← Chapters

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

87

ချင်ရန်သည် ကျင်းကျင်း၏ ကျောင်းရှေ့သို့ အချိန်မီ ရောက်ရှိလာခဲ့သည်။

ကျောင်းပေါက်ဝတွင် ကျောင်းသားအများစုမှာ ပြန်သွားကြပြီဖြစ်သော်လည်း သူကတော့ ကတိအတိုင်း စောင့်ကြိုနေခြင်း ဖြစ်သည်။

သူ့အင်္ကျီရင်ဘတ်တွင် ရဲတပ်ဖွဲ့သုံး ဗီဒီယိုမှတ်တမ်းတင် ကင်မရာငယ်လေးကို အပြင်သို့ အနည်းငယ်ဖော်ကာ တပ်ဆင်ထားပြီး ဖြစ်ရပ်မှန်အားလုံးကို မှတ်တမ်းတင်ရန် အဆင်သင့် ပြင်ထားလိုက်သည်။

ငါးမိနစ်ခန့် စောင့်ဆိုင်းပြီးနောက် ကျင်းကျင်းအား တွေ့လိုက်ရသည်။

ယနေ့တွင် သူမသည် ကျောင်းဝတ်စုံလေးဖြင့် ဆံပင်ကို မြင်းမြီးပုံစံ စည်းထားရာ ငယ်ရွယ်နုပျိုပြီး တက်ကြွသည့် အသွင်ဆောင်နေသည်။

သို့သော် သူမသည် ခေါင်းလေးကို အနည်းငယ်ငုံ့ကာ တစ်ယောက်တည်း လျှောက်လာရင်း တစ်စုံတစ်ယောက်ကို မျှော်လင့်တကြီး ရှာဖွေနေရှာသည်။

ရုတ်တရက် ချင်ရန်ကို မြင်သွားသောအခါ ကျင်းကျင်း၏မျက်နှာတွင် အားကိုးရာကို တွေ့လိုက်ရသည့်အလား ဝမ်းသာအားရ ပြေးလာတော့သည်။

"အစ်ကိုကြီးချင်ရန် ရောက်လာပြီပဲ”

ကျင်းကျင်း၏ မျက်နှာတွင် မျှော်လင့်ခြင်းနှင့် ပျော်ရွှင်မှုများ လွှမ်းမိုးသွားသည်။

မနေ့ညကတည်းက သူမ စိတ်ပူနေခဲ့ခြင်း ဖြစ်သည်။

ယနေ့ အတန်းထဲတွင်လည်း သူမကို အနိုင်ကျင့်နေကျ မိန်းကလေးက "မနေ့က ရှာမတွေ့သမျှ ဒီနေ့တော့ အတိုးနဲ့ ပြန်ပေးဆပ်ရမယ်" ဟု လာရောက် ခြိမ်းခြောက်ထားခဲ့သည်။

ကျင်းကျင်းကလည်း သူမတွင် ကူညီကာကွယ်ပေးမည့် အစ်ကိုကြီးချင်ရန် ရှိသည်ဟု ပြန်ပြောခဲ့သော်လည်း ထိုမိန်းကလေးက လုံးဝမယုံကြည်ဘဲ လှောင်ပြောင်ခဲ့သည်။

ထိုစဉ် ချင်ရန်၏ စူးရှသော မျက်လုံးများမှာ မလှမ်းမကမ်းမှ ၎င်းတို့ကို စိုက်ကြည့်နေသည့် အဝတ်အစား ကျပ်ကျပ်နှင့် ဖိနပ်အပြား ဝတ်ဆင်ထားသော လမ်းဘေးလူမိုက်လေး တစ်ယောက်ကို သတိပြုမိလိုက်သည်။

ချင်ရန်၏ မျက်နှာထားမှာ တည်ငြိမ်နေသော်လည်း စိတ်ထဲမှ မှတ်ချက်ချမိလိုက်သည်။

‘ဒီလောက်ပဲလား ကြည့်ရတာလည်း ဖရိုဖရဲနဲ့၊ ဆံပင်ပုံစံကလည်း သူခိုးရုပ်နဲ့ တကယ်ပါပဲ’

