့သည်။
ရှကျဲ၏ အိမ်တွင်မူ ရှကျဲနှင့် သူမ၏ မိခင်ဖြစ်သူတို့မှာ တီဗီရှေ့တွင် ထိုင်ကာ သတင်းကြည့်နေကြသည်။
"သတင်းထူးပါ၊ တာချောင်ပန်းခြံမှာ ရာဇဝတ်သားတစ်ဦးက ဘတ်စ်ကားကို ပြန်ပေးဆွဲခဲ့ပါတယ်၊ ရဲတပ်ဖွဲ့ဝင်တွေက အခြေအနေကို အချိန်အတော်ကြာ ရင်ဆိုင်ခဲ့ရပေမဲ့ နောက်ဆုံးမှာတော့ ကားပေါ်ပါလာတဲ့ သူရဲကောင်းတစ်ဦးရဲ့ ဖမ်းဆီးထိန်းချုပ်မှုကြောင့် တရားခံကို အခင်းဖြစ်နေရာမှာပဲ အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်"
"အခု အခင်းဖြစ်ပွားချိန်က မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တွေကို တိုက်ရိုက်ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်"
တင်ဆက်သူ၏ စကားအဆုံးတွင် တီဗီမျက်နှာပြင်ပေါ်၌ ချင်ရန်နှင့် ကျန်းဝေတို့ ထိပ်တိုက်ရင်ဆိုင်နေသည့် မြင်ကွင်းများ ပေါ်လာခဲ့သည်။
ကင်မရာမှာ အဝေးမှ ရိုက်ထားခြင်း ဖြစ်သဖြင့် ချင်ရန်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူဝတ်ဆင်ထားသည့် အဝတ်အစားများမှာမူ အလွန်ထင်ရှားနေသည်။
ရှကျဲက တီဗီဖန်သားပြင်ကို ကြည့်ရင်း တွေဝေသွားကာ မိခင်ဖြစ်သူကို မေးလိုက်၏။
"အမေ၊ တရားခံနဲ့ လုံးထွေးနေတဲ့ လူဝတ်ထားတဲ့ အင်္ကျီကို ကြည့်ပါဦး၊ ဒီနေ့ ချင်ရန် ဝတ်ထားတဲ့ အင်္ကျီနဲ့ မတူဘူးလားဟင်"
"အေး၊ ကြည့်ရတာ တကယ်ပဲ တူသလိုပဲနော်"
ရှကျဲ၏ မိခင်ကလည်း သေသေချာချာ စိုက်ကြည့်ပြီးနောက် ထောက်ခံလိုက်သည်။
"မဖြစ်နိုင်တာ၊ ဒါ ချင်ရန်ပဲလား"
ရှကျဲမှာ မှင်တက်သွားရပြီး နှုတ်မှ ရေရွတ်မိသည်အထိ အံ့ဩတုန်လှုပ်သွားသည်။
ဤသတင်းမှာ အလွန်အန္တရာယ်များလှသည်။ ရာဇဝတ်သားက ခန္ဓာကိုယ်တွင် ဗုံးများပတ်ပြီး ခြိမ်းခြောက်နေခြင်း ဖြစ်ရာ အကယ်၍သာ တစ်ခုခုမှားယွင်းသွားပါက မတွေးဝံ့စရာပင်။
အခြားတစ်ဖက်တွင်မူ ချင်ရန်သည် လင်းကုဝေ၏ ကားပေါ်သို့ ရောက်ရှိနေပြီး ရဲစခန်းသို့ ထွက်ဆိုချက်ပေးရန် လိုက်ပါလာခဲ့သည်။ ချင်ရန်က တစ်ခုခုကို စဉ်းစားနေသကဲ့သို့ တိတ်ဆိတ်နေသဖြင့် လင်းကုဝေ လှမ်းမေးလိုက်သည်။
"ချင်ရန်၊ ဘာဖြစ်လို့လဲ၊ တစ်ခုခုကို စိတ်ထဲမတင်မကျ ဖြစ်နေလို့လား"
ချင်ရန် ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူ့စိတ်ထဲ၌ လေးလံနေသည့် အကြောင်းအရာများကို ပြောပြလိုက်သည်။
"ဦးလေးလင်း၊ ကျန်းဝေက ကားပေါ်မှာ စကားတွေ အများကြီး ပြောသွားတယ်ဗျ"
