← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

89

ဝမ်ရှောင်ရီသည် ဟွမ်းမျိုးရိုးမိန်းကလေး၏ ဖခင်နှင့် သေချာပေါက် စကားပြောဖြစ်လိမ့်မည်ဟု ချင်ရန် ယုံကြည်သည်။

ကျောင်းတွင်လည်း ကျင်းကျင်းအား မည်သူမှ ထပ်မံအနိုင်ကျင့်ရဲတော့မည် မဟုတ်ပေ။

ရဲစခန်းမှ မထွက်ခွာမီတွင် ဟွမ်းမိန်းကလေးသည် ချင်ရန်ကို သီးသန့်လာရှာပြီး သူမ၏ ကိုယ်ပိုင်သက်တော်စောင့် လုပ်ပေးရန် ကမ်းလှမ်းခဲ့သေးသည်။

သို့သော် ချင်ရန်ကမူ တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။

ဟွမ်းမိန်းကလေးမှာ လက်မလျှော့ဘဲ တစ်လလျှင် လစာ ယွမ်သုံးသောင်း ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း ချင်ရန်က စိတ်မဝင်စားချေ။

ဤကဲ့သို့ ကလေးများအတွက် သက်တော်စောင့်လုပ်ရမည့်အလုပ်မှာ သူ့အတွက်တော့ အဓိပ္ပာယ်မရှိသော အလုပ်တစ်ခုသာ ဖြစ်သည်။

ကုန်လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ့ဘဝမှာ ပုံမှန်အတိုင်းပင် လည်ပတ်နေခဲ့သည်။

ပါလီမြစ်ရဲစခန်းသို့ လာရောက်တိုင်ကြားသည့် အမှုအရေအတွက်မှာလည်း ပြန်လည်များပြားလာသော်လည်း ယခုတစ်ကြိမ် တိုင်ကြားသည့်အမှုမှာ ခိုးမှုမဟုတ်ဘဲ ငွေကြေးလိမ်လည်မှု ဖြစ်နေသည်။

ရဲစခန်းသို့ လာရောက်တိုင်ကြားသူများထဲတွင် အမျိုးသားရော အမျိုးသမီးပါ ပါဝင်သော်လည်း အများစုမှာ အမျိုးသားများ ဖြစ်ကြသည်။ လူဆယ်ယောက်တွင် ရှစ်ယောက်မှာ အမျိုးသားများ ဖြစ်နေသည်။

၎င်းတို့သည် ချိန်းတွေ့သည့် ဝဘ်ဆိုက်တစ်ခုတွင် အလွန်လှပသော မိန်းကလေးတစ်ဦးနှင့် ဆုံခဲ့ရကြောင်း၊ ရက်အနည်းငယ်ကြာ စကားပြောဆိုပြီးနောက် ထိုမိန်းကလေးမှာ သူတို့နှင့် အလွန်လိုက်ဖက်သူဖြစ်သည့် ကံပါလာသည့် ဖူးစာဖြစ်ကြောင်း ခံစားခဲ့ရကြောင်း အသီးသီး ထွက်ဆိုကြသည်။

ထို့နောက်တွင်မူ ပြဿနာက စတော့သည်။

တစ်ဖက်မှ အွန်လိုင်းသူငယ်ချင်းဖြစ်သူမှာ အကြောင်းပြချက် အမျိုးမျိုးပေးကာ ထိုအမျိုးသားများ၏ ပိုက်ဆံကို သုံးစွဲတော့သည်။ အချစ်နွံထဲ နစ်မွန်းနေကြသည့် အမျိုးသားများမှာ တစ်ဖက်မှ "ပေါင်ပေ့" ဟု ခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် အရည်ပျော်သွားပြီး ပိုက်ဆံများကို အရူးအမူး လွှဲပေးခဲ့ကြခြင်း ဖြစ်သည်။

နောက်ဆုံး လက်ထဲတွင် ပြားစေ့တစ်စေ့မှ မကျန်တော့သည့် အခြေအနေရောက်မှ လိမ်လည်ခံရမှန်းသိပြီး အခုလို ရဲစခန်းသို့ ရောက်လာကြခြင်း ဖြစ်သည်။

"ကျွန်တော့်ကို ကူညီကြပါဦးဗျာ"

"ဒီကောင်တွေက ကျွန်တော့်ရဲ့ ခံစားချက်တွေကို ကစားသွားတာ၊ အိမ်ဝယ်ဖို့ စုထားတဲ့ စရန်ငွေ ယွမ်ခြောက်သိန်းလုံး လိမ်သွားကြပြီဗျာ၊ ဟီး ဟီး"

အရပ် ၁၇၀ စင်တီမီတာခန့်ရှိပြီး ဝဝဖိုင့်ဖိုင့်၊ မျက်မှန်တပ်ထားသည့် ရိုးရိုးစင်းစင်းပုံစံ ရှိသည့် အမျိုးသားတစ်ဦးမှာ မျက်ရည်သုတ်ရင်း ငိုကြွေးနေတော့သည်။

သူ့ရှေ့တွင် ထိုင်နေသော ချင်ရန်မှာ နှုတ်ခမ်းကို တွန့်လိုက်မိပြီး ဘာပြောရမှန်းပင် မသိတော့ချေ။

