အခန်း (၈၅-၈၆)
Vol. 9 Ch. 85-86
85
ချင်ရန်နှင့် ရှကျဲတို့သည် ရပ်ကွက်အတွင်း နေရာအနှံ့ ရှာဖွေခဲ့ကြသော်လည်း ကျင်းကျင်း၏ အရိပ်အယောင်ကို တစွန်းတစပင် မတွေ့ရချေ။
"ဒီအိမ်ရာဝင်းထဲမှာလည်း မရှိဘူး၊ ပတ်ဝန်းကျင်မှာလည်း မတွေ့ဘူး"
ချင်ရန်က အဝေးသို့ လှမ်းကြည့်လိုက်ရာ မလှမ်းမကမ်းတွင် တစ်ဝက်တစ်ပျက် ဖျက်သိမ်းထားသော အိမ်အချို့မှာ အထီးကျန်စွာ တည်ရှိနေသည်။
ထိုအခါ ချင်ရန် တစ်ခုခုကို သတိပြုမိသွားပြီး ရှကျဲကို ပြောလိုက်သည်။
"ရှကျဲ ဟိုဘက်ကို သွားကြည့်ရအောင်"
ချင်ရန်နှင့် ရှကျဲတို့ ထိုဖျက်သိမ်းထားသော အိမ်များဆီသို့ ရောက်ရှိလာကြသည်။
ထိုအိမ်များမှာ အကာအရံနှင့် ပရိဘောဂများ မရှိတော့ဘဲ အိမ်အခွံသက်သက်သာ ကျန်တော့သည်။
ရုတ်တရက် ချင်ရန်၏ အကြည့်များသည် အိမ်ထောင့်တစ်နေရာတွင် ရပ်တန့်သွားသည်။ ကြည့်ရသည်မှာ ထိုနေရာတွင် လူတစ်ယောက် ရှိနေပုံရသည်။
"ဟင်"
ချင်ရန်နည်းတူ ရှကျဲလည်း မြင်လိုက်ရသည်။
အိမ်ထောင့်တွင် လူတစ်ယောက် ကွေးကွေးလေး ထိုင်နေခြင်းဖြစ်သည်။
"သွားကြည့်ရအောင်"
သူတို့နှစ်ဦး ထိုလူရှိရာအနားသို့ တိုးကပ်သွားပြီး ငုံ့ကြည့်လိုက်သည့်အခါ ဆံပင်ကို မြင်းမြီးပုံစံ စည်းထားပြီး အလယ်တန်းကျောင်းဝတ်စုံ ဝတ်ထားသည့် မိန်းကလေးငယ်တစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ထိုမိန်းကလေးမှာ ခေါင်းကို ဒူးနှစ်ဖက်ကြား နစ်ဝင်နေအောင် ငုံ့ထားပြီး ရှိုက်ကြီးတငင် ငိုကြွေးနေရှာသည်။
မှောင်မည်းနေသော ညအချိန်တွင် စွန့်ပစ်ထားသော အိမ်ဟောင်းတစ်ခု၌ ခေါင်းငုံ့ငိုနေသည့် မိန်းကလေးငယ်ကို တွေ့ရသည်မှာ အနည်းငယ် ကြောက်မက်ဖွယ် ကောင်းလှသည်။
"ကျင်းကျင်းလား"
ချင်ရန်က အသာအယာ မေးလိုက်သည်။
အသံကြားသဖြင့် မိန်းကလေးက ခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်လာသည်။ မျက်ရည်များဖြင့် စိုရွှဲနေသော မျက်နှာလေးဖြစ်ပြီး ပါးပြင်နှစ်ဖက်လုံးတွင်လည်း အရိုက်ခံထားရသည့် လက်ဝါးရာနီနီများကို အထင်အရှား တွေ့လိုက်ရသည်။
"သမီးက ကျင်းကျင်းလား၊ သမီး ဒီမှာ ဘာလုပ်နေတာလဲ"
ချင်ရန်က ကြင်နာစွာ မေးလိုက်သည်။
ကျင်းကျင်းက နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း ချင်ရန်ဝတ်ထားသည့် ရဲဝတ်စုံကို မြင်သောအခါမှ အားကိုးတကြီး ပြောရှာသည်။
"ဦးဦးရဲ၊ သမီး သမီး အနိုင်ကျင့်ခံရလို့ပါ၊ အိမ်ပြန်ရမှာ ကြောက်လို့၊ အိမ်ပြန်ရင် အရိုက်ခံရဦးမှာမို့လို့ပါ"