"အစ်ကိုကြီးချင်ရန် ဟိုလူတွေပဲ၊ သူတို့က သမီးအိမ်ပြန်လမ်းမှာ စောင့်နေမယ်လို့ ပြောထားတဲ့ လူတွေပဲ”

ကျင်းကျင်းက တိုးတိုးလေး ကပ်ပြောလိုက်သည်။

"တွေ့တယ် သွားရအောင်၊ အစ်ကို အိမ်လိုက်ပို့မယ်"

ချင်ရန်က တည်ငြိမ်စွာ ပြောလိုက်သော်လည်း ကျင်းကျင်းမှာ တုန်လှုပ်နေဆဲပင်။

"သူတို့ လာတိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ ဟင် အစ်ကိုကြီးချင်ရန်”

သူမ သိထားသလောက် ထိုလူမိုက်များမှာ ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ရှိတတ်ပြီး အားကိုးရာမဲ့သူများကို အနိုင်ကျင့်နေကြသည့် လမ်းသရဲများ ဖြစ်သည်။

"လာတိုက်မယ်ဆိုလည်း တိုက်ပေါ့၊ အစ်ကိုကြီးက အေးဆေးပဲ၊ ကျင်းကျင်းသာ မကြောက်နဲ့၊ အစ်ကို သမီးကို ကာကွယ်ပေးနိုင်တယ်၊ အစ်ကို့ကို ယုံတယ်မလား”

ချင်ရန်က ကျင်းကျင်းကို ခေါ်ဆောင်ကာ အိမ်ပြန်လမ်းအတိုင်း ထွက်လာခဲ့သည်။ လူမိုက်များမှာ ချင်ရန်တို့ကို ကြည့်ကာ နှာခေါင်းရှုံ့ရင်း တစ်စုံတစ်ယောက်အား ဖုန်းဆက်၍ အချက်ပေးလိုက်ကြသည်။

လေးမိနစ်ခန့်အကြာတွင် အရှေ့မှ ပိတ်ဆို့လျှောက်လာသည့် လူရှစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုလူအားလုံးမှာ ထူးဆန်းသော ဆံပင်ပုံစံ၊ ဝတ်စုံများနှင့် မောက်မာရိုင်းစိုင်းသော အမူအရာများ ရှိကြသည်။

ကျင်းကျင်းသည် ကြောက်လန့်တကြားဖြင့် ချင်ရန်၏ ကျောနောက်သို့ ကပ်သွားသည်။ သူမ၏ ပါးပြင်ကို ပြန်ကိုင်မိရင်း မျက်ရည်များ ဝဲလာသည်။

ယခင်ကလည်း ဤနေရာမှာပင် သူမ၏ပါးကို ထိုလူတွေပဲ ရိုက်ခဲ့ကြဖူးသည်။

"ဟေး ဒီကောင်မလေးက နောက်ထပ် တစ်ယောက်ကို ရှာလာတာလား"

လူမိုက်တစ်ဦးက လှောင်ပြုံး ပြုံးလိုက်စဉ်မှာပင် မောက်မာသော မိန်းကလေးအသံတစ်ခု ထွက်ပေါ်လာသည်။

"သူ့မှာ အစွမ်းထက်တဲ့ အစ်ကိုတစ်ယောက် ရှိတယ်ဆိုပြီး ကြွားနေတာ ဒီလူလား"

ပန်းရောင်ဆံပင်နှင့် ခေတ်မီစွာ ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် ထွက်လာခဲ့သည်။ သူမနောက်တွင်လည်း အရွယ်နှင့်မလိုက်အောင် ရင့်ကျက်သည့်ပုံစံ ပြင်ဆင်ထားသည့် မိန်းကလေးငယ်အချို့ ပါလာသည်။