ပိုက်ဆံလိမ်တာက မှားသည်မှာ မှန်သော်လည်း ဤလူများမှာလည်း လောဘနှင့် ရာဂ မျက်စိကွယ်မနေလျှင် ဤမျှအထိ လိမ်လည်ခံရပါ့မလား။

ချင်ရန်က ထိုအမျိုးသားအား မေးခွန်းထုတ်လိုက်သည်။

"ကျွန်တော် တကယ် နားမလည်နိုင်တာက ဓာတ်ပုံပဲ မြင်ဖူးပြီး ဗီဒီယိုနဲ့တောင် စကားမပြောဖူးဘဲနဲ့ တစ်ဖက်လူကို ခင်ဗျားတို့က ဒီလောက်အထိ ယုံကြည်သွားရတာလား"

"အဲဒါက သူက ရှက်တတ်လို့ ဗီဒီယိုမခေါ်ရဲဘူးလို့ ပြောတာကိုဗျ၊ လူချင်းတွေ့တဲ့နေ့ကျရင် ကြိုက်တာလုပ်လို့ရတယ် ဒါပေမဲ့ မတွေ့ခင်အထိတော့ ဗီဒီယိုမခေါ်ပါနဲ့၊ ဒါမှ လျှို့ဝှက်ချက်လေးရှိပြီး ရင်ခုန်ဖို့ကောင်းမှာလို့ သူက ပြောသေးတာကိုး"

ထိုလူဝကြီးမှာ ထစ်ငေါ့ကာ ဖြေရှာသည်။ ထိုစကားကို ကြားသောအခါ ချင်ရန် ပြောစရာ စကားပင် ပျောက်ရှသွားရသည်။

"သူက ခင်ဗျားတို့လို လူအတွေကို အရူးလုပ်နေတာပဲ၊ ဒါကို နည်းနည်းလေးတောင် မရိပ်မိဘူးလား"

"ဟုတ်ပါတယ် ကျွန်တော်က လူအပါ၊ လူအပါ မင်း ဘာပဲပြောပြော ကျွန်တော့်ပိုက်ဆံတွေ ပြန်ရအောင် ကူညီပေးပါဗျာ"

ယွမ်ခြောက်သိန်းဆိုသည်မှာ နည်းလှသည့် ပမာဏ မဟုတ်ပေ။

အနှီအမျိုးသားမှာ ယခုနှစ်တွင် အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီး အလုပ်လုပ်လာသည်မှာ နှစ် ၂၀ နီးပါး ရှိပြီဖြစ်သည်။ အနာဂတ်တွင် သူသည် အိမ်ထောင်ပြုရန်အတွက် ခက်ခက်ခဲခဲ စုဆောင်းထားသမျှ ပိုက်ဆံများ ဖြစ်သည်။

တစ်ခါက သူသည် ဖုန်းထဲတွင် ချိန်းတွေ့သည့်အက်ပ်မှ ကြော်ငြာတစ်ခုကို မြင်ပြီး ဒေါင်းလုဒ်ဆွဲကာ မိန်းကလေးတစ်ဦးနှင့် ဆုံတွေ့ခဲ့ကြခြင်းဖြစ်သည်။ သူတို့သည် စကားပြောရင်းနှင့် အချစ်နွံထဲ နစ်ခဲ့ကာ နောက်ဆုံးတွင် လိမ်လည်ခံလိုက်ရခြင်း ဖြစ်သည်။

ချင်ရန်က လေးလေးနက်နက် ပြောလိုက်သည်။

"ဒါပေမဲ့ ခင်ဗျားတို့ ပိုက်ဆံတွေက ရှယ်ယာရင်းနှီးမြှုပ်နှံမှုတွေထဲ ရောက်သွားပြီဆိုတော့ ပြန်ရဖို့က တော်တော် ခက်လိမ့်မယ်"

"ဗျာ"

ထိုလူမှာ မှင်တက်သွားသည်။

ဤသတင်းမှာ သူ့အတွက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။

ဘေးတွင် ရှိနေသော သူနှင့် အခြေအနေတူ အခြားအမျိုးသား ၇ ဦးလည်း စိုးရိမ်လာကြသည်။

"မလိမ်ပါနဲ့ဗျာ၊ ပိုက်ဆံ တကယ် ပြန်မရနိုင်တော့ဘူးလား"

"ကျွန်တော့်ပိုက်ဆံက ကျွန်တော် သေရင် သင်္ဂြိုဟ်ဖို့ စုထားတာဗျ၊ ပိုက်ဆံ ပြန်မရရင် ကျွန်တော် အသက် မရှင်ချင်တော့ဘူး"

"ဟုတ်တယ်ဗျာ ပိုက်ဆံမရှိဘဲ အသက်ရှင်နေတာ ဘာထူးမှာလဲ"

လူတစ်စုမှာ တရစပ် ညည်းတွားတိုင်တန်းနေကြသည်။

အကယ်၍ ချင်ရန်ကသာ သူတို့အတွက် ပိုက်ဆံရှာမပေးနိုင်လျှင် ပါလီမြစ်ထဲ ခုန်ချသေမည့် အသွင်မျိုးပင် ဖြစ်သည်။