"ဪ၊ သူက မတရားမှုတွေ အများကြီး ကြုံခဲ့ရတယ်၊ ကမ္ဘာကြီးက သူ့အပေါ် မတရားဘူးလို့ ပြောတာလား"
လင်းကုဝေက မည်သည့်ခံစားချက်မှ မပါသော လေသံဖြင့် မေးလိုက်ရာ ချင်ရန် ခေါင်းညိတ်လိုက်သည်။
"ဒါဆို မင်းက သူ့လုပ်ရပ်ကို ထောက်ခံတာလား"
လင်းကုဝေက လေးနက်သော အသံဖြင့် ထပ်မံမေးလိုက်ပြန်သည်။
"သူက အပြစ်မဲ့တဲ့ လူနှစ်ယောက်ကို သတ်ခဲ့တယ် ပြီးတော့ ကားကို ပြန်ပေးဆွဲပြီး ခရီးသည်တွေကို အသက်အန္တရာယ် ပေးခဲ့တာနော်"
"ကျွန်တော် မထောက်ခံပါဘူး ဦးလေးလင်း ဒါပေမဲ့ သူတို့ဘဝအတွက် စိတ်မကောင်းဖြစ်မိလို့ပါ၊ သူတို့က တကယ့်ကို သနားစရာကောင်းတဲ့သူတွေပါ"
ချင်ရန်က ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။
"ဦးလေးလင်း၊ ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါတယ်၊ ဘယ်သူပဲဖြစ်ဖြစ် ပြည်သူ့လုံခြုံရေးကို ထိခိုက်အောင် လုပ်ရင် ကျွန်တော် အစွမ်းကုန် တားဆီးမှာပါ ဒါပေမဲ့ ကျန်းဝေ ပြောသွားတာတွေက ကျွန်တော့်ကို နည်းနည်းတော့ စိတ်မကောင်း ဖြစ်စေတယ်"
လင်းကုဝေ သက်ပြင်းချကာ ဆိုလိုက်သည်။
"ငါ လုပ်ငန်းခွင် စဝင်တုန်းက အမှုတစ်ခု ကြုံခဲ့ဖူးတယ်၊ အဲဒီအမှုမှာ လူသတ်သမားရဲ့ သမီးလေးကို အဘိုးကြီးတစ်ယောက်က စော်ကားခဲ့လို့ အဖေဖြစ်သူက ဒေါသထွက်ပြီး အဲဒီအဘိုးကြီးနဲ့ သူ့မိသားစုဝင် လေးယောက်လုံးကို သတ်ပစ်လိုက်တာ၊ နောက်ဆုံးတော့ အဲဒီလူသတ်သမားလည်း သေဒဏ်ပေးခံရပြီး ချက်ချင်း အကွပ်မျက်ခံလိုက်ရတယ်"
"အဲဒီတုန်းက ငါလည်း သွေးကြွနေတဲ့ အရွယ်ဆိုတော့ အဲဒီလူသတ်သမားဟာ တရားမျှတမှုအတွက် လုပ်ခဲ့တာလို့ ထင်ခဲ့မိတယ် ဒါပေမဲ့ နောက်ပိုင်းမှ သိလိုက်ရတာက ဒီလို ကိုယ်တိုင်စီရင်တဲ့ လုပ်ရပ်မျိုးကို ဘယ်တော့မှ ခွင့်မပြုသင့်ဘူးဆိုတာပဲ၊ အကယ်၍ လူတိုင်းက မိမိဘာသာ လက်စားချေခွင့် ရနေမယ်ဆိုရင် လူ့အဖွဲ့အစည်းဟာ ပရမ်းပတာ ဖြစ်သွားလိမ့်မယ်၊ ချင်ရန်၊ ငါတို့ လုပ်နိုင်တာက ဒီလူ့အဖွဲ့အစည်းမှာ အခုလို ကြေကွဲဖွယ် ဖြစ်ရပ်တွေ လျော့နည်းသွားအောင် အစွမ်းကုန် ကြိုးစားကာကွယ်ဖို့ပဲ၊ နားလည်လား ဒါပေမဲ့ ကိုယ်တိုင်လက်စားချေတာကိုတော့ ခွင့်ပြုလို့ မရဘူး"
"အင်း၊ ကျွန်တော် နားလည်ပါပြီ ဦးလေးလင်း"
ချင်ရန် ခေါင်းညိတ်လိုက်သည်။
"ဒါက ငါ့အတွေ့အကြုံကို ပြောပြတာပါ၊ မင်းက ငယ်ပါသေးတယ်၊ အခုလို ခံစားရတာ သဘာဝပါပဲ၊ ရှေ့လျှောက် ငါတို့တွေ အများကြီး ကျော်ဖြတ်ရဦးမှာ ဒါပေမဲ့ ငါ မင်းကို ချီးကျူးရဦးမယ်၊ ဒီနေ့ မင်းရဲ့ လုပ်ရပ်က လူအများကြီးရဲ့ အသက်ကို ကယ်တင်ခဲ့တာဆိုတော့ ဒုတိယအဆင့် ထူးချွန်ဆုရဖို့က မခဲယဉ်းတော့ဘူး"