ချင်ရန် မျက်ခုံးပင့်ပြီး မေးလိုက်သည်။

"ကျင်းကျင်းကို အနိုင်ကျင့်နေတာ မင်းလား၊ ငယ်ငယ်လေး ရှိသေးတယ်၊ မင်းအပြုအမူတွေက ဆိုးလှချည်လား၊ ဒီလို ဝတ်စုံတွေကို ကျောင်းအချိန်အတွင်း ဝတ်ဆင်တာကို မင်းမိဘတွေက မဆုံးမဘူးလား”

ထိုစကားကြောင့် မိန်းကလေးမှာ ချက်ချင်း ဒေါသထွက်သွားပြီး အမိန့်ပေးလိုက်သည်။

"ဒီလို လူညံ့က ငါ့ကို ဆဲရဲတယ်ပေါ့၊ အေး ဒီနေ့ အဲဒီကောင်မကို ဆယ်ချက်ရိုက်စမ်း၊ ပြီးရင် ဟိုလူကို အချက်တစ်ရာရိုက်လိုက်၊ နင်တို့ အဖမ်းခံရရင်လည်း ဘာမှမပူနဲ့၊ ငါ ပိုက်ဆံပေးမယ်၊ တစ်ယောက်ကို ငါးထောင်စီ ပေးမယ်"

သူမသည် ပြဿနာမှန်သမျှကို ငွေကြေးနှင့်သာ ဖြေရှင်းလေ့ရှိသည့် ချမ်းသာသော မိသားစုမှ ကလေးမလေး ဖြစ်သည်။

"ရတာပေါ့၊ အစ်မဟွမ်း ပြောတဲ့အတိုင်းပဲပေါ့ ဟားဟား”

လူမိုက်ခေါင်းဆောင်က ဝမ်းသာအားရ ဆိုလိုက်သည်။ အစ်မဟွမ်းသည် တစ်လလျှင် ခြောက်ဂဏန်းရှိသော မုန့်ဖိုးရသူဖြစ်ရာ သူမသည် သူတို့အတွက် သူဌေးမလေးပင် ဖြစ်သည်။

လူမိုက်ရှစ်ယောက်က ချင်ရန်ကို ဝိုင်းလိုက်ကြစဉ် အစ်မဟွမ်းက မောက်မာစွာ ပြောပြန်သည်။

"ဝူကျင်းကျင်း နင် အခု ဒူးထောက်တောင်းပန်ပြီး ငါ့စကား နားထောင်မယ်လို့ ကတိပေးရင် နင့်ကိုရော၊ နင့်အစ်ကိုဆိုတဲ့ လူညံ့ကိုရော ငါ လွှတ်ပေးမယ်"

ကျင်းကျင်းမှာ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ကြောက်လန့်နေသော်လည်း ချင်ရန် သူမလက်ကို တင်းတင်းဆုပ်ကိုင်ကာ အားပေးလိုက်သည်။

"ကျင်းကျင်း ဘာကို ကြောက်နေတာလဲ၊ ဒါက လမ်းဘေးလူမိုက် ရှစ်ယောက်ပဲလေ၊ အထူးတပ်ဖွဲ့က စစ်သား ရှစ်ယောက်ဆိုရင်တော့ ငါ နည်းနည်း ကြောက်မိမှာပေါ့"

ထို့နောက် သူက အစ်မဟွမ်းဆိုသည့် မိန်းကလေးဘက်လှည့်ကာ လှောင်ပြောင်လိုက်သည်။

"ဒီကလေးမက ဘယ်သူ့ကိုမှ မခေါ်နိုင်တော့လို့ လမ်းဘေးလူမိုက်တွေကိုပဲ ခေါ်လာနိုင်တာလား"

"နင်!!"