ကျင်းကျင်းက အားနည်းသောအသံဖြင့် ပြောပြရာ ချင်ရန်၏ မျက်နှာထား တင်းမာသွားသည်။ ဒီလောက်ငယ်သေးသည့် ကလေးမလေးကို ဘယ်သူက ရက်ရက်စက်စက် ရိုက်ရက်တာလဲ။
"သမီး တစ်ညလုံး အိမ်ပြန်မလာတော့ သမီးမေမေက တအား စိုးရိမ်နေတာ၊။ သမီးကို ဘယ်သူရိုက်တာလဲ၊ ဦးဦးတို့ကို ပြောပြပါလား၊ ဦးဦးတို့က သမီးဘက်က ရပ်တည်ပေးမယ်လေ"
"သမီးအတန်းဖော်ပါ"
ကျင်းကျင်းက တိုးတိုးလေး ဖွင့်ပြောရှာသည်။
"သူ့ကို သမီးအိမ်စာ ကူးခွင့်မပေးလို့ ရိုက်တာ၊ သမီးက ဆရာမကို တိုင်ပေမဲ့လည်း ဆရာမက ဘာမှ မလုပ်ပေးဘူး"
"ဒါဆို အမေကို ဘာလို့ မပြောတာလဲ"
ဘေးတွင်ရပ်နေသော ရှကျဲကလည်း စိတ်မကောင်းလွန်းသဖြင့် ဝင်မေးလိုက်သည်။
"မေမေက သမီးကို လုံးဝ ဂရုမစိုက်ဘူး၊ သူ့ကို ပြောလည်း ဘာမှ ထူးမှာ မဟုတ်ဘူး"
ကျင်းကျင်းက ရှိုက်ကြီးတငင် ပြောပြရှာသည်။
"သူငယ်ချင်းက ရိုက်ရင်တောင်မှ ဘာလို့ တစ်ညလုံး အိမ်ပြန်မလာဘဲ နေတာလဲ သမီးရဲ့"
"ဘာလို့လဲဆိုတော့ အဲဒီအတန်းဖော်က သမီးအိမ်ပြန်လမ်းမှာ စောင့်ပြီး တိုက်ခိုက်ဖို့ လူမိုက်တွေ ငှားထားတယ်လို့ ပြောလို့ပါ၊ အဲဒါကြောင့် သမီးက ပြန်ရမှာ ကြောက်နေတာ"
ထိုစကားကို ကြားရသောအခါ ချင်ရန်၏ မျက်နှာ ချက်ချင်း မှောင်ကျသွားသည်။
‘လူမိုက်တွေ ဟုတ်လား’
ချင်ရန် မှတ်မိသလောက်ဆိုလျှင် ကျင်းကျင်းမှာ ၁၄ နှစ်သာ ရှိသေးရာ အတန်းဖော်များမှာလည်း ထိုဝန်းကျင်သာ ရှိဦးမည်။
ဒီအရွယ်နှင့်တင် လမ်းဘေးလူမိုက်များနှင့် ပတ်သက်နေပြီဆိုတော့ ဤဘက်ခေတ် ကလေးများ တကယ်ကို မလွယ်လှပေ။
သို့သော် ချင်ရန် ပြန်တွေးမိသည်မှာ သူ မူလတန်းကျောင်းသားဘဝကပင် ကျောင်းပြင်ပမှ လူမိုက်လေးများနှင့် ပတ်သက်နေသည့် ကျောင်းသူအချို့ ရှိခဲ့ဖူးသည်။
ထိုသို့သော ကလေးလူမိုက်များကို ကိုင်တွယ်ရသည်မှာ အလွန်ခက်ခဲသည်။ အကြောင်းမှာ သူတို့မှာ ကလေးများသာ ဖြစ်သဖြင့် ကြီးလေးသော ရာဇဝတ်မှု မကျူးလွန်မချင်း အရေးယူရန် ခက်ခဲသောကြောင့် ဖြစ်သည်။
"သမီးအတန်းဖော်က ဘယ်လိုတောင် ရက်စက်ရတာလဲ၊ ယောကျ်ားလေးလား၊ မိန်းကလေးလား၊ အိမ်စာကူးခွင့် မပေးတာနဲ့တင် လူမိုက်ငှားရတယ်လို့"
ချင်ရန်လည်း ဒေါသထွက်သွားသည်။
"သူက မိန်းကလေးပါ၊ တအားကြောက်ဖို့ ကောင်းတယ်၊ သူက အတန်းခေါင်းဆောင်လည်း ဖြစ်သလို တခြားသူတွေကိုလည်း အမြဲ အနိုင်ကျင့်တတ်တယ်၊ သမီးကိုလည်း အမြဲ အနိုင်ကျင့်တယ်"
"ချင်ရန် ငါတို့ ဘာလုပ်ကြမလဲ"
ရှကျဲက ချင်ရန်ကို ကြည့်ပြီး မေးလိုက်သည်။
"ဒါက ကလေးတွေကြားက ကိစ္စဆိုတော့ မဒမ်ဝူကို အသိပေးပြီး ကျောင်းနဲ့ သူဘာသာ ညှိနှိုင်းခိုင်းတာပဲ လုပ်လို့ရမယ် ထင်တယ်"