ထိုစကားကြောင့် ချင်ရန် အသာအယာ ပြုံးလိုက်သည်။
"တွက်ကြည့်ရရင် အခုဆို ကျွန်တော့်မှာ ဒုတိယအဆင့် ထူးချွန်ဆု ၃ ခု ရှိသွားပြီပေါ့နော်"
"၃ ခုတောင်!"
လင်းကုဝေ မှင်တက်သွားသည်။
"ဝမ်ပါ့အမှု၊ ချီလုံဝေအမှု၊ ပြီးတော့ ဒီနေ့အမှုနဲ့ဆို ၃ ခုပေါ့"
လင်းကုဝေ ဆဲပင် ဆဲလိုက်မိသည်။
"မင်းက အလုပ်သင်ပဲ ရှိသေးတာနော်၊ တကယ်တမ်း ရာထူးခန့်အပ်ခံရတဲ့ အချိန်ကျရင် ဒီစွမ်းဆောင်ရည်တွေနဲ့ဆို ဘယ်လောက်အထိ ရာထူးတက်သွားမလဲ မသိဘူး၊ ငါ့ကိုတောင် တစ်ခဏအတွင်း ကျော်တက်သွားဦးမယ် ထင်တယ်"
လင်းကုဝေ အံ့ဩတုန်လှုပ်မှုမှလွဲ၍ ဘာမှ မပြောနိုင်တော့ပေ။
သို့သော် ချင်ရန်သည် ဤဆုတံဆိပ်များကို အသက်အန္တရာယ်နှင့် ရင်းပြီး ရယူခဲ့ခြင်းဖြစ်ရာ သူ မနာလိုမဖြစ်မိသည့်အပြင် လေးစားအားကျစိတ်များပင် တိုးပွားလာခဲ့သည်။
စခန်းသို့ ရောက်သောအခါ ချင်ရန်သည် အဖြစ်အပျက်များကို အသေးစိတ် ထွက်ဆိုချက် ပေးလိုက်သည်။
ထို့နောက် အလွန်ပင်ပန်းနေပြီဖြစ်ရာ အိမ်သို့ပြန်ကာ အနားယူတော့သည်။
အချိန်တွေ ကုန်ဆုံးသွားသည်မှာ မြန်လွန်းလှသကဲ့သို့ ချင်ရန်၏ အားလပ်ရက်မှာလည်း ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ အားလပ်ရက်အတွင်း တီဗီကြည့်သည့်အခါတိုင်း ကျန်းဝေ၏ အမှုအကြောင်း သတင်းများသာ တောက်လျှောက် တက်နေသည်ကို တွေ့ရသည်။
ထိုဖြစ်ရပ်မှာ ပြည်သူများအပေါ် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်စေခဲ့သည်။ ဘတ်စ်ကားတိုင်းတွင်လည်း ချင်ရန်ကဲ့သို့ သူရဲကောင်းမျိုး အမြဲရှိနေမည် မဟုတ်ပေ။
ဖိန်လင်မြို့ ရဲဌာနချုပ်မှလည်း လူထု၏ စိုးရိမ်စိတ်များကို ဖြေဖျောက်ရန် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ပေးခဲ့သည်။
ယခုအခါ ချင်ရန်သည် ပါလီမြစ်ရဲစခန်းသို့ ပုံမှန်အတိုင်း အလုပ်ပြန်တက်နေပြီ ဖြစ်သည်။ စခန်းရှိ လုပ်ဖော်ကိုင်ဖက်များမှာလည်း ကျန်းဝေအမှုအကြောင်း ဆွေးနွေးနေကြသော်လည်း ဗီဒီယိုထဲတွင် ရှေ့ထွက်ဖမ်းဆီးလိုက်သူမှာ ချင်ရန်ဖြစ်ကြောင်း မည်သူမျှ သိပုံမရကြပေ။
ချင်ရန် သူ့စားပွဲတွင် ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ရှကျဲက သူ့အနားသို့ တိုးကပ်လာပြီး တိုးတိုးလေး မေးလိုက်သည်။
"ချင်ရန်၊ ဟိုနေ့က တာချောင်ပန်းခြံမှာ ရှိနေခဲ့တာ နင်လား"