အစ်မဟွမ်းဆိုသည့် မိန်းကလေး၏ဒေါသမှာ အထွတ်အထိပ်သို့ ရောက်သွားသည်။

"ရိုက်ကြစမ်း၊ အသေရိုက်ကြ"

"တောက် ဒီကောင်ကတော့ တကယ် မကြောက်တာပဲ၊ ငါတို့ အစ်မကြီး စိတ်ဆိုးနေပြီ၊ သူ့ကို ပညာပေးကြစမ်းကွာ"

လူမိုက်ရှစ်ယောက်လုံးသည် အော်ဟစ်ကာ ချင်ရန်ဆီသို့ ဝိုင်းအုံပြေးဝင်လာကြသည်။

ချင်ရန်က ပြုံးလိုက်သည်။

‘ကင်မရာမှာ အကုန် မှတ်တမ်းတင်ထားပြီးပြီ၊ သူတို့ အရင်စတာနော် ငါ့ရဲ့ တုံ့ပြန်မှုက ခုခံကာကွယ်မှု သက်သက်ပဲ’

ပြောပြောဆိုဆိုပင် ချင်ရန်သည် ကျင်းကျင်းအား ဘေးသို့ တွန်းပို့ကာ ကာကွယ်လိုက်ပြီး ရှေ့သို့ တစ်လှမ်း တက်လှမ်းလိုက်သည်။

ဝှစ်ခနဲ အသံနှင့်အတူ ချင်ရန်၏ ညာဘက်ခြေထောက်မှာ လျှပ်စီးကဲ့သို့ လျင်မြန်စွာဖြင့် လူမိုက်အုပ်စုရှိရာသို့ ဦးတည်သွားတော့သည်။

88

“ဘုန်း၊ ဘုန်း၊ ဘုန်း”

ချင်ရန်သည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်ပြီး တားဆီး၍မရသော ကန်ချက်အချို့ကို ထုတ်ဖော်လိုက်သည်။ သူသည် သူ့ထံသို့ ပြေးဝင်လာသော လူမိုက်အားလုံးကို မျက်စိတစ်မှိတ်အတွင်းမှာပင် ကန်ထုတ်ပစ်လိုက်သည်။

"တောက်၊ အားပါးပါး"

"နာလိုက်တာ"

လူမိုက်ရှစ်ယောက်မှာ ဘာဖြစ်သွားမှန်းမသိအောင် အံ့အားသင့်သွားကြပြီးနောက် မြေပြင်ပေါ်သို့ အတုန်းအရုန်း လဲကျသွားကြတော့သည်။

ချင်ရန်၏ ကန်ချက်မှာ သူ့ခွန်အား ဆယ်ပုံပုံ နှစ်ပုံခန့်သာ သုံးထားခြင်း ဖြစ်သော်လည်း ထိုပမာဏမှာပင် လူမိုက်တစ်အုပ်လုံးကို မြေပြင်ပေါ် ခွေခေါက်လဲကျသွားစေရန် လုံလောက်နေပြီဖြစ်သည်။

စောစောကတင် ချင်ရန်ကို ဝိုင်းဝန်းရိုက်နှက်ရန် ကြုံးဝါးနေကြသော လူမိုက်ရှစ်ယောက်မှာ ယခုတွင်မူ ထိုမာန်မာနများ ပျောက်ဆုံးသွားပြီး နာကျင်လွန်းသဖြင့် မြေပြင်ပေါ်တွင် လူးလှိမ့်အော်ဟစ်နေကြရသည်။

ချင်ရန်သည် သူ့အားကို အတိအကျ ထိန်းချုပ်ထားသဖြင့် သူတို့ကို ပြင်းထန်သော ဒဏ်ရာမရစေဘဲ နာကျင်မှုကိုသာ အပြည့်အဝ ခံစားရစေသည်။

အခြားတစ်ဖက်တွင်မူ အစ်မဟွမ်းဟုခေါ်သော မိန်းကလေးမှာ လုံးဝ မှင်တက်သွားတော့သည်။

ပွဲမစခင်ကတည်းက အရှုံးပေးလိုက်ရသကဲ့သို့ပင် ချင်ရန်၏ လှုပ်ရှားမှုအရှိန်ကို သူမ လုံးဝ မမြင်လိုက်ရချေ။