"မလုပ်ပါနဲ့၊ မလုပ်ပါနဲ့"
ကျင်းကျင်းက ခေါင်းကို အသည်းအသန် ခါယမ်းလိုက်သည်။
"မေမေက လုံးဝ ဂရုစိုက်မှာ မဟုတ်ဘူး ပြီးတော့ အဲဒီအတန်းဖော်က ကျောင်းအုပ်ကြီးရဲ့ သမီးပါ"
"အဲဒီလို ပတ်သက်မှုတွေပါ ရှိနေတာလား"
ထိုစကားကို ကြားသောအခါ ချင်ရန်၏ မျက်နှာထား ပို၍ တင်းမာသွားသည်။
"နောက်ခံ အာဏာရှိရုံနဲ့ အတန်းဖော်ကို အနိုင်ကျင့်လို့ ရတယ်လို့ ထင်နေတာလား"
ချင်ရန်၏ အမူအရာကို ကြည့်ပြီး ရှကျဲမှာ သူဘယ်လောက် ဒေါသထွက်နေလဲဆိုသည်ကို သိလိုက်သည်။
"ချင်ရန် လွန်လွန်ကဲကဲ မတွေးနဲ့ဦးနော်၊ နင်က လူကြီးပဲ၊ အဲဒီကလေးတွေကို သွားပြီး လက်ပါလို့ မဖြစ်ဘူးနော်"
ချင်ရန်က တည်ငြိမ်စွာ ခေါင်းငြိမ့်ပြလိုက်သည်။
"ရှကျဲ ငါ ကလေးတွေကို ဘယ်တော့မှ လက်နဲ့ မထိပါဘူး ဒါပေမဲ့ ကျင်းကျင်းကို ဝိုင်းအနိုင်ကျင့်ကြမယ့် လူမိုက်တွေကျတော့ရော"
"ဦးဦးရဲ သူတို့က သမီးကို နေ့တိုင်း လမ်းမှာစောင့်ပြီး ပါးရိုက်ပြီးမှ လွှတ်ပေးမယ်လို့ ပြောထားတာ၊ သမီး တအား ကြောက်တယ်၊ ဆရာမကို ပြောလည်း ဘာမှ မထူးဘူး၊ အတန်းထဲက ဘယ်သူမှလည်း သမီးကို မကူညီရဲကြဘူး"
ကျင်းကျင်း ပြောနေရင်း မျက်ရည်များ ထပ်မံ ဝဲလာပြန်ရာ အလွန် သနားစရာ ကောင်းလှသည်။
ထိုခဏ၌ ချင်ရန်၏ စိတ်ထဲသို့ ကျန်းဝေကို သတိရသွားမိသည်။
ကျန်းဝေသည်လည်း ကျောင်းမှာရော အိမ်မှာပါ အနှိမ်ခံခဲ့ရသူ မဟုတ်ပါလား။ ကျင်းကျင်း၏ အခြေအနေမှာ ကျန်းဝေလောက် မဆိုးသော်လည်း စိတ်ဓာတ်ကျစရာ ကောင်းနေသည်မှာ အမှန်ပင်။
"သူတို့က စာသင်နေတုန်းလည်း သမီးဆံပင်ကို ဆွဲတတ်ကြတယ် ပြီးရင် အိမ်သာထဲကို ဆွဲခေါ်သွားတတ်တယ်"
ကျင်းကျင်းက ရှက်ရှက်ဖြင့် ဆက်ပြောသည်။
ချင်ရန် နားထောင်လေလေ မျက်နှာထား ပိုဆိုးလာလေလေ ဖြစ်သည်။ ဘေးမှ ရှကျဲလည်း စိတ်မကောင်းဖြစ်ကာ မျက်မှောင်ကြုတ်နေမိသည်။
"ချင်ရန် ငါတို့ ဘာလုပ်ကြမလဲ? ကျောင်းအုပ်ကြီးဆီ တိုက်ရိုက် သွားကြမလား"
ချင်ရန် ခေါင်းခါပြလိုက်သည်။
"မဖြစ်ဘူး အဲဒါက ဘာမှ ထူးမှာ မဟုတ်ဘူး၊ ဒီလို သမီးမျိုး ရှိနေတဲ့ အကြောင်းရင်းက အဖေကလည်း အလိုလိုက်ထားတဲ့ လူမျိုးပဲ ဖြစ်မှာပဲ"
"ဒါဆို ဘာဆက်လုပ်ကြမလဲ"
ချင်ရန် ခဏစဉ်းစားပြီးနောက် ပြတ်သားစွာ ပြောလိုက်သည်။
"မနက်ဖြန် ကျင်းကျင်းရဲ့ ကျောင်းတက်၊ ကျောင်းဆင်းကို ငါကိုယ်တိုင် သွားကြိုမယ်၊ ဘယ်လို လူမိုက်မျိုးတွေမို့လို့ မိန်းကလေးငယ်လေးကို လက်ပါရဲလဲဆိုတာ ငါကိုယ်တိုင် ကြည့်ချင်သေးတယ်"
"ဟင်?"