ချင်ရန်၊ ရှကျဲ နှင့် ချန်ဟောက် တို့မှာ မတတ်သာဘဲ ခေါင်းခါလိုက်ကြသည်။

ချိန်းတွေ့သည့် အက်ပ်များပေါ်တွင် စစ်မှန်သော အချစ်ကို ရှာတွေ့နိုင်မည်ဟု ယုံကြည်နေခဲ့ကြသော်လည်း နောက်ဆုံးတွင် သူတို့မှာရှိသည့် အရာအားလုံး ဆုံးရှုံးသွားခဲ့ကြသည်။

ချန်ဟောက်က ထရပ်ကာ ပြောလိုက်ရသည်။

"အခုတော့ အိမ်ပြန်လိုက်ကြပါဦး၊ ပါလီမြစ်ရဲစခန်းတစ်ခုလုံး အစည်းအဝေးလုပ်ပြီး ခင်ဗျားတို့အတွက် တစ်ခုခု ဆုံးဖြတ်ပေးပါ့မယ်"

"ခင်ဗျားတို့ ကျွန်တော်တို့ ပိုက်ဆံတွေ ပြန်ရအောင် လုပ်ပေးရမယ်နော်"

"ကျွန်တော့်မှာ ပိုက်ဆံမရှိရင် နေစရာတောင် ရှိတော့မှာ မဟုတ်ဘူး၊ အဲဒီကျရင်တော့ ရဲစခန်းမှာပဲ လာအိပ်ရလိမ့်မယ်ဗျ"

"ဟုတ်တယ် အဲဒီကျရင် ကျွန်တော်တို့က ရဲစခန်းကလွဲလို့ အိပ်စရာနေရာ မရှိတော့ဘူး"

လူပျိုကြီးတစ်သိုက်မှာ ထိုသို့ ခြိမ်းခြောက်စကားများပင် ဆိုခဲ့ကြသေးသည်။ ချန်ဟောက်၏ မျက်နှာထား မှောင်ကျသွားသည်။

"ကျွန်တော်တို့ အမှုကို ဖြေရှင်းဖို့ အကောင်းဆုံး ကြိုးစားမှာပါ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ခြိမ်းခြောက်မှုတွေက စုံစမ်းစစ်ဆေးမှုအတွက် အားတစ်ခု ဖြစ်လာမှာ မဟုတ်ဘူး၊ အတားအဆီးပဲ ဖြစ်လိမ့်မယ်၊ အခု သွားကြတော့"

ချန်ဟောက် လက်ယှမ်းပြပြီး လူစုခွဲလိုက်သည်။ ထိုသူများ ထွက်သွားသည့်အခါ ချန်ဟောက်လည်း သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ ရှကျဲက တိုးတိုးလေး ဆိုလိုက်သည်။

"ဒီလူတွေကသာ ဒေါင်းလေးတွေကို လိုက်မရှာရင် ဒီလို အလိမ်ခံရပါ့မလား"

ချင်ရန် ခေါင်းခါရင်း သူ့ယူဆချက်ကို ပြောပြလိုက်သည်။

"ဒီလူတွေကို ယဉ်ယဉ်ကျေးကျေး ပြောရရင်တော့ ရိုးသားတာပေါ့ဗျာ၊ ဒဲ့ပြောရရင်တော့ အတာပေါ့၊ သူတို့ တစ်သက်လုံး အလုပ်လုပ်လာပြီး အလုပ်ထဲမှာပဲ စိတ်ရောကိုယ်ပါ မြှုပ်နှံထားတော့ ခံစားချက်နဲ့ ဆင်ခြင်တုံတရားပိုင်းက လုံးဝ အားနည်းနေကြတာ"

ချန်ဟောက်က ဆိုသည်။

"ကဲ ကဲ စခန်းမှူးနဲ့ အစည်းအဝေး လုပ်ကြရအောင်၊ ဒီတစ်ခါ လိမ်လည်ခံရတဲ့ ငွေပမာဏက ယွမ်ငါးသန်း ကျော်နေပြီဆိုတော့ သေးတဲ့ကိစ္စ တစ်ခုတော့ မဟုတ်ဘူး"

ထို့နောက် ပါလီမြစ်ရဲစခန်းမှ အဖွဲ့ဝင်များအားလုံး စုံညီစွာ စုဝေးလိုက်ကြသည်။

ဤ "ဝက်သတ်ခြင်း" ဟု ခေါ်သော လိမ်လည်မှုမှာ အလွန်ဆိုးဝါးသော သက်ရောက်မှုများ ရှိနေသည်။ ဝမ်ရှောင်ရီသည် ထိုကဲ့သို့ အဖြစ်ရပ်မျိုး အဖြစ်မခံလိုသဖြင့် အမှုကို အမြန်ဆုံး ဖြေရှင်းရန် စဉ်းစားနေမိတော့သည်။