ရှကျဲသည် သတင်းထဲမှ အဝတ်အစား၊ ဆံပင်ပုံစံနှင့် အရပ်အမောင်းတို့မှာ ချင်ရန်နှင့် အလွန်တူနေသဖြင့် သံသယဖြစ်နေခြင်းဖြစ်သည်။
ထို့ပြင် တာချောင်ပန်းခြံမှာ သူမ၏အိမ်နှင့် မဝေးလှသဖြင့် ချင်ရန် ဖြစ်လိမ့်မည်ဟု သူမ ချက်ချင်း ထင်ကြေးပေးလိုက်ခြင်း ဖြစ်ပေသည်။
84
ချင်ရန် ခေါင်းကို အသာအယာ ငြိမ့်ပြကာ ဝန်ခံလိုက်သည်။ ထိုအခါ ရှကျဲမှာ အံ့အားသင့်လွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
‘တကယ်ကို သူဖြစ်နေတာပဲ’
သူမအိမ်မှ ထွက်သွားပြီးခါစ၌ပင် ဤမျှကြီးမားသော အမှုကြီးကို သူ ဖြေရှင်းနိုင်ခဲ့သည်မှာ တကယ့်အံ့ဖွယ်ပင်။
ထိုစဉ် ပါလီမြစ်ရဲစခန်းမှူး ဝမ်ရှောင်ရီသည် စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် လျှောက်လာခဲ့သည်။
သူသည် ညွှန်ကြားရေးမှူးဆုန့်ထံမှ ဖုန်းလက်ခံရရှိထားပြီး ဖြစ်သည်။ လင်းယန်ခရိုင် ရဲဌာနခွဲမှ ဌာနမှူး လီကျန်းယီက သူ့ကိုယ်စား ညွှန်ကြားရေးမှူးဆုန့်ကို အသိပေး အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
လီကျန်းယီသည် ဘတ်စ်ကားပြန်ပေးဆွဲမှုတွင် ချင်ရန်၏ သူရဲကောင်းဆန်သော စွမ်းဆောင်မှုအကြောင်းကို အထူးတလည် ချီးကျူးပြောပြခဲ့သည်။
ဤမျှကြီးမားသော စွမ်းဆောင်ချက်မျိုးသည် အနည်းဆုံး ဒုတိယအဆင့် ထူးချွန်ဆု သို့မဟုတ် ထိုထက်ပင် မြင့်မားသော ဂုဏ်ပြုဆုနှင့် ထိုက်တန်ပေသည်။
ညွှန်ကြားရေးမှူးဆုန့်က ဝမ်ရှောင်ရီကို ထိုအကြောင်း ပြောပြရင်း ချင်ရန်၏ စွမ်းရည်အပေါ် အံ့ဩချီးကျူးမိကြောင်း ဖုန်းထဲတွင် အရေးတယူ ထည့်သွင်းပြောဆိုခဲ့သည်။
ချင်ရန်သည် အလုပ်သင်ကာလအတွင်းမှာတင် ဒုတိယအဆင့် ထူးချွန်ဆုများကို အကြိမ်ကြိမ် ရရှိနေပြီဖြစ်ရာ အမှန်တကယ် ရာထူးခန့်အပ်သည့်အခါ ဝမ်ရှောင်ရီကိုပင် ကျော်တက်သွားမည်လားဆိုသည်မှာ တွေးတောစရာပင်။
ဝမ်ရှောင်ရီက လျှောက်လာရင်း ရဲတပ်ဖွဲ့ဝင်အချို့ ရှိနေသည်ကို သတိပြုမိသဖြင့် ခဏတာ စဉ်းစားပြီးနောက် ချင်ရန်ကို လူအများရှေ့တွင် မပြောဘဲ သီးသန့်ပြောရန် ခေါ်လိုက်သည်။
ချင်ရန်မှာ စခန်းမှူး၏ ထူးထူးခြားခြား ခေါ်ယူမှုကြောင့် သိချင်စိတ်ဖြင့် လိုက်သွားခဲ့သည်။
"မင်းကတော့ကွာ အားလပ်ရက်မှာတောင် အနားမနေဘဲ အမှုတွေ လိုက်ဖြေရှင်းနေသေးတယ်ပေါ့လေ၊ ဟုတ်လား"
ဝမ်ရှောင်ရီ၏ အပြုံးဖြင့် အပြစ်တင်လိုက်သော ဟန်ကြောင့် ချင်ရန် တစ်ခုခုကို ရိပ်မိလိုက်သည်။