ရှကျဲမှာ အံ့ဩသွားရသည်။
ချင်ရန်က ကျင်းကျင်းကို မြေပြင်ပေါ်မှ ထူမပေးလိုက်ပြီး ကလေးမလေးကို အားပေးစကား ပြောလိုက်သည်။
"ကျင်းကျင်း မကြောက်နဲ့တော့၊ မနက်ဖြန် ကျောင်းဆင်းရင် ဦးဦး ကိုယ်တိုင် လာကြိုမယ်၊ ဟုတ်ပြီလား"
"ဦးဦးရဲ ဒါပေမဲ့ သမီးကို အနိုင်ကျင့်တဲ့ အတန်းဖော်က သူ ရဲကို မကြောက်ဘူးလို့ ပြောတယ်၊ ရဲတိုင်လည်း သူ ထပ်ပြီး အနိုင်ကျင့်မှာပဲတဲ့"
"ဦးဦးက ရဲဝတ်စုံနဲ့ လာမှာ မဟုတ်ဘူး၊ မနက်ဖြန် သမီးကို ကျောင်းလာကြိုမယ့်သူက ရဲ မဟုတ်ဘဲ သမီးရဲ့ အစ်ကိုအဖြစ်နဲ့ လာမှာ၊ သိပြီလား ကလေးမလေး"
ချင်ရန် ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်သည်။
မနက်ဖြန် ကျောင်းဆင်းချိန်တွင် သူ အရပ်ဝတ် ဝတ်ပြီး ကျင်းကျင်း၏ အစ်ကိုအဖြစ် ဟန်ဆောင်သွားမည်။
အကယ်၍ ထိုလူမိုက်များသာ ဝိုင်းလာခဲ့လျှင် ချင်ရန် ညှာတာနေမည် မဟုတ်သလို၊ လုံးဝ အမှားအယွင်း မရှိစေရန် ကိုယ်ပေါ်တွင် ကင်မရာအသေးစားလေးကိုလည်း တပ်ဆင်သွားမည် ဖြစ်သည်။
"တကယ်လားဟင် တကယ် လာကြိုမှာလား ဦးဦးရဲ"
ကျင်းကျင်းမှာ မျက်ရည်များ ဝဲနေရာမှ မျှော်လင့်ချက်အပြည့်ဖြင့် မေးရှာသည်။
သူမသည် တစ်ဦးတည်းသော သမီးဖြစ်ပြီး အနိုင်ကျင့်ခံရတိုင်း သူမကို ကာကွယ်ပေးမည့် အစ်ကိုတစ်ယောက် ရှိလျှင် ဘယ်လောက်ကောင်းမလဲဟု အမြဲ စိတ်ကူးယဉ်ခဲ့ဖူးသည်။
ချင်ရန်၏ စကားကြောင့် ကျင်းကျင်း အလွန် ဝမ်းသာသွားရသည်။
အခုတော့ တကယ်ပင် သူမအတွက် အစ်ကိုတစ်ယောက် ရောက်လာခဲ့ပြီဖြစ်သည်။
86
ချင်ရန်နှင့် ရှကျဲတို့သည် ကျင်းကျင်းကို မဒမ်ဝူထံသို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ပို့ဆောင်ပေးခဲ့ကြသည်။
နေအိမ်တွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေသော မဒမ်ဝူသည် သမီးဖြစ်သူ ပြန်လာသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် ငိုကြွေးလေတော့သည်။
"ကျင်းကျင်း သမီးလေး၊ အမေ့သမီးလေး သမီး ဘယ်တွေ သွားနေတာလဲ၊ အမေဖြင့် စိတ်ပူလိုက်ရတာ, ဘာလို့ တစ်ညလုံး အိမ်ပြန်မလာတာလဲ၊ ဖုန်းခေါ်တော့လည်း စက်ပိတ်ထားတယ်တဲ့၊ အမေ စိတ်ပူလို့ သေတော့မယ် ကျင်းကျင်းရယ်"
မဒမ်ဝူသည် သမီးဖြစ်သူကို ဖက်ရန် အပြေးအလွှား လာရောက်ခဲ့သော်လည်း ကျင်းကျင်းမှာမူ နောက်သို့ အလိုလို ဆုတ်သွားပြီး ချင်ရန်၏ နံဘေးတွင် ကပ်ရပ်နေကာ သူမမိခင်နှင့် ခပ်ကွာကွာ နေလိုသည့် အမူအရာကို ပြနေသည်။