ဝမ်ရှောင်ရီ ပြောလိုက်သည်။

"ငါတို့ရဲ့ နည်းပညာရှင်တွေက ဒီလိမ်လည်သူတွေရဲ့ တည်နေရာကို ရှာဖွေဖို့ အကောင်းဆုံး ကြိုးစားနေတယ်၊ လောလောဆယ်တော့ သူတို့က တရုတ်နိုင်ငံအတွင်းမှာပဲ ရှိနေတယ်ဆိုတာကိုပဲ ခန့်မှန်းလို့ ရသေးတယ်၊ ဘယ်မြို့လဲဆိုတာတော့ အတိအကျ မသိရသေးဘူး၊ သူတို့က တော်တော် သတ္တိရှိတာပဲ၊ တရုတ်ပြည်မှာတောင် လိမ်လည်ရဲတယ်ပေါ့လေ"

အရင်နှစ်များကဆိုလျှင် ထိုလိမ်လည်သူများသည် နိုင်ငံခြားမှနေ၍ လုပ်ဆောင်လေ့ရှိသော်လည်း ယခုအခါ ပြည်တွင်း၌ပင် ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေကြသည်မှာ အံ့သြစရာပင် ဖြစ်သည်။

ကောင်းချောင်က လေ့လာစမ်းစစ်မှုများကို ထပ်မံတင်ပြလိုက်ပြန်သည်။

"ဒီ 'ဝက်သတ်ခြင်း လိမ်လည်မှု' တွေက ဥပဒေရဲ့ မီးခိုးရောင်နယ်မြေမှာ ရှိနေတာပါ၊ ဘာလို့လဲဆိုတော့ သူတို့က သားကောင်တွေကို မိမိဆန္ဒအလျောက် ရင်းနှီးမြှုပ်နှံလာအောင် ဆွဲဆောင်ကြတာ"

"အဲဒါတွေကို ခဏထားလိုက်ဦး၊ အခုက ဖြေရှင်းမယ့် နည်းလမ်းကိုပဲ စဉ်းစားကြရအောင်"

ဝမ်ရှောင်ရီက အဓိက ပစ်မှတ်ထားလုပ်ဆောင်ရမည်ကိုသာ ဦးစားပေးကာ ပြောလိုက်သည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များမှာ ပြင်းပြင်းထန်ထန် ဆွေးနွေးကြတော့သည်။

အချို့က အထက်အဆင့်မှ ကျွမ်းကျင်နည်းပညာရှင်များကို အကူအညီတောင်းရန် အကြံပြုကြပြီး၊ အချို့ကမူ သားကောင်အဖြစ် ဟန်ဆောင်ကာ လိမ်လည်သူများကို မျှားထုတ်ရန် အကြံပြုကြသည်။

ထိုအကြံပြုချက်များထဲမှ ဝမ်ရှောင်ရီက ဒုတိယနည်းလမ်းမှာ ဖြစ်နိုင်ခြေရှိသည်ဟု ယူဆလိုက်သည်။

သို့သော် ပြဿနာမှာ လိမ်လည်သူများသည် အလွန် သတိကြီးကြသူများ ဖြစ်ကြသဖြင့် သူတို့ကို ဖမ်းဖို့ဆိုသည်မှာ လွယ်မယောင်နှင့် ခက်လှသည်။

ထိုအချိန်၌ ဝမ်ရှောင်ရီ၏ အကြည့်များသည် လူအုပ်အတွင်းသို့ လှည့်လည်ကြည့်ရှုလိုက်ရာ ရုတ်တရက် သူ့အကြည့်မှာ လူသုံးယောက်ပေါ်တွင် ရပ်တန့်သွားသည်။

၎င်းတို့ သုံးယောက်က ချင်ရန်၊ ရှကျဲနှင့် ယန်ရှုတို့ပင် ဖြစ်ကြသည်။

ပါလီမြစ်ရဲစခန်းတွင် ဤလူငယ်သုံးဦးမှာ ရုပ်ရည်အရှိဆုံးသူများ ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

ယန်ရှုမှာ ပညာအရည်အချင်း ထူးချွန်ရုံသာမက အရပ်အမောင်းနှင့် ရုပ်ရည်မှာလည်း ထိပ်တန်းအဆင့် ဖြစ်သည်။

ရှကျဲမှာမူ လှပသော ရုပ်ရည်နှင့် ကျော့ရှင်းသော အမူအရာရှိသည့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ဖြစ်သည်။

ချင်ရန်မှာမူ သူ၏ ပေါ့ပေါ့ပါးပါးနှင့် အရေးမစိုက်သလို ရှိသော အမူအရာက တစ်ခါတစ်ရံတွင် သူဌေးသားလေးတစ်ဦးကဲ့သို့ ထင်မှတ်ရစေသည်။

နှုတ်ခမ်းထောင့်မှ တစ်ချက်တစ်ချက် ပြုံးလိုက်သည့် အပြုံးမှာ ကောင်ဆိုးလေး အသွင်သဏ္ဍန်ဆောင်သဖြင့် မိန်းကလေးငယ်များသာမက ရင့်ကျက်သော အမျိုးသမီးကြီးများကိုပါ ဆွဲဆောင်နိုင်စွမ်း ရှိသည်။

ဝမ်ရှောင်ရီ၏ စိတ်ထဲတွင် အကြံတစ်ခု ရသွားပြီး သူတို့သုံးဦးကို ပြုံးလျက် ကြည့်ကာ ပြောလိုက်သည်။