သူမ မျက်လုံးကို ပွတ်ကြည့်ရင်း မှားမြင်နေသလားဟုပင် ထင်မိလိုက်သော်လည်း မြေပြင်ပေါ်က လူမိုက်ရှစ်ယောက်မှာမူ မည်သို့မျှ ထမလာနိုင်ကြသည်မှာ တကယ့်အမှန်တရားဖြစ်သည်။

"သူတို့အားလုံး ဒီအတိုင်းပဲ လဲကျသွားကြတာလား"

ထိုမိန်းကလေးမှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေစဉ် ချင်ရန်၏ နောက်တွင်ရှိနေသော ကျင်းကျင်းမှာလည်း သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်နေသည်။

"အစ်ကိုကြီးက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ"

ကျင်းကျင်းတစ်ယောက် လက်ခုပ်တီးပြီး အားပေးမိတော့သည်။

လူအများကြီးက ဝိုင်းတိုက်နေချိန်မှာ ချက်ချင်းလက်ငင်း ပြန်လည်တိုက်ခိုက်ပြီး အနိုင်ယူလိုက်သည့် ချင်ရန်မှာ သူမအတွက်တော့ သူရဲကောင်းတစ်ဦးကဲ့သို့ပင်။

မလှမ်းမကမ်းတွင်ရှိနေသော လမ်းသွားလမ်းလာအချို့မှာလည်း ခိုက်ရန်ဖြစ်ပွားနေသည်ကို မြင်သဖြင့် ရဲစခန်းသို့ ဖုန်းဆက်တိုင်ကြားလိုက်ကြသည်။

ချင်ရန်က ခပ်ပြုံးပြုံးဖြင့် ရွဲ့ကာပြောလိုက်သည်။

"မိန်းကလေး မင်းခေါ်လာတဲ့လူတွေက တော်တော်လေး အားနည်းတာပဲနော်"

ဤလူမိုက်များမှာ အသုံးမကျလှပေ။ သူ့ကန်ချက်တစ်ချက်ကိုမျှ မခံနိုင်ကြချေ။ သူတို့အား ရိုက်နှက်နေရခြင်းမှာ သူ့တန်ဖိုးကိုပင် ကျဆင်းစေသည်ဟု ချင်ရန် ခံစားမိသည်။

"ငါ ငါ"

အစ်မဟွမ်းမှာ စကားပင် မပြောနိုင်ဘဲ ထစ်ငေါ့နေမိတော့သည်။ သူမ၏အကြည့်မှာ ကျင်းကျင်းနှင့် ချင်ရန်တို့ကြားတွင် ကူးလူးနေမိသည်။

ကျင်းကျင်းက သူမတွင် အစွမ်းထက်သော အစ်ကိုရှိသည်ဟု ပြောတုန်းက သူမ လုံးဝမယုံခဲ့သော်လည်း ယခုအခါတွင် ဤကဲ့သို့ အစွမ်းထက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

"ဘာတွေဖြစ်နေတာလဲ"

"မင်းတို့ ရန်ဖြစ်နေကြတာလား"

ရုတ်တရက် အော်ဟစ်သံနှစ်ခု ထွက်ပေါ်လာသည်။

ချင်ရန် လှည့်ကြည့်လိုက်သောအခါ သတင်းရရှိသဖြင့် ရောက်လာသော ယူနီဖောင်းဝတ် ရဲအရာရှိနှစ်ဦးကို တွေ့လိုက်ရသည်။

သူတို့မှာ ဤအနီးနားတွင် ရှိနေသဖြင့် မိနစ်ပိုင်းအတွင်း ရောက်လာခြင်း ဖြစ်သည်။

ထိုအခြေအနေကို မြင်သောအခါ ချင်ရန် ပြုံးပြလိုက်ပြီး ဦးစွာ မိတ်ဆက်လိုက်သည်။

"စီနီယာအစ်ကိုတို့၊ ကျွန်တော့်ကို မမှတ်မိကြဘူးလား"

"ဟင်"