"ဟင်"
သမီးဖြစ်သူ၏ ထူးဆန်းသော အပြုအမူကြောင့် မဒမ်ဝူမှာ ကြောင်အသွားရရှာသည်။
ထိုအခြေအနေကို မြင်သောအခါ ချင်ရန်က ကျင်းကျင်းကို အသာအယာ ဆွဲထုတ်ကာ မဒမ်ဝူ၏ ရှေ့သို့ အသာတွန်းပို့လိုက်ပြီး ချော့မော့လိုက်သည်။
"ကျင်းကျင်း ဘာပဲဖြစ်ဖြစ် သမီးအမေက သမီးကို ချစ်လို့ပါ၊ မချစ်ရင် အခုလို စိုးရိမ်နေမှာ မဟုတ်ဘူးလေ"
ကျင်းကျင်းက ဝန်လေးနေပုံရသော်လည်း ချင်ရန်၏ စကားကြောင့် မဒမ်ဝူ အနားသို့ တဖြည်းဖြည်း တိုးသွားလိုက်သည်။
မဒမ်ဝူက သမီးဖြစ်သူ၏ ခေါင်းလေးကို ပွတ်သပ်ပေးရင်း ညင်ညင်သာသာလေး မေးလိုက်သည်။
"ကျင်းကျင်း သမီးလေး အမေ တအား စိတ်ပူနေတာ၊ ဘာလို့ ဖုန်းမကိုင်တာလဲဆိုတာ အမေကို ပြောပြပါဦး၊ ဘာလို့ ညက အိမ်ပြန်မလာတာလဲဟင်၊ ဘယ်မှာ အိပ်ခဲ့တာလဲ"
ထိုမေးခွန်းကို ကြားသောအခါ ကျင်းကျင်း ခေါင်းခါလိုက်ပြီး ဘာမှ မပြောဘဲ တိတ်တဆိတ်သာ နေနေသည်။
"ကျင်းကျင်း သမီးက ဘာလို့ ဒီလောက် ဆိုးရတာလဲ၊ အိမ်မပြန်တဲ့ အကြောင်းရင်းလေးတောင် အမေကို မပြောပြချင်ဘူးလား"
မဒမ်ဝူမှာ တုံ့ပြန်မှုမရှိသည့် သမီးကို ကြည့်ပြီး ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။
ကလေးတစ်ယောက် ညအိပ်ညနေ အပြင်ထွက်ခြင်းမှာ ကြီးမားသော ပြဿနာတစ်ခု ဖြစ်သည်။
မိခင်တစ်ယောက် အနေဖြင့် သူမ၏ သမီးမှာ ကျောင်းနေဖက် ယောက်ျားလေးများနှင့် လျှောက်သွားနေသလားဆိုသည်ကို လွန်ကဲစွာ တွေးပူနေမိခြင်း ဖြစ်သည်။
ထိုစဉ် ချင်ရန်က ကျင်းကျင်းကိုယ်စား ဝင်ပြောပေးလာသည်။
"မဒမ်ဝူ ကျင်းကျင်းက ကျောင်းမှာ ဝိုင်းအနိုင်ကျင့် အပယ်ခံထားရလို့ စိတ်အားငယ်နေတာပါ၊ အဲဒါကြောင့် သူ အိမ်မပြန်ချင်ခဲ့တာ ဒါကြောင့် ကလေးကို နည်းနည်းလောက် ပိုပြီး နွေးနွေးထွေးထွေး ဆက်ဆံပေးဖို့ ကျွန်တော် အကြံပြုချင်ပါတယ်"
"ရှင်"
မဒမ်ဝူသည် ချင်ရန်၏ ရှင်းပြချက်အပေါ် အနည်းငယ် မကျေမနပ် ဖြစ်သွားမိသည်။
သမီးဖြစ်သူက ချင်ရန်ကို ယုံကြည်စွာ ပြောပြပြီး သူမအား အဘယ်ကြောင့် မပြောပြသနည်းဟု တွေးမိသောကြောင့် ဖြစ်သည်။
"ကျင်းကျင်း သူပြောတာ တကယ်ပဲလား"
မဒမ်ဝူက မေးလိုက်ရာ ကျင်းကျင်း တိတ်ဆိတ်စွာ ခေါင်းငြိမ့်ပြလိုက်သည်။
ချင်ရန်သည် ဤကိစ္စကို လောလောဆယ် လူသိရှင်ကြား အကျယ်အကျယ် မလုပ်ရန် မဒမ်ဝူကို မှာကြားခဲ့သည်။