"စခန်းမှူးဝမ် သိသွားပြီလား"
"ညွှန်ကြားရေးမှူးဆုန့် ကိုယ်တိုင်တောင် ငါ့ဆီ ဖုန်းဆက်လာမှတော့ သိပြီပေါ့ကွ"
ဝမ်ရှောင်ရီ၏ ဒေါသမပါသော အပြစ်တင်ဟန်ကြောင့် ချင်ရန် ခပ်ဖွဖွ ပြုံးလိုက်မိသည်။
"ညွှန်ကြားရေးမှူးဆုန့် ပြောတာကတော့ မင်းအတွက် ဒုတိယအဆင့် ထူးချွန်ဆုကတော့ ပြေးမလွတ်ဘူး၊ သေချာပေါက် ရပြီတဲ့"
ချင်ရန်က ထိုစကားကို ကြားသော်လည်း မည်သို့မျှ ထူးထူးခြားခြား မခံစားရပေ။ ဝမ်ရှောင်ရီမှာမူ ချင်ရန်အတွက် ပျော်မဆုံး ဖြစ်နေရသည်။
"ကဲ ငါက အခြေအနေကို သိချင်လို့ ခေါ်မေးတာပါ၊ ဒါကို လူပုံအလယ်မှာ ကြေညာချင်ပေမဲ့ မင်းက ငါတို့စခန်းကို ရောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်၊ မင်းရတဲ့ ထူးချွန်ဆုတွေကလည်း အများကြီး ဖြစ်နေပြီ၊ ငါသာ ထပ်ပြီး ကြေညာလိုက်ရင် မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မျက်နှာချင်းဆိုင်ရတာ ခက်လိမ့်မယ်၊ ဒါကြောင့် ဒါကို သီးသန့်ပဲ ခေါ်ပြောတာပါ၊ မင်းလည်း လူသိမခံဘဲ နေဦး၊ မဟုတ်ရင် သူတို့အတွက် စိတ်ဓာတ်ကျစရာ ဖြစ်သွားလိမ့်မယ်"
ချင်ရန်အတွက် ဝမ်ရှောင်ရီ၏ စဉ်းစားပေးမှုမှာ အတော်လေး စေ့စပ်လှသကဲ့သို့ လေးစားဖွယ်လည်း ကောင်းလှသည်။
"နားလည်ပါပြီ"
ချင်ရန် ခေါင်းငြိမ့်ပြလိုက်သည်။
"ကဲ သွားတော့"
ဝမ်ရှောင်ရီ သွားခွင့်ပြုလိုက်ပြီးနောက် ထွက်ခွာသွားသော ချင်ရန်၏ ကျောပြင်ကို ကြည့်ရင်း လေးစားမိသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
ချင်ရန်နှင့်အတူ ဝင်လာသည့် လီတဝေ၊ ယန်ရှုနှင့် ကျောက်ကျိဝေ့တို့မှာ အောင်မြင်မှု တစ်စုံတစ်ရာ မရသေးချိန်တွင် ချင်ရန်မှာမူ အမှုကြီးများစွာကို ဖြေရှင်းပြီးနေပြီ ဖြစ်သည်။
ချင်ရန်သည် ဗဟိုရဲဌာနချုပ်တွင် အလုပ်လုပ်ရန်ပင် အရည်အချင်း ပြည့်မီနေပြီဟု ဝမ်ရှောင်ရီ ခံစားမိလိုက်သည်။
အခြားတစ်ဖက်တွင်မူ ချင်ရန်က သူ့စားပွဲဆီသို့ ပြန်ရောက်လာပြီးနောက် ဘေးခုံမှ ရှကျဲကို သတိပေးလိုက်သည်။
"ရှကျဲ စခန်းမှူးက ဒီကိစ္စကို လူသိမခံဘဲ အေးအေးဆေးဆေး နေဖို့ မှာလိုက်တယ်"
"ဟင်"
ရှကျဲမှာ အံ့ဩသွားသော်လည်း စခန်းမှူး၏ အတွေးကို နားလည်လိုက်သည်။
ထိုစဉ် အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးသည် ပါလီမြစ်ရဲစခန်းအတွင်းသို့ အသည်းအသန် အပြေးအလွှား ဝင်ရောက်လာခဲ့သည်။
"ကျွန်မ တိုင်ချက်ဖွင့်ချင်လို့ပါရှင်၊ ကျွန်မကို ကူညီကြပါဦး!"