ရဲအရာရှိနှစ်ဦးမှာ ကြောင်သွားပြီး ချင်ရန်ကို သေချာစိုက်ကြည့်လိုက်ကြသည်။

ထို့နောက်မှ ဤသူမှာ ပါလီမြစ်၏ ဒဏ္ဍာရီ ချင်ရန် ဖြစ်နေမှန်းကို သိသွားကြသည်။ ချင်ရန်မှာ အရပ်ဝတ်ဖြင့် ဖြစ်နေသဖြင့် တစ်ချက်ကြည့်ရုံနှင့် မမှတ်မိကြခြင်း ဖြစ်သည်။

ရဲအရာရှိတစ်ဦးမှာ မျက်မှောင်ကြုတ်ကာ အလေးအနက် မေးလိုက်သည်။

"ချင်ရန်၊ မင်း ဘာဖြစ်လို့လဲ"

"ဒီလူမိုက်တွေက ကျွန်တော့်ကို အရင် လက်ပါဖို့ ကြိုးစားလို့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်လိုက်တာပါ၊ မပူပါနဲ့ စီနီယာ ကျွန်တော့်ရင်ဘတ်က ကင်မရာမှာ အကုန်မှတ်တမ်းတင်ထားပါတယ်၊ သက်သေရှိပါတယ်"

ချင်ရန်က မြေပြင်ပေါ်မှ လူမိုက်ရှစ်ယောက်ကို ညွှန်ပြကာ ရှင်းပြလိုက်သည်။

ရဲအရာရှိနှစ်ဦးမှာ အံ့အားသင့်သွားကြသည်။ ချင်ရန်က တော်မှန်း သိထားသော်လည်း လူရှစ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

ချင်ရန် ကင်မရာကို ထုတ်ပြလိုက်သောအခါမှ ဤလူမိုက်များမှာ ချင်ရန်၏ ထောင်ချောက်ထဲသို့ ဆင်းသက်မိသွားပြီဖြစ်ကြောင်း ရဲအရာရှိများ နားလည်လိုက်ကြသည်။

"သက်သေရှိရင်တော့ စိုးရိမ်စရာမရှိပါဘူး ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒါက လူစုလူဝေး ရန်ပွဲဖြစ်နေတာဆိုတော့ စစ်ဆေးဖို့ စခန်းကို အကုန်လိုက်ခဲ့ရမယ်"

ရဲအရာရှိတစ်ဦးမှ ပြောဆိုလိုက်သည်။ ထိုအခါ ချင်ရန် ကြောင်အမ်းအမ်းဖြစ်နေသော အစ်မဟွမ်းဆိုသည့် မိန်းကလေးအား ညွှန်ပြကာ ပြောလိုက်၏။

"ဒီမိန်းကလေးကိုလည်း ခေါ်သွားလိုက်ပါ၊ ဒီလူမိုက်တွေနဲ့ သူက ပတ်သက်မှုရှိတယ်"

"ကောင်းပြီ၊ သွားရအောင်"

ဟွမ်းမိန်းကလေးမှာ အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။

"ကောင်းပြီလေ၊ နင့်အစ်ကိုက ရဲဖြစ်နေမယ်လို့ ငါမထင်ထားဘူး ဒါပေမဲ့ ဒါက ဘာဖြစ်လဲ"

အစ်မဟွမ်း၏ဖခင်မှာလည်း အရေးပါသူတစ်ဦး ဖြစ်ရာ သူမကတော့ ချင်ရန်ကို ကြောက်ရွံ့ပုံမရပေ။

ထိုသို့ဖြင့် ချင်ရန်၊ လူမိုက်ရှစ်ယောက်နှင့် ဟွမ်းမိန်းကလေးတို့သည် ပါလီမြစ်ရဲစခန်းသို့ ရောက်လာကြသည်။

စခန်းမှူး ဝမ်ရှောင်ရီသည် ချင်ရန်နှင့် အခြားရဲနှစ်ဦးမှ လူမိုက်ရှစ်ယောက်ကို ဖမ်းလာသည်ကို မြင်သောအခါ အလွန်သိချင်စိတ် ဖြစ်သွားသည်။