ထိုသို့မဟုတ်ပါက မဒမ်ဝူ၏ ဒေါသကြောင့် ကျောင်းသို့ သွားပြီး ပြဿနာရှာမည်ကို သူစိုးရိမ်သောကြောင့် ဖြစ်သည်။
ကျောင်းအုပ်ကြီးမှာ ဩဇာအာဏာရှိသူ ဖြစ်ရာ မဒမ်ဝူ ပြဿနာသွားရှာခြင်းက ကိစ္စရပ်များကို ပိုမို ရှုပ်ထွေးသွားစေနိုင်သည်။
ထို့ပြင် ချင်ရန်မှာ ကျင်းကျင်းအတွက် သူကိုယ်တိုင် လက်စားချေပေးလိုပြီး ထိုလူမိုက်များကို ပညာပေးချင်နေခြင်း ဖြစ်သည်။
"ဟင်း"
မဒမ်ဝူ သက်ပြင်းချလိုက်သည်။
သမီးဖြစ်သူက သူမနှင့် သိပ်ပြီး ရင်းရင်းနှီးနှီး မရှိလှချေ။
သူမက ငွေကြေး၊ ပစ္စည်းဥစ္စာ အပြည့်အစုံ ထောက်ပံ့ထားသော်လည်း ကျင်းကျင်း အမှန်တကယ် လိုအပ်နေသည်မှာ မိခင်၏ အချိန်နှင့် ဂရုစိုက်မှုသာ ဖြစ်သည်။
သို့သော် သူမက ကျင်းကျင်းမှာ ၁၄ နှစ်ရှိပြီဖြစ်ရာ အရွယ်ရောက်ပြီဟု သတ်မှတ်ကာ အချိန်အများစုကို အလုပ်တွင်သာ ကုန်ဆုံးစေခဲ့ခြင်း ဖြစ်သည်။
"ရဲအရာရှိကြီးတို့ကို တကယ် ကျေးဇူးတင်ပါတယ်ရှင်"
မဒမ်ဝူက ချင်ရန်နှင့် ရှကျဲတို့ဘက် လှည့်ကာ လေးလေးစားစား ကျေးဇူးတင်စကား ဆိုသည်။
"ရပါတယ်၊ ကလေး ပြန်ရောက်လာတာကပဲ ဝမ်းသာစရာပါ၊ ကျွန်တော်တို့ နားလည်ပါတယ်၊ ရှင်းပြနေဖို့ မလိုပါဘူး"
ချင်ရန် ခေါင်းငြိမ့်ပြလိုက်သည်။
ရှကျဲကလည်း ဝင်ရောက်တောင်းပန်လေသည်။
"စောစောက အန်တီ့ကို စိတ်တိုမိတာ ကျွန်မလည်း မရင့်ကျက်လို့ပါ၊ အန်တီကလည်း ကလေးပျောက်နေလို့ စိုးရိမ်နေတာကိုး"
နောက်ဆုံးတွင် သူတို့ ခဏတာ စကားပြောပြီးနောက် အိမ်ပြန်ရန် ပြင်ဆင်နေစဉ် ကျင်းကျင်း ရုတ်တရက် ပြေးလာပြီး ချင်ရန်ကို ဖက်လိုက်သည်။
"ဦးဦး သမီး ကြောက်တယ်"
ကျင်းကျင်းက တိုးတိုးလေး ဆိုရှာသည်။
ချင်ရန်က ကျင်းကျင်း၏ ခေါင်းကို အသာအယာ ပွတ်ပေးရင်း အားပေးစကား ဆိုလိုက်သည်။
"မကြောက်ပါနဲ့၊ ဘာပဲဖြစ်ဖြစ် ဦးဦးကို ပြောပြနော်၊ ဦးဦးနဲ့ ကျင်းကျင်းတို့ရဲ့ ကတိကို မမေ့နဲ့ဦး"
ထိုအခါမှ ကျင်းကျင်း ခေါင်းငြိမ့်ပြလာသည်။
နောက်ဆုံးတွင် သူမသည် ချင်ရန်ကို မခွဲချင် ခွဲချင်ဖြင့် လွှတ်ပေးလိုက်ရတော့သည်။
ချင်ရန်တို့ ထွက်ခွာသွားပြီးနောက် မဒမ်ဝူက သမီးဖြစ်သူအား မေးလိုက်မိသည်။
"ကျင်းကျင်း သမီး သူနဲ့ ဘာကတိတွေ ထားခဲ့တာလဲ"
မိခင်ဖြစ်သူက မေးသော်လည်း ကျင်းကျင်းက ဘာစကားတစ်ခွန်းမှ မပြောဘဲ သူမအခန်းထဲသို့သာ ဝင်သွားတော့သည်။ မဒမ်ဝူမှာ ခေါင်းကို အသာခါယမ်းကာ သက်ပြင်းမောကြီး တစ်ခုကို ချလိုက်မိလေသည်။