ထိုအသံကို ကြားသည်နှင့် ချင်ရန်နှင့် အခြားရဲတပ်ဖွဲ့ဝင်များ ချက်ချင်း ထရပ်ကြည့်လိုက်ကြသည်။
ထိုအမျိုးသမီးသည် မျက်မှန်တပ်ထားပြီး ဆရာမတစ်ဦး၏ အသွင်အပြင်မျိုး ရှိသော်လည်း အလွန် စိုးရိမ်ပူပန်နေပုံရသည်။ ချင်ရန်နှင့် ရှကျဲတို့ သူမထံသို့ အမြန်ပြေးသွားလိုက်ကြသည်။
"ဘာဖြစ်တာလဲခင်ဗျာ၊ ဖြေးဖြေးချင်း ပြောပြပါ"
"ကျွန်မသမီးလေး ပျောက်နေလို့ပါ ကူညီပြီး ရှာပေးကြပါဦး၊ ကျွန်မ တအား စိုးရိမ်နေလို့ပါ"
အမျိုးသမီးမှာ စိတ်လှုပ်ရှားနေသဖြင့် စကားများကို အမြန်ပြောနေသည်။
ချင်ရန်က ရှကျဲကို မသိမသာ တစ်ချက်ကြည့်လိုက်ပြီး "အသေးစိတ် သိရအောင် ကျွန်တော်တို့နဲ့အတူ အတွင်းထဲကို ခဏ လိုက်ခဲ့ပေးပါ"
ချင်ရန်နှင့် ရှကျဲတို့သည် ထိုအမျိုးသမီးကို တိုင်ချက်ဖွင့်သည့် နေရာသို့ ခေါ်ဆောင်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် ချင်ရန်က ကျောက်ကျိဝေ့ကို အနီးနားရှိ CCTV များကို စစ်ဆေးရန် ပြောလိုက်သည်။
စကားပြောရင်း သိလိုက်ရသည်မှာ ထိုအမျိုးသမီး၏ အမည်မှာ မဒမ်ဝူ ဖြစ်ပြီး သူမ သမီးမှာ အသက် ၁၃ နှစ်၊ အလယ်တန်း စတက်ခါစ ကျောင်းသူလေး ဖြစ်သည်။
"ကျွန်မသမီးလေး ပျောက်နေတာ ၁၀ နာရီကျော်နေပြီ၊ မနေ့ညကတည်းက ပြန်မလာတော့တာပါ၊ မနေ့ညက ကျွန်မ အလုပ်ကိစ္စနဲ့ အိမ်မှာ မရှိခဲ့ဘူး၊ သမီးက ကျူရှင်ပြီးရင် တက္ကစီနဲ့ အိမ်ကို တစ်ယောက်တည်း ပြန်နေကျပါ ဒါပေမဲ့ မနေ့က ကျူရှင်ကို ဖုန်းဆက်မေးတော့ သမီးလေးကို မတွေ့ဘူးတဲ့၊ ဘယ်သွားလဲ မေးတော့လဲ မသိဘူးလို့ပဲ ပြောကြတယ်၊ တစ်ညလုံးလည်း ပြန်မလာဘူး၊ ဖုန်းဆက်ရင်လည်း ဆက်သွယ်လို့ မရတော့ဘူး"
ထိုစကားကို ကြားသောအခါ ရှကျဲက ကြားဖြတ်မေးလိုက်သည်။
"အစ်မ သမီးလေး ပျောက်သွားတဲ့အချိန်မှာ ဘယ်လိုပုံစံမျိုး ဝတ်ထားလဲနဲ့ နောက်ဆုံး ဘယ်သူနဲ့ တွေ့ခဲ့တယ်ဆိုတာ ပြောပြပေးပါဦး"
"အဲဒါက"