သို့သော် ဟွမ်းမိန်းကလေးအား မြင်လိုက်ရချိန်တွင် သူ ပို၍ မှင်တက်သွားတော့သည်။ ဝမ်ရှောင်ရီသည် ဤ ဟွမ်းမျိုးရိုး ကောင်မလေးအား ကောင်းကောင်းသိထားသူ ဖြစ်သည်။

"ရှောင်ဟွမ်း၊ မင်းက ဘာလို့ ဒီကို ရောက်နေရတာလဲ"

ဝမ်ရှောင်ရီသည် ကိုယ့်မျက်စိကိုယ်ပင် မယုံနိုင်အောင် ဖြစ်သွားသည်။

"အာ ဦးလေးဝမ်"

ဟွမ်းမိန်းကလေးမှာ အသိအကျွမ်းတစ်ဦးနှင့် တိုးသဖြင့် ကြောင်အသွားသည်။

ဝမ်ရှောင်ရီနှင့် သူမ၏ဖခင်မှာ ဝမ်ရှောင်ရီ ရဲတပ်သား ဘဝကတည်းက သိကျွမ်းခဲ့ကြသဖြင့် အတော်လေး ခင်မင်ကြသူများ ဖြစ်သည်။

ထိုအခြေအနေကို မြင်သော် ချင်ရန် မျက်မှောင်ကြုတ်ကာ ဖြစ်ပျက်သမျှကို အကြောင်းစုံ ပြန်ပြောပြလိုက်သည်။ ထိုအခါ ဝမ်ရှောင်ရီ၏ မျက်နှာမှာ ချက်ချင်းပင် ဒေါသရိပ်များ လွှမ်းမိုးသွားတော့သည်။

"ရှောင်ဟွမ်း၊ မင်း ဘယ်လိုလုပ် ဒီလိုတွေ လုပ်ရတာလဲ၊ တခြားသူတွေကို အနိုင်ကျင့်တယ် ဟုတ်လား"

ဝမ်ရှောင်ရီသည် ဟွမ်းမိန်းကလေးဘက်မှ ရပ်တည်ပေးရန် အစီအစဉ်မရှိဘဲ သူမကို ဖခင်တစ်ဦးကဲ့သို့ ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းလေတော့သည်။

ဆယ်မိနစ်ခန့် အကြာကြီး ဆူပူပြီးနောက် သူက ဆက်ပြောလိုက်သည်။

"မင်းကို အမှုဖွင့်ပြီး ထောင်ချဖို့တော့ ငါမလုပ်ချင်ဘူး ဒါပေမဲ့ ဒီလိုမျိုး နောက်ထပ် ဘယ်တော့မှ မလုပ်ရဘူး၊ ဒီကိစ္စကို မင်းအဖေနဲ့ ငါ သေချာပြောရမယ်"

ထိုအခါ ဟွမ်းမိန်းကလေးမှာ ခေါင်းငုံ့ကာ ဘာမှ ပြန်မပြောဝံ့တော့ချေ။

အကယ်၍ ဝမ်ရှောင်ရီက သူမအဖေကို တိုင်လိုက်လျှင် သူမ၏ မုန့်ဖိုးများ ဖြတ်တောက်ခံရမည်ဖြစ်ပြီး သူမ၏ ဂုဏ်ကျက်သရေရှိသော လူနေမှုဘဝမှာ ပျက်စီးသွားနိုင်သောကြောင့် ဖြစ်သည်။

ထို့နောက် ဝမ်ရှောင်ရီ ချင်ရန်ဘက် လှည့်ကာ မေးလိုက်သည်။

"ချင်ရန်၊ လူမိုက်တွေက မင်းကို အရင်တိုက်ခိုက်တာ သေချာတယ်နော်"

ချင်ရန် ခေါင်းငြိမ့်ပြပြီး ကင်မရာမှတ်တမ်းကို ထုတ်ဖော်ပြသလိုက်သည်။

ထိုဗီဒီယိုထဲတွင် လူမိုက်များ၏ ရိုင်းစိုင်းသော အပြောအဆိုများနှင့် ခြိမ်းခြောက်မှုများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