ချင်ရန်နှင့် ရှကျဲတို့ ပါလီမြစ်ရဲစခန်းသို့ ပြန်ရောက်လာသည့်အခါ စခန်းရှိရဲများမှ လူဆယ်ယောက်ကျော်ကို ဖမ်းဆီးခေါ်ဆောင်လာသည်ကို တွေ့လိုက်ရသည်။
ကျောက်ကျီဝေ့မှာ တစ်ခုခုကို ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့သည့်အလား အလွန် ဝမ်းသာနေပုံရသည်။
"ဘာဖြစ်တာလဲ ကျီဝေ့၊ ဘာအမှုမို့ ဒီလောက်လူတွေ များနေရတာလဲ"
ချင်ရန်က ပြုံးပြီး မေးလိုက်သည်။
"ဒီလူတွေက လောင်းကစားတွေ လုပ်နေကြတာ၊ ပါဝင်ပတ်သက်တဲ့ ငွေပမာဏကလည်း တအားများတယ်၊ ကျွန်တော်တို့ သူတို့ကို လက်ပူးလက်ကြပ် မိခဲ့တာ"
ကျောက်ကျီဝေ့က ဂုဏ်ယူစွာ ပြောသည်။
ဤအမှုတွင် လောင်းကစားဒိုင်ကို သူကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ရာ သူသည် အကြီးမားဆုံးသော စွမ်းဆောင်ရှင် ဖြစ်သည်။ သူသည် စခန်းတွင် အမြဲ အရေးမပါသလို ခံစားခဲ့ရသဖြင့် ယခုကဲ့သို့ စွမ်းဆောင်နိုင်မှုအပေါ် အလွန် ဂုဏ်ယူနေမိခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ လီတဝေက မျက်နှာပျက်နေ၏။ ချင်ရန်က ဇာတ်လမ်းတစ်ခုလုံးကို သိနေသည့်အတွက် လီတဝေ အဘယ်ကြောင့် စိတ်ညစ်နေသည်ကို ရိပ်မိလိုက်သည်။
လီတဝေ၏ ဖခင် လီယီရှန်းကို လောင်းကစားဝိုင်းတွင် ဖမ်းမိခဲ့ခြင်းပင် ဖြစ်ရမည်။ ထိုစဉ်က လီယီရှန်းမှာ လောင်းကစားနေခြင်း မဟုတ်ဘဲ သူ့အား ပေးစရာရှိသည့် အကြွေးများကို သွားတောင်းခြင်းသာ ဖြစ်သည်။ သို့သော် လီတဝေမှာ ထိုအခြေအနေကြောင့် သူ့အဖေကို အတော်လေး စိတ်ဆိုးနေခြင်း ဖြစ်သည်။
ချင်ရန်က လီတဝေ အနားသို့ သွားကာ မေးလိုက်၏။
"တဝေ ဘာဖြစ်လို့လဲ၊ မင်းကြည့်ရတာ တစ်ခုခုကို တအား စိတ်ပျက်နေတဲ့ပုံပဲ၊ ဘာဖြစ်တာလဲဆိုတာ ငါ့ကို ပြောပြပါလား"
"အစ်ကိုရန် မပြောပါနဲ့တော့ဗျာ"
လီတဝေက ညည်းတွားလိုက်သည်။
"ဘာဖြစ်တာလဲ၊ ပြောပြပါဦး"
"ဟူး ကျီဝေ့ ပြောသလိုပဲ ကျွန်တော်တို့ လောင်းကစားဝိုင်းကို ဖမ်းဖို့ သွားကြတယ် ဒါပေမဲ့ အဲဒီမှာ ကျွန်တော့်အဖေကို တွေ့ရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ၊ အစ်ကိုရန် စဉ်းစားကြည့်ပါဦး၊ ကျွန်တော်က ဘယ်သူလဲ၊ ဘာဝတ်စုံ ဝတ်ထားတာလဲ၊။ ကျွန်တော့်အဖေက လောင်းကစားဝိုင်းမှာ ရှိနေတယ်ဆိုတော့"
လီတဝေ၏ ခံစားချက်များမှာ ရှုပ်ထွေးနေသည်။
ထိုစကားကို ကြားသောအခါ ချင်ရန် ထပ်မေးလိုက်သည်။
"မင်းအဖေက ဘာမှ မရှင်းပြဘူးလား"