"ကဲ အားလုံးပဲ၊ ငါ့မှာ အကြံတစ်ခု ရှိတယ်၊ ငါးဖမ်းတော့မယ်ဆိုရင် ငါးစာကောင်းကောင်း သုံးရမယ် မဟုတ်လား၊ ဟို လိမ်လည်ခံရသူတွေကတော့ အယုံလွယ်လို့ အလိမ်ခံရတာ ဒါပေမဲ့ ဒီလိမ်လည်သူတွေထဲမှာလည်း ရာဂမျက်စိကွယ်ပြီး မိန်းကလေးလှလှလေး မြင်ရင် အရည်ပျော်သွားမယ့်လူတွေ မရှိနိုင်ဘူးလား"

90

"ချင်ရန်၊ ရှကျဲ၊ ယန်ရှု"

"ရှိပါတယ်"

ချင်ရန်နှင့် ကျန်နှစ်ယောက်မှာ သတိအနေအထားဖြင့် ပြိုင်တူ ပြန်ထူးလိုက်ကြသည်။

ဝမ်ရှောင်ရီက ပြုံး၍ ပြောလာသည်။

"မင်းတို့ သုံးယောက်က ငါတို့ဌာနမှာ ရုပ်အချောဆုံးတွေပဲ၊ ဒီလိုလုပ် မင်းတို့က အဲဒီ ချိန်းတွေ့တဲ့အက်ပ်မှာ အကောင့်တွေ ဖွင့်လိုက်ကြ ပြီးရင် လိမ်လည်ခံရသူတွေဆီကရတဲ့ လိမ်လည်သူတွေရဲ့ အကောင့်တွေကို Add လုပ်လိုက်"

"မင်းတို့ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က အဲဒီလိမ်လည်သူတွေရဲ့ တည်နေရာနဲ့ သူတို့ရဲ့ အချက်အလက် အသေးစိတ်ကို စုံစမ်းဖို့ပဲ၊ သူတို့ကို အပြင်ထွက်လာအောင် မျှားထုတ်နိုင်ရင်တော့ ပိုကောင်းတာပေါ့"

ဝမ်ရှောင်ရီ၏ စကားကြောင့် သုံးယောက်သားမှာ တစ်ယောက်ကိုတစ်ယောက် ကြောင်အကာ ကြည့်နေမိကြသည်။

ချင်ရန်မှာ ပို၍ပင် အံ့အားသင့်နေမိသည်။

လူသတ်သမား သို့မဟုတ် သူခိုးဖမ်းခိုင်းလျှင် သူ အေးဆေးလုပ်နိုင်သော်လည်း၊ အွန်လိုင်းပေါ်တွင် စကားပြောနည်းဗျူဟာများ သုံးပြီး လိမ်လည်သူများကို ဆွဲဆောင်ကာ မျှားခေါ်ထုတ်ရမည်ဆိုသည်မှာ သူ့အတွက် အလွန်ခက်ခဲသောအလုပ် ဖြစ်နေသည်။

ဒါက သူတစ်ခါမှ မလုပ်ဖူးသော အလုပ်မျိုးပင်ဖြစ်သည်။

ရှကျဲက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

"စခန်းမှူး ကျွန်မ မှတ်မိသလောက်ဆိုရင် အလိမ်ခံရသူ အများစုက အမျိုးသားတွေ မဟုတ်လား ပြီးတော့ အဲဒီအက်ပ်ထဲမှာ 'လူချောလေး' တွေရဲ့ လိမ်တာကို ခံလိုက်ရတဲ့ အမျိုးသမီး နှစ်ယောက်လည်း ပါတယ်လေ"

"ရှကျဲ မင်းက ဒီလောက်လှတာပဲ၊ အဲဒီ လိမ်လည်တဲ့ အမျိုးသားတွေကို မျှားဖို့က တကယ်ပဲ ခက်နေလို့လား"

ဝမ်ရှောင်ရီက ပြုံးပြီး ပြောလိုက်သည်။

"ကျွန်မ အကောင်းဆုံး ကြိုးစားကြည့်ပါ့မယ်"

ရှကျဲက မတတ်သာဘဲ နောက်ဆုံးတော့ သဘောတူရရှာသည်။

ထိုအချိန်တွင် ဝမ်ရှောင်ရီက လက်ကာပြလိုက်ပြီး ဆက်လက် ညွှန်ကြားလေတော့သည်။

"မင်းတို့ သုံးယောက်ပဲ ဒီကိစ္စကို ကိုင်တွယ်လိုက်ကြ၊ ချန်ဟောက် မင်း သူတို့ကို စောင့်ကြည့်ပေးပြီး လိုအပ်တဲ့ လမ်းညွှန်မှုတွေနဲ့ အကူအညီတွေကို လုပ်ပေးလိုက်ဦး"

"ဟုတ်ကဲ့ စခန်းမှူး"

ချန်ဟောက်ကလည်း ခေါင်းငြိမ့်ပြသည်။

ထို့နောက် ချန်ဟောက်သည် ချင်ရန်၊ ရှကျဲ နှင့် ယန်ရှု တို့ကို သူ့ရုံးခန်းသို့ ခေါ်ဆောင်လာခဲ့သည်။