လူရှစ်ယောက်လုံး ဝိုင်းအုံလာကြသော်လည်း နှစ်စက္ကန့်မပြည့်မီမှာပင် အားလုံး မြေပြင်ပေါ် လဲကျသွားသည့် ချင်ရန်၏ ကန်ချက်များကိုပါ တွေ့လိုက်ရသည်။

"မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ၊ သူတို့က အရင်စတာဆိုတော့ မင်းမှာ ဘာအပြစ်မရှိဘူး၊ ဒီလူမိုက်တွေကိုတော့ သင်ခန်းစာရအောင် ရက်အနည်းငယ် အချုပ်ထဲ ထည့်ထားရမယ်"

ဝမ်ရှောင်ရီ၏ မျက်နှာမှာ တည်ကြည်နေသည်။

သူ့မိတ်ဆွေ၏သမီးမှာ ဤမျှ မောက်မာပြီး လူမိုက်များနှင့် ပတ်သက်နေသည်ကို မြင်လိုက်ရသည့်အတွက် သူ စိတ်မကောင်း ဖြစ်မိသည်။

ထို့ပြင် ဤလူမိုက်များမှာ အရွယ်ရောက်ပြီးသူများ ဖြစ်သဖြင့် ရက်အနည်းငယ် ထိန်းသိမ်းထားခြင်းက လူမှုပတ်ဝန်းကျင် တည်ငြိမ်ရေးအတွက် အထောက်အကူ ဖြစ်စေလိမ့်မည်။

"ဟို မိန်းကလေးငယ်လေးကော အဆင်ပြေရဲ့လား"

နစ်နာသူအတွက် စိုးရိမ်ကာ ဝမ်ရှောင်ရီ မေးလိုက်သည်။

မဒမ်ဝူ တိုင်ချက်လာဖွင့်စဉ်ကတည်းက သူ သတိထားမိခဲ့သော်လည်း ချင်ရန်က ယခုကဲ့သို့ ကိုယ်တိုင် ပါဝင်ဖြေရှင်းပေးလိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

"အဆင်ပြေပါတယ် စခန်းမှူးဝမ်၊ ဒီတစ်ခါတော့ ကျွန်တော် ကိုယ်တိုင် ဆုံးဖြတ်ချက်ချပြီး လုပ်လိုက်တာပါ"

ချင်ရန် ပြတ်သားစွာ ဆိုလိုက်သည်။

"ပြဿနာ ပြေလည်သွားရင် ပြီးတာပါပဲ၊ လူတိုင်းမှာ ပြဿနာဖြေရှင်းတဲ့ နည်းလမ်း ကိုယ်စီ ရှိကြတာပဲလေ၊ မင်း ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ် ချင်ရန်"

ဝမ်ရှောင်ရီ ချင်ရန်ကို အပြစ်မတင်ဘဲ ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ချင်ရန်သည် ကျင်းကျင်းအား အိမ်သို့ ပြန်လည်လိုက်ပို့ပေးခဲ့သည်။

ကျင်းကျင်း၏ မျက်နှာလေးတွင် ယခင်က မမြင်ဖူးသော တောက်ပသည့် အပြုံးတစ်ခု ပေါ်လွင်နေ၏။

သူမတို့ အိမ်ရှေ့သို့ ရောက်သောအခါတွင်မူ ကျင်းကျင်းသည် ချင်ရန်အား ရုတ်တရက် ဖက်လိုက်ပြီးမှ ရှက်ကိုးရှက်ကန်းဖြင့် အိမ်ထဲသို့ ပြေးဝင်သွားတော့သည်။

ချင်ရန်ကတော့ ပြုံးလျက် အိမ်ရှေ့၌ ကျန်ရစ်ခဲ့သည်။

ထိုပြဿနာမှာ ဤသို့ဖြင့် အကောင်းဆုံး ပြေလည်သွားခဲ့ပြီဖြစ်သည်။

All Chapters