"သူကတော့ ရှင်းပြချင်တယ် ပြောတာပဲ ဒါပေမဲ့ ကျွန်တော်ကတော့ တစ်ခွန်းမှ နားမထောင်ချင်ဘူး၊ လောင်းကစားဝိုင်းမှာ ရှိနေမှတော့ လောင်းကစားနေတာ မဟုတ်ရင် ဘာလုပ်နေတာလဲ"
ထိုအခါ ချင်ရန်က လီတဝေ၏ ပခုံးကို ပုတ်ပေးရင်း ပြောလိုက်သည်။
"မင်း အဖေကို မင်း အထင်လွဲနေတာလည်း ဖြစ်နိုင်တာပဲလေ၊ သူက ဥပဒေချိုးဖောက်တာ မဟုတ်ရင်ရော ကောက်ချက်တွေကို စောစောစီးစီး မချလိုက်ပါနဲ့ဦး၊ အကယ်၍ မင်းက အထင်လွဲနေတာဆိုရင် မင်းအဖေ ဘယ်လောက်တောင် ဝမ်းနည်းလိုက်မလဲဆိုတာ မင်းတွေးမိလား၊ မင်း သူ့ကို ယုံကြည်မှုလေး နည်းနည်း ပေးလိုက်ပါ၊ သူက မင်းရဲ့ အဖေ၊ မင်းရဲ့ မိသားစုဝင်ပဲလေ"
ချင်ရန်၏ စကားကြောင့် လီတဝေမှာ ခဏတာ တွေဝေသွားသည်။
"ဟုတ်ကဲ့ပါ အစ်ကိုရန်၊ ကျွန်တော် ထပ်ပြီး စုံစမ်းကြည့်ပါ့မယ်၊ လူတိုင်းရဲ့ ထွက်ဆိုချက်ကို ယူရဦးမှာဆိုတော့"
ချင်ရန် ခေါင်းငြိမ့်ပြကာ အလုပ်ဆင်းရန် ပြင်ဆင်လိုက်တော့သည်။
လောင်းကစားသမားများကို စစ်မေးရန်မှာ သူ့တာဝန် မဟုတ်ပေ။ အိမ်သို့ပြန်ကာ စောစော အနားယူတာ အကောင်းဆုံးပင်။
အချိန်တွေ အမြန်ကုန်ဆုံးသွားပြီး နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့သည်။ လီတဝေ စိတ်လှုပ်ရှားစွာဖြင့် ချင်ရန်ကို လာရှာသည်။
"အစ်ကိုရန်! ကျွန်တော့်အဖေက အပြစ်မရှိဘူးဆိုတာ စစ်ဆေးတွေ့ရှိရပြီ၊ သူက အဲဒီနေရာကို တိုက်တိုက်ဆိုင်ဆိုင် ရောက်နေတာတဲ့၊ CCTV မှတ်တမ်းတွေအရလည်း အတည်ပြုလိုက်တာ အမှန်ပဲ အစ်ကိုရန်၊ အဖေက ဒီအမှုထဲ လုံးဝကို မပါဝင်တာတဲ့ ဟားဟား"
လီတဝေ အလွန် ဝမ်းသာနေမိသည်။ သူ့အဖေ ဥပဒေကို မချိုးဖောက်ခြင်းမှာ သူ့အတွက် ကံကောင်းခြင်း ဖြစ်သည်။ အကယ်၍ လီယီရှန်းသာ အပြစ်ရှိခဲ့ပါက လီတဝေ၏ အနာဂတ်အပေါ် များစွာ ထိခိုက်နိုင်သောကြောင့် ဖြစ်သည်။
"အဆင်ပြေသွားတာ ဝမ်းသာပါတယ်ကွာ၊ ငါ အမြဲပြောသလိုပဲ၊ ကိုယ့်မိသားစုကို ပိုပြီး ယုံကြည်ပေးပါ၊ တစ်ခါတလေ မြင်ရတာတွေက အမှန်တရား မဟုတ်နိုင်ဘူး"
ချင်ရန်၏ စကားကို ထောက်ခံသည့်အနေဖြင့် လီတဝေ ခေါင်းကို တရစပ် ငြိမ့်ပြလိုက်သည်။
ထိုနေ့တွင် ချင်ရန်အတွက် ထူးထူးခြားခြား မည်သည့် အလုပ်မျှမရှိပေ။
မကြာမီ ညနေစောင်းလာခဲ့ပြီ ဖြစ်သည်။
ချင်ရန်သည် လုပ်စရာတစ်ခုရှိသဖြင့် စခန်းမှူး ဝမ်ရှောင်ရီထံတွင် အလုပ်စောစောဆင်းရန် ခွင့်တောင်းလိုက်သည်။ သူသည် ကျင်းကျင်းအား ကျောင်းလာကြိုမည်ဟု ကတိပေးထားသည် မဟုတ်ပါလား။