ရုံးခန်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ရှကျဲက တိုက်ရိုက်ပင် ပြောတော့သည်။

"ဆရာ စခန်းမှူးရဲ့ တောင်းဆိုချက်က တအား ခက်လွန်းပါတယ်၊ ရာဇဝတ်ကောင် ဖမ်းတာနဲ့ သဲလွန်စ ရှာတာကိုတော့ ကျွန်မ လက်ခံနိုင်ပါတယ် ဒါပေမဲ့ အဲဒီလိမ်လည်သူတွေကို ပြန်ပြီး လှည့်စားဖို့ကျတော့ ကျွန်မ မလုပ်နိုင်ဘူးလို့ ခံစားရတယ် ဆရာ"

ချန်ဟောက်က အားနာဟန်ဖြင့် ပြုံးလိုက်သည်။

"ဒါကတော့ မင်းက တည့်တိုးဆန်ပြီး ပွင့်လင်းတဲ့သူဆိုတော့ ခက်ခဲပါတယ် ဒါပေမဲ့ ဒီအမှုကို ဖြေရှင်းဖို့ တခြားနည်းလမ်း မရှိတော့ဘူးလေ၊ ဒါကြောင့် ကြိုးစားကြည့်ရအောင်"

ဘေးတွင် ရပ်နေသော ယန်ရှုကလည်း ကြောင်အမ်းအမ်းဖြင့် ပြောလေသည်။

"အရာရှိချန် ကျွန်တော်က စကားပြောတာ တအား ညံ့တယ်လို့ ထင်တယ်၊ အဲဒီလိမ်လည်သူတွေကို ကျွန်တော် မကိုင်တွယ်နိုင်လောက်ဘူးလို့ ထင်တယ်"

ထိုစကားကို ကြားသောအခါ ချန်ဟောက်မှာ နားထင်ကို မပွတ်ဘဲ မနေနိုင်တော့ပေ။

ကိစ္စက မစရသေးခင် ဤနှစ်ယောက်မှာ နောက်ဆုတ်ချင်နေကြပြီ။

ခေါင်းခဲနေသော ချန်ဟောက်သည် ဘေးတွင်ရှိနေသော ချင်ရန်ကို ကြည့်လိုက်သည်။

ချင်ရန်မှာ အတွေးနက်နေသဖြင့် ချန်ဟောက်က မေးလိုက်သည်။

"ချင်ရန် မင်းမှာကော အကြံရှိလား"

ချင်ရန် ခေါင်းခါပြလိုက်၏။

"ကျွန်တော် အရင်ဆုံး အက်ပ်ထဲက လူတွေနဲ့ စကားပြောကြည့်မယ်လို့ပဲ ပြောနိုင်ပါတယ်၊ ဒီလို အလုပ်မျိုးကို ကျွန်တော် စမ်းကြည့်ချင်ပါတယ်"

"ကောင်းပြီ"

ထိုစကားကို ကြားပြီးနောက် ချန်ဟောက်၏ မျက်လုံးများ တောက်ပသွားသည်။

"မင်းဖြစ်ကို ဖြစ်မှာပါ၊ မင်းက ဘယ်အရာကိုမှ နောက်မဆုတ်ဘူးပဲ၊ ယန်ရှုနဲ့ ရှကျဲ မင်းတို့ သတိသာထားနေကြ၊ အမှုတောင် မစရသေးဘူး၊ အားပျော့တဲ့စကားတွေ ပြောနေကြပြီ၊ ကဲ မင်းတို့ သုံးယောက် မြန်မြန် အဲဒီ ချိန်းတွေ့တဲ့ အက်ပ်တွေကို ဒေါင်းလုဒ်ဆွဲလိုက်ကြ"

ချန်ဟောက်၏ အမိန့်အတိုင်း ချင်ရန်နှင့် ကျန်နှစ်ယောက်မှာ အလိမ်ခံရသူများ သုံးခဲ့သော ဆော့ဖ်ဝဲကို ဒေါင်းလုဒ်ဆွဲလိုက်ကြသည်။

ဆော့ဖ်ဝဲ ဒေါင်းလုဒ်ဆွဲပြီးနောက် ပထမဆုံးအဆင့်အနေဖြင့် အချက်အလက်များ ဖြည့်စွက်ရသည်။ ပရိုဖိုင်ပုံ၊ ကိုယ်ရေးအကျဉ်းစသည်ဖြင့် အကုန်ဖြည့်ရသည်။

"ဆရာ ကျွန်မတို့ရဲ့ ပုံအစစ်ကိုပဲ သုံးရမလား၊ အမှတ်ရသွားရင် ဘယ်လိုလုပ်မလဲ?"