မဒမ်ဝူမှာ အတော်ကြာအောင် ဝေခွဲမရ ဖြစ်သွားသည်။ သူမသည် သမီးဖြစ်သူကို မတွေ့ရသည်မှာ နှစ်ရက်ခန့် ရှိပြီဖြစ်ရာ ဘာအင်္ကျီဝတ်ထားသနည်းဆိုသည်ကို တကယ်ပင် မသိပေ။
"သမီးက ဆံပင်ကို မြင်းမြီးပုံစံ စည်းထားတတ်တယ်၊ အရပ်ကတော့ ၁၅၅ စင်တီမီတာလောက် ရှိမယ်"
မဒမ်ဝူသည် အရေးမပါလှသည့် အချက်အလက်အချို့ကိုသာ ပြောပြနိုင်ခဲ့သည်။
ချင်ရန် ခဏစဉ်းစားပြီးနောက် ထပ်မေးလိုက်သည်။
"သူတက်တဲ့ ကျူရှင်ကော ဘယ်နားမှာလဲ"
"ကျွန်မ ပြောပြီးပြီလေ သူ ကျူရှင်မှာ မရှိဘူးလို့၊ ဘာလို့ မေးခွန်းတွေ အများကြီး မေးနေတာလဲ၊ မြန်မြန်သွားရှာပေးလို့ မရဘူးလား"
မဒမ်ဝူက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမသည် အလွန် စိုးရိမ်နေသဖြင့် ချင်ရန်နှင့် ရှကျဲတို့၏ မေးခွန်းများမှာ အပိုဟု ထင်နေခြင်း ဖြစ်သည်။
ချင်ရန် မျက်မှောင်ကြုတ်လိုက်ပြီး မဒမ်ဝူ၏ အပြုအမူကြောင့် စိတ်ထဲ အနည်းငယ် ချဉ်သွားသည်။
"မဒမ်ဝူ ဒါက တိုင်ချက်ဖွင့်ရင် လုပ်ရမယ့် ပုံမှန်လုပ်ထုံးလုပ်နည်းပါ၊ ဟိုဘက်မှာလည်း CCTV တွေကို စစ်ဆေးနေပါပြီ၊ ကျွန်တော်တို့က ဒီမှာ မဒမ်ဝူဆီကနေ အသေးစိတ် အချက်အလက်တွေ သိရအောင် မေးနေတာပါ၊ ဒါမှ ရှာဖွေတဲ့နေရာမှာ မြန်မြန် ရှာနိုင်မှာ၊ နားလည်လား"
"ရှင်တို့က စီစီတီဗွီပဲ ကြည့်နေတာပဲ၊ ဘာလို့ လူလွှတ်ပြီး ချက်ချင်း မရှာတာလဲ"
မဒမ်ဝူက မကျေမနပ် ပြန်ပြောလိုက်သည်။
ထိုအခါ ရှကျဲက မတတ်သာဘဲ ဝင်ပြောရတော့သည်။
"မဒမ်ဝူ အန်တီ့ဆီကနေ သွေးနည်းနည်း ဖောက်လို့ ရမလားရှင့်"
"ဘာလို့ သွေးဖောက်ရမှာလဲ"
မဒမ်ဝူ အံ့ဩသွားသည်။ လူပျောက်တိုင်သည်နှင့် သွေးစစ်ခြင်းက ဘာဆိုင်သနည်း။
"ဒါက တစ်ခုခု ဖြစ်လာခဲ့ရင် DNA တိုက်စစ်လို့ရအောင် ကြိုတင်ပြင်ဆင်တာပါ"
ချင်ရန်က ဝင်ပြောလိုက်သည်။
"ရှင်! ဘာပြောလိုက်တာလဲ၊ ကျွန်မသမီးကို သေအောင် ကျိန်ဆဲနေတာလား"
မဒမ်ဝူ ရုတ်တရက် ထရပ်လိုက်ပြီး ရှကျဲကို ဒေါသတကြီး စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။ ထိုအခါ ချင်ရန်ပါ ထရပ်လိုက်ပြီး အေးစက်လေးနက်သော အသံဖြင့် သတိပေးလိုက်၏။