ရှကျဲက ရုတ်တရက် မေးသည်။ ဘေးတွင်ရှိနေသော ချင်ရန်က ဝင်ပြောလေသည်။

"ဘာကြောက်စရာ ရှိလဲ၊ Beauty Filter တွေ အထပ်ထပ် ခံလိုက်ရင် ဘယ်သူမှ သိမှာ မဟုတ်ပါဘူး"

ပြောပြောဆိုဆိုဖြင့် ချင်ရန်သည် ဓာတ်ပုံပြင်သည့်ဆော့ဖ်ဝဲကို ဖွင့်ကာ မျက်နှာကို ၄၅ ဒီဂရီစောင်းပြီး ဓာတ်ပုံတစ်ပုံ ရိုက်လိုက်သည်။

ထို့နောက် နှာခေါင်း၊ မျက်လုံးနှင့် မေးစေ့တို့ကို အနည်းငယ် ပြင်ဆင်ပြီးသွားသည့်အခါ ဘေးတွင်ရပ်ကြည့်နေသော ရှကျဲမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"ချင်ရန် နင့်ပုံက ပြင်ပြီးသွားတော့ တအား ချောသွားတာပဲ၊ အဲဒီလိမ်လည်သူတွေက ဒါကို ယုံပါ့မလား"

"အာ သတိပေးမှပဲ သတိရတော့တယ်"

ချင်ရန်သည် ဓာတ်ပုံကို ပြန်ကြည့်ကာ စဉ်းစားလိုက်သည်။

လိမ်လည်သူကို ဖမ်းချင်လျှင် အင်တာနက်ပေါ်ကပုံများ သုံး၍မရသလို၊ ပုံက အရမ်းသပ်ရပ်နေလျှင်လည်း လိမ်ရခက်မည့်သူဟု ထင်သွားနိုင်သည်။

"ငါ ရိုးရိုးစင်းစင်းနဲ့ တောသားလေးပုံစံပေါက်အောင် ရိုက်ရမယ်"

ချင်ရန်က နောက်ထပ်တစ်ပုံ ရိုက်လိုက်သည်။

ယခုတစ်ကြိမ်တွင် ပုံမှာ သူလိုချင်သည့်အတိုင်း ကွက်တိ ဖြစ်သွားသည်။

ချင်ရန်သည် သူ၏မျက်နှာထားကို ကျောင်းသားလေးတစ်ယောက်ကဲ့သို့ အပြစ်ကင်းစင်သည့်ပုံစံ ဖမ်းလိုက်သည်။ ထို့နောက် အချက်အလက်များကို ဂရုတစိုက် ဖြည့်စွက်လိုက်သည်။

ဥပမာ - နေရပ်လိပ်စာတွင် အနောက်တောင်ဘက်ရှိ ဆင်းရဲသော တောင်ပေါ်ဒေသတစ်ခုကို ရွေးချယ်ပြီး၊ ပညာအရည်အချင်းတွင် အလယ်တန်းဟု ဖြည့်ကာ၊ လက်ရှိနေရပ်ကို ဖိန်လင်ဟု ဖြည့်လိုက်သည်။

ဤသို့ဖြင့် လိမ်လည်သူများက သူ့ကို တောင်ပေါ်ဒေသမှ လာရောက်အလုပ်လုပ်ကိုင်နေသည့် ရိုးအသူတစ်ဦးဟု ထင်မှတ်သွားပေလိမ့်မည်။

ထိုသို့သော လူစားမျိုးမှာ လိမ်လည်သူများအတွက် အကြိုက်ဆုံး သားကောင်များပင် ဖြစ်သည်။

ထို့နောက် ချင်ရန်က သူ့ပရိုဖိုင်စာတိုကို "ငယ်သေးလို့ ကိုယ်လိုချင်တဲ့ အနာဂတ်ကို တစ်ယောက်နဲ့တစ်ယောက် မပေးနိုင်ခဲ့တာ ငါ့အပြစ်ပါပဲ" ဟု ဆွဲဆောင်မှုရှိရှိ ပြောင်းပစ်လိုက်သည်။

၎င်းမှာ အချစ်ကို ဆာလောင်နေသော်လည်း မတောင်းဆိုရဲသည့် ခံစားမှုမျိုးဖြစ်ပြီး တစ်ချိန်တည်းမှာပင် နည်းနည်း ခေတ်မဆန်သည့် အရသာမျိုး ပေးစွမ်းသည်။

ချင်ရန်၏ ရိုးသားသည့် ပရိုဖိုင်ပုံနှင့် ပေါင်းစပ်လိုက်သောအခါ အဝေးတစ်နေရာမှ လာရောက်အလုပ်လုပ်ကိုင်ရင်း အချစ်ကို ရှာဖွေနေသည့် အလုပ်သမားလေးတစ်ဦး၏ ပုံရိပ်မှာ အသက်ဝင်လာတော့သည်။

ရှကျဲနှင့် ယန်ရှုတို့မှာ ခေါင်းစားနေဆဲဖြစ်သော်လည်း ချင်ရန်ကတော့ အကုန်ပြင်ဆင်ပြီးသွားပြီ ဖြစ်သည်။

"ဆရာ အဲဒီလိမ်လည်သူတွေရဲ့ အကောင့်တွေ ပေးပါ၊ ကျွန်တော် သူတို့ကို အက်ဒ်လုပ်ပြီး သေချာ စကားပြောကြည့်မယ်"

ချင်ရန်က တက်ကြွစွာ ပြောလိုက်ရာ ယန်ရှုနှင့် ရှကျဲမှာ အံ့ဩသွားကြသည်။

"ချင်ရန် နင် အကုန် ဖြည့်ပြီးသွားပြီလား"

"မျက်စိတစ်မှိတ်အတွင်းမှာပဲလေ"

ချင်ရန် ပြုံးလျက် ဖြေသည်။

ထို့နောက် ရှကျဲနှင့် ယန်ရှုတို့မှာ ချင်ရန်၏ ပရိုဖိုင်ပုံ၊ မိတ်ဆက်စကားနှင့် အချက်အလက်များကို လာရောက်ကြည့်ရှုကြသည်။

ထို့နောက် ချင်ရန်က ယန်ရှုဖြည့်ထားသော အချက်အလက်များနှင့် ပရိုဖိုင်စာတိုကို ပြန်ကြည့်သည့်အခါ မျက်နှာ ပျက်သွားတော့သည်။

"ယန်ရှု မင်း ဒါကို လိမ်လည်မှုတိုက်ဖျက်ရေးလို့ ခေါ်တာလား၊ ဘယ်သူက မှတ်ပုံတင်ပုံကို ပရိုဖိုင်ပုံ လုပ်မှာလဲကွ၊ ဒါက အရမ်းကို ရိုးစင်းလွန်းနေပြီလေ ပြီးတော့ ပညာအရည်အချင်းမှာ ဘာလို့ အမှန်တွေ သွားဖြည့်ထားတာလဲ"

ယန်ရှုက တုန့်ခနဲ ဖြစ်သွားပြီး ပြန်ပြောသည်။

"အဲဒါက ပညာအရည်အချင်း မြင့်မြင့်ဖြည့်ထားရင် လိမ်လည်သူတွေ စိတ်ဝင်စားမယ် ထင်လို့ပါ"

ထိုစကားကို ကြားသော် ချင်ရန်နှင့် ချန်ဟောက်တို့မှာ စကားပင် မပြောနိုင်ရှာတော့ပေ။

လိမ်လည်သူများသည် ပညာအရည်အချင်း မြင့်မားသူကို မြင်လျှင် အဝေးသို့ ထွက်ပြေးကြပေလိမ့်မည်။ ထို့နောက်တွင် ချင်ရန်က သက်ပြင်းချလိုက်သည်။

"ကြည့်ရတာ ယန်ရှု မင်းက ဟန်ဆောင်ဖို့ တကယ် မတတ်ဘူးပဲ၊ ငါ့လို အလုပ်သမားလေးတစ်ယောက်ပုံစံပဲ ပြောင်းလိုက်ပါ"

ဤသို့ဖြင့် ချင်ရန်၏ လမ်းညွှန်မှုအောက်တွင် ယန်ရှုနှင့် ရှကျဲတို့၏ အကောင့်များမှာ ပညာအရည်အချင်းနည်းကာ ဗဟုသုတ နည်းပါးပုံရသော အလုပ်သမားလေးများအသွင်သို့ ပြောင်းလဲသွားကြသည်။

ထိုစဉ် ချန်ဟောက်က လိမ်လည်သူများ၏ အကောင့်များကို သူတို့အား ပေးလိုက်သည်။

စုစုပေါင်း အကောင့် ၅ ခုရှိပြီး အမျိုးသားရော အမျိုးသမီးပါ ပါဝင်သည်။

ချင်ရန်က အကောင့်တစ်ခုကို ကျပန်းရွေးချယ်ပြီး ရှာဖွေလိုက်သည်။

ထိုလိမ်လည်သူ၏ ပရိုဖိုင်မှာ အလွန်သပ်ရပ်ပြီး ဖော်ရွေနွေးထွေးသော လူလတ်တန်းစား မိန်းကလေးတစ်ဦးနှင့် တူလှသည်။ ချင်ရန်က လိမ်လည်သူ၏ အမည်ကို ကြည့်ပြီး ခပ်ပြုံးပြုံးဖြင့် ပြောလေသည်။

"မင်း နာမည်က ရှန်ရှန် ပေါ့လေ၊ မင်းနဲ့ သေချာလေး စကားပြောကြည့်ချင်ပါသေးတယ်"

ထို့နောက် ချင်ရန်မှ စတင်ကာ နှုတ်ဆက်လိုက်တော့သည်။

အခြားတစ်ဖက်တွင်လည်း ယန်ရှုနှင့် ရှကျဲတို့သည်လည်း သူတို့ပစ်မှတ်များကို ရှာဖွေတွေ့ရှိပြီး နှုတ်ဆက်လိုက်ကြသည်။ နှုတ်ဆက်စကားများမှာ "နိဟောင်" ဆိုသည်မှာ အတူတူပင် ဖြစ်သော်လည်း နောက်ပိုင်း စကားပြောဆိုမှု မည်သို့ ဆက်သွားမည်မှာမူ ကိုယ်ပိုင် အရည်အချင်းပေါ်တွင်သာ မူတည်ပေလိမ့်မည်။

ချန်ဟောက်ကတော့ ယန်ရှုကိုသာ ကြည့်ပြီး စိုးရိမ်နေမိသည်။

ယန်ရှုမှာ အလွန်ရိုးသားလွန်းသဖြင့် စကားပြောရင်းနှင့် လိမ်လည်သူများကို ဆွဲဆောင်နိုင်ပါ့မလားဟု တွေးပူနေခြင်း ဖြစ်သည်။

All Chapters