"မဒမ်ဝူ စိတ်အေးအေးထားပါ၊ ဒါတွေက အမှုဖွင့်ရင် လုပ်ရမယ့် ပုံမှန်လုပ်ထုံးလုပ်နည်းတွေပါ၊ အန်တီက ဒီမှာ ပြဿနာရှာနေရင် သမီးဖြစ်သူကို ရှာဖို့အတွက် အချိန်ကြန့်ကြာသွားရုံပဲ ရှိမယ်၊ ကျွန်တော်တို့နဲ့ အပြည့်အဝ ပူးပေါင်းပေးပါ၊ အစ်ကိုစွန်း ဒီအမျိုးသမီးကို မှတ်တမ်းတင်ဖို့ သွေးဖောက်ပေးလိုက်ပါဦး"
ချင်ရန်၏ တည်ငြိမ်ပြီး ဩဇာရှိသော အမူအရာကြောင့် မဒမ်ဝူ ငြိမ်သက်သွားပြီး သွေးစစ်ဆေးမှုကို လက်ခံလိုက်ရသည်။ မဒမ်ဝူက အံကြိတ်နေရသော်လည်း ချင်ရန်ကိုမူ ဘာမှ ပြန်မပြောဝံ့ပေ။
ရှကျဲတစ်ယောက်တည်းသာဆိုလျှင် သူမ ဒေါသတွေ ပေါက်ကွဲနေလောက်ပြီ ဖြစ်သော်လည်း ချင်ရန်၏ ဩဇာကြောင့် ငြိမ်သက်သွားခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ကျောက်ကျိဝေ့သည် CCTV များကို သုံးနာရီခန့် စစ်ဆေးပြီးနောက် သမီးဖြစ်သူ၏ ခြေရာလက်ရာကို တွေ့ရှိခဲ့သည်။
ဗီဒီယိုထဲတွင် မြင်ရသည်မှာ သူမသည် ကျောင်းဆင်းပြီးနောက် ကျောင်းနောက်ပေါက်မှ ထွက်သွားခဲ့ပြီး ကျောင်းနှင့် ၅ ကီလိုမီတာခန့်ဝေးသော လူနေအိမ်ရာဟောင်းတစ်ခုအနီးတွင် ရှိနေနိုင်ကြောင်း ခန့်မှန်းရသည်။
ရဲစခန်းရှိ လူအများစုမှာ လောင်းကစားဝိုင်းများကို ဝင်ရောက်စီးနင်းရန် ထွက်သွားကြသဖြင့် ချင်ရန်နှင့် ရှကျဲတို့ နှစ်ဦးတည်းသာ ဤအမှုကို ဆောင်ရွက်ရတော့သည်။
ညနေစောင်းသည့်တိုင် ချင်ရန်နှင့် ရှကျဲတို့သည် ထိုရပ်ကွက်ဟောင်းထဲတွင် ရှာဖွေခဲ့ကြပြီး အနီးအနားမှ သက်ကြီးရွယ်အို ၅၀ ခန့်ကို မေးမြန်းခဲ့သော်လည်း ကျင်းကျင်း (မဒမ်ဝူ၏ သမီးလေး) နှင့် ပတ်သက်သည့် အစအန မတွေ့ရပေ။
"နာရီပေါင်းများစွာ ရှာနေတာတောင် ကျင်းကျင်းကို ရှာမတွေ့သေးဘူး"
ရှကျဲက စိတ်ပျက်လက်ပျက် ပြောလိုက်လေသည်။
ကျင်းကျင်း ဆိုသည်မှာ မဒမ်ဝူ သမီးလေး၏ နာမည်ပြောင်ဖြစ်သည်။